News @ M-Media

Tag: CAIR

  • IS အား တိုက်ဖျက်ရေး စည်းလုံး ညီညွတ်ရန် အမေရိကန်ရှိ ထိပ်တန်း မွတ်စလင်အဖွဲ့ တိုက်တွန်း

    IS အား တိုက်ဖျက်ရေး စည်းလုံး ညီညွတ်ရန် အမေရိကန်ရှိ ထိပ်တန်း မွတ်စလင်အဖွဲ့ တိုက်တွန်း

    ဇူလိုင် ၉၊ ၂၀၁၆
    M-Media
    85de2764-266d-470b-aaf8-61916511adfe
    – တူရကီ၊ အီရတ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဆော်ဒီအာရေဗျတို့မှာ IS ရဲ့ စနက်ကြောင့် အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဒီအကြမ်းဖက်အဖွဲ့ကို ချေမှုန်းရေး စည်းလုံးညီညွှတ်ကြဖို့ အမေရိကန်နိုင်ငံရဲ့ အကြီးဆုံးမွတ်စလင်အဖွဲ့ကြီးဖြစ်တဲ့ အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ (CAIR) က တိုက်တွန်းဆော်သြလိုက်ပါတယ်။

    ကြာသာပတေးနေ့က ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်ထဲမှာ ဒီလို တိုက်တွန်းလိုက်တာဖြစ်ပြီး CAIR ရဲ့ နိုင်ငံလုံးဆိုင်ရာ အမှုဆောင်ဒါရိုက်တာ နီဟတ် အ၀ဒ်က

    “ISIS အကြမ်းဖက်အဖွဲ့ဟာ အစ္စလာမ်သာသနာရဲ့ သွန်သင်ချက်နဲ့ ဆန့်ကျင်တဲ့ ကိစ္စတွေကို ပြုလုပ်နေတယ်ဆိုတာ ပြောစရာတောင် မလိုတော့ပါဘူး။ သူတို့လုပ်ရပ်နဲ့ သူတို့ သက်သေပြနေတာပါ။ ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာကတည်းက ဒီလူသတ်ကောင်တွေဟာ မည်သည့်ဘာသာတရားရဲ့ စည်းကမ်းကိုမှ မလိုက်နာဘဲ အပြစ်မဲ့တဲ့လူတွေကိုပဲ သတ်ပြီးရင်းသတ်နေတာ ဖြစ်ပါတယ်၊ နောက်ဆုံး မဒီနာမြို့က တမန်တော်မြတ်ဗလီ အပြင်ဘက်မှာ ဗုံးခွဲတိုက်ခိုက်တဲ့အထိ ဖြစ်လာခဲ့ပါတယ်”

    “ဒီအစွန်းရောက်တွေကို သုတ်သင်ဖို့၊ ရက်စက်ကြမ်းကြုတ်တဲ့ အာဆတ်အစိုးရကို ဖြုတ်ချဖို့၊ ဒေသတွင်း အေးချမ်းတည်ငြိမ်မှုရရှိဖို့၊ ISIS နေရာမှာ နောက်ထပ်အကြမ်းဖက်အုပ်စုတစ်ခု ထပ်မံမ၀င်ရောက်လာဖို့အတွက် ကမ္ဘာကြီး၊ ဒေသတွင်းအင်အားစုတွေအနေနဲ့ ကိုယ်ရဲ့မတူညီမှုတွေကို ဘေးဖယ်ထားပြီး ဒီအစွန်းရောက်တွေကို ချေမှုန်းဖို့ တောင်းဆိုလိုက်ပါတယ်”  လို့ ပြောကြားခဲ့ပါတယ်။

    ထို့ပြင် IS အကြမ်းဖက်အဖွဲ့ကို ဆန့်ကျင်ကြောင်း ဆိုရှယ်မီဒီယာ၌ ဖော်ပြရာတွ် အသုံးပြုသည့် #StopCallingISISIslamic လှုပ်ရှားမှုကိုလည်း အ၀ဒ်က ချီးကျူးခဲ့ပြီး အခြားသော အဖွဲ့အစည်းများအနေဖြင့်လည်း ၎င်းတို့ကဲ့သို့ ကြေငြာချက်ထုတ် ရှုတ်ချရန်လည်း တိုက်တွန်းခဲ့ပါတယ်။

    Ref : IINA

  • အမေရိကန်ရှိ အကြီးဆုံး မွတ်စလင်အဖွဲ့ CAIR ၏ ဥက္ကဌအဖြစ် လူငယ် ရှေ့နေ အမျိုးသမီး တစ်ဦးအား ခန့်အပ်

    ဇွန်လ ၂၁ ရက်၊ ၂၀၁၄
    M-Media
    WomanChairs-US-Largest-Muslim-Group
    – အမေရိကန်နိုင်ငံရှိ အကြီးဆုံး မွတ်စလင်အဖွဲ့ဖြစ်သည့် အမေရိကန်-အစ္စလာမ် ဆက်ဆံရေး CAIR အဖွဲ့၏ ဥက္ကဌအဖြစ် အိုဟိုင်းယိုးပြည်နယ်မှ မွတ်စလင် အမျိုးသမီးတစ်ဦးအား ခန့်အပ်ခဲ့သည်ဟု သိရသည်။

    ဥက္ကဌဟောင်း အိုမာရ်ဇာကီ၏ ရာထူးသက်တမ်း ၂ နှစ်ပြည့်မြောက်ခဲ့ပြီးနောက် ဒုတိယဥက္ကဌဖြစ်သည့် ရူလာ အလ်လူခ်ျကို ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ရူလာမှာ အိုဟိုင်းယိုးနှင့် ကန်တာကီပြည်နယ်တွင် ရှေ့နေအဖြစ် ဆောင်ရွက်နေသူ ဖြစ်ပြီး၊ ကန်တာကီ၊ စင်စင်နတီနှင့် အမေရိကန် ရှေ့နေများအဖွဲ့တွင် အဖွဲ့ဝင်ဖြစ်ကာ၊ အမေရိကန်လူငယ်ရှေ့နေများအဖွဲ့အတွက် လက်ထောက်ညွှန်ကြားရေးမှုးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ထို့ပြင် အမေရိကန်ရှေ့နေများအသင်း လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွင် ကန်တာကီကိုစားပြု ကိုယ်စားလှယ်ဖြစ်သည်။

    “အစ္စလာမ်နဲ့ မွတ်စလင်တွေအပေါ်မှာ ပိုမိုနားလည်လာဖို့ CAIR ရဲ့ အားထုတ်မှုတွေကို ဆက်လက်ခိုင်မြဲအောင် လုပ်ဆောင်သွားဖို့ ကျွန်မ မျှော်လင့်ပါတယ်။ အမေရိကန်မွတ်စလင်တွေ မြို့ပြလုပ်ငန်းဆောင်တာတွေမှာ ပါဝင်မှုတွေ တိုးမြှင့်ဖို့၊ တရားမျှတမှုနဲ့ အပြန်အလှန် နားလည်သဘောပေါက်မှုတွေကို တိုးမြှင့်ရာမှာ ကျွန်မတို့နဲ့ သဘောထားတူတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ မဟာမိတ်ဖွဲ့ဖို့ကိုလည်း ဆောင်ရွက်သွားပါမယ်” ဟု CAIR မှ ထုတ်ပြန်သော ကြေညာချက်တွင် ရူလာက ပြောကြားခဲ့သည်။

    ၂၀၀၈ ခုနှစ်နှစ်မှ ၂၀၁၃ ခုအထိ CAIR စင်စင်နတီအဖွဲ့ခွဲ၏ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည့် ရူလာအား ဥက္ကဌအဖြစ် ရွေးချယ်မှုကို CAIR အမှုဆောင်ဒါရိုက်တာဖြစ်သူ နီဟတ် အ၀ဒ်က ကြိုဆိုခဲ့ပြီး အဖွဲ့အတွက် သူမ၏ အားထုတ်မှုများကို ချီးကျူးခဲ့သည်။

    “အဖွဲ့ပေါ်မှာ ရူလာရဲ့ နှစ်မြှုပ်ဆောင်ရွက်မှုနဲ့ သူမရဲ့ ဥပဒေရေးရာ ကျွမ်းကျင်မှုတွေက ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ ပြည်သူ့လွတ်လပ်ခွင့်တွေ တိုက်စားခံလာရမှုကို တားဆီးဖို့ ဆောင်ရွက်နေတဲ့ ဒီအဖွဲ့အစည်းကို ဦးဆောင်ဖို့အတွက် အသင့်တော်ဆုံး ရွေးချယ်မှုကို ဖြစ်စေခဲ့ပါတယ်” ဟု အ၀ဒ်က ဆိုသည်။

    CAIR အဖွဲ့ကို ၁၉၉၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး အလွှာစုံမှ မွတ်စလင်များပါဝင်သော အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကာ ၀ါရှင်တန်တွင် ရုံးစိုက်ထားသည်။ CAIR ၏ အဖွဲ့ခွဲများကို အမေရိကန်တစ်ဝှမ်းနှင့် ကနေဒါအထိ ဖြန့်ကျက်ဖွဲ့စည်းထားသည်။

    ထိုအဖွဲ့မှာ အစ္စလာမ်သာသနာ အပေါ် နားလည်လွဲမှုများအား ဖြေရှင်းရေး၊ ဆွေးနွေးမှုမှုများ ဖြစ်ပေါ်လာစေရေး၊ ပြည်သူ့ လွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်ရေး၊ အမေရိကန် မွတ်စလင်များ စွမ်းရည်မြင့်တက် လာစေရေးနှင့် တရားမျှတမှုနှင့် အပြန်အလှန် နားလည်မှုတို့ကို တိုးမြှင့်ဆောင်ရွက်ကာ မဟာမိတ်အဖွဲ့အစည်းများ တည်ဆောက်ရေး စသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်နေသည်။

  • ရိုဟင်ဂျာများကို ဖိနှိပ်မှု အဆုံးသတ်ရေး ဥပဒေ ကွန်ဂရက်တွင် အတည်ပြုရေး ထောက်ခံဖို့ အမေရိကန်မှ အကြီးဆုံး မွတ်စလင်အဖွဲ့ တိုက်တွန်း

    မေ ၇ ၊ ၂၀၁၄
    M-Media

    Urge_Congress_to_Vote_Yes_on_Resolution_to_End_Persecution_of_Rohingya_Muslims_in_Burma_-_CAIR_-_2014-05-07_21.42.13

    – မြန်မာနိုင်ငံတွင် ညှင်းပန်းနှိပ်စက်မှုများကို ခံနေရသည့် ရိုဟင်ဂျာ မွတ်စလင်များအား ကူညီနိုင်မည့် အမေရိကန် လွှတ်တော်ဆုံးဖြတ်ချက် H.R 418 အား ထောက်ခံရန် အမေရိကန်အစ္စလာမ် ဆက်ဆံရေးအဖွဲ့ CAIR က အမေရိကန်မွတ်စလင်များနှင့် ကွန်ဂရက်ကိုယ်စားလှယ်များအား တိုက်တွန်းလိုက်သည်။

    အမေရိကန်နိုင်ငံခြားရေးရာ ကော်မတီက တညီတစ်ညွတ်တည်း သဘောတူခဲ့သည့် ဆုံးဖြတ်ချက် H.R 418 ကို မေလ ၇ ရက်၊ ဗုဒ္ဓဟူးနေ့(ယနေ့တွင်) အမေရိကန်အောက်လွှတ်တော်၌ နောက်ဆုံးအဆင့် မဲခွဲသွားမည်ဖြစ်သည်။

    ထိုဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံအတွင်း လူနည်းစု ရိုဟင်ဂျာများအား ညှင်းပန်းနှိပ်စက်ခြင်းများကို အဆုံးသတ်ရန်နှင့် နိုင်ငံအတွင်းရှိ တိုင်းရင်းသား၊ ဘာသာရေးအုပ်စုများအတွက် နိုင်ငံတကာက အသိအမှတ်ပြုထားသည့် လူအခွင့်အရေး ဆိုင်ရာများသတ်မှတ်ချက်များကို လေးစားရန် မြန်မာအစိုးရအား တိုက်တွန်းထားသည်။

    အဆိုပါ ဆုံးဖြတ်ချက်ကို လွှတ်တော်ကိုယ်စားလှယ် ဂျိမ်း မက်ဂါဗန်၊ ဒီမိုကရက်နှင့် ရီပက်ဘလစ်ကန် ကိုယ်စားလှယ် ၄၉ ဦးတို့က အောက်လွှတ်တော်သို့ မိတ်ဆက်တင်သွင်းခဲ့ခြင်းဖြစ်ကာ နှုတ်ဖြင့်ထောက်ခံမှုများနှင့်အတူ အတည်ပြုရန်ရှိနေသည်။

    ဆုံးဖြတ်ချက် 418 ကို ထောက်ခံမဲပေးခြင်းဖြင့် မြန်မာနိုင်ငံမှ မွတ်စလင်များအား အားပေးရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များအား တိုက်တွန်းသည့် အီးမေးလ်များကို CAIR အဖွဲ့က ပေးပို့ခဲ့သည်။ ထိုဆုံးဖြတ်ချက်အား အတည်ပြုလိုက်ခြင်းက ရိုဟင်ဂျာများအပေါ် ခွဲခြားဆက်ဆံခြင်းနှင့် ညှင်းပန်းနှိပ်စက်မှု ပုံစံအားလုံးကို အဆုံးသတ်ရန် မြန်မာအစိုးရအား တိုက်တွန်းလိုက်ခြင်း ဖြစ်လာမည်ဖြစ်သည်။

    Ref: http://www.cair.com/