News @ M-Media

Tag: EU

  • အခြေခံဥပဒေပြင်ဆင်ဖို့ မြန်မာအစိုးရကို အီးယူနိုင်ငံတွေ အရေးဆိုမယ်

    M-Media
    ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၁၃

    အီးယူနိုင်ငံတွေက မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်အောင် တားဆီးထားသော ပုဒ်မများပါဝင်သည့်  အခြေခံဥပဒေကို ပြင်ဆင်ဖို့ မြန်မာ အသွင်ပြောင်းအစိုးရ ကို တောင်းဆိုသွားမယ်လို့ နိုင်ငံတကာ သတင်းတွေက ဖော်ပြကြပါတယ်။

    European Council President Van Rompuy meets Myanmar pro-democracy leader Suu Kyi at the European Council headquarters in Brussels

    အီးယူဥက္ကဌနဲ့အတူတွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်

    တနင်္လာနေ့ (ယနေ့) ၊ ဘလ်ဂျီယံနိုင်ငံ၊ ဘရက်ဆဲလ်မှာ အီးယူနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံတဲ့အခါ အဲဒီကိစ္စကို သတိပေးပြောဆိုသွားမှာ ဖြစ်တဲ့အကြောင်း၊ တကယ်လို့သာ လာမယ့် ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမှု မရှိဘူးဆိုရင်တော့ နိုင်ငံတွင်း မတည်ငြိမ်မှုတွေနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကိုပါ ပယ်ဖျက်လိုက် သလို ဖြစ်လာနိုင် တဲ့အကြောင်း အီးယူသံတမန်တွေက ဆိုပါတယ်။

    မြန်မာ့အခြေခံဥပဒေကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတဖြစ်ခွင့် မရှိပါဘူး။  မြန်မာအစိုးရရဲ့ အခြေခံဥပဒေ ပြင်ဆင်လိုစိတ် ရှိမရှိကိစ္စကတော့ အနောက်နိုင်ငံတွေ အတွက် စောင့် ကြည့်စရာဖြစ်နေသလို မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လိုလားမှု စိတ်ဓာတ်အမှန်ကိုလည်း ဆန်းစစ်နိုင်မှာဖြစ်တယ်လို့ နိုင်ငံတကာသတင်းတွေက ဆိုပါတယ်။

    ဘရက်ဆဲလ်မှာ ကျင်းပမယ့် တွေ့ဆုံဆွေးနွေးပွဲအတွက် လျာထားတဲ့ အကြောင်းအရာတွေကို Financial Times က တင်ပြရာမှာတော့ “ဒီဆွေးနွေးပွဲက မြန်မာ့အခြေခံ ဥပဒေကို ခေတ်ပေါ် ဒီမိုကရေစီစံနှုန်းတွေနဲ့ ကိုက်ညီမှုရှိလာအောင် ပြုလုပ်မယ့် အခြေခံဥပဒေ လေ့လာသုံးသပ်ရေးလုပ်ငန်းကို တွန်းအားပေးသွားမှာဖြစ်သလို၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးတွေ အောင်မြင်ပြီး တာရှည်ခံဖို့ အကူအညီပေးသွားမှာဖြစ်တယ်။” ဆိုတဲ့အချက်တွေ ပါဝင်ကြောင်း သိရပါတယ်။

    ယူကေ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကတော့ လက်ရှိအခြေခံဥပဒေနဲ့ ကျင်းပမယ့် ရွေးကောက်ပွဲက ရယ်စရာပြဇတ်ပဲဖြစ်မှာလို့ အောက်တိုဘာလ အတွင်းက ဆိုခဲ့ဖူးပါတယ်။

  • အီးယူ ပါလီမန် ကိုယ်စားလှယ်အဖွဲ့ ၆ နှစ်အတွင်း ပထမဆုံးအကြိမ် အီရန်သို့လာရောက်

    ဒီဇင်ဘာ ၁၃၊ ၂၀၁၃
    M-Media

    9332
    – အဖွဲ့ဝင် ၈ ဦးပါဝင်သည့် ဥရောပ ပါလီမန်မှ ကိုယ်စားလှယ်အဖွဲ့မှာ ယနေ့တွင်တီဟီရန်သို့ ရောက်ရှိလာခဲ့သည်ဟု အီရန်နိုင်ငံပိုင် သတင်းဌာန IRNA မှ ဖော်ပြခဲ့သည်။

    ဥရောပရှိ ဥပဒေပြဌာန်းနိုင်သည့် အဖွဲ့အစည်းတစ်ခုမှ အီရန်နိုင်ငံသို့ ၆ နှစ်အတွင်း ပထမဆုံးလာရောက်ခြင်းလည်းဖြစ်ပြီး အီရန် နိုင်ငံရေးသမားများ၊ ရုပ်ရှင်ဒါရိုက်တာ ဂျာဖာ ပါနာဟီနှင့် လူ့အခွင့်အရေးဆိုင်ရာ ဥပဒေပညာရှင် နာစရင် ဆိုတူဒါတို့အား တွေ့ဆုံသွားမည်ဟု သိရသည်။

    ဆိုတူဒါမှာ ဥရောပပါလီမန်မှ ပေးအပ်ချီးမြှင့်သည့် ၂၀၁၂ ခုနှစ်အတွက် Sakharov ဆုအား ရရှိထားသူဖြစ်သည်။

    Ref: RT

  • ရခိုင်ပြည်က မွတ်ဆလင် ၈သိန်းကျော် နိုင်ငံသားအခွင့်အရေးမရခြင်း ဥရောပကော်မရှင်စိုးရိမ်

    နိုဝင်ဘာ-၂၄ ၂၀၁၃
    ကမာရွတ်မီဒီယာ

    ဥရောပကော်မရှင်ရဲ့ လူသားချင်းစာနာတဲ့ ကူညီမှုနဲ့ လူသားဆိုင်ရာ ကာကွယ်ရေး အဖွဲ့ ECHO က မြန်မာနိုင်ငံရဲ့ ဘာသာရေးလူမျိုးရေးပဋိပက္ခတွေရဲ့ အကျိုးဆက်တွေကို စိုးရိမ်နေပြီး လူနည်းစု မွတ်ဆလင် ဒုက္ခသည် ၈သိန်းဟာ နိုင်ငံသားအခွင့်အရေးကို ခံစားခွင့်မရဘဲရှိနေတယ်လို့ နိုဝင်ဘာ ၂၃ရက်နေ့မှာ ပြောဆိုလိုက်ပါပြီ။ ECHO ရဲ့ အစီရင်ခံစာ ဖော်ပြချက်အရ ရခိုင်ပြည်နယ်အတွင်းက လူနည်းစု မွတ်ဆလင်တွေဖြစ်တဲ့ ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် လက်ခံခိုင်းနေတာမဟုတ်ဘဲ သူတို့ကို လူသားအဖြစ် ဆက်ဆံပြီး နိုင်ငံသားအဖြစ် လက်ခံပေးဖို့ဖြစ် တယ်လို့ ညွှန်ကြားရေးမှူးချုပ်က ပြောဆိုခဲ့ပါတယ်။ နိုင်ငံသားဖြစ်ခွင့်နဲ့ပတ်သက်ပြီး မတူညီတဲ့ လူ့အဖွဲ့အစည်းနှစ်ခုအကြား နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းဖို့လိုအပ်နေ ပြီး ရခိုင်ပြည်နယ်မှာ ဥရောပကော်မရှင်က ထောက်ပံ့ကူညီမှုလုပ်တဲ့နေရာမှာ ဟိုဘက်ဒီဘက် ၅ဝ%ဆီ လုပ်လို့ လက်တွေ့မှာ မရနိုင်ဘဲ လူနည်းစု မွတ်ဆလင်တွေရဲ့ လိုအပ်ချက်က ပိုပြီးကြီးမားနေတယ်လို့ ဆိုပါတယ်။ ဥရောပသမဂအနေနဲ့ လူသားချင်းစာနာထောက်ထားတဲ့ ကူညီမှုကို ၂ဝ၁၃ခုနှစ်မှာ ယူရိုငွေ ၄၈.၆ သန်းကျော် ပေးထားပြီး ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေအတွက် ယူရိုငွေ ၃သန်းထောက်ပံ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မြန်မာနဲ့ ဥရောပကြား အထူးအဖွဲ့အစည်းအဝေးကို ရန်ကုန်နဲ့နေပြည်တော်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့ပြီး ကူညီထောက်ပံ့မှုတွေ တိုးမြှင့်သွားဖို့ ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက လူနည်းစု မွတ်ဆလင်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာနဲ့ မွတ်ဆလင် ဘာသာဝင်တွေကို ဆန့်ကျင်နေတာတွေကို ရပ်တန်းကရပ်ဖို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက တောင်းဆိုခဲ့ကြပါတယ်။ http://www.kamayutmedia.com/2013/11/24/lack-of-citizen-rights/

  • EU-Myanmar Task Force ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲပြုလုပ်

    နိုဝင်ဘာ ၁၄-၂၀၁၃
    M-Media
    သီရိ

    DSC00476 copy

    ရန်ကုန်။ ။ EU-Myanmar Task Force ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲတစ်ခုကို နိုဝင်ဘာ ၁၄ ရက်နေ့(ယနေ့)တွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ UMFCCI ၌ နံနက် ၉ နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

    ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် အဆိုပါ ဆွေးနွေးပွဲတွင် European Commission ဒုတိယ ဥက္ကဌ Catherine Ashton, European Union ဒုတိယ ဥက္ကဌ Antonio Tajani (Industry and Entrepreneurship) , European Commissioners များဖြစ်ကြသည့်
    Andris Piebalgs ( Development and Cooperation) နှင့် Dacian Ciolos (Agriculture and Rural Development) တို့နှင့် ဥရောပနိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင် (၁၀၀) ဦးခန့်နှင့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များပါဝင်ခဲ့ကြသည်။ ထိုဆွေးနွေးပွဲသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက် ဆွေးနွေးခဲ့ပြီး စုစုပေါင်း လူ ၄၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

    မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ပြုလုပ်သည့် ဥရောပ-မြန်မာ လုပ်ငန်းအဖွဲ့အစည်းအဝေးအား ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် ရန်ကုန်၌လည်းကောင်း ၁၅ ရက်နေ့တွင် နေပြည်တော်၌လည်းကောင်း ပြုလုပ်ရန် စီစဉ်ထားခဲ့သည်။

    အဆိုပါ ဆွေးနွေးပွဲအား မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင် ဥရောပနိုင်ငံများမှ မြန်မာနိုင်ငံ၌ အကောင်အထည်ဖော်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်ပက်သက်၍ ဥရောပနိုင်ငံများမှ အကူအညီများ ပေးနိုင်ရန် ၊ စီးပွားရေးကဏ္ဍ၌ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။

     

  • မြန်မာနိုင်ငံရှိ အကြမ်းဖက်ခံဒေသများသို့ နိုဝင်ဘာလတွင် OIC အတွင်းရေးမှူးချုပ် နှင့် အဖွဲ့ လာရောက်ရန်ရှိ

    အောက်တိုဘာ- ၃၀ ၊ ၂၀၁၃
    M-Media

    ekmeleddin-ihsanoglu

    နိုင်ငံခြားရေးဝန်ကြီးခြောက်ဦးပါ အဖွဲ့နှင့်အတူ OIC အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu သည် မြန်မာနိုင်ငံရှိ အကြမ်းဖက်ခံ မွတ်စ်လင်မ်များရှိရာ ဒေသသို့ လာရောက်လေ့လာမည်ဖြစ်သည်။

    ရိုဟင်ဂျာမွတ်စ်လင်မ်တို့၏ နိုင်ငံသားအခွင့်အရေးအပေါ် အထူးပြုလေ့လာရန် မြန်မာနိုင်ငံသို့ သွားရောက်မည်ဟု Ihsanoglu က ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ အထူးဆွေးနွေးပွဲ တစ်ခုအပြီးတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။

    ရိုဟင်ဂျာမွတ်စ်လင်မ်တို့မှာ ၁၉၈၂ တွင်ပြဌာန်းသည့် နိုင်ငံသား ဥပဒေသစ်ကြောင့်  မြန်မာနိုင်ငံသားများအဖြစ် အသိအမှတ်ပြုခြင်း မခံရကြောင်း၊ ၄င်းတို့၏ ရပ်တည် ရှင်သန်ခွင့်မှာလည်း ဒုတိယ အခြေခံ ပြဿနာဖြစ်နေကြောင်း ၊မြန်မာပြည် ပြဿနာများနှင့် ပတ်သက်၍ မိမိအနေဖြင့် OIC အထွေထွေအတွင်းရေးမှု တာဝန် စယူသည့် အချိန်မှစ၍ အမေရိကန်သမ္မတ ဘားရက် အိုဘားမား၊ ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာနှင့် လုံခြုံရေးမူဝါဒ အထူးကိုယ်စားလှယ် ကက်သရင်း အက်ရှ်တန်တို့နှင့် ဆက်သွယ် ဆောက်ရွက်လျက် ရှိကြောင်း၊ မြန်မာပြည်မှ အစွန်းရောက် ဗုဒ္ဓဘာသာဝင် သံဃာများ၏ ကြီးမားသော ဖိအားများကြားမှ လူသားချင်းစာနာထောက်ထားမှု ထောက်ပံ့ရေးရုံး တစ်ခု ဖွင့်လှစ်နိုင်ရန် မြန်မာအစိုးရနှင့် သဘောတူညီမှု ရရှိခဲ့ကြောင်း Ihsanoglu က ဆိုသည်။

    တစ်ချိန်တည်းမှာပင် EU တင်သွင်းသည့်မူကြမ်းအပြင် OIC ၏ မြန်မာနိုင်ငံ၌ အကြမ်းဖက်မှု အဆုံးသတ်ရေး မူကြမ်းကို ကုလလုံခြုံရေးကောင်စီထံ နိုဝင်ဘာ ၁ ရက်တွင် တင်သွင်းသွားမည်ဟု ကုလသမဂ္ဂဆိုင်ရာ စောင့်ကြည့်လေ့လာရေး OIC အမြဲတန်း အတွင်းဝန် Ufuk Gokcen က AA သတင်းဌာနသို့ ပြောကြားသည်။

    UNSC ၏ အလှည့်ကျ ဥက္ကဌဖြစ်သည့် အဇာဘိုင်ဂျန်၏  ကမကထပြုသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ UNSC  နှင့် OIC အကြား ကျင်းပသော အစည်းအဝေးအပြီး မြန်မာပြည်ခရီးအကြောင်းကြေညာခြင်းဖြစ်သည်။

    ၂၀၁၃ ခုနှစ်အတွင်း အစွန်းရောက်ဗုဒ္ဓဘာသာဝင်တို့မှ ရိုဟင်ဂျာ မွတ်စ်လင်မ်တို့၏အိုးအိမ်၊ လုပ်ငန်းခွင်များကို မီးရှို့ဖျက်ဆီးကာ စုပြုံသတ်ဖြတ်မှုဖြစ်ပွားပြီးနောက် ရိုဟင်ဂျာပေါင်း တစ်သိန်းလေးသောင်းကျော် အိုးမဲ့အိမ်မဲ့ ဌာနီမဲ့ ဖြစ်ခဲ့ရသည်။ ၁၉၆၂ မှ ၂၀၁၁ ခုနှစ်အထိ စစ်အစိုးရမှ တင်းကြပ်စွာ အုပ်ချုပ်ခဲ့သည့် မြန်မာပြည်အနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မွတ်စ်လင်မ်တို့အပေါ် အဓိကအားဖြင့် အကြမ်းဖက်ခဲ့ခြင်းဖြစ်သည်။

    Ref:worldbulletin

    —————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
    ဆက်သွယ်ရန် [email protected]