News @ M-Media

Tag: Dala

  • ဒလတွင် ရန်ဖြစ်ရာမှ ဓါးထိုးမှုဖြစ်ပွား၊ ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

    ဧပြီ ၁၆၊ ၂၀၁၄
    M-Media
    KK
    ယနေ့ညနေ၌ ဒလမြို့နယ်တွင် ညနေ၄နာရီခန့် မှ ဘောလုံး ကန်နေသူများ၏ ဘောလုံး လူနေအိမ်အတွင်း ကျရောက်သွားရာမှ ထိခိုက်မှုကြောင့် စကားများ ခိုက်ရန်ဖြစ်ပွားခဲ့ကြသည်။

    ဘောလုံးကန်သွင်းလိုက်သူ၏ ဓါးဖြင့်တိုက်ခိုက်မှုကြောင့် အဆိုပါနေအိမ်မှအမျိုးသမီး တစ်ဦး ဓါးဒဏ်ရာကြောင့် သေဆုံးသွားကြောင်း သိရပါသည်။ အခြားအမျိုးသမီးတစ်ဦးမှာ လည်း ဒဏ်ရာပြင်းထန်ကြောင်း သိရှိရပါသည်။

    အပြန်အလှန် တိုက်ခိုက်မှုကြောင့် ဓါးထိုးသူမှာလဲ ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရှိရပါသည်။

    သေဆုံး/ဒဏ်ရာ ရရှိသူ အမျိုးသမီး ၂ ဦးမှာ အစ္စလာမ် ဘာသာဝင်များဖြစ်ကြကြောင်း စုံစမ်း သိရှိရသည်။

    ယခု အချိန် စုံစမ်းသိရှိရသလောက် အဆိုပါဖြစ်စဉ်မှာ သာမန် ရန်ဖြစ်သည့် ရာဇဝတ်မှုသာဖြစ်ကြောင်း ဘာသာရေး ကိစ္စ ပါဝင်ချင်း မရှိကြောင်း သိရှိရသည်။

  • ရန်ကုန်-ဒလ တံတား စီမံကိန်းကြောင့် ကမာကဆစ်ဈေး ဖျက်မည့် သတင်းထွက်နေ

    ဇူလိုင် ၁၃၊ ၂၀၁၃
    M-Media
    အိမေ

    DSCN5423

    ရန်ကုန် ။         ။    ရန်ကုန်-ဒလကြိုးတံတားအား ကိုရီးယားနှင့်မြန်မာ ပူးပေါင်းတည်ဆောက်မည်ဟု သတင်းများထွက်ပေါ်လျက်ရှိပြီး ယင်းတံတားအား ကမာကဆစ်ဈေးဘက်တွင် တည်ဆောက်မည်ဖြစ်ရာ အစိုးရဘက်မှ သတင်းအတည်ထွက်ရှိလာပါက အဆိုပါဈေးကို  ဖျက်ပစ်ရမည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။

    “တံတားဆောက်ဖြစ်ရင် အဲဒီနေရာကလူတွေဖယ်ပေးရမှာဆိုတော့ တစ်ချို့က အိမ်တွေ၊ လယ်တွေ ရောင်းကြတယ်။ စိုးရိမ်စိတ်တွေနဲ့  ဘာလုပ်လို့ဘာကိုင်ရမှန်းမသိကြဘူးဖြစ်နေကြတယ်။ ကျွန်တော်တို့ လယ်သမားတွေက လယ်အလုပ်ပဲ လုပ်တတ်တာလေ။ တစ်ချို့ဆို လယ်တွေရောင်းပြီး ပိုက်ဆံထုပ်ပိုက်ပြီး ထိုင်နေကြတယ်။ ဒီတံတားသာဆောက်ဖြစ်ရင် အားလုံးနီးပါး စီးပွားရေး၊စားဝတ်နေရေး တွေ အခက်အခဲတွေ ဖြစ်သွားနိုင်တယ်။ ကမာကဆစ်ဈေးဆိုတာ ဒလမြို့ပေါ်မှာ အကြီးဆုံးဈေးကြီးပါ။ အဲဒီဈေးပေါ် မှီခိုရောင်းချနေတဲ့ ဈေးသည်တွေ ဘယ်သွားလို့ ဘယ်လာရမှန်းမသိ၊ ဆိုင်ကယ်ကယ်ရီသမားတွေ ဆိုလည်းဒီအတိုင်းပဲ။ သင်္ဘောဈေးသည်တွေ အားလုံးဟာ စီးပွားရေးနဲ့ စားဝတ်နေရေး အခက်အခဲတွေ ရင်ဆိုင်လာရတော့မှာကို တွေးပူနေကြရတယ်။”ဟု ဒလမြို့နယ် ကျန်စစ်သားရပ်ကွက် တွင် နေထိုင်သူတစ်ဦးက M-Media သို့ပြောကြားသည်။

    ဒလမြို့နယ်သင်္ဘောဆိပ်တွင် ဆိုင်ကယ် ကယ်ရီဆွဲသူတစ်ဦးကလည်း “ကျွန်တော်တို့အဓိက ကယ်ရီဆွဲရတာက ကမာကဆစ်ဈေးကို ဈေးလာရောင်းတဲ့သူတွေပါ။ အခု ကမာကဆစ်ဈေး ဖျက်ရတော့မယ် ဆိုတဲ့သတင်းကြားကတည်းက စိတ်မကောင်းဖြစ်မိတယ်။ ကျွန်တော်က ဒီဈေးကို မှီခိုပြီးစီးပွားရှာတယ်။ ကျွန်တော့်မိသားစုရဲ့ စားဝတ်နေရေးက ကျွန်တော့်အပေါ် မှီခိုတယ်။ အဲဒီတော့ ကျွန်တော်တို့ မိသားစုရဲ့ အဓိကမှီခိုရာက ဒီဈေးကြီးဖြစ်နေတယ်။ ဒီဈေးသာဖျက်ရမယ်ဆိုရင် စားဝတ်နေရေးအတွက် အကျပ်အတည်းဖြစ်သွားနိုင်ပါတယ်”ဟု M-Media ပြောကြားသည်။

    “တံတားဆောက်လိုက်ရင် လမ်းပမ်းသွားလာရေးအဆင်ပြေသွားတာပေါ့။ဆောက်မဲ့တံတားကလည်း ကြိုးတံတားဆိုတော့ ကမ္ဘာအဆင့်မှီ တာပေါ့။ ရန်ကုန်နဲ့ ဒလကို ပေါင်းကူးဆောက်မှာဆိုတော့ တံတားကကြီးတယ်။ ဆောက်ရင် ကမာကဆစ်ဈေးဘက်မှာ ဆောက်မှာဆိုတော့ ဈေးကြီးနဲ့ မလွတ်ဘူးဖြစ်နေတယ်။ အစိုးရဘက်က အတည်ကြေငြာရင် ကမာကဆစ်ဈေးကြီးကို ဖျက်ရမယ်လို့ ကြားတယ်။ ဈေးကြီးဖျက်ရမယ်ဆိုရင် သူတို့ကိုနေရာတော့ပြန်ပေးမှာပါ။ လမ်းပမ်းဆက်သွယ်ရေးက အရမ်းအရေးကြီးပါတယ်။ ရေကြီးတဲ့ အချိန်တွေဆို သင်္ဘောတွေ သွားလို့မရဘူး။ တစ်ချို့ကျောင်းဆရာ၊ဆရာမလေးတွေဆို တစ်ဖက်ကမ်းကနေလာသင်ရတာ။ မိုးတွင်းဆိုတော့ ရေကြီးတဲ့အခါတွေကျရင် ပြန်လို့မရတာတွေဖြစ်ရတယ် ။ဒီလိုအခက်အခဲတွေကို ရင်ဆိုင်ရတဲ့သူတွေလည်း အများကြီးရှိပါတယ်။ အခုလို လမ်းပမ်းဆက်သွယ်ရေး အဆင်ပြေအောင် လုပ်ပေးမယ်ဆိုတော့ ကျွန်တော်တို့ အရမ်းဝမ်းသာပါတယ်။”ဟု ဒလမြို့နယ်တွင်နေထိုင်သူ တစ်ဦးက M-Media သို့ပြောကြားသည်။

    အဆိုပါ စီမံကိန်းပေါ်ပေါက်လာပြီးနောက် ဒလမြို့သို့ နိုင်ငံခြားခရီးသွားများပိုမိုလာရောက်လျက်ရှိပြီး အများစုမှာ project ရေးဆွဲသည့် ကိုရီးယား လူမျိုးများသာဖြစ်ကြောင်း သိရသည်။

  • ရန်ကုန်-ဒလ ကြိုးတံတား စီမံကိန်း သတင်း ကြောင့် ဒလမြေဈေး သိန်း ၅၀၀၀ အထိ မြင့်တက်

    ဇွန်လ ၁၃၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်
    သတင်း ဓာတ်ပုံ – အိမေ

    DSCN5433

    ရန်ကုန်  ။        ။      ရန်ကုန်တိုင်း ဒေသကြီးအတွင်း ရန်ကုန်-ဒလ ကြိုးတံတားစီမံကိန်းသတင်းထွက်ပေါ်လာမှုကြောင့် ဒလမြို့နယ် အတွင်းရှိ အိမ်ခြံမြေ ဈေးနှုန်းများ ကျပ်သိန်းပေါင်း ၅၀၀၀ အထက် မြင့်တက်လျက် ရှိကြောင်းသိရသည်။

    ယင်းသို့ အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လာမှုကို ဒလမြို့နယ် တရားဝင် အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း ဖူဂျီမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။

    ဒလမြို့ပေါ်ရှိ မြေဈေးကွက်များမှာ ယခင်က ဈေးနည်းသော်လည်း ရန်ကုန်- ဒလ တံတား တည်ဆောက်မည့် စီမံကိန်း ထွက်ရှိလာပြီးနောက် မြေကွက်ဈေးနှုန်းများမှာ ကျပ်သိန်းပေါင်း ငါးထောင် အထက်သို့ မြင့်တက်သွားကြောင်း သိရသည်။

    ” ကျွန်တော်တို့ ဒလမြို့မှာ ရပ်ကွက်ပေါင်း (၂၄)ရပ်ကွက် ရှိတယ်။ အဲဒီ (၂၄)ရပ်ကွက်ထဲက (၁၀)ရပ်ကွက်လောက် အရောင်းအ၀ယ်ကောင်းပြီး ဈေးကောင်းရတယ်။ လယ်မြေတွေ ဆိုရင် ဒလ- တွံတေး လမ်းမကြီးဘေးမှာ ရှိတဲ့ လယ်တစ်ဧက ကို ကျပ်သိန်း ၁၅၀၀ခန့် ရှိတယ်။ အရင်က ကျပ်သိန်းဝန်းကျင်သာ တန်ဖိုးရှိတဲ့ မြေကွက်တွေက အခု ကျပ်သိန်း ၃၀၀ခန့်ပေးရတယ်။ ဒလမြို့နယ်ထဲမှာရှိတဲ့ ကျန်စစ်သားရပ်ကွက်၊ တပင်ရွှေထီး ရပ်ကွက်၊ ဘုရင့်နောင် ရပ်ကွက်၊ စက်မြေ ရပ်ကွက်၊ မှော်စက် ရပ်ကွက်၊ ရာဇ သင်္ကြန် ရပ်ကွက်၊ ဗညား ဒလ ရပ်ကွက်တွေမှာ ရှိတဲ့ မြေ(ပေ – ၄၀ x ၆၀) တစ်ကွက်ကို ကျပ်သိန်း (၁၀၀၀)ကနေ (၅၀၀၀) အထိခေါ်ဈေး ရှိတယ်” ဟုဒလမြို့ရှိ အိမ်ခြံမြေ အကျိုးဆောင်၏ တာဝန်ရှိသူ တစ်ဦးက မီဒီယာ သို့ပြောသည်။

    ” ကျွန်တော်တို့ မြေကွက်တွေ ဈေးတက်လာတာ အရမ်းဝမ်းသာပါတယ်။ အရင်က တန်ဖိုးနည်းတဲ့ မြေတွေက ခုချိန်မှာ ရွှေလို တန်ဖိုးရှိလာတော့ ကျွန်တော်တို့ လယ်သမားတွေ အတွက် ၀မ်းသာစရာပါ။ ကျွန်တော်တို့ လယ်မြေတွေကို ဒီလို ဈေးကောင်းရတုန်းလေး တချို့ကို ရောင်းချင်ပါတယ်။ ကျွန်တော်တို့ စဉ်းစားကြည့်တာပေါ့။ကျွန်တော်တို့ လယ်သမားတွေက လယ်ကလွဲရင် ကျန်တာ ဘာမှ မလုပ်တတ်ဘူး။ ငွေထုပ်ကြီး ပိုက်ပြီး ထိုင်စားနေရင် အချိန်တန်ရင် အဲဒီ့ငွေတွေက ကုန်သွားမှာပါ။ အဲဒီတော့ ကျွန်တော်တို့ လယ်သမားတွေ အနေနဲ့ သတိထားရမှာက ပိုက်ဆံတစ်ခုတည်းအတွက်နဲ့ မိမိပိုင်ဆိုင်တဲ့ လယ်မြေတွေ အကုန်လုံးကိုတော့ မရောင်းလိုက်ပါနဲ့။လယ်သမားတွေ အတွက်က ရေရှည်စားဝတ်နေရေး အတွက် လုပ်ကိုင် စားသောက်ဖို့က လယ်မြေတွေ ရှိမှ ဖြစ်မှာပါ ” ဟု ဒလမြို့နယ်ရှိ လယ်မြေ ပိုင်ဆိုင်သူ တစ်ဦးမှ သူ၏ ရင်တွင်းစကားသံများအား M-Media သို့ပြောပြခဲ့သည်။