News @ M-Media

Tag: famous muslim sports players

  • ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဟောင်း မိုဟာမက်အလီ (၇၄)နှစ် ကွယ်လွန်

    ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဟောင်း မိုဟာမက်အလီ (၇၄)နှစ် ကွယ်လွန်

    ဇွန် ၄၊ ၂၀၁၆
    M-Media
    . maxresdefault

    ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ၃ ကြိမ် ဖြစ်ခဲ့တဲ့ အမေရိကန် လက်ဝှေ့ကျော် မိုဟာမက်အလီဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် အမေရိကန်နိုင်ငံ ဖီးနစ်မြို့ ဆေးရုံတွင် ကုသမှု ခံနေရမှ ဒီကနေ့မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရပါတယ်။
    .
    ၂၀၁၄ ခုနှစ်မှာတော့ သူဟာ အဆုတ်ယောင်ရောဂါ ခံစားခဲ့ရကာ ၂၀၁၅ ခုနှစ်မှာတော့ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် ဆေးရုံတက်ရောက် ကုသမှုတွေ ခံယူခဲ့ရပါတယ်။
    .
    အမည်ပြောင် The Greatest နဲ့ ကျော်ကြားတဲ့ မိုဟာမက်အလီဟာ ၎င်းရဲ့ လက်ဝှေ့သက်တမ်းမှာ ကမ္ဘာ့ချန်ပီယံ ၃ ကြိမ်ဖြစ်ခဲ့ပြီး ၅၆ ပွဲ အနိုင်ရကာ ၅ ပွဲသာ ရှုံးနိမ့်ခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်မှာတော့ လက်ဝှေ့လောကကနေ အနားယူခဲ့ပါတယ်။ အလီဟာ ၎င်းရဲ့ လက်ဝှေ့စွမ်းရည်ကြောင့်သာမက နိုင်ငံသားအခွင့်အရေး လှုပ်ရှားမှုအတွက်လည်း ကျော်ကြားသူဖြစ်ပါတယ်။

    လက်ဝှေ့သမားများမှာ အဖြစ်များတဲ့ ပါကင်ဆန်ရောဂါကို အလီဟာ နှစ်ပေါင်း ၃၀ ကြာခံစားခဲ့ရပြီး အဲဒီရောဂါ ခံစားနေရသူတွေကို ကူညီထောက်ပံ့နိုင်ရေးအတွက် ပရဟိတအသင်းတစ်ခုဖြစ်တဲ့ Muhammad Ali Parkinson စင်တာကို ဖွင့်လှစ်ခဲ့ပါတယ်

    ကိုယ်ရေးအကျဉ်း
    —————–
    ငယ်နာမည်မှာ ကက်စီးယက်စ်ကလေး ဖြစ်ပြီး ၁၉၄၂ ခုနှစ် ဇန်န၀ါရီ ၁၇ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ ကန်တာကီ ပြည်နယ်၊ လူဝီဗေးလ်မြို့တွင် မွေးဖွားခဲ့ပါသည်။
    .
    ကက်စီးယက်စ်ကလေး၏ အပျော်တမ်းလက်ဝှေ့သမားဘ၀တွင် ကန်တာကီ ရွှေလက်အိတ် ချန်ပီယံ (၆)ကြိမ်၊ အမေရိကန် ရွှေလက်အိတ် ချန်ပီယံ (၂) ကြိမ်၊ အပျော်တမ်းလက်ဝှေ့ချန်ပီယံ တစ်ကြိမ်၊ ၁၉၆၀ ခုနှစ် အီတလီနိုင်ငံ ရောမမြို့တွင် ကျင်းပပြုလုပ်သည့် နွေရာသီ အိုလံပစ်တွင် လိုက်ဟဲဗီးဝိတ်တန်း လက်ဝှေ့ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ကြိမ်၊ စသဖြင့် ဆုတံဆိပ်ပေါင်း မြောက်များစွာရရှိခဲ့သည်။
    .
    ဟဲဗီးဝိတ်ချန်ပီယံ ဆန်နီ လစ်စတန်(Sonny Liston)ကို  ၁၉၆၄ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် စိန်ခေါ်ထိုးသတ်အနိုင်ရပြီး ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်လာခဲ့သည်။ ထိုစဉ် ကက်စီးယက်စ်ကလေးမှာ အသက်(၂၂)နှစ်သာ ရှိသေးသည်။
    .Muhammad-Ali-Converted-to-Islam-Religion
    ဟဲဗီးဝိတ်ချန်ပီယံဖြစ်ပြီးနောက် ကလေးသည် အစ္စလာမ်သာသနာသို့ ကူးပြောင်းခဲ့ပြိး သူ၏ အမည်ကိုလည်း မိုဟာမက်အလီ အဖြစ် ပြောင်းလဲခဲ့သည်။
    .
    ၁၉၆၇ ခုနှစ်တွင် အမေရိကန်စစ်တပ်သို့ ၀င်ရောက်အမှုထမ်းရန် ငြင်းဆိုမှုကြောင့် ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို ရုပ်သိမ်းခံခဲ့ရသည်။ လက်ဝှေ့ထိုးသတ်ခွင် လိုင်စင်ပိတ်သိမ်းခံရပြီး လက်ဝှေ့ထိုးသတ်ခွင့်ကို ၅နှစ် ရပ်နားခံခဲ့ရသည်။
    .
    လက်ဝှေ့ထိုးခွင့်လိုင်စင်ပြ၇ပြိး ၁၉၇၀ခုနှစ် တွင် လက်ဝှေ့ ထိုးသတ်ခွင့်လိုင်စင် ပြန်လည်ရရှိသည်။
    .
    ၁၉၇၄ အောက်တိုဘာ ၃၀ ရက်နေ့တွင် ထိုစဉ်က ဟဲဗီးဝိတ်ချန်ပီယံ ဂျော့ဂ်ျ ဖိုမန်(George Foreman)ကို အလဲထိုး အနိုင်ယူနိုင်ခဲ့ကာ ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို ဒုတိယအကြိမ် ပြန်လည် ဆွတ်ခူးနိုင်ခဲ့သည်။
    .
    ၁၉၇၈ ခုနှစ် ဖေဖော်ဝါရီလတွင် လက်ဝှေ့ကျော် လီယွန် စပင့်(Leon Spinks) နှင့် ထိုးသတ်ရာတွင် ရှုံးနိမ့်ခဲ့ပြီး ဟဲဗီးဝိတ် ချန်ပီယံဘွဲ့ကို လက်လွှတ်ခဲ့ရသော်လည်း ထိုနှစ် စက်တင်ဘာလတွင် လီယွန်စပင့်နှင့် မကြေပွဲ ပြန်လည်ထိုးသတ်ခဲ့ရာ အလီမှ အနိုင်ရရှိခဲ့ကာ ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို သုံးကြိမ်ဆွတ်ခူးနိုင်သည့် ပထမဦးဆုံး လက်ဝှေ့သမား ဖြစ်လာခဲ့သည်။
    Mohammad ali
    ၁၉၇၉ ခုနှစ် ဇူလိုင်လတွင် အလီသည် လက်ဝှေ့လောကမှ အနားယူလိုက်ပြီဟု ကြေညာခဲ့သည်။ သို့သော်လည်း မကြာမီပင် လက်ဝှေ့ကြိုးဝိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ကာ ၁၉၈၁ ခုနှစ် ဒီဇင်ဘာလတွင်မှ လက်ဝှေ့လောကမှ အပြီးတိုင် အနားယူခဲ့သည်။
    .portland-press-herald_3672761
    မိုဟာမက်အလီ သည် ဟဲဗီးဝိတ်လက်ဝှေ့သမိုင်း၏ ရွှေခေတ်ဟု ခေါ်ဝေါ်သည့် သူ့ခေတ်သူ့အခါက ထိပ်တန်းဟဲဗီးဝိတ်ချန်ပီယံများကို အနိုင်ယူနိုင်ခဲ့သည်။ ရင်းမဂ္ဂဇင်း(Ring Magazine) ၏ “တစ်နှစ်တာအကောင်းဆုံးလက်ဝှေ့သမား” (Fighter of the Year) အဖြစ် အခြားလက်ဝှေ့သမားများထက် အကြိမ်များစွာ ရွေးချယ်ခံခဲ့ရသည်။  ထို မဂ္ဂဇင်းကပင် ရွေးချယ်သော “တစ်နှစ်တာ အကောင်းဆုံးလက်ဝှေ့ပွဲ” (Fight of the Year) တွင်လည်း အလီမှာ အခြားသူများထက် အကြိမ်များစွာ ဖော်ပြခံခဲ့ရသည်။ ၎င်းအပြင် အလီမှာ နိုင်ငံတကာလက်ဝှေ့အကျော်အမော်များ Hall of fame တွင် ပါဝင်ပြီး Sports Illustrated  မဂ္ဂဇင်း၏ “တစ်နှစ်တာအကောင်းဆုံး အားကစားသမား” စာရင်းတွင်ပါဝင်သည့် လက်ဝှေ့သမားသုံးဦးအနက်မှ တစ်ဦးဖြစ်သည်။

     

    မုဟမ္မဒ် အလီ (ခ) ကက်စီးယက်စ် ကလေး အကြောင်း အသေးစိတ်ဖတ်ရန်
    http://www.m-mediagroup.com/news/13732

  • ကျွန်တော် ဘာကြောင့် အစ္စလာမ်ကို သက်ဝင်လက်ခံရသလဲ ? (Kareem Abdul-Jabbar)

    ကျွန်တော် ဘာကြောင့် အစ္စလာမ်ကို သက်ဝင်လက်ခံရသလဲ ? (Kareem Abdul-Jabbar)

    ဧပြီ ၂၈ ၊ ၂၀၁၅
    M-Media

    ကျွန်တော် ဘာကြောင့် အစ္စလာမ်ကို သက်ဝင်လက်ခံရသလဲ ? (Kareem Abdul-Jabbar- အမေရိကန် နာမည်ကြီး ဘတ်စကက်ဘော ကစားသမား)

    kareem-abdul-jabbar-lakers
    အမေရိကားမှာ မွတ်စ်လင်မ်တစ်ဦးဖြစ်ရခြင်းက မလွယ်လှပါဘူး၊ ဒါပေမယ့် ကျွန်တော့်ရွေးချယ်မှုက နာမ်ပိုင်းဆိုင်ရာအသွင်ကူးပြောင်းမှုလို့ ဆိုရပါမယ်။

    ကျွန်တော့်ကို လျူ အလ်စင်းဒေါ Lew Alcindor အဖြစ် မွေးဖွားခဲ့ပါတယ်။ ခုတော့ ကရီးမ် အဗ်ဒုလ် ဂျဗ္ဗာ့ရ် Kareem Abdul-Jabbar ဖြစ်နေပါပြီ။

    လျူ ဘ၀ကနေ ကရီးမ်အဖြစ် အသွင်ကူးပြောင်းမှုဟာ Sean Combs ကနေ Puff Daddy ၊ အဲ့ဒီကနေ Diddy ၊ နောက်တစ်ဆင့် P. Diddy ဖြစ်သွားသလိုမျိုး နာမည်ကြီးအောင် အမည်နာမမျှသာ တံဆိပ်ပြောင်းလဲလိုက်ခြင်း မဟုတ်ပါဘူး။ နှလုံးသား၊ စိတ်၊ ၀ိညာဉ်များရဲ့ အသွင်ကူးပြောင်းချက်ပါ။ အမေရိကလူဖြူတွေ မျှော်လင့်တဲ့အတိုင်း ကျွန်တော်ဟာ လျူအဖြစ်နဲ့ သူလိုကိုယ်လို နေထိုင်ခဲ့တာပေါ့။ ခုချိန်မှာတော့ ကျွန်တော့်ရဲ့ အာဖရိကန်သမိုင်း၊ ယဉ်ကျေးမှုနဲ့ ယုံကြည်မှုတွေကို ကိုယ်ထင်ပြပြီး အဗ်ဒုလ် ဂျဗ္ဗာ့ရ် အဖြစ် ရပ်တည်နေပါပြီ။

    လူအများစုအတွက် ဘာသာတစ်ခုကနေ နောက်တစ်ခုကိုကူးပြောင်းခြင်းဆိုတာ စေ့စပ်သေချာစွာသိမြင်နားလည်ထားဖို့ လိုအပ်တဲ့ သီးခြားကိစ္စတစ်ခု ဖြစ်ပါတယ်။ သို့သော် အသင်က လူသိများကျော်ကြားသူဖြစ်နေရင်တော့ အဲ့ဒီကိစ္စဟာ လူတွေရဲ့မျက်စေ့ဒေါက်ထောက်ကြည့်ခံရပြီး အငြင်းပွားစရာ ဖြစ်သွားနိုင်ပါတယ်။ ပြီးတော့ အသင်ဟာ ထိတွေ့မှုနည်းပါးတဲ့ သို့မဟုတ် လူသိနည်းတဲ့ ဘာသာတရားတစ်ရပ်ကို ကူးပြောင်းမယ်ဆိုရင် မိမိရဲ့ကိုယ်ရေးကိုယ်တာ၊ အမျိုးသားရေးနဲ့ စိတ်ဖြူစင်မှုဆိုင်ရာ ဝေဖန်ချက်တွေကို ဖိတ်ခေါ်မှု ဖြစ်လာစေပါတယ်။ ကျွန်တော် မွတ်စ်လင်မ်ဖြစ်ခဲ့တာ နှစ်ပေါင်း ၄၀ ကျော်လွန်နေချိန်မှာပင်လျှင် အဲ့ဒီရွေးချယ်မှုနဲ့ပတ်သက်ပြီး ခုခံကာကွယ်နေရဆဲပါ။

    နာမည်ကြီးအတွက် မလွယ်ကူ
    —————————-
    UCLA မှာ မောင်သစ်လွင်ဖြစ်စဉ်ကပဲ အစ္စလာမ်နဲ့ ကျွန်တော် ထိတွေ့ခဲ့ပါတယ်။ တိုင်းသိပြည်သိ ဘတ်စကက်ဘောကစားသမားဆိုတဲ့အဆင့် ရောက်ခဲ့ပြီးဖြစ်သော်ငြား ကျွန်တော်ဟာ ကိုယ်ပိုင်ဘ၀ကို သီးခြားထုတ်ယူနိုင်အောင် ကြိုးစားခဲ့တယ်။ လူသိများကျော်ကြားမှုက ကျွန်တော့်ကို ပူပင်မှုတွေများစေတယ်၊ သက်တောင့်သက်သာမဖြစ်စေခဲ့ပါဘူး။ နုပျိုငယ်ရွယ်ဆဲဖြစ်တော့ မီးမောင်းရှေ့မှာ ဘာကြောင့်ရှက်နေသလဲလို့ သေသေချာချာ မရှင်းပြနိုင်ခဲ့ဘူးလေ။ နောက်ထပ်နှစ်အနည်းငယ်ကြာပြီးနောက်မှာတော့ ကောင်းကောင်းကြီး သဘောပေါက်လာပါတော့တယ်။

    လူတွေ အမွှမ်းတင်ဂုဏ်ပြုနေသူဟာ စင်စစ်အားဖြင့် ငါ ဆိုတဲ့သူ မဟုတ်ပါလားဆိုတဲ့ ခံစားချက်က ကျွန်တော့်စိတ်ကျဉ်းကြပ်မှုရဲ့အစိပ်အပိုင်းတစ်ခုပါပဲ။ ကျွန်တော်ဟာ လူကြီးတစ်ဦးဖြစ်လာတော့မယ့် မြီးကောင်ပေါက်အရွယ်တစ်ယောက်သာမက နိုင်ငံတွင်းက အကောင်းဆုံးကောလိပ်ဘတ်စကက်ဘောအသင်းတစ်ခုအတွက် ကစားရင်း ပညာရေးရှေ့ဆက်နိုင်အောင် ကြိုးစားနေရသူပါ။ ၁၉၆၆ နဲ့ ၆၇ ခုနှစ်မှာပေါ့။ ကျားသစ်နက်ပါတီကိုတည်ထောင်ပြီး မစ္စစ္စပီမြစ်ကို ဖြတ်ကျော်ချီတက်လာရာမှာ James Meredith ဟာ ချုံခိုတိုက်ခိုက်ခံခဲ့ရတယ်။ Thurgood Marshall ဟာ ပထမဆုံး အာဖရိကန်နွယ်ဖွားအမေရိကန် ဗဟိုတရားသူကြီးချုပ်အဖြစ်ခန့်အပ်ခံရတယ်။ လူမည်းဖြစ်နေခြင်းဆိုတဲ့အချက်ကြောင့် ဒက်ထရွိုက်မှာ လူမျိုးရေးအဓိကရုဏ်းဖြစ်ပြီး ၄၃ ဦးသေဆုံးတယ်။ ၁၁၈၉ ဦး ဒဏ်ရာရတယ်။ အိမ်ခြေ ၂၀၀၀ ကျော် ဖျက်ဆီးခံလိုက်ရပါတယ်။

    အဲ့ဒီမှာ ကျွန်တော် သဘောပေါက်သွားခဲ့တယ်။ လူတကာ ချီးကျူးအားပေးနေကြတဲ့ ကျွန်တော် Lew Alcindor ဆိုတာ သူတို့ယူဆထားတဲ့သူအစစ် မဟုတ်ပါဘူး။ လူမျိုးရေးတန်းတူဆက်ဆံမှုကို ပုံဆောင်ဖော်ကျူးပေးနေတဲ့ ရွှေမင်းသားအဖြစ် သူတို့က လိုချင်နေကြတာပါ။ ဘယ်လိုလူမျိုး၊ ဘာသာ၊ အလွှာ – ဘယ်လိုကျောထောက်နောက်ခံရှိသူဖြစ်နေပါစေ အမေရိကန်အိပ်မက်ကို အရောက်လှမ်းနိုင်ပါတယ် ဆိုတဲ့ ကြော်ငြာလူငယ်လေးပေါ့ဗျာ။ သူတို့အဖို့ ကျွန်တော်က “လူမျိုးကြီးဝါဒမဲ့ သက်ရှိသာဓက” တစ်ရပ် ဖြစ်နေခဲ့တယ်။
    kareem-abdul-jabbar-karriere-lakers-magic-johnson-larry-bird-20
    အရပ် ၇ပေ ၂လက္မရှိပြီး အားကစားထူးချွန်တာကြောင့် ဒီနေရာကိုရောက်လာတာပါ။ တန်းတူအခွင့်အရေးပေးတဲ့အနေနဲ့ ကစားကွင်းထဲရောက်လာတာမဟုတ်ကြောင်း ကျွန်တော် သိပြီးသားပါ။ ဒါပေမယ့် အထက်လူကြီးတွေ ကျေနပ်အောင်ကြိုးစားရေး အတွက် ပျိုးထောင်မှုအကြား ကျွန်တော် ဖြတ်သန်းနေရပါတယ်။ ကျွန်တော့်ဖခင်က စည်းကမ်းသားကောင် ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တယ်။ ကျွန်တော်က စည်းမျဉ်းတွေပိုတင်းကြပ်တဲ့ ဓမ္မဆရာတွေ၊ သီလရင်တွေနဲ့အတူ ကက်သလစ်ကျောင်းကို တက်ခဲ့ရသူပါ။ စည်းကမ်းကလနားပိုများတဲ့ နည်းပြတွေအတွက် ကျွန်တော် ဘတ်စကက်ဘော ကစားခဲ့သူပါ။ အဲ့ဒီနေရာတွေ ပြန်လှန်ပြောဆို တင်ပြခွင့်ဆိုတာ မရှိပါဘူး။

    ၁၉၆၀ ခုနှစ်များအတွင်း ကြီးပြင်းလာသူဖြစ်လို့ စံပြလူမည်းအမျိုးသားတွေကို များများစားစား မသိနိုင်ခဲ့ပါဘူး။ မာတင်လူသာကင်း ဂျူနီယာကို သူရဲ့ ကိုယ်ကျိုးစွန့်သတ္တိနဲ့ စွမ်းဆောင်ချက်တွေအတွက် ကျွန်တော် လေးစားအားကျတယ်။ လူများစုလူဖြူတွေရဲ့အသိတရားမှာ လူမည်းတွေက လူကောင်းသူမွန်တွေ မဟုတ်ဘူးလို့ စွဲမှတ်ထားပုံရပါတယ်။ လူမည်းတွေဟာ တမင်နှိမ့်ချဆက်ဆံရမယ့်လူမျိုးစုတွေ၊ သူတို့လိုအပ်တဲ့ အခွင့်အရေးတွေရဖို့ လူဖြူတွေဆီ လက်ဖြန့်ရမယ့်လူစားတွေ သို့မဟုတ် လူဖြူတွေရဲ့အိမ်၊ လုပ်ငန်းနဲ့ သမီးတွေကို ဖယ်ထုတ်ချင်နေတဲ့ လူမျိုးရေးပြဿနာရှာသူတွေ စသဖြင့် တစ်ခုမဟုတ်တစ်ခု ထင်မှတ်ထားကြတယ်။ လူဖြူတွေက လုပ်ငန်းဖြစ်စေ၊ အားကစားမှာဖြစ်စေ သူတို့ကိုယ်ကျိုးစီးပွားတွေအပေါ် သစ္စာစောင့်သိနိုင်မယ်လို့မျှော်မှန်းထားတဲ့ ရုပ်ပြတွေကိုသာ လူကောင်းသူမွန်များအဖြစ် အသိအမှတ်ပြုကြတယ်လေ။ ဒီအရှိတရားက တစ်ခုခုကြောင့် မှားယွင်းနေတာ၊ ဒါကို အပြောင်းအလဲလုပ်ဖို့လိုတာ ကျွန်တော် သိခဲ့ပါတယ်။ အဲ့ဒါက ကျွန်တော့်အတွက် ဘာတွေအကျိုးသက်ရောက်လာမယ်ဆိုတာကိုတော့ မသိပါဘူး။

    kareem-celtics-74

    ကျွန်တော်ဟာ ချာ့ခ်ျကျောင်းတွေကို မီးလောင်တိုက်တွင်းတော့မလိုလို အမေရိကန်အလံကို အစိပ်စိပ်အမြွာမြွာ ဆွဲဆုတ်ပစ်တော့မလိုလို ကျွန်တော့်ပရိသတ်အချို့က ကျွန်တော့်ဆုံးဖြတ်ချက်အပေါ် တစ်ဖက်စွဲအမြင်ထားရှိခဲ့ကြတယ်။

    ကျွန်တော့်ရဲ့ အစောပိုင်းလူသစ်တန်းနိုးကြားမှုကို “Malcolm X ကိုယ်တိုင်းရေးအတ္ထုပ္ပတ္ထိ” စာအုပ် ဖတ်ရှုရာမှ အများအပြားရရှိခဲ့တယ်။ တကယ့်အကျဉ်းထောင်ထဲ ခြေမချမီ မိမိဟာ လူမျိုးခွဲခြားရေးဝါဒရဲ့ဓားစာခံအဖြစ် ရေရှည်ပိတ်ခံရသူဖြစ်ကြောင်း နားလည်သွားပုံကို ဖော်ပြတဲ့ မဲလ်ကွန်မ်အကြောင်းက ကျွန်တော့်ကို ညှို့ယူသွားပါတယ်။ ကျွန်တော် ခံစားနေရတာနဲ့ ထပ်တူထပ်မျှဖြစ်နေတာကိုးဗျ။ ပုံဖော်ချက်အရိပ်တစ်ခုအောက်မှာ ကျွန်တော် အကျဉ်းကျနေရတယ်လေ။ ပထမဆုံးအနေနဲ့ မဲလ်ကွန်မ်က သူ့မိဘရဲ့ပျိုးထောင်မှုဖြစ်တဲ့ နှစ်ခြင်းဘာသာကို သူ့ထံက ဖယ်ခွာလိုက်တယ်။ ပြီးတော့ အစ္စလာမ်ကို လေ့လာတယ်။ သူ့အဖို့ ခရစ်ယာန်ဝါဒဟာ လူမည်းတွေကိုကျွန်ပြုရေး လူဖြူယဉ်ကျေးမှုရဲ့အုတ်မြစ်တစ်ခု၊ ဒါ့အပြင် လူ့အဖွဲ့အစည်းအကြား လူမျိုးကြီးဝါဒကျားကန်ချက် ဖြစ်နေပါတယ်။ သူ့မိသားစုကို အစွန်းရောက် ခရစ်ယာန် Ku Klux Klan ကေသုံးလုံးဂိုဏ်းသားတွေက တိုက်ခိုက်ပြီး သူ့အိမ်ကိုလည်း မီးရှို့ခဲ့ကြတယ်။

    သနားစဖွယ်ရာဇ၀တ်သားကနေ နိုင်ငံရေးခေါင်းဆောင်အဖြစ် မဲလ်ကွန်မ် အိတ်စ်ရဲ့ ပုံလွှာအပြောင်းအလဲက ကျွန်တော့်ရဲ့ကြီးပြင်းမှုအပေါ် စေ့စေ့စပ်စပ် သုံးသပ်စေခဲ့တယ်။ ကျွန်တော့်ရဲ့ လူမျိုးရေးအမှတ်သညာအကြောင်းကိုလည်း နက်ရှိုင်းစွာ စဉ်းစားဖို့ တွန်းအားပေးခဲ့ပါတယ်။ အစ္စလာမ်က သူ့ကိုသူ အမှန်အတိုင်းတွေ့မြင်လာစေခဲ့ပြီး၊ လူဖြူလူမည်းနှစ်ရပ်စလုံးရဲ့သူစိမ်းဆန်မှုကို ရင်ဆိုင်ရေးအတွက်သာမက တန်းတူလူမှုဆက်ဆံရေး တိုက်ပွဲဝင်ဖို့အတွက် ခွန်အားတွေ ဖြည့်ပေးခဲ့ပါတယ်။ ဒါနဲ့ ကျွန်တော်လည်း ကုရ်အာန်ကျမ်းတော်ကို စတင် လေ့လာပါတော့တယ်။

    kareem-college

    ယုံကြည်လက်ခံခြင်းနဲ့ အာခံခြင်း
    ——————————-
    ဒီဆုံးဖြတ်ချက်က ကျွန်တော့်ကို နာမ်ပိုင်းပြည့်ဝမှုလမ်းကြောင်းတစ်ရပ်ဆီ ဦးလည်မသုန် ချမှတ်ပေးလိုက်ပါတယ်။ ဒါပေမယ့် ချောမွေ့တဲ့ ပန်းခင်းလမ်းတစ်ခု မဟုတ်ခဲ့တာတော့ အမှန်ပါ။ လမ်းခရီးတစ်လျှောက် ချွတ်ချော်မှုတွေ မနည်းပါဘူး။ မိမိယုံကြည်ချက်တွေ ထက်ရှလာရေးနဲ့ စိန်ခေါ်ရေး အလို့ငှာ တွေ့ရှိချက်အမှားအယွင်းတွေ၊ အတားအဆီးအနှောင့်အယှက်တွေ၊ လမ်းကြောင်းချော်မှုတွေကို တပုံတပင် ဖြတ်သန်းရပါတယ်။ “ရင်းနှီးပေးဆပ်ဖို့ အဆင်သင့်ဖြစ်သွားတဲ့လူတစ်ယောက်ဟာ မိမိကိုယ်ကို အရူးလုပ်ဖို့ ခေါင်းစဉ်တပ်ခံရသူလို့ ကျွန်တော် ယူဆတယ်” လို့ မဲလ်ကွန်မ် ကပြောခဲ့တယ်။

    ကျွန်တော် …… ရင်းနှီးပေးဆပ်ခဲ့တယ်လေ။

    အစောပိုင်းကပြောခဲ့သလိုပါပဲ၊ ကျွန်တော်ဟာ စည်းကမ်းရဲ့ကျွန်အဖြစ် ကြီးပြင်းလာခဲ့တယ်။ အထူးသဖြင့် စာသင်ဆရာ၊ ဓမ္မဆရာ၊ နည်းပြဆရာဆိုတဲ့ စည်းကမ်းထုတ်သူတွေအပေါ်မှာပေါ့။ ကျွန်တော်က အများနဲ့မတူတဲ့ ကျောင်းသားတစ်ဦးဖြစ်တဲ့အတိုင်း အစ္စလာမ်အကြောင်း သိချင်စိတ်ပြင်းပြလာတဲ့အချိန်မှာ Hammas Abdul-Khaalis ကို ဆရာတင်ဖို့ ရှာတွေ့ခဲ့တယ်။ Milwaukee Bucks မှာ ကစားနေစဉ်တစ်လျှောက် ဟမ္မာ့စ်ရဲ့ အစ္စလာမ့်တင်ပြချက်တွေထဲ စီးမျောခဲ့တယ်။ အဲ့ဒီနောက် ကျွန်တော့်အသက် ၂၄ နှစ်၊ ၁၉၇၁ ခုနှစ်မှာ အစ္စလာမ်ကို သက်ဝင်လက်ခံလိုက်ပြီး ကရီးမ် အဗ်ဒုလ် ဂျဗ္ဗာ့ရ် ဖြစ်လာပါတော့တယ်။ ကရီးမ် အဗ်ဒုလ် ဂျဗ္ဗာ့ရ် ဆိုတာ “အနန္တစွမ်းအားရှင်ရဲ့နာခံကျွန် ထွဋ်မြတ်သူ” လို့ အဓိပ္ပာယ်ရပါတယ်။

    ကျွန်တော့်ကို မကြာခဏမေးမြန်းကြတဲ့မေးခွန်းတစ်ခုရှိတယ်။ အမေရိကန်ယဉ်ကျေးမှုနဲ့ မနီးစပ်လှတဲ့ သာသနာ၊ လူတွေ အသံထွက်ပြောဆိုဖို့ ခဲယဉ်းတဲ့ အမည်နာမကို ဘာကြောင့် ရွေးချယ်ရတာလဲတဲ့။ ကျွန်တော်ဟာ အမေရိကန်အလံကိုဆုတ်ဖြဲပြီး ချာ့ခ်ျကျောင်းတွေကို မီးရှို့တော့မလားဆိုပြီး ကျွန်တော့်ပရိသတ်အချို့က တစ်ဖက်သတ်ဆန်ဆန် အမြင်ရှိကြတယ်။ အမှန်တကယ်ပဲ ကျွန်တော်က ကျွန်တော့်ရဲ့အမေရိကန် ယဉ်ကျေးမှုနဲ့ မနီးစပ်တဲ့ သာသနာကို အာခံပယ်လှန်ပြီး ကျွန်တော့်ရဲ့အာဖရိကန် လူမည်းအမွေအနှစ်တစ်ရပ်ကို လက်ခံလိုက်တာလေ။ (အာဖရိကတိုက်ကနေ ခေါ်ဆောင်လာခဲ့တဲ့ ကျွန်တွေ ၁၅ ရာခိုင်နှုန်းက ၃၀ ရာခိုင်နှုန်းအထိဟာ မွတ်စ်လင်မ်တွေ ဖြစ်ခဲ့ပါတယ်)။ ၁၉၃၀ ခုနှစ်က တည်ထောင်ခဲ့တဲ့ အမေရိကန် အစ္စလာမ်လှုပ်ရှားမှုအဖွဲ့ Nation of Islam ထဲ ကျွန်တော် ၀င်လိုက်ပြီလို့ ပရိသတ်တွေက ထင်မြင်ကြတယ်။ Nation of Islam ရဲ့ခေါင်းဆောင် Malcolm X ရဲ့လွှမ်းမိုးမှု ကျွန်တော့်အပေါ် ရှိနေလင့်ကစား အဲ့ဒီအဖွဲ့ထဲ မ၀င်ရောက်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးထက် နာမ်ပိုင်းဖွံ့ဖြိုးရေးကိုသာ ကျွန်တော် အာရုံစိုက်ချင်လို့ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ သူ့အဖွဲ့ဝင်သုံးဦးက သူ့ကို ပြန်လုပ်ကြံမှုမတိုင်မီ အဲ့ဒီအုပ်စုကို မဲလ်ကွန်မ် စွန့်ခွာခဲ့ပါတယ်။

    ကျွန်တော့်ရဲ့ ကူးပြောင်းသက်ဝင်မှုအပေါ် မိဘတွေက မနှစ်မြို့ကြဘူး။ သူတို့က တင်းကြပ်လှတဲ့ ကက်သလစ်တွေ မဟုတ်သော်လည်း ကျွန်တော့်ကို ခရစ်ယာန်အယူဝါဒပေါ်ယုံကြည်ဖို့ ပျိုးထောင်ခဲ့တာကိုး။ ဒါပေမယ့် သမိုင်းကြောင်းကို ပိုလေ့လာကြည့်လေ ကျွန်တော့်လူမျိုးကျွန်ပြုခံရမှုနဲ့ပတ်သက်ပြီး ခရစ်ယာန်အယူကို ပိုပြီး စိတ်မချမ်းမြေ့လေ ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်လည်း ဒုတိယမြောက်ဗာတီကန်ကောင်စီက ၁၉၆၅ ခုနှစ်မှာ “ကျွန်ပြုခြင်းစနစ်ဟာ ဘုရားသခင်ကိုသိက္ခာချတဲ့ လုပ်ရပ်ဆိုးဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်းအတွက် အဆိပ်အတောက်ဖြစ်ကြောင်း” ကြေငြာခဲ့တာပေါ့။ ဒါပေမယ့် အဲ့ဒီကြေငြာချက်က ကျွန်တော့်အတွက် မလုံလောက်သလို အခါလည်းနှောင်းသွားခဲ့ပါပြီ။ ကျောင်းတော်ဝါဒ ကျဆုံးမှုဟာ ပြုပြင်တည့်မတ်မယ့်အစား အင်အားနဲ့သြဇာသုံးပြီး ကျွန်စနစ်ကို အဆုံးသတ်စေတာကြောင့် ဖြစ်တယ်။ မွေးရာပါအပြစ်သား ဆိုတဲ့အတွေးအခေါ်ကလည်း ကျွန်တော့်အဖို့ မခံချိမခံသာဖြစ်စေခဲ့တယ်လေ။ ဆိုးသွမ်းတဲ့ သာသနာပိုင်ပုဂ္ဂိုလ်အချို့ (ဥပမာ – Dum Diversas နဲ့ Romanus Pontifex )က ဒေသခံတိုင်းရင်းသားတွေကို ကျွန်ပြုဖို့၊ နယ်မြေ မတရားသိမ်းယူဖို့ အမြင်ဆိုးတွေသွတ်သွင်းခဲ့ကြတာဖြစ်တယ်။

    (အခြားသာသနာတစ်ခုကို)ကူးပြောင်းသက်ဝင်မှုဆိုတာ အန္တရာယ်များတဲ့ကိစ္စတစ်ရပ်ပါ။ ဘာကြောင့်လဲဆိုတော့ မိသားစု၊ မိတ်ဆွေ၊ အသိုင်းအ၀ိုင်းရဲ့ထောက်ခံကျားကန်ပေးမှုတွေကို ဆုံးရှုံးသွားနိုင်လို့ ဖြစ်ပါတယ်။

    ပြီးတော့ ခရစ်ယာန်အများအပြားဟာ သူတို့ရဲ့ဘ၀၊ မိသားစုဝင်တွေကို ရင်းနှီးစွန့်စားလို့ ကျွန်စနစ်ကို ရင်ဆိုင်အံတုတယ်။ သူတို့ကိုယ်တိုင်မပါဝင်ဘဲ အဲ့ဒီစနစ်အဆုံးသတ်ဖို့ ရှိမှာမဟုတ်ကြောင်း ကျွန်တော် နားလည်သွားပါတယ်။ ယဉ်ကျေးမှုဆိုင်ရာအသိတရားနဲ့ မိမိကိုယ်ကို ကြားခွနေဖို့ ခဲယဉ်းလှကြောင်း ကျွန်တော် သိမြင်သွားတယ်။ ဒီအချက်က သူတို့ အထွဋ်အမြတ်ထားတဲ့ ယုံကြည်မှုတွေကို တိုက်ရိုက်ချိုးဖောက်ရေးမှာ မျက်စေ့စုံမှိတ်ပြီး ခပ်ကြမ်းကြမ်းတိုးဝင်သွားစေခဲ့တာပါ။

    အမည်သစ်နဲ့ကင်ပွန်းတပ်လိုက်ခြင်းကလည်း ကျွန်တော့်အာခံမှုရဲ့ ထပ်ဆင့်လက်တံတစ်ရပ်ပါပဲ။ ဆိုလိုတာက ကျွန်တော့်မိသားစု၊ ကျွန်တော့်လူမျိုးစု ကျွန်ပြုခံရခြင်းနဲ့စပ်လျဉ်းသော ဘ၀အရေးအရာအပေါင်းကို အမြစ်လှန်လိုက်ခြင်းဖြစ်ပါတယ်။ ကျွန်တော့်ဘိုးဘေးတွေဟာ (လက်ရှိ) နိုင်ဂျီးရီးယားက ယိုရုဘာ Yoruba လူမျိုးနွယ် ဖြစ်ပါတယ်။ ကျွန်တော့်မိသားစုမျိုးနွယ်တွေရဲ့ ကျွန်ပိုင်ရှင်ရဲ့အမည်နာမကို ခံယူထားခြင်းဟာ သူတို့အပေါ် မလေးစားရာ၊ သိက္ခာချရာ ရောက်စေသလိုဖြစ်တာမို့ အရှက်တကွဲအကျိုးနည်းဖြစ်ခြင်းရဲ့ အမှတ်တံဆိပ် ခပ်နှိပ်ခံထားရတယ်ဆိုပြီး ခံစားနေရပါတယ်။

    အစ္စလာမ်ထဲကို ကျွန်တော် လုံးလုံးလျားလျား စိတ်နှစ်ကိုယ်နှစ် ၀င်ရောက်ခဲ့တာပါ။ အခြားအမျိုးသမီးတစ်ဦးအပေါ် ခံစားချက်ပြင်းထန်နေလင့်ကစား ဟမ္မာ့စ် အကြံပြုတဲ့ အမျိုးသမီးကိုပင် လက်ထပ်ထိမ်းမြားဖို့ သဘောတူတဲ့အထိပါပဲ။ ကစားသမားကောင်းပီပီ နည်းပြ ဟမ္မာ့စ်ရဲ့လမ်းညွှန်မှုအတိုင်း လိုက်နာလိုက်တာဖြစ်ပါတယ်။ ကျွန်တော့်မိဘများကို မင်္ဂလာပွဲ မဖိတ်ကြားဖို့ သူ့လမ်းညွှန်ချက်ကိုလည်း ကျွန်တော် နာခံလိုက်ပါသေးတယ်။ ဒါပေမယ့် အဲ့ဒီအမှားကို ပြန်တည့်မတ်နိုင်ဖို့ ဆယ်စုနှစ်တစ်ခုကျော်တဲ့အထိ အချိန်ကြာသွားခဲ့ပါတယ်။ ဟမ္မာ့စ်ရဲ့လမ်းညွှန်မှုအချို့အပေါ် ကျွန်တော် သံသယရှိသော်လည်း အတွေးထဲက ဖယ်ထုတ်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က အဲ့ဒီကာလများမှာ နာမ်ပိုင်းပြည့်ဝမှု တင်းပြည့်ကျပ်ပြည့် ကြုံတွေ့ခံစားနေရလို့ပါပဲ။

    သို့သော် ကျွန်တော့်ရဲ့ လွတ်လပ်စွာနေတတ်တဲ့ စိတ်က နောက်ဆုံးတော့ လမ်းခွဲထွက်လိုက်တယ်။ လူတစ်ဦးတည်းဆီက ဘာသာရေးအသိပညာကို လက်ခံနေခြင်းအပေါ် တင်းတိမ်မှုမရှိတော့တဲ့အတွက် ကိုယ်ပိုင်လေ့လာမှုတွေနဲ့ ရှေ့ဆက်ပါတော့တယ်။ သိပ်မကြာခင်မှာ ဟမ္မာ့စ်ရဲ့ ကုရ်အာန်သင်ကြားချက် အချို့ လက်ခံနိုင်စရာမဟုတ်ကြောင်း သိမြင်သွားတဲ့အခါ ကျွန်တော်တို့ လမ်းခွဲလိုက်ကြပါတယ်။ ၁၉၇၃ ခုနှစ်မှာ လစ်ဗျားနဲ့ ဆော်ဒီအာရေဗျကို ကျွန်တော် သွားတယ်။ ကိုယ်ပိုင်အစီအစဉ်နဲ့ ကုရ်အာန်ကိုလေ့လာနိုင်ဖို့ အရဗီစာပေကို ကောင်းစွာ သင်ယူခဲ့ပါတယ်။ ဟဂ်ျပြုပြီးနောက် ရှင်းလင်းပြတ်သားတဲ့ယုံကြည်ချက်၊ သစ်လွင်သောအယူဝါဒနဲ့အတူ ကျွန်တော် ပြန်လာခဲ့ပါတယ်။

    အဲ့ဒီနှစ်ကနေ ဒီကနေ့ထိ အစ္စလာမ်ကိုကူးပြောင်းသက်ဝင်လိုက်တဲ့ ဆုံးဖြတ်ချက်အပေါ် နည်းနည်းလေးမှ မယိမ်းယိုင်တော့သလို နောင်တရတယ်ဆိုတာလည်း မရှိတော့ပါဘူး။ ပြန်လှန်သုံးသပ်ကြည့်တဲ့အခါ ကျွန်တော်ဟာ မြူဆွယ်မှုတွေ၊ သွေးထိုးခံရမှုတွေ အလျဉ်းမပါဝင်ဘဲ ကျွန်တော့်ကိုယ်ပိုင်ဟန်နဲ့ ချီတက်လိုက်တဲ့အသွင် ဆောင်နေပါတယ်။ အဲ့ဒီအချိန်က ကျွန်တော်ဟာ ကျွန်ပြုမှုစနစ်နဲ့ အဲ့ဒီစနစ်ကိုကျားကန်ပေးတဲ့ ဘာသာရေးအယူအဆတွေအပေါ် ရှုတ်ချပြီး လူ့အခွင့်အရေးလှုပ်ရှားမှုတွေအတွက် အသံထုတ်နေချိန် ဖြစ်ခဲ့တယ်။ အဲ့ဒါက ကျွန်တော့်တစ်ကိုယ်ရည်မျှော်မှန်းချက်တွေထက် ပိုပြီး နိုင်ငံရေးအရ နည်းလမ်းကျခဲ့တယ်လေ။

    လူများစွာတို့ဟာ မွေးဖွားပြီးနောက် သူတို့ရဲ့သက်ဆိုင်ရာ ဘာသာတရားထဲ သွတ်သွင်းခံရတယ်။ အဲ့ဒါက သူတို့အဖို့ အစဉ်အလာအရ၊ သက်သာမှုအရ အလွန်အရေးပါနေကြတယ်။ သူတို့ရဲ့ အယူဝါဒက သာသနာ့သွန်သင်မှုအတွင်းကမဟုတ်ဘဲ ယုံကြည်မှုအပေါ်၊ ထိုနည်းလည်းကောင်း မိသားစုနဲ့ယဉ်ကျေးမှုအစဉ်အလာဖြစ်နေတဲ့ ဘာသာရေးအပေါ် အခြေခံတာပါ။ ဘာသာကူးပြောင်းသူအဖို့ အဲ့ဒီအချက်တွေကို ထဲထဲဝင်ဝင်နားလည်ဖို့၊ အာခံနိုင်ဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ရဲ့ယုံကြည်ချက်က အယူဝါဒနဲ့အတွေးအခေါ် ပေါင်းစပ်ချက်အပေါ် အခြေပြုပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့ဟာ ကျွန်တော်တို့မိသားစု၊ အသိုင်းအ၀ိုင်းတွေရဲ့ ထုံးတမ်းဓလေ့များကို စွန့်လွှတ်နိုင်ဖို့ – ပြီးတော့ သူစိမ်းပြင်ပြင်ဖြစ်ရတဲ့ ယုံကြည်မှုတွေကို လက်ခံနိုင်ဖို့ အလွန်အားကောင်းတဲ့ ကြောင်းကျိုးဆီလျော်မှု လိုအပ်လို့ပါဘဲ။ မိသားစု၊ မိတ်ဆွေနဲ့ အသိုင်းအ၀ိုင်းရဲ့ထောက်ခံကျားကန်မှုတွေကို ဆုံးရှုံးလက်လွှတ်သွားတတ်တာကြောင့် ဘာသာတရားကူးပြောင်းခြင်းဆိုတာ တကယ့်စွန့်စားခန်းတစ်ရပ်ဖြစ်ပါတယ်။

    တချို့ပရိသတ်တွေက ကျွန်တော့်ကို လျူ လို့ခေါ်ဝေါ်ဆဲဖြစ်တယ်။ အဲ့လိုခေါ်ရင် ကျွန်တော် ကရုမစိုက်တတ်တာကြောင့် သူတို့ စိတ်အနှောင့်အယှက်ဖြစ်ဟန်ရှိကြတယ်။ ကျွန်တော့်နာမ်ပိုင်းဆိုင်ရာရွေးချယ်မှုအတွက် သူတို့ရဲ့မလေးစားမှုက စော်ကားခြင်းတစ်ရပ် ဖြစ်နေတယ်ဆိုတာ သူတို့နားမလည်ကြပါဘူး။ လူတိုင်း ကိုယ်ပိုင်ဘ၀ရှိတယ်ဆိုတာမျိုးထက် သူတို့စိတ်ကြိုက်ဆင်ယင်တဲ့ကမ္ဘာတစ်ခုကို ခင်းကျင်းနိုင်ဖို့ ကျွန်တော့်ကို ရုပ်ပြသက်သက်လို သဘောထားတာမျိုးကြောင့် ဖြစ်နေရတာပါ။

    Kareem Abdul-Jabbarပြင်သစ်လူမျိုး ကားမစ် Kermit က “အမေရိကန်မှာ မွတ်စ်လင်မ်ဖြစ်ဖို့ ကြိုးစားရတာဟာ အစိမ်းရောင်ဖြစ်ဖို့ မလွယ်ကူသလိုဘဲ” လို့ လူသိများအောင် ပြောခဲ့ဖူးပါတယ်။ အဓိကဘာသာတရားလူ့အုပ်စုများဆိုင်ရာအမြင်ကို စစ်တမ်းကောက်လိုက်တဲ့ Pew Research Center အဆိုအရ အမေရိကန်ပြည်ထောင်စုမှာ အစ္စလာမ်က တတိယအကြီးဆုံးဘာသာတရား ဖြစ်နေပါလျက် အမေရိကန်လူထုက မွတ်စ်လင်မ်နဲ့ပတ်သက်ပြီး အလေးအနက်မထားဆုံး ဖြစ်တယ်။ ဘာသာမဲ့တွေပင်လျှင် သူတို့ထက် မဆိုစလောက်လေး အလေးအနက်ထားခံရတယ်လို့ ဆိုပါတယ်။ မိမိကိုယ်ကို မွတ်စ်လင်မ်လို့ကြွေးကြော်ပြီး အကြမ်းဖက်မှု၊ လူမဆန်မှု၊ အဓမ္မဆက်ဆံမှုတွေပြုလုပ်နေကြတဲ့ လက်တစ်ဆုပ်စာလူတွေကြောင့် ကမ္ဘာပေါ်ရှိကျန်သူများက ကျွန်တော်တို့ကို ကြောက်ရွံ့နေကြတယ်။ ကမ္ဘာ့မွတ်စ်လင်မ်လူဦးရေ သန်း ၁၆၀၀ အနက် အများစုက ငြိမ်းချမ်းစွာ ဘ၀တည်ဆောက်နေကြတာပါ။ ဒီအမှန်တရားကို မသိရှိပါဘဲလျက် သူတို့က အဆိုးဆုံးပုံရိပ်တွေကိုဘဲ ရှုမြင်နေကြတယ်လေ။ ကျွန်တော့်ရဲ့ အစ္စလာမ်ကူးပြောင်းခြင်းမှာ ကျွန်တော့်သာသနာအကြောင်း အခြားသူတွေကို သင်ကြားဖို့ တာဝန်ခံလိုက်ခြင်းလည်း  အစိတ်အပိုင်းတစ်ရပ်အဖြစ်ပါဝင်ပါတယ်။ သူတို့ကို ကူးပြောင်းအောင် ပြုလုပ်ဖို့ မဟုတ်ပါဘူး။ သူတို့နဲ့အတူ အပြန်အလှန်လေးစားမှု၊ ကူညီမှု၊ ငြိမ်းချမ်းရေးအားဖြင့် အတူယှဉ်တွဲနေထိုင်သွားနိုင်ရေးသာ ဖြစ်ပါတယ်။ ကမ္ဘာလောကကြီးက ဘာသာတရားတစ်ခုတည်းသာ တည်ရှိနေဖို့ မလိုအပ်ပါဘူး။ တကယ်အလိုအပ်ဆုံးကတော့ ငြိမ်းချမ်းစွာ အတူနေထိုင်ရှင်သန်ရေးဆိုတဲ့ ယုံကြည်ချက်တစ်ခုတည်းပါဗျာ။

    xxxxxxxxxxxxxxxxxxxxxx

    ကိုယ်တိုင်ရေးဆောင်းပါးရှင် ကရီးမ် အဗ်ဒုလ် ဂျဗ္ဗာ့ရ် – Kareem Abdul-Jabbar သည် အမေရိကန်၏နာမည်ကြီး NBA – National Basketball Association ဘတ်စကက်ဘောအသင်း၏ အချိန်ပြည့်ဦးဆောင်ကစားသမားဖြစ်သည်။ သူပါဝင်ကစားသော ရာသီပွဲစဉ် ၂၀ အတွင်း အသင်းသည် ချန်ပီယံ ၆ ကြိမ်ဆွတ်ခူးပြီး သူသည်လည်း အကောင်းဆုံးကစားသမားအဖြစ် ၆ ကြိမ်တိုင်တိုင် ရွေးချယ်ခြင်းခံခဲ့ရသည်။

    မူရင်း – Why I converted to Islam ; America . Al Jazeera
    ဘာသာပြန် – သြရသ ရေချမ်း

  • အလ်ဂျီးရီးယားနိုင်ငံရဲ့ ပထမဆုံး အိုလံပစ် ရွှေဆုရှင် ဟစီဘာ ဘိုးလ်မာကာ

    အလ်ဂျီးရီးယားနိုင်ငံရဲ့ ပထမဆုံး အိုလံပစ် ရွှေဆုရှင် ဟစီဘာ ဘိုးလ်မာကာ

    ဧပြီ ၈ ၊ ၂၀၁၅
    M-Media
    လေးမောင် တင်ဆက်သည်။
    Hassiba Boulmerka
    ဟစီဘာ ဘိုးလ်မာကာ (Hassiba Boulmerka) ကို  ၁၉၆၈ ခု၊ ဂျူလိုင်လ ၁၀ ရက်နေ့တွင် အလ်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ဘက် ကွန်စတန်တိုင်မြို့တွင် မွေးဖွားခဲ့သည်။ သူမမှာ တာလတ် အပြေးသမားဟောင်းတစ်ဦးဖြစ်သည်။ ၁၉၉၂ခုနှစ်တွင် အိုလံပစ်ရွှေတံဆိပ်ဆုကို ရရှိခဲ့ပြီး အိုလံပစ်ရွှေတံဆိပ်ဆွတ်ခူးနိုင်သည့် ပထမဦးဆုံး အလ်ဂျီးရီးယားနိုင်ငံသားဖြစ်သည်။

    ကွန်စတန်တိုင်မြို့တွင်မွေးဖွားခဲ့သော သူမသည် အပြေးအားကစားကို အသက် ၁၀နှစ်အရွယ်မှစ၍ အရူးအမူးဖြစ်ခဲ့ပြီး မီတာ ၈၀၀ နှင့် မီတာ ၁၅၀၀ တန်း အပြေးပြိုင်ပွဲတွင် ထူးချွန်ခဲ့သည်။ များပြားသော ပြိုင်ပွဲများမရှိသော်လည်း ဒေသတွင်းအပြေးပြိုင်ပွဲများနှင့် နိုင်ငံတွင်း အပြေးပြိုင်ပွဲများတွင် အောင်မြင်သူတစ်ယောက် ဖြစ်လာခဲ့သည်။ သူမ၏ ပထမဆုံး နိုင်ငံတကာ ပြိုင်ပွဲမှာ ၁၉၈၈ ခုနှစ်၊ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ကျင်းပခဲ့သည့် နွေရာသီအိုလံပစ်ပြိုင်ပွဲဖြစ်ပြီး မီတာ ၈၀၀နှင့် ၁၅၀၀ တန်း ပြိုင်ပွဲနှစ်ခုစလုံးတွင် ပဏာမအစမ်းပြိုင်ပွဲ၌ပင်ထွက်ခဲ့ရသည်။

    1hb4fkuikjiyku7xzov3fvug0

    ဘိုးလ်မာကာ ၏ အရည်အချင်းမှာ တဖြည်းဖြည်းတိုးတက်လာခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် အောင်မြင်မှုရရှိခဲ့သည်။ အီတလီနိုင်ငံ ရောမမြို့၌ကျင်းပသည့် ဂိုးလ်ဒန်း ဂါလာ(Golden Gala) မီတာ ၈၀၀ အပြေးပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည်။ တစ်လကြာပြီးနောက် ကမ္ဘာချန်ပီယံရှစ် မီတာ ၁၅၀၀ အပြေးပြိုင်ပွဲ နောက်ဆုံးအဆင့်ပြိုင်ပွဲတွင်လည်း အနိုင်ရရှိခဲ့ပြီး တာလတ် ကမ္ဘာ့အပြေး ချန်ပီယံဘွဲ့ကို ပထမဦးဆုံး ဆွတ်ခူးခဲ့သည့် အာဖရိကန် အမျိုးသမီးဖြစ်လာခဲ့သည်။

    ၁၉၉၂ ခုနှစ် စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ကျင်းပသည့် မီတာ ၁၅၀၀ အိုလံပစ် အပြေးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည်။ နောက်ဆုံးဖိုင်နယ်တွင် Lyudmila Rogachova၊ ထိုစဉ်က စံချိန်တင်ထားသူ Qu Yunxia  တို့နှင့် ယှဉ်ပြိုင်အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ထိုရွှေတံဆိပ်မှာ အလ်ဂျီးရီးယားနိုင်ငံ အတွက် ပထမဆုံး အိုလံပစ်ရွှေတံဆိပ်ဆုဖြစ်ခဲ့သည်။

    Hassiba-Boulmerka.

    ၁၉၉၃ခုနှစ် ဂျာမနီနိုင်ငံ စတုဂတ်မြို့တွင်ကျင်းပသည့် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွင် ကြေးတံဆိပ်တစ်ခု ဆွတ်ခူးခဲ့သော်လည်း ဘိုးလ်မာကာမှာ နောက်ပိုင်းရာသီနှစ်ခုတွင် အောင်မြင်မှုမရရှိခဲ့ပေ။ ၁၉၉၅ခုနှစ်  ဆွီဒင်နိုင်ငံ ဂိုသင်ဘတ်မြို့တွင်ကျင်းပသည့် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့ပြီး ကမ္ဘာ့ချန်ပီယံဘွဲ့ကို ဒုတိယအကြိမ် ဆွတ်ခူးရရှိခဲ့သည်။ ၎င်းရာသီတွင်တစ်ခုတည်းသော အနိုင်ရရှိမှုဖြစ်ပြီး အဓိက အနိုင်ရရှိမှုလည်းဖြစ်ခဲ့သည်။ ၁၉၉၆ခုနှစ် အမေရိကန်ပြည်ထောင်စု အတ္တလန်တာတွင်ကျင်းပသည့် အိုလံပစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်တွင် ခြေကျင်းဝတ်အဆစ်လွဲသည့် ဒဏ်ရာရှိခဲ့သည်။ ၁၉၉၇ ခုနှစ် ကမ္ဘာ့ချန်ပီယံရှစ်အပြေးပြိုင်ပွဲတွင်လည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး သူမ၏ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့ခြင်းမရှိပေ။ ထိုပြိုင်ပွဲပြီးနောက် သူမမှာ အားကစားလောကမှ အနားယူသွားခဲ့သည်။

    နောက်ပိုင်းတွင် သူမမှာ အပြည်ပြည်ဆိုင်ရာအိုလံပစ် ကော်မတီ၌တာဝန်ထမ်းဆောင်ရန် အရွေးခံခဲ့ရသည်။  သူမမှာ မီတာ ၁၅၀၀ တန်း တွင် ၃ မိနှစ် ၅၅.၃၀ စက္ကန့်ဖြင့်အာဖရိက စံချိန်တင်နိုင်ခဲ့ပြီး ထိုစံချိန်မှာ ၁၉၉၂ခု ဘာစီလိုနာအိုလံပစ်တွင် ရရှိခဲ့ခြင်းဖြစ်သည်။ ၁၉၉၁ ခုနှစ် အော်စလိုမြို့တွင် တစ်မိုင်ခရီးကို ၄ မိနစ် ၂၀.၇၉ စက္ကန့်ဖြင့်ပြေးနိုင်သည့် အာဖရိကစံချိန်ကိုလည်း တင်နိုင်ခဲ့သူဖြစ်ပြီး ၁၇နှစ်ကြာပြီးနောက် ၂၀၀၈ခုနှစ်တွင် အီသီယိုးပီးယားမှ Gelete Burika က ၄ မိနစ် ၁၈.၂၃ စက္ကန့်ဖြင့် သူမ၏စံချိန်ကို ချိုးဖျက်ခဲ့သည်။

  • တိုက်စစ်မှူး ဒမ်ဘာဘား Bestikas မွတ်စလင်မ် ပရိတ်သတ် အတွက် ဝတ်တက် နှိုးဆော်သူပြုလုပ်မည်

    တိုက်စစ်မှူး ဒမ်ဘာဘား Bestikas မွတ်စလင်မ် ပရိတ်သတ် အတွက် ဝတ်တက် နှိုးဆော်သူပြုလုပ်မည်

    ဒီဇင်ဘာ ၁ ၊ ၂၀၁၄
    M-Media
    demba-ba
    – တူရကီ ကလပ် Bestikas အသင်း၏ ဆီနီဂေါတိုက်စစ်မှူး ဒမ်ဘာဘားမှာ အရုဏ်တက် ၀တ်ပြုမှု (မွတ်စလင်များ တနေ့ ၅ ကြိမ် ဝတ်ပြုမှု၌ မနက်နေမထွက်ခင် ဝတ်ပြုမှု) အတွက် နိဗ္ဗာန်ဆော် လုပ်ပေးရန် ပရိတ်သတ်တစ်ဦး၏ တောင်းဆိုမှုအား လက်ခံခဲ့သည်ဟု သိရသည်။

    ပရီးမီးယားလိဂ် ကလပ်အသင်းများဖြစ်ကြသည့် ၀က်စ်ဟမ်း၊ နယူးကာဆယ်၊ ချယ်ဆီးအသင်းတို့တွင် ကစားခဲ့သည့် ဘားမှာ ပြီးခဲ့သည့်နှစ်က Bestikas အသင်းသို့ ပြောင်းရွှေ့သွားခဲ့ပြီး အချိန်တိုအတွင်း အသင်းနှင့်အထိုင်ကျကာ ဂိုးများကိုလည်း သွင်းယူနိုင်ခဲ့သည်။

    ဘား၏ စွမ်းဆောင်ရည်များကြောင့် Bestikas  ပရိတ်သတ်များကလည်း ၎င်းအား သတိထားမိလာကြပြီး ဆိုရှယ်မီဒီယာများတွင် ရင်းရင်းနှီးနှီး စကားပြောဆိုမှုများရှိလာသည်။

ုထိုသို့ပြောဆိုမှုအတွင်း ဘာသာရေးအကြောင်းများလည်း ပါဝင်ပြီး ထိုထဲတွင် ပရိတ်သတ်တစ်ဦးက အာရုံတက်ဝတ်ပြုမှုအတွက် မိမိအား နှိုးပေးရန်တောင်းဆိုခဲ့သည်။

    Lizzy ဟုအမည်ရသည့် Twitter သုံးစွဲသူတစ်ဦးက `ဟေး … ဒမ်ဘာ။ ခင်ဗျား ကျွန်တော့်ကို ကူညီနိုင်မလား? ခင်ဗျား အရုဏ်တက်ဝတ်ပြုဖို့ ထတဲ့အခါ ကျွန်တော့်ကို နှိုးပေးနိုင်မလား။ တကယ်လို့ ကျွန်တော့ကို နှိုးပေးရန် ကျွန်တော်လည်း ၀တ်ပြုပါမယ်´ ဟု ရေးသားခဲ့သည်။

    demba

    ဘားကလည်း မဆိုင်းမတွင်ပင် `ခင်ဗျားရဲ့ ဖုန်းနံပါတ် ကျွန်တော့်ကို ပေးပါ´ ဟု ပြန်လည် ရေးသားခဲ့သည်။

    အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သည့် ဘားမှာ ဘာသာရေး ကိုင်းရှိုင်းသူတစ်ဦးဖြစ်ပြီး ရမ်ဇာန် ဥပုသ်လတွင်လည်း ဥပုသ် သီလကို မပြတ်တမ်း ဆောက်တည်လေ့ရှိကာ ပြိုင်ပွဲအတွင်း ဂိုးသွင်းပြီးနောက် အလ္လာဟ် အရှင်မြတ်အား ကျေးဇူးတင်သည့် အနေဖြင့် ပျပ်ဝပ်ဦးချခြင်း (စဂ်ျဒါချခြင်း) ကိုလည်း ပြုလုပ်လေ့ရှိသည်။

    World Bulletin

  • “မဖြစ်နိုင်တာ မရှိ” ဟု ဆိုလိုက်သော လက်နှစ်ဖက်မဲ့ စံပြ စားပွဲတင် တင်းနစ်ချန်ပီယံ

    ဇွန်လ ၁၁ ရက်၊ ၂၀၁၄
    M-Media

    140523171324-ibrahim-table-tennis-3-horizontal-gallery
    အီဂျစ် Para-table tennis ချန်ပီယံ အီဗရာဟင်မ် ဟာမဒ်တို Ibrahim Hamadto ၏ အစွမ်းပြရိုက်ချက် စတင်လေပြီ။ ဘက်တံကို ပါးစပ်နှင့်ကိုက်ခဲထားလျက် သူ့ညာဖက်ခြေဖြင့် ဘောလုံးကို ဆတ်ကနဲခတ်၍ ခပ်မြင့်မြင့်မြှောက်တင်လိုက်သည်။ လေထုတွင်း ၀ဲပျံလာသည့်ဘောလုံးဖြူဖြူလေးက ဘက်တံနှင့် ထိတွေ့သွား၏။ အားကောင်းပြင်းထန်စွာ ပြန်ကန်ပြီး လည်ထွက်လာသော ဘောလုံးမှာ ပြောင်းဝပြင်ပရောက် ကျည်ဆံတစ်တောင့်အလား …………။

    140523170948-ibrahim-table-tennis-1-horizontal-galleryအသက် ၄၁ နှစ်ရှိ ဟာမဒ်တိုထံ၌ လက်နှစ်ဖက်လုံး မရှိပါ။ အသက် ၁၀ နှစ်အရွယ်၌ ရထား မတော်တဆမှုကြောင့် လက်နှစ်ဖက်လုံး လက်မောင်းရင်းမှ ပြတ်တောက် သွားခဲ့ရသည်။ သို့သော် ယင်းကြမ္မာဆိုးက သူ့အိပ်မက်အား ရှေ့မဆက်နိုင်အောင် ရပ်တန့်သွားစေခြင်း မပြုစွမ်းနိုင်ခဲ့ချေ။

    “ အဲ့ဒီအချိန်တုန်းက ကျွန်တော်တို့ရွာမှာ ကစားနိုင်တာဆိုလို့ စားပွဲတင်တင်းနစ်နဲ့ ဘောလုံးပဲရှိခဲ့တယ်။ ဒါကြောင့် ကျွန်တော်က နှစ်မျိုးစလုံး ကစားခဲ့တာပါ။ ကျွန်တော့်အနေအထားအရ ပထမတုန်းက ဘောလုံး ကစားတာက နည်းလမ်းကျပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ စားပွဲတင်တင်းနစ်ကို စိန်ခေါ်မှုတစ်ခုအဖြစ် ကစားခဲ့ခြင်းဖြစ်ပါတယ် ” ဟူ၍ အီဂျစ်အရှေ့မြောက်ပိုင်း Kafr Saad တွင် ကြီးပြင်းလာခဲ့သူ ဟာမဒ်တိုက CNN သို့ ပြောကြားခဲ့သည်။

    “ မတော်တဆမှုဖြစ်ပြီးနောက်မှာ စားပွဲတင်းနစ်ကစားဖို့ တော်တော်ပဲ ခက်ခဲရပါတယ်။ ကျွန်တော် နေ့စဉ်နဲ့အမျှ အချိန်တစ်ခုယူလို့ သုံးနှစ်ဆက်တိုက် လေ့ကျင့်ယူခဲ့ရပါတယ်။ အစပိုင်းမှာ ကျွန်တော်ကစားနေတာကိုတွေ့ပြီး လူတွေက တအံ့တသြဖြစ်နေခဲ့ကြတာပေါ့။ သူတို့က ကျွန်တော့်ကို အမြောက်အများ အားပေး ကူညီခဲ့ကြယုံမက ကျွန်တော့်ရဲ့ ဆန္ဒ၊ ဇွဲနဲ့ ဆုံးဖြတ်ချက်အပေါ် အထူးဘဲ ဂုဏ်ယူခဲ့တယ်လေ ” ဟုဆိုကာ ဟာမဒ်တိုမှ ပြန်ပြောင်းပြောပြခဲ့သည်။

    သူ၏ အားကစားအောင်မြင်မှုများနှင့်ပတ်သက်၍ လူတို့မှလည်း အထူးပင် ဂုဏ်ယူဝမ်းမြောက်လျက်ရှိကြ၏။ ဟာမဒ်တိုသည် ကလေးသုံးဦးဖခင် အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး အောင်မြင်မှုများစွာ ရရှိထားသူဖြစ်သည်။ ယမန်နှစ် African Para-Table Tennis Championships ပြိုင်ပွဲ၌ ရရှိသော ငွေတံဆိပ်ဆုလည်း အပါအ၀င်တစ်ခုဖြစ်၏။
    140523171635-ibrahim-table-tennis-7-horizontal-gallery
    ယခုလအစောပိုင်း တိုကျိုနှင့်ဂျပန်တွင် ကျင်းပသော ကမ္ဘာ့စားပွဲတင်တင်းနစ် ချန်ပီယံလုပွဲ၌ ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ်ဖိတ်ကြားခံရပြီး နာမည်ကျော်အချို့နှင့်ယှဉ်ကစားကာ သူ၏ကျွမ်းကျင်မှု စွမ်းရည်ကို ပြသခဲ့၏။

    “ အစ်ဗရာဟီမ်ဟာ ဘာသာတရားကိုင်းရှိုင်းတဲ့ သူမွန်တစ်ယောက်ဖြစ်တယ်။ အလွန်ပဲ ရိုးသားသိမ်မွေ့သူ တစ်ဦးပါ။ သူ့အနေအထားက ရုပ်ပိုင်းဆိုင်ရာ ငွေကြေးဆိုင်ရာ နှစ်မျိုးလုံး အဆင်မပြေလှသော်လည်း တစ်စုံတစ်ရာတောင်းဆိုမှု အလျဉ်း မပြုခဲ့ပေဘူး။ အသေးအဖွဲကိစ္စများမှာပင်လျှင် ဆင်ခြေပေးနေလေ့ရှိတတ်တဲ့ ကိုယ်အင်္ဂါသန်စွမ်းကောင်းမွန်သူတွေဟာ သူ့ဆီက သင်ခန်းစာ များများယူသင့်တယ်။ ရည်မှန်းချက်ပန်းတိုင်ဆီ တစိုက်မတ်မတ်သွားရင် အောင်မြင်ထွန်းပေါက်နိုင်ကြောင်း သူ့ရဲ့သက်သေပြချကအပြင်၊ သူ့ပရိဒေ၀ကို သူဘယ်လို အနိုင်ယူခဲ့ကြောင်းအပေါ် သူတို့တစ်တွေ သိနားလည်ဖို့ လိုအပ်တယ် ” ဟု အီဂျစ်နိုင်ငံ၊ စားပွဲတင်တင်းနစ်အဖွဲ့ချုပ် ဥက္ကဌ Alaa Meshref က ဟာမဒ်တိုအကြောင်းအား ပြောကြားရင်း လူငယ်တိုင်းအဖို့ စံပြုရမည့်သူအဖြစ် ပြောကြားလိုက်သည်။

    ကစားပွဲ၌ ဟာမဒ်တို၏ကစားပုံကိုကြည့်ရာတွင် သူ၏ပိရိသေသပ်သောခံစစ်နှင့် ထက်သန်အားကောင်းသောတိုက်စစ်အား မြင်ရသည်မှာ အမှန်ပင် ရင်သပ်ရှုမောဖြစ်ရပေသည်။

    “ ပြင်းထန်စွာကြိုးစားနေဦးသမျှတော့ မဖြစ်နိုင်တာ ဘာမှမရှိဘူးလို့ ကျွန်တော် ယုံကြည်တယ်။ လူတွေဆီ ကျွန်တော် ပို့ဆောင်ချင်တဲ့ သတင်းစကားက ဒီအချက်ပါပဲခင်ဗျာ ” ဟု ဟာမဒ်တိုက ဆိုပါသည်။

    Ref: CNN

    မင်းထွဋ်ခေါင် (M-Media) ဘာသာပြန်သည်။