News @ M-Media
Tag: DailySportNews
  • ဒီဇင်ဘာ ၂၉ အားကစားသတင်းများ
    ဒီဇင်ဘာ ၂၉ ၂၀၁၃
    M-Media
    354551_heroa
    ဟားစီးတီး ကစားသမား ဂိုးသွင်းပြီး ဆံပင်ညှပ်ရသည့် အကြောင်းအရင်း
    – ယမန်နေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းအတွက် စတုတ္ထမြောက်ဂိုးကို သွင်းယူခဲ့ပြီးနောက် ဟားလ်စီးတီး အလယ်တန်း ကစားသမား ဟဒ်ဒဲလ်စတုန်းအား အသင်းအဖွဲ့ဝင် တစ်ဦးက ဆံပင်ညှပ်ပေးခဲ့သည်ဟု သိရသည်။
    ယခင် စပါးအသင်းကစားသမားဟောင်း ဟဒ်ဒဲလ်စတုန်းမှာ ကင်ဆာ သုသေသန အဖွဲ့အစည်းတစ်ခုအတွက် ရန်ပုံငွေမြှင့်တင်ရေးအဖြစ် ၎င်း၏ ဆံပင်ကို အောက်တိုဘာလကတည်းက အရှည်ထားခဲ့ခြင်းဖြစ်ပြီး ဂိုးမသွင်းနိုင်မချင်း ဆံပင်ညှပ်ခြင်း မပြုဟု ဆုံးဖြတ်ထားခဲ့သည်။
    …………………………….
    ဂျူးဆန်ကျင်ရေး အမူအယာဖြင့်အောင်ပွဲခံ၍ အနယ်ကာ အားစုံစမ်းစစ်ဆေးမည်။
    – ၀က်စ်ဟမ်းအသင်းနှင့် ၃ ဂိုးစီ သရေကျခဲ့သည့်ပွဲတွင် ၀က်စ်ဘရွန်းအသင်း တိုက်စစ်မှူး အနယ်လ်ကာ၏ ဂိုးသွင်းပြီးနောက် အောင်ပွဲခံမှုနှင့် ပက်သက်ပြီး ဝေဖန်မှုများနှင့် ကြုံတွေ့နေရကာ ၀က်စ်ဘရွန်းအသင်းမှာလည်း ဘောလုံးအဖွဲ့ချုပ်၏ စုံးစမ်းစစ်ဆေးမှုကို ခံရဖွယ်ရှိနေသည်။ အနယ်လ်ကာမှာ ထိုပွဲတွင် ၎င်း၏ ပထမဂိုးကို သွင်းယူပြီးနောက် ဂျူးဆန့်ကျင်ရေး အမူအရာဖြင့် အောင်ပွဲခံခဲ့သည်။ သို့သော်လည်း ထိုအမူအရာမှာ သူငယ်ချင်းဖြစ်သူ လူရွှင်တော် Dieudonne ကို ရည်ညွှန်း၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု အနယ်လ်ကာက ပြောကြားခဲ့သည်။ ထိုအဖြစ်အပျက်နှင့် ပက်သက်၍ ဥရောပဂျူးခေါင်းဆောင်ကလည်း ရှုတ်ချ ပြောဆိုခဲ့သည်။
    ……………………………….
    တိုက်စစ်မှူး ဘိုရီနီ ဆေးရုံတင်ရကြောင်း ဆန်ဒါလင်း နည်းပြ အတည်ပြု
    – အသင်းရှိ တိုက်စစ်မှူး ဖေဘီယို ဘိုရီနီအား ဆေးရုံသို့ တင်ပို့ခဲ့ရသည်ဟု ဆန်းဒါးလန်းအသင်း နည်းပြဖြစ်သူ ဂတ်စ်ပိုယက်စ်က အတည်ပြုပြောဆိုခဲ့သည်။ ပွဲထွက် ကစားသမားစာရင်းတွင် ပါဝင်ခဲ့သည့် ဘိုရီနီအား ပထမပိုင်းအပြီးတွင် လူစားလဲခဲ့ရပြီးနောက် လဲကျခဲ့သောကြောင့် ဆေးရုံသို့ တင်ပို့ခဲ့ရခြင်းဖြစ်သည်။ လီဗာပူးလ်အသင်းမှ အငှားဖြင့် လာရောက်ကစားနေသည့် ဘိုရီနီမှာ ပွဲမကစားခင်ကမှ အလွန်နေမကောင်းဖြစ်လာခဲ့ကြောင်း၊ သို့သော် ၎င်းက ပွဲတွင် ၀င်ကစားချင်သောကြောင့် ထည့်သွင်းခဲ့ရပြီး ပထမပိုင်းအပြီးတွင် ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း ဂတ်စ်ပိုယက်စ်က သတင်းထောက်များအား ပြောဆိုခဲ့သည်။
    …………………………….
    ချန်ပီယံလိဂ်မှ ထွက်ရသော်လည်း ဖလားသုံးလုံးရရန် ဂျူဗီနည်းပြ မျှော်မှန်း
    – ချန်ပီယံလိဂ်မှ ထွက်ခွာခဲ့ရသော်လည်း ယခုနှစ်ဘောလုံးရာသီအား အသင်း၏ သမိုင်းတွင် အမှတ်ရစရာဖြစ်အောင် စွမ်းဆောင်နိုင်ချေ ရှိသေးသည်ဟု ဂျူဗင်တပ်စ်အသင်း၏ နည်းပြဖြစ်သူ အန်တိုနီယို ကွန်တီက ပြောကြားခဲ့သည်။ ဂျူဗင်တပ်စ်အသင်းမှာ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲတွင် ဂါလာတာစာရေးအား ရှုံးနိမ့်ခဲ့ပြီး နောက်တစ်ဆင့်သို့ တက်ရောက်ခွင့် ဆုံးရှုံးခဲ့သော်လည်း ယူရိုပါလိဂ်တွင် ပါဝင်ကစားခွင့်ရနေပြီး ဖလားသုံးလုံးရရှိရန် ကွန်တီက မျှော်မှန်းနေသည်။ ထို့ပြင် ယခုနှစ်ဇန်န၀ါရီအပြောင်းအရွှေ့တွင် အသင်းရှိ မည်သည့်ကစားသမားကိုမှ ရောင်းချသွားမည်မဟုတ်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    ………………………………..
    အာဆင်နယ်မှ ချန်ပီယံလိဂ် ဖလားနှင့် ထိုက်ထံဟု နယူးကာဆယ်နည်းပြ ပြော
    – အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါး အနေဖြင့် ယခုနှစ် ချန်ပီယံလိဂ် ဖလားအား ဆွတ်ခူးရန် ထိုက်တန်သည်ဟု နယူးကာဆယ်နည်းပြ အလန်ပါဂျူးက ပြောဆိုလိုက်သည်။ နယူးကာဆယ်အသင်းမှာ ယနေ့ညတွင် အာဆင်နယ်အသင်းအား စိန့်ဂျိမ်းစ်ပါ့ခ်၌ ဧည့်ခံကစားရမည်ဖြစ်ပြီး အလန်ပါဂျူးက မိမိတို့အသင်းမှာ အာဆင်နယ်အသင်းဆီမှ သင်ယူနိုင်မည်ဟု ထင်မိကြောင်း၊ အာဆင်ဝင်းဂါးရရှိခဲ့သည့် အောင်မြင်မှုများအား မည်သူမှ ဖုံးကွယ်၍ မရကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။
    ————————————————————-
    မန်ယူ၊ မန်စီတီးတို့ အနိုင်ရခဲ့ပြီး၊ ဟားလ်စီးတီး ဂိုးပြတ်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၉ စနေနေ့ညပွဲများ
    ပရီးမီးယားလိဂ် ပွဲစဉ် ၁၉ အဖြစ် ယမန်နေ့က ၆ ပွဲကစားခဲ့ရာ မန်ချက်စတာအခြေစိုက် အသင်းများဖြစ်ကြသည့် မန်ယူနှင့် မန်စီးတီးအသင်းတို့မှာ ပြိုင်ဘက်များအား ၁ ဂိုး ဂိုးမရှိစီဖြင့် အနိုင်ရရှိခဲ့ကြပြီး၊ ဟားလ်စီးတီးအသင်းမှာ ဇယားအောက်ခြေမှ ဖူလ်ဟမ်အသင်းအား ၆ ဂိုး ပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ကစားခဲ့သည့် ၆ ပွဲတွင် သုံးပွဲသာ အရှုံးအနိုင်ပြတ်သားခဲ့ပြီး ၃ ပွဲအထိ သရေကျခဲ့သည်။
    နော်ဝစ်ခ်ျ ၀-၁ မန်ယူ
    Carrow Road တွင်ကစားခဲ့သည့် ယခုပွဲတွင် မန်ယူအသင်းမှာ အနိုင်ကစားနိုင်ခဲ့သော်လည်း အိမ်ရှင်နော်ဝစ်ခ်ျအသင်းက ဂိုးသွင်းခွင့်ပိုမိုရရှိခဲ့သည်။ မန်ယူအသင်းတွင် တိုက်စစ်မှူးများဖြစ်ကြသည့် ရူနီနှင့် ဗန်ပါစီတို့မှာ ဒဏ်ရာရရှိထားသောကြောင့် တိုက်စစ်တွင် ဟာနန်ဒက်ဇ်က ပွဲထွက်လာခဲ့ပြီး အလယ်တန်းတွင်လည်း ဂျပန်ကစားသမား ရှင်ဂျီကာဂါဝါ ပါဝင်လာခဲ့သည်။ ပထမပိုင်းတွင် နော်ဝစ်ခ်ျအသင်းက ဖိကစားခဲ့ပြီး ဂိုးသွင်းခွင့်များစွာရရှိခဲ့သော်လည်း ဂိုးရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။ မန်ယူအသင်းမှာ ဘောလုံးပိုင်ဆိုင်မှုအသာရရှိခဲ့သော်လည်း နော်ဝစ်ခ်ျအသင်းဘက်ကို ထိထိရောက်ရောက် ခြိမ်းခြောက်နိုင်ခြင်းမရှိခဲ့သော်လည်း ဒုတိယပိုင်း ၅၇ မိနစ်တွင် လိုအပ်နေသည့် အနိုင်ဂိုးကို မန်ယူတို့ရရှိခဲ့သည်။ ထိုဂိုးအား ရွိုင်ယန်ဂစ်အစား လူစားဝင်လာသည့် တိုက်စစ်မှူး ၀ဲလ်ဘက်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ထိုဂိုးမှာ ယခုနှစ်ပရီးမီးယားလိဂ်တွင် ၎င်း၏ ၅ ဂိုးမြောက်လည်းဖြစ်သည်။ ယခုပွဲအနိုင်မှာ မန်ယူအသင်း၏ ပရီးမီးယားလိဂ် လေးပွဲဆက် အနိုင်လည်းဖြစ်ပြီး အဆင့် ၆ နေရာသို့ တက်ရောက်လာနိုင်ခဲ့သည်။
    …………………………………….
    မန်စီးတီး ၁-၀ ခရစ္စတယ်ပဲလေ့စ်
    ပြီးခဲ့သည့် ကြာသာပတေးနေ့က လီဗာပူးလ်အသင်းအား အနိုင်ယူနိုင်ခဲ့သည့် မန်စီးတီးမှာ ယခုပွဲတွင်လည်း အမှားအယွင်းမရှိဘဲ အနိုင် ၃ မှတ်ရယူနိုင်ခဲ့ပြီး၊ အိမ်ကွင်းရာနှုန်းပြည့် နိုင်ပွဲကိုလည်း ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။ ယခုပွဲတွင် မန်စီးတီးအသင်းမှာ ယာယာတိုးယေး၊ နာဆရီ၊ ကိုလာရော့ဗ် စသည့်ကစားသမားများကို အနားပေးခဲ့သော်လည်း ခရစ္စတယ်ပဲလေ့စ်အသင်းအား ခြေအသာဖြင့်ကစားနိုင်ခဲ့သည်။ မန်စီးတီးအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ဒုတိယပိုင်း ၆၆ မိနစ်တွင် ဇက်ကိုက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဦးဆာင်ဂိုးပးလိုက်ရပြီးနောက် ခရစ္စတယ်ပဲလ့စ်က ပြန်လည်တိုက်စစ်စင်ကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့် နှစ်ကြိမ်ခန့်ရရှိခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့သောကြောင့် မန်စီးတီးအား အရှုံးပေးခဲ့ရခြင်းဖြစ်သည်။ ပထမပိုင်း ၃၅ မိနစ်တွင် မန်းစီးတီးကစားသမား ဂျိုးဟတ်နှင့် ပဲလေ့စ် တိုက်စစ်မှူး ကင်မရွန်း ဂျီရိုမီတို့ ပြင်းထန်သော ထိခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ဂျီရိုမီအား ချာမက်နှင့် လူစားလဲခဲ့ရသည်။ ဂျိုးဟတ်မှာ ၀ဲဘက်မျက်လုံးအောက်တွင် ကွဲရှခဲ့သော်လည်း ဆက်လက်ကစားခဲ့သည်။
    …………………………………
    ဟားလ်စီးတီး ၆-၀ ဖူလ်ဟမ်
    နောက်ဆုံးလေးပွဲတွင် တစ်ပွဲမှ အနိုင်မရရှိထားသည့် ဟားလ်စီးတီးတို့မှာ အိမ်ကွင်းတွင် နည်းပြသစ်လက်ထက် ခံစစ်တည်ငြိမ်ခြင်းမရှိသေးသည့် ဖူလ်ဟမ်အသင်းအား ဂိုးပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့သည်။ သို့သော်လည်း မိနစ် ၆၀ အထိ ဂိုးမရှိသရေကျနေခဲ့ပြီး နောက်ပိုင်းတွင်မှ ထို ၆ ဂိုး စလုံးအားရရှိခဲ့ခြင်းဖြစ်သည်။ ဟားလ်စီးတီးအတွက် ဂိုးများကို အဟ်မဒ် အလ်မိုဟာမက်ဒီ၊ ဂျော့်ဘွိုက်၊ ဟက်ဒဲလ်စတုန်း၊ မတ်တီ ဖရိုက်အက် တို့က ၁ ဂိုးစီနှင့် ရော်ဘတ် ကိုရင်က ၂ ဂိုး အသီးသီး သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    …………………………………..
    Upton Park တွင်ကစားခဲ့သည့် ယခုပွဲတွင် ၀က်စ်ဘရွန်းအသင်းမှာ နှစ်ကြိမ် တိုင်တိုင် နောက်မှ လိုက်ကစားကာ တိုက်စစ်မှူး အနယ်လ်ကာ၏ ခြေစွမ်းပြမှုဖြင့် အဖိုးတန် သရေတစ်မှတ်ကို အရယူနိုင်ခဲ့သည်။ ပထမပိုင်း ၄ မိနစ်မှာပင် အိမ်ရှင်တို့ အဖွင့်ဂိုးရရှိခဲ့ပြီး ချယ်ဆီး ကစားသမားဟောင်း ဂျိုကိုးလ်က သွင်းယူပေးခဲ့သည်။ ဦးဆောင်ဂိုးပေးလိုက် ရပြီးနောက် ၀က်စ်ဘရွန်းအသင်းမှာ တင်ကစားလာ ခဲ့သောကြောင့် ဂိုးသွင်းခွင့်များရရှိလာခဲ့သည်။ သို့သော်လည်း ချေပဂိုးအား မိနစ် ၄၀ တွင်မှရရှိခဲ့ပြီး အနယ်လ်ကာက သွင်းယူပေးခဲ့သည်။ ထို့နောက် ပထမပိုင်း နာကျင်အချိန်ပိုတွင် ၀က်စ်ဘရွန်းတို့ အနိုင်ဂိုးရရှိခဲ့ပြီး အနယ်လ်ကာကပင် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်း အစတွင် အိမ်ရှင်တို့ အသာရခဲ့ပြီး ၆၅ မိနစ်တွင် မိုဒီဘို မိုင်ဂါက အိမ်ရှင်အတွက် ချေပဂိုးကိုလည်းကောင်း၊ ၂ မိနစ်အကြာတွင် ကီဗင်နိုလန်က အနိုင်ဂိုးကိုလည်းကောင်း အသီးသီး သွင်းယူပေးခဲ့သည်။ ၀က်စ်ဟမ်းအသင်း၏ ဦးဆောင်မှုမှာ ၂ မိနစ်သာကြာခဲ့ပြီး ၆၉ မိနစ်တွင် ဆိုင်ဒို ဘီရာဟီနိုက ၀က်စ်ဘရွန်း အတွက် ချေပဂိုး သွင်းယူပေးခဲ့သည်။ ကျန်ရှိသည့်ပွဲချိန်များတွင် မည်သူမှ ဂိုးဆက်လက်သွင်းယူနိုင်ခြင်းမရှိဘဲ သရေဖြင့် ပွဲပြီးဆုံးခဲ့သည်။
    …………………………………
    အက်စတွန်ဗီလာ ၁-၁ ဆွမ်ဆီး
    ယခုပွဲတွင် အိမ်ရှင်ဗီလာအသင်းမှာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ထိန်းထားနိုင်ခြင်းမရှိဘဲ သရေတစ်မှတ်သာ ရရှိခဲ့သည်။ သို့သော် လေးပွဲဆက် ရှုံးနိမ့်မှုအား ရပ်တန့်နိုင်ခဲ့သည်။ ပွဲအစ ၇ မိနစ်မှာပင် အိမ်ရှင်တို့ အဖွင့်ဂိုးရရှိခဲ့ပြီး အဘွန်လဟော်က သွင်းယူပေးခဲ့သည်။ ထို့နောက် နောက်ပိုင်းမိနစ်များတွင် ဆွမ်ဆီးအသင်းကသာ ပွဲကို စိုးမိုးထားခဲ့ပြီး ဂိုးသွင်းမသေချာမှုကြောင့် အနိုင်သုံးမှတ်နှင့် ဝေးခဲ့ရခြင်းဖြစ်သည်။ ဆွမ်ဆီးအတွက် ချေပဂိုးကို ရိုလန် လာမာက ၃၆ မိနစ်တွင် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    ………………………………..
    ကာဒစ်ဖ် ၂-၂ ဆန်းဒါးလန်း
    ဇယားအောက်ခြေသို့ရောက်နေသည့် ဆန်းဒါးလန်းအသင်းမှာ ဒုတိယပိုင်း နောက်ကျသွင်းဂိုးများကြောင့် မရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ ယခုနောက်ပိုင်း ခြေစွမ်းတည်ငြိမ်လာသည့် ဆန်းဒါးလန်အသင်းမှာ ယခုပွဲတွင်လည်း ဘောလုံးပိုင်းဆိုင်မှုအသာဖြင့် ကစားနိုင်ခဲ့သည်။ သို့သော်လည်း အိမ်ရှင်အသင်းမှ ဂျော်ဒန်မတ်ခ်ျနှင့် ဖရေဇာကမ်းဘဲလ်တို့၏ ပထမပိုင်းသွင်းဂိုးများဖြင့် မိနစ် ၈၀ ကျော်အထိ ဦးဆောင်ခြင်းကို ခံခဲ့ရသည်။ ဆန်းဒါးလန်အသင်းအတွက် ချေပဂိုးများကို ၈၃ မိနစ်တွင် စတီဗင်ဖလက်ချာနှင့် ဒုတိယပိုင်း နာကျင်အချိန်ပိုတွင် ဂျက်ကိုလ်ဘက်တို့က သွင်းယူပေးခဲ့သည်။
  • ဒီဇင်ဘာ ၂၈ အားကစား သတင်း
    ဒီဇင်ဘာ ၂၈၊ ၂၀၁၃
    M-Media
    – ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် လီဗာပူးလ် အသင်းသည်သာ စိန်ခေါ်သူအစစ်အမှန်ဖြစ်သည်ဟု ချယ်ဆီးအသင်း၏ နည်းပြဖြစ်သူ မော်ရင်ဟိုက ပြောကြား လိုက်သည်။ ယခုလက်ရှိတွင်အဆင့် ၄ နေရာတွင်ရှိနေသည့် လီဗာပူးလ်အသင်းမှာ အင်္ဂလန် ပထမတန်းအား ပရီးမီးယားလိဂ်အဖြစ် အသွင်ပြောင်းပြီး ကတည်းက ပရီးမီးယားလိဂ်တွင် ဗိုလ်စွဲခဲ့ဖူးခြင်း မရှိသေးချေ။ သို့သော်လည်း မိမိအနေဖြင့် ယခုကဲ့သို့ပြောဆိုခြင်းမှာ  တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်၏ စွမ်းဆောင်ရည်များကို ကြည့်၍ ပြောကြားခြင်း မဟုတ်ဟု မော်ရင်ဟိုက ထည့်သွင်းပြောကြားခဲ့သည်။
    Arsenal-v-Chelsea-Jose-Mourinho_3056633
    ……………………………..
    – ကမ္ဘာ့အဆင့် အဆင့် ၆ ရှိနေသည့် ဆွစ်ဇာလန် နာမည်ကြီး တင်းနစ် ကစားသမား ရော်ဂျာ ဖက်ဒါရာက ၎င်း၏ နည်းပြသစ်ဖြစ် Grand Slam ဆုဖလားအား ၆ ကြိမ်ရရှိဖူးသည့် ဆွီဒင် တင်းနစ်ကစားသမားဟောင်း အတီဖင် အဒ်ဘာ့ဂ်အား ခန့်အပ်လိုက်ပြီဟု ကြေညာခဲ့သည်။
    အနည်းဆုံး ၁၀ ပတ်လက်တွဲမည်ဖြစ်ပြီး လာမည့် သြစတေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ဖက်ဒါရာမှာ နည်းပြသစ်နှင့် ပထမဆုံး ကစားရမည်ဖြစ်သည်။
    ………………………………
    – ထိပ်ဆုံးမှဦးဆောင်နေသည့် ဂျူဗင်တပ်စ်အသင်းနှင့် ၁၀ မှတ်ကွာဟနေသော်လည်း မိမိအသင်းမှာ စီးရီးအေ ချန်ပီယံပြေးလမ်းကြောင်းပေါ်တွင်ရှိနေပြီး ဂျူဗင်တပ်စ်နှင့် ရိုးမားအသင်းတို့အား စိန်ခေါ်နိုင်သည်ဟု နာပိုလီအသင်း၏နည်းပြ ဘင်နီတက်ဇ်က ပြောကြားလိုက်သည်။ ယခုနှစ်တွင် ခြေစွမ်းကောင်းများပြသနေသည့် နာပိုလီအသင်းမှာ ယခုလက်ရှိတွင် အဆင့် ၃ နေရာတွင်ရှိနေသည်။
    …………………………….
    – မိမိအား ပွဲထွက်ဂိုးသမားအဖြစ် စဉ်းစားပေးသည့် ကလပ်အသင်းတွင် ကစားချင်သည်ဟု ရီးယဲလ်မက်ဒရစ်အသင်း၏ ဂိုးသမားဖြစ်သူ အီကာ ကာဆီးလက်က ပြောကြားလိုက်သည်။ ယခုအချိန်တွင် ဂိုးသမား ဒီယေဂိုလိုပက်ဇ်၏နောက် ဒုတိယနေရာတွင်ရှိနေသည့် ကာဆီးလက်မှ ထိုကဲ့သို့ ပြောကြားခြင်းမှာ ရီးယဲလ်မှ ထွက်ခွာတော့မည်ဟု အရိပ်အမြွက်အဖြစ် ပြောကြားလိုက်ခြင်းလည်းဖြစ်သည်။
  • ဒီဇင်ဘာ ၂၇ အားကစားသတင်း
    ဒီဇင်ဘာ ၂၇၊ ၂၀၁၃
    M-Media
    article-2529367-1A4B66FE00000578-325_634x465
    မိမိ၏ တိုက်စစ်မှူးများက မိမိအား အခက်တွေ့စေသည်ဟု ချယ်ဆီးအသင်း၏ နည်းပြဖြစ်သူ မော်ရင်ဟိုက ပြောဆိုလိုက်သည်။
    ချယ်ဆီးအသင်းမှာ ယမန်နေ့က ကစားခဲ့သည့် ဆွမ်ဆီးအသင်းနှင့် ပွဲစဉ်တွင် ခြေအသာဖြင့် ကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်များစွာ ရရှိခဲ့သော်လည်း တိုက်စစ်မှူးများက ဂိုးရအောင် သွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ၊ အလယ်တန်းကစားသမား အေဒင် ဟာဇာဒ်၏ သွင်းဂိုး တစ်ဂိုးတည်းဖြင့်သာ အနိုင်ရရှိခဲ့သည်။
    ထိုပွဲတွင် တိုက်စစ်မှူး အီတူးမှာ ပွဲအစကတည်းက ပါဝင်ခဲ့ပြီးနောက် ဖာနန်ဒိုတောရက်စ်မှာ နောက်ပိုင်းတွင် လူစားဝင်လာခဲ့သည်။ မိမိနေဖြင့် ပွဲတိုင်းတွင် ရင်မောရကြောင်း၊ ယခုပွဲတွင်လည် ပထမပိုင်းအပြီးတွင် မိမိတို့အနေဖြင့် သက်တောင့်သက်သာ စိတ်အေးရမည့်အခြေအနေ ရှိသင့်ခဲ့သော်လည်း ထိုကဲ့သို့ ဖြစ်မလာ ခဲ့ကြောင်း မော်ရင်ဟိုက ပွဲအပြီးတွင်ပြောကြားခဲ့သည်။
    ……………………………..
    – အနီးကပ်ပြိုင်ဘက် မန်စီးတီးအသင်းအား ရှုံးနိမ့်ခဲ့ပြီးနောက် လီဗာပူးလ်အသင်း၏ နည်းပြဖြစ်သူ ဘရန်ဒန်ရော်ဂျာက ထိုပွဲတွင် တာဝန်ယူခဲ့သော ဒိုင်လူကြီးများအား ပြစ်တင်ပြောဆိုလိုက်သည်။ ထိုပွဲတွင် စတာလင်သွင်းသည့် ဂိုးတစ်ဂိုးအား လူကျွံဘောဟု စည်းကြပ်ဒိုင်က အလံထောင်ခဲ့မှုနှင့် တိုက်စစ်မှူး ဆွာရက်ဇ်အား မန်စီးတီးနောက်ခံလူ လက်စကော့က အင်္ကျီဆွဲခဲ့သော်လည်း ပင်နယ်တီမပေးခဲ့မှုတို့ကို ရည်ညွှန်း၍ ပြောဆိုခဲ့ခြင်းဖြစ်ပြီး မိမိ၏ ကစားသမားများမှာ အလွန်ကောင်းမွန်ခဲ့သော်လည်း ဒိုင်လူကြီးများ၏ ဖေးမမှုကို မရခဲ့ကြောင်း ရော်ဂျာက ထပ်လောင်းပြောကြားခဲ့သည်။
    …………………………………
    – မိမိ၏အသင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့အတွက် စိန်ခေါ်နိုင်သေးသည်ဟု ယုံကြည်ကြောင်း ဟားလ်စီးတီးအသင်းအား ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲအပြီးတွင် မန်ယူအသင်း၏ နည်းပြ ဒေးဗစ်မိုယက်စ်က ပြောကြားလိုက်သည်။ ထိုပွဲတွင် ဟားလ်စီးတီအသင်းမှာ ပထမပိုင်း ၁၅ မိနစ်အတွင်းမှာပင် ၂ ဂိုးအသာဖြင့်ဦးဆောင်နိုင်ခဲ့သော်လည်း မန်ယူအသင်းက ချေပဂိုးများကို ပြန်လည်သွင်းယူခဲ့ပြီး အနိုင်ရရှိအောင်ကစားနိုင်ခဲ့သည်။
    …………………………………
    – ဒဏ်ရာမှ ပြန်လည်သက်သာလာပြီးနောက် ကစားခဲ့သည့်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း မိမိ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုအား ကျေနပ်မိသည်ဟုဗြိတိန် နာမည်ကျော် တင်းနစ်သမား အန်ဒီမာရေးက ပြောကြားခဲ့သည်။ အသက် ၂၆ နှစ်အရွယ်ရှိပြီး ကမ္ဘာ့အဆင့် ၄ ရှိသည့် အန်ဒီမာရေးမှာ နောက်ကျော ဒဏ်ရာ ခွဲစိတ်ရမှုကြောင့် သီတင်းပတ် ၁၅ ပတ်ခန့် အနားယူခဲ့ရပြီး ယခုတစ်ပါတ် Mubadala World Tennis Championships တင်းနစ်ပြိုင်ပွဲမတိုင်မီ ဆွန်ဂါနှင့်ကစားခဲ့သော သရုပ်ပြတွင် ပြန်လည်ကစားခဲ့ပြီး ရှုံးနိမ့်ခဲ့ရသည်။
    …………………………………
    အာဆင်နယ်၊ ချယ်ဆီး၊ မန်ယူတို့ အနိုင်ရခဲ့ပြီး ထိပ်ဆုံးမှ လီဗာပူးလ် ရှုံးနိမ့်ခဲ့ရသည့် ပရီးမီးယားလိဂ် Boxing Day ပွဲစဉ်များ
    620-mci-liv-1314-negredo-action
    ပရီးမီးယားလိဂ် ပွဲစဉ် ၁၈ ၏ ပွဲများကို ယမန်နေ့က ကစားခဲ့ရာ အာဆင်နယ်၊ ချယ်ဆီး၊ မန်ယူ၊ နယူးကာဆယ်တို့အနိုင်ရခဲ့ပြီး၊ အဲဗာတန်နှင့် လီဗာပူးလ်တို့ ရှုံးနိမ့်ခဲ့ကာ တော့တင်ဟမ်အသင်းမှာ သရေကျခဲ့သည်။
    မန်စီးတီး ၂-၁ လီဗာပူးလ်
    ပွဲစဉ် ၁၈ ၏ Match of the week ဖြစ်သည့် ယခုပွဲစဉ်တွင် အိမ်ရှင်မန်စီးတီး အသင်းမှာ ခြေစွမ်းထက်နေသည့် လီဗာပူးလ်အသင်းအား အနိုင်ကစားခဲ့ကာ အိမ်ကွင်းရာနှုန်းပြည့်နိုင်ပွဲရရှိသည့် စံချိန်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့သည်။
    မန်စီးတီးအသင်းတွင် အသင်းခေါင်းဆောင် ကန်ပနီ၊ ဇာဘလက်တာ၊ ယာယာတိုးယေး၊ နာဆရီ၊ ဆေးလ်ဗားတို့လူစုံပါဝင်ခဲ့ကြပြီး နီဂရီဒိုအား အထောင်တိုက်စစ်မှူးအဖြစ်အသုံးပြုခဲ့သည်။ လီဗာပူးလ်အသင်းတွင်လည်း ဒဏ်ရာရနေသည့် ဂျရတ်မှလွဲ၍ လူစုံပါဝင်ခဲ့သည်။
    ပွဲအစမှာပင် အိမ်ရှင်မန်စီးတီးတို့ ဖိကစားခဲ့ပြီး လီဗာပူးလ်ဂိုးပေါက်အား ခြိမ်းခြောက်နိုင်ခဲ့သည်။ သို့သော်လည်း ဦးဆောင်ဂိုးကို လီဗာပူးလ်က စတင်ရရှိခဲ့ပြီး ၂၄ မိနစ်တွင် စတာလင်၏ ပေးပို့မှုမှ ကော်တင်ဟိုက သွင်းယူပေးခဲ့သည်။ လီဗာပူးလ်အသင်း၏ ဦဆောင်ဂိုးမှာ ၇ မိနစ်သာကြာ ခဲ့ပြီး ၃၁ မိနစ်တွင် ကန်ပနီက ဖြတ်တင်ဘောအား ခါင်းတိုက်၍ ချေပဂိုး သွင်းယူပေးခဲ့သည်။ ပထမပိုင်း နာကျင်အချိန်ပိုတွင် အိမ်ရှင်တို့ အနိုင်ဂိုးရခဲ့ပြီး တိုက်စစ်မှူး နီဂရီဒိုက ဧရိယာအပြင်ဘက်မှ ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် နှစ်သင်းစလုံး ဂိုးသွင်းခွင့် အနည်းငယ်ရခဲ့သော်လည်း အသုံးမချနိုင်ခဲ့ပေ။ ယခုပွဲအနိုင်ကြောင့် မန်စီးတီးအသင်းမှာ ဒုတိယနေရာသို့ ရောက်ရှိခဲ့ပြီး လီဗာပူးလ်အသင်းမှာ အဆင့်လေးသို့ ကျဆင်းခဲ့ရသည်
    ……………………………….
    ဟားလ်စီးတီး ၂-၃ မန်ယူ
    နောက်ဆုံးလေးပွဲတွင် နိုင်ပွဲမရှိသေးသည့် အိမ်ရှင်ဟားလ်စီးတီးအသင်းမှာ ယခုပွဲတွင် ဦးဆောင်ဂိုးများ စတင်ရရှိခဲ့သော်လည်း မထိန်းနိုင်သောကြောင့် အမှတ်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။ ဗန်ပါစီမပါနိုင်သည့် မန်ယူတိုက်စစ်တွင် ၀ဲလ်ဘတ်ကို အထောင်ထားကာ ရူနီက နောက်ချန် တိုက်စစ်မှူးနေရာမှ ကစားခဲ့သည်။ ပွဲအစ ၄ မိနစ်မှာပင် အိမ်ရှင်တို့ အဖွင့်ဂိုးရခဲ့ပြီး ဂျိမ်းချက်စတာက အနီးကပ် ကန်သွင်းပေးခဲ့ခြင်းဖြစ်သည်။ ၁၃ မိနစ်တွင် ဒေးဗစ် မေလာက ဟားလ်စီးတီအသင်းအတွက် ဒုတိယဂိုးကို ထပ်မံသွင်းယူပေးခဲ့သည်။ ၁၈ မိနစ်တွင် မန်ယူအသင်း၏ လူငယ်ကစာ သမား ဂျာနူဇေး ဒဏ်ရာရရှိသွားသောကြောင့် ရာဖေးနှင့် လူစားလဲခဲ့ရပြီး ၁၉ မိနစ်တွင် မန်ယူတို့ ချေပဂိုးရရှိခဲ့သည်။ ရူနီ၏ ဖြတ်တင်ဘောမှ တစ်ဆင့် နောက်ခံလူ ခရစ် စမောလင်းက ခေါင်းတိုက် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    ထို့နောက် မန်ယူအသင်းက ဖိကစားနိုင်ခဲ့ပြီး ၂၅ မိနစ်တွင် မန်ယူတို့ ဒုတိယချေပဂိုးရရှိခဲ့ပြီး ရူနီက ဧရိယာအပြင်ဘက်မှ ကန်သွင်းပြီး ရယူခဲ့ခြင်းသည်။ နောက်ပိုင်းတွင် မန်ယူအသင်းကသာ ပွဲကို စိုးမိုးခဲ့ပြီး ဂိုးကန်သွင်းခွင့်များ ရရှိခဲ့သော်လည်း ဒုတိယပိုင်း ၆၆ မိနစ် ဂျိမ်း ချက်စတာ၏ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့မှုကြောင့် အဖိုးတန် အနိုင်သုံးမှတ် ရရှိခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်းမှာ ယခုပွဲအနိုင်ကြောင့် အဆင့် ၇ သို့ တက်လာခဲ့သည်။
    ………………………
    မန်စီးတီးအား အရှက်တကွဲရှုံးနိမ့်ခဲ့ပြီး ချယ်ဆီးအသင်းကိုလည်း သရေသာကစားနိုင်ခဲ့ကာ အမှတ်များဆုံးရှုံးနေသည့် အာဆင်နယ်အသင်းမှာ ယခုပွဲတွင် အမှားအယွင်းမရှိ အနိုင်ကစားနိုင်ခဲ့သည်။ ပွဲအစတွင် အိမ်ရှင် ၀က်စ်ဟမ်းအသင်းမှာ အာဆင်နယ်အသင်းအား အနည်းငယ် ဒုက္ခပေးနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် အာဆင်နယ် ကသာ တောက်လျှောက် ဖိကစားနိုင်ခဲ့သည်။
    သို့သော်လည်း ဦးဆောင်ဂိုးကို ၀က်စ်ဟမ်းအသင်းက ဒုတိယပိုင်းအစတွင် ရရှိခဲ့ပြီး ဂိုးသမား ရှက်ဇက်နီ၏ အမှားမှတစ်ဆင့် ကာတန်ကိုးလ်က သွင်းယူပေးခဲ့သည်။ အာဆင်နယ်အသင်းအတွက် ချေပဂိုးကို ၆၈ မိနစ်တွင် ရရှိခဲ့ပြီး ကာဇိုလာ၏ ဖန်တီးမှုမှတစ်ဆင့် ဝေါလ်ကော့က ကန်သွင်းပေးခဲ့သည်။ ၃ မိနစ်အကြာတွင်ပင် အာဆင်နယ်တို့ အနိုင်ဂိုးထပ်ရခဲ့ပြီး ဝေါလ်ကော့က ခေါင်းတိုက်သွင်းယူပေးခဲသည်။ ထို့နောက် အာဆင်နယ်ကသာ ပွဲကိုစိုးမိုးထားပြီး ၇၉ မိနစ်တွင် ဂျရူး၏ ဖန်တီးပေးမှုမှတစ်ဆင့် ပိုဒေါစကီးက အနိုင်သေချာစေမည့်ဂိုးကို သွင်းယူပေးခဲ့သည်။ ပိုဒေါစကီးမှာ ဒဏ်ရာကြောင့် ပြီးခဲ့သည့် သြဂုတ်လကတည်းက အနားယူနေခဲ့ရပြီး ယခုပွဲတွင်မှ ပြန်လည် ကစားနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုပွဲအနိုင်ရခဲ့သည့် အာဆင်နယ်အသင်းမှာ လီဗာပူးလ်အသင်းရှုံးပွဲတွေ့သွားသောကြောင့် ဇယား ထိပ်ဆုံးသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
    …………………………….
    ချယ်ဆီး ၁-၀ ဆွမ်ဆီး
    စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ကစားခဲ့သည့် ယခုပွဲတွင် မော်ရင်ဟို၏ ချယ်ဆီးအသင်းမှာ နှစ်ပွဲဆက် အနိုင်မရရှိမှုကို အဆုံးသတ်နိုင်ခဲ့သည်။ မော်ရင်ဟိုမှာ ပြီခဲ့သည့် အာဆင်နယ်နှင့်ပွဲက လူစာရင်းအား ၅ နေရာအပြောင်းအလဲလုပ်ခဲ့ပြီး ကွင်းလယ်လူ လမ်းပတ်အား အရန်ခုံတွင် ထိုင်စေခဲ့သည်။ ပထမပိုင်းတွင် ပွဲအစတွင် ဆွမ်ဆီးအသင်းအား တောက်လျှောက်ဖိအားပေးနိုင်ခဲ့သည့် ချယ်ဆီးအသင်းမှာ ၂၉ မိနစ်တွင် အနိုင်ဂိုးရရှိခဲ့ပြီး အက်ရှ်လေကိုး၏ ဖန်တီးပေးမှုမှတစ်ဆင့် ကွင်းလယ်လူ ဟာဇာဒ်က သွင်းယူပေး ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ဆွမ်ဆီးအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့သော်လည်း ချယ်ဆီးကသာ ဂိုးသွင်းခွင့်များရခဲ့ပြီး အဆုံးသတ်မသေချာမှုကြောင့် ၁ ဂိုးဖြင့်သာကျေနပ်ခဲ့ရသည်။
    …………………………
    နယူးကာဆယ် ၅-၁ စတုတ်စီးတီး
    စိန့်ဂျိမ်းပါ့ခ်တွင် ကစားခဲ့သည့် ယခုပွဲတွင် စတုတ်စီးတီးအသင်းက ဦးဆောင်ဂိုး စတင်ရရှိခဲ့သော်လည်း ပထမပိုင်းတွင် ကစားသမားနှစ်ဦး အထုတ်ခံခဲ့ရခြင်းကြောင့် နယူးကာဆယ်အသင်းက ယခုကဲ့သို့ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ နယူးကာဆယ်အတွက် ဂိုးများမှာ ပထမပိုင်းပြီး ကာနီးတွင် ၁ ဂိုးနှင့် ဒုတိယပိုင်းတွင် ၄ ဂိုးရရှိခဲ့ခြင်းဖြစ်သည်။
    ………………………..
    အဲဗာတန် ၀-၁ ဆန်းဒါးလန်း
    ယခုနှစ်ရာသီတွင် အသင်းကြီးများကို ဒုက္ခပေးနိုင်သည့် ဆန်းဒါးလန်း အသင်းမှာ ယခုပွဲတွင်လည်း အဆင့် ၅ မှ အဲဗာတန်အသင်းအား အနိုင်ကစားနိုင်ခဲ့သည်။ ပထမပိုင်း ၂၅ မိနစ်တွင် ကိုရီးယား ကစားသမား ကီဆွန်ယွန်၏ ပင်နယ်တီးသွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည့် ဆန်းဒါးလန်းအသင်းမှာ အဲဗာတန်အသင်း၏ ထရစပ်ဖိအားပေးမှုနှင့် ကန်သွင်းမှုများကို ကြံ့ကြံ့ခံ ကာကွယ်သွားနိုင်ခဲ့ပြီး အဖိုးတန်အနိုင် ၃ မှတ်ကို ရယူသွားခဲ့သည်။
    ……………………….
    ကာဒစ်ဖ် ၀-၃ ဆောက်သက်တမ်
    နောက်ဆုံး ၅ ပွဲတွင် နိုင်ပွဲမရခဲ့သည့် ဆောက်သက်တမ်အသင်းမှာ တိုက်စစ်မှူး ဂျေး ရော်ဒရီဂက်ဇ်၏ ခြေစွမ်းပြမှုနှင့်အတူ တန်းဆင်းဇုန်နားမှ ကာဒစ်ဖ်အသင်းအား အနိုင်ယူနိုင်ခဲ့သည်။ ဆောက်သက်တမ် အသင်းတွက်ဂိုးများကို ဂျေးရော်ဒရီဂက်စ်က ၂ ဂိုး၊ အင်္ဂလန်တိုက်စစ်မှူး ရစ်ကီ လမ်ဘာ့တ်က ၁ ဂိုး အသီးသီးသွင်းယူပေးခဲ့သည်။
    …………………………..
    စပါး ၁-၁ ၀က်စ်ဘရွန်း
    စပါးအသင်း၏ အမြဲတမ်းနည်းပြအဖြစ် ပထမဆုံးကစားရသည့် ယခုပွဲတွင် တင်ရှားဝုဒ်မှာ အိမ်ကွင်းတွင် သရေတစ်မှတ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ သို့သော်လည်း စပါးအသင်းမှာ ဘောလုံးပိုင်ဆိုင်မှုအသာရခဲ့ပြီး ဂိုးသွင်းခွင့်များရရှိခဲ့သော်လည်း အသုံးမချနိုင်ခဲ့ချေ။ စပါးအသင်းအတွက် ဦးဆောင်ဂိုးကို ခရစ်ရှန် အဲရစ်ဆန်က ၃၆ မိနစ်တွင် သွင်းယူပေး ခဲ့သော်လည်း ၃၈ မိနစ်တွင် ဂျိုနက်စ် အောလ်ဆန်က ၀က်စ်ဘရွန်းအတွက် ချေပဂိုးကိုသွင်းယူပေးခဲ့သည်။
    ……………………………..
    နော်ဝစ်ခ်ျ ၁-၂ ဖူလ်ဟမ်
    ယခုပွဲအနိုင်ရခဲ့သော်လည်း ဖူလ်ဟမ်အသင်းမှာ အိမ်ရှင်တို့အား သူတင်ကိုယ်တင်ကစားခဲ့ရသည်။ ပထမပိုင်းတွင် နော်ဝစ်ခ်ျအသင်းမှ ဂယ်ရီဟူပါးနှင့် ဖူလ်ဟမ်အသင်းက ကာစာမီတို့၏ သွင်းဂိုးများဖြင့် သရေကျနေခဲ့ပြီး၊ ဒုတိယပိုင်း ၈၇ မိနစ်တွင်မှ ဖူလ်ဟမ်တို့အနိုင်ဂိုးရရှိခဲ့ကာ စကော့ပါကားက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    ………………………….
    အက်စတွန်ဗီလာ ၀-၁ ခရစ္စတယ်ပဲလေ့စ်
    နောက်ဆုံး သုံးပွဲဆက်ရှုံးနိမ့်ထားသည့် အက်စတွန်ဗီလာမှာ ယခုပွဲတွင် ကစားကွက်အသာဖြင့် ခရစ္စတယ်ပဲလေ့စ်အသင်းအား ဖိကစားနိုင်ခဲ့သော်လည်း လိုအပ်သည့် ဂိုးများကို အရမယူနိုင်ခဲ့သောကြောင့် အိမ်ကွင်းတွင် အမှတ်ဆုံးရှုံးခဲ့ရသည်။ ခရစ္စတယ်ပဲလေ့စ်အသင်းတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ဒုတိယပိုင်း နာကျင်အချိန်ပိုတွင်မှ ဒွိုက် ဂေလီက ဧရိယာအပြင်ဘက်မှ ကန်သွင်းပေးခဲ့ခြင်းဖြစ်သည်။
  • ဒီဇင်ဘာ ၂၅ အားကစား သတင်းများ
    ဒီဇင်ဘာ ၂၅၊ ၂၀၁၃
    M-Media
    မိမိသားသမီးများကို စော်ကား၍ မန်စီတီးပရိတ်သတ်ကို လက်ခလယ်ထောင်ပြရခြင်းဟု ဝီလ်ရှိုင်းယားပြော
    – မိမိ၏ သားသမီးများအား စော်ကားပြောဆိုသောကြောင့် မန်စီတီးပရိတ်သတ်များကို လက်ခလယ်ထောင်ပြခြင်းဖြစ်သည်ဟု အာဆင်နယ်အသင်း ကွင်းလယ်လူ ၀ီလ်ရှိုင်းယားက ပြောကြားလိုက်သည်။ ယခုလအစောပိုင်းက အီတီဟတ်တွင် မန်စီးတီးအသင်းအား ၆ ဂိုး ၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲ၌ ပြုလုပ်ခဲ့သည့် ထိုအပြုအမူကြောင့် ၀ီလ်ရှိုင်းယားကို FA မှ ၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ရသည်။ သို့သော်လည်း ထိုကဲ့သို့ပြုလုပ်ခဲ့ခြင်းမှာ မှားယွင်းကြောင်း ၎င်း၏ Twitter စာမျက်နှာတွင် ယမန်နေ့က ၀န်ခံပြောကြားခဲ့သည်။
    Jack-Wilshere-fails-to-get-a-corner-and-gives-the-middle-finger-sign-2926227
    ……………………………..
    ဘက်ခမ်း ကို ၄င်းအသင်းမှာ ပြန်ကစားဖို့ ဘိုလစ်ဗီးယား ချန်ပီယံ ဥက္ကဌ နားချ
    – ဘောလုံးကစားခြင်းမှ အနားယူသွားသော အင်္ဂလန် ကွင်းလယ်ကစာသမားဟောင်း ဒေးဘစ်ဘက်ခမ်းအား မိမိ၏ကလပ်တွင် ဘောလုံးကစားရန် နားချနေသည်ဟု ဘိုလစ်ဗီယား ချန်ပီယံ Bolivar အသင်း ဥက္ကဌဖြစ်သူ မာဆယ်လို ကလော်ရီက ပြောကြားလိုက်သည်။ မာဆယ်လိုမှာ ဘက်ခမ်းနှင့် ရင်းနှီးသော သူငယ်ချင်းလည်းဖြစ်ပြီး အမေရိကန်မေဂျာလိဂ်တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် တူဆောင်ရွက်နေသူလည်းဖြစ်သည်။
    ……………………………..
    ယခုခြေစွမ်း ဆက်ထိန်းပါက နေမာ မှာ တောင်အမေရိက သမိုင်းမှာ အကျော်ကြားဆုံးဖြစ်လာမည်ဟု ဘရားဇီး ဂန္တဝင်ကစားသမား ရော်နာဒို ပြော
    – ယခုလက်ရှိ ပြသနေသည့် ခြေစွမ်းအား ထိန်းသိမ်းထားပါက နေးမာမှာ တောင်အမေရိကသမိုင်းတွင် အကျော်ကြားဆုံးကစားသမား ဖြစ်လာလိမ့်မည်ဟု ဘရာဇီးလ်ဂန္တ၀င်ကစားသမား ရော်နယ်ဒိုက ပြောကြားလိုက်သည်။ နေးမာမှာ ပြီးခဲ့သည့် နွေရာသီက ဘာစီလိုနာ အသင်းသို့ ပြောင်းရွှေ့ လာပြီးနောက် ခြေစွမ်းကောင်းများကို ပြသလျက်ရှိနေသည်။
    …………………………..
    မန်စီးတီးရဲ့ လက်ရှိခြေစွမ်းပြမှုကို ဘာစီ ကြောက်ရွံ့နေမည်ဟု ယာယာတိုရေးပြော
    – မန်စီးတီးအသင်း၏ လတ်တလော စွမ်းဆောင်မှုများကြောင့် ဘာစီလိုနာအသင်းမှာ ကြောက်ရွံ့နေမည်ဖြစ်ပြီး၊ မန်စီးတီးအသင်းမှာလည်း လာမည့် ရာသီအနည်းငယ်တွင် ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းဖြစ်လာမည်ဟု မန်စီတီးအသင်း၏ ကွင်းလယ်လူ ယာယာတိုးယေးက ပြောကြားခဲ့သည်။ ယာယာတိုးယေးမှာ ဘာစီလိုနာ ကစားသမားဟောင်းဖြစ်ပြီး ပရီးမီးယားလိဂ်တွင် အဆင့် ၃ နေရာနှင့် ချန်ပီယံလိဂ်တွင် ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည့် မန်စီးတီးအသင်း၏ အရေးပါသော ကစားသမားတစ်ဦးလည်းဖြစ်သည်။ မန်စီးတီးနှင့် ဘာစီလိုနာမှာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တွင် တွေ့ဆုံနေသည်။
    ……………………………..
    နိုင်ငံတွင်း မတည်ငြိမ်မှုများကြောင့် ၂ နှစ်ကြာ ပိတ်ထားသော အီဂျစ်ပြည်တွင်း ပွဲများပြန်စ
    – ဘောလုံးပွဲအတွင်း ရုန်းရင်းဆန်ခတ်မှုများနှင့် နိုင်ငံအတွင်း နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုကြောင့် ၂ နှစ်နီးပါး ပိတ်ထားခဲ့သည့် အီဂျစ်ပြည်တွင်ဘောလုံးပြိုင်ပွဲများအား ယမန်နေ့က ပြန်လည်စတင်ခဲ့သည်ဟု သိရသည်။ Petrojet နှင့် Talae al-Geishအသင်းတို့ ကစားခဲ့ကြခြင်းဖြစ်ပြီး ၁ ဂိုးစီ သရေကျခဲ့သည်။ သို့သော်လည်း ပရိတ်မပါဝင်ခဲ့ဘဲနိုင်ငံ၏ အခြေအနေ တည်ငြိမ်သွားချိန်အထိ ပရိတ်သတ်မပါဘဲ ကစားသွားမည်ဖြစ်သည်။
  • အရှုံးအနိုင် မပေါ်ခဲ့တဲ့ လန်ဒန်ဒါဘီ
    ဒီဇင်ဘာ ၂၄၊ ၂၀၁၃
    M-Media
    620-ars-che-ozil-mikel-new
    အာဆင်နယ် ၀-၀ ချယ်ဆီး
    အီမရိတ်တွင် ကစားခဲ့သည့် ယခုပွဲတွင် နှစ်သင်းစလုံး အကောင်းဆုံး အခွင့်အရေး နှစ်ကြိမ်ခန့်စီ ရခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့သောကြောင့် ဂိုးမရှိ သရေဖြင့်ပြီးဆုံး ခဲ့ရသည်။ မော်ရင်ဟို အနေဖြင့် ချယ်ဆီးနည်းပြအဖြစ် အာဆင်နယ်အသင်းနှင့် ၁၀ ကြိမ် တွေ့ဆုံရာတွင် ရှုံးပွဲမရှိခဲ့ဘဲ၊ အာဆင်နယ်အသင်း အနိုင်မရသည့် ပွဲမှာလည်း ၃ ပွဲဆက်ဖြစ်လာပြီဖြစ်သည်။
    ပွဲအစတွင် နှစ်သင်းစလုံး ကစားအားအနည်းငယ်နှေးသော်လည်း နောက်ပိုင်းတွင် ချယ်ဆီးအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် အာဆင်နယ်အသင်းဘက်သို့ ထိုးဖောက်ကစားလာနိုင်ခဲ့သည်။ ထို့ကြောင့် ဂိုးသွင်းခွင့်များရခဲ့ပြီး ရာမီးရက်စ်၏ ခေါင်းတိုက်ချက် ဘေးထွက်သွားခဲ့ကာ၊ လမ်းပတ်၏ ညာခြေဖြင့်ကန်ချက်မှာလည်း ဘားတန်းထိထွက်ခဲ့သည်။ အာဆင်နယ်အသင်းမှာ အစောပိုင်းမိနစ်များတွင် ဂိုးသွင်းခွင့်မရခဲ့ဘဲ ပထမပိုင်းပြီးကာနီးတွင်မှ အိုဇေးလ်နှင့် ရိုစစ်ဆကီးတို့က ချယ်ဆီးဂိုးပေါက်အား ခြိမ်းခြောက်နိုင်ခဲ့သည်။
    ဒုတိယပိုင်းတွင် အာဆင်နယ်တို့ကစားကွက် အသာဖြင့် ကစားနိုင်ခဲ့သော်လည်း ချယ်ဆီးအသင်းက ဂိုးသွင်းခွင့်များရခဲ့ပြီး လမ်းပတ်၊ ဂျွန်တယ်ရီတို့ ကြိုးပမ်းချက်များ ဂိုးမ၀င်ခဲ့သောကြောင့် အာဆင်နယ်အသင်း သက်သာရာရခဲ့ခြင်းဖြစ်သည်။ မိနစ် ၆၀ နောက်ပိုင်းတွင် အာဆင်နယ်တို့ ပြန်လည်တိုက်စစ်ဆင်နိုင်ခဲ့ပြီး ဂျရူး၏ကန်ချက်နှင့် ဆဂ်နာ၏ အပိုင်ခေါင်းတိုက်ချက်တို့ကို ချယ်ဆီးနောက်တန်းက ကာကွယ်သွားနိုင်ခဲ့သည်။ ယခုပွဲသရေကြောင့် အဆင်နယ်အသင်းမှာ လီဗာပူးလ်အသင်းနှင့် အမှတ်တူ ဂိုးကွာခြားချက်ဖြင့် ဒုတိယနေရာတွင် ရှိနေပြီး ချယ်ဆီးအသင်းမှာ အဆင့်လေးနေရာတွင်ရှိနေသည်။