News @ M-Media

Tag: Famous Mosque

  • ဗြိတိန်၏ အကောင်းဆုံး ဗိသုလက်ရာဆုကို ကမ်းဘရစ်ဂျ်ဗလီက ရရှိ

    ဗြိတိန်၏ အကောင်းဆုံး ဗိသုလက်ရာဆုကို ကမ်းဘရစ်ဂျ်ဗလီက ရရှိ

    နိုဝင်ဘာ ၂၆၊ ၂၀၁၉
    M-Media

    ဆုရသွားသည့် ကမ်းဘရစ်ဂျ်ဗလီ

    -ယူကေတစ်ဝှမ်းက ဘာသာ၊ လူမျိုးပေါင်းစုံရဲ့ လူသာအကျိုးပြု လုပ်ငန်းတွေ၊ စီမံကိန်းတွေကို စောင့်ကြည့်မှတ်တမ်းတင်တဲ့ Community and Faith စီမံကိန်းရဲ့ ‘၂၀၁၉ ခုနှစ် ဗိသုကာဆု’ ကို ကမ်းဘရစ်ဂျ်‌မြို့မှာရှိတဲ့ ဗလီဝတ်ကျောင်းတော်က ရရှိသွားပါတယ်။

    ဆုရသွားတဲ့ ‘ကမ်းဘရစ်ဂျ် ဗလီ’ (Cambridge Mosque) ဟာ ဥရောပရဲ့ ပထမဆုံး ဂေဟစနစ်နဲ့ကိုက်ညီတဲ့ ဗလီတစ်လုံးဖြစ်ပြီး ဆန်းသစ်တဲ့ ဗိသုကာလက်ရာ၊ အမြဲမပြတ်ရရှိနိုင်တဲ့ ရင်းမြစ်တွေကို အသုံးပြုထားမှု၊ သက်တောင့်သက်သာရှိမှုတွေကြောင့် Community and Faith စီမံကိန်းရဲ့ Architects’ Awards ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

    ဗလီရဲ့ ဗိသုကာလက်ရာဟာ မွတ်စလင်ရိုးရာနဲ့ ခေတ်သစ်အမြင်တွေကို ပေါင်းစပ်ထားတာပါ။ ကာဘွန်ထုတ်လွှတ်မှုကို အနည်းဆုံးဖြစ်အောင် စီမံထားသလို၊ သဘာ၀ပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ နည်းပညာတွေကိုလည်း အသုံးပြုထားပါတယ်။ မိုးရေကို ဗလီရဲ့ ရေအရင်းအမြစ်အဖြစ် စီစဉ်ထားပြီး၊ လေအားအသုံးပြု အပူစုပ်စက်တွေ၊ နေစွမ်းအင်အသုံးပြု ဓာတ်အားပေးနည်းလမ်းတွေကိုလည်း အသုံးပြုထားပါတယ်။

    Community and Faith စီမံကိန်းရဲ့ ဗိသုကာဆိုင်ရာဆုဟာ စာသင်ကျောင်းတွေ၊ ဝတ်ပြုရာအဆောက်အဦးတွေ၊ လူနေအိမ်ယာတွေ၊ အပန်းဖြေနေရာတွေလို ယူကေအတွင်း နယ်ပယ်စုံက ဗိသုကာလက်ရာတွေကို စာရင်းပြုစု ရွေးချယ်တာ ဖြစ်ပါတယ်။ ဇကာတင်စာရင်းမှာ ပါဝင်တဲ့ အဆောက်အဦးတွေကို ဆုရွေးချယ်ရေးအဖွဲ့က တာဝန်ရှိသူတွေကိုယ်တိုင် သွားရောက်လေ့လာ သုံးသပ်တာဖြစ်ပါတယ်။

    စီမံကိန်းရဲ့ ၂၀၁၉ ခုနှစ် ဆုပေးပွဲကိုတော့ လန်ဒန်မြို့မှာ နိုဝင်ဘာ ၂၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

    Ref: Cambridge Independent

  • ကမ္ဘာ့အထင်ရှားဆုံး ရေပေါ်ဗလီဝတ်ကျောင်းတော်များ

    ကမ္ဘာ့အထင်ရှားဆုံး ရေပေါ်ဗလီဝတ်ကျောင်းတော်များ

    မေ ၆၊ ၂၀၁၈
    M-Media

    – ကမ္ဘာပေါ်က ထင်ရှားတဲ့ ရေပေါ်ဗလီဝတ်ကျောင်းတော်တွေကို စုစည်းဖော်ပြလိုက်ပါတယ်။

    ၁။ အိုမာအလီ ဆိုင်ဖူဒင် ဗလီ – ဘရူးနိုင်း

    ဘရူးနိုင်းရဲ့ ၂၈ ယောက်မြောက် ဘုရင်ရဲ့အမည်ကို ဂုဏ်ပြုမှည့်ခေါ်ထားတဲ့ ဒီ ဗလီဝတ်ကျောင်းတော်ဟာ မြို့တော် ဘန်ဒါ ဆရီ ဘဂ်ဝမ်ရဲ့ အချက်အခြာနေရာမှာ တည်ရှိပါတယ်။ ဗလီကြီးရဲ့ အဓိကအမိုးခုံးဟာ မြို့ရဲ့မြင်ကွင်းကို လွှမ်းမိုးထားပြီး ဘယ်နေရာကနေကြည့်ကြည့် မြင်နိုင်ပါတယ်။

    ၁၉၅၈ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံရဲ့ အထင်ကရ အမှတ်သညာတစ်ခုအဖြစ် မှတ်ယူခံရပါတယ်။ ၀တ်ပြုရာနေရာအပြင် ကမ္ဘာလှည့်ခရီးသွားတွေကို စွဲဆောင်ရာနေရာလည်းဖြစ်ပြီး အရှေ့တောင်အာရှက ထင်ရှားတဲ့ ဗလီဝတ်ကျောင်းတော်တွေထဲက တစ်လုံး ဖြစ်ပါတယ်။

    ၂။ ဟာဆန် ၂ ဗလီ – မော်ရိုကို

    ဟာဆန် ၂ ဗလီဝတ်ကျောင်းတော်ဟာ မော်ရိုကိုမှာ အကြီးဆုံးဝတ်ကျောင်းတော်ဖြစ်ပြီး ကမ္ဘာ့ အထင်အကရ ဗလီဝတ်ကျောင်းတော်တွေစာရင်းမှာလည်း ပါဝင်ပါတယ်။ မြို့တော် ကာဆာဘလန်ကာမှာရှိတဲ့ ဒီဗလီဝတ်ကျောင်းတော်ကို ၁၉၉၃ ခုနှစ်က စတင်အသုံးပြုခဲ့ပြီး တစ်ကြိမ်တည်းမှာ လူပေါင်း ၁၀၅၀၀၀ ဦးလောက် ၀တ်ပြုနိုင်ပါတယ်။ ဗလီကြီးရဲ့ မင်နာရတ်မျှော်စင်ဟာ မီတာ ၂၁၀ ရှည်လျားပြီး ကမ္ဘာ့အမြင့်ဆုံး မင်နာရတ်ဖြစ်ပါတယ်။

    မော်ရိုကိုကထွက်တဲ့ ပစ္စည်းတွေနဲ့သာ တည်ဆောက်ထားတာဖြစ်ပြီး ၀တ်ပြုဆောင်ရဲ့ အစိတ်အပိုင်းတွေကို မှန်နဲ့ လုပ်ထားတာကြောင့် ၀တ်ပြုသူတွေဟာ ပင်လယ်ကို အတိုင်းသားမြင်နေရပါတယ်။

    ၃။ ကိုတာ ကင်ဘာလူ ဗလီ – မလေးရှား

    ကိုတာကင်ဘာလူ ဗလီဝတ်ကျောင်းတော်ရဲ့ ဗိသုကာလက်ရာ၊ အပြာရောင်နဲ့ ရွှေရောင် ရောစပ်ထားတဲ့ အမိုးခုံးတွေဟာ မဒီနာမြို့က တမန်တော်မြတ် ဗလီဝတ်ကျောင်းတော်ကို အတုယူ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အဲဒီရေပေါ်ဗလီကို ၀ိုင်းရံထားတဲ့ ရေထဲမှာ လူတွေဟာ လှေငယ်လေးတွေစီးတာ၊ အပန်းဖြေတာ၊ ဓာတ်ပုံရိုက်တာတွေ လုပ်နိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။ ဒီဗလီဝတ်ကျောင်းတော်ကြီးဟာ မလေးရှားက ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားရာနေရာလည်း ဖြစ်ပါတယ်။

    ၂၀၀၀ ခုနှစ်မှာ ဗလီဝတ်ကျောင်းတော်ကို ဖွင့်လှစ်ခဲ့ပြီး တစ်ကြိမ်တည်း လူပေါင်း ၁၂၀၀၀ လောက် ၀တ်ပြုနိုင်ပါတယ်။

    ၄။ မလကာရေလက်ကြား ဗလီ – မလေးရှား

    ကမ်းရိုးတန်းမြို့ မလာကာက လူလုပ်ထားတဲ့ကျွန်းအနီးမှာ တည်ရှိတဲ့ ဒီဗလီဝတ်ကျောင်းတော်ကို အရှေ့အလယ်ပိုင်းနဲ့ မလေးရိုးရာ လက်မှုပညာတို့ ပေါင်းစပ်တည်ဆောက်ထားတာ ဖြစ်ပါတယ်။

    ၂၀၀၆ ခုနှစ်မှာ ၀တ်ပြုသူတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေအတွက် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒီရေတက်လာတဲ့အခါ ဗလီဟာ ရေပေါ်မှာ ပေါလောမျောနေတဲ့ပုံစံဖြစ်အောင် ဖန်တီးထားပါတယ်။

    ၅။ တန်ဂျုန် ဘွန်းငါး ရေပေါ်ဗလီ – မလေးရှား

    မလေးရှားနိုင်ငံ ပီနန်မြို့မှာ တည်ရှိပြီး မလေးရှားက ပင်လယ်ပြင်မှာ ပထမဆုံး တည်ဆောက်ထားတဲ့ ဗလီဝတ်ကျောင်းတော် ဖြစ်ပါတယ်။

    ပီနန်ရဲ့ အထင်ရှားဆုံး နေရာတစ်ခုဖြစ်ပြီး လူပေါင်း ၁၅၀၀၀ လောက် တစ်ပြိုင်တည်း ၀တ်ပြုနိုင်ပါတယ်။

    ၆။ ခရစ္စတယ်ဗလီ – မလေးရှား

    ကမ္ဘာ့အကြီးဆုံး ဗလီဝတ်ကျောင်းတော်စာရင်းမှာ ပါဝင်ပြီး မလေးရှားရဲ့ အထင်ရှားဆုံးဖြစ်တဲ့ ဒီ ခရစ္စတယ်ဗလီဟာ ကွာလာ တရန်ဂါနူပြည်နယ်အနီးက ၀မ်မန်ကျွန်းမှာ တည်ရှိပါတယ်။ ၂၀၀၈ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး လူပေါင်း ၁၅၀၀၀ လောက် တစ်ချိန်တည်း ၀တ်ပြုနိုင်ပါတယ်။

    ဗလီဝတ်ကျောင်းတော်ရဲ့ အပြင်ပိုင်းကို စတီး၊ မှန်၊ ခရစ္စတယ်တွေနဲ့ ချယ်မှုန်းထားပြီး ပျိုးပျိုးပြက်ပြက် တောက်ပနေပါတယ်။ မင်နာရတ်မျှော်စင်ကိုတော့ ခရစ္စတယ်အကြည်နဲ့ ပြုလုပ်ထားပါတယ်။

    ၇။ ပူထရာဂျာယာဗလီ – မလေးရှား

    ပန်းရောင် နှမ်းဖတ်ကျောက်နဲ့ ဆောက်လုပ်ထားတဲ့ ဒီဗလီဝတ်ကျောင်းတော်ဟာ လူလုပ် ပူထရာဂျာယာ ကန်ကြီးကို လွှမ်းမိုးထားပြီး နိုင်ငံရဲ့ အထင်ရှားဆုံး အမှတ်သညာတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

    ဗလီဒီဇိုင်းကို ပါရှန်နဲ့ မလေး ဗိသုကာလက်ရာတွေ ပေါင်းစပ်ကို တည်ဆောက်ထားပါတယ်။ ၁၉၉၉ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ ဒီဗလီဟာ လူပေါင်း ၁၅၀၀၀ လောက် ၀တ်ပြုနိုင်ပါတယ်။

    ၈။ တန်ကူ တန်ဂါ ဇဟာရာ ဗလီ – မလေးရှား

    သေးငယ်ပေမယ့် နာမည်ကျော်ဗလီတစ်ခုဖြစ်ပြီး ကွာလာ အီဘိုင်မြစ်အနီး ကွာလာ အီဘိုင်း အပန်းဖြေကမ်းခြေမှာ တည်ရှိပါတယ်။ ဒီဗလီဟာ မလေးရှားမှာ ပထမဆုံးတည်ဆောက်ခဲ့တဲ့ ဗလီတစ်လုံးလည်း ဖြစ်ပါတယ်။

    ၁၉၉၅ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး တစ်ကြိမ်တည်း လူပေါင်း ၂၀၀၀ ၀တ်ပြုနိုင်ပါတယ်။ ဒီဇိုင်းကို မူးရ်လူမျိုးတွေရဲ့ ဗိသုကာနဲ့ တည်ဆောက်ထားပြီး နေထွက်ချိန်၊ နေ၀င်ချိန်တွေမှာ အလှပဆုံးပါပဲ။

    ၉။ မတ်စ်ဂျဒ်စ် အလ်-ဆလမ် – မလေးရှား

    ပူချွန်ပဒါနာမြို့မှာ တည်ရှိတဲ့ ဒီဗလီဝတ်ကျောင်းဟာ တည်ငြိမ်တဲ့ရေပြင်ကို လွှမ်းမိုးထားပြီး လက်ရောက်မြောက်တဲ့ ဗိသုကာ၊ ရွှေရောင်အမိုးခုံးတွေကြောင့် ထင်ရှားပါတယ်။ ၂၀၀၆ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး လူပေါင်း ၄၀၀၀ လောက် တစ်ကြိမ်တည်း ၀တ်ပြုနိုင်ပါတယ်။

    ၁၀။ အရ်-ရဟ်မန်း ဗလီ – ဆော်ဒီအာရေဗျ

    အလ်-ရဟ်မာနဲ့ ဖာတီမာ အလ် ဇဟ်ရာလို့ အမည်နှစ်ခုတွင်တဲ့ ဒီဗလီဟာ ဆော်ဒီရဲ့ ကမ်းရိုးတန်းမြို့ ဂျစ်ဒါက နာမည်ကျော်လူကြိုက်များတဲ့ အထင်ကရနေရာတွေထဲက တစ်ခု ဖြစ်ပါတယ်။ ပင်လယ်နီကို မိုးထားပြီး ရေပြင်ပမာဏ မြင့်တက်လာတဲ့အခါ ရေပေါ်ပေါ်နေသယောင် မြင်တွေ့ရပါတယ်။

    ဆော်ဒီက တစ်ခုတည်းသော ရေပေါ်ဗလီဖြစ်ပြီး ၁၉၈၅ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။

    Ref: Step Feed