News @ M-Media
Tag: Enviromental Crisis
  • နှစ် ၇၀၀ သက်တမ်းရှိ ရေခဲပြင်ဆုံးရှုံးရမှုအတွက် အိုက်စလန်တွင် ၀မ်းနည်းဖွယ်အခမ်းအနား ပြုလုပ်
    နှစ် ၇၀၀ သက်တမ်းရှိ ရေခဲပြင်ဆုံးရှုံးရမှုအတွက် အိုက်စလန်တွင် ၀မ်းနည်းဖွယ်အခမ်းအနား ပြုလုပ်
    သြဂုတ် ၁၉၊ ၂၀၁၉
    M-Media
    Okjokull ရေခဲပြင်၏ ယနေ့မြင်ကွင်း
    -နှစ်ပေါင်း ၇၀၀ လောက် သက်တမ်းရှိခဲ့တဲ့ ရေခဲပြင်ကြီး ဆုံးရှုံးရမှုအတွက် ၀မ်းနည်းဖွယ်အခမ်းအနားကို အိုက်စလန်နိုင်ငံမှာ မနေ့က ကျင်းပခဲ့ပြီး၊ ကမ္ဘ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတု ပြောင်းလဲမှုတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ဂရုပြုကြဖို့လည်း ပညာရှင်တွေက သတိပေးခဲ့ပါတယ်။
    Okjokull လို့ အမည်ရတဲ့ အဲဒီရေခဲပြင်ကြီးဟာ အိုက်စလန်နိုင်ငံမှာ အနောက်အလယ်ပိုင်းမှာ တည်ရှိတာဖြစ်ပြီး ၂၀၁၄ ခုနှစ်ကတည်း သေဆုံးသွားတဲ့ ရေခဲပြင်အဖြစ် ကြေငြာခဲ့တာပါ။
    တစ်ချိန်က ရေခဲပြင်ဖြစ်ခဲ့ပြီး လက်ရှိမှာ ခြောက်သွေ့နေပြီဖြစ်တဲ့ နေရာမှာ မနေ့က ပြုလုပ်တဲ့ ၀မ်းနည်းဖွယ်အခမ်းအနားကို အိုက်စလန်ဝန်ကြီးချုပ် Katrin Jakobsdottir၊ ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Mary Robinson၊ နိုင်ငံခြား သံတမန်အချို့၊ သိပ္ပံပညာရှင်တွေနဲ့ အိုက်စလန်နိုင်ငံသား စုစုပေါင်း လူ ၁၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။
    “ရာသီဥတု ပြောင်းလဲမှုရဲ့ နောက်ဆက်တွဲကို ကျွန်တော်တို့ မြင်နေရပါပြီ။ ကျွန်တော်တို့မှာ အချိန် သိပ်မကျန်တော့ပါဘူး” လို့ ၀န်ကြီးချုပ် Jakobsdottir က ပြောကြားခဲ့ပါတယ်။
    Mary Robinson ကလည်း ရေခဲပြင်ကြီး သေဆုံးသွားရတာဟာ လူသားတွေအတွက် သတိပေးမှုတစ်ခု ဖြစ်ပြီး ထိထိရောက်ရောက် ဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ ပြောကြားခဲ့ပါတယ်။
    “နောက်ထပ် နှစ်ပေါင်း ၂၀၀ ကြာတဲ့အခါမှာ ကျွန်တော်တို့ရဲ့ ရေခဲပြင်တွေအားလုံး ဒီလမ်းကို လိုက်ရဖွယ် ရှိနေပါတယ်။ ဒီ အမှတ်တရကြေးပြားဟာ လက်ရှိ ဘာတွေဖြစ်နေလဲဆိုတာနဲ့ ဘာတွေ လုပ်ဖို့ လိုအပ်လဲဆိုတာကို ကျွန်တော်တို့ သိရှိကြောင်း ဖော်ပြနေတာပါ။ တယ်လို့ကျွန်တော်တို့များ လုပ်နိုင်ခဲ့ရင် ခင်ဗျားလည်း ဒါကို ပြင်ရာပါ” လို့ ကြေးပြားမှာ ရေးသားထားပါတယ်။
    ကမ္ဘ္ဘ့ာလေထုထဲမှာ ကာဘွန်ဒိုင်အောက်ဆိုင် ပမာဏာ စံချိန်တင် မြင့်မားမှုကို အခုနှစ် မေလမှာတိုင်းတာတွေ့ရှိခဲ့ရပြီး ဒီပမာဏ 415 ppm CO2 ကိုလည်း ကြေးပြားမှာ ထည့်သွင်း မှတ်တမ်းတင်ထားပါတယ်။
    အိုက်စလန်နိုင်ငံက အခြား ရေခဲပြင် ၄၀၀ လောက်ဟာ ဒီလို ကြမ္မာဆိုးနဲ့ ရင်ဆိုင်ရဖွယ် ရှိနေတယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားပါတယ်။ အိုက်စလန်နိုင်ငံဟာ တစ်နှစ်ကို ရေခဲ ၁၁ ဘီလီယံလောက် ဆုံးရှုံးနေပြီး ၂၂၀၀၀ ပြည့်နှစ်ရောက်ရင် တိုင်းပြည်မှာရှိနေတဲ့ ရေခဲပြင်တွေအားလုံးကို ဆုံးရှုံးရဖွယ် ရှိနေပါတယ်။
    ၁၈၉၀ ပြည့်နှစ်က Okjokull ရေခဲပြင်အကျယ်ဟာ ၁၆ စကွဲယားကီလိုမီတာလောက် ရှိခဲ့ပေမယ့် ၂၀၁၂ ခုနှစ်အရောက်မှာတော့ ၀.၇ စကွဲယားကီလိုမီတာသာ ရှိပါတော့တယ်။ အိုက်စလန်နိုင်ငံက ၀မ်းနည်းဖွယ်အခမ်းအနားဟာ ရေခဲပြင်ဆုံးရှုံးရမှုအတွက် ကမ္ဘ္ဘာ့ပထမဆုံး ၀မ်းနည်းဖွယ် အခမ်းအနားလည်း ဖြစ်ပါတယ်။
    Ref: BBC
  • ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရန် အပင် သန်းပေါင်း တစ်သန်းစိုက်ရမည်
    ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရန် အပင် သန်းပေါင်း တစ်သန်းစိုက်ရမည်
    ဇူလိုင် ၅၊ ၂၀၁၉
    M-Media
    -ကမ္ဘ္ဘာကြီးပူနွေးလာမှုကို တိုက်ဖျက်ဖို့အတွက် အထိရောက်ဆုံး နည်းလမ်းဟာ သစ်ပင်ပေါင်း ၁ ထရီလီယံလောက် စိုက်ပျိုးမှု ဖြစ်တယ်လို့ ဆွစ်ဇာလန် သိပ္ပံပညာရှင်တွေက ပြောကြားလိုက်ပါတယ်။
    သိပ္ပံပညာရှင်တွေရဲ့ သုတေသနပြုမှုကို Science ဂျာနယ်မှာ မနေ့က ဖော်ပြခဲ့တာပါ။ သစ်ပင်ပေါင်း ၁ ထရီလီယံ စိုက်ပျိုးဖို့အတွက် အမေရိကန်နိုင်ငံရဲ့ အကျယ်အ၀န်းလောက် မြေနေရာလိုအပ်ပြီး ဒီအတွက် ကမ္ဘ္ဘာကြီးမှာ နေရာ လုံလုံလောက်လောက် ရှိတယ်လို့လည်း ပညာရှင်တွေက ပြောပါတယ်။
    အဲဒီသစ်ပင်တွေဟာ လာမယ့် ဆယ်စုနှစ်တွေမှာ ကာဘွန်ဒိုင်အောက်ဆိုက် တန်ပေါင်း ဘီလီယံ ၇၅၀ လောက် လေထုထဲကနေ စုပ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၂၅ နှစ်အတွင်း လူသားတွေ ထုတ်လွှတ်ခဲ့တဲ့ ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏ ဖြစ်ပါတယ်။
    “ဒီနည်းလမ်းဟာ အခုလက်ရှိနဲ့ နောက်ထပ် နှစ်ပေါင်းများစွာကြာအောင် ဈေးအသက်သာဆုံး ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးနည်းလမ်း ဖြစ်မှာပါ ” လို့ ဇူးရစ်ခ်ျမြို့အခြေစိုက် နည်းပညာတက္ကသိုလ် Swiss Federal Institute of Technology က ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပညာရှင် သောမတ်စ် ခရိုသာက ပြောကြားခဲ့ပါတယ်။
    သစ်ပစ်တွေစိုက်ပျိုးဖို့အတွက် နေရာအများဆုံးရှိနေတဲ့ တိုင်းပြည်တွေက ရုရှား၊ အမေရိကန်၊ ကနေဒါ၊ သြစတေးလျ၊ ဘရာဇီးလ်နဲ့ တရုတ်နိုင်ငံတို့ ဖြစ်တယ်လို့လည်း သိပ္ပံပညာရှင်တွေက ထည့်သွင်း ရေးသားခဲ့ပါတယ်။
    ခရိုသာက သစ်တောထိန်းသိမ်းခြင်ဟာ ရာသီဥတုပြောင်းလဲမှုကို တွန်းလှန်ရာမှာ အရေးပါတဲ့ နည်းလမ်းတစ်ခုအဖြစ် အရင်က သိရှိခဲ့ပေမယ့် တကယ်တော့ ဒါဟာ လက်ရှိ ရနိုင်သမျှ နည်းလမ်းတွေထဲမှာ အကောင်းဆုံး နည်းလမ်း ဖြစ်တယ်ဆိုတာကို အခုလေ့လာမှုကနေ တွေ့ရှိခဲ့တယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။
    Ref: Aljazeera
  • တစ်ခါသုံးပလက်စတစ်ပစ္စည်းများ ရောင်းချမှုပိတ်တော့မည်ဟု ဗြိတိန် ကြေငြာ
    တစ်ခါသုံးပလက်စတစ်ပစ္စည်းများ ရောင်းချမှုပိတ်တော့မည်ဟု ဗြိတိန် ကြေငြာ
    ဧပြီ ၁၉၊ ၂၀၁၈
    M-Media
    – အအေးသောက်ရာမှာ အသုံးပြုတဲ့ ပလက်စတစ်ပိုက်တွေနဲ့ တစ်ခြား တစ်ခါသုံးပစ္စည်းတွေ ရောင်းချတာကို ပိတ်ပင်သွားမယ်လို့ ဗြိတိန် ၀န်ကြီးချုပ်ရုံးက ဒီကနေ့မှာ ကြေငြာလိုက်ပြီး ပင်လယ်သမုဒ္ဒရာ ညစ်ညမ်းမှုကို ဟန့်တားဖို့ ရည်ရွယ်တဲ့ ဆောင်ရွက်မှု ဖြစ်ပါတယ်။
    “ပလက်စတစ် စွန့်ပစ်ပစ္စည်းတွေဟာ ကမ္ဘာကြီးက ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတွေထဲက တစ်ခုပါ။ ဒါ့ကြောင် အဏ္ဏ၀ါပတ်ဝန်းကျင်ကို ထိန်သိမ်းကာကွယ်ရေးဟာ ကျွန်မတို့ရဲ့ ဓနသဟာယအဖွဲ့ဝင်နိုင်ငံ အစိုးရအကြီးအကဲတွေရဲ့ အစည်းအဝေးမှာ အဓိကအကြောင်းအရာ ဖြစ်လာမှာပါ” လို့ ဒီကနေ့ စတင်ကျင်းပမယ့် ဓနသဟာယနိုင်ငံများ ထိပ်သီးအစည်းအဝေးမတိုင်ခင် ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ၀န်ကြီးချုပ် ထရီဇာမေက ပြောကြားခဲ့ပါတယ်။
    ရောင်းချမှုပိတ်ပင်မယ့် တစ်ခါသုံးပစ္စည်းတွေမှာ သစ်သီးဖျော်ရည်တွေကိုမွှေတဲ့ ပလက်စတစ်အတံတွေ၊ နားကြပ်တံတွေလည်း ပါဝင်မှာဖြစ်ပါတယ်။
    လာမယ့်နှစ် မတ်လ ဥရောပသမဂ္ဂကနေ မထွက်ခင် ဗြိတိန်ဟာ ကိုလိုနီနိုင်ငံဟောင်း အများစုအပါအ၀င် နိုင်ငံပေါင်း ၅၃ နိုင်ငံပါဝင်တဲ့ ဓနသဟာယအဖွဲ့နဲ့ ဆက်ဆံရေး ပိုမိုနက်ရှိုင်းအောင် ကြိုးစားနေပါတယ်။
    ပလက်စတစ် စွန့်ပစ်ပစ္စည်းတွေကို တိုက်ဖျက်ဖို့နဲ့ ဓနသဟာယနိုင်ငံတွေမှာ သမုဒ္ဒရာအတွင်း ရောက်ရှိမယ့် ပလက်စတစ် စွန့်ပစ်ပစ္စည်းအရေအတွက်ကို ကန့်သတ်ဖို့အတွက် ဒေါ်လာ ၈၇ သန်းလောက် အကုန်ခံမယ့်ကိစ္စကို ဗြိတိန်ဟာ အခု ဓနသဟာယအစည်းအဝေးမှာ တင်ပြဖို့ ရှိနေပါတယ်။
    ထရီဇာမေရဲ့ရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ပလက်စပစ္စည်းတွေကို ပိတ်ပင်ဖို့အတွက် အကြံပြုဆွေးနွေးနိုင်ရေး အစီအစဉ်တစ်ခုကို အခုနှစ်နှောင်းပိုင်းမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး မီခေးလ် ဂိုဗီက ထုတ်ပြန်မယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် အသေးစိတ်ကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။
    ကမ္ဘာတစ်ဝှမ်းက နိုင်ငံတွေဟာ ပလက်စတစ် စွန့်ပစ်ပစ္စည်းတွေကို လျှော့ချဖို့ ကြိုးစားနေကြပြီး စကော့တလန်ဟာ ၂၀၁၉ ခုနှစ်မှာ အအေးသောက်တဲ့ ပလက်စတစ်ပိုက်တွေကို လုံးဝ ပိတ်ပင်သွားဖို့ စီစဉ်နေပါတယ်။
    ထိုင်ဝမ်ကလည်း ပိုက်၊ ခွက်နဲ့ အိတ်တွေအပါဝအင် တစ်ခါသုံး ပလက်စတစ်ပစ္စည်းတွေကို ၂၀၃၀ ပြည့်နှစ်မှာ လုံးဝ ပိတ်ပင်သွားဖို့ အစီအစဉ်ရှိနေပါတယ်။
    Ref : CNA
  • ၂၁၀၀ ခုနှစ်ရောက်ပါက ဥရောပ၌ တစ်နှစ် လူတစ်သိန်းခွဲကျော် အပူလှိုင်းကြောင့် သေဆုံးဖွယ်ရှိ
    ၂၁၀၀ ခုနှစ်ရောက်ပါက ဥရောပ၌ တစ်နှစ် လူတစ်သိန်းခွဲကျော် အပူလှိုင်းကြောင့် သေဆုံးဖွယ်ရှိ
    သြဂုတ် ၅၊ ၂၀၁၇
    M-Media
    – ကမ္ဘာကြီးပူနွေးလာမှုကို မထိန်းနိုင်ပါက ဥရောပတိုက်တွင် အပူလှိုင်းကြောင့် သေဆုံးသူအရေအတွက်မှာ ယခုရာစုနှစ်အကုန်တွင် တစ်နှစ် ၁၅၂၀၀၀ အထိ ရှိလာမည်ဟု သုတေသနပညာရှင်များက The Lancet Planetary Health ဂျာနယ်တွင် သတိပေးပြောကြားလိုက်သည်။
    အဆိုပါ သေဆုံးသူအရေအတွက်မှာ အထူးသဖြင့် ဥရောပတောင်ပိုင်းတွင် ပိုမိုမြင့်တက်ဖွယ်ရှိနေပြီး လက်ရှိ တစ်နှစ် လူတစ်သန်းတွင် ၁၁ ဦး ရှိနေရာမှ၊ ၇၀၀ အထိ မြင့်တက်လာဖွယ်ရှိနေသည်ဟု ဆိုသည်။
    အနာဂတ်တွင် ရာသီဥတုနှင့်ဆက်နွယ်သည့် သေဆုံးမှု ၉၉ ရာခိုင်နှုန်းတွင် အများစုမှာ အပူလှိုင်းကြောင့် ဖြစ်လာမည်ဖြစ်ပြီး လက်ရှိ တစ်နှစ်၂၇၀၀ ခန့် သေဆုံးနေရာမှ သက္ကရာဇ် ၂၁၀၀ တွင် ၁၅၁၀၀၀ ကျော်အထိ ရောက်လာဖွယ်ရှိနေသည်။
    “ကမ္ဘာကြီးပူနွေးလာမှုကို သင့်လျော်ကောင်းမွန်တဲ့ နည်းလမ်းတွေနဲ့ ချက်ချင်း တားဆီးတာမျိုး မလုပ်ဘူးဆိုရင် ဥရောပသား သန်း ၃၅၀ လောက်ဟာ အခုနှစ် ရာစုအကုန်မှာ နှစ်စဉ် အန္တရာယ်ရှိတဲ့ ရာသီဥတု ဆိုးဝါးမှုနဲ့ တွေ့ကြုံလာနိုင်ပါတယ်” ဟု ဂျာနယ်တွင် ဖော်ပြထားသည်။
    သုတေသနပညာရှင်များမှာ ဥရောပ ၂၈ နိုင်ငံနှင့် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုက်စလန်တို့၌ ရာသီဥတုနှင့် ဆက်စပ်သော ကိစ္စရပ်များကို ၁၉၈၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ နှစ်ပေါင်း ၃၀ ကြာ လေ့လာဆန်းစစ်ခဲ့ပြီး အဆိုပါ ကာလအတွင်း တစ်နှစ်လျှင် ဥရောပတိုက်၏ လူဦးရေ ၅ ရာခိုင်နှုန်းဖြစ်သော လူပေါင်း ၂၅ သန်းမှာ ရာသီဥတုဆိုးဝါးမှုကို ခံရသော်လည်း ၂၁၀၀ ခုနှစ်တွင် တစ်နှစ် လူပေါင်း ၃၅၁ သန်းခန့် ခံစားရဖွယ်ရှိကြောင်း တွေ့ရှိခဲ့ရသည်။
    အဆိုပါခံစားရမှုတွင် ရာသီဥတုဆိုးရွားသည့် အဖြစ်အပျက်များကြောင့် ရောဂါဘယများ၊ ဒဏ်ရာအနာတရများနှင့် သေဆုံးမှုများ ဖြစ်သည်ဟု ပညာရှင်များက ထည့်သွင်း ပြောဆိုခဲ့သည်။
    Ref: Aljazeera
  • နယူးဇီလန်တွင် ဝေလငါးများ ရာနှင့်ချီ သောင်တင်မှုဖြစ်ပွား
    နယူးဇီလန်တွင် ဝေလငါးများ ရာနှင့်ချီ သောင်တင်မှုဖြစ်ပွား
    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၇
    M-Media
    – နယူးဇီလန်နိုင်ငံသမိုင်းတွင် ဝေလငါးများ စံချိန်တင် ကမ်းတင်မှုတစ်ခု ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေပြီး ရာနှင့်ချီ သေဆုံးမှုများရှိနေကာ၊ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်ဟု သိရသည်။
    ယမန်နေ့ တစ်ရက်တည်းမှာပင် နယူးဇီလန်တောင်ပိုင်း Farewell Split ကျွန်းတွင် ဝေလငါးပေါင်း ၂၄၀ သောင်တင်ခဲ့ပြီး၊ ကြာသာပတေးနေ့မှစတင်ကာ သောင်တင်ခဲ့သည့် အရေအတွက်မှာ ၆၅၀ ကျော် ရှိလာခဲ့ပြီဖြစ်သည်။
    သေဆုံးခဲ့သည့် ဝေလငါးအရေအတွက်မှာ ၃၃၅ ကောင် ရှိပြီး ၂၂၀ မှာ ကမ်းခြေတွင် ဆက်လက်ရှိနေကာ အကောင် ၁၀၀ ကို စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးသမားများက ပင်လယ်ထဲသို့ ပြန်လည် စေလွှတ်ပေးခဲ့သည်။
    “အချိန်တိုတိုအတွင်းမှာ ဒီလောက် ဝေလငါး တော်တော်များများ ဘာ့ကြောင့်သောင်တင်ပြီး၊ သေဆုံးလဲဆိုတာအတွက် သိသာတဲ့ အကြောင်းအရင်း ရှိလားဆိုတာကို ကျွန်တော်တို့ ကြိုးစားပြီး ဆုံးဖြတ်ချင်ပါတယ်။ ဒီ ပိုက်လော့ဝေလငါးတွေ အစုလိုက်အပြုံလိုက် သောင်တင်တာဟာ ထူးခြားတာတော့ မဟုတ်ပေမယ့်၊ အချိန်တိုတိုအတွင်းမှာ ဒီလောက် အရေအတွက်များများ ကမ်းတင်တာဟာ သာမန်မဟုတ်ပါဘူး” ဟု တိရစ္ဆာန်ကျမ်းမာရေးဆိုင်ရာ ဒေါက်တာ စတူးဝပ် ဟန်တာက ပြောကြားခဲ့သည်။
    ကမ်းတင်လာသော အဆိုပါ ဝေလငါးများကို ကယ်တင်နိုင်ရေး နယူးဇီလန်နိုင်ငံတစ်ဝှမ်း စေတနာ့ဝန်ထမ်း ရာချီမှာ Farewell Split ကျွန်းသို့ လာရောက် ကူညီပေးနေကြသည်။
    Ref: Aljazeera