News @ M-Media
Tag: EPL
  • ဂျရတ်ကို အနိုင်နဲ့ နှုတ်မဆက်နိုင်ခဲ့တဲ့ လီဗာပူးလ်၊ အာဆင်နယ် အဆင့် ၃ နေရာအတွက် သချောသလောက်ဖြစ်ခဲ့ပြီး လက်စတာတို့ ဆက်နေခွင့်ရသွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၇
    ဂျရတ်ကို အနိုင်နဲ့ နှုတ်မဆက်နိုင်ခဲ့တဲ့ လီဗာပူးလ်၊ အာဆင်နယ် အဆင့် ၃ နေရာအတွက် သချောသလောက်ဖြစ်ခဲ့ပြီး လက်စတာတို့ ဆက်နေခွင့်ရသွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၇
    မေ ၁၈၊ ၂၀၁၅
    M-Media
    epl 2
    – ချန်ပီယံအသင်း၊ ချန်ပီယံလိဂ်ဝင်ခွင့်တွေအားလုံး အဖြေထွက်သွားပြီး တန်းဆင်းဇုန်တစ်နေရသာ အဖြေထွက်ဖို့ ကျန်နေတော့တဲ့ ပရီးမီးယားလိဂ်ရဲ့ ဒီတစ်ပတ်ပွဲစဉ်မှာ အဆင့် ၂ ရဖို့ ကြိုးစားနေတဲ့ မန်စီးတီး၊ ယူရိုပါလိဂ်မျှော်လင့်ချက်ကျန်နေတဲ့ ဆောက်သက်တမ်တို့ ဂိုးမြူးခဲ့ကြပြီး၊ လီဗာပူးလ်က ရှုံးခဲ့ကာ မန်ယူနဲ့ အာဆင်နယ်တို့ပွဲမှာတော့ သရကျခဲ့ပါတယ်။
    ပလေးအော့ဖ်မကစားရဘဲ ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့်ရဖို့ ကြိုးစားနေကြတဲ့ မန်ယူနဲ့ အာဆင်နယ်တို့ရဲ့ ပွဲကတော့ စိတ်လှုပ်ရှားစရာ မကောင်းခဲ့ပါဘူး။ နှစ်သင်းစလုံး ထိန်းကစာသွားခဲ့ကြပြီး မိနစ် ၃၀ မှာ အက်ရှ်လေယန်းရဲ့ ဖန်တီးမှုကနေ ဟာရဲရားက ဦးဆောင်ဂိုးသွင်းတဲ့အချိန်အထိ နှစ်သင်းစလုံး ဂိုးပေါက်ခြိမ်းခြောက်နိုင်မှု မရှိပါဘူး။ ဒုတိယပိုင်းမှာ အာဆင်နယ်က ပိုကောင်းခဲ့ပြီး ဂိုးသွင်းခွင့်အချို့ ရခဲ့ပေမယ့် ၈၂ မိနစ်ကျမှ ချေပဂိုး ရခဲ့ပါတယ်။ ဒါတောင် ရမ်ဆေးပေးတဲ့ ဘောလုံးကို ဝေါလ်ကော့ ကန်ရာမှာ မန်ယူကစားသမား တိုင်လာ ဘလက်ကတ်နဲ့ ထိပြီး ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲသရေကြောင့် အာဆင်နယ်က ချန်ပီယံလိဂ်
    တိုက်ရိုက်ခွင့်ရမယ့် အဆင့် ၃ နေရာနဲ့ ရာသီသိမ်းဖို့ အလားအလာပိုကောင်းသွားပြီး ကံကောင်းရင်တော့ အဆင့် ၂ နေရာပါ ရသွားနိုင်ပါတယ်။
    ချန်ပီယံလိဂ်ဝင်ခွင့်မရတော့ဘဲ ယူရိုပါဝင်ခွင့်လည်း သေချာသလောက်ဖြစ်နေတဲ့ လီဗာပူးလ်တို့ ဂျရတ်ရဲ့ အန်ဖီးလ်နောက်ဆုံးပွဲမှာ မျက်နှာပန်းမလှခဲ့ပါဘူး။ တိုက်စစ်မှူး လာလနာက ၂၆ မိနစ်မှာ ဦးဆောင်ဂိုး သွင်းပေးနိုင်ခဲ့ပေမယ့် ၄ ပွဲဆက်အရှုံးက ရုန်းထဖို့ကြိုးစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်ကို မရပ်တန့်နိုင်ခဲ့ပါဘူး။ ၄၃ မိနစ်မှာ ချေပဂိုးရပြီးတဲ့နောက် ပဲလေ့စ်တို့ မိနစ် ၆၀ မှာ အနိုင်ဂိုး ထပ်ရခဲ့ပြီး ဒုတိယပိုင်း နာကျင်အချိန်ပိုမှာ ၁ ဂိုး ထပ်သွင်းနိုင်ခဲ့ပါတယ်။
    နည်းပြပါဂျူး ထွက်သွားပြီးကတည်းက ဆွဲချသလို ကျသွားခဲ့တဲ့ နယူးကာဆယ်က တန်းဆင်းသွားပြီဖြစ်တဲ့ ကျူပီအာရ်ကို ၂ ဂိုး ၁ ဂိုးနဲ့ရှုံးပြီး တန်းဆင်းရဖို့အတွက် နောက်ဆုံးပွဲမှာ အနိုင်ကစားရပါတော့မယ်။
    တန်းဆင်းဇုန်က ဟားလ်စီးတီးကလည်း နယူးကာဆယ်ရဲ့ အရှုံးကို အမြတ်မထုတ်နိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာတင်ကျန်ဖို့ အလားအလားဟာေ၀၀ါးခဲ့ရပြီး နောက်ပွဲအနိုင်ကစားနိုင်ခဲ့ရင်တော့ နယူးကာဆယ် ခြေချော်လက်ချော်ဖြစ်မှသာ တန်းမဆင်းရမှာ ဖြစ်ပါတယ်။
    တစ်ရာသီလုံးနီးပါး ဇယားအောက်ခြေမှာရှိခဲ့တဲ့ လက်စတာကတော့ ဆန်းဒါးလန်းနဲ့ သရေကျခဲ့တဲ့အတွက် တန်းဆင်းဇုန်က လွတ်သွားပါပြီ။
    ဒီတစ်ပတ်ရဲ့ ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    ဆောက်သက်တမ် ၆-၁ အက်စတွန်ဗီလာ
    ဘန်လေ ၀-၀ စတုတ်
    ကျူပီအာရ် ၂-၁ နယူးကာဆယ်
    ဆန်းဒါးလန်း ၀-၀ လက်စတာ
    စပါး ၂-၀ ဟားလ်စီးတီး
    လီဗာပူးလ် ၁-၃ ခရစ္စတယ်ပဲလေ့စ်
    ဆွမ်ဆီး ၂-၄ မန်စီးတီး
    မန်ယူ ၁-၁ အာဆင်နယ်
  • အနားယူပါက နည်းပြဘ၀သို့ ကူးပြောင်းရန် ဂျရတ်အစီအစဉ်ရှိနေ
    အနားယူပါက နည်းပြဘ၀သို့ ကူးပြောင်းရန် ဂျရတ်အစီအစဉ်ရှိနေ
    မေ ၁၇၊ ၂၀၁၅
    M-Media
    gerrad
    – မိမိကစားသမားဘ၀ အဆုံးသတ်ပြီးနောက် ဖာဂူဆန်နှင့် အာဆင်ဝင်းဂါးတို့၏ အရည်အသွေး တစ်ဝက်စီပါဝင်သော နည်းပြဘ၀ဖြင့် လီဗာပူးလ်သို့ ပြန်လာမည်ဟု ကွင်းလယ်လူ စတီဗင်ဂျရတ်က ပြောကြားလိုက်သည်။
    လာမည့်ရာသီတွင် မေဂျာလိဂ်ကလပ် အလ်အေ ဂလက်ဆီအသင်းသို့ ပြောင်းရွှေ့တော့မည့် ဂျရတ်မှာ ယမန်နေ့က ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲတွင် ၎င်း၏ အန်ဖီးလ်နောက်ဆုံးပွဲအဖြစ် ပါဝင်ကစားခဲ့သည်။ ကစာသမားဘ၀ အဆုံးသတ်ပြီးနောက် နည်းပြဘ၀ ကူးပြောင်းရန်လည်း ဂျရတ်က အစီအစဉ်ရှိနေသည်။
    နည်းပြအဖြစ် ဆောင်ရွက်ပါက ငယ်စဉ်ကတည်းက ကစားခဲ့သော လီဗာပူးလ်အသင်းအား ကိုင်တွယ်သွားရန် စိတ်ဝင်စားမှုကို ဂျရတ်က မဖုံးကွယ်ခဲ့ပေ။
    “မန်နေဂျာတစ်ယောက်ဖြစ်လာဖို့ ကျွန်တော့်ဟာ နည်းနည်းတော့ ရူးသွပ်ရပါမယ်။ ဒါပေမယ့် သေချာတာကတော့ အသင်းနဲ့ ဆက်လက်အဆက်အသွယ် ရှိချင်ပြီး အနာဂတ်အတွက် အရာရာတိုင်းကို ဖွင့်ထားချင်ပါတယ်။ ဖာဂူဆန်လို ဒါမှမဟုတ် ၀င်းဂါးလိုဖြစ်လာရင်လည်း ကိစ္စမရှိပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ သူတို့နှစ်ယောက်စလုံးဟာ အောင်မြင်တဲ့ နည်းပြတွေ
    ဖြစ်လို့ပါပဲ။ ကျွန်တော်ကတော့ သူတို့ နှစ်ယောက်ရဲ့ အဆင့်ကြားထဲက တစ်နေရာရာမှာ ရှိမယ်လို့ ထင်ပါတယ်” ဟု ဂျရတ်က သတင်းထောက်များအား ပြောကြားခဲ့သည်။
    ထို့ပြင် မိမိအနေဖြင့် နာမည်ကျော်နည်းပြများ၏ နည်းစနစ်များ၊ ပြောကြားမှုများနှင့် လမ်းညွှန်းမှုများကို မှတ်စုများရေးထားကြောင်း၊ အနာဂတ်တွင် အသုံးဝင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ထပ်လာင်းပြောကြားခဲ့သည်။
    လီဗာပူးလ်အသင်း၏နည်းပြ အသေအချာဖြစ်လာနိုင်မလား ဆိုသည်နှင့်ပတ်သက်၍ ဂျရတ်က ငြင်းဆိုခဲ့ပြီး အန်ဖီးလ်တွင် ကျရှုံးမှုမှာ ဆိုးရွားသွားနိုင်သည်ဟု ပြောကြားခဲ့သည်။
    “ကျွန်တော်ဟာ လုံလောက်အောင်ကောင်းမွန်တယ်လို့ ခံစားရပြီး၊ ကူညီနိုင်တယ်ဆိုရင် ကျွန်တော့်ကိုကမ်းလှမ်းမှုကို တကယ် လေးလေးနက်နက် စဉ်းစားသွားမှာပါ။ ဒါပေမယ့် ကျွန်တော် မကောင်းသေးဘူး၊ ကျွန်တော့်နာမည် ပျက်ဆီးစေမယ့် အန္တရာယ်မျိုးရှိတယ်ဆိုရင်တော့ အနားတောင်ကပ်မှာမဟုတ်ပါဘူး” ဟု ဆိုကာ အောင်မြင်အောင် မစွမ်းဆောင်နိုင်ခဲ့၍
    အချိန်တိုတိုအတွင်း ပစ်ပယ်ခံလိုက်ရသည့် နည်းပြ ရွိုင်ဟဒ်ဆန်ကို ဂျရတ်က ဥပမာပေးခဲ့သည်။
    Ref: Goal
  • ချယ်ဆီးသို့ပြန်ရောက်စဉ်က တယ်ရီမှာ ခြေစွမ်းကုန်သွားပြီဟု ထင်ခဲ့ကြောင်း မော်ရင်ဟို ၀န်ခံ
    ချယ်ဆီးသို့ပြန်ရောက်စဉ်က တယ်ရီမှာ ခြေစွမ်းကုန်သွားပြီဟု ထင်ခဲ့ကြောင်း မော်ရင်ဟို ၀န်ခံ
    မေ ၁၇၊ ၂၀၁၅
    M-Media
    terry
    – ချယ်ဆီးသို့ ၂၀၁၃ ခုနှစ် တစ်ကျော့ ပြန်ရောက်သည့်အချိန်တွင် ခံစစ်မှူး ဂျွန် တယ်ရီမှာ စွမ်းဆောင်ရည် ကုန်သွားခဲ့ပြီဟု မိမိထင်ခဲ့ကြောင်း ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။
    နည်းပြ အန်ဒရေ ဗီလာစ် ဘိုအာ့စ်နှင့် ရာဖာ ဘင်နီတက်ဇ်တို့၏ လက်အောက်တွင် တယ်ရီမှာ ပုံမှန်နေရာ ပျောက်ဆုံးခဲ့သော်လည်း အသက် ၃၄ နှစ်အရွယ် တယ်ရီမှာ မော်ရင်ဟိုလက်အောက်တွင် နေရာပြန်ရလာကာ ယခုနှစ်တွင်လည်း ပွဲစဉ်တိုင်း ပါဝင်ခွင့်ရခဲ့သည်။ ထို့ပြင် ၎င်း၏ စွမ်းဆောင်ရည်များကြောင့် PFA ၏ တစ်နှစ်တာ အကောင်းဆုံးအသင်းတွင်လည်း ပါဝင်ခဲ့သည်။
    မော်ရင်ဟိုကမူ တယ်ရီအနေဖြင့် ထိပ်တန်းခြေစွမ်းကို ပြန်ပြနိုင်သည့်အတွက် မိမိပင် အံ့သြခဲ့ရသည်ဟု ၀န်ခံခဲ့သည်။
    “သူ သွားလိုက်ပြီလို့ ကျွန်တော် ထင်ခဲ့တာပါ။ ဘာ့ကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ ၂ နှစ်မှာ သူ ၂ ပွဲ ဒါမှမဟုတ် ၃ ပွဲဆက်တိုက် ကစားမှ မကစားခဲ့ရတာကိုး။ သူက နည်းပြတွေအတွက် ချွင်းချက် ကစားသမားမျိုး မဟုတ်ပါဘူး။ သူ ဒဏ်ရာရသွားတာပါ။ နည်းပြတွေက သူ့အရှေ့က ကစားသမားတွေကို ပိုပြီး နှစ်သက်ခဲ့ကြပါတယ်။ တစ်ခုခုတော့ မှားနေပြီး သူ ပုံမှန်အဆင့်ကို
    ပြန်မရောက်နိုင်တော့ဘူးလို့ ကျွန်တော် ထင်ခဲ့ပါတယ်” ဟု မော်ရင်ဟိုက သတင်းထောက်များအား ပြောကြားခဲ့သည်။
    ထို့ပြင် မိမိရောက်ရှိသည့်အချိန်၌ တယ်ရီမှာ အသင်းတွင် တစ်နှစ်သာ သက်တမ်းကျန်ရှိတော့ပြီး မိမိက ထိုတစ်နှစ်ကို အလေးထားခဲ့ကာ ဘာဖြစ်မည်ဆိုသည်ကို စောင့်ကြည့်ခဲ့ကြောင်း၊ တယ်ရီကလည်း နေရာတစ်နေရာအတွက် ထိုက်တန်သည်ကို ပြသခဲ့ကြောင်း မော်ရင်ဟိုက ထပ်လောင်းပြောကြားခဲ့သည်။
    တယ်ရီမှာ ချယ်ဆီးနှင့် တစ်နှစ်သက်တမ်းတိုးထားပြီး မော်ရင်ဟိုကမူ တယ်ရီ၏ အားသစ်လောင်းမှုက အားလုံးအတွက် အကျိုးဖြစ်ထွန်းလိမ့်မည်ဟု ပြောကြားခဲ့သည်။
    “ကျွန်တော်မရှိဘဲနဲ့ အခုအချိန်မှာ သူဟာ ချယ်ဆီးမှာ မရှိနိုင်တော့ဘူးဆိုတာ သူသိတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် သူမရှိဘဲနဲ့လည်း ကျွန်တော်တို့ဟာ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်မှာမဟုတ်ဘူးဆိုတာကိုလည်း ကျွန်တော်သိပါတယ်” ဟု မော်ရင်ဟိုက ထပ်လောင်းပြောကြားခဲ့သည်။
    Ref: Goal
  • အသင်းနှင့်အံမ၀င်ပါက ထွက်ရမည်ဟု ဒီမာရီယာအား ဗန်ဂါးလ်သတိပေး
    အသင်းနှင့်အံမ၀င်ပါက ထွက်ရမည်ဟု ဒီမာရီယာအား ဗန်ဂါးလ်သတိပေး
    မေ ၁၇၊ ၂၀၁၅
    M-Media
    dimaria
    – ကွင်းလယ်လူ ဒီမာရီယာအနေဖြင့် အသင်း၏ ဒဿနနှင့် အံဝင်ခွင်ကျဖြစ်ရေး ကြိုးစားရမည်ဖြစ်ပြီး ထိုသို့မဟုတ်ပါက အသင်းမှ ထွက်ခွာရလိမ့်မည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်သည်။
    ဒီမာရီယာမှာ ပြီးခဲ့သည့် နွေရာသီက မန်ယူသို့ ဗြိတိန် စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ ဖြင့် ရီးယဲလ်မှ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး ခြေစွမ်းကောင်းများကို ပြသနိုင်ခြင်း မရှိသောကြောင့် နည်းပြဗန်ဂါးလ်လက်အောက်တွင် အဓိက ကစားသမားအဖြစ် ပါဝင်ခွင့် မရရှိပေ။
    ဗန်ဂါးလ်ကမူ ဒီမာရီယာအနေဖြင့် ပွဲအတွင်း အံဝင်ခွင်ကျဖြစ်ရန် ကြိုးစားရမည်ဟု ပြောကြားလိုက်ကာ ဒီမာရီအပေါ် ၎င်း၏ စိတ်ကုန်မှုကို ပြသလိုက်သည်။
    “ကစားသမားတွေဟာ အသင်းရဲ့ ဒဿနနဲ့ အံဝင်ရပါမယ်။ ဒီမာရီယာကလည်း ဒီလိုလုပ်ရပါမယ်။ ဒီမာရီယာ သင်ယူနိုင်မလား? ဒါကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။ ဒါဟာ သူ့မှာ အရည်အသွေး မရှိတာကြောင့် မဟုတ်ပါဘူး။ ကျွန်တော်တို့ လိုချင်တဲ့နည်းလမ်းနဲ့ သူက ကစားရပါမယ်။ ကျွန်တော်လိုချင်တဲ့ ပုံစံမဟုတ်ပါဘူး။ အသင်းတစ်သင်းအဖြစ် ကျွန်တော်တို့ လိုချင်တဲ့ပုံစံပါ” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။
    ဒီမာရီယာကလည်း မိမိအနေဖြင့် ကောင်းဆုံး အရည်အသွေးသို့ မရောက်သေးဟု ၀န်ခံခဲ့သည်။
    “အင်္ဂလန်မှာ ကျွန်တော့်ရဲ့ပထမနှစ်အတွက် ကျွန်တော် မပျော်ရွှင်ပါဘူး။ ဒီကို ရီးယဲလ်ကပြောင်းလာတာဟာ ဖလားတွေရဖို့ပါ။ ဒီရာသီကတော့ ကျွန်တော့်အတွက် တော်တော်ဆိုးပါတယ်။ ကျွန်တော် ဒီထက်ပိုကောင်းချင်တာကြောင့် စိတ်ပျက်ရပါတယ်” ဟု
    ဒီမာရီယာက ဆိုသည်။
    ထို့ပြင် ပရိသတ်များအနေဖြင့် ဒီမာရီယာအစစ်ကို မမြင်သေးကြောင်း၊ အင်္ဂလိပ်ဘောလုံးဟန်နှင့် အံဝင်အောင်လုပ်ရသည်မှာ မလွယ်ကြောင်း ဒီမာရီယာက ထပ်လောင်းပြောကြားခဲ့သည်။
    မန်ယူမှာ လာမည့်ရာသီတွင် ပြောင်းရွှေ့ကြေး အမြောက်အများ သုံးစွဲသွားရန် စီစဉ်နေပြီး လက်ရှိတွင် ရီးယဲလ်တိုက်စစ်မှူး ဂါရက်ဘေးလ်၊ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းတို့အား ခေါ်ယူရန် ကြိုးစားနေသည်။
    Ref: Dailymail
  • ရော်နယ်ဒိုကိုအားကျသော်လည်း ပုံတူကူးမည်မဟုတ်ဟု ဒီပေးပြော
    ရော်နယ်ဒိုကိုအားကျသော်လည်း ပုံတူကူးမည်မဟုတ်ဟု ဒီပေးပြော
    မေ ၁၆၊ ၂၀၁၅
    M-Media
    depay
    – မိမိအနေဖြင့် ခရစ္စတီယာနိုရော်နယ်ဒို၏ ဖရီးကစ်စွမ်းရည်ကို လေးစားအားကျမိသော်လည်း မန်ယူသို့ရောက်လာပါက ရော်နယ်ဒို၏ကစားပုံအား ပုံတူကူးသွားမည်မဟုတ်ဟု နယ်သာလန်တိုက်စစ်မှူး ဒီပေးက ပြောကြားလိုက်သည်။
    ရော်နယ်ဒိုနှင့် နှိုင်းယှဉ်ပြောဆိုကြပြီး ဖရီးကစ် စပါယ်ရှယ်လစ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ခြင်းခံထားရသူ ဒီပေးအား ခေါ်ယူရန် မန်ယူမှာ ပီအက်စ်ဗီအသင်းနှင့် ယခုတစ်ပတ်အတွင်း သဘောတူညီချက် ရရှိခဲ့သည်။
    ဒီပေးကလည်း မိမိမှာ ရော်နယ်ဒိုအား လေးစားအားကျသော်လည်း ၎င်း၏ကစားပုံကို လိုက်တုမည်မဟုတ်ဘဲ မိမိ၏ သွင်းဂိုးစာရင်းတွင် ဂိုးများရေးထက် အသင်းအောင်နိုင်ရေးကိုသာလျှင် ပိုမိုအာရုံစိုက်သွားမည်ဟု ပြောကြားခဲ့သည်။
    “ရိုးရိုးသားသားပဲ ပြောပါရစေ။ ရော်နယ်ဒိုရဲ့ ဖရီးကစ်တွေကို လူတိုင်း မကြည့်ကြဘူးလား? ကျွန်တော်ကတော့ သူ့ရဲ့ နည်းစနစ်ကို တော်တော်များများ ကြည့်ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော့်ကိုယ်ပိုင်နည်းလမ်းနဲ့ ကန်သွားမှာပါ။ ကျွန်တော့်မှာ ကိုယ်ပိုင်စတိုင်ရှိပြီး သူနဲ့တူဖို့ ကြိုးစားမှာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့အလုပ်ကတော့ ပွဲတွေနိုင်ဖို့ပါ။ နိုင်ဖို့ဆိုရင် ဂိုးသွင်းရမယ်။ ဒီဂိုးသွင်းမှုကို မကြာမကြာလုပ်နိုင်ပြီဆိုရင် ကျွန်တော့်အလုပ် ပြီးပါပြီ” ဟု ဒီပေးက De Telegraaf သို့ ပြောကြားခဲ့သည်။
    ဗန်ဂါးလ်ကမူ ဒီပေးအား ခေါ်ယူခြင်းကို မက်ဆီနှင့်နှိုင်းယှဉ်ခဲ့ပြီး ဒီပေးမှာ ဂိုးသွင်းကောင်းသည့် တောင်ပံကစားသမားဖြစ်သည်ဟု ကင်ပွန်းတပ်ခဲ့သည်။ သို့သော်လည်း အသက် ၂၁ နှစ်အရွယ် ဒီပေးကမူ အသင်းတွင် မည်သည့်နေရာ၌ ချထားမည်ဆိုခြင်းနှင့် ပတ်သက်၍ သိပ်ဂရုမထားဟု ပြောကြားခဲ့သည်။
    “ဒါက ကျွန်တော့်အတွက် ကိစ္စမရှိပါဘူး။ ကျွန်တော် ဘယ်ဘက်ကနေ ကစားနိုင်တယ်။ ညာဘက်ကနေလည်း ကစားနိုင်တယ်။ ဒါမှမဟုတ် အလယ်ကနေလည်း တိုက်စစ်ကစားနိုင်ပါတယ်။ (ပီအက်စ်ဗီနည်းပြ) ဖိလစ် ကိုကူးက ကျွန်တော့်ကို လွတ်လွတ်လပ်လပ် ပေးကစားပါတယ်။ ဒါက အလုပ်ကောင်းကောင်းဖြစ်ပါတယ်”
    Ref: Goal