News @ M-Media

Tag: D-Rose

  • မိတ်ဆွေ မရှားချင်ဘူး ဆိုရင်ပေါ့

    မိတ်ဆွေ မရှားချင်ဘူး ဆိုရင်ပေါ့

    အောက်တိုဘာ ၁ ၊ ၂၀၁၄
    M-Media
    -နှင်းဆီခင် ရေးသည်။
    What-makes-a-good-friend1
    လူဆိုတာမျိုးက အပေါင်းအသင်းကို ခင်မင်တတ်တာ သဘာဝ။ ထီးတည်း နေလို့မရတာမို့ ပတ်ဝန်းကျင်နှင့် လိုက်လိုက်လျောလျောဆက်ဆံကြရစမြဲပဲပေါ့။ တစ်နည်းပြောရရင် ကိုယ်ကျင်လည်ရာ ၀န်းကျင်မှာ သွေးသားရင်းချာ မဟုတ်တဲ့ သူစိမ်းတစ်ရံတွေနှင့် ပေါင်းသင်းဆက်ဆံကြရ ပါတယ်။ လူအမျိုးမျိုး စိတ်ဓာတ်အထွေထွေလို့ ကိုယ့်စရိုက်နှင့် သဟဇာတမျှပြီး ခင်မင်နှစ်လိုဖွယ် ကောင်းတဲ့ မိတ်ဆွေကောင်းတွေချည်း ကြုံဆုံရဖို့ဆိုတာတော့ မလွယ်ဘူးလေ။ ကိုယ်က လိုက်လျောရတာတွေ ရှိသလို ကိုယ့်ကို လိုက်လျောတတ်တဲ့ သူငယ်ချင်း အပေါင်းအသင်းတွေလည်း ရှိပြန်သေးတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ၊ အပေါင်းအသင်း သူငယ်ချင်းဆိုတာ လောက သဘာဝအရ မရှိမဖြစ်၊ ရှိမှဖြစ်မှာမို့ ရင်းနှီး ကျွမ်းဝင်ရှိကြဖို့တော့ လိုသည်ပဲပေါ့။

    စာဖတ်သူတော်တော် များများက ကျွန်မဆီကို ရင်ဖွင့်ရေးသားလေ့ ရှိကြတာက၊ သူတို့က လိုက်လျောခင်မင်ရှိတယ် အစစအရာရာ ကူညီတယ်။ အဲဒီကြားကမှ သူတို့ကိုတုံ့ပြန် ခင်မင်မှု မရှိကြဘူး။ အကျိုးခံစားရဖို့ တစ်ခုတည်း ကြည့်တတ်တဲ့ မိတ်ဆွေ အတုအယောင်တွေချည်း ကြုံနေရတယ်တဲ့။ တကယ်တော့ ရင်းနှီးခင်မင်တယ် ဆိုတာ နှစ်ဖက်မျှတအောင် ဆောင်ရွက်ရတဲ့ကိစ္စမျိုးပါ။ မိတ်ဆွေကောင်းတွေ ရလာဖို့အတွက်ဆိုရင် ကိုယ်တိုင်ကရော မိတ်ဆွေကောင်းတစ်ဦးရဲ့ အရည်အသွေးမျိုးတွေ ရှိဖို့လည်းလိုသေးတာကိုး။ ဒါကိုတော့ ကိုယ့်ကိုကိုယ်မညာတမ်း ဆန်းစစ်ကြည့်သင့်တာပေါ့။

        သူငယ်ချင်းတွေအပေါ် အပြစ်တွေ့ရင် ခွင့်လွှတ်မယ်။ ပြီးတော့ မေ့ပစ်လိုက်နိုင်တာ သူငယ်ချင်းကောင်းတွေရဲ့ အရည်အသွေးပါပဲ။

    ဆိုပါစို့၊ တစ်စုံတစ်ယောက်က ကိုယ့်ကိုယုံကြည်လွန်းလို့ ဖွင့်ပြောလာတဲ့ လှို့ဝှက်ချက်တွေကို ဘယ်သူ့မှပြန် မပြောပါဘူးလို့ ကကိက၀တ်ပေးထားတယ်ဆိုရင်ပေါ့။ ကိုယ်က အသက်သေသည်အထိ နှုတ်လုံလုံထိန်းမှဖြစ်မယ်နော်။ ထီးဆောင်းပြီး တစ်အိမ်တက်ဆင်း လိုက်ပြောလို့ကတော့ မဖြစ်သေးဘူး။

    ကိစ္စကြီးငယ်ကြုံလာတဲ့ အခါ သူငယ်ချင်းတွေက ကိုယ့်ဆီက အကြံညဏ်ကို တလေးတစား တောင်းတာမျိုး ရှိ/မရှိ ဆင်ခြင်ကြည့်ပါ။ အဲဒီလိုလူစားမျိုး မဖြစ်သေးရင်လည်း ဖြစ်လာအောင် ကြိုးစားရပါလိမ့်မယ်။ သူငယ်ချင်းတွေနှင့် ခင်မင်မှုဟာ ကောက်ရိုးမီး ခင်မင်ရင်းနှီးတာမျိုး မဟုတ်ဘဲ တစ်သက်လုံး ရေရှည် ခင်မင်သွားအောင် ကိုယ့်ဘက်က ပြုပြင်ဆင်ခြင် သင့်တာလေးတွေ ရှိခဲ့ရင်လည်း ပြုပြင်ဦးမှ။ သူငယ်ချင်းတွေနှင့် စကားစမြည်ပြောကြတဲ့အခါ တချို့တချို့ အကြောင်းအရာ ခေါင်းစဉ်တွေကို လုံးဝစိတ်မ၀င်စားသည့်တိုင် ခင်မင်မှုသံယောဇဉ်နှင့် အလေးအနက် နားထောင်ပေးတတ်ရတာ လူ့ကျင့်ဝတ်တစ်ခုပါ။

    သူငယ်ချင်းက အကူအညီတစ်ခုခုတောင်းလာတဲ့ အခါ ကိုယ်တိုင်နားမလည်၊ မကျွမ်းတာမျိုးဖြစ်ရင် ပြတ်ပြတ်သားသား ငြင်းပယ်လိုက်တာထက် အကူအညီ ရရာရကြောင်း တခြားသူတွေကနေ တစ်ဆင့် ကြိုးစားပေးသင့်ပါတယ်။

    လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင် ထိုင်ကြတဲ့အခါ ငွေရှင်းခါနီးမှာ လက်တွန့်နေတာ၊ သူများတကာဆီကပဲ အလကားရဖို့ မျှော်လင့်နေမိတာ မိတ်ပျက်စေတဲ့ အကြောင်းရင်းတစ်ခုမို့ သတိထားရလိမ့်မယ်။ ဖြစ်နိုင်ရင် ကိုယ်တိုင်ရှင်း စနစ်သုံးတာက ရေရှည်မိတ်မပျက်တော့ဘူးပေါ့။

    သူငယ်ချင်းတွေရဲ့ ကောင်းကွက်ကလေးတွေကို လှိုက်လှိုက်လှဲလှဲ ထုတ်ဖော်ချီးကျူးတာ၊ သူငယ်ချင်းတွေရဲ့ အောင်မြင်မှုအတွက် ကိုယ်ကပါရောပြီး ပျော်နိုင်ရဲ့လား ဆိုတာတော ကိုယ့်ဘာသာ အသိဆုံးပါပဲပေါ့။ နောက်ပြီး ကိုယ့်သူငယ်ချင်းကို သူများတကာက အားပါးတရ ချီးကျူးတာမျိုးကြုံရရင် ကိုယ်ပါရောပြီး ပျော်နိုင်ပါ့မလား၊ မနာလိုမရှုစိတ် မဖြစ်ဘူးဆိုတာ သေချာဖို့တော့လိုမယ်နော်။

    သူငယ်ချင်းတွေအပေါ် အပြစ်တွေ့ရင် ခွင့်လွှတ်မယ်။ ပြီးတော့ မေ့ပစ်လိုက်နိုင်တာ သူငယ်ချင်းကောင်းတွေရဲ့ အရည်အသွေးပါပဲ။ တစ်ခါတစ်ရံမှာပေါ့။ ကိုယ်နှင့်ပြောဆိုဆက်ဆံနေတဲ့ သူငယ်ချင်းကို မကျေမနပ်ဖြစ်မိလို့ စိတ်မသက်ဖြစ်လာရင် သူငယ်ချင်း မရိပ်မိအောင် ဟန်မပျက်နေတတ်ဖို့လည်း လိုတယ်။ စကားဝိုင်းတစ်ခုမှာ ကိုယ်ကချည်း ဦးဆောင်မနေဘဲ သူများတကာတွေကိုလည်း အလှည့်ပေးရမယ်ဆိုတဲ့ အသိမျိုးရှိသင့်တယ်။ ကိုယ် အထင်ကြီးလေးစားတဲ့ သူငယ်ချင်းတစ်ယောက်မှာ အကြောင်းကြောင်းကြောင့် နဂိုအခြေအနေ ပျက်ယွင်းသွားမယ်ဆိုရင်ပေါ့။ သူ့ကိုအရင်လိုမျိုးဆက်ပြီး ခင်မင်သွားမယ်ဆိုတာသေချာအောင် လုပ်နိုင်ရပါမယ်။

    လူဆိုတာက မှားတတ်တာမျိုးလေ။ တစ်ခါတစ်လေမှာ ကိုယ့်ဘက်ကမှားယွင်းသွားတာမျိုးဆိုရင် ဇွတ်မှိတ်ငြင်းမနေဘဲ တောင်းပန်တတ်တာ အကျင့်ကောင်းတစ်ခုပါ။ ရင်းနှီးခင်မင်ဖို့ဆိုတာ ရယူဖို့ချည်းတွေးမနေဘဲ ကိုယ့်ဘက်ကပေးဆပ်နိုင်သမျှ ပေးဆပ်ဖို့တွေးတတ်သူဟာ ရင်မှာကြည်နှုး ခံစားရတတ်တယ်။

    ရှိသေးတယ်။ စကားဝိုင်းတစ်ခုမှာ အငြင်းသန်လွန်းသူ၊ ကိုယ်သိ၊ ကိုယ်တတ်လုပ်လွန်းသူတွေမှာ သူငယ်ချင်းကောင်း ရှားတတ်တာ သဘာဝမို့ ဆင်ခြင်သင့်ပါတယ်။

    အထက်ဖော်ပြပါအကြောင်းအရာ၊ အချက်အလက်တွေဟာ လောကအလယ်မှာ မိတ်ဆွေမရှားစေတဲ့ အရည်အသွေးကောင်းတွေပါပဲ။ ဒါပေမဲ့ အဲဒီအားသာချက်တွေ ကောင်းကွက်တွေ အားလုံးနှင့် ပြည့်စုံဖို့ ဆိုတာကတော့ လက်တွေ့မှာ မလွယ်လှပါဘူး။ ဒါပေမဲ့ အချက်အလက်တော်တော် များများနှင့် ပြည့်စုံအောင်တော့ လေ့ကျင့်ယူနိုင်တာ သေချာတယ်။

    ဒါဆိုရင် သေချာတာ တစ်ခုက အထီးကျန် ဘ၀မှာ ဘယ်တော့မှ ကျင်လည်ရမှာ မဟုတ်သလို ကိုယ့်ကို သံယောဇဉ်ရှိပြီး ကိုယ်ကလည်း သံယောဇဉ်ဖွဲ့နှောင်ထားတဲ့ သူငယ်ချင်း မိတ်ဆွေကောင်းတွေ ပိုင်ဆိုင်ခွင့် ရနိုင်မယ်ဆိုတဲ့ အကြောင်း………။

    နှင်းဆီခင်

  • ကိုယ့် အရည်အသွေး ဘယ်လောက် များရှိသလဲ

    ကိုယ့် အရည်အသွေး ဘယ်လောက် များရှိသလဲ

    စက်တင်ဘာ ၂၄ ၊ ၂၀၁၄
    M-Media
    -နှင်းဆီခင် ရေးသည်။
    Self-Confidence
    ဒုတိယအရွယ်ဆိုတာက ပညာပြီးပညာရှာလာသမျှကို လက်တွေ့ဘ၀မှာ အသုံးချတဲ့အချိန်ကာလလို့ ဆိုရမှာပါ။ ပထမ အရွယ်တုန်းကတော့ မိဘတွေရဲ့ လမ်းညွှန်မှုနှင့် စာပေပညာကို သင်ယူခဲ့ကြရတယ်။ ဆယ်ကျော်သက် အရွယ်ကနေ နှစ်ဆယ်ဝန်းကျင်နား နီးလာတော့ ကိုယ့်ဘာသာသင်ယူ တတ်မြောက်ချင်ဇောနှင့်ပဲ ပညာရပ်တွေ၊ နည်းပညာတွေကို လေ့လာသင်ယူဖြစ်ကြတယ်။ အနာဂတ်အတွက် ရည်မှန်းချက်ကြီးကြီးထားသူတွေ အထူးသဖြင့် လေ့လာသင်ယူကြသလို ဘ၀အတွက်ရည်မှန်းချက် ခိုင်ခိုင်မာမာ မရှိသူတွေကတော့ ကြိုးစားပမ်းစား သင်ယူလေ့မရှိကြဘူးပေါ့။

    ဆိုလိုတာက ပထမအရွယ်မှာ ရတတ်သရွေ့ပညာတွေ အတတ်ပညာနှင့် နည်းပညာတွေနှင့် ကိုယ့်ကိုယ်ဖြည့်ဆည်းလာလိုက်တာဟာ ကိုယ်ပိုင်စွမ်းရည် တစ်နည်းပြောရရင် ကိုယ်ရည်ကိုယ်သွေး မြင့်တက်လာဖို့ ရည်ရွယ်ပါတယ်။ ကောင်းပြီ၊ တစ်စုံတစ်ခုသော အတိုင်းအတာလောက်အထိ အရည်အသွေးတွေပြည့်လာပြီလို့ ယူဆတဲ့အခါ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ ကြိုးစားလာတာ သဘာဝပဲပေါ့။

    တချို့လူငယ်တွေက မိဘ လက်ငုတ်လက်ရင်း စီးပွားရေး လုပ်ငန်းတွေကို ကျွမ်းကျင်အောင် ဆည်းပူးရင်း ကိုယ်ပိုင်ဘ၀ကို တည်ဆောက်ကြတယ်။ တချို့ကျပြန်တော့ အသိပညာ၊ အတတ်ပညာဆိုင်ရာ လုပ်ငန်းတွေမှာ တစ်ထောင့်တစ်နေရာက ပါဝင်နိုင်အောင်ကြိုးစားတယ်။ ဒီတော့ လုပ်ရမှာက ကိုယ့်ရဲ့အရည်အသွေးကိုစစ်ဆေးခံဖို့။ ဒါမှလည်းကိုယ်ဟာ လိုအပ်နေတဲ့ရာထူး တစ်နေရာရာအတွက် အရည်အချင်းပြည့်မီသူတစ်ယောက် ဟုတ်မဟုတ်ဆိုတာသိနိုင်မှာကိုး။

    မဖြစ်မနေရင်ဆိုင်ရတာက လူတွေ့ စစ်မေးခြင်းဆိုတဲ့ အင်တာဗျူး။ တချို့ ရာထူးတွေကတော့ အသိပညာကို ဆန်းစစ်ဖို့ ရေးသားဖြေဆိုပြီးမှ လူတွေ့စစ်ဆေးလေ့ရှိတယ်။ တချို့ကျပြန်တော့ တိုက်ရိုက်တွေ့ပြီးမှ လူတစ်ယောက်ရဲ့ အရည်အချင်းကိုသာမက၊ ပြောဟန်ဆိုဟန် အမူအရာ စတာတွေကို အကဲခတ်လေ့လာမယ်။ ဘယ်လိုပဲဆိုဆို အင်တာဗျူးဆိုတာ လူငယ်တွေရဲ့ကောင်းမွန်တဲ့ အနာဂတ် တစ်ခုကို ဦးတည်နေတာတော့ အသေအချာပါပဲ။

    ဒါကြောင့် အင်တာဗျူးရဲ့ အခြေခံသဘောတရားကို မသိမဖြစ် သိအောင်ကြိုးစားလေ့လာဖို့လိုတယ်။ စစ်မေးသူတွေဟာ (တစ်ဦး၊ နှစ်ဦး၊ ဒါမှမဟုတ် သုံးလေးဦး)     စစ်မေးခံ ရသူရဲ့ ကိုယ်ပိုင် အရည်အသွေးကို တဒင်္ဂ အချိန်ကလေး အတွင်းမှာ အကဲခတ်လေ့လာလေ့ ရှိကြတယ်။ ကိုယ့်ရဲ့ပြောပုံဆိုပုံနှင့် ကိုယ်ဟန် အမူအရာက ကိုယ့်ကိုကိုယ်ယုံကြည်မှု ရှိမရှိ ဆိုတာကို အသေအချာဖော်ပြနေတယ်။ ဒီတော့ အလုပ်ခန့်ချင်သူတွေ စိတ်ကြိုက်ဖြစ်အောင် ကိုယ့်ဘက်က အရည်အသွေးပြည့်ဝနေဖို့က အင်တာဗျူးရဲ့ လိုရင်းအချက်ပါပဲ။ ဒါဟာ ၀န်ထမ်းအသစ် ရွေးချယ်ခန့်အပ်ခြင်းရဲ့ သော့ချက်တစ်ခုလို့ဆိုနိုင်တယ်။

    ဆိုပါစို့။ ကိုယ်စစ်မေးခံရမယ့် အင်တာဗျူး အတွက် (သက်ဆိုင်ရာ ရာထူး)နည်းပညာ၊ အတတ်ပညာဆိုင်ရာတွေကို လိုလေးသေး မရှိပြင်ဆင် သွားမှာတော့ သေချာတယ်။ အဲဒီမှာ မဖြစ်မနေလေ့လာထားသင့်တာကတော့ ကိုယ်အလုပ်လျှောက်တဲ့ဌာန (ကုမ္ပဏီ) ဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို သိနိုင်သမျှ သိအောင်လုပ်ဖို့ပဲပေါ့။ ကုန်ထုတ်လုပ်မှုတွေ၊ ၀န်ဆောင်မှုဌာန (ကုမ္ပဏီ) ရဲ့အနာဂတ်ရည်မှန်းချက်နှင့် ဆောင်ရွက်ပြီးစီးမှုတွေ စသည်ဖြင့် အတတ်နိုင်ဆုံး သိနိုင်အောင်လေ့လာထားသင့်တယ်။ အထူးသဖြင့် အဲဒီဌာနရဲ့ လျာထားတဲ့စီမံကိန်းတွေအကြောင်းပေါ့။

    တကယ်တော့ စာတစ်အုပ်ရဲ့တန်ဖိုးကို မျက်နှာဖုံးကို ကြည့်ရုံမျှနှင့် မသိနိုင်သလို လူတစ်ယောက်ရဲ့ အရည်အသွေး အစစ်အမှန်ကို အချိန် တခဏလေး အတွင်းမှာတွေ့မေးရုံနှင့် မသိနိုင်ပါဘူး။ ဒါပေမဲ့ လျှောက်ထားသူရဲ့ စာရွက်စာတမ်း အထောက်အထားတွေရယ်၊ ပြောပုံဆိုပုံ၊ ဟန်ပန်အမူအရာတွေက အနီးစပ်ဆုံး အရည်အသွေးကိုတော့ ဖော်ပြနိုင်စွမ်းရှိတယ်လေ။

    တွေ့မေးခံရသူဟာ အရည်အချင်းတွေ ဘယ်လောက်ပဲပြည့်နေတယ်ဆိုဆို ရုပ်ပိုင်းဆိုင်ရာ အချက်အလက်တွေကလည်း ကျေနပ်စရာ ရှိဖို့လိုပြန်ရော။ သေသပ် သပ်ရပ်တဲ့ ၀တ်စားဆင်ယင်မှု၊ ယဉ်ကျေး ပျူဌာမှုတွေဟာ တွေ့မေးသူတိုင်း နှစ်သက်သဘောကျတဲ့ အချက်အလက်တွေကိုပဲဆိုတာ သိထားသင့်တယ်။

    တွေ့မေးသူတွေရဲ့ အမေးတွေကိုဖြေဆိုရာမှာ တုံးတိတိကြီးဖြေတာထက် နာခံဖွယ်ရာ ဖြစ်အောင်ယဉ်ကျေးချိုသာစွာ ဖြေဆိုဖို့လိုအပ်သလို၊ အမေးတစ်ခုအတွက် လိုရင်းမရောက်နိုင်အောင် ချဲ့ကားသွယ်ဝိုက်ပြီး ဖြေဆိုနေတာမျိုးတွေကိုလည်း ဆင်ခြင်သင့်တယ်။

    ဦးဆုံးအမေးခံရတဲ့ မေးခွန်းတွေဟာ လုပ်ငန်းနှင့်လုံးဝမပတ်သက်ဘဲ၊ စိတ်သက်သာရာရရုံ အလျှာပသလ္လာပ မေးဖြေတာမျိုးလေးတွေဖြစ်တတ်တယ်။ အဲဒီလိုအခါမျိုးတွေမှာ ယဉ်ကျေးပျူဌာဖြေတတ်ဖို့ အရေးကြီးဆုံး။ ဒါမှလည်း ရှေ့ဆက်မေးမယ့်မေးခွန်းတွေအတွက် အနေမခက်ဘဲ ရှောရှောရှူရှူ ဖြေသွားနိုင်မှာပါ။

    အင်တာဗျူးဖြေဆိုဖို့ ကြောက်ရွံ့စိုးရိမ်စိတ်တွေဟာ တဖြည်းဖြည်းလျော့ပါးသွားမှာတော့ အသေအချာပါပဲ။ ကိုယ်တင်ပြတဲ့ စာရွက်စာတမ်းအထောက်အထားတွေဟာ တိကျမှန်ကန်ပြီး သပ်သပ်ရပ်ရပ်နှင့် စနစ်ကျဖို့လိုတယ်။ သက်ဆိုင်ရာကဏ္ဍအလိုက်ခွဲထားပြီး ဖိုင်တွဲထားနိုင်ရင် ပိုပြီးအဆင်ပြေတယ်။ ဆိုပါစို့ ကိုယ့်ရဲ့ပညာရေး အထောက်အထားတွေ၊ အကျင့်စာရိတ္တအတွက် ထောက်ခံချက်တွေ၊ ကိုယ်ရေးအချက်အလက်တွေ စသည်ဖြင့် သီးခြားစုစည်းပြီးမှ ဖိုင်တွဲထားရင် တွေ့မေးသူက တောင်းဆိုလာတဲ့အခါဗျာများပြီး ရှာနေစရာမလိုဘဲ အလိုက်သင့်တင်ပြနိုင်မှာပါ။

    အင်တာဗျူး ကာလတစ်လျှောက်လုံးမှာ မေးလာသမျှတွေကို စိတ်တည်ငြိမ်အေးချမ်းမှုအပြည့်နှင့် (မျက်နှာချင်းဆိုင်ပြီး) ဖြေဆိုနိုင်ဖို့လည်း အရေးကြီးတယ်။ ဒါဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတယ်ဆိုတဲ့ သဘောပဲလေ။

    အင်တာဗျူးပြီးစီးသွားတဲ့အခါ ကျေးဇူးတစ်ကြောင်းကို ရိုရိုသေသေပြောဆိုရမှာဖြစ်သလို၊ အီးမေးလ်၊ ဖက်စ်စတာတွေနှင့်လည်း ကျေးဇူးတင်ကြောင်း အမှတ်တရအကြောင်းကြားပေးပါ။ ဒါဟာ လျှောက်ထားသူတွေအကြားမှာ ကိုယ့်ရဲ့ယဉ်ကျေးဖွယ်ရာ သိတတ်မှုကိုဖော်ပြနေတာမို့ ကိုယ့်ရဲ့ နာမည်လေးကို တွေ့မေးသူတွေမှာ မှတ်မိသွားစေမှာတော့ အသေအချာပါပဲလို့…..။

    နှင်းဆီခင်

  • ရဲရဲရင့်ရင့်ပေါ့ အောင်မြင်မှုက ကိုယ့်ရဲ့လက် တစ်ကမ်းအလိုမှာ

    ရဲရဲရင့်ရင့်ပေါ့ အောင်မြင်မှုက ကိုယ့်ရဲ့လက် တစ်ကမ်းအလိုမှာ

    စက်တင်ဘာ ၁၅ ၊ ၂၀၁၄
    M-Media
    -ဆောင်းပါးရှင်-နှင်းဆီခင်
    Brave-cat-14573874391
    ရဲရင့်တယ် သတ္တိရှိတယ်ဆိုတာ လူငယ်တွေရဲ့ ထင်ရှားတဲ့ အရည်အသွေးတစ်မျိုးလို့ ဆိုရမှာပါ။ မှန်ကန်တာ တစ်ခုခုအတွက် ဆုံးဖြတ်ချက်ခိုင်ခိုင်ချ၊ ပြီးစီးအောင်လုပ်။ ဒါဟာ လူငယ်တွေအတွက် အောင်မြင်တဲ့ဘ၀ တည်ဆောက်ဖို့ အခြေခံစွမ်းရည်တွေပဲပေါ့။ အရာရာကို ဝေခွဲမရနိုင်ဘဲ ကိုယ်ပိုင် ဆုံးဖြတ်ချက်ချဖို့လည်း ချီတုံချတုံဖြစ်နေခြင်းဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှု နည်းပါးတဲ့သဘော။ ဒီတော့လည်း သူများတကာရဲ့သြဇာလွှမ်းမိုးမှုအောက်မှာ သိသိသာသာ မျောပါပြီး ဘ၀မှာအောင်မြင်မှုနှင့် ဝေးသည်ထက် ဝေးတတ်ပါတယ်။

    တကယ်တော့ လူငယ်တွေဟာ များသောအားဖြင့်ကတော့ မြတ်တယ်၊ တက်ကြွဖျက်လတ်တယ်။ မှန်ကန်မှုတစ်ခုခု အတွက် နောက်မဆုတ်တမ်း အခိုင်အမာ ဆောင်ရွက်လေ့ ရှိကြတယ်။ “ရဲရင့်ခြင်း”၊ “သတ္တိရှိခြင်း” ဆိုတာ နားလည်မှု လွဲမှားလွယ်တဲ့ ဝေါဟာရတွေလို့ ဆိုကြတယ်။ ရုပ်ရှင်တွေ ဗီဒီယိုတွေမှာ တွေ့မြင်ရတတ်တဲ့ အက်ရှင်ဇာတ်လမ်းတွေဟာ သတ္တိရှိသူတွေရဲ့ စွမ်းဆောင်ချက်ပဲလို့ တချို့လူငယ်တွေ အမှတ်မှားလေ့ရှိကြတယ်။ သတ္တိရှိခြင်းဆိုတာရဲ့ ဥပမာတွေ အတွက် ရုပ်ရှင်၊ ဗီဒီယိုကားတွေကို ကြည့်ရှုပြီး အကဲခတ်စရာ မလိုသလို ကွာလှမ်းလှတဲ့ ရှေးသမိုင်းကြောင်းတွေကို ပြန်ပြီးလေ့လာနေစရာလည်း မလိုအပ်ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ သတ္တိရှိတယ်ဆိုတာကို ဖော်ကျူးဖို့အတွက် (တချို့က သဘာဝလွန်၊ စိတ်ကူးယဉ်) ထူးဆန်း အံ့သြစရာဖြစ်ရပ်တွေ၊ ဒဏ္ဍရီတွေ စွန့်စားမှုတွေကို အခြေခံပြီးမှ အောင်မြင်မှုရတဲ့ အချက်ကို ထောက်ပြတာကိုး။ အထူးသဖြင့် တိုက်ပွဲတွေ၊ အောင်ပွဲတွေကို မှီငြမ်း ကိုးကားထားတာများတယ်။ တကယ်တော့ ရဲရင့်ခြင်းအတွက် ဥပမာကောင်းတွေကို ရနိုင်တဲ့ အလွယ်ကူဆုံး နည်းလမ်းတစ်ခုကတော့ မိဘ၊ ဘိုးဘွားတွေဆီက တစ်ဆင့်ကြားနာရခြင်းတွေပါပဲ။

    ရင်းနှီးတဲ့သူငယ်ချင်း တစ်ယောက်ပြောဖူးတာက သူရဲ့အဖေက သူငယ်ငယ်လေးကတည်းက ဆုံးသွားခဲ့တယ်။ သူက တစ်ဦးတည်းသောသမီး၊ သူ့အဖေဆုံးတဲ့ အချိန်မှာ အမေက အသက်သုံးဆယ်ပဲ ရှိသေးတယ်။ အမေက ငယ်ပင် ငယ်ပေမဲ့လည်း သတ္တိရှိတယ်။ အလုပ်ကြိုးစားတယ်။ နောက်ပြီးတအား အလုပ်လုပ်တယ်။ ကျွန်မရဲ့ သူငယ်ချင်းကို အထူးကု ဆရာဝန်ကြီးတစ်ယောက်ဖြစ်ချင်တဲ့ အထိ သူ့အမေဟာ ရုန်းကန်လှုပ်ရှားခဲ့တယ်။ ခုချိန်မှတော့ အသက် ၇၀ နီးနေပြီလေ။ ဒါပေမဲ့ သမီးရှာဖွေ လုပ်ကျွေးတာနှင့်ချည်း အိမ်မှာ နားနေတာမျိုး မဟုတ်ဘူး။ ဘာသာရေး၊ လှုမှုရေး ကိစ္စတွေမှာ တစ်နိုင်တစ်ပိုင် လှုပ်ရှားဆောင်ရွက်တုန်း။ အိမ်တွင်းစီးပွားရေးလုပ်ငန်းကို ဦးဆောင်နေတုန်းမို့ အမေရဲ့ ထက်မြတ်တဲ့ အရည်အသွေးတွေအတွက် သူငယ်ချင်းက အားပါးတရ ဂုဏ်ယူပြီးပြောလေ့ရှိတယ်။

    သတ္တိရှိခြင်းဆိုတာကို မီးထွက်နေတဲ့ သေနတ်တွေ၊ တလက်လက်ထနေတဲ့ ဓားသွားတွေနှင့်တူတယ် လို့အမြဲတမ်း ယူဆလို့မရပါဘူး။ တကယ်တမ်းပြောရရင် ခက်ခဲတဲ့ ဆုံးဖြတ်မှု တစ်ခုခုကို ကြုံရရင် ချက်ချင်း အသုံးပြုနိုင်စွမ်းဟာ သတ္တိလို့လည်း ဆိုနိုင်တယ်။ သတ္တိရှိတယ်ဆိုတာ “ဘယ်လိုဖြစ်မလဲ” ဆိုတဲ့ တွေဝေတဲ့ အတွေးမျိုး လုံးဝမရှိဘူး။ တစ်စုံတစ်ယောက်ဟာ သတ္တိရှိတယ်ဆိုရင် သူနှင့်အတူ ကိုယ်ရည်အသွေး၊ စွမ်းရည်၊ အားပေးခြင်း၊ ရည်ရွယ်ချက်နှင့် လေးနက်တဲ့ ယုံကြည်မှုစတာတွေကို တစ်ပါတည်း ရှိနေအောင် ကြိုးစားလေ့ရှိတယ်။ သတ္တိရှိသူတွေအတွက် ကိစ္စတစ်စုံတစ်ရာကို ဆောင်ရွက်တော့မယ်ဆိုရင် သူရဲ့ပင်ကိုယ် အရည်အသွေးတွေကို အသုံးချပြီး ချမှတ်ထားတဲ့ အစီအစဉ်အပေါ် အခြေခံပြီး ဆောင်ရွက်တယ်။ သူရဲ့အတိတ်ကိုပြန်ကြည့်ကောင်းကြည့်မယ်။ ဒါကလည်း သင်ခန်းစာယူစရာ၊ အတွေ့အကြုံ ဗဟုသုတစတာတွေကို ငဲ့ကြည့်တဲ့သဘော၊ လက်ရှိအနေအထားကို အကောင်းဆုံးဖြစ်အောင် လက်တွေ့ကျကျ အသုံးချတယ်။ ပြီးမှ အနာဂတ်ဘ၀ရဲ့ အောင်မြင်မှု အတွက် အလေးအနက်ထားပြီး ကြိုးပမ်းတယ်။ ဒါဟာ သတ္တိရှိခြင်း၊ ရဲရင့်ခြင်းပဲပေါ့။

    စာတစ်အုပ်မှာ ဖတ်ခဲ့ဖူးတဲ့အကြောင်းအရာတစ်ခုကိုပြောပြရင်၊ ဖိလစ်ပိုင်နိုင်ငံသား မိန်းကလေးတစ်ဦးဟာ သူ့ဘ၀တိုးတက်မှုအတွက် အမေရိကန်နိုင်ငံ နယူးဂျာစီဒေသကို သူနာပြုဆရာမ အလုပ်လုပ်ဖို့ထွက်လာခဲ့တယ်။ ဒါဟာ သူ့အတွက် ဘ၀မှာ ပထမဦးဆုံးအကြိမ် လေယာဉ်စီးဖူးခြင်းပါပဲ။ အဲဒီတုန်းက သူ့အသက်က ၁၈ နှစ်။ သူ့ဘ၀ရဲ့ အနာဂတ်ဟာ ဘယ်လိုဖြစ်မလဲဆိုတာ မတွေးနိုင်တဲ့ တကယ့်ကို စွန့်စားမှုကြီးတစ်ခုလို့ ဆိုရမယ်။ ဒါပေမဲ့ သူကချထားပြီးတဲ့ ဆုံးဖြတ်ချက်ကို အခိုင်အမာ ဆုပ်ကိုင်ပြီး မဖြစ်မနေကြိုးစားရာမှာ (တစ်နှစ်အတွင်း) သူနာပြုတာဝန် ထမ်းဆောင်ခွင့်ရခဲ့တယ်။ အလုပ်မှာ အာရုံနှစ်ပြီး တအားကြိုးစားတဲ့ သူမရဲ့ ထူးခြားတဲ့ အရည်အသွေးကို အထက် အရာရှိကြီးတွေက သတိထားမိလာတဲ့ အထိ ဖြစ်လာတယ်။ ဒီတော့လည်း ရာထူးရော ၀င်ငွေပါ တိုးသည်ထက်တိုးလာရင်း အခြေခိုင်တဲ့ ဘ၀လေးတစ်ခုကို ပိုင်ဆိုင်ခွင့်ရလာတယ်။

    သူ့ဘ၀ရဲ့ တစ်ဆစ်ချိုးလို့ဆိုရမယ်။ ရိုးသားကြိုးစားပြီး လုပ်ငန်း ကျွမ်းကျင်တာကြောင့် ဆေးရုံအုပ်ချုပ်မှု ဒါရိုက်တာ အဖွဲ့ဝင်တစ်ယောက်က အထင်ကြီးလေးစားရာက ဘ၀လက်တွဲဖော် အဖြစ်ကမ်းလှမ်းလာတဲ့အထိပါပဲ။ သူတို့ဟာ သာယာတဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်နိုင်ခဲ့ကြသလို အခုချိန်မှာတော့ အငြိမ်းစားယူပြီး သားသမီး၊မြေးတွေနှင့် ဘ၀ကို ပျော်ပျော်ကြီးခံစားခွင့်ရနေကြပါပြီ။ ဆုံးဖြတ်ချက်မှန်ပြီး သတ္တိရှိရှိ စွန့်စားခဲ့ခြင်းရဲ့ ရလဒ်လို့ဆိုရမယ်။ တစ်ခုရှိတာက ကိုယ်တိုင်ကလည်း အရည်အချင်းပြည့်ဝပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိဖို့လည်း လိုတာပေါ့လေ။

    သတ္တိရှိခြင်း၊ ရဲရင့်ခြင်းဆိုတာ ကြောက်ရွံ့မှုတွေအတွက် ကြိုပြီး စိုးရိမ်ပူပန်လေ့မရှိဘဲ ဘ၀ရဲ့ စိန်ခေါ်မှုမှန်သမျှကို ရင်ဆိုင်ဝံ့တာမျိုး။ ရရှိလာမယ့်ရလဒ်ကိုတွေးမနေဘူး။ ကိုယ့်ဘက်ကတာဝန်ကျေကျေ ကြိုးစားဖို့ပဲအာရုံနှစ်ထားတယ်။ ကြောက်ရွံ့ စိုးရိမ်မှုက ရှေ့က ကာဆီးနေတတ်တာ သဘာဝပဲလေ။ ဖြစ်မှဖြစ် ပါ့မလား၊ အောင်မြင်ပါ့ မလား ရယ်လို့ တွေးမိတတ်တာပေါ့။ ဒါပေမဲ့ သတ္တိရှိတဲ့ စိတ်ဓာတ်က စိုးရိမ်မှုတွေ၊ ဝေခွဲမရတဲ့ စိတ်တွေကို အဝေးကြီး ရောက်သွားအောင် ဖယ်ရှား ပစ်လိုက်နိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် လောကဓံ အခက်အခဲ အကျပ်အတည်းတွေကို တိုးဖောက်နိုင်အောင် တွန်းအားပေးနေတယ်။ ဘ၀မှာ တိုးတက် အောင်မြင်ချင်တယ်ဆိုတဲ့သူဟာ ကြုံတွေ့လာတဲ့ အခက်အခဲတွေ စိန်ခေါ်မှုတွေကို သတ္တိရှိရှိ ရင်ဆိုင်ဖြေရှင်းဖို့က အဓိကကျတယ်။ ထပ်လောင်းပြီးပြောရရင် ကြောက်ရွံ့စိုးရိမ်မှုတွေဟာ သတ္တိရဲ့ အပေါင်းအဖော်ပဲဆိုတာ မမေ့သင့်ဘူး။ အဲလိုတွဲပြီးပါလာတဲ့ စိုးရိမ်စိတ်တွေကို ကျော်လွန်နိုင်ပြီဆိုရင်တော့ သေချာနေတာက အောင်မြင်မှုဆိုတာ မဝေးတော့ဘူး။ ကိုယ့်ရဲ့လက်တစ်ကမ်းအလိုမှာလေ………

    နှင်းဆီခင်

  • မှတ်မှတ်သားသား

    မှတ်မှတ်သားသား

    စက်တင်ဘာ ၈ ၊ ၂၀၁၄
    M-Media
    -ရေးသူ-နှင်းဆီခင်
    892014
    နေ့စဉ်ဘ၀မှာ ဖြစ်ပျက်သမျှတွေဟာ တကယ်တော့ အတွေ့အကြုံကောင်းတွေပဲ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ စာဖတ်များသူ၊ စာဖတ်နာသူတွေ အနေနှင့် စာတွေ့လေ့လာမှတ်သားမိတဲ့ အကြောင်းအရာ အချက်အလက်တွေ အများကြီးရှိသလို လက်တွေ့ဘ၀မှာ တွေ့ကြုံရသည်တွေကလည်း တကယ့်ကို သင်ခန်းစာကောင်းတွေပါပဲ။

    တစ်ခါတစ်ရံမှာတော့ တစ်စုံတစ်ယောက်ရဲ့ အမှတ်မထင်ပြောစကားတွေဟာ ကိုယ့်ဘ၀အတွက် တစ်သက်တာ မှတ်သားစရာအဖြစ် ရင်ထဲစွဲသွားတာမျိုးလည်း ရှိပါတယ်။ ဒီလိုပါပဲ စာအုပ်တစ်အုပ်ကိုဖတ်တဲ့အခါ စာရေးသူရဲ့အာဘော် ဒါမှမဟုတ် မှီငြမ်းကိုးကားထားတဲ့ စာတစ်ကြောင်းဟာ ရင်ထဲထိအောင် စွဲမြဲသွား တာမျိုးလည်းရှိတယ်။ တစ်ခုရှိတာက လူ့သဘာဝအရ နေ့စဉ်ကျင်လည်နေရတဲ့ ဘ၀မှာတွေ့ကြုံရတာ၊ ဖတ် မှတ် ရတောတွေက များလွန်းလှပါတယ်။ တစ်ချို့တစ်ချို့ စာသားတွေ မှတ်သားစရာတွေကို ဦးနှောက်ကစွဲစွဲမြဲမြဲ မှတ်သားထားနိုင်ပေမယ့် တော်တော်များများကတော့ ဖတ်တုန်းခဏ၊ မှတ်တုန်းခဏသာ ခေါင်းထဲစွဲနေတတ်ပြီး သိပ်မကြာခင်မှာပဲ အတွေးထဲကနေပျောက်ကွယ်သွားရော။ ဒါဟာလည်း လူတစ်ယောက်ရဲ့ မှတ်ဥာဏ်ကောင်းခြင်း၊ မကောင်းခြင်းရဲ့ အဆုံးအဖြတ် မဟုတ်ပါဘူး။ ဦးနှောက်ရဲ့ လက်သင့်ခံပြီး မှတ်သားထားတဲ့အပေါ်တည်ပါတယ်။

    အမှန်တော့ ပစ္စည်းပစ္စယတွေကို စနစ်တကျ ထည့်သိုပြီး လုံလုံခြုံခြုံ သိမ်းဆည်းထားမယ်ဆိုရင်ပေါ့ လိုအပ်လာတဲ့အခါ ကိုယ်အလိုရှိတဲ့ အရာကို အလွယ်တကူ ထုတ်ယူသုံးစွဲနိုင်ခွင့်ရှိပါတယ်။ ပရမ်းပတာနှင့် အစီအစဉ် မကျထည့်သိုထားတဲ့အခါ အရေးကြုံရင် လွယ်လင့်တကူ အသုံးမချနိုင်တာတော့ အမှန်ပဲလေ။ ဒီလိုပါပဲ တစ်နေ့ချင်း ဖတ်မှတ်သွားတဲ့ တန်ဖိုးရှိတဲ့စာစုတွေကို မှတ်စုစာအုပ်ထဲမှာ စနစ်တကျရေးမှတ်သွားပြီး ကောင်းကောင်းမွန်မွန် လက်လှမ်းမီရာမှာ သိမ်းဆည်းထားမယ်ဆိုရင် လိုအပ်တဲ့အခါ အလွယ်တကူ ထုတ်ယူအသုံးချနိုင်မှာတော့ သေချာပါတယ်။

    ကျွန်မဘ၀မှာ ဖတ်မှတ်ခဲ့သမျှကို စုဆောင်းထားခဲ့တာ နှစ်အတော်လေးကြာခဲ့ပါပြီ။ စာသင်ကြားခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ တပည့်တွေ (အထူးသဖြင့် လူငယ်တွေ) နှင့် ကြုံဆုံခဲ့ရတယ်။ တချို့ ကျောင်းသူ ကျောင်းသားတွေဟာ ထက်မြတ်တယ်၊ စာဖတ်များတဲ့စာဂျပိုးတွေဖြစ်ကြသလို တချို့ကျပြန်တော့ စာဖတ်ပျင်းကြသူတွေပါ။ များသောအားဖြင့်ကတော့ ငယ်ဘ၀မှာ စာစုံဖတ်ဖြစ်ဖို့ခဲယဉ်းပါတယ်။ ဒါပေမဲ့ ကျွန်မအနေနှင့် စာဖတ်ဝါသနာကြီးတဲ့ အဖေရဲ့သွန်သင်လမ်းညွှန်မှုကြောင့် ဆယ်ကျော်သက်အရွယ်မှာပဲ စာဖတ်ဝါသနာပါခဲ့ပါတယ်။ ဒါ့အပြင် စာဖတ်တိုင်း အရေးကြီးတာတွေကို မျဉ်းသားပြီး မှတ်စုစာအုပ်ထဲကူးရေးရတဲ့အကျင့်ကိုလည်း အဖေ့ဆီက အမွေရခဲ့ပါတယ်။ ဒါကြောင့်လည်း ဘ၀မှာ ခွန်အားဖြစ်စေပြီး တွန်းအားပေးတဲ့စာစုတွေ၊ အဆုံးအမတွေကို ဆုဆောင်းမှတ်သားခဲ့ရာက ကျွန်မရဲ့တပည့်လေးတွေနှင့် စာဖတ်သူတွေကို လက်ဆင့်ကမ်းလိုက်ပါတယ်။ စာဖတ်သူတွေအတွက် တစ်စုံတစ်ခုသော အတိုင်းအတာအထိ အကျိုးဖြစ်ထွန်းမယ်ဆိုရင်တော့ ကျွန်မ လှိုက်လှိုက်လှဲလှဲ ကြည်နှုးမိမှာပါ။

        သူငယ်ချင်းကောင်းတွေနှင့် ပတ်သက်ပြီး အလှပဆိုးသော ရှာဖွေတွေ့ရှိမှုတစ်ခုကတော့ သူတို့တစ်တွေဟာ မခွဲမခွာဘဲနှင့် ကိုယ်ပိုင်သီးခြားရပ်တည်နိုင်စွမ်း ရှိကြတာပါပဲ။

            အောင်မြင်မှုဆီကိုသွားရာလမ်းဟာ ဘယ်တော့မှပြီးဆုံးသွားတယ် မရှိပါဘူး။ ဆောင်ရွက်ဆဲ၊ ဆောက်လုပ်ဆဲပဲ။

            ယဉ်ကျေးသိမ်မွေ့တယ်ဆိုတာလေ ခေါင်းအုံးတစ်ခုလိုပဲ။ အထဲမှာဘာမှမရှိပေမဲ့ ကျွန်ုပ်တို့ကို အံ့သြစရာကောင်းတဲ့ ခံစားထိတွေ့မှုကိုတော့ပေးတယ်။

            ကိုယ့်ရဲ့ဘ၀မှန်အတိုင်းနေပါ။ ကိုယ်ခံစားရသလိုပြောဆိုပါ။ ဘာကြောင့်လဲဆိုတော့ ပေါ့ပေါ့ဆဆနေတတ်သူတွေဟာ အရာခပ်သိမ်းကိုလျစ်လျူရှုကြပြီး အရာရာကို လျစ်လျူရှုသူတွေဟာ ပေါ့ဆတတ်လို့ပဲပေါ့။

            လမင်းကြီးကို ရည်ရွယ်ပြီးချိန်ပါ။ တကယ်လို့လွဲချော်သွားခဲ့ရင်လည်း ကြယ်တွေကိုထိမှန်နိုင်ပါသေးတယ်။

            နေရောင်ခြည်ကို မျက်နှာယူရှုကြည့်တတ်သူဟာ အရိပ်မည်းတွေတွေ့မှာ မဟုတ်ပါဘူး။

            တစ်စုံတစ်ယောက်ကို အမြဲတမ်းလိုလို “နောက်တော့မှ” လို့ပြောနေကျဖြစ်တဲ့သူတွေအတွက် “ဘယ်တော့မှ” ဆိုတာပဲ ဖြစ်လာပါလိမ့်မယ်။

            လူ့သဘာဝနှင့်ပတ်သက်ပြီး အသိပညာဗဟုသုတ နည်းပါးသူဟာ ဘ၀မှာ နေပျော်စရာလေးတွေနှင့် လွဲချော်ပြီး အကျိုးဖြစ်ထွန်းမှုမရှိဘဲ ဘ၀ကို အဆုံးသတ်လေ့ရှိကြတယ်။

            ခင်မင်ရင်းနှီးမှုဆိုတာ ကြီးကြီးကျယ်ကျယ်မဟုတ်ပါဘူး။ သေးငယ်တဲ့ အရာတွေ သန်းချီပြီး စုစည်းထားခြင်းပါ။

            ငါတော့အောင်မြင်မှုရပြီ။ ဆက်ကြိုးစားဖိုပမလိုတော့ပါဘူး။ နားတော့မယ်ဆိုတာ ဘယ်တော့မှ မလုပ်သင့်တဲ့အရာမျိုး။

            သဘာဝတရားကို အလိုက်သင့်လက်ခံနိုင်အောင် ကြိုးစားပါ။ စိတ်ရှည်ကြံ့ခိုင်ခြင်းကတော့ လှို့ဝှက်ချက်ပေါ့။

            အသက်ရှုသွင်းပါ။ ပြီးတော့ ပြန်ထုတ်ပါ။ အဲဒီအချိန်ခဏလေးဟာ ကိုယ့်ဘ၀ကို ကိုယ်တစ်ကယ် ပိုင်ဆိုင်တဲ့အချိန်လေးဖြစ်ပြီး ကြိုးစားခွင့်ရှိတဲ့ အချိန်ပဲဆိုတာယုံ။

            မျှော်လင့်ချက်ဆိုတာ နှလုံးသားမှာ ခိုဝင်နေရာယူထားတဲ့ ဌက်မွှေးဌက်တောင်လေးတွေပေါ့။ သူတို့တွေဟာ သီချင်းစာသားမပါတဲ့ တေးသွားလေးကို အခါမလပ် သီဆိုနေကြတယ်။ ရပ်မသွားအောင် ထိန်းထားရမှာ ကိုယ်တိုင်ပဲပေါ့။

            အရာရာတိုင်းရဲ့တန်ဖိုးဟာ ဘ၀မှာ ကိုယ်ပေးဆပ်တဲ့ ပမာဏအတိုင်းပဲဆိုတာ မမေ့ပါနှင့်။

            သူငယ်ချင်းမိတ်ဆွေဖွဲ့ဖို့ အကောင်းဆုံးအချိန်ကတော့ သူ့ဆီက အကူအညီမယူရခင်အချိန်ပေါ့။

            မှတ်သားစရာ တစ်စုံတစ်ရာရပါစေလို့ ဆန္ဒပြုရင်း…….

     နှင်းဆီခင်

  • LifeStyle: အသုံးလှသော တစ်နေ့တာဘဝ

    LifeStyle: အသုံးလှသော တစ်နေ့တာဘဝ

    စက်တင်ဘာ ၁ ၊ ၂၀၁၄
    M-Media
    -ဆောင်းပါးရှင် – နှင်းဆီခင်

    successful lifestyle

    – နှစ်ဆယ့်လေးနာရီရှိတဲ့ တစ်ရက်တာတွင် လူတွေဟာပုံစံမျိုးစုံနှင့် ကုန်ဆုံးနေကြတယ်။ ဒေါသတွေ၊ မောဟတွေ နောက်လည်း မုန်းတီးမှုတွေ ဒါမှမဟုတ် အကြင်အနာ တရားနှင့် ချစ်ခြင်းမေတ္တာ၊ပျော်ရွှင်ကြည်နှုးမှုတွေနှင့်ပေါ့။

    လူတိုင်းဟာသူ့ရဲ့သီးခြားခံစားမှုတွေရှိနေတာပေါ့။ တချို့လူနည်းစုတွေကတော့ တစ်ရက်တာကို အဓိပ္ပာယ်ရှိရှိ အပြည့်အ၀ အသုံးချရင်း ကုန်ဆုံးတတ်ကြတယ်လို့ သုတေသန ပညာရှင်တွေက လေ့လာ ဆန်းစစ်ထားကြတယ်။ ယေဘုယျအနေနှင့် လူအများစုကတော့ ခံစားရပေမဲ့ ကြည်နှုးပျော်ရွှင်မှုတွေကို ကိုယ့်ဘာသာ ဖျက်ဆီးပစ်နေကြပါတယ်တဲ့။

    ဘာကြောင့်လဲဆိုတော့ သူတို့ဟာ မနေ့ကပြုခဲ့မိတဲ့ အမှားတွေကို တမြည့်မြည့်တွေးရင်း ကိုယ့်ကိုကိုယ် အပြစ်တင်မိနေကြသလို မလာသေးတဲ့အတွက် မနက်ဖြန်မှာကြုံရမဲ့ ဒုက္ခတွေနှင့် အခက်အခဲတွေအတွက် သောက ပိုနေကြပြန်ရော။

    ဒါ့အပြင် လတ်တလောကြုံတွေ့နေရတဲ့ အကြောင်းအရာ ဖြစ်ရပ်တွေအပေါ် အသေအချာ ထိန်းသိမ်းဆောင်ရွက်နိုင်စွမ်း မရှိတာကြောင့် အပူပေါ်အပူဆင့်ပြီး အပျော်လေးတွေ ပျောက်ဆုံးနေကြတယ်။ တစ်နည်းပြော ရရင် စိုးရိမ်စိတ်၊ ပူပန်စိတ်တွေနှင့် လုံးချာလိုက်နေတယ်။

    တကယ်တော့ လူတိုင်း ပိုင်ဆိုင်ခွင့်ရှိတာဟာ တစ်ရက်အတွက် ၂၄ နာရီအပြည့်အ၀ရှိတယ်။ စီစဉ်တကျကိုင်တွယ် အသုံးချမယ်ဆိုရင်တော့ စိတ်ပင်ပန်း လူပင်ပန်းမှုဒဏ်က ကင်းဝေးစွာ တစ်နေ့တစ်နေ့ ကုန်ဆုံးနိုင်မှာတော့ အသေအချာပါပဲ။ အချိန်ကို စနစ်တကျသုံးစွဲတဲ့အခါ အချိန်တွေပိုတွေရလာမှာတော့ အသေအချာပဲပေါ့။

    ဆိုပါစို့ မနက်အိပ်ရာကထဖို့အတွက် နှိုးစက်ပေးပြီးအချိန်သတ်မှတ်ရာမှာ ၁၀မိနစ်လောက်စောပြီး ချိန်ထားပေးပါ။ ဒါဆိုရင် နှိုးစက်အသံကြားကြားချင်း အိပ်ယာကနေ အပြေးအလွှားထဖို့ မလိုတော့ဘူး။ အချိန်ပို ၁၀ မိနစ်အတွင်းမှာ ခြေဆန့်လက်ဆန့်လုပ်ရင်း အသက်ရှုသွင်းထုတ်လေ့ကျင့်နိုင်ပါတယ်။ လက်တွေကို (အိပ်နေတဲ့ အနေအထားမှာ) ခေါင်းနားအထိအပေါ်ဖက်ကို ဆန့်ထုတ်ရင်း အသက်ကိုပြင်းပြင်း ရှုသွင်းရင်းပြီး လက်တွေကို ကိုယ်ခန္ဓာဘေးကို ပြန်ချတဲ့အခါ ခပ်ဖြည်းဖြည်းချင်း ရှုထုတ်နိုင်တယ်။ အချိန်ပို ၁၀ မိနစ်အတွင်း အဲဒိလို အသက်ရှုလေ့ကျင့်ခန်းလုပ်တာဟာ အိပ်နေတာထက်ပိုပြီး ထိရောက်တယ်။ ဒီလိုလေ့ကျင့်မှုက ကိုယ်ခန္ဓာဘေးနံရံကကြွက်သားတွေကို ဆန့်ထုတ်သလိုပါပဲ။

    အဲဒီနောက် ညာဘက်ကိုစောင်းအိပ်လို့ ညာလက်ကို ပခုံးပေါ်တင်ထားပြီး အသက်ပြင်းပြင်းရှုသွင်းတဲ့ အခါ လက်ကိုဦးခေါင်းနားဆီသို့ရောက်အောင် ဆွဲယူပါ။ အဲဒီအခါ ခါးအထိကြွက်သားတွေ ဆန့်ထုတ်သလို ခံစားရမယ့်အပြင် နောက်ကျောကြွက်သားတွေကိုလည်း ဆန့်ထုတ်သလိုဖြစ်လာ ပါတယ်။ လေကိုဝအောင် ရှုသွင်းတာဖြစ်လို့ အဆုတ်တွေ သွက်လက်လှုပ်ရှားလာမယ်။ ပြီးရင်ဘယ်ဘက်ကိုပြောင်းပြီးလုပ်ပါ။ ဘယ်ဘက်မှာရှိတဲ့နှလုံးဟာ သန်မာ လှုပ်ရှားလာနိုင်မှာဖြစ်လို့ အကျိုးဖြစ်ထွန်းမှုရှိပါတယ်။

    နောက်လေ့ကျင့်မှုတစ်ခုကတော့ အသက်ရှုသွင်းတဲ့အခါ ခြေထောက်တွေကို ဆန့်ထုတ်ပြီး မြှောက်ထားပါ။ အသက်ရှုထုတ်တဲ့ အခါမှ ဖြည်းဖြည်းချင်းပြန်ချပါ။ ဒီလေ့ကျင့်မှုသုံးမျိုးကို အိပ်ယာမှမထခင် နေ့စဉ် လိုလိုလေ့ကျင့် လှုပ်ရှားမယ်ဆိုရင်တော့ လန်းဆန်းတက်ကြွပြီး ကျန်းမာကြံ့ခိုင်စွာ ရှိနေမယ်ဆိုတာ အသေအချာပဲပေါ့။

    အိပ်ယာကထတဲ့အခါ တိုက်ရိုက်နိုးထတာမျိုးက ကိုယ်ရောစိတ်ပါထိခိုက်တတ်တယ်ဆိုတာ လက်တွေ့ သိသာနိုင်တယ်။ ရပ်နေတဲ့ကားတစ်စီးကို ဂီယာပြင်းပြင်းနှင့်နှိုးလိုက်သလိုမို့ စိတ်လှုပ်ရှားမှု အပြည့်နှင့် နှိုးထလာမှာပါ။

    နှလုံးမှာထိခိုက်ဝေဒနာခံစားရသလို စိတ်ပေါ့ပါးရွှင်လန်းမှုလည်းမရှိဘူး။ ဒါကြောင့် အချိန်ပိုကလေးယူ၊ နားနားနေနေရှိအောင် ကြိုးစားဖို့မမေ့သင့်ပါဘူး။ မနက်ခင်းမှာ စိတ်ကြည်ကြည်လင်လင်နှိုးထခြင်းဟာ တစ်နေ့လုံးစိတ်ကြည်လင် လန်းဆန်းဖို့အလားအလာအများကြီးရှိတာကိုး။

    အိပ်ယာကနိုးပြီဆိုတော့ မနက်စာအတွက်စီစဉ်ရပြီပေါ့။ မနက်စာစားရာမှာ ဘာစားတယ်ဆိုတာက ဘယ်လိုပုံစံစားသောက်တယ် ဆိုတာလောက်တော့ အရေးမကြီးလှဘူး။

    မနက်စာကိုဘာပဲစားစား ကျေကျေနပ်နပ် ပျော်ပျော်ရွှင်ရွှင်စားသောက်ဖို့သိပ်ကိုအရေးကြီးတယ်။ ခေါင်းထဲမှာအတွေးတွေအပြည့်နှင့် အစားအသောက်ကို အချိန်ယူစားမနေတော့ဘဲ ကရိုက်ကတိုက်ပြီး စလွယ်စားတတ်တာဟာ အစာချေဖျက်မှု စနစ်ကို ပျက်စီးစေ ရုံသာမက စိတ်ဖိစီး တင်းကျပ်မှုတွေကိုခံစားရမှာတော့ အသေအချာပါ။ ဒါကြောင့် အစားအသောက်ကို အလျင်စလို မစားဘဲ(နည်းနည်းများများ) အစာကြေအောင် အချိန်ယူစားတတ်တဲ့ အကျင့်ရှိဖို့လိုတယ်။ ဒါမှလည်း စားလိုက်သမျှအစားအသောက်တွေဟာ တစ်နေ့တာလှုပ်ရှားရုန်းကန်ဖို့ အားဖြစ်စေ ပါလိမ့်မယ်။ နောက်ပြီး ကြုံတွေ့ရမဲ့ အခက်အခဲတွေ၊ ပြသာနာတွေကို ရဲရဲကြီးရင်ဆိုင်နိုင်မယ့်ခွန်အားကိုပေးတယ်။

    ပုံမှန်လှုပ်ရှားလုပ်ကိုင်ခြင်းဟာ လူရောစိတ်ပါအပင်ပန်းပြေစေတဲ့ သဘော။

    တစ်နေ့မှာ လုပ်ကိုင်ဆောင်ရွက်ရမယ့် တာဝန်တွေကိုအပြေးအလွှားပြီးအောင်လုပ်နေရသူဟာ စိတ်ဖိစီးမှုတွေတစ်ထမ်းကြီးခံစားရပြီသာမှတ်။ နာရီကိုကြည့်လိုက်တဲ့ အခါ တစ်စုံတစ်ခုလုပ်ဖို့နောက် ကျနေပြီဆိုတာသိလိုက်ရတာနှင့် ကိုယ်ခန္ဓာကြွက်သားတွေဟာ တောင့်တင်းပြီး အထိတ်တလန့်ဖြစ်သွားရော။

    အလုပ်သွား၊ ကျောင်းသွား နောက်ကျပြီဆိုတဲ့အသိ ကိုယ့်ကိုကိုယ်နှိပ်စက်နေတယ်။ ဒါကြောင့် အရာရာကို စနစ်တကျ အချိန်သတ်မှတ်ပြီး ကြိုတင်စီစဉ်တတ်သူဟာ အလောတကြီးလုပ်စရာ လုံးဝမလိုဘူး။ အရာရာကို ခပ်အေးအေးနှင့် တည်တည်ငြိမ်ငြိမ်ဆောင်ရွက်နိုင်တယ်။ အလုပ်၊ ရုံး၊ ကျောင်း စတာတွေကို အချိန်မီရောက်တယ်။ သောကမပိုတာကြောင့် အဲဒီတစ်နေ့တာအတွက် စိတ်ဓာတ်တက်ကြွ လန်းဆန်းနေပြီပေါ့။

    ငွေကိုစနစ်တကျခွဲဝေသုံးစွဲသလို အချိန်ကိုလည်း စီမံဆောင်ရွက်နိုင်ဖို့လိုတယ်။ ဒါဆိုရင် ကိုယ့်မှာဆောင်ရွက်စရာ တစ်ခုခုပေါ်လာတိုင်း “အချိန်မရှိလို့” ဆိုတဲ့ အကြောင်းပြချက်နှင့် ဆင်ခြေပေးဖို့ မလိုတော့ဘူး။ စနစ်ဇယားလှလှနှင့် အချိန်ကိုခွဲဝေသုံးစွဲမယ်ဆိုရင် တစ်နေ့တစ်နေ့မှာ အချိန်ပိုတွေ ရလာမှာဖြစ်လို့ ကိုယ်ဝါသနာပါရာ၊ ကိုယ့်ဘ၀ တိုးတက်ရာ တစ်ခုခုကို လေ့လာဖို့ အခွင့်အရေးရမှာ အသေအချာပါပဲ။ တစ်ကယ်တမ်းတွေးကြည့်ရင် တစ်ရက်မှာရှိတဲ့ ၂၄ နာရီ (၁၄၄၀ မိနစ်) မှာကိုယ်ပိုင် အနားယူပြီး စိတ်လွတ်လပ်ပေါ့ပါးစွာ နေနိုင်ဖို့ ၁၅ မိနစ်လောက် အနည်းဆုံးမရှိသင့်ဘူးလား။ ဒါဆိုရင်လာမယ့်နေ့သစ်တွေအတွက် စိတ်ဓာတ်ခွန်အားအပြည့်နှင့် ရင်ဆိုင်နိုင်မယ်ဆိုတာ လက်တွေ့ခံစားဖူးသူတိုင်းသိမှာပါ။

    တချို့ရှိတယ်။ ဘာလုပ်လုပ် လျင်လျင်မြန်မြန်ကြီးလုပ်တတ်တယ်။ လုပ်ရမယ့်အလုပ်တွေပြီးမှဖြစ်မယ် ဆိုတဲ့အသိစိတ်က တရစပ်နှိုးဆော်နေတာကိုး။ တကယ်တော့ဒါဟာ မှားယွင်းတဲ့လုပ်ရပ်တစ်ခုပါ။ ကိစ္စတိုင်းကို စနစ်တကျတွေး အလျင်စလိုကြီးလုပ်စရာမလို (ဖြည်းနှေးရမယ်လို့မဆိုလိုပါ) မှတ်တမ်းကလေး လုပ်သွားပြီး စိတ်ကို တင်းမထားဘဲ အလိုက်သင့်ပြေလျော့ထားဖို့လိုမယ်။ ဒါမှလည်း အလုပ်ကိုပျော်ပျော်ကြီးအပြီးသတ်နိုင်မှာဖြစ်သလို အလုပ်ကြောင့် ၀န်ပိနေတာမျိုး မခံစားရတော့ဘူးပေါ့။ စိတ်ပူတာ၊ စိုးရိမ်သောကတွေ မရှိခြင်းဟာ ကိုယ်ဆောင်ရွက် ရမယ့် ကိစ္စတိုင်းကို အချိန်လုံလုံလောက်လောက်ယူပြီး ခေါင်းအေးအေး ထားဆောင်ရွက်ခြင်းပဲဖြစ်တယ်။

    ညအိပ်ယာမ၀င်ခင်ကတည်းက နောက်တစ်နေ့မနက်အိပ်ယာနိုးလာရင် ဆောင်ရွက်ရမဲ့ကိစ္စတွေကို စီမံစဉ်းစားထားတာ သောကပိုတဲ့သဘော လုံးဝမဟုတ်ပါဘူး။ မိုးလင်းတာနဲ့ ကိုယ့်ရဲ့အစီအစဉ် အတိုင်း ဆောင်ရွက်သွားရုံပါပဲ။ တစ်ခုရှိတာက အိပ်ယာကနိုးလို့ မျက်လုံးဖွင့်လိုက်တာနှင့် ကိုယ်လုပ်ရမဲ့ ကိစ္စတွေက ခေါင်းထဲစုပြုံတိုးဝင်လာ၊ စိတ်ရှုပ်၊ စိတ်ဖိစီးတာမျိုးတော့ မဖြစ်သင့်ဘူး။ ဒါဟာကိုယ့်ဘာသာ စိတ်ပင်ပန်း၊ လူပင်ပန်းအောင်နှိပ်စက်တဲ့ သဘောဖြစ်နေတယ်။ ကြိုတင် စီစဉ်တာနှင့် စိတ်ပူတာဟာ လုံးဝခြားနားတာမို့ ခွဲခြားမြင်ဖို့တော့လိုတယ်လေ။

    လူ့သဘာဝအရ နေ့စဉ်ဘ၀မှာ အခက်အခဲတွေ၊ စိတ်ညဏ်စိတ်ရှုပ်စရာတွေ ကြုံကြရသည်ပဲပေါ့။ ဒါတွေအတွက် “စိတ်ညစ်လိုက်တာ” လို့ပါးစပ်ကနေခိုညည်း ညည်းနေလို့ အရာခပ်သိမ်းကာပြေလည် သွားမှာမှမဟုတ်တာနော့။ ဒီတော့ ကြုံလာသမျှမှာ အခက်အခဲတွေဆိုတာရှိရင် ထွက်ပေါက်ဆိုတာလည်း မလွဲမသွေရှိမယ် ဆိုတာကို ရဲရဲကြီးယုံကြည်ထားမယ် ဆိုရင်ပေါ့။ အခက်အခဲတွေ၊ ပြသာနာတွေ အတွက် ခေါင်းခဲနေမယ့် အစား၊ ဖြေရှင်းနိုင်မယ့် နည်းလမ်းကို တွေးဆတာဟာ နည်းလမ်းကောင်းတစ်ခုပါ။

    အလုပ်ကိစ္စတွေဆောင်ရွက်လို့ပြီးစီးတဲ့အခါ၊ အစားအသောက်စားမယ်လို့ စိတ်ကူးတဲ့အခါ မိနစ်ပိုင်းလောက် ကလေးပဲဖြစ်ဖြစ် စိတ်ရောလူပါ အနားယူလိုက်ပါ။

    ဒါဆိုရင် စိတ်ကြည်လင်လန်းဆန်းသွားမှာသေချာတယ်။ အဲဒီတော့ စိတ်ဖိစီးမှုတွေက ကိုယ့်ကို အလဲထိုး၊ နှိပ်စက်နိုင်မှာ မဟုတ်တော့ဘူး။

    ဘ၀ဆိုတာ အစစအရာရာချောမွေ့အဆင်ပြေနေတတ်တာမျိုးမဟုတ်ဘူး ဆိုတဲ့အသိကို နားလည် လက်ခံထားရင်ပေါ့။ ကြုံပလေ့စေ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းပစ်လိုက်မယ်ဆိုတဲ့ ခံယူချက် ရှိလာမယ်။ ၂၄ နာရီ ပတ်လုံးစိတ်သောကရောက်နေမှာ မဟုတ်တာတော့ သေချာတယ်။ ဒီတော့ ဘ၀ကို အလိုက်သင့်ဖြေရှင်းဆောင်ရွက်ရင်း နေပျော်အောင်နေမလား၊ ဒါမှမဟုတ် ၀န်ထုပ် ၀န်ပိုးပိပြီး လေးလံနေတယ်လို့ ယူဆမလား။ ဒါကတော့ စာဖတ်သူရဲ့ ဆန္ဒပေါ့။     ။

    နှင်းဆီခင်