News @ M-Media
Tag: ethnic cleansing
  • အစိုးရတပ်ဖွဲ့ လူ့အခွင့်ရေးချိုးဖေါက်မှု ကုလ အရာရှိပြောကြား
    အစိုးရတပ်ဖွဲ့ လူ့အခွင့်ရေးချိုးဖေါက်မှု ကုလ အရာရှိပြောကြား
    နိုဝင်ဘာ ၂၅ ၊ ၂၀၁၆
    24112016062535capture-1000x0
    ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar မြို့မှာရှိတဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအကြီးအကဲ John McKissick က မြန်မာအာဏာပိုင်တွေဟာ ရိုဟင်ဂျာမွတ်စလင်တွေကို လုံးဝပပျောက်သွားအောင် လုပ်ဆောင်နေ တယ်လို့ ပြောဆိုကြောင်း မနေ့ကရတဲ့ အေဖက်ပီ သတင်းမှာဖေါ်ပြထားပါတယ်။
    မြန်မာအစိုးရလုံခြုံရေးတပ်ဖွဲ့တွေကြောင့် ဒီရက်ပိုင်းတွေအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ ရှ်နိုင်ငံကို ထွက်ပြေးလာသူဦးရေ သုံးသောင်းခန့်ရှိပြီဖြစ်ကြောင်း၊ မြန်မာတပ်ဖွဲ့တွေက ပစ်ခတ်သတ်ဖြတ်မှု၊ မုဒိမ်းမှု၊ မီးရှို့မှုနဲ့ လုယက်မှုတွေကို ကျူးလွန်နေကြောင်း၊ ဒါဟာဒေသခံ လူနည်းစုမွတ်စလင်တွေကို  မြန်မာပြည်တွင်းမှာ တစ်ယောက်မှမရှိအောင် လုပ်ဆောင်နေတာဖြစ်ကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ အနေနဲ့လည်း နယ်စပ်ဖွင့်ပေးရင် ဒုက္ခသည်တွေအလုံးအရင်းနဲ့ ဝင်လာမှာဖြစ်တဲ့အတွက်  အခက်ကြုံနေကြောင်း ကုလ အရာရှိကပြောပါတယ်။
    ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို ထွက်ပြေးရောက်ရှိလာသူတွေဟာ သူတို့ကိုအာဏာပိုင်တွေ ကတွေ့ရင် မြန်မာပြည်ဖက် ပြန်ပို့မှာစိုးရိမ်တဲ့အတွက် ပုန်းအောင်းနေကြတယ်လို့လည်း နယ်ခြားဒေသကလာတဲ့ သတင်းတွေမှာဖေါ်ပြထားပါတယ်။
    RFA မှ ကူးယူဖော်ပြသည်။
  • Genocide အစီအမံ၏ နောက်ဆုံးအဆင့်နှင့် ရင်ဆိုင်နေရသူများ
    နိုဝင်ဘာ ၁ ၊ ၂၀၁၅
    M-Media
    23ba7406-a3c8-4f36-9a20-1fb78d537909
    ကာလရှည်အညှဉ်းဆဲခံ လူမျိုးစုတစ်ရပ်မှာ “တစ်အုံတစ်ကျင်းအစဖျောက်ခံရမှု” ထဲသို့ စတင်ခြေလှမ်းကျွံနေပြီဟု ကျွမ်းကျင်သူများက အစိုးရ၏ကြံရာပါ အထောက်အထားသစ်တို့ကို ရည်ညွှန်း၍ ဆိုကြသည်။
    အမေရိကန်ဦးဆောင်သည့် စီးပွားရေးပိတ်ဆို့မှုများကို လှည့်ပြောင်းလျှော့ချခြင်းနှင့်အတူ နိုင်ငံတကာမှ အားပေး ကူညီထားသည့် နိုင်ငံ့ရွေးကောက်ပွဲများသည် လာမည့်လအစောပိုင်းတွင် စတင်ကျင်းပတော့မည်ဖြစ်သည်။ သို့တိုင် မြန်မာနိုင်ငံရှိ လူ တစ်သန်းကျော်မှာ နိုင်ငံတော်မှ ကျားကန်ပေးသော Genocide စီမံချက်နှင့် ရင်ဆိုင်နေရကြောင်း အစီရင်ခံစာသစ်တစ်ခုအရ သိရပေသည်။
    အရှေ့တောင်အာရှမှ စစ်တပ်ကြီးစိုး မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်စ်လင်မ်လူ့အဖွဲ့အစည်းသည် အကွက်ချ ညှင်းပန်းနှိပ်စက်ခြင်း၊ နိုင်ငံသား အဖြစ်မှ အပြီးတိုင်ဖယ်ထုတ်ခြင်းတို့ကို ခံထားရပြီးဖြစ်သည်။ ရံဖန်ရံခါ လူများစု ဗုဒ္ဓဘာသာဝင် လူ့အဖွဲ့အစည်းမှ သြဇာကြီး အကြမ်းဖက် အုပ်စုများ၊ အစိုးရ အာဏာပိုင်များ၏ သားကောင်ဘ၀သို့လည်း မကြာခဏဆိုသလို ကျရောက်လျက်ရှိသည်။ အဆိုပါ အဆင့်မှသည် ယခုသော် လုံးဝ လက်စဖျောက်တော့မည့် အနေအထားသို့ ဆိုက်ရောက် သွားနိုင်ချေရှိကြောင်း လန်ဒန်ရှိ Queen Mary တက္ကသိုလ်မှ အပြည်ပြည်ဆိုင်ရာ နိုင်ငံတော် အဆင့်ပြစ်မှုလေ့လာ အကဲဖြတ်အဖွဲ့ International State Crime Initiative (ISCI) ၏ အထူးလေ့လာချက်၌ ဖော်ပြလိုက်သည်။
    ၎င်းလေ့လာချက် အစီရင်ခံစာ၌ “ရိုဟင်ဂျာများသည် Genocide အစီအမံ၏နောက်ဆုံးအဆင့်ကို ရင်ဆိုင်နေရသည်” ဟု ကောက်ချက်ချထား၏။
    ISCI သည် ထင်ရှားကျော်ကြားလှသည့် Genocide  ကျွမ်းကျင်သူ Daniel Feierstein ပြုစုရေးသားထားသော Genocide as Social Practice(2014) စာအုပ်မှ Genocide အဆင့်ခြောက်ဆင့်အပေါ်အခြေပြု၍ မြန်မာ့အရေးကို ထွင်းဖောက်ထောက်ပြထားခဲ့သည်။ လူမျိုးစုဖယ်ရှား ရှင်းလင်းရေး၌ နှစ်ဖက် ပါဝင် ပတ်သက်နေသူတို့နှင့် တွေ့ဆုံမေးမြန်းမှုများ၊ မီဒီယာသတင်းနှင့် အစိုးရ စာရွက်စာတမ်းပေါက်ကြားမှုများအားဖြင့် အစီရင်ခံစာက ရိုဟင်ဂျာတို့မှာ Genocide သတ်မှတ်ချက်၏ ပထမအဆင့်လေးဆင့် အထိ ဖြတ်သန်းခဲ့ရပြီးဖြစ်ကြောင်း ရေတွက်ထောက်ပြထားသည်။ ထိုအဆင့်လေးဆင့်မှာ တန်ဖိုးမဲ့အောင်ပြု၍ သိက္ခာချခြင်းနှင့် လူရာ မသွင်းခြင်း၊ အစဉ်တစိုက် ဒုက္ခပေးခြင်း၊ အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်ခြင်း၊ လူ့အသိုင်းအ၀ိုင်းမှဖယ်ကြဉ်ခြင်းနှင့် ထီးတည်း ကန့်သတ်ခွဲထားခြင်း တို့ဖြစ်သည်။ ပဉ္စမအဆင့်သည် အားပျော့ချည့်နဲ့သွားအောင် အကွက်ချလုပ်ဆောင်မှုဖြစ်ပြီး (ထိုအဆင့်သို့ရောက်လျှင်) တစ်အုံတစ်ကျင်း အစဖျောက်မှုသို့ ခြေလှမ်းကျွံဝင်ပြီဟု ဆိုနိုင်ပေသည်။ နောက်ဆုံးအဆင့်တွင် အပါဝင်တစ်ခုဖြစ်သော “ဓားစားခံ အုပ်စုကို သမိုင်းကြောင်းမှ ဖယ်ရှားပစ်ခြင်း” အချက်ကိုလည်း သက်ဆိုင်ရာကဏ္ဍ အလျောက် တွေ့မြင်နေရကြောင်း အစီရင်ခံစာက ဖော်ပြသည်။
    ၁၉၈၂ ခုနှစ်တွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးသာရှိသည်ဟု တစ်ဖက်သတ် တရားဝင်သတ်မှတ်ခဲ့ချိန်မှစ၍ ရိုဟင်ဂျာတို့သည် ခွဲခြား ဆက်ဆံခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်ခြင်းများကို ဆယ်စုနှစ်များစွာ ခံစားလာခဲ့ရသည်။ လက်ရှိ၌ အဆိုးဆုံး အခြေအနေသို့ ရောက်နေသည်။ ရိုဟင်ဂျာများသည် မျိုးဆက် အလီလီ မြန်မာနိုင်ငံတွင် နေထိုင်လာခဲ့သော်ငြား မြန်မာအစိုးရက သူတို့ကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်မှ ကျူးကျော် ၀င်ရောက်လာသူများအဖြစ် သတ်မှတ်ထားသည့်အပြင် ဘင်္ဂါလီ ဟူသောအသုံးအနှုန်းမှအပ သူတို့၏ ကိုယ်ပိုင်(လူမျိုးစု)အမည်နာမ (ရိုဟင်ဂျာ)ကိုပင် အသိအမှတ် မပြုချေ။
    ၂၀၁၂ ခုနှစ်တွင် ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦး မုဒိန်းကျင့်ခံရသည့်သတင်းထွက်လာပြီးနောက် ဘာသာရေးတင်းမာမှုမြင့်မားခြင်းမှ တဆင့် ဇွန်နှင့်အောက်တိုဘာ ပင်မ အကြမ်းဖက်လှိုင်းကြီး နှစ်ခု ပေါက်ကွဲပွင့်အံလာခဲ့သည်။ ၎င်း၌ ရာပေါင်းများစွာ အသတ်ဖြတ်ခံရပြီး အဓိကအားဖြင့် မွတ်စ်လင်မ်များ ဖြစ်ကြသည်။ ထိုပဋိပက္ခကို မြန်မာအစိုးရက အမြင်ကောင်းအောင် ဖာထေးခဲ့သော်ငြား ISCI အစီရင်ခံစာမှာတော့ ယင်းတိုက်ခိုက်မှုများသည် ဒေသခံအာဏာပိုင်တို့၏ တင်ကူးကြံစည်မှုနှင့်စီမံမှု ဟူသည်ကို မငြင်းနိုင်သော အထောက်အထားများဖြင့် တင်ပြထား၏။
    လက်ရောက် ကျူးလွန်သူအချို့မှာ အထောက်အထားမခိုင်မာ ဆိုသည့်အကြောင်းပြချက်ဖြင့် အရေးယူခြင်း မခံကြရ။ ထိုသူတို့နှင့် တွေ့ဆုံမေးမြန်းမှုပြုခဲ့ရာ – သူတို့ကို ရခိုင်ပြည်နယ်မြို့တော် စစ်တွေသို့ အနီးအနားရွာများမှတဆင့် ကားကြီးများဖြင့် သယ်ဆောင် သွားကြောင်း၊ နေ့စဉ် ထမင်း နှစ်နပ် ကျွေးမွေးကြောင်း၊ “မွတ်စ်လင်မ်တို့အား တိုက်ခိုက်မှု၌ ပါဝင်ရန်မှာ ရခိုင်လူမျိုး၏ တာဝန်ဖြစ်သည်”ဟု ပြောဆိုမှာကြားကြောင်း ပေါ်လွင်သွားခဲ့သည်။
    ခိုင်မာအားကောင်းသည့် ထောက်ပြချက်များလည်း ရှိပါသေးသည်။ အစိုးရသည် တစ်ပတ်နီးပါး အရှိန်မလျှော့ အကြမ်းဖက်ရန် ခွင့်ပြုပေးခဲ့သည်သာမက ရဲ၊ စစ်တပ်နှင့် အခြားလုံခြုံရေးတပ်သားများကိုယ်တိုင် အကြမ်းဖက်မှုအတွင်း ပါဝင်စေခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။
    ထိုအချိန်ကာလမှစတင်ကာ ရိုဟင်ဂျာပေါင်း တစ်သိန်းလေးသောင်းနီးပါးသည် စစ်တွေမြို့ပြင်ရှိ ကျဉ်းကြပ်ညစ်ပတ်သော စခန်းများထံ ခွဲခြားပို့ဆောင်ခံရသည်။ လုံခြုံရေးတပ်ဖွဲ့များမှ တင်းကြပ်စွာ စောင့်ကြပ်ထားပြီး ပြင်ပထွက်ခွင့်ကို တားဆီးထားသည်။ စစ်တွေမျြိ့တွင်း မွတ်စ်လင်မ်ရပ်ကွက်ထဲ ကျန်ရစ်နေထိုင်နေသော ရိုဟင်ဂျာ ၄၅၀၀ ဦးသည်လည်း အလားတူ သွားလာခွင့် ကန့်သတ်ခံထားရသည်။ လူဦးရေ ၈ သောင်းဝန်းကျင်ရှိ ရိုဟင်ဂျာအများစုမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း အခြားမြို့နယ်နှစ်ခု၌ ပျံ့နှံ့နေပြီး စစ်တပ်မှ ၎င်းတို့အား ပြင်ပလောကနှင့် အဆက်အသွယ် ဖြတ်တောက်ထားသည်။
    နိုင်ငံတကာ ကယ်ဆယ်ကူညီရေးအဖွဲ့အစည်းများမှ ရိုဟင်ဂျာများအတွက် စားနပ်ရိက္ခာကို ထောက်ပံ့ပေးပို့ခဲ့ကြသည်။ သို့သော် ရိုဟင်ဂျာဒုက္ခသည် စခန်းများသို့ မည်သည့်အခါမျှ အပြည့်အ၀ မရောက်ရှိခဲ့။ ထို့ပြင် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးကိုလည်း ငြင်းပယ်ခံရသဖြင့် ၎င်းသူတို့မှာ အာဟာရ ချို့တဲ့ခြင်းနှင့် ရောဂါဖြစ်ပွားခြင်း စစ်တလင်းထဲ တွန်းပို့ ခံရသည့်နှယ် ဖြစ်နေသည်။ ယင်းသို့ ဘက်စုံခွဲခြား ဆက်ဆံရေး အစီအမံများကြောင့် ဒုက္ခသည်စခန်းရှိလူများသည် ပညာသင်ခွင့်နှင့် သက်မွေးဝမ်းကျောင်းခွင့်ကိုလည်း တားဆီးခံ ထားရပါသည်။
    “ရိုဟင်ဂျာတွေ ကြုံဆုံနေရတဲ့ ကျူးလွန်စော်ကားချက် အဆင့်နဲ့အတိုင်းအတာတွေလိုမျိုး အရှေ့တောင်အာရှတစ်ခွင်မှာ ကျွန်တော်တို့ မတွေ့ဖူးသေးပါဘူး။ ရိုဟင်ဂျာတွေကို မျိုးပြုန်းဖြိုလဲမှုပြစ်မှုအတွက် တစ်စုံတစ်ယောက်က မျိုးဖြုတ်တဲ့ အလုပ်မလုပ်ဖို့ တာဝန်ခံရပါလိမ့်မယ်။ သူတို့ (ဗမာအာဏာပိုင်များ)ဟာ လူတစ်သန်းကျော် ပျက်စီးသွားစေမယ့် ဘ၀ပုံဟန်ကို ဖန်တီးနေကြပါတယ်” ဟု ဘန်ကောက်အခြေစိုက် Fortify Rights လူ့အခွင့်အရေးအဖွဲ့အစည်းထူထောင်သူနှင့် အမှုဆောင်ဒါရိုက်တာ မက်သယူးစမစ် Matthew Smith က TIME သို့ ပြောပြသည်။ ထိုအဖွဲ့သည် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို လေ့လာ စုဆောင်းနေပြီး နိုင်ငံတော် အဆင့် လူမျိုးစုရှင်းလင်းရေး အစီအမံများဟု ယုံကြည်စရာ ခိုင်ခိုင်မာမာ အကြောင်းတစ်ရပ်ရှိသည့်အချက်အပေါ် စမစ်က အထက်ပါစကားအတိုင်း ထင်ဟပ်ပြောကြားခဲ့ခြင်းဖြစ်သည်။
    ရိုဟင်ဂျာတို့၏ နာကျင်ဒုက္ခများ
    ——————————–
    ရိုဟင်ဂျာတို့အား ရုပ်ပိုင်းဆိုင်ရာသက်သက် ဒုက္ခပေးမှုများအပြင် အခြားအချက်များလည်း ရှိသေးသည်။ သူတို့ကို နိုင်ငံသားအဖြစ်မှ ဖယ်ထုတ်သည်။ သူတို့၏ကလေးငယ်များအတွက် မွေးစာရင်း ထုတ်မပေး။ ထိမ်းမြားခွင့်နှင့်မွေးဖွားခွင့်ကိုလည်း ဥပဒေများဖြင့် ကန့်သတ်ထားသည်။ အစိုးရကိုယ်တိုင်ကပင် သူတို့လူ့အဖွဲ့အစည်းအား ဘင်္ဂါလီဟု မခံယူသမျှ ၂၀၁၄ သန်းခေါင်စာရင်းမှ ဖယ်ထုတ်ထားသည်။
    မြောက်များစွာသော ရိုဟင်ဂျာတို့သည် ၂၀၁၀ ခုနှစ်က မဲပေးခွင့်ရခဲ့ကာ လွှတ်တော်အမတ်အချို့ပင် ထွက်ရှိလာခဲ့သော်လည်း ယခုလာမည့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ၌မူ ပါဝင်နိုင်ခွင့် မပေးတော့ပေ။ စစ်တပ်ကျောထောက်နောက်ခံအစိုးရသည် ရခိုင်တိုင်းရင်းသားပါတီကိုလည်း ပြိုင်ဖက်အဖြစ် အငြိုးတံပိုးအဖြစ် ထမ်းထားသေး၏။
    တစ်ဖက်သတ်အစ္စလာမ်ကြောက်ရောဂါကို ပြန်လည်အံတုမည့် နိုင်ငံရေးပါတီဟူ၍ တစ်ခုတစ်ရပ်မျှ မရှိ။ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပင်လျှင် မွတ်စ်လင်မ် ကိုယ်စားလှယ်လောင်း တစ်ဥိးမျှ မထည့်သွင်းထား။ ရိုဟင်ဂျာတို့၏ ရင်နင့်စရာ အနေအထားကမူ ရွေးကောက်ပွဲ ရလဒ် မည်သို့ပင်ဖြစ်စေ ဤအတိုင်းပင် ရှေ့ဆက်ဖို့ များနေပါသည်။
    “ရိုဟင်ဂျာတွေအတွက် ဘာမှ အပြောင်းအလဲ ဖြစ်လာမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့လူ့အဖွဲ့အစည်းနဲ့ ကျွန်တော်တို့လူမျိုးစုကို အစိုးရဖက်က လုံးဝဥဿုံ ငြင်းပယ်နေပါတယ်။ ဆက်ဖြစ်လာနိုင်မှာကတော့ ဒီလူတွေကို လက်စတုံးပစ်မယ့် – မောင်းထုတ်ပစ်မယ့် အကြွင်းမဲ့ အစီအမံမျိုးပါပဲ” ဟု ပြန်လည်ရွေးကောက်ခံရန် တားမြစ်ခံရသော လက်ရှိ ရခိုင်ပြည်နယ်မြောက်ပိုင်း လွှတ်တော်အမတ် ရိုဟင်ဂျာလူမျိုး ဦးရွှေမောင်က ဆိုသည်။
    နောက်ဆုံးမျှော်လင့်ချက်ရောင်ခြည် ကုန်ဆုံးပြီဖြစ်၍ ရိုဟင်ဂျာတို့အတွင်း လာမည့်လများတွင် နိုင်ငံစွန့်ခွာထွက်ပြေးရန် ပင်လယ်ထဲဆင်းကြမည့်သူများ တိုးပွားလာဖွယ် ရှိနေသည်။ ယခုနှစ်အစောပိုင်းကလည်း ယင်းသို့ ကြံစည်ခဲ့သဖြင့် လူကုန်းကူသူများ၏ထောင်ချောက်ထဲ သက်ဆင်းရကာ ထောင်ချီပြီး သေဆုံးသွားခဲ့ရသည်။
    “ရခိုင်ပြည်နယ်ထဲမှာပဲ နေပြီး သေခြင်းတရားကို ရင်ဆိုင်ဖို့ ဒါမှမဟုတ် နိုင်ငံစွန့်ထွက်ပြေးဖို့ – တစ်ခုခုကို ရွေးချယ်ရတော့မယ်လို့ ရိုဟင်ဂျာ အများအပြားက ကျွန်တော်တို့ကို ပြောပြပါတယ်။ ရခိုင်ပြည်နယ်ထဲကအခြေအနေတွေ ဆိုးဝါးသထက် ဆိုးဝါးလာနေတာကြောင့် သေမထူးနေ မထူးဖြစ်မယ့်အတူတူ ဒီစွန့်စားမှုကို သူတို့ လိုလားနေကြတာပါပဲ” ဟု စမစ်က ဆိုပါသည်။
    ပြီးခဲ့သော နယ်မြေစွန့်ခွာထွက်ပြေးမှုမှာ အစိုးရအာဏာပိုင်များ၏ တွန်းအားပေးခွင့်ပြုချက်သာမက အဓမ္မတွန်းထုတ်ခြင်းလည်း ပါဝင်ကြောင်း မျိုးပြုန်းစေရေးအစီအမံကိုဖွင့်ချထားသည့် အလ်ဂျဇီးရားသတင်းဋ္ဌာနတင်ဆက်မှု အင်တာဗျူးသတင်းမှတ်တမ်းတင် ရုပ်ရှင်တွင် တွေ့ခဲ့ရသည်။ အဆိုပါ နယ်စွန့်ထွက်ပြေးနှုန်းသည် ဇွန်လက အမြင့်မားဆုံး ဖြစ်ခဲ့သည်။
    “မင်းတို့ဟာ မွတ်စ်လင်မ်တွေဖြစ်လို့ ရခိုင်ပြည်နယ်ထဲ နေထိုင်ခွင့် မရှိဘူး။ လှေပေါ်တက်ပြီး ဆန္ဒရှိရာကို ထွက်သွားကြလို့ သူတို့က ပြောတယ်” ဟု ရိုဟင်ဂျာ သက်ကြားအိုတစ်ဦးက လက်ရှိ မြန်မာ့လုံခြုံရေးတပ်ဖွဲ့၊ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များမှ သူတို့ကို သေတွင်းထဲဆင်းခိုင်းသည့်အကြောင်း ပြန်ပြောင်းပြောပြခဲ့သည်။ ထိုလူကြီး၏ အစ်ကိုဖြစ်သူမှာ ပြန်လည်ချေပပြောဆို တုန့်ပြန်ရန်ကြိုးစားသဖြင့် ဗုဒ္ဓဘာသာဝင်ရခိုင်များက ဓားဖြင့် နေရာမှာတင် ခုတ်ပိုင်း သတ်ဖြတ်ခဲ့သည့်အဖြစ်ကို အလ်ဂျာဇီးရားသို့ ပြောပြပြီးနောက် မျက်ရည်ဖြိုင်ဖြိုင် ကျဆင်းခဲ့လေသည်။
    အလ်ဂျဇီးရားမှ နှစ်လုံးပေါက် ထောင့်စေ့အောင် လေ့လာစုံစမ်းထားပြီး၊ မြန်မာလူထုအကြား မွတ်စ်လင်မ် ဆန့်ကျင်ရေး လှုပ်ရှားမှု ဖော်ဆောင်ခြင်း ဟူသော အနိမ့်ဆုံးအဆင့်မှသည် ငြင်းပယ် မရသည့် အစိုးရ၏ သရုပ်မှန် အထောက်အထားတို့ပါဝင်နေသော အဆိုပါ မှတ်တမ်းတင် ရိုက်ကူးချက်ကို တနင်္လာနေ့က ထုတ်လွှင့်ခဲ့သည်။ ၎င်း၌ လူမျိုးရေးအမုန်းတရားမှိုင်းတိုက်ချက်များ၊ ဘာသာရေးအကြမ်းဖက်မှု တွန်းအားပေးချက်များကို အစိုးရကိုယ်တိုင် ကြပ်မတ်စီမံသည့် အထောက်အထားများစွာကို တင်ဆက်ထားသည်။
    Fortify Rights ၏ သုတေသနနည်းတူ ၎င်းမှတ်တမ်းရုပ်ရှင်၌ ယေးလ်ဥပဒေတက္ကသိုလ်မှ Lowenstein လေ့လာမှုဋ္ဌာန၏ ၈ လတာ စူးစမ်းဖော်ထုတ်မှုများ ပါဝင်နေသည်။ ၎င်းသည် ရိုဟင်ဂျာတို့၏အနေအထားများကို Genocide အစီအမံများ တားဆီးကာကွယ်ရေးနှင့် အရေးယူမှုဆိုင်ရာ ၁၉၄၈ အပြည်ပြည်ဆိုင်ရာ ပဋိညာဉ်အရလည်းကောင်း၊ နိုင်ငံတကာဥပဒေစည်းမျဉ်းများအရလည်းကောင်း စိစစ်လေ့လာခဲ့ပြီးနောက် မြန်မာပြည်ထဲ၌  ရိုဟင်ဂျာလူမျိုးစုကို ဖျက်ဆီးရန်ရည်ရွယ်ဖော်ဆောင်သော Genocide ပြစ်မှုထင်ရှားစေသည့် အခိုင်အမာအထောက်အထားများ တည်ရှိနေကြောင်း ကောက်ချက်ချသုံးသပ်ထားပေသည်။ ကြာသပတေးနေ့က ထုတ်ပြန်ခဲ့သည့် ယင်းအစီရင်ခံစာတွင် အဆိုပါအရေးနှင့်စပ်လျဉ်း၍ အရေးပေါ်လွတ်လပ်စွာ စုပေါင်းစုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ဖွဲ့စည်းရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ တိုက်တွန်းထား၏။
    “ရိုဟင်ဂျာတွေအပေါ် ကျူးလွန်စော်ကားမှုများက ကျယ်ကျယ်ပြန့်ပြန့် အစီအစဉ် ချမှတ်ထားတဲ့ နိုင်ငံရေးမူဝါဒ တစ်ခုဖြစ်နေတဲ့ အကြောင်း နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ ရှင်းလင်းနက်ရှိုင်းစွာ နားလည်သိမြင်ဖို့ လိုအပ်နေပါပြီ။ အရေးယူဖို့ လိုအပ်နေပါပြီ။ ဒီကျူးလွန်စော်ကားမှုများဟာ ဆယ်စုနှစ်များစွာ ဆက်တိုက်ဖြစ်ပွားနေခဲ့တာပါ” ဟု စမစ်က TIME သို့ ပြောကြားပါသည်။
    TIME သော်လည်းကောင်း အလ်ဂျဇီးရားသော်လည်းကောင်း အကြိမ်ကြိမ်ကြိုးစားသော်လည်း မြန်မာအစိုးရ၏တုန့်ပြန်မှုတစ်စုံတစ်ရာ မရရှိခဲ့ပါ။ သို့သော် ယမန်နှစ်က သတင်းနှင့်ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဤသို့ ဆိုခဲ့သည်။ “Fortify Rights အဖွဲ့လို ဘင်္ဂါလီတွေအတွက် လော်ဘီလုပ်ပေးနေတဲ့အုပ်စုတွေကို ကျွန်တော်တို့ အရေးစိုက်နေစရာ အကြောင်းမရှိပါဘူး”။
    ယင်းသို့သဘောထားများသည် ရိုဟင်ဂျာများအတွက် နိမိတ်မကောင်းပါ။ ISCI မှ တွေ့ဆုံမေးမြန်းခဲ့သော ဒုက္ခသည်စခန်းမှ အမျိုးသမီးကြီးတစ်ဦး၏ အပြင်းစား ညည်းရှိုက်သံက သူတို့၏ဒုက္ခ၀န်ပိုးအား မီးမောင်းထိုးပြလျက် ရှိပါတော့သတည်း။
    “တကယ်လို့များ ကျွန်မတို့ကို နိုင်ငံတကာအသိုင်းအ၀ိုင်းက မကူညီနိုင်တော့ဘူးဆိုရင် ကျွန်မတို့အားလုံး နောက်ဘ၀ကူးနိုင်အောင် ကျွန်မတို့အပေါ် ကျေးဇူးပြုပြီး ဗုံးတစ်လုံးသာ ကြဲချပေးလိုက်ပါတော့ရှင်”။
    Ref : TIME
    ပြန်ဆိုသူ – မြင့်မိုရ်မောင်မောင်
    http://time.com/4089276/burma-rohingya-genocide-report-documentary/
  • ဘာသာပြောင်းမလား၊ အသေခံမလား ?
    ဘာသာပြောင်းမလား၊ အသေခံမလား ?
    အောက်တိုဘာ ၃၁ ၊ ၂၀၁၅
    M-Media
    သေနတ်ကိုင် မွတ်စ်လင်မ်သတင်းများကို မြိုင်မြိုင်ဆိုင်ဆိုင် ဖော်ပြနေကြသော်လည်း သေနတ်ချိန်ခံရသည့် မွတ်စ်လင်မ့်သတင်းများကိုမူ သတင်းအဖြစ်ဖော်ပြရန်ပင် မထိုက်တန်သလို။
    ခေတ်သစ် စာနယ်ဇင်းများက ဤမူဝါဒကို တစိုက်မတ်မတ်ကိုင်စွဲ၍ တင်ပြနေကြသည်မှာ ပြည်တွင်း ကပ်ဘေးများမှသည် နိုင်ငံတကာ လူ့အခွင့်အရေး ချိုးဖောက်မှု အနိဋ္ဌာရုံများအထိဟု ဆိုနိုင်ပေသည်။
    ၂၀၁၃ ခုနှစ် မတ်လကတည်းက ပဋိပက္ခများဖြင့် မတည်မငြိမ်ဖြစ်နေသော ဗဟိုအာဖရိက သမ္မတနိုင်ငံ Central African Republic – CAR ရှိ မွတ်စ်လင်မ်တို့အပေါ် စနစ်တကျ ပစ်မှတ်ထားတိုက်ခိုက်နေမှုမှာ ကျယ်ပြန့်နက်ရှိုင်းသည့် မျိုးနွယ်စု ရှင်းလင်းရေး အဆင့်သို့ ဆိုက်ရောက်လာချေပြီ။
    သို့ရာတွင် အာဖရိကနိုင်ငံပြင်ပနှင့် လူ့အခွင့်အရေးအသိုင်းအ၀ိုင်းမှ လက်တစ်ဆုပ်စာ လူတို့သည်ပင်လျှင် ဤလူသားချင်းစာနာရေးပြဿနာအား မဆိုစလောက်သာ သတိ ကရုပြုမိကြပါသည်။
    ၂၀၁၅ နှစ်လယ်ပိုင်းလောက်က လက်နက်ကိုင် စစ်သွေးကြွများသည် ၎င်းနိုင်ငံအနောက်ခြမ်း တစ်လျှောက်ရှိ မွတ်စ်လင်မ်များကို အဓမ္မခိုင်းစေခြိမ်းခြောက်မှုများ၊ နှိပ်စက်ညှင်းပန်းမှုများ ပြုလုပ်ခဲ့ကြ၏။
    သက်မဲ့သဘာဝ ကိုးကွယ်သူများနှင့် ခရစ်ယာန်များ ပါဝင်သည့် အဆိုပါတစ်ယူသန် စစ်သွေးကြွအုပ်စု Anti-Balaka သည် မွတ်စ်လင်မ်တို့အား သီးခြားဝတ်ပြုရန်၊ ဘာသာရေးဆိုင်ရာ ၀တ်စားဆင်ယင်မှုများ ဖယ်ရှားရန်။ ဘာသာပြောင်းရန် သေနတ်ထောက်၍ အဓမ္မခိုင်းစေလျက်ရှိသည်။
    ဘာသာရေးအရစိုးရိမ်မှုဟု ခေါင်းစဉ်တပ်ခြင်း
    ———————————————–
    အခြေခံဝါဒီ/တစ်ယူသန်ဝါဒီ ဟူသည့် ဝေါဟာရအသုံးကို မွတ်စ်လင်မ်များအတွက်သာ သီးသန့်ဖွင့်ဆိုလျက် ဗဟိုအာဖရိကရှိ သဘာ၀၀ါဒီနှင့်ခရစ်ယာန်များသည် တစ်ဖက်တွင် ဘာသာရေးအရစိုးရိမ်မှုဟု အလံထူထားသော်လည်း နောက် တစ်ဖက်တွင်မူ နိုင်ငံ့လူဦးရေ ၁၅ ရာခိုင်နှုန်းရှိ မွတ်စ်လင်မ် ခုနှစ်သိန်းခွဲတို့အပေါ် အကြမ်းဖက်ရန် အတောမသတ်နိုင်သည့် လက်နက်ရိက္ခာများ ပြင်ဆင်ခဲ့ကြသည်။
    Anti-Balaka ၏ ရည်ရွယ်ချက်သည် အလွန်ရိုးစင်းသည်၊ စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်။ မည်သည့်နည်းနှင့် မဆို နိုင်ငံထဲရှိ မွတ်စ်လင်မ်များ ပပျောက်သွားရေးပင်ဖြစ်သည်။
    IS နှင့် ISIL တို့အကြောင်းကို ခေါင်းကြီးပိုင်းတွင် ဝေေ၀ဆာဆာဖော်ပြပြီး လူတိုင်းပါးစပ်ဖျား ရေပန်းစားနေသော်လည်း ဗဟိုအာဖရိကနိုင်ငံမှ မွတ်စ်လင်မ် ဆန့်ကျင်ရေး အကြမ်းဖက်မှုများကို ဖော်ပြခြင်းအား မတွေ့ရသလောက်ပင်။ ထိုအကြမ်းဖက်မှုများ အတွင်း လူ့အသက်ပေါင်း ၆၀၀၀ ဆုံးရှုံးခဲ့သည်၊ မွတ်စ်လင်မ်ပေါင်း သုံးသောင်းခန့်ကို ကုလစောင့်ရှောက်ခံနယ်မြေများထံ တွန်းပို့ခဲ့သည်၊ ဗလီဝတ်ကျောင်းတော် မြောက်များစွာ ဖျက်ဆီးခံရသည်။ ဤအမှုမှာ လူမသိသူမသိ မဟာအနိဋ္ဌာရုံအဖြစ် ရှိနေဆဲ။
    CAR မှ မွတ်စ်လင်မ်တို့သည် ဒုက္ခခံနေရသူများဆိုသည်ထက် လူ့အခွင့်အရေး ချိုးဖောက်သူများအဖြစ် ရုပ်လုံးဖော်ပြရေးက ပို၍ အရေးပါသည့်နှယ်ဖြစ်နေပေသည်။
    အများကြိုက် မီဒီယာလောကတွင် လူ့အခွင့်အရေး ချိုးဖောက်ခံရသည့် လူမည်းများအကြောင်း၊ အလားတူ အာဖရိကတိုက်နယ်မှ လူ့အခွင့်အရေး ချိုးဖောက်မှုများအကြောင်းကို ကာလအတန်ကြာ လျစ်လျူရှုထားခဲ့ကြသည်။ ၁၉၉၀ ခုနှစ်များအတွင်းက ရ၀မ်ဒါနှင့် ဘူရွန်ဒီမှ မျိုးဖြုတ်ရှင်းလင်းဖယ်ထုတ်မှု Genocide အကြီးအကျယ်ဖြစ်ခဲ့သည်။ သို့သော် အခါလွန်မှ လူထုရှေ့ချပြခဲ့ကြသည်။ ကမ္ဘာ့အသိုင်းအ၀ိုင်းကလည်း ဆယ်စုနှစ်တစ်ခုကြာပြီးမှ နာမည်ကြီး Hotel Rwanda ရုပ်ရှင်နှင့်အတူ  စာနာမှုကို ပြသနိုင်ခဲ့ကြသည်။
    CAR-NON-MUSULMANS
    လူမည်းဒုက္ခသည်သတင်းများ ထိမ်ချန်ခြင်းခံရ
    ————————————————-
    လူဖြူသူရဲကောင်းများ သို့တည်းမဟုတ် (နိုင်ဂျီးရီးယားမှ ပြန်ပေးဆွဲအဖွဲ့ ဘိုကိုဟရမ်ကဲ့သို့) မွတ်စ်လင်မ် ဗီလိန်များအကြောင်းကိုသာ ဗဟိုပြုထားသည့် အများကြိုက် မီဒီယာတို့က လူမည်းဒုက္ခသည်များဖြစ်စဉ်ကို မနှောင့်မနှေး ဖုံးကွယ်ပေးနေကြ၏။
    ဆူဒန်နိုင်ငံပြဿနာကိုလည်း ထိုနည်းအတိုင်းပင် ကျင့်သုံးခဲ့သည်။ အမေရိကန် နာမည်ကျော်များနှင့် အဖွဲ့အစည်းများက ၀င်ရောက် စွက်ဖက်ခဲ့ခြင်းကို မြောက်ပိုင်း အာရဗ်မွတ်စ်လင်မ်များလက်မှ တောင်ပိုင်း လူမည်းခရစ်ယာန်များအား ကယ်တင်ခြင်း ပုံဟန်ဖြင့် ဖော်ပြခဲ့ကြသည်။
    အလားတူစွာပင် မီဒီယာများကို မွတ်စ်လင်မ်များအား ဗီလိန်များအဖြစ် တစိုက်မတ်မတ် ကောက်ကြောင်းဆွဲပြနေသော်လည်း မွတ်စ်လင်မ်များ ဓားစားခံဒုက္ခသည်ဖြစ်ရသည့်အခါတွင်မူ ဖော်ပြပေးရန် နှောင့်နှေးကြသည် သို့မဟုတ် ပျက်ကွက်နေခဲ့ကြပေသည်။
    နိုင်ငံတကာသတင်းခေါင်းကြီးပိုင်း၌ ISIL ၏ လုပ်ရပ်ဆိုးများကို ပြဲပြဲစင် ဖော်ပြနေသော်လည်း ၎င်းတို့၏ဒဏ်ကို အကြီးအကျယ် ခံစားနေရသည်မှာ မွတ်စ်လင်မ်များသာလျှင် ဖြစ်နေသည့်အချက်ကိုတော့ ရှင်းလင်းတင်ပြဖို့ ထိမ်ချန်ထားပေသည်။
    အကြောင်းမလှစွာဖြင့် CAR ဒုက္ခသည်များမှာ လူမည်းလည်းဖြစ်၊ မွတ်စ်လင်မ်များလည်းဖြစ်နေရသည့်အပေါ် ဗီလိန်ပုံဖော်ချက်နှစ်ရပ် စလုံးထဲ ငြိစွန်းသွားပါတော့သည်။
    လူမည်းဆန့်ကျင်ရေးအငြိုးတရားနှင့် တစ်ဖက်သတ် အစ္စလာမ်ကြောက်ရောဂါအကြားရှိ မောဟအစွဲသည် မီဒီယာအရင်းခံဖြစ်၏။ ထိုအစွဲကို မီဒီယာ မျက်နှာစာသို့ တွန်းပို့လေ့ရှိကြ၏။
    CAR မွတ်စ်လင်မ်တို့၏ ကံဆိုးမိုးမှောင်ကျမှု သတင်းကို ဖျောက်ထားခြင်းမှာ လူမည်းမွတ်စ်လင်မ်တို့အပေါ် ညှင်းပန်းခံဒုက္ခသည်များအဖြစ် သဘောမထားသည့်ပုံ သက်ရောက်နေသည်။
    Muslims-CAR
    နိုင်ငံတကာမှ အရေးတယူပြုသင့်ပြီ
    ————————————-
    လူသိများထင်ရှားသောထုတ်ဝေချက်များအပါအ၀င် မီဒီယာခေါင်းကြီးပိုင်းဟူသည် ဖြစ်ရိုးဖြစ်စဉ်များကို သာမန်အသိပေးခြင်းထက် ပိုပါသည်။
    CAR မှဖြစ်ရပ်များကဲ့သို့ အပြည်ပြည်ဆိုင်ရာပြဿနာတစ်ရပ်အတွက် မျက်နှာဖုံးတင်ဖော်ပြချက်က နိုင်ငံရေးနိုးကြားမှု၊ ရံပုံငွေထူထောင်ခြင်း၊ အစိုးရကိုဖိအားပေးနိုင်ရေး စသည်တို့ဖြစ်ပေါ်ရန် ကမ္ဘာ့အသိုင်းအ၀ိုင်းအား တိုက်တွန်းလှုံ့ဆော်ပေးနိုင်သည်။
    မီဒီယာတို့သည် ဆိုင်ရာဆိုင်ရာ ဦးတည်ချက်အတွက် ဟစ်တိုင်မျှသာ ဖြစ်ကောင်းဖြစ်ပေမည်။ သို့သော် ပြဿနာများ ဖြည်ထုတ်ဖွင့်ပြခြင်း၌ အဓိကဇာတ်ကောင်များအဖြစ် ပတ်သက်လျက်ရှိပါသည်။
    ခိုင်မာအားကောင်းသော မီဒီယာ၏ကြားဝင်မှုက စွပ်စွဲခံတို့၏လုပ်ရပ်များ၊ လူသားချင်းစာနာမှုအရေးပေါ်ကယ်ဆယ်ရေးများအပေါ် သတိထားမိစေသလို၊
    ချောမွေ့သက်သာမှုကို လျစ်လျူရှုခြင်းနှင့် အကြမ်းဖက်ရည်ရွယ်ချက်များကို အားပေးအားမြှောက်ပြုခြင်းလည်း ဖြစ်စေနိုင်သည်။ CAR  ကိစ္စတွင်တော့ ဒုတိယအမျိုးအစားဖက် သိသာစွာ ယိမ်းနေ၏။
    ခေါင်းကြီးပိုင်းဖော်ပြချက်များမှ ကင်းလွတ်နေသဖြင့် Anti-Balaka အုပ်စုများသည် အလွန်တရာမျှ အကျိုးခံစားနေရသည်။ သူတို့၏အင်အား ကြီးထွားလာပြီး သူတို့၏အကြမ်းဖက်မှုများ ပိုမိုပြင်းထန်ကျယ်ပြန့်လာသည်။
    မွတ်စ်လင်မ်တို့အား အတင်းအဓမ္မ ဘာသာကူးပြောင်းခိုင်းခြင်း၊ ဗလီဝတ်ကျောင်းအများအပြားကို ထင်တိုင်းကြဲဖျက်ဆီးခြင်းတို့အပြင်၊ မိမိတို့အသက်ဘေးလွတ်ကင်းနိုင်ရန် Anti-Balaka စစ်သွေးကြွတို့အား မတန်တဆ ဆက်ကြေးပေးနေရခြင်း စသည့် သတင်းများထွက်ပေါ်လျက်ရှိသည်။
    မီဒီယာ၏အရေးတယူဖော်ပြချက်သည် အသက်များကို ကယ်တင်နိုင်၏
    ————————————————————————-
    ပြီးခဲ့သည့် ရမဿွာန် ဥပုသ်လအတွင်း Anti-Balaka စစ်သွေးကြွများ၏ သတ်ဖြတ်ခြင်း၊ အဓမ္မဘာသာပြောင်းခိုင်းခြင်းများက ပိုမိုဆိုးရွားပြင်းထန်လာခဲ့သည်။ ဤသည်မှာ ဗဟိုအာဖရိကနိုင်ငံမွတ်စ်လင်မ်များအဖို့ မည်မျှအထိ အန္တရာယ်ကြီးမားနေကြောင်း သိသာစေပါသည်။
    ရ၀မ်ဒါတွင် သတင်းထောက်များ၊ ကင်မရာများသည် အချိန်နှောင်းမှ ရောက်သွားလေသောကြောင့် မျိုးဖြုတ်အစီအမံများသည် လိုရာပန်းတိုင်ရောက်ကာ လက်ခမောင်းခတ်လိုက်ပြီဖြစ်ကြောင်း တွေခဲ့ကြရပေသည်။
    ထိုအချိန်မှစ၍ မီဒီယာကဏ္ဍမှ အချိန်နှင့်တစ်ပြေးညီဖော်ပြချက်များရှိခဲ့ပါလျှင် ဖိအားပေးမှု၊ လူသားချင်းစာနာမှု၊ ဖြေလျော့မှုတို့ဖြင့် ကြားဝင်နိုင်ပြီး၊ ထောင်ပေါင်းများစွာသော အသက်များနှင့် အနာဂတ်မျိုးဆက်များကို ကယ်တင်ခွင့်ရခဲ့ပေမည်ဟု ပညာရှင်များ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ တိုင်းပြည်ခေါင်းဆောင်များက အခိုင်အမာ ဆိုထားခဲ့ကြသည်။
    ရ၀မ်ဒါမှ သင်ခန်းစာ မရယူကြသေးပါလျှင် CAR ရှိ မွတ်စ်လင်မ်လူဦးရေကို အနိုင်ကျင့်၍ လုံးပါးပါးစေခြင်းမှ ဖော်ပြမစွမ်းသော အကြမ်းဖက်မှုများထံသို့လည်းကောင်း၊ မွတ်စ်လင်မ်ဆန့်ကျင်ရေးစစ်သွေးကြွများ အားကောင်းလာပြီး စုပြုံ လူသတ်ပွဲကျင်းပခြင်းထံသို့လည်းကောင်း ဦးတည်သွားနိုင်ပါသည်။
    သို့တစေလည်း မွတ်စ်လင်မ်တို့သည် တံဆိပ်တပ်ခံနေရခြင်း၌ ရှိနေဆဲဖြစ်၍ ဤဖြစ်စဉ်မှာ သတင်းမီဒီယာခေါင်းကြီးပိုင်းသို့ တက်လှမ်းနိုင်ပါမည်လောဟု တွေးတောလျက် ……….။
    Source : Al Jazeera
    Barry တက္ကသိုလ်၊ Dawyne O Andreas ဥပဒေသင်တန်းဋ္ဌာန၏ တွဲဖက်ပါမောက္ခ Khaled A Beydoun ရေးသားသော  Convert of Die : Ethnic Cleansing inf CAR ဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။
  • မြန်မာ့မြေမှ လူသတ်ကွင်းများ (ဘာသာပြန် ဆောင်းပါး)
    နိုဝင်ဘာ ၁၆ ၂၀၁၃
    M-Media
    ဘာသာပြန်ဆိုသူ- မြင့်မိုရ်မောင်မောင်
    691756552
    ဓာတ်ပုံ – အစိုးရမှ အရာမသွင်းဘဲ အပယ်ခံအဖြစ် သတ်မှတ်ထားသော ထောင်နှင့်ချီသည့် ဒုတိယတန်းစား နိုင်ငံသား ရိုဟင်ဂျာ ကလေးငယ်များ
    မွတ်စ်လင်မ်များကိုရှင်းထုတ်ရေးဟူသော အစွန်းရောက် ဗုဒ္ဓဘာသာဝင် အုပ်စုအမာခံတို့၏ အစွန်းရောက်လှိုင်း ဂယက်သည် လူနည်းစုဝင်များအပေါ်သို့လည်း ရိုက်ခတ်လာပြီဖြစ်၏။
    မြင်လေတိုင်းစိမ်းစိုနေသော စပါးပင်ဝန်းကျင်၌ ဘ၀မြုပ်နှံထားသူ အသက် ၉၀ နှစ်ပြည့်လုပြည့်ခင် ဦးအဗ်ဒုလ် စမာတ်သည် လမ်းလျှောက်တုတ် သုံးသွားလာနေရသည့် ဇရာအိုမွတ်စ်လင်မ်အဘိုးအိုကြီးတစ်ဦးဖြစ်သည်။
    သူ့ကျေးရွာသို့ ဓားတရမ်းရမ်းဖြင့် ၀င်ရောက်လာပြီး မွတ်စ်လင်မ်တို့ကို လိုက်လံရှာဖွေသတ်ဖြတ်ခဲ့သူတို့မှာကား ဗုဒ္ဓဘာသာဝင်များဖြစ်ကြ၏။ ယင်းလူရမ်းကားအုပ်စုသည် ဗုဒ္ဓဘာသာသာသနာ့ အလံဖြင့် အမှတ်အသားပြု မထားသော အိမ်ခြေပေါင်း ၁၀၀ ကျော်ကို မီးတင်ရှို့ခဲ့ကြသည်။ ဦးစမာတ်၏ ၀န်းကျင်ရှိလူများသည် ဗလီဝတ်ကျောင်းတော်သို့ တိမ်းရှောင်သွားသော်လည်း သူ့အဖို့ ထိုမျှ သွက်လက်စွာ မသွားလာနိုင်ခဲ့။ အသက်ရှင်သန် ကျန်ရစ်သူတစ်ဦး၏စကားအရ လက်မရွံ့အကြမ်းဖက်သူ တစ်ဦးသည် အဘိုးအိုအား သူ၏ ဦးခေါင်းနောက်ပိုင်းသို့ ဓားရှည်ဖြင့် ခုတ်ပိုင်းကာ သတ်ဖြတ်လိုက်သည်ဟု သိရ၏။
    လူများစုဗုဒ္ဓဘာသာဝင်တို့မှ လူနည်းစုမွတ်စ်လင်မ်တို့အပေါ် ရက်စက်ခြင်းကွင်းဆက်အဖြစ် ယခုနှစ်အောက်တိုဘာလ အတွင်း မြန်မာနိုင်ငံ ကမ်းခြေဒေသ၌ နောက်ဆုံး တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ လူမျိုးဘာသာခွဲခြားရေး အကြမ်းဖက်မှုကြောင့် ရာဂဏန်းမက လူ့အသက်များဆုံးရှုံးခဲ့သည်။ အများစုမှာ မွတ်စ်လင်မ်များ ဖြစ်၏။ လွန်ခဲ့သောသုံးနှစ်ခန့် မိမိ၏တိုင်းပြည်ကို အထီးကျန်အပယ်ခံဘ၀မှသည် ဒီမိုကရေစီနိုင်ငံအဖြစ်သို့ ထိန်းကျောင်းမောင်းနှင်သွားမည်ဟူသော ကတိက၀တ်ဖြင့် သမ္မတဦးသိန်းစိန်မှ ကမ္ဘာကို အံ့သြ၀မ်းသာဖြစ်စေခဲ့သည်။ စစ်ဗိုလ်ချုပ်ဟောင်းဖြစ်သူ သမ္မတဦးသိန်းစိန်၏ ပြန်လည်ထူထောင်ရေးကြိုးပမ်းချက်များအပေါ် ဤဖြစ်ရပ်များ၏အရိပ်လွှမ်းမှုကြောင့် အန္တရာယ်ရှိနေလေပြီ။
    နေအိမ်အကျယ်ချုပ်ဖြင့်အကျဉ်းကျနေသော ဒီမိုကရေစီဘက်တော်သား ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၀ ခုနှစ်၌ ပြန်လွှတ်ခြင်းကိစ္စ အပါအ၀င် မြန်မာပြည်မှဆောင်ရွက်ခဲ့သည့် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများမှာ အကောင်းဖက်ရှေ့ရှုလာသော ရှားရှားပါးပါး ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ ရဲတပ်ဖွဲ့၏ ကိုင်တွယ်မှုလျော့တိလျော့ရဲနိုင်ခြင်းအကျိုးဆက်ဖြစ်သော အကြမ်းဖက်မှုများက ယခုအခါ မြန်မာနိုင်ငံကို ဘာသာရေးနှင့်လူမျိုးရေးဖိနှိပ်နေသည့် တိုင်းပြည်တစ်ခုအဖြစ် ကမ္ဘာ့မြေပုံပေါ်သို့ တွန်းပို့နေပေသည်။
    မွတ်စ်လင်မ်တို့ကို အန္တရာယ်တစ်ရပ်ကဲ့သို့ရှုမြင်ထားသော ဗုဒ္ဓဘာသာဝင်နိုင်ငံရေးပါတီတစ်ခု (နှင့်) မိမိတို့နိုင်ငံအပေါ် အစ္စလာမ့်လွှမ်းမိုးမှုမှ ကာကွယ်နေပါသည်ဟုဆိုကြသော အစွန်းရောက် အမျိုးသားရေးဝါဒီ ဘုန်းတော်ကြီးအုပ်စု တစ်ခုတို့က မွတ်စ်လင်မ် ဆန့်ကျင်ရေး လှုပ်ရှားမှုများ ဖြစ်ပေါ်လာအောင် မီးမွှေးမှိုင်းတိုက်ခဲ့ကြသည်။ သံဃာများသည် မွတ်စ်လင်မ်ပိုင် စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက်ရန် လှုံ့ဆော်ထားကြသည့်အပြင် ဗုဒ္ဓဘာသာဝင်အမျိုးသမီးများကို ဘာသာခြားတို့နှင့်ထိမ်းမြားခြင်းအပေါ် တားမြစ်မည့် ဥပဒေပြုရန် တွန်းအားပေးလျက်ရှိသည်။
    မြန်မာနိုင်ငံရှိအာဏာပိုင်များကို တင်းမာမှုများ ပြေလျော့အောင်ဆောင်ရွက်ကြရန်၊ ၂၀၁၂ နွေရာသီကတည်းက စတင်ခဲ့သော သွေးချောင်းစီးသတ်ဖြတ်ပွဲကြောင့် အိုးအိမ်မဲ့သူများအား ပြန်လည်နေရာချစီစဉ်ရန် အိမ်ဖြူတော်၊ ကမ္ဘာ့ကုလသမဂ္ဂ နှင့် လူ့အခွင့်အရေးအဖွဲ့အစည်းတို့မှ တိုက်တွန်းထားကြ၏။
    စက်တင်ဘာလအတွင်း လွှတ်တော်ကြားနာမှုတစ်ရပ်၌ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့အစည်း United to End Genocide မှ တွမ် အင်ဒရူးစ် Tom Andrews က မြန်မာနိုင်ငံ၏လက်ရှိပြဿနာသည် လူဦးရေ ၅၅ သန်းကျော်အနက် ၅ ရာခိုင်နှုန်းမျှသာ ရှိသော မွတ်စ်လင်မ်တို့အပေါ် ဆယ်စုနှစ်များစွာ အစိုးရကျောထောက်နောက်ခံ ခွဲခြားချိုးနှိမ်ဆက်ဆံမှုနှင့်ချိတ်ဆက်နေကြောင်း ထုတ်ဖော်၍ “ မျိုးဖြုတ်သုတ်သင်မှုအဆောက်အဦရဲ့အုတ်ချပ်တွေ မြင်နေရပါပြီ ” ဟု ဆိုခဲ့သည်။
    မကြာသေးမီလများက ဦးသိန်းစိန်သည် ဘာသာတရားနှစ်ဖက်မှခေါင်းဆောင်များကို တွေ့ဆုံပြီး သွေးချောင်းစီးမှုအဆုံးသတ်ရေးအတွက် ဆွေးနွေးမှာကြားခဲ့သည်။ သို့သော်လည်း ရှေ့ဆက်လာသည့်အခြေအနေ၌ သူ့စကားရပ်များအပေါ် မေးခွန်းထုတ်စရာဖြစ်လာ၏။
    နိုင်ငံတစ်ဝှန်းရှိမွတ်စ်လင်မ်တို့ကို ပစ်မှတ်ထားကြသော်လည်း မွတ်စ်လင်မ်လူမျိုးစုတစ်စုဖြစ်သည့် ရိုဟင်ဂျာတို့မှာ အဓိက အကြမ်းဖက်ခံ သားကောင်များဖြစ်နေကြရသည်။ များစွာသော ဗုဒ္ဓဘာသာတို့နည်းတူ ဦးသိန်းစိန်သည်လည်း ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးနေထိုင်ကြသည့် ရိုဟင်ဂျာ မွတ်စ်လင်မ်တို့အား တရားမ၀င် ခိုးဝင်လာသူများအဖြစ် အမြင်ထားရှိနေ၏။ စင်စစ်၌ ၄င်းတို့သည် မြန်မာနိုင်ငံတွင် မျိုးဆက်အလီလီ နေထိုင်လာခဲ့ကြသူများ ဖြစ်သည်။ ဤပဋိပက္ခများ၏ တစ်ခုတည်းသော အဖြေသည် ရိုဟင်ဂျာတို့ကို နိုင်ငံမှမောင်းထုတ်ခြင်း သို့မဟုတ် ဖယ်ကြဉ်လိုက်ခြင်း ဖြစ်သည်ဟု သူမှ ယမန်နှစ်က ပြောဆိုခဲ့သည်။
    ယခုအခါ ရိုဟင်ဂျာ တစ်သိန်းလေးသောင်းခန့်မှာ ယာယီဒုက္ခသည်တဲစခန်းများတွင် နေထိုင်နေရပြီး လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်တို့၏ သွားလာမှုကန့်သတ် ထိန်းချုပ်ထားခြင်းကို ခံနေရသည်။ မလေးရှား သို့မဟုတ် ထိုင်းနိုင်ငံသို့ လှေငယ်လေးများဖြင့် သက်စွန့်ဆံဖျားအလွတ်ရုန်းခဲ့သူများမှာလည်း ထောင်ပေါင်းများစွာ ရှိသည်။
    ယမန်နှစ်က မြန်မာမွတ်စ်လင်မ်တို့အား အကြမ်းဖက်နေမှုများကို လက်စားချေတုန့်ပြန်မည်ဟု ပါကစ္စတန်တာလီဘန်အဖွဲ့မှ ကြိမ်းမောင်းသောအခါ အခြားနိုင်ငံများရှိ အစွန်းရောက်အစ္စလာမ်မစ်များက အကြမ်းဖက်မှုဖြစ်အောင် သွေးထိုးမှုကြောင့်လောဟု အချို့မှ အခြေအမြစ်မဲ့ ဆိုခဲ့သည်။ လက်ရှိကာလတွင် မြန်မာပြည်မှ မွတ်စ်လင်မ်ခေါင်းဆောင်အချို့သည် ပြည်တွင်းအစွန်းရောက်လှုပ်ရှားမှုကြီးထွားလာမှုအပေါ် စိုးရိမ်လျက်ရှိ၏။
    “ ဒီလူငယ်လေးတွေကို ဒီအတိုင်းသာ နေထိုင်ရှင်သန်သွားစေခဲ့ယင် တစ်နေ့ကျရင် သူတို့ အကြမ်းဖက်သမားတွေဖြစ်လာတော့မလားဆိုပြီး ကျွန်တော် စိုးရိမ်နေပါတယ် ” ဟု ရိုဟင်ဂျာအရေးလှုပ်ရှားသူ ဦးအောင်ဝင်းက ဆိုသည်။
    ကမ္ဘာ့အဆိုးဝါးဆုံး ညှင်းပန်းခံလူနည်းစု
    ——————————————
    လေးလဆက်တိုက်ခန့် မိုးရွာသွန်းနေရာ အေးအေးသန်းသည် သူမ၏အိမ်ကို ခြောက်သွေ့စေလိုသော်လည်း ကုလမှပေးထားသည့် ဆန်အိတ်အမိုး နှင့် ရွှံ့မံကြမ်းပြင်ဖြစ်နေသည့်အတွက် မလွယ်ကူလှပါချေ။
    သူမနှင့်အတူ သားချင်း ၁၉ ဦးသည် ဤယာယီစခန်း၌ နေထိုင်လာခဲ့သည်မှာ ၂၀၁၂ အောက်တိုဘာလကတည်းက ဖြစ်၏။ သူတို့သည် ဗုဒ္ဓဘာသာဝင်များ၏တိုက်ခိုက်မှုမှ လှေငယ်တစ်စီးဖြင့် ရောက်တတ်ရာရာ ရှောင်တိမ်းထွက်ပြေးခဲ့ကြ၏။ တစ်ညဥ့်လုံးကမ်းခြေတလျှောက် မျှောလာခဲ့ပြီး စစ်တွေမြို့သို့ ဆိုက်ရောက်ခဲ့ကြသည်။ ၄င်းတွင် ဘင်္ဂလားပင်လယ်အော်ကမ်းခြေ ရေကြမ်းမြေကြမ်းတစ်ကြောရှိ ယာယီစခန်းများတွင် ထောင်နှင့်ချီသော အိုးအိမ်မဲ့မွတ်စ်လင်မ်တို့ဖြင့် ပြည့်ကျပ်နေ၏။
    ၂၀၁၂ ခုနှစ်၌ ရိုဟင်ဂျာအမျိုးသားသုံးဦးသည် ဗုဒ္ဓဘာသာဝင်အမျိုးသမီးသမီးကို မုဒိန်းကျင့်ကြံသည်ဟု စွပ်စွဲပြီး ဤရခိုင်ပြည်နယ်အတွင်း စတင်ဖြစ်ပွားခဲ့သော ပဋိပက္ခသည် မြန်မာနိုင်ငံတစ်ဝှန်း ပျံ့နှံ့ကူးစက်သွားသည်။ ဗုဒ္ဓဘာသာဝင် လူရမ်းကားတစ်စုသည် မွတ်စ်လင်မ် ၁၀ ဦးကို ခရီးသည်တင် ဘတ်စ်ကားပေါ်မှဆွဲချ၍ သေသည်အထိ ရိုက်နှက်သတ်ဖြတ်လိုက်ကြသည်။ များမကြာမီ ရခိုင်ပြည်နယ်အတွင်း အခြားဒေသမှ မွတ်စ်လင်မ်တို့နှင့်ဗုဒ္ဓ ဘာသာဝင်ရွာသားများအကြားမှာလည်း တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။
    လူ့အခွင့်အရေးလေ့လာစောင့်ကြည့်မှုအဖွဲ့၏အဆိုအရ ထို့နောက်တွင် လူ့အသိုင်းအ၀ိုင်းနှစ်ရပ်ကြားမှ တင်းမာမှုမီးတောက်သည် ကာလရှည်ချိုးနှိမ်ခံထားရသော ရိုဟင်ဂျာတို့အား နယ်နှင်ရေး တစ်ဖက်သတ်လှုပ်ရှားမှုအဖြစ်သို့ အသွင်ပြောင်းသွားပေသည်။ ရိုဟင်ဂျာတို့မှာ ကမ္ဘာ့အဆိုးဝါးဆုံးညှင်းပန်းနှိပ်စက်ခံရသည့် လူနည်းစုတစ်ခုအဖြစ် ကမ္ဘာ့ကုလသမဂ္ဂမှ သတ်မှတ်ထား၏။
    စံနစ်တကျပုံစံချထားသော တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်လာရာတွင် ရာဂဏာန်းထိ သတ်ဖြတ်ခံကြရတော့သည်။ အချို့သော တိုက်ခိုက်မှုများမှာ ဒေသခံလုံခြုံရေးတပ်ဖွဲ့ဝင်တို့၏အကာအကွယ်ကိုယူ၍ ပြုလုပ်ခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်လေ့လာမှုအဖွဲ့မှ ဆိုသည်။ လူမျိုးဖယ်ရှားရှင်းလင်းရေးအတွက် သံဃာများမှ လက်ကမ်းစာစောင်များ ဖြန့်ဝေကြပြီး၊ နိုင်ငံရေးခေါင်းဆောင်များကလည်း ဗုဒ္ဓဘာသာဝင်တို့ကို မွတ်စ်လင်မ်တို့အပေါ် ဖယ်ကြဉ်ကြရန် တွန်းတိုက်ခဲ့ကြသည်။
    ၁၉၆၀ ခုနှစ်များအတွင်း အာဏာရှင် ဗိုလ်ချုပ်နေ၀င်းသည် သောင်းနှင့်ချီသောရိုဟင်ဂျာတို့ကို အိန္ဒိယမှာလာရောက်အလုပ်လုပ်ကိုင်သူများဟု ဆိုကာ နယ်နှင်မောင်းထုတ်ခဲ့ရာမှ အတန်ကြာလေလျှင် ဘင်္ဂလားဒေ့ရှ်ဖက် နယ်စပ်၌ ဦးရေ နှစ်သိန်းကျော် သောင်တင်သွားခဲ့သည်။
    ဆယ်စုနှစ်များစွာ ခွဲထွက်ပုန်ကန်ခဲ့ကြသော တိုင်းရင်းသားအုပ်စုများအပါအ၀င် အခြားလူနည်းစုဝင်များနှင့် ခြားနားစွာ ရိုဟင်ဂျာတို့မှာကား မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်အပြုမခံကြရ။ အချို့ဒေသများတွင် သူတို့သည် ခရီးသွားလာခြင်း၊ ထိမ်းမြားလက်ထပ်ခြင်း၊ အာဏာပိုင်ခွင့်ပြုချက်မရဘဲ ကလေးမွေးဖွားခြင်းတို့၌ တားမြစ်ပိတ်ပင်ခံနေကြရသည်။
    သုံးနှစ်သက်တမ်းရှိ ရခိုင်အမျိုးသားတိုးတက်ရေးပါတီ Rakhine Nationalities Development Party ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးရွှေမောင်က “ တကယ်လို့ ခင်ဗျားရဲ့ကလေးနှစ်ယောက်ရန်ဖြစ်နေကြတယ်ဆိုပါစို့။ သူတို့ကို အတူတွဲထားမှာလား ခွဲထုတ်လိုက်မှာလား ” ဟူ၍ ဥပမာပေးမေးမြန်းခဲ့သည်။
    “ ကျွန်တော်တို့ဟာ ဗမာလူမျိုးတို့ရဲ့ တစ်ဆင့်နိမ့်ဆက်ဆံမှု နဲ့ မွတ်စ်လင်မ်တို့ရဲ့ အစ္စလာမ်ပြုမှုကြားထဲမှာ ညှပ်နေပါတယ် ” ဟု ဦးရွှေမောင်က ပြောကြားသည်။
    တစ်ချိန်တုန်းကဆိုလျှင် ထိုကဲ့သို့နိုင်ငံရေးစကားသည် သူ့အား ထောင်နန်းစံစေလိမ့်မည်ဖြစ်သည်။ သို့သော် အာဏာရှင်ထိန်းချုပ်မှုများကို ရုပ်သိမ်းပြီး လွတ်လပ်စွာပြောဆိုခွင့်ပြုလိုက်ခြင်းက အကြမ်းဖက်မှုများထံ ဦးတည်သွားစေသည်လော မဆိုတတ်လေပြီ။
    (မူရင်းအတိုင်း ဘာသာပြန်ဆို ဖော်ပြခြင်းဖြစ်သည်။ အမည်မှားယွင်းနေသည်ဟု ယူဆရပါသည်။ RNDP ပါတီ ခေါင်းဆောင်မှာ ဒေါက်တာ အေးမောင်ဖြစ်ပါသည်။)
    အမုန်းတရားမီး၏လောင်စာ
    ————————-
    အရှင်ဝီရသူသည် မန္တလေးရှိ သူ့ကျောင်းတိုက်တွင် လက်ဖက်ရည်တစ်ခွက်နှင့်ထိုင်နေလျက် သင်္ကန်းအောက်မှ ငြိမ်းချမ်းတည်ငြိမ်နေသယောင်ရှိ၏။ နံနက်ခင်းတစ်ပိုင်းလုံး ဦးချသူများ၊ ဆွမ်းကပ်သူများ နှင့် ငွေလာလှူသူများဖြင့် စည်ကားနေသည်။
    ယင်းဘုန်းတော်ကြီးသည် သိမ်မွေ့သောအသွင်ဖြင့် စကားပြောလေ့ရှိ၏။ သို့သော် သူ၏ မွတ်စ်လင်မ်ဆန့်ကျင်ရေး အမုန်းမီးမွှေးတရားပွဲများက သူ့အား ရေပန်းစားစေခဲ့သည်။
    မိမိ၏ပုံတူပန်းချီကား တစ်ဒါဇင်မက ချိတ်ဆွဲခင်းကျင်းထားရာ ဧည့်ဆောင်၌ပြုလုပ်သော အင်တာဗျူးတစ်ရပ်တွင် မွတ်စ်လင်မ်အမျိုးသားတို့သည် ဗုဒ္ဓဘာသာဝင်အမျိုးသမီးတို့အား မြူဆွယ်သိမ်းသွင်းလျက် မြန်မာပြည်အား သိမ်းပိုက်ရန် ယုတ်မာစွာ ကြံစည်နေကြောင်း ဦးဝီရသူမှ ဆိုလေသည်။ မိမိသည် အကြမ်းဖက်မှုဖြစ်အောင် မလှုံ့ဆော်ခဲ့၊ ကျူးကျော်စော်ကားလာပါက လက်စားချေတုန့်ပြန်နိုင်ကြောင်း ဗုဒ္ဓဘုရားရှင်မှ သွန်သင်ခဲ့သည်ဟုလည်း အခိုင်အမာပြောကြားခဲ့သည်။
    .
    ဦးဝီရသူသည် မွတ်စ်လင်မ်ဆန့်ကျင်ရေးအမုန်းမီးတိုက်မှုဖြင့် ထောင်နန်းစံခဲ့ပြီးနောက် ၂၀၁၀ ခုနှစ်တွင် အစိုးရ၏ပြန်လည်ပြုပြင်ရေးလုပ်ငန်းစဉ်ရှိ အထွေထွေလွတ်ငြိမ်းချမ်းသာမှုပေးခြင်းအစီအစဉ်အရ ပြန်လည်လွတ်မြောက်လာသည်။ ရခိုင်ပြည်နယ်မှပျံ့နှံ့လာသောပြဿနာသည် ယခုနှစ်တွင် မြန်မာပြည်တ၀ှန်း ရိုဟင်ဂျာ မဟုတ်သည့် မွတ်စ်လင်မ်များအပေါ် ပစ်မှတ်ထားလာခြင်း၌ ဦးဝီရသူ၏လှုပ်ရှားမှုများက အဓိကအခန်းကဏ္ဍတစ်ရပ်အဖြစ် ပါဝင်နေခဲ့၏။
    မြန်မာပြည်အလယ်ပိုင်း မိတ္ထီလာမြို့တွင် ရွှေဆိုင်အငြင်းပွားမှုတစ်ခုကိုအကြောင်းပြု၍ သုံးရက်တာ မွတ်စ်လင်မ်ဆန့်ကျင်ရေးအကြမ်းဖက်မှုဖြစ်ပွားပြီး လူ ၁၀၀ ၀န်းကျင် သတ်ဖြတ်ခံရ၏။ စီးနင်းအကြမ်းဖက်စဉ်ကာလ၌ အတင်းအဓမ္မ ၀က်သားစားခိုင်းခြင်း၊ ဗုဒ္ဓဘာသာဝင်များကဲ့သို့ ရှိခိုးဦချခိုင်းခြင်း ပြုကျင့်ခံရကြောင်း မွတ်စ်လင်မ်တို့က ဆိုသည်။ အလားတူ အကြမ်းဖက်မှုမျိုးမှာ မြို့ ၁၂ မြို့နှင့်အထက်တွင် ဖြစ်ပွားခဲ့သည်။
    ဦးသိန်းစိန်မှ “ဘုရားသားတော်” ဟုခေါ်တွင်ခြင်းနှင့်တစ်ကွ ဦးဝီရသူအား မြန်မာခေါင်းဆောင်များသည် ကိစ္စအများစု၌ ကာကွယ်ပေးခဲ့ကြ၏။
    ဗုဒ္ဓဘာသာဝင်နှင့် မွတ်စ်လင်မ်တို့အကြား ခွဲခြားမှုအက်ကြောင်း နက်ရှိုင်းသထက်နက်ရှိုင်းလာခြင်းအပေါ် အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်စုကြည်၏ ထူးထူးခြားခြားနှုတ်ဆိတ်နေခြင်းက သူမ၏အပြည်ပြည်ဆိုင်ရာအားပေးထောက်ခံသူများစွာအဖို့ စိတ်ပျက်သွားစေသည်။
    နိုင်ငံတ၀ှန်းရှိ မွတ်စ်လင်မ်အမျိုးသားတို့သည်လည်း ဗလီဝတ်ကျောင်းတော်များကို ညလုံးပေါက်ကာကွယ်စောင့်ရှောက်ခြင်းများ ပြုလုပ်လာကြသည်။ မိတ္ထီလာ မြို့လယ်နေရာကောင်း၌ နေထိုင်ခဲ့သော မွတ်စ်လင်မ်ဦးရေ ၁၀၀၀ ခန့်မှာ ယခုသော် သံဆူးကြိုးခတ် အစ္စလာမ့်ကျောင်းဝင်းတွင် နေထိုင်နေကြရသည်။
    မိုဘိုင်းဖုန်းများမှတဆင့် အကြမ်းဖက် ပုံရိပ်များကို ကြည့်ရှုတတ်ကြကုန်သော အချို့လူငယ်များထံ အစွန်းရောက်မှုရှိနေခြင်းသည်လည်း အတိုင်းအတာ တစ်ရပ်အထိ အန္တရာယ်ရှိနေ၏။ ထို့ပြင် အစ္စလာမ့်အခက်အလက်တစ်ခုဖြစ်သော ရှေးရိုးစွဲ ၀ဟာဘီဝါဒသည်လည်း မြန်မာနိုင်ငံ စွန္နီမွတ်စ်လင်မ်အသိုင်းအ၀ိုင်းအကြား အခြေခိုင်လျက် ရှိနေပြန်သည်။ စစ်တွေရှိ ရွှံ့ညွှန်ကြားကစခန်းများရှိ အရေးပေါ်ယာယီဗလီများသည် ဆော်ဒီအာရေဗျရှိ ဘာသာရေးအုပ်စုများထံမှ ထောက်ပံ့ကြေးများ ရရှိနေကြသည်။
    အချို့မှာမူ လွတ်မြောက်ခြင်းကိုသာ လိုလားကြကုန်၏။ ကျဉ်းကြပ်လှသည့်နေရာမှခွာ၍ ယမန်နှစ်က လှေငယ်များဖြင့် ရိုဟင်ဂျာ တစ်သောင်းသုံးထောင် ရောက်ရှိခဲ့သော မလေးရှားသို့ သွားရန် အေးအေးသန်းသည် မိမိ၏မိသားစုကို လပေါင်းများစွာ ကြိုးစားစည်းရုံးနေပါသည်။ လမ်းခရီးတွင် အသက် ဆုံးရှုံးရသူများမှာလည်း ရာဂဏန်းမျှ ရှိနေလေပြီ။
    မိုးရာသီကျော်လွန်သည်နှင့် မိသားစုလိုက် ထွက်ခွာမည်ဟု သူမ၏ခင်ပွန်း ဇော်လှက ပြောကြားခဲ့ပေသည်။ သူ့စကားကို ရှုပါလေ။
    “ ပင်လယ်ပြင်ထဲနစ်မြုပ်သွားရင်လည်း ကျွန်တော်တို့အားလုံး တစုတပေါင်းတည်း သေခွင့်ရသွားတာပေါ့ဗျာ ”။
    ( မူရင်း ) ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၄ ရက် Los Angeles Times မှ တင်ပြသော Kate Linthicum ၏ The killing fields of Myanmar ဆောင်းပါး
    ( မြန်မာပြန်ဆိုသူ ) မြင့်မိုရ်မောင်မောင်
  • လူမျိုးတုန်းသတ်ဖြတ်မှု မှတ်တမ်းတွေ ပြသထားတဲ့ ဟိုလိုကော့စ် ပြတိုက်တွင် ရိုဟင်ဂျာရုပ်ပုံများ ခင်းကျင်းပြသ
    နိုဝင်ဘာ- ၈ ၂၀၁၃
    M-Media
    Olaie Manzu
    US Myanmar Rohingya Exhibit.JPEG-09511
    အမေရိကန်ပြည်ထောင်စုမြို့တော် ဝါရှင်တန် ဒီစီ မှာရှိတဲ့ ဟိုလိုကော့စ်ပြတိုက်ရဲ့ အပြင်ပိုင်းနံရံတွေမှာ အကြမ်းဖက်ခြင်းခံနေရတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ ဓါတ်ပုံတွေကို ခင်းကျင်းပြသနေပါတယ်။ ဟိုလိုကော့စ်ပြတိုက်ဟာ ဒုတိယကမ္ဘာစစ်ကာလအတွင်း နာဇီ ဂျာမဏီမှ ဂျူး ခြောက်သန်းခန့် စုပြုံသတ်ဖြတ်ခဲ့တဲ့ မှတ်တမ်းတွေကို ခင်ကျင်းပြသတဲ့ သမိုင်းဝင်ပြတိုက်ဖြစ်ပါတယ်။ ဒီပြတိုက်ဟာ အမေရီကန်ပြည်ထောင်စု အစိုးရက ထောက်ပံ့ပေးနေတဲ့ ပြတိုက်ကြီးလည်းဖြစ်ပါတယ်။
    ဟိုလိုကော့စ်လို့ခေါ်တဲ့ ဂျူးတွေကို စုပြုံသတ်ဖြတ်တဲ့ ဖြစ်ရပ်ကြီးဟာ ကမ္ဘာ့သမိုင်းမှာ အကျဉ်းတန်တဲ့ဖြစ်ရပ် တစ်ခုဖြစ်ပြီး နောက်ထပ် ဒီလိုဖြစ်ရပ်မျိုးတွေ ထပ်မံ မဖြစ်ရအောင် ဟိုလိုကော့စ်ပြတိုက်ကြီးက မီးမှောင်းထိုးပေးလေ့ရှိပါတယ်။ ဥပမာ ဘောစနီးယား၊ ရဝါန်းဒါးနဲ့ ဆူဒါန်မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးတုန်း သုတ်သင် ရှင်းလင်းမှု ရုပ်ပုံတွေကိုလည်း ကမ္ဘာက သိအောင် ခင်းကျင်းပြသခဲ့ဖူးပါတယ်။ ယခုအခါမှာတော့ မြန်မာနိုင်ငံ အနောက်ဖက် အခြမ်းမှာရှိတဲ့ ရိုဟင်ဂျာလူမျိုးတွေကို အကြမ်းဖက်တိုက်ခိုက်နေတာဟာ လူမျိုးတုန်းသတ်ဖြတ်မှု အသွင်ကူးပြောင်းသွားမှာကို စိုးရိမ်ပြီး ဟန့်တား သတိပေးတဲ့ သဘောနဲ့ အခုလို ပြသနေတာ ဖြစ်တယ်လို့ အေပီ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
    ပြတိုက်မှာ ခင်းကျင်းပြသနေတဲ့ ဓါတ်ပုံတွေကတော့ အင်ဒီယားနားနယ်ဖွား ဓါတ်ပုံဆရာ ဂရေခ့် ကောစတန်တင်း ကိုယ်တိုင် အကြမ်းဖက်ဒေသတွေဆီ သွားရောက် ရိုက်ကူးခဲ့တဲ့ ပုံရိပ်တွေဘဲ ဖြစ်ပါတယ်။ ကောစတန်တင်းဟာ မြန်မာ-ဘင်္ဂလားနယ်စပ်မှာ ခုနှစ် နှစ်ခန့် အချိန်ပေးပြီးဓါတ်ပုံတွေ ရိုက်ကူးလာခဲ့သူဖြစ်ပါတယ်။
    “မြန်မာနိုင်ငံမှာ အံ့မခန်းနိုင်လောက်အောင် ဖွံ့ဖြိုးတိုးတက်မှုတွေလုပ်ဆောင်ဖို့ ပြောဆိုနေကြတဲ့အချိန်ဖြစ်တဲ့အတွက် လူတွေက နိုင်ငံ အနှံ့မှာ ဖြစ်ပွားနေတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်တွေကိုဘဲ အာရုံစိုက်နေကြပြီး ဒီလို ဝမ်းနည်းကြေကွဲဖွယ်ရာဖြစ်ရပ်တွေက အမှောင်ထုထဲမှာ ဖုံးအုပ်နေတာကတော့ တော်တော်စိတ်ပျက်စရာကောင်းပါတယ်” လို့ ကောစတန်တင်းကပြောပါတယ်။
    ကောစတန်တင်းဟာ နိုင်ငံမဲ့ဖြစ်နေရသူတွေကို ကမ္ဘာလည့်မှတ်တမ်းနေခဲ့ပါတယ်။ မလေးရှား၊ နီပေါ၊ သီရီလင်္ကား၊ ကန်နီယား၊ အိုင်ဗရီကောစ်၊ ကူဝိတ်နဲ့ ဒိုမိနီကန် ရီပတ်ပလစ် နိုင်ငံတွေမှာလည်း အလားသဏ္ဍာန်တူတဲ့ အဖြစ်အပျက်တွေကိုမှတ်တမ်းတင်ခဲ့ပေမယ့် ရိုဟင်ဂျာတွေရဲ့ အခြေအနေကတော့ အဆိုးရွားဆုံးပါဘဲလို့ သူကဆိုပါတယ်။
    “အခုဆိုရင် စစ်တွေမြို့မှာ မွတ်စလင်တွေလုံးဝ မရှိတော့သလို ခံစားရတာကတော့ စိတ်မချမ်းမြေ့စရာဘဲ။ မွတ်စလင်တွေရဲ့ ဘုရားဝတ်ပြုဖို့ နိုးဆော်သံ လည်းမကြားရတော့ဘူး။ ဗလီကျောင်းတွေကလည်းပျက်ဆီးကုန်ပြီ။ လုံးဝမပျက်ဆီးတဲ့ဗလီတွေဆိုရင်လည်း မြန်မာစစ်တပ်က ဗလီတွေထဲမှာ ဝင်နေ နေကြတယ်။” လို့ မတ်လ က စစ်တွေကိုသွားလာခဲ့တဲ့အတွေ့အကြုံကို ကောစတန်တင်း ကပြောပြပါတယ်။ ပြောင်းရွေ့နေရာ ချထားပေးတဲ့ စခန်းတွေက ရိုဟင်ဂျာဒုက္ခသည်တွေကလည်း အားကိုးရာမဲ့ဖြစ်နေတာကိုတွေ့ခဲ့ရတယ်လို့ ပြောပါတယ်။
    “မြန်မာနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်နေပါတယ်လို့ ကျနော်တို့ပြောတာမဟုတ်ပါဘူး။ … ဒါပေမယ့် ဒီလိုဖြစ်ရပ်တွေ နောင်အနာဂါတ်မှာ တစ်ခြားလူတွေမကြုံတွေ့ရအောင် ကျနော်တို့ တက်နိုင်တဲ့ဖက်ကနေ ကြိုးစားကာကွယ်ချင်လို့ဘဲဖြစ်ပါတယ်။” လို့ ဟိုလိုကော့စ်ပြတိုက်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကာကွယ်ရေးဌာန ဒါရိုက်တာ မိုက်ကယ် အဘ္ဘရာမိုဝဇ် ကပြောပါတယ်။
    ရိုဟင်ဂျာတွေအပေါ်ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကတော့ လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) မဟုတ်ဘူးလို့ အများစုက သုံးသပ်နေကြပေမယ့်၊ ဒီကျူးလွန်မှုတွေဟာ လူသားများအပေါ်ရာဇဝတ်မှုကျူးလွန်ခြင်း (Crime Against Humanity) ဖြစ်ကြောင်းကိုတော့ ကမ္ဘာ့ပညာရှင်အများက လက်ခံထားကြပါတယ်။ ရိုဟင်ဂျာလူမျိုးတွေကို သူတို့ရဲ့မွေးရပ်ဇာတိမြေမှ ထွက်ပြေးပြောင်ရွေ့သွားရအောင် ဦးနေဝင်းခေတ်ကတည်းက နည်းမျိုးစုံနဲ့ နှင်ထုတ်နေတာဖြစ်တဲ့အတွက် ယေဘုယအားဖြင့် လူမျိုးတုန်းသုတ်သင်ရှင်းလင်းမှု (Ethnic Cleansing) လို့လည်း အများစုကလက်ခံထားကြပါတယ်။ ရခိုင်လူမျိုးတွေဟာ ရိုဟင်ဂျာမွတ်စလင်တွေ မနေနိုင်လောက်အောင် ဇွဲကြီးကြီးနဲ့ ကြိုးပမ်းလုပ်ဆောင်နေပေမယ့် ရိုဟင်ဂျာတွေဖို့ကတော့ပြေးစရာမြေမရှိဘူးဖြစ်နေပါတယ်။
    ဒါကြောင့် ပြောင်းရွေ့ထွက်မပြေးနိုင်တော့တဲ့ အဆုံးမှာ ဂျောင်ပိတ်နေမိတဲ့ ရိုဟင်ဂျာတွေဟာ လူမျိုးတုန်း သတ်ဖြတ်မှုတွေနဲ့ ရင်ဆိုင်ရမှာကတော့ ကမ္ဘာ ပညာရှင်တွေက စိုးရိမ်နေကြပါတယ်။ ဒီကြားထဲ မကြာခဏဆိုသလို ရိုဟင်ဂျာတွေ ထွက်ပြေးကြရင်း လှေမှောက်သေဆုံးကြရတဲ့ သတင်းတွေကြောင့် စိုးရိမ်စရာတွေ ပိုမိုကြီးထွားလာနေပါတယ်။
    Photo-washingtonpost
    M-Media သို့ Olaie Manzu ပေးပို့သော ဘာသာပြန် သတင်းဆောင်းပါးဖြစ်ပါသည်။