News @ M-Media

Tag: DailySportsNews

  • စက်တင်ဘာ ၁၉ အားကစားသတင်းများ

    စက်တင်ဘာ ၁၉ အားကစားသတင်းများ

    စက်တင်ဘာ၊ ၁၉ ၊
    M-Media
    ကိုလေး စုစည်းတင်ဆက်သည်။

    အာဆင်နယ်အနိုင်ရ၊ ဘာကာဂိုးမြူးခဲ့ပြီး ချယ်ဆီးရှုံးပွဲတွေ့ခဲ့သည့် ချန်ပီယံလိဂ် အဖွင့်ပွဲ ဗုဒ္ဓဟူးနေ့ညပွဲစဉ်များ

    messi 3

    ချန်ပီယံလိဂ်အုပ်စု E၊ F၊ G၊ H  တို့၏ အုပ်စုအဖွင့် ပွဲစဉ်များကို ယနေ့နံနက်က ယှဉ်ပြိုင်ကစားခဲ့ရာ ဘာစီလိုနာ၊ အေစီမီလန်၊ အာဆင်နယ်၊ ရှော်လ်ကာတို့အနိုင်ရရှိခဲ့ကြပြီး ချယ်ဆီး၊ ဒေါ့မွန်နှင့် ဇင်းနစ်အသင်းတို့ ရှုံးပွဲတွေ့ခဲ့ကြသည်။

    အုပ်စု E

    ချယ်ဆီး ၁-၂ ဘေဆယ်
    ရှော်လ်ကာ ၃-၀ စတူအာဘူခါရက်

    စတမ်းဖို့ဒ်ဘရစ်ခ်ျတွင်ကစားခဲ့သည့် ချယ်ဆီးနှင့် ဘေဆယ်တို့ပွဲစဉ်တွင် ဘေဆယ်အသင်းက အနိုင်ရရှိခဲ့ပြီး ချယ်ဆီးနည်းပြမော်ရင်ဟို၏ ယခုနှစ်ရာသီ ဒုတိယမြောက်ရှုံးပွဲလည်းဖြစ်ခဲ့သည်။ ဦးဆောင်ဂိုးကို ချယ်ဆီးက ၄၅ မိနစ်တွင် အော်စကာ၏ခေါင်းတိုက်ဂိုးဖြင့်ရရှိခဲ့သော်လည်း ၇၁ မိနစ်တွင် မိုဟာမက် ဆလာဟ်နှင့် ၈၁ မိနစ်တွင် မာကို စထရယ်လာတို့က ဘေဆယ်အတွက် ချေပဂိုးနှင့် အနိုင်ဂိုးများကိုသွင်းယူပေးခဲ့သည်။ ယခုပွဲတွင်ချယ်ဆီးကစားသမား မာတာအား အရန်ခုံတွင်ထိုင်ခိုင်းမှုကြောင့် ချယ်ဆီးပရိတ်သတ်များမှာ မာတာအားထည့်သွင်းကစားရန် ပိုစတာများကိုင်ဆောင်ကာ တောင်းဆိုခဲ့သည်။

    ဂျာမန်မြေတွင်ကစားခဲ့သည့် ရှော်လ်ကာနှင့် စတူအာဘူခါရက်တို့ပွဲစဉ်တွင် ရှော်လ်ကာအသင်းက ၃ ဂိုး ဂိုးမရှိဖြင့်ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့သည်။ ရှောလ်ကာ အသင်းက ပွဲကိုစိုးမိုးရန်ကြိုးစားခဲ့သော်လည်း စတူ အာဘူခါရက်အသင်းက အတင်းဝင် အတင်းဖျက်ကစားခဲ့၍ ပွဲမှာအကြိတ်အနယ်ရှိခဲ့သည်။ ဒုတိယပိုင်း ၆၇ မိနစ်မှ ရှော်လ်ကာတို့ အဖွင့်ဂိုးရခဲ့ပြီး ယူချီဒါကသွင်းယူပေးခဲ့သည်။ ထို့နောက် ၇၈ မိနစ်တွင် ဘိုအာတင်းက ဒုတိယဂိုးသွင်းယူပေးခဲ့ပြီး ၈၅ မိနစ်တွင် ဒရာစလာက နောက်ဆုံးပိတ် အနိုင်ဂိုး သွင်းယူပေးခဲ့ကာအိမ်ရှင်အား မျက်နှာပန်းလှစေခဲ့သည်။
    ………………………………………………
    အုပ်စု F

    မာဆေးလ် ၁-၂ အာဆင်နယ်
    နာပိုလီ ၂-၁ ဒေါ့မွန်

    Stade Vélodrome ကွင်းတွင်ကစားခဲ့ကြသည့် မာဆေးလ်အသင်းနှင့် အာဆင်နယ်အသင်းတို့ပွဲတွင် အာဆင်နယ်က ဝေါ့လ်ကော့၊ ရမ်ဆေးတို့၏သွင်းဂိုးဖြင့် အိမ်ရှင်မာဆေးလ်အားအနိုင်ရရှိခဲ့သည်။ ယခုပွဲအနိုင်ကြောင့် အာဆင်နယ်မှာ အဝေးကွင်း ၁၀ ပွဲဆက်တိုက် အနိုင်ရရှိသည့်စံချိန်ရရှိခဲ့သည်။ အာဆင်နယ်အတွက်ဂိုးများကို ၆၅ မိနစ်နှင့် ၈၃ မိနစ်တို့တွင် သွင်းယူခဲ့ပြီး မာဆေးလ်အတွက် နှစ်သိမ့်ဂိုးကို ဒုတိယပိုင်းနာကျင်အချိန်ပိုတွင် အန်ဒရီ အယွီ က ပင်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့သည်။

    အပြောင်းအရွှေ့ရာသီတွင် ငွေးကြေးအမြောက်အများသုံးစွဲကာ အသင်းအားတောင့်တင်းအောင်တည်ဆောက်ထားသည့် နာပိုလီအသင်းမှာ ဂျာမန်ကလပ်ဒေါ့မွန်အသင်းအား အိမ်ကွင်းတွင်အနိုင်ရရှိခဲ့သည်။ ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သောအဆိုပါပွဲတွင် နာပိုလီအတွက်ဂိုးများကို တိုက်စစ်မှူးသစ် ဟီဂူအင်က ပထမပိုင်း ၂၉ မိနစ်နှင့်၊ ဖရီးကစ်မှတစ်ဆင့် အင်ဆစ်နီက ဒုတိယပိုင်း ၆၇ မိနစ်တို့တွင် အသီးသီးသွင်းယူပေးခဲ့သည်။ ဒေါ့မွန်၏ ဂိုးမှာ နာပိုလီကစားသမား ဇူနီဂါက ၈၇ မိနစ်တွင် ကိုယ့်ဂိုးကိုယ်သွင်းခဲ့ခြင်းကြောင့် ရရှိခဲ့ခြင်းဖြစ်ပြီး အာဆင်နယ်အသင်းက အဝေးဂိုးကွာခြားချက်ဖြင့် အုပ်စုပထမနေရာတွင်ရှိနေသည်။
    …………………………………………………
    အုပ်စု G

    အက်သလက်တီကိုမက်ဒရစ် ၃-၁ ဇင်းနစ်
    သြစတြီးယားဝီအန် ၀-၁ ပေါ်တို

    ၄၅ လကြာ ချန်ပီယံလိဂ်ပြိုင်ပွဲနှင့် ကင်းကွာနေခဲ့ရသည့် အက်သလက်တီကိုမက်ဒရစ်အသင်းမှာ အိမ်ကွင်းတွင် ရုရှားထိပ်သီးဇင်းနစ်အားအနိုင်ယူကာ ချန်ပီယံလိဂ်စာမျက်နှာကို လှပစွာဖွင့်လှစ်နိုင်ခဲ့သည်။ ဇင်းနစ်အား ၃ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး အက်သလက်တီကိုအတွက်ဂိုးများကို ၄၀၊ ၆၄၊ ၈၀ မိနစ်တို့တွင် မီရန်ဒါ၊ အာဒါ တူရန်၊ ဘက်ပ်တစ္စတာ တို့က အသီးသီးသွင်းယူပေးခဲ့ကာ ဇင်းနစ်အတွက် တစ်လုံးတည်းသောချေပဂိုးကို ဟုလ်က်က ၅၈ မိနစ်တွင် သွင်းယူပေးခဲ့သည်။ ဘောလုံးပိုင်ဆိုင်မှုပိုင်းတွင် ဇင်းနစ်ကအသာရခဲ့သော်လည်း အက်သလက်တီကိုက ဂိုးပေါက်ကန်သွင်းခွင့် ၁၁ ကြိမ်အထိရရှိခဲ့သည်။

    ပေါ်တူဂီထိပ်သီးပေါ်တိုအသင်းမှာ ချန်ပီယံလိဂ်အစဉ်အလာနည်းသည့် သြစတြီးယားဝီအန်အသင်းအား လူချိုဂွန်ဇာလက်၏ ၅၅ မိနစ် သွင်းဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ ပွဲတစ်ပွဲလုံးကို ပေါ်တိုကပင် ဖိကစားနိုင်ခဲ့ပြီး ထိုက်တန်စွာအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
    …………………………………………….
    အုပ်စု H

    ဘာစီလိုနာ ၄-၀ အေဂျက်
    အေစီမီလန် ၂-၀ ဆဲလ်တစ်

    ဘာစီလိုနာသင်းမှာ အိမ်ကွင်းနျူးကမ့်တွင် ဟော်လန်ကလပ် အေဂျက်အား မက်ဆီ၏ ဟက်ထရစ်သွင်းဂိုးများဖြင့်အနိုင်ရရှိခဲ့သည်။ ဘာကာအတွက်ဂိုးများကို ၂၂၊ ၅၅၊ ၇၅ မိနစ်များတွင် မက်ဆီက ဟက်ထရစ်နှင့် ၆၉ မိနစ်တွင် ပီကေးတို့က အသီးသီးသွင်းယူပေးခဲ့သည်။

    ဆန်စီရိုတွင်ကစားခဲ့သည့် အေစီမီလန်နှင့် ဆဲလ်တစ်တို့ပွဲတွင် အေစီမီန်လန်အသင်းက နောက်ကျဂိုးများဖြင့် အနိုင်ရရှိခဲ့သည်။ ၈၂ မိနစ်တွင်ဆဲလ်တစ်ကစားသမား အီဇာဂူရီ၏ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့မှုကြောင့် အေစီမီလန်အဖွင့်ဂိုးစရခဲ့ပြီး၊ ၈၆ မိနစ်တွင် မွန်တာရီက ဒုတိယဂိုးသွင်းယူပေးခဲ့သည်။
    ………………………….
    မီလန်မှာ ကံကောင်းခဲ့သည်ဟု အီမန်နျူယဲလ်ဆင်ဆို

    အေစီမီလန်အသင်း၏နောက်ခံလူဖြစ်သူ အာဘီ အီမန်နျူယဲလ်ဆင်က ချန်ပီယံလိဂ်တွင် အေစီအနိုင်ရခဲ့ခြင်းမှာ ကံကောင်း၍ သာဖြစ်သည်ဟု ပြောဆိုလိုက်သည်။

    အေစီမီလန်အသင်းမှာ ချန်ပီယံလိဂ်တွင် ဆဲလ်တစ်အသင်းအား ၂ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။ အနိုင်ဂိုးများကို ပွဲပြီးကာနီးမှ ရရှိခဲ့ခြင်းဖြစ်ပြီး ဆဲလ်တစ်အသင်းမှ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့၍ အဖွင့်ဂိုးရရှိခဲ့ကာ ၈၆ မိနစ်တွင် မွန်တာရီက အနိုင်ဂိုးသွင်းယူပေးခဲ့ခြင်းဖြစ်သည်။

    “ဒါဟာ မီလန်ရဲ့ပုံမှန်နိုင်ပွဲလို့ ခင်ဗျားပြောနိုင်ပါတယ်။ ကျွန်တော်တို့ကံကောင်းလို့ ၁ ဂိုးရခဲ့ပြီး ဒီပွဲဟာကျွန်တော်တို့အတွက် ခက်ခဲတဲ့ပွဲပါ။ ကျွန်တော်တို့အစကောင်းခဲ့ပေမယ့် နောက်ပိုင်းမှာဆိုးရွားခဲ့ပါတယ်။ အရေးအကြီးဆုံးကတော့ ကျွန်တော်တို့ အုပ်စုအဖွင့်ပွဲစဉ်မှာ အနိုင်ရခဲ့တာပါပဲ” ဟု ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ……………………………
    ကာဆီးလက်မှာ ၎င်းအားသတ်ချင်သည်ဟု ရာမို့စ်အရွှန်းဖောက်

    ရီးယဲလ်မက်ဒရစ်အသင်း၏နောက်ခံလူ ဆာဂျီယိုရာမို့စ်က ဂိုးသမား အီကာကာဆီးလက်မှာ ၎င်းအား သတ်ချင်ခဲ့သည်ဟု ဂါလာတာစာရေးအား ၆ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သောချန်ပီယံလိဂ်ပွဲအပြီးတွင် အရွှန်းဖောက်ပြောကြားလိုက်သည်။

    ပွဲအစ ၁၄ မိနစ်တွင် ကာဆီးလက်မှာ ရာမို့စ်နှင့် ထိခိုက်မိပြီး ဒဏ်ရာရရှိသွားခြင်းကို ရည်ညွှန်းပြောဆိုလိုက်ခြင်းဖြစ်သည်။ ကာဆီးလက်မှာ ပြီးခဲ့သည့် ဇန်န၀ါရီလ ကတည်းက အသင်းတွင်ပါဝင်ခွင့်မရခဲ့ဘဲ ယခုပွဲတွင်မှ ပထမဦးဆုံး အကြိမ်အဖြစ်ပါဝင်ခွင့်ရခဲ့သော်လည်း ဒဏ်ရာရရှိသွားသောကြောင့် ဒီယေဂိုလိုပက်ဇ်နှင့် လူစားလဲခဲ့ရသည်။

    “ဒီနေ့တစ်ယောက်ယောက်ကကျွန်နော့်ကို သတ်ချင်နေပါတယ်။ ကံကောင်းစွာပဲ သူရဲ့ဒဏ်ရာဟာ မပြင်းထန်ဘဲ မကြာခင်အသင်းမှာ ပြန်ပါလာမှာပါ” ဟု ရာမို့စ်က ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားခဲ့သည်။

    ………………………………………
    အန်ဒါဆန်မှာ လာဇီယို၏အနာဂတ်ဖြစ်သည်ဟု အေးဂျင့်ဆို

    ဘရာဇီးကလပ် ဆန်းတို့စ်အသင်းမှ လာဇီယိုသို့ ပြောင်းရွှေ့ကြေးယူရို ၈ သန်းဖြင့် ငါးနှစ်စာချုပ်ချုပ်ဆိုကာရောက်လာခဲ့သည့် ဘရာဇီးလူငယ်ကစားသမား ဖီလစ်ပ်အန်ဒါဆန်မှာ လာဇီယိုအသင်း၏ လက်ရှိနှင့် အနာဂတ်၏ ကြယ်ပွင့်တစ်ပွင်ဖြစ်လာမည်ဟု အန်ဒါဆန်၏ အေးဂျင့်ဖြစ်သူက စတီဖာနို ကတ်စ်တဂ်နာ ပြောကြားလိုက်သည်။ အသက် ၂၀ အရွယ်ရှိအန်ဒါဆန်မှာ လာဇီယိုအသင်းသို့ရောက်ရှိလာခဲ့သော်လည်း အသင်းနှင့်ပွဲထွက်ခွင့်မရရှိသေးပေ။ “သူခံစားနေရတဲ့ဒဏ်ရာဟာ ဆိုးရွားပါတယ်။ ဒါပေမယ့် သူဟာတစ်ကြိမ်တော့ သူရဲ့အကောင်းဆုံးပုံစံနဲ့ အသင်းမှာပါဝင်ခွင့်ရမှာပါ။ အခုတော့သူဟာ ဘရာဇီးကနေသူ့ကိုခေါ်ယူခဲ့တဲ့အသင်းရဲ့ ယုံကြည်မှုကို ပြန်လည်ပေးဆပ်ဖို့ အဆင်သင့်ဖြစ်နေပြီး စိတ်အားလည်ထက်သန်နေပါတယ်” ဟု ကတ်စ်တဂ်နာက Radio Mana Mana ရေဒီယိုသတင်းဌာနသို့ပြောကြားခဲ့သည်။
    http://www.goal.com/en/news/10/italy/2013/09/18/4271887/anderson-is-the-future-of-lazio-claims-agent?ICID=OP
    ……………………………………..
    ပထမနေရာအတွက် ဘေးလ်နှင့်ယှဉ်ပြိုင်ရန် အဆင်သင့်ရှိသည်ဟု ဒီမာရီယာဆို

    ရီးယဲလ်အသင်း၏ အာဂျင်တီးနားကွင်းလယ်လူ ဒီမာရီယာက နေရာရရှိရန်အတွက် အသင်းသို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခဲ့သည့် ဂါရက်ဘေးလ်နှင့် ယှဉ်ပြိုင်ရန်အတွက် အဆင်သင့်ဖြစ်နေသည်ဟု ပြောကြားလိုက်သည်။ ဂါလာတာစာရေးအား အနိုင်ရရှိခဲ့သောချန်ပီယံလိဂ်ပွဲတွင် ဒီမာရီယာမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ပြီး ဘေးလ်မှာ အရန်ခုံတွင်ထိုင်ခဲ့ရသည်။

    အသက် ၂၅ နှစ်အရွယ်ရှိ ဒီမာရီယာမှာ ယမန်နှစ်မော်ရင်ဟိုလက်ထက်တွင် ပွဲထွက်ကစားသမားအဖြစ် ၂၂ ပွဲပါဝင်ကစားခဲ့ရခဲ့သည်။ “ကျွန်တော်ဟာ ဆုဖလားတွေကိုဆွတ်ခူးချင်လို့ ရီးယဲလ်မှာ ရှိနေတာပါ။ နည်းပြက ကျွန်တော့်ကိုကစားလို့ပြောတဲ့အခါ ကျွန်တော်ကစားမှာပါ။ သူက အရန်ခုံမှာထိုင်စေချင်ရင်လည်း ကျွန်တော်ထိုင်နေမှာပါ။ ဒါပေမယ့် ပွဲထွက်ကစားသမားအဖြစ်ကျွန်တော်ပါဝင်ချင်ပါတယ်” ဟု ဒီမာရီယာက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ………………………………………
    ဗီဒယ်မှာ ဘေးလ်ကဲ့သို့ ကောင်းသည်ဟု ဂျူဗီဒါရိုက်တာဆို

    ဂျူဗင်တပ်စ်အသင်း၏ အထွေထွေဒါရိုက်တာဖြစ်သူ ဂျီဆက်ပီ မာရော့တာက အသင်းရှိ ကွင်းလယ်ကစားသမား အာတူရို ဗီဒယ်လ်မှာ ဂါရက်ဘေးလ်၏ပြောင်းရွှေ့ကြေး ကဲ့သို့ထိုက်တန်ကြောင်းပြောကြားခဲ့သည်။ “တကယ်လို့ ဘေးလ်းဟာ ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ တန်တယ်ဆိုရင် ဗီဒယ်ကလည်း အဲဒီလောက်တန်ပါတယ်။

    ရီးယဲလ်က ဒီနှစ်ဗီဒယ်ကိုခေါ်ဖို့ စိတ်ဝင်စားပါတယ်။ ဒါပေမယ့် သူ့ကိုကျနော်တို့မရောင်းပါဘူး။ ဒါ့ကြောင့် ရီးယဲလ်ကစိတ်ဝင်စားမှုက အဆုံးသတ်သွားပါတယ်” ဟု မာရော့တာက Mediaset သို့ ပြောကြားခဲ့သည်။ ထို့ပြင် ဂျုဗင်တပ်စ်အသင်း၏ ပြင်သစ်ကွင်းလယ်သမား ပေါလ် ပေါ့ဘာကိုလည်း ချီးကျုးခဲ့သည်။

  • စက်တင်ဘာ ၁၈၊ အားကစားသတင်းများ

    စက်တင်ဘာ ၁၈၊ အားကစားသတင်းများ

    စက်တင်ဘာ ၁၈၊ ၂၀၁၃
    M-Media

    ချယ်ဆီးတွင်နေရာရရှိရန် တိုက်ပွဲဝင်သွားမည်ဟု ဘားဆို

    ချယ်ဆီးအသင်းသို့အငှားစာချုပ်ဖြင့်ပြောင်းရွှေ့လာခဲ့သည့် တိုက်စစ်မှူးသစ် ဒမ်ဘာဘားက အသင်းတွင် နေရာရရှိရန် တိုက်စစ်မှူးများဖြစ်ကြသည့် ဆင်မြူရယ် အီတူးနှင့် ဖာနန်ဒိုတောရက်စ်တို့ဖြင့် ယှဉ်ပြိုင်သွားမည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။ ချယ်ဆီးသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ရောက်ရှိလာသည့် အီတူးနှင့် တောရက်စ်တို့အကြားတွင် နေရရှိရန်ခက်ခဲနေသော်လည်း ဘားက “ကျွန်တော်အသင်းမှာဆက်ရှိနေရင် နေရာရဖို့အတွက်တိုက်ပွဲဝင်သွားမယ်လို့ နည်းပြကို ပြောခဲ့ပါ တယ်။ အခုကျွန်တော် ချယ်ဆီးမှာဆက်ရှိနေပါတယ်။ ကျွန်တော်ဟာဖရော်ဖက်ရှင်နယ်ကစားသမားကောင်းဖြစ်ပြီး အမြဲတမ်း အလုပ်ကိုလည်း ကြိုးစားလုပ်ပါတယ်။ ကျွန်တော်ဒီအတိုင်းပဲ ဆက်လက်လက်ဆောင်သွားမှာပါ။ ပွဲတွေကစားချင်ပါတယ်။ ဒါတွေက ကျွန်တော်နဲ့ အသင်းမှာကျနော်ဘယ်လောက် စွမ်းဆောင်လဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ တကယ်လို့အသင်းမှာ မပါရဘူးဆိုရင် အဲဒါ ကျွန်တော့အပြစ်ပဲဖြစ်မှာပါ” ဟု ပြောကြားခဲ့သည်။
    goal
    __________________

    အေဂျက်နှင့်ပွဲတွင်မက်ဆီပါဝင်နိုင်မည်ဟု မာတီနိုဆို

    ဘာစီလိုနာနည်းပြ မာတီနိုက အသင်းတိုက်စစ်မှူးမက်ဆီမှာ ဒဏ်ရာမှသက်သာကာ ကြံ့ခိုင်မှုအပြည့်အ၀ ရနေပြီး ယနေ့ညတွင်ကစားမည့် အေဂျက်အသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ပါဝင်နိုင်မည်ဟု ပြောဆိုလိုက်သည်။ မက်ဆီမှာ အက်သလက်တီကိုနှင့်ကစားခဲ့သည့် စပိန်စူပါဖလားပွဲစဉ်တွင် တံကောက်ကြော ဒဏ်ရာရရှိခဲ့ပြီး အနားယူနေရခဲ့ရသည်။ “မက်ဆီဟာ ဒီရာသီမှာ ခုအချိန်အထိ သင်းအတွက် အနည်းငယ်သာ ပါဝင်ခွင့်ရတဲ့ကစားသမားတစ်ဦးပါ။ မာလာဂါနဲ့ပွဲမှာမပါနိုင်ခဲ့သလို၊ အက်သလက်တီကိုနဲ့ စပိန်စူပါဖလားပထမအကျော့မှာလည်း ၄၅ မိနစ်ပဲ ပါဝင်ကစားနိုင်ခဲ့ပါတယ်။ အာဂျင်တီးနားနဲ့လည်း တစ်ပွဲပဲကစားခဲ့ပြီး အခုသူဟာ ကြံ့ခိုင်နေပါပြီ။ အက်သလက်တီကိုနဲ့ပွဲမှာရခဲ့တဲ့ တံကောက်ကြောဒဏ်ရာကနေ အခုသက်သာလာပါပြီး ဆက်လက်ကစားနိုင်မယ်လို့ကျွန်တော်တို့ထင်ပါတယ်”
    ဟု မာတီနိုက သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
    goal
    ______________________
    ချန်ပီယံလိဂ်တွင်အာရုံစိုက်ရန် အသင်းဖော်များအား ဟဇားဒ်တိုက်တွန်း


    ချယ်ဆီးအသင်းကွင်းလယ်လူ အေဒင် ဟဇားဒ်က အဲဗာတန်အသင်းအားရှုံးနိမ့်ခဲ့မှုအား ချန်ရစ်ကာ ဘေဆယ်နှင့်တွေ့ဆုံမည့် ချန်ပီယံလိဂ်ပွဲကို အာရုံစိုက်ရန် အသင်းဖော်များအား တိုက်တွန်းပြောဆိုလိုက်သည်။ စနေနေ့က ဂွဒ်ဒီဆင်ပါ့ခ်တွင်ကစားခဲ့သည့်ပွဲတွင် အခွင့်အရေးများစွာရရှိခဲ့သော်လည်းရှုံးနိမ့်ခဲ့သောကြောင့်
    ဟဇားဒ်က “(ချန်ပီယံလိဂ်ပွဲကို) ကျွန်တော်တို့နိုင်ဖို့လိုပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ချယ်ဆီးအသင်းဟာ အသင်းကြီးတစ်သင်းပါ။ တကယ်လို့ကျွန်တော်တို့ နှစ်ပွဲဆက်ရှုံးနိမ့်ခဲ့မယ်ဆိုရင် ကျွန်တော်တို့အတွက်တော်တော်ဆိုးရွားမှာပါ။ အဲဗာတန်နဲ့ပွဲပထမပိုင်းမှာ ကျွန်တော်တို့ဂိုးရခဲ့ရင် ရလဒ်က တစ်မျိုးဖြစ်သွား မှာပါ။ (ချပီယံလိဂ်မှာ) ဘေဆယ်ကိုအနိုင်ရဖို့ လေ့ကျင့်ရေးအစီအစဉ်မှာ ကြိုးကြိုးစားစားလုပ်ဖို့လိုပါတယ်” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
    goal
    ____________________
    ဖယ်လ်ကာအိုအား လူကပ်ရလွယ်သည်ဟု ကုန်းဆို


    ပြင်သစ်လိဂ်ဝမ်းကလပ် လော်ရီယန့်အသင်း၏နောက်ခံလူ လမိုင်းကုန်းက မိုနာကိုအသင်း တိုက်စစ်မှူး ဖယ်လ်ကာအိုမှာ လူကပ်ကစားရလွယ်သည်ဟု ပြောဆို လိုက်သည်။ တနင်္ဂနွေနေ့ကစားခဲ့သည့် မိုနာကိုအသင်းနှင့် လော်ရီယန့်အသင်းတို့ကစားခဲ့သောပွဲစဉ်တွင် မိုနာကိုက ဖယ်လ်ကာအို၏ ပင်နယ်တီသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဖယ်လ်ကာအိုမှာ အီဗရာဟီမိုဗစ်နှင့် ဂိုးမစ်လောက် လူကပ်ရမခက်ဟု ပြောဆိုခဲ့သည့် ကုးန်က “သူ(ဖယ်လ်ကာအို)ဟာ ကျွန်တော် လူကပ် ကစားခဲ့တဲ့ တိုက်စစ်မှူးတွေမှာ အခက်ခဲဆုံးလား။ မဟုတ်ပါဘူး။ လိဂ်ဝမ်းမှာ လူကပ်ကစားရ ပိုခက်တဲ့ကစားသမားတွေရှိပါတယ်။ ဥပမာ အီဗရာဟီမိုဗစ်လိုပေါ့. သိပ်ကို
    ခက်တဲ့ကစားသမားပါ။ ဘဖီ ဂိုမစ်၊ ပြီးတော့ (စိန့်အက်တီယန်တိုက်စစ်မှူး) ဘရန်ဒိုလို ကစားသမားမျိုးတွေဟာလည်း လူကပ်ဖို့ခက်ပါတယ်။ သူတို့ဟာ ပါဝါရှိတယ်၊ ပြီးတော့ ဂိုးသွင်းဖို့လည်း သန်မာကြတယ်။ သူတို့ဆီကဘောလုံးပျက်သွားအောင်လုပ်ဖို့ မလွယ်ပါဘူး” ဟု France Football သို့ ပြောကြားခဲ့သည်။ ဖယ်လ်ကာအိုမှာ မိုနာကိုအသင်းနှင့် ပြင်သစ်လိဂ်ပြိုင်ပွဲတွင် ၅ ပွဲကစားခဲ့ပြီး လေးဂိုးသွင်းယူပေးထားနိုင်သည်။
    goal
    _______________________

    ချန်ပီယံလိဂ်နိုင်ပွဲအတွက် အသင်းသားများအား ဂွာဒီယိုလာချီးကျူး


    ဘိုင်ယံမြူးနစ်အသင်း၏နည်းပြဖြစ်သူ ပက်ပ် ဂွာဒီယိုလာက စီအက်စ်ကေအေမော်စကိုအသင်းအား အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် အသင်းသားများ၏ စွမ်းဆောင်ရည်အား ချီးကျူးပြောဆိုလိုက်သည်။ ဘိုင်ယန်မှာ ယမန်နေ့ကကစားခဲ့သည့် အဆိုပါပွဲစဉ်တွင် အယ်လ်ဘာ၊ မန်ဇူကစ်၊ ရော်ဘင်တို့၏သွင်းဂိုးများဖြင့်  အနိုင်ရရှိခဲ့ပြီး၊ ထိုပွဲအနိုင် ရလဒ်ကြောင့် ချီးကျူးမှုကို ခံထိုက်သူများမှာ အသင်းသားများဖြစ်ကြပြီး ၎င်းကိုယ်တိုင်မဟုတ်ဟု ဂွာဒီယိုလာကဆိုသည်။ “ကစားခဲ့တဲ့ပုံစံက ဘိုင်ယန်အသင်းရဲ့ ကစားပုံဖြစ်ပြီး ကျွန်တော့်ရဲ့ပုံစံမဟုတ်ပါဘူး။ အသင်းကစားသမားအသစ်တွေကို အားပေးဖို့ကျွန်တော်ဒီမှာရှိနေတာဖြစ်ပြီး သူတို့အတွက် ကျွန်တော်ဂုဏ်ယူမိပါတယ်။ ချန်ပီယံလိဂ်ဖလားရပြီးနောက်ပိုင်း ပထမဆုံးကစားတဲ့ပွဲဟာ မလွယ်ပါဘူး။ လူတိုင်းကဒါကိုလွယ်တယ်လို့ထင်ကြပါတယ်။ ဒါပေမယ့်မလွယ်ပါဘူး။ ဒါပေမယ့်
    အသင်းရဲ့စွမ်းဆောင်ရည်ကိုကျွန်တော်ကျေနပ်ပါတယ်။ အထူးသဖြင့်ပထမပိုင်းကစားပုံပေါ့။ သိပ်ကိုကျေနပ်စရာကောင်းပါတယ်” ဟု ချန်ပီယံလိဂ်ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
    goal
    _____________________

    မန်ယူအတွက် ရွန်းနီ ဂိုး ၂၀၀ ပြည့်သွင်း၊ ရော်နယ်ဒို ဟက်ထရစ်ရသွားတဲ့ အသင်းကြီးများ အနိုင်ရရှိခဲ့ကြသည့် ချန်ပီယံလိဂ်အုပ်စုအဖွင့် အင်္ဂါနေ့ညပွဲစဉ်များ


    ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်များကို အုပ်စုလေးခုမှ အသင်းများ ယနေ့နံနက်ကယှဉ်ပြိုင်ကစားခဲ့ရာ အသင်းကြီးအားလုံးနီးပါးအနိုင်ရရှိခဲ့ကြသည်။

    အုပ်စု A

    မန်ချက်စတာယူနိုက်တက် ၄-၂ လေဗာကူဆင်
    ရီးယဲလ်ဆိုဒီဒက် ၀-၂ ရှက်တာဒိုးနက်

    အိုးထရက်ဖို့ဒ်တွင်ကစားခဲ့ကြသည့် မန်ယူနှင့်လေဗာကူဆင်တို့ပွဲတွင် ဗန်ပါစီ၊ ရူနီတို့၏သွင်းဂိုးများဖြင့် မန်ယူအသင်းက အနိုင်ရရှိခဲ့သည်။ ၄ ဂိုး ၂ ဂိုးဖြင့် မန်ယူကအနိုင်ရရှိခဲ့သောအဆိုပါပွဲတွင် ရူနီက ၂၂ မိနစ်ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး လေဗာကူဆင်က ရိုလ်ဖက်စ်က ၅၄ မိနစ်တွင်ချေဂိုးသွင်းယူပေးခဲ့သည်။ လေဗာကူဆင်အသင်းမှာ မန်ယူအသင်းအားအပြန်အလှန်ကစားနိုင်ခဲ့ပြီး မန်ယူဂိုးပေါက်ကိုခြိမ်းခြောက်နိုင်ခဲ့သော်လည်း အဆုံးသတ်ပိုင်းအားနည်းမှုကြောင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ မန်ယူအသင်းအတွက်အနိုင်ဂိုးများကို ၅၉၊ ၇၀၊ ၇၉ မိနစ်တို့တွင် ဗန်ပါစီ ရူနီနှင့် ဗလင်စီယာတို့ကအသီးအသီးသွင်းယူပေးခဲ့ကြပြီး လေဗာကူဆင်အတွက် ဒုတိယချေဂိုးကို ၈၈ မိနစ်တွင် အိုမာတော့ပ်ရက်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ယခုပွဲအနိုင်ရရှိမှုကြောင့် မန်ယူနည်းပြဒေးဗစ်မိုယက်စ်မှာ မျက်နှာပန်းလှခဲ့ပြီး ရူနီမှာလည်း မန်ယူအတွက်သူ၏ ၁၉၉ မြောက်နှင့် ၂၀၀ မြောက်ဂိုးကိုသွင်းယူပေးနိုင်ခဲ့သည်။

    စပိန်တွင်ကစားခဲ့ကြသည့် ရှက်တာဒိုးနက်နှင့် ရီးယဲလ်ဆိုဆီဒက်တို့ပွဲစဉ်တွင် ရှက်တာဒိုးနက်က အိမ်ရှင်အား အဲလက်တက်စီရာ၏ ၆၅ မိနစ်နှင့် ၈၇ မိနစ်သွင်းဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ဂိုးကွာခြားချက်ဖြင့် အုပ်စုပထမနေရာတွင်ရှိနေသည်။
    ………………………………………………….
    အုပ်စု B

    ဂါလာတာစာရေး ၁-၆ ရီးယဲလ်မက်ဒရစ်
    ကိုပင်ဟေဂင် ၁-၁ ဂျူဗင်တပ်စ်

    ဂါလာတာစာရေး၏အိမ်ကွင်း အလီဆာမီယန်ကွင်းတွင် ကစားခဲ့ကြသည့် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ဂါလာတာစာရေးတို့ ပွဲစဉ်တွင် ရီးယဲလ်မက်ဒရစ်က ၆ ဂိုး ၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ ယခုပွဲတွင် ရီးယဲလ်တိုက်စစ်မှူးရော်နယ်ဒို အထူးခြေစွမ်းပြခဲ့ပြီး ဟက်ထရစ်သွင်းယူပေးနိုင်ခဲ့သည်။ ရီးယဲလ်အသင်းအတွက်ဂိုးများကို ၃၃ မိနစ်တွင် အစ္စကို၊ ၅၄ နှင် ၈၁ မိနစ်တို့တွင် ဘန်ဇီမာ၊ ၆၃၊ ၆၆ နှင့် ဒုတိယပိုင်းပြီးကာနီး နာကျင်အချိန်ပိုတွင် ရော်နယ်ဒိုတို့က အသီးအသီးသွင်းယူပေးခဲ့သည်။ ဂါလာတာစာရေးအတွက် နှစ်သိပ့်ဂိုးကို ၈၄ မိနစ်တွင် အူမွတ် ဘူလွတ်က သွင်းယူပေးခဲ့သည်။ ပြိုင်ပွဲမတင်မီက ဂါလာတာစာရေးနည်းပြဖြစ်သူမှာ ရီးယဲလ်အားယှဉ်ကစားနိုင်လိမ့်မည်ဟုပြောဆိုခဲ့သော်လည်း ရီးယဲလ်အသင်းအား အဖက်ဖက်မယှဉ်နိုင်ခဲ့ပေ။

    အီတလီထိပ်သီးဂျူဗင်တပ်စ်နှင့် ကိုပင်ဟေဂင်တို့၏ပွဲစဉ်မှာ ၁ ဂိုး စီသရေဖြင့်ပြီးဆုံးခဲ့သည်။ ဦးဆောင်ဂိုးကို ကိုပင်ဟေဂင်မှရရှိခဲ့ပြီး ၁၄ မိနစ်တွင် နီကိုလိုင် ဂျော်ဂန်ဆန်က သွင်းယူပေးခဲ့သည်။ ဂျူဗင်တပ်စ်အသင်းအတွက်ချေပဂိုးကို ၅၄ မိနစ်တွင် ဖေဘီယို ကွာဂလီရယ်လာက သွင်းယူပေးခဲ့သည်။
    …………………………………………….
    အုပ်စု C

    အိုလံပီယာကော့စ် ၁-၄ ပီအက်စ်ဂျီ
    ဘင်ဖီကာ ၂-၀ အန်ဒါလက်ခ်ျ

    အုပ်စု C ပွဲစဉ်များအဖြစ် အိုလံပီယာကော့စ်နှင့် ပီအက်စ်ဂျီ၊ ဘင်ဖီကာနှင့် အန်ဒါလက်ခ်ျတို့ကစားခဲ့ကြသည်။

    ဂရိတွင်ကစားခဲ့ကြသည့် အိုလံပီယာကော့စ်နှင့် ပီအက်စ်ဂျီတို့၏ပွဲတွင် ပီအက်စ်ဂျီက အိမ်ရှင်အသင်းအား ၄ ဂိုး ၁ဂိုးဖြင့် ပြတ်ပြတ်သားသားအနိုင်ရရှိခဲ့သည်။ ဦးဆောင်ဂိုးကို ၁၉ မိနစ်တွင် ပီအက်စ်ဂျီမှ ကာဗာနီက သွင်းယူပေးခဲ့ပြီး ၂၅ မိနစ်တွင် အိုလံပီယာကော့စ်မှ ၀ီစစ်က ပြန်လည်ချေပခဲ့သည်။ သို့သော်လည်း ၆၈နှင့် ၇၃ မိနစ်တို့တွင် သီယာဂိုမော်တာနှင့် ၈၆ မိနစ်တွင် မာကွင်ဟိုတို့က ပီအက်စ်ဂျီအသင်းအတွက် အနိုင်ဂိုးများကို အသီးသီးသွင်းယူပေးခဲ့သည်။ ယခုပွဲတွင် ပီအက်စ်ဂျီအသင်းက ဖိကစားနိုင်ခဲ့ပြီး ဂိုးပေါက်ကန်သွင်းခွင့် ၁၀ ကြိမ်အထိရရှိခဲ့သည်။

    ဘင်ဖီကာနှင့် အန်ဒါလက်ခ်ျတို့ပွဲတွင် ဘင်ဖီကာက ပထမပိုင်းသွင်းဂိုးများဖြင့် အန်ဒါလက်ခ်ျအား ၂ ဂိုး ပြတ်ဖြင့်အနိုင်ရရှိခဲ့သည်။ ဘင်ဖီကာအတွက်ဂိုးများကို ပွဲအစ ၄ မိနစ်တွင်
    ဂျူရစ်စစ်နှင့် မိနစ် ၃၀ တွင် လူဝီဆာအိုတို့က သွင်းယူပေးခဲ့သည်။
    ……………………………………….
    အုပ်စု D

    ဘိုင်ယန်မြူးနစ် ၃-၀ စီအက်စ်ကေအေမော်စကို
    ဗစ်တိုးရီးယား ပါဇန် ၀-၃ မန်ချက်စတာစီးတီး

    ဘာစီလိုနာနည်းပြဟောင်း ဂွာဒီယိုလာကိုင်တွယ်သည့် ချန်ပီယံလိဂ် လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းမှာလည်း အိမ်ကွင်းတွင်အောင်ပွဲခံနိုင်ခဲ့ပြီး စီအက်စ်ကေအေမော်စကိုအသင်းအား ၃ ဂိုးပြတ်ဖြင့်အနိုင်ရရှိခဲ့သည်။ ပွဲအစ ၄ မိနစ်မှာပင် ဘိုင်ယန်က အဖွင့်ဂိုးရရှိခဲ့ပြိး ဖရီးကစ်မှတစ်ဆင့် အလ်ဘာက သွင်းယူခဲ့သည်။ ဘိုင်ယန်ကတောက်လျှောက်ဖိကစားခဲ့ပြီး စီအက်စ်ကေအေဂိုးပေါက်သို့အကြိမ်ကြိမ်ခြိမ်းခြောက်နိုင်ခဲ့သည်။ ဘိုင်ယန်အတွက်ဒုတိယဂိုးကို ၄၁ မိနစ်တွင် မန်ဇူကစ်ကသွင်းယူပေးခဲ့ပြီး နောက်ဆုံးပိတ်အနိုင်ဂိုးကို ကွင်းလယ်လူရော်ဘင်က ၆၈ မိနစ်တွင် သွင်းယူပေးခဲ့သည်။

    ဗစ်တိုးရီးယား ပါဇန်အသင်းနှင့် မန်စီးတီးတို့ပွဲစဉ်ကို ပါဇန်အသင်း၏အိမ်ကွင်း ဒိုဆန်အရီနာတွင် ကစားခဲ့ကြပြီး ဧည့်သည်မန်စီးတီးအသင်းက ၃ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။ မန်စီးအသင်းတွင် ဒဏ်ရာရရှိခဲ့သည့် အသင်းခေါင်းဆောင် ကွန်ပနီပြန်လည်ပါဝင်လာခဲ့သည်။ မန်စီးတီးအသင်းအတွက်ဂိုးများမှာ ဒုတိယပိုင်းတွင်ရရှိခဲ့ခြင်းဖြစ်ပြီး ၄၈ မိနစ်တွင် ဇက်ကို၊ ၅၃ မိနစ်တွင် ယာယာတိုးရေးနှင့် ၅၈ မိနစ်တွင် အဂူရိုတို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ မန်စီးတီးအသင်းမှာ ပြီးခဲ့သည့် ၂ နှစ်အတွင်း ချန်ပီယံလိဂ်အုပ်စုအဆင့်မှသာ လှည့်ပြန်ခဲ့ရပြီး ယခုနှစ်တွင် အုပ်စုအဆင့်အားဖြတ်ကျော်နိုင်မည်လားဆိုသည်ကိုစောင့်ကြရမည်ဖြစ်သည်။

  • စက်တင်ဘာ ၁၇ အားကစားသတင်းများ

    စက်တင်ဘာ ၁၇၊ ၂၀၁၃
    M-Media

    ရာနှုန်းပြည့်နိုင်ပွဲ စံချိန်ရပ်တန့်သွားသော်လည်း ဇယားထိပ်တွင် ဦးဆောင်နေတဲ့ လီဗာပူးလ်

    554098_590989934276814_1965522860_n

    ပရီးမီးယားလိဂ်ပွဲစဉ် ၄ ၏ နောက်ဆုံးပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းနှင့် ဆွမ်ဆီးအသင်းတို့ ယနေ့နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ၂-ဂိုးစီ သရေချခဲ့သည်ဟုသိရသည်။

    ပွဲအစ ၂-မိနစ်တွင်ပင် ဆွမ်ဆီးအသင်း၏ ကွင်းလယ်လူ ရှယ်လ်ဗီက ဆွမ်းဆီးအတွက် ဦးဆောင်ဂိုးကိုသွင်းယူပေးခဲ့သည်။ သို့သော်လည်း ၄-မိနစ် တွင် လီဗာပူးလ်အသင်းကချေပဂိုးရခဲ့သည်။ ရှယ်လ်ဗီ၏ လူပေးမှားမှုမှ တစ်ဆင့် ဂိုးမြူးနေသည့် လီဗာပူးတိုက်စစ်မှူး ဒန်နီယဲလ် စတားရစ်ဂ်ျက သွင်းယူပေးခဲ့သည်။ ထိုကဲ့သို့ဂိုးသွင်းယူနိုင်မှုကြောင့် လီဗာပူးလ်အတွက် လေးပွဲဆက်ဂိုးသွင်းယူနိုင်သည့် ပမဆုံးကစားသမားဖြစ်လာခဲ့သည်။ ၃၆-မိနစ် တွင် လီဗာပူးလ်အသင်း ဦးဆောင်ဂိုးရခဲ့သည်။

    ထိုဂိုးမှာလည်း ရှယ်လ်ဗီ၏ အမှားကြောင့် ပေးခဲ့ရခြင်းဖြစ်ပြီး ဗစ်တာမိုးစက်က သွင်းယူပေးခဲ့သည်။ ဆွမ်းဆီးအသင်းအတွက်ချေပဂိုးကို ၆၄ မိနစ်တွင် ရှယ်လ်ဗီ၏ ဖန်တီးမှုမှ တဆင့် မီချူးက သွင်းယူခဲ့သည်။ ထိုဂိုးမှာ မီချူး၏ ယခုနှစ်ပရီးမီးယားလိဂ် ပထမဆုံး ဂိုးလည်းဖြစ်ခဲ့သည်။ ယခုပွဲသရေကျမှုကြောင့် လီဗာပူးလ် အသင်းမှာ ရာနှုန်းပြည့်နိုင်ပွဲစံချိန်ရပ်တန့်သွားခဲ့သော်လည်း ၄-ပွဲကစား ၁၀-မှတ်ဖြင့် ပရီးမီးယားလိဂ်ဇယားအား ဦးဆောင်နေသည်။ ပွဲအပြီးတွင် ဆွမ်ဆီးကွင်း လယ်လူ ရှယ်လ်ဗီက ၎င်း၏အမှားများကြောင့် ဂိုးပေး လိုက်ရသည့် အတွက် ဆွမ်ဆီးပရိတ်သတ်အား တောင်းပန်သွားခဲ့သည်။
    goal
    …………………………………………….
    ချန်ပီယံလိဂ်တွင် ဗိုလ်စွဲနိုင်ခြင်းမှာ ဂျူဗင်တပ်စ်အတွက်ထူးခြားလိမ့်မည်ဟု ဘူဖွန်ဆို

    ချန်ပီယံလိဂ်ဖလားကို တစ်ခါမျှ မရရှိခဲ့ဖူးသည့် ဂျူဗင်တပ်စ်အသင်း၏ ၀ါရင့်ဂိုးသမား ဘူဖွန်က ဂျူဗစ်တပ်စ်အသင်းမှာ ယခုနှစ်ချန်ပီယံလိဂ်တွင်အောင်မြင်မှုရန် အရည်အချင်းရှိနေသည်ဟု ယုံကြည်ကြောင်းနှင့် ချန်ပီယံလိဂ်တွင်ဗိုလ်စွဲနိုင်ခဲ့ပါက ဂျူဗင်တပ်စ်အသင်းအတွက် ထူးခြားသော အောင်မြင်မှုဖြစ်မည်ဟု ပြောဆိုလိုက်သည်။ ဂျူဗင်တပ်စ်အသင်းမှာ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ကိုပင်ဟေဂင်အသင်းနှင့် ယနေ့ညတွင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဘူဖွန်က “အရေးကြီးတဲ့နှစ်၂နှစ်ကို ကျွန်တော်တို့ဖြတ်သန်းခဲ့ပြီး အပြောင်းအရွှေ့ဈေးကွက်တွေကနေ အသင်းကိုတောင့်တင်းအောင် လုပ်ခဲ့ပြီးပါပြီ။ ဒါပေမယ့် ဒီအတွက်သက်သေက အသင်းဘာဖြစ်လာမလဲဆိုတာပါ” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
    …………………………………………….
    ချန်ပီယံလိဂ်ပြိုင်ပွဲတိုင်းကို ဗိုလ်လုပွဲကဲ့သို့ ကစားရမည်ဟု အာဆင်နယ်အား မာဆေးလ်ဂိုးသမားသတိပေး


    ချန်ပီယံလိဂ်အုပ်စုကျပ်အတွင်းကျရောက်နေသည့် အာဆင်နယ်အသင်းအနေဖြင့် ပွဲတိုင်းအား ဗိုလ်လုပွဲကဲ့သို့ကစားရမည်ဟု မာဆေးလ်ဂိုးသမား စတီဗ် မန်ဒန်ဒါက သတိပေးပြောဆိုလိုက်သည်။ အဆင်နယ်အသင်းမှာ ဗုဒ္ဓဟူးနေ့တွင် ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲအဖြစ် မာဆေးလ်အသင်းနှင့် အဝေးကွင်းတွင် သွားရောက်ကစားရမည်ဖြစ်သည်။ “ဒီချန်ပီယံလိဂ်အုပ်စုက တော်တော်ကျပ်ပါတယ်။ နောက်တဆင့်တက်ချင်တဲ့ကလပ်တွေအတွက် ပွဲတိုင်းဟာ ဖိုင်နယ်ပွဲပါပဲ။ ပြီးတော့ အိမ်ကွင်းပွဲတွေမှာ အနိုင်ရရပါမယ်။ ဒီလိုသာမလုပ်နိုင်ဘူးဆိုရင်တော့ (အုပ်စုကလွတ်ဖို့) အခွင့်အရေးရမှာမဟုတ်ပါဘူး” ဟု မန်ဒန်ဒါက ပြောကြားခဲ့သည်။ အာဆင်နယ်အသင်းမှာ အုပ်စု F တွင် ဒေါ့မွန်၊ မာဆေးလ်၊ နာပိုလီတို့နှင့် တစ်အုပ်စုတည်းကျရောက်နေပြီး နောက်တစ်ဆင့်တက်ရန်အတွက် ကြိုးစားရဖွယ်ရှိနေသည်။

    ……………………………………………………
    အဲဗာတန်သို့ ဘယ်ရီပြောင်းရွှေ့ခဲ့ခြင်းအား အံအားသင့်မိသည်ဟု ဘိန်းဆို

    မန်စီးတီးကစားသမားများက ကွင်းလယ်လူဘယ်ရီအား အသင်းမှထွက်ခွာခွင့်ပေးခဲ့ခြင်းအား မယုံကြည်နိုင်အောင်ဖြစ်ရသည်ဟု အဲဗာတန်နောက်ခံလူ ဘေတန်ဘိန်း ကပြောကြားခဲ့သည်။ လေတန်ဘိန်းမှာ ဘယ်ရီးအားနှစ်ခြိုက်အားပေးသူဖြစ်ပြီး ဘယ်ရီအနေဖြင့် အဲဗာန်တန်သို့ပြောင်းရွှေ့လာခြင်းမှာ ကောင်းမွန်သည်ဟု ခံစားနေရသည်။ ဘယ်ရီမှာ အဲဗာတန်သို့ အပြောင်းအရွှေ့နောက်ဆုံးနေ့မှ တစ်နှစ်အငှားစာချုပ်ဖြင့်ရောက်ရှိလာခြင်းဖြစ်ပြီး ချယ်ဆီးအသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသောပွဲတွင် ပါဝင်ခြေစွမ်းပြခဲ့သည်။

    …………………………………………………..
    အိုဇေးလ်နှင့်နှိုင်းယှဉ်ရန် မသင့်သေးဟု အဲရစ်ဆန်ဆို


    အာဆင်နယ်သို့ရောက်ရှိလာသည့် မီဆုအိုဇေးလ်နှင့်ခိုင်းနှိုင်းပြောဆိုမှုများအား မခံယူဝံဘဲ အိုဇေးလ်မှာ မိမိစံနမူနာယူရသည့် ကစားသမားကောင်းတစ်ဦးဖြစ်သည်ဟု စပါးအသင်း၏ ကွင်းလယ်လူ ခရစ်ရှန် အဲရစ်ဆန်ကပြောကြားလိုက်သည်။ အဲရစ်ဆန်မှာ အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့တွင် ပေါင် ၁၁.၅သန်းဖြင့် အေဂျက် အသင်းမှ စပါးအသင်းသို့ ပြောင်းရွှေ့လာခဲ့ဖြင်းဖြစ်ပြီး စနေနေ့က ကစားခဲ့သည့် နော်ဝစ်ခ်ျအသင်းအား ၂ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိသောပွဲတွင် အနိုင်ဂိုးနှစ်ဂိုးစလုံးအား သွင်းယူပေးခဲ့သည်။ အိုဇေးလ်မှာလည်း အာဆင်နယ်အသင်းနှင့်ပွဲဦးထွက်တွင် ခြေစွမ်းပြခဲ့သည်။ “အိုဇေးလ်ဟာ ကျွန်တော့်ထက်အနည်းငယ်ပိုအောင်မြင်ပါတယ်။ ပြီးတော့ ကျွန်တော်ဟာ သူ့ထက်လည်းငယ်ပါတယ်။ သင်ယူစရာတွေအများကြီးရှိနေပြီး အိုဇေးလ်နဲ့ နှိုင်းယှဉ်ခံရတာ ကျေနပ်စရာပါပဲ။ တစ်ချို့ကစားသမားတွေဟာ ပွဲဦးထွက်မှာ အငြိုငြင်ခံရတတ်ပြီး နောက်ပိုင်းတွေမှာ ကောင်းလာတတ်ကြပါတယ်။ ပရိတ်သတ်တွေက ကျနော့်ကို ဒါမျိုးမလုပ်ဘူးလို့ ကျနော်မျှော်လင့်ပါတယ်။ ဒါပေမယ့် အမှားတွေတော့ရှိမှာပါ။ ကျွန်တော့် ၂၁ နှစ်ပဲရှိပါသေးတယ်။ အမှားအနည်းငယ်လုပ်ကောင်းလုပ်မိလိမ့်မယ်ကို ကျွန်တော်ထင်ပါတယ်” ဟု ၎င်းအား အိုဇေးလ်နှင့် နှိုင်ယှဉ်ဖော်ပြမှုအတွက် မှတ်ချက်ပေးပြောဆိုခဲ့သည်။

    …………………………………………
    ချန်ပီယံလိဂ်ပွဲတွင် ကွန်ပနီ ပြန်ပါမည်

    ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွင်ရရှိခဲ့သည့် ပေါက်ခြံဒဏ်ရာကြောင့် အနားယူနေခဲ့ရသည့် မန်ချက်စတာစီးတီးအသင်းခေါင်းဆောင် ဗင်ဆင့် ကွန်ပနီမှာ ယနေ့ညတွင်ကစားမည့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ပြန်လည်ပါဝင်လာမည်ဟုသိရသည်။ “ဗင်ဆင့်(ကွန်ပနီ)ဟာ လွန်ခဲ့တဲ့နှစ်ရက်လောက်ကတည်းက အသင်းနဲ့ ပုံမှန်အတိုင်းလေ့ကျင့်ခဲ့ပါတယ်။ သူဟာရာနှုန်းပြည့်ကောင်းမွန်လားဆိုတာကို ကြည့်ရပါမယ်။ တကယ်လို့ ကောင်းမွန်တယ်ဆိုရင် ချန်ပီယံလိဂ်ပွဲမှာ သူပါဝင်မှာပါ။ ဆရာဝန်နဲ့တွေ့ပြီးတော့ ဆုံးဖြတ်ရမှာပါ။ ရာနှုန်းပြည့်မကောင်းဘူးဆိုရင်တော့ သူပါမှာမဟုတ်ပါဘူး။ ဒီပွဲဟာကျနော်တို့အတွက် အရေးကြီးပါတယ်။ တကယ်လို့ သူမပါနိုင်ဘူးဆိုရင် ကျွန်တော်တို့မှာ တခြားကစားသမားတွေရှိပါသေးတယ်” ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားခဲ့သည်။ မန်စီးတီးအသင်းမှာ ချန်ပီယံလိဂ်အုပ်စု D တွင် ဘိုင်ယန်မြူးနစ်၊ စီအက်စ်ကေအေမော်စကို၊ ဗစ်တိုးရိးယား ပါဇန်အသင်းတို့နှင့်အတူကျရောက်နေပြီး ပထမဦးဆုံးပွဲအဖြစ် အဝေးကွင်းတွင် ဗစ်တိုးရီးယားပါဇန်အသင်းနှင့် ယနေ့ညတွင်ကစားရမည်ဖြစ်သည်။

    …………………………………………
    ဂါလာတာစာရေးမှာ ရီးယဲလ်အားယှဉ်နိုင်မည်ဟု နည်းပြဖြစ်သူဆို

    တူရကီကလပ် ဂါလာတာစာရေး၏ နည်းပြဖြစ်သူ ဖာတီတီရင်မ်က ယနေ့ည အိမ်ကွင်းတွင်ယှဉ်ပြိုင်ကစားမည့် ရီးယဲလ်မက်ဒရစ်နှင့် ချန်ပီယံလိဂ်ပွဲတွင် ဂါလာတာစာရေးအသင်းမှာ ရီးယဲလ်အား အခက်တွေ့အောင်လုပ်နိုင်မည်ဟု ပြောဆိုလိုက်သည်။ ဂါလာတာစာရေးမှာ ပြီးခဲ့သည့်နှစ် ချန်ပီယံလိဂ်တွင် ကွာတားဖိုင်နယ်အထိတက်ရောက်နိုင်ခဲ့ပြီး ရီးယဲလ်နှင့်တွေ့ဆုံခဲ့ကာ အိမ်ကွင်းတွင် ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း နှစ်ကျော့ပေါင်းရလဒ် ၅-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။ “ဒီအုပ်စုမှာ ရီးယဲလ်ဟာ ရေပန်းအစားဆုံးပါ။ ရော်နယ်ဒို၊ ဘေးလ်တို့ကို ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားနှစ်ဦးရှိနေပြီး၊ ဒီမာရီယာ၊ ဘန်ဇီမာ၊ ရာမို့စ်၊ ကာဆီးလက်တို့လို ကမ္ဘာ့အကောင်းဆုံးတွေလည်း အများကြီးရှိပါတယ်။ သူတို့ဟာသိပ်တောင့်တင်းပါတယ်။ ဒါပေမယ့် အလီဆာမီယန်(ဂါလာတာစာရေး၏အိမ်ကွင်း)မှာ ကျွန်တော်တို့အနိုင်ရချင်တယ်လို့ ပြောပါရစေ” ဟု တီရင်က ပြောကြားခဲ့သည်။ ဂါလာတာစာရေးမှာ ချန်ပီယံလိဂ်အုပ်စု B တွင် ဂျူဗင်တပ်စ်၊ ရီးယဲလ်မက်ဒရစ်၊ ကိုပင်ဟေဂင်တို့နှင့် အတူကျရောက်နေသည်။
    …………………………………………..
    တားမြစ်ဆေးပြဿနာကြောင့် ခရိုအေးရှား တင်းနစ်သမား ၉ လ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရ

    ခရိုအေးရှားတင်းနစ်သမား မာရန် စီလစ်မှာ တားမြစ်ဆေးသုံးစွဲကြောင်းတွေ့ရှိရ၍ ကမ္ဘာ့တင်းနစ်အဖွဲ့ချုပ်မှ ၉ လ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ကမ္ဘာ့အဆင့် ၂၄ ရှိ စီလစ်မှာ စိတ်ကိုတက်ကြွစေသည့် နိုက်သမိုက် တားမြစ်ဆေးသုံးစွဲကြောင်း တွေရှိခဲ့ရပြီး သူ၏ ပြစ်ဒဏ်အတွက် အယူခံဝင်သွားမည်ပြောဆိုလိုက်သည်။ ပွဲပယ်ပြစ်ဒဏ်မှာ ယခုနှစ် မေလ ၁ ရက်နေ့က စတင်သက်ရောက်မည်ဖြစ်သောကြောင့် လာမည့်နှစ် ဇန်န၀ါရီ ၃၁ နေ့ရောက်မှသာ တင်းနစ်ပြန်လည်ကစားနိုင်မည်ဖြစ်သည်။ စီလစ်မှာ ကိုရာမင်း ဂလူးကို့စ်အဖြစ် နိုက်သမိုက်ဆေးပြားအား အမှတ်တမဲ့သုံးခဲ့ခြင်းဖြစ်ပြီး သူ၏စွမ်းဆောင်ရည်ပိုမိုကောင်းမွန်စေရန် ရည်ရွယ်ခဲ့ခြင်းမရှိဟု စုံစမ်းရေးခုံအဖွဲ့က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစားတွင်ရေသားထားသည်ဟု ကမ္ဘာ့တင်းနစ်အဖွဲ့ချုပ်က ပြောဆိုခဲ့သည်။

    ………………………………………………
    ဂွမ်ဇူအိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ဂျိုဟန်နာ ကွန်တာ ဒုတိယအဆင့်သို့တက်ရောက်

    တရုတ်နိုင်ငံဂွမ်ဇူတွင်ကျင်းပနေသည့် WTA Guangzhou Open အမျိုးသမီးတင်းနစ်ပြိုင်ပွဲ ပထမအဆင့်တွင် ဗြိတိန် နံပါတ် ၃ တင်းနစ်မယ် ဂျိုဟာနာကွန်တာက ဟော်လန်တင်းနစ်မယ် ရေချယ် ဟာဂျင်ကမ့်အား အနိုင်ရရှိခဲ့သည်ဟု သိရသည်။ ၇၁ မိနစ်သာကြာမြင့်သည့် အဆိုပါပွဲစဉ်တွင် ကွန်တာက ဟာဂျင်ကမ့်အား ၆-၃၊ ၆-၂ ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

  • စက်တင်ဘာ ၁၇၊ မြန်မာနှင့် နိုင်ငံတကာ သတင်းတို စုစည်းမှု

    စက်တင်ဘာ ၁၇၊ မြန်မာနှင့် နိုင်ငံတကာ သတင်းတို စုစည်းမှု

    စက်တင်ဘာ ၁၇၊ ၂၀၁၃
    M-Media

    ၂၀၁၅မှာ စနစ်ကျသော ရွေးကောက်ပွဲဖြစ်လာရန် မည်သည့်စနစ်သုံးမည်ကို  ၂၀၁၃ မကုန်မီ အကြောင်းပြန်သင့်

    ရွေးကောက်ပွဲစနစ်ပြောင်းရန် ပါတီအချို့မှ ရွေးကောက်ပွဲ ကော်မရှင်အား တင်ပြလာသည့် အတွက် ဆုံးဖြတ်ပေးရန် လွှတ်တော်သို့ တင်ပြထားသော်လည်း
    ယခုထိ အကြောင်း ပြန်ကြားခြင်း မရှိသေးသောကြာင့် မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသည့် FPTP (First Past the Post) စနစ်အား ဆက်လက် ကျင့်သုံးမည် သို့မဟုတ် PR (Proportional Representation) ကို ကျင့်သုံးမည်လားဆိုသည်ကို ၂၀၁၃-ခု မကုန်မီ အကြောင်းပြန်မှ သာလျှင် ၂၀၁၅ ရွေးကောက်ပွဲ အတွက် စနစ်ကျမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ကြောင်း မြန်မာ့ခေတ်တွင် ဖော်ပြထားပါတယ်။
    _______________________

    အနုမြူစစ်ဆေးရေး သဘောတူစာချုပ် မြန်မာလက်မှတ်ထိုးမည်

    မြန်မာနိုင်ငံအတွင်း အနုမြူစစ်ဆေးခွင့်ကို လက်ခံသဘောတူသည့် စာချူပ်တရပ်ကို မြန်မာအစိုးရနှင့် ကုလသမဂ္ဂ နိုင်ငံတကာ အနုမြူအေဂျင်စီ (IAEA) အကြား လာမည့် အင်္ဂါနေ့တွင် IAEA ရုံးစိုက်ရာ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာလက်မှတ်ရေးထိုးတော့မည်ဖြစ်ကြောင်း RFA ရဲ့ သတင်းတပုဒ်မှာ ဖော်ပြထားချက်အရ သိရှိရပါတယ်။

    _______________________

    လွှတ်တော်များသည် အစိုးရတစ်ရပ်ဟု ပြောကြားခဲ့သည့် သူရဦးရွှေမန်းအား နိုင်ငံပိုင်း သတင်းစာများ တုန့်ပြန်ဝေဖန်

    ဦးရွှေမန်းက ယခင်က လွှတ်တော်အစည်းအဝေးများတွင် ထုတ်ဖော်ပြောဆိုလေ့ရှိသကဲ့သို့ပင် စက်တင်ဘာ ၈-ရက်နေ့က အင်းစိန်မြို့နယ် ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် ပြုလုပ်သော စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင်လည်း လွှတ်တော်များသည် အစိုးရတစ်ရပ်ဖြစ်သည်ဟု အလေးပေး ပြောဆိုခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အာဏာ၃-ရပ်ပေါင်းမှ အစိုးရဟု ခေါ်ဆိုနိုင်ပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်သည်လည်း အစိုးရပင်ဖြစ်သည် ဆိုသည့်အပေါ် အစိုးရသတင်းစာများက တုန့်ပြန်ဝေဖန်လိုက်ကြပါတယ်။

    ________________________
    ဆီးရီးယားရဟတ်ယာဉ်တစ်စီးအား တူရကီပစ်ချ

    ယမန်နေ့က တူရကီလေပိုင်နက်ထဲသို့ဝင်ရောက်လာပြီး ထွက်ခွာသွားရန်သတိပေးမှုအား မလိုက်နာခဲ့သည့် ဆီးရီးယား စစ်ဘက်သုံး ရဟတ်ယာဉ်တစ်စီးအား တူရကီ တိုက်လေယာဉ်မှ ပစ်ချခဲ့သည်ဟု တာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါရဟတ်ယာဉ်မှာ တူရကီလေပိုင်နက်ထဲသို့ ၂ ကီလိုမီတာခန့်ဝင်ရောက်ခဲ့ပြီး တူရကီ တိုက်လေယာဉ်မှ ဒုံးကျည်ဖြင့်ပစ်ခတ်ခဲ့ပြီးနောက် ဆီးရီးယားနယ်နမိတ်အတွင်း ပျက်ကျခဲ့သည်ဟု တူရကီ ဒုတိယ၀န်ကြီးချုပ် Bulent Arinc က ပြောကြားခဲ့သည်။
    aljazeera
    ___________________

    မက္ကဆီကိုတွင်မြေပြိုမှုကြောင့် ၁၂-ဦးသေဆုံး

    မက္ကဆီကိုနိုင်ငံ အရှေ့ဘက်ရှိမြို့တစ်မြို့တွင် ခရီးသည်တင်ဘတ်စ်ကားတစ်စီးအပေါ် မြေပြိုမှုကြောင့် အနည်းဆုံး လူ ၁၂ -ဦး သေဆုံးခဲ့သည်ဟု တာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့သည်။ နိုင်ငံအရှေ့ဘက် Veracruz ပြည်နယ်၊ Altotonga မြို့တွင် ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများထဲတွင် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ပါဝင်သည်ဟု ပြည်နယ်လူမှုကာကွယ်ရေးအေဂျင်ဆီကပြောကြားခဲ့သည်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား လုပ်ဆောင်ရန် အတွက် စစ်သားများနှင့် အရပ်သားများမှာ အခင်းဖြစ်ပွားရာနေရာသို့သွားရောက်ခဲ့ကြပြီး ပြည်နယ် အုပ်ချုပ်ရေးမှူး Javier Duarte de
    Ochoa ကလည်း သေဆုံးကွယ်လွန်သူများ၏ မိသားစုများအား ၀မ်းနည်းကြောင်းပြောကြားခဲ့သည်။
    xinhuanet

    ___________________

    ဆီးရီးယားအတိုက်အခံများအား လူကိုမသေစေနိုင်သည့် ဓာတုလက်နက်ပစ္စည်းများ အိုဘားမားထောက်ပံ့မည်

    ဓာတုလက်နက်များသုံးစွဲမှုတိုးပွားလာခြင်းအား ရပ်တန့်ရန် ဆီးရီးယားအတိုက်အခံများအား လူကိုမသေစေနိုင်သည့် ဓာတုလက်နက် ပစ္စည်းများ ထောက်ပံ့ရန် တာဝန်ရှိသူများအား အုပ်ချုပ်ရေးအမိန့်တစ်ရပ် တနင်္လာနေ့ကပေးခဲ့ကြောင်း သိရသည်။ ထိုအမိန့်အရ အတိုက်အခံများအား လေ့ကျင့်ပေးရေး၊ အတိုက်အခံများ၊ U.S. aid အစီအစဉ်အားကောင်အထည်ဖော်နေသည့် အဖွဲ့အစည်းများနှင့် ဓာတုလက်နက်သုံးစွဲမှုတိုးပွားလာခြင်းအား တားဆီးရန် ကူညီနေကြသည့် နိုင်ငံတကာ အဖွဲ့အစည်းများ အားလုံးအားထောက်ပံ့ရေးတို့ ပါဝင်မည်ဖြစ်သည်။
    xinhua
    ___________________

    မုန်တိုင်းကြောင့် ဂျပန်တွင်မြေပြိုမှုဖြစ်ပေါ် ၃-ဦးသေဆုံး

    အလွန်အင်အားကောင်းသော တိုင်ဖုန်းမုန်တိုင်းကြောင့် ဂျပန်နိုင်ငံတစ်ဝှမ်းတွင် မြေပြိုမှုများ၊ မိုးကြီးမှုများနှင့် လေပြင်းမုန်တိုင်းတိုက်ခတ်မှုများ ဖြစ်ပေါ်လျက်ရှိပြီး ထိုဘေးအန္တရာယ်များကြောင့် ယခုအချိန်ထိ လူသုံးဦးသေဆုံးကာ ၅-ဦးပျောက်ဆုံးနေသည်ဟု သိရသည်။ မန်ယီအမည်ရှိ အဆိုပါတိုင်ဖုန်းမုန်တိုင်းမှာ ယခုနှစ် အတွင်း ဂျပန်နိုင်ငံတွင်ဝင်ရောက်သည့် ၁၈-ခုမြောက်တိုင်ဖုန်းမုန်တိုင်းဖြစ်ပြီး ဂျပန်နိုင်ငံအလယ်ပိုင်း Aichi ပြည်နယ် Toyohashi ဒေသအနီးသို့ ယမန်နေ့နံနက် ၈-နာရီက ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။ ဂျပန်မိုးလေ၀သအေဂျင်စီက Kyoto၊ Shiga နှင့် Fukui ပြည်နယ်များတွင်လည်း မုန်တိုင်းသတိပေးချက်များ ထုတ်ပြန်ထားသည်။
    xinhua

    _____________________
    ပါလက်စတိုင်းတစ်ဦးအား အစ္စရေးပစ်သတ်

    အစ္စရေးက မတရားသိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်းခြေရှိ ဒုက္ခသည်စခန်းတစ်ခု၌ဖြစ်ပွားခဲ့သည့် ယနေ့နံနက်ဆန္ဒပြမှုအတွင်း ပါလက်စတိုင်း လူငယ်တစ်ဦးအား အစ္စရေးစစ်တပ်က ပစ်သတ်ခဲ့သည်ဟုသိရသည်။ သေဆုံးသွားသူမှာ အသက် ၁၉-နှစ်အရွယ်သာရှိသေးသည့် အလ် တူဘာစစ်ဖြစ်ပြီး အစ္စရေးစစ်သားများက တူဘာစစ်မိသားစုနေအိမ်အားဝင်ရောက်ခဲ့ပြီး သေနတ်ဖြင့်ပစ်ခဲ့သောကြောင့် ပြင်းထန်စွာဒဏ်ရာရသွားကာ ဆေးရုံအရောက်တွင် သေဆုံးခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။ ထိုဆန္ဒပြမှုအတွင်း အခြား ပါလက်စတိုင်းနိုင်ငံသားတစ်ဦးမှာလည်း ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။
    presstv

    Untitled_____________________
    ယခုနှစ်အတွင်း ဥဇဘက်ကစ္စတန်တွင် ဗလီဝတ်ကျောင်းတော် သုံးဒါဇင်ခန့်တည်ဆောက်မည်

    ယခုနှစ်အတွင်း ဗလီဝတ်ကျောင်းတော် ၃၆-လုံးအား တည်ဆောက်ရန်စီစဉ်ထားသည့် ဥဇဘက်ကစ္စတန်နိုင်ငံအတွင်း ဗလီဝတ်ကျောင်းတော် ၂၇ လုံးမှာ ဆောက်လုပ်ဆဲအနေအထားတွင်ရှိနေပြီး ဗလီကျောင်းတော်အဟောင်း ၁၂၄ လုံးအား ပြန်လည်ပြင်ဆင်နေသည်ဟုသိရသည်။ Tashkent မြို့တွင်ရှိသည့် Hajj Valius Ahrar ဗလီဝတ်ကျောင်းတော် ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းမှာ ပြီးစီးသွားပြီဖြစ်သည်။ ယမန်နှစ်က ဥဇဘက်ကစ္စတန်မွတ်စလင်စီမံခန့်ခွဲရေး
    အဖွဲ့အစည်း၏ အကူအညီဖြင့် ဗလီဝတ်ကျောင်းတော်အသင်း ၁၂ လုံးတည်ဆောက်ပြီးစီးခဲ့ပြီး ၂၀-ကျော်ကိုပြန်လည်ပြုပြင်နိုင်ခဲ့သည်။ ဥဇဘက်ကစ္စတန်နိုင်ငံတွင် အယူဝါဒ ၁၅ မျိုးမှ ဘာသာရေးအဆောက်အဦးပေါင်း ၂၂၃၀ ခန့်ရှိပြီး အစ္စလာမ်ဘာသာရေးအဆောက်အဦးမှာ ၂၀၃၀ခုဖြင့် ၉၂ ရာခိုင်နှုန်းရှိနေသည်။
    islam


    ____________________

    ဆီးရီးယားတွင် ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခဲ့သည်ဟု ကုလအတည်ပြု

    ပြီးခဲ့သည့်လက ဒမတ်စကတ်မြို့ဆင်ခြေဖုံးတွင်ဖြစ်ပွားခဲ့သောလူအမြောက်အများသေဆုံးခဲ့သည့် တိုက်ခိုက်မှုတွင် ဓာတုလက်နက်ပမာဏ အများအပြားသုံးခဲ့ကြောင်း ရှင်းလင်း၍ ယုံကြည်ရလောက်သော အထောက်အထားများအား ကုသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးက တွေ့ရှိခဲ့သည်ဟုသိရသည်။ စုံစမ်းစစ်ဆေးရေးမှူး၏ အစီရင်ခံစာကို ယမန်နေ့က ကုလသမဂ္ဂတွင်ထုတ်ပြန်ခဲ့ပြီး ထိုတိုက်ခိုက်မှုမှာ မည်သူကပြုလုပ်သည်ကို ဖော်ပြထားခြင်းမရှိပေ။ ဆီးရီးယာနိုင်ငံ ဒမတ်စကတ်မြို့တော် ဂူတာဒေသ အနီးတွင် သြဂုတ်လ ၂၁-ရက်နေ့က ပစ်ခတ်ခဲ့သည့် မြေပြင်မှမြေပြင်ပစ်ဒုံးကျည်တွင် ဆာရင်းအဆိပ်ဓာတ်ငွေ့ အမြောက်အများအသုံးပြုခဲ့ကြောင်း စုဆောင်းရရှိသည့် ပတ်ဝန်းကျင်ဆိုင်ရာ၊ ဓာတုဗေဒဆိုင်ရာ၊ ဆေးပညာဆိုင်ရာ နမူနာများက ဖော်ပြနေသည်ဟု အဆိုပါအစီရင်ခံစာတွင်ဖော်ပြထားသည်။
    aljazeera

    Untitled

    ____________________

    ပါကစ္စတန်တွင် ဟိန္ဒူများနှင့် ဆစ်ခ်လူမျိုးများ တင်းမာမှုများဖြစ်ပွား

    ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းပြည်နယ်တွင် ဟိန္ဒူလူမျိုးစုများနှင့် ဆစ်ခ်လူမျိုးများစုများအကြား တင်းမာမှုများ တစတစကျယ်ပြန့်လာကာ ထိုကဲ့သို့တင်းမာမှုများအား ပါကစ္စတန် အစ္စလာမ်ဘာသာရေးခေါင်းဆောင်များက ရှုတ်ချလိုက်ပြီး အယူဝါဒအားလုံနှင့် သွေဖည်သော လုပ်ရပ်များဖြစ်သည်ဟုပြောကြားလိုက်သည်။ ဆစ်ခ်အယူဝါဒအား တည်ထောင်သူ Baba Gru Nanak ၏ သွန်သင်ချက်များကို စုစည်းထားသည့် Gru Garanth Saheb ကျမ်းစာအုပ်၏  မီးလောင်ကျွမ်း နေသော အစိတ်အပိုင်းများ၊ စုတ်ပြဲနေသည့်အစိတ်အပိုင်းများအားတွေ့ရှိရပြီးနောက် တင်းမာမှုများမှာ ကြီးထွားလာခြင်းဖြစ်သည်။ Mehhar၊ Pano Aqil၊ Sukkur၊ Mirpur Mathelo Shikarpur မြို့များရှိ ဟိန္ဒူဘုရားကျောင်းများတွင် ထိုကဲ့သို့တွေ့ရှိရခြင်းဖြစ်ပြီး ပါကစ္စတန်ဆစ်ခ်ကောင်စီမှ ထိုလုပ်ရပ်များအတွက် ဟိန္ဒူများကို အပြစ်တင်ပြောဆိုခဲ့သည်။  “ဟိန္ဒူတော်တော်များများက Baba Gru Nanak ရဲ့နောက်လိုက်တွေဖြစ်ကြပြီး ကျမ်းစာအုပ်ကို သူတို့ရဲ့ဘုရားကျောင်းတွေမှာ
    သိမ်းဆည်းထားကြပါတယ်။ ကျွန်တော် ဟိန္ဒူလူ့အဖွဲ့အစည်းတစ်ခုလုံးကို အပြစ်မတင်ချင်ပေမယ့် သူတို့အထဲမှာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းနှစ်ခုရဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးကို ပျက်သုဉ်းစေချင်တဲ့ လူအချို့ရှိနေပါတယ်” ဟု ပါကစ္စတန်ဆစ်ခ်ကောင်စီ၏ ဥက္ကဌဖြစ်သူ Sardar Ramesh က ပြောကြားခဲ့သည်။ “ဒီလိုပြဿနာတွေ
    ဘယ်နေရာမှာဖြစ်ခဲ့တယ်ဆိုတာ နိုင်ငံအဆင့်၊ ပြည်နယ်အဆင့်မှာရှိတဲ့ ဟိန္ဒူအသိုင်းအ၀ိုင်းရဲ့ လူကြီးတွေကိုလည်း ကျွန်တော်တို့အကြောင်းကြားပြီးပါပြီ။ ဒီလိုစက်ဆုပ်စရာကောင်းတဲ့လုပ်ရပ်တွေမှာ သူတို့လူတွေပါဝင်ခဲ့တယ်ဆိုတာလည်း သူတို့ဝန်ခံခဲ့ပါတယ်” ဟု Ramesh က ဒေါသတစ်ကြီးပြောဆိုခဲ့သည်။
    ပါကစ္စတန်ဟိန္ဒူကောင်စီ၏ အကြီးအကဲဟောင်းဖြစ်သူ Raja Asar Manglani က “ဒီလိုရွံစရာကောင်းတဲ့လုပ်ရပ်တွေမှာ ဟိန္ဒူအချို့ပါခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဟိန္ဒူအသိုင်းအ၀ိုင်းက ဒီလုပ်ရပ်ကိုပြင်းပြင်းထန်ထန်ရှုတ်ချတယ်။ ပြီးတော့  ပါကစ္စတန်မှာရှိတဲ့ ဆစ်ခ်နဲ့ ဟိန္ဒူလူမျိုးတွေရဲ့ကြားထဲမှာ အမုန်းမျိုးစေ့စိုက်ပျိုးချင်ကြတဲ့သူ တွေထဲမှာလည်း ပါဝင်မှာမဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။
    onislam

  • စက်တင်ဘာ ၁၆ အားကစား သတင်းများ

    စက်တင်ဘာ ၁၆

    M-Media

    ရော်နယ်ဒို ရီးယဲလ်နှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆို

    article-2421040-1BD5FC37000005DC-621_634x404

    ရီးယဲလ်မက်ဒရစ်အသင်း၏တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုမှာ အသင်းနှင့် ၅ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီဟု သိရသည်။ အဆိုပါစာချုပ်အရ ရော်နယ်ဒိုမှာ တစ်ပတ်လုပ်ခ ပေါင် ၂၈၈၀၀၀ ဖြင့် တနှစ်ပါင် ၁၅ သန်းရရှိမည်ဖြစ်သည်။

    ထိုပမာဏမှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားသည့် ဂါရက်ဘေးလ်၏ လုပ်ခ ၈.၃ သန်းထက် နှစ်ဆနီးပါးရှိနေသည်။ ရော်နယ်ဒိုအား အသင်းဟောင်း မန်ယူမှခေါ်ယူရန်စိတ်ဝင်စားခဲ့ပြီး ရော်နယ်ဒိုကိုယ်တိုင်ကလည်း ရီးယဲလ်တွင်မပျော်ရွှင်ကြောင်း ယမန်နှစ်ကပြောဆိုထားသော်လည်း နောက်ဆုံးတွင် အသင်းနှင့် သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။

    ထို့ကြောင့်ရော်နယ်ဒိုမှာ ကမ္ဘာ့လစာအများဆုံးရသည့် ကစားမားဖြစ်လာမည်ဟု ယုံကြည်ရပြီး။ သူ၏ စာချုပ်က ပီအက်စ်ဂျီမှ ဇလာတန် အီဗရာဟီမိုဗစ်ထက် ပေါင် ၈၅၀၀၀၀ ပိုမို၍ များပြားသည်။

    “ဒီမှာရှိနေတာကို ကျွန်တော်ပျော်ပါတယ်။ အသင်းအတွက် ဆုဖလားတွေရရယူပေးချင်ပါတယ်။ မန်ယူကတော့ အတိတ်ကကျွန်တော့်အသင်းပါ။ ဒီမှာကျွန်တော်နောက်ထပ် ငါးနှစ်ဆက်ရှိနေမှာပါ” ဟု စာချုပ်ချုပ်ဆိုအပြီးတွင် ရော်နယ်ဒိုက ပြောကြားခဲ့သည်။
    ……………………………………………….
    မန်ယူ၏ ချန်ပီယံလိဂ်အုပ်စုမှာ သမိုင်းတစ်လျှောက် အခက်ခဲဆုံးထဲမှတစ်ခုဟု ဖာဂူဆန်ပြော

    ချန်ပီယံလိဂ်တွင် မန်ချက်စတာယူနိုက်တက်အသင်းကျရောက်နေသည့်အုပ်စုမှာ သမိုင်းတစ်လျှောက် အခက်ခဲဆုံးထဲမှ တစ်ခုဖြစ်သည်ဟု ဖာဂူဆန်ကပြေဆိုသည်ဟု မိုယက်စ်က ဖွင့်ဟခဲ့သည်။

    မန်ယူမှာ ချန်ပီယံလိဂ်အုပ်စု A တွင် ရှက်တာဒိုးနက်၊ ရီးယဲလ်ဆိုစီဒက်တို့နှင့်အတူ ကျရောက်နသည်။ “ချန်ပီယံလိဂ်မဲခွဲပြီးချင်း ကျွန်တော် ဆာအဲလက်စ်ကို ဖုန်းခေါ်ပြီးပြောပြခဲ့ပါတယ်။

    သူက မန်ယူရဲ့ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အခက်ခဲဆုံးအုပ်စုတွေထဲကတစ်ခုကိုပြောခဲ့ပါတယ်” ဟု မိုယက်စ်က ပြောကြားခဲ့သည်။

    ………………………………………………
    လီဗာပူးလ်အသင်းအာရုံစူးစိုက်မှုရှိရန် တိုးရေးတိုက်တွန်း


    လီဗာပူးလ်အသင်း၏ ကွင်းလယ်လူကိုလိုတိုးရေးက ဆွမ်ဆီးအသင်းနှင့်ကစားမည့်ပရီးမီးယားလိဂ်ပွဲစဉ်တွင် အာရုံစူးစိုက်မှုရှိရန်နှင့် ပရီးမီးယားလိဂ်လေးပွဲဆက်တိုက်နိုင်ပွဲရရှိအောင် နည်းပြရော်ဂျာက လမ်းညွှန်မှုပေးရန် အလိုရှိနေသည်ဟုသိရသည်။

    “ကောင်းမွန်တဲ့ရာသီအစရလဒ်တွေဟာ တကယ့်ကိုအရေးပါပါတယ်။ တစ်ပွဲပြီး တစ်ပွဲအဲဒီလိုသွားမယ်ဆိုရင်ပိုကောင်းပါတယ်။ ပွဲတိုင်းပွဲတိုင်းကို နောက်ဆုံးဗိုလ်လုပွဲလိုကျွန်တော်တို့ကစားနေပြီး ပွဲတွေကိုနိုင်ချင်ပါတယ်” ဟု လီဗာပူးလ်အသင်း ၀က်ဆိုက်သို့ပြောကြားသွားသည်။

    …………………………………………………..
    ဗန်ပါစီမန်ယူအသင်းနှင့် သက်တမ်းတိုးရန်ဆန္ဒရှိ

    မန်ချက်စတာယူနိုက်တက်အသင်းနှင့် စာချုပ်သက်တမ်း ၃ နှစ်ကျန်သေးသော်လည်း ထိုသက်တမ်းကုန်ဆုံးသွားပါက ဗန်ပါစီမှာ မန်ယူတွင်တွာ ဆက်လက်ရှိနေရန် စိတ်အားထက်သန်နေသည်ဟုသိရသည်။

    အသက် ၃၀ အရွယ်ရှိ ဗန်ပါစီမှာ အာဆင်နယ်အသင်းတွင် ရှစ်နှစ်ကြာကစားခဲ့ပြီး မန်ယူအသင်းသို့ ယမန်နှစ်ကပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး မန်ယူနှင့် ပရီးမီးယားလိဂ်ဖလားအားဆွတ်ခူးနိုင်ခဲ့သည်။

    “ကျွန်တော့်မှာ လက်ကျန်စာချုပ်သက်တမ်း ၃ နှစ်ရှိနေပြီး ဒီမှာ ပိုကြာကြာနေချင်ပါတယ်။ အမြင့်ဆုံးအခြေအနေမှာ ကျွန်တော် တတ်နိုင်သလောက်ကစားချင်ပါတယ်။ ဆုဖလားတွေရရယူနိုင်ဖိုပေါ့” ဟု မန်ယူအသင်း၏ရုပ်သံဖြစ်သည့် MUTV သို့ပြောကြားခဲ့သည်။

    ……………………………………………………..
    KLM Open ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဂျူစ် လူတန်ဗိုလ်စွဲ

    ဟော်လန်နိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့သည့် KLM Open ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အိမ်ရှင်ဂေါက်သီးကစားသမား ဂျူစ် လူတန်က အနိုင်ရဗိုလ်စွဲသွားသည်ဟုသိရသည်။

    ပြိုင်ပွဲပြီးဆုံးခဲ့ပြီးနောက် လူတန်နှင့် စပိန်ဂေါက်သီးသမား အမ်အေ ဂျီမီနက်ဇ်တို့မှာ လျှော့ရိုက်ချက် ၁၂ ချက်ဖြင့်တူညီနေသောကြောင့် ပလေးအောဖ့်အဖြစ် ကျင်းပိုဆက်ကစားရာ လူတန်က အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါပြိုင်ပွဲကို န၀မအကြိမ်မြောက် ၀င်ရောက်ကစားခဲ့သည့် လူတန် အနေဖြင့် ၂၀၀၃ ခုနှစ်တွင် ဟော်လန်ဂေါက်သီးသမား မာတန်လဖီဘာဗိုလ်စွဲပြီးနောက်ပိုင်း ပထမဦးဆုံးပြန်လည်ဗိုလ်စွဲခဲ့သည့် ဟော်လန်နိုင်ငံသားဖြစ်လာခဲ့သည်။