News @ M-Media

Tag: famous_myanmar_muslim

  • နိုင်ငံဂုဏ်ဆောင် ရွှေတံဆိပ်(၅)ဆုရှင် ဘောက်ဆာ-ဝင်းမောင် (အရှေ့တောင်အာရှချန်ပီယံ ၁၉၆၉-၁၉၇၁)

    ဒီဇင်ဘာ ၁၇-၂၀၁၃
    M-Media
    သီရိ

    ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မီးရူးတိုင် ကိုင်ဆောင်ခွင့်ရခဲ့သော မြန်မာ့လက်ဝှေ့ချန်ပီယံ “ဦးဝင်းမောင်”

    Win Maung Boxer

    ရန်ကုန်။           ။ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအထိမ်းအမှတ် မီးရှူးတိုင်သယ်ဆောင်သည့် အခမ်အနားတွင်  နိုင်ငံအတွက် အာရှနှင့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များ ဆွတ်ခူးပေးခဲ့သော မြန်မာမွတ်စလင်မ် အားကစားသမားများ ဖြစ်ကြသည့် ဒေါ်ဘေဘီ(ဘော်လီဘော)၊ ဦးအေးလွင်(ဘောလီဘော)၊ ဦးဝင်းမောင်(လက်ဝှေ့)၊ ဦးမောင်လှ(ပြေးခုန်ပစ်) တို့ ပါဝင်သယ်ဆောင်ခွင့်ရခဲ့ရရှိခဲ့ပါသည်။ အဆိုပါ (၄) ဦး အနက်မှာ နိုင်ငံတကာ ပြိုင်ပွဲများ တွင် လက်ဝှေ့(Boxing) အားကစားနည်းဖြင့် တိုင်းပြည်အတွက် ရွှေတံဆိပ်(၅)ဆု ၊ငွေတံဆိပ် ၃ ခု၊ကြေးတံဆိပ် ၂ ခု  ရယူပေးခဲ့သော (ဦး)ဝင်းမောင် (ဘောက်ဆာ) အား M-Media မှ တွေ့ဆုံမေးမြန်းခွင့်ရရှိခဲ့ပါသည်။

    မြန်မာ့လက်ဝှေ့ချန်ပီယံ ဦးဝင်းမောင် အား ၁၉၄၆ ခု ဇန်န၀ါရီလ ၁ ရက်နေ့တွင် အဖ ဦးမူဆာ၊ အမိ ဒေါ်ဆဖူရာဘီ(ခ) ဒေါ်စောရန် တို့မှ ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်တွင် မွေးဖွားခဲ့ပြီး မွေးချင်း ၈ ယောက်အနက် ၆ ယောက်မြောက်ဖြစ်ပါသည်။ ငယ်စဉ်အချိန်ကတည်းက ဖခင်ဆုံးပါးသွား၍ မိခင်နှင့်ပင် ကြီးပြင်းခဲ့ရသည်။ ဒေါ်နွဲ့လေးနှင့်အိမ်ထောင်ကျခဲ့ပြီး သားသမီး ၂ ယောက်ထွန်းကားခဲ့ကြောင်းသိရပါတယ်။

    M-Media ။   ။ ပထမဦးဆုံးနေနဲ့ အန်ကယ့်ရဲ့ ပညာအရည်းအချင်းကို သိချင်ပါတယ်
    ဖြေ။     ။ ကျူလီယာမွတ်စလင် High School ကျောင်းမှာ သူငယ်တန်းကနေ ၆ တန်းထိ အတန်းပညာနှင့် ဘာသာရေးပညာကိုပါသင်ယူခဲ့တယ်၊ ပြီးတော့ ၇ တန်းကစပြီး  ၁၀ တန်းအောင်မြင်သည်အထိ MM Randeria (ယခု အ.ထ.က ၂ ပန်းပဲတန်း) ကျောင်းတွင် ဆက်လက်ဆည်းပူးခဲ့တယ်။

    M-Media။   ။ အန်ကယ် အားကစားလောကထဲကို ဘယ်လိုဝင်ရောက်ခဲ့ပါသလဲ။
္တဖြေ။    ။  ကျောင်းမှာ ဟော်ကီကိုအပျော်ကစားရင်းနဲ့ ကျောင်းလက်ရွေးစင် ဖြစ်လာတယ် ပြိုင်ပွဲတွေကို ဆက်ကစားရင်းနဲ့ ဗမာ့ဟော်ကီလက်ရွေးစင် တစ်ယောက်ဖြစ်လာခဲ့တယ်။

    M-Media။   ။ လက်ဝှေ့အားကစားကိုရော ဘယ်လိုကြောင့် ကစားဖြစ်ခဲ့တာပါလဲ။
    ဖြေ။    ။ ကလေးဘ၀တုန်းကပေါ့ ကျောင်းပြန်ရင်အကိုနဲ့အတူ ဘောလုံးပွဲသွားကြည့်တယ် အဲဒီဘောလုံးကွင်းမှာ လက်ဝှေ့ ကလပ် တစ်ခုရှိတယ်။ သူများထိုးနေတာကိုခိုးကြည့်ပြီး နည်းပြဆရာက မင်းထိုးချင်လို့လား သတ္တိရှိလား လို့မေးတော့ မခံချင်စိတ်ပေါက်ပြီး ထိုးမယ်ဗျာ လို့ ပြောပြီး အဲဒီအချိန်ကတည်းကလက်ဝှေ့ကို စတင်ထိုးခဲ့တယ်။

    M-Mediaး။   ။ အန်ကယ်ရဲ့ လက်ဦးဆရာတွေကရော ဘယ်သူတွေများလဲ။
    ဖြေ။     ။ လက်ဦးဆရာတွေကတော့ ဆရာဦးအောင်ငြိမ်း၊ ဆရာ အလက်ဇန်းဒါး၊ ဆရာကျားဘငြိမ်း၊ ဆရာ ဦးကျော်မြင့် တို့ဖြစ်တယ်။

    M-Media။   ။ အန်ကယ်  ပြိုင်ခဲ့တဲ့ ပြိုင်ပွဲကရော ဘယ်လိုအောင်မြင်မှုတွေရခဲ့လဲ။
    ဖြေ။    ။ အသက် ၁၅ မှာ ပထမဆုံးပြိုင်ခဲ့တဲ့ မြန်မာနိုင်ငံလူသစ်တန်းလက်ဝှေ့ပြိုင်ပွဲ  pin weight (91 to 98 lb ) မှာ ၅ ပွဲထိုးပြီး ချန်ပီယံဆုကို ရခဲ့တယ်။ ၁၉၆၄ မှာ Light Fly Weight (98 to 105 lb) B class မှာပြိုင်ခဲ့တဲ့အခါမှာ ချန်ပီယံဆုကို ရခဲ့တယ်။ အဲဒီနောက် မီးရထားကလပ်ကိုရောက်သွားတယ်၊ နောက်ပြီး Fly weight (105 to 112 lb) မှာ ရန်ကုန်တိုင်းလက်ရွေးစင်လူရွေးပွဲမှာ ချန်ပီယံဆုကိုရခဲ့တယ်။ ပြီးတော့ အောင်ဆန်းကွင်းမှာ စခန်းသွင်းလေ့ကျင့်ခဲ့ရတယ်။ ၁၉၆၅ ခုနှစ်မှာ တိုင်းနယ်ပြည်နယ် ၁၄ ခု မှာပြိုင်ခဲ့ရာမှာ အကောင်းဆုံးလက်ဝှေ့သမားဆုကိုရခဲ့တယ်။ ၁၉၆၆ မှာတော့ ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသော အရှေ့တောင်အာရှနိုင်ငံပေါင်း ၂၄ နိုင်ငံပါဝင်တဲ့ ၅ ကြိမ်မြောက် Asian Game မှာတော့ ကြေးတံဆိပ်ကိုရခဲ့တယ်။

    ၁၉၆၇ မှာ ထိုင်းနိုင်ငံကပဲအိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ အရှေ့တောင်အာရှကျွန်းဆွယ်နိုင်ငံများ ပါဝင်ယှဉ်ပြိုင်ကြတဲ့ လေးကြိမ်မြောက် Seap Game မှာ ငွေတံဆိပ်ဆုကိုရယူခဲ့တယ်။ နောက် ၁၉၆၇ မှာပဲ Asian Boxing Championship ကို သီဟိုဠ်မှာ သွားပြိုင်ခဲ့တာ ငွေတံဆိပ်ဆုကိုရခဲ့တယ်။

    ၁၉၆၈မှာ ဆိုဗီယက်ရုရှား-မြန်မာ ချစ်ကြည်ရေးပွဲမှာ ဥရောပနိုင်ငံမှချန်ပီယံတစ်ယောက်ဖြစ်တဲ့ Boris Dicov ကိုနိုင်ခဲ့တယ်။ ၁၉၆၉ မှာမြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ အရှေ့တောင်အာရှကျွန်းဆွယ် Seap Game ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုကို ရယူခဲ့တယ်။ ၁၉၇၀ ဧပြီမှာ ဖိလစ်ပိုင် မနီလာမြို့မှာကျင်းပတဲ့ လေးကြိမ်မြောက်  Asian Boxing ပြိုင်ပွဲမှာ ကြေးတံဆိပ်ရခဲ့တယ်။ ၁၉၇၀ အောက်တိုဘာမှာ အနောက်ဂျာမနီမှာသင်တန်းတက်ခဲ့ပြီး အနှစ် ၅၀ မြောက် ဂျာမနီလက်ဝှေ့နိုင်ငံတကာအဖွဲ့ချုပ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ငွေတံဆိပ်ရတယ်။ ၁၉၇၀ ဒီဇင်ဘာလမှာ ထိုင်းနိုင်ငံကနေ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပတဲ့ ၆ ကြိမ်မြောက် Asian Game မှာ ငွေရခဲ့တယ်။ ၁၉၇၂ မှာ ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၃ ပွဲ နှစ်ပွဲနဲ့ ရှုံးတယ်။ ၁၉၇၃ မှာ စင်ကာပူက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ Seap Game မှာ လဲ ငွေတံဆိပ်ဆုကိုရခဲ့တယ်။

    M-Media။  ။ စုစုပေါင်း အန်ကယ် ရွှေဘယ်နှစ်ဆုရယူခဲ့လဲ။
    ဖြေ။   ။ ပြည်တွင်းရွှေဆုက ၁၀ ဆု ပြည်ပကနေ ၅ ဆု စုစုပေါင်း ၁၅ ဆုရခဲ့တယ်။

    M-Media။   ။ အန်ကယ် လက်ဝှေ့သက်တမ်းကဘယ်လောက်ကြာပြီး ဘယ်နှစ်ပွဲလောက်ထိုးခဲ့သလဲ။
    ဖြေ။    ။ အသက် ၁၅ နှစ်ကနေ ၃၃ နှစ်ထိ ထိုးခဲ့ပြီး ပွဲကတော့ ၇၉ ပွဲလောက်ထိုးခဲ့တယ်။

    M-Media။    ။ လက်ဝှေ့ထိုးတာနားလိုက်တဲ့ချိန်ကစပြီး အခုချိန်ထိဘာတွေကိုလုပ်နေပါသလဲ။
    ဖြေ။     ။ ကစားတာကိုနားပြီးကတည်းက အ.ထ.က ၂ ပန်းဘဲတန်းက ဘောက်စင်ကလပ်မှာ နည်းပြလုပ်ခဲ့တယ်၊ နောက် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်၊ တက္ကသိုလ်ပေါင်းစုံ လက်ဝှေ့အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ် ကြိုးဝိုင်းဒိုင်၊ အမှတ်ပေးဒိုင် အဖြစ်လုပ်ဆောင်တယ်။ အခုတော့ ကိုယ်ပိုင် ကလပ်ကလေးတစ်ခု ထောင်ထားပြီး အားကစားသမားလေးတွေကို လေ့ကျင့်သင်ကြားပေးနေတယ်။

    M-Media။     ။ ယခု Sea Game ပွဲမှာရော မီးရှုးတိုင်ကို ဘယ်လိုကိုင်ဆောင်ခွင့်ရခဲ့ပါသလဲ။
    ဖြေ။      ။ အဲဒါက ဥပဒေရှိတယ် မီးရှုးတိုင်းကိုင်ဆောင်ရတဲ့သူက ရွှေရတဲ့သူပဲဖြစ်ရမယ်၊ အားကစားမျိုးစုံပေါ့ စာရင်းလာကောက်တော့ ပေးလိုက်တယ် သူတို့ရွေးတဲ့ထဲမှာ ပါသွားတယ်၊ ရန်ကုန်ကနေ နေပြည်တော်ထိ လူ ၉၀ ကပေါ့ သယ်ဆောင်ရတယ်။ အခုလိုကိုင်ဆောင်ခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။

    ဓါတ်ပုံများ ကြည့်ရန် => Link

  • SEA Games မီးရှူးတိုင် (ရန်ကုန်) သယ်ဆောင်ရာတွင် တိုင်းပြည် ဂုဏ်ဆောင် မြန်မာမွတ်စလင်မ် အားကစားသမား ၄ ဦး ပါဝင် သယ်ဆောင်ခဲ့

    ဒီဇင်ဘာ-၁၁-၂၀၁၃
    M-Media
    A.N.Lay

    DSC02053a

    ၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မီးရှူးတိုင်သယ်ဆောင်ခြင်းကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) (သုဝဏ္ဏ) မှစတင်၍ တစ်ဦးချင်းစီ ဝေဇယန္တာ လမ်းမပေါ်၌ လက်ဆင့်ကမ်းပြီး  တောင်ဥက္ကလာပ မြို့နယ်အထိ သယ်ဆောင်ခဲ့ကြောင်းသိရှိရသည်။

    ၎င်းနောက်အဆိုပါ မီးရှုးတိုင်အား တောင်ဥက္ကလာပမြို့နယ်မှတဆင့် ကားဖြင့် လေဆိပ်သို့သယ်ဆောင်ကာ လေယာဉ်ဖြင့် နေပြည်တော်သို့ သယ်ဆောင်မည်ဖြစ်ကြောင်းသိရှိရသည်။

    ထိုသို့ လက်ဆင့်ကမ်းသယ်ဆောင်ရာ တွင် နိုင်ငံအတွက် အာရှနှင့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များ ဆွတ်ခူးပေးခဲ့သော မြန်မာမွတ်စလင်မ် အားကစားသမားများ ဖြစ်ကြသည့်  ဒေါ်ဘေဘီ(ဘော်လီဘော)၊ ဦးအေးလွင်(ဘောလီဘော)၊ ဦးဝင်းမောင်(လက်ဝှေ့)၊ ဦးမောင်လှ(ပြေးခုန်ပစ်) တို့ ပါဝင်သယ်ဆောင်ခွင့်ရခဲ့ကြောင်း သိရှိရသည်

    ဦးဝင်းမောင်  (၁၉၆၉- ၁၉၇၁) အတွင်း တိုင်းပြည်အတွက် ရွှေတံဆိပ်(၅)ဆု ၊ငွေတံဆိပ် ၃ ခု၊ကြေးတံဆိပ် ၂ ခု စုစုပေါင်း ၁၀ ခု ၊ ဦးအေးလွင် (ယခု ဦးဆောင်ဆော်သြရေးမှုး၊ အစ္စလာမ်ဓမ္မဗိမာန်) နှင့် ဒေါ်ဘေဘီ မှာ ဘော်လီဘောပြိုင်ပွဲများတွင် နိုင်ငံကိုယ်စားပြုပြီး ရွှေတံဆိပ်ဆွတ်ခူးပေးခဲ့ကြောင်း သိရှိရပါသည်။

    FaceBook မှ ဓါတ်ပုံများကြည့်ရန် Link1 Link2

  • တက္ကသိုလ်မှ ဗမာ့သားကောင်း (သို့) လက်ဝှေ့ကျော် ‘ဒေါက်တာ စတန်လီမဂျစ်(ခ) သကြားမဂျစ်’

    ဒီဇင်ဘာ ၂ ၊ ၂၀၁၃
    M-Media
    မိုးကြိုးတင်ပြသည်။

    တက္ကသိုလ် ကျောင်းတိုက်နှစ်လည်စာစောင်၊ အတွဲ ၃ ၊ အမှတ် ၇၊ ၁၉၅၃-၅၄

    ရန်ကုန်တက္ကသိုလ်ဆေး သိပ္ပံတွင် ကြောက်ရှုံး၊ ကွဲရှုံး လက်သီးရော ဒူးပါအကွဲထိုးရသည့် ဗမာလက်ဝှေ့ကျော် တစ်ဦးရှိပါသည်ဟုဆိုလျှင် အများကအံ့သြသွားစရာ ရှိပေသည်။သို့သော်မအံ့သြပါနှင့်ရှိပါသည်။ ၁၉၄၇ ခုနှစ်၊ သထုံခရိုင်၊ ဇင်းကျိုက် လက်ဝှေ့ရုံကြီးတွင် နာမည်ကျော် ဗိုလ်ကျော်ဆိုသူက သတ်ဖက်မရှိဘဲ ဗိုလ်စွဲနေပြီး လက်ဝှေ့ရေး အမျိုးမျိုးပြ၍ သက်ဖက်ခေါ်နေသည်ကို ကြာကြာ မကြည့်လိုသဖြင့် ကြိုးဝိုင်းထဲသို့ခုန်ဝင်ကာ ယှဉ်ပြိုင်ခဲ့သည်။ ဘယ်ဘက်မျက်ခုံးတွင် ဗိုလ်ကျော်၏ လက်သီးချက်မိသွားသဖြင့် ကွဲပြီးရှုံးခဲ့ရသည်။ သို့သော် ဗိုလ်ကျော်၏ လက်ကို မြင်ခဲ့သိခဲ့ပြီးဖြစ်သည့်အတိုင်း ရက်များမကြာမီ တံခွန်စိုက်ပွဲကျင်းပသည့်အခါတွင် ထိုးဘက်မဲ့နေသော ဗိုလ်ကျော်နှင့်ပင်ဝင်၍ စိတ်မကြေပွဲ ယှဉ်ပြိုင်ခဲ့လေသည်။ တခဏအတွင်းပင် နာမည်ကြီး ဗိုလ်ကျော်၏ မေးစေ့ကို ညာလက်သီးတစ်လုံးသွင်း၍ အလဲထိုးခဲ့သည်။ ဗိုလ်ကျော်ကားမထနိုင်တော့။ ထိုတံခွန်စိုက်ပွဲတွင် ဗိုလ်ကျော်၏ တံခွန်ကိုလှဲခဲ့သည်။ သူကား ၁၉၅၀ ခုနှစ်မှ ယခု တိုင်းဗမာပြည်ချန်ပီယံ စွဲနေသော ဆေးသိပ္ပံကျောင်းသား လက်ဝှေ့ကျော် “စတန်လီ မဂျစ်” ပင် ဖြစ်ပါသည်။Ma Jit

    မဂျစ်-မင်းကြွယ်

    ၁၉၄၉ ခုနှစ် စိန်ဂျွန်း ကျောင်း ချန်ပီယံဘွဲ့ကို ဆွတ်ခူးခဲ့သည်။ ထိုနှစ် ဗမာပြည် “လိုက်ဝိတ်ချန်ပီယံ” လုရာတွင် တပ်မတော်မှစစ်သားကြီး ဂူရမ်းနှင့် မေမြို့မှ မောင်ရှင်တို့အား ပဌမ အချီဖြင့် အလဲထိုး၍ အနိုင်ယူခဲ့ပြီး နောက်ဆုံးည ရေတပ်မှ မင်းကြွယ်နှင့် ထိုးရာတွင်စိုက်လဲ၍ခေါင်းကွဲသဖြင့် ဒိုင်ကပွဲရပ်ပြီး မင်းကြွယ်အား အနိုင်ပေးလိုက်သည်။

    ဗမာပြည်လက်ဝှေ့ချန်ပီယံ-မဂျစ်

    ၁၉၅၀ ခုနှစ်-ဗမာပြည် လိုက်ဝိတ် ချန်ပီယံလုပွဲတွင် ပထမ တပ်မတော်မှဂူရမ်းနှင့်ပင် ထိုးရသည်။မဂျစ်၏ လက်သီး တစ်ချက်ကို ရှောင်ရင်း ရှောင်ရင်းနှင့် ပထမအချီမပြီးခင် ညာဖြတ်လက်သီး တစ်ချက်မိသွား၍ ဂူရမ်း ဟပ်ထိုးလဲကျကာ ပွဲပြီးသွားခဲ့သည်။ နောက်ဆုံးတွင် ရေတပ်မှ နာမည်ကျော် ဗိုလ်ဂိုနားနှင့်တွေ့ကြရာ ပထမအချီတွင်ပင် ဘယ်တစ်ချက် ပင့်၍ ညာချိတ်တစ်ချက် သွင်းလိုက်သဖြင့် ဗိုလ်ဂိုနားကြမ်းပြင်သို့ခွေ ကျသွားခဲ့သည်။ပြန်ထရန်ကြိုးစားသော်လည်း မရတော့။ ထိုညတွင် “ဗမာပြည် လိုက်ဝိတ် သရဖူ” ကို မဂျစ် စတင်၍ဆောင်းခဲ့ ရလေသည်။

    မာရှယ်-မဂျစ်( ပထမအကြိမ်)

    သို့သော် ယှဉ်ပေးလျှင်ငြင်းလေ့ မရှိသော မဂျစ်အဘို့အတော် အထိနာခဲ့ရပေသေးသည်။ ဗမာပြည်ချန်ပီယံ တစ်ဦးဖြစ်သူ ရေတပ်မှအော်စကာ မာရှယ်အား ပေါင် ၂၀ အလေးချိန်ကြီးနေလျက်နှင့် တက်၍ ထိုးခဲ့သည်။ ထိုညတွင် စလေတန်မှာကြမ်းပြင်သို့ ပထမအချီတည်းတွင်ပင် (၇) ကြိမ်တိတိ လဲကျကာ မရှုမလှခံရသဖြင့် ဒိုင်ကပွဲရပ်ပြီး မာရှယ်အား အနိုင်ပေးလိုက်သည်။

    ဒုတိယံမိလိုက်ဝိတ်ချန်ပီယံ

    ၁၉၅၁- ခုနှစ်တွင်လဲ ဗမာပြည် လိုက်ဝိတ် သရဖူကို ဆက်၍ဆောင်းခဲ့သည်။ သို့သော် ဤည အဘို့် မဂျစ်၏ဇွဲ ကြောင့်အနိုင်ရသည်ဟု ဆိုရပေမည်။ ရေတပ်မှ ဗိုလ်ဂိုနားနှင့် ပင်ကျ၍ ပထမ အချီတွင် ဗိုလ်ဂိုနား ခေါင်းနှင့်ထိကာ ညာဘက်လက်မ လက်ဆစ် ပြုတ်သွားတော့သည်။ နာနေလျက်နေနှင့် တတိယ အချီအထိဆက်၍ ထိုးပြီး အမှတ်နှင့် အနိုင်ယူခဲ့သည်။

    မာစဒင်(အိန္ဒိယ) -မဂျစ်( ဗမာပြည်)

    ဤနှစ်တွင် အိန္ဒိယပြည်မှ ချန်ပီယံ အဲ့ရစ်မာစဒင်နှင့် အထူးပွဲ ထိုးသတ်ရာပထမ အချီအစတွင် ဘယ်ညာ၊ ဘယ်ညာဆင့်၍ သွင်းလိုက်သဖြင့် မာစဒင် ကြမ်းပြင်သို့ လန်၍ကျသွားတော့သည်။ ဒိုင်လုပ်သူ အာနီဒီဗလာရက်ဇ်က ၁,၂ ၃ ၄……….၁၀ အထိ ရေတွက်ပြီးနောက် လဲနေသူမာစဒင်အားဆွဲထူ၍ အနိုင်ပေးလိုက်သဖြင့် တကွင်းလုံးဆူသွားကာ ခဲပုလင်းမိုးရွာခဲ့သည်။ မဂျစ်ဖောင်းနှင့် ရှုံးခဲ့ရသည်။

    မဂျစ် (တက္ကသိုလ်) – မာရှယ်(ရေတပ်) (ဒုတိယအကြိမ်)

    ထိုနှစ်အဘို့ မဂျစ်၏ရင်ထဲတွင် ခဲနေသည့်အလုံးတလုံးကြေသွားခဲ့သည်။ မရှုမလှနှင့် ရှုံးခဲ့ရသည့်အိုမာရှယ် (ရေတပ်) အားမြို့တော်ခန်းမတွင် စိတ်မကြေပွဲလေး အချိန်ပိုပေးပြီးထိုပြန်သည်။ တဦးနှင့်တဦး ချက်ကောင်းစောင့်နေရင်းပထမ အချီပြီးသွားခဲ့သည်။ ဒုတိယအချီထွက်ထွက်ခြင်း မာရှယ်၏ညာဘက်လက်သီးတစ်လုံး မဂျစ်၏ မေးရိုးပေါ်တည့်တည့်ကြီး ထိသွားသဖြင့် ပွဲဖြင့်ပီးပြီဟု ရေတပ်မှ ဟစ်ကြွေးသံများဆူသွားသည်။ သို့သော် မဂျစ်၏ ထိလိုက်မှန်းမသိအောင်ဆက်၍ ထိုးချက်ကြောင့်ပရိတ်သတ်ရော မာရှယ်ပါကြောင်၍ ငိုင်သွားစဉ် မဂျစ်၏ဘယ်ချိတ်တလုံးဗိုက်သို့ဝင်လာပြီး ညာဖြတ်တချက်မေးပေါ် ရောက်လိုက်သည်တွင် မာရှယ်မှာ ကြမ်းပြင်သို့ထိုးစိုက်၍ ကျသွားတော့သည်။ ခမ်းမဆောင် တစ်ခုလုံးမှ လျှံထွက်လာသော သြဘာသံကြီးကားမစဲတော့ပေ။ မဂျစ်အဘို့စိတ်မကြေပွဲကား စိတ်ကြေပွဲဖြစ်ခဲ့လေသည်။ မဂျစ်၏ အပြုံးသည်ကြိုးကွင်းထက်ဝယ်လူးလွင့်နေပေတော့သည်။

    နော့ကောက်မဂျစ်

    ၁၉၅၂- ခုနှစ်တွင်ကား ကမ္ဘာ့အိုလံပစ်ပွဲတော်သို့ ဗမာပြည်မှစေလွှတ်ရန် ဗမာ့ချန်ပီယံသူရဲကောင်းရွေးကြည့်သည်။ လိုက်ဝဲလတာ ဝိတ်တန်းအတွက် အမြဲတမ်းနိုင်ခဲ့သူ ရေတပ်မှ ဗိုလ်ဂိုးနားနှင့် တတိယအကြိမ်ယှဉ်ပြိုင်၍ အရွေးခံကြရာ ဒုတိယအချီတွင် ဗိုလ်ဂိုးနားအားကြမ်းပြင်သို့ပို့၍ အနိုင်ယူခဲ့သည်။

    မထိနီးယပ်စ်(ဖင်လန်) နှင့် မဂျစ်(ဗမာ)

    အိုလံပစ်ပွဲတော်တွင် စားကောင်းသောက်ဘွယ်များမှန်မှန်စားသောက်၍ အမြဲတမ်းလေ့ကျင့်ကာ ပွဲကြီးပွဲကောင်းပါင်း (၇၁) ကျော်ထိုးခဲ့ဘူးသည့် ဖင်လန်ပြည်မှ မလီနီးယပ်စ် နှင့် ထိုးရပြန်ပေသည်။ ပထမ အချီတွင် မဂျစ်က ဘာလက်သီးတချက်ဖြင့် မလီနီးယပ်စ်အားကြမ်းပြင်သို့ပို့နိုင်ခဲ့သေးသည်။ ဒုတိယအချီတွင် သူတပြန် ကိုယ်တပြန် ထိုးနိုင်သေးသော်လဲ တတိယအချီ တွင်ကားစတန်လေမှာ ရိုင်ခွေပန်းလျနေသဖြင့် ပွဲကိုရပ်၍ အရှုံးပေးလိုက်ရတော့သည်။

    မဂျစ်နှင့် ထိအောင်(ရေတပ်)

    ၁၉၅၃ ခုနှစ် ဗမာ့ချန်ပီယံလုပွဲ လိုက်ဝဲလတာ ဝိတ်တန်းတွင် ကိုကိုကြီး (မန္တလေး) နှင့် ထိုးရသည်။ ကိုကိုကြီးမှာ ကြမ်းပြင်သို့ကျအောင် ထိုးနိုင်သူရှားသည့် လူမာကြီးတဦးဟု နာမည်ကြီးနေသူတဦးဖြစ်သည်။ သို့သော်သူ့အား တတိယ အချီတွင် မဂျစ်၏ဘယ်ဖြတ်တချက်က ကြမ်းပြင်သို့ပို့နိုင်ခဲ့၏ ။ နောက်ဆုံးညတွင်မှု နိုင်ငံခြားမှလာသူ မှန်သမျှကို အနိုင်ထိုးနေသည့် ဗမာ့ ချန်ပီယံ ထိအောင် (ရေတပ်) နှင့် ထိုးသတ်ရသည်။ တီအောင်၏ ကျဉ်လည်သော အရှောင်အတိမ်းများနှင့်ဇွဲကြောင့် ခက်လေသည်။ အမှတ်ဖြင့်သာ အနိုင်ယူလိုက်ရပေသည်။ ဤနှစ်တွင် ချန်ပီယံဆုသုံးနှစ်ဆက်ရသဖြင့် အထူးဆုဖလားကြီးတလုံး ချီးမြင့်ခြင်းခံရသည်။

    မဂျစ်(တက္ကသိုလ်) အိုမာရှယ်(ရေတပ်) (တတိယအကြိမ်)

    ၁၉၅၄ ခုနှစ်ဗမာ့ချန်ပီယံလုပွဲနှင့် အာရှ အိုလံပစ်လူရွေးပွဲ ဝဲလတာဝိတ်တန်းတွင် ထိုးဘက်ဖြစ်ခဲ့သူ အိုမာရှယ် (ရေတပ်) နှင့်တွေ့ကြပြန်သည်။ ပထမအချီ ပြီးခါနီးတွင် အော်စကာ၏ညာလက်သီးတချက်မိ၍ စဘင်လေကြမ်းပြင်သို့ ဒူးထောက်ကျသွားတော့သည်။ သို့သော် ဇွဲကောင်းစွာဖြင့် ပထမအချီပြီးသည်အထိ တိမ်းရှောင်ရင်းဖြင့် ပြန်ထိုးခဲ့လေသည်။ ဒုတိယအချီစ၍ မကြာမီပင် လျပ်တပြက် ညာဖြတ်တချက်ထိသွားသဖြင့် မာရှယ်ကြီးအရုပ်ကြိုးပြတ်ကြမ်းပြင်သို့ သတိလုံးဝမရဘဲကျသွားခဲ့သည်။ ဇွဲကောင်း၍ စိတ်ကြီးလှသောမာရှယ် သတိရရခြင်း ခုန်ထပြီး ထိုးရန်မဂျစ်ကို လိုက်ရှာလေသည်။ သို့သော် ၁မှ ၁၀ ရေတွက်ပွဲပြီးခဲ့သည်မှကား ၂၅-စက္ကန့်ပင်ကျော်ခဲ့လေပြီ။ မဂျစ်ကား အာရှအိုလံပစ်သို့သွားရန်ရွေးချယ်ခဲ့ပြီးမှ လေ့ကျင့်ခန်းမှန်မှန် မဆင်းဟူသောအချက်ဖြင့် ချန်ထားခဲ့ခြင်းဖြစ်ပေသည်။

    1

    မဂျစ်(ဗမာပြည်) ဟေး (ဘင်းဂေါလ်)

    အာရှအိုလံပစ်ပွဲမလုပ်မီ ဗမာပြည်တွင် ဗမာဘင်းဂေါလ် လက်ဝှေ့ပွဲကျင်းပရာ အိန္ဒိယ ချန်ပီယံ အီးဟေးနှင့် စတန်လေတို့ တွေ့ကြလေသည်။ မဂျစ်၏ဘယ် လက်သီးတချက် ပါးချိတ် ထိသွားသဖြင့် ပထမအချီစ၍ မကြာသေးမီ “ဟေး” ခွေကျသွားသည်။ သို့သော် ထပြီးဆက်ထိုးစဉ်မဂျစ်၏ ညာလက်သီးတချက် နားသယ်တွင်ထိပြန်သဖြင့် နောက်တခါထပ်၍ ကျသွားပြန်သည်။ သို့သော် ဇွဲကောင်းစွာဖြင့် “ဟေး” ကဆက်၍ ထိုးခဲ့သည်။ ဒုတိယအချီ အလယ်လောက်တွင် ဟေး၏ လက်သီးတစ်ချက်က ချက်အောက်တွင် ထိသဖြင့် မဂျစ်ခွေကျသွားသည်။ ကြိုးဝိုင်းဒိုင်လူကြီးက အမှတ်ပေးဒိုင်လူကြီးအား ချက်အောက်ထိမထိ မရှင်းသဖြင့် လိုက်၍ မေးရာအနားကပ်နေသော ဒိုင်လူကြီးက ထိသည်ဟုဆိုသည်။ မဂျစ်ဖောင်းလ် နှင့်အနိုင်ရခဲ့သော်လည်း လဲကျသည့်ဒဏ်ကြောင့် ညာဘက်အရိုးအက်သွားခဲ့သည်။ ဤမျှဖြင့် မဂျစ်၏ စွမ်းပကားကိုရိပ်စားမိကြပေမည်။

    ယနေ့ဆေးကျောင်းသား စတန်လေမဂျစ်မှာ အစားကောင်းမှန်မှန်မစားရ၊ ကရိယာ အစုံဖြင့် မလေ့ကျင့်ရဘဲလျက် ၁၉၅၀ ခုနှစ်မှ ယခုတိုင် ဗမာ့ ချန်ပီယံအဖြစ် တည်ရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။

    ၁၉၅၄ ခု ကမ္ဘာ့ကျောင်းသား နွေရာသီပွဲတော်သို့ ဖိတ်ခေါ်ခြင်းကို ခံရသော်လည်းမအားလပ်သဖြင့် မတက်ရောက်နိုင်ခဲ့။ အစားကောင်း မှန်မှန် ကရိယာစုံဖြင့် လေ့ကျင့်ခန်းရကာ ကမ္ဘာသို့ ဗမာအစွမ်းပြနိုင်ရန်အတွက် စလေတန်မဂျစ်အားစင်တော် ကောက်ယူနိုင်ရန် စင်တော်ကြီးမကြာခင်ပေါ်ပေါက် လိမ့်မည်ဟု မျှော်လင့်ယုံကြည်ပါသည်။ ဗမာ့ကျောင်းသားလောကမှ လက်ဝှေ့စွှမ်းကို ကမ္ဘာ့ကျောင်းသားလောက တွင်တင်ပြခွင့်ရလိမ့်မည်ဟု ယုံကြည်မိပါသည်။

    ဗမာ့ဂုဏ်ဆောင် သားကောင်းရတနာအဖြစ် စတန်လေမဂျစ်သည် ရန်ကုန်တက္ကသိုလ်၏ ဂုဏ်ရောင်ကို ထွန်းပြောင်စေလေသည်။ သူ၏ စွမ်ပကားကို ချီးကြူးသောအားဖြင့် ကမ္ဘာ့ကျောင်းသားအဖွဲ့ချုပ်ကြီး (I.U.S) မှဆုတံဆိပ်နှင့် ဆုလက်မှတ်များကို ဗ၊က၊သ၊ များအဖွဲ့ချုပ်မှတဆင့် အပ်နှင်းလိုက်ပြီးဖြစ်ရာ အမိတက္ကသိုလ်ကြီး အတွက် အတိုင်းမသိသောဝမ်းမြောက်ဂုဏ်ယူခြင်းဖြင့် မှတ်တမ်းတင်ရပေမည်။

    ရှေ့အဖို့လည်းဆေးသိပ္ပံ ကျောင်းသားကြီး စလေတန်မဂျစ်အားအောင်မြင်ခြင်းသရဖူများ ဆက်လက်ဆောင်းနိုင်စေရန် ဆန္ဒပြုအပ်ပါသတည်း

    ချန်ပီယံ မဂျစ်ထိုးတဲ့ပွဲတိုင်းနိုင်ပါစေ။

    တက္ကသိုလ် ကျောင်းတိုက်နှစ်လည်စာစောင်၊ အတွဲ ၃ ၊ အမှတ် ၇၊ ၁၉၅၃-၅၄ မှ ကူးယူဖော်ပြပါသည်။

  • ပင်လုံ ညီလာခံသို့ တက်ရောက် သတင်းယူခဲ့သည့် တစ်ဦးတည်းသော သတင်းထောက် ဦးစံအောင်နှင့် တွေ့ဆုံခြင်း

    ပင်လုံ ညီလာခံသို့ တက်ရောက် သတင်းယူခဲ့သည့် တစ်ဦးတည်းသော သတင်းထောက် ဦးစံအောင်နှင့် တွေ့ဆုံခြင်း

    ရေးသားသူ- ခင်မေဇော်(၀ါရှင်တန်ဒီစီ)

    by 7Days
    ဦးစံအောင်သည် တိုင်းရင်းသား အစ္စလာမ်ဘာသာ ကိုးကွယ်သူ တဦးဖြစ်သည်။

    အသက်(၁၅)နှစ်အရွယ် အထက်တန်းကျောင်းသား ဘ၀နှင့် မြန်မာ့အလင်းသတင်းစာ၏ အကျိုးတော်ဆောင် သတင်းထောက်ဖြစ်ခဲ့သူ ဦးစံအောင်သည် ၂၀၁၃ အောက်တိုဘာလတွင် အသက် (၈၉) နှစ်ရှိခဲ့ပြီဖြစ်သည်။ သို့သော် ဖျတ်လတ်သွက်လက်နေဆဲ။ အတိတ်ကဖြစ်ရပ်များကို မျက်ဝါး ထင်ထင်မြင်အောင် တိတိကျကျပြောပြနိုင်ဆဲ။ မိမိ တစ်နိုင်တစ်ပိုင် လူထုအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ရန် စိတ်အား ထက်သန်နေဆဲဖြစ်သည်။ ဦးစံအောင်သည် ထိုစဉ်က ပုဂ္ဂလိက လွတ်လပ်သည့် သတင်းစာတိုက် တစ်ခုဖြစ်သည့် မြန်မာ့အလင်း သတင်းစာတိုက်၏ သတင်းထောက်အဖြစ် သမိုင်းဝင် ပင်လုံညီလာခံသို့ တက်ရောက် သတင်းယူခဲ့သည့် တစ်ဦးတည်းသော သတင်းထောက်လည်း ဖြစ်သည်။ ခင်မေဇော်(၀ါရှင်တန်ဒီစီ)က ဦးစံအောင်အား ၎င်း၏နေအိမ်တွင် အောက်ပါအတိုင်း သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်။

    မေး- အန်ကယ်လ်ဦးစံအောင် သတင်းထောက်စဖြစ်ခဲ့တဲ့အချိန်ကို ပြောပါဦး။

    ဖြေ- ကျွန်တော်က ၁၉၃၉ ဟိုက်စကူးကျောင်းနေတုန်းက အကျိုးဆောင် သတင်းထောက်ပေါ့။ အဖေက နယ်တွေပြောင်းတော့ နယ် သတင်းတွေ ပို့ပို့ကြည့်တော့ ပါလာတယ်။ ဒီတော့ အကျိုးဆောင် သတင်းထောက်ဆိုပြီးတော့ မြန်မာ့အလင်း ဦးတင်ကနေပြီးတော့ ချီးမြှင့်တယ်။ အဲဒီကနေ တောက်လျှောက်ပဲ။

    မေး- အဲဒီတုန်းက အန်ကယ်လ် ဦးစံအောင်တို့ကို သတင်း ဘယ်လိုရေးရတယ်ဆိုတာတွေအပါအ၀င် သတင်းစာပညာကို ဘယ်သူသင်ပေးပါသလဲ။ ဘယ်လို သတင်းထောက်စဖြစ်လာတာပါလဲ။

    ဖြေ- ပထမတော့ နဂါးနီစာအုပ်တွေ၊ နဂါးနီဂျာနယ်တွေဖတ်တယ်။ နောက်ဆောင်းပါးလေးတွေ၊ အက်ဆေးတွေရေးကြည့်တော့ ပါလာတယ်။ အဖေက အစိုးရ အလုပ်လုပ်တော့ သတင်းတွေ၊ ဘာတွေရရင် အဖေ့ကိုမေးပြီးတော့ ရေးပြီးထည့်တော့ ပါပါလာတယ်။ ဆိုတော့ ပထမတော့ self taught ပေါ့။ နောက်စစ်ပြီးတော့ ရန်ကုန်ဆင်းတဲ့အခါကျတော့ သင်ပေးတာက စာရေးဆရာဓူဝံ။ အယ်ဒီတာချုပ်ဦးသန်းတင့်။ သူက သူ့အိမ်မှာ ခေါ်ခေါ်အိပ်ပြောပြ။ ပြီးတော့ စာအုပ်တွေ ပေးဖတ်တယ်။ သူ့ဆီက ဓာတ်ပုံရိုက်နည်းကအစပေါ့။ အဲဒီတုန်းက ဘော့စ်ကင်မရာ။ ဖလင်စက္ကူလိပ်နဲ့ မောင်းတင်။ အလင်းရောင် ကိုယ့်ဘာသာကိုယ်ချိန်၊ တစ်ချက်နှိပ်လိုက်၊ ကလောက်ဆိုတစ်ပုံ။ အဲဒီဆရာက သင်ပေးတယ်။ ဓာတ်ပုံကို ဘယ်လိုရှုထောင့်ကယူဖို့၊ စည်းဝေးနေရင် ဘယ်လိုရိုက်ဖို့၊ ပြောတဲ့သူကို ဘယ်လိုရိုက်ဖို့၊ ကုလားထိုင်ပေါ်တက်ပြီးရိုက်ဖို့၊ ဘော့စ်ကင်မရာက ဒီလိုမြှောက်ပြီးရိုက်လို့မှမရဘဲ။ နောက်တစ်ဆင့်ကျတော့မှ လိုရီကော့ကင်မရာ ပေါ်လာတာ။ လိုရီကော့ကို တိုက်ကထုတ်ပေးတယ်။ နောက် ၃၅ mm ။ ဒီနှစ်ခုက နောက်ပိုင်းမှပေါ်တာ။ ပင်လုံတုန်းကတော့ သိပ်ခက်တယ်။ ဘော့စ်ကင်မရာနဲ့ ရိုက်ရတာလေ။

    မေး- ပင်လုံညီလာခံမှာ အန်ကယ်လ်တစ်ယောက်တည်း သတင်းထောက်အဖြစ် သတင်းယူခဲ့ရတော့ ညီလာခံကျင်းပတဲ့ မြင်ကွင်းက ဘယ်လိုရှိပါသလဲ။ အန်ကယ်လ်တို့ သတင်းရတော့ ဘယ်လိုပြန်ပို့သလဲ။

    ဖြေ- ပင်လုံညီလာခံစတော့ သစ်ခက် သစ်နန်းတွေနဲ့ ရှေးပုံစံအတိုင်း ၀င်းကြီးထဲမှာ လုပ်တာ။ စော်ဘွားတွေက သူ့တဲနန်းနဲ့သူပေါ့။ အဲဒီကမှ အစည်းအဝေး ခန်းမကို လာကြတာ။ ကျွန်တော့် အတွက်ကျတော့ စားပွဲတစ်လုံးထားပေးတယ်။ တစ်ယောက်တည်း အဲဒီဘော့စ် ကင်မရာလေးနဲ့ထိုင်ပြီး နားထောင်ရတာပေါ့။ အင်္ဂလိပ်စစ်တပ်က ၀ိုင်ယာလက်ကြေးနန်း လာလုပ်ထားပေးတယ်။ နောက် အစည်းအဝေးပြီးပြီဆိုတာနဲ့ ၀ိုင်ယာလက်ကြေးနန်းမှာ ကျွန်တော်ကသတင်းသွားပေး။ အဲဒီက တိုက်ကို သူတို့ပို့ပေးတယ်။ အဲဒီတုန်းက လက်မှတ်ထိုးတာတွေ၊ ဘာတွေ၊ ဓာတ်ပုံတွေက ကျွန်တော်ရိုက်ထားတာ။

    မေး- အန်ကယ်လ် သတင်းထောက်စလုပ်တော့ လူတွေက ဘယ်လိုတုံ့ပြန်ကြသလဲ။ အားပေးသလား။ ကန့်ကွက်သလား။ သတင်းထောက်အလုပ်ကို ဘယ်လိုမြင်ကြသလဲ။

    ဖြေ- အဖေကကြည့်တယ်။ သတင်းရေးမယ် ပြောပြပါဆိုရင် ပြောပေးတယ်။ သူက မကန့်ကွက်ဘူး။ သတင်းအမှန်ရေးပေါ့ ဘာမှမဖြစ်ဘူးလို့ပြောတယ်။ အဲဒီခေတ်တုန်းက သိပ်ကောင်းတယ်။ ရေးလိုက်ရင် ပါပါလာတယ်။ ပါလာတော့ သိပ်ပျော်တာ။ ဦးတင်က ဘာလုပ်ပေးလဲဆိုတော့ ကိုယ်က အကျိုးဆောင်ဆိုတော့ ကျောင်းဖွင့်ခါနီးကျရင် ဘယ်နှတန်းတက်မယ်ဆိုရင် သူက စာအုပ်အထုပ်လေးတွေနဲ့ ပို့ပေးတယ်။ အဲဒီတော့ ကျွန်တော်က ကျောင်းတက်ရင်းနဲ့ သတင်းထောက်လုပ်တယ်။

    မေး- အန်ကယ်လ်တို့ အင်္ဂလိပ်ခေတ်ရော ဂျပန်ခေတ်ပါမီတော့ အဲဒီတုန်းက အန်ကယ်လ်တို့ လူငယ်တွေ ပညာသင်ကြားရေးအခြေအနေ ဘယ်လိုရှိခဲ့ပါသလဲ။

    ဖြေ- တောင်ကြီးမှာ အင်္ဂလိပ်အုပ်ချုပ်တဲ့အချိန်မှာ အစိုးရကျောင်းမရှိဘူး။ အင်္ဂလိပ်အစိုးရက စာသင်ကျောင်းဖွင့်မပေးဘူး။ သူက ရှမ်းစော်ဘွားတွေအုပ်ချုပ်တဲ့ မိသားစုတွေအတွက်ပဲ အစိုးရကျောင်းဖွင့်ပေးတယ်။ အဲဒီ ကျောင်းတစ်ကျောင်းပဲရှိတယ်။ အဲဒါက လူထုအတွက်မဟုတ်ဘူး။ လူထုအတွက်က မစ်ရှင်နရီတွေကဖွင့်တယ်။ အမေရိကန် ဘက်ပတစ်မစ်ရှင်နရီက အထက်တန်းကျောင်းတစ်ကျောင်း၊ တစ်ခါ ရိုမန်ကက်သလစ်ကလည်း စိန့်အင်းဆိုပြီးတော့ ဟိုက်စကူးကျောင်းတစ်ကျောင်း၊ နောက်ထပ် ဘက်ပတစ်ကပဲတစ်ကျောင်း။ ရှမ်းပြည်တောင်ကြီးမှာဆို ဒီသုံးကျောင်းပဲရှိတယ်။ ကလောမှာ ကိန်းစ၀တ်ဆိုပြီးတော့ရှိတယ်။ မစ်ရှင်နရီကျောင်း၊ နောက် လားရှိုးမှာရှိတယ်။ ဒီလောက်ပဲရှိတယ်။

    မေး- ပြည်နယ်တွေမှာ အစိုးရကျောင်းလုံးဝမရှိဘူးပေါ့။

    ဖြေ- မရှိဘူး။ လုံးဝမရှိဘူး။ အစိုးရ အထက်တန်းကျောင်းတွေဆိုတာက ဗမာပြည်မှာပဲရှိတယ်၊ မန္တလေးရှိတယ်၊ စစ်ကိုင်းရှိတယ် စသဖြင့် ဒီစတြိတ်မြို့ကြီးတွေမှာ အစိုးရအထက်တန်းကျောင်းတွေရှိတယ်။ မြင်းခြံရှိတယ်၊ ကသာရှိတယ် ပြည်နယ်မှာ ဘာမှမရှိဘူး။

    မေး- အဲဒီတော့ အန်ကယ်လ် ဘယ်လိုပညာသင်လာရသလဲ။

    ဖြေ- ရှမ်းပြည်မှာ စော်ဘွားသားတွေကတော့ အစိုးရ အထက်တန်းကျောင်းမှာ တက်ကြတယ်။ ကျွန်တော်တို့က ပထမတော့ ဒီက မစ်ရှင်နရီကျောင်းမှာနေရတယ်။ ညောင်ရွှေက စာတော်လို့ရှိရင် တောင်ကြီးမှာ လာတက်လို့ရတယ်။ မစ်ရှင်နရီကျောင်းမှာ ဘော်ဒါလည်းထားတယ်။ ဆိုလိုတာက အဲဒီခေတ်မှာ စာတတ်ဖို့ဆိုတာက ညောင်ရွှေက လူတွေရယ်၊ တောင်ကြီးရယ်၊ ကလောရယ် ဒီလောက်လူတွေပဲ ကျောင်းနေရတယ်။ ကျွန်တော်တို့အဖေက ၀န်ထမ်းလုပ်တာကိုး။ အင်္ဂလိပ်လက်အောက်မှာ ၀န်ထမ်းလုပ်တော့ နယ်ပြောင်းရတယ်။ ပထမ ကသာကို ပြောင်းတယ်။ ကသာရောက်တော့ အစိုးရအထက်တန်းကျောင်းသွားတွေ့တယ်။ စာကလည်း အဆင့်မြင့်တယ်။ မစ်ရှင်ကျောင်းတွေမှာ ကတော့ ကျမ်းစာကို အရင် အဓိကထားသင်ရတာကိုး။ နောက် အဲဒီကျောင်းမှာတက်တော့ ကျွန်တော်တို့ မျက်စိပွင့်လာတယ်။ ကျောင်းမှာ ပေါင်းတဲ့သင်းတဲ့ သူတွေကလည်း နောက်ပိုင်းခေတ် မြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့ သူတွေဖြစ်လာတယ်။

    မေး- ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အာဏာသိမ်းတော့ သတင်းထောက်အနေနဲ့ အန်ကယ်လ်ဦးစံအောင် ဘာဆက်လုပ်သေးလဲ။

    ဖြေ- လွတ်လပ်ရေးနောက်ပိုင်း တရုတ်ဖြူက ဗမာပြည်မြောက်ပိုင်းမှာ လေယာဉ်ကွင်းလာဆောက်တဲ့အထိ ဖြစ်လာတယ်။ အဲဒါကို ကျွန်တော်သတင်းရတယ်။ ရန်ကုန်အစိုးရက မသိဘူး။ ကျွန်တော်တွေ့တာသိတာတွေကို ဦးတင်ကို သတင်းပေးပြီး သူက ကက်ဘိနက်နဲ့ ကာကွယ်ရေး ၀န်ကြီးကို ဆက်ပေးတာ။ သတင်းစာထဲတော့မပါဘူး။ ဒါပေမဲ့ ၆၂ အာဏာသိမ်းပြီးတဲ့နေ့ကစပြီးတော့ ကျွန်တော်က ကိုယ့်ဟာကိုယ်လည်း သိလိုက်တယ်။ သတင်းထောက်၊ သတင်းသမားအဖြစ်ကတော့ living dead သေပြီ။ ဘာမှလည်းလုပ်လို့မရတော့ဘူး။

    မေး- အခုလက်ရှိ နိုင်ငံရေးအခင်းအကျင်းကို အန်ကယ်လ် ဘယ်လိုမြင်ပါသလဲ။

    ဖြေ- အန်ကယ်စာအုပ်တစ်အုပ်က နိုဝင်ဘာလဆန်းမှာထွက်မယ်။ ပင်လုံကအဖြစ်အပျက်တွေနဲ့ ရှမ်း၊ ဗမာ ဆက်ဆံရေးအကြောင်း ရေးထားတယ်။ အရင် ရှင်ဘုရင်လက်ထက်က စော်ဘွားတွေနဲ့ ဆက်ဆံရေးအကြောင်း အင်္ဂလိပ်ရဲ့မှတ်တမ်းတွေမှာ ရက်စွဲနာမည်တွေနဲ့ ဖော်ပြထားတာတွေကို အန်ကယ်လ်ကိုးကားထားတယ်။ ဘုရင်က သမီးတော်တွေ နားသမယ်ဟေ့ဆိုရင် စော်ဘွားတွေဆီကို ဆက်သားလွှတ်ပြီးတော့ မင်းတို့ဆီမှာ သမီးတော်တွေနားသဖို့ရှိလား။ ရှိရင်နန်းတော်ကိုခေါ်လာခဲ့။ ငါအားလုံးစုပေါင်းလုပ်ပေးမယ်ဆိုတဲ့အထိ ဗမာတွေနဲ့ လူမျိုးရေးမရှိဘူးပေါ့။ ချစ်ကြည်ရေးက သိပ်ကောင်းတယ်ဆိုတာ ရေးထားတယ်။ ဗမာတပ်တွေ ဒီမှာ လာရှိတာတွေလည်း ရေးထားတယ်။ ယိုးဒယားကို သွားတိုက်တာတွေလည်းပါတယ်။ မှတ်တမ်းတွေအကုန်လုံးက အင်္ဂလိပ်ဆီကပဲ။ အဲဒါတွေက ရှေးခေတ်ဖက်ဒရယ်ပေါ့။ ဘုရင့်လက်ထက်မှာ သူကဘုရင်ပဲ၊ majority ပဲ။ အခုကျတော့ အဲဒီလိုမဟုတ်တော့ဘူး။ ဆိုတော့ သိပ်ဝမ်းနည်းစရာကောင်းတယ်။ အင်္ဂလိပ်လည်း ရှမ်းပြည်ကို ငါးယောက်တည်းနဲ့ အုပ်ချုပ်သွားတာ။ စစ်ဖြစ်တဲ့အထိ လူဖြူငါးယောက်တည်း ရှမ်းပြည်တောင်ပိုင်းမှာ အုပ်ချုပ်သွားတယ်။ ပြည်နယ်တွေက ခွဲထွက်ရေးအတွက် စိုးရိမ်နေကြတယ်ပြောပေမယ့် ဘယ်သူကမှ ခွဲထွက်မှာမဟုတ်ဘူး။ ခွဲထွက်ဖို့လည်းမရှိဘူး။ အရင်ရှင်ဘုရင်တွေ လက်ထက်ကဆိုရင်လည်း ပြည်ထောင်စုသဘောအုပ်ချုပ်ခဲ့တာပဲ။ လူနည်းစုခေါင်းဆောင်တွေက အခွန်ဆက်တယ်။ အဲဒီဒေသတွေမှာ စစ်မက်ဖြစ်ရင် ဗမာဘုရင်က စစ်ကူလွှတ်တယ်။ အုပ်ချုပ်ရေးက သူ့ဘာသာသူပဲ။ ဗမာက လူများစုလေ။ အဲဒီတုန်းကတောင် ညီညီညွတ်ညွတ်နေနိုင်ခဲ့တယ်။ ပြောမယ်ဆိုရင် ဒါဖက်ဒရယ်ပဲ။ အစဉ်အဆက်မှာ သိမ်းပိုက်တဲ့သဘောမရှိခဲ့ဘူး။ အဲဒီလို ပြန်လုပ်ဆိုရင် ဖက်ဒရယ်ရမယ်။ ခွဲထွက်ဖို့က ဘယ်လိုမှမဖြစ်ဘူး။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သူ့ဒေသသူ အုပ်ချုပ်ခွင့်အပြည့်ရရမယ်။

    ကျေးဇူးတင်ပါတယ် အဘ။

    Link=>http://goo.gl/ooJ7xT

    M-Media ဖြည့်စွက်ချက်- သတင်းထောက် ဦးစံအောင်သည် အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်သည်။

  • နှစ် ၂၀၀-ကျော်မှ သမိုင်းဝင် လင်းဇင်းကုန်း မွတ်စလင်မ်သုဿာန် ဖျက်သိမ်းမည့်အပေါ် ဆက်သွယ်မေးမြန်းချက်

    နှစ် ၂၀၀-ကျော်မှ သမိုင်းဝင် လင်းဇင်းကုန်း မွတ်စလင်မ်သုဿာန် ဖျက်သိမ်းမည့်အပေါ် ဆက်သွယ်မေးမြန်းချက်

    အောက်တိုဘာ ၆၊ ၂၀၁၃
    M-Media
    သုတမောင်

    ဇင်းလင်းကုန်း မွတ်စလင်မ်သုဿာန်အတွင်းရှိ သမိုင်းဝင် ပုဂ္ဂိုလ်များ၏ ဂူဗိမာန်များ

    မန္တလေး   ။         ။      မန္တလေးတိုင်း အမရပူရမြို့နယ်ရှိ လင်းဇင်းကုန်း မွတ်စလင်မ်သုဿာန်အား  ၁၇.၁၀.၂၀၁၃ ရက်နေ့တွင် မိမိတို့ သင်္ချိုင်းကော်မတီ အစီအစဉ်ဖြင့် ဖယ်ရှားရှင်းလင်းပေးရန် ၂၀၁၃-ခုနှစ်၊ စက်တင်ဘာလ ၁၇-ရက်နေ့ ရက်စွဲဖြင့် မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနမှ လင်းဇင်းကုန်း မွတ်စလင် သုဿာန် ကြီးကြပ်မှုကော်မတီထံသို့ ပေးပို့သော စာအရ လင်းဇင်းကုန်း သုဿာန် ကြီးကြပ်ရေးကော်မတီ ဦးခင်မောင်စိုးထံသို့ M-Media မှ ဆက်သွယ်မေးမြန်းခဲ့ ပါတယ်။

     

    မေး – လင်းဇင်းကုန်းမွတ်စလင်မ်သုဿာန် ဖျက်သိမ်းရှင်းလင်းပေးရန်ဆိုပြီး စက်တင်ဘာ ၁၇-ရက် နေ့စွဲနဲ့ စည်ပင်သာယာက စာထုတ်ထားတာနဲ့ပတ်သက်ပြီး သိချင်ပါတယ်။
    ဖြေ – ဟုတ်ကဲ့ ကျွန်တော်တို့လည်း ကြိုးစားနေပါတယ်။ လက်ရှိကတော့ အဲ့ဒီစာ ထုတ်ထားတဲ့အတိုင်းပါပဲ။
    မေး – စည်ပင်က ထုတ်တဲ့စာမှာ ၁၇.၁၀.၂၀၁၃ အပြီး ကိုယ်တိုင် ဖျက်ခိုင်းနေတယ်ဆိုတော့ အဲ့ဒီအပေါ်မှာ ဘယ်လို စီစဉ်ထားပါသလဲ။
    ဖြေ – ကျွန်တော်တို့အနေနဲ့က သင်္ချိုင်းနဲ့ ပတ်သက်လို့ ကျွန်တော်ဘာသာအရက ရွှေ့ပြောင်းမှု မရှိပါဘူး။ အဲလို ရွေှ့ပြောင်းမှု မရတာကြောင့် ကျွန်တော်တို့ မလုပ်တော့ပါဘူး။


    မေး – ဒါဆိုရင် ဘယ်လိုများ ဆက်လက် စီစဉ်ထားပါသလဲ။

    ဖြေ – ကျွန်တော်တို့အနေနဲ့လည်း သင်္ချိုင်းမှာရှိတဲ့ ဗလီနဲ့ ဒါရဂါတော်ကို ချန်လှပ်ပေးဖို့တော့ သက်ဆိုင်ရာကို စာတင်ထားပါတယ်။

     

    မေး – အဲ့ဒီ လင်းဇင်းကုန်း သုဿာန်မှာက သမိုင်းဝင် အထင်ကရ ပုဂ္ဂိုလ်တွေ ဖြစ်တဲ့ ဒါရ်ဂါတော် သခင်ကြီး အာဗစ်ရှာဟိုင်စိုင်နီရယ်၊ နောက် ဘိုးတော်ဘုရားကို သံတော်ဦးတင်လွှာကျမ်းဆက်သ ရေးသားခဲ့တဲ့ ရမ္မာဝတီမြို့ဝန် ရွှေတောင်သာဂသူဘွဲ့ရ စာဆိုတော် ဆရာကြီး ဦးနုရဲ့ ဂူဗိမာန်နဲ့ တခြားသော အစ္စလာမ့်သမိုင်းက အထင်က ပုဂ္ဂိုလ်တွေ အများကြီး မြှုပ်နှံထားတာဆိုတော့ အဲဒီကိစ္စကို ဘယ်လိုများ လုပ်ပါမလဲ။
    ဖြေ – ဟုတ်ကဲ့ ကျွန်တော်တို့ ဒီမှာ သမိုင်းဝင် ဦးနု၊ ဦးပိန်နဲ့ တခြားပုဂ္ဂိုလ်တွေ လည်းရှိနေတော့ ကျွန်တော်တို့ အဲဒါကို တင်ပြတောင်းခံထားတဲ့ အပိုင်းတော့ ရှိပါတယ်ခင်ဗျာ။

     

    မေး – ဒါဆိုရင် တင်ပြတောင်းခံထားတဲ့အပေါ်မှာ တုန့်ပြန်မှုက ဘယ်လိုရှိပါသလဲ။
    ဖြေ – ဒီသမိုင်းဝင်တွေကိစ္စမှာ အရင်က ဖျက်ခဲ့တဲ့ သမိုင်းဝင်တွေကိုလည်း သူတို့က ထောက်ပြပြီး ဒါကိုလည်း ဖျက်ဖို့ပြောပါတယ်။

    မေး – ဒီတော့ အခုလက်ရှိ လောလောဆယ်က ဒီသင်္ချိုင်းကော်မတီမှာ ပါဝင်ကြသူအများစုက မက္ကာကို ဟာဂ်ျသွားနေကြတယ်ဆိုတော့ ကျန်တဲ့ ကော်မတီဝင်တွေအနေနဲ့ အခုရက်ပိုင်းကြုံလာမယ့်ကိစ္စအတွက် ဘယ်လိုများ စီစဉ်ထားပါသလဲ။
    ဖြေ – ဟုတ်ကဲ့ ဒါကြောင့်ပဲ ကျွန်တော်တို့ သင်္ချိုင်းကော်မတီအနေနဲ့ နောက်ထပ် ၁-လလောက် ထပ်ပြီးနောက်ဆုတ်ပေးဖို့ တောင်းဆိုထားပါတယ်။

     

    မေး – ဟုတ်ကဲ့ အဲဒါက တောင်းဆိုထားပြီပေါ့နော် ဒါဆို။
    ဖြေ – ဟုတ်ကဲ့ ကျွန်တော်တို့ တင်ထားပါပြီ။

     

    မေး – ဒီတောင်းဆိုမှု စာတင်တာအတွက် အကြောင်းပြန်ကြားမှု ဘယ်လိုရှိပါသလဲ။
    ဖြေ – အခုထိတော့ အကြောင်းပြန်ကြားချက် မလာသေးပါဘူး။

     

    မေး – ဟုတ်ကဲ့ပါ အခုလို ဖြေကြားပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။
    ဖြေ – ဟုတ်ကဲ့ ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ်။


    ၂၀၁၂-ခုနှစ် မေလ ၃၁-ရက်နေ့က မန္တလေးနေ့စဉ်သတင်းစာတွင် ပါရှိသော လင်းဇင်းကုန်း သုဿာန်အား ပိတ်သိမ်းရန် အသိပေးကြေညာချက် ထွက်ပေါ်လာပြီးနောက် ၀န်ကြီးချုပ်၊ ဌာနဆိုင်ရာ အဆင့်ဆင့်ကို စာများ ပို့ထားခဲ့ပြီး ဤသမိုင်းဝင်နေရာ ဖျက်သိမ်းမှာကို ကန့်ကွက်သည့်အနေဖြင့် လူ ၃၀၀၀ ကျော်မှ လက်မှတ်ထိုးပြီး အဆင့်ဆင့် တင်ပြထားပြီးလည်းဖြစ်ပါတယ်။

    * ယခင် ၂၀၁၂-ခု ဇူလိုင် ၁၂-ရက်နေ့က အင်တာဗျူးပြုလုပ်ခဲ့သော လင်းဇင်းကုန်း မွတ်စလင်မ်သုဿာန်အကြောင်းအား ဤ နှစ်၂၀၀ ကျော် သမိုင်းဝင် လင်းဇင်းကုန်း မြန်မာမွတ်စလင် သုဿာန် ဖျက်သိမ်းရန် အမိန်ထုတ်ထား”  အင်တာဗျူးတွင် ပြန်လည် ဖတ်ရှုနိုင်ပါသည်။