News @ M-Media

Tag: Champions League

  • ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    အောက်တိုဘာ ၂၈၊ ၂၀၂၀
    M-Media

    ကိုဗစ်စည်းမျဉ်းနှင့်အညီ ပရိတ်သတ် ၂ သောင်းကျော်လက်ခံရန် မန်ယူပြင်ဆင်ထား

    ခပ်ခွာခွာနေထိုင်ရေးအပါအဝင် ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေနဲ့ လူ ၂၃၅၀၀ လောက် ကြည့်ရှုနိုင်အောင် အိုးထရက်ဖို့ကွင်းကို မန်ယူအသင်းက ပြင်ဆင်ထားပါတယ်။

    ပရီးမီးယားလိဂ်မှာ အောက်တိုဘာကစပြီး ပရိတ်သတ်တွေဝင်ရောက်ခွင့်ပေးဖို့ အစောပိုင်းက စီစဉ်ထားခဲ့ပေမယ့် ကိုဗစ်ကူးစက်မှု ပြန်တက်လာတာကြောင့် ဒါကို ယူကေအစိုးရက ရွှေ့ဆိုင်းလိုက်ပြီး နောက်ထပ် ၆ လလောက်အထိ ဒီအတိုင်းသွားမယ်လို့ သတင်းထွက်နေတာပါ။

    အသင်းတာဝန်ရှိသူ အမျိုးသမီး ကိုလက်တီ ရိုချီက စားသောက်ဆိုင်၊ ​လေယာဉ်နဲ့ ရုပ်ရှင်ရုံတွေလိုနေရာမျိုးမှာ လူစုခွင့်ပေးထားပြီး ဘောလုံးပြိုင်ပွဲမှာ ပရိတ်သတ်ဝင်ခွင့်မပေးတဲ့ အစိုးရရဲ့ဆုံးဖြတ်ချက်ကို နားမလည်နိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    ဒါ့အပြင် ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေနဲ့ညီအောင် ကွင်းကိုပြင်ဆင်ထားပြီး ​ပရိတ်သတ်တွေကိုလက်ခံဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း သူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ကိုဗစ်စစ်ဆေးမှုနည်းလမ်းကို ရော်နယ်ဒိုဝေဖန်

    ပြိုင်ပွဲမကစားခင် အချိန်မီ ရလဒ်မထွက်တဲ့ ကိုဗစ်စစ်ဆေးရေးစနစ်ကို ဂျူဗင်တပ်စ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ဝေဖန်လိုက်ပါတယ်။

    အသက် ၃၅ နှစ်အရွယ် ရော်နယ်ဒိုဟာ ကိုဗစ်တွေ့တာကြောင့် အောက်တိုဘာ ၁၃ ရက်နေ့ကတည်းက သီးခြားနေထိုင်နေရတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဒုတိယအကြိမ်စစ်ဆေးခဲ့ပြီး အချိန်မီအဖြေမထွက်တာကြောင့် ဒီကနေ့ကစားမယ့် ဘာစီလိုနာနဲ့ချန်ပီယံလိဂ်ပွဲစဉ် အသင်းရဲ့လူစာရင်းမှာ ပါဝင်လာခြင်းမရှိပါဘူး။

    ရော်နယ်ဒိုကတော့ မိမိဟာ ကျန်းမာနေတယ်လို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပြီး ရလဒ်အချိန်မီမထွက်တဲ့အတွက် စိတ်ပျက်ရတယ်လို့ ဆိုပါတယ်။

    ရော်နယ်ဒိုဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်း မက်ဆီနဲ့ ထိပ်တိုက်တွေ့ဆုံရမယ့်အခွင့်အရေးကို လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

    Ref : BBC

  • တနင်္လာနေ့ဘောလုံးသတင်းများ

    တနင်္လာနေ့ဘောလုံးသတင်းများ

    စက်တင်ဘာ ၉၊ ၂၀၁၉
    M-Media

    မန်စီးတီးအသင်း၏ လူစာရင်း ယူရို ၁ ဘီလီယံတန်ဖိုးရှိ
    =====================
    လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးအသင်းရဲ့ လက်ရှိလူစာရင်းတန်ဖိုးဟာ ယူရို ၁ ဘီလီယံ ကျော်နေပြီး ဘောလုံးလောကမှာ ပထမဆုံး ယူရို ၁ ဘီလီယံကျော်တန် လူစာရင်းရှိတဲ့အသင်းအဖြစ် မှတ်တမ်းဝင်သွားတယ်လို့ ဘောလုံးအားကစား စောင့်ကြည့်ရေးအဖွဲ့ CIES Football Observatory က ထုတ်ပြန်ခဲ့ပါတယ်။မန်စီးတီးအသင်း ကစားသမားစုစုပေါင်းရဲ့ တန်ဖိုးဟာ ယူရို ၁.၀၁၄ ဘီလီယံဖြစ်ပြီး၊ ပီအက်စ်ဂျီက ၉၁၃ သန်းနဲ့ ဒုတိယနေရာ၊ ရီးယဲလ်မက်ဒရစ်က ၉၀၂ သန်းနဲ့ တတိယနေရာ၊ မန်ချက်စတာ ယူနိုက်တက်က ၇၅၁ သန်းနဲ့ စတုတ္တနေရာမှာ ရှိနေပါတယ်။

    ထိပ်ဆုံး ၁၀ သင်းမှာ ပရီးမီးယားလိဂ်က လီဗာပူးလ်၊ အာဆင်နယ်နဲ့ ချယ်ဆီးတို့အပါအ၀င် ၅ သင်း၊လာလီဂါက ၃ သင်း၊ စီးရီးအေက ဂျူဗင်တစ်ပ်တစ်သင်း အသီးသီး ပါဝင်နေပါတယ်။

    ချန်ပီယံလိဂ်ပြိုင်ပွဲ ပြုပြင်ပြောင်းလဲမှုအစီအစဉ် ဖျက်သိမ်းရဖွယ်ရှိ
    ======================
    ၂၀၂၄ ခုနှစ်မှာ ချန်ပီယံလိဂ်ကို ၈ သင်းပါ ၄ အုပ်စုခွဲပြီး စနေ၊ တနင်္ဂနွေ နေ့တွေမှာပါ ထည့်သွင်းကစားဖို့ ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေရဲ့ စီစဉ်ထားမှုဟာနောက်ရွှေ့ရမယ့် ဒါမှမဟုတ် ဖျက်သိမ်းရမယ့်အနေအထား ရှိနေပါတယ်။ လက်ရှိမှာ ၄ သင်း ၈ အုပ်စုခွဲကစားတာဖြစ်ပြီး ပြောင်းလဲမယ့်အစီအစဉ် စတင်အဆိုပြုကတည်းက ဥရောပလိဂ် ၅ ခုရဲ့ ကန့်ကွက်မှုကို ခံခဲ့ရတာပါ။ နောက်ပိုင်းမှာ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ခဲ့ပေမယ့် ဘုံသဘောတူညီချက်တစ်ခု မရခဲ့ပါဘူး။ ယူအီးအက်ဖ်အေဟာ ၂၀၂၁ ခုနှစ်မှာ ဥရောပတတိအဆင့် ကလပ်တွေ ၀င်ကစားနိုင်မယ့် ယူရိုပါလိဂ် ၂ ကို စတင်ကျင်းပဖို့ရှိနေပြီး ယူရိုပါလိဂ်ကို တန်းတက်၊ တန်းဆင်းစနစ်လည်း ပါဝင်မှာဖြစ်ပါတယ်။

    Ref: BBC

  • ချန်ပီယံလိဂ်တွင် နိုင်ငံရေးရည်ရွယ်ချက် ဖော်ပြမှုအတွက် ဘာစီလိုနာ ဒဏ်ရိုက်ခံရ

    ချန်ပီယံလိဂ်တွင် နိုင်ငံရေးရည်ရွယ်ချက် ဖော်ပြမှုအတွက် ဘာစီလိုနာ ဒဏ်ရိုက်ခံရ

    ဇူလိုင် ၂၄၊ ၂၀၁၅
    M-Media

    baca

    – ဇွန်လက ကစားခဲ့သည့် ဂျူဗင်တပ်စ်အသင်းနှင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ဘာစီလိုနာ ပရိသတ်သတ်များက ကာ့တ်လန်ဒေသအလံကို ဝှေ့ယမ်းအားပေးခဲ့မှုကြောင့် ယူအီးအက်ဖ်အေက ဘာစီလိုနာအသင်းအား ဒဏ်ငွေ ယူရို ၃၀၀၀၀ ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။

    ဘာစီလိုနာအသင်း၏ တာဝန်ရှိသူအများစုမှာ အသင်းအခြေစိုက်ရာ ကာတာလိုနီယာဒေသအား စပိန်မှခွဲထွက်၍ လွတ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် တည်ထောင်ရန် အလွန်အမင်း စိတ်အားထက်သန်နေကြပြီး ခွဲထွက်ရေးအတွက် ပြီးခဲ့သည့်နှစ် ပြည်သူ့ဆန္ဒ မခံယူခင်ကလည်း အသင်းအနေဖြင့် ထိုလှုပ်ရှားမှုကို ထောက်ခံသည်ဟု အတည်ပြု ကြေညာခဲ့သည်။

    ဘာစီလိုနာအသင်း၏ ပြည်တွင်းပွဲစဉ်တိုင်းတွင် ကာ့တ်လန်အလံကို တွေ့မြင်ခဲ့ရသော်လည်း ယူအီးအက်ဖ်အေကမူ ဥရောပပြိုင်ပွဲများတွင် နိုင်ငံရေးယုံကြည်ချက်အား ဖော်ပြရန် ခွင့်မပြုပေ။ ထို့ကြောင့် ဇွန်လ ၆ ရက်နေ့က ကစားခဲ့သည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ကာ့တ်လန်အလံ ဝှေ့ယမ်းမှုအတွက် ယခုကဲ့သို့ ဒဏ်ငွေ ချမှတ်ခဲ့ခြင်းဖြစ်သည်။

    ယူအီအက်ဖ်အေမှ ယမန်နေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ ဘာစီလိုနာအသင်းမှာ စည်းကမ်းချက် အပိုဒ် ၁၆-၂ (ခ) တွင် ဖော်ပြထားသည့် “ဘောလုံးပြိုင်ပွဲနှင့် မအပ်စပ်သည့် သတင်းစကားအား အမူအရာ၊ စကားလုံး၊ အရာဝတ္တု သို့မဟုတ် အခြားသော နည်းလမ်းများဖြင့် အသုံးပြုခြင်း၊ အထူးသဖြင့် နိုင်ငံရေး၊ အယူဝါဆိုင်ရာ၊ ဘာသာရေး၊ ရန်လိုသော၊ စော်ကားသော အပြုအမူနှင့် ပတ်သက်သည့် ဖော်ပြမှုများကို တားမြစ်သည်” ဟူသော အချက်ကို ချိုးဖောက်ခဲ့သည်ဟု ဆိုသည်။

    ဘာစီလိုနာအသင်းကမူ ယူအီးအက်ဖ်အေ၏ ထိုဆုံးဖြတ်ကို လေးစားသော်လည်း လက်ခံမည်မဟုတ်ဘဲ အသင်းနှင့် အသင်းနှင့်ပတ်သက်သူများ၏ အခွင့်အရေးကို လက်ရှိ ဥပဒေများအား မထိခိုက်စေဘဲ ကာကွယ်သွားမည်ဟု ပြန်လည် တုံ့ပြန်ပြောကြားခဲ့သည်။

    Ref: Goal

  • ဂျူဗင်တပ်စ်မှာ အသင်းကောင်းတစ်သင်းဖြစ်သည်ဟု နေးမာပြော

    ဂျူဗင်တပ်စ်မှာ အသင်းကောင်းတစ်သင်းဖြစ်သည်ဟု နေးမာပြော

    ဇွန် ၇၊ ၂၀၁၅
    M-Media

    naymar

    – မိမိတို့အား ရှုံးနိမ့်ခဲ့သော်လည်း ဂျူဗင်တပ်စ်အသင်းမှာ အသင်းကောင်းတစ်သင်းအဖြစ် သက်သေပြနိုင်ခဲ့သည်ဟု ဘာစီလိုနာအသင်း၏ ဘရာဇီးလ်တိုက်စစ်မှူး နေးမာက ပြောကြားလိုက်သည်။

    ယနေ့မနက်က ကစားခဲ့သည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ဘာစီလိုနာမှာ ရက်ကီတစ်၊ ဆွာရက်ဇ်နှင့် နေးမာတို့၏ ဂိုးများဖြင့် ဂျူဗီအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် လာလီဂါနှင့် ရှုံးထွက်ဖလားတို့အား ရရှိခဲ့သည့် ဘာစီလိုနာအတွက် တတိယမြောက်ဖလားလည်း ဖြစ်လာခဲ့သည်။

    ဒုတိယပိုင်း နာကျင်အချိန်ပိုတွင် အနိုင်ဂိုးသွင်းယူပေးခဲ့သည့် နေးမာကမူ ဂျူဗင်တပ်စ်အသင်းကို ချီးကျူးခဲ့သည်။

    “ဂျူဗင်တပ်စ်အသင်းဟာ ကစားသမားကောင်းတွေရှိတဲ့ အသင်းကောင်းတစ်သင်းပါ။ ဒါပေမယ့် ကျွန်တော်တို့ ကစားနိုင်ခဲ့ပြီး အဆုံးမှာ ကျွန်တော်တို့ဟာ ချန်ပီယံဖြစ်ခဲ့ပါတယ်။ အသင်းနဲ့ နည်းပြကို ကျွန်တော် ပထမဆုံး ကျေးဇူးတင်ချင်ပါတယ်။ ဒီအောင်မြင်မှုက ကျွန်တော်တို့အားလုံးရဲ့ မိသားစုတွေ အတွက်ပါပဲ” ဟု နေးမာက Sky Sport သို့ ပြောကြားခဲ့သည်။

    နေးမာမှာ ကိုပါအမေရိက ဘောလုံးပြိုင်ပွဲတွင် ၀င်ရောက်စားမည့် ဘရာဇီးလ်အသင်းသို့ မကြာမီ သွားရောက်ပူးပေါင်းသွားမည်ဖြစ်သည်။ ဘာစီလိုနာသို့ စရောက်စဉ်က ရုန်းကန်ခဲ့ရသည့် နေးမာမှာ ယခုနှစ်တွင် အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့ပြီး ဘာစီလိုနာအသင်းအတွက် ကစားခဲ့သည့် ပွဲပေါင်း ၅၀ တွင် ၃၉ ဂိုး သွင်းယူပေးနိုင်ခဲ့သည်။

    ထို့ပြင် ချန်ပီယံလိဂ်နှင့် ကိုပါလီဘာတေဒိုးဖလား ဗိုလ်လုပွဲများတွင် ဂိုးသွင်းနိုင်သည့် ပထမဆုံး ကစားသမား ဖြစ်လာခဲ့သည်။

    Ref: Goal

  • မက်ဆီ၊ နေးမာ၊ ဆွာရက်ဇ်အတွဲရဲ့ အစွမ်းနဲ့ ချန်ပီယံလိဂ်ကို ၅ ကြိမ်မြောက်ရခဲ့တဲ့ ဘာစီလိုနာ

    မက်ဆီ၊ နေးမာ၊ ဆွာရက်ဇ်အတွဲရဲ့ အစွမ်းနဲ့ ချန်ပီယံလိဂ်ကို ၅ ကြိမ်မြောက်ရခဲ့တဲ့ ဘာစီလိုနာ

    ဇွန် ၇၊ ၂၀၁၅
    M-Media

    baca

    – ဒီနေ့မနက် ဘာလင်မှာကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းက ဂျူဗင်တပ်စ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိပြီး အသင်းသမိုင်းတစ်လျှောက် ၅ ကြိမ်မြောက် ချန်ပီယံလိဂ်ကို ဆွတ်ခူးရရှိသွားခဲ့ပါတယ်။

    ပွဲစတယ်ဆိုတာနဲ့ နှစ်သင်းစလုံး လျင်လျင်မြန်မြန်နဲ့ ထိုးဖောက် တိုက်စစ်ဆင်ခဲ့တာကြောင့် ၁၀ မိနစ်အတွင်းမှာပဲ ၂ သင်းစလုံး ဂိုးသွင်းခွင့် နှစ်ကြိမ်စီရခဲ့ပြီး ဘာစီလိုနာက တစ်ကြိမ် အသုံးချနိုင်ခဲ့ကာ ဂိုးရခဲ့ပါတယ်။ ဒီဂိုးကိုတော့ ၄ မိနစ်မှာ ဇာဗီရဲ့ ဖန်တီးပေးမှုကနေတစ်ဆင့် ရက်ကီတစ်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဇာဗီကတော့ ချန်ပီယံလိဂ် ဖိုင်နယ် ၃ ကြိမ်မှာ ဂိုးသွင်းနိုင်အောင် ဖန်တီးပေးနိုင်ခဲ့တဲ့ ပထမဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။

    နောက်ပိုင်းမှာ ဘာကာကပဲ ဘောလုံးပိုင်ဆိုင်မှုအသာရခဲ့ကာ ဂိုးသွင်းခွင့်တွေရပေမယ့် ဂိုးပေါက်လွဲချော်တာ၊ ဂျူဗင်တပ်စ်ဂိုးသမား ဘူဖွန် အစွမ်းပြ ကာကွယ်နိုင်တာကြောင့် ဂိုးရရှိခြင်း မရှိခဲ့ပါဘူး။

    ဂျူဗီကတော့ ဒုတိယပိုင်း ပထမဆုံးရတဲ့အခွင့်အရေးကို ၅၅ မိနစ်မှာ မိုရာတာက ချေပဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ချေပဂိုးရပြီး ဂျူဗီတို့ ဦးဆောင်နိုင်လုနီးပါး ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ၆၈ မိနစ်မှာ မက်ဆီရဲ့ ဖန်တီးပေးပို့မှုကတစ်ဆင့် ဆွာရက်ဇ်က ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပြီးနောက်မှာ ဘာကာဖက်ကို ဂျူဗီတို့ ထိထိရောက်ရောက် ခြိမ်းခြောက်နိုင်ခြင်း မရှိတော့ဘဲ ဒုတိယပိုင်း နာကျင်အချိန်ပိုမှာ နေးမာက နောက်တစ်ဂိုး ထပ်သွင်းနိုင်ခဲ့ပါတယ်။ ဂျူဗီကတော့ ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲ ၆ ကြိမ်စလုံးရှုံးတဲ့ ပထမဆုံးအသင်း ဖြစ်လာပါတယ်။

    ဘာကာနည်းပြ လူးဝစ်အန်းရစ်က ဖလားရတဲ့အတွက် ပျော်ရွှင်မိပေမယ့် အနာဂတ်အတွက်တော့ မသေချာဘူးလို့ ဆိုပါတယ်။

    “ကျွန်တော့်အနာဂတ် မသေချာဘူးဆိုတာ အမှန်တရားတစ်ခုပါပဲ။ ဒါပေမယ့် အခုအချိန်မှာတော့ အားလုံးဟာ ပျော်ရွှင်စရာပါပဲ။ ကျွန်တော်တို့ အရမ်းပျော်ပါတယ်။ ကျွန်တော့်မှာ ထူးခြားတဲ့ ကစားသမားတစ်စု ရှိပါတယ်။ သူတို့ဟာ အောင်နိုင်သူတွေပါ။ စစ်သားတွေပါ။ သူတို့လုပ်သလောက် သူတို့ ပျော်ရွှင်ရပြီး၊ ကျွန်တော်တို့ကိုလည်း သူတို့ ပျော်ရွှင်အောင် လုပ်ပေးခဲ့ပါတယ်။ ဒီပွဲဟာ ဒီရာသီ ပွဲ ၆၀ မြောက်ပါ။ ပွဲ ၅၀ ကျွန်တော်တို့ နိုင်ခဲ့ပါတယ်။ ခက်ခဲတဲ့ နှစ်တစ်နှစ်ဖြစ်ပြီး ကျွန်တော်တို့ကို ယုံကြည်တဲ့သူတွေကို အရမ်းကျေးဇူးတင်ပါတယ်” လို့ ပွဲအပြီးမှာ အန်းရစ်က ပြောကြားခဲ့ပါတယ်။

    ဂျူဗီနည်းပြ အလ်လီဂရီကတော့ အသင်းရှုံးပေမယ့် ကြီးကျယ်တဲ့ရာသီဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဘာစီလိုနာဂိုးတွေဟာ ကျွန်တော်တို့ အလို့၊ နလို့ ပေးခဲ့ရတာပါ။ ဒါပေမယ့် အဆုံးအထိတော့ တိုက်ပွဲဝင်ခဲ့ပါတယ်။ ထူးခြားတဲ့ရာသီတစ်ခု ဖြစ်ခဲ့ပြီး ကျွန်တော့်အသင်းအတွက် ဘယ်လိုခြွင်းချက်မျိုးမှ ပြစရာမရှိပါဘူး။ ကျွန်တော်တို့ အန္တရာယ်အတော်ရှိခဲ့ပြီး အခွင့်အရေးတွေလည်း တော်တော် ရခဲ့ပါတယ်။ ဒါပေမယ့် ကြီးကျယ်တဲ့ ကစားသမားတွေကို ရင်ဆိုင်ကစားရတဲ့အခါ တစ်ခါတစ်ရံ ထိန်းချုပ်ခံရတယ်လို့ ထင်ရပါတယ်။ အဲဒီလိုမျိုးဆိုရင် ပြိုင်ဘက်က ဂိုးသွင်းသွားတာပါပဲ”

    Ref: UEFA.com, Goal