News @ M-Media

Tag: Enviromental Crisis

  • ပထမဆုံး ဟိုက်ဒရိုဂျင်သင်္ဘော ၆ နှစ်အတွင်း ကမ္ဘာပတ်မည်

    ပထမဆုံး ဟိုက်ဒရိုဂျင်သင်္ဘော ၆ နှစ်အတွင်း ကမ္ဘာပတ်မည်

    ဖေဖော်ဝါရီ ၅၊ ၂၀၁၇
    M-Media

    – ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်တွေကို ဖော်ထုတ်အသုံးချနိုင်ရေး တွန်းအားပေးဖို့အတွက် ရုပ်ကြွင်းလာင်စာဆီ လုံးဝမသုံးတဲ့ ပထမဆုံး ဟိုက်ဒရိုဂျင်သင်္ဘောတစ်စီးရဲ့ ကမ္ဘာတစ်ပတ်ခရီးစဉ်ကို ယူနက်စကို (UNESCO) က ပြီးခဲ့တဲ့ ဇန်န၀ါရီ လလယ်ပိုင်းလောက်မှာ စတင်လိုက်ပါတယ်။

    ၂၀၁၇ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ ၆ နှစ်တာကြာမြင့်မယ့် ဒီခရီးစဉ်မှာ Energy Observer လို့အမည်ပေးထားတဲ့ အဲဒီ ဟိုက်ဒရိုဂျင်သင်္ဘောဟာ ကမ္ဘာ့ ရေကြောင်းအချက်အခြာမြို့တော်တွေ၊ သမိုင်းဝင်ဆိပ်ကမ်းတွေ၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းထားရာနေရာတွေနဲ့ နိုင်ငံတကာပွဲတော်ရှိတဲ့နေရာတွေ စတဲ့ နေရာ ၁၀၁ နေရာမှာ ရပ်နားမှာဖြစ်ပါတယ်။

    ဒီသင်္ဘောမှာ ဖန်လုံအိမ်ဓာတ်ငွေ့နဲ့ အမှုန်တွေကို လုံးဝ ထုတ်လွှတ်မှုရှိမှာမဟုတ်တာကြောင့် ရေကြောင်းကဏ္ဍနဲ့ ပို့ဆောင်ရေး ကဏ္ဍတွေမှာ ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြုနိုင်ရေး မီးစိမ်းပြလိုက်တာလည်း ဖြစ်ပါတယ်။ ပြီးတော့ ဒါဟာ ‘ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပဲရစ်သဘောတူညီချက်’ နဲ့အညီ အပူချိန်ကို ၂ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ လျှော့ချရေးအတွက် အရေးပါတဲ့ အချိုးအကွေ့လည်း ဖြစ်ပါတယ်။

    နိုင်ငံတကာရေကြောင်းသွားလာမှုဆိုင်ရာ အဖွဲ့အစည်း (International Maritime Organization) က နိုင်ငံတကာ ရေကြောင်းသွားလာမှုကြောင့် နှစ်စဉ် ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏ တန်ပေါင်း ၁၀၀၀ လောက်ကို ထုတ်လွှတ်နေပြီး ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှု စုစုပေါင်းရဲ့ ၂.၅ ရာခိုင်နှုန်း ပမာဏ ဖြစ်ပါတယ်။

    ဒီအခြေအနေကို မလျှော့ချနိုင်ဘူးဆိုရင်တော့ ၂၀၅၀ ခုနှစ်မှာ ရေကြောင်းသွားလာမှုက ထွက်တဲ့ ကာဘွန်ဒိုင်အောက်ဆိုက်ဟာ ၅၀ ရာခိုင်နှုန်းကနေ ၂၅၀ ရာခိုင်နှုန်းလောက် တက်လာနိုင်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

    Ref: unfccc

  • သဘာဝပတ်ဝန်းကျင်ရဲတပ်ဖွဲ့ တရုတ် ဖွဲ့စည်းမည်

    သဘာဝပတ်ဝန်းကျင်ရဲတပ်ဖွဲ့ တရုတ် ဖွဲ့စည်းမည်

    ဇန်န၀ါရီ ၉၊ ၂၀၁၇
    M-Media

    china

    – နိုင်ငံအတွင်း ဆိုးရွားသောလေထုညစ်ညမ်းမှု ပြဿနာကို ဖြေရှင်းရေး တစ်စိတ်တစ်ပိုင်းအဖြစ် မြို့တော်ဘေးဂျင်း၏ လေထုညစ်ညမ်းမှု ကန့်သတ်ချက်များ လိုက်နာဆောင်ရွက်မှုကို စောင့်ကြည့်ရန်အတွက် ‘သဘာဝပတ်ဝန်းကျင် ရဲတပ်ဖွဲ့’ ကို ဖွဲ့စည်းမည်ဟု တရုတ်က ကြေငြာလိုက်သည်။

    အာဏာရ တရုတ်ကွန်မြူနစ်ပါတီ၏ ဒုတိယအကြီးအကဲဖြစ်ပြီး ဘေဂျင်းမြို့တော်ဝန်လည်းဖြစ်သူ ကျိုင်းကျီက ယမန်နေ့တွင် ထိုကဲ့သို့ ကြေငြာလိုက်ခြင်းဖြစ်ပြီး ကျယ်ကျယ်ပြန့်ပြန်နှင့် ကာလကြာရှည်စွာ ဖြစ်ပွားခဲ့သည့် လေထုညစ်ညမ်းမှုပြဿနာကို ဖြေရှင်းတိုက်ဖျက်ရန်အတွက် မြို့၏ ခရိုင်ပေါင်း ၁၆ ခုတွင် ပိုမိုတင်းကျပ်သော ဆောင်ရွက်မှုများကို ပြုလုပ်သွားမည်ဟုလည်း ဆိုသည်။

    “လမ်းဘေး အကင်ဆိုင်တွေ၊ အမှိုက်မီးရှို့တာတွေ၊ ဇီဝဒြပ်ထု မီးရှို့တာတွေနဲ့ ကားလမ်းတွေက အမှုန်တွေလို တားမြစ်ချက်တွေနဲ့ မကိုက်ညီတဲ့ ကိစ္စတွေဟာ ကြီးကြပ်မှုနဲ့ တရားဥပဒေ အားနည်းမှုကြောင့် ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ တစ်ချို့တွေလိုပဲ ကျွန်တော်ကိုယ်တိုင်လည်း မနက်မိုးလင်းတာနဲ့ ရာသီဥတု၊ လေထုအရည်အသွေးအညွှန်းကိန်းတွေကို စစ်ဆေးလေ့ ရှိပါတယ်။ လေထုညစ်ညမ်းမှုနဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့ စိုးရိမ်မှု၊ တိုင်ကြားမှုတွေကို ကျွန်
    တော် လုံးဝ နားလည်ပါတယ်” ဟု မြို့တော်ဝန်က ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် အိမ်နီးချင်းပြည်နယ်များဖြစ်သော ဟီဘေး၊ တန်ဂျင်းပြည်နယ်တို့နှင့်လည်း ယခုကိစ္စကို ပိုမိုပူးပေါငးဆောင်ရွက်သွားမည်ဟု ဆိုသည်။

    ကမ္ဘာပေါ်တွင် ဖန်လုံအိမ်ဓာတ်ငွေ အမျာဆုံး ထုတ်လွှတ်သော တရုတ်နိုင်ငံမှာ ပြီးခဲ့သည့်နှစ်များအတွင်း လေထု ညစ်ညမ်းမှုကို တိုက်ဖျက်ရန် သိသိသာသာ ဆောင်ရွက်လာရပြီး ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများ၊ လေထုညစ်ညမ်းမှုများပြားသော စက်ရုံများကို ပိတ်ပစ်ခြင်း၊ ယာဉ်အသွားအလာ ကန့်သတ်ခြင်းတို့ ပြုလုပ်ခဲ့ရသည်။

    Ref : Aljazeera

  • ကန့်လန့်ကာနောက်ကွယ်မှ ကမ္ဘာ့ရာသီဥတုအပြောင်းအလဲတိုက်ပွဲ၏ သူရဲကောင်း ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီး

    ကန့်လန့်ကာနောက်ကွယ်မှ ကမ္ဘာ့ရာသီဥတုအပြောင်းအလဲတိုက်ပွဲ၏ သူရဲကောင်း ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီး

    ဇန်န၀ါရီ ၂၈၊ ၂၀၁၆

    M-Media
    ဗီယက်နမ်လူမျိုး ဗုဒ္ဓဘာသာဘုန်းတော်ကြီး Thich Nhat Hanh

    – Thich Nhat Hanh ၏ သြ၀ါဒအားဖြင့် ကမ္ဘာ့ရာသီဥတုအပြောင်းအလဲဆိုင်ရာ သမိုင်းဝင်ပါရီညှိနှိုင်းဆွေးနွေးပွဲကို ကြားခံဆောင်ရွက်ပေးသူများမှတဆင့် ပေါ်ထွန်းလာခဲ့သည်။ ဘုန်းတော်ကြီး Thich Nhat Hanh သည် ဤအရေး၏ ဗိသုကာဟု ဆိုရပေမည်။

    ကမ္ဘာ့ရာသီဥတုအပြောင်းအလဲဆိုင်ရာ ပါရီပဋိညာဉ်၏မြင်ကွင်းများနောက်ကွယ်မှ ဦးဆောင်တွန်းအားတစ်ရပ်မှာ သက်တော် ၈၉ နှစ်အရွယ် ဗီယက်နမ်လူမျိုး ဇင်ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါး ဖြစ်နေသည်။

    မကြုံစဖူး နိုင်ငံပေါင်း ၁၉၆ နိုင်ငံဖြင့်ရပ်တည်ထားသော သဘောတူညီမှုအား ရုပ်လုံးဖော်နိုင်ရန်လိုအပ်သည့် ခွန်အား၊ အမြော်အမြင်နှင့် ခံစားချက်များကို အဓိကအခန်းကဏ္ဍမှ ကူညီအားပေးခဲ့သူမှာ ဘုန်းတော်ကြီး Thich Nhat Hanh ဖြစ်ပါကြောင်း ယင်းဆွေးနွေးပွဲဦးဆောင်ဟောပြောသူ Christiana Figueres က ဂုဏ်ပြုထုတ်ဖော်ပြောကြားလိုက်သည်။

    ကုလသမဂ္ဂရာသီဥတုအပြောင်းအလဲဆိုင်ရာပဋိညာဉ်ဖြစ်မြောက်ရေးအဖွဲ့၏ အမှုဆောင်အတွင်းရေးမှူး Figueres သည် သူမ၏ ကိုယ်ရေးပြဿနာ သုံးနှစ်တာကာလတစ်လျှောက်လုံး ကမ္ဘာတစ်ဝှန်း သိန်းချီရှိသော ဇင်ဗုဒ္ဓဘာသာဝင်များအကြား ကျော်ကြားလှသည့် ၎င်းဘုန်းတော်ကြီး၏ သြ၀ါဒမွန်များက မိမိအပေါ် လွှမ်းမိုးကြီးစိုးထားခဲ့ကြောင်း၊ သူ၏ ဗုဒ္ဓဒဿနများက သူမ၏ပြဿနာကို ရင်ဆိုင်ဖြေရှင်းရန်သာမက ရာသီဥတုဆိုင်ရာဆွေးနွေးချက်များအပေါ် အာရုံမပြောင်းလဲစေရန်ကိုပါ ကူညီပေးခဲ့ကြောင်း ဆိုသည်။

    ပြီးခဲ့သည့်သီတင်းပတ် ဆွစ်ဇာလန်နိုင်ငံ ဒါဗော့စ်မြို့တွင် ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ် နှစ်ပတ်လည်ဆွေးနွေးပွဲ၌ Figueres မှ The Huffington Post အား ဤသို့ ပြောကြားခဲ့သည်။

    “ခြောက်နှစ်လုံးလုံး အနားယူမှုမရှိဘဲ မရပ်မနားလှုပ်ရှားနေရတဲ့အတွက် ကျွန်မမှာ တစ်စုံတစ်ရာသော ကျားကန်ပေးမှု လိုအပ်နေခဲ့ပါတယ်။ တကယ်လို့များ ဘုန်းတော်ကြီး Thich Nhat Hanh ရဲ့ သြ၀ါဒသွန်သင်မှုတွေကို နှလုံးမသွင်းခဲ့ဘူးဆိုရင် ကျွန်မဆီမှာ အဇ္ဈတ္တအင်အား၊ အကောင်းမြင်သဘောထား၊ လုံ့လ၀ီရိယ၊ မျှော်မှန်းချက်တွေ ရရှိအားကောင်းလာမှာမဟုတ်ဘူးလို့ ကျွန်မ ထင်မြင်ပါတယ်။ ကျွန်မ ဒီကိုရောက်ရှိလာတာ ဒီအချက်ကြောင့်ပါပဲ။ ဒီိလိုမှမဟုတ်ခဲ့ရင် ဒီကိုရောက်လာဆောင်ရွက်ဖို့၊ ကျွန်မရဲ့လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက် တစ်နေ့တာအတွက်တောင် ရပ်တည်ဖို့ မလွယ်ပါဘူး”။

    သို့ဆိုလျှင် ဘုန်းတော်ကြီးက သူမအား မည်သည်ကို သင်ကြားပေးခဲ့ပါသနည်း ?

    Figueres က ဤအကြောင်းကို ဂျာမနီနိုင်ငံ Waldbrol ရှိ ၎င်းဘုန်းတော်ကြီး သီတင်းသုံးရာ ကျောင်းတိုက်သို့ ရောက်ရှိမှုနှင့်အတူ ရှင်းလင်းတင်ပြပါသည်။ ယင်းနေရာမှာ ဟစ်တလာလူငယ်များ မသိမ်းယူမီ၊ စိတ်ဝေဒနာရှင်တို့ကို လက်စတုန်းရှင်းလင်းခြင်းမပြုမီက ရောဂါသည် ၇၀၀ အား ကုသမှုပေးနေခဲ့သည့် နေရာဋ္ဌာနတစ်ခုဖြစ်သည်။

    ဘုန်းတော်ကြီး Thich Nhat Hanh က သီတင်းသုံးရန် ၎င်းနေရာကို ရွေးချယ်ခဲ့သည်။ နာကျင်ခြင်းကို မေတ္တာတရားသို့လည်းကောင်း၊ ဓားစာခံအဖြစ်မှ အောင်မြင်သူအဖြစ်သို့လည်းကောင်း၊ အမုန်းတရားမှ မေတ္တာနှင့်ခွင့်လွှတ်ခြင်းထံသို့လည်းကောင်း အကြွင်းမဲ့လှည့်ပြောင်းနိုင်ကြောင်းကို သူမှ သက်သေပြလို၍ဖြစ်သည်။ ၎င်းအပြင် ဤနေရာ၌ လူမဆန်လွန်းလှစွာ ရက်စက်ယုတ်မာမှုများရှိခဲ့ကြောင်း ဖော်ထုတ်လိုသည့် အာသီသလည်း ရှိခဲ့ပေသည်။

    သူက ပထမဆုံးအနေဖြင့် မိမိသည် နှလုံးသားများကို အလိုရှိပါကြောင်း၊ ဤနေရာ၌ သတ်ဖြတ်ခံလိုက်ရသော လူတစ်ဦးချင်းစီ၏နှလုံးသားနှင့် နီးစပ်ဒွန်တွဲစေနိုင်သည့် နှလုံးသားများဖြစ်ကြောင်း၊ သို့မှသာ မိမိတို့သည် ဤအဆောက်အဦ၊ ဤနေရာဒေသနှင့် ဤစွမ်းအင်များကို အသွင်းပြောင်းမည့်ခြေလှမ်းကို စတင်နိုင်လိမ့်မည်ဖြစ်ကြောင်း သူ၏ ဗုဒ္ဓဘာသာဝင်လူ့အဖွဲ့အစည်းထံ စာရေးသားခဲ့သည်။

    “ကျွန်မအဖို့ အလွန်အင်မတန် သြဇာကြီးမားတဲ့ ဖြစ်စဉ်လေးတစ်ရပ်ပါပဲ။ ဒါက ရာသီဥတုဆိုင်ရာစေ့စပ်ညှိနှိုင်းရေးခရီးလမ်းအပေါ် ထောင့်ပေါင်းစုံက အကျိုးသက်ရောက်နိုင်တယ်လေ။ အဲ့ဒီခရီးလမ်းမှာ တစ်ဦးကိုတစ်ဦး ပြစ်တင်နေမှုကနေ အမှန်တကယ် ပူးပေါင်းဆောင်ရွက်မှုဆီရောက်အောင် သွားရပါမယ်။ မျှော်လင့်ချက်မရှိဘဲ ဆန့်တငင်ငင်အဖြစ်ကနေ အကောင်အထည်ပေါ်အောင်၊ ကျွန်မတို့တကယ်လုပ်ဆောင်နိုင်ကြောင်း ခံစားချက်ဝင်လာအောင်အထိ သွားရမယ့် ခရီးစဉ်ပါ။ အဲ့ဒါက ကျွန်မအတွက် အဇ္ဈတ္တပြုပြင်ရေးလမ်းကြောင်းတစ်ခု အမှန်တကယ် ဖြစ်သွားစေခဲ့ပါတယ်။ ကျွန်မဟာ ကိုယ်ရေးကိုယ်တာပြဿနာတွေဖက်လည်း ပြန်လှည့်ရဦးမှာဖြစ်လို့ မတူညီတဲ့ဘ၀ပုံဟန်တွေအကြား လှုပ်ရှားရုန်းကန်သွားဖို့ ရှိနေတယ်လေ။ ဒါကြောင့် ကျွန်မ အသွင်ပြောင်းမှရတော့မယ်။ ပြီးတော့ ဒီထူးခြားတဲ့သွန်သင်ချက်ဟာ ရာသီဥတုအပြောင်းအလဲဆိုင်ရာပဋိညာဉ်ဖော်ဆောင်ရေးကိစ္စမှာ အတိအကျ လိုအပ်နေတဲ့ – နှလုံးသွင်းထားရမယ့် စွမ်းအင်ဖြစ်ကြောင်း ကျွန်မ ခံစားမိတယ်” ဟူ၍ Figueres မှ ပြောပြခဲ့သည်။

    ဘုန်းတော်ကြီးသည် အခန်းပေါင်း ၄၀၀ ရှိသည့် အဆိုပါ နာဇီဋ္ဌာနချုပ်နေရာဟောင်းသို့ ပထမဆုံးအကြိမ် ရောက်ရှိလာသောအခါ သေဆုံးလူနာများအား ရည်ညွှန်း၍ စာတစ်စောင်ရေးသားသည်။ ၎င်းစာကိုလည်း ထိုနေရာတွင်နေထိုင်ကြသည့် သံဃာများ၊ သီလရှင်များအား နေ့စဉ် ဖတ်ကြားစေသည်။

    ထိုစာ၌ ပါဝင်ရေးသားထားသည်မှာ “ ယခုသော် ရဟန်းသံဃာများ ရောက်ရှိလာလေပြီ။ အသင်တို့ ခံစားခဲ့ကြရသော မတရားမှုနှင့် ဒုက္ခဝေဒနာများကို ကြားသိနားလည်ပေးကြပါသည်။ အသင်တို့ကို ဒုက္ခပေးခဲ့ကြသောသူတို့မှာလည်း ကြီးမားသည့်ဒုက္ခများ တွေ့ကြုံခဲ့ကြပြီးဖြစ်သည်။ ထိုစဉ်အခါက သူတို့ပြုလုပ်နေသည့်အရာကို သူတို့ မသိခဲ့ကြ။ သို့ဖြစ်၍ အသင်တို့၏နှလုံးသား၌ မေတ္တာနှင့်ခွင့်လွှတ်ခြင်းတရားကို မွေးဖွားကိန်းအောင်းစေပါလော့။ သို့မှသာ သူတို့သည်လည်း အသွင်ပြောင်းမည့်အခွင့်အရေးနှင့် သင့်မြတ်ရေး ရရှိလာပေမည်။ ဤ Waldbrol ဒေသတင်မက ဂျာမနီတစ်နိုင်ငံလုံးနှင့် ကမ္ဘာ့တစ်ခွင်ရှိဒုက္ခဋ္ဌာနေများအား အသွင်ပြောင်းရေးနှင့်သင့်မြတ်ရေးဒေသများဖြစ်လာအောင် ပြောင်းလဲနိုင်ရန်အလို့ငှာ ကျွန်ုပ်တို့နှင့် အလားတူကျင့်ဆောင်ကြမည့်သူများကို အသင်တို့မှ ကူညီအားပေးကြပါကုန်” ဟူ၍ ဖြစ်ပါသည်။

    နှစ်ပေါင်း ၂၀ ကျော် သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်နေသော ဤဆရာတော်ကြီးကို အနောက်တိုင်းသားများစွာက ၀ိပဿနာဖခင်အဖြစ် သတ်မှတ်ထားကြသည်။ သူ၏ကျောင်းတိုက်များ ကမ္ဘာအနှံ့ ရှိနေသလို ကမ္ဘာတွင် ဘုန်းတော်ကြီးကျောင်းများကို အလျင်မြန်ဆုံး တိုးပွားလာအောင် ဆောင်ရွက်နိုင်သူလည်းဖြစ်၏။

    ယမန်နှစ်က ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Yong Kim က ဇင်ဗုဒ္ဓဘာသာဝင်ဆရာတော်အား ၀ါရှင်တန်ရှိ ကမ္ဘာ့ဘဏ်ဋ္ဌာနချုပ်သို့ ဖိတ်ကြားခဲ့ပြီး ၎င်းမေတ္တာပို့ဆောင်ရွက်ချက်များအပေါ် ချီးမွှမ်းဂုဏ်ပြုခဲ့သည်။ ဆရာတော်၏ The Miracle of Mindfulness စာအုပ်မှာ သူအနှစ်သက်ဆုံး စာအုပ်တစ်အုပ်လည်းဖြစ်သည်။

    ကမ္ဘာ့သြဇာအကြီးမားဆုံး နည်းပညာကုမ္ပဏီ ၁၅ ခုအနက်အပါအ၀င်ဖြစ်သည့် Google မှလည်း ၎င်း၏စီအီးအိုများအတွက် သီးသန့်တစ်ရက် ဘာဝနာတရားပြပေးရန် ဆရာတော်အား Silicon Valley သို့ ၂၀၁၃ ခုနှစ်က ဖိတ်ကြားခဲ့သေးသည်။ Cloud computing giant Salesforce မှ CEO ဖြစ်သူ Marc Benioff ကလည်း ရောဂါဝေဒနာဖြစ်ပြီးသည့်နောက် ဆရာတော်၏ ပြန်လည်ထူထောင်မွမ်းမံရေးလုပ်ငန်းစဉ်များ၌ ရပ်တည်အားပေးခဲ့၏။

    ဆရာတော်သည် ဗီယက်နမ်စစ်ပွဲအဆုံးသတ်ရေးစွမ်းဆောင်မှုကြောင့် ၁၉၆၇ ခုနှစ်တွင် နိုဗယ်ငြိမ်းချမ်းရေးဆုရှင်လျာထားစာရင်း၌ မာတင်လူသာကင်းမှ တင်သွင်းအဆိုပြုခဲ့သည်။ “ဗီယက်နမ်က ဒီလိုသိက္ခာမြင့်မြတ်တဲ့ ဘုန်းတော်ကြီးထက် နိုဗယ်လ်ဆုထိုက်တန်သူကို ကျွန်တော့်ဖက်က မသိရှိထားပါဘူး။ သူ့ရဲ့ငြိမ်းချမ်းရေးအတွေးအမြင်ကို လက်တွေ့အသုံးချနိုင်မယ်ဆိုရင် မတူကွဲပြားမှုများပေါင်းစည်းညီညွတ်ရေး၊ ကမ္ဘာ့ညီနောင်ဝါဒနဲ့ လူသားဆန်မှုကျောက်တိုင်ကြီးကို တည်ဆောက်သွားနိုင်ပါလိမ့်မယ်” ဟူ၍ မာတင်လူသာကင်းမှ ညွှန်းဆိုခဲ့ရသူပင်။

    (Huffington Post ၏ ဆန်းသစ်မှုနှင့်သြဇာသက်ရောက်မှုကဏ္ဍ အမှုဆောင်အယ်ဒီတာ Jo Confino ရေးသားသော The Buddhist Monk Is An Unsung Hero in The World’s Climate Fight ဆောင်းပါးကို မင်းထွဋ်ခေါင် မှ ဆီလျော်အောင် ပြန်ဆိုသည်။)

  • “ကမ္ဘာကြီးရဲ့ခေါင်မိုး” လို့ တင်စားခံရတဲ့ တိဘက်က ကြောက်မယ်ဖွယ် သဘာဝပတ်ဝန်းကျင် ပြဿနာများ

    “ကမ္ဘာကြီးရဲ့ခေါင်မိုး” လို့ တင်စားခံရတဲ့ တိဘက်က ကြောက်မယ်ဖွယ် သဘာဝပတ်ဝန်းကျင် ပြဿနာများ

    ဒီဇင်ဘာ ၁၁၊ ၂၀၁၅
    M-Media

    tibet

    – ကမ္ဘာ့ခေါင်းဆောင်တွေက ပဲရစ်မှာ ရာသီဥတုပြောင်းလဲမှုအတွက် ခေါင်းချင်းရိုက်ဆွေးနွေးနေကြတဲ့အချိန် “ကမ္ဘာကြီးရဲ့ ခေါင်မိုး” လို့ တင်စားခေါ်ဝေါ်ကြရတဲ့ တိဘက်နိုင်ငံကတော့ ဆိုးရွားတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

    နိုင်ငံတစ်ဝှမ်းက ရေခဲပြင်ကြီးတွေဟာ မြင့်တက်လာတဲ့ အူချိန်ကြောင့် လျင်လျင်မြန်မြန်ပဲ အရည်ပျော်နေတယ်လို့ တိဘက်တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

    “တိဘက်ကုန်းပြင်မြင့်ကြီးရဲ့ ကမ္ဘာလုံးဆိုင်ရာအရေးပါမှုကို ကမ္ဘာကြီး၊ ကုလနဲ့ နိုင်ငံခေါင်းဆောင်တွေ၊ နိုင်ငံတကာအသိုင်းအ၀ိုင်းတွေက လှည့်ကြည့်သင့်တယ်လို့ ကျွန်တော်တို့ တောင်းဆိုနေပါတယ်။ ပြီးတော့ တိဘက်ကုန်းပြင်မြင့်ဟာ ကမ္ဘာ့ ရာသီဥတုဆိုင်ရာ ဆွေးနွေးမှုတွေမှာ အဓိကအကြောင်းအရာ ဖြစ်သင့်ပါတယ်” လို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသနပညာရှင် တမ်ပါ ဂျာလ်ဆန် ဇမ်လ်ဟာက ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

    “ဒါဟာ ပဲရစ်က COP21 (ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံ)အတွက် ကျွန်တော်တို့ တိုက်တွန်းချင်တဲ့ ကိစ္စပါပဲ”

    ဇမ်လ်ဟာ ဟာ ပဲရစ်က အဲဒီညီလာခံကို တီဘက်ပေါ်လစီရေးရာအသင်း CTA ကို ကိုယ်စားပြုပြီး တက်ရောက်နေတဲ့သူ ဖြစ်ပါတယ်။

    တီဘက်ကုန်းပြင်မြင့်ဟာ ရေခဲပြင်ပေါင်း ၄၆၀၀၀ တည်ရှိတဲ့ နေရာဖြစ်ပြီး အဲဒီ ရေခဲပြင်တွေဟာ အိန္ဒိယရဲ့ တရုတ်နိုင်ငံတွေအပါအ၀င် အာရှနိုင်ငံတော်တော်များများကို စီးဆင်းတဲ့ မြစ်တွေရဲ့ အဓိက ရင်းမြစ်တစ်ခုလည်း ဖြစ်နေပါတယ်။

    “တိဘက်ကနေ မြစ်ဖျားခံစီးဆင်းတဲ့ ရေကို အာရှပြည်သူ ၁.၃ ဘီလီယံလောက်က မှီခိုနေရပါတယ်။ ဒါပေမယ့် ရာသီဥတုပြောင်းလဲမှုကြောင့် ဒီရေခဲပြင်ကြီးတွေဟာ နှစ်ဆတိုးအရည်ပျော်နေပြီး ကမ္ဘာကြီးရဲ့ အခြားနေရာတွေက ရေခဲပြင်တွေထက် ပိုမြန်မြန် အရည်ပျော်နေတာလည်း ဖြစ်ပါတယ်။ ဒါဟာ ရေအရင်းအမြစ် ဖူလုံရေး ပြဿနာပါပဲ” လို့ COP21 ညီလာခံကို တက်ရောက်နေတဲ့ တီဘက်တက်ကြွလှုပ်ရှားသူ လော့ဘ်ဆန် ယန်ဆိုက ပြောပါတယ်။

    ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၄၀၀၀ အမြင့်မှာတည်ရှိပြီး ဟိမ၀န္တာတောင်တန်းရဲ့ထိပ်မှာ စကွဲယားကီလိုမီတာ ၂.၅ သန်း ကျယ်ပြန့်တဲ့ တိဘက်ကုန်ပြင်မြင့်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ ကုန်းပြင်မြင့်တွေထဲမှာ အကြီးဆုံး ကုန်းပြန်မြင့်လည်း ဖြစ်ပါတယ်။

    “အကြီးဆုံးနဲ့ အရေးပါဆုံး မြစ်ကြီး ၆ သွယ်က တီဘက်ကနေ မြစ်ဖျားခံလာပြီး အိန္ဒိယနဲ့ ပါကစ္စတန်အပါအ၀င် ကမ္ဘာပေါ်မှာ လူဦးရေအထူထပ်ဆုံး နိုင်ငံ ၁၀ ခုစီကို စီးဆင်းနေပါတယ်။ တိဘက်ကုန်းပြင်မြင့်မှာဖြစ်တဲ့ အပြောင်းအလဲတွေဟာ အဲဒီတိုင်းပြည်တွေအတွက်လည်း သက်ဆိုင်မှု ရှိနေမှာပါ။ ချက်ခြင်းလက်ငင်းဖြစ်မယ့် အကျိုးဆက်တွေက ရေကြီးတာမျိုးနဲ့ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေပါပဲ” လို့ ဇမ်လ်ဟာက ဆိုပါတယ်။

    COP21 ညီလာခံပြီးဆုံးဖို့ တစ်ရက်သာလိုတော့တဲ့အချိန်မှာ ကမ္ဘာ့ခေါင်းဆောင်တွေကတော့ ကမ္ဘာ့အပူချိန်ကို အလျင်အမြန် မြင့်တက်စေတဲ့ ကာဘွန်ထုတ်လွှတ်မှု တရားဝင်လျော့ချရေး သဘောတူညီချက်ရရှိဖို့ နောက်ဆုံး မိနစ်အထိ ဆွေးနွေးငြင်းခုံနေကြတုန်းပါပဲ။

    စက်မှုထွန်းကားတဲ့နိုင်ငံတွေကတော့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေ ဒီဝန်ထုတ်ဝန်ပိုးကို ပိုမိုမျှဝေဖို့ အင်တိုက်အားတိုက် ကြိုးစားနေကြပါတယ်။

    တိဘက်တက်ကြွလှုပ်ရှားသူတွေကတော့ တိဘက်က စီးဆင်းတဲ့ မြစ်ကြောင်းတွေဟာ ကမ္ဘာ့လူဦးရေရဲ့ ၃ ပုံ ၁ ပုံကို အထောက်အကူပြုနေတာကြောင့် ကမ္ဘာကြီးဟာ တိဘက်ကို လစ်လျူမရှုသင့်ဘူးလို့ ဆိုပါတယ်။

    တရုတ်ဟာ တိဘက်မှာ ဆည်တွေအများအပြားဆောက်ထားပြီး၊ သတ္ထုတွင်းလုပ်ငန်းတွေကိုလည်း တော်တော်များများ လုပ်ကိုင်နေတာကြောင့် ရလဒ်အနေနဲ့ တိဘက်က လှည့်လည်သွားလာနေထိုင်သူ လူမျိုး(နော်မဒ်) တွေဟာ ပြောင်းရွှေ့ပေးနေရပါတယ်။

    “တရုတ်တွေကြောင့် နော်မဒ်လူမျိုး ၂ သန်းကျော်လောက်ဟာ သူတို့ရဲ့နေရာကနေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ တိဘက်က ဒီနော်မဒ်တွေရဲ့ အသက်မွေးဝမ်းကြောင်းမှုဟာ မရေရာမသေချာတော့ဘူး။ လူငယ်မျိုးဆက်တွေဟာလည်း တိဘက်ယဉ်ကျေးမှုနဲ့ ဘာသာစကားကို ဆုံးရှုံးခဲ့ရပါတယ်။ တိဘက်ပြည်သူတွေဟာ ရာသီဥတုဆိုးဝါးမှုရလဒ်ကို လျော့ပါးသက်သာစေတဲ့၊ လိုက်လျောညီထွေဖြစ်အောင်လုပ်တဲ့ လုပ်ငန်းစဉ်တွေမှာ ပါဝင်သင့်ပါတယ်” လို့ လော့ဘ်ဆန်က ပြောခဲ့ပါတယ်။

    “ပေါ်လစီရေးဆွဲတဲ့နေရာမှာ တိဘက်တွေရဲ့အသံကိုလည်း ထည့်သွင်းသင့်ပါတယ်။ တရုတ်အစိုးရကလည်း တိဘက်ပြည်သူတွေဟာ ပြဿနာမဟုတ်ဘဲ သဘာဝပတ်ဝန်းကျင်ပြဿနာရဲ့ အဖြေဖြစ်တယ်ဆိုတာကိုလည်း အသိအမှတ်ပြုသင့်ပါတယ်” လို့ သူမက ထပ်လောင်းပြောကြားခဲ့ပါတယ်။

    တိဘက်ပြည်သူတွေကတော့ တရုတ်နိုင်ငံဟာ သူတို့ရဲ့ သဘာဝပတ်ဝန်းကျင်ကို လစ်လျူရှုပြီး သူတို့ရဲ့ယဉ်ကျေးမှုနဲ့ ဗုဒ္ဓဘာသာကို ဖျက်ဆီးနေတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။

    တိဘက်ပြည်သူတွေရဲ့ နာမ်ပိုင်းဆိုင်ရာခေါင်းဆောင်ဖြစ်တဲ့ ဘုန်းတော်ကြီးဒလိုင်းလားမားကတော့ မကြာသေးမီက ထုတ်ပြန်ခဲ့ဗီဒီယိုမှာ ဒီလိုပြောကြားခဲ့ပါတယ်။

    “ဒီစိမ်းလန်းတဲ့ကမ္ဘာကြီးဟာ ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော နေအိမ်ကြီးဖြစ်ပြီး တိဘက်ကတော့ အဲဒီအိမ်ရဲ့ အမိုးဖြစ်ပါတယ်။ တိဘက်ကုန်းပြင်မြင့်ဟာ ကာကွယ်ဖို့လိုအပ်နေပြီး ဒါဟာ တိဘက်ပြည်သူတွေအတွက်သာ မဟုတ်ဘဲ သဘာဝပတ်ဝန်းကျင် ကျန်းမာရေးနဲ့ ကမ္ဘာကြီးရေရှည်တည်တံ့ဖို့အတွက်ပါပဲ”

    ဒလိုင်းလားမားဟာ ၁၉၅၉ ခုနှစ်မှာ အိန္ဒိယနိုင်ငံကို ပြောင်းရွှေ့ခဲ့ရပြီး အဝေးရောက်အစိုးရဖွဲ့စည်းခဲ့ကာ ရုံးချုပ်ကတော့ အိန္ဒိယတောင်ပေါ်မြို့လေးဖြစ်တဲ့ ဒါရမ်ဆာလာမှာ တည်ရှိပါတယ်။

    တိဘက်ရဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်ခြင်းဟာ ကမ္ဘာ့ထိပ်သီးအစည်းအဝေးတွေက ဆွေးနွေးညှိနှိုင်းသူတွေရဲ့ စကားဝိုင်းမှာ အာရုံစိုက်မှု ရမှာမဟုတ်ဘူး ဆိုတာကိုလည်း တက်ကြွလှုပ်ရှားသူတွေက ရိပ်စားမိကြပါတယ်။

    “ကျွန်တော်တို့ဟာ အစိုးရတွေကိုပဲ မှီခိုလို့မရပါဘူး။ ကျွန်တော်တို့ အတူတကွ အလုပ်လုပ်ဖို့လိုတယ်။ ဒါဟာ အစိုးရကိစ္စမဟုတ်ပါဘူး။ ပြည်သူ့ကိစ္စပါ။ သူတို့ဟာ ရာသီဥတုပြောင်းလဲမှုကို အခံစားရဆုံးသူတွေပါ။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က သဘာဝပတ်ဝန်းကျင်ကို တကယ် ဂရုစိုက်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ၊ အန်ဂျီအိုတွေနဲ့ သိပ္ပံပညာရှင်တွေ ပါဝင်တဲ့ ကွန်ယက်တွေ ဖွဲ့ဖိုပါပဲ” လို့ လော့ဘ်ဆန်က ပြောကြားခဲ့ပါတယ်။

    (Aljzaeera သတင်းဌာနမှ Roof of the world’ cries for climate action ဆောင်းပါးကို ဆီလျော်အောင်
    ဘာသာပြန်ဆိုသည်)