News @ M-Media

Tag: Daw Aung San Suu Kyi

  • မြန်မာ့ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအရေးတွင် ဒေါ်အောင်ဆန်းစုကြည်က မရှိမဖြစ်ဟု ဖိလစ်ပိုင်ပြော

    မြန်မာ့ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအရေးတွင် ဒေါ်အောင်ဆန်းစုကြည်က မရှိမဖြစ်ဟု ဖိလစ်ပိုင်ပြော

    ဇန်နဝါရီ ၁၇၊ ၂၀၂၂
    M-Media

    -နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက ပြစ်ဒဏ်တွေ ချမှတ်မှုကို ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တီယိုဒိုရို လိုစင်က ရှုတ်ချလိုက်ပြီး မြန်မာ့ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးမှာ သူမဟာ မရှိမဖြစ် ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

    ယခုနှစ် အာဆီယံဥက္ကဌအဖြစ် တာဝန်ယူမည့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က အာဏာသိမ်းစစ်ကောင်စီနဲ့ ဆက်ဆံရေး ကောင်းမွန်ဖို့ ကြိုးစားနေတဲ့အချိန် အခြားအာဆီယံအဖွဲ့ဝင် နိုင်ငံတွေက စစ်ကောင်စီကို ပိုမို ဖိအားပေးချင်နေတာ ဖြစ်ပါတယ်။

    မနေ့က သတင်းစာရှင်းလင်းပွဲမှာ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးလိုစင်က အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထားတဲ့ အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့၊ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ စစ်ကောင်စီကို တိုက်တွန်းခဲ့ပါတယ်။

    စစ်ကောင်စီဟာ တရားရေးစနစ်ကို အမြတ်ထုတ်ပြီး အတိုက်အခံတွေကို နှိပ်ကွပ်နေတယ်လို့လည်း သူက ဝေဖန်ခဲ့ပါတယ်။

    “အရပ်သားပြည်သူလူထုတွေ ထိခိုက်ခံစားနေရတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ တော်တော်လေးကို စိုးရိမ်မိပါတယ်။ ပြီးပြည့်စုံတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေမှာ ပါဝင်ဖို့နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဥ်ကို ဆက်လက်ဆောင်ရွက်ဖို့ စစ်ခေါင်းဆောင်တွေကို ကျွန်တော်တို့ တိုက်တွန်းပါတယ်”

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်၀ှမ်း စစ်ကောင်စီတပ်တွေက သတ်ဖြတ်မှုကြောင့် အနည်းဆုံး ပြည်သူ ၁၄၀၀ ကျော်လောက် သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

    ဘယ်လို နိုင်ငံရေးဆွေးနွေးမှုမျိုးမှာမဆို ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရမှာဖြစ်ပြီး သူမ မပါဝင်တဲ့ ငြိမ်းချမ်းဆွေးနွေးပွဲဟာ အဓိပ္ပါယ်ရှိမှာမဟုတ်ဘူးလို့လည်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ပြစ်ဒဏ်ချမှတ်ခံထားရပေမယ့် ဒေါ်အောင်ဆန်းစုကြည်က ပါဝင်ရမှာဖြစ်ပါတယ်။ စစ်တပ်အနေနဲ့ ဘာမှ ကြောက်စရာမလိုပါဘူး။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ကျင့်သုံးရင် စစ်တပ်က ပိုတောင် အမြတ်ထွက်အုံးမှာပါ။ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးမှာ ဒေါ်အောင်ဆန်းစုကြည်က မရှိမဖြစ် ဖြစ်ပြီး၊ သူမကြောင့် မင်းမဲ့စရိုက်၊ တိုင်းပြည်ပြိုကွဲမှု၊ လူထု မတည်ငြိမ်မှု ဖြစ်လာမယ့် အန္တရာယ်မျိုး မရှိပါဘူး”

    အကြမ်းဖက်မှု ရပ်တန့်ရေး၊ နိုင်ငံရေးအဖွဲ့အစည်းတွေအကြား တွေ့ဆုံဆွေးနွေးရေး စတာတွေပါဝင်တဲ့ အာဆီယံ သဘောတူညီချက် ၅ ချက် တိုးတက်မှုတွေရရှိရေး တွန်းအားပေးလုပ်ဆောင်သွားမှာဖြစ်ပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကိုလည်း အပြည့်အ၀ ထောက်ခံသွားမယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: South China Morning Post

  • နိုင်ငံတော်အတိုင်ပင်ခံကို စစ်ကောင်စီက ယနေ့ ရုံးထုတ်ရန် စီစဉ်ထား

    နိုင်ငံတော်အတိုင်ပင်ခံကို စစ်ကောင်စီက ယနေ့ ရုံးထုတ်ရန် စီစဉ်ထား

    မတ် ၁၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော်အတိုပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့မှာ ရုံးထုတ်စစ်ဆေးမယ်လို့ သိရပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေ၊ သဘာ၀ဘေးအန္တရာယ် ဥပဒေတွေနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ ပတ်က ပထမအကြိမ် အွန်လိုင်းကနေ ရုံးထုတ်ခဲ့ပြီး ဒီနေ့လည်း အွန်လိုင်းကနေသာ ဆောင်ရွက်ဖို့ ရှိပါတယ်။

    နေပြည်တော်မှာ ထိန်းသိမ်းထားတယ်လို့ ယူဆရပေမယ့် ဘယ်နေရာမှာ ရှိလဲဆိုတာ အတိအကျ မသိရပါဘူး။ ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်က ဒီနေ့ ရုံးထုတ်မှုမတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်မရဘူးလို့ AFP သတင်းဌာနကို ပြောပါတယ်။

    သူ့ကို နိုင်ငံတော်အတိုင်ပင်ခံရဲ့ ရှေ့နေအဖြစ် တရားရုံးက လက်ခံအသိအမှတ်ပြုဖို့ မျှော်လင့်ထားပြီး၊ ဒေါ်​အောင်ဆန်းစုကြည်ကို ချက်ခြင်း ရှေ့နေငှားခွင့်မပေးတာဟာ မတရားမှုဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

    Ref: Bangkok Post

  • အာဏာမသိမ်းခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်တပ်ကြားမှာ ဘာတွေဖြစ်ခဲ့သလဲ?

    အာဏာမသိမ်းခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်တပ်ကြားမှာ ဘာတွေဖြစ်ခဲ့သလဲ?

    ဖေဖော်ဝါရီ ၁၀၊ ၂၀၂၁
    M-Media

    -ဇန်နဝါရီ ၂၈ ရက်နေ့ ညဉ့်နက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် သူမရဲ့ဖုန်းကို ဖျက်ဆီးခဲ့ပါတယ်။ စစ်တပ်လက်ထဲ ဖုန်းရောက်သွားမှာ စိုးရိမ်တဲ့အတွက် ဒီလိုလုပ်တာလို့ သူမနဲ့ အနီးကပ်ရှိနေတဲ့သူနှစ်ဦးက ပြောပါတယ်။ သူမရဲ့ မိတ်ဆွေတစ်ချို့နဲ့ လုပ်ဖော်ကိုင်ဖက်တစ်ချို့ကတော့ အထုတ်အပိုးတွေ ထုတ်ကြပြီး ရှောင်သွားဖို့ ဒါမှမဟုတ် အဖမ်းခံရတော့မယ့်အတွက် ကြိုတင်ပြင်ဆင်ကြတာ ဖြစ်ပါတယ်။

    အဲဒီ ၂၈ ရက်နေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ရဲ့ နှစ်ဖက်ကိုယ်စားလှယ်ဟာ နေပြည်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။ နိုဝင်ဘာရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီ တောင်ပြိုကမ်းပြိုအနိုင်ရမှု တရားဝင်လားဆိုတာ ဆွေးနွေးကြတာပါ။ ဘာသဘောတူညီချက်မှမရဘဲ တင်းမာမှုနဲ့ ဆွေးနွေးပဲွ ပြီးဆုံးခဲ့ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချပြီး ဒေါ်​အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့တဲ့ အဖြစ်အပျက်တွေကို သိရဖို့ အစိုးရအကြံပေးတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ်အလုပ်လုပ်နေတဲ့သူတွေ အပါအဝင် လူ ၉ ဦးကို ရိုက်တာသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ စစ်တပ်ဟာ သူ့တို့ကို ဆန့်ကျင်တဲ့သူတွေကို ဆက်လက်ဖမ်းဆီးအကျဉ်းချနေတုန်းပဲလို့ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။ အခု​ဖော်ပြမယ့် အသေးစိတ်အချက်အလက် တော်တော်မျာများဟာ အရင်က ဘယ်သူမှ မသိသေးတာတွေပါ။

    လူဦးရေ ၅၃ သန်းရှိတဲ့ မြန်မာနိုင်ငံမှာ ၁၀ စုနှစ်တစ်ခု ကြာမြင့်ခဲ့တဲ့ ဒီမိုကရေစီကျင့်သုံးမှုဟာ အာဏာသိမ်းမှုကြောင့် တစ်ခန်းရပ်သွားပြီး တိုင်းပြည်ကို အထီးကျန်ကာ ဆင်းရဲမွဲတေစေခဲ့တဲ့ ရာစုနှစ်တစ်ဝက်ကျော် စစ်အာဏာရှင်စနစ် ပြန်ထွန်းကားလာတော့မလားဆိုတဲ့ မျှော်လင့်ချက်မဲ့မှုတွေ ဖြစ်လာပါတယ်။ ဒီကိစ္စဟာ အာရှမှာ ဒီမိုကရေစီနောက်ပြန်ဆုတ်မှုတွေထဲက နောက်ဆုံးတစ်ခုပါ။ သူ့အရင် ထိုင်းနိုင်ငံမှာ စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ ဘုရင်စနစ်က ပြောင်းလဲမှုတွေလုပ်ဖို့ ငြင်းဆန်နေပြီး၊ တရုတ်နိုင်ငံကလည်း ဟောင်ကောင်မှာ သဘောထားမတူတဲ့သူတွေကို ဖိနှိပ်တာမျိုး ဖြစ်ခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်တပ်အကြားက အဆင်မပြေတဲ့ ​ဆွေးနွေးမှုဟာ ဇန်နဝါရီ ၂၈ ရက်နေ့မှာ ရေဆူမှတ်အထိ ရောက်လာတယ်လို့ ဒီကိစ္စကို သိထားတဲ့လူနှစ်ဦးက ပြောပါတယ်။ ရွေးကောက်ပွဲရလဒ် ပြန်စစ်ဆေးပေးရေး စစ်တပ်ရဲ့တောင်းဆိုချက်ကို အဖြေပေးဖို့အတွက် စစ်တပ်ကိုယ်စားလှယ်နှစ်ဦးက နှစ်ကြိမ်တိုင်တိုင် ပြောခဲ့တယ်လို့
    ဒီဆွေးနွေးမှုအကြောင်း သိရှိထားတဲ့ လူတွေက ဆိုပါတယ်။

    စစ်တပ်က တိုက်ရိုက်တစ်ဖုံ၊ သွယ်ဝိုက်ပြီးတစ်မျိုး နှစ် ၅၀ ကျော်ကြာအုပ်စိုးမှုကို အဆုံးသတ်ပြီး ၅ နှစ် အဏာရခဲ့တဲ့ ဒေါ်​အောင်ဆန်းစုကြည်က ဒီတောင်းဆိုချက်ကို လုံး၀ လက်မခံပါဘူး။

    ဆွေးနွေးပွဲမှာ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ရဲ့ ကိုယ်စားလှယ်တွေက “ခင်ဗျားတို့ သိပ်တရားလွန်နေပြီနော်။ ​ေမာက်မာရိုင်းစိုင်းလွန်းတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်ဖက်ကို ဒေါသတစ်ကြီး ပြောဆိုခဲ့တာတွေရှိကြောင်း ဒီကိစ္စကို ဖွင့်ဟခဲ့တဲ့သူက ဆိုပါတယ်။ စစ် တပ်ဖက်က ဒီလိုအသုံးအနှုန်းဟာ အဆိုးဆုံးဖြစ်တော့မယ်ဆိုတာ တရားဝင် သတိပေးလိုက်တာမျိုးပါ။

    စစ်တပ်က စော်ကားခံရတယ်လို့ စစ်ဖက်ကိုယ်စားလှယ်တွေက ပြောခဲ့ကြောင်း ဒီကိစ္စနဲ့နီးစပ်သူနှစ်က ဖွင့်ဟပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညာလက်ရုံးဖြစ်ပြီး ဆွေးနွေးပွဲ ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်တဲ့ ဦးကျော်တင့်ဆွေတစ်ယောက် ဆွေးနွေးပွဲအပြီးမှာ တုန်လှုပ်ခြောက်ခြားတဲ့ပုံစံ ပေါ်လာတယ်လို့ ဒီကိစ္စကိုသိနေတဲ့ လူ ၃ ဦးက ပြောပါတယ်။ ရိုက်တာသတင်းဌာနက ဦးကျော်တင့်ဆွေကို ဆက်သွယ်မေးမြန်းလို့ မရခဲ့ပါဘူး။

    “အရပ်သားအစိုးရက ဘာမှ မလုပ်နိုင်ဘူးဗျ။ လက်နက်ကိုင်တပ်မရှိတော့ ဘာအာဏာမှလည်း မရှိပါဘူး” လို့ ဒီ မအောင်မြင်တဲ့ဆွေးနွေးပွဲကို သိနေသူတစ်ဦးက ပြောပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်တပ် နှစ်ဖက်စလုံးကို ရိုက်တာသတင်းဌာနက ဆက်သွယ်မေးမြန်းလို့ မရပါဘူး။ လက်ရှိ မြန်မာနိုင်ငံမှာ အစိုးရခေါင်းဆောင်ဖြစ်နေတဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုလည်း ဆက်သွယ်မေးမြန်းလို့ မရပါဘူး။

    ဆွေးနွေးပွဲပျက်ပြီဆိုတာနဲ့ စီးပွားရေးမြို့တော် ရန်ကုန်နဲ့ အခြားတွေမြို့တွေမှာ စစ်ကားတွေ လှည့်လည်သွားလာတာ ပေါ်လာတယ်။ ရန်ကုန်မြို့လယ်ကောင်က သမိုင်းဝင် ရွှေတိဂုံ​စေတီရှေ့မှာ ရာနဲ့ချီတဲ့ စစ်တပ်ထောက်ခံသူ​တွေ ဆန္ဒပြကြပြီး မေးမြန်းဖို့ကြိုးစားတဲ့ သတင်းထောက်တွေကို ခြိမ်းခြောက်တာတွေ လုပ်လာပါတယ်။

    စစ်ခေါင်းဆောင်တွေ ခမ်းခမ်းနားနား တည်ဆောက်ခဲ့တဲ့ နေပြည်တော်မှာလည်း စစ်တပ်ကိုထောက်ခံတဲ့ ကြမ်းကြမ်းရမ်းရမ်းလူတွေစုပြီး ထရပ်ကားနဲ့ မြို့ကို လှည့်ကြပါတယ်။

    ဇန်နဝါရီ ၃၀ ရက်နေ့မှာ စစ်တပ်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ဥပဒေအတိုင်း ကာကွယ်သွားမယ်လို့ ထုတ်ပြန်လိုက်တာကြောင့် အာဏာသိမ်းတော့မယ်ဆိုတဲ့ သတင်းတွေ ငြိမ်သက်သွားပါတယ်။ စစ်တပ်ကရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွေကို အာမခံထားပေမယ့် အရေးပေါ်အခြေအနေမှာ စစ်တပ်က အာဏာရယူခွင့် ပေးထားပါတယ်။

    စစ်တပ်ရဲ့ထုတ်ပြန်ချက်ဟာ မတည်သောကတိပါ။ ဖေဖော်ဝါရီ ၁ ရက် တနင်္လာနေ့ မနက် ၃ နာရီမှာ စစ်တပ်ဟာ အစိုးရဝန်ကြီးတွေ၊ လွှတ်တော်အမတ်တွေ၊ စာရေးဆရာ၊ ရုပ်ရှင်သမားနဲ့ တက်ကြွလှုပ်ရှားသူတွေကို စတင်ဖမ်းဆီးပါတော့တယ်။ မနက်မိုးလင်းတဲ့အခါမှာ ​စစ်တပ်က အာဏာယူလိုက်ပြီလို့ ထုတ်ပြန်ပါတယ်။

    ၁၅ နှစ်ကျော်လောက် နေအိမ်အကျယ်ချုပ် ချခံထားရပြီး ကမ္ဘာပေါ်က အထင်ရှားဆုံး နိုင်ငံရေးအကျဉ်းသားတစ်ယောက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း နေအိမ်အကျယ်ချုပ် ပြန်ချခံရပါတယ်။ နောက်ပိုင်းမှာတော့ စကားပြောစက်တွေ တရားမဝင်တင်သွင်းတယ်ဆိုပြီး ရမယ်ရှာခေါင်းစဉ်တပ်ကာ တရားစွဲဆိုခံခဲ့ရပါတယ်။

    စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို အခုလိုတရားစွဲတာဟာ နိုင်ငံရေးအရနှိပ်ကွပ်တာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ထုတ်ပြန်ခဲ့ပြီး၊ သူမကို လွှတ်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ NLD က ထုတ်ပြန်တဲ့ကြေငြာချက်မှာ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ထားပါတယ်။

    “စစ်တပ်ရဲ့လုပ်ရပ်တွေဟာ တိုင်းပြည်ကို အာဏာရှင်စနစ်အောက် ပြန်ပို့တဲ့လုပ်ရပ်တွေ ဖြစ်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမည်နဲ့ထုတ်ပြန်တဲ့ အဲဒီကြေငြာချက်မှာ ဖော်ပြထားပါတယ်။ ကြေငြာချက်မှာ ပါနေကြ ဒေါ်​ေအာင်ဆန်းစုကြည်လက်မှတ် မပါဝင်ပါဘူး။

    ​ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတာကို ဖြေရှင်းပေးဖို့ စစ်တပ်ရဲ့တောင်းဆိုမှုကို မလုပ်ပေးတဲ့အတွက် အာဏာသိမ်းလိုက်ရတာလို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ရဲ့ အစိုးရသစ် ပထမဆုံးအစည်းအဝေးမှာ ပြောခဲ့ကြောင်း ဖေဖော်ဝါရီ ၂ ရက်နေ့ နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြပါတယ်။ နိုင်ငံတကာ လွတ်လပ်တဲ့ ရွေးကောက်ပွဲစောင့်ကြည့်သူတွေက ရွေးကောက်ပွဲမှာ မသမာမှု ကြီးကြီးမားမား မရှိဘူးလို့ ပြောပါတယ်။

    အဆင်မပြေသော ဆွေးနွေးမှုများ

    ပထမဆုံး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ မနိုင်ခင် ၁၉၆၂ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်ထိ စစ်တပ်နဲ့ စစ်တပ်ကျောထောက်နောက်ခံပြုအစိုးရတွေ မြန်မာနိုင်ငံကို ဆက်တိုက် အုပ်ချုပ်ခဲ့တာပါ။ ဒါပေမယ့် စစ်တပ်က ရေးထားတဲ့ အခြေခံဥပဒေမှာ လက်နက်ကိုင်တပ်ဖွဲ့တွေကို ထိန်းချုပ်ခွင့်၊ အဓိကဝန်ကြီးတွေ ခန့်အပ်ခွင့်အပါအဝင် အာဏာတော်တော်များများ စစ်တပ်ကို ပေးထားပါတယ်။

    ဒီလ အာဏာသိမ်းမှုဖြစ်စေဖို့ အကြောင်းအရင်းတွေဟာ ဒေါ်အောင်စုကြည်ရဲ့ NLD ပါတီက ၈၀ ရာခိုင်နှုန်းကျော်နိုင်ခဲ့တဲ့ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲက စခဲ့တာပါ။ စစ်တပ်ကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ပွဲမှာ အလဲလဲအကွဲအကွဲ ရှုံးနိမ့်ခဲ့ပါတယ်။

    ရွေးကောက်ပွဲမတိုင်ခင်၊ ရွေးကောက်ကာလနဲ့ ရွေးကောက်ပွဲအလွန်မှာ မဲကိစ္စနဲ့ပတ်သက်ပြီး သံသယရှိကြောင်း စစ်တပ်က ပြောခဲ့ပြီး၊ မသမာမှုရှိတယ်ဆိုတဲ့ မခိုင်လုံတဲ့ စွပ်စွဲမှုတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။ မဲပေးမှုမှာ မဲပေးပိုင်ခွင့်ရှိသူ သန်း ၃၀ ရဲ့ သုံးပုံ ၁ ပုံလောက် မသမာမှုရှိနိုင်တယ်ဆိုတဲ့ သူတို့ရဲ့ ကန့်ကွက်မှုကို ဖြေရှင်းဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုခဲ့ပါတယ်။

    ကော်မရှင်ကတော့ မဲပေးပိုင်ခွင့်ရှိသူစာရင်းထုတ်ပြန်မှုမှာ အမှားတစ်ချို့ရှိခဲ့တာကို စစ်ဆေးနေပြီး၊ ရွေးကောက်ပွဲရလဒ် ပြောင်းလဲစေနိုင်တဲ့အမှားမျိုး မဟုတ်ဘူးလို့ ပြောပါတယ်။ စစ်တပ်ကတောင်းဆိုတဲ့ မဲပေးပိုင်ခွင့်ရှိသူတွေရဲ့ နောက်ဆုံးစာရင်းကို ကော်မရှင်က လူသိရှင်ကြား မထုတ်ပြန်ပါဘူး။ စစ်တပ်က မဲပေးသူတွေဟာ အမှန်တကယ် မဲပေးပိုင်ခွင့်ရှိသူတွေ ဟုတ်လား၊ မဟုတ်လားဆိုတာ ဒီစာရင်းကိုကြည့်ပြီး စစ်ချင်တယ်လို့ ပြောပါတယ်။ ရွေးကောက်ပွဲကော်မရှင်က တာဝန်ရှိသူတွေကို ရိုက်တာသတင်းဌာနက ဆက်သွယ်မေးမြန်းလို့ မရပါဘူး။

    စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အာဏာမသိမ်းဘူးလို့ မပြောနိုင်ဘူးဆိုပြီး ဇန်နဝါရီ ၂၆ ရက်နေ့က ပြောကြားမှု​ကြောင့် အဏာသိမ်းမလားဆိုတဲ့ စိုးရိမ်စိတ်တွေ မြင့်တက်လာပါတယ်။ နောက်တစ်နေ့မှာပဲ ကာကွယ်ရေးဦးစီးချုပ်က အခြေခံဥပဒေကို မလိုက်နာရင် ဒါကို ဖျက်ပစ်ရမယ်လို့ ပြောခဲ့ပါတယ်။

    အသက် ၇၅ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဇူလိုင်လမှာ ပင်စင်ယူရတော့မယ့် အသက် ၆၄ နှစ်အရွယ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အကြား ဆက်ဆံရေးဟာ သိပ်မပြေပစ်ဘဲ၊ တိုက်ရိုက်ပြောဆိုဆက်သွယ်မှုမရှိတာ လအတော်ကြာပြီလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်တဲ့သူတစ်ဦးက ပြောပါတယ်။

    ဒါပေမယ့် နှစ်ဖက်ကိုယ်စားလှယ်တွေကတော့ နေပြည်တော်မှာ တက်သုတ်ရိုက် ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒီကိစ္စကိုသိသူ ၆ ဦးက ပြောပါတယ်။ အရင်က ရုံးစိုက်ရာမြို့ဖြစ်ပြီး အကြီးဆုံးမြို့ဖြစ်တဲ့ ရန်ကုန်မှာလည်း ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

    နေပြည်တော်က ဆွေးနွေးမှုမှာ ဒေါ်အောင်ဆန်းစုကြည်ဖက်က ကိုယ်စားလှယ်အဖြစ် ညာလက်ရုံး၊ တစ်ချိန်က စစ်တပ်ရဲ့ အမာခံလူ ဦး​ကျော်တင့်ဆွေက ဆောင်ရွက်တယ်လို့ ဆွေးနွေးပွဲကိစ္စကိုသိရှိသူ ၆ ဦးက ပြောပါတယ်။ ရန်ကုန်က ​ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိတ်ဆွေဟောင်းဖြစ်ပြီး မိသားစုဆရာဝန်လည်းဖြစ်တဲ့ ဒေါက်တာတင်မျိုးဝင်းက ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့ကြောင်း ရင်းမြစ်တစ်ခုက ပြောပါတယ်။ ဒေါက်တာတင်မျိုးဝင်ကို ဆက်သွယ်မေးမြန်းလို့ မရပါဘူး။

    နေပြည်တော်ဆွေးနွေးပွဲက စစ်တပ်ရဲ့ ကိုယ်စားလှယ်နှစ်ဦးမှာ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ပါဝင်တယ်လို့ ဒီကိစ္စကိုသိရှိသူ ၂ ဦးက ပြောပါတယ်။ အခြားတစ်ယောက်က ဘယ်သူလဲဆိုတာ ရိုက်တာသတင်းဌာနက အတည်ပြုလို့မရဘဲ ဗိုလ်ချုပ်ကြီးရာပြည့်ကိုလည်း ဆက်သွယ်မေးမြန်းလို့ မရပါဘူး။

    ဇန်နဝါရီလ ၃၁ ရက်နေ့မတိုင်ခင် ၄ ရက်လုံးလုံး နှစ်ဖက်ဆွေးနွေးမှုတွေ၊ အပြန်အလှန်ညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆွေးနွေးပွဲအကြောင်း သိရှိသူတွေက ပြောပါတယ်။

    စစ်တပ်ကိုယ်စားလှယ်တွေက ဖေဖော်ဝါရီ ၁ ရက်နေ့ ကျင်းပဖို့ စီစဉ်ထားတဲ့ လွှတ်တော်အစည်းအဝေးကို နောက်ရွှေ့ပေးဖို့၊ ရွေးကောက်ပွဲကော်မရှင် ဖျက်သိမ်းဖို့နဲ့ စစ်တပ်ရဲ့ကြီးကြပ်မှုအောက်မှာ မဲကိစ္စ ပြန်စစ်ဖို့ အပါအဝင် အနည်းဆုံး အချက် ၃ ချက်ကို တောင်းဆိုခဲ့တယ်လို့ ဒီကိစ္စကို သိရှိသူ ၃ ဦးကနေ ၆ ဦးက အတည်ပြုပြောကြားခဲ့ပါတယ်။ ဒီအတွက် နောက်ဆုံး အဖြေပေးရမယ့်အချိန်ကို ဇန်နဝါရီ ၂၉ ရက်နေ့ ညနေ ၅ နာရီလို့ စစ်တပ်က သတ်မှတ်ခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်တွေက စစ်တပ်ဖက်ကို ဘယ်လိုကမ်းလှမ်းချက်တွေ လုပ်ဆောင်လဲဆိုတာ ရိုက်တာသတင်းဌာနက မေးမြန်းအတည်ပြုလို့ မရပါဘူး။ လွှတ်တော်နှစ်ခုက တစ်ခုရဲ့ စတင်မယ့်ရက်ကို ဖေဖော်ဝါရီက ၁ ရက်ကနေ ၂ ရက်နေ့ကို ရွှေ့လိုက်တယ်လို့ ဇန်နဝါရီ ၂၉ ရက် နိုင်ငံပိုင်သတင်းဌာနက ကြေငြာခဲ့ပါတယ်။

    ဇန်နဝါရီ ၂၉ ရက် နောက်ဆုံးပေးထားတဲ့အချိန် မတိုင်ခင်ကတည်းက ဆွေးနွေးပွဲ မအောင်မြင်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပေါ်လာပါတယ်။ ဆွေးနွေးပွဲကို သိရှိသူတစ်ဦးက နှစ်ဖက်ကိုယ်စားလှယ်တွေဟာ ‘အပြန်အလှန်နားလည်မှုတစ်ခုကို မတည်ဆောက်နိုင်ခဲ့ဘူး’ လို့ ပြောပါတယ်။

    “သဘောထားမတိုက်ဆိုင်မှု​တွေ၊ မယုံကြည်တာတွေက တော်တော်လေး ကြာခဲ့ပြီး အခုလိုအဖြစ်မျိုးတွေ ဖြစ်လာတာပါ” လို့ ရွေးကောက်ပွဲကိစ္စ အငြင်းပွားမှုကို ရည်ညွှန်းပြီး ဒီရင်းမြစ်က ပြောကြားခဲ့ပါတယ်။ ၁၉၈၀ ပြည့်နှစ်တွေ NLD ပါတီ စဖွဲ့ကတည်းက စစ်တပ်နဲ့ NLD အကြား ဓမ္မသောက အင်း၀ရာဇာ ဖြစ်ခဲ့တာပါ။

    စစ်တပ်ကို ဒူးမထောက်ရေးမူကို ဒေါ်အောင်ဆန်းစုကြည်က “ခိုင်ခိုင်မာမာ” ဆုပ်ကိုင်ထားတယ်လို့ သူမနဲ့နီးစပ်သူတစ်ဦးက ​ရိုက်တာသတင်းဌာနကို ပြောပါတယ်။

    စစ်တပ်ဟာ တိုင်းပြည်မှာ မတည်မငြိမ်မှုဖြစ်ပြီး၊ စစ်တပ်ကိုထောက်ခံသူတွေလည်း များနေတာကြောင့် ‘အာဏာသိမ်းလိုက်ရပါတယ်ဆိုတဲ့ လှည့်ကွက်မျိုး’ ဖန်တီးဖို့ ကြိုးစားခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်တဲ့ အခြားသူတစ်ဦးက ပြောပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လူယုံဖြစ်ပြီး၊ NLD ပါတီရဲ့ အကြီးတန်းအဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးဝင်းထိန်က အာဏာသိမ်းမှု ဖြစ်တော့မယ်လို့ထင်တာကြောင့် အိတ်တွေပြင်ပြီး အဖမ်းခံဖို့ စောင့်နေတယ်လို့ ဇန်နဝါရီ ၂၉ ရက်နေ့က ရိုက်တာသတင်းဌာနကို ဖုန်းနဲ့ ပြောကြားခဲ့ပါတယ်။

    ညှိနှိုင်းမရ

    ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်သွားမယ်ဆိုတဲ့ လေသံပျော့တဲ့ ကြေငြာချက်တစ်ခုကို ဇန်နဝါရီ ၃၀ ရက်နေ့မှာ စစ်တပ်က ထုတ်ပြန်ခဲ့တာကြောင့် တင်းမာမှုတစ်ချို့လျော့သွားပါတယ်။ အစောပိုင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့စကားကို မီဒီယာတွေက လိုသလို စွဲယူဖော်ပြကြတယ်လို့လည်း ကြေငြာချက်မှာ စွပ်စွဲထားပါတယ်။

    နိုင်ငံခြားသားဆွေမျိုးရှိတဲ့သူတွေ သမ္မတမဖြစ်ရဆိုတဲ့ အချက်ကို စစ်တပ်က အခြေခံဥပဒေမှာ ထည့်ဆွဲထားတာကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် မရှိပါဘူး။ ကွယ်လွန်သွားတဲ့ ဗြိတိသျှနိုင်ငံသား ခင်ပွန်းနဲ့ ဗြိတိသျှနိုင်ငံသား သားနှစ်ယောက် ဒေါ်အောင်ဆန်းစုကြည်မှာ ရှိနေပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်အကြီးအကဲအဆင့်နဲ့ တူညီတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူး ဖန်တီးကာ သူမက တိုင်းပြည်ကို အုပ်ချုပ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲနိုင်တုန်းက လုပ်ခဲ့သလိုပဲ အခုတစ်ခေါက်ရွေးကောက်ပွဲ နိုင်ပြီးတဲ့အခါမှာလည်း သူမဟာ သမ္မတတစ်ဦး ခန့်အပ်ရမှာ ဖြစ်ပါတယ်။

    စစ်တပ်ကို ကိုယ့်ဖက်ပါအောင် စည်းရုံးတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒါမှမဟုတ် သူ့ရဲ့ မဟာမိတ်တစ်ဦးဦးကို သမ္မတအဖြစ် ခန့်အပ်မယ်လို့ အစိုးရနဲ့နီးစပ်တဲ့လူတစ်ချို့က ထင်ခဲ့ကြတာပါ။

    “နှစ်ဖက်စလုံးက ​​ကျေနပ်နိုင်မယ့် အနေအထားတစ်ခု ဖြစ်ဖို့ သဘောကျစရာ သိပ်မကောင်းတဲ့ သမ္မတလောင်းစာရင်း ထွက်လာလိမ့်မယ်လို့ ကျွန်တော်အပါအဝင် တစ်ချို့လူတွေက ထင်ခဲ့ကြတာပါ” လို့ ဒေါ်အောင်ဆန်းစုကြည်အစိုးရရဲ့ အကြံပေးတစ်ဦးက ပြောပါတယ်။

    စစ်တပ်ကသတ်မှတ်ထားတဲ့ ဇန်နဝါရီ ၂၉ ရက် နောက်ဆုံးအချိန်ကို ရောက်လာတဲ့ အခါမှာတော့ ဘာသဘောတူညီချက်မှ မရခဲ့ပါဘူး။ အခြေခံဥပဒေကို လေးစားမယ်လို့ ဇန်နဝါရီ ၃၀ ရက်နေ့မှာ စစ်တပ်က ထုတ်ပြန်ခဲ့ပေမယ့် နောက်တစ်နေ့မှာ အာဏာသိမ်းမယ်ဆိုတဲ့ စိုးရိမ်မှုတွေ တစ်ခါ ပြန်ထွက်ပေါ်လာပါတယ်။

    ဇန်နဝါရီ ၃၁ ရက်နေ့ အစောပိုင်းမှာ နေပြည်တော်တစ်ဝိုက် စစ်တပ်ကားတွေ သွားလာနေတာကို မြင်ခဲ့ရပါတယ်။ ဆွေးနွေးပွဲမှာ အစိုးရကိုယ်စားလှယ်အနေနဲ့ ပါဝင်ခဲ့သူတစ်ဦးက ညှိနှိုင်းမှုပျက်သွားပြီး အာဏာသိမ်းမှု ဖြစ်လာနိုင်တယ်လို့ အဲဒီနေ့မှာပဲ ပြောခဲ့ကြောင်း ဒီကိစ္စကိုသိရှိသူတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

    ဒီသတိပေးမှုက မှန်ကန်ခဲ့ပါတယ်။ ၅၃ သန်းသော မြန်မာပြည်သူတွေ အိပ်မောကျနေတဲ့ နောက်နေ့မနက် ၃ နာရီကစပြီး စစ်သားတွေဟာ နိုင်ငံတစ်ဝှမ်းက ဝန်ကြီးတွေ၊ အမတ်တွေ၊ ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ စစ်ခေါင်းဆောင်တွေကို ဆန့်ကျင်တဲ့ ဘုန်းကြီးတွေပါမကျန် လိုက်လံဖမ်းဆီးခဲ့ပါတယ်။ အဲဒီသူတွေဟာ ဖမ်းဆီးခံရတာ၊ နေအိမ်အကျယ်ချုပ် ကျခံရတာတွေ ဖြစ်ခဲ့ပါတယ်။

    အရင် အရပ်သားအစိုးရထံမှာ အလုပ်လုပ်ခဲ့သူတစ်ဦးက စစ်သားတွေဟာ ဆက်သွယ်ရေးကုမ္ပဏီထဲကို ဝင်ရောက်ပြီး အင်တာနက် ဖြတ်တောက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။ မနက် ၃ နာရီမှာ ဒီကုမ္ပဏီတွေဟာ သူတို့ရဲ့ အင်တာနက်ဆက်သွယ်မှု ထက်ဝက်လောက် ပြတ်တောက်သွားခဲ့ရတယ်လို့ လွတ်လပ်တဲ့ ဆိုက်ဘာလုံခြုံရေးစောင့်ကြည့်အဖွဲ့ NetBlocks က ပြောပါတယ်။ မြန်မာနိုင်ငံက တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီကြီး ၄ ခုက ရိုက်တာသတင်းဌာနကရဲ့ မေးမြန်းမှုကို မဖြေခဲ့ပါဘူး။

    အင်တာနက်ပြတ်တောက်မှုနဲ့ပတ်သက်ပြီး စစ်တပ်ဖက်ကိုလည်း မေးမြန်းလို့ မရခဲ့ပါဘူး။

    အာဏာသိမ်းတဲ့ အချိန်နဲ့ နေ့ရက်ဟာ ဗေဒင်ယတြာကိုယုံကြည်တဲ့ ဗိုလ်ချုပ်ကြီးတွေ တွက်ချက်သတ်မှတ်တာဖြစ်မယ်လို့ အစိုးရဟောင်းထံမှာ အလုပ်လုပ်ခဲ့တဲ့သူနဲ့ အခြားနှစ်ဦးက ထင်မြင်ချက်ပေးပါတယ်။ ဖေဖော်ဝါရီလတစ်ရက်နေ့ မနက် ၃ နာရီရဲ့ ပေါင်းချင်းဟာ (၂+၁+၂၁+၃) ၉ ဖြစ်ပါတယ်။ မြန်မာ့ရိုးရာ ယုံကြည်မှုအရ ကိုးနဝင်းကြေ မင်္ဂလာရှိတဲ့ ဂဏန်းအဖြစ် မှတ်ယူကြတာပါ။

    Ref: Reuters

    (Reuters သတင်းဌာနတွင် ဖော်ပြထားသည့် ‘Rude and insolent’: fraught talks preceded Myanmar’s army seizing power ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

  • တန်းတူညီမျှဖြစ်တဲ့ ဒီမိုကရေစီပုံစံသစ်ကို မြန်မာနိုင်ငံက လိုအပ်နေပြီ

    တန်းတူညီမျှဖြစ်တဲ့ ဒီမိုကရေစီပုံစံသစ်ကို မြန်မာနိုင်ငံက လိုအပ်နေပြီ

    ဖေဖော်ဝါရီ ၇၊ ၂၀၂၁
    M-Media

    -ပဋိပက္ခတွေ၊ လူတန်းစား မညီမျှမှုတွေကြောင့် မြန်မာနိုင်ငံက သန်းနဲ့ချီတဲ့ပြည်သူတွေဟာ အာမခံချက်မရှိဆုံး အခြေအနေမျိုးမှာ နေထိုင်နေရပါတယ်။

    မြန်မာနိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းသစ်ကို လိုအပ်နေတာပါ။ လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲတွေ (ရွေးကောက်ပွဲရလဒ်ကို လေးစားဖို့) က အရေးကြီးပါတယ်။ ၁၀ စုနှစ်ချီရှိနေတဲ့ အာဏာရှင်စနစ်၊ နိုင်ငံတကာက ပစ်ပယ်ထားမှု၊ ကြမ်းကြုတ်တဲ့ လက်နက်ကိုင်ပဋိပက္ခ၊ လူမျိုးရေးဘာသာရေး ခွဲခြားမှုတွေ၊ အလွန်အမင်းဆင်းရဲမွဲတေမှု၊ မြင့်တက်လာတဲ့ လူတန်းစားမညီမျှဒဏ် စတာတွေကို ခါးစည်းခံလာရတဲ့ လူ့အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲဖို့ကလည်း ထပ်တူထပ်မျှ အရေးကြီးပါတယ်။ နိုင်ငံရေးပြောင်းလဲမှုတစ်ခုတည်းသာကွက်ပြီး လုပ်ဆောင်မယ်ဆိုရင် လူဦးရေ ၅၄ သန်းရှိတဲ့ မြန်မာနိုင်ငံကို စစ်တပ်က ဆက်လက်ကြီးစိုးချုပ်ကိုင်တာမျိုးကိုပဲ ဖြစ်စေမှာပါ။

    တနင်္လာနေ့ စစ်တပ်အာဏာသိမ်းမှု စကတည်းက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင် ဒါဇင်နဲ့ချီ အဖမ်းခံခဲ့ရပြီး ကာကွယ်ရေးဦးစီးချုပ် ခေါင်းဆောင်တဲ့ အစိုးရသစ်တစ်ရပ်လည်း ပေါ်လာပါတယ်။ အကြီးဆုံးမြို့ ရန်ကုန်နဲ့ အခြားဒေသတွေမှာ ဆန္ဒပြမှုတွေ အရှိန်ရလာပြီး မကြာခင် အင်အားသုံးဖြိုခွင်းခံလာရနိုင်ပါတယ်။

    ဘာ့ကြောင့် ဒီလိုတွေဖြစ်နေတာလဲဆိုတာကို နားလည်ဖို့ဆိုရင် အတိတ်ကို ပြန်သွားကြည့်ရပါမယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နဲ့ စစ်တပ်တို့အကြား အားပြိုင်မှု လွှမ်းမိုးခဲ့တယ်ဆိုတာကို တွေ့ရမှာပါ။ အာဏာကို ချုပ်ကိုင်ထားလျက်နဲ့ပဲ စစ်တပ်ဟာ ၂၀၁၀ ခုနှစ်မှာ အခြေခံဥပဒေသစ်တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ မိမိရဲ့အာဏာကို အရင်အတိုင်း တည်တံ့စေပ​ြီး နိစ္စဓူ၀ အုပ်ချုပ်ရေးအာဏာ တော်တော်များများကို ရွေးကောက်ခံသမ္မတနဲ့ လွှတ်တော်ကို အပ်နှင်းထားတဲ့ အခြေခံဥပဒေပါ။ ဒီလိုပုံစံနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းနိုင်လိမ့်မယ်လို့ စစ်ခေါင်းဆောင်တွေက ထင်ခဲ့ပြီး၊ ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်အပေါ် အလွန်အမင်း ကြည်ညိုလေးစားမှုကို လျှော့တွက်သလို ဖြစ်ခဲ့ပါတယ်။

    ဒေါ်​အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်ကြီးတွေရဲ့ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ပေါင်းစည်းမှုဟာ ပန်းခင်းသောလမ်း မဟုတ်ပါဘူး။ ကွန်ဆာဗေးတစ်ဝါဒ၊ လူမျိုးတစ်မျိုးတည်းကိုသာ အခြေခံတဲ့ဝါဒတို့မှာ နှစ်ဖက်စလုံး အမြင်တူကြပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ​အာဏာကိုစုစည်းပြီး စစ်တပ်ကို ရွေးကောက်ခံအစိုးရလက်အောက်မှာ ထားနိုင်ဖို့အတွက် အခြေခံဥပဒေပြင်ရေး အားစိုက်လုပ်ဆောင်ခဲ့ပါတယ်။ စစ်တပ်အတွက်တော့ ဒါဟာ ငယ်ထိပ်မြွေပေါက်ခံရတာမျိုးပါ။

    နှက်ဖက်ဆံရေးဆိုးရွားလာပြီး ဒီတစ်ပတ်မှာ စစ်တပ်က အာဏာသိမ်းတဲ့အထိ ဖြစ်ခဲ့ပါတယ်။

    နောက်ထပ်ဘာဖြစ်မလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ တစ်နှစ်အတွင်း ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ စစ်တပ်က ပြောထားပါတယ်။ လွတ်တော်ကို ၂၅ ရာခိုင်နှုန်းထိန်းချုပ်ထားတဲ့ ပုံစံနဲ့ ရွေးကောက်ပွဲသစ် လုပ်ခဲ့ရင်တောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီက နောက်တစ်ကြိမ် အောင်ပွဲခံနိုင်အုံးမှာပါ။ ဒါ့ကြောင့် စစ်တပ် အဓိကထားလုပ်မှာက သူမကို ဘေးဖယ်ထားဖို့ပါ။ ဒါပေမယ့် သူမကို ထောက်ခံတဲ့ သန်းနဲ့ချီတဲ့ပြည်သူတွေက လက်ခံဖို့ မလွယ်ပါဘူး။ အဲဒီလိုဆိုရင်တော့ မြန်မာနိုင်ငံရေးဟာ ရှေ့မတိုး၊ နောက်မဆုတ်သာ အခြေအနေ ဆက်ဖြစ်နေမှာဖြစ်ပါတယ်။

    မြန်မာ့နိုင်ငံရေး ဒီလိုတန့်နေလို့ မရပါဘူး။ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ မောင်းထုတ်ခံရပြီး ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်ကိစ္စမှာ ဘာတိုးတက်မှုမှမရှိဘူး၊ သူတို့ကို အကြမ်းဖက်ခဲ့သူတွေအပေါ် ဘာအရေးယူမှုမှ မရှိသလို၊ နိုင်ငံအတွင်း ကျန်နေခဲ့တဲ့ ရိုဟင်ဂျာတွေရင်ဆိုင်နေရတဲ့ ခွဲခြားဆက်ဆံမှုတွေကလည်း ရပ်တန့်မသွားပါဘူး။

    အဲဒီရခိုင်ဒေသမှာပဲ အစိုးရတပ်ဖွဲ့တွေနဲ့ (ဗုဒ္ဓဘာသာဝင် လူနည်းစု ရခိုင်တွေကန​ေ ပေါက်ဖွားလာတဲ့) ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့အကြား ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဖြစ်တဲ့တိုက်ပွဲတွေကြောင့် အရပ်သားသောင်းချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ နိုင်ငံအရှေ့ပိုင်း တောင်တန်းဒေသ အထူးသဖြင့် တရုပ်နဲ့ကပ်နေတဲ့ နယ်စပ်ဒေသမှာ ဒါဇင်နဲ့ချီတဲ့ လက်နက်ကိုင်တပ်ဖွဲ့နဲ့ ပြည်သူစစ်အဖွဲ့တွေ ပြန့်ကျဲတည်ရှိနေတယ်။ (အကြီးဆုံးက လက်နက်ခဲယမ်း တော်တော်ကောင်းကောင်းနဲ့ ဖွဲ့ထားတဲ့ အင်အား ၂၅၀၀၀ လောက်ရှိတဲ့တပ်ပါ) တစ်ချို့အဖွဲ့တွေက လူနည်းစုတိုင်းရင်းသားတွေကို ကာကွယ်ဖို့ ဖွဲ့ထားတာဖြစ်ပြီး တစ်ချို့တွေကတော့ တစ်နှစ်ကို ကန်ဒေါ်လာ ဘီလီယံ ၆၀ လောက် တန်ကြေးရှိတဲ့ နိုင်ငံတကာ စိတ်ကြွ​ေဆေးပြားစျေးကွက်နဲ့ ပတ်သက် ဆက်နွယ်နေပါတယ်။

    မြန်မာနိုင်ငံဟာ အာရှမှာ အဆင်းရဲဆုံးနဲ့ လူတန်းစားမညီမျှမှုအမြင့်ဆုံး တိုင်းပြည်တွေထဲက တစ်ခုပါ။ စီးပွားရေးဟာ သယံဇာတ ထုတ်ရောင်းရတာနဲ့ ကျွမ်းကျင်မှုမရှိတဲ့ လုပ်သားတွေ နိုင်ငံခြားထွက် အလုပ်လုပ်ရတဲ့အပေါ်မှာ လုံးလုံးလျားလျားနီးပါး မှီခိုနေပါတယ်။ ရာသီဥတုပြောင်းလဲမှုကြောင့် လူသန်းချီ အိုးအိမ်စွန့်ခွာနေရတယ်။ ဒေါ်အောင်ဆန်းစုကြည်အစိုးရဟာ ကိုရိုနာကပ်ရောဂါကို ကောင်းကောင်းမွန်မွန် ကိုင်တွယ်စီမံနိုင်ခဲ့ပေမယ့် ကိုဗစ်ကြောင့် စီးပွားရေးထိခိုက်မှုက အလွန်ဆိုးရွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ တစ်နေ့ကို ၂ ဒေါ်လာအောက် (ကျပ် ၃၀၀၀ ဝန်းကျင်အောက်) သာ ဝင်ငွေရှိတဲ့ လူဦးရေဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ ၁၆ ရာခိုင်နှုန်း ရှိရာကနေ စက်တင်ဘာရောက်တဲ့အခါ ၆၃ ရာခိုင်နှုန်းအထိ မြင့်တက်လာတာကို တွေ့ရပါတယ်။ ဝင်ငွေလုံး၀မရှိတဲ့သူက စက်တင်ဘာလမှာ ၃ ဆအထိ မြင့်တက်လာပါတယ်။

    ပဋိပက္ခတွေ၊ လူတန်းစား မညီမျှမှုတွေကြောင့် မြန်မာနိုင်ငံက သန်းနဲ့ချီတဲ့ပြည်သူတွေဟာ
    အာမခံချက်မရှိဆုံး အခြေအနေမျိုးမှာ နေထိုင်နေရပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း နိုင်ငံရေးလွတ်လပ်ခွင့် တစ်စိတ်တစ်ပိုင်းပေးပြီး၊ စီးပွားရေးတိုးတက်မှုအချို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်တပ်အကြား ရွှေလမ်းငွေလမ်းဖောက်ကာ ပူးပေါင်းလုပ်ဆောင်ရေးကြိုးပမ်းဖို့ အခွင့်အလမ်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ဒီအခွင့်အလမ်းက လုံး၀ အဆုံးသတ်သွားပုံပါပဲ။

    နိုင်ငံရေးနဲ့ဖမ်းထားတဲ့သူတွေကို လွှတ်ပေးရမှာဖြစ်ပြီး၊ အခြေခံလူ့အခွင့်အရေးတွေကိုလည်း အလေးထားရပါမယ်။ မြန်မာနိုင်ငံက အာဏာရှင်အသစ်ကို နိုင်ငံခြားတိုင်းပြည်တွေက ဆန့်ကျင်တာမျိုးဟာ မှန်ကန်ပေမယ့် စီးပွားရေး ပြိုလဲတဲ့အခြေအနေထိ ရောက်သွားစေနိုင်တဲ့ ပိတ်ဆို့မှုမျိုးကိုတော့ ရှောင်ရှားရပါလိမ့်မယ်။

    ဒီလို မရေရာမသေချာတဲ့အခြေအနေမျိုးမှာ အရေးကြီးတာတစ်ခုက မြန်မာနိုင်ငံမှာ စိန်ခေါ်မှုတွေ ကြီးကြီးမားမားရှိနေတယ်ဆိုတာကို လက်ခံဖို့နဲ့ လူမျိုးရေးခွဲခြားမှု၊ လက်နက်ကိုင်ပဋိပက္ခတွေကနေ လူတန်းစားမညီမျှမှု၊ ဖွံ့ဖြိုးမှုနောက်ကျနေတာအထိ နယ်ပယ်အသီးသီးမှာ တိုးတက်​အောင် မဆောင်ရွက်ဘဲနဲ့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းလို့ရမှာ မဟုတ်ဘူးဆိုတာ နားလည်ဖို့ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ ဘ၀တွေ၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေကို ကာကွယ်ပေးနိုင်အောင် လုပ်ဆောင်တာ၊ နိုင်ငံရေးသာမက လူမှုရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာအောင် အားပေးတိုက်တွန်းတာတွေ နိုင်ငံခြားတိုင်းပြည်တွေက လုပ်နိုင်ပါတယ်။

    ဆင်းရဲမွဲတေလွန်းပြီး၊ လူတန်းစားမညီမျှမှုတွေရှိကာ စစ်ဖြစ်နေတဲ့နိုင်ငံမှာ ဒီမိုကရေစီဆိုတာ အမည်ခံသက်သက်ထက်မပိုပါဘူး။ ပြီးခဲ့တဲ့ ၁၀ နှစ်က အသုံးပြုခဲ့တဲ့ ဟိုမရောက်ဒီမရောက် အခြေခံဥပဒေထက် မြန်မာပြည်သူအားလုံးကို လွှမ်းခြုံနိုင်မယ့် ​ပိုမိုမျှတပြီး၊ ဒီမိုကရေစီပိုကျတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာရေး ရည်ရွယ် လုပ်ဆောင်ရမှာ ဖြစ်ကြောင်းပါ။

    Ref: New York Times

    (New York Times တွင်း ဖော်ပြထားသည့် Myanmar Needs a New Kind of Democracyဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။ ဆောင်းပါးရှင်မှာ ကုလအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်၏မြေးဖြစ်သူ သမိုင်းနှင့် ရှေးဟောင်းအမွေအနှစ်ပညာရှင် ဒေါက်တာသန့်မြင့်ဦး ဖြစ်ပါသည်။)

  • လုံခြုံရေးကောင်စီ၏ ကြေငြာချက်တွင် စစ်အာဏာသိမ်းမှုကို ရှုတ်ချမှု မပါဝင်၊ အမေရိကန်က အရေးယူမှုစမည်

    လုံခြုံရေးကောင်စီ၏ ကြေငြာချက်တွင် စစ်အာဏာသိမ်းမှုကို ရှုတ်ချမှု မပါဝင်၊ အမေရိကန်က အရေးယူမှုစမည်

    ဖေဖော်ဝါရီ ၅၊ ၂၀၂၁
    M-Media

    -နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီစနစ်ကို ပြန်လည်ဖော်ဆောင်ဖို့ စစ်တပ်ကို တိုက်တွန်းတဲ့ ကြေငြာချက်တစ်စောင်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ထုတ်ပြန်လိုက်ပါတယ်။

    ဒါပေမယ့် စစ်တပ်အာဏာသိမ်းမှုကို ရှုတ်ချတဲ့အချက် ကြေငြာချက်မှာ ပါမလာပါဘူး။

    ဗြိတိန်က တင်သွင်းတဲ့ ဒီကြေငြာချက်ကို မြန်မာစစ်ခေါင်းဆောင်တွေရဲ့ မဟာမိတ်ဖြစ်တဲ့ တရုတ်နဲ့ ရုရှားတို့ရဲ့ ကန့်ကွက်မှုကြောင့် အင်္ဂါနေ့မှာ မထုတ်ပြန်နိုင်ခဲ့ပေမယ့် ဆက်လက်ဆွေးနွေးပြီးတဲ့နောက် မနေ့ကအစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံစလုံးက ထောက်ခံခဲ့ပါတယ်။

    ဒီမိုကရေစီလုပ်ငန်းစဉ်၊ ဒီမိုကရေစီ အသင်းအဖွဲ့တွေကို ပြန်လည် ခိုင်မာအောင်ဆောင်ရွက်ဖို့၊ လူ့အခွင့်အရေး၊ အခြေခံလွတ်လပ်ခွင့်နဲ့ တရားဥပဒေစိုးမိုးရေးတွေကို အလေးထားပြီး အကြမ်းဖက်မှုကို ရှောင်ရှားဖို့ ဒီကြေငြာချက်မှာ တိုက်တွန်းခဲ့ပါတယ်။

    ​ကြေငြာချက်မူကြမ်းမှာ စစ်အာဏာသိမ်းမှုကို ရှုတ်ချပြီး ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုထားပေမယ့် နောက်ဆုံးထွက်လာတဲ့ ကြေငြာချက်မှာတော့ အာဏာသိမ်းမှုကို ရှုတ်ချတာမပါဝင်တော့သလို၊ စကားလုံးအသုံးအနှုန်းတွေကလည်း ပျော့ပြောင်းသွားပါတယ်။ တရုတ်နဲ့ ရုရှားတို့ရဲ့ သဘောတူညီချက်ရဖို့အတွက် ဒီလို ပြင်ဆင်လိုက်ရတာလည်း ဖြစ်ပါတယ်။

    ကုလဆိုင်ရာ တရုတ်သံအမတ်က ကြေငြာချက်ကပေးချင်တဲ့ အဓိကသတင်းစကားကို မြန်မာနိုင်ငံရေးမှာ ပါဝင်ပတ်သက်သူတွေအားလုံး သတိပြုမိပြီး၊ အပြုသဘောဆောင်တဲ့ ရလဒ်တစ်ခု ထွက်လာမယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

    အမေရိကန်က ခြေလှမ်းစလှမ်း

    အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို ဖြေရှင်းရေး မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီမိုကရေစီမှာ ပြည်သူတွေရဲ့ဆန္ဒကို အင်အားသုံးပြီး အဓမ္မလွှမ်းမိုးလို့မရဘူး၊ ခိုင်မာတဲ့ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ဖို့ ကြိုးစားလို့မရဘူးဆိုတာက သိပ်ရှင်းပါတယ်”

    အာဏာသိမ်းတာကို စွန့်လွှတ်ဖို့တိုက်တွန်းပြီး လက်မခံရင် နောက်ဆက်တွဲဆိုးကျိုးတွေ ရင်ဆိုင်ဖို့ သတိပေးမယ့် ဆုံးဖြတ်ချက်တစ်ခုကို ကန်လွှတ်တော်မှာ အတည်ပြုသွားမယ်လို့ ဒီမိုကရက်တစ်နဲ့ ရီပက်ဘလစ်ကန် လွှတ်တော်အမတ် ၂ ဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    အမေရိကန် နိုင်ငံတော်လုံခြုံရေးအကြံပေး ဂျိတ်ဆူလီဘန်က အာဏာသိမ်း စစ်ခေါင်းဆောင်တွေနဲ့ သူတို့ထိန်းချုပ်တဲ့ အဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းတွေအပေါ် သီးသန့်ပစ်မှတ်ထားပြီး ပိတ်ဆို့အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒါက ဘယ်လောက်အထိ ထိရောက်နိုင်မလဲဆိုတာ မသိရသေးပါဘူး။ အမေရိကန်က ပိတ်ဆို့မှုကြောင့် ထိခိုက်နိုင်မယ့် စစ်ခေါင်းဆောင်တွေရဲ့ အကျိုးစီးပွားဟာ နိုင်ငံရပ်ခြားမှာ အနည်းငယ်သာ ရှိနေပါတယ်။

    Ref: Reuters