News @ M-Media

Tag: facebook

  • ၂၀၂၀ ရွေးကောက်ပွဲ အမုန်းစကားနှင့် အကြမ်းဖက်လှုံ့ဆော်ရေး ရေခံမြေခံဖြစ်လာမည်ဟု သုတေသနအဖွဲ့တစ်ခု သတိပေး

    ၂၀၂၀ ရွေးကောက်ပွဲ အမုန်းစကားနှင့် အကြမ်းဖက်လှုံ့ဆော်ရေး ရေခံမြေခံဖြစ်လာမည်ဟု သုတေသနအဖွဲ့တစ်ခု သတိပေး

    နိုဝင်ဘာ ၇၊ ၂၀၁၈
    M-Media

    – ၂၀၂၀ ရွေးကောက်ပွဲဟာ လူမျိုးရေး ဘာသာရေး ‘အကြမ်းဖက်မှုကို လှုံ့ဆော်ဖို့’ ရေခံမြေခံဖြစ်လာနိုင်တဲ့အတွက် အခုကတည်းက ပြင်ဆင်ထားဖို့ အမေရိကန်အခြေစိုက် စောင့်ကြည့်လေ့လာရေးအဖွဲ့ Business for Social Responsibility (BSR) က မနေ့မှာ Facebook ကို သတိပေးလိုက်ပါတယ်။

    ဒီမိုကရေစီ အသွင်ကူးပြောင်းရေး စတင်ခဲ့တဲ့ ၂၀၁၀ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ ဆိုရှယ်မီဒီယာအသုံးပြုမှု ပိုမိုတွင်ကျယ်လာခဲ့ပြီး လက်ရှိ Facebook သုံးစွဲသူပေါင်း သန်း ၂၀ လောက် ရှိနေပါတယ်။

    နိုင်ငံအတွင်း အမျိုးသားရေးအစွန်းရောက်တွေဟာ အစ္စလာမ်ဘာသာဝင်တွေနဲ့ ရိုဟင်ဂျာတွေအပေါ် မုန်းတီးအောင်၊ အကြမ်းဖက်အောင် Facebook ကို အသုံးပြု လှုံ့ဆော်နေပြီး၊ Facebook ကလည်း ဒီ အမုန်းဝါဒဖြန့်မှုတွေကို ထိထိရောက်ရောက် ဟန့်တားနိုင်ခြင်းမရှိဘူးလို့ တက်ကြွလှုပ်ရှားသူတွေက ဝေဖန်ထားပါတယ်။

    ပြီးခဲ့တဲ့လတွေအတွင်း Facebook ဟာ မြန်မာနိုင်ငံမှာ အမုန်းဝါဒဖြန့်မှုတွေကို တားဆီးနိုင်ရေးအတွက် ပိုမိုလုပ်ဆောင်လာပြီး သဘောထားတင်းမာတဲ့ ဘုန်းကြီးတွေ၊ အမျိုးသားရေးအစွန်းရောက်တွေနဲ့ သူတို့အဖွဲ့တွေရဲ့ အကောင့်တွေ၊ ပေ့ခ်ျတွေ၊ မြန်မာစစ်တပ်နဲ့ ဆက်နွယ်နေတဲ့ ၀ါဒဖြန့်အကောင့်တွေ၊ ပေ့ခ်ျတွေ တော်တော်များများကို ဖယ်ရှားခဲ့ပါတယ်။

    ဒါ့အပြင် မြန်မာနိုင်ငံက Facebook အသုံးပြုမှု အခြေအနေကို စုံစမ်းသုံးသပ်ပေးဖို့အတွက် ကယ်လီဖိုးနီးယားအခြေစိုက် BSR အဖွဲ့ကို တာဝန်ပေးခဲ့ပါတယ်။

    ၂၀၁၈ ခုနှစ် မေလကနေ စက်တင်ဘာလအထိ BSR အဖွဲ့က ပြုလုပ်ခဲ့တဲ့ သုံးသပ်မှုအတွင်း မြန်မာနိုင်ငံမှာ Facebook ကို ” အကြမ်းဖက်ရေး လှုံ့ဆော်ဖို့ အသုံးပြုနေပြီး၊ မြေပြင်မှာ ထိခိုက်မှုတွေ ရှိတယ်” ဆိုတာကို တွေ့ရကြောင်း မနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    မြန်မာနိုင်ငံက Facebook ပြဿနာဟာ ပြေလည်ဖို့ တော်တော်လိုသေးတယ်လို့လည်း BSR အဖွဲ့က သတိပေးခဲ့ပါတယ်။

    ၂၀၂၀ မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ “အမုန်းစကား၊ အရှက်တကွဲအကျိုးနည်းအောင်လုပ်မှု၊ သတင်းအမှားဖြန့်ဝေမှု၊ အကြမ်းဖက်အောင် လှုံ့ဆော်မှုနဲ့ နိုင်ငံရေးလုပ်ငန်းစဉ် ပျက်ဆီးအောင် ရည်ရွယ်တဲ့ လုပ်ရပ်တွေ အထွပ်အထိပ်ကို ရောက်နိုင်မယ့် အနေအထား ဖြစ်လာဖွယ်ရှိတဲ့” အတွက် Facebook အနေနဲ့ အခုကတည်းက ဖြစ်နိုင်ချေတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့လည်း BSR က တိုက်တွန်းခဲ့ပါတယ်။

    အာဏာပိုင်တွေနဲ့ အမျိုးသားရေးသမားတွေဟာ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ အကောင့်တွေကို ပစ်မှတ်ထားတိုက်ခိုက်ရာမှာ နောက်ဆုံးပေါ် နည်းလမ်းသစ်တွေကို သုံးလာတယ်ဆိုတာကို လေ့လာမှုမှာ တွေ့ခဲ့ရပြီး၊ နိုင်ငံအတွင်း သုံးစွဲနေသူတွေဟာ Facebook app ကို update မလုပ်တာကြောင့် မလုံခြုံတဲ့ အကောင့်တော်တော်များများ ရှိနေပြီး စောင့်ကြည့်ရမယ့်အနေအထား ဖြစ်တယ်လို့လည်း BSR က သူတို့ရဲ့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    Facebook ကတော့ သူတို့အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမတိုင်ခင် ဒီလိုတလွဲအသုံးပြုမှုတွေကို ရှင်းလင်းသွားမှာ ဖြစ်ပေမယ့် အကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်မှုတွေကို ထိထိရောက် မတားဆီးနိုင်ဘူးလို့ ၀န်ခံခဲ့ပါတယ်။

    “ကျွန်တော်တို့ရဲ့ ပလက်ဖောင်းကို အသုံးပြုပြီး သွေးကွဲအောင်၊ မြေပြင်မှာ အကြမ်းဖက်မှု ဖြစ်လာအောင် လှုံ့ဆော်တာတွေကို အခုနှစ် မတိုင်ခင်အထိ ကျွန်တော်တို့ ထိထိရောက်ရောက်မဟန့်တားနိုင်ခဲ့ဘူးလို့ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။ မှန်ပါတယ်။ ကျွန်တော်တို့ ပိုမိုဆောင်ရွက်ရပါမယ်” လို့ Facebook ရဲ့ ပေါ်လစီမန်နေဂျာ အဲလက်စ် ၀ါရို့ဖ်ကာက ပြောကြားခဲ့ပါတယ်။

    အင်္ဂါနေ့က Facebook ရဲ့ ထုတ်ပြန်ချက်မှာ သူတို့အနေနဲ့ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းကထက် အမုန်းစကားတွေကို ၄ ဆ ဖယ်ရှားနိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်အတွင်း မြန်မာစကားပြော စောင့်ကြည့် စစ်ဆေးသူတွေကို ပိုမိုခန့်ထားသွားမယ်လို့ ဖော်ပြထားပါတယ်။

    Ref: CNA

  • Facebook ၏ လုံခြုံရေးကျိုးပေါက်မှုအတွင်း အသုံးပြုသူ သန်း ၅၀ ၏ အချက်အလက်များ ထိခိုက်

    Facebook ၏ လုံခြုံရေးကျိုးပေါက်မှုအတွင်း အသုံးပြုသူ သန်း ၅၀ ၏ အချက်အလက်များ ထိခိုက်

    စက်တင်ဘာ ၂၉၊ ၂၀၁၈
    M-Media

    – ဟက်ကာတွေရဲ့ လုံခြုံရေးဆိုင်ရာ ချိုးဖောက်မှုတစ်ခုအတွင်း အသုံးပြုသူ သန်း ၅၀ နီးပါးလောက်ရဲ့ အချက်အလက်တွေ ထိခိုက်သွားခဲ့တယ်လို့ Facebook က မနေ့မှာ ကြေငြာလိုက်ပါတယ်။

    ၂၀၁၇ ခုနှစ်က ဇူလိုင်လက အပြောင်းအလဲလုပ်ခဲ့တဲ့ ဗီဒီယို upload စနစ်က “View As” လုပ်ဆောင်ချက် အသုံးပြုကာ ဟက်တာတွေက လုံခြုံရေးနစ်ကို ချိုးဖျက် ၀င်ရောက်နိုင်ခဲ့တာပါ။

    ကုမ္ပဏီတည်ထောင်သူ ဇက်ကာဘာ့ဂ်က ဒီလို ချိုးဖျက်ဝင်ရောက်မှုကို အခုတစ်ပတ် အင်္ဂါနေ့မှာ သိရှိခဲ့ပြီး ကြာသာပတေးနေ့မှာ ပြင်ဆင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

    “ဘယ်အကောင့်တွေကို တစ်လွဲအသုံးချခဲ့လဲဆိုတာ ကျွန်တော်တို့ မသိပါဘူး။ ဒါဟာ ဆိုးဆိုးဝါးဝါးကိစ္စပါ”

    လက်ရှိမှာ ဒီကိစ္စအတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

    “ဒီလို ဟက်နိုင်မှုကြောင့် သူတို့ (ဟက်ကာတွေ) ဟာ Facebook ကို ၀င်ရောက်နိုင်တဲ့ တိုကင်တွေကို ခိုးယူနိုင်ခဲ့ပြီး လူတွေရဲ့ အကောင့်တွေကို ရယူဖို့မှာ အသုံးပြုနိုင်ပါတယ်။ အဲဒီတိုကင်တွေဟာ ဖုန်း app မှာ အသုံးပြုတွေ password ကို ထပ်ခါထပ်ခါ မရိုက်ရဘဲ ၀င်ထားနိုင်တဲ့ ဒစ်ဂျစ်တယ်သော့တွေ ဖြစ်ပါတယ်” လို့ Facebook ရဲ့ စီမံခန့်ခွဲရေးအဖွဲ့ ဒုတိယဥက္ကဌ ဂေး ရိုဆန်က ပြောကြားခဲ့ပါတယ်။

    ဒီပြဿနာကို ဖြေရှင်းဖို့အတွက် Facebook ဟာ ပြီးခဲ့တဲ့နှစ်အတွင်း View As လုပ်ဆောင်ချက်ဟာ အသုံးပြုခဲ့ကြသူ သန်း ၉၀ လောက်ရဲ့ အကောင့်တွေကို log out လုပ်ခဲ့ပါတယ်။

    အသုံးပြုသူတွေအနေနဲ့ log in ပြန်ဝင်ပြီးသွားရင် New Feed ရဲ့ ထိပ်ဆုံးမှာ ဘာဖြစ်ခဲ့လဲဆိုတာကို ရှင်ပြထားတဲ့ သတိပေးချက်ကို မြင်ရမှာ ဖြစ်ပါတယ်။

    View As လုပ်ဆောင်ချက်ဟာ မိမိရဲ့ ဗီဒီယိုကို တစ်ခြားသူတွေက ဘယ်လို မြင်ရမလဲဆိုတာကို ကြည့်ရှုတဲ့စနစ်ဖြစ်ပြီး လက်ရှိအချိန်မှာ ဒါကို ပိတ်ကာ လုံခြုံရေးဆိုင်ရာ သုံးသပ်မှုတွေ ပြုလုပ်နေပါတယ်။

    ဒီလို ချိုးဖောက်ဝင်ရောက်ခဲ့သူတွေဟာ ဘယ်သူတွေလဲဆိုတာကို မသိရှိသေးဘဲ လက်ရှိမှာ Facebook က အမေရိကန် လုံခြုံရေးတာဝန်ရှိသူတွေကို တိုင်ကြားထားပါတယ်။

    Ref: Aljazeera

  • Facebook ၏ အာရှ ပထမဆုံးဒေတာစင်တာကို စင်ကာပူတွင် ဆောက်လုပ်မည်

    Facebook ၏ အာရှ ပထမဆုံးဒေတာစင်တာကို စင်ကာပူတွင် ဆောက်လုပ်မည်

    စက်တင်ဘာ ၆၊ ၂၀၁၈
    M-Media

    ဒေတာစင်တာ ကွန်ပျူတာဒီဇိုင်း

    – အာရှရဲ့ ပထမဆုံး ဒေတာစင်တာကို စင်ကာပူနိုင်ငံမှာ ဆောက်လုပ်ရေးအတွက် စင်ကာပူဒေါ်လာ ၁ .၄ ဘီလီယံ သုံးစွဲသွားမယ်လို့ Facebook က ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။

    စင်ကာပူနိုင်ငံ အနောက်ပိုင်းက မြေနေရာ ၁၇၀,၀၀၀ စကွဲယားမီတာမှာ ဆောက်လုပ်သွားမှာဖြစ်ပြီး အာရှဒေသတွင်း Facebook တည်ရှိမှု မြှင့်တင်ရေး တစ်စိတ်ပိုင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

    Facebook ရဲ့ ဒေတာစင်တာ တည်ဆောက်ရေးဆိုင်ရာ ဒုတိယဥက္ကဌ သောမတ်စ်ဖာလွန်က ဒီအစီအစဉ်ဟာ ရေရှည်လုပ်ဆောင်မယ့် အစီအစဉ်ဖြစ်ပြီး ဆောက်လုပ်ရေးအလုပ်အကိုင် ထောင်ချီ ဖန်တီးပေးနိုင်မှာဖြစ်ကာ၊ Network ထိန်းသိမ်းစောင့်ကြည့်ရေးကနေ၊ ပို့ဆောင်ရေးအထိ ၀န်ထမ်းပေါင်း ရာနှင့်ချီ ခန့်ထားနိုင်လိမ့်မယ်လို့ ဒီကနေ့ပြုလုပ်တဲ့ ဒေတာစင်တာ မိတ်ဆက်ပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

    ၁၁ ထပ်ရှိမယ့် အဲဒီဒေတာစင်တာကို ရေ၊ စွမ်းအင်နဲ့ မြေအသုံးပြုမှု အနည်းဆုံးဖြစ်စေမယ့် နည်းလမ်းနဲ့ ဆောက်လုပ်သွားမှာဖြစ်ပြီး၊ ၂၀၂၂ ခုနှစ်မှာ ပထမအဆင့် စတင်အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

    အခမ်းအနားကို တက်ရောက်ခဲ့တဲ့ စင်ကာပူရဲ့ ကုန်သွယ်ရေးနဲ့ စက်မှုလက်မှု ၀န်ကြီး ချန်ချွန်ဆင်းက Facebook အနေနဲ့ သူတို့ရဲ့ ပထမဆုံး အချက်အလက်စင်တာကို စင်ကာပူနိုင်ငံမှာ လာရောက်တည်ထားခြင်းဟာ တိုင်းပြည်အတွက် သမိုင်းမှတ်တိုင်သစ်တစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: CNA

  • Facebook နှင့် Twitter မှ တာဝန်ရှိသူများ အမေရိကန်လွှတ်တော်တွင် မေးမြန်းခံရမည်

    Facebook နှင့် Twitter မှ တာဝန်ရှိသူများ အမေရိကန်လွှတ်တော်တွင် မေးမြန်းခံရမည်

    စက်တင်ဘာ ၅၊ ၂၀၁၈
    M-Media

    – အမေရိကန် နိုင်ငံရေးမှာ နိုင်ငံခြားတိုင်းပြည်တွေက လွှမ်းမိုးဖို့ ကြိုးစားမှုကို မတားဆီးခဲ့ဘူးဆိုတဲ့ စွဲချက်တွေအတွက် Facebook နဲ့ Twitter တို့က ထိပ်တန်းတာဝန်ရှိသူတွေဟာ ဒီကနေ့ အမေရိကန် အထက်လွှတ်တော်မှာ မေးမြန်းခံရဖို့ ရှိနေပါတယ်။

    အထူးသဖြင့် ၂၀၁၆ ခုနှစ် အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားက ၀င်ရောက်စွက်ဖက်ဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ ကိစ္စဖြစ်ပြီး Facebook ရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အကြီးအကဲ ရှီရီလ်ဆန်ဘာ့ဂ်နဲ့ Twitter ရဲ့ အမှုဆောင်အကြီးအကဲ ဂျက်ဒေါ်စီတို့က အထက်လွှတ်တော်ရဲ့ ထောက်လှမ်းရေးကော်မတီရှေ့မှောက်မှာ ရှင်းပြရမှာ ဖြစ်ပါတယ်။

    ဆန်ဘာ့ဂ်က မနေ့မှာ ကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး သူတို့အနေနဲ့ အခြားသူတွေကို သတင်းမှားတွေပေးဖို့ ရည်ရွယ်တဲ့ အကောင့်တွေ၊ page တွေ ရာနဲ့ချီကို ဖယ်ရှားပစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လာမယ့်နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲမှာ နည်းပညာကုမ္ပဏီတွေဟာ ၀င်ရောက်စွက်ဖက်ဖို့ ရှိနေတယ်လို့ မကြာသေးခင်က စွပ်စွဲထားပါတယ်။

    ၂၀၁၆ ရွေးကောက်ပွဲကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့လတွေအတွင်း Facebook တည်ထောင် မာ့ခ် ဇက်ကာဘတ် အပါအ၀င် နည်းပညာကုမ္ပဏီတွေက တာဝန်ရှိသူတွေဟာ အမေရိကန်လွှတ်တော်မှာ စစ်ဆေးမေးမြန်းခံခဲ့ရပါတယ်။

    ရုရှားဟာ ဆိုရှယ်မီဒီယာကို အသုံးပြုပြီး အမေရိကန်ပြည်သူလူထုအပေါ် လွှမ်းမိုးဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်အထက်လွှတ်တော်က အထောက်အထားတွေ ရှာဖွေဖို့ ကြိုစားနေတာပါ။

    ရုရှားကတော့ အမေရိကန်ရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

    Ref: Reuters

  • Facebook နှင့် Instagram တို့က သုံးစွဲချိန်ကန့်သတ်နိုင်သည့် လုပ်ဆောင်ချက်ကို  ထည့်သွင်းပေး

    Facebook နှင့် Instagram တို့က သုံးစွဲချိန်ကန့်သတ်နိုင်သည့် လုပ်ဆောင်ချက်ကို ထည့်သွင်းပေး

    သြဂုတ် ၁၊ ၂၀၁၈
    M-Media

    – ဆိုရှယ်မီဒီယာ အသုံးပြုတဲ့အချိန်ကို ကန့်သတ်နိုင်မယ့် လုပ်ဆောင်ချက်တစ်ခုကို Faceobook နဲ့ Instagram တို့က ထည့်သွင်းပေးလိုက်ပါတယ်။

    ဆိုရှယ်မီဒီယာကို အချိန်အကြာကြီး အသုံးပြုတာဟာ စိတ်ကျန်းမာရေးကို ဆိုးရွားစေတယ်နိုင်တယ်ဆိုတဲ့ သတိပေးချက်တွေ ပေါ်ထွက်လာခဲ့ပြီးတဲ့နောက် ထိပ်တန်းဆိုရှယ်မီဒီယာနှစ်ခုက အခုလို ထည့်သွင်းပေးခဲ့တာပါ။

    လုပ်ဆောင်ချက်အသစ်ကြောင့် အသုံးပြုသူတွေဟာ ဆိုရှယ်မီဒီယာအသုံးပြုတဲ့အချိန်ကို စစ်ဆေးနိုင်မှာဖြစ်ပြီး၊ သုံးစွဲချိန်ကိုလည်း သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။ သုံးစွဲချိန်သတ်မှတ်ထားမယ်ဆိုရင် အချိန်ပြည့်တာနဲ့ အသိပေးတာ၊ အချိန်အတိုင်းအတာတစ်ခုအထိ notification ပိတ်ပေးတာတွေကို လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

    ဒါပေမယ့် ဒါဟာ လုံလောက်မှုမရှိဘူးလို့ ဝေဖန်မှုတွေလည်း ရှိပါတယ်။

    ဆိုရှယ်မီဒီယာကို အချိန်ကြာရှည်စွာ အသုံးပြုတာဟာ ဆိုးကျိုးရှိတယ်ဆိုတာကို သိရှိကြောင်း Facebook က ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ သူတို့ရဲ့ ဘလော့စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    မီချီဂန်တက္ကသိုလ်၊ ဆန်ဒီယေဂိုတက္ကသိုလ်နဲ့ ယေးလ်တက္ကသိုလ်တို့က ပြုလုပ်တဲ့ လေ့လာဆန်းစစ်မှုတွေမှာ Facebook လို ဆိုရှယ်မီဒီယာတွေကို အလွန်အကျွံ အသုံးပြုသူတွေဟာ စိတ်ကျန်းမာရေးပိုင်းမှာ ပိုမိုဆိုးဝါးစေတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။

    အချိန့်ကန့်သတ်နိုင်မယ့် လုပ်ဆောင်ချက်အသစ်ကို Instagram မှာ settings ထဲက Your Activity မှာ သွားရောက်သတ်မှတ်နိုင်မှာဖြစ်ပြီး၊ Facebook မှာတော့ setting ထဲက Your Time on Facebook မှာ သွားရောက် သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

    Ref: BBC