News @ M-Media

Tag: economic

  • အာဖရိနိုင်ငံများနှင့် စီးပွားရေးဆိုင်ရာ အဖုအထစ်များရှိနေသည်ဟု တရုတ်ဝန်ကြီးချုပ် ၀န်ခံ

    မေ ၄ ၊ ၂၀၁၄
    M-Media
    chinese-rights-in-africa
    – စီးပွားရေး၊ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ မိမိတို့နှင့် အာဖရိကနိုင်ငံများ အကြား အဖုအထစ်များရှိနေသည်ဟု အာဖရိကသို့ အလည်အပတ် သွားရောက်မည့် တရုတ်ဝန်ကြီးချုပ်  Li Keqiang က ပြောကြားလိုက်သည်။

    ယမန်နေ့က ပြောကြားခဲ့ခြင်းဖြစ်ပြီး တရုတ်ကုမ္ပဏီများအနေဖြင့် အာဖရိက နိုင်ငံများ၏ ဥပဒေများကို လိုက်နာရန် လီက တိုက်တွန်းခဲ့ကြောင်း တရုတ်သတင်းဌာနများက ဖော်ပြခဲ့သည်။ ထို့ပြင် မိမိတို့ဆောင်ရွက်သည့် ပရောဂျက်များ၊ ထုတ်လုပ်သည့် ကုန်ပစ္စည်းများနှင့် စားသုံးသူများအတွက် ၀န်ဆောင်မှု လုပ်ငန်းများတွင် တာဝန်ယူမှုရှိရန်နှင့် ဒေသတွင်း လူ့အဖွဲ့အစည်း၊ သဘာဝ ပတ်ဝန်းကျင် စသည်တို့ မထိခိုက်ရေးအတွက် ဂရုတစိုက် လုပ်ဆောင်ရန်လည်း ထည့်သွင်းပြောကြားခဲ့သည်။

    တရုတ်-အာဖရိက ကုန်သွယ်ရေးမှာ ယမန်နှစ်တွင် ကန်ဒေါ်လာ ၂၁၀ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး တရုတ်ကုမ္ပဏီ ၂၅၀၀ ကျော်မှာ အာဖရိကတိုက်တစ်ဝှမ်းတွင် လုပ်ငန်းများဆောင်ရွက်လျက် ရှိနေသည်။

    သို့သော်လည်း ဆောက်လုပ်ရေး လုပ်ငန်းများမှာ ညံ့ဖျင်းပြီး ထိုလုပ်ငန်းအတွင်း လုပ်ကိုင်နေကြသည့် တရုတ်လူမျိုးများမှာ ဒေသခံအလုပ်သမားများနှင့် တည်ဆဲဥပဒေများအား လေးစားမှုမရှိ စွပ်စွဲခံနေရကာ တင်းမာမှုများလည်း ရှိနေသည်။ ထို့ပြင် အာဖရိကနိုင်ငံများတွင် ရောင်းချသည့် တရုတ်ကုန်ပစ္စည်းများ၏ အရည်အသွေးမှာ စံမီခြင်းမရှိဟုလည်း ဝေဖန်ခံနေရသည်။

    လီကမူ တရုတ်ကုမ္ပဏီများ ရင်ဆိုင်နေရသည့် ပြဿနာများမှာ ကြီးထွားလာနေပြီး တရုတ်အစိုးရအနေဖြင့် ထိုကိစ္စအား အသေအချာ ကိုင်တွယ်နေသည်ဟု ဆိုသည်။ သို့သော်လည်း တရုတ်-အာဖရိက ဆက်ဆံရေးနယ်ပယ်တွင် ယခုပြဿနာများမှာ သီးခြား ကိစ္စသည်ဖြစ်သည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

    Al Jazeera and agencies

    ဓါတ်ပုံ အညွှန်း – အာဖရိက နိုင်ငံများတွင် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု

  • အာရှအတွက် ဘဏ္ဍာရေးဆိုင်ရာ လုံခြုံရေး အကာအရံများ

    အာရှအတွက် ဘဏ္ဍာရေးဆိုင်ရာ လုံခြုံရေး အကာအရံများ

    ဒီဇင်ဘာ ၅၊ ၂၀၁၃
    M-Media

    ထွန်းသစ်စစီးပွားရေး ဈေးကွက်များသည် သိသာထင်ရှားသော မရေရာ မသေချာမှုများနှင့် သတိထား ရမည့်ဆုတ်ယုတ်နိုင်သော အဖြစ်သနစ်များကို ရင်ဆိုင်နေကြရပါသည်။ မတည်ငြိမ်ရခြင်း၏ အကြောင်းရင်း တစ်ရပ်ဟု ဆိုရမည့်အချက်မှာ အမေရိကန်နိုင်ငံ၊ ဖက်ဒရယ်ငွေကြေး အဖွဲ့၏ ငွေကြေးချဲ့ထွင်မှုပေါ်လစီပင် ဖြစ်ပါသည်။ ယင်းပေါ်လစီကြောင့် ကမ္ဘာ့ငွေကြေးဈေးကွက်ကို ရုတ်ခြည်းပြောင်းလဲမှုဖြစ်ပေါ်နိုင်သလို ထွန်းသစ်စ စီးပွားရေးဈေးကွက်များကို အနှောင့်အယှက်ဖြစ်စေရန် ခြိမ်းခြောက်နေသလိုဖြစ်နေရပါသည်။

    ဖက်ဒရယ်ငွေကြေး အဖွဲ့(FED)မှ ယင်း၏ ငွေကြေးနှုန်းထားကို သုညရာခိုင်နှုန်းအဖြစ်ထားရှိရန် သတ်မှတ်ချက်အနေဖြင့် အလုပ်လက်မဲ့နှုန်းသည် (၆.၅) ရာခိုင်နှုန်းထက် ကျော်လွန်ပြီး ငွေကြေးဖောင်းပွမှု နှုန်းမှာမူ လက်ရှိအနေအထားတွင် ရှိနေရမည်၊ သို့သော်မည်သည့်အချိန်တွင် ငွေကြေးအဖွဲ့မှ ယင်း၏ ငွေကြေးပေါ်လစီကို စတင် တင်းကျပ်မည်ဆိုသည့်အချက်ကို တိကျစွာဖော်ပြခြင်းမရှိပါ။

    သေချာသောအချက်တစ်ချက်ကမူ ယင်းအဖွဲ့က ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်လိုက်သည့် နောက်ဆက်တွဲအနေဖြင့် ယင်းပေါ်လစီ၏ ဆိုးကျိုးများသည် ကမ္ဘာ့အများစုအပေါ်သို့ ကျရောက်ခဲ့လျှင် သော်လည်းကောင်း၊ အခြားတိုင်ပြည်များ၏ ငွေကြေးပေါ်လစီ ချမှတ်သူများနှင့် ဗဟိုဘဏ်တာဝန်ရှိသူများ ရင်ဆိုင်ရမည့် အချက်များကို စဉ်းစားလိမ့်မည်မဟုတ်ပါ။

    အမေရိကန်ငွေကြေးပေါ်လစီ တင်းကျပ်မှုကြောင့် ကမ္ဘာလုံးဆိုင်ရာချေးငွေကို လျှော့ကျစေနိုင်ပြီး အာရှ၏ စီးပွားရေးနှင့် ငွေကြေးဆိုင်ရာများအပေါ် ဖိအား များပြားလာစေနိုင်ပါသည်။ ဈေးကွက်တွင် လှုပ်ရှား ပါဝင်နေသူများ၏ စိုးရိမ်စိတ်လွန်ကဲမှုနှင့် ထိန်းချုပ်လိုမှုအပြုအမူများကြောင့် ငွေကြေး စီးဆင်းမှု နောက်ကြောင်းပြန်ပြီး ဒေါ်လာ ရှားပါးမှုပြင်းထန်လာနိုင်ပါသည်။ ဤသို့ဖြစ်စဉ်များနှင့် စီးပွားရေး ကော်ပိုရေးရှင်းအပေါ်တွင် ၀န်ထုပ်ဝန်ပိုးဖြစ်စေခဲ့ပါသည်။

    ဤကဲ့သို့အားနည်းချက်များက ဖက်ဒရယ်အဖွဲ့၏ ရေရှည်ပိုင်ဆိုင်မှုများ၏ ငွေကြေးဈေးကွက်နှင့် ပိုင်ဆိုင်မှုဈေးကွက်များ ယခုနှစ်ဆန်းပိုင်းတွင် နိမ့်ကျခြင်းဖြစ်ခဲ့ကြောင်း ဖော်ပြနေခဲ့ပါသည်။ အဆိုပါအချက် များသည် အာရှ၏ ဘဏ္ဍာရေးဈေးကွက်ဆိုင်ရာ လုံခြုံရေး အကာအရံများ လိုအပ်ကြောင်းကိုလည်း အတည်ပြု ပေးရာရောက်ပါသည်။

    ၂၀၀၈-ခုနှစ်တွင် ကမ္ဘာ့ငွေကြေးဆိုင်ရာပြဿနာက အပြည်ပြည်ဆိုင်ရာငွေကြေးစနစ်၏ အခြေခံ အားနည်းချက်များကို ဖော်ပြခဲ့ပြီး ယင်းအနက် ထွန်းသစ်စ အာရှဈေးကွက်ပေါ်တွင် လုံလောက်သော ငွေကြေးလဲလှယ်မှုမရှိခဲ့၍ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိခဲ့ရပါသည်။

    ထိုအချိန်မှစတင်ပြီး သက်ဆိုင်ရာနိုင်ငံအသီးသီးတို့က မိမိ၏ ငွေကြေးစနစ်အပေါ် အပြောင်းအလဲ မြန်သောငွေကြေးဆိုင်ရာပြင်ပသက်ရောက်မှုများကို ကာကွယ်ပေးနိုင်ရန် အစီအမံများ အနေဖြင့် ငွေကြေး ထိန်းချုပ်မှုနှင့် စနစ်တကျ ထားရှိမှုရှိလာပြီး အကြီးစားပေါ်လစီများကို အသုံးပြုခဲ့ကြပါသည်။
    သို့သော်သူတို့၏ အပြည်ပြည်ဆိုင်ရာ စီးပွားရေးနှင့် ငွေကြေးလည်ပတ်မှုအပေါ်တွင် အလွန် အားထားနေခြင်းသည် အမေရိကန်နိုင်ငံ၏ ပြင်းထန်သောငွေကြေး မခိုင်မာမှု၏ ဆိုးကျိုးကို ခံစားကြရ ပေမည်။ ထို့အပြင် ၁၉၉၇-ခုနှစ်မှ စတင်၍ စီးပွားရေး အကျပ်အတည်း စတင်ခဲ့ပြီး အာရှထွန်းသစ်စ စီးပွားရေး ဈေးကွက်များသည် နိုင်ငံခြားငွေ ပိုင်ဆိုင်မှု အချိုးသည် များပြားလာခဲ့ရာ လက်ရှိတွင် တစ်ကမ္ဘာလုံး၏ ထက်ဝက်ခန့်ကို ပိုင်ဆိုင်နေပြီးဖြစ်သည်။ နိုင်ငံခြား အရံငွေပိုင်ဆိုင်မှု အများဆုံး စီးပွားရေးဈေးကွက်ကြီး(၁၀)ခု တွင် (၇)ခုသည် အာရှတိုက်တွင် ရှိနေပြီဖြစ်သည်။

    သို့သော်အကျိုးအမြတ်နည်းသော အမေရိကန် ဘဏ္ဍာရေး စာချုပ်များကဲ့သို့အရာများကို ပိုင်ဆိုင်ထား ခြင်းသည် အဖိုးအခများပြားသော်လည်း အကျိုးခံစားခွင့်မရှိကြပါ။ အချို့အာရှ စီးပွားရေးဈေးကွက်များ အထူးသဖြင့် တရုတ်နိုင်ငံသည် မိမိငွေကြေးကို ကမ္ဘာသုံးငွေကြေးအဖြစ် ပြောင်းလဲရန် ကြိုးစားနေသည်။ တရုတ်နိုင်ငံ၏ စီးပွားရေး အရ ကမ္ဘာ အနှံ့ကျယ်ပြန့်လာသော အနေအထားတွင် ယွမ်သည် ကမ္ဘာသုံးငွေကြေး ဖြစ်လာရန် ရှောင်လွဲ၍ မရပါ။ သေးငယ်သော စီးပွားရေးဈေးကွက် ပိုင်ဆိုင်သူများ အနေဖြင့် သူတို့ငွေကြေးကို ဤသို့လုပ်ရန် ပိုမိုခက်ခဲစေလိမ့်မည်။

    အာရှဈေးကွက်များသည် မိမိတို့၏ တန်ဖိုးရှိသော ပိုင်ဆိုင်မှုများကို ငွေကြေးအဖြစ် ပြောင်းလဲရန် အတွက် မိမိတို့ငွေကြေးများကို အပြန်အလှန်သုံးစွဲရန် အထူးကြိုးစားဆောင်ရွက်နေကြပါသည်။

    ၂၀၀၈-ခုနှစ်မှစတင်ပြီး တရုတ်နိုင်ငံသည် ငွေကြေးအပြန်အလှန်သုံးစွဲရေးစနစ်ကို တောင် ကိုးရီးယားနိုင်ငံနိုင်ငံအပါအ၀င် (၂၃)နိုင်ငံနှင့် သဘောတူ လက်မှတ်ရေးထိုးခဲ့ပါသည်။ ဂျပန်နိုင်ငံကမူ အာရှ နိုင်ငံအချို့နှင့် ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းဖြစ်နေစဉ်ကာလတွင် နှစ်ဦးသဘောတူငွေကြေးအပြန် အလှန် သုံးစွဲရေးကို ချဲ့ထွင်လုပ်ဆောင်ခဲ့ပါသည်။

    အာဆီယံ(၁၀)နိုင်ငံကမူ တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယားနိုင်ငံတို့နှင့် ပူးပေါင်းပြီး ဒေသတွင်း ငွေကြေးအရံ ရံပုံငွေအဖြစ် ဒေါ်လာ(၂၄၀)ဘီလျံကို အရေးပေါ် အခြေအနေတွင် လျင်မြန်စွာငွေကြေး သုံးစွဲနိုင် ရေးအတွက် ဆောင်ရွက်ထားကြပါသည်။ ထိုကဲ့သို့ငွေကြေး အပြန်အလှန်သုံးစွဲရေးမူဝါဒသည် အမေရိကန် ဖက်ဒရယ်အဖွဲ့က ငွေကြေး ကပြောင်းကပြန်လုပ်ရာမှ ပေါ်ပေါက်လာနိုင်သောငွေကြေးအကျပ်အတည်းကို ကူညီဖြေရှင်းပေးပါမည်၊ ထိုကဲ့သို့ပြဿနာမျိုး မကြုံတွေ့ရသေးပါ၊ သူတို့၏ သေးငယ်သောငွေကြေး ပမာဏ ဖြင့် ဈေးကွက်ကို အာမ မခံနိုင်သလို ပြဿနာဖြစ်နေသည့် တိုင်းပြည်များကို လုံလောက်သောအရေးပေါ် အကူအညီ မပေးနိုင်ပါ။ အထူးသဖြင့်ကြီးမားသော အင်အားနှင့် စနစ်တစ်ခုလုံးကို သက်ရောက်သည့်အခါ တွင် တွေ့ကြံကြရပါမည်။

    အမေရိကန် ဖက်ဒရယ်ငွေကြေးအဖွဲ့သည် နောက်ဆုံးအဆင့် ကမ္ဘာလုံးဆိုင်ရာ အကြွေးရှင်အနေဖြင့် အာရှဈေးကွက်၏ လုံခြုံရေးဆိုင်ရာ အကာအရံအဖြစ် ဆောင်ရွက်နိုင်မည့် အနေအထားမှာ သူ၏ ပေါ်လစီ အပြောင်းအလဲ လုပ်မည်ဆိုပါက ထွန်းသစ်စနိုင်ငံများ၏ ဗဟိုဘဏ်များနှင့် ချိတ်ဆက်ပြီး ငွေကြေးများအပြန် အလှန်သုံးစွဲနိုင်ရေး အစီအစဉ်များ ချမှတ်ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။

    ၂၀၀၈-ခုနှစ်တွင် ဖက်ဒရယ်ငွေကြေးအဖွဲ့သည် ဖွံ့ဖြိုးနိုင်ငံ(၁၀)နိုင်ငံ(ဥရောပဇုံ၊ အင်္ဂလန်၊ ဂျပန်နှင့် ဆွစ်ဇာလန်အပါအ၀င်)နှင့် ထွန်းသစ်စီးပွားရေးနိုင်ငံများဖြစ်သော ဘရာဇီးလ်၊ တောင်ကိုရီးယား၊ မက္ကဆီကိုနှင့် စင်ကာပူနိုင်ငံများနှင့် ငွေကြေးအပြန်အလှန် သုံးစွဲရေးကို အသုံးပြုခဲ့ပါသည်။

    ၂၀၁၀-ပြည့်နှစ်တွင် ရပ်ဆိုင်းခဲ့သော အထက်ပါစနစ်သည် ရေတိုကြွေးမြီစနစ်နှင့် ငွေကြေးလွယ်ကူ စွာရရှိနိုင်မှုတို့ကို အကျပ်အတည်းကာလတွင် သက်သာမှုရစေခဲ့ပါသည်။ တောင်ကိုရီးယားဗဟိုဘဏ်၏ ဘီလျံ(၃၀)ငွေကြေးလဲလှယ် သုံးစွဲရေးအစီအစဉ်သည် အကန့်အသတ်မရှိသော်လည်း ၀မ်ငွေကြေး၏ တန်ဖိုး ကျဆင်းမှုကို လွှဲရှောင်နိုင်ခဲ့ပါသည်။

    ဖက်ဒရယ်အဖွဲ့၏ အထက်ပါငွေကြေး အပြန်အလှန်သုံးစွဲရေး အစီအမံများကို ထွန်းသစ်စငွေကြေး ဈေးကွက်ပြန်လည် အသုံးပြုမည်ဆိုပါက လာမည့်ငွေကြေးစနစ် အလှည့်အပြောင်း ကိစ္စဆောင်ရွက်မှုကြောင့် ပေါ်ပေါက်လာနိုင်မည့်ငွေကြေး အချည်းနှီးဖြစ်ပေါ်ခြင်းကို နည်းပါးစေပါလိမ့်မည်။

    ဖက်ဒရယ်ငွေကြေးအဖွဲ့က ထိုသို့လုပ်မည်ဟု ကြေငြာချက်ထုတ်ပြန်လိုက်ရုံဖြင့် ထွန်းသစ်စငွေကြေးဈေးကွက် အတွက် ငွေကြေးအကျပ် အတည်းကို ရှောင်လွှဲနိုင်မည့် အခြေအနေကို အာမခံနိုင်ပါမည်။

    ငွေကြေးအပြန်အလှန်သုံးစွဲရေးစနစ်သည် အမေရိကန်နိုင်ငံ၏ အကျိုးစီးပွားကိုလည်း ရရှိစေပါမည်။ အကြောင်းမူကား ထွန်းသစ်စနိုင်ငံများ၏ ဈေးကွက်များတွင် ပြဿနာများပေါ်ပေါက်ခဲ့ပါက ကမ္ဘာ့စီးပွားရေး ကို သက်ရောက်နိုင် သလို အောင်မြင်ပြီးဖြစ်သော်လည်း နာလန်ထစဖြစ်သော အမေရိကန်၏ စီးပွားရေးအပါ အ၀င်နိုင်ငံအချို့တို့အပေါ် သက်ရောက်မှုရှိပါသည်။ တရုတ်နိုင်ငံ၏ တိုးတက်လာမှုကို ထည့်သွင်းစဉ်းစား ပါက အာရှစီးပွားရေး ချိန်ခွင်လျှာညီမျှနေမှုသည် အမေရိကန်၏ အကျိုးစီးပွားကို ရရှိစေပါသည်။

    ဝေဖန်သူများအနေဖြင့် ကျင့်ဝတ်ကို ဆန့်ကျင်သည့်ငွေကြေး လျင်မြန်စွာပြောင်းလဲပေးသော စနစ် များကို လက်ညှိုးထိုးစရာရှိကောင်း ရှိနိုင်သော်လည်း အသေအချာ ပုံစံချပြီး အရည်အချင်းပြည့်မီသော ထွန်းသစ်စဈေးကွက်များကို ငွေကြေးအပြန် အလှန်လဲလှယ်ရေးစနစ်ကို ခွင့်ပြုစေပါက မလိုလားအပ်သော ကိစ္စရပ်များကို လျော့ပါးစေပါမည်။

    စီးပွားရေးပညာရှင် အက်ဒွင်ထရူးမင်း အပါအ၀င် ကျွမ်းကျင်သူများက စနစ်တကျဆောင်ရွက်ထား သည့်ငွေကြေး အပြန်အလှန် လဲလှယ်ရေးစနစ်ကို တည်ဆောက်ပြီး ဆောင်ရွက်ပါက ပိုမိုအကျိုးရှိမည်ဖြစ်၍ ယင်းအယူအဆကို ဂျီ-၂၀ အဖွဲ့ဝင်နိုင်ငံများက စဉ်းစားသင့်ကြကြောင်း ထောက်ခံပြောဆိုကြသည်။ ထိုကဲ့သို့စနစ်ကို အကောင်အထည်ဖော်ရန် အချိန်ယူကြရပါမည်။ လက်ရှိအချိန်တွင် ဖက်ဒရယ်အဖွဲ့မှ ငွေကြေးအပြန်အလှန်သုံးစွဲရေးစနစ်ကို ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲဈေးကွက်များတွင် အသုံးပြုရန် ပြန်လည် ထူထောင်သင့်ပါသည်။

    စင်ကာပူနိုင်ငံ တူဒေးသတင်းစာတွင် ဖော်ပြသောဖက်ဒရယ်အဖွဲ့မှ Swap Lines ကို ပြန်လည်ထူထောင်သင့်ကြောင်း ဆောင်းပါးရှင် စီးပွားရေးပါမောက္ခလီဂျွန်ဝှ၏ ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်။

    မောင်ထွေးဝင်း(ဓနုဖြူ)

  • ရုရှ နှင့် OIC အဖွဲ့ဝင်နိုင်ငံများ၏ အပြည်ပြည်ဆိုင်ရာ စီးပွာရေးညီလာခံ ကျင်းပမည်

    စက်တင်ဘာ၊ ၂၂
    M-Media

    kazan_samit
    ရုရှနိုင်ငံ နှင့် OIC အဖွဲ့ဝင်နိုင်ငံများပူးတွဲ၍ အပြည်ပြည်ဆိုင်ရာစီးပွာရေးညီလာခံ KazanSummit 2013 ကို လာမည့် အောက်တိုဘာ ၂ ရက် မှ ၃ ရက်ထိ ကျင်းပသွားမည်။ ၄င်း KazanSummit မှာ အစ္စလာမ့်ကမ္ဘာမှ အဖွံ့ဖြိုးဆုံး နိုင်ငံများ နှင့် ရုရှတို့အကြားတွင် တစ်ခုတည်းသော စီးပွားရေးပူးဆောင်ရွက်မှုလမ်းကြောင်းဖြစ်သည်။

    ရင်းနှီးမြှုပ်နှံသူများ၊ လုပ်ငန်းရှင်များ နှင့် အစိုးရအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်းဖြစ်သည့် ယင်းညီလာခံမှာ ပဉ္စမအကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။ KazanSummit ကို ၂၀၀၉ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့သည်။ အစ္စလာမ့်နည်းကျငွေကြေးလည်ပတ်မှုအပေါ် လက်တွေ့ကျကျ အဖြေရှာဆွေးနွေးရာမှ အပြည်ပြည်ဆိုင်ရာစီးပွားရေးညီလာခံအဆင့်အထိ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ထိုဆောင်ရွက်ချက်သည် ရုရှနိုင်ငံအတွက် နိုင်ငံတကာ ဆက်ဆံရေးကို တိုးတက်ကောင်းမွန်စေသည့်အပြင် လာရောက်ရင်းနှီးမြှုပ်နှံလိုသည့် ဆွဲဆောင်ချက်ကိုလည်း ဖြစ်ထွန်းလာစေခဲ့သည်။

    KazanSummit ကို ၂၀၀၉ ခုနှစ်တွင် ပါဝင်တက်ရောက်သူ ၂၅၀ ဦးသာရှိခဲ့ရာမှ ၂၀၁၀ ခုနှစ်တွင် ၄၀၀၊ ၂၀၁၁ ခုနှစ်တွင် ၇၅၀၊ ၂၀၁၂ ခုနှစ်တွင် တစ်ထောင်ကျော်အထိ ရောက်ခဲ့သည်။ ကမ္ဘာတစ်ဝှန်းလုပ်ငန်းရှင်များ၏ ၃၀ % တက်ရောက်ပါဝင်နိုင်သည်အထိ ထူးထူးခြားခြား တိုးတက်ခဲ့သည်။

    KazanSummit မှာ အစ္စလာမ့်နည်းကျ စီးပွားရေးနှင့်ငွေကြေးလည်ပတ်မှုကိုအခြေတည်၍ ကုန်သွယ်စီးပွားဆိုင်ရာညီလာခံ ဖြစ်သော်လည်း အစ္စလာမ်နိုင်ငံများသာ ပါဝင်ရန် ကန့်သတ်မထားပေ။ ၂၀၁၂ ခုနှစ်၌ ညီလာခံတက်ရောက်လာသည့် ၃၄ နိုင်ငံမှ ၇ နိုင်ငံသည် ဥရောပတိုင်းပြည်များဖြစ်၍ တောင်ကိုးရီးယား၊ ဟောင်ကောင် နှင့် အမေရိကန်နိုင်ငံများလည်း တက်ရောက်ပါဝင်ခဲ့ကြသည်။

    ယမန်နှစ်က ရင်းနှီးမြှုပ်နှံမှုအခန်းကဏ္ဍတွင် အကြောင်းအရာပေါင်း ၁၃ မျိုးအထိ ထည့်သွင်းဆွေးနွေးနိုင်ခဲ့သည်။ ထို့အပြင် OIC နိုင်ငံများ နှင့် ရုရှနိုင်ငံအကြား ယဉ်ကျေးမှုဖလှယ်ခြင်းဆွေးနွေးမှု ခိုင်မာအားကောင်းလာသော အကျိုးကျေးဇူးလည်း ရရှိခဲ့သည်။

    သို့ဖြစ်ရာ KazanSummit သည် အရှေ့တိုင်း နှင့် အနောက်တိုင်းအကြား ပိုမိုကျယ်ပြန့်ပွင့်လင်းသည့်အမြင်ဖြင့် ဆွေးနွေးပွဲတစ်ရပ်သို့ တစ်စစကူးပြောင်းနေပေသည်။ ပါဝင်မှုနှင့်လှုပ်ရှားဆောင်ရွက်မှုအပေါင်းမှာ အပြုသဘောဆောင် စီးပွားရေးဆွေးနွေးချက်များ၊ ပူးပေါင်းအဖြေရှာမှုများဖြင့် နွေးထွေးသောညီလာခံဖြစ်ခဲ့သည်။ အပြန်အလှန် အကျိုးဖြစ်ထွန်းစေသော နှောင်ကြိုးမဲ့ ပူးပေါင်းဆောင်ရွက်မှုများကို ဦးတည်ကြသည်။

    ရုရှအစိုးရကိုယ်စားလှယ်များနှင့်ပြည်ပနိုင်ငံများ၏ ဤသို့သော ပွင့်လင်းနွေးထွေးစွာ ဆွေးနွေးမှုများကြောင့် ကမ္ဘာ့လုပ်ငန်းရှင် အသိုင်းအ၀ိုင်း၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူနှင့်စက်မှု လုပ်ငန်းရှင်များသာမက ရှရှ၊ OIC နိုင်ငံများ၊ ဥရောပ၊ အရှေ့တောင်အာရှ နှင့် အရှေ့အလယ်ပိုင်းဒေသများရှိ ငွေကြေး လည်ပတ်မှုနှင့်ဘဏ်လုပ်ငန်း ကျွမ်းကျင် ပညာရှင်တို့ကပါ အထူးစိတ်ဝင်စားနေသည့် ညီလာခံဖြစ်လျက်ရှိနေပေသည်။

    Source : Ijtemt.org

  • မလေးရှားမှ Tan Chong ကားကုမ္ပဏီ မြန်မာနိုင်ငံတွင် ဒေါ်လာ သန်း ၅၀ ရင်းနှီးမြှုပ်နှံမည်။

    စက်တင်ဘာ ၂၁၊ ၂၀၁၃
    M-Media

    Tan Chong

    မလေးရှားနိုင်ငံမှ ကားကုမ္ပဏီတစ်ခုဖြစ်သည့် Tan Chong Motor Holdings Bhd (TCMH) မှာ မြန်မာနိုင်ငံတွင် မော်တော်ကားများ ထုတ်လုပ်ဖြန့်ဖြူးရန် အတွက် အမေရိကန်ဒေါ်လာ သန်း-၅၀ ခန့်ရင်းနှီးမြှုပ်နှံမည်ဟုသိရသည်။

    ပဲခူးဒေသရှိ စက်မှုဇုံတွင် မော်တော်ကားများထုတ်လုပ်ကာဖြန့်ဖြူးရန်အတွက် ၎င်း၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် ETCM (MM) Pte Ltd သည် မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ပါမစ်ရရှိခဲ့သည်ဟု အဆိုပါကုမ္ပဏီက သောကြာနေ့က ပြောကြားခဲ့သည်။

    အဆိုပါ ပါမစ်မှာ နှစ် ၅၀ သက်တမ်းရှိမည်ဖြစ်ပြီး ထပ်မံ၍ ၁၀-နှစ်သက်တမ်း နှစ်ကြိမ် သက်တမ်းတိုးနိုင်မည်ဖြစ်သည်။ ပဲခူးရှိ မြေဧက-၅၀ အား ငှားရမ်းကာ Nissan မော်တော်ယာဉ်များ ထုတ်လုပ်တပ်ဆင်သည့်စက်ရုံဆောက်လုပ်၍ TCMH မှ မော်တော်ယာဉ်များအား ထုတ်လုပ်ဖြန့်ဖြူးမည်ဖြစ်သည်။ ထိုစက်ရုံကို ပါမစ်ရရှိသည့်နေ့မှစ၍ တစ်နှစ်အတွင်း စတင်ဆောက်လုမည်ဖြစ်ပြီး သုံးနှစ်အတွင်း အပြီးဆောက်လုပ်သွားမည်ဖြစ်သည်။

    “အဆိုင်းတစ်ဆိုင်းတည်းကို အခြေခံပြီး ငါးနှစ်အတွက် ကနဦးစထုတ်တဲ့အချိန်မှာ တစ်နှစ်ကို ကားအစီးရေ ၉၁၀၀ ထုတ်ဖို့ သတ်မှတ်ထားပါတယ်။ စက်ရုံ၊ အရောင်းပြခန်း တည်ဆောက်မှု၊ ပထမသုံးနှစ်အတွက် စက်ကိရိယာပစ္စည်း ၀ယ်ယူမှုများအပါအ၀င် TCM Myanmar မှ ဆောင်ရွက်မယ့်လုပ်ငန်းတွေအတွက် ရင်နှီးမြှုပ်နှံမှုပမာဏကို ကန်ဒေါ်လာသန်း ၅၀ ရင်းနှီးမြုပ်နှံဖို့ လျာထား ထားပါတယ်” ဟု အဆိုပါကုမ္ပဏီမှ ပြောကြားခဲ့သည်။

    Ref : thestar

  • တရုတ် ရင်းနှီးမြှုပ်နှံမှု ထိုးကျခြင်း နှင့် မြန်မာ့စီးပွားရေး အခင်းအကျင်း

    စက်တင်ဘာ၊၁၉
    M-Media
    မြင့်မိုရ်မောင်မောင် ဘာသာပြန်ဆိုသည်။

    6.-CPI1

    စစ်အုပ်ချုပ်ရေးခေတ်မှ ၂၀၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန်၏ပြုပြင်ပြောင်းလဲရေးအစိုးရခေတ်သို့ရောက်လာသည်။ ထိုအချိန်မှစ၍ မြန်မာနိုင်ငံတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုမှာ သိသိသာသာ ထိုးကျစိုက်ဆင်းသွားသည်ကိုတွေ့ရသည်ဟု အမေရိကန်ပြည်ထောင်စုအခြေစိုက် တွေးခေါ်ပညာရှင်အဖွဲ့တစ်ခုမှ ဆိုလိုက်သည်။ ဤသို့ကျဆင်းမှုသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု နှင့် သွေးနုသားနုဒီမိုကရေစီအပြောင်းအလဲအား ထိခိုက်နိုင်သည်ဟုလည်း သတိပေးကြသည်။

    တရုတ်နိုင်ငံမှ လာရောက်ပြုလုပ်သည့် မြစ်ဆုံဆည် နှင့် လက်ပံတောင်းကြေးနီစီမံကိန်းများကို မြန်မာပြည်သူများမှ ဆန့်ကျင်ကြခြင်း၊ မြန်မာအာဏာပိုင်တို့ကလည်း စီမံကိန်းများကို ဆိုင်းငံ့ခြင်းသည် နှစ်နိုင်ငံအကြား စီးပွားရေးဆက်ဆံမှုအပေါ် ဆိုးရွားစွာ ထိခိုက်နစ်နာစေခဲ့ပြီဟု ၀ါရှင်တန်နိုင်ငံခြားရေးမူဝါဒတက္ကသိုလ်၊ Stimson Centre ၏ သုတေသီတစ်ဦးဖြစ်သူ ယွန်ဆန် က ရေးသားတင်ပြသည်။

    “ ၂၀၁၁ ခုနှစ်ကတည်းက မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို တရုတ်စီမံကိန်းများဖြင့် အခိုင်အမာအခြေတည်ခဲ့ကြသည်။ ယခုသော် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရုတ်ခြည်းထိုးချသွားသည်။ မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုအတွက် အန္တရာယ်များသော၊ မသင့်တော်သောနေရာဒေသအဖြစ် တရုတ်မှ ယူဆနေလေပြီ။ ၄င်းအပြင် မြန်မာအစိုးရမှ တရုတ်၏ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုကာကွယ်ရေးမပြုလုပ်ခြင်းအတွက် စိတ်အနှောင့်အယှက်ဖြစ်နေသည် ” ဟု ရေးသားလိုက်၏။

    မြန်မာနိုင်ငံအတွင်း တရုတ်၏ရင်းနှီးမြှုပ်နှံမှုသည် ၂၀၀၈-၂၀၁၁ တွင် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ ရှိခဲ့ရာမှ ၂၀၁၂-၂၀၁၃ တွင် ဒေါ်လာ ၄၀၇ သန်းမျှသာ ရှိတော့သည်။ တရုတ်ပြည်မှအပ အခြားပြည်ပရင်းနှီးမြှုပ်နှံမှုသည်လည်း မဆိုစလောက် ကျဆင်းလာသည်ကိုတွေ့ရ၏။ ၂၀၁၀-၂၀၁၁ တွင် ပြည်ပမှတိုက်ရိုက် ၀င်ရောက် ရင်းနှီးမြှုပ်နှံမှု Foreign Direct Investment(FDI) စုစုပေါင်းမှာ ဒေါ်လာ ၄.၆ ဘီလီယံ မှသည် ၂၀၁၁-၂၀၁၂ နှစ်ကုန်စာရင်းတွင် ဒေါ်လာ ၁.၄ ဘီလီယံသာ ရှိတော့သည်။

    ဤလမ်းကြောင်းမှာ မြန်မာ့စီးပွားရေးဦးမော့မှုကိုသာမက ဒီမိုကရေစီအပြောင်းအလဲအား ခြိမ်းခြောက်လျက်ရှိ၏။ နိုင်ငံ့ အခြေခံလိုအပ်ချက်များ၌ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုသည် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတွက်ရေးအတွက် အဓိက နှင့် အခြေခံအကျဆုံးဖြစ်သည်ဟု ယင်းရေးသားချက်၌ အောက်ပါကဲ့သို့ ဖော်ပြသည်။

    “ မြန်မာ့ဒီမိုကရေစီလမ်းကြောင်းသစ်၏ စီးပွားရေးအောင်မြင်မှုသည် တိုင်းပြည်၏နိုင်ငံရေးအပြောင်းအလဲ ရေရှည်တည်တံ့မှုအပေါ် အထူးမူတည်လျက် ရှိသည်။ မြန်မာ နှင့် တရုတ်ရင်းနှီးမြှုပ်နှံသူများ နှစ်ဖက်စလုံးမှ သံသယ နှင့် အာဃာတလျှော့ချရေးတို့ကို ပြန်လည်သုံးသပ်ရမည့် အနေအထားတစ်ရပ် လိုအပ်နေပါသည်။ နှစ်ဖက်စလုံး အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုကို စဉ်းစားဆောင်ရွက်ရန် အရေးကြီးပါသည် ” ဟု အစီရင်ခံစာ၌ သတိပေး ဖော်ပြထားသည်။

    တရုတ်သံရုံးပြောဆိုခွင့်ရပုဂ္ဂိုလ် ကောင်းဝ်မင်းဘိုက တရုတ်၏ FDI သည် ၂၀၁၁ ခုနှစ်မှစ၍ သိသိသာသာ ထိုးကျခဲ့ကြောင်းကို အတည်ပြုကာ “ ယမန်နှစ်က FDI အနေအထား တော်တော်ဆိုးတယ်။ ဒီနှစ်မှာတော့ မဆိုစလောက်လေး ပြန်တက်နိုင်ကောင်းပါမယ် ” ဟု ပြောကြားသည်။

    ဆိုင်းငံ့ထားသည့်စီမံကိန်းများ ပြန်လည်စတင်နိုင်ရန် တရုတ် မြန်မာ နှစ်နိုင်ငံစလုံးအနေနှင့် တရုတ်၏ရင်းနှီးမြှုပ်နှံမှုများ ဆိုင်ရာပြဿနာတို့ကို အဖြေရှာဖို့ အရေးတကြီးလိုအပ်နေသည်ဟု ရိပ်ဖမ်းသံဖမ်းပြောကြားသွား၏။

    “ နှစ်ဖက်စလုံးက ကြိုးစားမှုကို မြှင့်တင်လိုက်ဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ တော်တော်ကြီးကြိုးစားနေတာကိုလည်း ထင်ထင်ရှားရှားတွေ့ကြရမှာပါ။ စီမံကိန်း လုပ်ငန်းဆောင်ရွက်တဲ့ တရုတ်လူမျိုးတွေအကြား အန္တရာယ်ကိုလက်ယပ်ခေါ်တာမျိုး မဖြစ်ရအောင် တိုးမြှင့် သတိပေးဖို့ လုပ်ရပါမယ်။ ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှု စီမံချက်များနဲ့ပတ်သက်ပြီး ဒေသခံတွေ နဲ့ မီဒီယာတွေဆီ ပိုမိုကွင်းဆင်းလေ့လာထိတွေ့သွားဖို့လည်း လိုအပ်ပါတယ် ”။

    လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကာလအတွင်း မြန်မာစစ်အာဏာရှင်တို့က နိုင်ငံရေးနှင့်စီးပွားရေးတွင် တရုတ်ပြည်အပေါ် အလွန်အကျွံ အားထားခဲ့ကြသည်။

    ၂၀၀၈ ခုနှစ်ဝန်းကျင်က မြန်မာနိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့်ရင်းနှီးမြှုပ်နှံသွားဖို့ ပီကင်း(ဘေဂျင်း) မှ စတင် ခြေလှမ်းခဲ့သည်။ ဧရာမစီမံကိန်းကြီး သုံးခုဖြစ်သော  ရေအားလျှပ်စစ် အတွက် ဒေါ်လာ ၃.၆ ဘီလီယံရင်းနှီးမြှုပ်နှံမည့် မြစ်ဆုံဆည်တမံတည်ဆောက်ရေး၊ ဒေါ်လာ ၁ ဘီလီယံမြှုပ်နှံမည့် လက်ပတောင်းကြေးနီ သတ္ထုတွင်း၊ ဒေါ်လာ ၂.၅ ဘီလီယံမြှုပ်နှံမည့် ရွှေ ရေနံနှင့်သဘာဓာတ်ငွေ့ပို့လွှတ်ပိုက်လိုင်း တို့အား အကောင်အထည်ဖော်ရန် နေပြည်တော်တွင် ဗိုလ်ချုပ်များနှင့် သဘောတူလက်မှတ်ရေးထိုးသည့်အဆင့်ထိ ရောက်ခဲ့သည်။

    ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီက တရုတ်နိုင်ငံသည် ဤသို့သောပတ်သက်ထိတွေ့မှုအားဖြင့် မြန်မာ့သယံဇာတအရင်းအနှီးများကို ကျယ်ပြန့်စွာ ချုပ်ကိုင်နိုင်ရန် ရည်မျှော်၍ လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည် ဟု ဆွန်က ရေးသားထား၏။

    သို့သော်လည်း ၂၀၁၁ ခုနှစ်တွင် ဦးသိန်းစိန်၏အရပ်သားတစ်ပိုင်းအစိုးရတက်လာပြီးသည့်နောက် မြစ်ဆုံဆည်စီမံကိန်းကို ၂၀၁၅ ခုနှစ်အထိ ဆိုင်းငံ့လိုက်သည်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် လက်ပံတောင်းသတ္ထုတွင်း စီမံကိန်းကိုလည်း ဆိုင်းငံ့ခဲ့သည်။

    ဆိုင်းငံ့လိုက်သည့်ဆုံးဖြတ်ချက်နှစ်ရပ်လုံးမှာ ထိုစီမံကိန်းတို့သည် တရုတ်ပြည်နှင့် မြန်မာစစ်တပ်ကျောထောက်နောက်ခံကုမ္ပဏီများကိုသာ အကျိုးအမြတ်ထွက်စေပြီး သက်ဆိုင်ရာဒေသတွင်းရှိ လူ့အဖွဲ့အစည်းတို့၏ လူမှုရေးရာ နှင့် သဘာ၀၀န်းကျင်အပေါ် ဆိုးကျိုးဖြစ်ပေါ်မည်ကိုစိုးရိမ်လာသဖြင့် မြန်မာလူထုတို့မှ ထင်ထင်ရှားရှား ဆန့်ကျင်ခဲ့ခြင်းကြောင့်ဖြစ်သည်။

    မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ တရုတ်ပြည်တောင်ပိုင်း ယူနန်ပြည်နယ်မြို့တော် ခွန်းမင်အထိ သွယ်တန်းသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွင်လည်း ပြဿနာ အချို့ရှိလာပြန်သည်။ အဘယ်ကြောင့်ဟူမူ ယင်းဖက်စပ်စီမံကိန်းတွင် တရုတ်၊ မြန်မာ၊ အိန္ဒိယ၊ တောင်ကိုးရီးယား လေးနိုင်ငံမှ ပါဝင်ပတ်သက်နေသောကြောင့် ဖြစ်၏။

    လွန်ခဲ့သောလအနည်းငယ်၌ လွှတ်တော်မှ လက်ပံတောင်းကိစ္စစုံစမ်းရေးကော်မရှင်တစ်ရပ်ဖွဲ့ကာ စေလွှတ်ခဲ့သည်။ ယင်းစီမံကိန်းသည် မြန်မာအစိုးရအတွက် အကျိုးအမြတ်များပြားလျှင်၊ ၄င်းအပြင် ဒေသတွင်းဆိုင်ရာပြဿနာများကို ဦးတည်ဖြေရှင်းပေးနိုင်လျှင် ၄င်းကို ပြန်လည်ဖော်ဆောင်သင့်ကြောင်း သုံးသပ်ခဲ့ကြသည်။

    သို့ဖြင့် တရုတ်စီမံကိန်းအရာရှိများ နှင့် မြန်မာစစ်တပ်ကျောထောက်နောက်ခံ ဦးပိုင်အုပ်စုတို့၏ အကျိုးအမြတ်ကို အကြီးအကျယ်ဖြတ်တောက် လိုက်ပြီး မြန်မာအစိုးရအတွက် ၀င်ငွေ အကျိုးဖြစ်ထွန်းစေသော စီမံကိန်းဆိုင်ရာစာချုပ်သစ် တစ်ရပ် ချုပ်ဆိုရန်ဖြစ်လာတော့သည်။

    ဤသဘောတူညီမှုအသစ်သည် ပြည်တွင်းရေး၊ နိုင်ငံရေး နှင့် နှစ်နိုင်ငံဆက်ဆံရေး တို့ကို အကျိုးအမြတ်မျှဝေ ခံစားမှုအားဖြင့် ပြန်လည်ညှိနှိုင်းရန်၊ သို့သာမက တရုတ်ရင်းနှီးမြှုပ်နှံသူများအဖို့ မြန်မာနိုင်ငံရှိ မိမိတို့၏စီမံကိန်းအားနည်းလိုအပ်ချက်များအပေါ် သတိပြုဖြည့်ဆည်းစေရန် အရေးပါသောတိုးတက်မှုတစ်ရပ်ဖြစ်သည် ဟု Stimson Cetre ၏အစီခံစာမှ တင်ပြလိုက်ပါသည်။

    Irrawaddy အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော “Drop in Chinese Investment Could Hurt Burma Economy, Reform: US Report” ဆောင်းပါးကို မြင့်မိုရ်မောင်မောင် ဆီလျော်အောင်မြန်မာပြန် ဆိုပါသည်။