News @ M-Media

အမေရိကန်ရှိ အကြီးဆုံး မွတ်စလင်အဖွဲ့ CAIR ၏ ဥက္ကဌအဖြစ် လူငယ် ရှေ့နေ အမျိုးသမီး တစ်ဦးအား ခန့်အပ်

ဇွန်လ ၂၁ ရက်၊ ၂၀၁၄
M-Media
WomanChairs-US-Largest-Muslim-Group
– အမေရိကန်နိုင်ငံရှိ အကြီးဆုံး မွတ်စလင်အဖွဲ့ဖြစ်သည့် အမေရိကန်-အစ္စလာမ် ဆက်ဆံရေး CAIR အဖွဲ့၏ ဥက္ကဌအဖြစ် အိုဟိုင်းယိုးပြည်နယ်မှ မွတ်စလင် အမျိုးသမီးတစ်ဦးအား ခန့်အပ်ခဲ့သည်ဟု သိရသည်။

ဥက္ကဌဟောင်း အိုမာရ်ဇာကီ၏ ရာထူးသက်တမ်း ၂ နှစ်ပြည့်မြောက်ခဲ့ပြီးနောက် ဒုတိယဥက္ကဌဖြစ်သည့် ရူလာ အလ်လူခ်ျကို ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ရူလာမှာ အိုဟိုင်းယိုးနှင့် ကန်တာကီပြည်နယ်တွင် ရှေ့နေအဖြစ် ဆောင်ရွက်နေသူ ဖြစ်ပြီး၊ ကန်တာကီ၊ စင်စင်နတီနှင့် အမေရိကန် ရှေ့နေများအဖွဲ့တွင် အဖွဲ့ဝင်ဖြစ်ကာ၊ အမေရိကန်လူငယ်ရှေ့နေများအဖွဲ့အတွက် လက်ထောက်ညွှန်ကြားရေးမှုးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ထို့ပြင် အမေရိကန်ရှေ့နေများအသင်း လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွင် ကန်တာကီကိုစားပြု ကိုယ်စားလှယ်ဖြစ်သည်။

“အစ္စလာမ်နဲ့ မွတ်စလင်တွေအပေါ်မှာ ပိုမိုနားလည်လာဖို့ CAIR ရဲ့ အားထုတ်မှုတွေကို ဆက်လက်ခိုင်မြဲအောင် လုပ်ဆောင်သွားဖို့ ကျွန်မ မျှော်လင့်ပါတယ်။ အမေရိကန်မွတ်စလင်တွေ မြို့ပြလုပ်ငန်းဆောင်တာတွေမှာ ပါဝင်မှုတွေ တိုးမြှင့်ဖို့၊ တရားမျှတမှုနဲ့ အပြန်အလှန် နားလည်သဘောပေါက်မှုတွေကို တိုးမြှင့်ရာမှာ ကျွန်မတို့နဲ့ သဘောထားတူတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ မဟာမိတ်ဖွဲ့ဖို့ကိုလည်း ဆောင်ရွက်သွားပါမယ်” ဟု CAIR မှ ထုတ်ပြန်သော ကြေညာချက်တွင် ရူလာက ပြောကြားခဲ့သည်။

၂၀၀၈ ခုနှစ်နှစ်မှ ၂၀၁၃ ခုအထိ CAIR စင်စင်နတီအဖွဲ့ခွဲ၏ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည့် ရူလာအား ဥက္ကဌအဖြစ် ရွေးချယ်မှုကို CAIR အမှုဆောင်ဒါရိုက်တာဖြစ်သူ နီဟတ် အ၀ဒ်က ကြိုဆိုခဲ့ပြီး အဖွဲ့အတွက် သူမ၏ အားထုတ်မှုများကို ချီးကျူးခဲ့သည်။

“အဖွဲ့ပေါ်မှာ ရူလာရဲ့ နှစ်မြှုပ်ဆောင်ရွက်မှုနဲ့ သူမရဲ့ ဥပဒေရေးရာ ကျွမ်းကျင်မှုတွေက ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ ပြည်သူ့လွတ်လပ်ခွင့်တွေ တိုက်စားခံလာရမှုကို တားဆီးဖို့ ဆောင်ရွက်နေတဲ့ ဒီအဖွဲ့အစည်းကို ဦးဆောင်ဖို့အတွက် အသင့်တော်ဆုံး ရွေးချယ်မှုကို ဖြစ်စေခဲ့ပါတယ်” ဟု အ၀ဒ်က ဆိုသည်။

CAIR အဖွဲ့ကို ၁၉၉၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး အလွှာစုံမှ မွတ်စလင်များပါဝင်သော အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကာ ၀ါရှင်တန်တွင် ရုံးစိုက်ထားသည်။ CAIR ၏ အဖွဲ့ခွဲများကို အမေရိကန်တစ်ဝှမ်းနှင့် ကနေဒါအထိ ဖြန့်ကျက်ဖွဲ့စည်းထားသည်။

ထိုအဖွဲ့မှာ အစ္စလာမ်သာသနာ အပေါ် နားလည်လွဲမှုများအား ဖြေရှင်းရေး၊ ဆွေးနွေးမှုမှုများ ဖြစ်ပေါ်လာစေရေး၊ ပြည်သူ့ လွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်ရေး၊ အမေရိကန် မွတ်စလင်များ စွမ်းရည်မြင့်တက် လာစေရေးနှင့် တရားမျှတမှုနှင့် အပြန်အလှန် နားလည်မှုတို့ကို တိုးမြှင့်ဆောင်ရွက်ကာ မဟာမိတ်အဖွဲ့အစည်းများ တည်ဆောက်ရေး စသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်နေသည်။

Comments

Leave a Reply