News @ M-Media

Tag: DASSK

  • ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို U2 ပြစ်တင်ဝေဖန်

    ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို U2 ပြစ်တင်ဝေဖန်

    ကမ္ဘာကျော် အိုင်ယာလန်အဆိုတော် Bono ဘိုနို ဦးဆောင်တဲ့ U2 ယူတူး တေးဂီတအဖွဲ့က ကြေညာချက်တစ်စောင် မနေ့က ထုတ်ပြန်ကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရိုဟင်ဂျာ မွတ်စလင်တွေ အရေးနဲ့ပတ်သက်ပြီး နှုတ်ပိတ်နေမှုအတွက် ဝေဖန်ရင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း တိုက်ရိုက်တာဝန်ရှိသူအဖြစ် ပြစ်တင်လိုက်ပါတယ်။

    သူတို့ ယူတူးအဖွဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်မြောက်ရေးအတွက် နှစ်ပေါင်းများစွာ လှုပ်ရှားခဲ့ကြောင်း၊ သူမလွတ်မြောက်လာတဲ့နေ့ကဆိုရင် လေကို မိမိတို့ လက်သီးနဲ့ ထိုးခဲ့ကြကြောင်း၊ အဲဒီနောက် ဒပ်ဗလင်မြို့ကို ဒေါ်အောင်ဆန်းစုကြည် လာရောက်စဉ်ကဆိုရင် မိမိတို့ အိုင်ယာလန်နိုင်ငံသားတွေအတွက် ဂုဏ်ယူစရာအကောင်းဆုံး အချိန်ဖြစ်ခဲ့ကြောင်း၊ ဒါ့အပြင် ရွေးကောက်ပွဲမှာ NLD အနိုင်ရပြီး ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည်ခေါင်းဆောင် ဖြစ်လာတော့လည်း သူမရဲ့ ရည်မှန်းချက်တွေ အံသြဖွယ်ရာ ရရှိတော့မယ်လို့ မျှော်တွေးရင်း မိမိတို့အနေနဲ့ သူမကိုယ်စား အသက်တောင် မရှုရဲခဲ့ကြကြောင်း၊ သူမဟာ ယုံကြည်မှုကို ဘယ်အရာနဲ့မှ အလဲအထပ်မလုပ်ပဲ ကိုယ်ရေးကိုယ်တာ စွန့်လွတ်စတေးမှုတွေနဲ့ ဂုဏ်သတင်း အစဉ်အလာကို စိုက်ထူခဲ့သူတစ်ဦးဖြစ်ကြောင်း၊ ဒါပေမဲ့ အခုလို လူမဆန်ရက်စက်မှုတွေကြောင့် ရိုဟင်ဂျာ ၆ သိန်းကျော် ထွက်ပြေးခဲ့ရတဲ့ကိစ္စမှာ သူမအနေနဲ့ ရေငုံနှုတ်ဆိတ်နေလိမ့်မယ်လို့ သူတို့အဖွဲ့အနေနဲ့ တစ်ခါတရံမှ မတွေးခဲ့ဖူးကြောင်း ဖေါ်ပြထားပါတယ်။

    ဒါ့အပြင် ယူတူးအဖွဲ့ရဲ့ကြေညာချက်မှာ ရိုဟင်ဂျာတွေ ကြုံတွေ့နေရတဲ့ အကြမ်းဖက်ရက်စက်မှုတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အခုအပတ်အတွင်း တိုက်ရိုက်ပြောကြားခွင့်ရဖို့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် အောင်မြင်ခြင်းမရှိခဲ့ကြောင်း၊ လူ့အခွင့်အရေးလှုပ်ရှားသူ မာတင် လူသာကင်းက “ကြေကွဲစရာအကောင်းဆုံးဟာ လူဆိုးတွေရဲ့ ရက်စက်ဆိုးဝါးမှုမဟုတ်ဘဲ အဲဒီဆိုးဝါးမှုတွေကို လူကောင်းတွေက ရေငုံနှုတ်ပိတ်နေခြင်းပါပဲ” လို့ ပြောကြားခဲ့ကြောင်း၊ အခု ရိုဟင်ဂျာတွေကို လုံခြုံရေးတပ်ဖွဲ့တွေက နှိပ်စက်ညဉ်းပမ်းမှုမှာလည်း ဒေါ်အောင်ဆန်းစုကြည်က တလုံးတပါဒမျှ ထုတ်ဖေါ်ဝေဖန်ခြင်း မရှိတဲ့အတွက် သဘောတူရာကျနေကြောင်း ရေးသားထားပါတယ်။

    ဆက်လက်ပြီး အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြင်ပကမ္ဘာက နားမလည်နိုင်တဲ့ ပြဿနာ အရှုပ်အထွေးတွေနဲ့ ပြည်တွင်းမှာ ရင်ဆိုင်နေရမယ်ဆိုတာ မိမိတို့သိပါတယ်။ ဒါပေမဲ့ အဲဒီ ပြဿနာတွေကြောင့် နှစ်ပေါင်းများစွာခံယူခဲ့တဲ့ ရပ်တည်ချက်ကိုတော့ မစွန့်လွတ်သင့်ပါဘူးလို့ ဆိုပါတယ်။

    တဆက်တည်းမှာပဲ မိမိတို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှုတ်ဆိတ်နေမှုကို ခွင့်လွတ်နိုင်စရာ မရှိပေမယ့် ဒီကိစ္စမှာ သူမ တယောက်တည်းကို ဝေဖန်ပြစ်တင်လို့ မရကြောင်း၊ မြန်မာပြည်ကို အကြမ်းဖက်မှုက ကာကွယ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ရိုဟင်ဂျာတွေကို အကြမ်းဖက်ဖိနှိပ်ဖို့ အမိန့်ပေးကြီးကြပ်ခဲ့သူက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖြစ်တယ်ဆိုတာကို ကမ္ဘာကသိသင့်ကြောင်း၊ မြန်မာပြည်ရဲ့ ဖွဲ့စည်းပုံအရ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဗိုလ်ချုပ်မှူးကြီးကို ကွပ်ကဲညွန်ကြားနိုင်ခြင်း မရှိကြောင်း၊ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုပဲ အပြစ်တင်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လျစ်လျူရှုမယ်ဆိုရင် မှားယွင်းကြောင်း စသဖြင့် အဆိုတော် ဘိုနို အပါအဝင် ယူတူး အဖွဲ့ဝင်လေးဦးက သူတို့အဖွဲ့ရဲ့ အင်တာနက်ဝက်ဆိုဒ်မှာ ရေးသားထားပါတယ်။

    RFA မှ ကူးယူဖော်ပြပါသည်။

  • နိုင်ငံတော်အတိုင်ပင်ခံနဲ့ ကနေဒါဝန်ကြီးချုပ် ရခိုင်အရေးဆွေးနွေး

    နိုင်ငံတော်အတိုင်ပင်ခံနဲ့ ကနေဒါဝန်ကြီးချုပ် ရခိုင်အရေးဆွေးနွေး

    အာဆီယံနဲ့ ဆက်စပ် ထိပ်သီးညီလာခံတွေ တက်ရောက်ဖို့ ဗီယက်နမ်နိုင်ငံမှာ ရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ ကနေဒါဝန်ကြီးချုပ် Justin Trudeau နဲ့ သီးသန့်တွေ့ဆုံပြီး၊ ရခိုင်ပြည်နယ်အရေး ဆွေးနွေးခဲ့ကြပါတယ်။ အာရှ-ပဖိစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးညီလာခံ ကျင်းပမယ့် Da Nang မြို့က ဒီကနေ့ သီးသန့်တွေ့ဆုံမှုအတွင်း၊ ရခိုင်ပြည်နယ် အကျပ်အတည်း ဖြေရှင်းရေးနဲ့ ပတ်သက်လို့ သဘောထားအမြင်တွေကို ဖလှယ်ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက သတင်းထုတ်ပြန်ခဲ့တာပါ။

    ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး၊ ပြန်လည်ထူထောင်ရေး၊ နေရာချထားရေး၊ နိုင်ငံသား စိစစ်ရေးနဲ့ ကျန်းမာရေး၊ ပညာရေး အပါအ၀င် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

    မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က တကျော့ပြန် အကြမ်းဖက်မှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရိုဟင်ဂျာ ဒုက္ခသည် ၆ သိန်းကျော် ထွက်ပြေးရတဲ့အထိ ပြဿနာပေါ်နေရတဲ့အပေါ် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာက ဖိအားတွေ ဆက်လက် ထွက်ပေါ်နေချိန်မှာပဲ နိုင်ငံတကာ ခေါင်းဆောင်တွေပါ ရောက်ရှိနေတဲ့ ထိပ်သီး ညီလာခံတွေ တက်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာခဲ့တာပါ။

    အမေရိကန် သမ္မတ Donald Trump အပါအ၀င် နိုင်ငံတကာနဲ့ ဒေသတွင်းက ခေါင်းဆောင်တွေပါ ရောက်နေကြတဲ့ ညီလာခံတွေမှာ နိုင်ငံတကာ အသိုင်းအ၀န်းက အာရုံစိုက်နေတဲ့ ရခိုင်ပြည်နယ်အရေး ဆွေးနွေးဖြစ်လိမ့်မယ်လို့ မျှော်လင့်နေချိန်မှာပဲ ကနေဒါဝန်ကြီးချုပ်နဲ့ သီးခြားတွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။

    ဒီကနေ့ ဗီယက်နမ်နိုင်ငံက တွေ့ဆုံမှုအတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်တို့ အပါအ၀င် မြန်မာအစိုးရ အဆင့်မြင့် တာဝန်ရှိသူတွေ ပါဝင်ခဲ့ကြသလို၊ ကနေဒါနိုင်ငံဘက်ကတော့ ၀န်ကြီးချုပ် Trudeau အပြင်၊ နိုင်ငံခြားရေးဝန်ကြီး Chrystia Freeland မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Bob Rae အပါအ၀င် တာဝန်ရှိသူတွေလည်း ပါဝင်ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    VOA မှ ကူးယူဖော်ပြပါသည်။

  • တရားလွှတ်တော် ရှေ့နေ ဦးကိုနီနှင့် အငှားယာဉ်မောင်း ဦးနေဝင်း တို့အတွက် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပ

    တရားလွှတ်တော် ရှေ့နေ ဦးကိုနီနှင့် အငှားယာဉ်မောင်း ဦးနေဝင်း တို့အတွက် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပ

    ရန်ကုန် ဖေဖော်ဝါရီ ၂၆

    တရားလွှတ်တော် ရှေ့နေ ဦးကိုနီနှင့် အငှားယာဉ်မောင်း ဦးနေဝင်း တို့အတွက် အောက်မေ့ဖွယ် အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ ခန်းမ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ ကျန်ရစ်သူ နှစ်ဘက် မိသားစုဝင်များကို အားပေး စကား ပြောကြားသည်။

    ရှေးဦးစွာ အခမ်းအနားမှူးက တရားလွှတ်တော် ရှေ့နေ ဦးကိုနီ နှင့် အငှားယာဉ်မောင်း ဦးနေဝင်း တို့ ၏ ကိုယ်ရေး အကျဉ်းကို ဖတ်ကြားသည်။

    ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဦးကိုနီသည် ဥပဒေအထောက် အကူအဖွဲ့ထဲတွင် ပါဝင်ခဲ့ခြင်းမှာ ယုံကြည်ချက်နှင့် တရားဥပဒေ စိုးမိုးရေး အတွက် တက်တက် ကြွကြွ တတ်နိုင်သလောက် ပါဝင် ကူညီခဲ့သူ ဖြစ်ပါကြောင်း၊ မိမိတို့သည် ဦးကိုနီအား ရဲဘော်ရဲဘက် တစ်ယောက် အနေဖြင့်ရော၊ ဥပဒေပညာရှင် တစ်ယောက် အနေဖြင့်ပါ အင်မတန်မှ လေးစားပါကြောင်း၊ တန်ဖိုး ထားပါကြောင်း၊ အလားတူ ပုဂ္ဂိုလ် များများရှိမှသာ မိမိတို့ နိုင်ငံတွင် ကိုယ်လုပ်ချင်သည့် ကိစ္စကို တရား ဥပဒေဘောင် အတွင်းမှ လုပ်သည် ဆိုသည့် အစဉ်အလာ ခိုင်မြဲသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

    ထို့ပြင် “အပြစ်တစ်ခု ကျူးလွန်ပြီးတော့ အလွတ် ရုန်းသွားမယ့်သူကို ဖမ်းတယ် ဆိုတာ သူ့ကို မုန်းလို့ မဟုတ်ဘူး။ ဒီလို အပြစ်တွေကို ကျူးလွန်ချင်တိုင်း ကျူးလွန်လို့ မရဘူး။ ကိုယ်မလုပ်သင့်တဲ့၊ မလုပ် ထိုက်တဲ့ ကိစ္စတွေ၊ ရာဇ၀တ်မှုတွေ၊ အပြစ်တွေ၊ သူတစ်ပါးကို ထိပါးစေတဲ့ အလုပ်တွေကို လုပ်ချင်တိုင်း လုပ်ပြီး လွတ်လွတ် လပ်လပ်နဲ့ ပြေးချင်တိုင်း ပြေးလို့ ရမယ်ဆိုတာ ဒါ မဖြစ်သင့်ဘူး။ တရားဥပဒေ စိုးမိုးတဲ့ အသိုင်းအဝိုင်းမှာ ဒါမျိုးဟာ မဖြစ်သင့်ဘူး ဆိုတဲ့ ယုံကြည်ချက်နဲ့ ဦးနေဝင်းက လုပ်တယ်လို့ ကျွန်မ ယုံကြည်တယ်´´ဟု ပြောကြားသည်။

    နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က လူသားတိုင်းသည် အခြေခံအားဖြင့် မကွာခြားကြောင်း၊ လူသားတိုင်းသည် အခြေခံအားဖြင့် စိတ်ချမ်းသာ ချင်ကြောင်း၊ လူကျန်းမာချင်ကြောင်း၊ ကိုယ် မကျန်းမာလျှင် စိတ်ချမ်းသာရန် ခက်ကြောင်း၊ ကိုယ်ကျန်းမာသော်လည်း ပူပင်သောက များနေလျှင်၊ စိတ်ချ လုံခြုံမှုမရှိဘူး ဆိုလျှင်၊ ကိုယ့်ပတ်ဝန်းကျင်တွင် စိတ်ချ လုံခြုံမှု မရှိဘူးဆိုလျှင် စိတ်လည်း မချမ်းသာပါကြောင်း၊ နိုင်ငံသူ နိုင်ငံသားအားလုံး မိမိတို့ နိုင်ငံကို မှီတင်း နေထိုင်သူများ အားလုံး ကျန်းမာရန်၊ ချမ်းသာရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ရိုးရိုးလေး နေထိုင်ခြင်း ဖြစ်ပါကြောင်း၊ လူသားများ၏ ရည်ရွယ်ချက်ပင် ဖြစ်ပါကြောင်း ပြောကြားသည်။

    နိုင်ငံတစ်နိုင်ငံ၏ သမိုင်းအတွက်၊ အစိုးရတစ်ခု အတွက် ဆယ်လ၊ တစ်နှစ်ဆိုသည်မှာ ဘာမျှ မဟုတ်ပါကြောင်း၊ ကာလတိုသာ ရှိပါသေးကြောင်း၊ ဒီလို ကာလတိုလေး အတွင်း မိမိတို့ ဘာကျေနပ်ဖွယ်ရာတွေ ရှိခဲ့သလဲ ဆိုလျှင် ကျေနပ်ဖွယ်ရာများ အသီးသီး ရှိပါကြောင်း၊ ထိုကျေနပ်စရာ များထဲတွင် မိမိတို့၏ အဖွဲ့ချုပ်ထဲတွင် ဦးကိုနီ၊ ဦးနေ၀င်းတို့လို ပုဂ္ဂိုလ်များ ပါခဲ့သည်မှာလည်း မိမိတို့ အတွက် အင်မတန် ကျေနပ်စရာ တစ်ခု၊ ဂုဏ်ယူစရာ ကိစ္စတစ်ခု ဖြစ်ပါကြောင်း၊ မိမိတို့ အနေဖြင့် ဘယ်တော့မှ မမေ့ပါကြောင်း၊ မိမိတို့ လုပ်သင့် လုပ်ထိုက်သည်ကို မလုပ်ရဲသေးသည့် အချိန်မှာ၊ မလုပ်သင့် မလုပ်ထိုက်တာကို ကြောက်လို့ မလွန်ဆန်ရဲသည့် အချိန်မှာ မိမိတို့အဖွဲ့ချုပ်၏ အဖွဲ့ဝင်များထဲမှ အာဇာနည် သူရဲကောင်းများ၊ နိုင်ငံ သားကောင်းများ ရှိခဲ့သည် ဆိုသည့် အသိကို အမြဲ အောက်မေ့ပြီး အင်အား ဖြစ်ကြပါစို့လို့ ဆန္ဒပြုပါကြောင်း´´ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားသည်။

    ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ကျန်ရစ်သူ နှစ်ဘက် မိသားစုဝင်များနှင့် သီးသန့် တွေ့ဆုံပြီး အားပေး စကား ပြောကြားသည်။

    ယနေ့ကျင်းပသည့် အောက်မေ့ဖွယ် အခမ်းအနားသို့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက သူရဦးတင်ဦး၊ ဗဟို အလုပ်အမှုဆောင် အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင်များ ဖြစ်ကြသော ဦးဝင်းထိန်၊ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးကိုနီ၏ ကျန်ရစ်သူ မိသားစုဝင်များ၊ ဦးနေဝင်း၏ ကျန်ရစ်သူ မိသားစုဝင်များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ အရပ်ဘက် အဖွဲ့အစည်းများမှ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

    (ဇော်ဇော်ကြီး)

    MOI မှ ကူးယူဖော်ပြသည်။

  • တရားမျှတရုံနဲ့ မလုံလောက်ဘူး (သူတို့ပြောစကား)

    တရားမျှတရုံနဲ့ မလုံလောက်ဘူး (သူတို့ပြောစကား)

    ဒီဇင်ဘာ ၂၄ ၊ ၂၀၁၆
    M-Media
    ကောက်နှုတ်တင်ဆက်သူ- ဆွေမွန်

    dassk

    ကျွန်မတို့နိုင်ငံမှာ တရားဥပဒေစိုးမိုးရေးရှိစေချင်တယ် ဆိုတာဟာ နိုင်ငံသူ နိုင်ငံသားများအားလုံးဟာ တရားဥပဒေရဲ့ ကာကွယ်မှုအောက်မှာ လုံလုံခြုံခြုံနေနိုင်ခြင်းကို ကျွန်မတို့ဦးတည်တာကို ပြောတာပါ။
    .
    တရားဥပဒေဆိုတာဟာ တရားမျှတရမယ်။ ကောင်းမွန်တဲ့ သက်ရောက်မှုရှိနိုင်တဲ့ ဥပဒေတွေရှိရမှာဖြစ်ပါတယ်။
    .
    ကျွန်မတို့ တရားစီရင်ရေးမဏ္ဍိုင်ကြီးဟာ တည့်မတ်ဖို့၊ ထိရောက်ဖို့အင်မတန်မှ အရေးကြီးပါတယ်။ တရားစီရင်ရေးနဲ့ ပတ်သက်လို့ဆိုလို့ရှိရင် တရားမျှတမှုရှိရမယ်။ နိုင်ငံတကာက လက်ခံထားတဲ့စံနှုန်းတွေနဲ့ ကိုက်ညီရမယ်။
    တရားမျှတမှုဆိုတာဟာ မျှတတဲ့တရားစီရင်ခြင်းဆိုတာဟာ အဆိုရှိပါတယ်။
    .
    လုပ်ရုံတင်နဲ့မပြီးဘူး။ လုပ်ပါတယ်ဆိုတာ ထင်ရှားရမယ်။
    .
    တရားမျှတရုံနဲ့ မလုံလောက်ဘူး။ တရားမျှတခြင်း ရှိပါတယ်ဆိုတာ ထင်သာမြင်သာဖြစ်ရပါလိမ့်မယ်။
    .
    အဲဒါကတော့ အခြေခံတစ်ခုပါပဲ။

    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၁၆ ဧပြီလက ပြောခဲ့တဲ့ နှစ်သစ်ကူးမိန့်ခွန်းမှ ကောက်နှုတ်ချက်

  • မောင်တောအရေး သက်သေမရှိမချင်း မည်သူ့ကိုမျှ အပြစ်မတင်လိုကြောင်း ဒေါ်စုပြော

    VOA မြန်မာပိုင်းမှ ကူးယူဖော်ပြသည်။

    35c705a2-1d75-4d04-afbf-b8a26b9b0ef5_cx0_cy8_cw0_w987_r1_s_r1
    ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းမှာ ဂျပန်ဧကရာဇ် အကီဟီတို နဲ့ မိဖုရားတို့ကို ဂျပန်နန်းတော်မှာ သွားရောက်တွေ့ဆုံ။

    မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်ဆလင်တွေပေါ် မြန်မာစစ်တပ်က အကြမ်းဖက် ကိုင်တွယ် နှိမ်နင်းနေတယ်ဆိုတဲ့ လတ်တလော ထွက်ပေါ်နေတဲ့ သတင်းနဲ့ပတ်သက်လို့ လုံလောက်တဲ့ သက်သေအထောက်အထား မရှိဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂျပန် နိုင်ငံ တိုကျို မြို့ သတင်းထောက်များအသင်းမှာ ဒီကနေ့ ပြောကြားလိုက်ပါတယ်။ ရခိုင်ဒေသအရေးနဲ့ပတ်သက်လို့ နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့တွေက စိုးရိမ်မှု ထွက်ပေါ်နေချိန်မှာ အခုလိုပြောဆိုလိုက်တာပါ။ ကိုဉာဏ်ဝင်းအောင်က ဆက်လက် တင်ပြပါမယ်။

    နိုဝင်ဘာ ၁ရက်နေ့က ဂျပန်နိုင်ငံ ချစ်ကြည်ရေးခရီးကို စခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ နိုဝင်ဘာ ၄ရက် သောကြာနေ့ ညနေပိုင်းမှာတော့ တိုကျိုမြို့ Chiyoda-ku မှာရှိတဲ့ ဂျပန်သတင်းထောက်များအသင်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး၊ ရခိုင်ဒေသအရေးကို ရှင်းလင်းပြောဆို သွားတာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာလထဲ ဖြစ်ခဲ့တဲ့ ရခိုင်အကြမ်းဖက်တိုက်ခိုက်ခံရမှုနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒေသခံ မူဆလင် တွေပေါ် အကြမ်းဖက်နှိမ်နင်းနေတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ လုံလောက်တဲ့ အထောက်အထား မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

    “ကျမတို့အနေနဲ့ ဘယ်သူ့ကိုမှ အပြစ်မတင်မိဖို့ သိပ်ကို ဂရုတစိုက် လုပ်နေရပါတယ်။ အထူးသဖြင့် ဘယ်ကိစ္စအတွက် ဘယ်သူ့မှာ တာဝန်ရှိ တယ်ဆိုတာကို ခိုင်မာပြည့်စုံတဲ့ အထောက်အထား မတွေ့မချင်း သတိထားနေရပါတယ်။ နောက် သိကြတဲ့အတိုင်း မနေ့ကဘဲ ရှေ့တန်းက ရဲစခန်းတခု တိုက်ခိုက်ခံရလို့ ရဲတပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့ တိုက်ခိုက်မှုတွေ စကတည်းက မူဆလင်တွေ သေဆုံးတာလည်း ရှိပါတယ် ”

    တရားဥပဒေနဲ့အညီ သက်သေအထောက်အထားတွေု သေချာစုံစမ်းစစ်ဆေးပြီးတာနဲ့ အာဏာပိုင်တွေဘက်က အရေးယူဆောင်ရွက် သွားမှာ ဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    “ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျမတို့ဘာမှဖုံးကွယ်ဖို့ မကြိုးစားပါဘူး။ ကျမတို့ ပြန်ကြားရေးဌာနမှာ အချက်အလက်တွေ အားလုံးရှိပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ခြေခြေမြစ်မြစ် သိရအောင်ကြိုးစားနေပါတယ်။ ဒါပေမဲ့ ဘယ်သူတွေ အပြစ်ရှိတယ်လို့ သက်သေမပြ နိုင်ခင်မှာတော့ အားလုံးဟာ အပြစ်မဲ့သူတွေလို့ သဘောထားပြီး တရားဥပဒေအတိုင်း လိုက်နာဆောင်ရွက်သွားမှာဖြစ်ပါတယ် ”

    ဒေသခံမူဆလင်တွေအပေါ် သတ်ဖြတ်တာ၊ မုဒိမ်းကျင့်တာ၊ နေအိမ်တွေ မီးရှို့တာတွေကို မြန်မာစစ်တပ်ဘက်က ကျူးလွန်ခဲ့တယ်ဆိုပြီး လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေကြောင့်၊ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည်ဟာ နိုင်ငံတကာရဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

    ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအရ၊ မြန်မာစစ်တပ်ဆီမှာ အာဏာတစုံတရာရှိနေတာကြောင့်၊ အခုဖြစ်ရပ်အတွက် မြန်မာ အစိုးရက ဒီပြဿနာကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ ဆိုတဲ့အပေါ် မေးခွန်းထုတ်နေကြတာပါ။ ရခိုင်အရေးပြသနာပေါ် ဂျပန်အစိုးရရဲ့အမြင် နဲ့ပတ်သက်လို့ ဂျပန်သတင်းစာဆရာ ဦးရွှေဘ(ခေါ်) Hisao Tanabe က ခုလိုရှင်းပြပါတယ်။

    “ ဂျပန်အစိုးရ အနေနဲ့တော့ ဒါကိုအဓိကအားဖြင့် လူ့အခွင့်အရေးကိစ္စအနေနဲ့ ရှုမြင်သုံးသပ်နေပါတယ်။ ပြီးတော့ ရခိုင်ပြည်နယ် မြောက်ဖက်ပိုင်း မောင်တော ဘူးသီးတောင်မှာ လူသတ်မှုတို့ဘာတို့ ဖြစ်ခဲ့တယ်ဆိုတာကို ဂျပန်အစိုးရ သိထားပါတယ်။ ဒါပေမယ့် ဒီလူမျိုးရေး ကိစ္စ ဒါမှမဟုတ် ဘာသာရေးနဲ့ ဆိုင်တဲ့ကိစ္စနဲ့ ပတ်သက်ရင်တော့ ဒါဟာ ကာယကံရှင် မြန်မာအစိုးရ ကသာ ဖြေရှင်းရမယ့် ကိစ္စဖြစ်တယ်၊ ဒါပေမယ့် ဥပမာ ဒီတိမ်းရှောင်ရေးစခန်းကို ရောက်လာသူတွေရဲ့ အစားအစာ မလုံလောက်တဲ့သူတွေရယ် ဆေးဝါးပစ္စည်း မရတဲ့သူတွေအတွက် အဲဒီလို လူသားချင်း စာနာထောက်ထားတဲ့ ရှုထောင့်ကနေပြီး ဂျပန်အစိုးရအနေနဲ့ ကူညီထောက်ပံ့ပေးဖို့ အသင့် ရှိတယ်လို့ ဂျပန်အစိုးရ ပြောနေပါတယ် ခင်ဗျ”

    ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းမှာ ဂျပန်ဧကရာဇ် အကီဟီတို နဲ့ မိဖုရားတို့ကို တိုကျို ဂျပန်နန်းတော်မှာ သွားရောက်တွေ့ဆုံ ခဲ့ပါတယ်။ တကယ်တော့ ဒီကနေ့ဟာ ဂျပန်ဧကရာဇ်ရဲ့ ဦးလေးတော်အိမ်ရှေ့မင်းသား Mikasa ရဲ့ ဈာပနအခမ်းအနား ကျင်းပတဲ့နေ့ဖြစ်ပြီး ဒီလိုအခြေအနေတွေကြား မှာ ဒေါ်အောင်ဆန်းစုကြည် ကို လက်ခံတွေ့ဆုံခဲ့တာပါ။ ဒီလိုတွေ့ဆုံချိန်မှာ ဂျပန်ဧကရာဇ်ရဲ့ ပြောဆိုမှုနဲ့ပတ်သက်လို့ ဂျပန်သတင်းစာဆရာ ဦးရွှေဘက ခုလိုပြောပါတယ်။

    “ ဂျပန့်ဘုရင်က ဒေါ်စုနဲ့ တွေ့တယ်ဆိုတာ ထူးဆန်းတယ်၊ ပြီးတော့ ဂျပန်ဘုရင်ကြီး ဘာပြောသလဲဆိုရင် စစ်တွင်းခေတ်မှာတဲ့ ဂျပန်စစ်သား တွေက ခင်ဗျားတို့နိုင်ငံကို ၀င်ရောက်ပြီးတော့ အနှောက်အယှက်ပေးတာ အများကြီးရှိတယ် ကြားရပါတယ်တဲ့ …ဒါတောင် မြန်မာတွေက ဂျပန့်စစ်သားတွေကို ကူညီပေးတာမျိုးတွေ ရှိတယ်ကြားရပါတယ်တဲ့ .. အရမ်းကို ဝမ်းသာပါတယ်တဲ့၊ အဲလိုမျိုး ဂျပန်ဘုရင်ကြီးက ဒေါ်စုကို ပြောတယ်တဲ့ ..”

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်နိုင်ငံချစ်ကြည်ရေးခရီးစဉ် မနက်ဖြန် စနေနေ့မှာ အဆုံးသတ်မှာဖြစ်ပြီး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။

    http://burmese.voanews.com/a/3580570.html