News @ M-Media

Tag: Chin State

  • ရေကြီးမှုနှင့်မြေပြိုမှုများကြောင့် ချင်းပြည်နယ်မှ ခရစ်ယာန် ဘုရားကျောင်းများ ပျက်စီးမှုရှိ

    ရေကြီးမှုနှင့်မြေပြိုမှုများကြောင့် ချင်းပြည်နယ်မှ ခရစ်ယာန် ဘုရားကျောင်းများ ပျက်စီးမှုရှိ

    သြဂုတ် ၂၂ ၊ ၂၀၁၅
    M-Media

    Apartments are destroyed following a landslide due to heavy rain in Harkhar, Chin State of Myanmar on July 30, 2015.  Floods triggered by torrential monsoon rains have killed at least 10 people in Myanmar in the last 48 hours, state media and officials reported on July 25, 2015. AFP PHOTO / Bik Lian
    ရေကြီးမြေပြိုမှု ဟားခါးမြို့မှာ အပျက်အဆီးတချို့ ဇူလိုင် ၃၀ ရက်နေ့က တွေ့ရစဉ် Photo by Bik Lian/AFP

    ရေကြီးမှုကြောင့် ချင်းပြည်နယ်၌ ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများကြောင့် ခရစ်ယာန်ဘုရားကျောင်း အနည်းဆုံး ၆ ကျောင်း၊ အိမ်ခြေရာဂဏန်း ပျက်စီးပြီး ထောင်နှင့်ချီသောလူတို့ နေရာရွှေ့ပြောင်းခဲ့ကြရသည်။

    ဟားခါးမြို့ရှိ မိမိ၏ရပ်ကွက်မှ ဘုရားကျောင်းများမှာ ရေကြီးခြင်းကြောင့် ပျက်စီးသွားကြောင်း၊ လူပေါင်း ၂၀၀၀ ကျော် အိုးအိမ်မဲ့ဖြစ်ရကြောင်း၊ မတ်နှင့်ဧပြီလအတွင်း ဖွင့်လှစ်တော့မည့် နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းသစ်နှစ်ခုမှာလည်း ဆိုးရွားစွာ ပျက်စီးသွားပြီး မြေသားမခိုင်မာသဖြင့် အသစ်ပြန်လည်ဆောက်လုပ်ရန် မဖြစ်နိုင်ဘဲ နေရာရွှေ့ပြောင်းရမည်ဖြစ်ကြောင်း ဟားခါးမြို့ ခေါင်လူးလ် နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း သင်းအုပ်ဆရာတော် Lai Cung မှ ပြောကြားသည်။

    “စုဝေးရာဘုရားကျောင်း သစ်သားကျောင်းဆောင်ငယ်လေးကတော့ မြေပြိုလို့ လုံးလုံးလျားလျား ပျက်စီးသွားပါတယ်။ ဟားခါးမြို့နဲ့ အနီးအနားရွာ ၂ ရွာက အိမ်ခြေ ၈၀၀ အထက် ပျက်စီးဆုံးရှုံးခဲ့တယ်။ အိမ်ပြန်စရာမရှိတော့တဲ့ လူပေါင်း ၄၀၀၀ ကျော်အတွက် ယာယီနေထိုင်ဖို့ စခန်းတွေ အရေးပေါ်လိုအပ်နေပါတယ်” ဟု ဟားခါးမြို့ ကယ်ဆယ်ရေးကော်မတီ အတွင်းရေးမှူး သိက္ခာတော်ရဆရာတော် Tluang Ceu မှ UCA သတင်းဋ္ဌာနသို့ သြဂုတ်လ ၁၉ ရက် တယ်လီဖုန်းအင်တာဗျူးတွင် ပြောကြားခဲ့သည်။

    ကက်သလစ်အသင်းတော်မှ မိမိတို့၏ဘုရားကျောင်းများ ပျက်စီးမှု အလျဉ်းမရှိကြောင်း ဆိုသလို၊ သတ္တမမြောက်နေ့အသင်းတော်ကမူ မိမိတို့၏ဘုရားကျောင်း ၃၂ ခုအထိ ပျက်စီးသွားကြောင်း ဆိုသည်။

    ချင်းပြည်နယ်သည် ခရစ်ယာန်ဘာသာဝင်များ အများစုနေထိုင်သော တောင်တန်းဒေသဖြစ်ပြီး မြန်မာနိုင်ငံ၏ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနှင့် ဆင်းရဲမှုအမြင့်မားဆုံး နယ်ပယ်တစ်ခုလည်းဖြစ်သည်။

    ref: UNC News

  • မွတ်စလင်များ နည်းတူ ဖိနှိပ်ခြင်းခံရသော မြန်မာနိုင်ငံမှ ခရစ်ယာန်များ

    မွတ်စလင်များ နည်းတူ ဖိနှိပ်ခြင်းခံရသော မြန်မာနိုင်ငံမှ ခရစ်ယာန်များ

    ဖေဖော်ဝါရီ ၁၈ ၊ ၂၀၁၅
    M-Media
    Elderly_woman_and_church
    – ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေသော်လည်း မကြာသေးမီနှစ်များ အတွင်း နိုင်ငံရှိ လူ့အခွင့်အရေး မှတ်တမ်းများနှင့် ပတ်သက်၍ နိုင်ငံတကာ အသိုင်းအ၀ိုင်းက မြန်မာနိုင်ငံကို ဖိအားပေးမှုများ ရှိခဲ့လေသည်။ ဘာသာရေး လွတ်လပ်ခွင့်ကလည်း နိုင်ငံ တစ်ဝှမ်း ကြီးကြီးမားမားပင် ကန့်သန့်ချုပ်ချယ်မှုများ ရှိနေသည်။

    ဗုဒ္ဓဘာသာဝင် အများစုရှိရာ မြန်မာနိုင်ငံတွင် မွတ်စလင် လူနည်းစုများအား ဖိနှိပ်ချုပ်ချယ်ခြင်းကို နိုင်ငံတကာ မီဒီယာများနှင့် နိုင်ငံခြားရေးရာပေါ်လစီ များက အလွန်အမင်း စိတ်ဝင်စားမှု ရှိခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံ အနောက်မြောက်ဘက် နယ်စပ် တစ်လျှောက် ချင်းပြည်နယ်ရှိ ခရစ်ယာန် ဘာသာဝင်များမှာလည်း စိန်ခေါ်မှုများ၊ ကန့်သတ်မှုများနှင့် ရင်ဆိုင်နေကြရသည်။

    “ဘာသာရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ကတော့ ချင်းပြည်နယ်မှာ ဘာမှ တိုးတက်မှုမရှိပါဘူး။ စစ်အာဏာရှင် စနစ်အတွင်းက လက်ဝါးကပ်တိုင်တွေကို ဖျက်ဆီးခဲ့သလိုပဲ အခုလည်း ဆက်လက် ဖျက်ဆီးနေတုန်းပါပဲ” ဟု ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီဥက္ကဌ ပူဇိုးရမ်က ဆိုသည်။

    နာရီစင် ထိပ်ပိုင်းနှင့် တောင်ကုန်း တောင်တန်းများပေါ်တွင် ကျွန်းသစ် သို့မဟုတ် စတီးများဖြင့် တည်ထားသော လက်ဝါး ကပ်တိုင်များ၊ ပြည်နယ် တစ်ဝှမ်းရှိ ၂၀၀၀ နီးပါးသော ခရစ်ယာန် ဘုရားကျောင်းတော်များက ခရစ်ယာန် သာသနာမှာ ဒေသ အတွင်း အဓိက အယူဝါဒဖြစ်သည်ကို ခွဲခြားသိမြင်နိုင်လေသည်။ ထိုဒေသရှိ ခရစ်ယာန်များကတော့ အစိုးရ၏ အမိန့်ဖြင့် မြင့်မြတ်ရာ အမှတ်သညာများကို ဖြိုချဖျက်ဆီးခြင်းက ၎င်းတို့၏ လူ့အဖွဲ့အစည်းကို တိုက်ရိုက် တိုက်ခိုက်သည်ဟု ယူဆနေကြသည်။

    ရာစုနှစ် တစ်ဝက်နီးပါး အုပ်စိုးခဲ့ပြီး ၂၀၁၁ ခုနှစ်ကမှ အဆုံးသတ်သွားသည့် စစ်အာဏာရှင် စနစ်အတွင်း သာသနာရေး ၀န်ကြီးဌာန၏ အမိန့်ဖြင့် လက်ဝါးကပ်တိုင်ကြီးများ ဖျက်ဆီးခဲ့သည့် အဖြစ်အပျက် ၁၃ ခုကို ချင်းလူ့အခွင့်အရေးအဖွဲ့က မှတ်တမ်းပြုစုထားသည်။ အာဏာရှင်စနစ် အဆုံးသတ်ပြီးချိန်မှစ၍ ယခုလက်ရှိ အမည်ခံဒီမိုကရေစီအုပ်ချုပ်မှုအတွင်း အနည်းဆုံး လက်ဝါးကပ်တိုင်ကြီး ၄ ခု ဖျက်ဆီးခံခဲ့ရသည်။

    “အရင်အာဏာရှင်က ခရစ်ယာန် သာသနာကို ဖိနှိပ်ချုပ်ချယ်ပါတယ်။ အထွတ်အမြတ်ထားတဲ့ လက်ဝါးကပ်တိုင်တွေကို စစ်တပ်က ဖြိုတယ်။ အစိုးရအသစ်ကလည်း ဒီလိုမျိုးပဲဆက်လုပ်ပြီ ဘုရားကျောင်းအသစ်တွေ ဆောက်လုပ်ဖို့ကိုလည်း ခွင့်မပြုပါဘူး” ဟု ချင်းပြည်နယ် ထန်တလန်မြို့နယ်ကိုယ်စားပြု လွှတ်တော်အမတ်ဖြစ်သူ ဒေါ်ဇာတလဲမ်း က ပြောကြားခဲ့သည်။

    စစ်အာဏာရှင်စနစ် တရားဝင် အဆုံးသတ်ပြီး မကြာခင် ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ကျင်ဒွဲမြို့နှင့် ကန်ပက်လက်မြို့များတွင် လက်ဝါးကပ်တိုင် ၂ ခု မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည်။ ဟားခါးနှင့် ဖလမ်းမြို့ရှိ ဌာနေခရစ်ယာန်များမှာ လက်ဝါးကပ် တိုင်များ၏နေရာတွင် စေတီပုထိုးများဖြင့် အစားထိုးရန် အမိန့်ပေးခြင်း ခံခဲ့ရသည်။ ထိုမျှမက တီးတိန်မြို့ရှိ လက်ဝါးကပ်တိုင် တစ်ခုကိုလည်း လမ်းဖောက်ရန် မလွတ်၍ ဖယ်ပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများက ရွာသားများအား ပြောဆိုသည့်အတွက်ကြောင့် ဖယ်ပေးခဲ့ရသည်။

    “ဘာသာရေးဆိုင်ရာ အမှတ်သညာတွေကို ဒီဒေသကလူတွေက ဆောက်လုပ်ရပါလိမ်မယ့်။ သူတို့ကို နိုင်ငံရေး ရည်ရွယ်ချက်အတွက် အလွဲသုံးစား မလုပ်သင့်ပါဘူး” ဟု ချင်းတိုးတက်ရေးပါတီမှ အတွင်းရေးမှူးဖြစ်သူ ဗုဒ္ဓဘာသာဝင် ဆရာမြက ပြောကြားခဲ့သည်။

    သာသနာရေးဝန်ကြီးဌာ၏ မှတ်တမ်းများ အရ ချင်းပြည်နယ်တွင် ဗုဒ္ဓရုပ်ရှင်တော်မြတ်နှင့် စေတီပုထိုးပေါင်း ၁၀၈ ခုရှိပြီး ခရစ်ယာန်ဘုရားကျောင်းပေါင်း ၁၉၅၈ ခုရှိသည်ဟု သိရသည်။ ပြည်နယ်အတွင်း ခရစ်ယာန်အများစုရှိမှု၏ ရှင်းလင်းသော ပြယုဂ်ပင်ဖြစ်၏။

    တီးတိန်မြို့နယ်ရှိ Assemblies of God ဘုရားကျောင်းမှ သိက္ခာတော်ရဆရာတော် သန်း က လက်ဝါးကပ်တိုင်များကို ဖျက်ဆီးခြင်းမှာ ၂၀၁၁ ခုနှစ်မှစ၍ လျော့ကျခဲ့ပြီး အချို့လက်ဝါးကပ်တိုင်များကို ယခုအချိန်တွင် ပြန်လည်တည်ထားနေသည်ဟု ဆိုသည်။ တီးတိန်မြို့နယ် ကနေဒီတောင်တန်းရှိ ကျွန်းဖြင့်ပြုလုပ်ထားသော လက်ဝါးကပ်တိုင်မှာ ၁၉၈၅ ခုနှစ်တွင် ဖြိုချဖျက်ဆီးခြင်း ခံရပြီး ထိုလက်ဝါးကပ်တိုင်အား အစားထိုးရန် ထပ်မံတည်ထားသော စတီးလက်ဝါးကပ်တိုင်ကြီးကိုလည်း ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်များတွင် ဖြိုချဖျက်ဆီး ခံခဲ့ရပြန်သည်။

    ချင်းပြည်နယ်ကိုယ်စားပြု ပါလီမန်အမတ်ဖြစ်သူ ပူဇိုးဇမ်က စစ်တပ်နှင့် ဒေသတွင်းအာဏာပိုင်များက လက်ဝါးကပ်တိုင်များ အစားထိုးတည်ထားမှုကို ပိတ်ပင်သော်လည်း အစိုးရခွင့်ပြုချက် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ထိုလက်ဝါးကပ် တိုင်များကို ပြန်လည်တည်ထားရန်မှာ မိမိတို့၏ ယုံကြည်ချက်နှင့် တာဝန်ဝတ္တရားဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ပြန်လည်တည်ထားဖို့လိုနေတဲ့ လက်ဝါးကပ်တိုင်ကြီး ၁၃ ခု ရှိပါတယ်။ ကျွန်တော်တို့မြေမှာ ပဝေသဏီတည်းကရှိနေတဲ့ ဒီလက်ဝါးကပ်တိုင်တွေကို ပြည်လည်တည်ထားတာပါ။ ဒါ့ကြောင့် ဒါတွေ ပြန်လည်တည်ထားဖို့အတွက် ခွင့်ပြုချက်တောင်းဖို့လိုတယ်လို့ ကျွန်တော်တို့ မထင်ပါဘူး” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    လက်ဝါးကပ်တိုင်များ ဖျက်ဆီးခံရခြင်းများမှာ ချင်းခရစ်ယာန်များ ခံစားနေရသည့် တစ်ခုတည်းသော ပြဿနာမဟုတ်။

    ချင်းလူ့အခွင့်အရေးအဖွဲ့မှ စီမံကိန်းဒါရိုက်တာဖြစ်သူ ဆလိုင်းလင်းက နယ်စပ်မှ တိုင်းရင်းသားဒေသများတွင် ရှိသည့် လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်းများမှာ ခရစ်ယာန်မှ ဗုဒ္ဓဘာသာသို့ ပြောင်းလဲရန် စီစဉ်ထားသည့်နေရာများဟု ပြောကြားခဲ့သည်။

    သမ္မတဦးသိန်းစိန်း၏ လက်ရှိ နှစ် ၃၀ စီမံကိန်းအောက်တွင် တည်ဆောက်ထားသော နယ်စပ်ဒေသ လူငယ်ဖွံ့ဖြိုးရေးကျောင်းများမှာ နိုင်ငံ တစ်ဝှမ်းတွင် ၂၉ ကျောင်းရှိပြီး ထိုအထဲမှ သုံးပုံတစ်ပုံမှာ ချင်းပြည်နယ်တွင် ရှိနေသည်။

    “နှစ် ၃၀ ဆိုတာ မျိုးဆက်တစ်ခုပါ။ ဒီစီမံကိန်းက ကျွန်တော်တို့ကို ပစ်မှတ်ထားတာပါ။ အစိုးရရဲ့ ဒီအစီအစဉ်ဟာ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်တွေနဲ့ စိတ်ဓာတ်တွေကို ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲပစ်ဖို့ပါပဲ” ဟု ဆလိုင်းလင်းက ထပ်လောင်းပြောကြားခဲ့သည်။

    အချို့ကတော့ ခွဲခြားဆက်ဆံမှုမှာ နည်းလမ်းနှစ်မျိုးဖြင့် သွားနေသည်ဟု ဆိုကြသည်။ ချင်းပြည်နယ်တွင် ဗုဒ္ဓဘာသာဝင်များမှာ တရားဝင် ခွဲခြားဆက်ဆံခြင်း မခံရသော်လည်း ဗုဒ္ဓဘာသာဝင် ဆရာတစ်ဦဖြစ်သူ ဆရာမြက ၎င်းတို့မှာလည်း သွယ်ဝိုက်သောနည်းဖြင့် ခွဲခြား ဆက်ဆံခံနေရသည်ဟု ပြောကြားခဲ့သည်။

    “ခရစ်ယာန်တွေက လူငယ် အစည်းအဝေးတွေ ဒါမှမဟုတ် ဖိုရမ်တွေပြုလုပ်တဲ့ အခါမှာ ဆုတောင်းမှုနဲ့ ဖွင့်ကြ၊ ပိတ်ကြပါတယ်။ အဲဒါက ခရစ်ယာန် မဟုတ်တဲ့သူတွေကို သက်တောင့်သက်သာ မဖြစ်စေပါဘူး” ဟု ၎င်းက ဆိုသည်။

    ထိုဇာတ်လမ်းများက မြန်မာနိုင်ငံရှိ ဘာသာရေးလွတ်လပ်ခွင့်နှင့် ပဋိ့ပက္ခများ၏ တစ်စိတ်တစ်ပိုင်းပင် ဖြစ်လေသည်။

    ref:washingtonpost
    ဘာသာပြန်သူ- လေးမောင် (M-Media)

  • ချင်းပြည်နယ်ရှိ အထင်ကရ ရိဒ်ရေကန်သို့ နှစ်ကူး အားလပ်ရက်တွင် လာရောက်သူများပြား

    ချင်းပြည်နယ်ရှိ အထင်ကရ ရိဒ်ရေကန်သို့ နှစ်ကူး အားလပ်ရက်တွင် လာရောက်သူများပြား

    ဇန်န၀ါရီ ၄၊ ၂၀၁၅
    M-Media
    11404_821949434514195_1476427765391852553_n
    – ချင်းပြည်နယ် ဖလမ်းမြို့ရှိ နာမည်ကျော် ရေကန်တစ်ခုဖြစ်သော ရိဒ်ရေကန်အား ခရစ္စမတ်နှင့် နှစ်ကူးအားလပ်ရက်များတွင် လာရောက်လည်ပတ်သူ များပြား ခဲ့ကြောင်း သိရသည်။

    ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၂၉၆၆ ပေအမြင့်တွင် အသည်းနှလုံးပုံစံ သဘာဝအတိုင်း ရှိနေသည့် အဆိုပါရေကန်သို့ လာရောက်ကြသူများမှာ မြန်မာ နိုင်ငံအတွင်းမှ တိုင်းရင်းသားလူမျိုးများအပါဝင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ ကျောင်းသားများဖြစ်ကြပြီး တစ်နေ့လျှင် ကားအစီးရေ ၂၀ ခန့်ရှိသည်။

    ချင်းတောင်မြောက်ပိုင်းတွင်ရှိသည့် အဆိုပါ ရိဒ်ရေကန်၏ အကျယ်မှာ သုံးမိုင်ရှိပြီး အနက်မှာ ပေ ၆၀ ရှိသည်။ ရိဒ်ရေကန် သို့ နိုင်ငံခြားသားများ လာရောက် လည်ပတ်မှုမှာ ၂၀၀၂ ခုနှစ်တွင် စတင်ခဲ့ပြီး နှစ်စဉ် တိုးတက်လျက် ရှိနေသည်။ ခရီးသွားများ လာရောက်လည်ပတ်ရာတွင် အဆင်ပြေစေရန်အတွက် ၂၀၀၉ ခုနှစ်တွင် ရိဒ်ရေကန် အပန်းဖြေစခန်းကို တည်ဆောက်ခဲ့သည်။

    အဆိုပါ ရိဒ်ရေကန်မှာ မိုးရာသီတွင် ကြည်လင်လေ့ရှိပြီး ဆောင်း ရာသီတွင်မှု ကန်၏ ရေပြင်မှာ နီရဲလျက်ရှိကာ ခရစ္စမတ်ကာလတွင် တစ်ပတ်၊ ၁၀ ရက်ခန့် နောက်ကျိလေ့ရှိသည်။ ထို့ပြင် အဆိုပါ ရိဒ်ရေကန်မှ ရေကို ခပ်ယူသွားပါကလည်း ကန်တွင် ရေနောက်သည့် အချိန်၌ အခြားသို့ ယူသွားသောရေပါ နောက်ကျိလေ့ ရှိသည်။

    ချင်းပြည်နယ်တွင် သဘာ အတိုင်းရှိနေသည့် အံ့ဖွယ်နေရာများ အများအပြား ရှိနေသေးပြီး မပျက်စီးစေရန်အတွက် ထိန်းသိမ်းမှုများပြု လုပ်ရန် လိုအပ်သည်ဟု ဒေသခံများကဆိုသည်။

    Ref : ကြေးမုံ၊ web

  • ရခိုင်မှလူတစု ချင်းပြည်နယ် ဆမိမြို့၌ စေတီတည်ဆောက်မှု အစီအစဉ်ပေါ် ဒေသခံတို့၏ မေးခွန်းများ

    မတ်- ၁၊ ၂၀၁၄
    M-Media
    ဘာသာပြန်ဆိုသူ- ကိုလေး

    15ae14ebcd7eba1d2512eb81d0ed4784_L
    ချင်းပြည်နယ်မှ စေတီတစ်ဆူ

    ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမိမြို့၌ စေတီတစ်ဆူ လာရောက်တည်ဆောက်မည့် သတင်းကို ပြည်နယ်ခေါင်းဆောင်များမှ ရုတ်ခြည်း ကြား သိခဲ့ရသည်။

    ဆမိမြို့ စည်းရုံးရေးကော်မတီ တစ်ရပ်က အမှတ် ၂ ရပ်ကွက်တိုးချဲ့ရန် လျာထားသော ခြောက်ဧကရှိ မြေနေရာပေါ်၌ ရခိုင်ပြည်နယ်မှ လူတစ်စုသည် စေတီဆောက်လုပ်ခြင်း လုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း ဆိုသည်။

    ခိုနူးမ်သန်း သတင်းဌာနသို့ပေးပို့လာသော စာတစ်စောင်တွင် – ပြည်နယ်ခေါင်းဆောင်များကို တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ အလုပ်သမားများသည် မြေတူးစက်များကို အသုံးပြု၍ အဆောက်အဦဆောက် လုပ်ရန် ပြင်ဆင်နေပြီဟု ရေးသား ပါရှိလေသည်။

    “ လုပ်ကိုင်နေတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့က အလုပ်သမားများကို မေးမြန်းတဲ့အခါ သူတို့က ဘာမှပြန်မပြောဘူး။ ဆောက်လုပ်နေ တဲ့နေရာကလည်း မြို့ကို အပေါ်စီး ကနေမြင်နိုင်တဲ့ တောင်ကုန်းထိပ်ပေါ်မှာ တည်ရှိနေပါတယ် ” ဟု ဆမိမြို့ ကော်မီတီက ဆိုသည်။

    စာအတွင်းတွင် သူတို့သည် မည်သို့ လုပ်ဆောင် ရမည်ကို မသိကြောင်း နှင့် ချင်းပြည်နယ်အစိုးရအား အကြောင်းကြားသင့်မသင့်ကိုလည်း မဆုံးဖြတ်တတ်ကြောင်း ဖြည့်စွက် ထည့်သွင်း ရေးသားထားသည်။

    လွန်ခဲ့သောနှစ် ဇွန်လက ၀န်ကြီး ဟွန်ငိုင်း (Chief Minister Hung Ngai) မှ ဧက ၃,၁၂၇.၀၄ စတုရန်းမိုင် ကျယ်ဝန်းသော ဆမိအား မြို့နယ်ခွဲ အငယ်စားအဖြစ် သတ်မှတ်ကြောင်း တရားဝင် အခမ်းအနား အတွင်း ကြေညာခဲ့သည်။

    ဆမိမြို့သည် အစိုးရအဆောက်အဦများနှင့်ရုံးဌာန တည်ဆောက်ခြင်းများ ပါဝင်သော မြို့ပြစီမံကိန်း နှင့် ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်၌ အရှိန်ယူနေဆဲအဆင့်သာရှိသေးသည်။

    လက်ရှိ ချာ့ခ်ျ အဆောက်အဦများသည် လူနေအိမ်ခြေများအဖြစ်သာ စာရင်းသွင်းခံထားရပြီး၊ ဘာသာရေးအဆောက်အဦများ အဖြစ် လက်ခံထားခြင်း မရှိကြောင်း၊ ထို့အတူ ကျောင်းဆောင်များကို ဤသို့မှ မထားလျှင်လည်း ဆောက်ခွင့်ရတော့မှာ မဟုတ်ကြောင်း၊ ဤသည်မှာ အစိုးရအနေနှင့် စိတ်ကြိုက်အချိန်တွင် လိုသလို အရေးယူနိုင်သည်ဟု အဓိပ္ပာယ်သက်ရောက်ကြောင်း ပြောဆိုခဲ့သည်။

    ဒေသခံကော်မတီနှင့်ပြည်နယ် အစိုးရအကြား တရားဝင် သဘောတူညီချက်၌ ထိုနယ်မြေသစ်အတွင်း ဗုဒ္ဓသာသနိက အဆောက်အဦ ဆောက်လုပ်ခြင်းနှင့်စပ်လျဉ်းသော အကြောင်းအရာများ ထည့်သွင်းထားခြင်း မရှိပါဟု အဆိုပါစာထဲတွင် ဆိုထားသည်။

    ဆမိမြို့တွင်နေထိုင်သူ အများစုမှာ ချင်းလူမျိုးများ ခရစ်ယာန် ဘာသာဝင်များသာဖြစ်ကြကြောင်း ပလက်ဝမြို့နယ် ခေါင်းဆောင်တစ်ဦးက Chinland Guardian သို့ ပြောကြားသည်။

    ကော်မတီအဖွဲ့ဝင်တစ်ဦးက “ ဆမိနယ်ဖွံ့ဖြိုးရေးလုပ်ဆောင်မှုအသစ်များအပေါ် ကျွန်တော်တို့အဖို့ စိတ်လှုပ်ရှားစရာ၊ ကျေနပ် ၀မ်းမြောက်စရာ ဖြစ်ပါတယ်။ ကျွန်တော်တို့ သားသမီးများ အတွက် အနာဂတ်မျှော်လင့်ချက်တစ်ခုပါပဲ။ ဒါပေမယ့် ဒီလိုဖြစ်နေတဲ့ အခြေနေတွေကို မြင်ရတော့ စစ်အုပ်ချုပ်ရေး ကာလအတွင်း အတိတ်က အကြောက်တရားတွေ ပြန်လည် စိုးမိုးလာသလို ခံစားမိတတယ် ” ဟု ဆိုခဲ့သည်။

    ချင်းပြည်နယ်တွင် ခရစ်ယာန် ဘာသာဝင်များသည် ယခုတိုင် သူတို့၏ ဘာသာရေးဆိုင်ရာ အဆောက်အဦများ တည်ဆောက်ခွင့်ရရှိရေးအတွက် အခက်အခဲများ ကြုံတွေ့ရင်ဆိုင်နေရဆဲဖြစ်သည်။

    သန့်လန်မှ ခရစ်ယာန်ဘုန်းတော်ကြီးက သူတို့၏ လက်ရှိ ချာ့ခ်ျ အဆောက်အဦများသည် လူနေအိမ်ခြေများအဖြစ်သာ စာရင်းသွင်းခံထားရပြီး၊ ဘာသာရေးအဆောက်အဦများ အဖြစ် လက်ခံထားခြင်း မရှိကြောင်း၊ ထို့အတူ ကျောင်းဆောင်များကို ဤသို့မှ မထားလျှင်လည်း ဆောက်ခွင့်ရတော့မှာ မဟုတ်ကြောင်း၊ ဤသည်မှာ အစိုးရအနေနှင့် စိတ်ကြိုက်အချိန်တွင် လိုသလို အရေးယူနိုင်သည်ဟု အဓိပ္ပာယ်သက်ရောက်ကြောင်း ပြောဆိုခဲ့သည်။

    ချင်းပြည်နယ်လူ့အခွင့်အရေးအဖွဲ့(Chin Human Rights Organization) မှ ထုတ်ပြန်ခဲ့သော ၂၀၁၂ ခုနှစ် အစီရင်ခံစာအရ ချင်းပြည်နယ်တစ်ဝှမ်းတွင် ဗုဒ္ဓဘာသာဆိုင်ရာဆောက်လုပ်မှုများ ပိုမိုများပြား ပျံနှံ့လာလျက်ရှိသလို၊ ချင်းခရစ်ယာန်များ အဖို့ တားမြစ်ကန့်သတ်မှုများဖြင့် ရင်ဆိုင်နေ ရကြောင်း ဖော်ပြထားသည်။

    ပြည်နယ်အာဏာပိုင်များထံမှ တစ်စုံတစ်ရာပြန်လည်ပြောကြားချက်များကို Chinland Guardian မှ မရရှိရသေးချေ။

    Chinland Guardian တွင် ဖော်ပြထားသည့် ” Questions over plan to construct pagoda in Sami ” သတင်းအား ‘ကိုလေး’ ဘာသာပြန်ဆို ဖော်ပြပါသည်။

  • ချင်းပြည်နယ်တွင် နိုင်ငံတော် ဘဏ္ဍာဖြင့် ဗုဒ္ဓဘာသာ အဆောက်အဦး များသာ ဆောက်လုပ်မှု ပြည်နယ်လွှတ်တော်တွင် မေးခွန်းထုတ်ခံရ

    ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်
    M-Media

    ခရစ်ယာန် အများစုရှိရာ ချင်းပြည်နယ်၌ နိုင်ငံ့ဘဏ္ဍာငွေဖြင့် ဗုဒ္ဓဘာသာ အဆောက်အဦး တည်ဆောက်မှု အပေါ် ပြည်နယ်လွှတ်တော်တွင် ချင်းအမတ်များ မေးခွန်းထုတ်

    Chin State Parliamentဓါတ်ပုံ အညွှန်း- ဟားခါးမြို့ရှိ ချင်းပြည်နယ်လွှတ်တော် အဆောက်အအုံ(Photo: The Chinland Post)

    ချင်းပြည်နယ်၏ မြို့နယ်သုံးခု၌ ချင်းပြည်နယ် အစိုးရမှ ဗုဒ္ဓဘာသာ အဆောက်အဦးများကို နိုင်ငံ့ဘဏ္ဍာငွေဖြင့် တည်ဆောက်နေခြင်းအပေါ် ချင်းလွှတ်တော် အမတ်များက မေးခွန်းထုတ်ခဲ့ကြသည်။

    ခရစ်ယာန်ဘာသာဝင် အများစုရှိသည့် မြန်မာ့ အနောက်ပိုင်း ချင်းပြည်နယ်အတွင်း ဘဏ္ဍာငွေများကို အခြားဘာသာဝင်များအတွက် မပါဝင်ဘဲ ဗုဒ္ဓဘာသာဝင်များအတွက်သာ ရည်ရွယ် သတ်မှတ်ပေးသည့် အကြောင်းကို ၄င်းတို့မှ သိရှိလိုကြောင်း ဆိုကြသည်။

    ချင်းပြည်နယ်အစိုးရ၏ ၂၀၁၄-၂၀၁၅ ဘတ်ဂျက်လျာထားချက် အတွင်း ပလက်ဝ၊ မင်းတပ်၊ သဲဒင်းမြို့နယ်များ၌ ဗုဒ္ဓဘာသာဝင်ဘုန်းကြီးကျောင်းများ၊ ဗုဒ္ဓဘာသာစာသင်ကျောင်းများ နှင့် ဗုဒ္ဓဘာသာလူထုဓမ္မာရုံများ ဆောက်လုပ်ရန် ဘဏ္ဍာငွေခွဲတမ်းသတ်မှတ်မှု ပါဝင်နေ၏။

    လွှတ်တော်အမတ် Pu Lal Mawng Cung သည် ခရစ်ယာန်အုပ်စုများအဖို့ ဘဏ္ဍာငွေခွဲတမ်းများ ရနိုင်ချေရှိမရှိကို လက်ရှိကျင်းပနေသောအစည်းအဝေးတွင် မေးခွန်းထုတ်ခဲ့သည်ဟု ဆိုသည်။

    “ လိုအပ်ချက်ရှိကြောင်း တင်ပြရင်တော့ ဘတ်ဂျက်ငွေကို ချမှတ်ပေးဖို့ရှိပါတယ်။ ဘယ်ဘာသာရေး အုပ်စုကိုမှ ခွဲခြားဆက်ဆံတာမျိုး မရှိပါဘူး ” ဟု ချင်းပြည်နယ်ဝန်ကြီးချူပ် Hung Ngai မှ တုန့်ပြန်ဖြေကြားခဲ့သည်ဟု ၄င်းမှ ပြောပြသည်။

    ဆန့်ကျင်ဖက်အားဖြင့် ပြီးခဲ့သည့်လနှောင်းပိုင်း  မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Tomás Ojea Quintana မှ ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တင်သွင်းသော အစီရင်ခံစာ၌ ချင်းပြည်နယ်ရှိ ခရစ်ယာန်တို့အပေါ် ခွဲခြား ချိုးနှိမ်ဆက်ဆံမှုများ ရှိနေကြောင်း ဖော်ပြထားသည်။

    သတ္တမကြိမ်မြောက် ချင်းပြည်နယ် လွှတ်တော် ပုံမှန် အစည်းအဝေးကို ဟားခါးမြို့တွင် ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၄ ရက်မှ ၆ ရက်အထိ ကျင်းပခဲ့သည်။

    Ref: chinlandguardian