News @ M-Media

Tag: Children

  • စစ်အတွင်း ကလေးငယ်များ၏ မှတ်တမ်းဓာတ်ပုံများ

    စစ်အတွင်း ကလေးငယ်များ၏ မှတ်တမ်းဓာတ်ပုံများ

    သြဂုတ် ၁၅၊ ၂၀၁၆
    M-Media
    နိုင်မြတ်ဇော်

    ဂျေရုစလင်က ဓာတ်ပုံဆရာ မိုဟမ္မဒ် မိုဟိုက်ဆန်ဟာ ကင်မရာလွယ်ပြီး ကြီးပြင်းလာခဲ့တဲ့သူဖြစ်ပြီး သူ့အနီးအနားဝန်းကျင်ကလည်း သတင်းတွေနဲ့ပြည့်နေတာပါ။

    အရှေ့အလယ်ပိုင်း၊ အာဖဂန်နစ္စတန် နဲ့ ပါကစ္စတန်တို့အတွက် A.P သတင်းဌာနရဲ့ အကြီးတန်း ဓာတ်ပုံဆရာ ဖြစ်တဲ့ မိုဟိုက်ဆန်ဟာ ကျန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလုံး စစ်ပွဲတွေနဲ့ စစ်ဒဏ်ကြုံတွေ့နေရတဲ့ လူတွေကို ဓာတ်ပုံမှတ်တမ်းတွေရိုက်နေခဲ့တာပါ။

    သူ့ရဲ့ထူးချွန်ပြောင်မြောက်တဲ့ လက်ရာတွေဟာ ဆုအမြောက်အများပေးအပ်ခံရပြီး (၂၀၀၅) နဲ့ (၂၀၁၃) ခုနှစ်တွေမှာ အီရတ်နဲ့ ဆီးရီးယားပြည်တွင်းစစ်တွေအတွင်း အရေးကြီး သတင်း ပူလစ်ဇာ ဆု တွေ ရရှိခဲ့တယ်။

    မိုဟမ္မဒ် မိုဟိုက်ဆန်ကို ဘီဘီစီသတင်းဌာနက မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။

  • ပြီးခဲ့သည့်နှစ် အတွင်း မြန်မာစစ်တပ်က ကလေးစစ်သား ၄၀၀ ကျော်လွှတ်ပေး

    ပြီးခဲ့သည့်နှစ် အတွင်း မြန်မာစစ်တပ်က ကလေးစစ်သား ၄၀၀ ကျော်လွှတ်ပေး

    ဇန်န၀ါရီ ၂၅၊ ၂၀၁၅
    M-Media

    tmt

    – မြန်မာစစ်တပ်မှာ ပြီးခဲ့သည့်နှစ် အတွင်း ကလေးစစ်သား အရေအတွက် စုစုပေါင်း ၄၀၀ ကျော်ကို လွှတ်ပေးခဲ့သည်ဟု ကုလသမဂ္ဂက အတည်ပြုခဲ့ပြီး ကလေးစစ်သားများ လွှတ်ပေးရေး ၂၀၁၂ ခုနှစ်က ကုလနှင့် မြန်မာ့တပ်မတော်တို့ လက်မှတ်ရေးထိုးခဲ့ပြီး နောက်ပိုင်း စံချိန်တင်ပမာဏလည်းဖြစ်သည်။

    မိုင်းစမ်းရာတွင် အသုံးပြုရန် ကလေးများအား အတင်းအဓမ္မ စုဆောင်းသည်ဟူသည့် စွပ်စွဲမှုအပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြုလုပ်နေသည်ဟူသော စွပ်စွဲချက်အများအပြား ရှိနေသည့် မြန်မာစစ်တပ်တွင် ကလေးစစ်သား မည်မျှရှိနေကြောင်း အတိအကျမသိရသေးပေ။

    ၂၀၁၂ ခုနှစ် ကုလနှင့် သဘောတူစာချုပ် ချုပ်ဆိုပြီးကတည်းက မြန်မာစစ်တပ်မှ လွှတ်ပေးခဲ့သည့် ကလေးစစ်သားအရေအတွက်မှာ စုစုပေါင်း ၅၉၅ ဦး ရှိခဲ့ပြီး ထိုအရေအတွက်မှ ၇၀ ရာခိုင်နှုန်းဖြစ်သော ၄၁၈ ဦးမှာ ပြီးခဲ့သည့် ၁၂ လအတွင်း လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

    `အချိန်တစ်နှစ်အတွင်းမှာ စစ်တပ်ကလွတ်လာတဲ့ ကလေးတွေရဲ့ ဒီစံချိန်တင်အရေအတွက်ဟာ ကလေးတွေကို တပ်သားသစ်အဖြစ် စုဆောင်ခြင်း၊ အသုံးပြုခြင်းဆိုတဲ့ ထိခိုက်နစ်နာစေတဲ့ ကျင့်သုံးမှု အဆုံးသတ်ဖို့ မြန်မာအစိုးရနဲ့ တပ်မတော်တို့ရဲ့ အရှိန်မြင့်တင်ဆောင်ရွက်မှုကို ရောင်ပြန်ဟပ်နေ ပါတယ်´ ဟု မြန်မာနိုင်ငံမှ ကုလသမဂ္ဂအရာရှိ ရီနာတာ လော့-ဒက်ဆာလီယန်က ကြေညာချက် တွင် ပြောကြားခဲ့သည်။

    စစ်တပ်မှလွှတ်ပေးခဲ့သည့် အဆိုပါကလေးများမှာ ၁၈ နှစ်အောက်များ ဖြစ်ကြပြီး လူ့အခွင့်အရေး အဖွဲ့များကလည်း စစ်တပ်၏ ထိုလုပ်ရပ် အတွက် ကြိုဆိုခဲ့ကြသည်။ အချို့အဖွဲ့များကမူ မြန်မာစစ်တပ်မှာ ကလေးများအသုံးပြုမှုကို လုံးဝ ရပ်တန့်ခြင်းမရှိသေးဟု ပြောကြားခဲ့ကြသည်။

    ကုလကမူ မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်များမှ အနည်းဆုံး ၇ ဖွဲ့ကလည်း ကလေးများအား စစ်သားအဖြစ်အသုံးပြုနေကြသည်ဟု ဆိုသည်။

    Ref:themalaymail

  • စိတ်ဒဏ်ရာများနှင့် မရေရာသော အနာဂတ်များကြားက ဂါဇာမှ မိဘမဲ့ကလေးများ

    စိတ်ဒဏ်ရာများနှင့် မရေရာသော အနာဂတ်များကြားက ဂါဇာမှ မိဘမဲ့ကလေးများ

    ဇန်နဝါရီ ၁၄ ၊ ၂၀၁၅
    M-Media

    Gazaorphan
    – Donald Duck ကာတွန်းမှ သရုပ်ဆောင်လေးများ၏ စတစ်ကာများကို ကပ်ထားသော နံရံများနှင့် အစာသွတ် ၀က်ဝံရုပ်ကလေးများကို အစီအရီချထားသော သန့်ရှင်းသည့် အိပ်ရာလေးများရှိနေသော ဂါဇာစီးတီးရှိ အလ်-အမဲလ် မိဘမဲ့ဂေဟာမှ အခန်းလေးများမှာ ကလေးငယ်တိုင်းနှင့် ပတ်သက်နေသည်။

    သို့ရာတွင် ဆွဲဆောင်မှုအရှိဆုံးက အဆိုပါ မိဘမဲ့ဂေဟာ မျက်နှာစာရှိ နံရံများတွင်ဖြစ်သည်။ ဒုံးကျည်များကိုရေးဆွဲထားသည်။ အစ္စရေး တိုက်လေယာဉ်များ၊ အပိုင်းပိုင်းပြတ်တောက်နေသော လူကိုယ်ခန္ဓာကိုယ် အစိတ်အပိုင်းများ စသဖြင့် စစ်၏ အနိဌာရုံများကို ရေးခြစ်ထားကြသည်။ နှလုံးသားနုနယ်သော ထိုကလေးများအဖို့ စစ်ပွဲသာလျှင် ၎င်းတို့သိထားသည့် တစ်ခုတည်းသော အရာဖြစ်လေသည်။

    `လေယာဉ်ပျံအသံကြားတဲ့အခါ၊ သမီးကြောက်ကြောက်လာတယ်´ ဟု ဂေဟာ အခန်းကျယ်ရှိ ကူရှင်တစ်ခုပေါ်တွင် ဒူးတုပ်ထိုင်နေသော အသက် ၈ နှစ်အရွယ် အိုင်ရှာ အလ်-ရှင်ဘာရီက ပြောသည်။

    `စစ်ဖြစ်တုန်းက သမီးရဲ့အိမ် ပြိုသွားတယ်လေ။ အိမ်လည်း မမှတ်မိတော့ပါဘူး။ သမီးက သေချင်တာ။ အဲဒါမှ မေမေ့ဆီသွားနိုင်မှာပေါ့´ သူမက ထပ်ပြောသည်။

    ဖခင်မှာ ဓမ္မတာအတိုင်းသေဆုံးသွားပြီး အကိုဖြစ်သူမှာလည်း အစ္စရေး၏ လေကြောင်းမှတိုက်ခိုက်မှုတွင် သေဆုံးခဲ့ရပြီးနောက် ခိုကိုးရာမဲ့သော အိုင်ရှာလေးမှာ အမဲလ် မိဘမဲ့ဂေဟာသို့ လွန်ခဲ့သည့် နှစ်အနည်းငယ်က ရောက်ရှိလာခဲ့သည်။ မိခင်ဖြစ်သူက ကလေးများအားလုံးကို မစောင့်ရှောက်နိုင်၍ မိဘမဲ့ဂေဟာသို့ ပို့လိုက်ခြင်းဖြစ်သည်။

    ၂၀၁၄ ခုနှစ် အစ္စရေး၏ တိုက်ခိုက်မှုအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသော ဂါဇာပြည်သူများအတွက် ကယ်ဆယ်ရေးစခန်းအဖြစ် ပြုလုပ်ပေးရသောကြောင့် ဂေဟာရှိ မိဘမဲ့ကလေးများကို ဆွေမျိုးများဆီ ပြန်ပို့ပေးခဲ့သည်။ ထို့ကြောင့် အိုင်ရှာလေးမှာ မိခင်ဖြစ်သူ၏ ရင်ခွင်တွင် တစ်ဖန်ပြန်၍ ခိုလှုံခွင့် ရခဲ့လေသည်။ သို့ရာတွင် သိပ်မကြာလိုက်။ မိခင်မှာလည်း အစ္စရေး၏လက်ချက်ကြောင့်ပင် ဘ၀တစ်ပါးသို့ ကူးပြောင်းခဲ့ရပြန်သည်။

    ယခုတွင်တော့ ချစ်လှစွာသော မေမေက အိုင်ရှာ၏ အိပ်မက်ထဲသို့သာ ရောက်ရောက်လာတတ်သည်။ ချစ်စရာ့သမီးငယ်လေးကို နွေးထွေးသော ရင်ခွင်ထဲတွင် ထွေးပွေ့ထားပြီး အနမ်းလေးတွေပေးသည်။ ထို့နောက်တွင်တော့ ပြန်လည်ပျောက်ကွယ်သွားလေ၏။ အိပ်ရာမှ နိုးလာသည့်အခါတွင် အိုင်ရှာလေးက ဒုံးကျည်ပုံများ ရေးဆွဲတတ်သည်ဟု ဂေဟာအုပ်ချုပ်သူက ဆိုသည်။

    အစ္စရေး၏ ၀န်းရံပိတ်ဆို့မှုကို ခံထားရသည့် ဂါဇာဒေသတွင်တော့ အိုင်ရှာလေး၏ ရင်နင့်ဖွယ်ကောင်းသည့် ဇာတ်လမ်းက ထူးထူးဆန်းဆန်းဇာတ်လမ်းမဟုတ်တော့။ ၂၀၁၄ ဇူလိုင်လတွင် စတင်ခဲ့သည့် အစ္စရေး၏ ၅၁ ရက်ကြာတိုက်ခိုက်မှုအတွင်း ဂါဇာပြည်သူ ၂၂၀၀ သေဆုံးခဲ့ရသည်။ ဒဏ်ရာရသူများကလည်း ရေတွက်၍မရ။ မိဘမဲ့ကလေးများ ထောင်ပေါင်းများစွာ ရှိနေသော ဂါဇာတွင် ထိုတိုက်ခိုက်မှုကြောင့် မိဘမဲ့ကလေးငယ် ၁၅၀၀ ကျော် ထပ်တိုးလာသည်ဟု အမဲလ်မိဘမဲ့ဂေဟာ ဒါရိုက်တာအဖွဲ့ ဥက္ကဌ အဘဒ် အလ်-မဂျစ် အလ်ခိုဒါရီက ပြောလေသည်။

    လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ကျော်က တည်ဆောက်ခဲ့သည့် အဆိုပါ မိဘမဲ့ဂေဟာက ဂါဇာရှိ မိဘမဲ့ ကလေးသူငယ်များအတွက် တစ်ခုတည်းသော ခိုလှုံရာနေရာဖြစ်သည်။ ဂါဇာရှိ များပြားလှသော မိဘမဲ့ကလေးများအားလုံးကို တာဝန်မယူနိုင်သောကြောင့် အချို့တဲ့ဆုံးသော ကလေးများကိုသာ မိဘမဲ့ဂေဟာမှ လက်ခံသည်။

    `ဒီကလေးတစ်ချို့ဟာဆိုရင် သူတို့ရဲ့ မိခင်တွေ၊ မိသားစုတွေ သူတို့ရှေ့မှာ သေဆုံးတာကို မြင်ခဲ့ကြတယ်´ ဟု အလ်ခိုဒါရီက ဖွင့်ဟခဲ့သည်။

    ၂၀၁၄ ခုနှစ် အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုပြီးနောက် အမဲလ် မိဘာမဲ့ဂေဟာတွင် လာရောက်ခိုလှုံကြသည့် မိဘမဲ့ကလေးများ၏ အရေအတွက်မှာ ၂ ဆတိုးလာပြီး ၁၅၀ အထိ ရှိလာသည်။ ဂေဟာသမိုင်းတွင် အမြင့်ဆုံး ပမာဏလည်းဖြစ်သည်ဟု ဘုတ်အဖွဲ့ဝင် ကမားလ် မက်ဘင်ကဆိုပြီး နှစ်မကုန်ခင် မြင့်တက်မည်ဟု ခန့်မှန်းရကြောင်းလည်း ပြောခဲ့သည်။ ရန်ပုံငွေကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရှာဖွေနေရသည့် ဂေဟာအနေဖြင့် စုပြုံကျလာသည့် ကလေးများအတွက် နေရာထိုင်ခင်းပေးရန် နေရာကို တိုးချဲ့ဆောက်လုပ်နေရသည်။ ကလေးငယ်များအား စောင့်ကြည့်ရန်၊ ကျွေးမွေးရန်၊ စာသင်ပေးရန်၊ ကစားပေးရန်နှင့် ကလေးငယ်များ၏ စိတ်ဒဏ်ရာများကို ကုစားပေးရန်အတွက် ၀န်ထမ်း ၅၀ ကျော်က နေ့မအား၊ ညမနား ဆောင်ရွက်ပေးနေကြသည်။

    `မျက်စိရှေ့မှာတင် မိသားစုတွေ အသတ်ခံလိုက်ရတဲ့ကလေးတွေ၊ တစ်ခုခုသွားဝယ်ပြီး အပြန်မှာ မိသားစုအားလုံးသေဆုံးနေ တာကို တွေ့လိုက်ရတဲ့ကလေးတွေ၊ ဒီကလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာ အခြေအနေက မြင်ရသမျှထဲမှာ အဆိုးဆုံးပါပဲ´ ဟု မက်ဘင်ကဆိုသည်။ ထို့ပြင် ကလေးအများစုမှာ နက်ရှိုင်းလှသည့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများဖြင့် ရုန်းကန်နေရပြီး စိုးရိမ်ထိတ်လန့်မှုကိုလည်း အကြီးအကျယ် ခံစားနေရသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    `သူတို့ အိပ်လို့မရကြဘူး။ အမြဲတမ်းကြောက်ရွံ့နေကြတယ်။ ဒါမျိုးတွေကို သူတို့လေးတွေ ကျော်လွှားနိုင်ဖို့ ကျွန်တော်တို့က တတ်နိုင်သလောက် အချိန်ပေးကြပါတယ်´

    အသက် ၁၀ နှစ်အရွယ်ရှိ နောင်ဝလ် ယာစင်းတစ်ယောက် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက အမဲလ် မိဘမဲ့ဂေဟာကို ရောက်ရှိ လာသည်။ ဦးလေးဖြစ်သူက ဖုန်းကို နောင်ဝလ်၏ ဖခင်ကို ပေးထားပြီး အစ္စရေးဘက်က ဖုန်းခေါ်သည့်အခါ ဖခင်ဖြစ်သူက `ခင်ဗျားတို့ ကျုပ်ညီဆီက ဘာလိုချင်လို့လဲ´ ဟု မေးလိုက်သည်ဟု နောင်ဝလ်လေးက ပြောပြသည်။ တစ်ဖက်မှလူက `မင်းညီကို ဘယ်နေရာမှာပဲ ဖွက်ထားထား၊ ငါတို့လိုက်ရှာပြီး သတ်ပစ်မယ်´ ဟု ပြောသည်ဟူ၏။

    `သမီးဖေဖေက အဲဒီအစ္စရေးတွေကို ပြန်ပြောလိုက်တာပေါ့။ `ငါတို့ တယ်လ်အဗီးလ်ကို လာပြီး မင်းတို့လည်ပင်းကို နင်းပစ်လိုက်မယ်´လို့´ ဟု နောင်ဝလ်လေးက ဆိုလေသည်။ ထိုအချိန်တွင်တော့ သူမ၏ ချစ်စရာမျက်နှာလေးတွင် ဂုဏ်ယူမှုအလင်းတန်းလေးက ဖျတ်ခနဲ ၀င်းလက်သွားသည်။

    ဂေဟာမှ တာဝန်ရှိသူ ရီဝေဒါ ကာဆက်က ထိုအကြောင်းအရာမှာ တကယ်မဟုတ်ဘဲ ဖခင်အား သူရဲကောင်းတစ်ယောက်အဖြစ် ထင်မှတ်စေရန်အတွက် မိခင်ဖြစ်သူမှ ဖန်တီးထားသော ဇာတ်လမ်းတစ်ခုဖြစ်သည်ဟု နောင်ဝလ်လေးမကြားအောင် ရှင်းပြသည်။ တကယ်တော့ နောင်ဝလ်၏ ဖခင်မှာ နှလုံးသို့ ဒုံးကျည်မှအမြောက်ဆန် မှန်သောကြောင့် ဆေးရုံသို့အပို့-၎င်းတို့စီးလာသည့်ကားကို အစ္စရေးက ဗုံးကြဲလိုက်ရာမှ သေဆုံးခဲ့ရခြင်းဖြစ်သည်။ သေဆုံးကြောင်းကို ၎င်းဝတ်ဆင်ထားသော အ၀တ်အစားအပိုင်းအစကို ကြည့်ရှု၍သာ ဆုံးဖြတ်နိုင်ခဲ့လေသည်။

    မန်နဲလ် အဘူ တိုင်ယီမာမှာ အသက် ၁၁ နှစ်ရှိပြီး ခန်ယူနစ်ဒေသမှဖြစ်သည်။ သူမ၏ ဖခင် သေဆုံးမှုကို ကွက်ကွက် ကွင်းကွင်းပင် ပြောပြသည်။ `ပြတင်းပေါက်နားမသွားနဲ့´ ဟုဖခင်ဖြစ်သူက လှမ်းသတိပေးသည်ကို သူမ မှတ်မိနေ၏။ ခဏအကြာတွင်တော့ ဒုံးကျည် ၂ လုံးက သူမတို့အိမ်ကို ထိမှန်ခဲ့သည်။

    `တစ်လုံးက သမီးရဲ့ ၀မ်းကွဲမောင်တစ်ဦးဆီကို တည့်တည့်ကျသွားပြီး အစိတ်စိတ် အမွှာမွှာဖြစ်သွားတယ်။ နောက်တစ်ခုကတော့ အဖေ့ပေါ် ကျသွားတယ်လေ´ ဟု ဆို့နင့်ကြေကွဲသံဖြင့် သူမက ပြောခဲ့သည်။ မျက်နှာမှာတော့ ရင့်ကျက်သည့် အမျိုးသမီးတစ်ဦး၏ ပုံစံမျိုးဖြင့်။

    `အဖေ့ခေါင်းကို ပွင့်ထွက်သွားတာပါပဲ´

    ထိုကဲ့သို့ပြောနေစဉ်အတွင်း တိုင်ယီမာတစ်ယောက် သူကမ၏ လက်ကလေးနှစ်ဘက်ကို ဖျစ်ညှစ်နေသည်။ ဘေးနားတွင် ထိုင်နားထောင်နေသော သူမ၏ အမကလည်း ထိုအမူအရာကိုပင် လုပ်နေ၏။

    `လူနာတင်ယာဉ်သံတွေကြားတာနဲ့ သမီးငိုတာပဲ။ စစ်ပွဲတုန်းကဆို ခဏခဏကြားရတယ်လေ။ ဂေဟာမှာ လုံခြုံပေမယ့် ဂါဇာကတော မလုံခြုံပါဘူး။ အမြဲတမ်း စစ်ဖြစ်မယ်လို့ပဲ ထင်နေတယ်´ ဟု သူမ၏ စိုးရိမ်ကြောင့်ကြနေမှုကို ဖွင့်ဟခဲ့သည်။

    ဂေဟာ၏ လူသွားလမ်း တစ်ဖက်တစ်ချက်တွင်တော့ အသက် ၁၄ နှစ်အရွယ် ယူဆက်ဖ် အလ်-ရှင်ဘာရီက အမြောက်ဆန်မှန်၍ ရထားသော ခြေချင်းဝတ်မှ အနာရွတ်ကြီးကို ပြသရန် ဘောင်းဘီကို ခေါက်တင်နေသည်။ ကယ်ဆယ်ရေးစခန်းအဖြစ်လုပ်ထားသော ကုလသမဂ္ဂ၏ စာသင်ကျောင်းအတွင်း မိသားစုနှင့်အတူ ခိုလှုံနေစဉ် ထိုကျောင်းအား အစ္စရေးက ဗုံးကြဲတိုက်ခိုက်မှုမှ ရရှိခဲ့သည့် ဒဏ်ရာဖြစ်သည်။

    ထိုတိုက်ခိုက်မှုအတွင်း ရှင်ဘာရီ၏ ညီမငယ်ကတော့ ခြေထောက်  နှစ်ဘက်စလုံး ဖြတ်ပစ်လိုက်ရပြီး ဆေးကုသရန်အတွက် တူရကီသို့လွှတ်လိုက်ရသည်။

    `ညီမလေးကိုမြင်တိုင်း ကျွန်တော် ထိတ်လန့်တုန်လှုပ်ရပါတယ်။ ဘာဖြစ်ခဲ့သဲဆိုတာကိုလည်း ကျွန်တော် မှတ်မိနေပါတယ်´

    အထစ်ထစ်အငေါ့အငေါ့ဖြင့် ယူဆက်ဖ်က ပြောပြနေသည်။

    အမဲလ် မိဘမဲ့ဂေဟာရှိ ကလေးအချို့ကတော့ ဖျက်ဆီးခံလိုက်ရသည့် အဆောက်အဦးများအား ကစားစရာ ပလတ်စတစ်တုံးလေးများဖြင့် ဖန်တီးနေကြသည်။ အချို့ကတော့ ထိုဂေဟာမှ မိဘမဲ့ကလေးတစ်ဦးဖြစ်သည့် ပန်းချီ ပန်းပုပညာရှင် မဟ်မူးဒ် အီးဒ်နှင့် လေ့ကျင်နေကြသည်။ အသက် ၂၀ စွန်းစွန်း ရှိပြီဖြစ်သည့် မဟ်မူးဒ်အီးဒ်၏ လက်ရာများကို ပြသရန် အတွက် ဂေဟာထဲတွင် ပြခန်း တခန်း ဖန်တီးပေးထားသည်။ ထိုပြခန်းတွင် သစ်သားဖြင့် ပြုလုပ်ထားသော ပါလက်စတိုင်းမြေပုံ၊ ရွှံ့ဖြင့်ပြုလုပ်ထားသော အိုးများ၊ စိတ္တဇပန်းချီများနှင့် ကြောက်စရာမျက်နှာများ စသည့် မဟ်မူးဒ်၏ လက်ရာများကို ပြသထားသည်။

    ဂေဟာရှိအချို့သောကလေးငယ်များ၏ လက်ရာများကိုလည်း အဆိုပါ ခန်းမတွင် ပြသထားသည်။ စိတ်နှလုံးညှိုးနွမ်းဖွယ်ရာများတော့ မဟုတ်။ နေမင်းကြီးပုံ၊ ရွက်လွှင့်နေသော လှေပုံ စသည့် ခွန်အားပေးသော၊ လွတ်မြောက်ခြင်းကိုပြသော ပန်းချီများ၊ မှန်ပေါ်တွင် ရေးဆွဲ ထားသော ပန်ချီးကားများကို ပြသထားခြင်းဖြစ်လေ၏။ အဆိုပါ ကလေးငယ်များ၏ ဘ၀ ဆက်လက်တောက်ပနေမည်ဆိုသည်ကို အတည်ပြုခြင်းမျိုးလည်း ဖြစ်လေသည်။

    အချိန်ကြာလာသည့်နှင့်အမျှ စစ်မဖြစ်ခင် ၎င်းတို့၏ ဘ၀များ၊ မိသားစုများ စသည့် အမှတ်တရ အချိန်ကလေးများမှာ ပို၍ ဝေးကွာ သွားမည်ဖြစ်၏။ သို့ရာတွင် ထိုအရာများမှာ မည်သည့်အချိန်မှ ပျောက်ပျက်သွားမည်မဟုတ်ဟု မက်ဘင်က ပြောကြားခဲ့လေသည်။

    `ဘယ်သူမှ မေ့ပျောက်ကြမှာ မဟုတ်ပါဘူး။ အထူးသဖြင့် ကလေးတွေပေါ့ဗျာ။ ကလေးတွေက သူတို့ရဲ့ မိသားစုကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ (ပါလက်စတိုင်းသားအားလုံးက) ကျွန်တော်တို့ ပိုင်နက် သိမ်းပိုက်ခံလိုက်ရတဲ့ ၁၉၄၈ ခုနှစ်ကို သတိရနေကြမှာပါ။ အစ္စရေးကတော့ ကျွန်တော်တို့ကို မေ့စေချင်ကြတယ်လေ။ ဒါပေမယ့် ကျွန်တော်တို့ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး´

    ref: Al Jazeera
    .လေးမောင် ဘာသာပြန်ဆို တင်ဆက်သည်။

  • ကလေးများကို အစွန်းရောက်အမြင်များ မသင်ပေးမိစေဖို့

    ကလေးများကို အစွန်းရောက်အမြင်များ မသင်ပေးမိစေဖို့

    အောက်တိုဘာ ၂ ၊ ၂၀၁၄
    M-Media
    chambre ours
    ကမ္ဘာကြီးကို အကောင်းတစ်ခြမ်း၊ အဆိုးတစ်ခြမ်း ခွဲခြားပစ်တဲ့ မီဒီယာဖော်ပြချက်တွေ၊ လိုရာဆွဲ သမိုင်းတွေကို ချင့်ချိန် ယုံကြည်လက်ခံဖို့ လိုအပ်နေပါပြီ။

    ကျွန်တော်ဟာ လက်ျာစွန်းရောက် လူပိန်းကြိုက် စာပေတွေကို ထာဝစဉ် ရှင်းလင်းသိမြင်အောင် တင်ပြလေ့ရှိပါတယ်။ ဒါပေမယ့် ကလေးသူငယ်တွေကို ဦးတည်ပြီး လမ်းမှားစေတဲ့ အရာတွေအပေါ် ပိုပြီး စိတ်ဝင်စားလာပါတယ်။ ကျွန်တော့်သားငယ်လေးက သူ့ပါးစပ်ထဲ ညစ်ညမ်းတဲ့အရာတွေ မထည့်သွင်းအောင် စိုးရိမ်မိချိန် ရှိခဲ့တယ်။ သို့သော် မရှေးမနှောင်းမှာ သူ့ရဲ့အသိထဲ မ၀င်လာစေဖို့လည်း သောကဖြစ်လာရပါတော့မယ်။ လမ်းလျှောက်တတ်စ တွတ်တီးတွတ်တာ အရွယ်မှာ ဒီအတွေးမျိုး ၀င်ရောက်ခြင်းက ဘယ်လောက်စိုးရိမ်စရာကောင်းလိုက်ပါသလဲ။ သေချာပါတယ်။ ကျွန်တော်ကတော့ ကွပ်မျက် သတ်ဖြတ်တဲ့ ရောင်စုံရုပ်ပုံ စာအုပ်တွေကို ထွက်ဝယ်ပေးဖို့ စဉ်းစားမှာ မဟုတ်ဘူး။

    များမကြာသေးမီ အမေရိကန်၊ စိန့်လူးဝစ္စမြို့မှာ အခြေစိုက်ထားတဲ့ စာအုပ်ထုတ်ဝေရေး ကုမ္ပဏီတစ်ခုက အရွယ်ရောက်ပြီးသူနဲ့ စပ်ကူးမတ်ကူးအရွယ်ကလေးငယ်တွေကို ရည်ရွယ်ပြီး အကြမ်းဖက်ဝါဒ ပုံဖော်စာအုပ် တစ်အုပ် ထုတ်ဝေလိုက်ပြီး၊ “မိဘတွေက ဒီလို အမျိုးအစားတွေကို တောင်းဆိုလို့ပါ။ တကယ်လို့ သူတို့အနေနဲ့ ဒီလိုစာအုပ်မျိုးကို မလိုလားရင် မ၀ယ်ယုံဘဲပေါ့” လို့ ကာကွယ်ချေပသွားပါတယ်။

    သူတို့ရဲ့စာအုပ်စာရင်းကို သာမန်ကာလျှံကာမဟုတ်ဘဲ ကြည့်ရှုလိုက်တဲ့အခါ …

    ဒိုင်နိုဆော …. အပျော်အပြက်ပေါ့။ ကမ္ဘာ့ပြင်ပလောက ……… ပညာတိုးပွားစေပါတယ်။ လက်ဖက်ရည်ဝိုင်းပါတီ အပိုင်း ၁ နဲ့ ၂ ……… အင်း – သိပ်မဟုတ်သလိုပဲ။

    အကြမ်းဖက် လုပ်ရပ်ဆိုးရဲ့သရုပ်မှန်များ …… ဟ ဟ၊ ဒါက ဘယ်လိုလုပ်ပြီး (ကလေးဖတ်) စာအုပ်စာရင်းထဲ ပါဝင်နေရတာလဲ ?

    အဲ့ဒီစာမျက်နှာကို အမေရိကန်အစိုးရက သိသာထင်ရှားစွာ ငွေကြေးထောက်ပံ့ ကူညီထားတာပါ။ ဖိုတိုရှော့ ဂရပ်ဖစ်တွေနဲ့ အံ့မခန်း ပုံဖော်ချက်ရဲ့တစ်ဖက်မှာ “အီရတ်” နဲ့ “အလ်ကိုင်ဒါကွ” လို့ မျက်နှာအုပ် ၀တ်ရုံရှည်ဝတ် အမျိုးသမီး သုံးဦးမှ ဟစ်ကြွေးနေပုံကို မျက်နှာစာအဖြစ် ဖော်ပြထားတယ်။ ဘာမှလည်း ဆက်စပ်မှု မရှိပါဘူး။

    လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ၉/၁၁ အရေးကို တဖွဲ့တနွဲ့ရေးသားထားတဲ့ (ကလေးငယ်များ အတွက် အလွတ်တန်း စာအုပ် ဆိုပြီး) We Shall Never Forget 9/11 – “၉/၁၁ ဖြစ်ရပ်ကို ကျွန်ုပ်တို့ ဘယ်တော့ မမေ့နိုင်” စာအုပ်ရဲ့ ဒုတိယပိုင်းအဖြစ် ထုတ်ဝေထားတာပါ။ ဒီစာအုပ်သစ်မှာ ကလေးငယ်တွေကို  ISIS အကြောင်းမိတ်ဆက်ပေးထားတဲ့ အချပ်ပိုစာမျက်နှာတွေ ပါဝင်နေပါတယ်။ အကြမ်းဖက်သမားများအကြောင်း စာအုပ်တွေမှာ အိုစမာဘင်လာဒင်၊ ဆက်ဒမ်ဟူစိန်၊ မဟ်မူးစ်အဟ်မဒီနီဂျတ် စတဲ့ လူသိများပြီးသားသူတွေအကြောင်းလည်း ထပ်တိုးထည့်သွင်းထားတာ တွေ့ရပါတယ်။

    WSNFIIterror
    “အကြမ်းဖက်သမားများ” ဟု အမည်စဉ်ပြသထားသော ရောင်စုံစာအုပ်များ

    Really Big Coloring Books စာအုပ်တိုက် တည်ထောင်သူ ၀ိန်းဘဲလ်က မရိုးသားတဲ့ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ထားချက် မဟုတ်ပါကြောင်း အကြောက်အကန် ဆိုပါတယ်။ “ဒီစာအုပ်တွေထဲမှာ လူမျိုးရေးခွဲခြားမှု တစ်ခုမှ မပါပါဘူး။ လူမျိုး သို့မဟုတ် ဘာသာတရားကို ဖော်ပြမထားပါဘူး”။ သူတို့ စကားအတိုင်းပါပဲ – Timothy McVeigh ၊ Theodore Kaczynski စတဲ့ လူဖြူဗုံးခွဲ သမားတွေလည်း ဖော်ပြ ထားပါတယ်။ ကျောထောက်နောက်ခံပေါင်းစုံက အစွန်းရောက်သူတွေပေါ့။

    ဒါပေမယ့် စဉ်းစားကြည့်ပါ။ ဒီစာအုပ်မှာ အခြေခံ ပုံဖော်ထားတာက မုတ်ဆိတ်ထားတဲ့ အာရဗ် အမျိုးသားတွေ ဖြစ်နေပါတယ်။ ထုတ်ဝေသူက စာအုပ်ထဲ ပါဝင် သမျှဟာ အချက်အလက်နဲ့ အမှန်တရားတွေချည်းပါ  (စိတ်ကူးယဉ်ဆိုတာ မပါဘူး)၊ မည်သည့် အရောင်ဆိုးချက်ကိုမျှ မဖန်တီးထား ဘူးလို့ ဆိုပါတယ်။

    “ဒါဟာ အကောင်းနဲ့အဆိုး အကြောင်းတွေလေ”။

    ဒီအဆိုက အာရဗ်တွေ သို့မဟုတ် မွတ်စ်လင်မ်တွေက အကြမ်းဖက် သမားတွေဖြစ်ကြောင်း ဆယ်စုနှစ် များစွာ မီဒီယာ အများစုမှာ အပြန်တလဲလဲဖော်ပြနေတဲ့ အပ်ကြောင်းထပ် စကားလုံးသာ ဖြစ်နေပါတယ်။ ဒီလို အသိပေးချက်က ရုပ်ရှင်ကနေ စာအုပ်တွေအထိ နေရာတိုင်းမှာ ကလေးတွေဆီ စိမ့်ဝင်စေ ပါတယ်။ ရောင်စုံရုပ်ပုံပါ စာအုပ် တစ်အုပ် ထပ်ထွက်လာလည်း သိပ်တော့ မထူးသွားပါဘူး။

    ကလေးသူငယ်များပင်လျှင် ဒီလို စာအုပ်တွေကို ဖတ်ရှုနေပြီလားဆိုတာ ကျွန်တော် မသိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကလေးငယ်တွေရဲ့အကြိုက်မျိုး ဖြစ် မနေလို့ပါပဲ။ အကြမ်းဖက်မှု အကြောင်းတွေ၊ စာသားတွေ သိပ်များပြားလွန်းနေတဲ့အပြင် စာအုပ်အဖုံးမှာ Rolling Stone ပုံဖမ်းထားတဲ့  zokhar Tsarnaev ရဲ့ရုပ်ပြောင်ပုံလည်း တွေ့ရတယ်။ ဒါ့အပြင် စာအုပ်အဖုံးပေါ်မှာ “မိဘများမှ ရှင်းပြပေးရန်” ဆိုတဲ့ အကြံပြုစာတန်းလည်း ဖော်ပြထားသေးတယ်လေ။ ဒါကြောင့် ဒီစာအုပ်တွေဟာ လူမျိုးခွဲခြားမှု အမြင်ရှိသူတွေအတွက် ဖြစ်တယ် (ဒီခွဲခြားရေး အမြင်တွေကို နောက် မျိုးဆက်တွေဆီ လက်ဆင့်ကမ်းချင်နေတယ်)လို့ ကောင်းကောင်း သုံးသပ်လို့ ရနေပါပြီ။

    အရွယ်ရောက်ပြီး သူတိုင်း ဒီစာအုပ်တွေထဲကနေ ကောက်ချက်ဆွဲနိုင်တာကတော့ “မွတ်စ်လင်မ်တွေဟာ အကြမ်းဖက်သမားတွေ” ဆိုတာပါပဲ။ အဲ့ – နေပါဦးဗျာ။ မွတ်စ်လင်မ် ဆိုတာ ဘာလဲ ?  စာမျက်နှာတွေကို လှန်လျောကြည့်ရှုလိုက်တဲ့အခါ မုတ်ဆိတ်ပါတဲ့ လူမည်းတွေကို အသားပေးဖော်ပြထားတာကို တွေ့လိုက်ရတယ်။ လူတစ်ဦးက ဗောင်းထုပ်ပေါင်းထားမယ်၊ မျက်နှာကို အ၀တ်ပိုင်းနဲ့ ဖုံးကာထားမယ်(မျက်နှာဖုံးစွပ်ထားမယ်)၊ တစ်ကိုယ်လုံးဖုံးကွယ်တဲ့ ၀တ်ရုံရှည်ကို ဦးစားပေး ၀တ်ဆင်ထားမယ်၊ ထူးခြားတဲ့ စကားလုံးတွေပါဝင်တဲ့ စာအုပ်ကို ကိုင်ထားမယ်ဆိုရင် ဒါဟာ မွတ်စ်လင်မ်ပဲ ဆိုတဲ့အချက်တွေကို တန်းကနဲ မြင်သွားစေပါတယ်။ ဒီလိုပုံသေကားချပ်အမြင်သွင်းမှုတွေအားလုံးကို ရုပ်ရှင်၊ တီဗီဇာတ်လမ်းတွဲတွေ၊ အနုပညာဖန်တီးမှုတွေမှာ တွေ့မြင်ဖူးပြီးသားတွေပါ။

    slide-366150-4166216
    စာအညွှန်း မပါတဲ့ ဓါတ်ပုံက မိမိရဲ့အိမ်နီးချင်းကောင်းတစ်ဦးကို  ဘာမဆိုင်ညာမဆိုင် မှားယွင်းစွာ ထင်မြင်သွားစေနိုင်ပါတယ်။

    ဒီစာအုပ်တွေပဲ စိတ်ပျက်စရာကောင်းတာလား ဆိုရင် မဟုတ်ပါဘူး။ “ကျောမခိုင်းခင် ထပ်စဉ်းစားပါ” ဆိုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာ တစ်ခုလည်း ရှိသေးရဲ့။ အီရတ် သို့မဟုတ် ဆီးရီးယားက ISIS အဖွဲ့ဆီ အမေရိကန်လူငယ်တွေ ရောက် မသွားစေဖို့ ရည်ရွယ်ပြီး အဲ့ဒီစာမျက်နှာကို အမေရိကန်အစိုးရက သိသာထင်ရှားစွာ ငွေကြေးထောက်ပံ့ ကူညီထားတာပါ။ ဖိုတိုရှော့ ဂရပ်ဖစ်တွေနဲ့ အံ့မခန်း ပုံဖော်ချက်ရဲ့တစ်ဖက်မှာ “အီရတ်” နဲ့ “အလ်ကိုင်ဒါကွ” လို့ မျက်နှာအုပ် ၀တ်ရုံရှည်ဝတ် အမျိုးသမီး သုံးဦးမှ ဟစ်ကြွေးနေပုံကို မျက်နှာစာအဖြစ် ဖော်ပြထားတယ်။ ဘာမှလည်း ဆက်စပ်မှု မရှိပါဘူး။ ကွန့်မန့်မှာ လူတစ်ဦးက “အကြမ်းဖက်သမားမွေးဖွားပေးတဲ့ မိခင်တွေ” ဆိုပြီး ရေးသားထား တာကိုပင် တွေ့ရပါမယ်။

    အဲ့ဒီစာမျက်နှာက ပရိသတ်များကို ISIS ရဲ့ အကြမ်းဖက်မှုတွေ အသိပေးချင်ပုံရပါတယ်။ ဒါပေမယ့် ပရိသတ်တွေက အစ္စလာမ်အပေါ် တစ်ဖက်သတ်ကြောက်နေတဲ့ လက်ျာ စွန်းရောက်တွေ ဖြစ်နေတာ တွေ့ရတယ်။ ဒါ့အပြင် အသားညိုပြောင်းရွှေ့အခြေချလာသူတွေ၊ ယှရီအဟ် ဥပဒေ၊ ဟိဂျာဗ်/နိကာ့ဗ် ၀တ်ဆင်ထားသူတွေ၊ ဂျိဟာ့ဒ်ဆိုတဲ့ စကားလုံးတွေကို ပေါင်းစုဖော်ပြထားတယ်။ အဲ့ဒီစာရင်းထဲ ISIS အဖွဲ့ အလံကိုပါ ထည့်သွင်းထားတယ်။ (ဒါဟာ ချက်ခြင်းလက်ငင်း အဆိုးတရားနဲ့ တွဲမြင်လိုက်စေတဲ့ ကြောက်စရာ သင်္ကေတ နမူနာကြီးတစ်ခုပါပဲ။ swastika လို့ခေါ်တဲ့ နာဇီအမှတ်အသားကို သတိရကြသေးပါသလား)

    အထက်ဖော်ပြပါ ရောင်စုံစာအုပ်များမှာ ကြောက်စရာ့ ရည်ရွယ်ချက်တွေ ပါဝင်နေလင့်ကစား “အမှန်ကို ပြောပြပါ။ မကြာခဏ ပြောပြပါ။ ကလေးငယ်တွေကို ပြောပြပါ” ဆိုတဲ့ ဆောင်ပုဒ် တချို့ကိုလည်း ထည့်ရိုက်ထားပါသေးတယ်။ တစ်ချိန်က အကြောင်းရပ်တွေနဲ့ပတ်သက်လို့ ကလေးငယ်တွေဟာ သူတို့ ဆရာဆရာမတွေ ပြောသလို၊ လုပ်ခိုင်းသလို၊ အထပ်ထပ်ရွတ်ဆိုသလို အတုယူစွဲမှတ်သွားမှာ ဖြစ်ပါတယ်။

    သမိုင်းဆိုတာ သင်ကြားရ မခက်ခဲပါဘူး။ ကျွန်တော်တို့ဟာ ဘယ်လို သမိုင်းအမျိုးအစားကို ကလေးတွေဆီ သင်ကြားပေးမလဲ ဆိုတဲ့ အရေးအကြီးဆုံး မေးခွန်းတစ်ခု မေးမြန်း ရပါတော့မယ်။ နေရာအသီးသီးက အဖန် တလဲလဲဖြစ်နေတဲ့ မျိုးဖြုတ်ရှင်းလင်းမှုတွေကို နားလည်အောင် လမ်းဖွင့်တယ်ဆိုပြီး – နိုင်ငံရေး၊ လူမှု စီးပွားရေး အကြောင်းတရားတွေအပေါ် အခြေခံတဲ့ အကြမ်းဖက်မှုလို ခက်ခဲတဲ့ဘာသာရပ်ကို သင်ကြားပေးမှာလား ?  ဒီလိုသာ သင်ကြားမယ်ဆိုရင် သမိုင်းတစ်ကျော့ပြန်နေခြင်း အပေါ် ကာကွယ်ခြင်းဖြင့် ကမ္ဘာကြီးသာယာစေမယ်လို့ အနိမ့်ဆုံး မျှော်လင့်ချက်လေးတော့ ထားနိုင်ပါလိမ့်မယ်။

    ဒီလိုသာမဟုတ်ဘဲ အမုန်းတရားဝါဒဖြန့်ဖို့ ဘာသာတရားနဲ့ယဉ်ကျေးမှုကို မရိုးအီနိုင်အောင် စော်ကားပြစ်တင်နေတဲ့ သမိုင်းဆိုးတွေကို သင်ကြားသွားတော့မှာလားလို့
    မေးမြန်းရင်း ………။

    xxxxxxxxxxxxxxxxxxxxxxxx

    Sya Taha ရေးသားသော How not to teach children about extremism ကို သြရသ ရေချမ်းမှ ဆီလျော်အောင် ပြန်ဆိုရေးသားထားခြင်းဖြစ်သည်။

  • အကြမ်းဖက်ခံ ဒုက္ခသည် စခန်းများမှ ကလေးများ၏ ပန်းချီလက်ရာများ ပြပွဲပြုလုပ်

    ဇွန် ၁၊ ၂၀၁၄
    M-Media
    လမင်း

    9
    ရန်ကုန်။     ။ ဘာသာရေးအသွင်ဆောင် အကြမ်းဖက်မှု ပဋိပက္ခများကြောင့် ဒုက္ခရောက်ခဲ့ရသော ရခိုင်ပြည်နယ်နှင့် မိထ္ထီလာ ဒုက္ခသည်စခန်းများမှ ကလေးငယ်များ၏ ပန်းချီလက်ရာများကို ဧရာဝတီ ပန်းချီပြခန်း၌ ပန်းချီပြပွဲတစ်ရပ်အား ယနေ့ ဇွန်လ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။

    ယခုလိုပန်းချီပြပွဲပြုလုပ်ရခြင်းမှာ ဒုက္ခသည်စခန်းတွင် ရှိနေသည့် ကလေးသူငယ်များ၏ ခံစားချက်များကို အပြင်လောကလူတွေနဲ့ထိတွေ့ပေးချင်သောကြောင့် ဖြစ်ပါတယ်လို့ ပန်းချီပြပွဲကိုစီစဉ်သူ ကိုစိုင်းဟန်ထိုက်(အပေအတေ အကိတ်လေး) ကဆိုသည်။

    “စီးပွားရေးလုပ်ငန်းတွေ လုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေက ဒုက္ခသည်စခန်းတွေကို သွားဖြစ်ချင်မှ သွားဖြစ်လိမ့်မယ်။ အဲ့လိုမရောက်တဲ့လူတွေကို ဒုက္ခသည်စခန်းမှာဖြစ်ပျက်နေတဲ့ ကလေးသူငယ်တွေရဲ့ပန်းချီကားတွေကို ပြပေးချင်တာပါ။ ပန်းချီကားတွေထဲမှာ ကလေးငယ်တွေရဲ့ အဓိပ္ပါယ်ရှိတဲ့အရာတွေပါဝင်နေတာတွေရှိပါတယ်။ သူတို့ထိခိုက်ခံစားနေရတာတွေကို လူတွေသိလာစေချင်လို့ အခုလိုလုပ်ဖြစ်တာပါ” ဟု ၎င်းမှ ယခုကဲ့သို့ ပန်းချီပြပွဲလုပ်ဖြစ်ပုံနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

    ယခုကဲ့သို့ ပန်းချီကားများရရှိရန် ကလေးငယ်များထံမှ အချိန် ၁ နှစ်ကျော်ကြာအောင် စုဆောင်းခဲ့ရပြီး ၎င်းတို့လိုအပ်နေသော စိတ်ပျော်ရွှင်မှု၊ စိတ်ဓာတ်ခွန်အားများ ရရှိအောင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ကလေးတွေဆိုတာ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် တိုင်းပြည်တစ်ခုရဲ့အနာဂတ်ပါ။အဲ့လိုကလေးတွေရဲ့ ပျော်ရွှင်မှု၊ စိတ်ဓာတ်တက်ကြွမှုဆိုတာ လိုအပ်ကြောင်း၊ ယခု့ကဲ့သို့ ပန်းချီကားများကို ကြည့်ရရုံဖြင့် ကလေးငယ်တို့၏စိတ်ထဲကို ထိုးဖောက်မြင်ရကြောင်း ပန်းချီပြပွဲသို့ လာရောက်ကြည့်ရှု့သူတစ်ဦးဖြစ်သူ တာမွေမြို့နယ်မှ မသက်မြတ်နိုး မှ မှတ်ချက်ပြု ပြောကြားခဲ့သည်။

    ဓါတ်ပုံများ ကြည့်ရန် Click Here