News @ M-Media

Tag: famous_myanmar_muslim

  • ဦးရာရှစ်၏ တိုင်းပြည်အတွက် ဆောင်ရွက်ချက်များ (ရေးသူ ဒေါက်တာမောင်မောင်)

    ဦးရာရှစ်၏ တိုင်းပြည်အတွက် ဆောင်ရွက်ချက်များ (ရေးသူ ဒေါက်တာမောင်မောင်)

    စက်တင်ဘာ၊ ၂၁ ၊ ၂၀၁၂

    ဘာသာပြန်ဆိုသူ-အွမ္မရ်ခင်ညွန့်

    Source: ၁၉၅၆ခုနှစ် ဒီဇင်ဘာလထုတ် အမှတ်စဉ်(၁၄)မှ ဒေါက်တာမောင်မောင်၏ THE GUARDIANမှ (Profile-U RASCHID)

    အမ်အေ၊ ရာရှစ်

    အိမ်ယာဆောက်လုပ်ရေးနှင့် အလုပ်သမားဝန်ကြီးဟောင်း၊
    ယခု ကုန်သွယ်မှု တိုးတက်ရေးနှင့် အလုပ်သမားဝန်ကြီး၊
    အသက် -၄၃-နှစ်

    ပညာအရည်အချင်း
    ၁။ ရန်ကုန်တက္ကသိုမှ ဘီ၊အက်၊စီ၊(သိပ္ပံတန်း)
    ၂။ ဘီ၊အယ်လ်၊ ၀တ်လုံစာမေးပွဲကိုလည်းအောင်မြင်ခဲ့သည်။

    လက်ရှိတာဝန်များ၊
    ၃။ အလုပ်သမား အစည်းအရုံးအများအဖွဲ့ချုပ်(ဗမာနိုင်ငံ)၏ဒုတိယ ဥက္ကဌ။
    ၄။ ထွက်ကုန်ပူးပေါင်းဆောင်ရွက်ရေးနှင့် တိုးတက်ရေးကော်တီဥက္ကဌ။
    ၅။ ဗမာပြည် ကမ္ဘာ့ရေးရာအသင်း ဥက္ကဌ။
    ၆။ တက္ကသိုလ်ကောင်စီတွင် လူမျိုးစုလွှတ်တော်ကိုယ်စားလှယ်။
    ၇။ လူမှုဖူလုံရေးအဖွဲ့ဥက္ကဌ။
    ၈။ ဆိပ်ကမ်းအလုပ်သမား ဘုတ်အဖွဲ့ဥက္ကဌ။
    ၉။ ကုန်သွယ်မှုတိုးတက်ရေးနှင့် အလုပ်သမားဝန်ကြီး။

     

    တိုင်းပြည်အတွက် ဆောင်ရွက်ချက်များ

    ကျောင်းသားခေတ်

    ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ၏ ပထမဆုံးအထွေထွေ အတွင်းရေးမှုးချုပ်အဖြစ်လည်းကောင်း၊ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဒုဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သူ ဦးရာရှစ်(လယ်) နှင့် သခင်အောင်ဆန်း(ဘေးကပ်လျက်)။တစ်နိုင်ငံလုံးတွင် ဒုတိယကျောင်သား သပိတ် ပေါပေါက်ရေးအတွက် အဓိကတာဝန်ယူဦးဆောင်ခဲ့သော (ထိုစဉ်က) ကျောင်းသားသမဂ္ဂ ဒု-ဥက္ကဋ္ဌ၊ ကျောင်းသားသပိတ်ခေါင်းဆောင် တစ်ဦးဖြစ်သည်။၁၉၃၆ ခုနှစ်တွင် ဖွဲ့စည်းသော ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများသမဂ္ဂ ၏ ပထမဆုံး ဥက္ကဋ္ဌလည်း ဖြစ်၏။

    ၁၀။ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကို စတင်တည်ထောင်ရန် ဦးဆောင်သော ပုဂိ္ဂိုလ်တစ်ဦးဖြစ်သည့်ပြင်၊ သမဂ္ဂစည်းမျဉ်းဥပဒေရေးဆွဲရာ၌ အမှုဆောင်လူကြီး အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။

    ၁၁။ တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဆောက်အဦးကို ကျောင်းသားများလက်သို့ ရောက်ရှိရေးအတွက် အထူးတလည် ဆောင်ရွက်ပေးခဲ့သည်။

    ၁၂။ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၏ ပထမဆုံးအထွေထွေအတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။

    ၁၃။ ၁၉၃၆ ခုနှစ် တက္ကသိုလ်ကျောင်းသားများသမဂ္ဂတွင် ၀န်ကြီးချုပ်ဦးနု ဥက္ကဌ အဖြစ်ဆောင်ရွက်ခဲ့စဉ်က ဒုတိယ ဥက္ကဌအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ဗိုလ် ချုပ်အောင်ဆန်း၊ ၀န်ကြီး ဦးကျော်ငြိမ်းတို့လည်း အမှုဆောင်အဖြစ် ပါဝင်ဆောင် ရွက်ခဲ့ကြပါသည်။

    ၁၄။ ၁၉၃၇ ခုနှစ်တွင်  တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ဥက္ကဌ အဖြစ်ဆောင် ရွက်ခဲ့သည်။ ထိုစဉ်က ဗိုလ်ချုပ်အောင်ဆန်းမှာ သမဂ္ဂ၏ ဒုတိယ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

    ၁၅။ ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများညီလာခံကျင်းပရေးနှင့် ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂတည်ထောင်ရေးအတွက် စတင်ဦးဆောင်ခဲ့ပါသည်။ ထိုပထမ ညီလာခံကြီးတွင် ၀န်ကြီးချုပ် ဦးနု က ဥက္ကဌအဖြစ်ဆောင်ရွက်ပြီး၊ အမ်၊ အေ၊ ရာရှစ် က ဧည့်ခံကော်မတီဥက္ကဌ အဖြစ်ဆောင်ရွက်ခဲ့ပါသည်။

    ၁၆။ ထိုညီလာခံကြီးက ရွေးကောက်တင်မြှောက်သဖြင့် ပထမဆုံး ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၏ ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့ပါသည်။`

    နိုင်ငံရေးခေတ်


    ၁၇။ ကျောင်းထွက်ပြီးနောက် ၀တ်လုံအဖြစ်လုပ်ကိုင်ဆောင်ရွက်လျက် တိုင်းပြည်တာဝန် ကို တစ်ဖက်တစ်လမ်းဆောင်ရွက်ခဲ့သည်။

    ၁၈။ လက်ရှိတိုင်းပြည်ခေါင်းဆောင်များနှင့် ရှေးနှစ်ပေါင်းများစွာကပင် ခင်မင်ရငှ်းနှီးသော မိတ်ဆွေမျာုးဖြစ်ခဲ့သည့်ပြင် မျိုးချစ်စိတ်ဓါတ်ရှိသူတစ်ဦးဖြစ်ပါသည်။

    ၁၉။ အလုပ်သမားရေးရာဘက်တွင် အထူးစိတ်ဝင်စားခဲ့သည့်အလျောက် ၊သံလျှင် ဘီ- အို-စီ ရေနံချက်စက်ရုံအလုပ်သမားများ သမဂ္ဂနှင့်ဆက်သွယ်မှုရရှိခဲ့ပြီး၊ ၄င်းသမဂ္ဂ ၏စေတနာ့ဝန်ထမ်း ဥပဒေအကြံပေးအဖြစ် ဆောင်ရွက်ခဲ့သည်။

    ၂၀။ ဈေးဆိုင်အလုပ်သမားများ၊ သက်သာချောင်ချိရေးအသင်း ဥက္ကဌ အဖြစ်ဆောင်ရွက် ခဲ့စဉ်၊ ဈေးဆိုင်အလုပ်သမားများနှင့်တကွ၊ အလုပ်တိုက်ကြီးများမှ အလုပ်သမားများ အတွက် အလုပ်ချိန်ကန့်သတ်ခြင်း၊ အပါတ်စဉ် ရက်အားပေးခြင်းများ ရရှိအောင် ဆောင်ရွက်ပေးခဲ့သည်။

    ၂၁။ ၁၉၄၇ ခုနှစ်တွင် အလုပ်သမားရေးရာ ဥပဒေ ရေးဆွဲရေးကော်မတီ၏ ဥက္ကဌ အဖြစ် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရွေးချယ်ခဲ့သည်။ အစိုးရထံသို့ အစီရင်ခံစာ (၁၂ ) စောင်တင်သွင်းခဲ့သည်။ နိုင်ငံတွင်းရှိ အလုပ်သမားဥပဒေအားလုံးကို ပြင်ဆင်ရေး ဆွဲပြီးခဲ့သည့်အပြင် ဥပဒေသစ်များကိုလည်း ရေးဆွဲခြင်းပြုခဲ့သည်။

    ၂၂။ ၁၉၄၇ ခုနှစ်တွင် ၀ါဏိဇ်္ဇပဋိပက္ခခုံရုံး၏ အဖွဲ့ဝင် လူကြီးအဖြစ်လည်းကောင်း၊

    ၂၃။ ၁၉၄၈ ခုနှစ်တွင် ၄င်းခုံရုံး၏ဥက္ကဌအဖြစ် ၀န်ကြီးရာထူးလက်ခံသည့်နေ့တိုင်း ဆောင် ရွက်ခဲ့သည်။ အရေးပါအရာရောက်သော စီရင်ချက်ပေါင်းများစွာပေးခဲ့၍အလုပ် သမားများအတွက် အခွင့်အရေးများ များစွာရရှိခဲ့သည်။

    ၂၄။ ဆိပ်ကမ်းအလုပ်သမားများ စီမံကိန်းရေးဆွဲရေးကော်မတီဥက္ကဌအဖြစ်ဆောင်ရွက်ပြီး ထိုစီမံကိန်းကို အကောင်အထည်ဖေါ်နိုင်ခဲ့ရာ၊ ဆိပ်ကမ်းအလုပ်သမားများ အလုပ် မှန်မှန်လုပ်ရပြီး၊ သတ်မှတ်ထားသော လစာနှုန်းထားရရှိသည့်ပြင် ဆေးဝါးကုသခြင်း အိုနာစာရံပုံငွေရရှိခြင်းစသည့် အခွင့်အရေးများရရှိလျက်ရှိသည်။ ထိုစီမံကိန်းသည် အာရှတိုက်အရှေ့တောင်ဒေသတွင် အကောင်းဆုံးစီမံကိန်းတစ်ရပ်ဖြစ်သည်ဟု ချီး မွမ်းခြင်းခံရသည်။

    ၂၅။ လူမှုဖူလုံရေးလုပ်ငန်းကို စတင်ဦီးစီးဆောင်ရွက်ခဲ့သည်။ (၄)နှစ်နီးပါး ပဏာမ လုပ်ငန်းမျးဆောင်ရွက်ပြီး၊ ရန်ကုန်မြို့တွင် ၁၉၄၆ ခုနှစ်၊ ဇန်္န၀ါရီလ ၁ ရက်နေ့မှ စတင်လုပ်ကိုင်နိုင်ခဲ့သည်။ အခြားဒေသများသို့ ချဲ့ထွင်ရန်စီစဉ်လျက်ရှိသည်။

    ၂၆။ ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရေးဆွဲခြင်းနှင့်ပတ်သက် ၍ကော်မတီအမျိုးမျိုးတွင် ပါဝင်ခဲ့သည်။

    ၂၇။ ရေနံမြေ စုံစမ်းရေးကော်မရှင်၊ ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေး စုံစမ်း ရေးကော်မရှင်အဖွဲ့ဝင်လူကြီးအဖြစ်လည်းကောင်း၊ အစိုးရစာပုံနှိပ်တိုက် စုံစမ်းရေး ကော်မရှင်ဥက္ကဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။

    ၂၈။ ၁၉၄၇ ခုနှစ် ဒေလီမြို့ အာရှညီလာခံသို့လည်းကောင်း၊ ၁၉၅၅ ခု၊ ဘန်ဒေါင်းကွန် ဖရင်းသို့လည်းကောင်း၊ ဗမာပြည်ကိုယ်စားလည်အဖြစ် တက်ရောက်ခဲ့သည်။

    ၂၉။ ၁၉၄၈-ခု၊ ၁၉၅၀-ခု၊ ၁၉၅၁-ခု နှင့်၁၉၅၄-ခုနှစ်များတွင် အပြည်ပြည်ဆိုင် ရာအလုပ် သမား အဖွဲ့ချုပ်ကြီး၏ ညီလာခံသို့ တက်ရောက်ခဲ့သည်။ ၁၉၅၁ ခုနှင့် ၁၉၅၄-ခု နှစ်တွင် ဗမာပြည်ကိုယ်စားလှယ်အဖွဲ့၏ခေါင်းဆောင်အဖြစ်ဆောင်ရွက်ခဲ့သည်။ ၁၉၅၀ ခုနှစ်တွင်လည်း အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ကြီး၏ရေနံကော်မ တီသို့ ဗမာကိုယ်စားလှယ်အဖွဲ့၏ခေါင်းဆောင်အဖြစ်တက်ရောက်ခဲ့သည်။ ထိုအဖွဲ့ ချုပ်ကြီးတွင် လူသိများပြီး လေးစားခြင်းခံရသူတစ်ဦးဖြစ်သည်။

    ၃၀။ ရန်ကုန်တက္ကသိုလ်ကောင်စီတွင် ကျောင်းသားသမဂ္ဂကိုယ်စားလှယ်အဖြစ် ပထမဆုံး ပါဝင်ဆောင်ရွက်ခဲ့ရသည်။ ၄င်းနောက် အဆက်ပြတ်ဆိုသလို ကောင်စီလူကြီးဖြစ် ခဲ့သည်။
    ၃၁။ ၁၉၅၁ ခုနှစ်၊က လူမျိုးစုလွှတ်တော်သို့ ပြိုင်ဘက်မရှိ ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။

    အိမ်ယာဆောက်လုပ်ရေးဝန်ကြီးအဖြစ်

    ၃၂။ လူမှန်သမျှ အဓိကအလိုရှိအပ်သည့် ၀တ် စား နေ တည်းဟူသောအရေးသုံးပါး အနက် စစ်ဘေး၊ စစ်ဒဏ်ကို နှစ်ကြိမ်တိုင်တိုင်အလူးအလဲ ခံလိုက်ရသော ဗမာလူ ထု၏အိုးအိမ်မဲ့ပြဿနာကိုဖြေရှင်းရန် အိမ်ယာဆောက်လုပ်ရေးဝန်ကြီးအဖြစ် ပထမ ဦးစွာဆောင်ရွက်ခဲ့ပါသည်။ ပြည်သူ့အိုးအိမ်ပြန်လည်ထူထောင်ရေးဘုတ်အဖွဲ့ဥက္ကဌ အဖြစ်ဆောင်ရွက်ကာ ဗမာတပြည်လုံးတွင် အိမ်ယာဆောက်လုပ်ရေးလုပ်ငန်းများ ကို လုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။ ကုန်သွယ်မှုတိုးတက်ရေးဝန်ကြီးအဖြစ်

    ၃၃။ ၁၉၅၄ ခုနှစ်ကုန်လောက်ကစ၍ ကုန်သွယ်မှုတိုးတက်ရေးဝန်ကြီးရာထူးကို လက်ခံ ဆောင်ရွက်ခဲ့ရသည်။ ထိုအချိန်က ဗမာပြည်သည် ဆန်ကိစ်္စနှင့်ပတ်သက်၍ အထူး အရေးကြီးနေသောအချိန်ဖြစ်နေသည့်အတိုင်း ထိုပြဿနာများကို ၄င်း၏လုပ်ရည် ကိုင်ရည်အစွမ်းဖြင့် ဖြေရှင်းပေးနိုင်ခဲ့ပါသည်။

    ၃၄။ ဆန်ဟောင်းများ အားလုံးလိုလိုပင် ယခုအခါရောင်းချပြီးဖြစ်သည့်ပြင် ဖေါက်သည် နိုင်ငံသစ်များကိုပါ ရရှိအောင် ဆောင်ရွက်လျက် “ဆန်”ပြဿနာကို အတော်ပြေ လည်စွာ ဖြေရှင်းနိုင်ခဲ့ပါသည်။

    ၃၅။ ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့ကြီးပြန်လည်ဖွဲ့စည်းရေး တိုးတက်ကောင်းမွန် ရေးအတွက် အထူးလုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။

    ၃၆။ ၄င်း၏စီမံဆောင်ရွက်ချက်အရ နိုင်ငံတော်ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့၏ လက်ကျန်စပါးစာရင်းးကို မနှစ်က ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့၏ရာဇ၀င် တွင် ပထမအကြိမ်အဖြစ် စစ်ဆေးခြင်းကို ပြုနိုင်ခဲ့ပါသည်။

    ၃၇။ ပြီးခဲ့သောစပါးပေါ်ချိန်မှစ၍ နိုင်ငံတော်ကောက်ပဲသီးနှံအဖွဲ့က ၀ယ်ယူပြီးသောစပါး ဘိုးငွေများကို တောင်သူလယ်သမားများအား သုံးရက်အတွင်းပြေလည်အောင်ချေ ရန် စီမံဆောင်ရွက်ပေးခဲ့ပါသည်။

    ၃၈။ ကုန်သွယ်မှုတိုးတက်ရေးဝန်ကြီးဌာနကို ပြန်လည်ပြုပြင်ခဲ့သည့်ပြင်၊ သွင်းကုန်လိုင် စင်ထုတ်ပေးရေးစနစ်နှင့်ပတ်သက်၍ အထူးပြုပြင်လုပ်ကိုင်ခဲ့ပြီး၊ ယခုအခါ သွင်း ကုန်လိုင်စင်များကို စနစ်သစ်ဖြင့် အချိန်မှန်ထုတ်ပေးလျက်ရှိနေပါသည်။

    ၃၉။ သွင်းကုန်လိုင်စင်ထုတ်ပေးရာတွင် မြန်မာတိုင်းရင်းသားကုန်သည်များ ရာခိုင်နှုန်း (၉၀)အထိ တိုးတက်ရရှိအောင် ဆောင်ရွက်ပေးခဲ့ပါသည်။

    ၄၀။ ရုရှားပြည်၊ တရုပ်ပြည်၊နှင့် အရှေ့ဥရောပနိုင်ငံများနှင့်ကုန်သွယ်လုပ်ငန်းတိုးတက် ရေးအတွက် အထူးတလည်ကြိုးပမ်းဆောက်ရွက်လျက်ရှိသည့်အတိုင်း ယခုအခါ ထိုနိုင်ငံများက ဗမာဆန်များကိုဝယ်ယူလျက်ရှိပါသည်။ ၄င်း၏ကြိုပမ်းမှုဖြင့် ဗမာ ပြည်ကဆန်များကို ဂျပန်ကျွန်း၊ မလေးကျွန်းနှင့်အင်ဒိုနီရှားနိုင်ငံတို့ကို ငွေလက် ငင်းစနစ်ဖြင့် ရောင်းချနေသည်မှာ အခုအခါ အတော်တိုးတက်လျက်ရှိပါသည်။

    အိန္ဒိယနိုင်ငံမှ ချေးငွေရရှိရန် ကြိုးပမ်းဆောင်ရွက်ခဲ့စဉ်က

    ၄၁။ ဗမာနိုင်ငံတော်အတွက် အထူးမစ်ရှင်အဖွဲ့အမျိုးမျိုးတွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

    (က) ၁၉၅၂ ခုနှစ်က ၀ါရှင်တန်မြို့သို့ တီ-စီ-အေ ကိစ်္စနှင့် မစ်ရှင်အဖွဲ့ကိုခေါင်း ဆောင်ကာ၊ ကိစ်္စရပ်များကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။
    (ခ) ၁၉၅၄ ခုနှစ်က အလုပ်သမားအစည်းအရုံးအဖွဲ့ချုပ်(ဗမာနိုင်ငံ)၏တရုပ်ပြည် သွားမစ်ရှင်အဖွဲ့ကို ခေါင်းဆောင်ခဲ့ပါသည်။
    (ဂ) ၁၉၅၄ ခုနှစ်က အိနိ္ဒယပြည်သို့ဆန်တန်ချိန်(၉)သိန်းရောင်းချရေးနှင့်ပတ်သက် ၍အစီစဉ်များသွားရောက်လုပ်ကိုင်ပေးခဲ့ပါသည်။
    (ဃ) ၁၉၅၅ ခုနှစ်က အိနိ္ဒယပြည်မှ ငွေကုဋေ(၂၀)ချေးယူရန်ကိစ်္စကို အောင်မြင်စွာ သွားရောက်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။(သို့သော်၊ ဆန်အရောင်းအ၀ယ် ကောင်းလာသဖြင့် ထိုချေးငွေကို ယခုတိုင် မယူသေးပါ။)
    (င) ၁၉၅၅ ခုနှစ်၊က နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု ခေါင်းဆောင်သော ယိုးဒယား နိုင်ငံသွား ချစ်ကြည်ရေးမိတ်ဆက်မစ်ရှင်တွင် ပါဝင်ဆောက်ရွက်ခဲ့ပါသည်။
    (စ) ကမ္ဘာ့အရပ်ရပ်သို့ ခရီးလှည့်လည်ခဲ့ပြီး ဗမာပြည်နှင့်သင့်လျော်သည့် ကိစ်္စရပ် များကိုလေ့လာပြီး၊ လုပ်ငန်းရပ်များကို ဆောက်ရွက်လျက်ရှိပါသည်။

    ၄၂။ အထူးသဖြင့် ရန်ုကုန်အလယ်ပိုင်းလူမျိုးစုလွှတ်တော်အမတ်လောင်း လက်ရှိကုန်သွယ် မှုတိုးတက်ရေးဌာနနှင့်အလုပ်သမားဝန်ကြီး အမ်-အေ-ရာရှစ်သည် ဖွဲ့စည်းအုပ်ချုပ် ပုံအခြခံဥပဒေအရ၊ ဗမာတိုင်းရင်းသားအဖြစ် ခံယူထားပြီးဖြစ်သဖြင့် ဗမာပြည်တွင် အသက်ထက်ဆုံးနေထိုင်လျက် ဗမာလူထုနှင့် ဆိုးတူကောင်းဘက်ဆောင်ရွက်လုပ် ကိုင်နေထိုင်သွားမည့် ပုဂ်္ဂိုလ်တစ်ဦးလည်းဖြစ်ပါသည်။

    အမှုဆောင်အဖွဲ့။ ဖ၊ဆ၊ပ၊လ ရွေးကောက်ပွဲ အနိုင်ရရှိရေးကော်မီတီ ရန်ုကုန်အလယ်ပိုင်း(လူမျိုးစု)မဲဆန်္ဒနယ်။ အမှတ်(၃၃)အီဗင်ဆင်လမ်း၊ ရန်ကုန်မြို့။

    ၁၉၅၆ ခုနှစ် THE GUARARDIAN စာစောင်တွင်အမှတ်(၁၄) တွင် ဒေါက်တာ မောင်မောင် ရေးသားခဲ့သည့် MR.RASCHID ဆိုသည့် ဆောင်းပါးကို ဘာသာပြန်တင်ပြလိုက်ပါ သည်။

     

    အွမ္မရ်ခင်ညွှန့်

  • ဦးတင်ထွန်း (ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ ၁၉၅၄-၅၅)

    ဦးတင်ထွန်း (ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ ၁၉၅၄-၅၅)

    စက်တင်ဘာ၊ ၂၇ ၊ ၂၀၁၂

    M-Media

    ဦးတင်ထွန်း (ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ၁၉၅၄-၅၅)

     

    ရန်ကုန် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ တာဝန်ကို ၁၉၅၄-၅၅  တွင် ထမ်းဆောင်ခဲ့သူ ဦးတင်ထွန်းဖြစ်ပါသည်။

    ကိုတင်ထွန်းမှာ ရန်ကုန်တက္ကသိုလ် မွတ်စလင်မ်ကျောင်းသူ ကျောင်းသားများအသင်းတွင် အကြိမ်ကြိမ် အမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပြီး စစ်မဖြစ်မီနှင့် စစ်ပြီးခေတ် အသင်းအခြေနေကို သိရှိသူဖြစ်ရာ လိုအပ်သော အသင်း၏ရာဇ၀င်ကို ရှာဖွေ စုဆောင်းရေးသားပေးသောကြောင့် မှတ်တမ်းအဖြစ် ထည့်သွင်းဖော်ပြအပ်ပါကြောင်း။ –

    ပဲခူးခရိုင် ညောင်လေးပင်ဇာတိ ဦးတင်ထွန်းမှာ ၁၉၅၄-၅၅  တကသ ဥက္ကဋ္ဌဖြစ်ပါသည်။ –

    စာအုပ်ပြုစုသူ (ရန်ကုန်တက္ကသိုလ် မွတ်စလင်(မ်)မဂ္ဂဇင်းသမိုင်း၊ စာမျက်နှာ-၅၆)

  • ဘိုးတော်မင်းတရား လက်ထက် ရမ္မာဝတီ မြို့ဝန် စာဆိုတော် ဆရာကြီး ဦးနု

    ဘိုးတော်မင်းတရား လက်ထက် ရမ္မာဝတီ မြို့ဝန် စာဆိုတော် ဆရာကြီး ဦးနု

    စက်တင်ဘာ၊ ၂၂၊ ၂၀၁၂

    M-Media

    တက္ကသိုလ်စိုးလွင် (ရွှေမန်းတက္ကသိုလ်) တင်ပြသည်။

    ဆရာကြီးဦးနုသည် မြန်မာနိုင်ငံတော်ကို တတိယအကြိမ်တည်ထောင်တော်မူခဲ့သော အလောင်းမင်းတရားကြီး၏ သားတော်ကြီး အိမ်ရှေ့ဥပရာဇာသည် ဖခမည်းတော်၏ ရွှေနန်းစည်းစိမ်ကို ဆက်ခံစိုးစံစဉ် မြန်မာသက္ကရာဇ် ၁၁၄၂-ခုတွင် ရတနာ သိင်္ဃ မင်းနေပြည်တော်ကြီးတွင် ဖွားမြင်ခဲ့သည်။

    ဆရာကြီးဦးနု၏ မွေးသက္ကရာဇ်ကို မည်ကဲ့သို့ သိရှိရသနည်းဟူမူ ဆရာကြီးဦးနု ပြုစုရေးသားခဲ့သော သုံးခန်းကျမ်း အပြီးတွင် ကျမ်းပြီးသက္ကရာဇ် ၁၁၅၆-ခုဟူ၍ ပြဆိုထားပေသည် ဆရာကြီး ဦးနု မိမိအသက် ၃၂- နှစ်ရှိသောအခါ သုံးခဏ်းကျမ်း ပြုစုကြောင်း သုံးခဏ်းအစ စာမျက်နှာတွင် ရေးသားထားလေသည် ထိုကြောင့် ကျမ်းပြီးသက္ကရာဇ် နှင့်တွက်စစ်သည်ရှိသော် ဆရာကြီး၏ မွေးသက္ကရာဇ်ကိုရှိပေသည် ဟစ်ဂျရီ သက္ကရာဇ်အားဖြင့် ၁၁၇၈ ခုဖွား ဖြစ်ပေသည်။

    ဆရာကြီးဦးနု၏ ငယ်နာမည်ကား မုဟမ္မဒ်ကာစင်မ် ဟူ၏ ဆရာကြီးသည် ကျမ်းပြုတိုင်း ကျမ်းပြုသူ၏ အမည်နာမကို အထူးသိစေရန် စကားဝှက်များဖြင့်ရေးသားလေ့ရှိ၏ သုံးဆယ့် ငါးခန်းကျမ်းအဆုံးတွင် ရေးသားထားသည်မှာ စာပြုသူမှာ ခြောက်စစွာ၊ မ-မှာ ဆွဲအစ်လျှင်၊ င-ကိုသတ္ထိဆွဲပြီးမှ၊ န-မှာလေးအောက်တွင်၊ သည်တွင် နာမ၊ ပုံသေကျ၊ တွေးယူပေရှင်ဟူ၍ ၎င်းခြောက်ခန်း ကျမ်းအဆုံးတွင်လည်း ရေးသားသည်မှာ ဤစာပြုသူ၊ လွယ်တကူ၊ တွေးယူသိစရာ၊ သဝေအစ၊ မ-ကိုချ၊ င-တွင်အစုံပါ၊ နကိုအချောင်းငင်၍ပေါင်း၊ စာကောင်းပြုဆရာ ဟူ၍၎င်း ပညတ်ခွဲတန်း ဆယ်ခြောက်ပိုဒ် ကျမ်းအဆုံးတွင်လည်း ကျွန်နာမကား၊ အစခြောက်တည်၊ ရေးသည်-မမှာ၊ အစ်ဆွဲကာပင်၊ င-တွင်သတ်တ၊ ဆွဲမှတသွယ်၊ နငယ်ကိုမှာ၊ လေးဆွဲပါလော့သည်ကားနာမ၊ ပုံသေကြ၏။ ဟူ၍ အသီးသီး တွေ့ရှိရပေသည်။

    ဆရာကြီးဦးနု၏ ဘိုးဘွား မိဘတို့သည် အင်းဝဇာတိဖြစ်ပေသည် ထိုကြောင့်ဆရာကြီး ဦးနုသည် မြန်မာမွတ်စလင်မ် အဆက်အနွယ်လေးရပ်ဖြစ်သော အင်းဝဆက်၊ သုံးထောင့်ငါးရာဆက်၊ ရခိုင်ဆက်၊ ကသည်းဆက်ဟူ၍ရှိရာ ဆရာကြီးဦးနု၏ အဆက် အနွယ်သည် အင်းဝဆက် ဖြစ်ပေသည်။ သက်သေသာဓက အထောက်အထားကို ပြဆိုရလျှင် ဆရာကြီး ဦးနုပြုစုသော ဆယ့်ငါးခန်းကျမ်း နိဂုံးတွင် မိမိ၏ အဆက်အနွယ်ကိုစာရှုသူတို့ သိစေရန် ရေးသားထားသည် လျှောက်ဟံဆိုဘွယ်၊ အကြောင်းဝယ်ကား၊ မွေးမယ်မိဘ၊ ဘိုးဘေးစသည် အင်းဝဇာတိ၊ ဖြစ်ဘိမှန်စွာ ကျွန်ုပ်မှာကား၊ ရတနာ သိင်္ဃ၊ ပြည်မကုန်းဘောင်၊ တည်ထောင်သာသနာ၊ ထွန်းသောခါဝယ်၊ ရာဇာဋ္ဌါနီ ဖြစ်ပြီးမှန်ငြား၊ ရွှေဘိုသားရှင့်၊… ထို့ကြောင့် ဆရာကြီး ဦးနုသည် အဆက်အနွယ်အားဖြင့် အင်းဝဆက်ကဖြစ်၍ ဇာတိအားဖြင့် ရတနာသိင်္ဃ၊ ရွှေဘိုမြို့ပေတည်း။

    ဆရာကြီးဦးနု၏ မိဘတို့သည် မြန်မာသက္ကရာဇ် ၁၁၁၃ – ခုနှစ်တွင် ဟံသာဝတီ မွန်ဘုရင်က အ၀မြို့တော်ကြီးကို တိုက်ခိုက်ရာ အ၀မြို့တော်ကြီး ပျက်သည်တွင် ဦးအောင်ဇေယျသည် မုဆိုးဖို အရပ်မှ ခြားနား၍ တထီးတနန်း တည်ထောင်ရာတွင် မြန်မာတို့သည် ဦးအောင်ဇေယျ ၏ဘုန်းတော်ရိပ်ကို ခိုလှုံရန် ၀င်လာကြလေသည်။ ထိုသို့ ၀င်လာသူများ အထဲတွင် ဆရာကြီး ဦးနု၏ မိဘတို့သည်လည်း အင်းဝပျက်၍ ပြည်ရွှေဘိုသို့ တိမ်းရှောင် ကြပေလိမ့်မည်။ ထိုကြောင့်ဆရာကြီးဦးနုသည်အလောင်းမင်းတရားကြီးဦးအောင်ဇေယျ နတ်ရွာစံပြီးနောက် နှစ်နှစ်မြောက်တွင် ရွှေဘိုမြို့တော်တွင် မွေးဖွားရခြင်း ဖြစ်တန်ရာသည်။

    ဆရာကြီးဦးနု၏နောင်တ

    ဆရာကြီးဦးနု  ပြုစုသော  သုံးခဏ်းကျမ်းစာမျက်နှာ (၂၆၉)  တွင်ရေးသားထားသည်မှာ  အသက်  လေးငါးနှစ်အရွယ် အကျောက်ပေါက်သဖြင့်  အရက်ကို  ဆေးဖြင့်သုံးဘူးသည်ကို  အသက်  ၃၂  နှစ်တွင်  ပြုစုသော  သုံးခဏ်းကျမ်းကို ပြုစုစဉ်  သတိရသဖြင့်  ပူမိကြောင်း  ရေးသားထားပေသည်။ထိုအချိန်ကစ၍  မထိပါ  ဟူ၍မိမိ၏  အကျင့်သီလကို ဖော်ပြထားသည်  ဆရာကြီးဦးနုသည်  ခြောက်ခဏ်းကျမ်း  စာမျက်နှာ  ၂၂၀  တွင်မိမိသည်  ဆယ့်သုံးနှစ်သားကပင် အရွယ်သို့ရောက်သည် ဆယ်ကိုးနှစ်မှစ၍နမာဇ် ၀တ်ပြုမှုကိုပြုရခြင်းကြောင့် ခြောက်နှစ်အတွက် ကသွာ မိမိအပေါ်တွင်တင်ရှိနေခြင်းကြောင့် ပူပန်သောကရှိကြောင်းကိုသုံးခဏ်းကျမ်း အစတွင်ရေးသားသည်မှာ ထိုခြောက်နှစ်ကို ရက်ပေါင်း နှစ်ထောင့်တရာခြောက်ဆယ်  ရှိသည်။  ဖွရတ်သွ  နမာဇ်ပေါင်း  သုံးသောင်းခြောက်ထောင်ခုနှစ်ရာနှစ်ဆယ်သော
    ရကအတ်  လစ်ဟင်းလေသည်။ဟူ၍  ထိုကသွာများအတွက်  ထောက်ရှုတိုင်း  ပူပန်သောကရှိကဲ့သည်  ဟူ၍ ဆရာကြီးသည် ငြီးငြူထားပေသည်။

    ဆရာကြီးဦးနု၏ဆရာ

    ဆရာကြီးဦးနု၏  ဆရာကား  အီဂျစ်ပြည်သားဖြစ်၍  ကိုယ်တော်မြတ်  မုဟမ္မဒ်သခင် (ချမ်းမြေ့  သာယာခြင်း  အပေါင်း ကိုယ်တော့်  အပေါ်  သက်ရောက်  ပါစေသတည်း၏ ) သာကီဝင်  စိုင်ယစ်ဒ်  အနွယ်တော်လည်းဖြစ်ပေသည်  အမည်ကား စိုင်ယစ်ဒ်မုဟမ္မဒ်ဖြစ်လေသည်  မိမိဆရာ၏  ဂုဏ်ကိုအထူးသိစေရန်  သုံးခန်း ကျမ်းဦးအစတွင်  ရေးသားထားသည်မှာ ဖန်ဆင်း  မွေးမြူတော်မူသော  ကျေးဇူးတော်မြတ်ကို  ထောက်ထားသဖြင့်  တရားတော်နှင့်အညီ  ကျင့်ဆောင်ဆောက် တည်ကောင်းလျက်  မပြုမိုက်များမေ့လျော့၍  ခြောက်နှစ်ကျော်  ခုနှစ်နှစ်  ခန့်နေချေသည်  အသက်တဆယ့်ကိုးနှစ် ရောက်သောကာလ ရာဇဋ္ဌာနီရှာမ် အမည်ရှိသောပြည်က ငါတို့သခင် မုဟမ္မဒ် အနွယ်တော်ဖြစ်သော စိုင်ယစ်ဒ် မုဟမ္မဒ် ရန်ကုန်မြို့သို့  ဆိုက်ရောက်သည်တွင်  ထံတော်နီးစပ်  ချဉ်းကပ်သည်နှင့်။ တဆယ့်ကိုးနှစ်အရွယ်က  တွာအပ်ဗန္ဒဂီကို။ အစဉ်  အစဉ်  အတိုင်းမပြတ်  မပျက်စေရ။  ၀ိရိယနှင့်တကွ ကျင့်ဆောင်၍  ယခုငါ့အသက်သုံးဆယ့်နှစ်နှစ်ရှိပြီ။  စိုင်ယစ်ဒ် သခင်ကိုမတွေ့ရမှီ  မသိမမြင်မေ့လျော့  မိုက်မှားအလား  တိရစ္ဆာန်ကဲ့သို့နေသည်  အတွင်းအီဘ  လစ္စညွှတ်ကွင်း တဏှာတွင်းသို့ တစ်ကြိမ်တစ်ခေါက် ရောက်မှားဘူးချေပြီ ဟူ၍ မိမိကိုယ်ကို သံဝေဂဖြစ်စေသည် ထိုအထက်ပါ စာပိုဒ်တွင် ဆရာကြီး ဦးနုသည် အသက်ဆယ်ကိုးနှစ်တွင် ရန်ကုန်မြို့ကို ရောက်ဖူးကြောင်းကိုတွေ့ရသည်။

    အလောင်းမင်းတရားကြီး၏  စတုတ္ထသားတော်ဖြစ်သော  ဘိုးတော်မင်းတရားကြီးသည်မြန်မာ  သက္ကရာဇ်  ၁၁၄၄ ခုနှစ်တွင်  အမရပူရမြို့တော်သစ်ကို  တည်ထောင်တော်မူ၍  သက္ကရာဇ်-၁၁၄၅  နှစ်တွင်  အင်းဝမြို့မှ  ပြောင်းရွှေ့၍ စံတော်မူသည်။ ထိုအခါ  တိုင်းသူပြည်သားအပေါင်းတို့သည်  မင်းနေပြည်တော်သို့  ပြောင်းရွှေ့ကြလေသည်။  ဆရာကြီး ဦးနုသည်လည်း  အမရပူရ  လင်းဇင်းကုန်းဒေသတွင်  ပြောင်းရွှေ့နေထိုင်သည်။  ထိုသို့နေထိုင်စဉ်  စာပေကျမ်းဂန်များကို ပြုစုလေသည်။

    ကဲ့ရဲ့ခြင်းနှင့်ချီးမွမ်းခြင်း

    ဆရာကြီးဦးနုသည်  အသက်  နှစ်ဆယ်ကိုးနှစ်သားအရွယ်ကစ၍  ကျမ်းစာများကို  စတင်၍ရေးသားသည်။ ထိုသို့ပြုစုသောအခါ  အာရဗီစာကို  မြန်မာဘာသာသို့  ပြန်ရပါမည်လောဟူ၍  ဆရာကြီးအား  အချို့သော ဥာဏ်နည်းသူတို့က  ကဲ့ရဲ့ကြလေသည်။ ဆရာကြီးဦးနုသည်  မိမိအား  ကျမ်းဂန်များ  ပြုစုသဖြင့်  ကဲ့ရဲ့ခြင်းခံရကြောင်းကို သိစေရန်  ခြောက်ခန်း  ကျမ်းစာမျက်နှာ (၂၀၅)  တွင်  ရေးသားသည်မှာ  အသက်မှာနှစ်ဆယ်  ကိုးနှစ်ရွယ်က မကျယ်မ၀န်း။ ဆဲ့တခဏ်းဖြင့်၊ ရွှင်လမ်းတခါ။ သုံးဆယ်သာ၍။ စမ္မာစွန်းလစ်။
    ထိုသည့်နှစ်လည်း။ အစ်နှင့်ဒွေးရော။ သုံးခဏ်းဟောရှင့်။  ချောမောမှတ်ရာ။  ပြုစုပါသည်။  ထိုခါသော်က  လူ့ဗာလတို့။ သူများဘာသာ  တို့ကျမ်းစာကို။  ပညာဆင့်။  မပြန်သင့်ဟု။  မရင့်ဂုဏ်ယူ။  ကဲ့ရဲ့မူ၏  ဆရာကြီးဦးနု  ပြုစုသော ကျမ်းဂန်များကို  လူအပေါင်းတို့  ဖတ်ရှုရသဖြင့်  အကျိုးကျေးဇူးများစွာ  ဖြစ်ထွန်းကြောင်းကို  သိလာသောအခါ ထိုအထက်ပါ  ကဲ့ရဲ့သော  သူများသည်  ဆရာကြီးဦးနုအား  တဖန်ချီးမွမ်း ကြပြန်လေသည်။ ထိုအကြောင်းကို ဆရာကြီးဦးနုက  သိစေရန်  ခြောက်ခန်းကျမ်းအစတွင်  ရေးသားသည်မှာ  လူ (ဂျာဟေလီ)။ နည်းမှီ မှတ်သားပွားများကျင့်ဆောင်၊  နောင်ရေး ကြောက်ကြသံဝေရမှ။  ကောင်းစွာတဘန်။  ချီးမွမ်းပြခဲ့ ဟူ၍ တွေ့ရလေသည်။  ဆရာကြီးအား  ကဲ့ရဲ့သောလူများ  ရှိသလို  ချီးမွမ်းသူများလည်း  ရှိပေသည်  ဆရာကြီးအား ကျမ်းပြရန်။  အတန်တန်တောင်းပန်သောသူတို့တွင်  ထိုခေတ်အခါက  အမရပူရနေပြည်တော်တွင်  ခုံမင်းအရာဖြင့် အမှု့တော်ကို  ထမ်းခဲ့သော  ခုံမင်းမောင်ဥ  ဖြစ်သည်။ ခုံမင်းမောင်ဥ  တောင်းပန်ကြောင်းကို  ခြောက်ခန်းကျမ်းအစတွင် ဆရာကြီးရေးသားသည်မှာ  အရ်ဗီဘာသာကို  မြန်မာဘာသာ  သို့ပြန်ဆိုပါမည်။  စိတ်၌  အကြံရှိသည်မှာ  နှစ်၊  လ  များ လှပြီ။  ခုံမင်းမောင်ဥ  တောင်းပန်သည်လည်း  ရှစ်နှစ်ကျော်ရှိပြီ  ထို့အပြင်အရ်ဗိဘာသာ  နက်နဲစွာကို  မြန်မာပြန်မည်။ စိတ်ကရည်လျက်  ကြံစည်သည်မှာ  ကြာတောင်းကြာခဲမှုမှာ  တောင်လောက်။ ပို၍မောက်ရှင့်။  မခေါက်မအား။ သို့ဖြစ်ငြားလည်း  ရွယ်ကားမငယ်  ငါးဆယ်ပြည့်ပြီ။  မသေမှီက ကြိုးလုလ္လမှာ  စိတ်ကကြံစည်ပြီး လိမ့်မည်ဟု ရသည်အကြောင်း အထူးမှတ်သားရန်ကား ဆရာကြီးဦးနု ခြောက်ခန်းပြုသောအခါ အသက်ငါးဆယ်ပြည့်နေလေပြီ။

    ဆရာကြီးဦးနုနှင့် ကြွေး

    ဆရာကြီးဦးနုသည်  သုံးဆယ့်ငါးခဏ်း  ၀ိနည်းကျမ်းတော်ကြီးကို  ပြုစုနေစဉ်  ဆရာကြီးဦးနုတွင်  သူတပါးအား ပေးဆပ်ရန်  ကြွေးငွေများတင်ရှိနေပေသည်။  ဆရာကြီးသည်  ကြွေးငွေများကို  ဆောလျှင်စွာ ဆပ်နိုင်လောက်အောင်ငွေမရှိသဖြင့်  ဆရာကြီးသည်  လူမြင်မခံဝံ့ဘဲ  ဆယ်လတိုင်တိုင်တိမ်းရှောင်နေရပေသည်။  ထိုသို့တိမ်းရှောင်နေစဉ် သုံးဆယ့်ငါးခဏ်း  ကျမ်းတော်ကြီးကို  အပြီးတိုင်  ပြုစုပြီးလျှင်  ရရှိသော  ကြေးငွေများကို  ကြွေးရှင်များအား အသီးသီးပေးဆပ်နိုင်သောကြောင့်  ဆရာကြီးဦးနုသည်  ထိုသောအခါမှသာလျှင်  ယခုရောနောင်ပါ  သာယာတော့မည် ဟူ၍  သုံးဆယ့်ငါးခန်း  နောက်ဆုံးတွင်ရေးသည်မှာ မောင်နုတွင်မည်၊  ကျွန်ုပ်သည်ကား၊  မတည်ရပ်ပါ၊  ကြွေးများစွာကြောင့်၊  အိမ်မှာလျှင်မျှ၊  မနေရတည့်၊  ခေတ္တဟိုသည်  တိမ်းရှောင်လည်  ၍နေ့ရှည်လှစွာ၊ကြာတောင်းကြာခဲ့၊ ရက်မှာတဆယ်၊  ပြီးလောက်ဘွယ်ကို  ကိုယ်ဝယ်သောက၊  ဤဒုက္ခကြောင့်  ဆယ်လမြောက်ပင်၊ နေ့ရက်မြင်ခဲ့။ မရွှင်ညှိုးပူ၊  စိတ်မဖြူလည်၊  လူဟူသမျှ၊  နစ္စမရှိ၊  ရှုမိပြန်က၊  အစများလာ၊  မထားပေကောင်း၊  ပြီးကြောင်း ကြံစည်၊စိတ်ရည်မှတ်ခါ၊ ဤကျမ်းစာသည်၊ ဘက်ခါဝယ်တည့်သာတော့၏။

    ဆရာကြီးသည် အမှားကိုဝန်ခံခြင်း

    ဆရာကြီးဦးနုသည်  အသက်သုံးဆယ်နှစ်နှစ်တွင်  ဉပစုသော  သုံးခဏ်ကျမ်းစာမျက်နှာ  ၃၆၉-တွင်  ဆရာပညာရှိတို့က (ကသွာ)  မထိုက်(ကသွာ)မပြုသင့်ဟု  ဟောပြောကြသည်ကို  အမှန်ထင်မှတ်၍  သုံးခဏ်ကျမ်းတွင် (ကသွာ) မပြုသင့်ဟူ၍ ရေးသားမိခဲ့လေသည်။ သက္ကရာဇ် ၁၁၇၁-ခုနှစ်တွင် ဘင်္ဂလားမြို့သို့ရောက်သောအခါ ထိုမြို့တွင်ဖွေကာ မစအူဒီတွင်သော  အလွန်ခိုင်မာသောဝိနည်းကျမ်းတော်ကြီးကို  ဖတ်ရှုရာ  ကသွာပြုရမည်ဟူ၍  တွေ့သဖြင့် အသက်လေးဆယ်ခုနှစ်နှစ်မှ  မိမိအမှားကိုသိရှိရသဖြင့် အသက်ငါးဆယ်အရွယ်တွင်  ပြုစုသော  ခြောက်ခဏ်ကျမ်းတွင် မိမိအထက်က  ရေးခဲ့ဘူးသော  အမှားကို  ၀န်ခံထားသည်မှာ ကျွန်ုပ်ဆယ်သုံးနှစ်က (ဗာလစ်ဂ)  အရွယ်ရောက်သည် ဆယ်ကိုးနှစ်မှစ၍ (နမတ်ဇ်) ကို  ပြုရ၏။ခြောက်နှစ်တွက်  ကသွာကို  ဆရာပညာရှိတို့က  ကသွာမထိုက်  ကသွာမပြုသင့် ဟောပြောကြသည်ကို  အမှန်ထင်၍  အသက်သုံးဆယ်နှစ်နှစ်တွင်  ပြုစုသည့်  သုံးခန်းနှင့်  အခြားစာတစောင်မှာ ခြောက်နှစ်ပျက် (နမာဇ်) ကို ကသွာမပြုသင့်ဟု တရားတော်တွင် ရှိကြောင်း ရေးသားဖေါ်ပြမိခဲ့၏ ထိုမှားယွင်းမှုကြောင့် ဗျာပါဒုက္ခ ရှိကြောင်း စာသားဖြင့် ရေးသားလေသည်။

    ထောင့်တစ်ရာခုနှစ်ဆယ့်တစ်ခုနှစ်  ဘင်္ဂလားမြို့တွင်  ဖွေကာမစအူဒီကျမ်းကို ကြည့်၍  ထိုကျမ်းတွင်  ကသွာပြုရမည် ပါသည်တွင်  အထက်ဆိုမိသော  စကားမှားကြောင်းသိသာရ၏  ကျွန်ုပ်ခြောက်နှစ်ကသွာ ထိုက်ချေပြီ ထိုပျက်သည့်ခြောက်နှစ်  ကသွာတွက် ဒုက္ခဗျာပါ ကြီးစွာရှိချေ၏  ယာအေလာဟီအကျွန်ုပ်ကို  ခြောက်နှစ် ပျက်သည်ကသွာ (နမတ်ဇ) ကိုဖြည့်နိုင်အောင်  စွမ်းအားပေးသနားတော်မူပါ။ ဆရာကြီးဦးနုသည်  ကျမ်းဂန်များကို လေ့လာရာ၌  စာသင်ဟူက  ကျမ်းထိုမျှကို  တွေ့ကမရှောင်၊  ကြောင်ပုဇွန်စား၊ ကျွတ်ကျွတ်ဝါးသို့၊ ဟူသောလင်္ကာနှင့်အညီ အိန္ဒိယပြည်  ဘင်္ဂလားမြို့သို့  ရောက်သွားအချိန်တွင်  စာပေကျမ်းဂန်များကို  လေ့လာခဲ့သောကြောင့်  တွေ့ရပေသည်။ ထို့ကြောင့်  ဆရာကြီးဦးနုသည်  ဒေသန္တရဗဟုသုတနှင့်လည်း  ပြည့်စုံပေ၏။  ပညာရှိသတိဖြစ်ဆိုသလို  မိမိအမှားကို ၀န်ခံခြင်း၌လည်း နှောင့်နှေးခြင်းမရှိ ဤကားပညာရှင်တို့၏ ဓမ္မတာတည်း။

    ဆရာကြီးဦးနုနှင့် ဗေဒင်

    ဆရာကြီးဦးနု  ပြုစုသော  ကျမ်းဂန်များကို  လေ့လာဘတ်ရှုခြင်းအားဖြင့်  ဆရာကြီးဦးနုသည်  အာရဗီဖွာရစီအူရဒူ အစရှိသော  အစ္စလာမ်ဘာသာ  စာပေလေ့လာသူတိုင်း  တက်မြောက်အပ်သော  ဘာသာရပ်များကို  လုံးဝ တက်မြောက်သည့်အပြင်  တိုင်းရင်းအမိဘာသာဖြစ်သော  ပါဠိမြန်မာအစရှိသည်တို့ကိုလည်း  တတ်မြောက်ကြောင်းတွေ့ရသည်။  ဆရာကြီးသည်  ထိုခေတ်အခါကအထူးလိုက်စားသော  ပညာရပ်ဖြစ်သော  ဗေဒင်ပညာကိုလည်း ငယ်စဉ်ကတည်းက  တတ်မြောက်ကြောင်းကို  သုံးဆယ့်ငါးခန်း ကျမ်းစာမျက်နှာ (၁၁၄)  ဇကာတ်ခန်းတွင် ရေးသည်မှာ  အကျွန်ုပ်ဗေဒင်လက်ရိုး  အကုန်တွက်ဖူးသည်ဖြစ်၍ အတွက် မတိမ်ပါ ဟူသော စာပုဒ်ကို  တွေ့ရပေသည်။ ဆရာကြီးဦးနုသည်  မိမိငယ်ရွယ်စဉ်က  တတ်မြောက်ခဲ့သော  ပညာပင်ဖြစ်လင့်ကစား  အစ္စလာမ်တရားတော်နှင့် လွန်စွာဆန်ကျင်သော  ပညာရပ်ဖြစ်သောကြောင့်  သုံးဆယ့်ငါးခန်းကျမ်း  စာမျက်နှာ (၃၇) တွင်  ရေးသားသည်မှာ နတ်မိစ္ဆာတို့၏  မန္တရား  မန္တ  အကွယ်အကာတို့ကိုလည်း  မယုံအပ်  ဗေဒင်မမေးအပ်  ယတြာယာယီပရောဂ အမှုဟူသမျှကိုလည်း  မဉပအပ်ဗေဒင်တွက်ရှိရာကိုလည်း  မယုံအပ်။  ထိုတူလည်းကောငှ်းရစ်က်အမှုဟူသမျှတို့ကို ဝေးစွာကြဉ်ရာ ၏။ ဟူ၍ တရားလာသည့်အတိုင်း မိမိအလိုသို့ မလိုက်ကောင်းစွာ ကြဉ်အပ်ကြောင်း ဆုံးမထားပေသည်။

    ဆရာကြီးဦးနုနှင့်စာပေ

    ဆရာကြီးဦးနုပြုစုခဲ့သော  ကျမ်းများကား  အသက်နှစ်ဆယ်ကိုးနှစ်  ၂၉  အရွယ်တွင်  ဆယ်တစ်ခန်းကျမ်း ဖွရတ်တရားသုံးဆယ်၊ လင်္ကာတို့ကို ရေးသားသည် အသက်သုံးဆယ်နှစ်နှစ်အရွယ်တွင် သုံးခန်းကျမ်းကို ပြုစုခဲ့သည်။ ကျမ်းပြီးသက္ကရာဇ်ကား  ၁၁၅၆ ခု  နတ်တော်လဆန်းလေးရက်  ညဥ့်တစ်ချက်တီးကျော်တွင်ဖြစ်၏။  ဟစ်ဂျရီသက္ကရာဇ်အား  ဖြင့်  ၁၂၁၀  တစ်ထောင့်နှစ်ရာတဆယ်  ဂျမာဒေလ်  အောင်ဝလ်လဆန်း  နှစ်ရက်နေ့ ညဥ့်အေရှာပြီးချိန်တွင်  ကျမ်းပြီးစီးသည်။ အသက်ငါးဆယ်တွင်  ပြုစုသော်  ခြောက်ခဏ်းကျမ်းကို ပြုစုသည်ကျမ်းပြီး သက္ကရာဇ်ကား  တစ်ထောင့်တစ်ရာခုနှစ်ဆယ်လေးနှစ်  ၁၁၇၄  တော်သလင်းလဆန်းသုံးရက်  အင်္ဂါနေ့တွင် အပြီးတိုင်ရောက်သည်။

    အသက်ငါးဆယ်တနှစ် ၅၁တွင် ဆယ့်ခြောက်ပုဒ်

    ပညတ်ခွဲတန်းကျမ်းကို ပြုစုသည်  ကျမ်းပြီးသက္ကရာဇ်ကား  တစ်ထောင့်တစ်ရာခုနှစ်ဆယ် ငါးခုဖြစ်သည်  ၁၁၇၅ ဆရာကြီးဦးနုသည်  ခုနှစ်ပိုဒ်လင်္ကာ  ဆုံးမစာကိုလည်း  ရေသားခဲ့သည်။  ထို့အပြင်  အလွန်ထင်ရှားကျော်စောသော သုံးဆယ့် ငါးခဏ်းဝိနည်း ကျမ်းတော်ကြီးကိုလည်း  ဘိုးတော်မင်းတရား  လက်ထက်တွင်  ရေးသားခဲ့သည်။ သုံးဆယ့်ငါးခဏ်းဟူ၍  အမည်တူ  အခြားကျမ်းများလည်း  ရှိသေးသည်။  မော်လမြိုင်ဇာတိ  မုဟမ္မဒ်ယူစွထ်၏သား ဆရာရှိတ်ခ်  မုဟမ္မဒ်ရှမ္မဆွဒီန်  ကနဆီဟတွလ်အစ္စလာမ်  အမည်ရှိသော  သုံးဆယ့်ငါးခဏ်းကျမ်းကို  မြန်မာသက္ကရာဇ် တထောင့်နှစ်ရာငါးဆယ်ငါးခု  ၁၂၅၅ ၀ါဆိုလဆန်း  ၁၂ရက်။ အင်္ဂလိပ်သက္ကရာဇ် ၂၄-၇-၁၈၉၃တွင် ရန်ကုန်ဟံသာဝတီ စာပုံနှိပ်တိုက်တွင်  ရိုက်နှိပ်ထားခဲ့သည်။  ထို့အပြင်  တရားငါးခဏ်းကျမ်းဟာ  တင်တာယီဝတ္ထုတော်ကြီးအစရှိသော စာပေများကိုလည်း ရေးသားခဲ့သည်။

    ဆရာကြီးဦးနုနှင့်ဘိုးတော်မင်းတရားကြီး

    ဆရာကြီးဦးနုသည်  ဘိုးတော်မင်းတရားကြီးနှင့်  ငယ်စဉ်အခါက  ဘုန်းကြီးကျောင်းတွင်  အတူစာပေသင်ကြားဘူး၍ သူငယ်ချင်းလည်းဖြစ်သည်ဟူ၍  မြန်မာ-မွတ်စလင်မ်  ပညာရှိတို့က  ဆိုကြသည်  ဘိုးတော်မင်းတရားကြီးသည် မြန်မာသက္ကရာဇ်  တစ်ထောင့်တစ်ရာ ခုနှစ်ဆယ့်ရှစ်ခုနှစ်တွင်  ကျက်ထောင့်ကို  ထွက်တော်မူရာ  ထိုအရပ်တွင် ကမ္ဘာ့ဘာသာကြီး လေးရပ်ကို  လျှောက်တင်ခိုင်းရာ  ဆရာကြီးဦးနုသည် (၁၁၇၈) နှစ်တွင်  အစ္စလာမ်တရားတော်၏ အခြေအမြစ်တရားများကို  အသေးစိပ်ရေးသား၍  ဘိုးတော်မင်းတရားကြီးအား  ဆက်သွင်းဖတ်ပြစေ၏။ ထိုကျမ်းအမည်ကား  သံတော်ဦးတင်လွှာကျမ်းမည်၏။  ဘိုးတော်မင်းတရားကြီးသည်  နှစ်သက်တော်မူ၍ မွတ်စလင်မ်များကို မြှောက်စားတော်မူလေသည်။

    ကုန်းဘောင်ခေတ် ဘိုးတော်မင်းတရား လက်ထက် ရမ္မာဝတီ မြို့ဝန် စာဆိုတော် ရွှေတောင်သာဂသူ သခင်ကြီး ဦးနု ရဲ့ ကဗရ်အုတ်ဂူ (တောင်သမန်အင်းအနီး လင့်ဇင်းကုန်း)

    အနိစ္စရောက်ခြင်း

    မြန်မာမွတ်စလင်မ်  အပေါင်းတို၏  ဆီမီးတန်ဆောင်သဘွယ်ဖြစ်သော  ကျေးဇူးရှင်ဆရာကြီး  ဦးနုသည်  သက်တော် ခြောက်ဆယ်ကျော်တွင်  မမြဲသောသင်္ခါရလောကကြီးကို  စွန့်ခွာသွားသဖြင့်  အမရပူရရှိ  လင်းဇင်းကုန်းသင်္ချိုင်းတွင် မြှုပ်နှံလေသည်။

     

    မြန်မာစာပေနယ်ပယ်တွင် မှတ်တမ်းတစ်စောင်တစ်ဖွဲ့အနေဖြင့် အစောဆုံးခရီးသွားမှတ်တမ်းရေးသူ ဆရာကြီးဦးနုရဲ့ ဘင်္ဂလားသွားခရီးစဉ် ခန့်မှန်းမြေပုံ
  • ပသီစာဆို ( ရွှေတောင်သာဂသူဘွဲ့ခံ ဆရာကြီးဦးနု)

    ပသီစာဆို ( ရွှေတောင်သာဂသူဘွဲ့ခံ ဆရာကြီးဦးနု)

    ရေးသားသူ – တင်နိုင်တိုး

    ကုန်းဘောင်ခေတ်ဦးကာလက မြန်မာစာပေနယ်မှာ အစ္စလာမ်ဘာသာဝင် ပသီစာဆိုတော်တစ်ဦး ပေါ်ပေါက်ခဲ့ဖူးပါတယ်။ သူကတော့ ရမ္မာဝတီမြို့ဝယ် ရွှေတောင်သာဂသူဘွဲ့ခံ ဆရာကြီးဦးနုပါပဲ။ စာဆိုတော်ကြီး ဦးနုဟာ ဘိုးတော်ဘုရားလက်ထက်မှာ မဇ္ဈိမဒေသက ကျမ်းပေါင်းများစွာကို ဆောင်ယူပေးခဲ့သဖြစ်လို့ မြန်မာစာပေသမိုင်းမှာ တစ်ထောင့်တစ်နေရာက ကျေးဇူးပြုခဲ့သူလို့ ဆိုနိုင်ပါတယ်။

    ပသီစာဆိုကြီးဦးနုကို နောင်တော်ကြီးမင်းလက်ထက် ၁၇၊ ဇူလိုင်၊ ၁၇၆၂ မှာ ရွှေဘိုမြို့မှာ ဖွားမြင်ပါတယ်။ မိဘတွေကတော့ ကုန်သည်တော် ရှိုက်ခ်ဒါဝူးဒ်နဲ့ ဒေါ်ငြိမ်းတို့ပါပဲ။ မိခင်ဒေါ်ငြိမ်းဟာ သွေးသောက်ကြီး ဦးပွင့်နဲ့ ဒေါ်မြတ်နှင်းတို့ရဲ့ သမီးဖြစ်တာမို့ စာဆိုတော်ဦးနုဟာ ငယ်စဉ်ကတည်းက နန်းတွင်းအသိုင်းအ၀ိုင်းနဲ့ နီးစပ်သူလို့ ဆိုနိုင်ပါတယ်။ အစ္စလာမ်ဘာသာဝင် ဆရာကြီးဦးနုရဲ့ မွတ်ဆလင်အမည်ကတော့ မုဟမ္မဒ်ကာစင်မ်ဖြစ်ပါတယ်။ ဆရာကြီးဟာ ရွှေဘိုဇာတိဆိုပေမယ့် ငယ်စဉ်ကတည်းက အင်းဝတောင်ဘလူရပ်မှာ နေထိုင်ခဲ့ပါတယ်။

    စာဆိုတော်အဖြစ် ထင်ရှားလာမည့် ဦးနုဟာ အသက်(၇)နှစ်အရွယ်မှာ အင်းဝ နန်းဦးကျောင်းတိုက်မှာ ပါဠိ၊ မြန်မာစာပေတွေ စတင်ဆည်းပူးခဲ့တယ်။ အသက်(၁၉)နှစ်အရွယ်ရောက်တော့ ရန်ကုန်ဆင်းလာပြီး ဆီးရီးယားက ကြွရောက်လာတဲ့ ဆရာကြီးစိုင်ယဒ်မူဟာမ္မာဒ်ဆီမှာ အစ္စလာမ်ဘာသာစာပေ၊ အာရဗီ၊ အူရဒူ၊ ဖာရစီဘာသာတွေ သင်ယူတယ်။

    တစ်ဖက်ကလည်း မြန်မာဘာသာ၊ ပါဠိဘာသာကို ကျွမ်းကျင်နိုင်နင်းအောင်ကြိုးစားလေ့လာပါတယ်။ ဒါကြောင့်လည်း နောင်မှာ စာဆိုတစ်ဦးအဖြစ် ထင်ရှားခဲ့တာပါ။

    ဦးနုဟာ အသက်(၂၆)အရွယ်မှာ သွေးသောက်ကြီး ဦးသာဒွန်း၊ ဒေါ်မိုးသူတို့ရဲ့သမီး မမယ်မနဲ့ အိမ်ထောင်ကျတယ်။ သား ‘အဗ်ဒွလ်ကရင်’လို့ခေါ်တဲ့ နာခံတော် မောင်ပြည့်နဲ့ သမီး မမကြီး(ဒေါ်မြတ်လှ)၊ မမထွေး(ဒေါ်မြတ်ထွန်း)တို့ကို ဖွားမြင်တယ်။

    ၃၀ နိုဝင်ဘာ၊ ၁၈၀၅ မှာ ဦးနုဟာ ဘိုးတော်ဘုရား အမိန့်တော်အရ အိန္ဒိယကို သွားရောက်ရတယ်။ ဘင်္ဂလားမှာ နှစ်ထပ်တိုက်တစ်လုံးငှားပြီး ကွမ်းသီးရောင်းရင်း နယ်ချဲ့အင်္ဂလိပ်ရဲ့အခြေအနေကို ထောက်လှမ်းရတယ်။ တစ်ဖက်ကလည်း ကျမ်းစာအုပ်တွေ ရှာဖွေစုဆောင်းရပါတယ်။

    ၁၅ ဧပြီ ၁၈၀၆ မှာ ဦးနု အမရပူရကိုပြန်ရောက်လာတော့ ဘိုးတော်ဘုရားက နှစ်ထောင်းအားရတော်မူလို့ ရမ္မာဝတီမြို့ဝန်ရာထူး ခန့်အပ်လိုက်တယ်။

    ‘ရွှေတောင်သာဂသူ’ဘွဲ့ခံ ရမ္မာဝတီမြို့ဝန်ဦးနုဟာ အိန္ဒိယကို နောက်ထပ် နှစ်ကြိမ်ထက်မနည်းသွားရောက်ခဲ့ရပြီး ပေမူ ၁၀၀၊ ကျမ်းစာအုပ် ၁၇၇ အုပ်ကို သယ်ဆောင်လာခဲ့နိုင်တယ်။ မောင်းထောင်ဆရာတော်ကြီး ဘာသာပြန်ဆိုခဲ့တဲ့ ကျမ်းတချို့ဟာ ‘ရွှေတောင်သာဂသူ’အိန္ဒိယက သယ်ဆောင်လာတဲ့ကျမ်းတွေ ဖြစ်တယ်။

    ‘ရွှေတောင်သာဂသူ’ဘွဲ့ခံ ဆရာကြီးဦးနုဟာ အသက်(၆၈)နှစ်အရွယ် ၁၈၂၂-ခုနှစ်မှာ အမရပူရမြို့မှာ ကွယ်လွန်ခဲ့ပါတယ်။ စာဆိုတော်ဦးနုဟာ ၃၅-ခန်းလို့ခေါ်တဲ့ သာသာရေးဆိုင်ရာ ‘ရှရာကျမ်း’အပါအ၀င် ကျမ်းပေါင်း (၆၀)ကျော် ရေးသားပြုစုခဲ့တဲ့ စာဆိုတော်ကြီးတစ်ဦဖြစ်ပါတယ်။ အဲဒီ (၃၅)ခန်း မူရင်းကျမ်းကြီးကို မကြာမီက ပြုလုပ်ခဲ့တဲ့ လောကနတ်ရှားပါးစာအုပ်ပြပွဲမှာ တွေ့မြင်ခဲ့ရပါသေးတယ်။

     

    ဆရာကြီး၏ ဘင်္ဂလားသွားခရီးစဉ် ခန့်မှန်းမြေပုံ

    စာဆိုဦးနုရဲ့ စာပေလက်ရာတွေထဲမှာ ခရီးစဉ်မှတ်တမ်း လင်္ကာ(၅၅)ပိုဒ်ကလည်း ထင်ရှားလှပါတယ်။ ဆရာကြီး ဒေါက်တာလှတိုးရဲ့ ကျေးဇူးကြောင့် အဲဒီ (၅၅)ပိုဒ်လင်္ကာကို ပုံနှိပ်စာလုံးနဲ့ မြင်တွေ့နိုင်ပြီဖြစ်ပါတယ်။ အဲဒီလင်္ကာရှည်ထဲမှာ အမရပူရကနေ ဘင်္ဂလားအရောက် အကြောင်းအရာတွေကို ရေးဖွဲ့ထားတာမို့ စိတ်ဝင်စားစရာကောင်းတဲ့ ခရီးသွားမှတ်တမ်းကြီးတစ်စောင်ပါပဲ။ ဘင်္ဂလားအသွားလမ်းမှာ လကြတ်တာနဲ့ ကြုံခဲ့ရသေးတယ်။ ‘ဟင်းရာဝ’လို့ အမည်ရတဲ့စခန်းမှာ ညအိပ်ရပ်နားစဉ်အခါဖြစ်ပါတယ်။ လကြတ်စဉ် ကောင်းကင်ဂြိုဟ်အနေအထားကို လင်္ကာထဲမှာ အသေးစိတ်ရေးဖွဲ့ထားတော့ စာဆိုဦးနုဟာ မြန်မာနက္ခတ္တဗေဒင်ကို တတ်ကျွမ်းသူလို့လည်း ဆိုနိုင်ပါတယ်။

    စာဆိုတော်ဦးနုရဲ့ ရှားပါးလက်ရာ ရတုကဗျာအချို့ကိုလည်း ရှေးဟောင်းစာပေအတွဲ(၂၄)မှာ ဖယောင်းလှိမ့် လက်ရေးမူအဖြစ် ဖတ်ရှုရပါတယ်။ အဲဒီအထဲမှာ စာဆိုတော်ဦးနု ကြွေးမြီပြဿနာကြောင့် တိမ်းရှောင်နေရပုံကို ‘မောင်နုတွင်မည်၊ ကျွနုပ်သည်ကား၊ မတည်ရပ်ပါ၊ ကြွေးများစွာကြောင့်၊ အိမ်မှာလျှင်မျှ၊ မနေရတည့်၊ ခေတ္တ ဟိုသည်၊ တိမ်းရှောင်လည်၍’လို့ ဖတ်ရှုရပါတယ်။

    မှတ်တမ်းမှတ်ရာတွေအရ ရမ္မာဝတီမြို့ဝန် ‘ရွှေတောင်သာဂသူ’ကို ကံ့ကော်ရွာသူကြီးနဲ့ မြို့ချောင်းရွာသူကြီးတွေက တိုင်ကြားခဲ့တဲ့အမှုဖြစ်ဟန်ရှိပါတယ်။

    စာဆိုတော်ဦးနုဟာ သရဒွေးကျမ်း၊ အဘိဓါန်ကျမ်းတွေအပြင် ဆေးကျမ်းများစွာကို ဆောင်ယူလာခဲ့သူလည်းဖြစ်လို့ မြန်မာ့ဆေးပညာသမိုင်းမှာလည်း အသိအမှတ်ပြုသင့်လှပါတယ်။ ဒီဆောင်းပါးကို ဆရာမကြီးစောမုံညင်းရဲ့ ဦးနု၏ ဘင်္ဂလားသွားမှတ်တမ်းလင်္ကာဆောင်းပါး(ငွေတာရီ ၁၉၈၈၊ ဇွန်)နဲ့ မောင်မောင်ကြီး(မန်း)ရဲ့ စာဆိုတော်သခင်ကြီး ဦးနု (အစ္စလာမ်သုတ ၁၉၈၈၊ မေ)တို့ကို အခြေပြုရေးသားထားပါတယ်။

     

    (နံနက်ခင်းသတင်းဂျာနယ်၊ အတွဲ-၃၊ အမှတ်-၃၅၊ သြဂုတ် ၂၀၀၈၊ စာမျက်နှာ-၂၃ မှ ကူးယူဖော်ပြပါသည်။)

     

    Posted By-ဝိုင်း

    * * မူရင်းဂျာနယ်ထဲကအတိုင်း စာလုံးပေါင်းသတ်ပုံများကို မပြင်ပဲ ပြန်ကူးထားပါတယ်။ * *

  • နိုင်ငံဂုဏ်ဆောင် မြန်မာ့ရိုးရာခြင်း ပညာရှင် ပီကင်းပြန် ဦးဘသိန်း

    နိုင်ငံဂုဏ်ဆောင် မြန်မာ့ရိုးရာခြင်း ပညာရှင် ပီကင်းပြန် ဦးဘသိန်း

    ၁၃၄၄-ခု၊ (၄၄)ကြိမ်မြောက် ၀ါဆိုခြင်းပွဲ၊ မန္တလေးမဟာမြတ်မုနိဘုရားကြီး၊ အရှေ့ ၄၅-တာကွင်း၌ ဒုတိယ၀ါဆိုလပြည့်နေ့ညနေ (၃း၂၀)နာရီအချိန်တွင် “ပသီ”ခြင်းအဖွဲ့ ခြင်းယိုင် အလှခတ် ကစားနေစဉ်
    (၁-ဦးဘသိန်း(ပီကင်းပြန်)၊ ၂-ဦးခလေး၊ ၃-ဦးအေးမောင်၊ ၄-ကိုစလေမံ၊ ၅-ကိုခင်မောင်၊ ၆-ကိုဗိုလ်ကြီး)
    (25.7.72-ခု)

    ခြင်းဦးဘသိန်းကို မန္တလေးမြို့ ၈၄-လမ်း လက်ဆည်ကန်ရပ်၊ ချင်းတွင်း ကုန်သည်ကြီး ဦးဖိုးသက်၊ ဒေါ်အိတို့မှ ၁၉၁၆-ခု ဇွန်လ ၂၉ ရက် ကြာသပတေးညတွင် မွေးဖွားသည်။ မွေးချင်းများအနက် ဆဋ္ဌမမြောက်ဖြစ်သည်။ သာသနာဘွဲ့မှာ မုဟမ္မဒ်ကာစင် ဖြစ်သည်။
    ငယ်စဉ် ကျောင်းသားဘ၀မှစ၍ ခြင်းခတ်ဝါသနာ ပါသည်။ မန္တလေးမြို့ ဗဟိုအမျိုးသားကျောင်းတွင် ၁၉၃၄-ခု အဋ္ဌမတန်းအထိ ပညာဆည်းပူးခဲ့သည်။ ၁၉၄၂-ခု ဒုတိယကမ္ဘာစစ်တွင် စဥ့်ကိုင်မြို့နယ် ဟင်းငူရွာသို့ မိသားစု စစ်ပြေးသောအခါ ဦးဘသိန်းသည် ခြင်းလုံးများကိုပါ သယ်ယူသွားသည်။ စစ်ပြေးဘ၀နှင့်ပင် ဟင်းငူရွာ ဗုံးအိုးရွာ၊ ဒေါ်နခြံရပ်တို့တွင် ခြင်းခတ် မပြတ်ခဲ့ပေ။

    ဦးဘသိန်းသည် ၁၉၅၂ မှ ၁၉၆၀ ပြည့်နှစ်အထိ မန္တလေးခရိုင် ခြင်းခတ်အသင်း၊ မန္တလေးဝါဆိုခြင်းခတ်အသင်းတို့တွင် အတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၆-ခု ရန်ကုန်မြို့ အိုလံပစ်ပွဲတော်၊ ၁၉၅၆ ခုနှစ်နှင့် ၁၉၅၇ ခုနှစ် ခရိုင်ပေါင်းစုံ တံခွန်စိုကပြိုင်ပွဲ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် ဦးဘသိန်းပါဝင်ကစားသော မန္တလေးခရိုင် ခြင်းအသင်းက ပထမ တံခွန်စိုက်ရခဲ့သည်။

    ၁၉၅၆-ခု ရန်ကုန်အောင်ဆန်းကွင်း၊ ၁၉၅၉-ခု တောင်ကြီး မြို့၊ ၁၉၆၀ ပြည့်နှစ် ရန်ကုန်မြို့၊ ၁၉၆၂-ခု မြင်းခြံမြို့တို့၌ ကျင်းပသည့် ခြင်းလုံးညီလာခံသို့ ဦးဘသိန်းသည် မန္တလေးခရိုင် ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။ ၁၉၆၀ပြည့်နှစ်မှစ၍ မြို့ရွာအသီးသီး၌ ကျင်းပသောခြင်းပွဲများသို့သွားရောက်ပြီး ခြင်းပွဲဒိုင်အဖြစ် ဆောင်ရွက်ပေးသည်။ ၀ိုင်းဖွဲ့အမှတ်ခတ် ပြိုင်ပွဲနှင့် ၀ိုင်းဖွဲ့အလှခတပြိုင်ပွဲနှစ်မျိုးတွင် ပရိသတ်ကြားအောင် မျိုးအော်၍ အမှတ်ပေးမဖြစ်သော အလှခတပြိုင်ပွဲသည် ပရိသတ် မကျေနပ်မှုရှိသည့်အခါ အငြင်းပွားရမြဲဖြစ်သည်။ ထို့ကြောင့် အလှခတ်ပြိုင်ပွဲ ကို ရုပ်သိမ်းပေးရန်အထိ အဖွဲ့ချူပ်က ခရိုင်များသို့ အကြံတောင်းခံခဲ့ရသည်။

    ဦးဘသိန်းက ၁၉၆၀ ပြည့်နှစ် ရန်ကုန်အောင်ဆန်းကွင်းတွင် ကျင်းပသည့် ခြင်းညီလာခံ၌ မန္တလေး၊ ခရိုင်ခြင်းအဖွဲ့ကို အလှခတ်စေပြီး ကိုယ်တိုင်အော်၍ အမှတ်ပေးသည့် မူစနစ်ကိုတင်ပြခဲ့ရာ အဖွဲ့ချူပ်က လက်ခံအတည်ပြုပြီး ယနေ့တိုင် ဦးဘသိန်းတီထွင်သောစနစ်ဖြင့် အမှတ်ပေးလျက်ရှိသည်။ ၁၉၅၉-ခုနှစ် မန်းရာပြည့်ပွဲတော်ကြီးကို ရာပြည့်ကွင်း၌ ၁၀ ညကျင်းပခဲ့ရာ မန္တလေးခရိုင် ချင်းအဖွဲ့မှ အလှခတ်ပွဲများဖြင့် ဖြေဖျော်သည်။

    ခရိုင်အတွင်းရေးမှူး ဦးဘသိန်းသည် မြန်မာနိုင်ငံတွင် ခြင်းခတ်ကွက် ခတ်ဟန်များကို အသံချဲ့စက်ဖြင့် ပထမဦးဆုံး သရုပ်ဖော်စကားပြောပေးခဲ့သူဖြစ်သည်။
    ၁၉၆၀-ပြည့် အောက်တိုဘာလတွင် တရုတ်မြန်မာနယ်နိမိတ် သတ်မှတ်ရေး အောင်ပွဲကျင်းပရာ မြို့တော်ပီကင်းတွင် လူထု တစ်သိန်းကျော်ရှေ့ ဦးဘသိန်းအပါအ၀င် လက်ရွေးစင် ၆-ဦး တို့ ခြင်းယိုင်အလှပြ ကစားခဲ့ကြသည်။ တရုတ်ပြည် ပီကင်း၊ ရှင်ယန်း၊ နန်ကင်း၊ ရှန်ဟဲ၊ဟန်ချို၊ ကွမ်တုံ၊ ကူမင်းမြို့ကြီး များ၌ ၃၈-ရက်ကြာ နေထိုင်ပြီး မြန်မာ့ရိုးရာခြင်းယိုင်အလှ ခတ်ပြခဲ့ကြသည်။

    ခြင်းဦးဘသိန်းသည် အားကစားသာမက အဟောအပြော အရေးအသား၌လည်း အောင်မြင်သည်။ စာပေလောကသို့ ၁၉၅၇-ခုနှစ်ထုတ် လူထုဂျာနယ်မှစ၍ ၀င်ရောက်ခဲ့သည်။ လူထုဂျာနယ်တွင် ခြင်းလုံး၊ မြန်မာ့ ကိုယ်ပိုင်အားကစားဆောင်းပါးများကို ၄-လ ဆက်တိုက် ရေးသားတင်ပြခဲ့သည်။ ဗဟိုစည်သတင်းစာ၌ ဆောင်းပါး ၃-ပုဒ်၊ လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ၌ ဆောင်းပါး ၃-ပုဒ်၊ လူထု၌ ၂-ပုဒ်၊ ဟံသာဝတီ ၌ ၁၀-ပုဒ်၊ မန္တလေး ရွှေသွေး၊ တံခွန်၊ ရှုမ၀၊ ဖြူနီညိုပြာ၊ မန္တလေးဝိဇ္ဇာနှင့် သိပ္ပံမဂ္ဂဇင်း စသည့် မဂ္ဂဇင်း၊ စာစောင်များတွင် ဆောင်ပါး ပေါင်း ၅-ပုဒ် ရေးသားသည်။

    ၁၉၆၄-ခုနှစ်တွင် မြန်မာ့ခြင်းခတ်နည်းတစ်ရာ စာအုပ်ကို ဦဘိုကြီးနှင့် တွဲဖက်ရေးသား ထုတ်ဝေသည်။ ၁၉၇၀-ပြည့်နှစ် မေလ မန္တေ လးဝိဇ္ဇာ နှင့် သိပ္ပံတက္ကသိုလ် ခန်း မ၌ ကျင်း ပသော ကွန်သာသာယာ စာတမ်း ဖတ်တွင် ဦး ဘသိန်းး သည် မြန်မာ့ာ့  ခြင်းးလုံးးသမိုင်း စာတမ်း ကို ဖတ်ကြားခဲ့သည်။ ခြင်းနှင့်ပတ်သက်သော သမိုင်းဝင်ပစ္စည်းများ၊ ဓာတ်ပုံများပါ ပြသခဲ့ သည်။
    သမိုင်းပါမောက္ခကြီး ဒေါက်တာသန်းထွန်းက သဘောကျ၍ နောက်တစ်လအကြာ ဇွန်လတွင် မန္တလေးတက္ကသိုလ် အားကစား၌ ယင်းစာတမ်းဖတ်ပွဲနှင့် ပြပွဲကို ထပ်မံကျင်းပခဲ့သည် ။
    ၁၉၇၇-ခုနှစ် မန္တလေးဟံသာဝတီသတင်းစာတိုက် ဘိုးဝဇီရာ ခန်းမ၌ မြန်မာ့ရိုးရာခြင်းပညာ စာတမ်းဖတ်ခြင်း၊ ခြင်းပညာ စာအုပ်အမျိုးမျိုးနှင့် ဓာတ်ပုံများပြသခြင်း၊ အမျိုးသားအမျိုးသမီး ခြင်းဝိဇ္ဇာများနှင့် လက်တွေ့ခတ်ပြခြင်းတို့ဖြင့် ခြင်းပညာကို ရှင်းလင်းပြသခဲ့သည်။ ၁၉၇၅-ခု အုတ်တန်းရပ် ဂရိတ် ဗုဒ္ဓဘာသာခြင်းလုံး အသင်းကြီး၏ ရွှေရတုသဘင်၊၁၉၇၈-ခု ဘုရားကြီးး ၄၅ တာတွင် ကျင်း ပသော ၀ါဆြိုခင်း ပွဲရွှေရတုသဘင်တို့တွင် ခြင်းသမိုင်းဟောပြောပွဲများနှင့် ပြပွဲများ ကျင်းပပေးခဲ့သည်။ ၁၉၈၁-ခုနှစ်တွင် မြန်မာ့ခြင်းလုံးသမိုင်းစာအုပ်ဖြင့် စာပေဗိမာန် စာမူဆု သုတပဒေသာ (၀ိဇ္ဇာပညာရပ်) ပထမဆုကို ဆွတ်ခူး ရရှိခဲ့ပါသည်။
    မြန်မာ့ခြင်းလုံးသမိုင်းစာအုပ်တွင် ၁။ ခြင်းလုံး၏မူလအစ၊ ၂။ အညောင်းပြေမှ ဖျော်ဖြေမှုသို့၊ ၃။ ဖျော်ဖြေမှုမှ အားကစားသို့။ ၄။စစ်ပြီးခေတ် ခြင်းလုံးလောက၊ ၅။ မြန်မာ့ခြင်းလုံးနှင့် ပြည်ပခရီး၊ ၆။ ခြင်းခတ်ပညာ တိုးတက်လာခြင်း၊ ၇။ ခြင်းခတ်ပညာ ဆုတံဆိပ်နှင့် ဘွဲ့တံဆိပ်များ၊ ၈။ တပ်မတော်နှင့် ကျောင်းပေါင်းစုံ ခြင်းခတပြိုင်ပွဲများ၊၉။ ပြည်သူ့ရဲတပ်ဖွဲ့ ခြင်းခတပြိုင်ပွဲများ၊ ၁၀။ ခြင်းလုံးဒိုင်လူကြီးနှင့် နည်းပြသင်တန်းများ၊ ၁၁။ ပြိုင်ပွဲစည်းမျဉ်းဥပဒေများ၊ ၁၂။ ခြင်းလောက၏ ရှေ့ဆောင်များဟူ၍ အခန်း ၁၂ ခန်းဖြင့် ခြင်းပညာကို သာမကဆက်စပ်ရာရာကို သုတေသနပြု တင်ပြထားသည်။ စာအုပ်ရှေ့ပိုင်းတွင်ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)၏ အမှာ၊ ခြင်းလုံး အဖွဲ့ချူပ် နာယကကြီးဦးအောင်တိုး၏အမှာနှင့် စာရေးသူ၏အမှာတို့ ပါရှိသည်။ နောက်ဆက်တွဲအဖြစ် ခြင်းလုံးဝေါဟာရ ရှင်းလင်းချက်၊ ခြင်းလုံး ရက်စွဲစဉ် သမိုင်းကျမ်းကိုးစာရင်းများပါ ပါရှိသည်။ ပညာရပ်ကို နှံ့စပ်ပိုင်နိုင် ရရုံမျှမက ကျမ်းပြုတင်ပြဟန်လည်း စနစ်တကျ ရှိလှသည်။
    သုတေသီပညာရှင်ကြီး ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)က-‘ခြင်းဦးဘသိန်းသည် သာမန်ခြင်းဝါသနာပါသူမျှ မဟုတ်ဘဲ သုတေသီစိတ် ပြင်းပြသူတစ်ဦး ဖြစ်သည့် အားလျော်စွာမိမိစိတ်ဝင်စားသော ခြင်းလုံးသမိုင်းကို မြန်မာစာပေနှင့် နိုင်ငံခြားမှတ်တမ်းများမှ မွှေနှောက်ရှာဖွေ သုတေသနပြုကာ တင်ပြထားပေသည်။

    ထို့ကြောင့် ခြင်းဦးဘသိန်း၏ သမိုင်းအထောက်အထားများသည် လက်လှမ်းမီသမျှ အလွန်ပင် ပြည့်စုံလှပေသည်။ အမရပူရမြို့တည် နန်းတည် ဘိုးတော်ဘုရား ဗဒုံမင်းလက်ထက် ၁၁၅၃-ခုနှစ် အမိန့်တော်အရ ခြင်းပွဲကို ပီပီပြင်ပြင် မှတ်တမ်းတင်ထားခြင်းကို ဖော်ပြထား ရှိပေသည်။ ဦးဘသိန်း ခြင်းဝါသနာမှာ သူမတူအောင်ဖြစ်ကြောင်းကိုခြင်းလုံးသမိုင်းက သက်သေပြနေပါသည်’ ဟူ၍ နိဒါန်းတွင် ဖော်ထုတ်ချီးကျူးးထားပါသည်။

    ဦးဘသိန်းသည် မြန်မာမှုကို မြတ်နိုးသည့် မြန်မာ မွတ်စလင်ကြီးဖြစ်သည်။ မြန်မာမှုအနုပညာနှင့်ပတ်သက်၍ နိုင်ငံကို အကျိုးပြုခဲ့သည်။
    ထို့ကြောင့် ဆရာကြီး ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)ကပင်- ‘ခြင်းဦးဘသိန်းသည် မန္တလေးသားဖြစ်သည်။ တိုင်းရင်းသား မြန်မာ မွတ်စလင်အမျိုးသားဖြစ်သည်။ သို့တစေ တကယ့် မြန်မာ့စိတ် မြန်မာ့ဟန်နှင့် နေထိုင်သူ ဖြစ်သည်။ မြန်မာစာပေ၊မြန်မာအနုပညာကို လေးစားသည်။ ခြင်းလုံးနှင့်ပတ်သက်သော
    စာဟူသမျှ ရှာကြံသည်။ ဖတ်သည်။’ဟုလည်းကောင်း၊’တစ်ဖန် ၁၉၆၉-ခုနှစ်တွင် ပုံနှိပ်သော ဆဋ္ဌမတန်း၊ မြန်မာဖတ်စာသင်တွင် သရေခေတ္တရာမှ ရသောငွေခြင်းလုံးနှင့် စပ်လျဉ်းပြီး ဘောဘောကြီးစေတီ ဌာပနာမှမဟုတ်ကြောင်း၊ ၁၉၂၆ ခုနှစ် ပြည်ခရိုင်မှော်ဇာမြို့နယ် ခင်ဗကုန်းမှရသောခြင်းလုံးဖြစ်ကြောင်း၊ ၁၅-၃-၇၀ နေ့ထုတ် ဟံသာဝတီသတင်းစာတွင်လည်း ကျောင်းသူကျောင်းသားများအတွက် အမှန်ကို ပြုပြင်ပေးရန် တင်ပြခဲ့လေသည်။ ပညာရေးဌာနသို့လည်း အခါအားလျော်စွာ အကြံပြုသည်သာ’ဟု လည်းကောင်း သုံးသပ်တင်ပြခြင်းဖြစ်သည်။ ဦးဘသိန်းသည် ခြင်းခတ် ပညာရှင်သာမက သုတေသီကြီးလည်း ဖြစ်ကြောင်း ထင်ရှားပါသည်။

    ဦးဘသိန်းသည် ၁၉၈၂-ခုနှစ် အမရပူရ ရတနာဂူခြင်းပွဲ၊ အိမ်တော်ရာခြင်းပွဲတို့တွင် ခြင်းသမိုင်း ဟောပြောပွဲများနှင့် ခင်းကျင်းပြသပွဲများကို ဦးဆောင် ကျင်းပပေးခဲ့သည်။ ခြင်းပညာ မတိမ်ကောစေရန်၊ တည်တံ့ထွန်းကားစေရန် မိမိ၏ခြင်းပညာကို မိမိ၏သမီးလေးအား ဆက်ခံစေသည်။
    ၁၉၇၅-ခုနှစ်တွင် ကျင်းပသည့် ၄၅-ကြိမ်မြောက် ၀ါဆိုခြင်းပွဲမှ အစပြု၍ ခြင်းဦးဘသိန်း၏ သမီး ၁၁-နှစ်အရွယ် ပဉ္စမတန်းကျောင်းသူခင်အေးမူသည် ခြင်းကို ခြေဖျားနှင့်တော့လျက် ကြိမ်ကွင်းကလေးများဖြင့် အလှခတ်ကစားပြခဲ့သည်မှ စတင်ပြီး ခြင်းလုံးလောကသို့ ၀င်ရောက်လာသည်။ နိုင်ငံခြား၌ ခတ်ကစားကြသော ယိုးဒယားခြင်းလုံး၊ စင်္ကာပူနိုင်ငံတွင်ခတ်ကစားသော အပေါက်မပါသည့် ခြင်းလုံး၊ တရုတ်ပြည်နှင့် ကမ္ဗောဒီးယားပြည်တွင် ခတ်ကစားကြသည့် ကြက်တောင် စသည်တို့ကိုလည်း ခတ်ကစားပြသည်။

    ရွှေမန်းသူခင်အေးမူအမည်ကိုခံယူလျက် ခြင်း လုံး ဖိတ်ပွဲများ လက်ခံ၍ ၀ိုင်းဖွဲ့ခတ်ကစားခြင်းနှင့် တစ်ပင်တိုင်ခတ်ပါ ပူးတွဲခတ် ကစားပါသည်။ ၁၉၈၇ ခုနှစ်တွင် မန္တလေးတက္ကသိုလ် လက်ရွေးစင်းခြင်းအဖွဲ့တွင်ပါဝင်၍ ပြိုင်ပွဲများနှင့် အလှခတ်ပွဲများ၌ ခတ်သားတစ်ဦးအဖြစ်ဖြင့် အမျိုးသားများနှင့်အတူ ခတ်ကစားပါသည်။ တိုင်းရင်းသူမွတ်စလင် အမျိုးသမီးများမှ ပထမဦးဆုံး ပေါ်ထွက်သော မြန်မာ့ရိုးရာခြင်းလုံး ကစားမယ်လေး ဖြစ်ပါသည်။

    ပီကင်းပြန် ခြင်းဦးဘသိန်းသည် ၁၉၈၀ ပြည့်နှစ် အကြိမ် (၅၀) မြောက် မန္တလေးမြို့လုံးဆိုင်ရာ မဟာတမန်တော်နေ့ (ရွှေရတုသဘင်) ကျင်းပရေးနှင့် ဟစ်ဂျရီ ၁၄၀၀ ပြည့်၊ ၁၅-ရာစု အကြို ပူးတွဲဆင်ယင် ကျင်းပရေး ဗဟိုကော်မတီပြပွဲဆပ်ကော်မတီ၌ ခင်းကျင်းပြသသော အစ္စလာမ့်အနုပညာ ယဉ်ကျေးမှု လက်ရာပစ္စည်းများ၌ ဓာတ်ပုံမှတ်တမ်းများ၊ စာအုပ်စာပေများပြပွဲတွင် အမှုဆောင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
    စွယ်စုံထူးချွန်သော ပညာရှင်ကြီး ဦးဘသိန်းသည် ၁၉၉၃-ခု ဇွန်လ၁၆-ရက် ဗုဒ္ဓဟူးနေ့ နံနက်တွင် အလ္လာဟ်အရှင်မြတ်အမိန့်တော် ခံယူသည်။ ဇနီးဒေါ်သက်တင်မှာ ခြင်းဦးဘသိန်း မကွယ်လွန်မီက ဆုံးပါးသွားသဖြင့် သားသမီး (၃) ဦး ကျန်ရစ်ခဲ့သည်။


    ပါမောက္ခဒေါက်တာအောင်ဇော်ရေးသားပြုစုသော တိုင်းရင်းမွတ်စလင်မ်စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ-၂ မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။