News @ M-Media

Tag: Daw Aung San Suu Kyi

  • မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ဒီမိုကရေစီထွန်းကားရေး အစိုးရသစ်က ဘာတွေလုပ်ဖို့လိုမလဲ?

    မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ဒီမိုကရေစီထွန်းကားရေး အစိုးရသစ်က ဘာတွေလုပ်ဖို့လိုမလဲ?

    ဒီဇင်ဘာ ၂၆၊ ၂၀၂၀
    M-Media

    -ဘာသာလူမျိုးပေါင်းစုံရှိတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအတွက် အကြီးမားဆုံး စမ်းသပ်မှုတစ်ခုက အစိုးရဟာ လူများစုတွေနည်းတူ လူနည်းစုတွေအပေါ်မှာ သာတူညီမျှ ဆက်ဆံမလားဆိုတဲ့ ကိစ္စပါ။

    နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ ပြည်နယ်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေအတွက် တစ်ခဲနက် မဲပေးခဲ့ကြပါတယ်။ တစ်ချို့မဲဆန္ဒနယ်တွေမှာ လုံခြုံရေးအကြောင်းပြချက်နဲ့ ရွေးကောက်ပွဲ ရပ်ဆိုင်းခဲ့တာလို ချို့ယွင်းချက်မျိုး ရှိခဲ့ပေမယ့် ရွေးကောက်ပွဲတစ်ခုလုံးကို ခြုံကြည့်ရင် ပြည်သူလူထုရဲ့ဆန္ဒကို အပြည့်အ၀ ဖော်ကျူးနိုင်တယ်ဆိုတာ တွေ့ရမှာပါ။

    ပြီးခဲ့တဲ့လ ရွေးကောက်ပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံအရ ၂၀၁၀ ကစပြီး ကျင်းပတဲ့ တတိယမြောက် ရွေးကောက်ပွဲ ဖြစ်သလို၊ နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း အရပ်သားအစိုးရကကျင်းပတဲ့ ပထမဆုံး ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး မဲပေးသူအရေအတွက် ၇၀ ရာခိုင်နှုန်းကျော် ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်က ပမာဏနဲ့ အတူတူပါပဲ။ ဘယ်သူ့ကို အစိုးရအဖြစ် တင်မြှောက်မလဲဆိုတဲ့ အရေးပါတဲ့ ဆုံးဖြတ်ချက် ချမှတ်ဖို့ မဲပေးပိုင်ခွင့်ရှိသူတွေရဲ့ စိတ်အားထက်သန်မှု ဆက်ရှိနေတုန်းပဲဆိုတာကို ဒါက ပြသနေပါတယ်။

    ရွေးကောက်ပွဲဟာ ဒီမိုကရေစီရဲ့ အရေးပါတဲ့အစိတ်အပိုင်းတစ်ခု ဖြစ်ပေမယ့် ရွေးကောက်ပွဲသက်သက်နဲ့ ဒီမိုကရေစီကို မတည်ဆောက်နိုင်ပါဘူး။ အခြေခံဥပဒေသစ် ပေါ်ထွက်တာ ၁၂ နှစ်ကျော်ကြာလာပြီး၊ ရွေးကောက်ပွဲ ၃ ကြိမ် ကျင်းပခဲ့ပေမယ့် စစ်တပ်ဟာ အစိုးရယန္တရားမှာ အာဏာကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားဆဲ ဖြစ်ပါတယ်။

    ၂၀၀၈ အခြေခံဥပဒေကြောင့် ပြည်နယ်၊ တိုင်းနဲ့ ပြည်ထောင်စုလွှတ်တော်တွေမှာ တပ်မတော်လို့ခေါ်တဲ့ စစ်တပ်က မိုးကျရွှေကိုယ် အမတ်တွေအတွက် အမတ်နေရာ ၄ ပုံ ၁ ပုံ ဖယ်ထားပေးရပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနတွေ ထိန်းချုပ်ခွင့်၊ ဒုတိယသမ္မတတစ်နေရာ ခန့်အပ်ခွင့်ကိုလည်း အခြေခံဥပဒေက စစ်တပ်ကို ပေးထားပါတယ်။

    ​တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို သမ္မတက ရွေးချယ်ခန့်အပ်တယ်လို့ ဆိုထားပေမယ့် လုပ်ငန်းစဉ်ကိုကြည့်ရင် ​အမည်ခံပဲဆိုတာ တွေ့ရပါတယ်။ တကယ်တော့ အဖွဲ့ဝင် ၁၁ ဦးပါတဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက မဲခွဲဆုံးဖြတ်ကာ ​ရွေးချယ်၊ အတည်ပြု၊ ခန့်အပ်ရတာဖြစ်ပြီး အဲဒီအဖွဲ့ဝင် ၁၁ ဦးမှာ ၆ ဦးက စစ်တပ်ကလာတာ ဖြစ်ပါတယ်။

    စနစ်အရ စစ်တပ်ဟာ သီးခြားအဖွဲ့အစည်းတစ်ခုဖြစ်ပြီး အရပ်သားအစိုးရက အမည်ခံလောက်တောင် တာဝန်မခံရပါဘူး။ ဒါ့ကြောင့် ကျွမ်းကျင်သူတွေက မြန်မာနိုင်ငံမှာ စင်ပြိုင်အစိုးရနှစ်ရပ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။

    စစ်တပ်ဟာ ခါးပိုက်ဆောင် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ကနေတစ်ဆင့် အရပ်သားအစိုးရကို သွယ်ဝိုက်ထိန်းချုပ်တာမျိုးလည်း ရှိခဲ့ပါတယ်။ USDP ပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပေမယ့် ၂၀၁၅ ခုနှစ်မှာတော့ အခြေအနေပြောင်းသွားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်ပြိုကမ်းပြိုအနိုင်ရပြီး အာဏာရခဲ့ပါတယ်။ ပြီးခဲ့တဲ့လ ရွေးကောက်ပွဲမှာလည်း ဒီအခြေအနေအတိုင်းပဲ ဆက်ဖြစ်ခဲ့ပါတယ်။

    နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီဟာ လွှတ်တော်အမတ်နေရာ ၈၀ ရာခိုင်နှုန်းလောက် အနိုင်ရခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ပေါင်းထားတဲ့ ပြည်ထောင်စုလွှတ်​တော်ကို ခန့်ခန့်ထည်ထည် ထိန်းချုပ်နိုင်ခဲ့ပြီး သမ္မတ တင်မြှောက်ခွင့်လည်း ရခဲ့ပါတယ်။ NLD ရဲ့ ဒီလို အပြတ်အသတ်အနိုင်ရမှုဟာ တစ်ချိန်က အင်အားကောင်းခဲ့တဲ့ USDP ကို ဘေးဖယ်လိုက်သလို ဖြစ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ အမတ်နေရာ ၄၁ နေရာရာခဲ့တဲ့ USDP ဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ နေရာ ၃၀ သာ ရပါတယ်။

    စာနယ်ဇင်းလွတ်လပ်ခွင့်ကနေ ရိုဟင်ဂျာတွေ၊ အခြား လူနည်းစု တိုင်းရင်းသားတွေအပေါ် ထားရှိတဲ့ စစ်တပ်ရဲ့ ပေါ်လစီတွေအထိ ကိစ္စတော်တော်များများမှာ တပ်မတော်နဲ့ ပုလင်းတူဗူးဆို့ ဖြစ်လာပြီး ဒီမိုကရေစီ စံညွှန်းတွေကနေ ဖယ်ခွာသွားတဲ့အတွက် ကမ္ဘာတစ်ဝှမ်းက ဝေဖန်မှုတွေဒဏ်ကို ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် ခံခဲ့ရပါတယ်။

    လာမယ့်မတ်လ အစိုးရသစ်ဖွဲ့မယ့်အချိန်မှာ NLD က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်လုပ်ဆောင်မယ်၊ လုပ်ကိုလုပ်ရလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။ ပြည်သူ့ဝန်ထမ်းအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို စစ်တပ်ထိန်းချုပ်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနအောက်ကနေ ဆွဲထုတ်ပြီး အရပ်ဖက် အုပ်ချုပ်ရေး ယန္တရားမှာ NLD က အဓိကအောင်ပွဲတစ်ခုကို ရယူထားပါတယ်။

    မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခရီးမှာ အဓိက စိန်ခေါ်မှုတစ်ခုက တိုင်းရင်းသားလူမျိုးစုတွေရဲ့ ဆန္ဒဖြစ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးကို ဖြေရှင်းပေးနိုင်မယ့် စစ်မှန်တဲ့ ဖက်ဒရယ်မူတစ်ခု ဖော်ဆောင်ဖို့ ဖြစ်ပါတယ်။ ပင်လုံညီလာခံဆိုတဲ့ လုငန်းစဉ်နဲ့ ဒီကိစ္စကို အကောင်အထည်ဖော်ထားပြီး မြန်မြန်ဆန်ဆန် အကောင်အထည်ပေါ်လာရင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ဆယ်စုနှစ်ချီ လက်နက်ကိုင်တိုက်ခိုက်မှုကို အဆုံးသတ်ရာမှာ အထောက်အကူဖြစ်ပါလိမ့်မယ်။

    အစိုးရက အရပ်သားခေါင်းဆောင်တွေဟာ ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုဆိုင်ရာ ထိလွယ်ရှလွယ်ပြီး ရှုပ်ထွေးတဲ့ကိစ္စတွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ စစ်တပ်ရဲ့ သဘောထားတင်းမာတဲ့ ရပ်တည်ချက်တွေကို သံခင်းတမန်ခင်းနဲ့ အလိမ္မာသုံးပြီး ဖြေရှင်းရပါလိမ့်မယ်။ ပြည်သူလူထုက​ ရွေးကောက်တင်မြှောက်လိုက်တဲ့ အရပ်သားခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေးအတွက် အားလုံးလက်ခံတဲ့ နိုင်ငံရေးသဘောတူညီချက်တစ်ခု ရရှိရေးလုပ်ငန်းကို ဦးစားပေး လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

    ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပြင် ရှိနေတဲ့ နိုင်ငံရေးအင်အားကို အသုံးချပြီး NLD ဟာ တိုင်းရင်းသားတွေကို နေရာပေးရပါလိမ့်မယ်။ ပြည်နယ်အစိုးရတွေကို ခေါင်းဆောင်ခိုင်းပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတိုင်းအတာတစ်ခုအထိ ကျင့်သုံးခိုင်းတာမျိုးပါ။ NLD က အပြတ်အသတ်နိုင်ရတဲ့အတွက် ရွေးကောက်ပွဲမှာ ဘေးရောက်သွားပြီး အစိုးရအဖွဲ့မှာ ပါဝင်ရေး မျှော်လင့်ချက်မရှိတဲ့ တိုင်းရင်းသားပါတီတွေနဲ့ ဆက်ဆံရေးကို NLD က ပြန်စဉ်းစားဖို့ လိုပါတယ်။

    စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ကိုယ့်မင်းကိုယ့်ချင်းစစ်တပ်က အစိုးရအဖွဲ့မှာ ခြေကုပ်ယူထားမှုကို ဖယ်ရှားရေးတို့အတွက် အခြေခံဥပဒေ ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ပြင်ဆင်လိုသူတွေအနေနဲ့ လွှတ်တော်မှာ အနည်းဆုံး ၇၅ ရာခိုင်နှုန်း ထောက်ခံမဲလိုအပ်သလို၊ ပြင်ဆင်လိုတဲ့အချက်ကိုလိုက်ပြီး ပြည်သူ့ဆန္ဒခံယူပွဲလုပ်ကာ အများစုထောက်ခံရမယ်ဆိုတဲ့ အချက်တွေလည်း ရှိပါသေးတယ်။

    ဒီကိစ္စအတွက် အနာဂတ်မှာ USDP ကို အနိုင်ယူထားဖို့၊ စစ်တပ်ရဲ့ခြေကုပ်ယူမှု၊ အစိုးရမှာပါဝင်နေမှုကို တွန်းလှန်ဖို့ လိုအပ်ပြီး NLD က တိုင်းရင်းသားပါတီတွေနဲ့သာ ပူးပေါင်းရင် လွှတ်တော်မှာ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း ရနိုင်ပါတယ်။

    နောက်ဆုံးတစ်ချက်က ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ သူတို့နေအိမ်၊ နေရာဒေသတွေကနေ ထွက်သွားအောင် စနစ်တကျ လုပ်ဆောင်နေမှုကို တက်လာမယ့်အစိုးရသစ်က ရပ်တန့်ရပါလိမ့်မယ်။ အခြားသော တိုင်းရင်းသားလူမျိုးစုတွေ ဒီလိုအခြေအနေ ကြုံတွေ့နေရတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာလည်း ဒါကို လုပ်ဆောင်ရမှာပါ။

    ရာစုနှစ်များစွာ နေထိုင်ခဲ့တဲ့ ဇာတိမြေကနေ ရိုဟင်ဂျာတွေကို မောင်းထုတ်ရေးဟာ ၁၉၇၀ ပြည့်နှစ်တွေကတည်းက စတင်ခဲ့တဲ့ စီမံကိန်းတစ်ခုဖြစ်ပြီး တိုင်းပြည်ကို ၁၉၆၂ ခုနှစ်ကတည်းက အကြောက်တရားနဲ့ ဖိနှိပ်အုပ်စိုးလာတဲ့ စစ်အာဏာရှင်စနစ်ရဲ့ အမွေဆိုးလည်း ဖြစ်ပါတယ်။

    အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက ရိုဟင်ဂျာတွေအပေါ် ညှမ်းပမ်းနှိပ်စက်တာကို ထိုင်ကြည့်နေတာမျိုးကိုက စက်ဆုပ်ဖွယ်ရာကောင်းတယ်လို့ အနိမ့်ဆုံး ပြောလို့ရပါတယ်။ ဒီမိုကရေစီအလင်းရောင်သန်းလာတဲ့ အခုလိုအချိန်မျိုးမှာ ဒီအလင်းရောင်ကို မီးရှုးတန်ဆောင်ဖြစ်အောင် ထွန်းညှိကာ ရက်စက်ကြမ်းကြုတ်မှုတွေကို အဆုံးသတ်ရမယ့်ကိစ္စဟာ ရွေးကောက်ခံ အရပ်သားခေါင်းဆောင်တွေရဲ့ တာဝန်ဖြစ်ပါတယ်။

    ဘာသာလူမျိုးပေါင်းစုံရှိတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအတွက် အကြီးမားဆုံး စမ်းသပ်မှုတစ်ခုက အစိုးရဟာ လူများစုတွေနည်းတူ လူနည်းစုတွေအပေါ်မှာ သာတူညီမျှ ဆက်ဆံမလားဆိုတဲ့ ကိစ္စပါ။

    အရင်က ဒီမိုကရေစီရဲ့ အမှတ်သညာဖြစ်ခဲ့ဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောက်ပါစကားတစ်ခွန်းကို တက်ကြွလှုပ်ရှားသူတွေက မကြာခဏ ကိုးကားပြောဆိုတတ်ပါတယ်။

    “မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်မှုဟာ ​ဘ၀နဲ့ ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်တာ ဖြစ်သလို၊ ကျွန်မတို့ရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး လိုလားတောင့်တမှုတွေအတွက် တိုက်တဲ့ တိုက်ပွဲလည်း ဖြစ်ပါတယ်”

    တိုင်းပြည်ကိုအုပ်ချုပ်ဖို့ ထပ်လောင်းတာဝန်ပေးခံရတဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မိမိကိုယ်ကို ပြန်အဖတ်ဆယ်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ တရားမျှတမှု ပန်းတိုင်ဆီ ပြည်သူတွေကို ဦးဆောင်ခေါ်သွားနိုင်မယ့် ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာဖို့ မျှော်လင့်မိကြောင်းပါ …..

    Ref: The Diplomat

    (The Diplomat တွင် ဖော်ပြထားသည့် Challenges to Democracy and Hopes for Peace and Justice in Myanmar ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

  • လူ့အခွင့်အရေးဆုရ အသိုင်းအဝိုင်းမှ ဒေါ်အောင်ဆန်းစုကြည် ဖယ်ရှားခံရ

    လူ့အခွင့်အရေးဆုရ အသိုင်းအဝိုင်းမှ ဒေါ်အောင်ဆန်းစုကြည် ဖယ်ရှားခံရ

    စက်တင်ဘာ ၁၂၊ ၂၀၂၀
    M-Media

    -ဥရောပလွှတ်တော်ဟာ လူ့အခွင့်အရေးကာကွယ်မြှင့်တင်မှုဆု Sakharov Prize ကို ရရှိထားတဲ့ ဆုရအသိုင်းအဝိုင်းကနေ ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ရှားလိုက်ပြီး ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ အလိုတူအလိုပါဖြစ်တဲ့အတွက် ဒီလိုဆောင်ရွက်တာလို့ ဆိုပါတယ်။

    ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ဆုမရခင် တစ်နှစ်အရင် ၁၉၉၀ ပြည့်နှစ်မှာ ဥရောပလွှတ်တော်က Sakharov Prize ဆုကို ချီးမြှင့်ခဲ့တာပါ။

    ၁၉၉၀ ပြည့်နှစ်မတိုင်ခင်က ဆောင်ရွက်ချက်တွေအတွက် ဒီဆုကို ပေးအပ်ခဲ့တာဖြစ်ပြီး ဆုကို ပြန်သိမ်းလို့မရပေမယ့် ဆုရတဲ့အသိုင်းအဝိုင်းကနေ ဖယ်ထုတ်လိုက်တာဟာ ဒီဆုနဲ့ပတ်သက်လို့ အပြင်းထန်ဆုံး အရေးယူမှုဖြစ်တယ်လို့ ဥရောပလွှတ်တော်ရင်းမြစ်တစ်ခုက သတင်းဌာနတွေကို မနေ့မှာ ပြောကြားခဲ့ပါတယ်။

    ဒီလို ဖယ်ရှားခံလိုက်ရတာကြောင့် ဆုရသူတွေအတွက် ပြုလုပ်တဲ့ အခမ်းအနားတွေမှာ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် ပါဝင်ခွင့်ရတော့မှာ မဟုတ်ပါဘူး။ ကမ္ဘာတစ်ဝှမ်း လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ပေးတဲ့ လူတွေ၊ အဖွဲ့အစည်းတွေကို ရွေးချယ်ချီးမြှင့်တဲ့ Sakharov ဆုကို ၁၉၈၈ ခုနှစ်က စတင်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

    ၂၀၁၇ ခုနှစ်အတွငး် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုအတွင်း ရိုဟင်ဂျာအများအပြား အသတ်ခံရသလို ၇ သိန်းကျော်လောက်လည်း ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပါတယ်။

    ကုလစုံစမ်းစစ်ဆေးရေးမှူးတွေက ဒီကိစ္စမှာ လူမျိုးတုန်းသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်မျိုး ရှိနိုင်တယ်လို့ ပြောကြားခဲ့ပြီး မြန်မာစစ်တပ်နဲ့ အစိုးရအဖွဲ့တို့က ဒီစွပ်စွဲချက်ကို ငြင်းဆိုပါတယ်။

    Ref: Aljazeera

  • ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကို တရုတ်က ဘာ့ကြောင့် ရွေးကောက်ပွဲ နိုင်စေချင်တာလဲ

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကို တရုတ်က ဘာ့ကြောင့် ရွေးကောက်ပွဲ နိုင်စေချင်တာလဲ

    စက်တင်ဘာ ၆၊ ၂၀၂၀
    M-Media

    တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

    -စစ်တပ်လွှမ်းမိုးတဲ့ အုပ်ချုပ်ရေးစနစ် တစ်ကျော့ပြန်လာတာထက် ​ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ လက်ရှိအနေအထားက တရုတ်အကျိုးစီးပွားကို ပိုပြီး အမြတ်ထွက်စေပါလိမ့်မယ်။

    ရွေးကောက်ပွဲကာလကို ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး၊ ကိုဗစ်အရေး၊ စစ်ပွဲနဲ့ ငြိမ်းချမ်းရေးတွေဟာ လာမယ့် ရွေးကောက်ပွဲမဲဆွယ်မှုတွေမှာ လွမ်းမိုးဖို့ ရှိနေပါတယ်။

    ဒါပေမယ့် နိုင်ငံတကာအသိုင်းအဝိုင်းကတော့ ရွေးကောက်ပွဲအပြီး နိုင်ငံခြားရေးမူဝါဒ ဘယ်လားရာကို သွားမလဲဆိုတာအပေါ်မှာ အဓိကထား သုံးသပ်ပြောဆိုနေကြပါတယ်။ တရုတ်နဲ့ ပိုပြီး နီးနီးကပ်ကပ် ခိုင်ခိုင်မာမာ ရှိသွားမလား၊ ဒါမဟုတ် အမှီအခိုကင်းတဲ့ အခြေအနေကို ပိုသွားမလား ဆိုတာမျိုးပါ။

    တရုတ်ခေါင်းဆောင်တွေဟာ စစ်အာဏာရှင်အုပ်စုကို ပ,စားပေးပြီး တစ်ချိန်က ဒီမိုကရေစီပြယုဂ် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သံသယမျက်လုံးနဲ့ကြည့်တဲ့ အနေအထားမျိုးဟာ အပြောင်းအလဲကြီး ပြောင်းလဲသွားပါပြီ။

    ဒေါ်ဆောင်ဆန်းစုကြည်နဲ့ သူမရဲ့ NLD ပါတီကို ပိုအနိုင်ရစေချင်ပြီး လွှမ်းမိုးထိန်းချုပ်ရခက်တဲ့ ဗိုလ်ချုပ်တွေအပေါ် ယုံကြည်မှုမရှိဘူးဆိုတာမျိုး မကြာသေးခင်က ဆွေးနွေးမှုတွေမှာ တရုတ်အစိုးရ ကိုယ်စားလှယ်တွေက ပွင့်ပွင့်လင်းလင် ထုတ်ပြောတာမျိုးလည်း ရှိလာပါတယ်။

    စစ်တပ်နဲ့ နှစ်ကိုယ့်တစ်စိတ်ဖြစ်နေတဲ့ ပြည်ထောင်စု ကြံ့ခိုင်ဖွံဖြိုးရေးပါတီ (USDP) ဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ NLD ပါတီကို ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့ပြီး လာမယ့် နိုဝင်ဘာ ရွေးကောက်ပါမှာ ဒီထက်ပိုပြီး ခရီးရောက်မလားဆိုတာကလည်း မသေချာသေးပါဘူး။

    တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ရေး၊ တရုတ်အပေါ် မှီခိုမှုလျော့ချရေးဟာ သူတို့ရဲ့တာဝန်လို့ မြန်မာစစ်တပ်က ခံယူထားတဲ့အချိန်မှာ၊ ရိုဟင်ဂျာဒုက္ခသည် ပြဿနာကြောင့် အနောက်တိုင်းက မဟာမိတ်တွေ၊ ထောက်ခံသူတွေရဲ့မျက်နှာလွှဲခြင်းကို ခံလိုက်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စီးပွားရေးနဲ့ တစ်ခြားအကူအညီတွေအတွက် တရုတ်ဖက်ကို လှည့်လာပါတယ်။

    ၂၀၁၇ ခုနှစ် ဩဂုတ်လကစတင်ပြီး စစ်တပ်ရဲ့ စစ်ဆင်ရေးကြောင့် ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေ အသတ်ခံခဲ့ရပြီး သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးရတဲ့အခြေအနေဟာ ဒီကနေ့အချိန်အထိ ဆက်ဖြစ်နေတုန်းပါ။

    တစ်ချိန်က လူ့အခွင့်အရေးချန်ပီယံအဖြစ် ရှုမြင်ခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလနဲ့ အခြားအဖွဲ့တွေက “လူမျိုးတုန်းသတ်ဖြတ်မှု” ဖြစ်ဖွယ်ရာရှိတယ်လို့ ခေါင်းစဉ်တပ်ထားတဲ့ သတ်ဖြတ်မှုကို ရှုတ်ချပြစ်တင်မှု မရှိခဲ့ပါဘူး။ ဒါ့ကြောင့်ပဲ အနောက်တိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အချစ်တော်ဘ၀ကနေ၊ ဝေဖန်ခံဘ၀ကို တမဟုတ်ချင်း ရောက်သွားခဲ့ပါတယ်။

    မြန်မာနိုင်ငံရဲ့ ခိုင်ခိုင်မာမာမရှိတဲ့ နိုင်ငံခြားဆက်ဆံရေးမှာ တတိယအင်အားစုတစ်ခုက ဂျပန်နိုင်ငံ ဖြစ်ပါတယ်။ ဂျပန်ဟာ ဒေသတွင်း ပထဝီနိုင်ငံရေးအပြောင်းအလဲအန္တရာယ်ကို သတိပြုမိတဲ့အတွက် အနောက်နိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် ပြစ်တင်ရှုတ်ချမှုမှာ မပါခဲ့ပါဘူး။

    ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆု မိုတီဂီဟာ ဩဂုတ်လ ၂၁ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ပါပူအာ နယူးဂီနီ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံတို့ကို လာရောက်လည်ပတ်ခဲ့ပြီး ဒီနိုင်ငံတွေမှာ ဂျပန်ရဲ့တည်ရှိမှုကို ပိုမိုအား​ကောင်းစေဖို့ ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေတဲ့အချိန်မှာ ပေါ်ပေါက်လာတဲ့ ဒီလည်ပတ်မှုဟာ ဒေသတွင်း အဓိကကျလာတဲ့ တရုတ်ကို တန်ပြန်ရေးဆိုတဲ့ ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကို ပိုမို ပေါ်လွင်စေပါတယ်။

    မြန်မာနိုင်ငံမှာ မိုတီဂီဟာ ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့တွေ့ဆုံခဲ့ပါတယ်။ Covid-19 ပြန့်နှံ့မှု ထိန်းချုပ်ရေး နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးမယ်လို့ မိုတီဂီက ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ရာမှာ ကတိပြုခဲ့ပြီး၊ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကျောင်းသားတွေ ​ခရီးသွားလာရေး ပိုကောင်းအောင် စီစဉ်ပေးဖို့လည်း နှစ်ဖက် သဘောတူညီခဲ့ကြပါတယ်။

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဆွေးနွေးမှုမှာတော့ မိုတီဂီက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ပံ့ကူညီပေးမယ်လို့ ကတိ​ပြုခဲ့ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်ကတော့ ထူးဆန်းနေပါတယ်။ မိုတီဂီနဲ့ ဗိုလ်ချုပ်မှူးကြီးတို့ဟာ တောင်တရုတ်ပင်လယ်အရေး အပါအဝင် ဒေသတွင်းကိစ္စရပ်တွေကို အမြင်ချင်းဖလှယ်ခဲ့ကြပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ အသေးစိတ်မဟုတ်ဘဲ အကြမ်းဖျင်းသာ ဖော်ပြခဲ့ပါတယ်။

    မိုတီဂီရဲ့ ​ဒေါ်အောင်ဆန်းစုကြည်ကို ပေးခဲ့တဲ့ကတိဟာ မြန်မာနိုင်ငံအပေါ်မှာရှိတဲ့နေတဲ့ တရုတ်ရဲ့ ခိုင်မာတဲ့ လွှမ်းမိုးမှုကို လှုပ်ခတ်ဖို့ လုံလောက်မှုရှိလားဆိုတာ ဆက်ကြည့်ရမှာပါ။ အမြန်ရထားလိုင်း၊ အဝေးပြေးကားလမ်းတွေဆောက်လုပ်ရေး၊ မြစ်တွေက ရေလမ်းကြောင်းတွေကို အဆင့်မြှင့်တင်ရေးတွေ ပါဝင်တဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် (CMEC) စီမံကိန်းကို ဒါကို ထင်ထင်ရှားရှား မြင်ရမှာပါ။

    ဒီစီမံကိန်းဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ကမ္ဘာ့အခြေခံအဆောက်အဦး စီမံကိန်း Belt and Road Initiative (BRI) နဲ့ အဓိကကျတဲ့ ချိတ်ဆက်မှုတစ်ခု ဖြစ်ပါတယ်။
    စစ်အေးခေတ်သစ်မှာ အမေရိကန်နဲ့ တင်းမာမှု မြင့်တက်လာတဲ့အချိန် BRI ဟာ အိမ်နီးချင်း အရှေ့တောင်အာရှဒေသမှာ ပိုပ​ြီး အရေးပါလာမှာပါ။

    အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ရှိတဲ့ မြန်မာနိုင်ငံဟာ အရှေ့အလယ်ပိုင်း၊ အာဖရိက၊ ဥရောပတိုနဲ့ တရုတ်ရဲ့ ကုန်သွယ်မှုမှာ ရွေးချယ်စရာ လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။ လက်ရှိမှာ တရုတ်ဟာ ဒီကုန်သွယ်မှုအတွက် တင်းမာမှုတွေရှိနေတဲ့ တောင်တရုတ်ပင်လယ်၊ လမ်းကြောင်းရှုပ်တဲ့ မလကာရေလက်ကြားတို့လို မလုံခြုံတဲ့ လမ်းကြောင်းကို သုံးနေရတာပါ။

    ဇန်နဝါရီလက သမိုင်းဝင်မြန်မာနိုင်ငံခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ
    ဒေါ်အောင်ဆန်းစုကြည်၊ အခြားအရပ်ဖက်တာဝန်ရှိသူ အများစုနဲ့ တွေ့ဆုံရာမှာ အခြေခံအဆောက်အဦး စီမံကိန်း ၁၃ ခုအပါအဝင် အနည်းဆုံး နားလည်မှုစာချွန်လွှာ ၃၃ ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

    ဒီသဘောတူညီချက်တွေထဲမှာ ကျောက်ဖြူမြို့နယ်အနီး ဒေါ်လာ ဘီလီယံချီတန်တဲ့ အထူးစီးပွားရေးဇုန်နဲ့ စက်မှုဇုန်တစ်ခု တည်ဆောက်ဖို့လည်း ပါဝင်ပါတယ်။ လက်ရှိ ကျောက်ဖြူမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုနဲ့ ရေနက်ဆိပ်ကမ်းတစ်ခု တည်ဆောက်နေပါတယ်။

    အခြားတစ်ဖက်မှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဇွန်လက မော်စကိုခရီးစဉ်အတွင်း ရုရှားသတင်းဌာနနဲ့ အင်တာဗျူးမှာ ‘အင်အားကြီးတိုင်းပြည်တွေရဲ့ ထောက်ပံ့မှုကြောင့် မြန်မာနိုင်ငံမှာ အကြမ်းဖက်အဖွဲ့တွေ တည်ရှိနေတယ်’ လို့ ပြောကြားခဲ့ပါတယ်။

    ဗိုလ်ချုပ်မှူးကြီးဟာ အဖွဲ့အစည်းအမည်၊ အင်အားကြီးနိုင်ငံတွေကို ထုတ်မပြောခဲ့ပေမယ့် နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်က တရုတ်ထုတ်လုပ်နက်တွေ အသုံးပြုနေတဲ့ အာရကန်အာမီ (AA) ကို ညွှန်းဆိုတယ်ဆိုတာ ထင်ရှားပါတယ်။

    ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းကလည်း နိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်မှာ ​အသစ်ချက်ချွပ် လောင်ချာတွေ၊ မြေပြင်ကဝေဟင်ပစ်ဒုံးကျည်တွေအပါအဝင် တရုတ်လက်နက် အမြောက်အများကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုထံကနေ သိမ်းဆည်းရမိခဲ့ပါတယ်။

    မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ ‘မုန့်တစ်ဖက် တုတ်တစ်ဖက်ပေါ်လစီ’ က တစ်ဖက်မှာ ချေးငွေ၊ ထောက်ပံ့ငွေ၊ ၊ ကိုဗစ်တိုက်ဖျက်ရေး အထောက်အပံ့တွေပေးပြီး တစ်ဖက်မှာတော့ သူတို့ရဲ့ တရားမဝင် လက်နက်စျေးကွက်ကြီးမှာ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ချို့ကို ဝင်ရောက်လှုပ်ရှားခွင့် ပေးထားတာမျိုး ဖြစ်ပါတယ်။ ဒီလက်စျေးကွက်ဟာ Black Market ဆိုတာထက် Grey Market ဖြစ်ပါတယ်။

    Covid-19 ပြဿနာရှိနေပြီး၊ အစိုးရ၊ စစ်ဖက်တာဝန်ရှိသူတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးမှု အမြောက်အများ လုပ်ခဲ့ပေမယ့် နယ်စပ်ဒေသတွေမှာ ပြည်တွင်းစစ်က ဆက်ဖြစ်နေပြီး ဒီကိစ္စမှာ တရုတ်ရဲ့လွှမ်းမိုးမှု အကြီးအကျယ် ပါဝင်နေတယ်ဆိုတာ ထင်ထင်ရှားရှားကို တွေ့ရပါတယ်။

    အရင်သမ္မတ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန် ၂၀၁၁ ခုနှစ်မတ်လ အာဏာရပြီးမကြာခင်မှာ စတင်ခဲ့ပြီး လက်ရှိ ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်အထိ ဆက်လက်ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အနောက်နိုင်ငံတွေနဲ့ ဂျပန်တို့က လိုလိုလားလား အားပေးထောက်ခံခဲ့ပါတယ်။

    ဒါပေမယ့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) မှာတော့ လက်နက်ကိုင်အဖွဲ့ လက်တစ်ဆုပ်သာ ပါဝင်ပြီး အဲဒီအထဲကတစ်ချို့ဟာ လက်နက်မရှိ၊ ထိန်းချုပ်နယ်မြေမရှိတဲ့အဖွဲ့တွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လကလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုမှာလည်း နောက်ထပ်ဆွေးနွေးမှုထပ်လုပ်ဖို့ သဘောတူညီချက်ရတာ​လောက်နဲ့ပဲ အဆုံးသတ်ခဲ့ပါတယ်။

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကျော်လောက်ရှိမယ့် အဖွဲ့တွေဟာ NCA မှာ လက်မှတ်မထိုးထားဘဲ နောက်ပိုင်းလည်း ထိုးဖို့မရှိဘူးဆိုတဲ့ အခြေအနေတစ်ရပ်လည်း ရှိနေပါတယ်။ အဖွဲ့ ၇ ခုပါဝင်တဲ့ အဲဒီအုပ်စုဟာ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC) ဆိုတဲ့ ခေါင်းစဉ်နဲ့စုစည်းထားကြပြီး အဖွဲ့အားလုံးဟာ တရုတ်နဲ့ နီးစပ်တဲ့ ဆက်ဆံရေး ရှိပါတယ်။

    အဲဒီအဖွဲ့တွေထဲက အင်အားအတောင့်တင်းဆုံးက ၀ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) ဖြစ်ပါတယ်။ ချေမှုန်းရေးရိုင်ဖယ်၊ စက်သေနက်၊ မော်တာသေနတ်၊ မြေပြင်ကဝေဟင်ပစ်ဒုံးကျည်၊ အပေါ့စားနဲ့ အခြားစစ်သုံးယာဉ်တွေ တပ်ဆင်ထားပြီး အကုန်လုံးက တရုတ်လုပ်တွေ ဖြစ်ပါတယ်။

    အဓိကမဟာမိတ်ဖြစ်တဲ့ AA ဟာ FPNCC က အခြားအဖွဲ့ဝင်တွေကနေတစ်ဆင့် UWSA ထံကနေ လက်နက်တွေ ရရှိပါတယ်။ နိုင်ငံမြောက်ပိုင်းက အင်အားကောင်းတဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နယ်မြေတစ်ချို့ကို ထိန်းချုပ်ထားတဲ့ ပလောင်အဖွဲ့ တအန်းလွတ်မြောက်ရေးတပ် (TNLA) တို့ကလည်း ဒီလိုနည်းလမ်းတွေနဲ့ လက်နက်တွေ ရနေပါတယ်။

    အနောက်နိုင်ငံတွေနဲ့ ဂျပန်တို့ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ကာ ဆယ်စုနှစ်ချီကြာနေတဲ့ ပြည်တွင်းစစ် အဆုံးသတ်ရေး ကြိုးပမ်းမှုတွေကို ပိုမိုထောက်ပံ့ကူညီဖို့ ကတိပြုကောင်းပြုနိုင်ပါတယ်။ ဒါပေမယ့် မကြာသေးခင်က FPNCC အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံမှုအတွင်း တရုတ်တာဝန်ရှိသူတွေက အနောက်နိုင်ငံတွေ ဒါမှမဟုတ် ဂျပန်နိုင်ငံတို့က ငြိမ်းချမ်းရေးဆွေးနွေးသူတွေ၊ အခြားတာဝန်ရှိသူတွေနဲ့ ဘယ်လိုသဘောတူညီမှုမျိုးမှမယူဖို့ ပြောခဲ့ပါတယ်။

    ဒါ့ကြောင့် တရုတ်ဟာ သူ့ရဲ့ တုတ်ကြီးကြီးကို စွန်လွှတ်မယ့် ရည်ချက်မျိုး မရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း တွေ့ရပါတယ်။ လတ်တလော ဖြစ်ပေါ်တိုးတက်မှုတွေကလည်း အခြားနိုင်ငံတွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်လိုမှ တိုးလို့မရဘူးဆိုတာကို ပြသနေပါတယ်။

    အနောက်နိုင်ငံတွေ ရိုဟင်ဂျာကိစ္စမှာ နစ်မွန်းနေပြီး ဂျပန်နိုင်ငံကလည်း မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းကာ ပိုမိုကောင်းမွန်အောင် အစွမ်းကုန်ကြိုးပမ်းနေတဲ့အချိန် တရုတ်ကတော့ ‘ချက်ကောင်း’ ကို ကိုင်ထားနိုင်တုန်းပါ။ နိုဝင်ဘာရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တို့ အာဏာထပ်ရပြီး ဒီမိုကရေစီအသွင်ကူးပြောင်းမှု ဆက်ရှိနေစေမယ့် အခြေအနေကို တရုတ်က ဘာ့ကြောင့် ထောက်ခံအားပေးနေလဲဆိုတာ ဒီုအချက်တွေကိုကြည့်ရင် ထင်ထင်ရှားရှား သိနိုင်မှာ ဖြစ်ကြောင်းပါ။

    Ref: Asia Times

    (Asia Times သတင်းဌာနတွင် ဖော်ပြထားသည့် Why China wants Suu Kyi to win Myanmar’s polls ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

  • သမ္မတရှီကျင့်ဖျင်အမည်ကို Mr S***hole ဟု ဘာသာပြန်ခဲ့မှု Facebook ပြန်တောင်းပန်

    သမ္မတရှီကျင့်ဖျင်အမည်ကို Mr S***hole ဟု ဘာသာပြန်ခဲ့မှု Facebook ပြန်တောင်းပန်

    ဇန်နဝါရီ ၁၉၊ ၂၀၂၀
    M-Media

    -တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ အမည်ကို မြန်မာဘာသာစကားကနေ အင်္ဂလိပ်ဘာသာစကားကို အလိုအလျောက်ပြန်ဆိုရာမှာ မဖွယ်မရာစကားလုံး ဖြစ်သွားတဲ့အတွက် Facebook က ပြန်လည် တောင်းပန်လိုက်ပါတယ်။

    မြန်မာနိုင်ငံကိုလာရောက်တဲ့ ရှီကျင့်ဖျင်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ Facebook စာမျက်နှာက မြန်မာလို ရေးသားထားမှုကို ဘာသာပြန်ဆိုရာမှာ ဒီလို ဖြစ်ပွားခဲ့တာပါ။

    ‘တရုတ်သမ္မတ ရှီကျင့်ဖျင် ညနေ ၄ နာရီတွင် မြန်မာနိုင်ငံသို့ရောက်ရှိ’ ဆိုတဲ့ စာကြောင်းကို “Mr Shole, President of China arrives at 4PM” အဖြစ်၊ ‘တရုတ်သမ္မတ ရှီကျင့်ဖျင် လွှတ်တော် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုး’ ဆိုတဲ့ စာကြောင်းကိုPresident of China, Mr Shole, signed a guest record of the house of representatives” အဖြစ် Facebook ရဲ့ အလိုအလျောက် ဘာသာပြန်မှုစနစ်ကနေ ဘာသာပြန်ဆိုခဲ့တာ ဖြစ်ပါတယ်။

    Facebook ပလက်ဖောင်းမှာ ဒီဘာသာပြန်မှု ဘယ်လောက်ကြာကြာရှိခဲ့လဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရဘဲ Google Translate မှာတော့ ဒီလိုမှားယွင်းမှုမျိုး မရှိခဲ့ပါဘူး။

    Facebook ကတော့ ဘာသာပြန်ဆိုမှု မှားယွင်းတာဟာ နည်းပညာဆိုင်ရာ ပြဿနာကြောင့်ဖြစ်ပြီး ဒါကို ပြင်ဆင်ပြီးဖြစ်ကြောင်း၊ ဒါမျိုး နောက်ထပ်မဖြစ်အောင် လုပ်ဆောင်သွားမှာဖြစ်ပြီး ဒီလို ရိုးရိုးသားသား မှားယွင်းမှုအတွက် တောင်းပန်ပါကြောင်း မနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    မိမိတို့ရဲ့ မြန်မာဘာသာစကား ဒေတာဘေ့စ်မှာ ‘ရှီကျင့်ဖျင်’ ဆိုတဲ့အမည် ထည့်သွင်းမထားမိဘူးလို့လည်း Facebook က ဆိုပါတယ်။ မြန်မာစာနဲ့ ‘ဇီ’ ‘ရှီ’ ဆိုတဲ့စကားလုံးတွေ ရိုက်ကြည့်ရာမှာ ‘sh**hole’ ဆိုတဲ့ ဘာသာပြန်ဆိုမှုသာ ထွက်ပေါ်လာပါတယ်။

    မြန်မာဘာသာစကားကို အင်္ဂလိပ်ဘာသာပြန်ဆိုရာမှာ Facebook ဟာ အရင်ကလည်း ပြဿနာမျိုးစုံ ကြုံတွေ့ခဲ့ရဖူးပါတယ်။ မြန်မာစကားလုံး တော်တော်များများကို မှားယွင်းဘာသာပြန်ထားတယ်လို့ Reuters သတင်းဌာန ဖော်ပြခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ Facebook ဟာ ဒီဘာသာပြန်မှု လုပ်ဆောင်ချက်ကို ခဏတာ ပိတ်ပင်ခဲ့ပါတယ်။

    Ref: Aljazeera

  • လူ့အခွင့်အရေး လေးစားရန် ရဲတပ်ဖွဲ့ကို တိုင်ပင်ခံတိုက်တွန်း

    လူ့အခွင့်အရေး လေးစားရန် ရဲတပ်ဖွဲ့ကို တိုင်ပင်ခံတိုက်တွန်း

    ဒီဇင်ဘာ ၂၁၊ ၂၀၁၉
    M-Media

    -တာဝန်ထမ်းဆောင်တဲ့အခါမှာ အင်အား အလွန်အကျွံသုံးစွဲမှုကို ရှောင်ရှားဖို့နဲ့ နိုင်ငံတကာ စံချိန်စံညွှန်းတွေအတိုင်း လိုက်နာဆောင်ရွက်ဖို့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က းရဲတပ်ဖွဲ့ဝင်ကို တိုက်တွန်းလိုက်ပါတယ်။

    နိုင်ငံတော်အတိုင်ပင်ခံဟာ ဗုဒ္ဓဟူးနေ့က ရဲတပ်ဖွဲ့ အကြီးတန်းတာဝန်ရှိသူတွေနဲ့ နေပြည်တော်က ပြည်ထဲရေးဝန်ကြီးဌာနမှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

    “တာဝန်ထမ်းဆောင်ရာမှာ အင်အားအလွန်အကျွံ သုံးစွဲတာဟာ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တယ်။ ပြည်သူတွေကို ကာကွယ်ရာမှာ ရဲတပ်ဖွဲ့က အဓိကအခန်းကဏ္ဍကနေ ပါဝင်တာကြောင့် မိမိတို့ရဲ့တာဝန်ထမ်းဆောင်မှုအတွက် ဂုဏ်ယူရပါမယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

    ဖွံ့ဖြိုးတည်ငြိမ်တဲ့ ကမ္ဘာ့နိုင်ငံတွေမှာ ရဲတပ်ဖွဲ့ဟာ ပြည်သူလူထုရဲ့ ယုံကြည်မှုကို ရရှိထားကြတယ်လို့လည်း ဆိုပါတယ်။

    မြန်မာတစ်နိုင်ငံလုံးမှာ ရဲတပ်ဖွဲ့ဝင်အင်အား ၈ သောင်းသာရှိပြီး အင်အား အလွန်နည်းပါးနေတာကို တာဝန်ရှိသူတွေက နိုင်ငံတော်အတိုင်ပင်ခံကို တင်ပြခဲ့ပါတယ်။ ကမ္ဘာ့စံနှုန်းအရ ပြည်သူ ၄၀၀ မှာ ရဲတစ်ယောက်နှုန်းဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ ပြည်သူ ၁၃၀၀ မှာ ရဲတစ်ယောက်နှုန်း ဖြစ်နေပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံတစ်ဝှမ်း ရဲတပ်ဖွဲ့ဝင်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲကို အသိအမှတ်ပြုပြီး ဒါတွေကို ဖြေရှင်းပေးဖို့အတွက် အကောင်းဆုံး ကြိုးစားဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    အထက်အရာရှိတွေအနေနဲ့ အောက်ခြေတပ်ဖွဲ့ဝင်တွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့ ၊ ပြည်သူတွေရဲ့ လေးစားမှုကို အရယူဖို့လည်း နိုင်ငံတော်အတိုင်ပင်ခံက တိုက်တွန်းခဲ့ပါတယ်။

    Ref: mmtimes