News @ M-Media

Tag: famous muslim sports players

  • ပြင်သစ် လက်ရွေးစင်နှင့် နယူးကာဆယ် တောင်ပံကစားသမား ဟာတင်မ် ဘင် အာဖာ

    ဇန်နဝါရီ ၂၄၊ ၂၀၁၄
    M-Media
    ရှာဖွေတင်ဆက်သူ-ကိုလေး

    hatem_ben_arfa_in_action

    အမည်အပြည့်အစုံ    – ဟာတင်မ် ဘင် အာဖာ (Hatem Ben Arfa)
    မွေးသက္ကရာဇ်    – ၇. ၃. ၁၉၈၇
    ကစားသည့်နေရာ    – အလယ်တန်း တောင်ပံကစားသမား
    လက်ရှိကလပ်    – နယူးကာဆယ်
    နိုင်ငံ        – ပြင်သစ်

    ဟာတင်မ် ဘင် အာဖာမှာ ပြင်သစ်လက်ရွေးစင် ကစားသမားဖြစ်ပြီး ယခုလက်ရှိတွင် အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်းတွင် ကစားနေသူဖြစ်သည်။ ဘင်အာဖာအား ၁၉၈၇ ခုနှစ် မတ်လ ၇ ရက်နေ့တွင် ပြင်သစ်နိုင်ငံ၌ မွေးဖွားခဲ့သည်။ ဖခင်ဖြစ်သူမှာလည်း တူနီးရှား လက်ရွေးစင် ကစားသမားတစ်ဦးဖြစ်သည်။ ဘင်အာဖာမှာ တိုက်စစ်အားသန်သည့် ကွင်းလယ်တောင်ပံ ကစားသမားဖြစ်ပြီး ပြင်သစ်နိုင်ငံ၏ ပါရမီရှိသော ကစားသမားအဖြစ် အသိအမှတ်ပြုခြင်းခံရသည်။ သို့သော်လည်း စည်းကမ်း မလိုက်နာမှုကြောင့် မီဒီယာများနှင့် ကစားသမားများ၏ ဝေဖန်ပြစ်တင်မှုကို ခံခဲ့ရသည်။

    ဘင်အာဖာမှာ ကစားသမားဘ၀ကို ပြင်သစ်ရှိ ကလပ်အသင်းများစွာတွင် စတင်ခဲ့ပြီး  ၁၉၉၉ ခုနှစ်တွင် ပြင်သစ်ဘောလုံးသမားများကို လေ့ကျင့်ပေးသည့် Clairefontaine ဘောလုံး အကယ်မီသို့ တက်ရောက်ခွင့်ရခဲ့သည်။ ဘောလုံးအကယ်ဒမီသို့ တက်ရောက်နေစဉ်အတွင်း စနေ၊ တနင်္ဂနွေနေ့များတွင် ဘင်အာဖာမှာ FC Versailles အသင်းတွင် ကစားခဲ့သည်။

    လိုင်ယွန်

    ထို့နောက် ၂၀၀၂ ခုနှစ် အသက် ၁၅ နှစ်အရွယ်တွင် လိုင်ယွန်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး အသင်း၏ လူငယ်အသင်းတွင် ပါဝင်ခဲ့သည်။ လူငယ်အသင်းတွင် ၂ နှစ်ကြာကစားခဲ့ပြီးနောက် ၂၀၀၄ ခုနှစ်တွင် လိုင်ယွန်အသင်းကြီးနှင့် သုံးနှစ် စာချုပ်ချုပ်ဆိုခဲ့ကာ ၎င်း၏ ပရော်ဖက်ရှင်နယ် ကစားသမားဘ၀အား စတင်ခဲ့သည်။

    ထိုစဉ်ကတည်းက ပရီးမီးယားလိဂ်မှ ချယ်ဆီးအသင်းနှင့် ဟော်လန်မှ အေဂျက်အသင်းတို့က ဘင်အာဖာအား ခေါ်ယူရန် စိတ်ဝင်စားခဲ့သည်။ ထို့နောက် အသင်းဖော် ဘန်ဇီမာနှင့်အတူ လိုင်ယွန်အသင်းကြီးတွင် စတင်ကစားခဲ့ရသည်။ အစောပိုင်းတွင် လူစားဝင်ကစားသမားဖြစ်ခဲ့ပြီး၂၀၀၄ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့တွင် လိုင်ယွန်အသင်းအတွက် ပွဲထွက်ကစားသမားဖြစ်စတင်ကစားခဲ့ရကာ ၂ လအကြာတွင် လိုင်ယွန်အသင်းအတွက် ပထမဆုံး ဂိုးကို စတင်သွင်းယူပေးနိုင်ခဲ့သည်။ ဘင်အာဖာမှာ လိုင်ယွန်အသင်းနှင့်အတူ ချန်ပီယံလိဂ်တွင်လည်းပါဝင်ကစားခဲ့ပြီး၊ ထိုနှစ်တွင် လိုင်ယွန်အသင်းနှင့်အတူ  ပြင်သစ်လိဂ်ဝမ်းတွင် ဗိုလ်စွဲနိုင်ခဲ့သည်။ လိုင်ယွန်အသင်းတွင် ၄ နှစ်ကြာ ကစားခဲ့သည့် ဘင်အာဖာမှာ အစောပိုင်းကာလတွင် တိုက်စစ်မှူးအဖြစ်ကစားခဲ့သော်လည်း ၂၀၀၇-၀၈ ရာသီတွင် တောင်ပံကစားသမားအဖြစ် ပြောင်းလဲကစားခဲ့ရသည်။ သို့သော်လည်း အချိန်တိုအတွင်း နေရာသစ်နှင့် အသားကျခဲ့ပြီး ပရော်ရှင်နယ် ဘောလုံးသမားများအဖွဲ့က ပေးအပ်သည့် ၂၀၀၇-၀၈ ရာသီ အကောင်းဆုံး လူငယ်ကစား သမားဆုကိုလည်း ရရှိခဲ့သည်။ ဘင်အာဖာမှာ လိုင်ယွန်အသင်းတွင် ကစားခဲ့သည့် လေးနှစ်အတွင်း ပြင်သစ်လိဂ် ဖလားအား လေးကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။

    Hatem Ben Arfa

    မာဆေးလ်

    ထို့နောက် ၂၀၀၈ ခုနှစ် ဇူလိုင်လတွင် ဘင်အာဖာမှာ မာဆေးလ်အသင်းသို့ ယူရို ၁၂ သန်းဖြင့် ပြောင်းရွှေ့ခဲ့သည်။ ထိုစဉ်က ဘင်အာဖာအား  ပရီးမီးယားလိဂ် ကလပ်များဖြစ်ကြသည့် အဲဗာတန်၊ မန်ယူနှင့် အာဆင်နယ်၊ လာလီဂါကလပ် ရီးယဲလ်မက်ဒရစ်တို့က ခေါ်ယူရန် စိတ်ဝင်စားခဲ့သော်လည်း ဘင်အာဖာက မာဆေးလ်အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အပြောင်းအရွှေ့မှာ အလွယ်တကူဖြစ်ခဲ့ခြင်းမဟုတ်ဘဲ လိုင်ယွန်အသင်းနှင့် မာဆေးလ်တို့ အကြိတ်အနယ် ဆွေးနွေးခဲ့ရပြီးမှ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

    ဘင်အာဖာမှာ ကျောနံပါတ် ၂၀ ကို ၀င်ဆင်ကစားခဲ့ပြီး ရာသီအစကတည်းက မာဆေးလ်အသင်း၏ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ပြီး ပထမဆုံးပွဲတွင်ပင် ပထမဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။ ထို့နောက် အလယ်တန်းကစားအဖြစ် ဘင်အာဖာမှာ အသင်းအတွက် ကစားပေးခဲ့သည့် ပထမ ၁၁ ပွဲတွင် ၆ ဂိုး သွင်းယူပေးနိုင်သည်အထိ ခြေစွမ်းပြခဲ့သည်။ သို့သော်လည်း လီဗာပူးလ်အသင်းနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲမစတင်မီ သွေးပူလေ့ကျင့်ခန်းလုပ်နေချိန်တွင် အသင်းဖော် မိုဒက်စ်တီ အမ်ဘာမီနှင် အချင်းများခဲ့သည်။ ထို့နောက် ပြင်သစ်လိဂ်ဝမ်းပွဲစဉ် ပီအက်စ်ဂျီနှင့်ပွဲတွင် သွေးပူလေ့ကျင့်ခန်းလုပ်ရန် နည်းပြ အဲရစ်ဂီရတ်၏ ညွှန်ကြားမှုအား ငြင်းဆန်ခဲ့သောကြောင့် နည်းပြ၏ ငြိုငြင်မှုကို ခံခဲ့ရသည်။ နောက်ပိုင်းတွင် ဘင်အာဖာမှာ ၎င်း၏လုပ်ရပ်မှားယွင်းကြောင်း ၀န်ခံခဲ့ပြီး၊ နည်းပြဖြစ်သူကိုလည်း တောင်းပန်ခဲ့သည်။

    ၂၀၀၉-၁၀ ဘောလုံးရာသီ

    ၂၀၀၉-၁၀ ဘောလုံးရာသီတွင် ဘင်အာဖာမှာ ကျောနံပါတ် ၁၀ ဂျာစီ ၀တ်ဆင်ခဲ့ပြီး ရာသီအစပွဲစဉ်များတွင် ခြေစွမ်းပြခဲ့သည်။ သို့သော်လည်း အသင်း၏ လေ့ကျင့်ခန်းအစီအစဉ်အား လွဲချော်ခဲ့မှုကြောင့် အောက်တိုဘာ ၈ ရက်နေ့တွင် ဘင်အာဖာအား မာဆေးလ်အသင်းမှ ဒဏ်ငွေ ယူရို ၁ သောင်း ဒဏ်တပ်ခဲ့သည်။ ဘင်အာဖာကမူ တူနီးရှားရှိ ၎င်း၏ ဆွေမျိုးများထံသို့ သွားရောက်လည်ပတ်ပြီးနောက် ပြန်လာချိန်တွင် လေယာဉ်အချိန်နောက်ကျခဲ့ခြင်းကြောင့် လေ့ကျင့်ခန်းအစီအစဉ်အား လွဲချော်ခဲ့ခြင်းဖြစ်သည်ဟု ဖြေရှင်းခဲ့သည်။ တစ်လကြာပြီးနောက် လေ့ကျင့်ခန်းအစီအစဉ်တွင် အသင်းနည်းပြ ဒီဒီယာ ဒက်ချမ့်စ်နှင့် စကားများခဲ့ပြီး၊ နောက်ပိုင်းတွင် ဘာင်အာဖာက ပြန်လည်တောင်းပန်ခဲ့သည်။

    ထိုရာသီ၏ ပထမရာသီဝက်တွင် ပြဿနာများကြောင့် ဘင်အာဖာမှာ ၁၅ ပွဲသာ ပါဝင်ခွင့်ရခဲ့ပြီး ပွဲချိန်ပြည့် ၂ ပွဲသာ ကစားခဲ့ရသည်။ သို့သော်လည်း ဒုတိယ ရာသီဝက်တွင် ပြသခဲ့သော ဘင်အာဖာ၏ ခြေစွမ်းကို အသင်းနည်းပြ ဒက်ချမ့်စ်နှင့် အားကစားဒါရိုက်တာ ဂျိုဆေး အန်နီဂိုတို့က ချီးကျူးခဲ့ကြသည်။ မာဆေးလ်အသင်းနှင့်အတူ ၂၀၀၉-၁၀ လိဂ်ဖလားအား ဆွတ်ခူးနိုင်ခဲ့ပြီး ကစားသမားဘ၀တစ်လျှောက် ငါးကြိမ်မြောက် ဖလားလည်းဖြစ်ခဲ့သည်။ ထို့နောက် ၂၀၁၀ ခုနှစ်တွင် ပြင်သစ်ရှုံးထွက်ဖလားကို မာဆေးလ်အသင်းနှင့် ရရှိခဲ့သည်။ မာဆေးလ်အသင်းတွင် ၂ နှစ်ကြာကစားခဲ့ပြီးနောက် ၂၀၁၀ ခုနှစ် သြဂုတ်လတွင် အင်္ဂလန်ကလပ် နယူးကာဆယ်အသင်းသို့ တစ်နှစ်အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့သည်။

    နယူးကာဆယ်

    ၂၀၁၀-၂၀၁၁

    နယူးကာဆယ်အသင်းတွင် ကျောနံပတ် ၃၇ ၀တ်ဆင်ခဲ့ပြီးကစားခဲ့ပြီး စက်တင်ဘာ ၁၈ ရက်နေ့တွင် အဲဗာတန်အသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသောပွဲတွင် အသင်းအတွက် ပထမဂိုး သွင်းယူပေးနိုင်ခဲ့သည်။ သို့သော်လည်း အောက်တိုဘာလ မန်စီးတီးအသင်းနှင့် ကစားခဲ့သည့်ပွဲတွင် နစ်ဂဲလ် ဒီဂျုံးနှင့်ထိခိုက်မိပြီး ဘယ်ခြေထောက်၏ အရိုးနှစ်ခုစလုံး ကျိုးခဲ့သည်။ ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၅ ရက်နေ့တွင် နယူးကာဆယ်အသင်းက ဘင်အာဖားအား အမြဲတမ်းကစားသမားအဖြစ် လေးနှစ် စာချုပ်ချုပ်ဆိုခဲ့သည်။ သို့သော်လည်း ပြောင်းရွှေ့ကြေးကိုမူ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိချေ။

    ဘင်အာဖာ ဒဏ်ရာကြောင့် အနားယူနေရသည့် ကာလတစ်လျှောက်တွင် ပဲရစ်မြို့ရှိ Clairefontaine ဘောလုံးအကယ်ဒမီတွင် ကုန်ဆုံးခဲ့ပြီး၊ ၂၀၁၁ ခုနှစ် ဧပြီလတွင်မှ အသင်းနှင့် လေ့ကျင့်ခန်းပြန်လည်ဆင်းနိုင်ခဲ့သည်။ သို့သော်လည်း ၂၀၁၀-၁၁ ဘောလုံးရာသီ၏ လက်ကျန်ပွဲစဉ်များကို ပါဝင်နိုင်ခြင်းမရှိခဲ့ပေ။

    ၂၀၁၁-၁၂

    ဘောလုံးရာသီမစတင်မီ အမေရိကန်တွင် ကစားခဲ့သည့် နယူးကာဆယ်အသင်း၏ ရာသီအကြိုခြေစမ်းပွဲတစ်ခုတွင် ဘင်အာဖာမှာ ခြေကျင်းဝတ် ဒဏ်ရာရရှိခဲ့ပြီး ပြင်သစ်သို့ပြန်၍ ဆေးကုသမှုခံယူခဲ့ကာ ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင်မှ နယူးကာဆယ်အသင်းတွင် ပြန်လည်ကစားပေးနိုင်ခဲ့သည်။ ထို့နောက် နယူးကာဆယ်အသင်း၏ ပွဲစဉ်များတွင် ပုံမှန်ကစားခွင့်ရခဲ့သည့် ဘင်အာဖာမှာ ခြေစွမ်းကောင်းများကို ပြသခဲ့ပြီး ဂိုးများလည်း လှလှပပ သွင်းယူနိုင်ခဲ့သောကြောင့် ဘီဘီစီနှင့် The Independent သတင်းစာတို့က ချီးကျူးခဲ့ကြသည်။

    ၂၀၁၂-၁၃

    ယူရို ၂၀၁၂ ဘောလုံးပြိုင်ပွဲတွင် နိုင်ငံအသင်းနှင့် ယှဉ်ပြိုင်ခဲ့ရသောကြောင့် ရာသီ အစပွဲစဉ်များတွင် ခက်ခဲမှုများရှိခဲ့သော်လည်း နောက်ပိုင်းတွင်း ခြေစွမ်းကောင်းများကို ပြသနိုင်ခဲ့ပြီး၊ ဘောလုံးရာသီအတွင်း ဘင်အာဖာမှာ ဒဏ်ရာနှစ်ကြိမ်တိုင်တိုင်ရရှိသည်။ သို့သော်လည်း ၂၀၁၃-၁၄ ဘောလုံးရာသီတွင် ခြေစွမ်းပြ၍ ရလဒ်ကောင်းများရရှိနေသည့် နယူးကာဆယ်အသင်းတွင် ဘင်အာဖာမှာ အမာခံကစားသမားဖြစ်လာခဲ့ပြီး အသင်း၏ တောင်ပံတစ်လျှောက် မွှေနှောက်ထိုးဖောက်ကာ ပြိုင်ဘက်နောက်တန်းကစားသမား၏ အထူးဂရုစိုက်စရာ ကစားသမားတစ်ဦး ဖြစ်လာခဲ့သည်။

    နိုင်ငံတကာ ကစားသမားဘဝ

    ဘင်အာဖာမှာ ပြင်သစ်အသင်းတွင်လည်း လူငယ်ကစားသမားဘ၀ကတည်းက ပါဝင်ကစားခဲ့သည်။ ပြင်သစ် ယူ ၁၇ အသင်းနှင့်အတူ ၂၀၀၄ခုနှစ် အသက် ၁၇ နှစ်အောက် ဥရောပချန်ပီယံရှစ်ဖလားအား ဆွတ်ခူးနိုင်ခဲ့သည်။ ဘင်အာဖာမှာ ယူရို ၂၀၀၈ ခြေစစ်ပွဲအဖြစ် ဖာရိုးကျွန်းစုအသင်းနှင့် ကစားခဲ့သောပွဲတွင် လက်ရွေးစဉ်အသင်းအတွက် ပထမဆုံး ကစားပေးခဲ့သည်။ ထို့နောက် လက်ရွေးစင်အသင်းနှင့် ၂ နှစ်ကြာဝေးကွာနေခဲ့ပြီး ၂၀၁၀ ခုနှစ် သြဂုတ်လတွင် နော်ဝေအသင်းနှင့်ကစားခဲ့သည့် ခြေစမ်းပွဲတွင် ပြန်လည်ပါဝင်လာခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ကျင်းပသည့် ယူရို ၂၀၁၂တွင် ဘင်အာဖာမှာ နိုင်ငံအသင်းအတွက် ကိုယ်စားပြုခွင့်ရခဲ့သည်။

    အောင်မြင်မှုများ

    ကလပ်

    လိုင်ယွန်

    – ပြင်သစ်လိဂ်ဝမ်းချန်ပီယံ ၄-ကြိမ် (၂၀၀၄-၀၅၊ ၂၀၀၅-၀၆၊ ၂၀၀၆-၀၇၊ ၂၀၀၇-၀၈)
    – ပြင်သစ်ရှုံးထွက်ဖလား ၁-ကြိမ် (၂၀၀၇-၀၈)
    – ပြင်သစ် ချန်ပီယံဖလား ၂-ကြိမ် (၂၀၀၅-၀၆၊ ၂၀၀၆-၀၇)

    မာဆေးလ်

    – ပြင်သစ်လိဂ်ဝမ်းချန်ပီယံ ၁-ကြိမ် (၂၀၀၉-၁၀)
    – ပြင်သစ်လိဂ်ဖလား ၁-ကြိမ် (၂၀၀၉-၁၀)
    – ပြင်သစ်ချန်ပီယံဖလား ၁-ကြိမ် (၂၀၁၀)

    နိုင်ငံတကာ

    – ဥရောပ ယူ-၁၇ ချန်ပီယံ ၁-ကြိမ် (၂၀၀၄)

    တစ်ဦးချင်း
    – ပရော်ဖက်ရှင်နယ်ကစားသမားဖွဲ့၏ တစ်နှစ်တာ အကောင်းဆုံး လူငယ် အားကစားသမားဆု (၂၀၀၇-၀၈)
    – ပရော်ဖက်ရှင်နယ်ကစားသမားအဖွဲ့၏ တစ်လတာ အကောင်းဆုံး ဘောလုံးသမားဆု (၂၀၁၀ခုနှစ် ဖေဖော်ဝါရီလ)

  • ဘန်ဇီမာ (Karim Mostafa Benzema ရီးယဲလ်/ပြင်သစ်)

    ဒီဇင်ဘာ ၂၊ ၂၀၁၃
    M-Media
    ရှာဖွေတင်ဆက်သူ – ကိုလေး

    benzema1

    အမည်အပြည့်အစုံ    ကရင်မ် မွတ်စတာဖာ ဘန်ဇီမာ(Karim Mostafa Benzema)
    မွေးသက္ကရာဇ်    ၁၇.၁၂.၁၉၈၇
    ကစားသည့်နေရာ    တိုက်စစ်မှူး
    လက်ရှိကလပ်    ရီးယဲလ်မက်ဒရစ်
    နိုင်ငံ        ပြင်သစ်

    ကရင်မ် ဘန်ဇီမာကို ၁၉၈၇ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့၌ မွေးဖွားခဲ့သည်။ ပြင်သစ်လက်ရွေးစင်ကစားသမားဖြစ်ပြီး လက်ရှိတွင် စပိန်လာလီဂါကလပ် ရီးယဲလ်မက်ဒရစ်အသင်းတွင် ကစားနေသူဖြစ်သည်။ တိုက်စစ်မှူးတစ်ဦးအဖြစ်ပုံမှန်ကစားသူဖြစ်ပြီး တစ်ခါတရံတွင် တောင်ပံများသို့ ထွက်ကစားနိုင်သည့် ဘန်ဇီမာမှာ နည်းပညာပိုင်းကျွမ်းကျင်မှု၊ ကစားအားကောင်းမွန်မှုနှင့် ဂိုးသွင်းစွမ်းရည်များကြောင့်ထင်ရှားကျော်ကြားသူဖြစ်သည်။

    ငယ်စဉ်ဘဝ

    ဘန်ဇီမာမှာ ဘောလုံးသမားဘ၀ကို အသက် ၈နှစ်အရွယ်တွင် ၎င်း၏ မွေးရပ်မြေ လိုင်ယွန်ရှိ Bron Terraillon အသင်းတွင် စတင်ခဲ့သည်။ လိုင်ယွန်လူငယ်အသင်းနှင့် ကစားခဲ့သည့် အသက် ၁၀ နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် လိုင်ယွန်လူငယ်အသင်းဘက်သို့ ၂ ဂိုးသွင်းယူခဲ့ပြီးနောက် လိုင်ယွန်အသင်းက ဘန်ဇီမာအား မျက်စိကျခဲ့သည်။

    ထို့နောက် ၁၉၉၆ ခုနှစ်တွင် လိုင်ယွန်အသင်းသို့ပြောင်းရွှေ့ခဲ့ပြီး ကလပ်အသင်း၏ လူငယ်အကယ်ဒမီမှ ရွေးချယ်ခြင်းခံခဲ့ရသည်။ လိုင်ယွန်းအသင်းကြီး၏ ကစားသောပွဲစဉ်များတွင် ဘောကောက်အဖြစ်လုပ်ဆောင်ခဲ့ရသည့် ဘန်ဇီမာမှာ အကယ်ဒမီတွင် ကောင်းမွန်စွာ ကစားနိုင်သည့် လူငယ်ကစားသမားတစ်ယောက် ဖြစ်လာခဲ့သည်။ ထို့ပြင် အသက် ၁၆နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲတွင် ဘန်ဇီမာမှာ လိုင်ယွန်အသင်းအတွက် ၃၈ ဂိုသွင်းယူပေးနိုင်ခဲ့သည်အထိ ခြေစွမ်းထက်ခဲ့သူဖြစ်သည်။ ထို့နောက် ၂၀၀၄-၀၅ ရာသီတွင် လိုင်ယွန်အရံအသင်းမှခေါ်ယူခြင်းခံရပြီး အရန်အသင်းအတွက် ၁၀ ဂိုးသွင်းယူပေးခဲ့ကာ အရန်အသင်းမှာလည်း ပြင်သစ်စတုတ္ထတန်းတွင် ဒုတိယနေရာရရာရှိခဲ့သည်။

    ပရော်ဖက်ရှင်နယ်ကစားသမားဘဝ

    ထို့နောက်မန်နေဂျာ ပေါ်လီဂူအန်က ဘန်ဇီမာအား သုံးနှစ်စာချုပ်ချုပ်ဆိုကာ အသင်းကြီးသို့ ခေါ်ယူခဲ့သည်။ သူစတင်ကစားခဲ့သည့် ပထမသုံးရာသီတွင် လိုင်ယွန်အသင်းမှာ ဖလားသုံးခုရရှိခဲ့သည်။ ၂၀၀၇-၀၈ ဘောလုံးရာသီတွင် ဘန်ဇီမာမှာ လိုင်ယွန်အသင်း၏ အချိန်ပြည့်ကစားသမားဖြစ်လာခဲ့သည်။ ထို့ပြင် အသင်းအတွက် ဂိုး ၃၀ ကျော်သွင်းယူပေးခဲ့ပြီး လိုင်ယွန်အသင်းမှာလည်း ၇ နှစ်ဆက်တိုက် အမှတ်ပေးချန်ပီယံဖြစ်ခဲ့သည်။ သူ၏ စွမ်းဆောင်ရည်ကောင်းများကြောင့် ဘန်ဇီမာမှာ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က ချီးမြှင့်သည့် ပြင်သစ်အမှတ်ပေးပြိုင်ပွဲ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သည်။ ထို့ပြင် ရာသီတစ်လျှောက်တွင် ဂိုးအများဆုံးသွင်းနိုင်သောကြောင့် အီတလီအားကစားမဂ္ဂဇင်း Gueri Sportivo မှပေးအပ်သော Bravo ဆုကိုလည်း ရရှိခဲ့သည်။ ၂၀၀၈ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် လိုင်ယွန်အသင်းတွင် ၂၀၁၃ ခုနှစ်အထိ ဆက်လက်ရှိနေမည့် စာချုပ်သစ်ကိုချုပ်ဆိုခဲ့ပြီး ပြင်သစ်တွင် လုပ်ခအများဆုံးရရှိသည့် ကစားသမားဖြစ်လာခဲ့သည်။ သို့သော်လည်း လိုင်ယွန်တွင် နောက်ထပ်တစ်နှစ်ကစားပြီးနောက် ၂၀၀၉ ခုနှစ်တွင် ဘန်ဇီမာမှာ စပိန်ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ၆ နှစ်စာချုပ်ချုပ်ဆိုခဲ့သည်။

    ရီးယဲလ်မက်ဒရစ်

    ရီးယဲလ်သို့ရောက်ရှိပြီးနောက် ပထမဦးဆုံးဘောလုံးရာသီတွင် ဘန်ဇီမာမှာ ပုံမှန်ပွဲထွက်ခွင့်ရရန်အတွက် ရုန်းကန်ခဲ့ရသည်။ ထိုစဉ်က ရီးယဲလ်အသင်းနည်းပြ ပယ်လီဂရီနီမှာ ဘန်ဇီမာထက် ဟီဂူအင်ကိုသာ ပိုမိုနှစ်သက်သောကြောင့် ဘန်ဇီမာမှာ အရန်ခုံတွင်သာ အချိန်ကုန်ခဲ့ရသည်။ ဟီဂူအင် ဒဏ်ရာရရှိချိန်တွင် အသင်း၌ ပါဝင်ခွင့်ရခဲ့သော်လည်း ဟီဂူအင်ပြန်လည်ပါဝင်လာချိန်တွင် ဘန်ဇီမာမှာ ၈ ပွဲဆက်တိုက် အရန်ခုံတွင် ထိုင်ခဲ့ရသည်အထိ ဖြစ်ခဲ့ပြီး ၂၀၀၉-၁၀ ဘောလုံးရာသီ ပြီးဆုံးခဲ့သည်။

    800px-Benzema_-_Rodriguez

    ၂၀၁၀-၁၁ ဘောလုံးရာသီတွင် ရီးယဲလ်အသင်းသို့ နည်းပြမော်ရင်ဟိုရောက်ရှိလာခဲ့ပြီး ဘန်ဇီမာမှာလည်း နံပါတ် ၉ ဂျာစီကို ၀တ်ဆင်ခွင့်ရခဲ့သည်။ သို့သော်လည်း ရော်နယ်ဒိုနှင့် ဟီဂူအင်တို့၏နောက် အရန်ကစားသမားအဖြစ်သာရှိနေခဲ့ပြီး၊ ၀င်ကစားရသည့်အချိန်တွင် ဘန်ဇီမာမှာ ဂိုးများသွင်းယူပေးနိုင်ခဲ့သည်။ ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် အသင်း၏ အဓိကတိုက်စစ်မှူး ဟီဂူအင်မှာ ပြင်းထန်သော နောက်ကျော ဒဏ်ရာရရှိခဲ့သောကြောင့် အသင်းတွင် ဟီဂူအင်မှာ ပွဲထွက် ကစားသမားအဖြစ် ပြန်လာ ပါဝင်လာပြီး ပြင်သစ်ကလပ်အော်ဇေးအသင်းနှင့် ချန်ပီယံလိဂ်ပွဲတွင် အသင်းအတွက် ပထမဦးဆုံး ဟက်ထရစ်ဂိုးကို သွင်းယူနိုင်ခဲ့သည်။ ထို့နောက် နှစ်ပတ်အကြာတွင်ကစားခဲ့သည့် လီဗန်တေးအသင်းအား ၈ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည့် စပိန်ရှုံးထွက်ဖလားပြိုင်ပွဲတွင် ဘန်ဇီမာမှာ ထပ်မံ၍ ဟက်ထရစ်သွင်းယူနိုင်ခဲ့သည်။ သို့သော်လည်း အသင်းသို့ အဒီဘာယောမှာ အငှားဖြင့်ရောက်ရှိလာခဲ့ပြီးနောက် ဘန်ဇီမာမှာ အရန်ခုံတွင် နှစ်ပွဲဆက်တိုက် ပြန်လည်ထိုင်နေခဲ့ရသည်။

    ၂၀၁၁-၁၂ ခုနှစ်ရာသီမှာ ဘန်ဇီမာ၏ ရီးယဲလ်တွင် အအောင်မြင်ဆုံးနှစ်ဖြစ်ခဲ့သည်။  ပြင်သစ်ဂန္တ၀င်ကစားသမား ဖြစ်ကြသည့် ဇီဒိန်းနှင့် ဘလန့်စ်တို့၏ အကြံပေးမှုကို နားထောင်ခဲ့ပြီး တက်လာသော ကိုယ်အလေးချိန်အား လျှော့ချနိုင်ခဲ့သည်။ ထို့နောက် အသင်း၏ ရာသီအကြိုခြေစမ်းပွဲ ၇ ပွဲတွင် ၈ ဂိုးအထိသွင်းယူနိုင်ခဲ့သည် အထိ ခြေစွမ်းပြနိုင်ခဲ့သည်။ ဘန်ဇီမာ၏ ပြောင်းလဲမှုအား မော်ရင်ဟိုကလည်းချီးကျူးခဲ့ပြီး အသင်း၏ အဓိကတိုက်စစ်မှူးအဖြစ် ရွေးချယ်ခဲ့သည်။ နောက်ပိုင်းတွင် ဘန်ဇီမာမှာအသင်းတွင်  ထင်ရှားသောကစားသမားဖြစ်လာခဲ့ပြီး လာလီဂါတွင် ၃၂ ဂိုးသွင်းယူနိုင်သည်အထိ ခြေစွမ်းထက်လာခဲ့သည်။ ၂၀၁၁-၁၂ လာလီဂါဖလားရရှိခဲ့သည့် ရီးယဲလ်အသင်းအတွက် ဘန်ဇီမာမှာ များစွာအထောက်အကူပြုခဲ့သည်။ ထို့ပြင် ၂၀၁၁ နှင့် ၂၀၁၂ ခုနှစ်များတွင် ပြင်သစ်နိုင်ငံ၏ အကောင်းဆုံးဘောလုံးသမား အဖြစ် ရွေချယ်ခြင်းခံခဲ့ရသည်။

    နိုင်ငံလက်ရွေးစင် ကစားသမားဘဝ

    ဘန်ဇီမာမှာ ပြင်သစ်နိုင်ငံ၏ ၁၉၈၇ ဘောလုံးမျိုးဆက်တွင် ဘင်အာဖာ၊ ဂျရီမီမီနက်ဇ်နှင့် နာဆရီတို့နှင့်အတူ ပါဝင်ခဲ့ပြီး အသက် ၁၇ နှစ်အောက် လူငယ်အသင်းမှစ၍ နိုင်ငံအသင်းအတွက် ကစားပေးခဲ့သည်။ ထို့ပြင် ပြင်သစ် ယူ ၁၇ အသင်းနှင့် ၂၀၀၄ ခုနှစ်တွင်ကျင်းပခဲ့သည့် ဥရောပ ယူ ၁၇ ဘောလုံးပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သည်။ ၂၀၀၇ ခုနှစ် မတ်လတွင် ဘန်ဇီမာမှာ ပြင်သစ်အသင်းနှင့် သြစတြီးယားအသင်းတို့ကစားခဲ့သည့် ခြေစမ်းပွဲတွင် လက်ရွေးစင်အသင်းအတွက် ပထမဆုံး ပွဲထွက်ကစားခွင့်ရခဲ့သည်။ ပြင်သစ်အသင်းက ၁ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သော အဆိုပါပွဲတွင် တစ်လုံးတည်းသောအနိုင်ဂိုးကို ဘန်ဇီမာက သွင်းယူပေးခဲ့ပြီး ပထမဦးဆုံး ကစားခဲ့သောပွဲတွင် နိုင်ငံအသင်းအတွက် ပထမဆုံး သွင်းယူနိုင်ခဲ့သော ဂိုးလည်းဖြစ်ခဲ့သည်။ ထို့ပြင် အဓိကပြိုင်ပွဲများဖြစ်သည့် ၂၀၀၈နှင့် ၂၀၁၂ ဥရောပဖလား ဘောလုံးပြိုင်ပွဲများတွင်လည်း ဘန်ဇီမာမှာ ပြင်သစ်အသင်းနှင့်အတူ ပါဝင်ခွင့်ရခဲ့သည်။

    အောင်မြင်မှုများ

    လိုင်ယွန်
    ပြင်သစ် လိဂ်ဝမ်းချန်ပီယံ ၄ ကြိမ် (၂၀၀၄-၀၅၊ ၂၀၀၅-၀၆၊ ၂၀၀၆-၀၇၊ ၂၀၀၇-၀၈)
    ပြင်သစ်ရှုံးထွက်ဖလား ၁ ကြိမ် (၂၀၀၇-၀၈)
    Trophée des Champions (2): 2006, 2007

    ရီးယဲလ်မက်ဒရစ်
    လာလီဂါ ၁ ကြိမ် (၂၀၁၁-၁၂)
    စပိန်ရှုံးထွက်ဖလား ၁ ကြိမ် (၂၀၁၀-၁၁)
    စပိန်စူပါဖလား ၁ ကြိမ် ၂၀၁၂

    နိုင်ငံတကာ
    ဥရောပ ယူ၁၇ ချန်ပီယံ (၂၀၀၄)

    တစ်ဦးချင်း
    အီတလီ အားကစားမဂ္ဂဇင်း Gueri Sportivo မှာ ပေးအပ်သော Bravo ဆု (၂၀၀၈)
    ပြင်သစ်လိဂ်ဝမ်း ဂိုးအများဆုံးဆု (၂၀၀၇-၀၈)
    ပြင်သစ်ဘောလုံးအဖွဲ့ချုပ် တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမား (၂၀၀၇-၀၈)
    ပြင်သစ်နိုင်ငံ၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု ၂ ကြိမ်(၂၀၁၁၊ ၂၀၁၂)

  • ယာယာ တိုယေး (မန်စီးတီး/အိုင်ဗရီကို့စ်)

    အောက်တိုဘာ-၁၉
    M-Media
    ရှာဖွေတင်ဆက်သူ- ကိုလေး

    Yaya Toure

    အမည်အပြည့်အစုံ    ဂျန်နီရီ ယာယာတိုးယေး(Gnégnéri Yaya Touré)
    မွေးသက္ကရာဇ်    ၁၃.၅.၁၉၈၃
    ကစားသည့်နေရာ    အလယ်တန်း
    လက်ရှိကလပ်    မန်ချက်စတာစီးတီး
    နိုင်ငံ        အိုင်ဗရီကို့စ်
    ကိုးကွယ်သူဘာသာ- အစ္စလာမ်

    ယာယာတိုးယေးကို ၁၉၈၃ ခုနှစ် မေလ ၁၃ ရက်နေ့တွင် အိုက်ဗရီကို့စ်နိုင်ငံ ဘောက်ကီမြို့၌ မွေးဖွားခဲ့သည်။ အိုက်ဗရီကို့စ် လက်ရွေးစင် ကစားသမားဖြစ်သည့် ယာယာတိုးယေးမှာ ယခုလက်ရှိတွင် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ စီးတီး အသင်းတွင် ကစားနေသူဖြစ်သည်။

    ကွင်းလယ်နှင့် နောက်တန်းနှစ်နေရာ စလုံးတွင် ကစားနိုင်သည့် တိုးယေးမှာ သူ၏ အကွက်မြင်မှု၊ ဖြတ်တင်ဘော စွမ်းရည်နှင့် နည်းစနစ်ကျလှသည့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတို့ကြောင့် ကျော်ကြားသည်။ နေရာမျိုးစုံကစားနိုင်သည့် ကစားသမားဖြစ်ပြီး ငယ်စဉ်ဘ၀က တိုက်စစ်ကစားသမား အဖြစ်ကစားခဲ့သည်။ နောက်ခံ အတွင်းလူအဖြစ် ပွဲ အနည်းငယ်ကစားခဲ့ပြီး ၂၀၀၉ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်တွင်လည်း ဘာစီလိုနာအသင်း၏ နောက်ခံအတွင်းလူနေရာ၌ ကစားပေးခဲ့ရသည်။  တိုးယေးသည် နိုင်ငံအသင်းနှင့် ကလပ်အသင်းများတွင် မကြာခဏ ကွင်းလယ် ဖန်တီးရှင်အဖြစ်ကစားခဲ့ပြီး ပွဲတစ်ပွဲလုံးတွင် ခံစစ်၊ တိုက်စစ်အားလုံးတွင် လိုက်ပါကစား နိုင်သူဖြစ်သည်။

    တိုးယေးမှာ သူ၏ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ကို အိုက်ဗရီကို့စ်ကလပ် ASEC Mimosas တွင် စတင်ခဲ့သည်။ အသက် ၁၈နှစ်အရွယ်တွင် ASEC Mimosas, အသင်းကြီးအတွက် ပထမဆုံးပွဲထွက်ခွင့်ရခဲ့သည်။ ထိုက်နောက် ဘယ်လ်ဂျီယံကလပ် ဘီဗီရန်အသင်းသို့ရောက်ရှိလာခဲ့သည်။ ထို့နောက်အာဆင်နယ်အသင်း၏ စိတ်ဝင်စားခြင်းကိုခံခဲ့ရပြီး အာဆင်နယ်အသင်းမှ စမ်းသပ်မှုများရှိခဲ့သော်လည်း ၎င်း၏ အလုပ်လုပ်ခွင့်ပါမစ်အခက်ခဲကြောင့် အာဆင်နယ် အသင်းမှ ခေါ်ယူနိုင်ခြင်းမရှိခဲ့ပေ။ ထို့နောက် ယူကရိန်းကလပ် မီတာလာ ဒိုးနက်အသင်း၊ ဂရီကလပ် အိုလံပီယာကော့စ် အသင်းနှင့် ပြင်သစ်ကလပ် အေအက်စ်မိုနာကို အသင်းများသို့ အဆင့်ဆင့်ပြောင်းရွှေ့ခဲ့သည်။

    ဥရောပပြိုင်ပွဲငယ်များတွင် ပြသသည့် သူ၏ စွမ်းရည်များကြောင့် ဥရောပ ကလပ်အသင်းကြီးများက တိုးယေးအား စိတ်ဝင်စားခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် စပိန်ထိပ်သီး ဘာစီလိုနာအသင်းက ခေါ်ယူခဲ့သည်။ ဘာစီလိုနာအသင်းတွင် ပွဲပေါင်း ၁၀၀ ကျော်ကစားခဲ့ပြီး ၂၀၀၉ ခုနှစ် ဖလားခြောက်လုံးရရှိခဲ့သည့် ဘာစီလိုနာအသင်း၏ သမိုင်းဝင်အောင်ပွဲတွင် တိုးယေးမှာ အသင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သည်။

    ထို့နောက် ၂၀၁၀ ခုနှစ်တွင် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာစီးတီးအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး အသင်း၏ အလယ်တန်းတွင် အရေးပါသည့် ကစားသမားတစ်ဦးဖြစ်လာခဲ့ကာ အသင်း၏ ပဲ့ကိုင်ရှင်လည်းဖြစ်လာသည်။ မန်စီတီးအသင်းတွင် တိုးယေးမှာ အရေးပါသောဂိုးများစွာကို သွင်းယူပေးခဲ့ပြီး သူ၏အကျော်ကြားဆုံးဂိုးမှာ ၂၀၁၀ ခုနှစ် FA ဖလားပြိုင်ပွဲ ဆီးမီးဖိုင်နယ်နှင့် ဖိုင်နယ်ပွဲစဉ်တို့တွင် သွင်းယူခဲ့သောဂိုးများဖြစ်သည်။

    တိုးယေးမှာ ၂၀၀၄ ခုနှစ်တွင် အိုက်ဗရီကို့စ်လက်ရွေးစင်အသင်း၏ ရွေးချယ်မှုကိုခံခဲ့ရပြီး ၂၀၀၆ နှင့် ၂၀၁၀ ကမ္ဘာ့ဖလားတို့တွင် လက်ရွေးစင်အသင်း၏ အဓိကပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရခဲ့သည်။ ၂၀၁၁၊ ၂၀၁၂ ခုနှစ်တွင် အာဖရိက အကောင်းဆုံးဘောလုံးသမားဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည့် တိုးယေးမှာ နိုင်ငံအသင်းအတွက် စုစုပေါင်း ပွဲ ၈၀ ကစားပေးထားပြီး ၁၆ ဂိုးသွင်းယူပေးထားသည်။

    အောင်မြင်မှုများ

    ASEC Mimosas
    —————–
    အိုင်ဗရီကို့စ် ပရီးမီယားလိဂ်ဖလား(၂၀၀၁)

    အိုလံပီယာကော့စ်
    ——————-
    ဂရိစူပါလိဂ် (၂၀၀၅-၀၆)
    ဂရိဖလား (၂၀၀၅-၀၆)

    ဘာစီလိုနာ
    ————
    လာလီဂါ -၂ ကြိမ် (၂၀၀၈-၀၉၊ ၂၀၀၉-၁၀)
    ကိုပါဒီရေးဖလား (၂၀၀၈-၀၉)
    စပိန်စူပါဖလား (၂၀၀၉)
    ချန်ပီယံလိဂ်ဖလား (၂၀၀၈-၀၉)
    ဥရောပစူပါဖလား (၂၀၀၉)
    ဖီဖာကမ္ဘာ့ကလပ်ချန်ပီယံ (၂၀၀၉)

    မန်ချက်စတာစီးတီး
    ——————-
    ပရီးမီယားလိဂ်ဖလား (၂၀၁၁-၁၂)
    FA ဖလား (၂၀၁၀-၁၁)
    ကွန်မြူနတီဒိုင်း (၂၀၁၂)

    တစ်ဦးချင်းဆုတံဆိပ်များ
    ————————-
    အာဖရိကအကောင်းဆုံးဘောလုံးသမား – ၂ ကြိမ် (၂၀၁၁၊ ၂၀၁၂)
    ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံးအသင်း (၂၀၁၁-၁၂)
    ကွန်မြူနတီဒိုင်း အကောင်းဆုံးဘောလုံးသမားဆု (၂၀၁၂)

  • ဖရန့် ရီဘာရီ(Franck Ribéry) (ဘိုင်ယန်မြူးနစ် / ပြင်သစ်)

    သြဂုတ်-၂၊ ၂၀၁၃
    M-Media
    စုစည်းတင်ဆက်သူ-ဝေဇင်

    franck ribery

    အမည်အပြည့်အစုံ – ဖရန့် ရီဘာရီ(Franck Ribéry)
    မွေးသက္ကရာဇ်       – ၇၊ ၄၊ ၁၉၈၃
    ကစာသည့်နေရာ   – အလယ်တန်း
    ကလပ်               – ဘိုင်ယန်မြူးနစ်
    နိုင်ငံ                  – ပြင်သစ်

    ဖရန့်ရီဘာရီ(Franck Ribéry) ကို ၁၉၈၃ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် ပြင်သစ်နိုင်ငံမြောက်ပိုင်းရှိ Boulogne-sur-Mer မြို့တွင် မွေးဖွားခဲ့သည်။ ပြင်သစ်လက်ရွေးစင် ကစားသမားတစ်ဦးဖြစ်ပြီး ဂျာမနီကလပ် ဘိုင်ယန်မြူးနစ်အသင်းတွင် ကစားနေသူဖြစ်သည်။ သူသည် ကွင်းလယ်ဘယ်တောင်ပံတွင် ကစားသူဖြစ်ပြီး သွက်လက် လျင်မြန်မှု၊ ဘောလုံးစွမ်းရည် ကျွမ်းကျင်မှုနှင့် သူ၏ တိကျသေချာသော ဘောလုံးပေးပို့မှုများကြောင့် လူသိများသည်။ ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ပြီးနောက် ရီဘာရီမှာ ကမ္ဘာ့ဘောလုံးစင်မြင့် ထက်တွင် သူ့ခေတ်သူ့အခါ၏ ဘောလုံးမျိုးဆက်မှ ပြင်သစ်နိုင်ငံ၏ အကောင်းဆုံးဘောလုံးသမားတစ်ဦးအဖြစ် သတိပြုခြင်း ခံခဲ့ရသည်။ ပြင်သစ်နိုင်ငံ၏ ဂန္တ၀င် ကစားသမားဖြစ်သည့် ဇီဒိန်းက ပြင်သစ်ဘောလုံးလောက၏ အဖိုးတန် ရတနာတစ်ပါးအဖြစ် ရီဘာရီအား တင်စားခဲ့သည်။

    ပရော်ဖက်ရှင်နယ်စကားသမားဘဝ

    5

    ရီဘာရီသည် ဘောလုံးကစားသမားဘ၀ကို ၁၉၈၉ ခုနှစ်တွင် သူ၏မွေးရပ်မြေရှိ ကွန်တီ ဘိုလွန်နီ(Conti Boulogne) ကလပ်တွင်စတင်ခဲ့သည်။ ထိုကလပ်တွင် ၇ နှစ်ကြာကစားပြီးနောက် လိုင်လီအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး ဖရော်ဖက်ရှင်နယ်ကစားသမားဘ၀ကို စတင်ခဲ့သည်။ လိုင်လီအသင်းတွင် ၃ နှစ်ကြာကစားပြီးနောက် ၁၉၉၉ခုနှစ်တွင်  ယူအက်စ် ဘိုလွန်နီ(US Boulogne) အသင်းသို့ပြောင်းရွေ့ခဲ့ပြီး ၂ နှစ်ကြာ ကစားခဲ့သည်။ နောက်ပိုင်းတွင် ပြင်သစ်အပျော်တမ်းလိဂ် အသင်းဖြစ်သည့် အဲလက်စ်(Alès) နှင့် ဘရက်စ်(Brest) အသင်းတို့တွင် ၂ နှစ်ကြာကစားခဲ့ပြီးနောက် ၂၀၀၄ ခုနှစ်တွင် ပြင်သစ်လိဂ်ဝမ်းကလပ် မတ်ဇ်(FC Metz) သို့ပြောင်းရွှေ့ခဲ့သည်။ သို့သော်လည်း မတ်ဇ်အသင်းတွင် ၆ လ သာကစားခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် တူရကီကလပ် ဂါလာတာစရေးသို့ပြောင်းရွှေ့ခဲ့ကာ ဂါလာတာစရေးနှင့် တူရကီဖလား(Turkish Cup) ကို ဆွတ်ခူးရရှိခဲ့သည်။

    ဂါလာတာစရေးတွင် ခြောက်လကြာပြီးနောက် ပြင်သစ်ကလပ်မာဆေးလ်အသင်းသို့ ပြောင်းရွှေ့ခဲ့သည်။ မာဆေးလ်အသင်းတွင် နှစ်ရာသီကစားခဲ့ပြီး မာဆေးလ်အသင်းအား ပြင်သစ်ရှုံးထွက်ဖလား နောက်ဆုံးဗိုလ်လုပွဲထိ ရောက်ရှိအောင် ကူညီပေးခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် ဂျာမနီကလပ် ဘိုင်ယန်မြူးနှစ်မှ အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်းပေး၍ ခေါ်ယူခဲ့သည်။ ဘိုင်ယန်မြူးနစ်အသင်းတွင် ခြေစွမ်းပြခဲ့သည့် ရီဘာရီမှာ အသင်းနှင့် ၂၀၁၃ ချန်ပီယံလိဂ်အပါဝင် ဆုဖလားပေါင်းများစွာကို ရရှိခဲ့သည်။

    နိုင်ငံလက်ရွေးစင်

    3

    ရီဘာရီသည် ပြင်သစ် ယူ ၂၁ အသင်းတွင်ကစားခဲ့ပြီး ပြင်သစ်လက်ရွေးစင်အသင်း၏ အဓိက ကစားသမားတစ်ဦးလည်းဖြစ်လာခဲ့သည်။ ၂၀၀၆ ခုနှစ် မေလတွင် မက္ကဆီကိုနှင့်ကစားသောပွဲတွင် နိုင်ငံအသင်းအတွက် ပထမဦးဆုံး ပွဲထွက်ကစားခွင့်ရခဲ့သည့် ရီဘာရီမှာ ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ကြိမ်နှင့် ဥရောပဖလားဘောလုံးပြိုင်ပွဲနှစ်ကြိမ် ကစားခဲ့သူဖြစ်သည်။ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲ စပိန်အသင်းနှင့်ကစားသောပွဲတွင် သူ၏ ပထမဦးဆုံး နိုင်ငံတကာဂိုးကို သွင်းယူခဲ့ပြီး ဗိုလ်လုပွဲ အီတလီအသင်းနှင့်ကစားသည့်ပွဲတွင်လည်း ပါဝင်ခဲ့သည်။
    ရီဘာရီမှာ ပြင်သစ်နိုင်ငံ၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို နှစ်ကြိမ်တိုင်တိုင်ရရှိခဲ့သူဖြစ်ပြီး ဂျာမနီနိုင်ငံ၏ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကိုလည်း ဆွတ်ခူးရရှိခဲ့သူဖြစ်သည်။ ယူအီးအက်ဖ်အေမှရွေးချယ်သည့် တစ်နှစ်တာ အကောင်းဆုံးဘောလုံးအသင်းတွင်လည်း ပါဝင်ခွင့်ရရှိခဲ့သူဖြစ်ပြီး ပြင်သစ်နိုင်ငံ၏ အကောင်းဆုံး လူငယ်ကစားသမားအဖြစ်သတ်မှတ်ခံခဲ့ရသူဖြစ်သည်။

    ရီဘာရီနှင့် အစ္စလာမ်သာသနာ

    2

    ရီဘာရီမှာ ၂၀၀၆ ခုနှစ်တွင်အစ္စလာမ်သာသာဝင်တစ်ယောက်ဖြစ်လာခဲ့ပြီး အစ္စလာမ်က သူ့အား ငြိမ်းချမ်းလုံခြုံစေသည်ဟုသူကဆိုသည်။

    ၂၀၀၉ ခုနှစ်တွင် ရီဘာရီသည် အွမ္မရာ ဘုရားဖူးခရီးစဉ်အဖြစ် မက္ကမြို့တော်သို့ မွတ်စလင်အသင်းဖော်များနှင့်အတူ သွားရောက်ခဲ့သည်။ ရီဘာရီမှာ ၎င်း၏ မွေးရပ် Boulogne-sur-Mer တွင် O’Shahiz  ဟု အမည်ရသည် အရက်မပါဘဲ သစ်သီးဖျော်ရည်များကို သာရောင်းသော ဘားတစ်ခုကို ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းက ဖွင့်လှစ်ခဲ့သည်။ ပြင်သစ်များအား အရက်ကင်းစင်သည့် ရပ်ဝန်းတစ်ခု ဖန်းတီပေးလိုသည့် ရည်ရွှယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု သူကဆိုသည်။

    အောင်မြင်မှုများ

    1

    ကလပ်

    ဂါလာတာစရေး၊ တူရကီဖလား (၂၀၀၅)

    မာဆေးလ်၊ ယူအီးအက်ဖ်အေ အင်တာတိုတိုဖလား (၂၀၀၅)

    ဘိုင်ယန်မြူးနစ်

    ဘွန်ဒစ်လီဂါ (၂၀၀၇-၂၀၀၈၊ ၂၀၀၉-၂၀၁၀၊ ၂၀၁၂-၂၀၁၃)
    ဂျာမနီရှုံးထွက်ဖလား (၂၀၀၈၊ ၂၀၁၀)
    ဂျာမနီလိဂ်ဖလား(၂၀၀၇)
    ဂျာမနီစူပါဖလား(၂၀၁၀၊ ၂၀၁၂)
    ချန်ပီယံလိဂ်ဖလား(၂၀၁၃)

    နိုင်ငံ
    ၂၀၀၆ ကမ္ဘာ့ဖလား ဒုတိယ

    တစ်ဦးချင်း
    UNFP ၏ တစ်နှစ်တာ အကောင်းဆုံး လူငယ်ဘောလုံးသမားဆု (၂၀၀၅၊ ၂၀၀၆)
    လိဂ်ဝမ်း အကောင်းဆုံးဂိုးသွင်းရှင်ဆု (၂၀၀၅-၂၀၀၆)
    UNFP ၏ တစ်လတာ အကောင်းဆုံး ဘောလုံးသမား (သြဂုတ် ၂၀၀၄၊ အောက်တိုဘာ ၂၀၀၅၊ ဧပြီ ၂၀၀၆)
    ပြင်သစ်နိုင်ငံ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆု(၂၀၀၇၊ ၂၀၀၈)
    ဂျမနီနိုင်ငံ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆု(၂၀၀၈)
    ယူအီးအက်ဖ်အေ တစ်နှစ်တာအကောင်းဆုံးအသင်း (၂၀၀၈)

  • မုဟမ္မဒ် အလီ (ခ) ကက်စီးယက်စ် ကလေး

    မေ-၁၇၊၂၀၁၃
    M-Media
    ဝေဇင် စုစည်းတင်ပြသည်။

    ငယ်ဘဝ

    1

    မုဟမ္မဒ်အလီကို ၁၉၄၂ ခုနှစ် ဇန်န၀ါရီ ၁၇ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ ကန်တာကီ ပြည်နယ်၊ လူဝီဗေးလ်မြို့တွင် မွေးဖွားခဲ့ပြီး မွေးချင်းနှစ်ယောက်အနက် အကြီးဖြစ်သည်။ ငယ်နာမည်မှာ ကက်စီးယက်စ် မာဆဲလ်လက်စ် ကလေး(Cassius Marcellus Clay) ဖြစ်သည်။ ကလေး ကို လက်ဝှေ့ထိုးရန် ပထမဦးဆုံးညွှန်ကြားသူမှာ လူဝီဗေးလ် မြို့ရှိ ရဲအရာရှိတစ်ဦးဖြစ်ပြီး သူ၏ လက်ဦးဆရာလည်းဖြစ်သည်။ ထိုအချိန်က ကလေးမှာ အသက် ၁၂ အရွယ်သာရှိသေးသည်။ ကလေး၏ အပျော်တမ်းလက်ဝှေ့သမားဘ၀တွင် ကန်တာကီ ရွှေလက်အိတ် ချန်ပီယံ (၆)ကြိမ်၊ အမေရိကန် ရွှေလက်အိတ် ချန်ပီယံ (၂) ကြိမ်၊ အပျော်တမ်းလက်ဝှေ့ချန်ပီယံ တစ်ကြိမ်၊ ၁၉၆၀ ခုနှစ် အီတလီနိုင်ငံ ရောမမြို့တွင် ကျင်းပပြုလုပ်သည့် နွေရာသီ အိုလံပစ်တွင် လိုက်ဟဲဗီးဝိတ်တန်း လက်ဝှေ့ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ကြိမ်၊ စသဖြင့် ဆုတံဆိပ်ပေါင်း မြောက်များစွာရရှိခဲ့သည်။

    ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝ

    2

    ပရော်ဖက်ရှယ်နယ်ဘ၀ ပထမဦးဆုံးပွဲကို ၁၉၆၀ အောက်တိုဘာ ၂၉ ရက်နေ့တွင် ကျွန်နေ ဟန်စကာ(Tunney Hunsaker) နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ကလေး က အနိုင်ရရှိခဲ့သည်။ ၁၉၆၀ မှ ၁၉၆၃ ခုနှစ်အထိ ၁၉ ပွဲယှဉ်ပြိုင် ထိုးသတ်ခဲ့ပြီး ရှုံးပွဲမရှိခဲ့ချေ။ ၁၅ ပွဲတွင် ပြိုင်ဘက်များကို အလဲထိုး၍ အနိုင်ယူခဲ့လေသည်။

    ဟဲဗီးဝိတ်ချန်ပီယံ

    ali_liston_1024x768

    ကလေး၏ ရလဒ်ကောင်းများကြောင့် ထိုစဉ်က ဟဲဗီးဝိတ်ချန်ပီယံ ဆန်နီ လစ်စတန်(Sonny Liston)ကို စိန်ခေါ်နိုင်သူ ဖြစ်လာခဲ့သည်။ ကလေးနှင့် လစ်စတန်တို့၏ပွဲကို ၁၉၆၄ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ယှဉ်ပြိုင်ထိုးသတ်ရန် ရွေးချယ်သတ်မှတ်ခဲ့သည်။ မထိုးသတ်မီ တစ်ရက်အလို ကိုယ်အလေးချိန် စစ်ဆေးသောနေ့တွင် ကလေးက သူသည် လစ်စတန်အား “လိပ်ပြာကဲ့သို့ မျောလွင့်၍ ပျားကဲ့သို့ တုပ်မည်” (float like a butterfly and sting like a bee) ဟု သူ၏ ထိုးသတ်မည့်နည်းစနစ်ကို တင်စားခဲ့ပြီး သူ၏ နာမည်ကျော် နည်းစနစ်လည်းဖြစ်ခဲ့သည်။ ကလေးနှင့် လစ်စတန်တို့ထိုးသတ်ရာတွင် စတုတ္ထအချီမှလွဲ၍ အချီတိုင်းတွင် ကလေးက အသာရခဲ့သည်။ ၇ ချီမြောက်တွင် ပြိုင်ဘက် လစ်စတန်က ဘယ်ဘက်ပခုံးဒဏ်ရာရရှိ၍ ထပ်မံထိုးသတ်ရန် ငြင်းဆန်ခဲ့သောကြောင့် ကလေးမှာ ဟဲဗီးဝိတ်ချန်ပီယံဖြစ်လာခဲ့သည်။ ထိုစဉ်က ကလေးမှာ အသက် ၂၂ နှစ်အရွယ်သာရှိသေးသည်။

    အစ္စလာမ်သာသနာသို

    Muhammad Ali Boxer

    Muhammad-Ali-Converted-to-Islam-Religion

    ဟဲဗီးဝိတ်ချန်ပီယံဖြစ်ပြီးနောက် ကလေးသည် အစ္စလာမ်သာသနာသို့ ပြောင်းလဲသက်ဝင်ကြောင်း ကြေညာခဲ့ပြီး သူ၏ အမည်ကိုလည်း မုဟမ္မဒ်အလီ အဖြစ် ပြောင်းလဲခဲ့သည်။ လူမည်း မွတ်စလင် အဖွဲ့အစည်းဖြစ်သည့် နေးရှင်းအော့ဖ် အစ္စလာမ်(Nation of Islam) အဖွဲ့တွင်လည်း အဖွဲ့ဝင်ဖြစ်ခဲ့သည်။

    ချန်ပီယံဘွဲ့ ကာကွယ်

    ချန်ပီယံဘွဲ့ကို လက်လွှတ်ခဲ့ရသည့် လစ်စတန်က အလီအား ပြန်လည်စိန်ခေါ်ခဲ့ပြီး မေလတွင် ယှဉ်ပြိုင်ထိုးသတ်ရန် သတ်မှတ်ခဲ့သည်။ ထိုပွဲတွင် အလီက ပထမအချီ ၁ မိနစ်နှင့် ၅၂ စက္ကန့်မှာပင် လစ်စတန်အား အလဲထိုး အနိုင်ယူခဲ့သည်။

    အလီသည် ဒုတိယအကြိမ်မြောက် ချန်ပီယံကာကွယ်ပွဲကို ဖလွိုက်ပတ်တာဆန်နှင့် ထိုးသတ်ခဲ့ပြီး အလီ ကပင် အနိုင်ရရှိခဲ့သည်။

    WBA  ဟဲဗီးဝိတ်ချန်ပီယံတစ်ဦးဖြစ်သူ အာနီတယ်ရယ် (Ernie Terrell) နှင့် ၁၉၆၆ မတ်လ ၂၉ ရက်နေ့တွင် ထိုးသတ်ရန် စီစဉ်ထားခဲ့သော်လည်း ဗီယက်နမ်စစ်ပွဲနှင့် ပက်သက်သည့် အလီ၏ မှတ်ချက်ကြောင့် အီလီနွိုက်စ်ပြည်နယ် အားကစားကော်မရှင်က ပြိုင်ပွဲကျင်းပရန် ခွင့်မပြုခဲ့ပေ။

    ထို့ကြောင့် အလီသည် အမေရိကန်ပြင်ပသို့ ထွက်ခဲ့ပြီး ဂျော့ဂ်ျ ချူဗလို(George Chuvalo)နှင့် ကနေဒါတွင်လည်းကောင်း၊ ဟင်နရီကူးပါး(Henry Cooper)၊ ဘရိုင်ယန် လန်ဒန်(Brian London) တို့နှင့် လန်ဒန်တွင်လည်းကောင်း၊ ကားလ် မိုင်လ်ဒန်ဘာဂါ(Karl Mildenberger)နှင့် ဖရန့်ဖတ်တွင်လည်းကောင်း အသီးသီး ထိုးသတ်ခဲ့ပြီး အလီကပင်အနိုင်ရရှိကာ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို ကာကွယ်ခဲ့သည်။

    ထို့နောက် အမေရိကန်သို့ပြန်လာခဲ့ပြီး တက္ကဆက်ပြည်နယ် ဟူစတန်မြို့တွင် ကလီဗ်လန်ဒ် ၀ီလီယံ(Cleveland Williams) နှင့်ထိုးသတ်ခဲ့ပြီး သုံးချီအတွင်း အလီက အလဲထိုးအနိုင်ယူနိုင်ခဲ့သည်။

    ထို့နောက် ၁၉၆၇ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့တွင် အာနီတယ်ရယ်နှင့်ထိုးသတ်ခဲ့သည်။ တစ်လကြာပြီးနောက် ဇိုရာဖော်လီ(Zora Folley) နှင့်ထိုးသတ်ခဲ့ပြီး အလီကပင် အနိုင်ရရှိခဲ့သည်။ ထိုပွဲမှာ အလီ၏ ဟဲဗီးဝိတ်ချန်ပီယံ ကာကွယ်ပွဲ၏ နောက်ဆုံးပွဲဖြစ်ခဲ့ပြီး အမေရိကန်စစ်တပ်သို့ ၀င်ရောက်အမှုထမ်းရန် ငြင်းဆိုမှုကြောင့် ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို ရုပ်သိမ်းခံခဲ့ရသည်။ လက်ဝှေ့ထိုးသတ်ခွင် လိုင်စင်ပိတ်သိမ်းခံရပြီး လက်ဝှေ့ထိုးသတ်ခွင့်ကို ၅နှစ် ရပ်နားခံခဲ့ရသည်။

    တစ်ကျော့ပြန် လက်ဝှေ့သမားဘဝ

    ၁၉၇၀ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် အတ္တလန်တာပြည်နယ် အားကစားကော်မရှင်က အလီအား လက်ဝှေ့ထိုးသတ်ခွင့်လိုင်စင်ကို ပြန်လည် ထုတ်ပေးခဲ့သည်။ လက်ဝှေ့ထိုးသတ်ခွင့်လိုင်စင် ပြန်ရပြီးနောက် အောက်တိုဘာ ၂၆ ရက်နေ့တွင် ဂျယ်ရီ ကွာရီ(Jerry Quarry) နှင့် ထိုးသတ်ခဲ့ပြီး တတိယအချီတွင် အလီမှ အနိုင်ရရှိခဲ့သည်။ နောက်ပိုင်းတွင် နယူးယောက် လက်ဝှေ့ကော်မရှင်ကလည်း အလီအား လက်ဝှေ့ပြန်လည်ထိုးသတ်ခွင့် ပြုခဲ့ပြီး၊ ၁၉၇၀ ခုနှစ် ဒီဇင်ဘာလတွင် အော်စကာ ဘိုနာဗီနာ(Oscar Bonavena) နှင့် ထိုးသတ်ခဲ့သည်။ ၁၅ ချီအထိ ထိုးသတ်ပြီးနောက် အလီကပင် အနိုင်ရရှိကာ ထိုစဉ်က ဟဲဗီးဝိတ်ချိန်ပီယံ ဂျိုးဖရေဇာ(Joe Frazier)ကို စိန်ခေါ်နိုင်သူ ဖြစ်လာခဲ့သည်။

    အလီနှင့် ဖရေဇာတို့၏ပွဲကို ၁၉၇၁ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ကျင်းပခဲ့ပြီး “ရာစုနှစ်၏အကောင်းဆုံးပွဲ” (Fight of the Century) ဟု အမည်တပ်ခြင်းခံရသည်။ ၁၅ ချီအပြည့်ထိုးသတ်အပြီးတွင် ဖရေဇာက မိုဟာမက်အလီအား အနိုင်ရရှိခဲ့သည်။ ထိုပွဲမှာ မုဟမ္မဒ်အလီ၏ ဖရော်ဖက်ရှင်နယ် လက်ဝှေ့သက်တမ်းတစ်လျှောက် ပထမဦးဆုံးရှုံးပွဲဖြစ်သည်။ အလီသည်၁၉၇၃ ခု မတ်လ၌ ကင်နော်တန်(Ken Norton) နှင့် ထိုးသတ်သောပွဲတွင် ရှုံးနိမ့်ခဲ့ပြီး သူ၏ ဒုတိယမြောက် ရှုံးပွဲဖြစ်ခဲ့လေသည်။ သို့ရာတွင် စက်တင်ဘာ ၁၀ရက်နေ့တွင် နော်တန်နှင့် ဒုတိယအကြိမ် ပြန်လည်ထိုးသတ်ခဲ့ရာ အလီက အနိုင်ရရှိခဲ့သည်။ သူ့အား အနိုင်ယူခဲ့သည့် ဖရေဇာနှင့် ၁၉၇၄ ခု ဇန်န၀ါရီလတွင် မကြေပွဲထိုးသတ်ခဲ့ကာ အလီကပင် အနိုင်ရရှိခဲ့သည်။

     

    တကျော့ပြန် ဟဲဗီးဝိတ်ချန်ပီယံ

     GeorgeForeman_MuhammadAli_boxe_30101974_1_600

    ၁၉၇၄ အောက်တိုဘာ ၃၀ ရက်နေ့တွင် ထိုစဉ်က ဟဲဗီးဝိတ်ချန်ပီယံ ဂျော့ဂ်ျ ဖိုမန်(George Foreman) နှင့်ထိုး သတ်ရန် စီစဉ်ခဲ့ပြီး အလီအား အစဉ်တစိုက်အားပေးခဲ့သူ ဟောင်းဝဒ် ကောစဲလ် (Howard Cosell) အပါအ၀င် မည်သူကမျှ ထိုပွဲတွင် အလီနိုင်လိမ့်မည်ဟု မထင်မှတ်ကြပေ။ အလီမှာ လက်ဝှေ့ကျော် ဂျိုးဖရေဇာနှင့် ကင်နော်တန်တို့ကို အကြိတ်အနယ် ထိုးသတ်ခဲ့ရပြီး ဖိုမန်ကမူ ဒုတိယအချီတွင်ပင် နှစ်ဦးစလုံးအား အလဲထိုးအနိုင်ယူနိုင်ခဲ့သည်။

    ထိုပွဲတွင် ဒုတိယအချီမှစ၍ အလီသည် ဖိုမန်၏ တရစပ်ထိုးသတ်ခြင်းကိုခံခဲ့ရသော်လည်း ၈ ချီမြောက်တွင် အလီက ဖိုမန်အား ပြင်းထန်သည့် လက်သီးချက်ဖြင့် အလဲထိုး အနိုင်ယူနိုင်ခဲ့ကာ ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို ဒုတိယအကြိမ် ပြန်လည် ဆွတ်ခူးနိုင်ခဲ့သည်။

    ၁၉၇၈ ခုနှစ် ဖေဖော်ဝါရီလတွင် လက်ဝှေ့ကျော် လီယွန် စပင့်(Leon Spinks) နှင့် ထိုးသတ်ရာတွင် ရှုံးနိမ့်ခဲ့ပြီး ဟဲဗီးဝိတ် ချန်ပီယံဘွဲ့ကို လက်လွှတ်ခဲ့ရသော်လည်း ထိုနှစ် စက်တင်ဘာလတွင် လီယွန်စပင့်နှင့် မကြေပွဲ ပြန်လည်ထိုးသတ်ခဲ့ရာ အလီမှ အနိုင်ရရှိခဲ့ကာ ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို သုံးကြိမ်ဆွတ်ခူးနိုင်သည့် ပထမဦးဆုံး လက်ဝှေ့သမား ဖြစ်လာခဲ့သည်။

    ၁၉၇၉ ခုနှစ် ဇူလိုင်လတွင် အလီသည် လက်ဝှေ့လောကမှ အနားယူလိုက်ပြီဟု ကြေညာခဲ့သည်။ သို့သော်လည်း မကြာမီပင် လက်ဝှေ့ကြိုးဝိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ကာ ၁၉၈၁ ခုနှစ် ဒီဇင်ဘာလတွင်မှ လက်ဝှေ့လောကမှ အပြီးတိုင် အနားယူခဲ့သည်။

    ဂုဏ်ပြုခံ အလီ

    ali

    မုဟမ္မဒ်အလီသည် ဟဲဗီးဝိတ်လက်ဝှေ့သမိုင်း၏ ရွှေခေတ်ဟု ခေါ်ဝေါ်သည့် သူ့ခေတ်သူ့အခါက ထိပ်တန်းဟဲဗီးဝိတ်ချန်ပီယံများကို အနိုင်ယူနိုင်ခဲ့သည်။ ရင်းမဂ္ဂဇင်း(Ring Magazine) ၏ “တစ်နှစ်တာအကောင်းဆုံးလက်ဝှေ့သမား” (Fighter of the Year) အဖြစ် အခြားလက်ဝှေ့သမားများထက် အကြိမ်များစွာ ရွေးချယ်ခံခဲ့ရသည်။  ထို မဂ္ဂဇင်းကပင် ရွေးချယ်သော “တစ်နှစ်တာ အကောင်းဆုံးလက်ဝှေ့ပွဲ” (Fight of the Year) တွင်လည်း အလီမှာ အခြားသူများထက် အကြိမ်များစွာ ဖော်ပြခံခဲ့ရသည်။ ၎င်းအပြင် အလီမှာ နိုင်ငံတကာလက်ဝှေ့အကျော်အမော်များ Hall of fame တွင် ပါဝင်ပြီး Sports Illustrated  မဂ္ဂဇင်း၏ “တစ်နှစ်တာအကောင်းဆုံး အားကစားသမား” စာရင်းတွင်ပါဝင်သည့် လက်ဝှေ့သမားသုံးဦးအနက်မှ တစ်ဦးဖြစ်သည်။