News @ M-Media

Tag: EU

  • အီရန် နျူသဘောတူညီချက်တွင် ဒုံးကျည်ကိစ္စမပါဟု အီးယူအကြီးအကဲပြော

    အီရန် နျူသဘောတူညီချက်တွင် ဒုံးကျည်ကိစ္စမပါဟု အီးယူအကြီးအကဲပြော

    နိုဝင်ဘာ ၁၀၊ ၂၀၁၇
    M-Media

    – ဥရောပသမ္မဂ၏ နိုင်ငံခြားရေးရာအကြီးအကဲ Federica Mogherini က အီရန်နှင့် အင်အားကြီး ၆ နိုင်ငံအကြား ရေးထိုးထားသည့် နျူကလီးယားသဘောတူညီချက်သည် အီရန်နိုင်ငံ၏ ဒုံးကျည်အစီအစဉ်နှင့် ပက်သက်မှုမရှိကြောင်း၊ ယင်းစာချုပ်အတိုင်း အတိအကျလိုက်နာရန် အရေးပါကြောင်းပြောကြားလိုက်သည်။

    ဗုဒ္ဓဟူးနေ့တွင် Brussels မြို့၌ နေတိုးကာကွယ်ရေးဝန်ကြီးများကိုေ တွေ့ဆုံမှုမတိုင်မီ သတင်းထောက်များကို ဖြေကြားရာ၌ Mogherini က အီရန်၏ ဒုံးကျည်အစီအစဉ်များသည် အဆိုပါစာချုပ်နှင့် မသက်ဆိုင်ကြောင်း၊ သီးခြားဖြစ်ရပ်နှစ်ခုအဖြစ် ရှူမြင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

    ထို့နောက် Mogherini က အီရန်၏ နိုင်ငံတကာနျူစွမ်းအင် အေဂျင်စီနှင့် ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုအပေါ် ချီးမွမ်းခဲ့သည်။

    အေဂျင်စီမှာ ၂၀၁၅ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အရ အီရန်၏ဆောင်ရွက်မှုများကို စောင့်ကြည့်အကဲဖြတ်နေပြီး အီရန်မှာ သဘောတူညီချက်ကို လိုက်နာလျက်ရှိသည်ဟု အကြိမ်ကြိမ်ပြောကြားထားသည်။

    အမေရိကန်က အီရန်၏ ဒုံးကျည်အစီအစဉ်မှာ နျူသဘောတူညီချက်ကို ချိုးဖောက်သည်ဟု စွပ်စွဲထားပြီး အီရန်က မိမိတို့မှာ မည်သည့် ကုလဆုံးဖြတ်ချက်များကို မချိုးဖောက်ကြောင်း၊ ဒုံးကျည်များမှာ ကာကွယ်ရေးကိစ္စအတွက်သာဖြစ်ပြီး နျူကလီးယားထိပ်ဖူးတပ်ဆင်ရန် ပြုလုပ်စီမံထားခြင်း မရှိကြောင်း ထားသည်။

    Ref: Press TV

    (Photo- ဥရောပသမဂ္ဂ ၏ နိုင်ငံခြားရေးရာအကြီးအကဲ )

  • မြန်မာစစ်ခေါင်းဆောင်များအား ဖိတ်ခေါ်မှုကို အီးယူက ရပ်ဆိုင်းပြီး၊ ကာကွယ်ရေးကိစ္စများ ပြန်သုံးသပ်မည်

    မြန်မာစစ်ခေါင်းဆောင်များအား ဖိတ်ခေါ်မှုကို အီးယူက ရပ်ဆိုင်းပြီး၊ ကာကွယ်ရေးကိစ္စများ ပြန်သုံးသပ်မည်

    အောက်တိုဘာ ၁၆၊ ၂၀၁၇
    M-Media

    ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

    – ရခိုင်ပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့တွေက အရပ်သားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုကို တုန့်ပြန်တဲ့အနေနဲ့ မြန်မာစစ်တပ် ကာကွယ်ရေးဦးစီးချုပ်နဲ့ အကြီးတန်း စစ်ခေါင်းဆောင်တွေကို ဖိတ်ခေါ်တာကို ရပ်ဆိုင်းလိုက်တယ်လို့ ဥရောပ နိုင်ငံခြားရေးဝန်ကြီးတွေက ဒီနေ့မှာ ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။

    ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဟာ ရခိုင်ပြည်နယ်က ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပြီးတဲ့နောက် အချက် ၈ ချက်ပါဝင်တဲ့ ကြေငြာချက် ထုတ်ပြန်လိုက်တာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ ကာကွယ်ရေးဆိုင်ရာ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု အားလုံးကို သုံးသပ်မယ်လို့လည်း ဆိုပါတယ်။

    ကလေးတွေကို ရက်ရက်စက်စက် တိုက်ခိုက်မှုအပါအ၀င် ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ကျူးလွန်မှုတွေရှိတယ်ဆိုတဲ့ ခိုင်လုံတဲ့သတင်းတွေကို စုံစမ်းစစ်ဆေးကာ ရိုဟင်ဂျာတွေအပေါ် ရာဇ၀တ်မှု ကျူးလွန်သူတွေကို တရားဥပဒေရှေ့မှောက်ကို ခေါ်ဆောင်လာဖို့လည်း ကြေငြာချက်မှာ တိုက်တွန်းခဲ့ပါတယ်။

    ရခိုင်ပြည်နယ်အတွင်းမှာ ပြုလုပ်နေတဲ့ စစ်ဆင်ရေး၊ ဆက်လက်ဖြစ်ပွားနေတဲ့ မီးရှို့မှုတွေ၊ အကြမ်းဖက်မှုတွေ၊ လက်နက်ကိုင်၊ အရပ်သားမခွဲဘဲ ပစ်ခတ်မှုတွေ၊ မြေမြှုပ်မိုင်းထောင်မှုတွ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို ရပ်တန့်ဖို့လည်း နိုင်ငံခြားရေးဝန်ကြီးတွေက ဆော်သြခဲ့ပါတယ်။

    ကိုဖီအာနန် ကော်မရှင်က တင်ပြခဲ့တဲ့ အကြံပြုချက်ကို အကောင်အထည်ဖော်ဖို့အတွက် ၀န်ကြီးအဆင့် ကော်မတီကို မြန်မာအစိုးရက ဖွဲ့စည်းမှု၊ ကျူးလွန်သူတွေကို အရေးယူမယ်ဆိုတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပြောကြားမှုတွေကို ကြိုဆိုကြောင်း ကြေငြာချက်မှာ ဖော်ပြထားပြီး၊ ကုလလုံခြုံရေးကောင်စီရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။

    မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု၊ ငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးတွေကို ဆက်လက်ထောက်ခံသွားမှာဖြစ်တဲ့အပြင် ရခိုင်ပြည်နယ်မှာ ထိခိုက်ခံစားရသူတွေ၊ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးသွားသူတွေကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုတွေြ
    ပုလုပ်မယ်လို့လည်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    သြဂုတ်လနှောင်းပိုင်းမှာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း စစ်တပ်ကပြုလုပ်တဲ့ နယ်မြေရှင်းလင်းမှုမှာ ရိုဟင်ဂျာအရပ်သားတွေအပေါ် ကျူးလွန်မှုတွေရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး စစ်တပ်နဲ့ မြန်မာအစိုးရကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

    ဥရောပနိုင်ငံခြားရေးဝန်ကြီးတွေက ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ လူ့အဖွဲ့အစည်းတွေအတွင်းမှာ တင်းမာမှုတွေလျော့ကျရေး၊ ပဋိပက္ခဖြစ်ပွားရာဒေသတွေကို ကုလ၊ ICRC နဲ့ အခြား NGO တွေ ၀င်ရောက်ခွင့်ပေးရေး၊ အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေကို အန္တရာယ်ကင်းကင်းနဲ့ သူတို့ ယခင်နေထိုင်ရာနေရာကို ပြန်လာနိုင်ရေး ဆောင်ရွက်ပေးဖို့လည်း မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။

    Ref: AP

     

  • အီရန်နျူသဘောတူညီချက်အား ဖျက်ပိုင်ခွင့် ထရမ့်တွင်မရှိဟု အီးယူအကြီးအကဲ ပြော

    အီရန်နျူသဘောတူညီချက်အား ဖျက်ပိုင်ခွင့် ထရမ့်တွင်မရှိဟု အီးယူအကြီးအကဲ ပြော

    အာက်တိုဘာ ၁၄၊ ၂၀၁၇
    M-Media

    – အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့ ချုပ်ဆိုထားသည့် နျူသဘောတူညီချက်ကို ဖျက်သိမ်းရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တွင် ပါဝါမရှိဟု ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီး ဖက်ဒရီကာ မိုဂ်ဟီရီနီက ပြာကြားလိုက်သည်။

    ၂၀၁၅ ခုနှစ်က ရရှိခဲ့သည့် အဆိုပါ သဘောတူညီချက်၏ ရည်ရွယ်ချက်ကို အီရန်က အပြည့်အ၀လိုက်နာခြင်း မရှိကြောင်း၊ စာချုပ်ဖျက်သိမ်းရန် လွှတ်တော်တွင် ကြိုးစားသွားမည်ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့ပြီး မိနစ်ပိုင်းအကြာတွင် မိုဂ်ဟီရီနီက ယခုကဲ့သို့ တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။

    “ကျွန်မတို့လို နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ အတည်ဖြစ်နေဆဲ နျူသဘောတူညီချက်ကို ဖျက်သိမ်းတာမျိုးလုပ်လို့မရပါဘူး။ ဒီသဘောတူညီချက်က နှစ်ဦးတည်း သဘောတူညီချက်မျိုး မဟုတ်ဘူး။ နိုင်ငံတကာ သဘောတူညီချက်လည်းမဟုတ်ဘူး။ ဒါ့ကြောင့် ဒီလိုသဘောတူညီချက်မျိုးကို ဖျက်သိမ်းပိုင်ခွင့်ဟာ ဘယ်သမ္မတ၊ ဘယ်နိုင်ငံရဲ့ လက်ထဲမှာမှ မရှိပါဘူး။ အမေရိကန်သမ္မတဟာ ပါဝါတော်တော်များများရှိပေမယ့် ဒီတစ်ခုမှာတော့ သူပါဝါမရှိပါဘူး”

    ထို့ပြင် နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် ဥရောပသမဂ္ဂတို့မှာ ယခုသဘောတူညီချက်တွင် ပါဝင်နေသောကြောင့် သဘောတူညီချက် ဆက်လက်အသက်ဝင်နေမည်ဖြစ်ပြီး၊ ထရမ့်၏မှတ်ချက် ထွက်ပေါ်လာပြီးနောက်ပိုင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့်လည်း စကားပြောပြီးပြီဟု သူမက ထည့်သွင်းပြောကြားခဲ့သည်။

    အီရန်က ၎င်းတို့၏နျူလုပ်နိုင်စွမ်းကို လျှော့ချကာ အပြန်အလှန်အားဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက ပိတ်ဆို့မှု လျှော့ချပေးသည့် ဖယ်ရှားပေးသည့် အဆိုပါသဘောတူညီချက်ကို သမ္မတအိုဘားမားလက်ထက် ၂၀၁၅ ခုနှစ်တွင် ရရှိခဲ့ခြင်းဖြစ်သည်။

    သဘောတူညီချက်အား အီရန်က လိုက်နာခြင်း ရှိ၊ မရှိကို နိုင်ငံတကာနျူစွမ်းအင်အေဂျင်စီက ပုံမှန် စစ်ဆေးနေပြီး ယခုအချိန်အထိ မည်သည့်ချိုးဖောက်မှုမှ မရှိဟု ပြောကြားထားသည်။

    Ref: Aljazeera

  • ပဲရစ်သဘောတူညီချက်နှင့်ပတ်သက်၍ ထရမ့်ကို အီးယူဥက္ကဌ ပြင်းပြင်းထန်ထန် ဝေဖန်

    ပဲရစ်သဘောတူညီချက်နှင့်ပတ်သက်၍ ထရမ့်ကို အီးယူဥက္ကဌ ပြင်းပြင်းထန်ထန် ဝေဖန်

    ဇွန် ၁၊ ၂၀၁၇
    M-Media

    – ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပဲရစ်သဘောတူညီချက်မှ အမေရိကန်နှုတ်ထွက်ရန် သမ္မတထရမ့်က ဆုံးဖြတ်ပါက အမေရိကန်ကို ရင်ဆိုင်သွားရမည်မှာ ဥရောပ၏ တာဝန်ဖြစ်သည်ဟု ဥရောပသမ္မဂ ဂျန် ကလုဒ် ဂျန်ကာက ပြောကြားလိုက်သည်။

    ယမန်နေ့က ဘာလင်ရှိ အလုပ်သမားများသမဂ္ဂ အခမ်းအနားတစ်ခုတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ‘နိုင်ငံတကာ သဘောတူညီချက်များတွင် ရေးသားထားသည်များက လုပ်ကြံသတင်းများမဟုတ်’ ဟုလည်း ထရမ့်အစိုးရကို ဝေဖန်ခဲ့သည်။

    ထို့ပြင် မကြာသေးမီက အီတလီနိုင်ငံတွင် ပြုလုပ်ခဲ့သည့် G7 ထိပ်သီးအစည်းအဝေးတွင် အဆိုပါ ပဲရစ်သဘောတူညီချက်နှင့်ပတ်သက်၍ ဒေါ်နယ်ထရမ့်နားလည်အောင် အခြား ခေါင်းဆောင်များက ရှင်းပြခဲ့ကြပြီး ထိုကြိုးပမ်းမှု အောင်မြင်လျှင်လည်း ဥပဒေမှာ ဥပဒေသာလျှင်ဖြစ်ကြောင်း၊ သဘောတူညီချက်မှ နှုတ်ထွက်ရန်မှာ ချက်ခြင်း ဖြစ်လာမည်မဟုတ်ဘဲ ၃၊ ၄ နှစ် ကြာမည်ဖြစ်ကြောင်း ဂျန်ကာက ထည့်သွင်း ပြောဆိုခဲ့သည်။

    ယမန်နေ့မနက် အစောပိုင်းတွင် အိမ်ဖြူတော်တာဝန်ရှိသူတစ်ဦးက သမ္မတထရမ့်အနေဖြင့် ပဲရစ်သဘောတူညီချက်မှ နှုတ်ထွက်ရန် စဉ်စားနေပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်ရခြင်း မရှိသေးဟု ပြောကြားခဲ့သည်။

    ထရမ့်ကလည်း ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပဲရစ်သဘောတူညီချက်မှ နှုတ်ထွက်ခြင်းမှာ အမေရိကန်စီးပွားရေးအတွက် အောင်ပွဲတစ်ခု ဖြစ်မည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း ဥရောပနှင့် တရုတ်နိုင်ငံတို့ကမူ ထိုသဘောတူညီချက်တွင် အမေရိကန် ပါဝင်သည်ဖြစ်၊ မပါဝင်သည်ဖြစ်စေ မိမိတို့အနေဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားထားသည်။
    Ref: Aljazeera

  • ပါလက်စတိုင်းမှ အစ္စရေး၏ ကျူးကျော်အိမ်ယာအတွက် အီးယူက ပြင်းပြင်းထန်ထန် ရှုတ်ချ

    ပါလက်စတိုင်းမှ အစ္စရေး၏ ကျူးကျော်အိမ်ယာအတွက် အီးယူက ပြင်းပြင်းထန်ထန် ရှုတ်ချ

    ဖေဖော်ဝါရီ ၂၊ ၂၀၁၇
    M-Media

    – ပါလက်စတိုင်းပိုင်နက်များတွင် တရားမ၀င် အခြေချအိမ်ယာများ ဆောက်လုပ်ရန်အတွက် အစ္စရေး၏ လတ်တလော အတည်ပြုမှုများကို ဥရောပသမဂ္ဂက ရှုတ်ချလိုက်ပြီး စိုးရိမ်စရာကောင်းသော၊ နှစ်နိုင်ငံအဖြေ မရနိုင်သော အန္တရာယ်မျိုးဖြစ်သည်ဟု ပြောကြားလိုက်သည်။

    ယမန်နေ့က ထုတ်ပြန်သည့် နိုင်ငံခြားရေးပေါ်လစီအကြီးအကဲ ဖက်ဒရီကာ မော့ဂ်ဟီရီနီ၏ ကြေငြာချက်တွင် ယခုကဲ့သို့ ရှုတ်ချလိုက်ခြင်းဖြစ်ပြီး နိုင်ငံတကာဥပဒအောက်တွင် တရားမ၀င်သော အဆိုပါ ကျူးကျော်အိမ်ယာများ တိုးချဲ့မှုအတွက် ပြင်းထန်သော စကားလုံးများကို အသုံးပြုခဲ့သည်။

    “နိုင်ငံတကာက အလွန်အမင်းစိုးရိမ်ပြီး၊ ကန့်ကွက်တယ်လို့ တစ်စိုက်မတ်မတ် ပြောလာပေမယ့် အစ္စရေးက ဒါကို ဆောင်ရွက်နေမှုအတွက် ဥရောပသမဂ္ဂအနေနဲ့ အလွန်အမင်း စိတ်ပျက်မိပါတယ်။ အခြေအနေတိုင်းမှာ ဒီကိစ္စက အမြဲအရှေ့ရောက်နေတာပါ” ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

    အင်္ဂါနေ့က အစ္စရေးမှာ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းတွင် တရားမ၀င် အခြချအိမ်ယာ ၃၀၀၀ ဆောက်လုပ်မည်ဟု ကြေငြာခဲ့ပြီး ဒေါ်နယ်ထရမ့် သမ္မတဖြစ်ပြီးနောက်ပိုင်း ၂ ပတ်အတွင်း ပါလက်စတိုင်းပိုင်များတွင် ကျူးကျော်အိမ်ယာများ ဆောက်လုပ်ရန် ၄ ကြိမ်မြောက် ကြေငြာခြင်းဖြစ်သည်။

    ထရမ့် သမ္မတဖြစ်ပြီး ရက်ပိုင်းအတွင် အရှေ့ဂျေရုစလင်တွင် အိမ်ယာ ၅၆၆ ခု၊ အနောက်ဖက်ကမ်းတွင် ၂၅၀၂ ခု၊ ပြီးခဲ့သည့်တစ်ပတ် ကြာသာပတေးနေ့က ရှေ့ဂျေရုစလင်တွင် ၁၅၃ ခု ဆောက်လုပ်ရန် အစ္စရေးက အသီးသီး ခွင့်ပြုခဲ့သည်။

    Ref: Aljazeera