News @ M-Media

Tag: cambodia

  • ကမ္ဘောဒီးယား သစ်ခုတ်သမား ၂ ဦးအား ထိုင်းစစ်တပ် ပစ်သတ်မှု ကမ္ဘောဒီးယား အစိုးရ ရှုတ်ချ

    ကမ္ဘောဒီးယား သစ်ခုတ်သမား ၂ ဦးအား ထိုင်းစစ်တပ် ပစ်သတ်မှု ကမ္ဘောဒီးယား အစိုးရ ရှုတ်ချ

    အောက်တိုဘာ ၇ ၊ ၂၀၁၄
    M-Media
    thai cambodia border map
    – ကမ္ဘောဒီယား သစ်ခုတ်သမားနှစ်ဦးအား ထိုင်းစစ်တပ်မှ ပစ်သတ်ခဲ့မှုအတွက် ကမ္ဘောဒီယားနိုင်ငံခြားရေးဝန်ကြီးဌာနက ရှုတ်ချပြောဆိုလိုက်သည်။

    အသက် ၂၄ နှစ်အရွယ် ဆောန်ဆမ်နှင့် ၂၂ နှစ်အရွယ် ယင်မ် မာကရာတို့မှာ ကမ္ဘောဒီယားနိုင်ငံအရှေ့ပိုင်းနယ်စပ်မှ တရားမ၀င်သစ်ခုတ်ရန်အတွက် ထိုင်းနိုင်ငံအတွင်းသို့ စက်တင်ဘာ ၂၈ ရက်နေ့က ၀င်ရောက်သွားခဲ့ပြီး ၎င်းတို့နှစ်ဦးအား ထိုင်းစစ်က ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

    ထို့ပြင် စက်တင်ဘာ ၂၉ ရက်နေ့တွင် ကမ္ဘောဒီယားစစ်တပ်မှ နယ်စပ်တစ်လျှောက် ပုံမှန်ကင်းလှည့်မှုများ ပြုလုပ်နေစဉ် ထိုင်းစစ်တပ်မှ ထိုကဲ့သို့ ပစ်ခတ်မှုတစ်ခု ပြုလုပ်ခဲ့သေးသည်။

    “(ကမ္ဘောဒီးယားစစ်သားတွေ) သူတို့ရဲ့ စစ်စခန်းကို အသီးသီးပြန်လာနေတဲ့အချိန် နယ်စပ်က Chamcar Kroch ဒေသအနားမှာ ထိုင်းစစ်တပ်က ပစ်ခတ်ခဲ့တာကြောင့် အသက် ၃၅ နှစ်အရွယ် ကမ္ဘောဒီယား တပ်ကြပ်တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံသား ၂ ဦးကို ထိုင်းစစ်တပ် ကျူးလွန်တဲ့ ဒီလို ကြမ်းကြုတ်မှုမျိုးကို ကမ္ဘောဒီးယားအစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်” ဟု ကမ္ဘောဒီးယား နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ထိုင်းသံရုံးသို့ ပြီးခဲ့သည့် သီတင်းပတ်က ပေးပို့ခဲ့သော သတိထောက်လွှာတွင် ရေးသားဖော်ပြထားသည်။

    ထို့ပြင် ကမ္ဘောဒီးယား ပိုင်နက်အား ထိုင်းစစ်တပ်က သိသိသာသာ ကျူးကျော်မှုကို ရှုတ်ချပြီး၊ မိမိတို့၏ အချုပ်အခြာ အာဏာကိုလေးစားရန် အတွက်လည်း အဆိုပါ သတိထောက်လွှာတွင် ရေးသားဖော်ပြခဲ့သည်။

    ref_ ဆင်ဟွာ

  • လူသားဖြစ်တည်မှု ဆန့်ကျင်သည့် ပြစ်မှု ခမာနီ ခေါင်းဆောင်နှစ်ဦး ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရ

    လူသားဖြစ်တည်မှု ဆန့်ကျင်သည့် ပြစ်မှု ခမာနီ ခေါင်းဆောင်နှစ်ဦး ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရ

    သြဂုတ် ၇ ၊ ၂၀၁၄
    M-Media

    140805223206-nuon-chea-current-horizontal-gallery

    – ၁၉၇၅ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ ကမ္ဘောဒီယားနိုင်ငံအား အုပ်စိုးခဲ့သော ခမာနီအစိုးရမှ ထိပ်သီးခေါင်းဆောင် နှစ်ဦးအား လူသားထုအပေါ် ကျူးလွန်ခဲ့သော ရာဇ၀တ်မှုအတွက် ကမ္ဘောဒီးယား တရားရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်ဟု သိရသည်။

    ကမ်ပေါချား ကွန်မြူနစ်ပါတီမှ ဒုတိယအတွင်းရေးမှူး အသက် ၈၈ နှစ်အရွယ်ရှိ Nuon Chea နှင့် ဒီမိုကရက်တစ် ကမ်ပေါချားနိုင်ငံ၏ သမ္မတအဖြစ် ဆောင်ရွက်ခဲ့သော အသက် ၈၃ နှစ်အရွက် Khieu Samphan တို့ ဖြစ်ကြပြီး လူသားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှု၊ လူမျိုးဖြုတ်သတ်ဖြတ်မှု၊ လူသတ်မှု၊ နိုင်ငံရေးနှင့် ပတ်သက်၍ ငြှင်းပန်းနှိပ်စက်မှုနှင့် အခြားသော လူမဆန်သည့် လုပ်ရပ်များအတွက် အပြစ်ရှိကြောင်း တွေ့ရှိရ၍ ကုလမှကျောထောက်နောက်ခံပြုထားသည့် အထူးခုံရုံးမှ ယနေ့တွင် စီရင်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်။

    အသက် ၈၈ အရွယ်ရှိပြီဖြစ်သည့် Nuon Chea ကို “နံပါတ် ၂ အကို” ဟု ခေါ်ဆိုပြီး အသက် ၈၃ နှစ်အရွယ်ရှိ Khieu Samphan ကို “နံပါတ် ၄ အကို” ဟု ခေါ်ဆိုသည်။

    ခမာနီအစိုးရ အုပ်စိုးစဉ်အတွင်း အတင်းအဓမ္မ အလုပ်စေခိုင်းမှု၊ ငတ်မွတ်ခေါင်းပါးမှု၊ သတ်ဖြတ်မှု၊ ပဒေသရာဇ်လူ့အဖွဲ့အစည်းပေါ်ပေါက်ရန် ရည်ရွယ်သော အစိုးရ၏ အစွန်းရောက် ပေါ်လစီများတွင် ညှာတာမှုကင်းမဲ့စွာ သတ်ဖြတ် သုတ်သင်ခဲ့မှုများကြောင့် ကမ္ဘောဒီးယား လူဦးရေ၏ လေးပုံတစ်ပုံဖြစ်သော လူဦးရေ ၁.၇ သန်းမှာ သေဆုံးခဲ့ရသည်။

    ထိုသေဆုံးမှုအတွက် အာဏာရှင် ခမာနီအစိုးရတွင် တာဝန်ရှိသူဟု ယူဆထားပြီး ကုလမှ ကျောထောက်နောက်ခံပြုထားသည့် ကမ္ဘောဒီးယား အထူးခုံရုံး ECCC မှ စစ်ဆေးလျက်ရှိနေကာ ယခုအချိန်အထိ ခမာနီခေါင်းဆောင်သုံးဦးကို အပြစ်ပေးထားနိုင်သည်။

  • ဖနွမ်းပင်တွင် ပြုလုပ်ခဲ့သော် အစိုးရဆန့်ကျင်သည့် ဆန္ဒပြပွဲအား ရဲတပ်ဖွဲ့မှ အင်အားသုံး ဖြိုခွဲ

    ဇူလိုင် ၁၆ ၊ ၂၀၁၄
    M-Media
    201471510456671734_20
    – ကမ္ဘောဒီးယားအစိုးရ၏ နိုင်ငံရေးဆိုင်ရာ စုဝေးခွင့် ပိတ်င်မှုကို ဆန့်ကျင်ကာ အတိုက်အခံများ၏ ဆန္ဒပြမှုအား ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွင်းခဲ့မှုကြောင့် လူအများအပြား ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    နိုင်ငံ၏ သက်တော်ရှည်ဝန်ကြီးချုပ် ဟန်ဆန်ကို ဆန့်ကျင်သည့် အဆိုပါ ဆန္ဒပြပွဲကို မြို့တော်ဖနွမ်းပင်ရှိ လွတ်လပ်ရေးပန်းခြံအနီး အတိုက်အခံ ရာပေါင်းများစွာက ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများအသုံးပြုကာ ဖြိုခွင်းခဲ့ပြီး ဆန္ဒပြသူအချို့မှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ဆန္ဒပြသူများကလည်း ရဲတပ်ဖွဲ့အား ပြန်လည်တိုက်ခိုက်ခဲ့သည်။

    ပြီးခဲ့သည့်နှစ်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အတိုက်အခံ ကမ္ဘောဒီးယား အမျိုးသား ကယ်ဆယ်ရေးပါတီ CNRP က အနိုင်ရရန် ရေပန်းစားခဲ့သော်လည်း ဟန်ဆန်၏ ပါတီက အံ့အားသင့်ဖွယ် အနိုင်ရခဲ့ပြီးနောက် အစိုးရနှင် အတိုက်အခံများအကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။

    ယနေ့ပြုလုပ်သည့် ဆန္ဒပြပွဲကြောင့် CNRP ပါတီခေါင်းဆောင် မူဆိုဟွာအပါအ၀င် အတိုက်အခံ ပါလီမန်အမတ် ၃ ဦးအား ထိန်းသိမ်းထားသည်ဟု ဖနွမ်းပင် မြူနီစပယ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဖွနွမ်းပင် လက်ထောက်ရဲချုပ်ကမူ ၎င်းတို့အား ဖမ်းဆီးခြင်းမဟုတ်ဘဲ မင်းမဲ့စရိုက်ဆန်သည့် ဆန္ဒပြမှုကို ဦးဆောင်ခဲ့သည့်အတွက် ထိန်းသိမ်းထားခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း မည်သည့်အချိန်တွင် လွှတ်ပေးမည်ကို ရှင်းရှင်းလင်းလင်းပြောကြားခဲ့ခြင်းမရှိချေ။

    Ref: Agencies

  • ရွှေပြောင်း လုပ်သားများ နှိမ်နင်းနေသည့် ကောလဟလ ဖြေရှင်းရန် ထိုင်းနှင့် ကမ္ဘောဒီးယား သဘောတူ

    ဇွန်လ ၁၈ ၊ ၂၀၁၄
    M-Media

    cambodia-migrant-workers
    – အာဏာသိမ်းထိုင်း စစ်တပ်က တရားမ၀င်အလုပ်သမားများကို နှိမ်နင်းတော့မည်ဆိုသော ကောလဟာလများကို ပယ်ဖျက်ရန်အတွက် ထိုင်းနှင့် ကမ္ဘောဒီယား တာဝန်ရှိသူများက ယနေ့တွင် သဘောတူညီခဲ့ကြသည်ဟု သိရသည်။

    တရားမ၀င်အလုပ်သမားများမှာ ဖမ်းဆီးခြင်းနှင့် ပြည်နှင်ဒဏ်ပေးခြင်းခံရမည်ဟု ပြီးခဲ့သည့် သီတင်းပတ်က ထိုင်းစစ်တပ်မှ ကြေညာခဲ့ပြီးနောက် ထိုင်း အာဏာပိုင်များမှာ ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားများကို ပစ်သတ်ခြင်းနှင့် နှိပ်စက်ခြင်းများ ပြုလုပ်နေသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

    ထို့ကြောင့် စက်ရုံများတွင် အလုပ်လုပ်နေကြသော တရားဝင်စာရွက်စာတမ်း ကိုင်ဆောင်ထားသည့် အလုပ်သမာများအပါအ၀င် ကမ္ဘောဒီယား အလုပ်သမား တစ်သိန်းရှစ်သောင်းကျော်မှာ ထိုင်နိုင်ငံအတွင်းမှ ထွက်ခွာသွားခဲ့သည်။

    ထိုကိစ္စနှင့် ပတ်သက်၍ နှစ်နိုင်ငံ သံအရာရှိများက ယနေ့တွင် ဘန်ကောက်မြို့၌ ဆွေးနွေးခဲ့ကြပြီး ထိုကိစ္စအား ရှင်းလင်းအောင် ဆောင်ရွက်သွားရန်နှင့် အလုပ်သမားရေးရာ ပြဿနာများအတွက် တယ်လီဖုန်းလိုင်းတစ်လိုင်း ထားရှိရန် သဘောတူညီခဲ့ကြသည်။

    ကမ္ဘောဒီယားသံအမတ် အီတ် ဆိုဖီယာကမူ ကမ္ဘောဒီးယား အလုပ်သမားများအကြား ရှိနေသည့် ကြောက်ရွံ့မှုများ လျော့ပါးစေရေး ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ထိုင်းအစိုးရ၏ ပေါ်လစီမှာ ပါမစ် ရှိ၊ မရှိကို မကြည့်ဘဲ နိုင်ငံခြား အလုပ်သမားများအား နှိမ်နင်းခြင်း မဟုတ်ကြောင်း၊ ထိုင်းအစိုးရ တာဝန်ရှိသူများက ညှင်းပန်းနှိပ်စက်မှုများကို ပြုလုပ်နေသည် ဆိုခြင်းမှာလည်း မဟုတ်မှတ်ကြောင်း ပြောာကြားခဲ့သည်။

    ထိုင်နိုင်တွင် တရားဝင်စာရွက်စာတမ်းမရှိဘဲ အလုပ် လုပ်ကိုင်နေသည့် ကမ္ဘောဒီယား အလုပ်သမား တစ်သိန်း ရှစ်သောင်း ၀န်းကျင်ရှိသည်ဟု နိုင်ငံတကာ ရွှေ့ပြောင်း လုပ်သားများအဖွဲ့က ခန့်မှန်းထားပြီး ယခုလက်ရှိတွင် မည်မျှ ကျန်နေသည်ကို ရှင်းရှင်းလင်းလင်းမသိရသေးပေ။

    Ref: AFP

  • ကမ္ဘောဒီးယားတွင် မင်္ဂလာပွဲအတွင်း လက်ပစ်ဗုံးဖြင့်ပစ်၊ သုံးပွင့်ဆိုင် အချစ် ဇာတ်လမ်းကြောင့်ဟု ရဲများယူဆ

    ဇန်နဝါရီ ၂၆၊ ၂၀၁၄
    M-Media
    133074431_13907209479681n
    – ကမ္ဘောဒီယားနိုင်ငံ မြောက်ပိုင်းရှိ မြို့တစ်မြို့တွင် ကျင်းပပြုလုပ်နေသည့် မင်္ဂလာဧည့်ခံပွဲအခမ်းအနားသို့ လက်ပစ်ဗုံးတစ်လုံး ပစ်ထည့်သွားခဲ့သောကြောင့် ပေါက်ကွဲမှုဖြစ်ကာ အနည်းဆုံးလူ ၉ ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့သည်ဟု ကမ္ဘောဒီးယား ရဲတပ်ဖွဲ့က ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    ယမန်နေ့ည ၉ နာရီခွဲက Kampong Thom ပြည်နယ်၊  Prasat Sambo ခရိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ မင်္ဂလာဧည့်ခံပွဲသို့ တက်ရောက်လာကြသူများမှာ ကခုန်ပျော်မြူးနေကြစဉ် အမည်မသိ လူတစ်ဦးက လက်ပစ်ဗုံး ပစ်ထည့်သွားခြင်းဖြစ်ကြောင်း၊ လူ ၉ ဦးသေဆုံးခဲ့ကာ လူ ၃၀ ဒဏ်ရာရရှိခဲ့ကြပြီး ဒဏ်ရာရသူများအား ဆေးရုံသို့တင်ပို့ထားကြောင်း သိရသည်။

    သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကြောင့် ထိုကဲ့သို့တိုက်ခိုက်ခြင်းဖြစ်မည်ဟု ယူဆနေပြီး၊ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေကာ လတ်တလောတွင် ဖမ်းဆီးထားသူမရှိသေးဟု ပြည်နယ် ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ် Horm Thul က ပြောကြားခဲ့သည်။

    Ref: ဆင်ဟွာ