News @ M-Media

Tag: Champions League 2016-17

  • နောက်တစ်ဆင့်တက်မယ့် ၄ သင်း ပေါ်ထွက်လာတဲ့ ဗုဒ္ဓဟူးနေ့မနက် ချန်ပီယံလိဂ်ပွဲများ

    နောက်တစ်ဆင့်တက်မယ့် ၄ သင်း ပေါ်ထွက်လာတဲ့ ဗုဒ္ဓဟူးနေ့မနက် ချန်ပီယံလိဂ်ပွဲများ

    နိုဝင်ဘာ ၂၊ ၂၀၁၆
    M-Media

    chm-1

    – ဒီနေ့မနက်ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၄ အပြီးမှာတော့ အာဆင်နယ်၊ ပီအက်စ်ဂျီ၊ အက်သလက်တီကိုနဲ့ ဘိုင်ယန်တို့ နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီး မန်စီးတီးကလည်း အိမ်ကွင်းမှာ ဘာစီလိုနာကို ပထမအကျော့ရှုံးကြွေး ပြန်ဆပ်နိုင်ခဲ့ပါတယ်။

    အုပ်စု A
    ———
    အာဆင်နယ် ၃-၂ လူဒိုဂိုးရက်စ်
    ဘေဆယ် ၁-၂ ပီအက်စ်ဂျီ

    အဝေးကွင်းမှာရခဲ့တဲ့ ဒီအနိုင်ဟာ အာဆင်နယ်တို့အတွက် ခက်ခဲတဲ့အနိုင်ပါပဲ။ ပထမပိုင်း ၁၅ မိနစ်တွင် ၃ မိနစ်အတွင်း ပေးလိုက်ရတဲ့ ၂ ဂိုးနဲ့အတူ အနောက်က အသည်းအသန် ပြန်လိုက်ကစားခဲ့ရတာဖြစ်ပြီး မိနစ် ၂၀ မှာ ဇာကာက ပထမ ချေပဂိုး ၄၂ မိနစ်မှာ ဂျရူးက ဒုတိယ ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ အာဆင်နယ်အတွက် အနိုင်ဂိုးကိုတော့ ၈၈ မိနစ်မှာ အိုဇေးလ်က လူဒိုးရက်စ် ဂိုးသမားနဲ့ နောက်ခံလူ ၂ ဦး စုစုပေါင်း ၃ ဦးကို လှလှပပ လိမ်ခေါက်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီအနိုင်ကြောင့် အာဆင်နယ်ဟာ ၄ ပွဲကစား ၁၀ မှတ်နဲ့ နောက်တစ်ဆင့်ကို တက်ရောက်ဆင့်ကို တက်ရောက်သွားပါပြီ။

    ပီအက်စ်ဂျီကတော့ အသာရခဲ့ပေမယ့် နောက်ဆုံးမိနစ်မှာမှ အနိုင် ၃ မှတ်သေချာခဲ့တာဖြစ်ပါတယ်။ ၄၃ မိနစ်မှာ မာတူဒီရဲ့ ဦးဆောင်ဂိုးကို ၇၆ မိနစ်မှာ ဘေဆယ်က ဇူဖီက ချေပခဲ့ပါတယ်။ ဧည့်သည်အသင်းအတွက် အနိုင်ဂိုးကိုတော့ မိနစ် ၉၀ မှာ သောမက်စ်မူနီယာက သွင်းပေးခဲ့ပြီး အာဆင်နယ်နဲ့အတူ နောက်တစ်ဆင့် တက်နိုင်ခဲ့ပါတယ်။

    အုပ်စု B
    ———
    ဘင်ဖီကာ ၁-၀ ဒိုင်နမိုကိဗ်
    ဘက်ခီတက် ၁-၁ နာပိုလီ

    ဒိုင်နမိုကိဗ်တို့ အနည်းဆုံး သရေရသင့်တဲ့ပွဲပါ။ ၄၅ မိနစ်မှာ ပင်နယ်တီကနေ ဦးဆောင်ဂိုး ပေးလိုက်ရပြီး ၆၈ မိနစ်မှာ ပင်နယ်တီပြန်ရခဲ့မေယ့် ဂျူနီယာ မိုရေးစ်က ၀င်အောင် မကန်သွင်းနိုင်ခဲ့တာကြောင့် ၁ မှတ်ရမယ့်အခွင့်အရေး ဆုံးရှုံးခဲ့ပါတယ်။

    နာပိုလီတို့ ဂိုးသွင်းခွင့်ပိုရခဲ့ပမယ့် ၈၂ မိနစ်မှာ အမ် ဟမ်မစ်ရဲ့ နောက်ကျဂိုးကြောင့်သာ ၁ မှတ်ရခဲ့တာပါ။ ဘက်ခီတက်အတွက် ဦးဆောင်ဂိုးကိုတော့ ၇၈ မိနစ်မှာ ရီကာဒို ကွာရက်စ်မာက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

    chm-2

    အုပ်စု C
    ———
    မန်စီးတီး ၃-၁ ဘာစီလိုနာ
    မိုချန်ဂလာဘတ်ခ်ျ ၁-၁ ဆဲလ်တစ်

    ပထမကျော့က ၄ ဂိုးပြတ်ရှုံးကြွေးကို မန်စီးတီ ပြန်ဆပ်နိုင်ခဲ့ပေမယ့် ဘာစီလိုနာကို အသာရခဲ့တာ မဟုတ်ဘဲ ၂၁ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေတစ်ဆင့် မက်ဆီရဲ့ ဦးဆောင်ဂိုးကိုတောင် ခွင့်ပြုခဲ့ရပါတယ်။ ဒါပေမယ့် ၃၉ မိနစ်မှာ ဂွန်ဒိုဂန်က ချေပဂိုး ပြန်သွင်းနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ အရှိန်မြှင့်ကစားခဲ့တဲ့ အိမ်ရှင်တို့ နောက်ထပ် ၂ ဂိုး ထပ်ရခဲ့ပါတယ်။ ဒီဂိုးတွေကိုတော့ ၅၁ မိနစ်မှာ ဒီ ဘရူနီနဲ့ ၇၄ မိနစ်မှာ ဂွန်ဒိုဂန်တို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

    ၇၆ မိနစ် ဒမ်ဘီလီရဲ့ ချေပဂိုးနဲ့ သရေတစ်မှတ်ရခဲ့တဲ့ ဆဲလ်တစ်ကတော့ နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက်ရေးရေးကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။ ၃၂ မိနစ်မှာ ဦးဆောင်ဂိုးရခဲ့တဲ့ အိမ်ရှင်တို့ နောက်ပိုင်းမှာ အနိုင်ရမယ့် အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။

    အုပ်စု D
    ———
    အက်သလက်တီကို ၂-၁ ရို့စ်တော့ဗ်
    ပီအက်စ်ဗီ ၁-၂ ဘိုင်ယန်မြူးနစ်

    ခြေအသာရခဲ့တဲ့ အက်သလက်တီကိုတို့ ၃ မှတ်ကိုတော့ ကံကောင်းထောက်မစွာ ရခဲ့တာပါ။ ၂၉ ဂိုးနစ်မှာ ဦးဆောင်ဂိုး သွင်းပေးခဲ့တဲ့ ဂရစ်ဇမန်းရဲ့ မိနစ် ၉၀ ဒုတိယ ဦးဆောင်ဂိုးက လူကျွံအနေအထားကနေ သွင်းယူခဲ့တာဖြစ်ပါတယ်။

    ၁၄ မိနစ်မှာ ပီအက်စ်ဗီတို့ ဦးဆောင်ဂိုးရခဲ့ပေမယ့် ဘိုင်ယန်ကို နောက်ပိုင်းမှာ လုံးဝ မယှဉ်နိုင်ခဲ့ပါဘူး။ ဘိုင်ယန်အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကိုတော့ လီဝန်ဒေါ့စကီးက ၃၄ မိနစ်မှာ ပင်နယ်တီနဲ့တစ်ဂိုး၊ ၇၄ မိနစ်မှာ အနီးကပ်ပိတ်သွင်းမှုနဲ့တစ်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အုပ်စု D ရဲ့ ပွဲစဉ် ၄ ပွဲ အပြီးမှာတော့ အက်သလက်တီကိုနဲ့ ဘိုင်ယန်မြူးနစ်တို့က နောက်တစ်ဆင့်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။

  • အသင်းကြီးတွေ ဂိုးမြူးတဲ့ ချန်ပီယံလိဂ် ကြာသာပတေးနေ့မနက် ပွဲများ

    အသင်းကြီးတွေ ဂိုးမြူးတဲ့ ချန်ပီယံလိဂ် ကြာသာပတေးနေ့မနက် ပွဲများ

    အောက်တိုဘာ ၂၀၊ ၂၀၁၆
    M-Media

    cham-2

    – ချန်ပီယံလိဂ် ပထမ အုပ်စုလေးခုရဲ့ အုပ်စု တတိယပွဲစဉ်တွေကို ဒီနေ့မှာ ကစားခဲ့ပြီး အသင်းကြီးတော်တော်များများ ဂိုးမြူးခဲ့ပါတယ်။

    အုပ်စု A
    ———
    အာဆင်နယ် ၆-၀ လူဒိုဂိုးရက်
    ပီအက်စ်ဂျီ ၃-၀ ဘေဆယ်

    အိမ်ကွင်းမှာ အဆင်နယ်တို့ သက်တောင့်သက်သာဖြစ်ခဲ့ပြီး ၁၂ မိနစ်မှာတင် ဆန်းချက်ဇ်က လှလှပပ ဦးဆောင်ဂိုး သွင်းခဲ့ပါတယ်။ ၄၂ မိနစ်မှာ ဝေါလ်ကော့၊ ၄၆ မိနစ်မှာ ချိန်ဘာလိန်တို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ပြီးတဲ့ နောက်ပိုင်းမှာတော့ အိုဇေးလ်က ၅၆၊ ၈၃ နဲ့ ၈၇ မိနစ်တွေမှာ အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့ပြီး ကစားသမားသက်တမ်းတစ်လျှောက် ပထမဆုံး ဟက်ထရစ်ကို ရယူနိုင်ခဲ့ပါတယ်။

    ပီအက်စ်ဂျီကလည်း ၃ မှတ်ရဖို့ မခက်ခဲခဲ့ပါဘူး။ ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးကန်သွင်းခွင့်အသာနဲ့ ကစားနိုင်ခဲ့တဲ့ အိမ်ရှင်အတွက် မိနစ် ၄၀၊ ၆၂ နဲ့ မိနစ် ၉၀ တို့မှာ ဒီမာရီယာ၊ မူရာနဲ့ ကာဗာနီ (ပင်နယ်တီ) တို့က အနိုင်ဂိုးတွေကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

    အုပ်စု B
    ———
    ဒိုင်နမိုကိဗ် ၀-၂ ဘင်ဖီကာ
    နာပိုလီ ၂-၃ ဘက်ခီတက်

    ပေါ်တူဂီချန်ပီယံ ဘင်ဖီကာတို့ အကောင်းဆုံးခြေစွမ်းနဲ့အတူ အုပ်စုတွင်း ပထမဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။ ၉ မိနစ်မှာပဲ ပင်နယ်တီကနေ ဦးဆောင်ဂိုး ရလိုက်တာက ဧည်သည့်တို့အတွက် အစကောင်းသွားစေခဲ့တာပါ။ ဒိုက်နမိုကိဗ်ကလည်း ချေပဂိုးရဖို့ ကြိုစားခဲ့ပေမယ့် အရာမထင်ခဲ့ဘဲ ၅၅ မိနစ်မှာ နောက်ထပ်တစ်ဂိုး ပေးလိုက်ရတာဖြစ်ပါတယ်။

    အီတလီက နာပိုလီနဲ့ ဘက်ခီတက်တို့ရဲ့ ပွဲကတော့ အပြန်အလှန်ဂိုးတွေသွင်းကာ အကြိတ်အနယ်ရှိခဲ့ပြီး ဂိုးပေါက်တည့်မှု ၃ ကြိမ်မှာ ၃ ဂိုးသွင်းနိုင်ခဲ့တဲ့ ဘက်ခီတက်ရဲ့ အဆုံးသတ်ကောင်းမွန်မှုကတော့ ချီးကျူးရမှာပါ။ ဦးဆောင်ဂိုးတွေကိုလည်း ဧည့်သည်အသင်းက စသွင်းခဲ့တာဖြစ်ပြီး နာပိုလီက နောက်ကနေ ပြန်ချေပရတာဖြစ်ပါတယ်။ မိနစ် ၅၀ မှာ ရခဲ့တဲ့ ပင်နယ်တီကို လော်ရန်ဇို အင်ဆစ်ဂနီက ၀င်အောင်မသွင်းနိုင်ခဲ့တာကြောင့် အိမ်ရှင်တို့ ၁ မှတ်ရမယ့် အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။

    အုပ်စု C
    ———-
    ဘာစီလိုနာ ၄-၀ မန်စီးတီး
    ဆဲလ်တစ် ၀-၂ မိုချန်ဂလာဘတ်ခ်ျ

    ဂွါဒီယိုလာဟာ အသင်းဟောင်းကို တပည့်ဟောင်း မက်ဆီရဲ့ ဟက်ထရစ်နဲ့အတူ ဂိုးပြတ်ရှုံးခဲ့ပေမယ့် ခြေစွမ်းက သိပ်ကွာခဲ့တာ မဟုတ်ပါဘူး။ ဘာကာက ၁၇ မိနစ်မှာ မက်ဆီရဲ့ အဖွင့်ဂိုးရခဲ့တာ၊ ၅၃ မိနစ်မှာ မန်စီးတီးဂိုးသမား ဘရာဗို စည်းအပြင်ဘက်ကို ထွက်ဖမ်းရာမှာ ဘောလုံးကို လက်နဲ့ပုတ်လိုက်လို့ တိုက်ရိုက်အနီကဒ်နဲ့ အထုတ်ခံခဲ့ရတာက မန်းစီးတီးကို အထိနာစေခဲ့တာပါ။ တစ်ယောက်လျော့သွားပြီးတဲ့နောက်ပိုင်းမှာတော့ မန်စီးတီးဟာ ဂိုးတွေ ဆက်တိုက် ပေးခဲ့ရပြီး မက်ဆီက ၂ ဂိုး၊ နေးမာက တစ်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒါတောင် ၈၇ မိနစ်မှာ ရတဲ့ ပင်နယ်တီကို နေးမာကန်သွင်းတာ ဂိုးသမား ကာကွယ်နိုင်တာကြောင့် ၅ ဂိုး မဖြစ်ခဲ့တာပါ။

    မိုချန်ဂလာဘတ်ခ်ျရဲ့ ဒီအနိုင်ဟာ အုပ်စုအတွင်း ပထမဆုံး နိုင်ပွဲဖြစ်ခဲ့ပြီး နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက် ရှင်သန်လာပါတယ်။ အိမ်ရှင်ရဲ့ ဖိအားပေးမှုအောက် ရောက်ခဲ့ပေမယ့် အကောင်းဆုံး ရုန်းထွက်နိုင်ခဲ့ပြီး ဒုတိယပိုင်း ဂိုး ၂ ဂိုးနဲ့ ဒီ ၃ မှတ်က မိုချန်ဂလာဘတ်ခ်ျအတွက် ထိုက်တန်တယ်လို့ ပြောလို့ရပါတယ်။

    အုပ်စု D
    ———
    ဘိုင်ယန်မြူးနစ် ၄-၁ ပီအက်စ်ဗီ
    ရိုတော့ဗ် ၀-၁ အက်သလက်တီကို မက်ဒရစ်

    ဘိုင်ယန်တို့ အိမ်ကွင်းမှာ ပထမပိုင်းမှာတင် ၃ ဂိုးသွင်းနိုင်ခဲ့ပြီး ၄ ဂိုး ၁ ဂိုးနဲ့ သက်တောင့်သက်သာ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒါတောင် ဂိုးသွင်းသေချာရင် ဒီထက်ပို ဂိုးပြတ်နိုင်မယ့် အခွင့်အရေး ရှိခဲ့ပါသေးတယ်။

    အက်သလက်တီကိုက ရာနှုန်းပြည့်နိုင်ပွဲကို ဆက်ယူနိုင်ခဲ့ပါတယ်။ အဝေးကွင်းဖြစ်ပေမယ့် ခြေအသာနဲ့ ကစားနိုင်ခဲ့ပြီး ၁ ဂိုးထက်မက ပိုရနိုင်မယ့် အခွင့်အရေးတွေလည်း ရှိခဲ့တာပါ။ အနိုင်ဂိုးကိုတော့ ကာရက်စကိုက ၆၂ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

  • လက်စွမ်းပြခဲ့သည့် ဂိုးသမားကို စပါနည်းပြ ချီးကျူး

    လက်စွမ်းပြခဲ့သည့် ဂိုးသမားကို စပါနည်းပြ ချီးကျူး

    အောက်တိုဘာ ၁၉၊ ၂၀၁၆
    M-Media

    spur

    – ယနေ့မနက် ချန်ပီယံလိဂ် အုပ်စု တတိယပွဲစဉ်တွင် အဝေးကွင်း၌ လေဗာကူဆင်အသင်း၏ အပိုင်ဂိုးသွင်းမှုများကို လက်စွမ်းပြ ကာကွယ်နိုင်ခဲ့သည့် ဂိုးသမား ဟူဂို အလ်လိုရစ်ကို စပါးနည်းပြ မော်ရီစီယို ပိုချက်တီနိုက ချီးကျူးပြောကြားလိုက်သည်။

    ဂိုးမရှိသည့် သရေကျခဲ့သည့် အဆိုပါပွဲတွင် စပါးဂိုးသမားမှာ ဟာနန်ဒက်ဇ်၏ ပိတ်သွင်းမှုကို ဂိုးစည်းပေါ်မှ ပါးနပ်စွာ ရှင်းထုတ်နိုင်မှု အပါအ၀င် အရေးပါသည့် ကာကွယ်မှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုတစ်မှတ်ကြောင့် စပါးမှာ အုပ်စု E တွင် မိုနာကို၏နောက် တစ်မှတ်အကွာဖြင့် ဒုတိယနေရာ၌ ရှိနေသည်။

    ပိုချက်တီနိုကမူ အလ်လိုရစ်အား ချီးကျူးခဲ့သည်။

    “လက်ဖျားခါလောက်အောင်ပါပဲ။ သိပ်ကို ကောင်းပါတယ်။ ဟူဂိုအကြောင်းပြောရမယ်ဆိုရင် သူဟာ အကောင်းဆုံးထဲက တစ်ယောက်ပါ။ ဒါက သူနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ အမြင်ပါပဲ။ ဂိုးပေါက်မှာ သူရှိနေတာ သိပ်ကောင်းပါတယ်။ သူ့ရဲ့ကာကွယ်မှုတွေက အံ့မခန်းပါပဲ။ အသင်းအတွက် သိပ်ပြီး အရေးကြီးပါတယ်” ဟု ပိုချက်တီနိုက ပြောကြားခဲ့သည်။

    စပါးမှာ အုပ်စုလက်ကျန် ၃ ပွဲတွင် ၂ ပွဲကို အိမ်ကွင်း၌ ကစားရမည်ဖြစ်ပြီး လေဗာကူဆင်နှင့်ပွဲတွင် တစ်မှတ်ရ၍ မိမိအနေဖြင့် ကျေနပ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • ဘိုင်ယန်နဲ့ မန်စီးတီးကလွဲရင် အသင်းကြီးတွေအားလုံး အနိုင်ရခဲ့တဲ့ ကြာသာပတေးနေ့မနက် ချန်ပီယံလိဂ်ပွဲများ

    ဘိုင်ယန်နဲ့ မန်စီးတီးကလွဲရင် အသင်းကြီးတွေအားလုံး အနိုင်ရခဲ့တဲ့ ကြာသာပတေးနေ့မနက် ချန်ပီယံလိဂ်ပွဲများ

    စက်တင်ဘာ ၂၉၊ ၂၀၁၆
    M-Media

    ch

    – ဒီနေ့မနက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုဒုတိယပွဲစဉ်တွေမှာတော့ အာဆင်နယ်၊ အက်သလက်တီကို၊ ပီအက်စ်ဂျီ၊ ဘာစီလိုနာ၊ နာပိုလီတို့ အနိုင်ရခဲ့ပြီး ဂွာဒီယိုလာရဲ့ မန်စီးတီးက ဒီရာသီ ပထဆုံးအကြိမ် နိုင်ပွဲနဲ့ လွဲချော်ခဲ့ရပါတယ်။

    အုပ်စု A
    ———-
    အာဆင်နယ် ၂-၀ ဘေဆယ်
    လူဒိုဂိုးရက်စ် ၁-၃ ပီအက်စ်ဂျီ

    သီယိုဝေါလ်ကော့ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ အာဆင်နယ်သို့ ဆွစ်ဇ်ကလပ်ကို သက်တောင့်သက်သာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုရော၊ ဂိုးသွင်းခွင့်ပါ အသာရခဲ့တဲ့ အာဆင်နယ်တို့ အဆုံးသတ်ပိုင်းသာ ပိုကောင်းမယ်ဆိုရင် အခုထက်ပိုပြီး ဂိုးပြတ်နိုင်မှာပါ။

    အသင်းငယ်ဖြစ်ပေမယ့် ၁၅ မိနစ်မှာ ဦးဆောင်ဂိုးရခဲ့တာကြောင့် အိမ်ရှင်တို့ အပျော်ကြီးပျော်ခဲ့ရပေမယ့် ပီအက်စ်ဂျီက အသင်းကြီးပီပီ ထိန်းကစားသွားပြီး ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူခဲ့ပြီး ထိုက်ထိုင်တန်တန် အနိုင်ရရှိခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် သူရဲကောင်းဖြစ်ခဲ့သူကတော့ ကာဗာနီဖြစ်ပြီး ၂ ဂိုးသွင်းယူပေးခဲ့တာပါ။

    အုပ်စု B
    ———
    နာပိုလီ ၄-၂ ဘင်ဖီကာ
    ဘက်ခီတက် ၁-၁ ဒိုင်နမိုကိဗ်

    ခြေစွမ်းသိပ်မကွာပေမယ့် ပထမပိုင်းမှာ ဦးဆောင်ဂိုး သွင်းထားနိုင်ပြီး ဒုတိယပိုင်းမှာ ၇ မိနစ်တွင်း ၃ ဂိုးထပ်ရခဲ့တာကြောင့် နာပိုလီတို့ ရာနှုန်းပြည့် နိုင်ပွဲဆက်နိုင်ခဲ့ပါတယ်။ ဘင်ဖီကာက နောက်ပိုင်းမှာ သိက္ခာဆယ် ဂိုး ၂ ဂိုးကိုတော့ ရအောင် လိုက်သွင်းနိုင်ခဲ့ပါတယ်။

    တူရကီမှာ ကစားခဲ့တဲ့ ဘက်ခီတက်နဲ့ ဒိုင်နမိုကိဗ်တို့ပွဲကတော့ အပြန်အလှန် ဂိုးသွင်းခွင့် တော်တော်များများ ရခဲ့ပြီး ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ အိမ်ရှင်တို့ ၂၈ မိနစ်မှာပဲ ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပေမယ့် ၆၅ မိနစ်မှာ ချေပဂိုး ပြန်ပေးခဲ့တာကြောင့် သရေတစ်မှတ်သာ ယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မျှတတဲ့ရလဒ်ပါပဲ။

    ch-2

    အုပ်စု C
    ———
    မိုချန် ဂလာဘက်ခ်ျ ၁-၂ ဘာစီလိုနာ
    ဆဲလ်တစ် ၃-၃ မန်စီးတီး

    ဘာကာ ရာနှုန်းပြည့်နိုင်ပွဲ ရခဲ့တယ်ဆိုပေမယ့် ၆၅ မိနစ်အထိ ၁ ဂိုးအရှုံးနဲ့ နောက်က လိုက်ကစားခဲ့ရတာပါ။ ခြေသာတဲ့ ဘာကာအတွက် သူရန်က ချေပဂိုး ပီကေးက အနိုင်ဂိုးတွေ သွင်းယူပေးနိုင်ခဲ့တာကြောင့် အဝေးကွင်းမှာ မျက်နှာပန်း လှခဲ့တာဖြစ်ပါတယ်။

    ဆဲလ်တစ်နဲ့ မန်စီးတီးတို့ပွဲကတော့ ဒီတစ်ပတ် ချန်ပီယံလိဂ်ပွဲတွေထဲမှာ စိတ်လှုပ်ရှားစရာအကောင်းဆုံးပွဲ ဖြစ်ခဲ့ပြီး အပိုင်ဂိုးသွင်းခွင့် ၃ ကြိမ်ကနေ ၃ ဂိုးဝင်အောင်သွင်းနိုင်ခဲ့တဲ့ ဆဲလ်တစ်ရဲ့ စွမ်းဆောင်ရည်ကိုတော့ ချီးကျူးရမှာဖြစ်ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု အပြတ်အသတ်နဲ့အပိုင်ဂိုးသွင်းခွင့် ၉ ကြိမ်လောက်ရခဲ့တဲ့ မန်စီးတီးတို့ သရေတစ်မှတ်ရဖို့ ၃ ကြိမ်တိုင်တိုင်နောက်က လိုက်ကစားခဲ့ရတာပါ။

    အုပ်စု D
    ———-
    အက်သလက်တီကို ၁-၀ ဘိုင်ယန်မြူးနစ်
    ရိုစတော့ဗ် ၂-၂ ပီအက်စ်ဗီ

    ဘိုင်ယန်နည်းပြအဖြစ် ဆောင်ရွက်တဲ့ အန်ဆယ်လော့တီရဲ့ ပထမဆုံးအရှုံးပါ။ အိမ်ရှင်ကို တစ်ဖက်သက် ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် ဂိုးသွင်းခွင့်ကတော့ အက်သလက်တီကိုက ပိုရခဲ့ပါတယ်။ အရေးပါတဲ့ အနိုင်ဂိုးကို ၃၅ မိနစ်မှာ ဂရစ်ဇ်မန်းရဲ့ ဖန်တီးမှုကတစ်ဆင့် ကာရက်စ်ကိုက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

    အိမ်ရှင်တို့ ဦးဆောင်ဂိုး ၂ ကြိမ်တိုင်တိုင် ရခဲ့ပေမယ့် မထိန်းနိုင်ခဲ့တာကြောင့် အနိုင် ၃ မှတ်နဲ့ ဝေးခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ပီအက်စ်ဗီက ပရော့ပါရဲ့ပင်နယ်တီကို ကာကွယ်နိုင်ခဲ့တဲ့ ဂိုးသမား ဒါနက်ဗ်ကတော့ သူရဲကောင်း ဖြစ်ခဲ့ပါတယ်။

  • မှတ်တမ်းသစ်ရခဲ့တဲ့ လက်စတာ၊ ရီးယဲလ်တို့ စိတ်ပျက်ခဲ့ရတဲ့ ဗုဒ္ဓဟူးနေ့မနက် ချန်ပီယံလိဂ်ပွဲများ

    မှတ်တမ်းသစ်ရခဲ့တဲ့ လက်စတာ၊ ရီးယဲလ်တို့ စိတ်ပျက်ခဲ့ရတဲ့ ဗုဒ္ဓဟူးနေ့မနက် ချန်ပီယံလိဂ်ပွဲများ

    စက်တင်ဘာ ၂၈၊ ၂၀၁၆
    M-Media

    cham

    – ဒီနေ့မနက်မှာ ချန်ပီယံလိဂ် အုပ်စုလေးခုရဲ့ ဒုတိယပွဲစဉ်တွေကို ကစားခဲ့ပြီး လက်စတာအသင်းက အင်္ဂလန်အသင်းတွေထဲမှာ မှတ်တမ်းသစ်ရရှိခဲ့ကာ ပရီးမီးယားလိဂ် နောက်တစ်သင်းဖြစ်တဲ့ စပါးကလည်း အဝေးကွင်းမှာ အနိုင်ရခဲ့ပါတယ်။ ရီးယဲလ်မက်ဒရစ်ကတာ့ ဦးဆောင်ဂိုးတွေ သွင်းနိုင်ခဲ့ပေမယ့် သရေသာ ရခဲ့ပါတယ်။

    အုပ်စု E
    ———-
    စီအက်စ်ကေအေ ၀-၁ စပါး
    မိုနာကို ၁-၁ လေဗာကူဆင်

    အဖွင့်ပွဲ အိမ်ကွင်းမှာ မိုနာဂိုအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ စပါးတို့ ဒီနေ့မနက်မှာတော့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့ပြီး လိုအပ်တဲ့ အနိုင်ကို ရရှိခဲ့ပါတယ်။ အိမ်ရှင်ကို ဖိအားပေးနိုင်ခဲ့တဲ့ စပါး ဂိုးရဖို့တော့ ရုန်းကန်ခဲ့ရပြီး ၇၁ မိနစ်ကျမှ လမယ်လာရဲ့ ဖန်တီးပေးပို့မှုကနေတစ်ဆင့် ဟွန်မင်ဆွန်က အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီဂိုးဟာ ဟွန်မင်ဆွန်အတွက် နောက်ဆုံး ၄ ပွဲမှာ ၅ ဂိုးမြာက်လည်းဖြစ်ပါတယ်။

    လေဗာကူဆင်တို့ အသည်းကွဲခဲ့ရတဲ့ပွဲပါ။ ဂိုးသွင်းခွင့်အသာ ရခဲ့ပြီး ဦးဆောင်ဂိုးကိုလည်း ဟာနန်ဒက်ဇ်က ၇၃ မိနစ်မှာ သွင်းယူနိုင်ခဲ့ပေမယ့် နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာမှ ချေပဂိုး ပြန်ပေးလိုက်ရတာကြောင့် အဖိုးတန် ၂ မှတ် ဆုံးရှုံးခဲ့ရပါတယ်။ အိမ်ရှင်အတွက် သူရဲ့ကောင်းဖြစ်ခဲ့သူကတော့ ချေပဂိုးသွင်းပေးခဲ့တဲ့ နောက်ခံလူ ကမီလ် ဂျီလစ်ဖြစ်ပြီး နောက်ဆုံး ၂ ပွဲမှာ အသင်းအတွက် ၃ ဂိုးအထိ သွင်းပေးထားနိုင်ခဲ့ပါတယ်။

    အုပ်စု F
    ———-
    ဒေါ့မွန် ၂-၂ ရီးယဲလ်
    စပို့တင်း ၂-၀ လီဂီယာ ၀ါဇာဝါ

    ရီးယဲလ်ကတော့ သရေသံသရာထဲက မထွက်နိုင်သေးပါဘူး။ စနေနေ့က လက်စ်ပါးလ်မက်စ်နဲ့ ကစားခဲ့တဲ့ပွဲမှာ ဦဆောင်ဂိုးတွေ အရင်သွင်းခဲ့ပြီးမှ ချေပဂိုးတွေ ပြန်ပေးခဲ့ရတဲ့ ကံကြမ္မာအတိုင်း ဒီနေ့မနက်မှာ ကြုံတွေ့ခဲ့ရပါတယ်။ တစ်ခု ကျေနပ်ရမှာက ရော်နယ်ဒို ခြေစွမ်းပြပြီး ၁ ဂိုးသွင်းနိုင်ခဲ့တာပါပဲ။ နှစ်သင်းစလုံး ဂိုးသွင်းခွင့်တွေရခဲ့ပြီး သရေက နှစ်ဖက်စလုံးအတွက် မျှတတယ်လို့ ပြောလို့ရပါတယ်။

    စပို့တင်းရဲ့ လီဂီယာအသင်းအပေါ်အနိုင်ကတော့ သက်တောင့်သက်သာ ရခဲ့တာပါ။ ပထမပိုင်းမှာ မိနစ် ၄၀ မပြည့်ခင်မှာတင်ပဲ ၂ ဂိုးပြတ်ခဲ့ပြီး ဧည့်သည်အသင်းကတော့ ဂိုးပေါက်ကို ထိထိရောက်ရောက်ခြိမ်းခြောက်ခွင့် တစ်ကြိမ်တောင် မရခဲ့ပါဘူး။

    အုပ်စု G
    ———-
    ကိုပင်ဟေဂင် ၄-၀ ကလပ် ဘရုဂျက်
    လက်စတာ ၁-၀ ပေါ်တို

    ဂိုးပေါက်ခြိမ်းခြောက်မှု ၁၁ ကြိမ်ရှိခဲ့တဲ့ ကိုပင်ဟေဂင်တို့ ၄ ဂိုးရခဲ့တာက သိပ်အံ့သြစရာမရှိပါဘူး။ ဒါတောင် ပင်နယ်တီတစ်လုံး လွဲချော်ခဲ့ပါသေးတယ်။ အဖွင့်ပွဲမှာ လက်စတာကို ၃ ဂိုးပြတ်နဲ့ ရှုံးခဲ့တဲ့ ဘရုဂျက်ကတော့ အိမ်ရှင်ကို လုံးဝ မယှဉ်နိုင်ခဲ့ပါဘူး။

    တိုက်စစ်မှူသစ် အစ္စလာမ် စလီမာနီရဲ့ ပထမပိုင်း ၂၅ မိနစ် ခေါင်းတိုက်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ လက်စတာတို့ ပရီးမီးယားလိဂ်ကလပ်အသင်းတွေထဲ ချန်ပီယံလိဂ် ပထမဆုံးရာသီမှာ ပထမဆုံး ၂ ပွဲဆက်အနိုင်ရတဲ့အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါပေမယ့် ကွင်းထဲမှာတော့ ပေါ်တိုက အသာရခဲ့တာဖြစ်ပြီး အပိုင်ကန်သွင်းချက်တွေ တိုင်ထိထွက်တာ လက်စတာဂိုးသမား ရှမိုက်ကယ် လက်စွမ်းပြ ကာကွယ်သွားနိုင်တာကြောင့် အိမ်ရှင်တို့ ကံကောင်းခဲ့ရတာ ဖြစ်ပါတယ်။

    အုပ်စု H
    ———
    ဒိုင်နမို ဇာဂရဘ် ၀-၄ ဂျူဗင်တပ်စ်
    ဆီးဗီးလား ၁-၀ လိုင်ယွန်

    အဝေးကွင်းဖြစ်ပေမယ့် စီးရီးအေချန်ပီယံတို့အတွက် အခက်အခဲ မရှိခဲ့ပါဘူး။ ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးသွင်းခွင့်အသာနဲ့ ထမပိုင်း ၂ ဂိုး ဒုတိယပိုင်း ၂ ဂိုးရခဲ့ကာ အုပ်စု H ကို ရာနှုန်းပြည့်အနိုင်နဲ့ ဦးဆောင်ခဲ့ပါတယ်။

    ဆီးဗီးလားနဲ့ လိုင်ယွန်တို့ရဲ့ပွဲကတော့ အပြန်အလှန်ရှိခဲ့ပြီး အဆုံးသတ်သေချာတဲ့ အိမ်ရှင်တို့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ အနိုင်ဂိုးကိုတော့ ၀ီဆမ် ဘင် ယဒ်ဒါက ဒုတိယပိုင်း ၅၂ မိနစ်မှာ သွင်းပေးခဲ့တာဖြစ်ပြီး ၆၉ မိနစ်မှာရတဲ့ ပင်နယ်တီကို ဗီယက်တိုက ၀င်အောင် မကန်သွင်းနိုင်ခဲ့တာကြောင့် ၁ ဂိုးတည်းနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။