News @ M-Media

Tag: Champions League 2016-17

  • ဘာစီလိုနာကို ရှုံးပြီးအပြန်တွင် ပီအက်စ်ဂျီအသင်း နှောက်ယှက်တိုက်ခိုက်ခံရ

    ဘာစီလိုနာကို ရှုံးပြီးအပြန်တွင် ပီအက်စ်ဂျီအသင်း နှောက်ယှက်တိုက်ခိုက်ခံရ

    မတ် ၁၀၊ ၂၀၁၇
    M-Media

    – ဘာစီလိုနာအား အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့ပြီးနောက် အိမ်ပြန်လာသည့် ပီအက်စ်ဂျီအသင်းမှာ ပြင်သစ်လေဆိပ်တွင် လူတစ်စု၏ နှောက်ယှက်တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ရဲတပ်ဖွဲ့က ထိုကိစ္စအတွက် စုံစမ်းစစ်ဆေးနေသည်ဟု သိရသည်။

    ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက် ပထမအကျော့ အိမ်ကွင်းတွင် ၄ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည့် ပီအက်စ်ဂျီ အသင်းမှာ ယမန်နေ့မနက်က ကစားခဲ့သည့် ဒုတိယအကျော့တွင် ဘာစီလိုနာကို ၆ ဂိုး ၁ ဂိုးဖြင့် အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

    ထို့နောက် ပြင်သစ်သို့ ပြန်လည်ရောက်ရှိချိန် Bourget လေဆိပ်တွင် လူအုပ်စုတစ်ခုက အသင်းသားများအား နှောက်ယှက်ကာ ကားများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

    “အဲဒီသူတွေက ကစာသမားတွေကို စော်ကားပြောဆိုပြီး နောက်ပိုင်းမှာ ကားတွေကို ဖျက်ဆီးခဲ့ကြပါတယ်။ ကားတော်တော်များများ ပျက်ဆီးခဲ့ပါတယ်။ ဒီ ဆိုးဆိုးဝါးဝါးရန်လိုတဲ့ အဖြစ်အပျက်ကြောင့် ကစားသမားတွေ၊ သူတို့ရဲ့မိသားစုတွေ၊ ကလပ်အသင်းအဖွဲ့ဝင်တွေ ဘေးအန္တရာယ်ကင်းရေးအတွက် လုံခြုံရေး ပေးခဲ့ရပါတယ်” ဟု ပီအက်စ်ဂျီအသင်းက ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    လက်ရှိတွင် ထိုကိစ္စအတွက် စုံစမ်းစစ်ဆေးမှုများကို ရဲတပ်ဖွဲ့က စတင်လုပ်ဆောင်နေပြီး မိမိတို့အသင်းက ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ ထိုအဖြစ်ပျက်ကိုလည်း မိမိတို့က ပြင်းပြင်းထန်ထန် ရှုတ်ချက်ကြောင်း ပီအက်စ်ဂျီက ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Goal

  • အာဆင်နယ်ပရိသတ်များအား ဘယ်လာရင် တောင်းပန်

    အာဆင်နယ်ပရိသတ်များအား ဘယ်လာရင် တောင်းပန်

    မတ် ၈၊ ၂၀၁၇
    M-Media

    – ယနေ့မနက် ချန်ပီယံလိဂ်ပွဲတွင် အိမ်ကွင်း၌ ဘာစီလိုနာအား ဂိုးပြတ်ဖြင့် အရှက်တကွဲရှုံးနိမ့်ခဲ့ရမှုအတွက် ပရိတ်သတ်အား တောင်းပန်သည်ဟု အာဆင်နယ်နောက်ခံလူ ဟက်တာ ဘယ်လာရင်က ပြောကြားလိုက်သည်။

    ၁၆ သင်းရှုံးထွက် ဒုတိယအကျော့တွင် ၅ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် အာဆင်နယ်မှာ ၂ ကျော့ပေါင်း ၁၀ ဂိုး ၂ ဂိုးဖြင့် ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ ထိုပွဲတွင် အာဆင်နယ် ပရိတ်သတ်များမှာ စိတ်ပျက်လက်ပျက်ဖြင့် ပွဲမပြီးကပင် ကွင်းအတွင်းမှ ထွက်ခွာသွားခဲ့သည်။

    ဘယ်လာရင်ကမူ ထိုအပြုအမူက အာဆင်နယ်ကို ထိခိုက်စေခဲ့သည်ဟု ၀န်ခံခဲ့သည်။

    “ပရိတ်သတ်တွေ ကွင်းအတွင်းထဲက စောစောစီးစီးထွက်ခွာသွားတာကို မြင်ရတာကြောင့် ကျွန်တော် တော်တော်လေး စိတ်ထိခိုက်ပါတယ်။ ဒီပွဲကို သူတို့အတွက် ကစားတာပါ။ သူတို့ကို ပျော်ရွှင်စေချင်တယ်။ ကျွန်တော်တို့နောက်မှာ မားမားမတ်မတ် ရပ်တည်စေချင်တယ်။ သူတို့ စောစောစီးစီးထွက်ခွာသွားတာကို မြင်ရတာ နာကျင်ရပါတယ်။ ကျွန်တော်တို့ ဒီထက်ပိုပြီး ကောင်းကောင်းလုပ်ချင်ခဲ့တာကြောင့် ပရိတ်သတ်တွေကို တောင်းပန်တယ်လို့ ပြောရမှာပါ။ ရာသီရဲ့ လက်ကျန်အချိန်တွေမှာ သူတို့ ပျော်ရွှင်အောင်လုပ်ဖို့ ကျွန်တော်တို့ ကြိုးစားဖို့ လိုအပ်ပါတယ်” ဟု ဘယ်လာရင်က ပြော ကားခဲ့သည်။

    စနေနေ့က လီဗာပူးလ်အသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် အာဆင်ဝင်းဂါးအတွက် ယနေ့မနက်အရှုံးမှာ ပိုမို၍ ဖိအားဖြစ်စေခဲ့ပြီး၊ ယခုရာသီကုန်တွင် အသင်းနှင့် စာချုပ်ပြည့်တော့မည့် ၀င်းဂါး၏ အနာဂတ်မှာလည်း မရေရာတော့ပေ။

    Ref: Goal

  • မန်စီးတီးနဲ့ ဘာကာတို့ နောက်တစ်ဆင့်တက်ခဲ့တဲ့ ချန်ပီယံလိဂ် ဗုဒ္ဓဟူးနေ့မနက် ပွဲများ

    မန်စီးတီးနဲ့ ဘာကာတို့ နောက်တစ်ဆင့်တက်ခဲ့တဲ့ ချန်ပီယံလိဂ် ဗုဒ္ဓဟူးနေ့မနက် ပွဲများ

    နိုဝင်ဘာ ၂၄၊ ၂၀၁၆
    M-Media

    – ဒီနေ့မနက် ချန်ပီယံလိဂ် ပွဲစဉ် ၅ မှာတော့ ဘာကာနဲ့ မန်းစီးတီးတို့ ၁၆ သင်းအဆင့် တက်နိုင်ခဲ့ပြီး အုပ်စု B မှာ ၃ သင်းက နောက်တစ်ဆင့်တက်နိုင်ဖို့အတွက် အခွင့်အရေး ရှိနေပါသေးတယ်။

    cham-1

    အုပ်စု A
    ———-
    အာဆင်နယ် ၂-၂ ပီအက်စ်ဂျီ
    လူဒိုဂိုးရက် ၀-၀ ဘေဆယ်

    ၂ သင်စလုံး နောက်တစ်ဆင့်ကို တက်ရောက်သွားပြီဖြစ်ပေမယ့် အီမရိတ်မှာ ကစားခဲ့တဲ့ ဒီပွဲမှာ အာဆင်နယ်နဲ့ ပီအက်စ်ဂျီတို့ ဂုဏ်သိက္ခာအတွက် ကြိုးစားခဲ့ကြပြီး အပြန်အလှန် ဦးဆောင်ဂိုးတွေ သွင်းကာ ၂ ဂိုးစီ သရေကျခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းမှာ ကာဗာနီရဲ့ ဦးဆောင်ဂိုးကို ဂျရူးက ပင်နယ်တီနဲ့ ချေပနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ ဗာရက်တီရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကိုတော့ လူးကက်စ်က ခေါင်းတိုက်ကာ ချေပနိုင်ခဲ့ပါတယ်။

    ဘေဆယ်တို့ ဂိုးသွင်းခွင့် တော်တော်များများ ရခဲ့ပေမယ့် ၀င်အောင်မသွင်းနိုင်တာကြောင့် ဂိုးမရှိသရေကျခဲ့တာဖြစ်ပြီး ယူရိုပါဝင်ခွင့်ရရေး တတိယနေရာအတွက် ဒီနှစ်သင်းဟာ နောက်ဆုံးပွဲစဉ်အထိ ကြိုးစားခွင့် ရှိနေပါတယ်။

    အုပ်စု B
    ———
    ဘက်ခီတက်စ် ၃-၃ ဘင်ဖီကာ
    နာပိုလီ ၀-၀ ဒိုင်နမိုကိဗ်

    ဒီနေ့မနက် ချန်ပီယံလိဂ်ရဲ့ အကောင်းဆုံးအသင်းကို ပြပါဆိုရင် ဘက်ခီတက်စ်အသင်းကို ပြရပါလိမ့်မယ်။ ပထမပိုင်း ၃၁ မိနစ်အတွင်းမှာပဲ ၃ ဂိုးပေးလိုက်ရတဲ့ အိမ်ရှင်တို့ ဒုတိယပိုင်း ၅၈၊ ၈၃ နဲ့ ၈၉ မိနစ်တွေမှာ ချေပဂိုးတွေပြန်သွင်းပြီး နောက်တစ်ဆင့်တက်နိုင်ရေး မျှော်လင့်ချက်ကို ဆက်လက် ဆုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။

    နာပိုလီတို့ အိမ်ကွင်းမှာ ဒိုင်နမိုကိဗ်အပေါ် အသာရခဲ့ပေမယ့် အနိုင်မကစားနိုင်တာကြောင့် တန်ဖိုးကြီးကြီး ပေးဆပ်ရမယ့် အခြေအနေမျိုး ရောက်ခဲ့ပါတယ်။ လက်ရှိမှာ နာပိုလီဟာ ၈ မှတ်နဲ့ အုပ်စုကို ဦးဆောင်ထားနိုင်ပေမယ့် အမှတ်တူနေတဲ့ ဘင်ဖီကာနဲ့ နောက်ဆုံးပွဲ အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ၇ မှတ်ရထားတဲ့ ဘက်ခီတက်စ်က ဒိုင်နမိုကိဗ်နဲ့ ယှဉ်ပြိုင်ရမှာကြောင့် နာပိုလီ၊ ဘင်ဖီကာနဲ့ ဘက်ခီတက်စ်တို့ ၃ သင်းမှာ ဘယ် ၂ သင်းက နောက်တစ်ဆင့်တက်မလဲဆိုတာ ရင်ခုန်စွာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

    cham-2

    အုပ်စု C
    ———
    ဆဲလ်တစ် ၀-၂ ဘာစီလိုနာ
    မိုချန်ဂလာဘက်ခ်ျ ၁-၁ မန်စီးတီး

    အဝေးကွင်းမှာ မက်ဆီရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ဘာကာတို့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

    မန်စီးတီးက ထုံးစံအတိုင်း ခြေအသာ ဂိုးသွင်းခွင့်အသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ဆေးလ်ဗားရဲ့ ပထမပိုင်း နာကျင်အချိန်ပို သွင်းဂိုးကြောင့် ၁ မှတ် ရခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ရှုံးထွက်အဆင့်ကိုတော့ တက်နိုင်ခဲ့ပါတယ်။

    အုပ်စု D
    ——–
    အက်သလက်တီကို ၂-၀ ပီအက်စ်ဗီ
    ရိုစတော့ဗ် ၃-၂ ဘိုင်ယန်မြူးနစ်

    နောက်တစ်ဆင့်တက်သွားပြီဖြစ်ပေမယ့် အက်သလက်တီကိုက ရာနှုန်းပြည့်အနိုင်ကို ဆက်ထိန်းနိုင်ခဲ့ပြီး ဂါမီရို၊ ဂရီဇ်မန်းတို့ရဲ့ ဂိုးတွေကြောင့် အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တစ်ဆင့် တက်နိုင်ခဲ့ပါတယ်။

    ဘိုင်ယန်ရဲ့ ဒီအံ့သြဖွယ်ရာအရှုံးဟာ နောက်ဆုံး ၂ ပွဲဆက်အရှုံးလည်း ဖြစ်ခဲ့ပြီး ဂိုးသွင်းခွင့်အနည်းငယ်ကို အကောင်းဆုံး အသုံးချနိုင်ခဲ့တဲ့ အိမ်ရှင်တို့ကို ချီးကျူးရမှာ ဖြစ်ပါတယ်။

  • နောက်တစ်ဆင့်တက်မယ့် ၅ သင်း ပေါ်ထွက်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့မနက် ချန်ပီယံလိဂ်ပွဲများ

    နောက်တစ်ဆင့်တက်မယ့် ၅ သင်း ပေါ်ထွက်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့မနက် ချန်ပီယံလိဂ်ပွဲများ

    နိုဝင်ဘာ ၂၃၊ ၂၀၁၆
    M-Media

    – ဒီနေ့မနက် ချန်ပီယံလိဂ်မှာတော့ နောက်ဆင့်တက်မယ့်အသင်း ၅ သင်းပေါ်ထွက်ခဲ့ပြီး လက်စတာ၊ ရီးယဲလ်၊ ဂျူဗင်တပ်စ်၊ လေဗာပူဆင်နဲ့ မိုနာကိုတို့ ဖြစ်ပါတယ်။ အုပ်စုပြီးဆုံးဖို့ ၁ ပွဲသာလိုတော့အချိနမှာ ချန်ပီယံလိဂ် နောက်ဆင့်ကို တက်ရောက်မယ့်အသင်းဟာ စုစုပေါင်း ၁၀ သင်း ပေါ်ထွက်ခဲ့ပါပြီ။

    cham-1

    အုပ်စု E
    ———-
    မိုနာကို ၂-၁ စပါး
    စီအက်စ်ကေအေ ၁-၁ လေဗာကူဆင်

    ဒီတစ်ပွဲနိုင်ရင် နောက်တစ်ဆင့်တက်ရေး အခွင့်အရေး ရှိနိုင်ပေမယ့် စပါးတို့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ဘဲ ချန်ပီယံလိဂ်ကို အုပ်စုအဆင့်ကနေသာ လက်ပြနှုတ်ဆက်ခဲ့ရပါတယ်။ အိမ်ရှင်တို့ကတော့ ဒီပွဲမှာ အတော်လေး ကောင်းခဲ့ပြီး ၁၁ မိနစ်မှာ ဖယ်ကာအိုကန်သွင်းတဲ့ ပင်နယ်တီသာ ၀င်ခဲ့မယ်ဆိုရင် ၃ ဂိုးဖြစ်မှာပါ။ ဒါပေမယ့် ၄၈ မိနစ်မှာ ဦးဆောင်နိုင်ပြီး ၅၃ မိနစ်မှာ ချေပဂိုး ပြန်ပေးလိုက်ရပေမယ့် တစ်မိနစ်အကြာမှာပဲ အနိုင်ဂိုး ပြန်သွင်းနိုင်တာကြောင့် နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။

    စီအက်စ်ကေအေနဲ့ လောဗာကူဆင်တို့ရဲ့ပွဲကတော့ အကြိမ်အနယ်ရှိခဲ့ပြီး ဧည်သည့်တို့က ၁၆ မိနစ်မှာပဲ ဦးဆောင်ဂိုး သွင်းနိုင်ခဲ့တာပါ။ ဒါပေမယ့် နောက်ပိုင်း ပိုကောင်းလာတဲ့ စီအက်စ်ကေအေကို ၇၆ မိနစ်မှာ ပင်နယ်တီကနေတစ်ဆင့် ချေပဂိုးပြန်ပေးလိုက်ရပေမယ့် စပါးက ရှုံးသွားတာကြောင့် လေဗာကူဆင်ဟာ နောက်တစ်ဆင့်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။

    အုပ်စု F
    ——–
    ဒေါ့မွန် ၈-၄ လီဂါ ၀ါဆော
    စပို့တင်း ၁-၂ ရီးယဲလ်

    နောက်တစ်ဆင့်ကို စောစောစီးစီးတက်နိုင်ခဲ့တဲ့ ဒေါ့မွန်တို့ ဒီပွဲမှာ တိုက်စစ်အစွမ်းပြခဲ့ပြီး ဂိုးပေါက်တည့်မှု ၉ ကြိမ်မှာ ၈ လုံး ၀င်အောင် သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ လီဂါ ၀ါဆောကလည်း မျှော်လင့်ချက်မရှိတော့ပေမယ့် ဖွင့်ကစားခဲ့ပြီး ၄ ဂိုးတော့ ရအောင် ပြန်သွင်းခဲ့ပါတယ်။

    ရီးယဲလ်ကလည်း လွဲချော်မှုပေါင်းများစွာနဲ့ အနိုင်ရခဲ့ပြီး အနိုင်ဂိုးတွေကိုတော့ ဗာရိန်းနဲ့ ဘန်ဇီမာတို့က သွင်းယူပေးခဲ့တာပါ။ ဒီအနိုင်ကြောင့် နောက်တစ်ဆင့် တက်နိုင်ခဲ့ပါတယ်။

    cham-2

    အုပ်စု G
    ———
    လက်စတာ ၂-၁ ကလပ် ဘရုဂျက်
    ကိုပင်ဟေဂင် ၀-၀ ပေါ်တို

    ပရီးမီးယားလိဂ်မှာ အခြေအနေဆိုးနေတဲ့ ချန်ပီယံလက်စတာဟာ ချန်ပီယံလိဂ်ပုံစံကောင်းကို ဆက်ထိန်းသွားပြီး ရှုံးပွဲမရှိ၊ အုပ်စုပထမနဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ မိနစ် ၃၀ အတွင်း ၂ ဂိုး ရခဲ့တာဖြစ်ပြီး အိုကာဇာကီနဲ့ မဟ်ရက်ဇ် (ပင်နယ်တီ) တို့က သွင်းပေးခဲ့တာဖြစ်ပါတယ်။

    ကိုပင်ဟေဂင်နဲ့ ပေါ်တိုတို့ကတော့ ပထမကျော့ကလိုပဲ သရေကျခဲ့ပြီး အုပ်စုအတွင်း နောက်ဆုံးတစ်ပွဲသာ ကန်ရတော့မယ့်အချိန်မှာ ဒုတိယနေရာကနေ နောက်တစ်ဆင့်တက်ရေးအတွက် ၂ သင်းစလုံး မျှော်လင့်ချက်ရှိနေပါသေးတယ်။ လက်ရှိမှာ ပေါ်တိုက ၂ မှတ်သာနေပေမယ့် နောက်ဆုံးပွဲမှာ လက်စတာနဲ့ ကန်ရမှာဖြစ်ပြီး ကိုပင်ဟေဂင်ကတော့ ၅ ပွဲလုံးရှုံးထားတဲ့ ကလပ်ဘရုဂျက်နဲ့ ကန်ရမှာကြောင့် အခွင့်အရေးကတော့ ၅၀-၅၀ ပဲလို့ ပြောလို့ရပါတယ်။

    အုပ်စု H
    ———
    ဆီးဗီးလား ၁-၃ ဂျူဗင်တပ်စ်
    ဒိုင်နမိုဇာဂရဘ ၀-၁ လိုင်ယွန်

    နောက်ဆုံး ၆ မိနစ်တွင်းရတဲ့ ဂိုး ၂ ဂိုးကြောင့် စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်ဟာ နောက်တစ်ဆင့်တက်ဖို့ သေချာသွားတာ ဖြစ်ပါတယ်။ ပွဲအစ ၉ မိနစ်မှာပဲ ဒီပွဲရဲ့ တစ်လုံးတည်းသော ဂိုးသွင်းခွင့်ကို ဆီးဗီးလားတို့ ဦးဆောင်ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဂျူဗင်တစ်က ချေပဂိုးရရေး ကြိုးစားခဲ့ပြီး ပထမပိုင်း နာကျင်အချိန်ပိုမှာ မာချီဆီယိုက ချေပဂိုး၊ ဒုတိယပိုင်း ၈၄ မိနစ်နဲ့ နာကျင်အချိန်ပိုတို့မှာ ဘိုနူချီနဲ့ မန်ဇူကစ်တို့က ၁ ဂိုးစီ သွင်းပေးခဲ့တာပါ။

    အဝေးကွင်းမှာ လိုင်ယွန်က ဂိုးသွင်းခွင့်တော်တော် ရခဲ့ပေမယ့် ၁ ဂိုးသာ ၀င်အောင်သွင်းနိုင်ပြီး လိုအပ်တဲ့အနိုင် ရယူကာ နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက်ရေးရေးလေးကို ဆုပ်ကိုင်ထားနိုင်ဆဲ ဖြစ်ပါတယ်။ နောက်ဆုံးပွဲမှာ နောက်တစ်ဆင့်တက်ရေး အခွင့်အလမ်းပိုများနေတဲ့ ဆီးဗီးလားနဲ့ တွေ့ရမှာဖြစ်ပြီး ၂ ဂိုးပြတ်သွင်းနိုင်မှ ဂိုးကွာခြားချက်နဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

  • Untitled post 62685