News @ M-Media
Tag: DEMOCRACY
  • ဂူလန် လှုပ်ရှားမှု၊ အာဒိုဂန်နဲ့ တူရကီ ဒီမိုကရေစီ တခန်းရပ် ဇာတ်သိမ်းခန်း
    ဂူလန် လှုပ်ရှားမှု၊ အာဒိုဂန်နဲ့ တူရကီ ဒီမိုကရေစီ တခန်းရပ် ဇာတ်သိမ်းခန်း
    ဇူလိုင် ၂၁ ၊ ၂၀၁၆
    ဆောင်းပါးရှင်-မြင်သစ်
    .Trukey
    လတ်တလော သတင်းတွေ မြင်ထား ကြားထားတဲ့ စာဖတ်သူတွေအတွက် ဒီခေါင်းစဉ်က ဝေဝါးသွားစေမည်မှာ အသေအချာပင်။
    .
    လောလောဆယ် ကမ္ဘာကြီးက သိထားတဲ့ အာဒိုဂန်က စစ်တပ်အာဏာသိမ်းမှုကို မမှု မရွံ့ ပြည်သူ့အင်အားနဲ့ တန်ပြန်အောင်နိုင်ခဲ့သူ ဒီမို သူရဲကောင်းကြီး။
    .
ြဿနာတွေရဲ့ အစက တူရကီ ဒီမိုကရေစီ ဇာတ်သိမ်းခန်း နိဒါန်းလို့ပြောရမယ့် ၂၀၁၃က ဖြစ်ခဲ့တဲ့ အာဒိုဂန်နဲ့ ဝန်ကြီးအဖွဲ့ ခြေရှုပ်ခဲ့တဲ့ ချစားမှုကြီးပါ။
    .
    ဒီမိုကရေစီ စစ်စစ်ကို ကျင့်သုံးတဲ့ ယခင်တူရကီမှာ တရားရေးက အုပ်ချုပ်ရေးလက်အောက်မဟုတ်ဘဲ သီးသန့် ရပ်တည်နိုင်ခဲ့ပါတယ်။
    .
    အဲ့တော့ အဲ့ဒီ လာဘ်စားမှုကို တရားရေးဘက်က လိုက်လံဖော်ထုတ်အရေးယူရင်း မြို့ တော်ဝန်တစ်ယောက်၊နိုင်ငံတော် ဘဏ်ရဲ့ ဒါရိုက်တာ၊ စီးပွားရေးသမားတွေနဲ့ ဝန်ကြီးအချို့ရဲ့ မိသားစုဝင်တွေပါ ဖမ်းဆီးခံခဲ့ရပါတယ်။
    .
    ထိုချိန်က ဝန်ကြီးချုပ် အာဒိုဂန်နဲ့ မိသားစုဝင်တွေပါ ပါဝင်ပတ်သက်နေတဲ့ အသံတွေ ထွက်လာခဲ့ပြီး အမှုကို ဖိအားပေး ရပ်ဆိုင်းခြင်းခံလိုက်ရပါတယ်။
    .
    အာဒိုဂန်နဲ့ အစိုးရဖွဲ့က အာဏာသုံးပြီး အမှုဖော်ထုတ်ရေးမှာ ပါဝင်ခဲ့တဲ့ တရားရေးနဲ့ ပြည်ထဲရေး အရာရှိတွေကို ထုတ်ပယ် ဖမ်းဆီးတာတွေ တန်ပြန်လုပ်ခဲ့ပါတယ်။
    .
    ဖမ်းဆီးထားတဲ့ သူတွေကို ပြန်လွှတ်ပေးခဲ့ပြီး နိုင်ငံရေးနဲ့ အုပ်ချုပ်ရေး အာဏာသုံးပြီး တရားရေးကို အုပ်ချုပ်ရေးအောက်ပြန်ထည့်ခဲ့ပါတယ်။
    .
    အာဒိုဂန်က သူ့ဝန်ကြီး သုံးဦးကိုတော့ ထုတ်ပလိုက်တယ်။
    .
    အဲ့ဒီနောက် အာဒိုဂန်က ဖသုလ်လာဟ်ဂူလန်ကို စွပ်စွဲ တိုက်ခိုက်တော့တာပါပဲ၊ ရန်ငြိုးထားတော့ပါပဲ။
    .
    အဲ့ဒီမှာ ဖသုလ်လာဟ်ဂူလန် ဘယ်သူလဲပေါ့။ သူက တူရကီလူမျိုး ကမ္ဘာကျော် တွေးခေါ်ပညာရှင် စာရေးဆရာ ပညာရေး ငြိမ်းချမ်းရေးနဲ့ လူမှုရေးတက်ကြွလှုပ်ရှားသူ အစ္စလာမ့် ပညာရှင်။
    .
    တူရကီမှာရော နိုင်ငံတကာမှာပါ သူ့ကို လေးစားချစ်ခင်သူ သန်းချီရှိပြီး ကမ္ဘာက အလယ်အလတ်ကျ အစွန်းမရောက်တဲ့ အစ်စလာမ့် ပြယုဂ် အဖြစ် လက်ခံထားခံရသူ။
    .
    ကာ့ဒ်လူမျိုး တွေးခေါ်နဲ့ အစ္စလာမ့် ပညာရှင် စအီးဒ်နူစရီရဲ့ နူရ်လှုပ်ရှားမှု ခေါ် ဘာသာရေးနဲ့ ဥာဏ်သစ်လောင်း လှုပ်ရှားမှုကို ဆက်ခံခဲ့သူ။
    .
    စအီးဒ်နူစရီက ကမ္ဘာကြီးမှာ လူသားတွေ အတိဒုက္ခရောက်နေရတာဟာ အဓိကက ပညာမဲ့လို့၊ ဆင်းရဲလို့နဲ့ မညီညွတ်လို့ဆိုပြီး ဖွင့်ဆိုပြခဲ့တယ်။
    .
    အဲ့ဒီအတွက် အဖြေအဖြစ် ပညာရေးမှာ ရင်းနှီးမြှုပ်နှံဖို့၊ လူမှုဖွံ့ ဖြိုးရေးတွေ လုပ်ဖို့နဲ့ မတူကွဲပြားတဲ့ လူ့အသိုင်းအဝန်းတွေကြား ဆက်ဆံရေးတည်ဆောက်ဖို့ ချပြခဲ့တယ်။
    .
    ခေတ်ပြိုင်ဖြစ်ပေမယ့် ပညာရှင် စအီးဒ်ကို မဆုံဘူးလိုက်တဲ့ ဂူလန်လေးဟာ သူ့ ရဲ့ နာမည်ကျော် ရိစာအိလ်နူးရ် အလင်းရဲ့သတင်းစကားဆိုတဲ့ ကျမ်းတွဲကို လေ့လာမိပြီး သူ့ရဲ့အတွေးအခေါ်တွေကို လက်တွေ့ အကောင်အထည်ဖော်သူ ဖြစ်လာခဲ့တယ်။
    .
    ဘာသာရေးပညာရှင်နဲ့ ခေါင်းဆောင်တစ်ဦးဖြစ်လာသူ ဂူလန်ဟာ နိုင်ငံအနှံ့ သွားရောက်ပြီး လူငယ်တွေကို ဘာသာရေး၊ပညာရေး၊ အကျင့်စာရိတ်တနဲ့ ပရဟိတပိုင်းတွေ ဟောပြောစည်းရုံးပြီး လူသားကောင်းကျိုးပြုဖို့ တိုက်တွန်းနှိုးဆော်ခဲ့တယ်။
    .
    ဘာသာရေးနဲ့ ခေတ်ပညာရေးကို ချိတ်ဆက်အကောင်ထည်ဖော်ခဲ့တယ်။ ဘာသာရေးရော ပညာရည်ပါပြည့်လာတဲ့ လူငယ်တွေဟာ တိုင်းပြည်ရဲ့ ဦးဆောင်မှုပိုင်းမှာ ပါဝင်ခွင့်ရလာခဲ့တယ်။
    .
    အာဒိုဂန်နဲ့ သူ့  ယခင်ဝန်ကြီးအချို့ကိုယ်တိုင် အဲ့ဒီ ပထမမျိုးဆက်တွေပါ။
    .
    နောက်ပြီး ဂူလန်ဟာ လူငယ်တွေကို ကမ္ဘာကြီးကို အလှဆင်ဖို့ နေရာအနှံ့  ခြေဆန့်ပေးဆပ်ကြဖို့ ဟောပြောခဲ့တယ်။
    .
    ငြိမ်းချမ်းရေးနဲ့ ချစ်ကြည်ရေးကို လုပ်ဆောင်ကြဖို့ ဆော်သြခဲ့ပြီး မိမိကိုယ်တိုင်လည်း ဂျူးနဲ့ ခရစ်ယာန် ရဟန်းမင်းကြီးတွေနဲ့တွေ့ဆုံခဲ့တယ်။
    .
    သူက အကြမ်းမဖက်လမ်းစဉ်ကို စွဲကိုင်ထားပြီး ဒီမိုကရေစီကို အားပေးပြီး တရားနည်းလမ်းကြ စီးပွားရှာဖို့ မီဒီယာကို ဖွံ့ဖြိုးအောင်လုပ်ဖို့လည်း တိုက်တွန်းခဲ့တယ်။
    .
    ဂူလန်ဟာ သူ့ဘဝတစ်ခုလုံးကို လူမှုတိုးတက် ပြုပြင်ပြောင်းလဲရေးအတွက် စာရေးသားခြင်း ဟောပြောခြင်းနဲ့ ကုန်ဆုံးစေခဲ့တယ်။
    .
    အဲ့ဒီအကျိုးဆက်အနေနဲ့ တူရကီလူငယ်တွေကနိုင်ငံတွင်းရော နိုင်ငံတကာမှာပါ ကျောင်းတွေ ဖွံ့၊လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေ ဆောင်ရွက်၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအသင်းအဖွဲ့တွေ တည်ထောင်၊ မီဒီယာနဲ့ ဘဏ်လုပ်ငန်းတွေ လုပ်လာကြတယ်။
    .
    အဲ့ဒီ အလုံးစုံဖွံ့ဖြိုးရေးလှုပ်ရှားမှုကို တူရကီလို Hizmet ပေးဆပ်ခြင်း အကျိုးဆောင်ခြင်းဆိုပြီး ခေါ်ကြတယ်၊ အချို့ကလည်း အစပျိုး နှိုးဆော်ခဲ့တဲ့ ဂူလန်ကို အစွဲပြုပြီး ဂူလန်လှုပ်ရှားမှုဆိုပြီးခေါ်ကြတယ်။
    .
    ဂူလန်ဟာ သူ့ရဲ့ ဟောပြောရေးသားမှုတွေကနေတဆင့် လူငယ်တွေကို တွေးတတ်မြင်တတ် ပေးဆပ်ရဲ ဖောက်ထွက်ရဲစေခဲ့တာဖြစ်ပြီး အဲ့ဒီ့လူငယ်တွေရဲ့ လုပ်ငန်းတွေမှာ အုပ်ချုပ်ရေး ငွေရေးကြေးရေးအရ လုံးဝပတ်သက်ခြင်းမရှိခဲ့ပါ။
    .
    ဂူလန် စေ့ဆော်တဲ့ လှုပ်ရှားမှုကြီးရဲ့ လက်ထွက် ပထမမျိုးဆက်တွေ ဖြစ်တဲ့ အာဒိုဂန်နဲ့ အစိုးရအဖွဲ့ဟာ အစောပိုင်းမှာ ဂူလန်နဲ့ မဟာမိတ်ရင်းတွေ ဖြစ်ခဲ့ပါတယ်။
    .
    ဒါပေမယ့် ဆရာတပည့်ကြားမှာ အက်ကြောင်းတွေ ဖြစ်လာခဲ့ပါတယ်။ တူရကီမှ ဂါဇာသို့ လူသားချင်းစာနာမှု ထောက်ပံ့ သင်္ဘောလွှတ်ရာမှာ အစ္စရေးက သံသယနဲ့ တိုက်ခိုက်ခဲ့တဲ့လကိစ္စမှာ ဂူလန်က တူရကီအနေနဲ့ အစ္စရေးကို တရားဝင် အကြောင်းကြားသင့်ကြောင်း တိုက်ခိုက်ခံရမှုကို ရှောင်ကာ ထောက်ပံ့မှု အောင်မြင်မည်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပြီး အာဒိုဂန်ကတော့ မွတ်စလင်မ် ကမ္ဘာနဲ့အတူ ပေါက်ကွဲပြခဲ့ပါတယ်။
    .
    နောက် ကာ့ဒ်ဒေသအရေးပါ။ ဂူလန်က ကာ့ဒ်ခွဲထွက်မှုကို ရပ်တန့် လိုလျှင် ကာ့ဒ်ဒေသကို ငြိမ်ချမ်းစေလိုလျှင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဖို့လိုကြောင်း ခံယူပြီး ပညာရေးနဲ့ လူမှုရေးလုပ်ငန်းတွေမှာ မြှုပ်နှံဖို့ စပျိုးခဲ့တယ်။ တူရကီလူမျိုးကြီးဝါဒီ နိုင်ငံရေးနဲ့ စစ်တပ်အင်အားစုအတွက် ကာ့ဒ်အရေးဟာ နိုင်ငံရေးလက်နက်ကောင်းဖြစ်တာမို့လို့ Hizmet ရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လက်ဝင်ခွင့်မရခဲ့ပါဘူး။
    .
    နောက်အက်ကွဲကြောင်းတစ်ခုကတော့ ဆီးရီးယားအရေးပါ။ အာဒိုဂန်က စစ်ရေးအရ ဝင်ပါလိုချိန်မှာ ဂူလန်က အကြမ်းမဖက် လူမှုပြောင်းလဲရေးကိုသာ ယုံကြည်ထားသူဖြစ်ပြီး စစ်ရေးစွက်ဖက်မှုကို လုံးဝဆန့်ကျင်ခဲ့ပါတယ်။
    .
    လုံးဝကို အက်ကွဲသွားစေတဲ့ အရာကတော့ လာဘ်စားချစား အပုပ်နံထွက်မှုမှာပါ။ အာဒိုဂန်က ဒီလုပ်ရပ်ဟာ ဂူလန်က သူ့အစိုးရကို ဖြုတ်ချဖို့လုပ်တာ၊ ဂူလန်က စင်ပြိုင်အစိုးရထောင်တာဆိုပြီး စွပ်စွဲတိုက်ခိုက်တော့တာပါပဲ။
    .
    အဲ့ဒီအချိန်မှာ ဂူလန်ဟာ သူ့  ကျန်းမာရေးအတွက်ဆိုပြီး အမေရိကန်မှာ သွားနေနေပါပြီ။ ကျန်းမာရေး အကြောင်းအပြင် secularist ဘာသာရေးမဖက်နိုင်ငံရေး ထောက်ခံသူတွေနဲ့ ဘာသာမဲ့ စစ်တပ်နဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ ခြိမ်းခြောက်မှုကနေ ရှောင်တာလည်း ပါမှာပါ။
    .
    ဂူလန်ဟာ အသက် ၇၇နှစ်ရှိပြီး နာတာရှည် သွေးချိုနဲ့ နှလုံးရောဂါကို ခံစားနေရပါတယ်။
    .
    တခြားနိုင်ငံတွေနဲ့ မတူတာက တူရကီ စစ်တပ်က သမိုင်းကြောင်းအရ secularist နဲ့ atheist အင်အားစုပါ။
    .
    စောစောက အာဒိုဂန် စွပ်စွဲမှု ဘယ်လောက်မှန် သုံးသပ်ကြည့်ရင် တရားရေးက ခြေဥအရ သူ့အလုပ်သူလုပ်တာပါ။ အာဒိုဂန် ကိုယ်တိုင် ဂူလန်လှုပ်ရှားမှု မျိုးဆက်ဖြစ်ခဲ့သလို တရားရေူဘက်မှာ အဲ့ဒီ လှုပ်ရှားမှုကြောင့် ဥာဏ်ပွင့်ပညာရှာခဲ့တဲ့ ဘာသာရေးလေးစားသူ အရာရှိတွေ ရှိမှာပါ။ တရားရေးနဲ့ မိုင်ရာချီမှာ တပသီနေနေတဲ့ ဂူလန်ကို ဆွဲချိတ်တာကတော့ သူ့လုပ်ရပ်တွေကို ကြည့်ပြီး လာဘ်စားမှုမှာ ပါဝင်ခဲ့တယ်လို့ ယူဆလို့ရတဲ့ အာဒိုဂန်ရဲ့ နိုင်ငံရေး ရမယ်ရှာမှု နိုင်ငံရေး လှည့်စားမှုပါပဲ။
    .
    ဂူလန်ကို ပြန်ကြည့်ရင်လည်း Hizmet လှုပ်ရှားမှုနဲ့ နာမ်ပိုင်းရေးရာနဲ့ တွေးခေါ်ပိုင်းပဲ လွှမ်းမိုးပတ်သက်တယ်။ သူ့ရပ်တည်ချက်အတိုင်း ဒီမိုကရေစီကို ထောက်ခံတယ်။ အကျင့်ပျက် ခြစားတဲ့ အစိုးရကို လက်မခံဘူး။ ဒီမိုကရေစီနည်းမကျတာကို ဆန့်ကျင်တယ်။
    .
    လွှတ်တော်မှာ ထိုင်ခုံများတဲ့ အာဒိုဂန်ကတော့ ဒီမိုစံနှုန်းတွေကို အေကေပီ ပါတီအားနဲ့ပြောင်းတာနဲ့ တင်မရပ်ဘဲ ဂူလန်ကို အကြမ်းဖက်သမားလို့ စွပ်စွဲ လူသားကျိုးပြု Hizmet ကို အကြမ်းဖက်ဖွဲ့လို့ စွပ်စွဲတိုက်ခိုက်ခဲ့ပါတယ်။
    .
    ဂူလန်ရဲ့ ဂရင်းကတ် (ပါစ်ပို့တ်အစိမ်း)ကို ရုတ်သိမ်းပြီး သူ့ကို တူရကီကို ပြန်လွှဲဖို့ အမေရိကန်ကို တိုက်တွန်းခဲ့တယ်။
    .
    အမေရိကန်အစိုးရနဲ့ လူ့ခွင့်ရေးဖွဲ့စည်းတွေက အဲ့ဒီလုပ်ရပ်တွေနဲ့ပတ်သက်ပြီး အာဒိုဂန်ကို ဝေဖန်ခဲ့ပါတယ်။
    .
    နောက်ဆက်တွဲအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲကာလမှာ သူ့ အာဏာရပါတီဟာ သမိုင်းတလျှောက် အမတ်ဦးရေ နည်းဆုံးဖြစ်ခဲ့ရတယ်။
    .
    ကံကောင်းသွားတာက တူရကီမှာ သမိုင်းဝင် ပထမဆုံး လူထုက တိုက်ရိုက်ရွေးချယ်တဲ့ သမ္မတ ရွေးပွဲပါ။ ယခင်စနစ်ကနေ လူထုမဲပေးစနစ်ကိုဖြစ်လာအောင် ပြောင်းလဲရေးမှာ ဒီမိုကရေစီစနစ်ထောက်ခံသူ ဂူလန်လည်း အားတက်သရောပါခဲ့တတယ်။ အဲ့ဒီပွဲမှာ အာဒိုဂန် နိုင်ခဲ့ပါတယ်။
    .
    ကမ္ဘာသိ ချစားတဲ့ အာဒိုဂန် ဘာလို့နိုင်လဲပေါ့။ ပြိုင်ဘက်ပါတီတွေ မဲကွဲခဲ့တယ်၊ ပြိုင်ဘက်ပါတီကြီးက လူရွေးမှားခဲ့တယ်။ နိုင်ငံတကာမှာ နာမည်ကြီး ပေမယ့် ပြည်တွင်းမှာ ဘယ်သူမှ မသိတဲ့ အိုအိုင်စီ အတွင်းရေးမှူးချုပ်ဟောင်းကို ရွေးခဲ့တယ်။
    .
    အာဒိုဂန်က ဆယ်စုနှစ်အတွင်းမှာ နိုင်ငံကို တိုးတက်အောင်လုပ်ပြနိုင်ခဲ့တယ်။ တူရကီလူမျိးကြီး ဝါဒကျင့်သုံးတယ်။ နိုင်ငံတကာမှာ မွတ်စလင်မ် ဖိနှိပ်ခံတွေနဲ့ လူနည်းစုအရေးမှာသူရဲကောင်းဖြစ်နေတယ်။ တူရကီမှာ ဘာသာရေးကျင့်သုံးမှု ဖိနှိပ်ခံရချိန်မှာ သူနဲ့ မိသားစုက ဖိနှိပ်ခံပြီး ကျင့်သုံးခဲ့တယ်။ အဲ့တော့ ဘာသာရေးဟာ သူ့  အတွက် နိုင်ငံရေးလက်နက် အလိုလိုဖြစ်လာတယ်။ နောက်တစ်ချက်က နိုင်ငံရေး ကြွယ်တယ် ရဲတင်းပြတ်သားတယ် ရက်စက်တယ်။ အဲ့ဒီ အချက်တွေက်ကြောင့် တူရကီ နိုင်ငံသား ထက်ဝက်ကျော်နဲ့ နိုင်ငံတကာမှာပါ သည်းချေကြိုက်ဖြစ်နေဆဲပါ။
    .
    သမိုင်းဝင်သမ္မတဖြစ်ပြီး လူရင်း ယခင်နိုင်ငံခြားရေးဝန်ကြီး နိုင်ငံရေးပညာရှင် ဂလူကို ဝန်ကြီးချုပ်လွှဲပြီး စိတ်ကြိုက် အာဏာတည်ဆောက်ပြီး နိုင်ငံရေးပြိုင်ဘက်တွေကို ကောင်းကောင်း နှိပ်ကွက်တော့တာပါ။
    .
    သူ့လာဘ်စားမှုပုပ်နံ့ထွက်စေတယ် ဆိုတဲ့ အငြိုးနဲ့ ဂူလန်ကိုရော Hizmetရော ဂူလန်ကို ချစ်တဲ့သူတွေကိုပါ နည်းမျိုးစုံနဲ့နှိပ်ကွပ်တာပါ။
    .
    သူအဓိက ဖိနှိပ်တာက ဒီမိုကရေစီရဲ့ စံတွေဖြစ်တဲ့ Freedom of media နဲ့ Freedom of speech မီဒီယာလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာပြောဆိုခွင့်ကိုပါ။ အဲ့ဒီမှာ လူရင်းနဲ့ သဘောမတိုက်ဆိုင်ဖြစ်ပြီး ဝန်ကြီးချုပ်ဂလူ နှုတ်ထွက်ပြီး လက်စောင်းထက်တဲ့ သူ့ဆရာအကြောင်း သိသူပီပီ နိုင်ငံရေးလောကမလာပါဘူးဆိုသွားလေရဲ့။
    .
    အဲ့ဒီအတွက် နိုင်ငံတကာရဲ့ ဝေဖန်ခံနေရစဉ်အတွင်းပဲ ဗြုန်းဆို တူရကီစစ်တပ်တစ်စုရဲ့ အာဏာသိမ်းကြိုးပမ်းမှု ပေါ်တာပါပဲ။
    .
    ဖြစ်နေစဉ် နာရီပိုင်းအကြာမှာကို အာဒိုဂန်ရဲ့ တရားရေးဝန်က ဂူလန်ကြိုးကိုင်တာဆိုပြီး ယိုးစွပ်ခဲ့ပြီး ချက်ချင်း ဝန်ကြီးချုပ်နဲ့ အာဒိုဂန်က သံယောင်လိုက်ခဲ့တယ်။
    .
    ဂူလန်နဲ့ သူ့နောက်လိုက်တွေက ဒီစွပ်စွဲမှုကို ချက်ချင်း ငြင်းဆိုပြီး နိုင်ငံရေး ချောက်ချ ခြင်းဖြစ်ကြောင်း Hizmet ကို အကြောင်းရှာ ဖြိုခွဲလိုလို့ဖြစ်ကြောင်း၊ ဒီမိုကရေစီ စနစ်ကိုသာ ထောက်ခံကြောင်း အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း၊ အာဒိုဂန် ကိုယ်တိုင်က လုပ်ဇာတ်လုပ်တာဖြစ်လိုကြောင်း တုံ့ပြန်ခဲ့ကြပါတယ်။
    .
    ခေတ်သမိုင်းမှာ တခြားအာဏာသိမ်းပွဲများနဲ့ ချိန်ထိုးလျှင်နည်းစနစ်ရော စီမံမှုပါ ညံ့ဖျင်းတဲ့ အာဏာသိမ်းကြိုးပမ်းမှုကို အာဒိုဂန်အစိုးရ ၄၈နာရီ မပြည့်ခင် အနိုင်ယူခဲ့ပြီး ဂူလန်ကို လုံးဝ ပုဒ်မတပ်ခဲ့တယ်။
    .
    အာဏာသိမ်းမှု အစမှာ အမေရိကန် အီးယူနှင့် တစ်ကမ္ဘာလုံး ဒီမိုကရေစီအတွက် အာဒိုဂန်နဲ့ ရပ်တည်ပေးခဲ့ကြတယ်။
    .
    နောက်ပိုင်းမှာတော့ အာဏာသိမ်းဖြစ်စဉ်နဲ့ အာဒိုဂန်ရဲ့ တုန့်ပြန်မှု အပေါ်မူတည်ပြီး ဂူလန်နည်းတူ တခြားသုတေသီနဲ့ ဝေဖန်ရေးဆရာများ နိုင်ငံတကာမီဒီယာများလည်း လုပ်ဇာတ်ဖြစ်နိုင်ကြောင်း စွပ်စွဲဝေဖန်မှုတွေ ရှိလာနေပြီဖြစ်ပါတယ်။
    .
    အာဒိုဂန်ကတော့ သူ့ရပ်တည်ချက်အတိုင်း ဂူလန်ကို ပုဒ်မတပ် အာဏာသိမ်းနှိမ်နင်းရေး ခေါင်းစဉ်အောက်ကနေ ဗိုလ်ချုပ် ၅ ယောက်နဲ့စစ်သားများမှစလို့ အစိုးရအဖွဲ့က ဝန်ထမ်းတွေ၊ တရားရေးဝန်ထမ်းတွေ၊ကျောင်းဆရာတွေသောင်းချီ ၊ကျောင်းအုပ်တွေထောင်ချီကို ဖြုတ် ဖမ်းဆီး လိုင်စင်သိမ်းတွေလုပ်နေပါပြီ။ဂူလန်ရဲ့ နှိုးကြားမှုနဲ့ လူငယ်တွေ တည်ထောင်ထားတဲ့ လူမှုရေးလုပ်ငန်းတွေ၊ နိုင်ငံတွင်းကျောင်းတွေသာမက တူရကီသြဇာလွှမ်းတဲ့ ပြည်ပနိုင်ငံအချို့က ကျောင်းတွေကိုပါ အတင်းပိတ်တာတွေ လုပ်နေပါပြီ။
    .
    ပြည့်သူတောင်းဆိုချက်ဆိုပြီး သေဒဏ်ကို ပြန်အသက်သွင်းဖို့ လုပ်နေပါပြီ။
    .
    အစောပိုင်းက ရပ်တည်ပေးခဲ့တဲ့ နိုင်ငံတကာအသိုက်အ၀န်းက အာဒိုဂန်အစိုးရကို အာဏာသိမ်းနဲ့ မဆိုင်သူတွေကို မဖမ်းဖို့၊ ဖမ်းဆီးထားသူတွေကိုလည်း ခြေဥနဲ့ အညီသာ အရေးယူဖို့၊ဒီမိုကရေစီစံနှုန်းတွေကို လိုက်နာဖို့ စောင့်ကြည့်သတိပေးနေရပါပြီ။
    .
    ဂူလန်ကို သူ့အစိုးရဆီ လွဲပြောင်းရုံးတင်ဖို့ကိုလည်း အာဒိုဂန်က အမေရိကန်ကို အတင်းအရေးဆိုနေပြီး အမေရိကန်ကလည်း တိကျတဲ့ အထောက်အထားတွေလိုကြောင်း၊ လောလောဆယ် ဂူလန်မှာ ဥပဒေနဲ့ အညီနေသူဖြစ်ကြောင်း ပြန်ထားပြီး နှစ်နိုင်ငံကြား သံတမန်ဖုထစ်ဖြစ်လာနိုင်ပါတယ်။
    .
    လက်ရှိအာဏာသိမ်းမှု ဖြစ်စဉ်ဟာ သူ့အတွက် ဘုရားသခင်ရဲ့ ဆုလာဘ်လို့ ကိုယ်တိုင် ခံယူထားတဲ့ အာဒိုဂန်အတွက် အာဏာ တည်ဆောက်ရေး ဖြုတ်ထုတ်သတ်ပွဲဆိုတာတော့ ဘယ်နိုင်ငံရေး သုသေတီမှ ငြင်းနိုင်မှာ မဟုတ်ပါဘူး။
    .
    လူမျိုးကြီးဝါဒနဲ့ ဘာသာရေး လက်နက်တွေနဲ့အတူ နိုင်ငံရေး သဘာရင့် အာဒိုဂန်ရဲ့ ဒီမိုအာဏာရှင် ဇာတ်ဝင်ခန်းကတော့ မလွဲမုချ တူရကီ ဒီမိုကရေစီရဲ့ ဇာတ်သိမ်းခန်း အစပါပဲ။
    .
    အာဒိုဂန်က အာဏာဆက် တည်ဆောက်မယ်၊ ဖသုလ်လာဟ်ဂူလန်ကလည်း လူငယ်တွေနဲ့အတူ ကမ္ဘာကြီးကို ဆက်တည်ဆောက်နေဦးမယ် ထင်ပါတယ်။
    .
    အာဏာသိမ်းတရားခံစစ်က ဘယ်သူလဲ။ တူရကီ ဒီမိုအာဏာရှင်ကြီး အာဒိုဂန်ကို ဘယ်သူကများ ရပ်တန့်နိုင်မလဲ။ စအီးဒ်နူစရီက ဂူလန်လေးကို လက်ဆင့်ကမ်းခဲ့သလို ဂူလန်ကို ဘယ်သူကများ ဆက်ခံမလဲ။
    .
    ဒီမိုကရေစီဆိုတာ မဲပေးရုံသက်သက်လား၊ လူကြိုက်များတာနဲ့ ဒီမိုကရေစီလားဆိုတဲ့ အတွေးများနဲ့ ဒီနေ့နဲ့ မနက်ဖြန်ရဲ့ ဒီမိုကရေစီအတွက် စိုးရွံ့ခြင်းများနဲ့…။
    ——————————-
    ** ဆောင်းပါးရှင်၏ အာဘော်သာဖြစ်သည်။
  • မြန်မာပြည်မှ စရိုက်ဆိုးများ အတွက် ‘အမျိုးသားလုံခြုံရေး’ စကားသည် ခိုင်လုံသော အကြောင်းပြချက် မဟုတ်
    ဇွန်-၇ ၊၂၀၁၃
    M-Media
    မြင့်မိုရ်မောင်မောင် ဘာသာပြန်ဆိုသည်
    min_zin_rohingye_edited
    ပြီးခဲ့သည့်လတွင် ရခိုင်ပြည်နယ်ဒေသ အာဏာပိုင်များက ရိုဟင်ဂျာ မွတ်စ်လင်မ်များကို ဇနီးတစ်ဦးသာယူရန် နှင့် ကလေးနှစ်ဦးထက် ပိုမယူရန် တားမြစ် ပိတ်ပင်ခဲ့ပါသည်။ သောင်းနှင့်ချီသောပြည်သူတို့မှာ လူမျိုးရေးပြဿနာကြောင့် ပြောင်းရွှေ့မှုခံရသည့်ကြားမှ ယင်းအနောက်ပိုင်းပြည်နယ်မှ အရာရှိများသည် လူသိနည်း မှေးမှိန်နေခဲ့သော ကန့်သတ်ချက်အား ပြန်လည် အသက်သွင်းကာ လတ်တစ်လော နိုင်ငံရေးအနေအထား အပေါ်တုန့်ပြန်သောအားဖြင့် ပြန်၍ အတည်ပြုခဲ့ကြသည်။
    အင်္ဂါနေ့တစ်ရက်က ရာပေါင်းများစွာ ရခိုင်လူမျိုးတို့သည် လမ်းမပေါ်ထွက် ထိုပိတ်ပင်ချက်အား ထောက်ခံခဲ့ကြသည့်အပြင် ပြည်နယ်တစ်ခုလုံး၌ ဥပဒေအဖြစ်ပြဋ္ဌာန်းရန်အထိ မြန်မာအစိုးရကို တွန်းအားပေးခဲ့ကြသည်။
    ယင်းစည်းမျဉ်းကိုထောက်ခံသော ဆန္ဒပြခေါင်းဆောင် သာပွင့်မှ “ ကျွန်တော်တို့ဟာ သူတို့ရဲ့လူဦးရေကို စောင့်ကြည့်စစ်ဆေးထိန်းချုပ်ဖို့ လိုအပ်ပါတယ် ” ဟု ဧရာဝတီသို့ ပြောကြားသည်။ မွတ်စ်လင်မ်ဦးရေ ၉၄ ရာခိုင်နှုန်း ရှိသည်ဟုဆိုသော ရခိုင်ပြည်နယ်၏ မြို့နယ်နှစ်ခုတွင် ထိုအချက်ကို လက်တွေ့ကျင့်ဆောင်လျက်ရှိသည်။
    ရိုဟင်ဂျာလူဦးရေကို ထိန်းချုပ်ခြင်းသည် အမျိုးသားလုံခြုံရေး ကိစ္စတစ်ခုဖြစ်ကြောင်း တားမြစ်ချက်ထောက်ခံအားပေးသူများက ဆိုကြသည်။ ၄င်းသည် လူ့အခွင့်အရေးထက် ပို၍ဦးစားပေးရမည့်အရေးဟု ၄င်းတို့မှ ယုံကြည်နေကြသည်။ ယင်းကန့်သတ်ချက်ပေါ် ရပ်တည်ထောက်ခံသူများက တရုတ်နိုင်ငံ၏ ကလေးတစ်ဦး မူဝါဒ၊ ဗီယက်နမ်နိုင်ငံ၏ ကလေးနှစ်ဦးမူဝါဒ စသည်များကို လိုရာဆွဲဥပမာပေးကြသည်။ ထိုတိုင်းပြည်များသည် ထိုမူဝါဒများကို မိသားစု စီမံကိန်းအတွက် ရွေးချယ် ကျင့်သုံးခြင်းသာဖြစ်ကြောင်း မသိမြင်ကြဘဲ နှိုင်းယှဉ်တင်ပြလိုက်ခြင်း ဖြစ်ပေသည်။ တိုင်းပြည်တစ်ခုလုံး၏ လူဦးရေထိန်းချုပ်သည့် အကြောင်းရင်းကို  ရခိုင်ဥပဒေက လူနည်းစုလေး တစ်ခုအတွက် ပစ်မှတ်ထားအသုံးချသည်မှာ လုံးလုံးလျားလျား မလုပ်အပ်ချေ။ ( ရိုဟင်ဂျာတို့သည် မြန်မာတစ်နိုင်ငံလုံး လူဦးရေ၏ ၁ ရာခိုင်နှုန်းမျှသာရှိကြောင်း ခန့်မှန်းရသည်။)
    ထောက်ခံကြသူများက “အမျိုးသားလုံခြုံရေး”ဟု အသံကောင်းဟစ်ကြသော်လည်း ထိုအချက်၏ သဘောသဘာဝအား ရှင်းလင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုခြင်း မရှိပေ။ အမျိုးသား လုံခြုံရေးအတွက် အဓိကပြဿနာ တစ်ခုမှာ တရားမ၀င်ခိုးဝင်လာမှုများဖြစ်ခြင်း၊ ခိုးဝင်သူများပြားလာလျှင် ပြည်နယ်ချည့်နဲ့ပြိုကွဲသွားနိုင်ခြင်း ဟူ၍ အထင်ကရ ထောက်ခံပံ့ပိုးသူတစ်ဦးမှ ဆိုသည်။ သို့သော် ထူးဆန်းလှသည်မှာ တစ်ချိန်ကလည်း ပြဿနာတစ်ခုအဖြစ် တည်ရှိနေခဲ့သော ရွှေ့ပြောင်းအခြေချ တရုတ်လူမျိုးများ အပေါ်တွင်မူ ထိုကလေးနှစ်ယောက်မူဝါဒကို အဆိုမပြုကြ၊ အသုံးမချကြချေ။ ဤအချက်ကို ထောက်ရှု၍ တရားမ၀င်အခြေချမှုသည် ၄င်းတို့၏စိုးရိမ်မှု အစစ်အမှန်ဖြစ်ကြောင်း မှတ်ချက်ပေးရန် လားလားမျှမဖြစ်နိုင်တော့ပါ။
    သို့ဆိုလျှင် ပြဿနာအစစ်ကား အဘယ်အရာပါနည်း ? တရားမ၀င်အခြေချမှု သို့မဟုတ် ယဉ်ကျေးမှုကွဲပြားမှု မဟုတ်ပါ။ စင်စစ်၌ အစ္စလာမ်အားကြောက်ရွံ့နေသည့်ရောဂါ သာဖြစ်သည်။ ဤတားမြစ်ကန့်သတ်ချက်ကို ထောက်ခံကြများက ဗုဒ္ဓဘာသာမြန်မာများ၏ကြီး စိုးလွှမ်းမိုးမှုအား ကာကွယ် ထိန်းသိမ်းလိုခြင်းသာဖြစ်သည်။ သို့ရာတွင် ၄င်းတို့ သတိလွတ်နေသည့် အမှန်တရားမှာ မြန်မာနိုင်ငံသည် ဘာသာ၊လူမျိုး၊ ယဉ်ကျေးမှုပေါင်းစုံဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် တိုင်းပြည်ဖြစ်ပြီး၊ ဘာသာလူမျိုးမခွဲ နိုင်ငံသားတိုင်းကို တန်းတူညီမျှ အခွင့်အရေးပေးမှသာ ဆက်လက် ရှင်သန်ရပ်တည်နိုင်မည့် အချက်ဖြစ်သည်။ ရိုဟင်ဂျာလူဦးရေ ကြီးထွားမှုက ဗုဒ္ဓဘာသာဝင်တို့၏ အခွင့်အရေးများကို ကျိုးပျက်စေလိမ့်မည်ဟူသော အကျိုးမဲ့အဖြေကိုသာ အမြင်ရှိနေကြသည်။ ထို့ကြောင့် မူဝါဒ၏ အကျိုးဆက်အားဖြင့် ဖယ်ကြဉ်မှုနှင့်အကြမ်းဖက်မှုကို တရားဝင်ပြုခွင့်ရသွားခြင်းဖြစ်သည်။ စင်စစ်သော် နိုင်ငံတော်/အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေးကဏ္ဍမှာ နိုင်ငံတော်(စစ်တပ်)ထက် မည်သူမျှပိုပြီး လုပ်ကိုင် ဆောင်ရွက်ခွင့် မရှိချေ။ ရိုဟင်ဂျာများကို ရှင်းထုတ်ရေးအတွက် သူတို့သည် နိုင်ငံတော်အကျိုး/ ကယ်တင်ခြင်း ခေါင်းစဉ်အောက်မှ အလွန်စက်ဆုပ်ဖွယ်ကောင်းသော ခေါင်းဆောင်ထံ အာဏာပြန်လည် လွှဲပြောင်းရောက်ရှိမည် ကိုလည်းကောင်း၊ မိမိတို့၏ နိုင်ငံရေး သဘောတရား မကြေညက်မှုကိုလည်းကောင်း သတိမထားကြတော့ချေ။
    ဤအတွက်အကောင်းဆုံးဥပမာသည် ၉၆၉ လှုပ်ရှားမှုဖြစ်သည်။ ၄င်းသည် ဗုဒ္ဓဘာသာဝင် တစ်မျိုးတည်း၏ အခွင့်ထူးကို ကာကွယ်စောင့်ရှောက်ရန် သွေးဆွနေသည့် တရားမ၀င် ဗုဒ္ဓဘာသာဝင်အုပ်စုတစ်စုဖြစ်ကာ ကလေးနှစ်ဦးကန့်သတ်ရေးကို အပြင်းအထန် ရပ်တည်နေကြလေ၏။ ယင်းအုပ်စုသည် ရိုဟင်ဂျာလူမျိုး နှင့် နိုင်ငံတွင်းရှိ ရိုဟင်ဂျာ မဟုတ်သူ အခြားမွတ်စ်လင်မ်များကို ကွဲပြားအောင် မခွဲခြားတတ်ကြ။ မွတ်စ်လင်မ်တို့၏စီးပွားရေးလုပ်ငန်းများကို ဆန့်ကျင်သပိတ်မှောက်ရန် လှုံ့ဆော်ကြသည့်အပြင် လက်ကမ်းစာစောင်များ၊ ဘာသာရေးအမည်ခံတရားပွဲများ၊ ဒီဗီဒီများ၊ facebook ရေးသားချက်များအပါအ၀င် မွတ်စ်လင်မ် ဆန့်ကျင်ရေးဝါဒဖြန့်မှိုင်းတိုက်လျက်ရှိကြသည်။ ထို့ကြောင့် လက်ရှိကာလ မွတ်စ်လင်မ်ဆန့်ကျင်ရေး အကြမ်းဖက်မှုများမှာ ဤအုပ်စု၏ သွေးထိုးမီးမွှေးမှုအဖြစ် ပြောဆိုကြခြင်းဖြစ်သည်။
    မြန်မာ့နိုင်ငံရေးခေါင်းဆောင်များက နိုင်ငံတကာအသိုင်းအ၀ိုင်းအား ချွေးသိပ်ခြင်းဖြင့် အမြတ်ထုတ်နိုင်မည့် သဘောထားကြီးပြခြင်း နှင့် မွတ်စ်လင်မ် ဆန့်ကျင်ရေး ရပ်တည်ချက် အကြား ချိန်ခွင်လျှာညှိရန် ပြုလုပ်လာကြသည်။
    ပမာဆိုရသော် သမ္မတဦးသိန်းစိန်၏ပြောခွင့်ရပုဂ္ဂိုလ်သည် ယင်းကလေးနှစ်ဦး မူဝါဒသည် နိုင်ငံတော်၏ထုတ်ပြန်ချက် မဟုတ်ကြောင်း ပယ်ချခဲ့သည်။ ကျွန်ုပ်တို့မှဆောင်ရွက်သွားမည် မဟုတ်ဟု သတင်းဌာနသို့ ပြောကြားခဲ့သည်။ နိုင်ငံတကာ၏လ က်ခံမှုနှင့်ပူးပေါင်းဆောင်ရွက်မှု အလွန်အမင်း လိုအပ်လျက်ရှိသော အစိုးရသည် အနာဂတ် လူဦးရေ မူဝါဒအား ချမှတ်ရာတွင် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများနှင့် ကိုက်ညီအောင် အမြန်ဆုံး သုံးသပ်ရပါတော့မည်။ အတိုက်အခံဒေါ်အောင်ဆန်းစုကြည်သည်လည်း ဤအရေးကို အလေးအနက်ထားကာ သတိဖြင့် “ တကယ်လို့(ဒီမူဝါဒကို) ထုတ်ပြန်ခဲ့တာမှန်ယင် ဒါဟာ ဥပဒေကိုဆန့်ကျင်နေတာပါဘဲ ” ဟု ထိန်းသိမ်းပြောဆိုသွားခဲ့သည်။ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင်တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှာ လူနည်းစု အခွင့်အရေးများအား ကာကွယ်မှုမရှိခဲ့သည့်အတွက် ဝေဖန်ခံနေရသည်။
    ရပ်တည်ချက်အသီးသီး နောက်ကွယ်မှ နိုင်ငံရေး သို့မဟုတ် ကိုယ်ကျင့်တရားအတွေးအမြင်များက အဓိက မကျပါ။ အရေးကြီးသည်မှာ အစိုးရအာဏာပိုင်အဆင့်တိုင်းက မိမိ၏နိုင်ငံသားတိုင်းကို ကျောသားရင်သားမခွဲခြားဘဲ တန်းတူ အခွင့်အရေးရရှိအောင် ခိုင်မာပြတ်သားစွာ ကာကွယ်သွားရန်ဖြစ်သည်။
    နိုင်ငံတကာအသိုင်းအ၀ိုင်း၏ အသိအမှတ်ပြုထောက်ခံလာရန် လိုအပ်နေသည်။ လူနည်းစုမွတ်စ်လင်မ် အုပ်စုတစ်စုအပေါ် ကလေးနှစ်ဦးသာယူရန် အဓမ္မပြဋ္ဌာန်းခြင်းသည် ခွဲခြားနှိမ့်ချဆက်ဆံမှု၊ ၄င်းပြင် အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်မှု ဖြစ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂမှ ပြောဆိုသည်။ “ တစ်ဖက်သတ်ချိုးနှိမ်ကန့်သတ်သည့် မျိုးဆက်ပွားမူဝါဒ ” အား မည်သည့်နည်းနှင့်မျှလက်မခံနိုင်ကြောင်း အမေရိကန်မှလည်း ထုတ်ဖော်အသိပေးလိုက်သည်။
    အာဏာရပြုပြင်ပြောင်းလဲရေးအုပ်စု နှင့် အတိုက်အခံအုပ်စုများ နှစ်ဖက်စလုံး နှလုံးသွင်းအပ်သည်မှာ ဒီမိုကရေစီနည်းစဉ်၌ ပါဝင်သော ဒီမို ၏ အဓိပ္ပာယ် သတ်မှတ်ချက်သည် နိုင်ငံသားဝါဒဖြင့်နိုင်ငံတော်ကိုတည်ဆောက်သူများ ဟူ၍ ဖြစ်ပါသည်။ ဒီမိုကရေစီ၏ အဓိကအခြေခံအချက်သည် အမျိုးသားလုံခြုံရေး ဟူသည့် အကြောင်းအရာနှင့် လားလားမျှ မသက်ဆိုင်ပါ။
    မည်သည့် ဒီမိုကရေစီအပြောင်းအလဲကာလအတွက်ဖြစ်စေ နိုင်ငံတော်အစိုးရအနေနှင့် အရေးအပါဆုံး ဖွင့်ဆိုဖော်ပြရမည့် မေးခွန်းကြီးနှစ်ရပ်ရှိနေပေသည်။
    ၁။ မည်သူတို့သည် နိုင်ငံတော်၏နိုင်ငံသားများ ဖြစ်ကြသနည်း၊ နိုင်ငံသား ဥပဒေအား မည်သို့သတ်မှတ်ကြမည်နည်း ?
    ၂။ ဤမေးခွန်းများအား သမမျှတအောင်ဆောင်ရွက်ခြင်းအပေါ်မူတည်၍ မြန်မာနိုင်ငံ၏အကူးအပြောင်းကြားကာလအား သမိုင်းက မည်သို့ ဆုံးဖြတ်ပြောင်းလဲပေးလိုက်မည်နည်း ?
    ** Foreignpolicy တွင် မင်းဇင် ရေးသားသည့် National security is no excuse for bad behavior (in Burma)  ဆောင်းပါးကို မြင့်မိုရ်မောင်မောင် ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
  • မမြဲတော့သော တွဲလက်များ (Has China Lost Myanmar?)
    ဇန်နဝါရီ ၁၅ ၊ ၂၀၁၃
    M-Media
    chinaburma
    မြန်မာတို့၏ မရေမရာဒီမိုကရေစီအတွေးက အနောက်ဖက်သို့ ဦးလှည့်လိုက်သည်နှင့် တရုတ်တို့က လူမျိုးစုပြဿနာကိုမွှေပေးလိုက်သည်။မြန်မာအစိုးရကိုဒေါသထွက်လာအောင် ဆွပေးလိုက်ပြီးပြသနာကို အရှိန်မြှင့်ပေးလိုက်သည်။ သမ္မတ ဦးသိန်းစိန်တက်လာပြီးနောက်ပြန်လည် ထူထောင်ရေးများလုပ်လာသည့် ၂၀၁၁ မှစ၍ တရုတ်တို့နှင့်ပြဿနာ စတက်လာခဲ့သည်။ တရုတ်တို့သည် သူတို့၏အိမ်နီးချင်းမြန်မာနှင့် ဆယ်စုနှစ်ပေါင်း အတော်ကြာနွေးထွေးသော ဆက်ဆံရေးထူထောင်ခဲ့ပြီးမြန်မာ့ သဘာဝ သယံဇာတများနှင့် နိုင်ငံခြားရေး မူဝါဒတို့အားမောင်ပိုင်စီးခဲ့သည်။ ယခုအခါမြန်မာသည် လုံးလုံးလျားလျားမဟုတ်သေးသော်လည်း ဒီမိုကရေစီအသွင်သို့ ကူးပြောင်းနေပြီဖြစ် သဖြင့်မြန်မာပြည်သူများသည် ယခင်စစ်အစိုးရနှင့် သူတို့၏စီးပွားရေးများအား အထောက်အပံ့ များစွာပေးခဲ့သဖြင့် မချစ်သော်လည်းအောင့်ကာ နမ်းခဲ့ရသည့် ဘေဂျင်းအား မလိုလားကြောင်း ပြသနေကြပြီဖြစ်သည်။
    လက်ရှိမြန်မာ့နိုင်ငံရေးမှာဒေသတွင်း မတည်ငြိမ်မှုများနှင့် ကြုံတွေ့နေရဆဲဖြစ်သည်။ တရုတ်တို့ကလည်းမြန်မာ့နယ်စပ်သို့ စစ်တပ်များပို့ထားသည်။ ဇန်န၀ါရီလစောစောပိုင်း ကတည်းက ပို့ထားသော တရုတ်စစ် တပ်များသည်မြန်မာ့ပိုင်နက် အတွင်းဖြစ်ပွားနေသော စစ်ပွဲ၏ နောက်ဆက်တွဲ ဖြစ်လာနိုင်ချေများအား ကြိုတင်ကာကွယ်ခြင်းဖြစ်သည်။
    တရုတ်သည်သူ့အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အဖြစ်မြန်မာအား အပိုင်တွက်၍ မရတော့ပေ။ ထို့ပြင် အရှေ့တောင်အာရှနိုင်ငံများအနက် သူ့အား သစ္စာခံသောထောက်ခံသူ မိတ်ဖက်အဖြစ်လည်း သတ်မှတ်၍ မရတော့ပေ။ မြန်မာု့မြို့တော်သစ်နေပြည်တော်နှင့် ၀ါရှင်တန်တို့အကြား ဆက်ဆံရေး ပိုမိုနွေးထွေးလာခဲ့သည်။ အမေရိကန် က အာရှ၏ချိန်ခွင်ညှာ အချိန်အဆသစ်ကိုမြင်လာသည့်အတွက် ဘေဂျင်းကစိုးရိမ်လာခဲ့သည်။  ဘေဂျင်းအတွက် အခြေအနေမှာလည်း ပိုဆိုးလာခဲ့သည်။ မုံရွာဒေသတွင် ရှိသည့်နိုင်ငံ၏ အကြီးဆုံးကြေးနီ သတ္တုတွင်း မှာလည်း ရွာသူရွာသားများနှင့် ဘုန်းတော်ကြီးများ၏ ဆန္ဒပြမှုကို ရင်ဆိုင်နေရသည်။ ထိုသတ္တုတွင်းမှာ စစ်အစိုးရထိန်းချုပ်သော ဦးပိုင်ကုမ္ပဏီနှင့် တရုတ်လက်နက်ကုမ္ပဏီ တို့ ပူးတွဲ လုပ်ကိုင်လည်ပတ်နေသည့် သတ္တုတွင်းဖြစ်သည်။ ၂၀၁၁ ခုနှစ်ကလည်း သမ္မတ ဦးသိန်းစိန်သည် တရုတ်ကုမ္ပဏီက ဒေါ်လာ ၃.၆ဘီလီယံရင်းနှီးမြှုပ်နှံကာ တည်ဆောက်နေသည့်မြစ်ဆုံဆည် စီမံကိန်းကိုပြည်သူများ၏ ဆန္ဒနှင့်ဆန့်ကျင်သည်ဟုဆိုကာ ရပ်တန့်ထားရန် အမိန့်ပေးခဲ့သည်။
    မုံရွာတွင် ဖြစ်ပေါ်သော ဆန္ဒပြဆန့်ကျင်မှုများကြောင့်မြန်မာနိုင်ငံတွင် ရှိနေသော တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများမှာ အန္တရာယ် ရှိနေပြီလောဟု စိုးရိမ်စိတ်ဖြစ်ပေါ်စေခဲ့သည်။ ဘေဂျင်းသည်မြန်မာပြည်ရှိ ၎င်းစိတ်ဝင်စားသည့် ကိစ္စများကို ထိခိုက်နာကျင်စေခြင်းမှ အကာအကွယ်ပေးရေး ဆိုသည့်ကိစ္စကို အနည်းငယ်သာ လုပ်နိုင်ကြောင်း သိလိုက်ရသည်။ အစိုးရပိုင်းမှ ခွဲခြမ်းစိတ်ဖြာစိစစ်သူများ၊နိုင်ငံခြားရေး မူဝါဒဆိုင်ရာပုဂ္ဂိုလ်များ အပါအ၀င် အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူများက တရုတ်အစိုးရအနေနှင့် သူ၏မူလလက်ဟောင်းမိတ်ဆွေများဖြစ်ကြပြီး နယ်ခြားတွင်နေထိုင်ကြသည့် လူမျိုးစု သူပုန်များဖက်သို့ပြန်လှည့်သင့်ကြောင်းပြောဆိုနေကြသည်။ တရုတ်ပြည်အနောက်တောင်ဖက် ယူနန်ရှိ “ယူနန် ရဲ ကောလိပ်” မှ နိုင်ငံရေးသိပ္ပံပါမောက္ခ လျန်ဂျင်းယွန် က ၂၀၁၁ ခုနှစ်က ရေးသားတင်သွင်းခဲ့သော စာတမ်းမှာ အတော်သြဇာရှိသော စာတမ်းဖြစ်သည်။ ထိုစာတမ်းတွင် အကယ်၍ တရုတ်မြန်မာနယ်စပ်ရှိ လူမျိုးစု သူပုန်များကိုကောင်းစွာ အသုံးချနိုင်ခဲ့လျှင် တရုတ်အတွက်ရေရှည်သစ္စာရှိသည့် မိတ်ဆွေများဖြစ်လာနိုင်ပြီးမြန်မာနိုင်ငံတွင်ကြုံနေရသည့် အမေရိကန်နှင့် တရုတ်တို့၏ထိပ်တိုက် ရင်ဆိုင်နေရသည့်ရှေ့တန်းအတွက် အသုံးဝင်နိုင်ကြောင်း သုံးသပ်ထားသည်။
    မြန်မာနိုင်ငံလွတ်လပ်ရေးရကတည်းက သီးခြားခွဲထွက်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသော “၀” နှင့် “ကချင်” မျိုးနွယ်စုများ သည် ကာလကြာမြင့်စွာကတည်းက တရုတ်နှင့် ချစ်ကြည်ခဲ့ကြသည်။ ၁၉၆၀ ခုနှစ်များဆီက တရုတ်နှင့် ဆက်ဆံရေး အကောင်းဆုံး ကာလများဖြစ်ခဲ့သည်။ ထိုစဉ်က ထိုမျိုးနွယ်စုများနှင့် တရုတ်အမျိုးသား များပါဝင်သော ဗမာပြည်ကွန်မြူနစ်ပါတီအား တရုတ်က ထောက်ပံ့ပေးခဲ့သဖြင့် ဗဟိုအစိုးရအား ဆန့်ကျင် တော်လှန်ရာတွင် တစိတ်တပိုင်း အောင်မြင်မှုရခဲ့သည်။ ၁၉၉၀နှစ်များတွင် ဘေဂျင်းက လူနှင့်ပစ္စည်းထောက်ပံ့မှုများကို ရပ်ဆိုင်းခဲ့သည်။ သို့သော် ယူနန်ပြည်နယ်အစိုးရသည် နယ်စပ်ကူးလူးဆက်ဆံမှုကို ပုံစံပြောင်းပြီး စီးပွားရေး ဆက်ဆံမှုနှင့် မူးယစ်ဆေးဝါး အစားထိုးသီးနှံ အစီအစဉ်များဖြင့် အစားထိုးခဲ့သည်။ ၂၀၁၁ စက်တင်ဘာတွင် နေပြည်တော်နှင့် “၀” တို့ငြိမ်းချမ်းရေး သဘောတူနိုင်ခဲ့ကြသည်။ သို့သော် ကချင်စစ်တပ်နှင့်မြန်မာစစ်တပ်တို့မှာမူ စစ်ပွဲဆင်နွှဲနေဆဲဖြစ်သည်။မြန်မာတပ်များသည် ကချင်တပ်များကို တိုက်ရာတွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း ဇန်န၀ါရီ ၂ရက်နေ့ကပြောခဲ့သည်။ ကချင်စစ်တပ်ကလည်း သူတို့ထံတွင် စစ်သည်အင်အား တစ်သောင်းခွဲရှိကြောင်းကြွားနေဆဲဖြစ်သည်။
    ဘေဂျင်းသည် အများပြည်သူသိအောင် ကြေငြာခြင်းကိုမူအနည်းငယ်သာပြုလုပ်သည်။ တရုတ်နှင့်မြန်မာတို့ သည်အရေးပါသော အိမ်နီးချင်းများဖြစ်ကြကြောင်း၊နေပြည်တော်နှင့် ၀ါရှင်တန်တို့ ဆက်ဆံရေးကောင်းမွန်လာ သည်ကိုလည်း တရုတ်ကကြိုဆိုပါကြောင်း တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနမှဆိုသည်။ သို့သော်ဘေဂျင်းနှင့် လွန်ခဲ့သော ဆယ်စုနှစ်များက ဆက်ဆံခဲ့ရာတွင် ဆန္ဒရှိသလောက် ရလဒ်ကောင်းများ မရခဲ့ကြောင်း သိမ်မွေ့စွာပြောခဲ့သည်။ ထို့ကြောင့် တရုတ်သည် ချဉ်းကပ်ပုံ ပြောင်းသင့်ပြီဖြစ်ကြောင်းဖြင့်ပြီးခဲ့သော နိုဝင်ဘာလက ကျင်းပသော ဧည့်ခံပွဲတွင် တရုတ် နိုင်ငံရေးဆန်းစစ် စိတ်ဖြာသူ တစ်ဦးကပြောသည်။ ဘေဂျင်းမှနောက်ထပ်သြဇာရှိသော ဆန်းစစ်သူတစ်ဦးကလည်း နယ်စပ်ရှိ မျိုးနွယ်စုများသည် မိမိတို့အတွက် ဖဲချပ်ဖြစ်ကြောင်း တရုတ်ပြည် သည် ထိုဖဲချပ်ကိုကောင်းစွာကစားသင့်ကြောင်းပြောသည်။ သူ၏အမြင်သည် လွန်ခဲ့သောနှစ်အနည်းက ဆုံခဲ့ရသည့်နိုင်ငံရေး ဆန်းစစ်သူများ၏ အမြင်များနှင့်တူနေသည်။ သို့သော်မည်သူ တစ်ဦးတစ်ယောက်ကမျှ တိုင်းသိပြည်သိ မပြောခဲ့ကြပေ..။
    http://www.foreignpolicy.com/တွင် ဖော်ပြခဲ့သည့် ဆောင်းပါးရှင် YUN SUN ၏  Has China Lost Myanmar? ဆောင်းပါးကို M-Media မှာ ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။