News @ M-Media

Tag: facebook

  • အချက်အလက် တရားမ၀င်သုံးစွဲမှုကိစ္စအတွက် အကြံပေးလုပ်ငန်းတစ်ခုကို Facebook စစ်ဆေး

    အချက်အလက် တရားမ၀င်သုံးစွဲမှုကိစ္စအတွက် အကြံပေးလုပ်ငန်းတစ်ခုကို Facebook စစ်ဆေး

    ဇူလိုင် ၂၁၊ ၂၀၁၈
    M-Media

    – သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို တရားမ၀င် စုဆောင်းတယ်၊ မျှဝေတယ်ဆိုတဲ့ သံသယနဲ့ အမေရိကန်အခြေစိုက် အကြံပေးလုပ်ငန်း Crimson Hexagon ကို Facebook က ပိတ်ပင်လိုက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နတယ်လို့ ပြောကြားလိုက်ပါတယ်။

    ဘော့စတွန်က အဲဒီကုမ္ပဏီက သူတို့ဟာ “စားသုံးသူဆိုင်ရာ လေ့လာဆန်းစစ်မှု” အတွက် ၀န်ဆောင်မှုပေးနေပြီး ကမ္ဘာတစ်ဝှမ်းက အစိုးရလက်အောက်ခံ အဖွဲ့တွေနဲ့ စာချုပ်တွေ ချုပ်ဆိုထားတယ်လို့ ဆိုပါတယ်။

    Facebook က Crimson Hexagon ရဲ့ လုပ်ဆောင်မှုတွေဟာ သူတို့ရဲ့ စောင့်ကြည့်ရေးပေါ်လစီကို ချိုးဖောက်မှု ရှိနေလားဆိုတာကို ဆန်းစစ်နေပြီး၊ လက်ရှိအချိန်အထိ ဒီလိုချိုးဖောက်တယ်ဆိုတဲ့ အထောက်အထားမျိုး မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

    Wall Street ဂျာနယ်က Crimson Hexagon ဟာ ရုရှားအစိုးရနဲ့ အဆက်အသွယ်ရှိတဲ့ ရုရှားက အကျိုးအမြတ်မယူတဲ့အဖွဲ့တွေ၊ အမေရိကန်အစိုးရ အေဂျင်စီတွေ အပါအ၀င် သူတို့ရဲ့ ဖောက်သည်တွေအတွက် Facebook အချက်အလက်တွေကို လေ့လာဆန်းစစ်ပေးဖို့ စာချုပ်တွေ ချုပ်ဆိုထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

    အစိုးရအေဂျင်စီတွေက သူတို့ဆီက အချက်အလက်တွေကို ရယူပြီး အသုံးပြုသူတွေအပေါ် စောင့်ကြည့်တာကို Facebook က ၂၀၁၇ ခုနှစ်မှာ ပိတ်ပင်ခဲ့ပါတယ်။

    “Facebook ဒါမှမဟုတ် Instagram က အချက်အလက်တွေကို အသုံးပြုပြီး ဆော့ဖ်ဝဲကုမ္ပဏီက စောင့်ကြည်တာမျိုးကို ကျွန်တော်တို့ ခွင့်မပြုပါဘူး။ ဒီစွပ်စွဲချက်တွေကို ကျွန်တော်တို့ သေသေချာချာ စုံစမ်းနေပြီး အဲဒီကာလအတွင်းမှာ ဒီ အက်ပလီကေးရှင်းတွေကို ခေတ္တ ပိတ်ပင်ထားမှာ ဖြစ်ပါတယ်” လို့ မနေ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ Facebook ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

    Crimson Hexagon က သူတို့ဟာ Facebook၊ Instagram၊ Twitter နဲ့ အခြား ဆိုရှယ်မီဒီယာ ပို့ပေါင်း ၁ ထရီလီယံကျော်အပါအ၀င် အချက်အလက်တွေနဲ့ အလုပ်လုပ်နေတယ်လို့ ၀ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

    Ref: BBC

  • အိန္ဒိယအကြမ်းဖက်မှုကြောင့် WhatsApp က မက်ဆေ့ခ်ျဖြန့်ဝေမှုကို ထိန်းချုပ်မည်

    အိန္ဒိယအကြမ်းဖက်မှုကြောင့် WhatsApp က မက်ဆေ့ခ်ျဖြန့်ဝေမှုကို ထိန်းချုပ်မည်

    ဇူလိုင် ၂၀၊ ၂၀၁၈
    M-Media

    – အိန္ဒိယမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် မက်ဆေ့ခ်ျ ဖြန်ဝေမှုကို ထိန်းချုပ်သွားမယ်လို့ WhatsApp က ကြေငြာလိုက်ပါတယ်။

    WhatsApp ဟာ Facebook က ပိုင်ဆိုင်တဲ့ မက်ဆေ့ခ်ျ အက်ပလီကေးရှင်းတစ်ခု ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကလေးသူခိုး ကောလဟာလတွေ WhatsApp ကနေ ပြန့်နှံ့ခဲ့ပြီးတဲ့နောက် အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာ လူစိမ်းတွေ၊ ဧည့်သည်တွေကို သေခံတွေက အုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

    WhatsApp က သူတို့အနေနဲ့ အသုံးပြုသူတွေရဲ့ မက်ဆေ့ခ်ျဖြန့်ဝေနိုင်မှု ပမာဏကို ကန့်သတ်သွားမှာဖြစ်ပြီး၊ ကောလဟာလတွေ၊ သတင်းမှားတွေ ပြန့်နှံ့ဖို့ ခက်ခဲသွားလိမ့်မယ်လို့ ကြာသာပတေးနေ့က သူတို့ရဲ့ ဘလော့စာမျက်နှာမှာ လွှင့်တင်ခဲ့ပါတယ်။

    အခုအစီအစဉ်သစ်ကြောင့် ကမ္ဘာတစ်ဝှမ်းက WhatsApp အသုံးပြုသူတွေဟာ မက်ဆေ့ခ်ျကို အများဆုံး လူ ၂၀ ထံသာ ဖြန့်ဝေနိုင်တော့မှာဖြစ်ပြီး အိန္ဒိယမှာတော့ ၅ ဦးအထိသာ ဖြန့်ဝေနိုင်မှာ ဖြစ်ပါတယ်။ အရင်က ၂၅၀ အထိ ဖြန့်ဝေနိုင်ခဲ့တာပါ။

    ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို လျင်လျင်မြန်မြန် ဖြန့်ဝေနိုင်တဲ့ quick forward လုပ်ဆောင်ချက်ကိုလည်း WhatsApp က အိန္ဒိယမှာ ပိတ်ပင်သွားမှာဖြစ်ပါတယ်။

    ဒီလိုအပြောင်းအလဲတွေဟာ စမ်းသပ်မှုဖြစ်တယ်လို့လည်း WhatsApp က ပြောပါတယ်။

    “အိန္ဒိယမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုအတွက် ကျွန်တော်တို့ တုန်လှုပ်ရပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ကျွန်တော်တို့ထုတ်ကုန်မှာ အပြောင်းအလဲ တော်တော်များများ လုပ်ခဲ့ကြောင်း ကျွန်တော်တို့ ကြေငြာခဲ့ပါတယ်။ ဒါဟာ လူထုအခြေပြုအဖွဲ့၊ အစိုးရနဲ့ နည်းပညာကုမ္ပဏီတွေက လုပ်ဆောင်ဖို့ လိုအပ်တဲ့ စိန်ခေါ်မှုတစ်ခုလည်း ဖြစ်ပါတယ်” လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါတယ်။

    WhatsApp ရဲ့ မိခင်ကုမ္ပဏီ Facebook ဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်စေခဲ့တဲ့ သတင်းမှားတွေ၊ အမုန်းစကားတွေကို မထိန်းချုပ်မှုအတွက် အပြစ်တင်ခံရဖူးပါတယ်။

    အဲဒီနောက်ပိုင်းမှာ Facebook ဟာ မြန်မာနိုင်ငံက အစွန်းရောက်ဘုန်းကြီးတွေ၊ အစွန်းရောက်နိုင်ငံရေးသမားတွေရဲ့ အကောင့်တွေကို ပိတ်ပစ်တာ၊ အမုန်းစကားနဲ့ သတင်းမှားတွေ ဖျက်ပစ်တာကို တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။

    Ref: Recode

  • ကမ္ဘာ့အချမ်းသာဆုံးစာရင်းတွင် ဇက်ကာဘတ် အဆင့် ၃ ရောက်လာ

    ကမ္ဘာ့အချမ်းသာဆုံးစာရင်းတွင် ဇက်ကာဘတ် အဆင့် ၃ ရောက်လာ

    ဇူလိုင် ၇၊ ၂၀၁၈
    M-Media

    – Facebook ကို တည်ထောင်သူဖြစ်ပြီး စီအီးအိုလည်းဖြစ်တဲ့ မာ့ခ် ဇက်ကာဘာ့ဂ်ဟာ အသားတင် ကြွယ်ဝမှု ကန်ဒေါ်လာ ၈၁.၆ ဘီလီယံနဲ့ ကမ္ဘာ့ တတိယမြောက် အချမ်းသာဆုံး ဖြစ်လာပါတယ်။

    Bloomberg က ထုတ်ပြန်တဲ့ Billionaires Index အညွှန်းကိန်းမှာ ဇက်ကာဘာ့ဂ်ဟာ နာမည်ကြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင် ၀ါရင် ဘက်ဖက်ထက် ဒေါ်လာ ၃၇၃ သန်း ပိုများကာ တတိယနေရာကို ရောက်လာတာဖြစ်ပါတယ်။

    အချမ်းသာဆုံးက Amazon ပိုင်ရှင် ဂျက်ဖ် ဘီဇို့စ်ဖြစ်ပြီး ကြွယ်ဝမှု ၁၄၁ ဘီလီယံရှိကာ၊ မိုက်ခရိုဆော့ဖ်ကို တည်ထောင်သူ ဘီလ်ဂိတ်က ဒုတိယနေရာမှာ ရှိနေပါတယ်။

    သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ကာကွယ်ပေးမှု အားနည်းခဲ့တဲ့အတွက် ဝေဖန်မှုကို ခံခဲ့ရပေမယ့် အခုနှစ်အတွင်း Facebook ရဲ့ ရှယ်ယာဟာ ၁၅ ရာခိုင်နှုန်း တက်လာပါတယ်။ နည်းပညာလုပ်ငန်းတွေရဲ့ ရှယ်ယာတွေဟာ ၂၀၁၈ ခုနှစ်မှာ သိသိသာသာကို မြင့်တက်လာခဲ့ပါတယ်။

    အရင်းအနှီးဈေးကွက်ကိုသာ အဓိကအာရုံစိုက်တဲ့ ဘက်ဖက်ဟာ အခုနှစ်အစောပိုင်းမှာ Apple ရဲ့ ရှယ်ယာ ၇၅ သန်း ၀ယ်ယူခဲ့ကာ စုစုပေါင်း Apple ရှယ်ယာ ၁၆၅ သန်း ရှိလာပြီ ဖြစ်ပါတယ်။ ဘက်ဖက်ဟာ Apple ရဲ့ ရှယ်ယာတွေ ၀ယ်ယူမှုကို လွန်ခဲ့တဲ့ ၂ နှစ်ကမှ ထုတ်ဖော်ပြောဆိုခဲ့တာပါ။

    နှစ်စဉ် ပရဟိတလုပ်ငန်းတွေအတွက် ဘက်ဖက်ဟာ ဒေါ်လာ ဘီလီယံချီ လှူဒါန်းလေ့ရှိပြီး ဇက်ကာဘက်ကလည်း သူရဲ့ Facebook ရှယ်ယာ ၉၉ ရာခိုင်နှုန်းကို စွန့်လွှတ်သွားမယ်လို့ ကြေငြာထားပါတယ်။

    Ref: CNN

  • အခမဲ့ အင်တာနက်စီမံကန်းအတွက် ဒရုန်းတီထွင်မှုကို Facebook ရပ်ဆိုင်း

    အခမဲ့ အင်တာနက်စီမံကန်းအတွက် ဒရုန်းတီထွင်မှုကို Facebook ရပ်ဆိုင်း

    ဇွန် ၂၇၊ ၂၀၁၈
    M-Media

    – အင်တာနက်မရတဲ့ ဝေးလံခေါင်ဖျား ဒေသတွေမှာ မြန်နှုန်းမြှင့် ကြိုးမဲ့တင်တာနက် ပေးနိုင်ရေး ဆောင်ရွက်နေတဲ့ Aquila စီမံကိန်းမှာ ဒရုန်းတွေ ဖန်တီးနေမှုကို ရပ်ဆိုင်းလိုက်တယ်လို့ Facebook က ကြေငြာလိုက်ပါတယ်။

    ကောင်းကင်နေ ဒရုန်းတွေနဲ့ ကြိုးမဲ့အင်တာနက်ပေးနိုင်မယ့် HAPS နည်းပညာကို Facebook ဟာ ၂၀၁၄ ခုနှစ်ကစလို့ ဖန်တီးလာခဲ့တာဖြစ်ပြီး လက်ရှိ အင်တာနက်အသုံးမပြုနိုင်သေးတဲ့ လူပေါင်း ၄ ဘီလီယံအတွက် အင်တာနက်ပေါ်လစီကိုလည်း ချမှတ်ခဲ့ပါတယ်။

    ဒီအတွက် နေစွမ်းအင်အသုံးပြုပြီး ကောင်းကင်ပေါ်မှာ အချိန်ကြာကြာ ပျံသန်းနိုင်မယ့် ဒရုန်တွေကိုလည်း တီထွင်ဖို့ Facebook က ကြိုးစားခဲ့ပါတယ်။

    ဒါပေမယ့် အခုအချိန်မှာတော့ HAPS နဲ့ အခြား ဆက်စပ် နည်းပညာတွေအတွက် Airbus လို ကုမ္ပဏီမျိုးနဲ့ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ပြီး ဒရုန်းတည်ဆောက်မှုလုပ်ငန်းကိုတော့ ရပ်နားမယ်လို့ Facebook က ဒီကနေ့ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    HAPS ပေါ်လစီ တိုးတက်ဖို့အတွက် လွှတ်တော်အမတ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

    Facebook ရဲ့ Aquila စီမံကိန်းဟာ မြေပြင်ကဝေဟင် အင်တာနက် နည်းပညာမှာ စံချိန်တင် အောင်မြင်ပေမယ့် စမ်းသပ်မှုအတွင်း ဒရုန်းတွေ မြေပြင်ကိုဆင်းတဲ့အခါမှာ ပျက်ဆီးမှုတွေရှိတာကြောင့် အကုန်အကျလည်း အရမ်းများနေပါတယ်။

    Ref: Aljazeera

  • အချက်အလက်လုံခြုံရေးကိစ္စက ကန်လွှတ်တော်က Facebook ကို မေးခွန်းပေါင်း နှစ်ထောင်ကျော်မေးမြန်း

    အချက်အလက်လုံခြုံရေးကိစ္စက ကန်လွှတ်တော်က Facebook ကို မေးခွန်းပေါင်း နှစ်ထောင်ကျော်မေးမြန်း

    ဇွန် ၁၂၊ ၂၀၁၈
    M-Media

    – အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို အလွဲသုံးစားလုပ်မှုနဲ့ပတ်သက်ပြီး Facebook တည်ထောင်သူ မာ့ခ် ဇက်ကာဘတ်ကို ဧပြီလက ခေါ်ယူမေးမြန်းခဲ့သလို စာနဲ့ နောက်ထပ် မေးခွန်းပေါင်း ၂၀၀၀ ကျော် ပေးပို့မေးမြန်းခဲ့တယ်လို့ အမေရိကန်အောက်လွှတ်တော်က မနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

    ဗြိတိန်အခြေစိုက် နိုင်ငံရေးအကြံပေးအဖွဲ့ Cmabridge Analytica က Facebook အသုံးပြုသူ ၈၇ သန်းရဲ့ အချက်အလက်တွေကို ရယူအသုံးပြုခဲ့တယ်ဆိုတဲ့ကိစ္စမှာ Facebook ရဲ့ ပေါ့လျော့မှုတွေအတွက် ဇက်ကာဘတ်ဟာ ပြီးခဲ့တဲ့လတွေမှာ ဝေဖန်ခံခဲ့ရပြီး အမေရိကန်နဲ့ ဥရောပလွှတ်တော်တွေမှာ သွားရောက်ဖြေရှင်းခဲ့ရပါတယ်။

    ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ သတင်းအချက်အလက်အမှားတွေ ဖြန့်ဝေကာ ရုရားရဲ့ ၀င်ရောက်စွက်ဖက်မှုကို မတားဆီးတဲ့အတွက်လည်း Facebook ဟာ ဝေဖန်ခံခဲ့ပါတယ်။

    မေးခွန်းတွေထဲမှာ Facebook ကို အသုံးမပြုသူတွေရဲ့ အချက်အလက်တွေကိုပါ ရယူတဲ့ ‘shadow porfiles’ ကိစ္စ၊ အချက်အလက် ခိုးယူခံရမှုအတွက် အကောင့်ပိုင်ရှင်တွေကို အသိပေးဖို့ ကုမ္ပဏီရဲ့ တာဝန်တွေ၊ ကျင့်ဝတ်မညီတဲ့ ပို့စ်တွေကို ဖယ်ရှားရေးကိစ္စတွေ ပါဝင်ပါတယ်။

    အချက်အလက်ကျိုးပေါက်မှုတွေ ရှိလာရင် ၇၂ နာရီအတွင်း အကောင့်ပိုင်ရှင်ကို အကြောင်းရမယ့် ဥပဒေတစ်ခု ပြဌာန်းရင် လက်ခံမလားလို့ ဒီမိုကရက်အမတ် အေမီ ကလိုဘူချာက မေးမြန်းရာမှာ Facebook က အဲဒီလို လိုအပ်ချက်တွေအတွက် မိမိတို့အနေနဲ့ တံခါးဖွင့်ထားကြောင်း၊ ဒါပေမယ့် ဥရောပလိုမဟုတ်ဘဲ အမေရိကန်မှာ ဒီလို ကျိုးပေါက်မှုကို သတင်းပို့နိုင်မယ့် အာဏာပိုင်အဖွဲ့တစ်ခု မရှိတာကြောင့် ဆောင်ရွက်ရာမှာ အခက်အခဲတွေရှိနိုင်ကြောင်း ရေးသားခဲ့ပါတယ်။

    အခြားဝဘ်ဆိုက်တွေမှာ Facebook ရဲ့ like နဲ့ comment တွေပါရင် အဲဒီကနေတစ်ဆင့် ၀ဘ်ဆိုက်သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ရယူကြောင်း Facebook က ဧပြီလမှာ ထုတ်ပြန်ခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး အထက်လွှတ်တော်အမတ် မာ့ခ် အူဒါးလ်က မေးမြန်းရာမှာ Facebook က သူတို့အနေနဲ့ Facebook မသုံးသူတွေထံကနေ ဒီလို အချက်အလက်တွေ ရယူပေမယ့်၊ ဒီလူတွေကို စာရင်းမလုပ်ထားကြောင်း၊ သူတို့တစ်ကိုယ်ရေအကြိုက်နဲ့ သက်ဆိုင်တဲ့ ကြော်ငြာတွေ၊ အကြောင်းအရာတွေကို သူတို့မြင်အောင် ဖန်တီးတာမျိုး မလုပ်ကြောင်း၊ ပြန်လည်ဖြေကြားခဲ့ပါတယ်။ အဲဒီသူတွေ Facebook အကောင့်ဖွင့်လာအောင် တိုက်တွန်းတဲ့ ကြော်ငြာတွေ၊ ပုံမှန်ကြော်ငြာတွေ တွေ့ရအောင်တော့ ဆောင်ရွက်တယ်လို့ ဆိုပါတယ်။

    င်္Facebook ရဲ့ ဥပဒေကို မလိုက်နာတဲ့ ပို့စ်တွေ ဖယ်ရှားဖို့အကြောင်း မေးမြန်းရာမှာ အမုန်းစကားပြောတာမျိုးအတွက် မိမိတို့မှာ နေရာမရှိကြောင်း ဒီလိုကိစ္စမျိုးကို တွေ့တာနဲ့ ချက်ခြင်း ပယ်ဖျက်သွားမှာဖြစ်ကြောင်း Facebook က ပြန်လည်ဖြေကြားခဲ့ပါတယ်။

    Ref: CNET