News @ M-Media

Tag: Ethiopia

  • အီသီယိုးပီးယား ခရီးသည်တင်လေယာဉ်ပျက်ကျမှု အသက်ရှင်သူမရှိ

    အီသီယိုးပီးယား ခရီးသည်တင်လေယာဉ်ပျက်ကျမှု အသက်ရှင်သူမရှိ

    မတ် ၁၀၊ ၂၀၁၉
    M-Media

    Ethiopian လေကြောင်းလိုင်းမှ လေယာဉ်တစ်စီး

    – ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ကနေ အီသီယိုးပီးယားနိုင်ငံ အက်ဒစ် အဘာဘာကိုပျံသန်းတဲ့ လေယာဉ် ဒီကနေ့မနက်ပိုင်းက ပျက်ကျမှုမှာ အသက်ရှင်သူ တစ်ဦးမှမရှိဘူးလို့ လေယာဉ်ကိုပိုင်ဆိုင်တဲ့ Ethiopian လေကြောင်းလိုင်းက ကြေငြာလိုက်ပါတယ်။

    ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၁၅၇ ဦး လိုက်ပါသွားတဲ့ လေယာဉ်အမှတ် ET 302 ဟာ အက်ဒစ် အဘာဘာရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၅၀ အကွာမှာရှိတဲ့ ဘီရှိုဖ်တူမြို့နားမှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ နိုင်ရိုဘီကနေ ပျံတက်အပြီး ၆ မိနစ်အကြာမှာပဲ အဆက်အသွယ် ပြတ်တောက်ခဲ့တာပါ။

    လေကြောင်းလိုင်းက သေဆုံးသွားသူတွေထဲမှာ ကင်ညာနိုင်ငံသား ၃၂ ဦး၊ ကနေဒါနိုင်ငံသား ၁၈ ဦး၊ အီသီယိုးပီးယားနိုင်ငံသား ၉ ဦး၊ တရုတ်နိုင်ငံသား ၈ ဦး၊
    အမေရိကန်နိုင်ငံသား ၈ ဦး၊ ဗြိတိန်နိုင်ငံသား ၇ ဦးတို့ ပါဝင်ပြီး ၄ ဦးက ကုလနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

    အီသီယိုးပီးယားဝန်ကြီးချုပ် အဘီ အဟ်မဒ်နဲ့ ကင်ညာသမ္မတ အူရူ ကန်ယက်တာတို့ကတော့ သေဆုံးသူတွေနဲ့ ကျစ်ရစ်သူ မိသားစုတွေအတွက် ၀မ်းနည်းကြောင်း ဆိုရှယ်မီဒီယာတွေမှာ ရေးသားခဲ့ကြပါတယ်။

    Ethiopian လေကြောင်းလိုင်းက အခုပျက်ကျသွားတဲ့ Boeing 737 လေယာဉ်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ အင်ဒိုနီးရှားလေကြောင်းလိုင်း Lion Air ကနေ ပျက်ကျသွားတဲ့ လေယာဉ်အမျိုးအစားနဲ့ တူညီပါတယ်။

    လေယာဉ်ကုမ္ပဏီ ဘိုးအင်းက အခုအဖြစ်အပျက်အတွက် အလွန်အမင်း ၀မ်းနည်းရပြီး ဘာ့ကြောင့် လေယာဉ်ပျက်ကျရလဲဆိုတာကို ဖော်ထုတ်ဖို့အတွက် နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    အီသီယိုးပီးယားနိုင်ငံမှာ ခရီးသည်တင်လေယာဉ် နောက်ဆုံး မတော်တဆဖြစ်မှုဟာ ၂၀၁၀ ခုနှစ်မှာ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီတုန်းက Boeing 737-800 လေယာဉ်လက်ဘနွန်နိုင်ငံကနေ ပျံသန်းပြီး သိပ်မကြာခင်မှာ ပေါက်ကွဲသွားတဲ့အတွက် ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၈၃ ဦး သေဆုံးခဲ့ပါတယ်။

    Ref: Aljazeera

  • အီသီယိုးပီးယားတွင် ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦး နှစ်ခြင်းခံစဉ် မိကျောင်းကိုက်သေဆုံး

    အီသီယိုးပီးယားတွင် ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦး နှစ်ခြင်းခံစဉ် မိကျောင်းကိုက်သေဆုံး

    ဇွန် ၆၊ ၂၀၁၈
    M-Media

    – အီသီယိုးပီးယားနိုင်ငံ တောင်ပိုင်းမှာ ပရိုတက်စတင့် သင်းအုပ်ဆရာတစ်ဦးဟာ ရေကန်ကြီးတစ်ခုထဲ နှစ်ခြင်းခံမင်္ဂလာအခမ်းအနား ပြုလုပ်နေစဉ်အတွင်း မိကျောင်းကိုက်ခံရမှုကြောင့် သေဆုံးသွားပါတယ်။

    မာရ်ကဘ် တဘ်ယာခရိုင်က မင့်ခ်ျမြို့မှာရှိတဲ့ အဘာယာကန်ကြီးထဲမှာ တနင်္ဂနွေနေ့မနက်ပိုင်းက လူ ၈၀ ကို နှစ်ခြင်းခံပေးနေတဲ့အချိန် မိကျောင်းတစ်ကောင်ပေါ်လာကာ သင်းအုပ်ဆရာ ဒိုချို အက်စ်ဟီတီကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

    အက်ဟီတီဟာ ခြေထောက်၊ ကျောကုန်းနဲ့ လက်တွေကို အကိုက်ခံခဲ့ရပြီး သေဆုံးခဲ့တာပါ။

    “ပထမဆုံးလူကို နှစ်ခြင်းခံပြီး ဒုတိယလူဆီ သွားတဲ့အချိန်မှာ ရုတ်တရက် မိကျောင်းက ထွက်လာပြီး သင်းအုပ်ဆရာကို ကိုက်ဆွဲခဲ့တာပါ” လို့ ဒေသခံတစ်ဦးက ပြောကြားခဲ့ပါတယ်။

    ရေလုပ်သားတွေ၊ ဒေသခံတွေက သင်းအုပ်ဆရာကို ကယ်တင်ဖို့အတွက် အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ဘဲ မိကျောင်းကလည်း လွတ်မြောက်သွားခဲ့ပါတယ်။

    Ref: BBC

  • အဘီယီ အဟ်မဒ် (သို့) ခရစ်ယာန်အများစုရှိရာနိုင်ငံမှ မွတ်စလင်ဝန်ကြီးချုပ်

    အဘီယီ အဟ်မဒ် (သို့) ခရစ်ယာန်အများစုရှိရာနိုင်ငံမှ မွတ်စလင်ဝန်ကြီးချုပ်

    ဧပြီ ၄၊ ၂၀၁၈
    M-Media

    သူကတာ့ အဘီယီ အဟ်မဒ်ဖြစ်ပြီး တနင်္လာနေ့က ကျမ်းကျိန်ခဲ့ပါတယ်။

    – အီသီယိုးပီးယား ၀န်ကြီးချုပ် ဟေလီမာရီယမ် ဒီဆာလန် ဖေဖော်ဝါရီ ၁၅ ရက်နေ့ ရုတ်တရက်နှုတ်ထွက်သွားခဲ့ပြီးတဲ့နောက် ၀န်ကြီးချုပ်တစ်ဦးကို ညွှန့်ပေါင်းအစိုးရက ရွေးချယ်ခဲ့ပါတယ်။

    သူကတာ့ အဘီယီ အဟ်မဒ်ဖြစ်ပြီး တနင်္လာနေ့က ကျမ်းကျိန်ခဲ့ပါတယ်။

    အသက် ၄၂ နှစ်အရွယ်ရှိတဲ့ အဟ်မဒ်ဟာ တိုင်းပြည်ရဲ့ လူဦးရေ သန်း ၁၀၀ မှာ တတိယအကြီးဆုံး လူမျိုးစုဖြစ်တဲ့ အိုရိုမိုလူမျိုးတွေထဲက ပထမဆုံး ၀န်ကြီးချုပ်ဖြစ်လာသူပါ။

    သူ သမ္မတဖြစ်လာမှုဟာ တိုင်းပြည်အတွင်းရှိနေတဲ့ သွေးကွဲမှုတွေကို တည်ငြိမ်စေဖို့ အစိုးရက ရည်ရွယ်ပုံရပါတယ်။ အီသီယိုးပီးယားဟာ ၂ နှစ်တာ ဆန္ဒပြမှုတွေပြီးတဲ့နောက် ဖေဖော်ဝါရီ ၁၆ ရက်နေ့က အရေးပေါ်အခြေအနေ ကြေငြာခဲ့ရတဲ့အထိ ဖြစ်ခဲ့တာပါ။

    လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လွတ်လပ်ခွင့် ပိတ်ပင်ထားမှုတွေနဲ့ အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို မခံနိုင်တဲ့ အိုရိုမို လူမျိုးတွေဟာ အိုရိုမီယာပြည်နယ်မှာ ဆန္ဒပြမှုတွေကိုလည်း ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

    ကျမ်းကျိန်ပြီးနောက် ပြောကြားတဲ့မိန့်ခွန်းမှာ အဟ်မဒ်က နှစ်ပေါင်းများစွာရှိနေတဲ့ နှစ်နိုင်ငံအကြား နားလည်မှုလွဲနေတာကို ဖြေရှင်းဖို့အတွက် အီရစ်ထရီယာအစိုးရကို မေတ္တာရပ်ခံခဲ့ပါတယ်။

    အီရစ်ထရီယာဟာ ၁၉၉၂ ခုနှစ်က အီသီယိုးပီးယားကနေ ခွဲထွက်သွားခဲ့ပြီး ၁၉၉၈ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အထိ နှစ်နိုင်ငံ စစ်ပွဲတွေဖြစ်ပွားခဲ့ကာ အဲဒီအချိန်ကစလို့ ဆက်ဆံရေး ဆိုးရွားခဲ့တာ ဖြစ်ပါတယ်။

    အီသီယိုးပီးယားဟာ အာဖရိကတိုက်ရဲ့ ဒုတိယ လူဦးရေအများဆုံးနိုင်ငံဖြစ်ပြီး နိုင်ငံရေးမတည်ငြိမ်မှုတွေ ဖြစ်နေပေမယ့် ဒေသတွင်း စီးပွားရေး အတိုးတက်ဆုံးနိုင်ငံ ဖြစ်နေတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ မှတ်တမ်းက ဆိုပါတယ်။

    Ref: CNN

  • WHO အကြီးအကဲအဖြစ် အီသီယိုးပီးယား ကျန်းမာရေးဝန်ကြီးဟောင်း ရွေးချယ်ခံရ

    WHO အကြီးအကဲအဖြစ် အီသီယိုးပီးယား ကျန်းမာရေးဝန်ကြီးဟောင်း ရွေးချယ်ခံရ

    မေ ၂၆၊ ၂၀၁၇
    M-Media

    – ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO ၏ အကြီးအကဲအဖြစ် အီသီယိုးပီးယားမှ တီဒရို့စ် အဒ်ဟာနွန် ဂီဘရီယီဆက်စ်က ရွေးချယ်ခံခဲ့ရပြီး WHO ကို ဦးဆောင်သည့် ပထမဆုံး အာဖရိကသား ဖြစ်လာခဲ့သည်။

    အီသီယိုးပီးယား ကျန်းမာရေးဝန်ကြီးဟောင်းဖြစ်သူ တီဒရို့စ်မှာ ပထမအကျော့ မဲပေးမှုတွင် တစ်ဝက်ကျော် ရရှိခဲ့ပြီး အင်္ဂါနေ့ နောက်ဆုံးအဆင့်တွင် ယူကေမှ ဒေးဗစ် နာဘာရိုအား ဖြတ်ကျော် အနိုင်ရခဲ့ခြင်းဖြစ်သည်။

    စကာတင် ၃ ဦးစာရင်းတွင် ပါကစ္စတန်မှ ဆာနီယာ နစ်ရှ်တာရ်လည်း ပါဝင်သည်။

    “လမ်းကြောင်းအားလုံးကို ကမ္ဘာတစ်ဝှမ်း လွှမ်းခြုံရေးအတွက် သွားမှာပါ။ ဒါဟာ ကျွန်တော့်ရဲ့ အဓိက ဦးစားပေးပါပဲ။ လက်ရှိမှာ ကမ္ဘာ့ပြည်သူလူထုရဲ့ ထက်ဝက်လောက်က ကျန်းမာရေးစောင့်ရှောက်မှုကို အခက်အခဲမရှိဘဲ ရရှိနေပါတယ်။ ကျန်နေတဲ့ လိုအပ်ချက် သိသိသာသာ တိုးတက်ဖို့ လိုပါတယ်” ဟု တီဒရို့စ်က ပြောကြားခဲ့သည်။

    မဲပေးမှုအတွင်း အာဖရိကတိုက်မှ မဲပေါင်း ၅၀ ခန့်မှာ တီဒရို့စ်ကိုပေးခဲ့သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆကြသော်လည်း အီသီယိုးပီးယားတွင် ၀မ်းရောဂါဖြစ်ပွားမှု၊ လူ့အခွင့်အရေးဆိုင်ရာ ကန့်သတ်မှုတွင် ၎င်းပါဝင်ခဲ့မှုအတွက် တီဒရို့စ်မှာ ဝေဖန်ခံခဲ့ရသည်။

    တီဒရို့စ်မှာ WHO တွင် ၁၀ နှစ်တာ တာဝန်ထမ်းဆောင်ပြီး ဇွန်လ ၃၀ ရက်နေ့တွင် အနားယူတော့မည့် ဟောင်ကောင် ကျန်းမာရေးဒါရိုက်တာ မာဂရက်ချန်၏ နေရာတွင် တာဝန်ယူကာ ၅ နှစ်တာ တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

    Ref: Aljazeera

  • ရှေးဦးမွတ်စလင်များအပေါ် ကျေဇူးရှိခဲ့သည့် ခရစ်ယာန်ဘုရင်အုတ်ဂူကို တူရကီက ပြုပြင်ပေးနေ

    ရှေးဦးမွတ်စလင်များအပေါ် ကျေဇူးရှိခဲ့သည့် ခရစ်ယာန်ဘုရင်အုတ်ဂူကို တူရကီက ပြုပြင်ပေးနေ

    မတ် ၁၊ ၂၀၁၇
    M-Media

    အီသီယိုးပီးယားမှ နဂျာရှီ၏ ဂူဗိမာန်

    – တမန်တော် မုဟမ္မဒ်သခင်လက်ထက်က မက္ကာကို စွန့်ခွာ၍ လာရောက်ခိုလှုံခဲ့ကြသည့် မွတ်စလင်များအား ကောင်းမွန်စွာ နေထိုင်ခွင့်ပြုခဲ့သည့် အဘီဆီးနီးယား (ယခု အီသီယိုးပီးယားနှင့် အီရစ်ထရီယာ) ပြည့်ရှင် ခရစ်ယာန်ဘာသာဝင် နဂျာရှီ၏ ဂူဗိမာန် ပြန်လည်ပြုပြင်မှုအား တူရကီက ဆောင်ရွက်ပေးနေသည်ဟု သိရသည်။

    အဆိုပါ ဂူဗိမာန်မှာ အီသီယိုးပီးယားမြို့ အက်ဒစ် အဘာဘာမှ မိုင်ပေါင်း ၅၀၀ အကွာအဝေးတွင် ရှိနေပြီး ပြန်လည်ပြင်ဆင်ရေး လုပ်ငန်းအတွက် ‘တူရကီ ပူးပေါင်းဆာင်ရွက်ရေးနှင် ညှိနှိုင်းရေး အေဂျင်စီ (TIKA)’ က ဦးဆောင်ကာ ဆောင်ရွက်ပေးခြင်းဖြစ်သည်။

    အာရ်မဟ်ဟုလည်း အမည်ရသည့် နဂျာရှီဘုရင်မှာ သက္ကရာစ် ၆၁၄ ခုနှစ်မှာ ၆၃၁ ခုနှစ်အထိ ယနေ့ခေတ် အီသီယိုးပီးယားနှင့် အီရစ်ထရီယာတို့ ပါဝင်သော အဘီဆီးနီးယား အင်ပါယာကို အုပ်စိုးခဲ့သူဖြစ်သည်။ ၎င်းမှာ တမန်တော်မုဟမ္မဒ်လက်ထက် မက္ကာမြို့မှ ကိုရိုက်ရှ်လူမျိုးများ၏ ဒုက္ခပေးမှုကြောင့် နေရပ်စွန့်ခွာလာခဲ့ကြသည့် ရှေးဦးမွတ်စလင်များ၏ မှန်ကန်မှုနှင့် သမာသမတ်ကြမှုကို တွေ့မြင်ပြီးနောက် ၎င်းတို့အား ကြည်ဖြူစွာ ခိုလှုံခွင့်ပေးခဲ့သည်။

    အဆိုပါ နေရပ်စွန့်ခွာမှုကို အစ္စလာမ့်သမိုင်းတွင် ‘ပထမဆုံး ဟစ်ဂျရသ်’ ဟု ခေါ်ဆိုသည်။ တမန်တော်မုဟမ္မဒ်သခင်မှာ မိမိ၏နောက်လိုက်များ အလွန်အမင်း ညှင်းပမ်းနှိပ်စက်မှု ခံနေရသည်ကို တွေ့ရှိခဲ့ပြီးနောက် ၎င်းတို့ထဲမှ အချို့ကို အဘီဆီးနီးယားသို့ ပြောင်းရွှေ့ရန် အမိန့်ပေးခဲ့ပြီး ထိုဒေသမှ ဘုရင်မှာ မင်းကျင့်တရား ၁၀ ပါးနှင့်အညီ အုပ်ချုပ်သူဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ကိုရိုက်ရှ်မျိုးနွယ်များက ထိုသတင်းကို ကြားပြီးနောက် အဖွဲ့တစ်ခုကို လက်ဆောင်ပဏ္ဍာများနှင့် နဂျာရှီဘုရင်ထံသို့ စေလွှတ်ကာ မွတ်စလင်များကို ပြန်လည်ခေါ်ဆောင်ရန် ဆောင်ရွက်ခဲ့သည်။ သို့သော်လည်း မွတ်စလင်များက ၎င်းတို့၏ ဘာသာတရားအကြောင်း၊ တမန်တော် မုဟမ္မဒ်သခင်အကြောင်းတို့ကို ကျေလည်စွာ ရှင်းပြခဲ့ပြီးနောက် နဂျာရှီဘုရင်မှာ ကြည်ဖြူစွာ လက်ခံခဲ့သည်။

    ထို့ပြင် ‘မွတ်စလင်များနှင့် ခရစ်ယာန်များ၏ကြား ခြားနားမှုမှာ သဲပေါ်တွင်ရေးဆွဲထားသည့် မျဉ်းကြောင်းလောက်သာ ရှိသည်’ ဟု နဂျာရှီ၏ ထိုစဉ်က ပြောစကားမှာလည်း ကျော်ကြားသည်။

    Ref: Craigconsidinetcd.com