ဇန်နဝါရီ ၃၀ ၊ ၂၀၁၇
.
မည်သည့် လူ့အဖွဲ့အစည်းမဆို ပြည်သူတို့အကြား လွတ်လွတ်လပ်လပ် ဆန္ဒအလျောက် ထုတ်ဖော်ဆွေးနွေးမှုအရ အများစု၏ သဘောတူညီချက်ဖြင့် ပြဋ္ဌာန်းထားသော စည်းမျဉ်းစည်းကမ်းတို့ကို လေးစားလိုက်နာရမည်ဖြစ်ပါသည်။ သို့မှသာ လူ့အဖွဲ့အစည်း၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများထွန်းကားမည်ဖြစ်ပါသည်။ လောကပါလ တရားများ ထွန်းကားမှသာ သက်ဆိုင်ရာ လူ့အဖွဲ့အစည်း (သို့မဟုတ်) နိုင်ငံ၌ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဖြစ်ထွန်းစေမည်ဖြစ်ပါသည်။
.
သို့သော် နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို လျစ်လျူရှုလျက် ကိုယ်ကျိုးစီးပွားကိုသာ မျက်နှာမူသော အဖျက်အမှောင့်အင်အားစုတို့သည် အများပြည်သူ၏ သဘောတူညီမှုဖြင့် သတ်မှတ်ပြဋ္ဌာန်းထားသော စည်းမျဉ်းစည်းကမ်းနှင့် ကျင့်ဝတ်တို့ကို ရှောင်ရှားပစ်ပယ်လိုကြပါသည်။ ကိုယ်ကျိုးစီးပွားဆိုရာ၌ ဓနဥစ္စာ ပစ္စည်း အကျိုးစီးပွားပါဝင်သကဲ့သို့ အသေဆုပ်ကိုင်ထားသည့် အယူအဆ သဘောထားတို့၏အကျိုးစီးပွားလည်း ပါဝင်ပါသည်။ကိုယ်ကျိုးစီးပွားကိုသာ မျက်နှာမူသော ဤအဖျက်အမှောင့်အင်အားစုတို့သည် ပြည်သူလူထုကို ရင်ဆိုင်စည်းရုံးရန် သတ္တိမရှိသော သူရဲဘောကြောင်သူများသာဖြစ်ပါသည်။ တစ်ခါတစ်ရံ ဤသတ္တိ မရှိ၊ သူရဲဘောကြောင်သော အဖျက်အမှောင့်သမားများသည် ၎င်းတို့၏ ဆန္ဒသဘောထားကို အများပြည်သူတို့က ကြောက်ရွံ့လက်ခံလာစေရန် လုပ်ကြံသတ်ဖြတ်ခြင်းကဲ့သို့သော စက်ဆုပ်ရွံရှာစရာလုပ်ရပ်တို့ကို ကျူးလွန်လေ့ရှိပါသည်။
.
ဝမ်းနည်းစရာကောင်းသည်မှာ ဤကဲ့သို့သော စက်ဆုပ်ရွံရှာ စရာကောင်းသည့် အဖျက်အမှောင့်သမားတို့၏ လုပ်ကြံမှုဖြင့် တရားလွှတ်တော်ရှေ့နေဦးကိုနီ ကျဆုံးခဲ့ရခြင်းဖြစ်ပါသည်။ တရားလွှတ်တော်ရှေ့နေဦးကိုနီသည် တိုင်းပြည်၏ ဒီမိုကရေစီရေးနှင့် တရားမျှတမှုအတွက် သန္နိဋ္ဌာန်ခိုင်မာစွာ ဆောင်ရွက်လျက်ရှိသော နိုင်ငံ၏ သားကောင်းတစ်ဦးဖြစ်ပါသည်။ ဒီမိုကရေစီရေးနှင့် တရားမျှတမှုဟူသည် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင့်တနေသော အမျိုးသားရေးဦးတည်ချက်များ ဖြစ်ပါသည်။ ဦးကိုနီအား လုပ်ကြံသော အဖျက်အမှောင့်သမားတို့သည် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသော ဤအမျိုးသားရေးဦးတည်ချက်တို့ကို ဖျက်လိုဖျက်ဆီးလုပ်လိုသည်မှာ အထင်အရှားဖြစ်ပါသည်။
.
သို့သော် ပြည်သူလူထု၏ဆန္ဒလိုလားချက်ကို ချေမှုန်းဖျက်ဆီးနိုင်သည့် အဖျက်အမှောင့်အင်အားစုဟူသည် ကမ္ဘာ့သမိုင်း၌ အတိတ်ကာလကမရှိခဲ့သကဲ့သို့ ပစ္စုပ္ပန်ကာလတွင်လည်း ရှိမည် မဟုတ်ပါ။ အနာဂတ်ကာလတွင်လည်း ဖြစ်နိုင်စရာအကြောင်း ယုတ္တိတရားတို့ တည်ရှိခြင်းမရှိပါ။ ဦးကိုနီကဲ့သို့သော အမှန်တရားအတွက် ကြိုးစားဆောင်ရွက်သူများသည်သာ အချိန်ကာလ၏ကန့်သတ်ချက်ကိုကျော်လွှား၍ ကမ္ဘာတည်သရွေ့ ကမ္ဘာ့ပြည်သူတို့၏ နှလုံးသား၌ တည်ရှိနေမည်ဖြစ်ပါသည်။ ။
.
https://www.facebook.com/MOIWebportalMyanmar/photos/a.328140600647146.1073741828.318455204949019/1094317067362825/?type=3&theater
Tag: Editorial
-
အမှန်တရားအတွက် ကြိုးစားဆောင်ရွက်သူ ဦးကိုနီ (ကြေးမုံ သတင်းစာ အယ်ဒီတာ့အာဘော်)
-
အာဇာနည်တို့ရဲ့ နှလုံးသား (Editorial)
ဇူလိုင် ၁၈ ၊ ၂၀၁၅
M-Mediaသရုပ်ဖော်ပုံ- (လဂွန်းအိန်) .
အာဇာနည်ဆိုတာ နှလုံးသားလှသူတွေပါ။ မိသားစုအတွက်၊ ရပ်ရွာဒေသအတွက်၊ တိုင်းပြည် အတွက်၊ ဘာသာသာသနာအတွက်၊ မိမိလူမျိုးလွတ်မြောက်ရေး၊ တိုးတက်ကောင်းစားရေးအတွက် စသဖြင့် အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ကြသူတွေဖြစ်ပါတယ်။ ကိုယ်ကျိုးစွန့်တယ်ဆိုတဲ့ နေရာမှာ ဘ၀တစ်ခုလုံးရင်းနှီးမြှုပ်နှံ စတေးပေးဆပ်တတ်ကြသလို မိမိအသက်ကိုပါ မထောက်ထား မငဲ့ညှာဘဲ ရဲရဲဝံ့ဝံ့ပေးဆပ်ကြသူတွေဖြစ်ပါတယ်။
.
အာဇာနည်ဆိုတဲ့ ဝေါဟာရဟာ ပါဠိစကား “အာဇာနိယ၊ အာဇာနေယျ”က ဆင်းသက်လာတာ ဖြစ်ပြီး မြန်မာအဘိဓာန်မှာ ”အကြောင်းဟုတ်သည်၊ မဟုတ်သည်ကို ကောင်းစွာသိသူ” လို့ အဓိပ္ပာယ် ဖွင့်ပါတယ်။ အကြောင်းကို သိတတ်ခြင်းဆိုတာ ပုဂံခေတ်သိင်္ဃသူ့သမီးကျောက်စာအရ ပညာရှိ လက္ခဏာလို့လည်း ဆိုနိုင်ပါတယ်။ ရှင်မဟာသီလ၀ံသရဲ့ ပါရာယန၀တ္ထုအရတော့ ပညာဆိုတာ အကျိုးအပြစ်ကို ခွဲခြမ်းနိုင်သောအတတ်ပါပဲ။ ဒါလုပ်ရင်အပြစ်ဖြစ်မယ်။ ဒါလုပ်ရင် အကျိုးရှိတယ်ဆိုတာ သိမြင်ပြီး အကျိုးရှိတဲ့အလုပ်၊ မှန်ကန်သင့်မြတ်တဲ့အလုပ်ကို အများအတွက် သက်စွန့်ကြိုးပမ်း လုပ်ကိုင် ဆောင်ရွက်ရပ်တည်တာ အာဇာနည်တို့ရဲ့ လက္ခဏာပါ။
.
ဒါကြောင့် အာဇာနည်ဆိုတာ အမှန်တရားအတွက် ရပ်တည်မှ အာဇာနည်လို့ ဆိုနိုင်ပါတယ်။ အမှားကို အမှန်ထင်၊ အမှန်ကို အမှားမြင်ပြီး မိုက်ရူးရဲလုပ်ကိုင်ဆောင်ရွက်သူတွေရဲ့ သေခြင်းဟာ အာဇာနည်တို့ရဲ့ အသေမြတ်ခြင်းမျိုးမဟုတ်ဘဲ အသေဆိုးနဲ့ သေခြင်း သက်သက်သာ ဖြစ်ပါတယ်။
.
အာဇာနည်ရဲ့ နောက်အဓိပ္ပာယ်တစ်မျိုးကတော့ ”သာမန်ထက် လက်ရုံးရည်၊ နှလုံးရည်ထူးကဲ သာလွန်၍ အများအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်သူ”လို့လည်း တွေ့ရပါတယ်။ အာဇာနည်တွေ မှာ ထက်မြက်တဲ့စွမ်းရည်ရှိကြပါတယ်။ ရဲစွမ်းသတ္တိနဲ့ စွန့်လွှတ်စွန့်စားတတ်တဲ့ နှလုံးသားရှိကြပါတယ်။ သူမတူတဲ့ ပေးဆပ်နိုင်စွမ်းလည်း ရှိကြပါတယ်။ လူတကာပြုနိုင်ခဲသော အမှန်တရားအတွက် သက်စွန့် စံဖျား တိုက်ပွဲဝင် ရပ်တည်ပေးတတ်သော ပုဂ္ဂိုလ်များဖြစ်တဲ့အတွက် လူပင်သေသော်လည်း နာမည် မသေကြသူများ ဖြစ်ပါတယ်။
.
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ဟာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ အာဇာနည် ၉ ဦးတို့ တိုင်းပြည်အတွက် အသက်သွေး စတေးပေးဆပ်သွားတဲ့နေ့ပါ။ ဒီနေ့ကို မြန်မာတို့ရဲ့ နှလုံးသားထဲမှာ ကမ္ပည်းကျောက်စာ ခိုင်ခိုင်မာမာ ရေးထိုးခဲ့ပြီးဖြစ်ပါတယ်။ အာဇာနည်ကြီးတွေဟာ ကိုယ်ကျိုးရှာ အတ္တသမား အာဏာရူး မသမာသူတို့လက်ချက်နဲ့ လူသေသွားပေမဲ့ နာမည်မသေခဲ့ကြသူတွေ ဖြစ်ပါတယ်။ မြင့်မြတ်တဲ့ နှလုံးသားပိုင်ရှင်တွေဟာ ခေတ်အဆက်ဆက် ပြည်သူတို့ရဲ့ နှလုံးသားထဲမှာ ဆက်လက်ရှင်သန်နေဆဲ ဖြစ်ပါတယ်။
.
အာဇာနည်အောင်ဆန်းသေသွားပေမဲ့ အောင်ဆန်းရဲ့ နာမည်ကို တမြတ်တနိုးအမည်ပေး မှည့်ခေါ်ထားတဲ့ အောင်ဆန်းပေါင်း များစွာ ပေါ်ပေါက်လာခဲ့ပါတယ်။ ဂဠုန်ဦးစောဆိုတဲ့ အမည်မျိုးကို ဘယ်မိဘကမှ ကိုယ့်ရင်သွေးကို မမှည့်ခေါ်လိုကြပါ။ လူ့သဘာဝက အများအကျိုးအတွက် စွန့်လွှတ်စွန့်စား အနစ်နာခံသူတွေကို ဂုဏ်ယူမြတ်နိုးတတ်ကြပါတယ်။ အတ္တအကျိုးရှေ့တန်းတင်ပြီး ယုတ်မာပက်စက်သူတွေကိုတော့ ရွံရှာစက်ဆုပ်တတ်ကြပါတယ်။
.
ဗိုလ်ချုပ်အောင်ဆန်းတို့ အာဇာနည်အပေါင်းဟာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း လွတ်လပ်ရေး အသီးအပွင့်ကို စံစားမသွားခဲ့ရသူများ ဖြစ်ပါတယ်။ ဒါကိုကြည့်ရင် အာဇာနည်တွေဟာ မစားဘဲစွန့်ခဲ့ကြတဲ့ မြင့်မြတ်ကြီးကျယ်တဲ့ နှလုံးသား ပိုင်ရှင်တွေဖြစ်တာ ထင်ရှားပါတယ်။ ဂုဏ်ကိုလည်း စွန့်နိုင်ကြပါတယ်။ လာဘ်ကိုလည်း စွန့်နိုင်ကြပါတယ်။ ပကာသန ထင်ပေါ်ကျော်ကြားမှုကိုလည်း စွန့်နိုင်ကြပါတယ်။ အသိပညာနဲ့ အမှားအမှန် အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်ပြီး အများအကျိုးကို အမှန်တရားနှင့်ယှဉ်လို့ ရဲဝံ့ပြတ်သားစွာ ရပ်တည်ဆောင်ရွက်ရင်း အသက်ကိုပါ စွန့်နိုင်ကြသူတွေပါ။ အာဇာနည်တို့ရဲ့နှလုံးသားဟာ ရှာမှရှားတဲ့ ဦးညွတ်ဂုဏ်ပြု စံတင်စရာနှလုံးသားမျိုးပါ။
.
အာဇာနည်နေ့ကိုရောက်တိုင်း အာဇာနည်တို့ရဲ့ ကျေးဇူးကို အောက်မေ့သတိရသူတွေအတွက် ပန်းခွေချခြင်း၊ အလေးပြုခြင်း၊ အထိမ်းအမှတ်အခမ်းအနားများပြုလုပ်ခြင်း၊ ဥသြဆွဲကာ ငြိမ်သက် ဂုဏ်ပြုခြင်းစတဲ့ ကျေးဇူးသိအပြုအမူတွေနဲ့ တုံ့ပြန်ခြင်းဟာ အာဇာနည်တွေရဲ့ ပေးဆပ်မှုနဲ့စာရင် ဘာမှ မပြောပလောက်တဲ့ တုံ့ပြန်ကျေးဇူးဆပ်မှုပါ။ ဒါပေမဲ့ ဒီလောက်လေးကိုတောင် တုံ့ပြန်ဖို့ တွန့်တိုနေတဲ့ ကျေးဇူးကန်းတွေရှိပါတယ်။ အာဇာနည်တွေဟာ မစားဘဲစွန့်ခဲ့ကြသူတွေသာဖြစ်ပြီး ငါတို့ဟာ သူတို့ကြောင့် မစွန့်ဘဲစားခွင့်ရနေသူတွေပါလားဆိုတဲ့ လူသားဆန်တဲ့ အသိမျိုးလေး နိုင်ငံသားတိုင်းမှာ ရှိသင့်ပါတယ်။
.
တကယ်ဆိုရင် အာဇာနည်တို့ရဲ့ နှလုံးသားမျိုးကို ကိုယ်တိုင်မွေးမြူခြင်း၊ မျိုးဆက်သစ်တွေရဲ့ နှလုံးသားမှာ ကိန်းဝပ်နိုင်အောင် ပျိုးထောင်ပေးခြင်းတို့နဲ့ ကျေးဇူးဆပ်သင့်တယ်မဟုတ်ပါလား။
.
M-Media ပရိသတ်များ ပညာအလင်းနဲ့ ထင်းရှင်းနိုင်ကြပါစေ။ -
ပြဿနာ အများဆုံး အစိုးရ (Editorial)
စကတည်းက ယဉ်သကို ဆိုတာလိုပါပဲ။ ၂၀၁၀ ရွေးကောက်ပွဲရဲ့အဖြစ်က အသေ၀နာစ ဗာလာနံဆိုပြီး လူ့ဗာလတွေနဲ့ကင်းဝေးစေဖို့ ဒီမိုကရေစီဂါထာစီးဖြန်း မန်းမှုတ်လာခဲ့တဲ့ ပြည်သူတွေဟာ ကံဆိုးချင်တော့ ဗွီလိန် က မင်းသားဝတ်စုံပြောင်းပြီး ထွက်လာတဲ့အခါ ဗာလာနဉ္စ သေ၀နာရယ်လို့ မင်္ဂလာတရားတော်ကို ကမောက်ကမလုပ်လိုက်ရပါတော့တယ်။ ဒီမှာတင် အမင်္ဂလာနဲ့ ဒီမိုကရေစီ ကင်ပွန်းတပ်ပွဲဟာ အခြေမလှ ဖြစ်ခဲ့ရပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံကိုပြင်မှ NLD က ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ချင်ပါတယ်။ ဒါကြောင့် ပြင်မပေးရင် ရွေးကောက်ပွဲသပိတ်မှောက်မယ်လို့ ဆိုခဲ့ပါတယ်။ ပြည်သူညီရင် ရွေးကောက်ပွဲပျက်ပါတယ်။ ဒါပေမဲ့ ဧရာဝတီသင်္ဘောကုမ္ပဏီနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ဦးနာအောက်ရဲ့ သနားစဖွယ်အဖြစ်ကို သံဝေဂ မယူမိလေသလားပဲ။ အများ အကျိုးထက် တစ်ကိုယ်ရေ အကျိုးရှာတဲ့ အချောင်သမားက ရာနှုန်းများနေလေတော့ NLD ရဲ့မျှော်လင့်ချက်ဟာ ဦးနာအောက်ရဲ့ အရှုံးမျိုးနဲ့ ပြာကြွေစလို လွင့်ပြယ်ဆုံးပါးခဲ့ရပါတယ်။
ဘောင်းဘီချွတ်များရဲ့ ပြည်ခိုင်ဖြိုးဟာ ပြိုင်ဘက်တော်ရဲ့သပိတ်ကို လူနာမျက်ဖြူဆိုက်လေ ဆရာကြိုက်လေ အပြုံးမျိုးနဲ့ ပီတိဝေနေချိန်ပေါ့။ ချန်ပီယံမပါတဲ့ပွဲမို့ ပွဲချောင်ဝင်တိုးဦးမှဆိုတဲ့ တောကြောင်တွေကလည်း လက်ခမောင်း ထခတ်ကြပါတယ်။ ဒီလိုနဲ့ ၂၀၁၀ ဟာ ပြည်သူမျှော်မှန်းတဲ့ အောင်ပန်းတွေ ခြွေချကြေမွမြေခ သွားရပါတော့တယ်။
အဲဒီကာလမှာ အကျိုးလိုလို့ ညောင်ရေသွန်းတဲ့ ခါတော်မီခင်းတဲ့ တစ်ခြမ်းတစ်ဝက် လမ်းအကွက် အကွက် တွေကို ပြန်မြင်ယောင် မိပါသေးတယ်။ ပြည်သူ့ဘဏ္ဍာတွေကို ပါတီပိုင်လို အလွဲသုံးစားလုပ်ပြီး ထင်တိုင်းသုံး မဲဆွယ်နေတဲ့ အရွေးခံ အမတ်လောင်းများကိုလည်း ပြန်မြင်ယောင်မိပါသေးတယ်။ မဲရုံမှာ မဲရေတုန်းက အနိုင်၊ ကြိုတင်မဲတွေ ထင်သလိုပေါင်းပြီး သတင်းမှာကြေညာတော့ အရှုံးဖြစ်သွားတဲ့ အရွေးခံတချို့ရဲ့ တက်ခေါက်သံ တွေကိုလည်း ကြားယောင်မိပါသေးတယ်။
အစိုးရသစ် လက်ထက်မှာ ဧရာဝတီမြစ်ဆုံရေကာတာကိစ္စဟာ စနက်တံဖြုတ်ထားတဲ့ လက်ပစ်ဗုံးတစ်လုံးကို ဆုပ်ကိုင်ထား မိသလို ဖြစ်ခဲ့ဖူးတယ်။ ကလေးကို အချိုသပ်သလို ပြည်တော်ပြန် ပုဏ္ဏားတို့ရဲ့ မာယာဉာဏ်နဲ့ ရွှေ့ဆိုင်းနှစ်သိမ့်ဖို့ အကြံအတိုင်း အကောင်အထည်ဖော်လိုက်တဲ့ သမ္မတကြီးဟာ နေ့ချင်းညချင်း နာမည်ကောင်း လက်မှတ် အချောင်ရသွားပါတယ်။ ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင် ဘ၀ကနေ နိုင်ငံရေးသမားဘ၀ကို ပြောင်းလဲခံယူဖို့အတွက် သမ္မတကြီးကို ယုံတယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့ သမ္မတကို ကျောသပ်လိုက်ချိန်မှာ ဘုမသိ ဘမသိတွေက သမ္မတကြီးကို ဘုရားတစ်ဆူ ဂူတစ်လုံးလို အကြည်ညို ပိုသွားကြပြန်ပါတယ်။
လျှပ်စစ်မီးတွေ ပိုလျှံနေလို့ နိုင်ငံခြားတောင် ရောင်းစားနေရပါတယ်ဆိုတဲ့ ၀န်ကြီးက နှုတ်သရမ်းထားချိန်မှာ လျှပ်စစ်မီးတွေ ပျက်လွန်းလို့ ဖယောင်းတိုင်ထွန်း ဆုတောင်းပွဲတွေကလည်း မြန်မာပြည်ရဲ့ ထူးခြားတဲ့ မှတ်တိုင် တစ်ခုပါပဲ။
ဦးသိန်းစိန် အစိုးရဟာ အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေရဲ့ ထောက်ခံမှုကို ရလိုပါတယ်။ စီးပွားရေး ပိတ်ဆို့မှုတွေကို ဖြေလျှော့စေ လိုတယ်။ ဧရာဝတီ ကိစ္စမှာ နာမည်ကောင်းရထားတာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဆင်ပြေနေတာတွေ အပြင် နိုင်ငံရေးအကျဉ်းသားတွေ တစ်သုတ်ပြီး တစ်သုတ်လွှတ်ပေးတာတွေဟာ ကမ္ဘာ့အသိုင်းအ၀ိုင်းရဲ့ ထောက်ခံမှုရရေး အတွက် ရင်းနှီးမြှုပ်နှံမှုတွေပါပဲ။ ဒါပေမဲ့ နိုင်ငံရေးအင်အားစုတွေ ထောင်ကလွတ်လို့ အင်အားကောင်းလာရင် ချိန်ခွင်လျှာညှိနိုင်အောင် မိစ္ဆာဘက်တော်သား တချို့ကိုလည်း ရောင်တော်ပြန်နဲ့ ရောလွှတ်ပေးခဲ့ပါတယ်။ အဲဒီအထဲမှာ အထိကရုဏ်းဖန်တီးမှု ၀ိဇ္ဇာတွေလည်း ပါပါတယ်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါဝင်ယှဉ်ပြိုင်မယ်ဆိုတော့ ပြည်ခိုင်ဖြိုး အစိုးရ မျက်ခုံးလှုပ်ခဲ့ပါတယ်။ ထင်တဲ့အတိုင်းပဲ ၀င်ပြိုင်သမျှ နေရာတိုင်းမှာ NLD အနိုင်ရခဲ့ပါတယ်။ ဒီမှာတင် ၂၀၁၅ အတွက် ကြိုတင်စီမံကိန်း တစ်ခုကို ချရပါတော့တယ်။ ကြားဖြတ်ရွေးကောက်ပွဲဟာ ၂၀၁၂ ဧပြီ ၁ မှာ လုပ်ပါတယ်။ ဧပြီ ၁၂ မှာ ဆိုင်းတောင်၊ ဧပြီ ၁၃ မှာ ကံမ ဘာသာရေး၊လူမျိုးရေးပြဿနာတွေ စပြီးမွှေးပါတယ်။ နောက်တော့ ရခိုင် ပြည်နယ်မှာ အကြီးအကျယ်ဖန်တီးပါတယ်။ အဲဒီကနေ သာကေတ၊ လှိုင်သာယာ၊ မိတ္ထီလာ၊ ပဲခူးမြို့အနောက်ဘက် တစ်လွှား၊ ဥက္ကံ၊ လားရှိုး၊ မန္တလေးစသဖြင့် ပဋိပက္ခတွေ တစ်ခုပြီးတစ်ခု ဖန်တီးခဲ့ပါတယ်။ ဖန်တီးကြောင်းလည်း လက်ရာတွေတူနေပုံအရ ပြည်သူတွေ ရိပ်စားမိလာပါတယ်။
လက်ပံတန်းတောင်ကိစ္စ၊ ကိုပါကြီးကိစ္စ၊ ကချင် ဆရာမလေးနှစ်ဦး ကိစ္စ၊ ဒေါ်ခင်ဝင်း ကိစ္စ၊ မိကျောင်းကန် မြေသိမ်းခံများအပါအ၀င် အရပ်ရပ် အနယ်နယ်က မြေသိမ်းယာသိမ်း ကိစ္စ၊ မြို့တော်ခန်းမရှေ့ ကျောင်းသား တွေကို လက်ပတ်နီတွေနဲ့ အကြမ်းဖက်ဖြိုခွင်းတဲ့ကိစ္စ၊ လှိုင်သာယာ အလုပ်သမား သပိတ်ကို အကြမ်းဖက် ဖြိုခွင်းတဲ့ကိစ္စ၊ လက်ပံတန်းမှာ ကျောင်းသားတွေကို အကြမ်းဖက်ဖြိုခွင်းတဲ့ကိစ္စ အဲဒီလို ကိစ္စမြားမြောင် ပြဿနာ အစုံစုံကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ပေါင်းများစွာနဲ့ တစ်ခု အဖြေမထွက်ခင် သည့်ထက်သည့်ထက် ပိုပိုကြီးတဲ့ပြဿနာတွေနဲ့ ဖုံးကွယ် အာရုံပြောင်းပစ်ပါတယ်။ လိုအပ်ရင် ခေါင်းလောင်းထဆယ်ချင်လည်း ဆယ်ခိုင်းလိုက်ပါတယ်။ ဒီမိုကရေစီစနစ်နဲ့ မအပ်စပ်တဲ့ အရည်အသွေး မပြည့်မီတဲ့ ၀န်ကြီးများဖြစ်ကြောင်း ထမင်းတစ်နပ်လျှော့စားခိုင်းတာ၊ တစ်နေ့ ၂၀၀၀ ပဲ သုံးဖို့ပြောတာ၊ တရုတ်ပြည်ကို ရောင်းထားတဲ့ လျှပ်စစ်မီးကို ပြန်ဝယ်ပြီး သုံးရမယ်ဆိုတာ၊ နယ်လှည့် ပါးရိုက်မယ်ဆိုတာတွေက သက်သေပြနေပါတယ်။ ဒီလိုနဲ့ ဒီအစိုးရဟာ စိတ်ပျက်စရာ အကောင်းဆုံးအစိုးရ၊ ပြဿနာ အများဆုံး အစိုးရအဖြစ် ဗိုလ်စွဲနိုင်ခဲ့ပါတယ်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကနေစပြီး ဖြစ်ပေါ်လာခဲ့တဲ့ ပြဿနာတိုင်းရဲ့ နောက်ကွယ်မှာ အစိုးရရဲ့ လက်မည်းကြီး ရှိနေကြောင်း ပြည်သူတွေက ကောင်းကောင်းသိလာခဲ့ပါပြီ။ အခု ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် နောက်ထပ် ဘာ ပြဿနာတွေ ဖန်တီးဦးမလဲဆိုတာသာ ရင်တခုန်ခုန်နဲ့ စောင့်ဆိုင်းကြည့်ကြရဦးမှာပါ။ဒီလိုပြဿနာတွေဆက်ပြီး မကြုံတွေ့ရတော့မှာကို စိတ်ပူတယ်ဆိုရင်တော့ အကောင်းဆုံး အကြံတစ်ခု ပေးပါ့မယ်။ ၂၀၁၅ ခုနှစ်မှာ ပြည်ခိုင်ဖြိုးကိုသာ မဲပေးလိုက်ကြပါတော့။
-
မြန်မာကို အညံ့ခံသွားတဲ့ လီကွမ်ယု (Editorial)
ဧပြီ ၃ ၊ ၂၀၁၅
M-Media
၂၀၁၅ ခုနှစ် မတ်လ ၂၃ ရက်နေ့မှာ စင်ကာပူနိုင်ငံရဲ့ ဗိသုကာကြီးလီကွမ်ယုဟာ နမိုးနီးယားရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ စင်ကာပူနိုင်ငံသားတွေအတွက် ၀မ်းနည်းကြေကွဲဖွယ်နေ့တစ်နေ့ပါ။လီကွမ်ယုဟာ ကွယ်လွန်ချိန်မှာ အသက် ၉၁ နှစ်ရှိနေပါပြီ။ လွတ်လပ်တဲ့ သီးခြားနိုင်ငံဖြစ်လာတာ နှစ်ပေါင်း ၅၀ သက်တမ်းသာ ရှိသေးတဲ့ စင်္ကာပူနိုင်ငံဟာ အဲဒီမတိုင်ခင်က မြန်မာနိုင်ငံလိုပဲ ဗြိတိသျှ ကိုလိုနီ လက်အောက်၊ ဖက်ဆစ်ဂျပန်လက်အောက်တွေမှာ ရှင်သန်ဖြတ်သန်းခဲ့ရဖူးပါတယ်။
၁၉၆၃ မှာ မလေးရှား ပြည်ထောင်စုကို ဖွဲ့စည်းတော့ မလေးရှားနိုင်ငံရဲ့ ပြည်နယ်တစ်ခုအနေနဲ့ ရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းက လီကွမ်ယုက PAP ပါတီကို တည်ထောင်ခဲ့ပါတယ်။ အာဏာရပါတီကတော့ အမျိုးသားရေးအစွန်းရောက်ဝါဒီတွေကြီးစိုးတဲ့ “ညီညွတ်သော မလေးအမျိုးသားအဖွဲ့ချုပ်” ပဲ ဖြစ်ပါတယ်။ သူတို့က မလေးလူမျိုးလွှမ်းမိုးတဲ့ မလေးရှားနိုင်ငံဖြစ်တည်ရေးကို ဦးတည်လျှောက်လှမ်းနေကြပါတယ်။
ကိုလိုနီနယ်ချဲ့တို့ရဲ့ထုံးစံအတိုင်း သွေးခွဲသပ်လျှိုအုပ်ချုပ်ရေးအခံကလည်း ရှိထား၊ အမျိုးသားရေး ၀ါဒီတွေကလည်း ဖွတ်မိကျောင်းဖြစ်လာလေတော့ မြစ်မချမ်းသာကိန်းဆိုက်လာပါတော့တယ်။ လူမျိုးရေး အထိကရုဏ်းတွေ ဖြစ်လာပါတယ်။ အာဏာရပါတီကလည်း PAP ပါတီကို အမျိုးသားရေးလက်နက်နဲ့ ထိုးနှက်လာပါတော့တယ်။ ခွဲရေး-တွဲရေးပြဿနာတွေ တက်လာပြီး အခြေအနေအရ လီကွမ်ယုနဲ့ သူ့ရဲ့ပါတီ ဟာ ခွဲရေးကို လက်ခံလိုက်ရပါတော့တယ်။
၁၉၆၅ သြဂုတ်လ ၉ ရက်နေ့မှာ စင်ကာပူနိုင်ငံဟာ မလေးရှားကနေ သီးခြားခွဲထွက်ရပ်တည်ခဲ့ပါတယ်။ ပထမဆုံးဝန်ကြီးချုပ်အဖြစ် လီကွမ်ယုကို တင်မြှောက်ကြပါတယ်။ ၁၉၉၀ မှာ ဂိုချောက်တောင်ကို ၀န်ကြီးချုပ် ရာထူးလွှဲပြောင်းပေးခဲ့တဲ့အချိန်အထိ ၂၅ နှစ်လောက် တိုင်းပြည်ကို ဉာဏ်ကြီးကြီး အမြော်အမြင်ရှိရှိ စေတနာပါပါ အုပ်ချုပ်ခဲ့တဲ့ အရှေ့တောင်အာရှရဲ့ အထူးခြား အထင်ရှားဆုံး ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။
သူအုပ်ချုပ်စကာလမှာ စင်ကာပူကျွန်းနိုင်ငံလေးမှာ လူဦးရေက ၂ သန်းလောက်ပဲရှိပါတယ်။ သဘာဝ သယံဇာတဆိုတာ နတ္ထိ၊ သောက်သုံးရေကိုတောင် သူများနိုင်ငံက ၀ယ်သုံးနေရတယ်။ အလုပ်လက်မဲ့နှုန်းက ၁၄ ရာခိုင်နှုန်းလောက်ရှိတယ်။ တစ်စတစ်စ တိုးတိုးသာလာတယ်။ ဒါပေမဲ့ သူဟာ စီးပွားရေးဖွံ့ဖြိုးအောင် စက်ရုံတွေ များများထူထောင်တယ်။ ဒေသထွက်ကုန်တွေ များများထွက်နိုင်ဖို့လုပ်တယ်။ စိုက်ပျိုးလို့ရတဲ့ သီးနှံတွေကို များများစိုက်ပျိုးပြီး နိုင်ငံခြားကို တင်ပို့စေတယ်။ ပင်လယ်ရေကို သောက်သုံးရေအဖြစ် ပြောင်းလဲ ယူဖို့ နည်းပညာရှာဖွေတယ်။
လီကွမ်ယုဟာ တိုင်းပြည်ဆင်းရဲလို့ နိုင်ငံတကာလှည့် လက်မဖြန့်ဘူး။ ပြည်သူကို လက်ညိုးထိုးပြီး တောင်းစားလို့ လွယ်ပေမဲ့ သူတောင်းစားတိုင်းပြည်လို့ သူတစ်ပါးမေးငေါ့ရင် ပြည်သူမျက်နှာငယ်မှာကို ကြောက် တတ်တဲ့ ခေါင်းဆောင်မျိုးဖြစ်တယ်။ ဒါပေမဲ့ ဘ၀မမြှင့်ဘဲ ဘ၀င်သာမြင့်နေတဲ့ ဆန်မရှိအစားကြီး တလွဲမာန သမားလည်း မဟုတ်ဘူး။ ကိုယ်ပိုင်စစ်တပ်ထူထောင်ဖို့ တခြားနိုင်ငံတွေရဲ့ အကူအညီတောင်းတယ်။ အကူအညီမရတဲ့အခါ စပျစ်သီးချဉ်တယ် မလုပ်ဘူး။ ပြည်ပအားကိုး ပုဆိန်ရိုးတွေ ဘာတွေ အာသာပြေ၊ အရှက်ပြေမအော်ဘူး။ ကိုယ့်အရည်အချင်းနဲ့ကိုယ် မဖြစ်ဖြစ်အောင်တည်ထောင်တယ်။ များသောအားဖြင့် အဲဒီအချိန်က တရုတ်လူမျိုးတွေဟာ စစ်မှုထမ်းတာကို မကောင်းတဲ့အလုပ်လို့ အယူအစွဲရှိတဲ့အတွက် စစ်တပ်ထူထောင်ရေးမှာ အခက်အခဲတွေ ရှိခဲ့တယ်။ သူကတော့ မရရအောင် စည်းရုံးသိမ်းသွင်းနိုင်ခဲ့တယ်။ ဒါပေမဲ့ အဓမ္မစစ်သားစုဆောင်းတာမျိုး သူမလုပ်ခဲ့ဘူး။ သူ့ဆန္ဒနဲ့သူ ၀င်ချင်လာအောင်ပဲ စည်းရုံးတယ်။ ပြည်ပရင်းနှီးမြှပ်နှံသူတွေကို သူကမ်းလှမ်းတယ်။
မြန်မာနိုင်ငံလို အဲဒီအချိန်က အရှေ့တောင်အာရှမှာ ထိပ်တန်းရောက်နေတဲ့ နိုင်ငံမျိုးကို အတုယူ အားကျကြောင်း၊ မီအောင် ကြိုးစားမယ့်အကြောင်း ရိုးသားပွင့်လင်းစွာပြောခဲ့တယ်။ တကယ်လည်း ကြိုးစားတယ်။ ပညာရေးကို မြှင့်တင်တယ်။ တည်ထောင်စနိုင်ငံဖြစ်တဲ့အတွက် ဘယ်သူမဆို နိုင်ငံထဲမှာ အမြဲနေမယ်ဆိုရင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုတယ်။ တရုတ်လူမျိုးက အများစုဖြစ်ပေမဲ့ တခြားလူမျိုး အိန္ဒိယ၊ မလေး စတာတွေလည်း အတူတကွ ချစ်ချစ်ခင်ခင် နေထိုင်စေတယ်။ တိုင်းပြည်ကို လူမျိုးအခြေပြုပြီး မတည်ဆောက်ဘူး။ ဘယ်ဘာသာကိုမဆို ထောက်ပံ့တယ်။ ဘာသာပေါင်းစုံ အတူတကွနေထိုင်တဲ့ တိုင်းပြည်ဖြစ်တာကို ဂုဏ်ယူတယ်။ ညီညွတ်ရေးကိုသာရှေးရှုတယ်။
သူ့နိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ မဒရဆာဘာသာရေး သင်ရိုးညွှန်းတမ်းတွေကို ကြည့်ပြီး အားမရတော့ ဒီလူတွေပညာရေးနိမ့်ကျရင် တိုင်းပြည်ပညာရေးနိမ့်ကျတာနဲ့ အတူတူပဲလို့ သူကမြင်တယ်။ ဒါကြောင့် မဒရဆာပညာရေးကို မြှင့်တင်ဖို့ တွန်းအားပေးတယ်။ ဒီလိုအမြော်အမြင်ကြီးတဲ့ ခေါင်းဆောင် ကောင်းဖြစ်တဲ့အတွက် သူ့တိုင်းပြည်ဟာ တိုးတက်တယ်။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံရှိတဲ့ ပြည်သူတွေ ကလည်း ငါက ဘာလူမျိုး၊ ငါက ဘယ်ဘာသာဆိုတာထက် ငါက စင်ကာပူနိုင်ငံသားဆိုတာမျိုး ဂုဏ်ယူ လာကြတယ်။ အိမ်ရှင်ဧည့်သည်ဆိုတဲ့ ရူးကြောင်ကြောင်အတွေးအခေါ်မျိုး သူတို့မှာ မရှိဘူး။
တိုင်းပြည်အပေါ် စေတနာထားပြီး ပြည်သူပြည်သားအပေါ် ကျောသားရင်သားမခွဲခြားတဲ့ လီကွမ်ယုကို ပြည်သူပြည်သားတွေကလည်း မိဘလိုချစ်ခင်လေးစားကြတယ်။ ဒီလိုခေါင်းဆောင်မျိုးကို ကမ္ဘာကလည်း တန်ဖိုးထားတယ်။ မြန်မာကို မီအောင်ကြိုးစားမယ်ဆိုတဲ့ လီကွမ်ယုဟာ မြန်မာကို ကျော်ရုံတင်မက အရှေ့တောင်အာရှမှာပါ စင်ကာပူနိုင်ငံကို ထိပ်တန်းရောက်အောင် လုပ်ယူနိုင်ခဲ့တယ်။ တစ်ချိန်က သူအားကျခဲ့တဲ့ ဆရာတင်ခဲ့ရတဲ့ မြန်မာကတော့ အနိမ့်ဆုံးရောက်သွားတယ်။
၂၀၁၀ ဒီဇင်ဘာလက ၀ီကီလိခ်စ်မှာ ဖော်ထုတ်လိုက်လို့ ပေါက်ကြားသွားတဲ့ အမေရိကန်သံတမန် လျှို့ဝှက်ပေးစာတစ်စောင်မှာ ၂၀၀၇ ခုနှစ်က အမေရိကန်အစိုးရအရာရှိတွေနဲ့ လီကွမ်ယုတို့ တွေ့ဆုံရာမှာ ပြော တဲ့စကားတချို့ပါလာခဲ့တယ်။ အဲဒီမှာ လီကွမ်ယုက ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ထိပ်ပိုင်းစစ်ခေါင်းဆောင်တွေကို “မိုက်မဲသူတွေ”၊ “ထုံပေပေနိုင်တဲ့သူတွေ”၊ “သူတို့နဲ့ဆက်ဆံရတာ လူသေကောင်တွေနဲ့ စကားပြောရသလိုပဲ” စသဖြင့် ချီးကျူးဂုဏ်ပြုစကား ဆိုခဲ့တာတွေဟာလည်း အခုလီကွမ်ယုဆုံးတော့ အမှတ်တရဖြစ်ကျန်ခဲ့ပါတယ်။
ဘာပဲပြောပြော လီကွမ်ယုဟာ မြန်မာကို သူကျော်တက်နိုင်ပြီလို့ ကြာကြာဂုဏ်မယူလိုက်ရပါဘူး။ ကွယ်လွန်ချိန်အထိ မြန်မာကို အညံ့ခံသွားရသူသာ ဖြစ်ပါတယ်။ ဒါကို သူပြောခဲ့ဖူးတဲ့ မှတ်ချက်စကား တစ်ခွန်းအရ သိနိုင်ပါတယ်။ မြန်မာအစိုးရကို သူမှတ်ချက်ပေးခဲ့တာက- “ဒီလောက်သဘာဝ သယံဇာတ ပေါများတဲ့နိုင်ငံကို ဒီလောက်စီးပွားရေးချွတ်ခြုံကျအောင် ဘယ်လိုများ စီမံခဲ့ကြတယ်မသိဘူး”တဲ့။ လီကွမ်ယု ဟာ သူလိုက်မမီတဲ့ပညာတွေ မြန်မာအစိုးရမှာ ရှိနေသေးကြောင်း သိသွားရှာသူဖြစ်ပါတယ်။ ။
-
အနာဂတ်အတွက် ကလေးတွေ တာဝန်ကျေခဲ့ပြီ (Editorial)
ဖေဖော်ဝါရီ ၁၈ ၊ ၂၀၁၅
M-Media၂၀၁၅ ဟာ ခရာဆူးခြုံတွေ၊ နွယ်မြက်ပိတ်ပေါင်းတွေ၊ လျှိုမြောင်ချောက်ကမ်းပါးတွေနဲ့ တောထူလို့။ ၀င်္ကဘာလို မာယာထောင်ချောက်တွေလည်း ပြည့်နှက်လို့။
ရွေးကောက်ပွဲဆိုတဲ့ သမင်သားငယ်ဟာ ကျားတွေ၊ ၀ံပုလွေတွေ၊ မြေခွေးတွေကြားမှာ ဘယ်သူ့အစာ ဖြစ်မယ်ဆိုတာကို ကြိုတင်သိနိုင်ခွင့်မရှိ။ မျက်ခုံးခပ်လှုပ်လှုပ် ထိတ်ထိတ် လန့်လန့်ကြားကပဲ ယဇ်ပလ္လင်မှာ လည်စင်းခံလိုက်ရမယ့်အဖြစ်မျိုး။ မုဆိုးတွေ၊ တံလျှပ်တွေ၊ လင့်စင်ပေါ်က ချိန်ရွယ်ထားတဲ့ ဒူးလေးတွေ။ ပြီးတော့ တောရိုင်းဥပဒေက အလံထူနေဆဲ။ အနှစ်မဲ့တောမှာ ကြက်ဆူပင်တွေက မင်းမူနေဆဲ။
၂၀၁၀ ရဲ့ ဟိုမှာဘက်ဆီက ကန္တာရခရီးဟာ နွမ်းလျပန်းမောပေမဲ့ မြင်ကွင်းတော့ ရှင်းခဲ့တယ်။ လွင်ပြင်မှာ ဆင်လား၊ ကျားလား ထင်ရှားစွာမြင်ရတယ်။ ရန်၊ ငါ စည်း ပြတ်နိုင်တယ်။ ကမန်းကတမ်း သိုးရေခြုံလိုက်တဲ့ ၀ံပုလွေကိုလည်း မြင်နိုင်တယ်။
၂၀၀၈ ဖွဲ့စည်းပုံဟာ ချစ်တီးဆီက ငွေချေးမိတဲ့ လယ်သမားဦးကြီးလို ဘာရေးထားမှန်းမသိတဲ့ စာရွက်ပေါ်မှာ လက်မှတ်ထိုးလိုက်ရတဲ့ အဖြစ်မျိုးနဲ့ အတည်ဖြစ်ခဲ့တဲ့ စာချုပ်တစ်ခု။ ၂၀၁၀ ရွေးကောက်ပွဲ ကတော့ ဟိုတုန်းက သမ၀ါယမဆိုင်က ထုတ်ပေးတဲ့ ဆန်လို ဆန်ကွဲတွေ၊ စပါးလုံးတွေ နိုင်းချင်းပါနေပေမဲ့ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် မချစ်သော်လည်း အောင့်ကာနမ်းလိုက်ရတဲ့ ကံကြမ္မာတစ်ခု။ ၂၀၁၅ မှာတော့ ဈေးဆစ်နိုင်၊ ရွေးချယ်နိုင်တဲ့ ကံကြမ္မာအပြောင်းအလဲ ရှိမယ်လို့မျှော်လင့်ပြီး ၅ နှစ်တာကို ကြိတ်မှိတ်မျိုသိပ် ခဲ့ရတာက ပြည်သူလူထု။
ပန်းနဲ့တူတာ တစ်ပင်မှမရှိဘဲ ခြုံနွယ် ပိတ်ပေါင်းတွေသာ ပြည့်နှက်နေပြီး ချောင်ကြိုချောင်ကြားမှာ အတွဲ ၄-၅ တွဲ ရှိနေတတ်တဲ့ တောအုပ်ငယ်ကို ‘ပန်းခြံ’ လို့ ဆိုင်းဘုတ်ချိတ်ထားရင် ပန်းခြံလို့သာ ခေါ်ရပါတယ်။ အဲဒီ ပန်းခြံနဲ့ သဘောသွားချင်းတူတဲ့ ”စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီနိုင်ငံတော်” ဟာ ချဉ်သီးပင်အောက် ချဉ်သီးရှားဆိုတာလို အပေါ်ယံရွှေမှုန်ကျဲ ကျီးအာသီးလို အသွင်နဲ့ မြန်မာ့နည်း မြန်မာ့ဟန် ဒီမို ကရေစီပဲ ဆိုပါစို့။
အဲဒီ ဒီမိုကရေစီနိုင်ငံတော်မှာ လွတ်လပ်စွာဖွင့်ထားတဲ့ ဘီယာဆိုင်၊ အရက်ဆိုင်တွေမှာ လွတ်လပ်စွာ မူးရူးပြီး ဒီမိုကရေစီအရသာကို ခံစားနိုင်ကြပါပြီ။ လွတ်လပ်စွာ ရေးသားထုတ်ဝေပြီး လွတ်လပ်စွာ ရမ်းကားဆဲဆို စော်ကားခွင့်ကိုလည်း တန်းတူရည်တူရနိုင်ကြပါပြီ။ အမှန်တရားကို နှုတ်မစောင့် လက်မစောင့်ဘဲ ရဲရဲဝံ့ဝံ့ရေးသား တင်ပြပြောဟောလာရင်လည်း လွတ်လပ်စွာ ဖမ်းဆီးထောင်ချခွင့် ရှိပါပြီ။ ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီအောင် လေ့ကျင့်ပေးထားတဲ့ လုံထိန်းရဲတပ်ဖွဲ့ဝင်တွေဟာလည်း ဒေါသထွက်နေတဲ့ လူအုပ်ကြီးတွေကို လွတ်လပ်စွာ ဥပဒေ ချိုးဖောက် ရမ်းကားသောင်းကျန်း ခွင့်ပေးပြီး ဆုံးရှုံးမှု၊ နစ်နာမှု၊ သိမ်းပိုက်ခံရမှုအတွက် တောင်းဆိုဆန္ဒပြသူတွေကို လွတ်လပ်စွာ ပစ်ခတ်နှိမ်နင်းနိုင်ပါပြီ။ တိုင်းပြည်ရဲ့ ဥပဒေအဆင့်အတန်းမီဖို့ တိုင်းပြည်ရဲ့ ပညာရေးမြှင့်တင်ဖို့ ဆန္ဒပြတောင်းဆိုသူတွေကို လွတ်လပ်စွာတားဆီးပိတ်ပင်နိုင်ပြီး တန်ပြန်ဆန္ဒပြ ကန့်လန့်တိုက် ဂဏန်းသပိတ်များကိုတော့ ခွင့်ပြုချက်မလို၊ ပုဒ်မ ၁၈ ကင်းလွတ်ခွင့်နဲ့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ရနိုင်ပြီ။ အာဏာရပါတီကြီးက နိုင်ငံတော်အလံစောက်ထိုးလုပ်တာကို လွတ်လပ်စွာ မှားယွင်းခွင့် (သို့မဟုတ်) လွတ်လပ်စွာ ယတြာချေခွင့် အဖြစ် မှတ်ယူကာ အပြစ်လွှတ်နိုင်သလို ကျောင်းသား တွေ အလံချင်းလဲထူတဲ့ကိစ္စမျိုးကိုလည်း လွတ်လပ်စွာ တရားစွဲအရေးယူခွင့်ရှိပြီ။ ကိုင်း၊ ဘယ်သူပြောသလဲ။ ဒီတိုင်းပြည် မလွတ်လပ်ဘူးလို့။ လွတ်လပ်ချင်တိုင်း လွတ်လပ်နေတဲ့ ဒီမိုကရေစီနိုင်ငံတော်ပဲ မဟုတ်ပါလား။
ဒီပုံ ဒီအချိုးနဲ့ ဒီမိုကရေစီအမည်ခံခြုံပုတ်ထဲတိုးရင်း ပန်းဥယျာဉ်တစ်ဖြစ်လဲကို မျှော်လင့်စောင့်စား နေကြတဲ့ ပြည်သူတွေအတွက် ၂၀၁၅ ရွေးကောက်ပွဲဟာ နီးသထက် နီးလာတာနဲ့အမျှ တောထူသထက်ထူလို့ တစ်စတစ်စ တောကြီးမျက်မည်း ဖြစ်လာလေလေပါပဲ။
ရှုံ့ချည်နှပ်ချည် ၀ှိုက်ကဒ်ပြဿနာမှာ မဲလောဘကို မြင်နိုင်ပြီ။ လောက်ကိုင်စစ်ပွဲဟာ ရန်သူနဲ့ မိတ်ဆွေကို ကွဲပြားခြားနား မြင်စေပြီ။ အရင့်အရင်က အာချောင်ခဲ့ဖူးတဲ့ စစ်သွေးစစ်မာန်တက်နေတဲ့ ပါးစပ်သူရဲကောင်းများလည်း အခုတော့ ငြိမ်ချက်သားကောင်းလို့ ဘယ်ထမိန်ခြုံအောက် ရောက်သွားတယ်မသိ။ အစိုးရပိုင်စစ်တပ်အတွက် ပြည်သူဆီမှာ အလှူခံနေပေမဲ့ အရပ်သားဒုက္ခသည်တွေ အတွက် ၀မ်းနည်းစကား၊ အကူအညီစကားတို့ ချောက်ကပ်ကပ်နိုင်လှတာလည်း အံ့သြစရာ။ ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ချောက်တဲ့ ဇာတ်လမ်းမှာ စည်းစိမ်ခံဗိုလ်ချုပ်ကြီးတွေရဲ့ လူထုအမုန်းကို ဆေးကြောဖို့၊ စစ်အုပ်ချုပ်ရေး၊ တပ်အရေးပါမှုတွေ ကို သက်သေထူဖို့ အောက်ခြေ တပ်သားတွေ၊ ဗိုလ်ငယ်တွေရဲ့ အသက်တွေကို စတေးပြီး လူထုဂရုဏာကို မျှားယူနိုင်ခွင့် အမြတ်ထွက်ခဲ့ပြီ။ အမျိုးသားပညာရေးဥပဒေအတွက် ကျောင်းသားသပိတ်စစ်ကြောင်းတွေကို ကရော်ကမည်၊ ကပြက်ကချော် ပြစ်တင်ဝေဖန်နေရာကနေ အခြေအနေကောင်းလာတော့ လေသံတစ်မျိုး ပြောင်းလာသူတွေ၊ ရေပေါ်ဆီ၊ သာရာစီးတွေကိုလည်း မြင်ရပြီ။
မာယာများတဲ့ ၂၀၁၅ တောကြီးမျက်မည်းမှာ အနာဂတ်ခရီးကိုဖြတ်မယ့် ရွေးကောက်ပွဲ သမင်သားငယ် ဟာ တော မကျွမ်းလို့ ကျောချမ်းနေရပါပြီ။ ပရိယာယ်ရှင် သားရဲတွေရဲ့ အန္တရာယ်ကနေ သမင်ငယ်ကို ကယ်တင်နိုင်ဖို့ ၀င်္ကဘာတောနက်ကြီးကို တောရှင်းဖို့ အဓိကကျနေပါတယ်။ လူကြီးတွေ တာဝန်မကျေသေး။ ၄၃၆၊ ၅၉ တောရှင်းပွဲတွေ အရာမထင်သေး။ တောမပြောင်သေးရင်တောင် တောမမှောင်ဖို့ ကလေးတွေတော့ တာဝန်ကျေခဲ့ပြီ။ ပညာဟာ အလင်းဖြစ်တယ်။ အနာဂတ်ကို လင်းစေမယ်။ အလင်းမှာ လျှိုမြောင်တွေ၊ ချောက်ကမ်းပါးတွေ၊ ဆူးညှောင့်တွေ၊ ခလုတ်ကသင်းတွေ၊ ထောင်ချောက်တွေကို မြင်နိုင်မယ်။ ၀ံပုလွေလား၊ သိုးလား၊ ခြင်္သေ့လား၊ ယုန်လား ထင်ထင်ရှားရှားမြင်နိုင်မယ်။
ဟုတ်တယ်။ ပညာဟာ အလင်းဖြစ်တယ်။ လူကြီးတွေ တောမရှင်းနိုင်ပေမဲ့ ကလေးတွေ အလင်းကို ထင်းရှင်းစေနိုင်ပြီ။ လူကြီးတွေ တာဝန်မကျေနိုင်သေးပေမဲ့ ကလေးတွေ တာဝန်ကျေခဲ့ပြီ။ လူကြီးတွေ စစ်တိုက်နေချိန်မှာ ကလေးတွေ ဉာဏ်ပညာအလင်းနဲ့ အနာဂတ်ငြိမ်းချမ်းဖို့ ရွက်ဆောင်နိုင်ခဲ့ပြီ။ လူကြီးတွေ ကိုယ်ကျိုးအတွက် ပါဝါပြိုင်နေချိန်မှာ ကလေးတွေက ရန်သူမိတ်ဆွေမရွေး သားသမီးတွေရဲ့ အနာဂတ်အတွက် တိုက်ပွဲဝင်ပေးနိုင်ခဲ့ပြီ။ လူကြီးတွေ အာဏာနဲ့ တိုင်းပြည်ကိုစိုးမိုးဖို့ လုပ်နေချိန်မှာ ကလေးတွေက ပညာနဲ့ ကမ္ဘာကိုစိုးမိုးဖို့ အမြော်အမြင်ရှိနေကြပြီ။ လူကြီးတွေ အမှားနဲ့အမှန်ကြား လွန်ဆွဲတိုက်ပွဲ မအောင်မမြင် ဖြစ်နေချိန်၊ ကလေးတွေက အမှားအမှန်ခွဲမှတ်ကျောက်ဖြစ်တဲ့ ပညာရေးတိုက်ပွဲကို အောင်မြင်စွာ တိုက်ယူ နိုင်ခဲ့ပြီ။ ဆက်ပြီး အတည်ပြုပြဋ္ဌာန်းနိုင်ဖို့ လူကြီးတွေတာဝန်သာ ကျန်ပါတော့တယ်။ ကလေးတွေကတော့ တာဝန်ကျေခဲ့ကြပြီ။ အနာဂတ်အတွက် ကလေးတွေတာဝန်ကျေခဲ့ပါပြီ။
M-Media ပရိသတ်များ ပညာအလင်းနဲ့ ထင်းရှင်းနိုင်ကြပါစေ။