ဇွန် ၁၊ ၂၀၁၄
M-Media
လမင်း
ရန်ကုန်။ ။ ဘာသာရေးအသွင်ဆောင် အကြမ်းဖက်မှု ပဋိပက္ခများကြောင့် ဒုက္ခရောက်ခဲ့ရသော ရခိုင်ပြည်နယ်နှင့် မိထ္ထီလာ ဒုက္ခသည်စခန်းများမှ ကလေးငယ်များ၏ ပန်းချီလက်ရာများကို ဧရာဝတီ ပန်းချီပြခန်း၌ ပန်းချီပြပွဲတစ်ရပ်အား ယနေ့ ဇွန်လ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။
ယခုလိုပန်းချီပြပွဲပြုလုပ်ရခြင်းမှာ ဒုက္ခသည်စခန်းတွင် ရှိနေသည့် ကလေးသူငယ်များ၏ ခံစားချက်များကို အပြင်လောကလူတွေနဲ့ထိတွေ့ပေးချင်သောကြောင့် ဖြစ်ပါတယ်လို့ ပန်းချီပြပွဲကိုစီစဉ်သူ ကိုစိုင်းဟန်ထိုက်(အပေအတေ အကိတ်လေး) ကဆိုသည်။
“စီးပွားရေးလုပ်ငန်းတွေ လုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေက ဒုက္ခသည်စခန်းတွေကို သွားဖြစ်ချင်မှ သွားဖြစ်လိမ့်မယ်။ အဲ့လိုမရောက်တဲ့လူတွေကို ဒုက္ခသည်စခန်းမှာဖြစ်ပျက်နေတဲ့ ကလေးသူငယ်တွေရဲ့ပန်းချီကားတွေကို ပြပေးချင်တာပါ။ ပန်းချီကားတွေထဲမှာ ကလေးငယ်တွေရဲ့ အဓိပ္ပါယ်ရှိတဲ့အရာတွေပါဝင်နေတာတွေရှိပါတယ်။ သူတို့ထိခိုက်ခံစားနေရတာတွေကို လူတွေသိလာစေချင်လို့ အခုလိုလုပ်ဖြစ်တာပါ” ဟု ၎င်းမှ ယခုကဲ့သို့ ပန်းချီပြပွဲလုပ်ဖြစ်ပုံနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ယခုကဲ့သို့ ပန်းချီကားများရရှိရန် ကလေးငယ်များထံမှ အချိန် ၁ နှစ်ကျော်ကြာအောင် စုဆောင်းခဲ့ရပြီး ၎င်းတို့လိုအပ်နေသော စိတ်ပျော်ရွှင်မှု၊ စိတ်ဓာတ်ခွန်အားများ ရရှိအောင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကလေးတွေဆိုတာ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် တိုင်းပြည်တစ်ခုရဲ့အနာဂတ်ပါ။အဲ့လိုကလေးတွေရဲ့ ပျော်ရွှင်မှု၊ စိတ်ဓာတ်တက်ကြွမှုဆိုတာ လိုအပ်ကြောင်း၊ ယခု့ကဲ့သို့ ပန်းချီကားများကို ကြည့်ရရုံဖြင့် ကလေးငယ်တို့၏စိတ်ထဲကို ထိုးဖောက်မြင်ရကြောင်း ပန်းချီပြပွဲသို့ လာရောက်ကြည့်ရှု့သူတစ်ဦးဖြစ်သူ တာမွေမြို့နယ်မှ မသက်မြတ်နိုး မှ မှတ်ချက်ပြု ပြောကြားခဲ့သည်။
ဓါတ်ပုံများ ကြည့်ရန် Click Here
Leave a Reply
You must be logged in to post a comment.