News @ M-Media

Tag: featured

  • ကျူလီယာ မွတ်စလင်မ် ရန်ပုံငွေ အဖွဲမှ စံပြဆေးရုံသို့ ၃၇ သိန်းကျော်ဖိုး ဆေးပစ္စည်းများ လှူဒါန်း

    ဇူလိုင် ၂၈၊ ၂၀၁၃
    M-Media
    ဆူးထက်

    သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ကျူလီယာ မွတ်စလင်မ်သာသနာ့ ရန်ပုံငွေအဖွဲ့မှ ကျောက်ကပ်ရောဂါဆိုင်ရာ ဆေးဝါးပစ္စည်းများအတွက်လှူဒါန်း

    DSC_0013

    ရန်ကုန် ။ ။ ကျောက်ကပ်ရောဂါများကို ကုသရာတွင် အသုံးပြုသော ကျောက်ကပ်ရောဂါဆိုင်ရာ ဆေးဝါးပစ္စည်းများအတွက် တန်ဖိုးငွေ – ၃၇၃၈၁၀၀ိ/ – ( ကျပ်သုံးဆယ့် ခုနှစ်သိန်း သုံးသောင်း ရှစ်ထောင့် တစ်ရာကျပ်) တန်ဖိုးငွေကို ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဆေးရုံကြီးသို့ ရန်ကုန်မြို့ ကျိုလီယာ မွတ်စလင်မ် သာသနာ့ ရန်ပုံငွေ အဖွဲ့မှ ဇူလိုင်လ ၂၅-ရက်၊ နေ့လယ် (၂)နာရီက ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

    အဆိုပါ အခမ်းအနားသို့ ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်ထွန်း၊ လက်ထောက် ဆေးရုံအုပ် ဒေါက်တာ ဒေါ်လှမြင့်နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ သာသနာ့ ရန်ပုံငွေ အဖွဲ့မှ ဥက္ကဌ ဦးလှရွှေ(JVC)၊ တွဲဖက် အတွင်းရေးမှူး (၁) ဦးမာမက်ဂျလားလ်၊ တွဲဖက် အတွင်းရေးမှူး (၂) ဦးလှဌေး၊ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးခင်မောင်၊ အဖွဲ့ဝင် ဦးသန်းဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    ၂၀၁၃-ခုနှစ် ဇူလိုင် (၁၆)ရက်နေ့ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ ကလေးဆေးရုံ၊ သွေးရောဂါနှင့် ကင်ဆာရောဂါ ကုသဆောင်သို့ အဆိုပါ အဖွဲ့မှ ကင်ဆာနှင့် ပတ်သက်သော ဆေးပစ္စည်း ၁၀မျိုး တန်ဖိုးငွေ ကျပ်(၁၅၁၁၅၀၀၀)အား ပေးအပ်လှူဒါန်းခဲ့ကြောင်း ဇူလိုင် ၂၅-ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြပါရှိကြောင်း သိရသည်။

    အဆိုပါ ကျိုလီယာ မွတ်စလင်မ် သာသနာ့ ရန်ပုံငွေ အဖွဲ့သည် အမှတ် (၁၆၁)၊ မောင်ထော်လေးလမ်း၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့တွင် တည်ရှိပြီး သက်ကြီးရွယ်အို များအား ထောက်ပံ့ကူညီခြင်း၊ လူမျိုးဘာသာမရွေး ကျောင်းသား (၂၀၀)ကျော်အား ပညာသင် ထောက်ပံ့ကြေးပေးခြင်း၊ လူမျိုးဘာသာမရွေး စက်ချုပ်သင်တန်း၊ ကွန်ပျူတာ သင်တန်းများ ပြုလုပ်သင်ကြားပေးခြင်း၊ ဆင်းရဲနွမ်းပါး သူများ၏ ကျန်းမာရေးကြောင့် ဆေးရုံ တက်သည့် အခါတွင် ဆေးရုံစရိတ် မတတ်နိုင်သူများအား ဆေးရုံတက်သည်မှ ပြန်ဆင်းသည့် အချိန်ထိ ကုန်ကျစရိတ် ထောက်ပံ့ကူညီပေးခြင်း များကို နှစ်စဉ် နှစ်တိုင်း တစ်နှစ်ပတ်လုံး ပုံမှန် လည်ပတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

  • သစ္စာကွန်ရက် ဒုတိယအကြိမ် စုပေါင်းဝါဖြေပွဲနှင့် မိတ်ဆုံအခမ်းအနား ကျင်းပ

    ဇူလိုင် ၂၇၊ ၂၀၁၃
    M-Media
    အမ်တူးအေ

    2
    ရန်ကုန် ။ ။ သစ္စာကွန်ရက် လူမှုအကျိုးပြုလုပ်ငန်း၏ ဒုတိယအကြိမ် စုပေါင်းဝါဖြေပွဲနှင့် မိတ်ဆုံအခမ်းအနားကို မြောက်ဥက္ကလာပမြို့နယ်၊ ရွှေအိမ်တော်ခန်းမ၌ ယနေ့ ညနေ ၅-နာရီမှ ၇း၁၅-နာရီထိ ကျင်းပပြုလုပ်ခဲ့သည်။

    သစ္စာကွန်ရက် စုပေါင်းဝါဖြေပွဲသို့ ဘာသာပေါင်းစုံမှ လူမှုရေးအဖွဲ့များ၊ NLD အဖွဲ့ဝင်များ၊ လူမှုကွန်ရက် များမှ ညီနောင်များ စုစုပေါင်း ၁၅၀-ခန့် တက်ရောက်ခဲ့ကြသည်။

    အဆိုပါ အခမ်းအနားတွင် သစ္စာကွန်ရက်၏ တာဝန်ခံတစ်ဦးဖြစ်သူ ကိုမင်းသူမှ သစ္စာကွန်ရက်၏ လုပ်ငန်းစဉ်များကို မိတ်ဆက်ရှင်းလင်းပြောပြခဲ့သည်။ ယင်းနောက် အစ္စလာမ်သာသနာဝင်တို့၏ ၀ါတွင်းကာလနှင့် ဥပုသ်သီလအကြောင်းကို ဒေါက်တာသန်းမင်းထိုက်(မြန်မာစာ)မှ ရှင်းလင်းတင်ပြခဲ့ပြီး မြောက်ဥက္ကာပမြို့နယ် တို့အမွေ ပရဟိတအဖွဲ့မှကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများမှ သစ္စာကွန်ရက်၏ လုပ်ငန်းစဉ်များ၊ အစ္စလာမ်သာသနာနှင့်ပတ်သက်သည့် အကြောင်းအရာများထဲမှ သိလိုသည်များကို မေးမြန်းကြရာ ဆရာအုမရ်မြင့်နိုင်(ယင်းတော်)မှ ဖြေကြားပေးခဲ့ပြီး ညနေ ၆း၄၅-နာရီတွင် တက်ရောက်လာသူအားလုံး အတူတကွ မိတ်ဆုံစားရင်း ၇း၁၅-နာရီတွင် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်းသိရသည်။

    သစ္စာကွန်ရက်သည် လူမျိုးဘာသာမခွဲခြား လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေကြောင်းလည်းသိရသည်။

    ဓါတ်ပုံများ ဆက်လက်ကြည့်ရှုလိုလျှင် Click Here

    1

  • ကမ္ဘာပေါ်ရှိ သဘာဝကပ်ဘေး အဆိုးရွားဆုံးခံရမည့် နိုင်ငံများတွင် မြန်မာ နံပါတ် ၄ ဖြစ်

    ဇူလိုင်- ၂၇၊၂၀၁၃
    M-Media
    ညီညီတာ (EnvZone)

    640_Climate-Change-Vulnerability-Index_2013

    ကမ္ဘာပေါ်တွင် ကျရောက်နိုင်သည့် အန္တရာယ်များကို လေ့လာသည့် Maplecroft  အဖွဲ့ ၏ ၂၀၁၃ ခုနှစ် လေ့လာတွေ့ ရှိ ချက်အရ မြန်မာနိုင်ငံသည် အဆိုးရွားဆုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးဒုက္ခ ရင်ဆိုင်နိုင်ရသည့် ၁၀ နိုင်ငံအနက် နံပါတ် ၄ အဆင့်တွင်ရှိကြောင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံအခြေအနေမှာ High ထက်ပင်ကျော်လွန်ပြီး Extreme အခြေအနေတွင်ရှိနေသည်။

    အပူချိန်မြင့်တက်လာခြင်းနှင့် ရာသီဥတုပြောင်းလဲလာခြင်းတို့ ကြောင့် အန္တရာယ်များကြုံတွေ့ ရမည်ဖြစ်ကြောင်း ထိုထုတ်ပြန်ချက်ကဆို သည်။

    မြန်မာနိုင်ငံအပါအ၀င် အာရှနိုင်ငံများတွင် စီးပွားရေးတိုးတက်လာသည်ဟု ခန့် မှန်းထားသော်လည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြသနာများ ဆိုးဆိုးရွားရွားဖြစ်နိုင်သဖြင့် ရာသီဥတုပြောင်းလဲလာခြင်းကို လျော့ပေါ့မထားသင့်ကြောင်းလည်း အကြံပြုထားသည်။

    ၂၀၀၉ -၂၀၁၀ အစီရင်ခံစာတွင် မြန်မာနိုင်ငံအား ဖော်ပြထားခြင်းမရှိပဲ ၂၀၁၃ မှ ဖော်ပြထားခြင်းသည် မြန်မာပြည် သူများအတွက် သတိပြုမိစရာတခုဖြစ်ပြီး၊ ဤသတိပေးချက်ကို အစိုးရနှင့် လူထုအခြေပြုအဖွဲ့ အစည်း များအနေ ဖြင့်  အချိန်မနှောင်းခင် ထိထိမိမိ ကိုင်တွယ်ရန်လိုအပ်ပေသည်။ လက်ရှိကာလတွင် မြန်မာအစိုးရအနေဖြင့် သဘာဝပတ်ဝန်းကျင် ကိစ္စများကို အပေါ်ယံသာ ပြောဆိုလျက် ရှိပြီး စီးပွားရေးကိုသာ အာရုံစိုက်နေသဖြင့် ဤမျှ အန္တရာယ်ကြီးသော သဘာဝပတ်ဝန်းကျင်ပြသနာကို လျစ်လျူရှုလျက်ရှိကြောင်း အမည်မဖော်လိုသည့် ၀န်ကြီးဌာန ၀န်ထမ်းတစ်ဦးကဆိုသည်။

    သမ္မတအကြံပေးများအပါအ၀င် နိုင်ငံပြုပြင်ပြောင်းလဲရေးတွင် ပါဝင်လုပ်ကိုင်နေသူများပင်လျှင် ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝပတ်ဝန်းကျင်ကိစ္စများကို နားလည်ခြင်းမရှိကြောင်းနှင့် စိတ်ဝင်စားမှုရှိဟန် မတူကြောင်း၊ ကမ္ဘာ လုံးချည်ပြောင်းလဲလာနေသည့် ရာသီဥတုသည် ကမ္ဘာ့အပူချိန်ကို မြင့်မားလာစေသဖြင့် ပင်လယ်ရေမျက်နှာပြင် မြင့်လာနိုင်ရာ မြန်မာနိုင်ငံကဲ့သို့  ကမ်းရိုးတမ်းလည်း ရှည်လျားသည့် တိုင်းပြည်နှင့် စီးပွားရေးအပေါ် ဆိုးဆိုးရွားရွား ထိခိုက်လာ နိုင်သည်ကိုလည်း အမှန်တကယ် သတိပြုမိဟန်မတူ ကြောင်းဆိုသည်။

     

    30759_CCVI_2013_Poster

    Maplecroft အစီရင်ခံစာကဲ့သို့ ပင် အမေရိကန် အခြေစိုက် Center for Global Development အစီရင်ခံစာတခု တွင်လည်း ရာသီဥ တုပြောင်းလဲမှုကြောင့် လူဦးရေအများဆုံး ထိခိုက်ခံစားရမည့် နိုင်ငံ ၂၀ တွင် မြန်မာနိုင်ငံသည် နံပါတ် ၁၃ နေရာတွင်ရှိကြောင်း ဆိုသည်။

    အာရှဖွံ့ ဖြိုးရေးဘဏ်၏ ၂၀၁၂ ရာသီဥတုပြောင်းလဲခြင်း အစီရင်ခံစာတခုတွင်လည်း ပင်လယ်ရေမျက်နှာပြင် ၅ မီတာထိတက်လာပါက တနိုင်ငံလုံးမှ  လူ ၁၀ မှ ၁၅ ရာခိုင်နှုန်းအထိ အကျိုးသက်ရောက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

    မြန်မာနိုင်ငံသည် နှစ်ပေါင်း ၆၀ ပိတ်ဆို့ ခံထားရသဖြင့် ပြုပြင်စရာပေါင်းများစွာရှိနေရာ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်ပြီး ကာကွယ်ရန်ပြင်ဆင်ထားခြင်း (preventive measures)၊ ကပ်ဘေးများ ကျရောက်ပြီးပါက ကိုင် တွယ်ဖြေရှင်းရေးဆိုင်ရာ (mitigation mechanisms)၊ နှင့် ရာသီဥတုပြောင်းလဲမှုအလိုက် ပြုပြင်ပြောင်းလဲနေထိုင်ခြင်း (adaptation) အတွက် ဘာမှ မရှိသလောက်ဖြစ် ကြောင်းနှင့် ယခုကဲ့သို့ ဆက်လက်လျစ်လျူရှုနေပါက ရခိုင်၊ တနင်္သာရီနှင့် ဧရာဝတီတိုင်းမှ ပြည်သူများအပါအ၀င် risk zones အတွင်း နေထိုင်လျက်ရှိသော ပြည်သူများ ဒုက္ခရောက်နိုင်ကြောင်း အထက်ပါ ၀န်ထမ်းက M-Media သို့ ပြောကြားခဲ့ပါသည်။

    ကမ္ဘာ့နိုင်ငံအများစုတွင် သဘာဝပတ်ဝန်းကျင်ဒဏ်ကို ခံစားရသူအများစုမှာ ဆင်းရဲသားများဖြစ်ပြီး၊ မြန်မာပြည် တွင်လည်း ထို risk zones များတွင် နေထိုင်သူများမှာ တောင်သူလယ်သမားများ၊ ရေလုပ်သားများနှင့် ဆင်းရဲ သားပြည်သူများဖြစ်ရာ ထိုသူများမှာ သဘာဝဘေး အန္တရာယ်ကို အများဆုံးရင်ဆိုင်နိုင်ရကြောင်း သိရသည်။

  • မိထ္ထီလာမှ မွတ်စလင် ဒုက္ခသည်များ ရမဿွာန်(ဥပုသ်)လ အဆင်ပြေဖို့ အလှူရှင်များ ကူညီလှူဒါန်း

    မိထ္ထီလာမှ မွတ်စလင် ဒုက္ခသည်များ ရမဿွာန်(ဥပုသ်)လ အဆင်ပြေဖို့ အလှူရှင်များ ကူညီလှူဒါန်း

    ဇူလိုင် ၂၆၊ ၂၀၁၃
    M-Media
    KK

    မိတ္ထီလာမြို့ အကြမ်းဖက်ခံရမှုမှ ဒုက္ခသည်စခန်း ၄-ခုရှိ မွတ်စလင်မ်များ ရမ္မဿွာန်(ဥပုသ်)လ အဆင်ပြေစေဖို့ ရန်ကုန်နှင့် မန္တလေးရှိ အလှူရှင်များ စုပေါင်းလှူဒါန်း

    မိတ္ထီလာ ။ ။ လွန်ခဲ့သော မတ်လအတွင်းကဖြစ်ပွားခဲ့သည့် မိတ္ထီလာမြို့ အကြမ်းဖက်ခံရမှုကြောင့် ဒုက္ခသည်စခန်းများ၌ ရောက်ရှိနေထိုင်နေကြရသော မွတ်စလင်မ်ဒုက္ခသည်များ ရမ္မဿွာန်(ဥပုသ်)လတွင် မနက် စယ်ရီ(ဥပုသ်စချိန်)နှင့် ညနေ အာဖ်သာရီ(ဥပုသ်လွှတ်ချိန်)တွင် အဆင်ပြေစေရန်အတွက် ရန်ကုန်နှင့် မန္တလေးရှိ အလှူရှင်များစုပေါင်း၍ ဒုက္ခသည်စခန်းများသို့ လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

    အကြမ်းဖက်ခံရမှုကြောင့် ဒုက္ခသည်များ လက်ရှိနေထိုင်ရာ မိတ္ထီလာမြို့ရှိ ရေအရင်းအမြစ်ကယ်ဆယ်ရေးစခန်း၊ ဗဟိုပို့/ဆက် ကယ်ဆယ်ရေးစခန်း၊ ခရိုင် အားကစားကွင်း ကယ်ဆယ်ရေးစခန်း နှင့် ယင်းတော် အာရဗီတက္ကသိုလ်ရှိ ကယ်ဆယ်ရေးစခန်း၊ စုစုပေါင်း(၄)ခုရှိ မွတ်စလင်မ်များအတွက် ရမ္မဿွာန် တစ်လလုံးစာ မနက် စယ်ရီနှင့် အာဖ်သာရီ အတွက် ရန်ကုန်မြို့ ရောင်နသ်ဗလီအဖွဲ့နှင့် မန္တလေး အစ္စလာမ်ဘာသာရေးအဖွဲ့ တို့မှ လှူဒါန်း ခြင်းဖြစ်ကြောင်းသိရသည်။ ညနေ ၀ါဖြေချိန်တွင် ဟယ်လင်နှင့် အသုတ်၊ မနက် စယ်ရီချိန်တွင် ထမင်း၊ ဟင်းနှင့် လ္ဘက်ရည်တို့ စီစဉ်ပေးကြောင်း၊ မိမိနေအိမ်များသို့ ပြန်လည်ရောက်ရှိသူများကိုမူ ဇကားသ်(ဒါနကြေး)ထိုက်သူများအား ဇကားသ်ငွေပေးလှူခဲ့ကြသည်။

    လှူဒါန်းမှုနဲ့ပတ်သက်၍ “လှူကြတဲ့သူတွေက ကယ်ဆယ်ရေးစခန်းတွေကို တိုက်ရိုက်လှူဒါန်းတာပါ။ ရန်ကုန်-မန္တလေး အဖွဲ့တွေက စခန်းတွေကို တိုက်ရိုက်သွားပြီးလှူတာပါ။ ခရမ်းချဉ်သီးဆိုရင် ၁၀-ရက်စာလောက်ပဲ ၀ယ်လို့ရတဲ့အတွက် စခန်းထဲက လိုအပ်တာကို မိတ္ထီလာမှာပဲ ကျွန်တော်တို့ အိမ်ပြန်ရောက်ပြီးသူတွေက စီစဉ်ပြီး ၀ယ်ပေးတာပါ။ နို့ဆီဗူး ဆိုရင်လည်း ၁၀-ရက်စာလောက် ၀ယ်ပေးထားပါတယ်။ အကယ်၍ လိုအပ်ရင် ကယ်ဆယ်ရေးစခန်းကနေ ကျွန်တော်တို့ကို ဖုန်းဆက်မှာတဲ့အခါ ကျွန်တော်တို့က မန္တလေးကို လှမ်းပြောပေးပါတယ်။ ပြီးရင် မိတ္ထီလာမှာပဲ ၀ယ်ပြီး ကယ်ဆယ်ရေး စခန်းတွေကို ပြန်ပို့ပေးပါတယ်။

    ဟုတ်ကဲ့ အဲလို ၀ယ်ရတာအတွက်က အခက်အခဲမရှိပါဘူး။ လောလောဆယ် မိတ္ထီလာမြို့ထဲမှာတော့ မွတ်စလင်မ်တွေနဲ့ ဘာသာခြားတွေရဲ့ အခြေအနေ ကလည်း အေးအေးဆေးဆေး ပါပဲ။ အခြေအနေကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ တစ်ခုက ဘယ်လိုဖြစ်နေလဲဆိုတော့ တချို့ ရပ်မိရပ်ဖဆိုသူတွေ၊ အုပ်ချုပ်ရေးမှူး တချို့တွေကို ကြောက်ရွံ့နေရတယ်။ ဗလီတွေပြန်ဖွင့်တာ ကလည်း သူတို့က ဖွင့်ဆိုတဲ့ ဗလီကိုပဲ ဖွင့်ခွင့်ရနေတာပါ။ ခရိုင်အုပ်ချုပ်ရေးမှူးတွေကအစ လန့်နေရတယ်။

    မဟုတ်ဘူးခင်ဗျ။ ခရိုင်အုပ်ချုပ်ရေးမှူးကို လန့်ရတာမဟုတ်ဘူး။ အုပ်ချုပ်ရေးမှူးတွေက သူတို့တွေကို လန့်ရတာပါ။ ရပ်ကွက်က လက်မခံဘူး ဘာညာဆိုတာမျိုးပေါ့။ အဲဒါကြောင့် ဗလီတွေအားလုံး ပြန်ဖွင့်ခွင့် မရတာပါ။ အခုက ဗလီ ၃-လုံးတော့ ပြန်ဖွင့်ခွင့်ရပြီ။ ဒါပေမယ့် ဗလီ ၂-လုံးက ကျွန်တော်တို့တွေ သွားလာဖို့ အဆင်မပြေဘူး။ ဒါကြောင့် ဗလီ ၁-လုံးပဲ အဆင်ပြေတယ်။”ဟု မိတ္ထီလာ မြို့ခံက ပြောပြခဲ့ပါတယ်။

    လက်ရှိ မိတ္ထီလာမြို့ရှိ ကလေးများ၏ ပညာရေးအခြေအနေနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းရာ “ကယ်ဆယ်ရေးစခန်းထဲကနေ ကျောင်းတက်နေရတဲ့ ကလေးတွေအတွက် ဖယ်ရီ စီစဉ်ပေးထားတယ်။ ဖယ်ရီအတွက် ကားကတော့ ကျွန်တော်တို့တွေဘက်က စီစဉ်ပေးပြီး ကားအတွက် ဆီကို ခရိုင်အုပ်ချုပ်ရေးမှူးက စီစဉ်ပေးတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးဆီက ကားတစ်စီးကို ဆီ ၄-ဂါလံ ရပါတယ်။ ကားကတော့ မိတ္ထီလာမြို့ပေါ်က မွတ်စလင်မ်ပိုင် light truck ကားလေးတွေပါ။ သူတို့ကားတွေကလည်း အခုက စီးပွားရေးလုပ်စားလို့ မရဘူးလေ။ ဒီအတိုင်း ရပ်ထားနေရတယ်။ အဲဒါနဲ့ သူတို့ကိုပြောပြီး စီစဉ်ပေးလိုက်တာ။ အိမ်တွေကို ပြန်ရောက်သွားတဲ့ ဒုက္ခသည်တွေရဲ့ ကလေးတွေကတော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ် ကျောင်းတက်ရပါတယ်။ ကျွန်တော်တို့တွေက ကယ်ဆယ်ရေးစခန်းထဲက ကလေးတွေအတွက်ပဲ စီစဉ်ပေးထားတာပါ။

    ဟုတ်ကဲ့ မိတ္ထီလာကနေ အခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေတာမှာ သာယာကုန်း ရပ်ကွက်က ၁၁-ယောက်ဖြေတာ ၄-ယောက် အောင်ပါတယ်။ သူတို့လေးတွေ စာမေးပွဲဖြေတဲ့ အချိန်က မိတ္ထီလာမှာ မီးရှို့ခံနေရတဲ့ရက်တွေပါ။ အဲဒီရက်တွေမှာပဲ ကျွန်တော်တို့တွေ မရ ရအောင် ဒီကလေးတွေကို လုံခြုံရေးနဲ့ စာမေးပွဲသွားဖြေနိုင်အောင် စီစဉ်ပေးခဲ့တာပါ။ အဲ့ထဲကမှ ၄-ယောက်အောင်ပါတယ်။ ဂုဏ်ထူးတွေတော့ မပါကြဘူးခင်ဗျ။ တစ်ခြား ရပ်ကွက်တွေမှာလည်း စာမေးပွဲဖြေတဲ့ကလေးတွေ ရှိပါတယ်။ တချို့တော့ အခု အဝေးရောက်နေကြပါတယ်။” လို့ မိတ္ထီလာမြို့ခံမှ M-Media ကို ဖြေကြားခဲ့ပါတယ်။

  • သောက်ရေအိုးအောင် မကျန်ဖျက်ဆီးခံခဲ့ ရပါတယ်။ (မတ်လအတွင်း အကြမ်းဖက်မှုဖြစ်ပွားခဲ့ရာ ဇီးကုန်းမြို့ခံရဲ့ကိုယ်တွေ့)

    ဇွန်လ ၂၄၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်

    062
    ၂၀၁၃ခုနှစ်၊ မတ်လ ၂၆ရက်နေ့က အကြမ်းဖက်ဖျက်ဆီးခံခဲ့ရသော ဇီးကုန်းမှ နေအိမ်တခုမှ အပျက်အဆီးများ

    ဇီးကုန်း ။        ။ ပဲခူးတိုင်း ဒေသကြီး၊ ဇီးကုန်းမြို့နယ်ရှိ အကြမ်းဖက်ခံရသည့် ပြည်သူများထံ  သူတို့ ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်များ၊ လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ပတ်သက်၍ သိလို သမျှကို M-Media မှ ဆက်သွယ် မေးမြန်း ခဲ့ပါသည်။

    ” ၂၀၁၃ခုနှစ်၊ မတ်လ ၂၆ရက်နေ့ ည(၂း၀၀)နာရီချိန်တွင် ကျွန်မတို့ ဇီးကုန်းမြို့မှာ ၀င်ရောက် ဖျက်ဆီးခံရပါတယ်။  အကြမ်းဖက်တဲ့နေ့က ကျွန်မတို့ မိသားစုမှာ ဘယ်ကို ပြေးရမှန်း မသိဖြစ်နေတုန်း ဗုဒ္ဓဘာသာမိသားစု တစ်စုက  ကျွန်မတို့ မိသားစုကို လာခေါ်ပြီး သူတို့အိမ်မှာ ပုန်းခိုင်းထားလို့  ပုန်းနေရပါတယ်။ နောက်နေ့ကြတော့ မယင်းကျေးရွာက အဘဦးတင်အေးက လာခေါ်သွားပါတယ်။ ကျွန်မတို့ကို ဘေးအန္တာရယ်ကင်းကင်းနဲ့ ကောင်းမွန်စွာ ကျွေးမွေး စောင့်ရှောက်ထားခဲ့ပါတယ်။ တည်ငြိမ်သွားလို့ ကျွန်မတို့ မိသားစု အိမ်ကို ပြန်လာတော့ အိမ်အမိုးပဲ ကျန်ပါတော့တယ်။ အိမ်ထဲမှာ သောက်စရာ ရေတောင် မရှိပါဘူး ” ဟုM-Media သို့ပြောသည်။

    ” ၂၆-ရက်နေ့ညဟာ ကျွန်မ ဘ၀ရဲ့ မမျှော်လင့်တဲ့ နေ့တနေ့ ဖြစ်ပါတယ်။ ၂၆-ရက်နေ့ ညမှာ ကျွန်မတို့ ဇီးကုန်းမြို့ကို လူအုပ်ကြီး လာပြီး ကျွန်မတို့ ဗလီကို ဖျက်ဆီးမယ်။ ကျွန်မတို့ မွတ်စ်လင်မ်အိမ်တွေကို ဖျက်ဆီးမယ် ဆိုတဲ့ သတင်း ကြားခဲ့ရပါတယ်။ ကျွန်မ မယုံပါဘူး။ ဒါတွေဟာ မဖြစ်နိုင်ဘူးလို့ သတ်မှတ်ထားတဲ့ အတွက် ကျွန်မ ကြိုတင်ပြင်ဆင်ထားမှု မရှိခဲ့ပါဘူး။ ကျွန်မတို့ဆီကို လာတော့ ဗုဒ္ဓဘာသာ မိတ်ဆွေ မိသားစုအိမ်မှာ လူတွေ သွားနေခဲ့တဲ့ အတွက် လွတ်မြောက်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မအိမ်နဲ့ အိမ်တွင်း ပစ္စည်းများကို ဖျက်ဆီး သွားပါတယ်။ သောက်ရေအိုးတောင် မထားခဲ့ပါဘူး။ ကျွန်မတို့ ပုန်းခိုနေရတဲ့ အိမ်က သူတို့ ကယ်ထားတဲ့ အတွက် အကြမ်းဖက်သူတွေက အန္တရာယ် ပြုလာမှာ ကြောက်လို့ မထားချင်တော့ပါဘူး။ ဒါနဲ့ နောက်တနေ့ ကျေးဇူးတင် စကား အထပ်ထပ်ဆိုပြီး အဲဒီအိမ်ကနေ ကျွန်မတို့ အိမ်ကို ပြန်ရောက်တော့ ဗိုက်ဆာလို့ စားဖို့ မပြောနဲ့ သောက်စရာရေတောင် မရှိပါဘူး။ ကျွန်မတို့ နေ့ခင်းပိုင်းမှာ ဒုတိယအကြိမ် ထပ်မံ ဖျက်ဆီးခြင်း ခံရပါတယ်။

    ကျွန်မနှင့် တကွ မွတ်စ်လင်မ်တွေ ဒုက္ခရောက်နေသာကို ကယ်မယ့်သူ မရှိလို့ ၀မ်းနည်းပြီး ငိုကြွေးနေချိန်မှာ မမျှော်လင့်ဘဲ မယင်းကျေးရွာက အဘဦးတင်အေးက လယ်ကွင်းတွေထဲ၊ ကန်သင်းတွေထဲထိ လိုက်ခေါ်ပြီး သူ့အိမ်မှာ ထားခဲ့ပါတယ်။ အဘဦးတင်အေးက လူပေါင်း ၃၀၀ကျော်လောက်ရှိပါတယ်။ အဲလို လိုက်ခေါ်ပြီးတော့ရော၊ သူနဲ့ သိလို့ အားကိုးတကြီး ရောက်လာတဲ့ မွတ်စ်လင်မ် မိတ်ဆွေ တွေကို ကယ်ပြီး ကျွေးမွေး စောင့်ရှောက်ခဲ့ပါတယ်” ဟုM-Media သို့ပြောသည်။

    ”  ကျွန်တော်တို့နေအိမ်ကို ၂၆-ရက်နေ့ ည ၂း၀၀က တစ်ကြိမ် ဖျက်ဆီးပြီး ၂၇ရက်နေ့က ဒုတိယ အကြိမ် ထပ်ပြီး ဖျက်ဆီးခြင်း ခံရပါတယ်။ ကျွန်တော်တို့ မိသားစု လယ်ကွင်းထဲ ပုန်းရှောင် ထွက်ခွာခဲ့ရပါတယ်။ ကျွန်တော်တို့ မိသားစုကို ၂၈ရက်နေ့ နံနက် (၈)နာရီအချိန်မှာ မယင်းကျေးရွာက အဘဦးတင်အေးက လာကယ်၍ လိုက်သွားခဲ့ပါတယ်။ အခု တည်ငြိမ်သွားတော့ ကိုယ်အိမ်ကိုယ် ပြန်နေပြီး အရင်က လုပ်တဲ့ ဈေးအရောင်းအ၀ယ် ပြန်လုပ်နေပါတယ်။ ဒါပေမယ့် အရောင်းအ၀ယ် မရှိပါ။ အိမ်အတွင်း ပစ္စည်းများ ရစရာမရှိအောင် ဖျက်ဆီးခြင်း ခံရပါတယ်” ဟုM-Media သို့ပြောသည်။

    ”  ကျွန်တော်တို့ ဆီမှာ အရေးအခင်းဖြစ်တာက မတ်လ ၂၆-ရက်နေ့က ဖြစ်ပါတယ်။ ကျွန်တော့မှာ လသားအရွယ် ကလေးလေးနဲ့ အဲဒီနေ့က ဆိုရင် ပြေးရ လွှားရတာ အရမ်း ဒုက္ခရောက်ခဲ့ပါတယ်။ အဲဒီ့ သတင်းကို မယင်းကျေးရွာက အဘဦးတင်အေး ကြားတဲ့အခါမှာ ခေါ်ယူ စောင့်ရှောက်ခဲ့ပါတယ်။ ကျွန်တော်တို့ကို လိုလေသေး မရှိ ခေါ်ယူ စောင့်ရှောက်ပေးခဲ့ပါတယ်။ အဘ ရွာမှာ ၂၈ရက်နေ့ကနေ ၃၁ရက်နေ့ထိ နေခဲ့ရပါတယ်။ အဘဆီရောက်မှ စိတ်အေး ချမ်းသာစွာ နေရတာပါ။ ၃၁ရက်နေ့မှာ အဘ ကားတွေနဲ့ ကျွန်တော်တို့ကို တကယ်အေးချမ်းပြီ ဆိုမှ လွှတ်ပါတယ်၊ အိမ်တိုင်ယာရောက် ကားနဲ့ လိုက်ပို့ပေးခဲ့ပါတယ်။ ကျွန်တော် တို့ဆီကို ပြန်ရောက်တဲ့ အခါမှာ ကျွန်တော်အိမ်ရော၊ ဆိုင်ရော ရိုက်ချိုး ဖျက်ဆီး ထားတာကို တွေ့ရပါတယ်။ ဆိုင်ပစ္စည်းတွေ ဖျက်ဆီးထားတဲ့အတွက် တော်တော်နဲ့ ဆိုင်ပြန်မဖွင့်နိုင်ခဲ့ပါဘူး။ ပြင်ဆင်မှုတွေ လုပ်ပြီးမှ ပြန်ဖွင့်နိုင်ခဲ့တာပါ။ အခု ပြန်ဖွင့်တဲ့ အခါမှာလည်း အရောင်းအ၀ယ်တွေက အရင်လို ပြန်မကောင်းသေးပါဘူး ခင်ဗျား” ဟုM-Media သို့ပြောသည်။

    ”  အခင်းစဖြစ်တဲ့နေ့က သူငယ်ချင်း ဗုဒ္ဓဘာသာ အိမ်က ခေါ်ထားပေးပါတယ်။ နောက်တနေ့ မနက်မှာတော့ စမ်းရွာက ဦးအေးချိုတို့ မိသားစုက ကျွန်မတို့ကို ခေါ်ပြီး ကျွေးမွေး စောင့်ရှောက်ထားပါတယ်။ ပြီးတော့မှ မယင်းကျေးရွာက အဘဦးတင်အေးက အဘဦးတင်အေးတို့အိမ်က ကယ်တင်ထားပါတယ်။ အဘ အိမ်မှာ ၅ရက် ကြာပါတယ်။ အဲဒီမှာ အစားအသောက်ကအစ အားလုံးကို အဘဦးတင်အေး အိမက တာဝန်ယူပါတယ်။ ကျွန်မတို့ ဖြစ်တဲ့နေ့က ကြောက်ကြောက်လန့်လန့် ပုန်းအောင်းပြီး နေရပါတယ်။ ကြောက်တာမှ ဘယ်လို ပြောပြရမှန်း မသိအောင် ကြောက်ခဲ့ပါတယ်။ အိမ်မှာ အတွင်း ပစ္စည်းတွေ အဖျက်ဆီးခံခဲ့ရပါတယ် ” ဟုM-Media သို့ပြောသည်။

    ၂၀၁၃ခုနှစ်၊ မတ်လ ၂၆-ရက်နေ့က ကျွန်တော့် တသက်မှာ ကျွန်တော်တို့ မြို့မှာ မကြုံဖူးသော အဖြစ်အပျက် ကြုံတွေ့ခံစားခဲ့ရပါတယ်။ အစ္စလာမ် ဘာသာဝင်များရဲ့ ဥစ္စာပစ္စည်းများကို ဖျက်ဆီးပစ်ရန် ရည်ရွယ်၍ ၎င်းနေ့ညမှညတွင် ဇီးကုန်းမြို့၌ အကြမ်းဖက် လူစုလူဝေးကြီးက ကျွန်တော့အိမ် အပါအ၀င် မွတ်စ်လင်မ် ညီနောင်တွေရဲ့ နေအိမ်များကို အဖျက်အဆီးခံခဲ့ရပါတယ်။

    လူ၏ အသက်ကို ရန်ရှာမှာ စိုးသဖြင့် ကျွန်တော်တို့ မိသားစုဟာ ရရာ အထုတ်လေးကို စွဲလျှက် ဇီးကုန်းမြို့နဲ့ ၃-မိုင်ကွာဝေးသော မယင်းရွာ အဘဦးတင်အေး (သူကြီးဟောင်း) အိမ်ကို ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။ အခုချိန်ထိ ခြိမ်းခြောက်မှုနှင့် ကြုံ့တွေ့နေ၇သောကြောင့် တောလှည့် ဈေးရောင်းရသော ကျွန်တော်တို့မှာ အရောင်းအ၀ယ်ပျက်၍ စီးပွားရေး အခက်အခဲများနဲ့ ကြုံတွေ့နေရပါတယ် ” ဟုM-Media သို့ပြောသည်။