News @ M-Media

Tag: D-Rose

  • “ဆက်ဆံရေးအဆင်ပြေရဲ့လား”

    “ဆက်ဆံရေးအဆင်ပြေရဲ့လား”

    နိုဝင်ဘာ ၁၁ ၊ ၂၀၁၄
    M-Media
    .နှင်းဆီခင် ရေးသည်။
    PublicRelations
    လူဆိုတာက ထီးတည်းနေလို့ရတာမျိုးမဟုတ်လို့ မလွဲမသွေဆက်ဆံရတဲ့ ပတ်ဝန်းကျင်ရှိစမြဲပါ။ ကိုယ်ဆက်ဆံနေရတဲ့ အိမ်ပတ်ဝန်းကျင်၊ လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဖက်တွေ နောက်ပြီး အတန်းဖော်မိတ်ဆွေတွေစသူတို့နှင့် အဆင်ပြေပြေရှိတဲ့အခါ စိတ်ကြည်နူးပျော်ရွှင်ရပါတယ်။ ဒါမှမဟုတ် အထစ်အငေါ့၊ အကျိတ်အခဲလေးတွေရှိတဲ့အခါ စိတ်ရှုပ်ထွေးပြီး မကြည်မလင်ဖြစ်ရတယ်။ ပတ်ဝန်းကျင်နှင့်ကင်းလို့ကလည်း မရပြန်တော့ပေါင်းသင်းဆက်ဆံရာမှာ အဆင်ပြေခြင်း အဆင်မပြေခြင်းစတာတွေကို ကြုံဆုံကြရပြီပေါ့။ သူများတကာအပေါ်ကိုယ့်ရဲ့ပြုမူဆက်ဆံပုံဟာ ပတ်ဝန်းကျင်ရဲ့ကိုယ့်အပေါ် တုံ့ပြန်ဆက်ဆံပုံတွေဟာ တစ်ထပ်တည်းကျတယ်လို့မဆိုသာပါဘူး။ တစ်ခါတစ်ရံမှာတော့ ကိုယ့်အပေါင်းအသင်းတွေ အိမ်နီးချင်းတွေနှင့် မိသားစုဝင်တွေအပေါ်မှာ မာနကြောင့် ရိုင်းပျတာ မောက်မာတာမျိုးရှိတတ်တယ်။ ဒါကိုလည်း သတိထားမိချင်မှ ထားမိမယ်။ ဒါပေမယ့် သူများတကာက ကိုယ့်အပေါ်အဆင်မပြေတဲ့ ဆက်ဆံမှုတွေ ကြုံလာရင်တော့ ဒေါသတကြီး ဖြစ်မိတတ်ရော။

    အဲဒီအခါ စိတ်ထဲမှာ စွဲစွဲမြဲမြဲတွေးမိတာမျိုးရှိတာက ကိုယ်နှင့်ဆက်ဆံသူတိုင်းဟာ ယဉ်ကျေးသိမ်မွေ့မှုမရှိကြဘူး။ “ကြော” ချင်ကြတယ်။ စကားတင်းဆိုကြသူတွေ ချည်းပဲ။ ယဉ်ကျေးသိမ်မွေ့မှု လုံးဝမရှိကြဘူး။ စိတ်ဓာတ်အောက်တန်းကျလိုက်တာ စသည်ဖြင့်ပေါ့။ သူများအပေါ်အပြစ်တကာ့အပြစ်တွေမြင်ပြီး လျှော့တွက်လေ့ရှိတယ်။

    ဒါပေမဲ့ ကိုယ်ကိုယ်တိုင်ကျတော့ရော ဒါတော့တတ်နိုင်သမျှ အကောင်းတွေချည်းမြင်၊ ဖော့တွေးပြီး အပြစ်ကင်းတယ်လို့ စွဲစွဲမြဲမြဲ ယုံကြည်နေတတ်တာဟာ တကယ်တော့ အန္တရာယ်လို့ဆိုရမယ်။ တကယ်တမ်းပြောရရင် ကိုယ်ထင်ထားသလို အရည်အသွေးတွေ ကိုယ့်မှာတကယ်ရောရှိရဲ့လား ဆိုတာကိုတော့ မကြာခဏဆိုသလို ဆန်းစစ်ကြည့်သင့်ပါတယ်။

    နေ့စဉ်ဘ၀မှာကြုံဆုံရတဲ့ လူတွေဟာ စရိုက်အမျိုးမျိုး စိတ်ထားအမျိုးမျိုးရှိကြသူတွေလေ။ ကိုယ်ဟာ အတ္တကြီးမားသူ ဆိုရင်တော့ ဆက်ဆံရေးနယ်ပယ်မှာ အဆင်မပြေဖြစ်ဖို့ ကတော့ သေချာသလောက်ဖြစ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲ့ဆန္ဒကိုပဲ ဦးစားပေးပြီး သူများတကာကို လုံးဝထည့်မစဉ်းစားလို့ပဲပေါ့။ နောက်ပြီး ကိုယ့်အယူအဆ အတွေးအခေါ်ဟာ အမြဲတမ်းမှန်တယ်လို့ ယုံကြည်ထားတယ်။ ကိုယ့်အပေါ်နှစ်လိုပုံမပြတဲ့သူကိုလည်း လုံးဝလျစ်လျူရှုထားတယ်။ အဲဒီသူနှင့်အဆင်ပြေအောင် ပြောဆိုဆက်ဆံဖို့ မကြိုးစားသလို ညှိနှိုင်းဖို့လည်း စိတ်ကူးမရှိဘူး။

    တချို့ရှိတယ်။ သူတို့ကိုပတ်ဝန်းကျင်က ခင်ခင်မင်မင်ရှိတယ် ဆိုရင် သူတို့ပြောသမျှစကားအောင်ပြီး သူတို့ပြောဆိုသမျှ ငြင်းပယ်မယ့်သူ မရှိနိုင်ဘူးလို့ ယုံကြည်ထားရော။ ပတ်ဝန်းကျင်ဆိုတာကို အလေးအနက်ထည့် မစဉ်းစားချင်တော့ဘူး။ အချိန်မရွေး လှည့်ပတ်ပြောဆိုလို့ ရနိုင်တာပဲလို့လည်း လျှော့တွက်ထားတယ်။

    ဆိုပါစို့။ အဲဒီလိုလူစားမျိုးမှာ အခက်အခဲ တစ်စုံတစ်ရာ ကြုံလာခဲ့ရင် ပတ်ဝန်းကျင်ကို အရေးတကြီးအကူအညီတောင်းဖို့ ၀န်မလေးဘူး။ ဒါပေမဲ့ သူနှင့် ရင်းနှီးခင်မင်သူတစ်စုံတစ်ယောက်မှာ အခက်အခဲကြုံလို့ အကူအညီတောင်းလာခဲ့ရင်တော့ မသိကျိုးကျွံပြုပြီး နေတတ်တယ်။ အကူအညီပေးဖို့ လေးဖင့်နေရော။ ရှိသေးတယ်။ သူနှင့် အဆင်မပြေတဲ့ အပေါင်းအသင်းမိတ်ဆွေတွေအကြောင်း အိမ်နီးချင်းများ နှင့် မိသားစုဝင်တွေအကြောင်းကို မထိမ်မချန်ဘဲ လျှောက်ပြောတတ်ပြန်တယ်။

    တကယ်တော့ စိတ်ရင်းကောင်းပြီး ညှာတာ ထောက်ထားတတ်သူတိုင်းဟာ သူများနှင့် ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်လေ့ရှိတယ်။ ပြစ်တင်ရှုတ်ချတာကို မလိုလားဘူး။ တစ်စုံတစ်ယောက်က ကိုယ့်အပေါ်နှစ်လိုဟန်မပြဘူးဆိုရင် ဒေါသအလျင်စလိုမထွက်ဘဲ ဘာကြောင့်ဖြစ်ရတာပါလိမ့်ဆိုတဲ့ အတွေးနှင့်ပြန်ပြီး ဆင်ခြင်ဆန်းစစ်တယ်။ အဲဒီနောက်တော့ ကိုယ်တိုင်က မှားယွင်းနေတာဆိုရင် ချက်ချင်းဆိုသလိုပြန်ပြင်လိုက်တယ်။ တစ်ဖက်သားရဲ့ လွဲမှားမှုမျိုးဆိုရင် သူ့အပေါ် သဘောထားပြောင်းပြီး မြင်လိုက်တယ်။ စိတ်ရင်းကောင်းသူဟာ သူ့အပေါ်ခင်မင်ရင်းနှီးသူတွေနှင့် အခင်အမင်ပျက်စေမယ့် အရာမှန်သမျှအတတ်နိုင်ဆုံးရှောင်တယ်။ သတိလည်းထားလေ့ရှိတယ်။

    သူဟာဘ၀မှာ အောင်မြင်လာတဲ့အခါမှာ မောက်မာလေ့ မရှိဘူး။ ကိုယ့်ကိုကိုယ်နှိမ်ကျအောက်ကြို့ဆက်ဆံတတ်တယ်။ တစ်ခါတစ်ရံမှာပေါ့ ကိုယ်က (အကြောင်းကြောင်းကြောင့်) ခင်မင်ရင်းနှီးလိုစိတ် မရှိသူက ကိုယ့်ကို အရောတ၀င်ရင်းနှီး ခင်မင်နေမယ်ဆိုရင်တော့ (သနားစိတ်နှင့်) တုန့်ပြန် ခင်မင်နိုင်အောင် ကြိုးစားမှာတော့ အသေအချာပါပဲ။

    ဆိုပါစို့ … တစ်ခါတစ်လေမှာ သူ့အတွက် အခက်အခဲတစ်ခုခု ကြုံရတာမျိုး။ ကျန်းမာရေးချို့ယွင်းလာမယ်ဆိုရင် ကိုယ်တိုင် ဖြေရှင်းနိုင်အောင် ဦးဆုံးကြိုးစားသင့်တယ်။ သူ့အတွက်ကြောင့် သူများတကာမှာ ၀န်ပိမှာကိုတော့ အရမ်းစိုးရိမ်တတ်တယ်။ ဒါပေမယ့်လည်း စိတ်ရင်းစေတနာကောင်းမွန်သူဟာ သူပြုခဲ့တဲ့ လူမှုအကျိုးပြု စိတ်ဓာတ်ကြောင့် အခက်အခဲကြုံလာရတဲ့အခါ ထွက်ပေါက်ရလေ့ရှိတယ်။ လှိုက်လှိုက်လှဲလှဲကူညီပေးမယ့်သူ မရှားဘူးဆိုတာ လက်တွေ့ကြုံဆုံလာရမှာပါ။

    သူငယ်ချင်းကောင်း၊ သူငယ်ချင်းစစ်တွေလိုချင်တယ်လို့ တဖွဖွအော်နေသူတွေဟာ တော်တော်များများကို မကောင်းမြင်စိတ်နှင့်ချည်း ကြည့်လေ့ရှိကြပြီး ကိုယ်ကလွဲလို့ ဘယ်သူမှ မကောင်းဘူးလို့ချည်း “ထစ်” နေတတ်လာကိုး အမှန်တော့ အလွယ်ကူဆုံး ဆန်းစစ်ကြည့်သင့်တာက ကိုယ်တိုင်ကရော အများသူငါအတွက် သူငယ်ချင်းကောင်းပီသရဲ့လားဆိုတာပဲပေါ့။

    ကျယ်ဝန်းလှတဲ့ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ စိတ်ရင်း စေတနာကောင်းသူ၊ အကောင်းမြင်တတ်သူတွေအတွက် မိတ်ဆွေမရှားဘဲ ပတ်ဝန်းကျင်နှင့် အဆင်ပြေ ချောမွေ့နိုင်ပါတယ် ဆိုတာကိုတော့ …..

    နှင်းဆီခင်

  • နေထိုင်မှု ဘ၀ပုံစံများ

    နေထိုင်မှု ဘ၀ပုံစံများ

    နိုဝင်ဘာ ၃ ၊ ၂၀၁၄
    M-Media
    .နှင်းဆီခင် ရေးသည်။
    LIFESTYLE word on arrow pointer
    နေ၀င်က နေထွက် တစ်နေ့တာဘ၀ကို လူတိုင်းဟာ ပုံစံမျိုးစုံနှင့် ကုန်ဆုံးနေကြတယ်။ တချို့ကပညာ၊ တချို့ကတော့ ဥစ္စာ၊ ကျန်တဲ့အချို့ကတော့ ဘ၀နှင့်ပေါ့။ ဒါကလည်း အသက်အရွယ် အပိုင်းအခြားပေါ် မူတည်ပြီး ခေါင်းစဉ်လည်း ကွဲပြားသွားတတ်တာကိုး။ ပညာပြီးပညာဆိုသလို လေ့လာဆည်းပူးနေကြသူတွေထဲမှာ ကိုယ်တိုင်စိတ်ပါလက်ပါရှိပြီး အားတတ်သရော ဖတ်မှတ်လေ့လာသူတွေရှိကြသလို၊ လူကြီးမိဘနှင့် အုပ်ထိန်းသူတွေရဲ့အလိုကျ စာပေပညာကို သင်ယူနေကြသူတွေလည်း အများအပြားပါပဲ။

    အရွယ်လတ်ပိုင်းမှာကျပြန်တော့လည်း စီးပွားရေးကြိုးပမ်းနေကြသူတွေလည်း ရှိကြပါတယ်။ ဒါပေမယ့် တချို့လူငယ် လူလတ်တွေဟာ ကိုယ့်ရဲ့အလုပ်ကို ၀န်ပိသလိုခံစားရပြီး စိတ်ဝင်တစားလည်း မရှိသလို ပျင်းရိဖင့်နွဲ့ပြီး နေတတ်သူတွေလည်း ပမာဏမနည်းလှပါဘူး။ အသက်အရွယ် အိုမင်းလို့ ဇရာကို ချဉ်းကပ်လာပြန်တော့လည်း စိတ်ပျိုကိုယ်နုရင်း သွက်လတ်ဖျက်လတ်မှု အပြည့်နှင့်ဘ၀ကို ကျော်ဖြတ်ကြသူတွေကို တွေ့မြင်နိုင်သလို လောကဓံရဲ့ အထိုးအနှက်နှင့် ဇရာဖိစီးတဲ့ဒဏ်ကို အလူးအလှိမ့်ခံစားနေကြရသူတွေကိုလည်း ကိုယ့်ရဲ့နီးစပ်ရာပတ်ဝန်းကျင်မှာ တွေ့မြင်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ။ အရွယ်သုံးပါးမှာ ရှိနေကြတဲ့လူတွေရဲ့ နေ့စဉ်ဖြတ်သန်းပုံတွေကတော့ စိတ်ဝင်စားစရာကောင်းတာတော့အမှန်။

    ဆိုပါစို့ သက်ကြီးပိုင်းတွေ။ ယေဘုယျအနေနှင့်ကတော့ အသက် (၆၀) ကျော်တာနှင့် ကိုယ့်ရဲ့လုပ်ငန်းတာဝန်တွေဟာ အလိုလိုရပ်စဲပြီးသား (နိုင်ငံ့ဝန်ထမ်းတွေ) ဖြစ်သွားရော။ တစ်ခုရှိတာက ကျွမ်းကျင်တဲ့ပညာရှင်တွေကတော့ သက်တမ်းရှည်ရှည်တာဝန်ထမ်းဆောင်ခွင့်ရတာ (ခြွင်းချက်ပေါ့လေ) သက်ကြီးပိုင်း တော်တော်များများကတော့ မြေးထိန်းရင်း အချိန်ကုန်ဆုံးလေ့ရှိကြတယ်။ မြေးအနှစ်လို့ ဆိုထားတာမို့ ကိုယ့်ရင်သွေးတွေရဲ့ မျိုးဆက်သစ်မြေးတွေကို တုန်နေအောင် ချစ်တတ်ကြသလို၊ ပြုစုစောင့်ရှောက်ဖို့လည်း ၀န်မလေးတတ်ကြပါဘူး။

    တချို့ သက်ကြီးရွယ်အိုတွေကျပြန်တော့ မှီခိုအားကိုးရာအနေနှင့် သားသမီးတွေရဲ့အရိပ်ကိုခိုရင်း မြေးထိန်းဖြစ်ကြသည်ပဲပေါ့။ တချို့ကတော့ သစ်ပင်ပန်းပင်လေးတွေကို ရေလောင်းပေါင်းသင်၊ စိုက်ပျိုးကြရင်း ဘ၀ကို ကြည်ကြည်နူးနူး အချိန်ကုန်ဆုံးကြပြန်တယ်။ သတင်းစာ၊ ဂျာနယ်တွေ အချိန်ယူပြီးဖတ်၊ နောက်ပြီး ကိုယ့်လိုသက်တူရွယ်တူတွေနှင့် လက်ဖက်ရည်ဆိုင်ထိုင်ရင်း ဆွေးနွေးကြ ငြင်းခုံကြပေါ့။ တရားဘာဝနာကို အားသန်သူတွေကလည်း တရားစခန်းတွေဝင်၊ သာသနာအကျိုးကို သယ်ပိုးရင်း အေးချမ်းတဲ့ ဘ၀လေးတစ်ခုကို ဖန်တီးယူကြတယ်။ သာသနာရေး၊ လူမှုရေး ကိစ္စတွေမှာ စိတ်ရောကိုယ်ပါ နှစ်မြုပ်ထားသူတွေလည်း အများသား။ သူတို့အနေနှင့်ကလည်း သားသမီးတာဝန်တွေက ကျွတ်လွတ် ပြီးဆုံးသွားပြီမို့ စိတ်အေးလက်အေး ရှိသွားပြီလေ။

    ဘ၀ရဲ့နောက်ဆုံးအချိန်တွေကို ကျန်းမာပျော်ရွှင်စွာ ကုန်ဆုံးချင်ကြတဲ့ သက်ကြီးပိုင်းတွေကတော့ ကိုယ်လက်လှုပ်ရှား သွားလာတာကို အထူးအလေးထားပြီး ကျန်းမာကြံ့ခိုင်မှုကို ရယူကြတယ်။ အိမ်နီးနားချင်း နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံမှာတော့ လူနာတွေကို နည်းမှန်လမ်းမှန် ကိုယ်လက်လှုပ်ရှားနိုင်အောင် ညွှန်ပြဖို့အတွက် ဆေးပညာရှင်တွေ (ဆရာဝန်) ကို အဓိက သင်ကြားလေ့ကျင့်ပေးတယ်လို့ ဆိုပါတယ်။ အဲဒီအခါ အာဟာရတစ်ခုတည်းသာမက ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းရဲ့ အရေးပါ ထိရောက်ပုံကိုပါ လူနာတွေမှတ်သားလိုက်နာကြရပါတယ်။

    လူငယ်၊ လူလတ်တွေအဖို့ ပညာရေး၊ စီးပွားရေးအတွက် နာရီပေါင်းများစွာ အချိန်ပေးကြရပါတယ်။ နေ့တစ်နေ့ရဲ့ အစိတ်အပိုင်းတော်တော်များများပဲပေါ့။ အဲဒီအခါ ကျန်းမာကြံ့ခိုင်မှုနှင့် စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်လန်းဆန်းမှုတွေကို မေ့ထားခဲ့ကြတယ်။ အချိန်ကြာလာတာနှင့်အမျှ စိတ်ဖိစီးတင်းကျပ်မှုတွေကို ခံစားရင်းထွက်ပေါက်မရှိဘဲ နေ့စဉ်ဘ၀ကို ကုန်ဆုံးဖြစ်တယ်။ အမှန်တော့ ကိုယ်လက်လှုပ်ရှားမှုဟာ ကိုယ်ရောစိတ်ပါ ကျန်းမာစေတဲ့ ဆေးဝါးဆိုတာ မမေ့သင့်ဘူး။ နောက်ပြီး သက်ရှည်ကျန်းမာဖို့အတွက် အဓိကသော့ချက်ပဲဆိုတာလည်း ဂရုပြုသင့်တယ်။ တကယ်တမ်းပြောရရင် တက်ကြွဖျတ်လတ်တဲ့လူငယ် လူလတ်တွေကို ပိုင်ဆိုင်ထားသူတိုင်းဟာ တစ်နေ့မှာ နာရီဝက်အနည်းဆုံး ကိုယ်လက်လှုပ်ရှားနိုင်ခွင့်ရအောင် အချိန်ယူလေ့ရှိကြတယ်။ အဲဒီအခါ လူရော စိတ်ပါကြည်လင်လန်းဆန်းသလို ကိုယ့်ရဲ့တစ်နေ့တာဆောင်ရွက်ရမဲ့ တာဝန်ဝတ္တရားတွေကိုလည်း စိတ်လက်ပေါ့ပါးစွာထမ်းဆောင်နိုင်ကြတယ်။

    အချိန်ပိုမရှိပါဘူးလို့ ဆိုတဲ့သူတွေအတွက် တစ်ပတ်မှာလေးရက်၊ တစ်ရက်မှာ မိနစ် ၂၀ လောက် ကလေးပဲဖြစ်ဖြစ် ကိုယ်လက်လှုပ်ရှားမှုတစ်ခုခု၊ ဒါမှမဟုတ် ခပ်သွက်သွက်လမ်းလျှောက်တာပဲဆိုဆို လုပ်နိုင်အောင် ကြိုးစားကြည့်သင့်တယ်။ ရရှိလာမဲ့ အကျိုးဆက်က ကြိုးစားထားတာနှင့် မတန်အောင် ရရှိနိုင်တာကိုတော့ လက်တွေ့ဆောင်ရွက်သူတိုင်းသိမှာပါ။

    လမ်းလျှောက်တယ်ဆိုတာ ကြံ့ခိုင်ကျန်းမာဖို့အတွက်ချည်း ရည်ရွယ်တာမဟုတ်ပါဘူး။ လူငယ်လူငယ်ပိုင်းတွေဟာ သူတို့ရဲ့ဘ၀နေထိုင်မှုပုံစံကို စိတ်လွတ်လပ်မှုရှိရှိ အသုံးချခြင်းတစ်မျိုးလို့ ဆိုနိုင်တယ်။ ကြည့်လေ … ဖိအားတွေ၊ တင်းကြပ်မှုတွေများတဲ့ လုပ်ငန်းခွင်ကအပြန်မှာ လမ်းဘေးဝဲယာရဲ့ သဘာဝအလှတရားတွေကို လမ်းလျှောက်ရင်း ခံစားနိုင်သည်ပဲ။ ဒါဟာလည်း ကြည့်လိုက်ရင် သာမန်အသေးအဖွဲလို့ ထင်ရပေမဲ့ သူတစ်ယောက်ရဲ့ နေထိုင်မှုပုံစံကို တအားကြီးအထောက်အကူပြုတာကိုး။

    ဆိုပါစို့ … ရေတွင်းများလို့ပေါ့။ တစ်နေ့လုံး ခပ်သုံးထားသမျှ ရေတွေဟာ တစ်တွင်းလုံး နီးပါးခန်းနေပြီ။ ဒါကိုအချိန်တော်တော်ကြာကြာ (တစ်ညလုံးနီးပါး) အနားပေးထားတဲ့အခါ မိုးလင်းလာရင် ရေတွေပြန်ပြီး ပြည့်လာသလိုပါပဲ။ ဒီလိုပါပဲ တစ်နေ့တာလုံး အသုံးချထားရတဲ့ အင်အားတွေကို အနားပေးတဲ့အခါ လူရောစိတ်ပါ လန်းဆန်းပြီး လာမယ့်နေ့သစ်တွေ အတွက် အားသစ်တွေပြန်ပြီး ပြည့်လာစမြဲပဲပေါ့။ အသက်အရွယ်မရွေး ကိုယ့်အတွက် အကျိုးဖြစ်ထွန်းမယ့် နည်းလမ်းတွေကို​​ ရှာကြံပြီး နေတတ်ထိုင်တတ်မယ် ဆိုရင်ပေါ့။ လူ့ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မယ်။ မိတ်ဆွေသစ် မိတ်ဆွေဟောင်းတွေနှင့် အဆင်ပြေလိုက်လျောမှုရှိတဲ့အခါ ဘ၀နေထိုင်မှုပုံစံဟာ ငြီးငွေ့စရာကောင်းမယ် မဟုတ်တော့ပါဘူး။ အမြဲတမ်းမဟုတ်သည့်တိုင် ဘ၀ရဲ့အစိတ်အပိုင်း တော်တော် များများဟာ ပျော်ရွှင်ကြည်နူးဖွယ်ရာ နေ့ရက်တွေနှင့် ပြည်လျှံနေမှာပေါ့လို့ ………

    နှင်းဆီခင်

  • မျှော်လင့်မထားဘူးနော်

    မျှော်လင့်မထားဘူးနော်

    အောက်တိုဘာ ၂၇ ၊ ၂၀၁၄
    M-Media
    .နှင်းဆီခင် ရေးသည်။
    never_give_up_by_mightymo030-d6ucm21
    အမှတ်နှစ်ခုကို ဆယ်သွယ်ရာမှာ အတိုဆုံး အကွာအဝေးက မျဉ်းဖြောင့်ဖြစ်သလို၊ မျဉ်းကွေးတွေနှင့်လည်း ဆက်သွယ်နိုင်တယ်ဆိုတာ ငယ်ဘ၀က သင်ကြားခဲ့ကြဖူးမှာပါ။ ဒီလိုပါပဲ ဘ၀ရဲ့အစမွေးဖွားခြင်းနှင့် ဘ၀နိဂုံးတို့ အကြားမှာလည်း အဆင်ချောပြီးပြေပြစ်တဲ့

    မျဉ်းကြောင်းလိုချည်းတော့ မဟုတ်ဘူးပေါ့။ အတက်အဆင်း၊ အနိမ့်အမြင့်တွေ မျှော်လင့် မထားတာတွေဟာ မျဉ်းကွေးတစ်ခုလို ကြုံဆုံ တတ်ကြ ရပါတယ်။ လောကမှာရှိတဲ့ အရာတိုင်း ပြောင်းလဲတယ်။ အကြောင်း ကိစ္စတွေပြောင်းလဲတယ်။ လူတွေလည်းပြောင်း လဲတယ်။ ပြီးတော့ သူရော ကိုယ်ပါ ပြောင်းလဲတတ်တာ သဘာဝပဲလေ။

    ဘ၀ဟာဒီလိုပါပဲ ဖြစ်ပျက်နေတာမို့ အရာခပ်သိမ်းဟာ တည်တံ့မနေကြဘူး။ ကိုယ်ဖြစ်ချင်သလို ထိန်းချုပ် ဆုပ်ကိုင်မထားနိုင်ဘူး။ မဖြစ်ချင်တာတွေတစ်ခုပြီး တစ်ခု ဆက်တိုက်ဖြစ်လာတာမျိုးလည်း ရှိပြန်ရော။ တကယ်တော့ သက်မဲ့တွေဖြစ်တဲ့ တိုက်တာအဆောက်အအုံ၊ လမ်းမကြီးတွေ အစရှိတဲ့ လူဖန်တီး ပြုလုပ်ထားတဲ့အရာတွေ မှာသာ မျဉ်းဖြောင့်တွေကို တွေ့ရမှာပါ။ သဘာဝအလှအပတွေ၊ ပန်းခြံ၊ဥယျာဉ် သစ်ပင်ပန်းမန် စတာတွေ အားလုံးလိုလို မျဉ်းကွေးတွေနှင့် ဖွဲ့စည်းထားတာကို အသေအချာ သတိထားမိရင် သိနိုင်ပါတယ်။ ဆိုလိုတာက အရာခပ်သိမ်းမှာ အထစ်အငေါ့အကွေ့ အကောက်တွေနှင့် ပြည့်နေတဲ့ဆိုတဲ့သဘော။

    ကိုယ့်ဘ၀ကိုခိုင်မာတဲ့ ရည်မှန်းချက်တွေချပြီး အပြင်းအထန်ကြိုးစားတာ လူငယ်အများစုရဲ့ သဘာဝပါပဲ။ ဒါပေမဲ့ တစ်ချိန်ချိန်မှာ ကိုယ်လုံးဝ မျှော်လင့်မထားတဲ့ အရာတွေက ဖြုန်းကနဲဆိုသလိုပေါ်လာပြန်ရော။ ဒီတော့ဘာလုပ်မလဲ။ စိတ်ပျက်လက်ပျက်ဖြစ်ပြီး ငိုညည်းနေမလား။

    လက်လျှော့အရှုံးပေးလိုက်ပြီလား။ သူများတွေကျတော့ အောင်မြင်မှုရလို့ ပျော်နေလိုက်ကြတာ။ ငါ့မှာတော့ဆိုတဲ့ အတွေးနှင့် တ၀ဲလည်လည်ဖြစ်ပြီး စိတ်ပျက်အားငယ်နေမလား။

    အလေးအနက် ဆင်ခြင်တတ်သူတွေ အတွက်တော့ အဲဒီလိုမျှော်လင့်မထားဘဲ ဖြစ်လာတာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်အောင်ကြိုးစားလေ့ ရှိတယ်။ ဆိုပါစို့ အောင်မြင်မှုဆိုတာ နိဂုံး မဟုတ်သလို ဆုံးရှုံးမှုဆိုတာဟာလည်း နိဒါန်း မဟုတ်ဘူးဆိုတဲ့ အဆိုကို လက်တွေ့လေ့လာ ကျင့်သုံးတယ်။  ကောင်းတာတွေရော ဆိုးတာတွေပါ တစ်သက်စာ တည်တံ့နေမှာပဲလို့ ယူဆဖို့မှမရတာ။ အရာခပ်သိမ်းဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေအနေအရ ဖြစ်ပျက် လာတတ်တာမျိုး၊ နောက်တော့ လည်း ပြီးပြီးပျောက်ပျောက် ဖြစ်သွားတာချည်းပဲ ဆိုတဲ့အသိစိတ်နှင့် ဆင်ခြင်နိုင်တယ်။ ဒါဆိုရင် စိတ်ပျက် အားငယ်စရာတွေမှာ တ၀ဲလည်လည်တွေး မနေတော့ဘဲ ဘ၀ကိုကြံ့ကြံ့ခံပြီး ရှေ့ဆက်ဖို့ကြိုးစားမိမှာပါ။

    မျှော်လင့်မထားတဲ့ အရာတစ်ခုခုကိုကြုံတိုင်း ကိုယ့်ကိုယ်ကို မေးကြည့်သင့်တာက “ဒီလိုစိတ်ပျက်စရာကိစ္စ တစ်ခုမှာ ငါ့ရဲ့စွမ်းအားတွေကို အလဟသ ဖြုန်းတီး ပစ်လိုက်တော့မှာလား” …..ဆိုတဲ့ မေးခွန်းပါပဲ။ ဆိုးဝါးတဲ့အခြေအနေ တစ်ခုအတွက် အပြင်းအထန်ခံစားနေရပြီး  စိတ်ထွက်ပေါက်မရှိတာမျိုးတော့ မဖြစ်သင့်ဘူးလေ။ သူများတကာ ပြောဆိုဝေဖန်တာတွေ၊ သူများရဲ့ စိတ်ဆန္ဒအတိုင်း ဆုံးဖြတ်ပေးတာ တွေကြောင့် ပြင်းပြင်းထန်ထန်ခံစားရတဲ့အပြင် ကိုယ့်ဘ၀ရဲ့ တစ်စိတ် တစ်ဒေသကို ပေးလိုက် ရတော့မှာလားဆိုတာ စဉ်းစားရမယ်။ တကယ်တော့ အခုတစ်ကြိမ်ကြုံတွေ့ရတာဟာ ထာဝရအတွက် မဟုတ်တာမို့ ကောင်းတာလေးတွေ ကြုံလာနိုင်သလို၊ နောက်ထပ်ရနိုင်မဲ့ အခွင့်အရေးကောင်းကို အမိအရ ဆုပ်ကိုင်နိုင်အောင် ကြိုးစားနိုင်ပါသေးတယ်။

    အခက်အခဲတစ်စုံတစ်ရာ ရုတ်တရက်ကြုံတွေ့ ရတယ်ဆိုပါစို့။ ကိုယ်ဘယ်လိုမှ မျှော်လင့် မထားတဲ့အရာဆိုရင် အနည်းနှင့်အများဆိုသလို စိုးရိမ်တကြီးဖြစ်မိမှာတော့ အမှန်ပဲ။ အဲဒီအခါမျိုးမှာ ကြောက်စိတ်ထက် စူးစမ်း ဆင်ခြင်တာကိုတော့ ဦးစားပေးသင့်တယ်။

    ကိုယ့်ကိုကိုယ်မေးကြည့်ရမှာက “အခုအခက်အခဲဟာ ဘယ်လောက် အတိုင်းအတာအထိ ဆုံးရှုံးနိုင်မလဲ။ ဘယ်လို အကျိုးဆက်တွေဖြစ်လာနိုင်မလဲ”  စတာတွေပေါ့။ အဖြေတွေကိုတော့ ကိုယ့်ကိုယ်ကို မညာတမ်း ဖြေကြည့်ဖို့လိုလိမ့်မယ်။ အကောင်းဆုံးကတော့ ကြုံတွေ့လာသမျှအတွက် ညည်းညူ စိတ်ပျက်နေတာထက် ထွက်ပေါက်ရှာဖို့ကပိုပြီး အရေးကြီးတယ်။

    အခက်အခဲတိုင်း ပြဿနာတိုင်း အတွက် အဖြေဆိုတာ ရှိစမြဲပါ။ ဒီအချက်ကို စွဲစွဲမြဲမြဲယုံကြည်ပြီး တစိုက်မတ်မတ်ကြိုးစား လို့ကတော့ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းဝံ့တာ အသေအချာပါပဲ။ တစ်ခုရှိတာက တစ်နေရာမှာကျောက်ချလို့ ထိုင်ပြီး စဉ်းစားတွေးတောရင်း အချိန်တွေကုန်သွားတာမျိုးတော့ မဖြစ်ဘူးပေါ့။

    ကြုံလာသမျှကို အကောင်းမြင် အကောင်းတွေးတဲ့စိတ်နှင့် ကြည့်တတ် မြင်တတ်ရင် လောကကြီးဟာထင်သလောက် မကြမ်းတမ်းသလို ကိုယ့်ရဲ့ လက်ရှိ ဘ၀ဟာလည်း ထင်သလောက် မဆိုးပါဘူး။ အပြောင်းအလဲဆိုတာကို လက်ခံနိုင်အောင်၊ လက်ခံတတ်အောင် စိတ်ကိုပြင်ဆင်ထားဖို့လိုတယ်။ အရာခပ်သိမ်းဟာ အမြဲတမ်း အဆင်ပြေ ချောမွေ့နေမှာ မဟုတ်ဘူးဆိုတဲ့ အသိရှိနေမယ်ဆိုရင် လောကဓံရဲ့အထိုးအနှက်နှင့် အပြောင်းအလဲတွေအတွက် သိပ်ပြီးခြောက်ခြားမိမှာမဟုတ်ပါဘူး။

    လောကသဘာဝက စက္ကန့်နှင့် အမျှပြောင်းလဲနေတယ်။ ကိုယ့်ဘ၀ကို ရိုးသားစွာ လက်ခံပြီး လောကကြီးရဲ့ကောင်းနိုး ရာရာလေးတွေကို အားပါးတရကြည်နူး ခံစားတတ်ဖို့ သိပ်ကိုအရေးကြီး ပါတယ်။ စိတ်ကူးလေး တစ်ခုကို ခံစားကြည့်ရအောင်ပါ။ ကိုယ်လှော်ခတ်ပြီးသွားနေတဲ့ လှေကလေး တစ်စင်းဟာ ရေပြင်အောက်ကို အကြောင်းတစ်ခုခုကြောင့် နစ်မြုပ်သွားတယ် ဆိုပါစို့။ စိတ်ကိုတည်ငြိမ်အောင် အရင်ဆုံးထား စွမ်းအားရှိသလောက် ကြိုးစားကူးခတ်ရင် အတိုင်းအတာတစ်ခု အထိ အောင်မြင်နိုင်သေးတယ် ဆိုတာမျိုး။

    နေ့စဉ်ဘ၀မှာ ကြုံတွေ့နေရသမျှ မျှော်လင့်မထားတဲ့အရာတွေအတွက် စိတ်ပူပင်သောကရောက်နေတဲ့ မျက်လုံးတွေအစား ယုံကြည်မှုအပြည့်အ၀ရှိတဲ့ မျက်ဝန်းတွေနှင့် ကြည့်လိုက်ကြရအောင်ပါ။

    နှင်းဆီခင်

  • လူ့ပတ်ဝန်းကျင်မှာ ၀င်ဆံ့အောင်

    လူ့ပတ်ဝန်းကျင်မှာ ၀င်ဆံ့အောင်

    အောက်တိုဘာ ၁၉ ၊ ၂၀၁၄
    M-Media
    .နှင်းဆီခင်ရေးသည်။

     

    images

    လူဆိုတာက ထီးတည်းနေလို့ရတာမျိုးမဟုတ်လို့ ကိုယ်နှင့်ဆက်နွယ်နေတဲ့ အသိုင်းအ၀ိုင်းဆိုတာ ရှိနေတတ်စမြဲပါ။ အထူးသဖြင့် လှပတဲ့အနာဂတ်ကို ဦးဆောင်နေရာယူကြမယ့် လူငယ်တွေ အတွက် ပတ်ဝန်းကျင်မှာ အလိုက်သင့် ၀င်ဆန့်ဖို့တော့ အရေးကြီးတယ်လေ။ ကိုယ်ဆက်ဆံရတဲ့ ပတ်ဝန်းကျင်နှင့် အဆင်ပြေလို့ ဘာသိဘာသာနေလိုက်တာပါလို့ တချို့လူတွေက ဆိုကြတယ်။ အမှန်တော့ အဲဒီလိုနေပါများရာက အထီးကျန်သလိုခံစားလာရတာမို့ အလိုလို စိတ်တို၊ စိတ်ညစ်ပြီး အလိုမကျဖြစ်လာရော။ တစ်ခုရှိတာက ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက ကိုယ်နှင့်စရိုက်မတူ ၀ါသနာချင်း ကွာခြားတာမို့ အပေါင်းအသင်းမထားဘဲနေလိုက်တယ်ဆိုတဲ့ တချို့လူတွေရဲ့ အကြောင်းပြချက်ကလည်း ရာခိုင်နှုန်းပြည့်မှန်တယ်လို့ မဆိုသာဘူး။ ကောင်းပြီ။ ရှောင်ကွင်းလို့မရတဲ့ လူ့ဝန်းကျင်မှာ အလိုက်သင့်ဝင်ဆန့်အောင် ကြိုးစားဖို့တော့ လိုပြီလေ။

    ဦးဆုံးအနေနှင့်ကတော့ ကိုယ့်ရဲ့အပြောအဆိုပေါ့။ နေ့စဉ်နှင့်အမျှ ပြောဆိုဆက်ဆံရာမှာ စကားဟာ အခရာ ကျလှတယ်။ နောက်ပြီး ကိုယ်ပြောတဲ့စကားရဲ့လေသံက မာနသံ၊ အောက်ကြို့သံ၊ ဒေါသသံနှင့် နှစ်လိုဖွယ်အသံလား။ ဒါကလည်းအရေးကြီးတယ်။ စကားလုံးရွေးချယ်မှုက တူပေမယ့် ပြောလိုက်တဲ့လေသံပေါ်တည်လို့ တစ်ဖက်လူကတုံ့ပြန်တတ်တာ သဘာဝပဲမဟုတ်လား။ တချို့ရှိတယ် ကိုယ့်ရဲ့ပညာ၊ ဥစ္စာနှင့် ဂုဏ်အဆင့်အတန်းကို လိုက်ပြီး လေသံကမာထန်တယ်၊ တစ်ဖက်လူကိုလျှော့တွက်ပြီး အပေါ်စီးကပြောဆိုဆက်ဆံတယ်။ အပြောခံရသူကတော့ အောင့်သက်သက်ပေါ့။ အားမနာလို့ပဲဖြစ်ဖြစ် အားနာလို့ပဲဆိုဆို အလိုက်သင့် ခေါင်းငုံ့ခံပြောဆိုနေပေမယ့် စိတ်ထဲကတော့ လုံးဝနှစ်မြို့လက်ခံချင်မှာမဟုတ်ဘူးဆိုတာ သေချာတယ်။ အဲဒီလိုလူစားမျိုးဟာ လူတကာ ချစ်ခင်လေးစားတာကို မခံရတာကြောင့် လူ့ဝန်းကျင်မှာ ၀င်ဆန့်မယ်မဟုတ်ပါဘူး။

    သာယာနာပျော်ဖွယ် စကားမျိုးကို ကိုယ်တိုင်ကြားချင်သလို သူများတကာကိုလည်း ပြောဆိုဆက်ဆံတတ်အောင် လေ့ကျင့်ရမှာပါ။ စကားလုတာ၊ အငြင်းသန်တာတွေက ကိုယ့်ကိုအခင်မင်လျော့နည်းစေတတ်ပြီး ဝေးဝေးကရှောင်တတ်ကြတယ်။

    လူ့သဘာဝအရပဲဆိုပါတော့။ ကိုယ်ကအကူအညီပေးရတာရှိသလို ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကနေ အကူအညီယူရတာမျိုးလည်းရှိပြန်တယ်။ လူ့အသိုင်းအ၀ိုင်းမှာ ၀င်ဆန့်တဲ့သူဟာ အကူအညီပေးဖို့ ၀န်မလေး တတ်သလို စိတ်ရောကိုယ်ပါ ကူညီလေ့ရှိတယ်။ ဒီတော့ သူ့ရဲ့စေတနာနှင့် အကျိုးဆောင်မှုကို တသသဖြစ်သွားတဲ့ အထိပဲပေါ့။ သူငယ်ချင်းသစ် တစ်ယောက်ရလိုက်ရင် သူ့ဆီကဘာများရပါ့မလဲလို့ အကျိုးမျှော်တာထက် ကိုယ့်ဘက်က ဘာတွေပေးနိုင်မလဲဆိုတာ အမြဲစဉ်းစားတဲ့သူဟာ အပေါင်းအသင်းအလယ်မှာ အသိအမှတ်ပြုခံရလေ့ရှိတယ်။

    ရှိသေးတယ်။ ကိုယ်နှင့်ဆက်ဆံရတဲ့ ပတ်ဝန်းကျင်က လူတွေကို အကောင်းမြင်၊ အကောင်းစိတ်ထားတတ်ဖို့။ ဒါဟာ ဘ၀မှာသာမန်လို့ထင်ရပေမဲ့ သိပ်ကိုအရေးပါပြီး တာသွားတတ်တာမျိုး။ လူတိုင်းဟာပြီးပြည့်စုံသူတွေ မဟုတ်ကြတော့ချို့ယွင်းချက်၊ အားနည်းချက်ဆိုတာ အနည်းနှင့်အများဆိုသလို ရှိသားပေါ့။ ဒီတော့ သူများတကာရဲ့ ကောင်းကွက်ကလေးတွေကို မြင်အောင်၊ သိအောင်လုပ်ဖို့ ၀န်မလေးသင့်ဘူး။ ဒါဆိုရင် ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ အခက်အခဲမရှိသလောက် ဖြစ်သွားပြီ။

    လူငယ်တွေနှစ်နှစ်ခြိုက်ခြိုက်စားတတ်ကြတဲ့ ဒိုးနပ်စ်မုန့်ဆိုပါတော့။ တစ်ဦးက အဲဒီမုန့်ရဲ့ ချိုစိမ့်တဲ့ အရသာကို သိမြင်သလို၊ နောက်တစ်ဦးက အလယ်မှာ ချိုင့်နေတယ်ဆိုပြီး အပြစ်ပြောတာမျိုးပေါ့။ တကယ်တမ်းပြောရရင် လူတိုင်းမှာ ကောင်းတဲ့ အရည်အသွေးလေးတွေရှိကြပါတယ်။ လူတိုင်းမှာ အဆိုးချည်း စုဝေးနေတာ မဟုတ်လို့ ကောင်းတဲ့ အချက်အလက်ကလေးတွေကို အသိအမှတ်ပြုပေးရင် စိတ်ချမ်းသာစရာ ၀န်းကျင်ကောင်း တစ်ခုတော့ ရနိုင်ပါရဲ့။

    ဒီကနေ့ခေတ် နည်းပညာတွေ ဆန်းသစ် တိုးတက်လွန်းတာကြောင့် အသိအမြင် ဗဟုသုတတွေကိုလည်း အကျယ်ပြန့်ဆုံးလေ့လာခွင့်ရကြပါတယ်။ ဒါကြောင့် ပြည်တွင်းပြည်ပဆိုင်ရာ လေ့လာ မှတ်သားသင့်တာတွေ မှန်သမျှအတွက် အချိန်ယူကြ ရမှာပါ။ စာအုပ်စာတမ်းတွေကိုလည်း လက်လှမ်းမီသမျှ ဖတ်မှတ်နိုင်အောင် ကြိုးစားဖို့လိုတယ်။ တစ်ခုရှိတာက ပညာရေး၊ စီးပွားရေး စတာတွေကို လုံးပန်းနေရလို့ အချိန်ပိုမရှိပါဘူးလို့ ဆင်ခြေပေးနိုင်ပါတယ်။

    တကယ်တမ်း လေ့လာမှတ်သားချင်တယ်ဆိုတဲ့ ဆန္ဒပြင်းပြမယ်ဆိုရင်တော့ တစ်ရက်မှာရှိတဲ့ ၂၄ နာရီ (၁၄၄၀) မိနစ်ထဲက မိနစ်နည်းနည်းလောက်ကတော့ ကိုယ့်အတွက် အသုံးချနိုင်ပါတယ်။ အသိပညာ ဗဟုသုတပြည့်ဝလာတာနှင့်အမျှ လူ့ဝန်းကျင်မှာ အများကလိုလားလက်ခံသူ၊ ကျိုးကြောင်းဆင်ခြင်ပြောဆိုတတ်သူအဖြစ် အသိအမှတ်ပြုခံရမှာ အမှန်ပါပဲ။

    အရေးကြီးတဲ့အချက်တစ်ခုကတော့ သူများတကာရဲ့လိုလားနှစ်သက်မှုကို ခံယူချင်သူတွေဟာ အဲဒီလိုလားနှစ်သက်ခံရလောက်မယ့် အရည်အသွေးမျိုးတွေ ရှိနေဖို့တော့ လိုအပ်တယ်။ ဆိုပါစို့ သူများကိုစာနာတတ်တာ၊ လေးလေးစားစား ဆက်ဆံတာ၊ အပြောချိုတာ၊ ယဉ်ကျေးသိမ်မွေ့ပြီးအကောင်းမြင်တာ နောက်ပြီး လူမှုရေးစိတ်ဓါတ်ရှိတာ စတဲ့ အရည်အသွေးကောင်းတွေ ကိုယ့်မှာရှိရဲ့လား။ ဒါကိုအသေအချာဆန်းစစ်ကြည့်ရမှာတော့ ကိုယ်တိုင်ပဲပေါ့။ အပေါင်းအသင်းတွေဆီက ကိုယ့်အပေါ်ဆက်ဆံစေချင်တဲ့ အပြောအဆိုအပြုအမှုမျိုးတွေကို၊ ကိုယ်တိုင်က ခံယူချင်သလို ကိုယ့်ဘက်ကလည်း ပြန်ပြီးပေးဆပ်ဖို့ မမေ့သင့်ဘူး။

    အမှန်တော့ ပတ်ဝန်းကျင်နှင့် မမေ့သင့်ဘူး။ ၀င်ဆန့်သူဟာ စိတ်ပိုင်းဆိုင်ရာမှာ အေးချမ်းကြည်နူးမှုရတာတော့အမှန်။ စိတ်ဖိစီးတင်းကြပ်မှုတွေ လုံးဝမရှိဘူးလို့ မဆိုနိုင်ပေမဲ့ နည်းပါးတယ်။ ဒီတော့လည်း နေပျော်စရာဘ၀လေးတစ်ခုကို ပိုင်ဆိုင်ခွင့်ရဖို့ တော်တော်လေးနီးစပ်မယ်ဆိုတဲ့အကြောင်း …….

    နှင်းဆီခင်

  • စိုးရိမ်ကြောက်ရွံ့နေတယ်တဲ့လား

    စိုးရိမ်ကြောက်ရွံ့နေတယ်တဲ့လား

    အောက်တိုဘာ ၁၀ ၊ ၂၀၁၄
    M-Media
    .နှင်းဆီခင်ရေးသည်။

    be-happy6

    လူ့အမျိုးမျိုး စိတ်ဓာတ်အမျိုးမျိုးမို့ စိတ်ဓာတ်ကြံ့ခိုင်သူတွေရှိသလို အရာရာကို စိုးရိမ်စိတ်ပိုသူတွေလည်းရှိပြန်ရော။ သူတို့ဟာတစ်စုံတစ်ခုနှင့် ပတ်သက်ပြီး စိုးရိမ်ကြောက်ရွံ့တတ်ကြတယ်။ ဒီကနေ့ပြီး မနက်ဖြန် နောက်ပြီး ရက်ဆက်ဆိုသလို ဖြစ်နေတတ်တာမျိုး။ အဲဒီလို စိုးရိမ်စိတ်ပေါ်နေတာကိုသိသိကြီးနှင့်ပဲ ထိန်းချုပ်လို့မရဖြစ်နေတယ်။ စိုးရိမ်စိတ်ဟာ ကြောက်စိတ်အဖြစ် ကူးပြောင်းသွားတာမို့ ကိုယ့်ကိုယ်ကိုမလုံခြုံသလို ခံစားလာရတယ်။ တချို့ရှိတယ်။

    တံတားတစ်ခုခုကို ဖြတ်တဲ့အခါ၊ အမြင့်ကိုတက်တဲ့အခါ ဒါမှမဟုတ် ဓာတ်လှေကားကို တစ်ယောက်တည်းစီးတဲ့ အခါမျိုးတွေမှာ စိုးရိမ်စိတ်ပေါ်လေ့ ရှိကြတယ်။ အဲဒီအခါ စိတ်အားငယ်ပြီး မလုံခြုံသလို ခံစားရတာမို့ စိတ်အေးချမ်းမှု မရနိုင်ပါဘူး။ အသေးအမွှားကိစ္စတိုင်းဟာ သူတို့အတွက် ကြီးကြီးမားမား ပြဿနာဖြစ်နေတတ်တဲ့အပြင် စိတ်ဖိစီး တင်းကျပ်မှုတွေပေါ်ပေါက်လာ တတ်ပါတယ်။ ဒီတော့လည်း စိုးရိမ်သောကပါနေတတ်တာ မဆန်းဘူးပေါ့။

    စိုးရိမ်စိတ်ကြောင့်ကြပိုတတ်တဲ့ သဘာဝရှိသူတစ်ဦးဟာ သူ့ရဲ့မိတ်ဆွေ အပေါင်းအသင်း တစ်ယောက်မှာ ရောဂါတစ်မျိုးမျိုး ခံစားနေရတာကို သိရင်သူ့မှာလည်း အဲဒီရောဂါဖြစ်နေသလိုလို ခံစားလာရရော။ ဒါမှမဟုတ် သူလည်းတစ်နေ့နေ့ တစ်ချိန်ချိန်မှာ အဲဒီလိုရောဂါမျိုး ခံစားရလေမလားလို့တွေးပြီး စိုးရိမ်နေမိတယ်။ အဲဒီလိုထိန်းချုပ်ဖို့ ခက်ခဲတယ်ဆိုပြီး ဒီအတိုင်းပဲ ကြောက်ကြောက်ရွံ့ရွံ့နေရတော့ မလား။ မဟုတ်တာပဲ။ အခက်အခဲတွေရှိရင် ထွက်ပေါက်ဆိုတာရှိတတ်စမြဲပါ။ ဒီတော့ အဲလိုစိုးရိမ်စိတ်တွေပေါ်နေတာကို ထိန်းသိမ်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေကြရမှာပေါ့။ အတွေ့အကြုံ ဗဟုသုတကြွယ်ဝတဲ့ ပညာရှင်တွေရဲ့ နည်းနာတွေ လမ်းညွှန်မှုတွေကို လက်လှမ်းမီသမျှ ကြိုးပမ်းလိုက်နာရင်း စိတ်သက်သာရာရလာနိုင်ပါလိမ့်မယ်။

    အလွယ်ကူဆုံးနည်းလမ်း တစ်ခုကတော့ စိတ်ကိုဖြေလျှော့ရင်း အပန်းဖြေခြင်းပါပဲ။ ဒါဟာ စိတ်ကိုနွေးထွေးစေသလို စိုးရိမ်ထိတ်လန့်စိတ်တွေကို တကယ်ပဲ သက်သာရာရစေနိုင်ပါတယ်။ တကယ်တော့ အနားယူတယ်ဆိုရာမှာ လူရော စိတ်ပါ အနားပေးဖို့တော့လိုတယ်။ မသိစိတ်ထဲမှာ စွဲနေတဲ့ စိုးရိမ်စိတ်တွေကို သိစိတ်ကအမှန်အတိုင်း လက်ခံပြီး စိတ်တည်ငြိမ်အောင် ကြိုးစားယူရမှာပါပဲ။

    “စိုးရိမ်စိတ်ပေါ်မနေပါနဲ့၊ အခြေခံ အကြောင်းအရင်းကို သိအောင်လုပ်ပါ”…. လို့ ပညာရှင်တစ်ဦးက အကြံပြုပါတယ်။

    ကိုယ့်ရဲ့စိတ်ကို စိုးရိမ်ထိတ်လန့်စေတဲ့အကြောင်းအရင်း အခြေအနေကို လက်ခံပြီး ရင်ဆိုင်ဖို့ ကြိုးစားမယ်။ အကောင်းဆုံး နည်းလမ်းကို ရှာကြံမယ်ဆိုရင်ပေါ့။ စိတ်တည်ငြိမ်လာပြီး သက်သာရာရမှာတော့ သေချာတယ်။ ကိစ္စရပ်တစ်ခုကို ကြုံလာရင် ဖြစ်မလာသေးတဲ့ အဆိုးရွားဆုံး အခြေအနေတွေကို တန်စီပြီး တွေးနေမယ့် အစား၊ လတ်တလောမှာ ကိုယ်လုပ်နိုင် ကိုယ်ပိုင်ဆိုင်နိုင်တဲ့ နည်းလမ်းတွေကို အသုံးချပြီး အဖြေရှာတာဟာ အကောင်းဆုံးပဲပေါ့။

    “နှင်းဆီပန်းလေးတွေ ကမ်းပေးတဲ့ လက်အစုံမှာ မွှေးရနံ့လေး ကျန်ရစ်နေစမြဲ”….. ဆိုသလို သူများတကာရဲ့ ကောင်းကွက်လေးတွေကို အားကျကြည်နူးမယ်။ သူများ အကျိုးရှိရာရှိကြောင်းလေးတွေ ဆောင်ရွက်ဖို့ အာရုံပြောင်းကြည့်လိုက်မယ်ဆိုရင် ကိုယ်တိုင် စိတ်ကြည်နူးကျေနပ်မှုကို ခံစားလာရတာကို လက်တွေ့ခံစားဖူးသူတိုင်း သိနိုင်မှာပါ။ အချိန်ကြာလာတာနှင့်အမျှ  အဲဒီလိုခံစားမှုရဲ့ အကျိုးဆက်အနေနှင့် ရင်ထဲမှာဖြစ်ပေါ်ခံစားနေတဲ့ စိုးရိမ်ကြောင့်ကြမှုတွေက တဖြည်းဖြည်းလျော့ပါး လာရာကနေ လုံးဝပျောက်ကွယ်သွားတဲ့အထိပါပဲ။ စိုးရိမ်စိတ်ကိုထိန်းသိမ်းနိုင်သူဟာ စိတ်ဖိစီး၊ စိတ်တင်းကျပ်မှုတွေဖြစ်ပေါ်ဖို့ ခဲယဉ်းသွားပြီလေ။

    အခါမရွေးအရာရာကို စိုးရိမ်သောက ၀င်ယူနေသူဟာ ကြာရင် အကျင့်စရိုက်လိုဖြစ်သွားရော။ အမူအကျင့်ဆိုတာကလည်း အစဦးပိုင်းမှာ ပင့်ကူမျှင်လေးတွေကို နွဲ့နဲ့ပေမဲ့ကြာလာတဲ့ အခါ ကျောက်ကြိုးတွေလို ခိုင်မာသွားတတ်တယ်လို့ ဆိုထားတယ် မဟုတ်လား။ ဒီတော့ကြောက်စိတ်ပိုပြီး စိုးရိမ်နေတတ်တဲ့ အကျင့်ဆိုးကို အကျင့်ဆိုးမှန်းသိသိကြီးနှင့် လက်ခံနေဖို့မကောင်းဘူးပေါ့။ တကယ်တမ်းပြောရရင် စိတ်ခံစားမှု အခြေအနေကိုပြောင်းလဲပစ်ဖို့ဆိုတာ ကိုယ်တိုင်ကစိတ် ဆန္ဒပြင်းပြင်းပါမှ၊ ပြောင်းလဲချင်စိတ်ပေါ်ဦးမှ ဖြစ်တာကိုး။

    ကောင်းပြီ … အဲဒီအကျင့်ဆိုးကိုဖျောက်ဖျက် ပစ်နိုင်အောင် အရာရာကို အကောင်းမြင်၊ အကောင်းတွေးပြီး အကောင်း လုပ်တတ်တဲ့အကျင့်ကောင်းနှင့် အစားထိုးရုံရှိတာပေါ့။ အကျင့်ဆိုတာ တစ်ဦးချင်းရဲ့အလေ့အထ သာဖြစ်တာမို့ လုပ်ယူလို့ ရကောင်းပါတယ်။ လေ့ကျင့်ပါများရင် စိတ်ရွှင်လန်း တတ်ကြွပြီး ကောင်းကျိုးဆောင်ရွက်တတ်တဲ့ အကျင့်က အကျင့်ဆိုးကို လွှမ်းသွားမှာတော့ သေချာတယ်။

    လူ့သဘာဝအရ အမြဲတမ်း တက်ကြွလန်းဆန်းနေဖို့ဆိုတာတော့ မဖြစ်နိုင်ဘူးပေါ့။ ဒါပေမယ့် စိုးရိမ်ကြောင့်ကြမှုတွေ လွန်ကဲလာလို့ စိတ်ဖိစီးလာတဲ့အခါ အသိစိတ်နှင့် ဆင်ခြင်ထိန်းသိမ်းနိုင်ခွင့်တော့ရှိတယ်လေ။

    နေ့စဉ်ဘ၀မှာကြုံတွေ့ရသမျှတွေအတွက် စိတ်ပျက်လက်ပျက်ဖြစ်ပြီး နဖူးကြောတွေရှုံ့၊ မျက်မှောက်တွေကုပ်ရင်း စိုးရိမ်ကြောက်ရွံ့ စိတ်ဖြစ်နေတတ်ရင်တော့ သေချာတာ တစ်ခုက အရွယ်မတိုင်ခင် အိုစာသွားမှာပါပဲ။ တက်ကြွဖျတ်လတ်တဲ့ လူငယ်ဘ၀ကို အဓိပ္ပါယ်ရှိရှိ ကျော်ဖြတ်နိုင်ဖို့ဆိုတာ ကိုယ့်ရဲ့အတွင်းစိတ်ကို ကိုယ်တိုင်ပြုပြင် ထိန်းသိမ်းဖို့လိုအပ်ပါတယ်ဆိုတဲ့ အကြောင်း………

    နှင်းဆီခင်