စက်တင်ဘာ ၅၊ ၂၀၁၆
M-Media
– ဘွန်ဒစ်လီဂါ ကလပ်အသင်းတစ်ခုဖြစ်သည့် Damstadt က ကင်ဆာဖြင့် သေဆုံးသွားခဲ့သော ပရိတ်သတ်တစ်ဦးကို ဂုဏ်ပြုသောအားဖြင့် ကွင်းအမည်အား ၎င်း၏အမည်သို့ ပြောင်းလဲခဲ့သည်ဟု သိရသည်။
သေဆုံးခဲ့သူမှာ ဂျိုနသန် ဟိုင်းမက်စ်ဆိုသူဖြစ်ပြီး အသင်းကွင်းအား ၎င်း၏အမည် ပြောင်းပေးရန်အတွက် ကွင်း၏ စပွန်ဆာဖြစ်သော Merck နှင့် သဘောတူညီချက်ကိုလည်း ရယူနိုင်ခဲ့သည်။ ဟိုင်းမက်စ်မှာ ဆယ်ကျော်သက်အရွယ်ကတည်းက ကင်ဆာရောဂါကို ခံစားခဲ့ရခြင်းဖြစ်ပြီး အသက် ၂၆ နှစ်အရွယ် ပြီးခဲ့သည့် မတ်လက သေဆုံးသွားခဲ့သည်။
ယခုအချိန်မှစ၍ ရာသီကုန်အထိ အသင်း၏ကွင်းအား Jonathan-Heimes-Stadion am Bollenfalltor ဟု ခေါ်ဆိုသွားမည်ဖြစ်ပြီး ထိုသို့ ဆောင်ရွက်မှုမှာ ကင်ဆာရောဂါ ခံစားနေရသည့် ကလေးငယ်များအား ကူညီထောက်ပံ့မှု ပြုလုပ်နေသည့် အကျိုးအမြတ်မယူသော Du Musst Kampfen အဖွဲ့အား ပံ့ပိုးရန် ရည်ရွယ်ခြင်းလည်း ဖြစ်သည်။
“ကျွန်တော့်သား အလွန် ချစ်မြတ်နိုးတဲ့၊ အားပေးတဲ့အသင်းရဲ့ကွင်းကို သူ့နာမည်ပေးဖို့အတွက် Merck က ခွင့်ပြုတာဟာ ကြီးကျယ်တဲ့ ဆောင်ရွက်ချက်တစ်ခုပါပဲ။ ဒီလိုနည်းလမ်းနဲ့ Du Musst Kampfen အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို လူတွေ ပိုသိလာမှာပါ” ဟု ဟိုင်းမက်စ်၏ ဖခင်ဖြစ်သူ မာတင်က ပြောကြားခဲ့သည်။
အသင်းခေါင်းဆောင် အေတက် ဆူလူကလည်း ထိုကဲ့သို့ ကွင်းအမည်ပြောင်းလဲလိုက်ခြင်းက အသင်းတန်းဆင်းရမည့် အခြေအနေမှ ရှောင်လွှဲနိုင်ရေး တွန်းအားတစ်ခု ဖြစ်လာမည်ဟု ဆိုသည်။
Ref: Goal
Leave a Reply
You must be logged in to post a comment.