News @ M-Media

Tag: Columbia

  • ၂၀၁၆ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ကိုလံဘီယာသမ္မတ ရရှိ

    ၂၀၁၆ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ကိုလံဘီယာသမ္မတ ရရှိ

    အောက်တိုဘာ ၇၊ ၂၀၁၆
    M-Media

    noble

    – ၂၀၁၆ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုကို နိုင်ငံအတွင်း နှစ် ၅၀ ကြာ ဖြစ်ပွားခဲ့သည့် စစ်ပွဲအား ရပ်တန့်အောင် စွမ်းဆောင်နိုင်ခဲ့သည့် ကိုလံဘီယာသမ္မတ ဂျူအန် မန်နျူယဲလ် ဆန်းတို့စ်က ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

    ဆန်းတို့စ်မှာ ပြီးခဲ့သည့်လအတွင်းက FARC သူပုန်အဖွဲ့ အကြီးအကဲ ရော်ဒရီဂို လွန်ဒိုနိုနှင့် သမိုင်းဝင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်ပြီး ၄ နှစ်ကြာ ဆွေးနွေးခဲ့ရခြင်းဖြစ်သည်။

    “နိုဘယ်ဆုရွေးချယ်ရေးကော်မတီဟာ ၂၀၁၆ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် တိုင်းပြည်မှာ နှစ်ပေါင်း ၅၀ ကျော် ကြာမြင့်ခဲ့တဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ရေး ဆောင်ကျဉ်းပေးနိုင်ဖို့ မဆုတ်မနစ် အားထုတ်ခဲ့တဲ့ ကိုလံဘီယာသမ္မတ ဂျူအန် မန်နျူယဲလ် ဆန်းတို့စ်ကို ရွေးချယ်လိုက်ပါတယ်” ဟု ကော်မတီ၏ ဥက္ကဌဖြစ်သူ ကာစီ ကူလ်မန် ဖိုက်ဗ်က ပြောကြားခဲ့သည်။

    “ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်တန့်သွားဖို့၊ တိုက်ပွဲတွေပြန်ဖြစ်ပွားဖို့အတွက် တော်တော်လေး အန္တရာယ်ရှိခဲ့ပါတယ်။ ဒီလိုအန္တရာယ်တွေကပဲ သမ္မတ ဆန်းတို့စ်ဦးဆောင်တဲ့ အဖွဲ့နဲ့ FARC သူပုန်ခေါင်းဆောင် ရိုဒရီဂို လွန်ဒိုနို ဦးဆောင်တဲ့ အဖွဲ့အကြား အပစ်ရပ်ရေးကို ဆက်လက်အလေးထားဖို့ ပိုပြီး အရေးပါခဲ့ပါတယ်”

    ယခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် လျာထားခံရသည့် တစ်ဦးတစ်ယောက်ချင်းစီနှင့် အဖွဲ့ပေါင်း ၃၇၆ ခု ရှိခဲ့ပြီး ဆန်းတို့စ်မှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၊ ဆီးရီးယားမှ White Helmets အကူအညီပေးရေးအဖွဲ့၊ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ် စသည့် နာမည်ကြီးများကို ကျော်ဖြတ်ကာ ရရှိခဲ့ခြင်းဖြစ်သည်။

    Ref: Aljazeera

  • ကိုလံဘီယာတွင် ဇီကာဗိုင်းရပ်စ်ကူးစက်သူ ကိုယ်ဝန်ဆောင် ၃ ထောင်ကျော်ပြီ

    ကိုလံဘီယာတွင် ဇီကာဗိုင်းရပ်စ်ကူးစက်သူ ကိုယ်ဝန်ဆောင် ၃ ထောင်ကျော်ပြီ

    ဖေဖော်ဝါရီ ၇၊ ၂၀၁၆
    M-Media

    zika 7

    – ခြင်မှတစ်ဆင့်ကူးစက်ပြီး အမေရိကတစ်ဝှမ်းတွင် အလျင်အမြန် ပြန့်နှံ့နေသော ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်သူ ကိုယ်ဝန်ဆောင်အရေအတွက်မှာ ၃၁၀၀ ကျော် ရှိလာခဲ့ပြီဟု ကိုလံဘီယာသမ္မတ ဂျူအန်မန်နျူယဲလ် ဆန်းတို့စ်က ပြောကြားလိုက်သည်။

    ကုသရန်ဆေးမရှိသေးသည့် အဆိုပါ ဇီကာဗိုင်းရပ်စ်ပိုးမှာ မိခင်မှ သန္ဓေသားသို့ကူးစက်ကာ ဦးနှောက်ထိခိုက်၍ မှတ်ဉာဏ်ချို့ယွင်းနိုင်သည်။ သို့သော်လည်း ကိုလံဘီယာတွင်မူ သန္ဓေသားအားကူးစက်သည့် ဖြစ်ရပ်မျိုး မရှိသေးပေ။ ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်သူအရေအတွက်မှာ ကိုလံဘီယာနိုင်ငံတစ်ဝှမ်း စုစုပေါင်း ၂၅၆၄၅ ဦးရှိနေပြီး ထိုအထဲမှ ၃၁ ၇၇ ဦးမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးများဖြစ်သည်။

    ဇီကာဗိုင်းရပ်စ်ပိုးမှာ ခြင်မှတစ်ဆင့်လည်းကောင်း၊ သွေးသွင်းခြင်းဖြင့်လည်းကောင်း၊ လိင်ဆက်ဆံခြင်းဖြင့်လည်းကောင်း ကူးစက်နိုင်သည်ဟု နောက်ဆုံးသိရှိရသည်။ ထို့ကြောင့် နိုင်ငံတစ်ချို့တွင် သွေးသွင်းမှုကို ကန့်သတ်မှုများ ပြုလုပ်နေသည်။

    Ref : Aljazeera

  • သဘာဝဘေးအန္တရာယ်များကြောင့် ကိုလံဘီယာတွင် အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်

    သဘာဝဘေးအန္တရာယ်များကြောင့် ကိုလံဘီယာတွင် အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်

    ဇန်န၀ါရီ ၁၊ ၂၀၁၅
    M-Media

    col

    – နိုင်ငံတွင်းရှိ အဓိကမြစ်ကြီးများ ရေမျက်နှာပြင်နိမ့်ကျနေပြီး အန်းဒီးစ်တောင်တန်းများတစ်လျှောက် တောမီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်နေသည့်အတွက် ကိုလံဘီယာနိုင်ငံမှာ နိုင်ငံတစ်ဝှမ်း အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

    မိုးလေသ၀၊ ဇလဗေဒနှင့် သဘာဝပတ်ဝန်းကျင် လေ့လာရေးအသင်း IDEAM ၏ တောင်းဆိုချက်အရ သမ္မတ ဂျူအန် မန်နျူယဲလ် ဆန်းတို့စ်က ဗုဒ္ဓဟူးနေ့တွင် ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

    ရာပေါင်းများစွာသော မြို့များ၊ နယ်များကို ထောက်ပံ့ပေးနေသည့် အဓိကကျသော မြစ်များဖြစ်သော မဂ္ဂဒါလီနာနှင့် ကော်ကာမြစ်နှစ်ခု၏ ရေမျက်နှာပြင်အမှတ်သည် တဖြည်းဖြည်း နိမ့်ကျလာသည့်နောက်တွင် အရေးပေါ်ကြေညာရန် ဆုံးဖြတ်ခဲ့ရခြင်းဖြစ်သည်။

    အလ်နီညိုရာသီဥတုနှင့် မိုးရွာသွန်းမှုများ လျော့နည်းပြီးနောက် နိုင်ငံအတွင်းရှိ စည်ပင်သာယာနယ်နမိတ် ၅ ခုတွင် ရေပေးဝေမှုကို အချိုးကျဖြင့် ဆောင်ရွက်ခဲ့ရသည်။ အင်ဒီးစ်တောင်တန်းများတစ်လျှောက် တောမီးလောင်ကျွမ်းများခဲ့ခြင်းကလည်း အစိုးရအား အမြင့်ဆုံးသတိပေးချက်ထုတ်ပြန်ရန် ဖိအား ဖြစ်စေခဲ့သည်။

    ကိုလံဘီယာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက တောမီးလောင်ကျွမ်းမှုများသည် နိုင်ငံတစ်လျှောက် မိုးခေါင်ရေရှားဖြစ်ပြီး အပူချိန်မြှင့်တက်လာမှုကြောင့် ဖြစ်သည်ဟု ဆိုသည်။ အရေးပေါ်ကြေညာချက်ကို နိုင်ငံ၏ ၈၀ ရာခိုင်နှုန်းသောနေရာတွင် ကြေညာခဲ့သည်။

    အယ်နီညိုသည် ပစီဖိတ်သမုဒ္ဒရာအရှေ့ဘက်တွင် အပူပိုင်းရာသီဥတုဖြစ်ပေါ်ပြီး ရေမျက်နှာပြင်များ ပူနွေးလာခြင်းကြောင့် ဖြစ်ပေါ်ခြင်းဖြစ်သည်။ အယ်နီညိုဖြစ်ပေါ်လျှင် အရှေ့တောင်အာရှနှင့် သြစတေးလျတို့တွင် မိုးခေါင်ရေရှားဖြစ်ပြီး တောင်အမေရိကတွင် မိုးသည်းထန်စွာ ရွာသွန်းတတ်လေ့ ရှိသည်။

    Source; presstv

  • ကိုလံဘီယာမှ ထိပ်တန်းမူးယစ်ရာဇာကို အသေဖမ်းမိ

    ကိုလံဘီယာမှ ထိပ်တန်းမူးယစ်ရာဇာကို အသေဖမ်းမိ

    အောက်တိုဘာ ၃၊ ၂၀၁၅
    M-Media

    colum

    – ကိုလံဘီယာ၏ ထိပ်တန်းမူးယစ်ရာဇာဖြစ်ပြီး အမေရိကန်က အလိုရှိနေကာ ဆုငွေ ၅ သန်းထုတ်ထားသည့် ဗစ်တာ နာဗာရိုမှာ ဗင်နီဇွဲလားနယ်စပ်အနီး ဥပဒေစိုးမိုးခြင်းမရှိသည့် ကာတာတမ်ဘိုဒေသတွင် ကိုလံဘီယာစစ်တပ်၏ ၀င်ရောက်စီးနင်းမှုအတွင်း သေဆုံးသွားခဲ့သည်။

    သမ္မတ ဂျူအန် မန်နျူယဲလ် ဆန်းတို့စ်ကမူ ယမန်နေ့က ပြုလုပ်ခဲ့သည့် ထိုစစ်ဆင်ရေးအတွက် ၎င်း၏ စစ်တပ်ကို ချီးကျူးခဲ့သည်။

    အသက် ၃၉ နှစ်အရွယ်ရှိပြီး မီဂါတီယိုဟု သိကြသည့် နာဗာရိုမှာ ၁၉၉၁ ခုနှစ်က ပြိုကွဲသွားခဲ့သော လက်ဝဲယိမ်း သူပုန်အဖွဲ့မှ အဖွဲ့တစ်ခုကို ဦးဆောင်ခဲ့ပြီး ကိုလံဘီယာ၏ အကြီးဆုံး ဘိန်းမှောင်ခိုသမားများထဲမှ တစ်ဦးအဖြစ် မှတ်ယူခံခဲ့ရသည်။ ၎င်းမှာ သြဂုတ်လတွင် ပြုလုပ်ခဲ့သည့် ကိုလံဘီယာစစ်တပ်၏ စစ်ဆင်ရေးတွင် လွတ်မြောက်ခဲ့ဖူးသည်။

    Ref: Aljazeera

  • ကိုလံဘီယာမြေပြိုမှု လူ ၅၀ ကျော်သေဆုံး

    ကိုလံဘီယာမြေပြိုမှု လူ ၅၀ ကျော်သေဆုံး

    မေ ၁၉၊ ၂၀၁၅
    M-Media

    – ကိုလံဘီယာ အနောက်မြောက်ပိုင်း တောင်းတန်းများ ထူထပ်ရာဒေသတွင် ယမန်နေ့က မြေပြိုမှုကြောင့် အနည်းဆုံး လူပေါင်း ၅၀ ကျော်သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    “မြေပြင်လွှာကြီးဟာ လာလီဘိုရီယာနာ လျှိုမြောင်လမ်းကြောင်းအတွင်းကို လျောဆင်းသွားတာပါ။ အဲဒီနောက် ရေကာတာက ရေတွေက ရွှံ့ပြိုဆင်းမှုကိုဖြစ်စေပြီး သူ့လမ်းကြောင်းမှာရှိတဲ့ အရာတိုင်းကို ဖျက်ဆီးသွားတာပါပဲ” ဟု ဒေသတွင်း ရဲတပ်ဖွဲ့မှ တပ်မှူးဖြစ်သူ ဂျိုဆေး အိန်ဂျဲလ် မန်ဒိုဇာက အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

    အမျိုးသား သဘာဝဘေးအန္တရာယ်အဖွဲ့ကမူ သေဆုံးသူမှာ ၅၂ ဦးရှိပြီး ၃၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြခဲ့ပြီး၊ ရှာဖွေရေးခွေးများပါဝင်သည့် ရှာဖွေကယ်ဆယ်ရေး အဖွဲ့များမှာလည်း အရည်အတွက်မည်မျှရှိသည်ကို မသိရသေးသည့် ပျောက်ဆုံးနေသူများကို ရှာဖွေနေသည်။

    ကိုလံဘီယာ လေတပ်မှ ရိုက်ကူးထုတ်ပြန်ခဲ့သော ဓာတ်ပုံများတွင် ရွှံ့များဖုံးလွှမ်းနေသော အိမ်များ၊ လမ်းများ၊ မြို့ထဲတွင် အပျက်ဆီးများကို တွေ့ရှိခဲ့ရပြီး ဒေသခံများမှာလည်း အပျက်အဆီးများအကြားတွင် ၎င်းတို့၏ ပိုင်ဆိုင်များကို ရှာဖွေယူငင်နေကြသည်။

    “လူဘယ်လောက်ပျောက်နေလဲဆိုတာ ကျွန်တော်တို့ မသိပါဘူး” ဟု ကိုလံဘီယာသမ္မ ဂျူအန် မန်နျူယဲလ် ဆန်းတို့စ်က ပြောကြားခဲ့သည်။ ဆန်းတို့စ်မှာ ထိခိုက်ခဲ့ရသည့် နေရာများသို့ သွားရောက်ကာ အပျက်အဆီးများကို ကြည့်ရှုခဲ့ပြီး ဒေသခံတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

    Ref: Reuters