News @ M-Media
Tag: DailySportsNews
  • စက်တင်ဘာ ၃၀ အားကစားသတင်းများ စုစည်းမှု
    စက်တင်ဘာ ၃၀၊ ၂၀၁၃
    M-Media
    ကိုလေး စုစည်းတင်ဆက်သည်။
    3092013
    နှစ်ပွဲဆက်တိုက် ရှုံးပြီး နိုင်ပွဲပြန်တွေခဲ့တဲ့ လီဗာပူး ၊ ယခုတပတ် (၉)ပွဲတွင် ဧည့်သည်အသင်းတွေ (၅) ပွဲထိနိုင်ပြီး ခြေစွာခဲ့
    ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲစဉ်များအဖြစ် စတုတ်စီးတီးအသင်းနှင့် နော့ဝစ်ခ်ျအသင်းတို့လည်းကောင်း၊ ဆန်းဒါးလန်းအသင်းနှင့် လီဗာပူးလ်အသင်းတို့လည်းကောင်း ယမန်နေ့က ယှဉ်ပြိုင်ကစားခဲ့ကြရာ နောဝစ်ခ်ျနှင့် လီဗာပူးလ်အသင်းတို့ အသီးသီးအနိုင်ရရှိခဲ့ကြသည်ဟု သိရသည်။
    ပြီးခဲ့သည့်တစ်ပတ်က ဆောက်သက်တမ်အသင်းအား ရှုံးနိမ်ခဲ့ပြီး လိဂ်ဖလားတွင်လည်း မန်ယူအသင်းကို ရှုံးနိမ့်ခဲ့ကာ နောက်ဆုံးနှစ်ပွဲဆက် နိုင်ပွဲပျောက်ခဲ့သည့် လီဗာပူးလ်အသင်းမှာ ဆန်ဒါးလန်းအသင်း၏ အလင်းရောင်ကွင်းတွင် အမှားအယွင်းမရှိ ၃-မှတ်ရယူနိုင်ခဲ့သည်။ ဆန်းဒါးလန်းအသင်းအား ၃-ဂိုး ၁-ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး အဖွင့်ဂိုးကို
    ၂၈-မိနစ်တွင် ဒန်နီယယ် စတားရစ်ခ်ျက သွင်းယူပေးခဲ့ပြီး ၃၆-မိနစ်နှင့် ၈၉-မိနစ်တို့တွင် လူးဝစ်ဆွာရက်ဇ်က ဒုတိယဂိုးနှင့် တတိယဂိုးတို့ကို အသီးသီးသွင်းယူပေးခဲ့သည်။ ဆန်းဒါးလန်းအသင်းအတွက် တစ်လုံးတည်းသောချေပဂိုးကို ၅၂-မိနစ်တွင် အီမန်နျူယဲလ် ဂျာရှရီနီက သွင်းယူပေးခဲ့သည်။ ယခုပွဲအနိုင်ကြောင့်
    လီဗာပူးလ်အသင်းမှာ ၆-ပွဲကစား ၁၃-မှတ်ဖြင့် အာဆင်နယ်၏အောက် ၂-နှစ်မှတ်အကွာ ဒုတိယနေရာတွင်ရှိနေသည်။
    __________________________
    စတုတ်ရဲ့ အိမ်ကွင်းမှာ အနိုင်ရခဲ့တဲ့ နော်ဝစ်ခ်ျ
    စတုတ်အသင်း၏အိမ်ကွင်း ဘရစ်တန်းနီးယားတွင်ကစားခဲ့ကြသည့် စတုတ်စီးတီးနှင့်နော်ဝစ်ခ်ျတို့ပွဲစဉ်တွင် ဧည့်သည်နော်ဝစ်ခ်ျအသင်းက ပထမပိုင်းသွင်းဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ နော်ဝစ်ခ်ျအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ပထမပိုင်း ၃၃ မိနစ်တွင် ဂျိုနသန် ဟောင်ဆန်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    နှစ်သင်းစလုံးမှာ ပြီးခဲ့သည့်သတင်းပတ်များက ပရီးမီးယားလိဂ် နှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့သောအသင်းများဖြစ်ကြသည်။
    ပရီးမီးယားလိဂ်ပွဲစဉ် ၆ အနိုင်အရှုံး
    မန်ယူ ၁-၂ ၀က်စ်ဘရွန်း
    ဆွမ်ဆီး ၁-၂ အာဆင်နယ်
    ဖူလ်ဟမ် ၁-၂ ကာဒစ်ဖ်
    အက်စတွန်ဗီလာ ၃-၂ မန်စီးတီး
    စပါး ၁-၁ ချယ်ဆီး
    ဆောက်သက်တမ် ၂-၀ ခရစ္စတယ်ပဲလေ့စ်
    ဟားလ်စီးတီး ၁-၀ ၀က်စ်ဟမ်း
    စတုတ်စီးတီး ၀-၁ နော့ဝစ်ခ်ျ
    ဆန်းဒါးလန်း ၁-၃ လီဗာပူးလ်
    __________________________
    ရိုမားအသင်းမှာ ပြီးပြည့်စုံသောအသင်းမဟုတ်ဟု ဂါစီယာပြော
    ဘိုလော့ဂ်နာ အသင်းအား ၅-ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိအောင် ညွှန်ကြားပေးနိုင်ခဲ့သည့် ရိုမားနည်းပြ ရူဒီ ဂါစီယာက ထိုပွဲတွင်ကစားခဲ့သည့် ဂါဗင်ဟို၏ ခြေစွမ်းကိုချီးကျူးခဲ့သော်လည်း ရိုမားအသင်းမှာ ပြီးပြည်စုံသောအသင်းမဟုတ်ဟု ပြောကြားလိုက်သည်။ “ဘောလုံးလောကမှာ ဒီလိုအနိုင်ရရှိတာမျိုးကို ပြီးပြည့်စုံတယ်လို့ မခေါ်ပါဘူး။
    ဆက်လက်တိုးတက်အောင် လုပ်ဆောင်ရမယ့် အရာတစ်ခုခုရှိနေပါတယ်။ ကစားသမားတွေဟာ ပျော်ရွှင်မှု၊ စိတ်အားထက်သန်မှုတွေနဲ့ ကစားခဲ့ကြတာပါ။ သူတို့မှာ ပါရမီရှိနေတယ်ဆိုတာကို ကျွန်တော်သိနေခဲ့ပြီး ဒီနေ့ညမှာ အဲဒါကို တွေ့မြင်ခဲ့ရပါတယ်” ဟု အသက် ၄၉-နှစ်အရွယ်ရှိ ဂါစီယာက Sky Sports သို့ပြောကြားခဲ့သည်။
    အသင်းအပေါ်ထားရှိသည့် သူ၏ ရည်ရွယ်နှင့်ပက်သက်၍လည်း “ကျွန်တော့်စိတ်ကို ကျွန်တော်ပြောင်းမှာမဟုတ်ပါဘူး။
    ကျွန်တော့်ရဲ့ရည်ရွယ်ချက်က အသင်းအနေနဲ့ ဥရောပမှာ ပြန်လည်ရပ်တည်နိုင်ဖို့ပါ။ အမြင့်ဆုံးအနေနဲ့ နာပိုလီ၊ ဂျူဗင်တပ်စ်တို့လို ရေးပန်းစားနေတဲ့အသင်းတွေနဲ့ယှဉ်ပြိုင်နိုင်ဖို့ပါပဲ” ဟု ထည့်သွင်းပြောကြားခဲ့သည်။
    goal
    __________________________
    ဘာကာဟာအရမ်းကောင်းတဲ့အသင်းမို့လို့ ကျွန်တော်ထွက်ခွာခဲ့တာပါ (လာဆင်)
    ဘာစီလိုနာအသင်း၏ တိုက်စစ်မှူးဟောင်း ဆွီဒင်ဂန္တ၀င်ဘောလုံးသမား လာဆင်က ဘာစီလိုနာအသင်းမှာ အလွန်ကောင်းမွန်သော အသင်း ဖြစ်သောကြောင့် ဘာကာမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဖွင့်ဟခဲ့သည်။
    လာဆင်မှာ ဘာစီလိုနာအသင်းသို့ ၂၀၀၄ ခုနှစ်က ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်ပြီး သုံးနှစ်တာ ကာလအတွင်း လာလီဂါဆုဖလားနှစ်ခုနှင့် ချန်ပီယံလိဂ် ဆုဖလားတစ်ခုရရှိခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် မွေးရပ်မြေရှိဆွီဒင်ကလပ်
    ဟယ်လ်ဆင်ဘော့သို့ ပြောင်းရွှေ့ခဲ့ပြီ; ဘာကာအသင်းတွင် နေရာရရန် ယှဉ်ပြိုင်ရမှုက ဆွီဒင်သို့ပြန်ရန် တွန်းအားပေးခဲ့သည်ဟု လာဆင်က ဆိုသည်။
    ဘာကာအသင်းမှ ထွက်ခွာမှုနှင့်ပက်သက်ပြီး Radio Catalunya ရေဒီယိုကမေးမြန်းခဲ့ရာ “ဘာကာအသင်းဟာ သိပ်ကိုကောင်းပါတယ်။ ပြီးတော့ ကျွန်တော့်မှာ နှစ်အနည်းငယ် လောက်ကစားနိုင်တဲ့စွမ်းအား ရှိသေးတယ်လို့ ခံစားရပါတယ်။ နောက်ပြီး ကျွန်တော့်သားလေးကလည်း (အဲဒီတုန်းက) ၁၀-နှစ်ရှိပါပြီ။ သူ့ကိုဆွီဒင်မှာကြီးပြင်းစေဖို့ အချိန်ရောက်ပါပြီ။ ဘာကာမှာရှိခဲ့တဲ့အချိန်တွေက သိပ်ကိုကောင်းပါတယ်။ ပြီးတော့ ပရိတ်သတ်တွေနဲ့လည်း ဆက်ဆံရေးကလည်း အံ့သြဖွယ်ရာပါပဲ” ဟု ပြောကြားခဲ့သည်။
    goal
    _________________________
    မန်ယူအသင်း၏ နေရာတိုင်းတွင် ပြဿနာရှိနေသည်ဟု မိုယက်စ်ဆို
    ပရီးမီးယားလိဂ် နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက်အသင်း၏ နည်းပြဖြစ်သူ ဒေးဗစ်မိုယက်စ်က မန်ယူအသင်း၏ နေရာတိုင်းတွင် ပြဿနာများရှိနေသည်ဟုပြောဆိုလိုက်သည်။ မန်ယူအသင်းမှာ ပြီးခဲ့သည့်စနေနေ့က ၀က်စ်ဘရွန်းအသင်းအား အိမ်ကွင်း၌ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် ပွဲစဉ် ၆-ပွဲပြီးဆုံးချိန်တွင် ၃-ပွဲအထိရှုံးနိမ့်ထားကာ အဆင့်-၁၂ သို့ရောက်ရှိနေပြီး ၂၄-နှစ်အတွင်း အဆိုးရွားဆုံး ရာသီအစရလဒ်လည်းဖြစ်သည်။
    “ကျွန်တော့်ကိုစိတ်ပျက်စေတဲ့ အရာတွေအများကြီးရှိခဲ့ပါတယ်။ ခင်ဗျားတို့က ကျွန်တော်တို့အသင်း အလယ်တန်းအားနည်းတယ်လို့ပြော ပေမယ့် ကျွန်တော်ကတော့ အလယ်တန်းတစ်ခုတည်းလို့မထင်ပါဘူး။
    အဲဒီတစ်နေရာတည်းအားနည်းတယ်လို့ပြောရင် မမျှတပါဘူး။ တစ်သင်းလုံးပါပဲ။ တစ်သင်းလုံးနီးပါးအားနည်းတာပါ” ဟု မိုယက်စ်က ပြောကြားခဲ့သည်။
    မန်ယူအသင်းမှာ လာမည့်ဗုဒ္ဓဟူးနေ့တွင် ချန်ပီယံလိဂ်ပြိုင်ပွဲအဖြစ် ရှက်တာဒိုးနက်အသင်းနှင့်ကစားရမည်ဖြစ်ပြီး အသင်း၏ အားနည်းမှုများနှင့် ပက်သက်၍ မိုယက်စ်က “ဒါကြောင့် ကျွန်တော်တို့ အလုပ်များများလုပ်ပြီး အသင်းတိုးတက်အောင် ကြိုးစားရပါတော့မယ်။ ပြီးခဲ့တဲ့ပွဲတွေမှာ ကျွန်တော်တို့ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူး။ open play တွေကနေကျွန်တော်ကို ဂိုးများများရသင့်ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
    mirror
    __________________________
    ထိုင်း အိုးပင်းတင်းနစ် ပြိုင်ပွဲတွင် ရိုအာနစ်ဗိုလ်စွဲ
    ထိုင်း နိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ထိုင်းအိုးပင်း တင်းနစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို ယမန်နေ့က ကစားခဲ့ရာ ကနေဒါတင်းနစ်သမား မီလို့စ်ရိုအာနစ်က အနိုင်ရရှိခဲ့သည်ဟု သိရသည်။
    လက်ရှိချန်ပီယံ ရစ်ချက် ဂက်စ်ကွက်အား ဆီးမီးဖိုင်နယ်တွင် ဖြုတ်ချခဲ့သည့် ရိုအာနစ်မှာ နိုင်ချေ အဆင့်-၁ သတ်မှတ်ခြင်းခံခဲ့ရသည့် ချက်တင်းနစ်သမား သောမတ်စ်ဘာဒစ်ခ်ျအား ၇-၆(၇-၄)၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့သည်။
    ယခုပွဲတွင်ရရှိခဲ့သည့်ဆုဖလားမှာ ရိုအာနစ်၏ ကစားသမားသက်တမ်း တစ်လျှောက် ငါးခုမြောက်ရရှိခဲ့သည့် ဆုဖလားလည်း ဖြစ်သည်။ “ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်တာကို တော်တော်လည်း ပျော်ရွှင်မိပါတယ်။ ပထမပွဲငယ်မှာတော့ ကျွန်တော်ဟာ (ရိုက်ချက်တွေ) ဟန်ချက်ညီဖို့ ကြိုစားခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ကျွန်တော်ပုံစံမှန်လာပါတယ်” ဟု ရိုအာနစ်က ပွဲအပြီးတွင်ပြောကြားခဲ့သည်။
    skysports
    _________________________
    ကမ္ဘာ့ချန်ပီယံရှစ် စက်ဘီးစီးပြိုင်ပွဲတွင် ရူအီ ကော်စတာဗိုလ်စွဲ
    ယူကေတွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ချန်ပီယံရှစ် စက်ဘီးစီး ပြိုင်ပွဲတွင် ပေါ်တူဂီစက်ဘီးစီးသမား ရူအီကော်စတာက အနိုင်ရ ဗိုလ်စွဲခဲ့ သည်ဟု သိရသည်။ ရူအီကော်စတာမှာ စပိန်စက်ဘီး အကျော်အမော် ဂျိုအာကွင်း
    ရော်ဒရီဂက်ဇ်နှင့် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်ပြီး ရော်ဒရီဂက်ဇ်အား ကျော်ဖြတ်ကာ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ ကီလိုမီတာ-၂၇၂ (၁၆၉ မိုင်)ရှိသည့် အကွာအဝေးကို ၇ နာရီ ၂၅ မိနစ်၊ ၄၃ စက္ကန့်ဖြင်ပန်းဝင်ခဲ့ခြင်းဖြစ်ပြီး ကော်စတာ၏ကစားသမားသက်တမ်းတစ်လျှောက် ကမ္ဘာ့ချန်ပီယံရှစ်တွင် ပထမဦးဆုံးဗိုလ်စွဲနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ပြိုင်ပွဲကျင်းပခဲ့သည့် ၈၆ နှစ်တာကာလအတွင်း ပထမဦးဆုံးဗိုလ်စွဲခဲ့သည့် ပေါ်တူဂီစက်ဘီး သမားလည်း ဖြစ်ခဲ့သည်။
    telegraph
  • စက်တင်ဘာ၊ ၂၉ အားကစားသတင်းများ
    စက်တင်ဘာ၊ ၂၉
    M-Media
    2992013
    ရမ်ဆေးမှာပိုကောင်းလာမည်ဟုဝင်းဂါးဆို
    ဆွမ်ဆီးအသင်းနှင့်ပွဲတွင် ဂိုးသွင်းယူခဲ့သည့် အာဆင်နယ်အသင်း၏ ဝေးလ်တိုက်စစ်မှူး အာရွန်ရမ်ဆေးထံမှ စွမ်ဆောင်ရည်များ ယခုထက်ပို၍ တွေ့မြင်နိုင်မည်ဟုယုံကြည်ကြောင်း အာဆင်ဝင်းဂါးကပြောဆိုလိုက်သည်။ ရမ်ဆေးမှာ ယခုနှစ်ရာသီအစမှစ၍ တောက်လျှောက်ခြေစွမ်းပြနေခဲ့ပြီး ယမန်နေ့ညက ကစားခဲ့သည့် ဆွမ်ဆီးအသင်းနှင့်ပွဲတွင်လည်း တစ်ဂိုးသွင်းယူခဲ့ကာ တစ်ဂိုးဖန်တီးပေးခဲ့သည်။
    ရမ်ဆေးမှာ ယခုနှစ်ရာသီတွင် အာဆင်နယ်အသင်းနှင့် ၉ ပွဲကစားထားပြီး ၈ ဂိုးအထိ သွင်းယူထားနိုင်ကာ အာဆင်နယ်အသင်းအား ပရီးမီးယားလိဂ်ထိပ်ဆုံးရောက်အောင်ကူညီပေးနိုင်ခဲ့သည်။ “သူ့(ရမ်ဆေး)ဆီကနေ တိုးတက်မှုတွေများကြီးမြင်ရဖို့ရှိပါသေးတယ်။ သူဟာ ၁၈ နှစ်ပဲရှိသေးပြီး သူရဲ့စွမ်းရည်တွေကိုပြသနေပါပြီ။ ကျွန်တော်တို့သူ့အပေါ်မှာ ယုံကြည်မှုတွေရှိနေပြီး နောက်ပွဲမှာလည်း သူပိုကောင်းလာမှာပါ” ဟု ၀င်းဂါးက Sky Sports သို့ပြောကြားခဲ့သည်။
    …………………………………….
    ကျွန်တော်တို့ အနိုင်ရဖို့မထိုက်တန်ခဲ့ပါဘူး (ရော်နယ်ဒို)
    ရီးယဲလ်မက်ဒရစ်အသင်း၏ တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုက ယမန်နေ့ညက ဘာနေဗျူးတွင် အက်သလက်တီကိုမက်ဒရစ်အသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ရခြင်းအတွက် စောဒကမတက်လိုကြောင်း ပြောကြားခဲ့သည်။ ထိုပွဲတွင် အက်သလက်တီကိုအသင်းက ဒီယေဂိုကော်စတာ၏ ပထမပိုင်း ၁၁ မိနစ်သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ၁၉၉၉ ခုနှစ်နောက်ပိုင်း မြို့ခံပြိုင်ဘက်ရီးယဲလ်အသင်းကို ပထမဆုံး အနိုင်ရရှိခဲ့ခြင်းလည်းဖြစ်သည်။ ထိုရှုံးနိမ့်မှုနှင့်ပက်သက်ပြီး ဆင်ခြေပေးရန် ရော်နယ်ဒိုက ငြင်းဆိုခဲ့သည်။
    “ကျွန်တော်တို့ကောင်းကောင်းမကစားခဲ့ပါဘူး။ ကျွန်တော်တို့အနိုင်နဲ့လည်းမထိုက်တန်ပါဘူး။ အက်သလက်တီကိုက ဂိုးစောစောသွင်းပြီး အနိုင်ကစားသွားတာပါ။ ဒီပွဲဟာ ကျွန်တော်တို့အတွက်မလွယ်ကူခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ အသင်းသားတွေရဲ့ အနောက်က လိုက်ကစားရတာပါ။ အဲဒါကြောင့် ဂိုးရဖို့ ခက်ခဲခဲ့ပါတယ်။ ဒီအရှုံးကို ကျွန်တော်တို့ ကြေကွဲနေစရာမလိုပါဘူး။ ကျွန်တော်တို့ရဲ့ခေါင်းကိုမော့ပြီး ဆက်လက်တိုက်ပွဲဝင်ရမယ်။ ပြီးတော့ ကျွန်တော်တို့ အလုပ် ဆက်လက် လုပ်ဆောင်ရမယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီနှစ်အတွင်းမှာ နိုင်အောင်ကစားရမယ့်ပွဲတွေအများကြီးရှိလို့ပါ” ဟု ပွဲအပြီးတွင် စပိန်အားကစားဝဘ်ဆိုဒ်တစ်ခုဖြစ်သည့် Sport.es သို့ပြောကြားခဲ့သည်။
    …………………………………………
    မန်ယူအသင်းမှာ ချန်ပီယံလိဂ်အားဗိုလ်စွဲဖို့လုံလောင်အောင် ကောင်းမွန်မှုမရှိဟု မိုယက်စ်ဆို
    မန်ချက်စတာယူနိုက်တက်အသင်း၏ နည်းပြဒေးဗစ်မိုယက်စ်က ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်အသင်းများမှာ မန်ယူအသင်းထက် ပို၍တောင့်တင်းပြီး မန်ယူအသင်းမှာ ယခုနှစ်ချန်ပီယံလိဂ်တွင် ဗိုလ်စွဲရန်ကမ္ဘာ့အဆင့်မီ ကစားသမားမလုံလောက်ဟု ပြောကြားခဲ့သည်။ မန်ယူအသင်းမှာ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်တွင် လေဗာကူဆင်အသင်းအား ၄ ဂိုး ၂ ဂိုးဖြင့်အနိုင်ရရှိခဲ့သော်လည်း ချန်ပီယံလိဂ်တွင်ခက်ခဲမှုများနှင့် ကြုံတွေ့ရမည်ဟု မိုယက်စ်က မျှော်လင့်နေသည်။
    “ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ဆိုရင် ကမ္ဘာ့အဆင့်ကစားသမား ၅ ယောက် ၆ ယောက်လောက် ရှိရပါမယ်။ ဘိုင်ယန်ကိုကြည့်လိုက်ရင် ကမ္ဘာ့အဆင့် ကစားသမားစစ်စစ် ၅ ယောက် ၆ ယောက်လောက်ရှိပါတယ်။ ဗိုလ်စွဲဖို့ဆိုရင်တော့ ကျွန်တော်တို့မှာ အဲဒီလောက်ကစားသမားတွေရှိမှရမှာပါ” ဟု ၀က်စ်ဘရွန်း ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောပွဲအပြီးတွင် ပြောကြားခဲ့သည်။
    ………………………………….
    Pan Pacific Open တင်းနစ်ပြိုင်ပွဲတွင် ကဗီတိုဗာဗိုလ်စွဲ
    ဂျပန်နိုင်ငံ တိုကျိုမြို့တွင်ယမန်နေ့ကကျင်းပခဲ့သည့် Pan Pacific Open တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ချက်တင်းနစ်မယ် ပီထရာ ကဗီတိုဗာ အနိုင်ရဗိုလ်စွဲခဲ့သည်ဟု သိရသည်။
    နိုင်ခြေအဆင့် ၇ သတ်မှတ်ခံရသည့် ပီထရာကဗီတိုဗာမှာ ဂျာမနီတင်းနစ်မယ် အိန်ဂျလစ် ကာရ်ဘာရ်အား အကြိတ်အနယ်ကစားကာ ၆-၂၊ ၀-၆၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့သည်။ “ဒီရာသီရဲ့နောက်ဆုံးချန်ပီယံရှစ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ချင်ပါတယ်။ ဒါပေမယ့် အနိုင်ရတဲ့ဒီဖီလင်ကို အရင်ခံစားလိုက်ပါဦးမယ်။ အိန်ဂျီ(ကာရ်ဘာရ်)ဟာ (ဒုတိယပွဲငယ်မှာ) ပြန်လာနိုင်ခဲ့ပေမယ့် ကျွန်မ ပြန်ပြီး အာရုံစိုက်နိုင်ခဲ့ပါတယ်။ ဒီလိုပွဲကြီးမှာ အနိုင်ရတာဟာ တကယ့်ကို အံ့သြစရာပါပဲ” ဟု ကဗီတိုဗာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    ကဗီတိုဗာအနေဖြင့် ယခုပွဲဗိုလ်စွဲမှုမှာ ဖေဖော်ဝါရီလက ဒူဘိုင်းအိုးပင်းတွင် ဗိုလ်စွဲခဲ့ပြီးနောက်ပိုင်း ပထမဦးဆုံး ဗိုလ်စွဲခြင်းလည်းဖြစ်သည်။
    Ref: skysports
    ………………………………….
    မန်ယူ၊ မန်စီးတီးတို့ရှုံးပွဲတွေ့၊ အာဆင်နယ် အနိုင်ရပြီး ချယ်ဆီးသရေ ကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် ၆ စနေနေ့ညပွဲစဉ်များ
    ပရီးမီးယားလိဂ် ပွဲစဉ် ၆ အဖြစ် ယမန်နေ့ညက ၇ ပွဲကစားခဲ့ရာ နည်းပြသစ်မိုယက်စ်၏ မန်ယူအသင်းမှာပရီးမီးယားလိဂ် နှစ်ပွဲဆက်တိုက်ရှုံးပွဲနှင့်တွေ့ကြုံခဲ့ရသည်။ မန်စီးတီးအသင်းမှာလည်း အက်စတွန်ဗီလာအား ရှုံးနိမ့်ခဲ့ကာ၊ ချယ်ဆီးအသင်းမှာ သရေဖြင့်သာ ကျေနပ်ခဲ့ရပြီး အာဆင်နယ်အသင်းမှာ အနိုင်ရရှိခဲ့သည်။
    မန်ယူ ၁-၂ ၀က်စ်ဘရွန်း
    ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ မန်ချက်စတာယူနိုက်တက်အသင်းမှာ ၀က်စ်ဘရွန်းအသင်းအား အိမ်ကွင်းအိုးထရက်ဖို့ဒ်တွင် လက်ခံကစားခဲ့ရသော်လည်း အနိုင်ရရှိအောင်မစွမ်းဆောင်နိုင်ခဲ့ဘဲ ဧည့်သည့် ၀က်စ်ဘရွန်းအသင်းက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ၀က်စ်ဘရွန်းအသင်းမှာ ၁၉၈၄ ခုနှစ်က မန်ယူအသင်း၏အိမ်ကွင်းတွင်အနိုင်ရပြီးနောက်ပိုင်း ၂၉ နှစ်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် အိုးထရက်ဖို့ဒ်တွင် ပြန်လည်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဦးဆောင်ဂိုးကို ၀က်စ်ဘရွန်းအသင်းက စတင်ရရှိခဲ့ပြီး ၅၄ မိနစ်တွင် မော်ဂန် အမ်အလ်ဖီတာနိုက သွင်းယူပေးခဲ့သော်လည်း ၀ိန်းရူနီက ၅၇ မိနစ်တွင် မန်ယူအသင်းအတွက် ချေပဂိုးကို ဖရီးကစ်မှတစ်ဆင့် သွင်းယူခဲ့သည်။ သို့သော်လည်း ၆၇ မိနစ်တွင် ဆိုင်ဒို ဘီရာဟီနိုက ၀က်စ်ဘရွန်းအသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။ ယခုပွဲတွင် ဒဏ်ရာကြောင့်အနားယူနေရသည့် တိုက်စစ်မှူးရော်ဘင်ဗန်ပါစီမှာ ၅၇ မိနစ်တွင် ဟာနန်ဒက်ဇ်အစား ၀င်ရောက်ကစားခဲ့သည်။ ယခုပွဲအရှုံးကြောင့် မန်ယူမှ အမှတ်ပေးဇယား၏ အဆင့် ၁၂ နေရာသို့ ကျဆင်းသွားခဲ့ပြီး ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက်အရှုံးကြောင့် စိုးရိမ်စရာအနေအထားသို့ရောက်နေပြီဖြစ်ကြောင်း မိုယက်စ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    …………………………………….
    အက်စတွန်ဗီလာ ၃-၂ မန်စီးတီး
    မန်ယူအသင်း၏ မြို့ခံပြိုင်ဘက် မန်စီးတီးသင်းမှာလည်း အဝေးကွင်းတွင် အက်စတွန်ဗီလာအသင်းအား ၃ ဂိုး ၂ ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည်။ ဧည့်သည်မန်စီးတီးအသင်းက ပွဲအားစိုးမိုးထားပြီး ဂိုးသွင်းခွင့်များစွာရရှိခဲ့သော်လည်း အဆုံးသတ်မသေချာမှုကြောင့် ဗီလာအသင်းက ဒုတိပိုင်းသွင်းဂိုးသုံးဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ၄၅ မိနစ်တွင် ယာယာတိုးရေးက မန်စီးတီးအသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့သည်။ ထိုဂိုးမှာ ယာယာတိုးရေးအတွက် ၈ ပွဲတွင် ၆ ဂိုးမြောက်သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်း ၅၁ မိနစ်တွင် ဗီလာက ချေပဂိုးရခဲ့သည်။ ထိုဂိုးကို ကရင်အလ် အဟ်မဒ်ဒီက သွင်းယူပေးခဲ့သည်။ ၅၆ မိနစ်တွင် မန်စီးတီး ဒုတိယဦးဆောင်ဂိုးရရှိခဲ့ပြီး နာဆရီ၏ ထောင့်ကန်ဘောမှတစ်ဆင့် အေဒင် ဇက်ကိုက သွင်းယူပေးခဲ့သည်။ သို့သော်လည်း ၇၃ မိနစ်တွင် လီအန်ဒရို ဘာကျူနာက ဖရီးကစ်မှတစ်ဆင့်လည်းကောင်း၊ ၇၅ မိနစ်တွင် အန်ဒရီယက်စ် ဝေမန်းကလည်းကောင်း အိမ်ရှင်အသင်းအတွက် ချေပဂိုးနှင့် အနိုင်ဂိုးများကို အသီးသီးသွင်းယူပေးခဲ့သည်။
    …………………………………………….
    စပါး ၁-၁ ချယ်ဆီး
    ………………………………………….
    ဆွမ်ဆီး ၁-၂ အာဆင်နယ်
    ဆွမ်ဆီးအသင်း၏အိမ်ကွင်းတွင်ကစားခဲ့ကြသည့် ဆွမ်ဆီးနှင့် အာဆင်နယ်အသင်းတို့ပွဲစဉ်တွင် အာဆင်နယ်က ၂ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။ အာဆင်နယ်အသင်းတွင် တိုက်စစ်မှူးများဖြစ်ကြသည့် ကာဇိုလာ၊ ဝေါ့လ်ကော့၊ ပိုဒေါစကီးနှင့် ချိန်ဘာလိန်တို့မှာဒဏ်ရာကြောင့်ပါဝင်နိုင်ခြင်းမရှိဘဲ လိဂ်ဖလားပွဲတွင် ၀က်စ်ဘရွန်းအား ပင်နယ်တီဖြင့်အနိုင်ရခဲ့သည့် အသင်းအား ၉ နေရာအပြောင်းအလဲလုပ်ကာ ဆွမ်းဆီးအသင်းအား ရင်ဆိုခဲ့သည်။ ပထမပိုင်းတွင် ဆွမ်းဆီးအသင်းက အာဆင်နယ်ဂိုးပေါက်အားခြိမ်းခြောက်နိုင်ခဲ့ပြီး အဆင်နယ်အသင်းကလည်း ဂျီနာဘရီနှင့် ဂျီရော့ဒ်တို့၏ ကြိုးပမ်းမှုများရှိခဲ့သော်လည်း နှစ်သင်းစလုံးဂိုးမရရှိခဲ့ပေ။ အာဆင်နယ်အသင်းအတွက် ဦးဆောင်ဂိုးကို ဒုတိယပိုင်း ၅၈ မိနစ်တွင် ဂျာမန်လူငယ်ကစားသမား ဂျီနာဘရီက သွင်းယူပေးခဲ့သည်။ တစ်မိနစ်အတွင်း အိုဇေးလ် အပိုင်ကန်သွင်းခွင့်ရခဲ့သော်လည်း ဆွမ်းဆီးဂိုးသမား ဗောမ်က ကာကွယ်နိုင်ခဲ့သည်။ အာဆင်နယ်အသင်းအတွက် ဒုတိယဂိုးကို ခြေစွမ်းပြနေသည့် အာရွန် ရမ်ဆေးက ၆၂ မိနစ်တွင် သွင်းယူပေးခဲ့ပြီး ဆွးမ်ဆီးအသင်းအတွက်နှစ်သိမ့်ဂိုးကို ဘန်ဒါးဗီးစ်မှ ၈၁ မိနစ်တွင် သွင်းယူပေးခဲ့သည်။ ရမ်ဆေးမှာ ၈ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခြင်းဖြစ်ပြီး နောက်ဆုံး ၄ ပွဲတွင် ၅ ဂိုးမြောက်သွင်းယူခြင်းလည်းဖြစ်သည်။ ယခုပွဲအနိုင်ကြောင့် အာဆင်နယ်အသင်းမှာ ၆ ပွဲကစား ၁၅ မှတ်ဖြင့် ဇယားထိပ်တွင် ဦးဆောင်နေသည်။
    …………………………………………
    ဆောက်သက်တမ် ၂-၀ ခရစ္စတယ်ပဲလေ့စ်
    တန်းတက်အသင်းနှစ်သင်းတွေ့ဆုံကြသည့် ဆောက်သက်တမ်နှင့် ခရစ္စတယ်ပဲလေ့စ်တို့ပွဲတွင် ဆောက်သက်တမ်က ၂ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။ အိမ်ကွင်း စိန့်မေရီတွင် ပထမဆုံး နိုင်ပွဲရရှိခဲ့ခြင်းဖြစ်ပြီး ဆောက်သက်တမ်အသင်းအတွက် ဂိုးများကို ဒန်နီယယ်အို့စ်ဗာလ်ဒိုက ၄၇ မိနစ်တွင်လည်းကောင်း၊ အင်္ဂလန်လက်ရွေးစစ်တိုက်စစ်မှူး ရစ်ကီ လမ်ဘာတ်က ၄၉ မိနစ်တွင်လည်းကောင်း အသီးသီးသွင်းယူပေးခဲ့သည်။
    ……………………………………………..
    ဖူလ်ဟမ် ၁-၂ ကာဒစ်ဖ်
    ဖူလ်ဟမ်အသင်းအိမ်ကွင်း ကရာဗင်ကော့တ်တေ့ဂ်ျတွင်ကစားခဲ့သည့် ဖူလ်ဟမ်အသင်းနှင့် ကာဒစ်ဖ်စီးတီးအသင်းတို့ပွဲစဉ်တွင် ကာဒစ်ဖ်စီးတီးအသင်းက ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ ဦးဆောင်ဂိုးကို ဆောက်သမ်တမ်က ပထမပိုင်း ၁၂ မိနစ်တွင် စတီဗင်ကော်လူကာ၏ သွင်းဂိုးဖြင့် ရရှိခဲ့သည်။ ၄၅ မိနစ်တွင် ဘရိုင်ယန် ရူအစ်ဇ်က အိမ်ရှင်အတွက် ချေပဂိုးကိုသွင်းယူပေးခဲ့သော်လည်း ဒုတိယအပိုင်းအပြီးနာကျင်အချိန်ပိုတွင် ဂျော်ဒန် မတ်ခ်ျက ကာဒစ်ဖ်အသင်းအတွက် အနိုင်ဂိုးကိုသွင်းယူပေးခဲ့သည်။ ယခုနိုင်ပွဲမှာ ကာဒစ်ဖ်အသင်းအတွက် ပထမဆုံး အဝေးကွင်းနိုင်ပွဲလည်းဖြစ်ခဲ့သည်။
    ………………………….
    ဟားလ်စီးတီး ၁-၀ ၀က်စ်ဟမ်း
    အခြားပွဲစဉ်တစ်ခုဖြစ်သည့် ဟားလ်စီးတီးနှင့် ၀က်စ်ဟမ်းအသင်းတို့ပွဲတွင် ရော့ဘီ ဘရက်ဒီ၏ ပင်နယ်တီသွင်းဂိုးဖြင့် ဟားလ်စီးတီးအသင်းက အနိုင်ရရှိခဲ့သည်။
  • စက်တင်ဘာ ၂၈ အားကစား သတင်းစုစည်းမှု
    စက်တင်ဘာ ၂၈၊ ၂၀၁၃
    M-Media
    2892013
    ဂျူးမုန်းတီးရေးသင်္ကေတအား မသုံးရန် စပါးနှင့်ချယ်ဆီးပရိတ်သတ်များကို ရဲတပ်ဖွဲ့သတိပေး
    စနေနေ့တွင် စပါးအသင်း၏ အိမ်ကွင်း ၀ှိုက်ဟတ်လိန်းတွင် ကစားမည့် စပါးအသင်းနှင့် ချယ်ဆီးအသင်းတို့ ကစားမည့် ပရီးမီယားလိဂ်ပွဲစဉ်တွင် ပရိတ်သတ်များအနေဖြင့် ဂျူးမုန်းတီးရေးသင်္ကေတ (Y-သင်္ကေတ) ကိုအသုံးမပြုရန် ရဲတပ်ဖွဲ့က သတိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထိုသင်္ကေတမှာ ဂျူးအယူဝါဒကို သက်ဝင်သူတို့အား နှိမ့်ချသည့် သင်္ကေတအဖြစ် အသုံးပြုကြပြီး စပါးအသင်းကို စတင်အမာခံ အားပေးခဲ့သည့် ပရိတ်သတ်များမှာ ဂျူးလူမျိုးများဖြစ်သောကြောင့် ၎င်းတို့အား စော်ကားနှိမ့်ချရန် အသုံးပြုကြသည်။ နောက်ပိုင်းတွင် စပါးအသင်း၏ ဂျူးမဟုတ်သည့် ပရိတ်သတ်များက ထိုသင်္ကေတအား ဆက်လက် မွေးစားအသုံးပြုခဲ့သည်။ ထိုသင်္ကေတအား အသုံးပြုသည့် မည်သည့်ပရိတ်သတ်ကိုမဆို ကွင်းအတွင်းမှ ဖယ်ရှားပစ်မည်ဟု ဒေသဆိုင်ရာရဲတပ်ဖွဲ့က ကြေညာထားသည်။
    “သီးသန့်အနေနဲ့ (ရဲတပ်ဖွဲ့ဝင်တွေဟာ) ဂျူးဆန့်ကျင်ရေးသင်္ကေတအသုံးပြုတဲ့သူတွေကို စောင့်ကြည့်သွားမှာပါ။ ပြီးတော့ ကျူးလွန်သူတွေကိုလည်း ဖယ်ရှားသွာမှာပါ” ဟု စပါးအသင်း၏ ၀ဘ်ဆိုဒ်တွင် ကြေညာထားခဲ့သည်။ ချယ်ဆီးအသင်းကလည်း စပါး ပရိတ်သတ်များကို စော်ကားသည့်အနေဖြင့် ထိုသင်္ကေတအား အသုံးမပြုရဟုသတိပေးထားပြီး “လူမျိုးရေးခွဲခြားတဲ့ အပြုအမူ၊ အပြောအဆို ပုံစံအားလုံးကိုတားမြစ်ထားပြီး အဲဒီအထဲမှာ Y- သင်္ကေတ အသုံးပြုတာလည်းပါဝင်ပါတယ်” ဟု ချယ်ဆီးအသင်းမှ ထုတ်ပြန်သောကြေညာချက်တွင်ဖေါ်ပြထားသည်။
    goal
    _________________________
    ပရိတ်သတ်များ၏အပြုအမူများကြောင့် ယူကရိန်းအသင်းအား ဖီဖာပြစ်ဒဏ်ချမှတ်
    စက်တင်ဘာ ၆-ရက်နေ့က ယူကရိန်းနိုင်ငံ အလ်ဗစ်မြို့တွင် ဆန်မာရီနိုနှင့် ကစားခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ပြုမူခဲ့သည့် ယူကရိန်း ပရိတ်သတ်များ၏ အပြုအမူများကြောင့် ဖီဖာ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ထိုပြစ်ဒဏ်ကြောင့် ယူကရိန်းအသင်း နောက်ထပ်ကစားမည့် အိမ်ကွင်းပွဲစဉ်တွင် ပရိတ်သတ် မပါဘဲကစားရမည်ဖြစ်ပြီး အလ်ဗစ်ရှိ အမျိုးသားအားကစားရုံ အသုံးပြုခြင်းကိုလည်း ပိတ်ပင်ခဲ့သည်။ ဆန်မာရီနိုနှင့်ပွဲတွင် ယူကရိန်းအသင်းပရိတ်သတ်များမှာ ကွင်းအတွင်း မီးရှူးမီးပန်းများ ပစ်ဖေါက်ကာ အနှောက်အယှက်ပေးခဲ့ကြပြီး ကွင်းမျက်နှာစာတွင် နာဇီလက်သစ်နဖူးစီးများ ချိတ်ဆွဲခြင်း၊ နာဇီပုံစံ အလေးပြုခြင်းနှင့် မျောက်သတ္တ၀ါကဲ့သို့ အသံများ၊ အပြုအမူများအပါအ၀င် လူမျိုးရေးခွဲခြားသော လုပ်ရပ်များပြုလုပ်ခဲ့သည်ဟု ဒိုင်လူကြီးနှင့် ပွဲကြီးကြပ်သူများ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
    “ဒီအဖြစ်အပျက်တွေအားလုံးရဲ့ အသေးစိတ်အချက်အလက်ကိုရယူပြီးနောက် ကော်မတီအနေဖြင့် ယူကရိန်းအသင်း နောက်ထပ် ကစားရမည့် အဓိကပြိုင်ပွဲဖြစ်သည့် ၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲ(အောက်တိုဘာ ၁၁ ရက်နေ့တွင်ကစားရမည့် ပိုလန်အသင်းနှင့်ပွဲ) အား ပရိတ်သတ်မပါဘဲကစားစေရန် ဆုံးဖြတ်လိုက်သည်။ ထို့ပြင် ၂၀၁၈ ရုရှားနိုင်ငံတွင်ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲအထိ အလ်ဗစ်မြို့ရှိ အာကစားကွင်းအား အသုံးပြုမှုကိုလည်းပိတ်ပင်ရန် ဆုံးဖြတ်ခဲ့ပါသည်။” ဟု ဖီဖာစည်းကမ်းထိန်းသိမ်းရေးကော်မတီမှတ်ထုတ်ပြန်သော အစီရင်ခံစာတွင်ဖော်ပြထားသည်။
    goal
    _________________________
    အာဆင်နယ်တွင်သာ နည်းပြဘ၀အဆုံးသတ်ချင်သည်ဟု ၀င်းဂါးဆို
    အာဆင်နယ်အသင်း၏ နည်းပြဖြစ်သူ အာဆင်ဝင်းဂါးမှာ အာဆင်နယ်အသင်းနှင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် အဆင်သင့်ဖြစ်နေပြီး သူချစ်သော အာဆင်နယ်တွင်သာ နည်းပြဘ၀ ကုန်ဆုံးချင်သည်ဟု ပြောကြားလိုက်သည်။ အာဆင်ဝင်းဂါးမှာ ၁၉၉၆-ခုနှစ်ကတည်းက အာဆင်နယ်သို့ ရောက်ရှိခဲ့ပြီး လာမည်နှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ကာ အသင်းမှထွက်ခွာတော့မည်ဟု အစောပိုင်းက ကောလဟာလများ ထွက်ပေါ်ခဲ့သေးသည်။ ၀င်းဂါးကလည်း ယခုနှစ် ဘောလုံးရာသီက သူ၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်သည်ဟု ပြောဆိုခဲ့သည်။ သို့သော်လည်း အာဆင်နယ်အသင်း၏ ရှယ်ယာ အများဆုံးပိုင်ဆိုင်သူ စတန်ကရိုအန်ကီ၏ လှိုက်လှဲစွာထောက်ခံမှုကိုရရှိပြီးနောက် အာဆင်နယ်အသင်းတွင်ဆက်နေရန် ၀င်းဂါးမှာ ယုံကြည်မှုပိုရှိလာခဲ့သည်။
    “စတန်ကရိုအန်ကီရဲ့ထောက်ခံမှုကိုရတာ ကျွန်တော်တော်တော်ဂုဏ်ယူပါတယ်။ ကျွန်တော်အသင်းကို ကူညီနိုင်မယ်လို့ သူ့ရဲ့ ထင်မြင်ချက်ဟာ သိပ်ကိုကြီးမားတဲ့ မဲတစ်ခုပါပဲ။ ကျွန်တော့်အတွက်တော့ အရမ်းကောင်းပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။ အာဆင်နယ်အသင်းပေါ်ထားရှိသည့်သဘောထားနှင့်ပက်သက်၍လည်း ၀င်းဂါးက “အသင်းရဲ့ အပြောင်းအလဲမရှိတဲ့ ထောက်ခံမှု ကိုလည်း ကျွန်တော်ရခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ၁၇-နှစ်တာ ကာလအတွင်းမှာ အတက် အကျတွေအများကြီးနဲ့ တွေ့ကြုံခဲ့ရပေမယ့် ကျွန်တော့်ကို ထောက်ခံကြတဲ့အတွက် ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်။ သူတို့အားလုံးကျွန်တော့်ကို ယုံကြည်မှုတွေ ပေးခဲ့ပါတယ်။ ဒီအသင်းမှာ တစ်သက်လုံးရှိနေရတာကို ကျွန်တော်နှစ်သက်ပါတယ်။ ကျွန်တော် ဒီအသင်းကို ချစ်ပါတယ်” ဟု ထပ်လောင်းပြောကြားခဲ့သည်။
    skysports
    _________________________
    မလေးရှားအိုးပင်း တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် ဒေးဗစ်ဖာရဲရားရှုံးနိမ့်
    မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပပြုလုပ်လျက်ရှိသည့် မလေးရှားအိုးပင်းတင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွင် နိုင်အခြေအဆင့် ၁ ရှိ စပိန်တင်းနစ်သမား ဒေးဗစ်ဖာရဲရားမှာ အံ့သြဖွယ် ရှုံးနိမ့်ခဲ့သည်ဟုသိရသည်။
    ဖာရဲရားမှာ နိုင်အခြေအဆင့်သတ်မှတ်ခြင်းမခံရသည့် ပေါ်တူဂီတင်းနစ်သမား ဂျိုအာအို ဆော့ဆာအား ၆-၂၊ ၇-၆(၈-၆)ဖြင့် ရှုံးနိမ့်ခဲ့သည်။ ယခုပွဲအနိုင်ရရှိမှုကြောင့် ဆော့ဆာမှာ ကမ္ဘာ့ထိပ်တန်း ၁၀ ဦးအဆင့်ဝင် တင်းနစ်သမားအား ပထမဆုံးအနိုင်ရရှိခြင်းလည်းဖြစ်ခဲ့သည်။
    “ကျွန်တော် အရင်က တစ်ခါမှ ထိပ်တန်း ၁၀-ဦးထဲက ကစားသမားကိုမနိုင်ဖူးပါဘူး။ ထိပ်တန်း ၅-ဦးဆိုရင်တော့ ပြောမနေပါနဲ့တော့။ ဒီအောင်ပွဲဟာ ကျွန်တော့်အတွက် အကြီးမားဆုံးအောင်ပွဲဖြစ်တယ်ဆိုတာ သံသယရှိစရာမလိုပါဘူး” ဟု ကမ္ဘာ့အဆင့်-၇ ရှိ ဆော့ဆာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    skysports
    _________________________
    WTA Toray Pan Pacific Open တင်းနစ်ပြိုင်ပွဲဗိုလ်လုပွဲသို့ ကဗီတိုဗာတက်ရောက်
    ဂျပန်နိုင်ငံ တိုကျိုမြို့တွင်ကျင်းပပြုလုပ်နေသည့် WTA Toray Pan Pacific Open အမျိုးသမီး တင်းနစ်ပြိုင်ပွဲဆီးမီးဖိုင်နယ်ပွဲစဉ်များကို ယမန်နေ့က ယှဉ်ပြိုင်ကစားခဲ့ရာ ကဗီတိုဗာနှင့် ကာရ်ဘာရ်တို့ အနိုင်ရရှိခဲ့ကာ နောက်ဆုံးဗိုလ်လုပွဲသို့တက်ရောက်သွားပြီဟုသိရသည်။
    ကမ္ဘာ့အဆင့် ၁၁ တင်းနစ်မယ် ပီထရာ ကဗီတိုဗာမှာ အမေရိကန်နာမည်ကြီးတင်းနစ်မယ် ဗီးနပ်စ် ၀ီလီယံကို အကြိတ်အနယ်ကစားကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ၂ နာရီ ၂၄ မိနစ်ကြာမြင့်ခဲ့သော အဆိုပါပွဲတွင် ကဗီတိုဗာမှာ ဗီးနပ်စ်အား ၃-၆၊ ၆-၃၊ ၇-၆ ဖြင့်အနိုင်ရရှိခဲ့ပြီး ယခုနှစ်အတွင်း တင်းနစ်ပြိုင်ပွဲများတွင် ဗိုလ်လုပွဲသို့ တတိယအကြိမ်တက်ရောက်နိုင်ခဲ့သည်။
    ကမ္ဘာ့အဆင့် နံပါတ် ၉ ရှိ ဂျာမန်တင်းနစ်မယ် အိန်ဂျယ်လစ် ကာရ်ဘာရ်မှာလည်း နိုင်ခြေအဆင့် ၄ ရ ဒိန်းမတ်တင်းနစ်မယ် ကာရိုလိုင်း ၀ုဇ်နီအက်ကီအား ၆-၄၊ ၇-၆ ဖြင့်အနိုင်ရရှိခဲ့သည်။
    WTA Toray Pan Pacific Open တင်းနစ်ပြိုင်ပွဲဗိုလ်လုပွဲကို ယနေ့တွင်ကျင်းပပြုလုပ်မည်ဖြစ်ပြီး ကဗီတိုဗာနှင့် ကာရ်ဘာရ်တို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
    skysports
  • စက်တင်ဘာ၊ ၂၇ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို
    စက်တင်ဘာ၊ ၂၇
    M-Media
    ၂၀၀၈-အခြေခံဥပဒေနှင့်သာ ၂၀၁၅-ရွေးကောက်ပွဲပြုလုပ်ပါက အယောင်ဆောင် ဒီမိုကရေစီသာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
    ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲမှု မပြုပဲ ၂၀၁၅ တွင် ရွေးကောက်ပွဲပြုလုပ်ပါက တရားမျှတမှုမရှိပဲ အယောင်ဆောင် ဒီမိုကရေစီစနစ်သာ ဖြစ်ကြောင်း ဒီနေ့ကျင်းပသည့် NLD ရွှေရတု သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
    _________________________
    ကသာမြို့က သိမ်းဆည်းခံ လယ်ယာမြေများအတွက် ဆန္ဒပြ
    ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက လယ်ယာမြေ ပဋိပက္ခအရေး အစိုးရဌာနဆိုင်ရာတွေမှ အမြန်ဆုံး ဖြေရှင်းပေးဖို့ ပြောကြားမှုအား ကြိုဆိုထောက်ခံသည့် အနေဖြင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်ရှိ ကျေးရွာ ၂၂-ရွာမှ တောင်သူလယ်သမား ၃၀၀-ခန့်က ဒီနေ့မှာ သူတို့ထံမှ သိမ်းဆည်းမြေများအား လွှဲပြောင်းယူခဲ့သည့် မောင်းကုန်းရွာရှိ ဂရိတ်ဝေါကုမ္မဏီရှေ့တွင် ဆန္ဒပြခဲ့ကြကြောင်း RFA သတင်းမှာ ဖော်ပြထားပါတယ်။
    ________________________
    မမှန်မကန်ရန်သူသတင်းပေးသူ အလင်းဝင် KIA ဒု-ဗိုလ်အား အမှုဖွင့်
    သံဖြူဇရပ်ဘက်မှ KIA ဗိုလ်အဆင့်ရှိသူတစ်ဦးပါဝင်ပြီး ကျား ၆-ဦး၊ မ ၄-ဦးတို့ လက်နက်မျိုးစုံ ၁၀-လက်ဖြင့် ရန်ကုန်မြို့သို့ လာရောက် အလင်းဝင်မည်ဟု စက်တင်ဘာ ၁၇-ရက် ညတွင် ဒလမြို့နယ် သပြေကုန်းရွာ လုံခြုံရေး ရေ-တပ်ဖွဲ့သို့ လာရောက်သတင်းပေးသည့် လက်နက်မဲ့ အလင်းဝင်ရောက်လာသူ တူးအောင်(ခ)ဂျော်ကာသည် တိုင်းစစ်ဌာနချုပ်မှ အလင်းဝင်ရောက်လာသူ တစ်ဦးဖြစ်ကြောင်း ထောက်ခံချက် မူရင်း ပြသနိုင်ခြင်း မရှိပဲ လက်ရေးဖြင့် ပြန်လည်ရေးသားထားသော စာရွက်များသာ တွေ့ရှိရသဖြင့် မမှန်မကန် ရန်သူသတင်းများ ဖြန့်ဝေသူတစ်ဦးဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် စစ်ဘက်မှ တရားစွဲဆို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မဇ္ဈိမသတင်း စာမျက်နှာမှာ ဖော်ပြထားပါတယ်။
    ________________________
    လွှတ်တော်ကိုယ်စားလှယ်တွေမှာ စစ်တပ်အမျိုးသမီးများ ထည့်သွင်းရန် ဂျင်မီကာတာ တိုက်တွန်း
    မြန်မာနိုင်ငံရဲ့ ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသမီးများကို ရွေးချယ်ခန့်ထားဖို့ကို မြန်မာကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့ဆုံစဉ်မှာ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာက တိုက်တွန်းလိုက်ပါတယ်။ “မြန်မာအစိုးရအနေနဲ့ လက်ရှိလုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လုပ်ပါလို့ ကျွန်တော် ကတော့ အကြံပြုချင်တယ်။ တိုင်းပြည်တွင်းက လူတဦးချင်းစီမှာ တန်းတူ အခွင့်အရေးရရှိလာအောင် အခွင့်အလမ်းတွေကို ဖွင့်ပေးပါ။ မြန်မာနိုင်ငံက အမျိုးသမီးတွေကို မျှတစွာ ဆက်ဆံတယ်လို့ ကျွန်တော် မထင်ပါဘူး။ လွှတ်တော်ထဲမှာဆိုရင်လည်း အမျိုးသမီး လွှတ်တော်အမတ် အရေအတွက်က ၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့တုန်းကလည်း စစ်သား လွှတ်တော်အမတ် ၁၆၆-ယောက်ကို သူက ရွေးချယ်ပေးရတော့ ၂၀၁၅ ကျရင် စစ်တပ်အနေနဲ့ အမျိုးသမီးတချို့ကို ရွေးချယ်ဖို့ ကျနော် အကြံပြုခဲ့ပါတယ်”လို့ VOA သတင်းဌာနကို ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။
    ______________________
    အီရန်နျူးကလီးယားကိစ္စ ဆွေးနွေးရန်အတွက် ရက်သတ်မှတ်
    အီရန်နျူးကလီးယားကိစ္စနှင့်ပက်သက်ပြီး လာမည့်လတွင် ဂျီနီဗာ၌ တွေ့ဆုံးဆွေးနွေးရန် အီရန်နှင့် အင်အားကြီး ၆-နိုင်ငံတို့ သဘောတူညီချက် ရရှိခဲ့သည်ဟု သိရသည်။ အမေရိကန်နှင့် အီရန်နိုင်ငံခြားရေးဝန်ကြီးတို့ ယမန်နေ့ တွေ့ဆုံပွဲမှထွက်ပေါ်လာခြင်း ဖြစ်ပြီး ထိုတွေ့ဆုံပွဲတွင် အမေရိကန်က ဆောင်ရွက်ရမည့်ကိစ္စများ များပြားစွာရှိနေသည်ဟု ပြောကြားခဲ့ပြီး အီရန်ဘက်ကလည်း ပိတ်ဆို့မှုများ အလျင်အမြန်ရုပ်သိမ်းရေးအတွက် အလေးအနက်တိုက်တွန်းသွားခဲ့သည်။
    ဆွေးနွေးပွဲအပြီးတွင် အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်က ကမ္ဘာ့အင်အားကြီးနိုင်ငံများအနေဖြင့် အီရန်နျူးကလီးယား ကိစ္စအပေါ် တစ်နှစ်အတွင်း အမြန်ဆုံးဖြေရှင်းရန် သဘောတူညီခဲ့သည်ဟု ပြောကြားခဲ့သည်။
    Ref : aljazeera
    ______________________
    ချုံပုတ်များကို မီးရှို့မှုအတွက် သြစတေးလျ လူငယ်တစ်ဦးကို တရားစွဲ
    သြစတေးလျနိုင်ငံတွင် ချုံပုတ်များအား တမင်ကြံရွယ်ကာ မီးရှို့မှုအတွက် လူငယ်တစ်ဦးအား ရဲတပ်ဖွဲ့ကာ တရားစွဲဆို ထားသည်ဟုသိရသည်။ နယူးဆောက်ဝေးလ်ပြည်နယ် နယူးကာဆယ်မြို့အနီး အစိုးရက ထိန်းသိမ်း စောင့်ရှောက်ထားသည့် မြေနေရာတွင် မီးရှို့မှုကြောင့် လူငယ် ၄-ဦးကိုဖမ်းဆီးထားပြီး အသက် ၁၆-နှစ်အရွယ် လူငယ်တစ်ဦးကို မီးရှို့မှုဖြင့် တရားဆွဲဆိုထားကာ ကျန်သုံးဦးအား ဆက်လက်စစ်ဆေးနေသည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
    ထိုမီးရှို့မှုကြောင့် ၄၀-ဟက်တာ (၉၈-ဧကကျော်) မြေနေရာရှိ ချုံပုတ်များ မီးလောင်ကျွမ်းခဲ့ပြီး မီးသတ်သမားများက တစ်ညကြာ ငြိမ်းသက်ခဲ့ရသည်။
    Ref : xinhua
    ______________________
    ဒုက္ခသည်များအား ခိုလှုံခွင့်ပေးသည့် ဘရာဇီးအား UNHCR ကျေးဇူးတင်
    စစ်ဘေးသင့် ဆီးရီးယားပြည်သူများနှင့် ဆီးရီးယားရှိ အခြားနိုင်ငံသားများအား ခိုလှုံရန် အထူးဗီဇာ ခွင့်ပြုခဲ့သည့် ဘရားဇီးနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီအား ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)က ကြိုဆိုလိုက်သည်။ ဘရာဇီးနိုင်ငံမှာ ဆီးရီးယား စစ်ဘေးသင့် ပြည်သူများအား ခိုလှုံရန် အထူးဗီဇာ ထုတ်ပေးခဲ့သည့် အမေရိကမှ ပထမဦးဆုံးနိုင်ငံဖြစ်သည်။
    ဒုက္ခသည်များဆိုင်ရာ ဘရာဇီးအမျိုးသားကော်မတီ(CONARE)၏ အဆိုအရ ဆီးရီးယားပတ်ဝန်းကျင် နိုင်ငံများရှိ သံရုံးများတွင် ဘရာဇီးသို့လာရောက်ချင်သည့် စစ်ဘေးသင့်ပြည်သူများအတွက် ခရီးသွားဗီဇာများကို ထုတ်ပေးမည်ဖြစ်ပြီး မိသားစုများအတွက်ပါ ပါဝင်မည်ဖြစ်သည်။ ယခုအချိန်ထိ ဆီးရီးယားစစ်ဘေးသင့် ပြည်သူများမှာ ဘရာဇီးတွင် အနည်းငယ်သာရှိသေးပြီး တဖြည်းဖြည်းနှင့် တိုးလာသည်ဟု UNHCR ပြောရေးဆိုခွင့်ရှိသူ အက်ဒရီယန် အက်ဒ်ဝပ်က ပြောကြားခဲ့ပြီး ၂၀၁၃-ခုနှစ်တွင် ဒုက္ခသည် ၁သိန်းအတွက် လူသားချင်းစာနာသည့် ပြည်ဝင်ခွင့်ဗီဇာများကို ထုတ်ပေးရန် UNHCR မှ ဘရာဇီးအားတိုက်တွန်းခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    Ref : xinhua
    ______________________
    အစ္စရေးအား နိုင်ငံတကာမှ ဖိအားပေးရန် အဘတ်စ်တိုက်တွန်း
    Abbas
    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ် အဘတ်စ်က အမေရိကန်မှ ပွဲစားလုပ်ကာ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးအတွက် နောက်ဆုံးအခွင့်tရေး ဖြစ်ကောင်းဖြစ်မည်ဟု ပြောကြားလိုက်ပြီး အစ္စရေးနှင့် ဖြစ်ပွားနေသည့် အငြင်းပွားမှုအားလုံးကို လုံးဝဖြေရှင်းနိုင်မည့် သဘောတူညီချက်တစ်ခုကိုလည်း တောင်းဆိုလိုက်သည်။
    ယမန်နေ့ကုလသမဂ္ဂ အစည်းအဝေးမတိုင်မီ ပြောကြားခဲ့ရာတွင် ပါလက်စတိုင်း နယ်မြေများအတွင်း အစ္စရေးမှအိမ်ရာဆောက်လုပ်နေမှုများအား ရပ်ဆိုင်းရန်အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ဖိအားပေးရန် ထည့်သွင်းပြောဆိုသွားခဲ့သည်။
    “အချိန်တွေကုန်သွားနေပါတယ်။ ငြိမ်းချမ်းရေး တံခါးပေါက်ဟာလည်း ပိတ်ပိတ်လာနေပါတယ်။ ပြီးတော့ အခွင့်အရေးတွေဟာလည်း နည်းနည်းလာပါတယ်။ အခုလုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ငြိမ်းချမ်းမှုရဖို့အတွက် နောက်ဆုံးအခွင့်အရေးဖြစ်လာပါပြီ” ဟု အဘတ်စ်က ပြောကြားခဲ့သည်။
    ပါလက်စတိုင်းကပိုင်ဆိုင်သည့် အနောက်ဘက်ကမ်းခြေတွင် အိမ်ရာများဆောက်လုပ်ခြင်းအား ရပ်နားထားရန် နိုင်ငံတကာကသတိပေးထားသော်လည်း အစ္စရေးက လစ်လျူရှုကာ ဆက်လက်ဆောက်လုပ်နေခြင်းဖြစ်သည်။
    Ref : aljazeera
  • စက်တင်ဘာ ၂၇ အားကစားသတင်းများ
    စက်တင်ဘာ ၂၇
    M-Media
    2792013
    ဘာကာ ဖန်တီးရှင်ဟောင်း ဒေကို တားမြစ်ဆေးကြောင့် ဘောလုံးလောကမှ တစ်နှစ်ပိတ်ပင်
    ဘာစီလိုနာအသင်းနှင့် ချယ်ဆီးအသင်းတို့၏ ကစားသမားဟောင်းဖြစ်သူ ဒေကိုအား တားမြစ်သုံးစွဲကြောင်းတွေ့ရှိရ၍ ဘောလုံးလောကမှ တစ်နှစ်ပိတ်ပင်ခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့် သြဂုတ်လက ဘောလုံးကစားခြင်းမှ အနားယူသွားပြီဖြစ်သည့် ဒေကိုမှာ ဘရာဇီးကလပ် ဖလူမင့်စ်အသင်းတွင် ကစားနေစဉ် မတ်လက တားမြစ်ဆေးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး ယာယီအနေဖြင့် ရက်သုံးဆယ်ကစားခွင့် ပိတ်ပင်ခဲ့သည်။
    အသေးစိတ် စစ်ဆေးမှုများ ဆက်လက်ပြုလုပ်ပြီးနောက် ဘရာဇီးအားကစားခုံရုံးမှ ယခုကဲ့သို့ တစ်နှစ်ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ကစားသမားဘ၀မှ အနားယူသွားခဲ့သည့် ဒေကိုအတွက် အကျိုးသက်ရောက်မှု ကြီးကြီးမားမား ရှိမည် မဟုတ်ချေ။ ဒေကိုမှာ ပေါ်တိုအသင်းနှင့်ထင်ရှားလာခဲ့သူဖြစ်ပြီး ဘာစီလိုနာနှင့် ချယ်ဆီးအသင်းတို့တွင် ကစားခဲ့ကာ ၂၀၁၀-ခုနှစ်က ဖလူမင်စ့်အသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက် သြဂုတ်လတွင် ကစားသမားဘ၀မှ အနားယူခဲ့သည်။
    goal
    ________________________
    ရီးယဲလ်အား မည်ကဲ့သို့အနိုင်ယူရမည်ဆိုသည်ကို သိသည်ဟု ကော့တွစ်ဆို
    အက်သလက်တီကို မက်ဒရစ်အသင်း၏ ဂိုးသမားဖြစ်သူ သီဘောက် ကော့တွစ်က စနေနေ့တွင် ကစားမည့် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ပွဲတွင် အက်သလက်တီကိုမှာ ရီးယဲလ်အား ကျော်လွှားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။ အက်သလက်တီကိုမှာ ပြီးခဲ့သည့်နှစ်က ဘာနေဗျူးတွင် ကစားခဲ့သည့် စပိန်ဘုရင့်ဖလားပွဲစဉ်တွင် ရီးယဲလ်အား အနိုင်ယူနိုင်ခဲ့သည်။
    ထို့ကြောင့် ယခုအကြိမ်တွင်လည်း ၎င်းတို့၏ မြို့ခံပြိုင်ဘက်အား မနိုင်စရာအကြောင်းမရှိဟု ပြောကြားခဲ့သည့် ကော့တွစ်က “ကျွန်တော်တို့မှာ အသင်းကောင်းတစ်သင်းရှိပြီး သူတို့(ရီးယဲလ်ကို) နိုင်အောင် ကစားတတ်ပါတယ်။ သုံးမှတ်ရမယ့်ပွဲဖြစ်ပြီး နောက်ဆုံး ဗိုလ်လုပွဲလိုပဲဖြစ်မှာပါ။ ကျွန်တော် ဘယ်တော့မှ သရေကျဖို့အတွက် မကစားပါဘူး။ နိုင်ဖို့အတွက်ပါပဲ” ဟု သတင်းထောက်များက ပြောကြားခဲ့သည်။
    goal
    ________________________
    နာပိုလီနှင့်ပွဲ လုပ်ရပ်အတွက် ဘာလော့တယ်လီ ပြန်လည်တောင်းပန်
    အေစီမီလန်အသင်းက နာပိုလီအသင်းအား ၂-ဂိုး ၁-ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်အပြီးတွင် ပြုလုပ်ခဲ့သည့် ၎င်း၏ အပြုအမူများမှာ မသင့်လျော်သော အပြုအမှုများ ဖြစ်သည်ဟု ၀န်ခံခဲ့သော်လည်း သူ၏ လုပ်ရပ်မှာ အသေးအဖွဲမျှသာ ဖြစ်သည်ဟု အေစီမီလန်တိုက်စစ်မှူး ဘာလော့တယ်လီက ပြောကြားခဲ့သည်။ ထိုပွဲအပြီးတွင် ဘာလော့တယ်လီမှာ ဒိုင်လူကြီး၊ ပွဲတာဝန်ရှိသူများနှင့် နာပိုလီအသင်းသားများအား ပြင်းပြင်းထန်ထန်စောဒတက်ခဲ့သောကြောင့် ဒိုင်လူကြီးက ဒုတိယအကြိမ် အ၀ါကတ်ပြသခဲ့သည်။
    ထိုလုပ်ရပ်ကြောင့် ဘာလော့တယ်လီအား အီတလီဘောလုံးအဖွဲ့ချုပ်က သုံးပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့သည်။ “ပထမဆုံးအနေနဲ့ ကျွန်တော့် အသင်းဖော်တွေကို တောင်းပန်ပါတယ်။ သူတို့တွေဟာ ကျွန်တော်နဲ့အတူ လေ့ကျင့်ကြ အလုပ်လုပ်ကြပြီး ကျွန်တော့်ရဲ့ဒီအပြုအမူက သူတို့ကို အထီးကျန်သွားစေပါတယ်။ ကျွန်တော့်ကိုဂရုစိုက်တဲ့ ပရိတ်သတ်တွေနဲ့ အသင်းအတွက်လည်း ကျွန်တော်ဟာ အပြစ်ရှိတယ်လို့ ခံစားရပါတယ်။ ဒိုင်လူကြီးကိုလည်းတောင်းပန်ပါတယ်။ ကျွန်တော် ဒီလိုလုပ်ရပ်မျိုး မလုပ်သင့်ခဲ့ပါဘူး။ တချို့အခြေအနေတွေမှာ ကျွန်တော့်ကို ကျွန်တော်ထိန်းချုပ်ရမယ် ဆိုတာ ကျွန်တော် နားလည်သွားပါပြီ “ဟု ဘာလော့တယ်လီက အီတလီ အားကစားသတင်းစာ La Gazzetta dello Sport သို့ပြောကြားခဲ့သည်။
    goal
    ________________________
    ဘာစီလိုနာနဲ့ စစ်ဖြစ်နေတာမဟုတ်ပါဘူးလို့ အင်နီယေစတာ ပြော
    ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းတိုးရန် နှောင့်နှေးနေသည့် ကွင်းလယ်ဖန်တီးရှင် အင်နီယေစတာက အသင်းအုပ်ချုပ်ရေးအဖွဲ့နှင့် ပဋိပက္ခများရှိနေသည်ဆိုသည့် သတင်းကို ငြင်းဆိုလိုက်ပြီး သူ၏ ကစားသမားဘ၀အား ဘာကာတွင်ပင် အဆုံးသတ်ချင်သည်ဟု ပြောကြားလိုက်သည်။
    ၂၀၁၅ တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် အင်နီယေစတာအား ဘာကာမှ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် စိတ်အားထက်သန်နေသော်လည်း အင်နီယေစတာဘက်မှ နှောင့်နှေးနေသည်ဟု သတင်းများထွက်ပေါ်လာခဲ့ပြီး ပီအက်စ်ဂျီအသင်းကလည်း ခေါ်ယူရန်စောင့်ကြည့်နေသည်။
    “ဘာကာနဲ့ အင်နီယေစတာကြားထဲမှာ ထူးဆန်းတာမျိုးဘာမှမရှိသလို စစ်လည်းမဖြစ်ပါဘူး။ ကလပ်ကလည်း ကျွန်တော့်ကို အလိုရှိတယ်။ ကျွန်တော်ကလည်း ဒီမှာနေချင်ပါတယ်။ ကျွန်တော်ဒီအသင်းမှာပဲ ကစားသမားဘ၀က အနားယူချင်တယ်လို့ ခဏခဏပြောပြီးပါပြီ။ အသင်းကလည်းဒီအတိုင်းပါပဲ။ သဘောတူညီချက်တစ်ခုကိုကျွန်တော်တို့ ရောက်ချင်ပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် အင်နီယေစတာက ပြောကြားခဲ့သည်။
    goal
    ________________________
    မလေးရှားအိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ၀ါဝရင်ကာ ကွာတားဖိုင်နယ်သို့တက်ရောက်
    မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင်ကျင်းပလျက်ရှိသည့် မလေးရှားအိုးပင်းနစ်ပြိုင်ပွဲတွင် ဆွစ်ဇလန်တင်းနစ်သမား စတာနစ်လက်စ် ၀ါဝရင်ကာမှာ ကွာတားဖိုင်နယ်သို့တက်ရောက်သွားပြီဟု သိရသည်။
    နိုင်ခြေအဆင့် ၂ ရှိ ၀ါဝရင်ကာမှာ ဆိုက်ပရပ်စ် တင်းနစ်သမား မားကို့စ် ဘဂ်ဒါတစ်အား ၆-၁၊ ၇-၅ ဖြင့်အနိုင်ရရှိခဲ့သည်။ ၀ါဝရင်ကာမှာ မကြာမီလန်ဒန်မြို့၌ကျင်းပမည့် နှစ်တစ်နှစ်၏ နောက်ဆုံးတင်းနစ်ပြိုင်ပွဲ ATP World Tour finals ကို ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ယခုပြိုင်ပွဲတွင် ကောင်းမွန်စွာစွမ်းဆောင်နိုင်ရန်မျှော်လင့်နေသည်။
    ATP World Tour finals တင်းနစ်ပြိုင်ပွဲမှာ ကမ္ဘာ့တင်းနစ်အဖွဲ့ချုပ်ကသတ်မှတ်သည့် ကမ္ဘာ့အဆင့် ၁ မှ ၈ အတွင်းဝင်သောကစားသမားများသာ ယှဉ်ပြိုင်ရခြင်းဖြစ်ပြီး ၀ါဝရင်ကာမှာ ယခုလက်ရှိတွင် ကမ္ဘာ့အဆင့် ၈ နေရာတွင်ရှိနေသည်။
    “အဲဒီ(လန်ဒန်)မှာကစားခွင့်ရရေးဟာ ကစားသမားအားလုံးရဲ့အိပ်မက်ပါ။ သိပ်ကိုကြီးကျယ်ပြီး အံ့သြစရာလည်းကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်ကတော့ အခုပြိုင်ပွဲမှာ ဘာဖြစ်နေတယ်ဆိုတာကို ဂရုစိုက်တာ ပိုကောင်းပါတယ်။ ကျွန်တော်အဲဒီ(လန်ဒန်)မှာကစားချင်ပါတယ်။ ကျွန်တော်ပွဲကောင်းကောင်းကစားပြီး ပွဲတွေနိုင်ဖို့လည်းလိုပါတယ်။ တကယ်လို့ကျွန်တော်အတွေးမလွန်ဘူးဆိုရင် အဲဒီမှာယှဉ်ပြိုင်ဖို့အခွင့်အရေးရးမှာပါ” ဟု ပွဲအပြီးတွင်ပြောကြားခဲ့သည်။ ၀ါဝရင်ကာမှာ မလေးရှားအိုးပင်းဆီမီးဖိုင်နယ်တွင် နိုင်ခြေအဆင့် ၆ ရ ရုရှားတင်းနစ်သမား ဒီမီထရီ တာဆူနော့ဗ်နှင့် တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။