News @ M-Media

Tag: featured

  • လွှတ်တော်ကို အကြံပြုတဲ့ ဥပဒေမူကြမ်း အကြောင်း ရှေ့နေ ဦးခင်မောင်ချိုနှင့် အင်တာဗျူး

    ဇူလိုင် ၁၅၊ ၂၀၁၃
    M-Media
    တွေ့ဆုံမေးမြန်းသူ – ဆူးထက်

    လွှတ်တော်သို့ အကြံပြုပေးပို့တဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး ဥပဒေမူကြမ်းနှင့် ပတ်သက်ပြီး ရှေ့နေ ဦးခင်မောင်ချိုနှင့် အင်တာဗျူး

    ရန်ကုန် ။      ။         လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ တားဆီးကာကွယ်ရေးနှင့် မတူကွဲပြားသည့် ဘာသာဝင်များအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ဥပဒေမူကြမ်း အကြံပြုတင်ခြင်းကို သူရဦးရွှေမန်း၊ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ နေပြည်တော်သို့ ငြိမ်းချမ်းရေးနှင့် တရားမျှတမှု တည်ဆောက်ရေးကွန်ရက် [Peace and Justice Network (PJN)]မှ ဇွန်လ (၇)ရက် ရက်စွဲဖြင့် ပေးပို့ခဲ့ကြောင်းသိရသည်။

    အဆိုပါ အကြံပြုစာနှင့်ပတ်သက်ပြီး ဦးခင်မောင်ချို(တရားလွှတ်တော်ရှေ့နေ)ကို ဇူလိုင်လ (၆)ရက်နေ့က တွေ့ဆုံမေးမြန်းချက်ကို တင်ဆက်ပေးလိုက်ပါသည်။

    “ပုဒ်မ ၁၆၄ အရ ဘာသာရေးကို နိုင်ငံရေးမှာ အလွဲသုံးစား မလုပ်ရ။ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး၊ ဘာသာတစ်ခုနဲ့ တစ်ခု ပဋိပက္ခ ဖြစ်အောင် ရန်ပွားအောင် ရန်တိုက်တာ မလုပ်ရဘူး။ အဲဒါဆိုရင် ဥပဒေအရ ပြဌာန်းနိုင်တယ်။ ပြစ်ဒဏ်ပေးနိုင်တဲ့ ဥပဒေ ပြဌာန်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။

    ရခိုင်ကိစ္စဖြစ်ပြီးတဲ့နောက် စပြီးတော့ တစ်ဦးချင်း တစ်ယောက်ချင်းရော၊ အဖွဲ့အစည်းတွေရော အားလုံးသည် ၃၆၄ ကို တောင်းဆိုကြတယ်။ ဒါကတရားဥပဒေ စိုးမိုးရေးကို လိုလားတဲ့ သဘောပေါ့။ ဒီလို ဥပဒေတစ်ခု ပြဌာန်းထားလို့ရှိရင် ဒါမျိုးတွေ မဖြစ်နိုင်ဘူးပေါ့။  တားဆီးကာကွယ်တဲ့ ဥပဒေတွေပေါ့။ အဲဒါကြောင့် တောင်းဆိုကြတယ်။

    ၂၀၀၈-ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ-၃၆၄ ပြဌာန်းပေးပါ၊ ၃၆၄ ပြဌာန်းပေးပါလို့ စာတွေ ရေးတယ်။ အစည်းအဝေးတွေမှာလည်း ပြောနေရာ ကနေ ကျွန်တော်တို့ Peace and Justice-building Network (PJN) ငြိမ်းချမ်းမှုနှင့် တရားမျှတမှု တည်ဆောက်ရေး ကွန်ရက် အနေနဲ့ ” လူမျိုးရေး ဘာသာရေး ပဋိပက္ခများ တားဆီးကာကွယ်ရေးနှင့် မတူကွဲပြားသည့် ဘာသာဝင်များအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး ” ဥပဒေမူကြမ်းကို ပြုစုပြီး ၂၀၁၃-ခုနှစ်၊ ဇွန် (၁၇)ရက်နေ့က လွှတ်တော်သို့ အကြံပြု တင်ပြခဲ့ပါတယ်။ ဒါက အကြံပြုချက် အနေနဲ့ ကျွန်တော်တို့ တင်ခဲ့တာ ဖြစ်တယ်။ ဥပဒေ မူကြမ်းဆိုတာဟာ လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေကသာ တင်ရတာ ဖြစ်တယ်။

    လွှတ်တော် ဆိုတာက မီဒီယာတွေမှာ ရေးတာက အစ ဂျာနယ်တွေ၊ သတင်းစာတွေ အကုန်ရေးသားချက်တွေကို ပြည်သူအသံ၊ လွှတ်တော် အသံ အဖြစ် ဂရုစိုက်ပြီး နားထောင်နေတာ ဖြစ်တယ်။ ဒါကို ကျွန်တော်တို့က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေဆီကို ပို့ခဲ့တာ ဖြစ်ပါတယ်။
    ကျွန်တော်တို့ လွှတ်တော်ကို အကြံပြု တင်ပြခဲ့တဲ့မူကြမ်းဟာ  ဥပဒေမူကြမ်းအဖြစ် အဆင်သင့် လုပ်ပြီး ပေးထားပါတယ်။ ဒါကို လိုအပ်တာလောက်ပဲ ပြုပြင်ပြီးတော့ လိုအပ်တဲ့ ဘယ်လို ကိစ္စတွေကို ကျူးလွန်ရင်တော့ဖြင့် ပြစ်ဒဏ်မြောက်တယ် ဆိုတာကို ဖြော်ပထားတဲ့ တားမြစ်ချက်တွေကို အလေးပေးပြီး ဖော်ပြဖို့ လိုပါတယ်။ ဥပဒေကြမ်းကို အကြံပြုတာတာ ဖြစ်ပါတယ်။ နိုင်ငံသားတိုင်းမှာ အကြံပြုနိုင်တယ်။ တင်ပြနိုင်တယ်။ တောင်းဆိုနိုင်တယ် ဒီလို အခွင့်ရေးတွေ ရှိတာကိုး။ အဲဒီ ဥပဒေမူကြမ်းကို သက်ဆိုင်ရာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေဆီကို အမြန်ချောနဲ့ ပို့ခဲ့တာ ဖြစ်ပါတယ်။

    အဲဒီနောက် လွှတ်တော် ကျင်းပတဲ့ အခါမှာ အဲဒီ့ အသုံးအနှုန်းနဲ့ ပတ်သက်ပြီး ဘာသာရေး ပဋိပက္ခများနှင့် ပတ်သက်ပြီးတော့ လောလောဆယ် ဥပဒေပြဌာန်းဖို့ မရှိသေးပါဘူး၊ မလိုသေးပါဘူးလို့ ဒီလို ဖော်ပြထားခဲ့ပါတယ်။ အကြောင်းပြချက်က နှစ်ချက်နဲ့ပါ။ တစ်ချက်က ဥပဒေ နည်းလမ်းနှင့် အညီ ထိန်းသိမ်း အရေးယူခဲ့ကြောင်း၊ အရေးပေါ် အခြေအနေပါ  ကိုင်တွယ်နိုင်တယ်ဆိုတာကို အရေးပေါ် အခြေအနေတွေ ကြေညာတယ်။ ဥပဒေတွေ ရှိတယ်။ ကိုင်တွယ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။  ဒုတိယ အချက်က အဲလို ဥပဒေတစ်ရပ် ထပ်တူ ပြဌါန်းလိုက်မယ် ဆိုရင် ရှိပြီးသား ဥပဒေတွေနဲ့ ရောထွေးသွားမှာ စိုးတဲ့အတွက် ဖြစ်တယ်” ဟု အချက်နှစ်ချက်နဲ့ အကြောင်းပြခဲ့ပါတယ်။

    ပထမ အချက်နဲ့ကြည့်ရင် ဥပဒေနည်းလမ်းနဲ့ အညီ ထိန်းသိမ်းနိုင်သလား ဆိုတော့ တော်တော်များများ နေရာတွေမှာ မထိန်းသိမ်းနိုင်ခဲ့ဘူး။ အထောက်အထားနဲ့ ပိုပြီးတော့ သေချာ သိရတာကတော့ ခေတ္တ ပြည်ထဲရေးမှာ ၀န်ကြီး အဖြစ်ဲ့ လွှတ်တော်မှာ ဆောင်ရွက်နေတဲ့ အချိန်  ၀န်ကြီးဦးဆန်းဆင့်က မီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ မိထ္တီလာ ပဋ္ဋိပက္ခတွင် ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး ထိထိရောက် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိပါဘူးဟု ၀န်ခံထားတာ ရှိပါတယ်။ ဒါက မလုံလောက်လို့ ဒီလို ဖြစ်တာပေါ့။ အုပ်ချုပ်ရေးနဲ့ ရဲတွေနဲ့ ပတ်သက်ပြီးတော့ လုံခြုံရေး ထိရောက်စွာ မဆောင်ရွက်နိုင်ဘူးလို့ ခေါင်းစဉ်နဲ့တွေ့ရတာ ဖြစ်တယ်။ ” ရဲတပ်ဖွဲ့ဝင်များ ကြားမှပင် ၀င်ရောက၍် သတ်ဖြတ်မှုများကို မျက်မြင် တွေ့ခဲ့ရကြောင်း “ဒါက ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်က အဲဒီ့ အချိန်တုန်းက ပြောလိုက်တာ ဖြစ်တယ်။

    ဒီလို ရဲတွေဟာ ကြည့်နေမယ်၊ ဒီလို တားဆီးခြင်း မရှိဘူးဆိုရင် ပြစ်မှုမြောက်ပါတယ်။ ဥပဒေ ပုဒ်မ ၁၁၉ မှာ တားမြစ်ရန် တာဝန်ရှိသော ပြည်သူ့ ၀န်ထမ်းက ပြစ်မှုကျူးလွန်ရန် စီစဉ်ချက်ကို ထိန်ချန်ခြင်း၊ ရဲတွေ၊ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ အဲလို စီစဉ်တာကို သိရဲ့နဲ့ ထိန်ချန်ထားလို့ မရဘူး။ အဲဒီ့ကျူးလွန်လိုက်တဲ့ ပြစ်မှုရဲ့ ထောင်ဒဏ် အမျိုးမျိုးရဲ့ တစ်ဝက်ထိ ပြည်သူ့ဝန်ထမ်းတွေကို အရေးယူလို့ရတယ်။

    ပုဒ်မ ၂၂၁ ဖမ်းဆီးရန် တာဝန်ရှိသော ၀န်ထမ်းသည် မဖမ်းဆီးဘဲ တမင်ပျက်ကွက် ရင် ပြစ်မှုမြောက်ပါတယ်။ အဲဒီ့ ပြစ်မှုက သေဒဏ်ထိုက်တဲ့ ပြစ်မှုမျိုး ကျူးလွန်မယ်ဆိုရင် ပြည်သူ့ဝန်ထမ်းက ထောင်ဒဏ် (၇)နှစ်ထိ ထောင်ဒဏ်ချနိုင်ပါတယ်။ တစ်ခြား ပြစ်မှု အမျိုးအစားလည်း သူ့ အတိုင်းပဲ သတ်မှတ်ချက်တွေ ရှိနေတယ်။ အဲဒီတော့ ပုဒ်မ (၁၁၉)တို့ (၂၂၁)တို့ဆိုတာက ပြည်သူ့ ၀န်ထမ်းတွေဟာ အဲဒီလို ထိန်ချန်ထားလို့၊ တာဝန်ကို ပျက်ကွက်လို့ မရဘူး။

    အခု နိုင်ငံတော်မှာ လူကြီးတွေ ပြောကြတယ်။ ဥပဒေကို လေးစားဖို့၊ တည်ဆဲဥပဒေကို လေးစားဖို့၊ တရားဥပဒေကို လေးစားဖို့ ပြောနေပါတယ်။ အဲဒါတွေက တရားဥပဒေ စိုးမိုးရေးပဲ။ ဒီလို ဥပဒေတွေ ရှိရဲ့သားနဲ့ ဒီဥပဒေက လုံလောက်ပါတယ်ဆိုရင် ဒီလို လုံခြုံရေးနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် မဆောင်ရွက်နိုင်တဲ့ ကိစ္စတွေ ဘယ်ဖြစ်ပါ့မလဲ။အဲဒီ့အတွက် နံပါတ်တစ် အကြောင်းပြချက်က ခိုင်လုံမှု မရှိပါဘူး။

    ဥပဒေ ပုဒ်မ ၃၆၄ နဲ့ ပတ်သက်ပြီး ဒီအချိန်မှာ ဒီလိုအခြေအနေမျိုးမှာ ပိုပြီးတော့ ပြဌာန်းသင့်ပါတယ်။ ဒီဥပဒေရဲ့ အဖွင့်မှာကိုက နိုင်ငံရေး ကိစ္စအလိုငှာ ဘာသာရေးကို အလွဲသုံးစား မလုပ်ရ။ အရပ်သဘောနဲ့ နားလည်လွယ်အောင် ပြောရရင် ဘာသာရေးနဲ့ နိုင်ငံရေး ရောလို့မရဘူး။ ဒါက လွတ်လပ်ရေးရပြီး ခေတ်တစ်လျှောက်လုံးမှာ ဒါတွေက နားလည်လာကြတယ်။ ခုချိန်မှာ ဘာသာရေးကိစ္စနဲ့  ပါတီရေး ကိစ္စတွေ ရောထွေးသွားမှာ စိုးရတယ်။ အဲဒါကို  ဒီဥပဒေမျိုးသာ ပြဌါန်းလိုက်လို့၇ှိရင် ပါတီတွေရော ဘာသာရေးနဲ့ နိုင်ငံရေး ရောထွေးလို့ မရဘူးဆိုတာကို သေသေချာချာ နားလည်သွားမယ်။ ခုလိုချိန်ခါမှာ ဘာသာရေးနဲ့နိုင်ငံရေး ရောထွေးမရဘူးဆိုတာကို ဘယ်သူမှ မပြောကြသေးဘူး။ ဥပဒေ ပုဒ်မ ၃၆၄က ပြဌာန်းနိုင်တယ်လို့ ရေးထားလို့ ပြဌာန်းပေးဖို့ ဒါကို ဥပဒေမူကြမ်း ရေးဆွဲပြီး တင်ခဲ့တာ ဖြစ်တယ်။ ဒါက နိုင်ငံတော်ကိုလည်း ကူညီရာ ရောက်တယ်။ တကယ်လို့သာ ဒီဥပဒေ ထွက်လာရင် နိုင်ငံရေးနဲ့ ဘာသာရေး ရောထွေးတာတွေကို တားဆီးနိုင်တယ်။ ဒါ့အပြင် ဘာသာတစ်ခုနဲ့ တစ်ခု၊ လူမျိုး တစ်မျိုးနဲ့ တစ်မျိုး ပဋိပက္ခ တွေကို တားဆီးနိုင်တယ်။ ဥပဒေဟာ အားကောင်းမောင်းသန် နိုင်ငံတော်မှာ တည်ရှိနေတာ တရားဥပဒေ စိုးမိုးရေး အတွက်ကို နိုင်ငံတော်မှာ လုံလုံလောက်လောက် ရှိနေရမယ်။ အဲဒါကြောင့်မို့ ဥပဒေတွေ ရှိပေမယ့် မလုံလောက်လို့ ပြဿနာတွေ ဖြစ်နေတာပေါ့။

    ဒုတိယ အချက်အနေနဲ့ ဥပဒေတွေ ရောထွေးသွားနိုင်ပါတယ်လို့ ပြောထားတာနဲ့ ပတ်သက်ပြီး ဒီဥပဒေတွေ ထပ်ပြီး ပြဌါန်းလိုက်လို့ ရှိပြီးသာ ဥပဒေတွေနဲ့ ရောထွေးပြီး ရှုပ်ထွေးသွားနိုင်လားဆိုတော့ မရှုတ်ထွေး သွားနိုင်ပါဘူး။ ရှိပြီးသား ဥပဒေကို ယေဘုယျ ဥပဒေလို့ခေါ်ပြီး ဒီလို ထပ်ပြီး ပြဌါန်းလိုက်လို့ရှိရင် စပယ်ရှယ်လော (အထူးဥပဒေ) ဟုခေါ်တယ်။ အထူးဥပဒေနဲ့ ယေဘုယ ဥပဒေ နှစ်ခု တိုက်ဆိုင်လာလို့ရှိရင် အထူးဥပဒေက ယေဘုယျ ဥပဒေကို လွှမ်းမိုးတယ်။ အဲဒီ့ သဘောတရားကို ဥပဒေ နားလည်တဲ့ သူတွေ အကုန်သိတယ်။ ဥပဒေ ပညာရှင်တွေလည်း နားလည်တယ်။ ဒါကြောင့် ဒုတိယ အချက်ဖြစ်တဲ့ ရောထွေးသွားမှာစိုးလို့ ဆိုတဲ့ အကြောင်းပြချက်သည်လည်း ခိုင်လုံခြင်း မရှိပါဘူး” ဟု M-Media သို့ပြောခဲ့သည်။

    img187 img188

  • သံတွဲတွင် အကြမ်းဖက် မီးရှို့ခဲ့သူများ ရုံးထုတ်အမိန့်ချမည့် အပေါ် လူစုလူဝေးဖြင့် စုရုံးနေကြ

    ဇူလိုင် ၁၅၊ ၂၀၁၃
    M-Media
    ထွန်းတောက်

    သံတွဲမြို့ အံတော်တွင် အကြမ်းဖက် မီးရှို့ခဲ့သူများကို ယနေ့ တရားရုံးထုတ်ပြီး အမိန့်ချမည့်အပေါ် လူစုလူဝေးဖြင့် စုရုံးနေကြ

    TanDwe

    သံတွဲ ။           ။            ရခိုင်ပြည်နယ်၊ သံတွဲမြို့ အံတော်မြို့သစ်တွင် လွန်ခဲ့သောရက်ပိုင်းများက ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မီးရှို့မှုတွင် စတင်လုပ်ဆောင်ခဲ့သူများအား တရားစွဲဆိုထားသူများထဲ ၄-ဦးအား ယနေ့ တရားရုံးထုတ်မည်ဖြစ်သဖြင့် တရားရုံးရှေ့တွင် လူအစုအဝေးဖြင့် စုရုံးနေကြသဖြင့် သံတွဲမြို့ခံများ စိုးရိမ်ပူပန်မှုများရှိနေကြောင်း သိရသည်။

    အံတော်တွင် အကြမ်းဖက်မီးရှို့မှုများပြုလုပ်ခဲ့သူများအနက် ၄-ဦးအား တရားရုံးထုတ်ပြီး အမိန့်ချမည်ဆိုသည့်အတွက် တောင်ကုတ်နှင့် ဂျိတ်တောမှ ကား ၄-စီးခန့်စီခန့် ရောက်လာပြီး တရားရုံးရှေ့တွင် စုရုံးနေကြပြီး လူဦးရေ ၁၀၀-၀န်းကျင်ခန့်အထိ ရှိနေကြောင်းသိရသည်။ ပုဒ်မ ၁၄၄ ထုတ်ထားပြီး လူ ၅-ဦးထက် ပို၍ မစုရဟု အမိန့်ထုတ်ထားသော်လည်း ဤကဲ့သို့ လူဦးရေ ၁၀၀ ခန့်ရှိနေပြီး တရုန်းရုန်းဖြစ်နေသည့်အချိန်ထိ လူစုခွဲမှု မရှိသေး၍ မြို့နေလူထုမှ စိုးရိမ်နေကြကြောင်းလည်း သိရသည်။

    လက်တလော အခြေအနေများနှင့်ပတ်သက်၍ “အံတော်မှာဖြစ်တဲ့ မီးရှို့တဲ့ပြဿနာနဲ့ပတ်သက်ပြီးတော့ ဗုဒ္ဓဘာသာထဲက ၄-ယောက်ကို အမိန့်ချမယ်ဆိုပြီး ပြောတယ်။ အဲဒါကြောင့် တောင်ကုတ်က ကား ၄-စီး၊ ဂျိတ်တောက ကား ၄-စီး ရောက်လာပြီး တရားရုံးရှေ့မှာ စုရုံးစုရုံးနဲ့နဲ့ ဖြစ်နေတာ။ ပုဒ်မ ၁၄၄-ထုတ်ထားပြီး ၅-ယောက်ထက် ပိုမစုရဘူးပြောထားပေမယ့် ဒီလောက် တရုန်းရုန်းဖြစ်နေတာကို အခုထိ ဘာမှ မလုပ်ဘူး။

    အခုက အကြမ်းဖက်တဲ့သူတွေကို အမိန့်ချမှာ။ မုဒိမ်းမှုကျူးလွန်တယ်လို့ စွပ်စွဲထားတဲ့ ၂-ယောက်ကလည်း ဆရာဝန်က တရားဝင်ဆေးစာထုတ်ပေးထားတယ် မုဒိမ်းမှု မမြောက်ဘူးဆိုတာကို။ ဒါကြောင့် အဲ့ဒီ ၂-ယောက်ကိုတော့ ရမံပဲ ယူနေရတာ။ အမိန့်မချသေးဘူး။ အဲလိုမျိုး တဘက်ကို ရမံပဲယူနေရတယ်။ တဘက်ကို အမိန့်ချမယ်ဆိုတဲ့အခါ အဲဒီအပေါ် လူစုနေကြတာ။ အဲဒါအတွက် မြို့ခံတွေက စိုးရိမ်နေတယ်။

    အခု အမိန့်ချမှာက ၄-ယောက်ပါ။ နာမည်တွေကိုလည်း ကျွန်တော် သေချာပြန်ပြောပြပါ့မယ်။”လို့ သံတွဲမြို့ခံက M-Media ကို ဆက်သွယ်ပြောပြလာပါတယ်။

  • မာလာလာ၏ ကုလသမဂ္ဂ မိန့်ခွန်းပြောကြားချက် အပြည့်အစုံ

    M-Media
    ဇူလိုင်လ ၁၄ ရက်၊ ၂၀၁၃
    အောင်သန်းလွင် (BCSc) မြန်မာပြန်သည်။

    970405_600072260027647_681066384_aအစွန်းရောက်တာလီဘန်တို့ရဲ့ လက်ချက်နဲ့ ဦးခေါင်းမှာ သေနတ်ဒဏ်ရာ ရရှိခဲ့တဲ့ အမျိုးသမီးအခွင့်အရေးနဲ့ ပညာသင်ကြားခွင့်အတွက် ကြိုးပမ်းသူ မာလာလာဟာ ဇူလိုင် ၁၂ ရက်နေ့က သူမရဲ့ (၁၆) နှစ်မြောက်မွေးနေ့မှာ ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ်မှာ မိန့်ခွန့်ပြောကြား ခဲ့တာဖြစ်ပါတယ်။

    ဂုဏ်သရေရှိ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုး မစ္စတာ ဘန်ကီမွန်း၊ ကမ္ဘာလုံးဆိုင်ရာ ပညာရေး ကုလသမဂ္ဂသံတမန် မစ္စတာ ဂေါ်ဒန် ဘရောင်း၊ လေးစားရပါသော လူကြီးမင်းများနှင့် ချစ်ခင်လေးစားရသော အစ်ကို၊ ညီအစ်မများရှင် … အတ်စလာမ်မိုအလိုင်း ကွမ်း(ဘုရားရှင်ထံ မှ ငြိမ်းအေးခြင်း သက်ရောက်ပါစေ)

    အချိန်အတော်ကြာပြီးတဲ့နောက် ခုလိုထပ်မံ စကားပြောခွင့်ရတာဟာ ကျွန်မအတွက် ဂုဏ်ယူစရာပါပဲ။ ခုလို ဂုဏ်သရေရှိ လူကြီးမင်းများနဲ့ အတူရှိခွင့်ရတာဟာ ကျွန်မအတွက် တကယ့်ကို ဂုဏ်သရေရှိတဲ့ နေ့တစ်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အမျိုးသမီး ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ဘနာဇီ ဘူတိုရဲ့ ခြုံလွှာကို ဝတ်ဆင် ထားပါတယ်။ ကျွန်မရဲ့ စကားကို ဘယ်က စပြောရမှန်း မသိပါဘူး။ လူတွေက ကျွန်မကို ဘာပြောစေချင်လဲဆိုတာလဲ မသိပါဘူး။ ဒါပေမယ့် ပထမဆုံးအနေနဲ့ ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ဘုရားသခင် ရှေ့မှောက်မှာတော့ လူသားအားလုံးဟာ တန်းတူညီမျှမှုရှိပါတယ်။ ကျွန်မအမြန်သက် သာပျောက်ကင်းဖို့နဲ့ ဘဝအသစ်တစ်ခု ပြန်စနိုင်အောင် ကူညီပေးခဲ့တဲ့သူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ များစွာသောလူတွေ ဟာ ကျွန်မ မယုံကြည်နိုင်လောက်အောင်ကို ကျွန်မအတွက် ချစ်ခြင်းမေတ္တာပြသခဲ့ကြပါတယ်။ ကမ္ဘာအနှံ့က ထောင်ပေါင်များစွာသော ကျန်းမာစေကြောင်း ဆန္ဒမွန်တွေနဲ့ လက်ဆောင်တွေ ရရှိခဲ့ပါတယ်။ သူတို့အားလုံးကိုကျေးဇူးတင်ပါတယ်။ အပြစ်ကင်းတဲ့ စကားလုံးတွေနဲ့ ကျွန်မကို အားပေးခဲ့တဲ့ ကလေး ငယ်တွေ ကို ကျေးဇူး တင်ပါတယ်။ ဆုတောင်းဝတ်ပြုမှုတွေနဲ့ ကျွန်မကို အားဖြည့်ပေးခဲ့တဲ့ လူကြီးတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ပါကစ္စ တန် ဆေးရုံက ဝန်ထမ်းတွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေ၊ အင်္ဂလန်နဲ့ အာရပ်စော်ဘွားများပြည်ထောင်စု(UAE) က အစိုးရတွေ၊ ကျွန်မ ကျန်းမာရေးကောင်းပြီး ခွန်အားပြန်ရလာအောင် ကူညီခဲ့တဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။

    1069385_600071950027678_190887564_n

    ကျွန်မဟာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုး ဘန်ကီမွန်းရဲ့ ကမ္ဘာလုံးဆိုင်ရာ ပညာတတ်မြောက်ရေး စဦးကြိုးပမ်းမှုနဲ့ ကမ္ဘာလုံးဆိုင်ရာ ကုလသမဂ္ဂ ပညာရေးသံတမန် ဂေါ်ဒန်ဘရောင်း၊ ကုလသမဂ္ဂဥက္ကဌ ဖြစ်သူ ဗာ့ခ် ဂျရမစ်ခ် တို့ကို အပြည့်အဝထောက်ခံပါတယ်။ ပညာရေးမှာ သူတို့ဆက်လက်ဦးဆောင် မှုအတွက်လည်း ကျေးဇူးတင်ပါတယ်။ သူတို့ဟာ ကျွန်မတို့အားလုံးပါဝင်တဲ့ ဒီပညာရေးအတွက် အမှန်တကယ်ဖြစ်မြောက်လာအောင် လုပ်ဆောင်သွားမှာဖြစ် ပါတယ်။ ချစ်ခင်ရပါသော အစ်ကို အစ်မများရှင် …  ဒီတစ်ခုကို အမှတ်ရပေးပါ။ “မာလာလာနေ့” ဟာ ကျွန်မ တစ်ဦးတည်းအတွက် မဟုတ်ပါဘူး။ ဒီနေ့ဟာ သူတို့ရဲ့အခွင့်အရေးတွေအတွက် သူတို့ရဲ့ အသံကို ထုတ်ဖော်ခဲ့ကြတဲ့ အမျိုးသမီးတိုင်းအတွက်၊ လူငယ် ယောက်ျားလေး၊ မိန်းကလေး တိုင်း အတွက်ပဲဖြစ်ပါတယ်။

    ကမ္ဘာမှာ ရာနဲ့ချီတဲ့ လူသားအရေး လှုပ်ရှားသူတွေ၊ လူမှုရေးဆောင်ရွက်ကြသူတွေရှိကြပါတယ်။ သူတို့ဟာ သူတို့အခွင့်အရေးတစ်ခု တည်း အတွက် ပြောဆို လှုပ်ရှားနေကြတာမဟုတ်ပါဘူး။ သူတို့ဟာ အားလုံးရဲ့ပန်းတိုင်ဖြစ်တဲ့ ငြိမ်းချမ်းမှု၊ ပညာရေးနဲ့ တန်းတူညီမျှမှု  ရှိရေးတို့အတွက် ရုန်းကန်လှုပ်ရှား ကြိုးပမ်းအား ထုတ်နေကြတာဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေဟာ ထောင်ပေါင်းများစွာသော လူတွေကို သတ်ဖြတ်ခဲ့ကြပြီး သန်းနဲ့ချီတဲ့လူတွေကို ဒဏ်ရာအနာ တရဖြစ်စေခဲ့ပါတယ်။ ကျွန်မဟာ သူတို့ထဲက တစ်ယောက်ပါပဲ။ ဒါကြောင့်ဒီနေ့ အဲ့ဒီလိုလူတွေထဲက မိန်းကလေး တစ်ယောက်အနေနဲ့ဒီမှာ ကျွန်မရပ်စ ကားပြောရတာပါပဲ။ ကျွန်မတစ်ဦးတည်းအတွက်ပြောတာလည်း မဟုတ်ပါဘူး။ ထုတ်မပြောတဲ့ သူတွေအတွက် လည်း ကြားနိုင်ရအောင် ကျွန်မပြောရခြင်းဖြစ် ပါတယ်။ သူတို့ရဲ့ရပိုင်ခွင့် အခွင့်အရေးတွေအတွက်၊ ငြိမ်းချမ်းစွာနေခွင့် အခွင့်အရေးအတွက်၊ ဂုဏ်သိက္ခာရှိစွာ ဆက်ဆံခံရရေးအတွက်၊ တန်းတူညီမျှ အခွင့်အရေးအတွက်၊ ပညာသင်ကြားခွင့်ရရေး အခွင့်အရေးအတွက် စတာတွေအတွက် ကြိုးစား အားထုတ်သူတွေအားလုံး ကိုယ်စားပြောရတာဖြစ်ပါတယ်။

    သူငယ်ချင်းတို့ … ၂ဝ၁၂ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှာ တာလီဘန်တွေဟာ ကျွန်မဦးခေါင်းရဲ့ ဘယ်ဘက်ကိုသေနတ်နဲ့ ပစ်ခတ်သွားခဲ့ပါ တယ်။ ကျွန်မရဲ့ သူငယ်ချင်းကိုလည်း ပစ်ခတ်ခဲ့ပါတယ်။ သူတို့ဟာ ကျည်ဆံတွေက ကျွန်မတို့ကို တိတ်ဆိတ်သွားစေခဲ့ မယ်လို့ တွေးထင်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ ထင်သလိုမဟုတ်ခဲ့ပါဘူး။ သူတို့ထင်ခဲ့တဲ့ တိတ်ဆိတ်မှုတွေ အစား ထောင်ပေါင်းများစွာသော အသံတွေပေါ်ထွက်လာခဲ့ပါတယ်။ အကြမ်းဖက်သမားတွေ ဟာ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ကို ပြောင်းလဲအောင်၊ ရပ်တံ့အောင် လုပ်နိုင်မယ်လို့ ထင်မြင်ခဲ့ကြပါတယ်။ ဒါပေမယ့် ကျွန်မဘဝမှာ အားနည်း မှုတွေ၊ ကြောက် ရွံ့မှုတွေ၊ မျှော်လင့်ချက်မဲ့မှုတွေသာသေဆုံးခဲ့ပြီး ကျွန်မကတော့ မပြောင်းမလဲဆက်ရှိနေပါတယ်။ ခွန်အားတွေ၊ စွမ်းအားတွေနဲ့ ရဲစွမ်း သတ္တိတွေသာ မွေးဖွားလာခဲ့ပါတယ်။ ကျွန်မဟာ ဒီမာလာလာပါပဲ။ ကျွန်မရဲ့ ရည်မှန်းချက်တွေလည်း အရင်ကအတိုင်း ပဲ။ ကျွန်မရဲ့ မျှော်လင့် ချက်တွေ လည်း ဒီအတိုင်းပဲ။ ကျွန်မရဲ့ စိတ်ကူးတွေလည်း အရင်အတိုင်း အတူတူပဲ။ ချစ်ခင်ရသော အစ်မ အစ်ကိုတို့ … ကျွန်မက ဘယ်သူကိုမှ ဆန့်ကျင်လိုတဲ့ သဘောမရှိပါဘူး။ ဒီမှာခုလို စကားပြောရတာဟာလည်း တာလီဘန်နဲ့ အခြားအကြမ်းဖက် သမားတွေကို ပုဂ္ဂိုလ်ရေးဆိုင်ရာ လက်စားချေဖို့ဆိုတဲ့ရည်ရွယ် ချက်မျိုးဆိုတာလည်းမရှိပါဘူး။ ကျွန်မဒီမှာ စကားပြောရတာဟာ ကလေးတိုင်းပညာ သင်ကြားခွင့် ရရှိရေး အတွက်ပဲဖြစ်ပါတယ်။ ကျွန်မဟာ တာလီဘန်တွေနဲ့ အခြားအကြမ်းဖက်သမားတွေရဲ့ သားသမီးတွေအတွက် ပညာ သင်ကြား ခွင့်ရရေးကိုလည်း လိုချင်ပါတယ်။ ကျွန်မကို ပစ်ခတ်ခဲ့တဲ့  တာလီဘန်တွေကိုလည်း မမုန်းပါ။

    1005095_600072080027665_351890974_n

    ကျွန်မလက်ထဲသေနတ်ထည့်ပေးပြီး ကျွန်မကို ပစ်ခတ်ခဲ့တဲ့ တာလီဘန်တွေ ရှေ့မှာရပ်နေမယ်ဆိုရင်တောင်မှ ကျွန်မပစ်ခတ်လိမ့်မှာမဟုတ်ပါဘူး။ ဒီကြင်နာ သနားမှုဟာ ကြင်နာသနားတတ်တဲ့ တမန်တော် မုဟမ္မဒ် ၊ ခရစ်တော် ယေရှု နဲ့ မြတ်ဗုဒ္ဓတို့ဆီက ကျွန်မသင်ယူခဲ့တာပါ။ ဒီအမွေအနှစ်ကို မာတင်လူသာ ကင်း၊ နလ်ဆင် မန်ဒဲလား၊ မိုဟမ္မဒ်အလီဂျင်းနားတို့ ထံကလည်း ထပ်ဆင့်အမွေအဖြစ်နဲ့ ကျွန်မရရှိခဲ့ပါတယ်။

    ဒါဟာ ကျွန်မသင်ယူခဲ့ရတဲ့ ဂန္ဓီကြီး၊ ဘာချာခန်း၊ မာသာ ထရီဆာတို့ ရဲ့ အကြမ်းမဖက် အဟိံသ မေတ္တာဝါဒသဘောတရားလည်းလည်းဖြစ်ပါတယ်။ ဒါ့အပြင်ဒါဟာ ကျွန်မအဖေနဲ့ အမေထံက သင်ယူခဲ့ရတဲ့ ခွင့်လွှတ်တတ်မှုလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်မရဲ့ အတွင်းသဏ္ဍန် စိတ်ဝိညာဉ်ကိုက ငြိမ်းအေးဖို့နဲ့ လူတိုင်းကို ချစ်ခင်ဖို့တိုက်တွန်းနေပါတယ်။

    ချစ်ခင်လေးစားရသော အစ်မ၊ အစ်ကိုတို့ ကျွန်မတို့ဟာ အမှောင်ကိုမြင်မှ အလင်းရောင်ရဲ့ အရေးပါအရာရောက်မှုကို သတိရကြတယ်။ ကျွန်မတို့ တိတ် ဆိတ်ကြရတဲ့အခါမှပဲ ကျွန်မတို့ အသံတွေရဲ့ အရေးပါ အရာရောက်မှုကို သိရတယ်။ ဖျက်ဆီးတဲ့ သေနတ်တွေကို မြင်မှပဲ ကလောင်တံနဲ့ စာအုပ်ရဲ့ အရေးပါမှုကို သိကြရတယ်။ ပညာရှိတွေပြောကြတာက ” ကလောင်သွားသည် ဓားသွားထက်ထက်၏” ။ ဒါဟာအမှန်ပါပဲ။ အစွန်းရောက် အကြမ်း ဖက်သမားတွေဟာ စာအုပ်နဲ့ ကလောင်တံတွေကို ကြောက်ကြပါတယ်။ ပညာရေးရဲ့ စွမ်းပကားက သူတို့ကို ကြောက်လန့်တုန်လှုပ်သွားစေတယ်။ သူတို့ ဟာ အမျိုးသမီးတွေကို ကြောက်ကြပါတယ်။ အမျိုးသမီးတွေရဲ့ ထုတ်ဖော်တဲ့အသံစွမ်းအားကို သူတို့ကြောက်ကြတယ်။ ဒါ့ကြောင့်ပဲ ကတ်တားခရိုင် မှာ အပြစ်မဲ့တဲ့ ကျောင်းသား ၁၄ ယောက်လောက်ကို သူတို့သတ်ခဲ့တာပေါ့။ ဒါ့ကြောင့်သူတို့ဟာ အမျိုးသမီးဆရာမတွေကို သတ်ခဲ့ကြတယ်။ ဒါကြောင့်ပဲ သူတို့ဟာ ကျောင်းတွေကို ဖောက်ခွဲ ဖျက်စီးကြတယ်။ အကြောင်းက သူတို့ဟာ အပြောင်းအလဲနဲ့ သာတူညီမျှမှုတွေ ကျွန်မတို့ လူအဖွဲ့အစည်းထဲကို ယူဆောင်လာမှာကို ကြောက်ကြလို့ပဲ။ ကျွန်မတို့ကျောင်းက လူငယ်လေးတစ်ဦးကို ဂျာနယ်လစ် တစ်ယောက်ကမေးတာကို အမှတ်ရမိပါတယ်။ “တာလီဘန်တွေဟာ ဘာလို့ပညာရေးကို ဆန့်ကျင်ရတာလဲ ?” လူငယ်လေးက စာအုပ်ကို ညွှန်ပြပြီး မဆိုင်းမတွဖြေလိုက်တာက “တာလီဘန်တွေဟာ စာအုပ်ထဲမှာ ဘာတွေရေးထားလဲဆိုတာ သူတို့မသိဘူး။”

    တာလီဘန်နဲ့ အကြမ်းဖက်သမားတွေဟာ ကျောင်းသွားတဲ့သူတွေကို အယူ အစွဲကြီးကြီးနဲ့ ဘုရားကပဲ သေနတ်နဲ့ချိန်ရွယ်ထားလိမ့်မယ် လို့လွဲမှားစွာ ထင်နေမြင်နေကြတယ်။ သူတို့ဟာ အစ္စလာမ်သာသနာကို သူတို့ကိုယ်ကျိုး တစ်ခုတည်းအတွက်နဲ့ လွဲမှားစွာအသုံးချနေကြတယ်။ ပါကစ္စတန် ဟာ ငြိမ်းချမ်း မှုကိုချစ်ခင်တဲ့၊ ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်ပါတယ်။ အာဖဂန်က ပထန်လူမျိုးတွေဟာ သူတို့သားသမီးတွေအတွက် ပညာရေးကို လိုလားကြပါတယ်။ ပညာရေးဟာ အဓိကဖြစ်သလို ကလေးတိုင်း ပညာသင်ကြားခွင့်ရရေးဟာ သူတို့ရဲ့ တာဝန်နဲ့ဝတ္တရားပဲဖြစ်ပါ တယ်။ ငြိမ်းချမ်းမှု ကတော့ ပညာရေးအတွက် လိုအပ်မှုတစ်ခုပဲဖြစ်ပါတယ်။ ကမ္ဘာ့နေရာ အနှံ့အပြားမှာ အထူးသဖြင့် ပါကစ္စတန်နဲ့ အာဖဂန် တို့မှာ အကြမ်းဖက်မှုတွေ၊ စစ်ပွဲတွေနဲ့ ပဋိပက္ခတွေကြောင့် ကလေးငယ်တွေဟာ ပညာရေးအတွက် ကျောင်းတွေကို သွားလာခွင့်မရကြပါဘူး။ ကျွန်မတို့ဟာ ဒီစစ်ပွဲတွေကို တကယ်ပဲ စိတ်ကုန်လှပါပြီ။ အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ ကမ္ဘာအနှံ့မှာ အမျိုးမျိုးပဲ ခံစားနေကြရပါတယ်။

    အိန္ဒယမှာဆိုရင် အပြစ်မဲ့တဲ့ ဆင်းရဲတဲ့ ကလေးငယ်တွေဟာ ကလေးလုပ်သားတွေရဲ့ သားကောင်တွေဖြစ်နေပါတယ်။ နိုင်ဂျီးရီးယား မှာ ကျောင်းပေါင်း များစွာ ဖျက်ဆီးခံရတယ်။ အာဖဂန်က လူတွေဟာ အစွန်းရောက်တွေရဲ့ ဆိုးကျိုးသက်ရောက်မှုကို ခံစားနေရတယ်။ အမျိုးသမီးငယ်လေးတွေဟာ အိမ်ဖော်လို အလုပ် မျိုးတွေလုပ်ကိုင်နေရပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အတင်းအဓမ္မ လက်ထပ်ထိမ်းမြားခံကြရတယ်။ ဆင်းရဲမှု၊ အသိဉာဏ်ပညာမဲ့မှု၊ တရားမျှတခြင်းကင်းမဲ့မှု၊ မျက်ကန်းမျိုးချစ်ဝါဒတွေနဲ့၊ လူ့အခြေခံအခွင့်အရေး ချိုးဖောက်မှုတွေဟာ အမျိုးသား၊ အမျိုးသမီး နှစ်ဖက်လုံးမှာ တွေ့ကြုံရတဲ့ အဓိကပြဿနာတွေပဲဖြစ်ပါတယ်။

    ဒီနေ့တော့ ကျွန်မဟာ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေရဲ့ အခွင့်အရေးနဲ့ပတ်သက်ပြီး အထူးအလေးပေးပြောချင်ပါတယ်။ အကြောင်းက သူတို့ဟာ အခွင့်အရေးအချိုးအဖောက် အခံရဆုံးဖြစ်လို့ပါပဲ။ တစ်ချိန်ကတော့ အမျိုးသမီးအရေး လှုပ်ရှား တက်ကြွသူတွေဟာ သူတို့အခွင့်အရေး အတွက် အမျိုးသားတွေကို အကူအညီတောင်းခဲ့ကြပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ကျွန်မတို့ဟာ ကိုယ်တိုင်လုပ်ယူကြတော့မှာပါ။ ဒါပေမယ့် အမျိုးသားတွေကို အမျိုးသမီးအခွင့် အရေးအတွက် မပြောမဆိုဘဲနေကြဖို့ ဆိုလိုတာမဟုတ်ပါဘူး။ အမျိုးသမီးတွေကိုလည်း လွတ်လပ်စွာနဲ့ သူတို့အခွင့်အရေးအတွက် သူတို့ကိုယ်တိုင်လည်း ပါဝင်ကြိုးစားကြဖို့ အလေးပေးချင်တာပါ။ ဒါ့ကြောင့် အစ်မ၊ အစ်ကိုတို့…အခုအချိန်ဟာ ကျွန်မတို့အသံတွေကို မြှင့်တင်ကြရမယ့် အချိန်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကမ္ဘာ့ခေါင်းဆောင်တွေကိုလည်း ငြိမ်းချမ်းပြီး သာယာဝပြောစေမယ့် နည်းဗျူဟာ စည်းစနစ်တွေ ချမှတ်ကြဖို့ တောင်းဆိုချင်ပါတယ်။ ကမ္ဘာ့ခေါင်းဆောင်တွေကို အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ အခွင့်အရေးနဲ့ပတ် သတ်ပြီး ကာကွယ်ပေးကြဖို့ တောင်းဆိုပါတယ်။ အမျိုးသမီးတွေ ရဲ့အခွင့်အရေးနဲ့ ဆန့်ကျင်တဲ့လုပ်ရပ်တွေကို လက်မခံနိုင်ပါဘူး။

    နိုင်ငံတိုင်းမှာရှိတဲ့အစိုးရတွေအနေနဲ့ ကလေးငယ်တိုင်းအတွက် အခမဲ့ မဖြစ်မနေ ပညာရေးကို ဖြည့်ဆည်းပေးကြဖို့တောင်းဆိုပါတယ်။ နိုင်ငံတိုင်းက အစိုးရတွေအနေနဲ့ အကြမ်းဖက်မှုတွေနဲ့ ကြောက်လန့်ဖွယ်ဆူပူမငြိမ်မသက်မှုတွေကို ငြိမ်းအေးအောင် လုပ်ကြဖို့တောင်းဆိုပါတယ်။ ကလေး ငယ်တွေကို ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ အန္တရာယ်ပေးမှုတွေကနေ အကာအကွယ်ပေးကြပါ။ တိုးတက်ပြီးနိုင်ငံတွေအနေနဲ့လည်း အမျိုးသမီး ပညာရေးအခွင့်အရေးအတွက် တိုးတက်ဆဲကမ္ဘာ့ အခြားနေရာတွေအထိ ဖြန့်ကျက် အကူအညီပေးကြဖို့တောင်းဆိုပါတယ်။ အဖွဲ့အစည်းတွေအနေနဲ့ နားလည်သည်းခံကြဖို့၊ လူတန်းစား၊မျိုးနွယ်၊ဘာသာအယူဝါဒ၊ အသားအရောင်၊ လိင်ကွဲပြားမှုတွေနဲ့ဆိုင်တဲ့ အာဃာတ တွေကို ဖယ်ရှားကြဖို့၊ အားလုံးအောင်မြင်တိုးတက်တက်ပြီး လွတ်လပ်တဲ့အခြေအနေကိုဖန်တီးကြဖို့ တောင်းဆိုချင်ပါတယ်။ ကျွန်မတို့အထဲက တစ်ဝက်လောက် က နောက်ကိုပြန်လှည့်နေရင် ကျွန်မတို့အောင်မြင်ကြမှာမဟုတ်ပါဘူး။ ကမ္ဘာအနှံ့က ကျွန်မရဲ့ ညီအစ်မတွေကိုပြောချင်တာက သတ္တိရှိကြပါ၊ မိမိအတွင်းက ခွန်အားကို အားကိုး အသုံးချကြပါ။ ဒါ့အပြင် မိမိတို့ရဲ့ အခွင့်အရေးပြည့်ဝတဲ့ အနာဂတ်အလားအလာကို သတိတရရှိကြပါ။

    ချစ်ခင်ရသောအစ်ကို အစ်မတို … ကျွန်မတို့ဟာ ကလေးငယ်တိုင်းရဲ့ အနာဂတ်ထွန်းလင်းတောက်ပဖို့ ကျောင်းတွေနဲ့ ပညာရေးကိုအလိုရှိပါတယ်။ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ ငြိမ်းချမ်းတဲ့ ပညာရေး ပန်းတိုင်ကို ဆက်လက်ချီတက်ကြမှာပါ။ ဘယ်သူမှ ကျွန်မတို့ကို ရပ်တံ့နိုင်မှာမဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ အခွင့်အရေးတွေအတွက် ပြောကြားမယ်။ ကျွန်မတို့ရဲ့ အသံတွေနဲ့အတူ ပြောင်းလဲမှုတွေ ဖြစ်လာရမယ်။ ကျွန်မတို့ရဲ့ စကားလုံးတွေရဲ့ ခွန်အားနဲ့ စွမ်းပကားကို ကျွန်မတို့ယုံကြည်မှုရှိပါတယ်။ ကျွန်မတို့စကားလုံးတွေဟာ ကမ္ဘာကြီးကိုပြောင်းလဲနိုင်ပါတယ်။ အကြောင်းက ကျွန်မတို့ အားလုံးဟာ အတူတကွဖြစ်ကြပြီး ပညာရေးအတွက် အားလုံးစုစည်းကြလို့ပါပဲ။ ကျွန်မတို့ရဲ့ ရည်မှန်းချက်အောင်မြင်ဖို့အတွက် အသိဉာဏ် ပညာ ဗဟုသုတလက်နက်နဲ့ ကျွန်မတို့ကိုယ်ကို စွမ်းအားမြှင့်တင်ရပါမယ်။ အဲ့ဒီနောက် အတူတကွစုစည်းမှုနဲ့ ကျွန်မတို့ကိုယ်ကို ဒိုင်းသဖွယ်အကာအကွယ်ရှိနေရပါမယ်။

    ချစ်ခင်ရသော အစ်ကို အစ်မတို့ … သန်းပေါင်းများစွာသောလူတွေဟာ ဆင်းရဲမှု၊ တရားမျှတခြင်းကင်းမဲ့မှု နဲ့ မသိနားမလည်မှုတွေရဲ့ ဆိုးကျိုးတွေခံ စားနေရတယ်ဆိုတာ မေ့မထားကြပါနဲ့။ သန်းနဲ့ချီတဲ့ ကလေးငယ်တွေဟာ သူတို့နေရမယ့် ကျောင်းတွေရဲ့ပြင်ပကို ရောက်နေကြ ရတယ်ဆိုတာ မမေ့ပါနဲ့။ ကျွန်မတို့ အစ်ကိုတွေ အစ်မတွေဟာ ထွန်းလင်းငြိမ်းချမ်းတဲ့ အနာဂတ်တစ်ခုကို စောင့်မျှော်နေကြတယ်ဆိုတာ မမေ့ပါနဲ့။

    ဒါ့ကြောင့် စာမတတ်မှုပပျောက်ရေး၊ ဆင်းရဲ့မှုပပျောက်ရေးနဲ့၊ အကြမ်းဖက်ဝါဒတွေပပျောက်ရေးစတဲ့ ခန်းနားထယ်ဝါတဲ့ ကြိုးပမ်းအား ထုတ်မှုကိုပြုလုပ်ကြပါစို့။ အစွမ်းထက် လက်နက်ဖြစ်တဲ့ စာအုပ်နဲ့ ကလောင်တံတွေကို ကောက်ယူကြမယ်။ ကလေးတစ်ယောက်၊ ဆရာတစ်ယောက် စာအုပ်တစ်အုပ်နဲ့ ကလောင်တံတစ်ချောင်းက ကမ္ဘာကိုပြောင်းလဲနိုင်တယ်။ ပညာရေးက တစ်ခုတည်းသော အဖြေဖြစ်တယ်။ ပညာရေးသည်သာ ပထမ။ ကျေးဇူးတင်ပါတယ်။

     

  • မိထ္ထိလာမှ နောက်ထပ် မွတ်စ်လင်မ် ၄ ဦးအား လူသတ်မှုဖြင့် ထောင်ဒဏ်ချမှတ်ခံရ

    ဇူလိုင်-၁၀၊ ၂၀၁၃
    M-Media

    ရန်ကုန်။    ။ ဗုဒ္ဓဟူးနေ့က တာဝန်ရှိသူများ၏ ပြောပြချက်အရ မြန်မာပြည်အလယ်ပိုင်း၌ မတ်လတွင်ဖြစ်ပေါ်ခဲ့သော လူအမြောက်အများကို သေစေခဲ့သည့် ဘာသာရေး အကြမ်းဖက်မှုနှင့်စပ်လျဉ်း၍  မွတ်စ်လင်မ် အမျိုးသား ၄ ဦးအား လူသတ်မှုဖြင့် ထောင်ဒဏ်ချမှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

    581575_4783239220459_1132596180_n

    မိတ္ထီလာမြို့တွင်း ဖြစ်ပေါ်ခဲ့သည့် အဓိကရုဏ်း၌ ပါဝင်ပတ်သက်မှုအတွက် စွဲချက်တင်ခံရသူများအား ထောင်ဒဏ် ၇ နှစ်မှ တစ်သက်တစ်ကျွန်းအထိ အသီးသီး ချမှတ်လိုက်သည်ဟု ဆိုသည်။ ထိုအဓိကရုဏ်းသည် မွတ်စ်လင်မ်များကို အဓိကပစ်မှတ်ထားခဲ့ပြီး၊ ၄င်းမှတဆင့် ဗုဒ္ဓဘာသာဝင်များကြီးစိုးသော နိုင်ငံရှိ ဒေသအနှံ့အပြားတွင်လည်း ပြန့်ပွားသွားခဲ့သည်။

    “ လူ ၄ ဦးကို လူသတ်မှုနဲ့ အင်္ဂါနေ့က ပြစ်ဒဏ်ချမှတ်လိုက်ပြီ ဖြစ်တယ် ” ဟု မိတ္ထီလာခရိုင် ဥက္ကဌ ဦးတင်မောင်စိုးမှ AFP သို့ ပြောကြားခဲ့သည်။

    ထိုသူတို့အားလုံးမှာ မွတ်စ်လင်မ်များဖြစ်ကြောင်း သူက အတည်ပြုခဲ့သော်လည်း၊ သူတို့၏ ဘာသာရေး နောက်ခံအကြောင်းအရာများကိုတော့ ပြောပြရန် ငြင်းဆိုခဲ့သည် ဟုသိရသည်။ ထိုသူ ၄ ဦးသည် ပဋိပက္ခအတွင်း ကျောင်းသားတစ်ဦးအား သတ်ဖြတ်ခဲ့ကြောင်း တွေ့ရပြီး၊ တရားခံများအနက် ၃ ဦးသည် ဒေသခံတစ်ဦးအား ထပ်မံ၍ သတ်ခဲ့သည်ဟု တရားရုံးမှ ဆုံးဖြတ်ခဲ့သည်။

    ဗုဒ္ဓဘာသာဝင်အကြမ်းဖက်သူများသည် ရပ်ကွက်များကို မီးလောင်တိုက်သွင်းခဲ့ခြင်း၊ ဆိုင်များ နှင့် ဗလီကျောင်းတော်များအား ဖျက်ဆီးခဲ့ခြင်းကြောင့် ထောင်ဂဏန်းရှိ ဒေသခံ မွတ်စ်လင်မ်တို့မှာ အိုးပစ်အိမ်ပစ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

    မကြာသေးမီက ဗုဒ္ဓဘာသာဝင် ၂ ဦးအား လူသတ်မှုဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့သည်။ သူတို့သည် ဗုဒ္ဓဘာသာဝင်များအနက် ကြီးလေးသောပြစ်ဒဏ်ဖြင့် ပထမဆုံး စီရင်ချက်ချခံရသူများဖြစ်ပြီး၊ ၄င်းအဓိကရုဏ်းက အနည်းဆုံး လူ ၄၄ ယောက်ကို အသက်ဆုံးရှုံးစေခဲ့သည်။

    ရဲများသည် သတ်ဖြတ်မှုများကို ရပ်တန့်စေရန် နှောင့်နှေးခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာအသင်းအဖွဲ့များက  စွပ်စွဲပြောဆိုခဲ့ကြသလို၊ လှုပ်ရှားတက်ကြွသူများကလည်း အာဏာပိုင်များမှ တာဝန်ရှိသူတို့အား အပြည့်အ၀ ထိထိရောက်ရောက် စုံစမ်း၍ အရေးယူဆောင်ရွက်ရန် တိုက်တွန်းထားကြသည်။

    အဓိကရုဏ်းအတွင်း ကြီးလေးသောကျူးလွန်မှုဖြင့် ပါဝင်ပတ်သက်ခြင်းအတွက် လက်ရှိကာလတွင် အနည်းဆုံး မွတ်စ်လင်မ် ၁၄ ယောက်အား ထောင်ဒဏ်ချမှတ်လိုက်ပြီးဖြစ်သည်။

    မေလအတွင်းက ပဋိပက္ခကာလအတွင်း ဘုန်းတော်ကြီးတစ်ဦးအား သတ်ဖြတ်မှု၌ ပါဝင်မှုဖြင့် မွတ်စ်လင်မ် ၇ ဦးအား ထောင်ဒဏ် ၂ နှစ်မှသည် ၂၈ နှစ်အထိ ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့သည်။

    ဗုဒ္ဓဘာသာဝင်ဈေးဝယ်သူနှင့် အချင်းများရာမှ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သော ရွှေဆိုင်ပိုင်ရှင်အပါအ၀င် မွတ်စ်လင်မ် ၃ ဦးအား ဧပြီလက ထောင်ဒဏ် ၁၄ နှစ် ချမှတ်လိုက်သည်။ ယင်းပြဿနာသည် အကြမ်းဖက်မှုကို စတင်ဖြစ်ပေါ်စေသောကြောင့်ဟု ဆိုသည်။

    လူသတ်မှုများတွင် ပါဝင်ပတ်သက်သူ လူ ၄၉ ယောက်အား ရုံးတင်စစ်ဆေးနေဆဲဖြစ်ကြောင်း၊ ပဋိပက္ခ၌ ပါဝင်ပတ်သက်သည့် အခန်းကဏ္ဍအလျောက် စစ်ဆေးစီရင်မည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများမှ မကြာသေးမီက ပြောကြားခဲ့သည်။

    Ref:  AFP/al

    ဓါတ်ပုံအညွန်း- ၂၀၁၃ ခုနှစ် မတ်လ အတွင်း အကြမ်းဖက်မီးရှို့ သတ်ဖြတ်မှုများကြောင့် မင်္ဂလာဇေယုံ အစ္စလာမ်ဘာသာရေးစာသင်ကျောင်းတခုထဲမှာ ဆရာနှင့် ကျောင်းသား ၄၀ ကျော် သတ်ခံရပြီး အလောင်းများအား မီးရှို့ထားသည့် မြင်ကွင်းအချို့

    မင်္ဂလာဇေယုံကျောင်း စုပြုသတ်ဖြတ်ခံရမှု AP ရဲ့ မှတ်တမ်းအပြည့်အစုံ အောက်ပါလင့်ခ်တွင် ဖတ်နိုင်ပါသည်။

    ကျောခိုင်းခံရတဲ့ မြန်မာပြည်က စုပြုံသတ်ဖြတ်မှု (ဘာသာပြန် သတင်းဆောင်းပါး အစအဆုံး)

  • ကျောခိုင်းခံရတဲ့ မြန်မာပြည်က စုပြုံသတ်ဖြတ်မှု (ဘာသာပြန် သတင်းဆောင်းပါး အစအဆုံး)

    ဇူလိုင်-၁၁၊ ၂၀၁၃
    ဘာသာပြန်- မြင့်မိုရ်မောင်မောင်
    မူရင်းဆောင်းပါး- The Japan Times

    miketelar

    ဖုန်တွေသဲတွေဖုံးလွှမ်းနေတဲ့ ဦးခေါင်းခွံ အပိုင်းအစတွေ၊ သွားတွေတွဲလျက်ရှိနေသေးတဲ့ မေးရိုးတစ်စုံရဲ့ အကျိုးအပဲ့တွေ၊ ၀ါးရင်းတုတ်နဲ့ရိုက်နှက်တိုက်ခိုက်ခံရပြီး မြေပေါ်လဲကျခိုက် အရှင်လတ်လတ်ဓာတ်ဆီလောင်းမီးရှို့ခံလိုက်ရတဲ့ ရုပ်အလောင်းတွေ လဲလျောင်းနေကြပါတယ်။

    မြန်မာပြည်အလယ်ပိုင်း၊ မိတ္ထီလာမြို့ပေါ်၊ မတ်လ နံနက်ခင်းမှာ ဘုန်းတော်ကြီးတစ်ပါးသတ်ခံရတယ်ဆိုပြီး ဗုဒ္ဓဘာသာလူအုပ်စုတွေ ဒေါသပေါက်ကွဲသွားကြတယ်။ ကယ်တင်နိုင်ပါလျက်နဲ့ ဓားစားခံဖြစ်သွားသူများကတော့ အစဉ်အလာရှိတဲ့အစ္စလာမ့်ကျောင်းတစ်ကျောင်းက ဆရာနဲ့ကျောင်းသားတွေ ဖြစ်သွားခဲ့တယ်။ သူတို့ဟာ အဲ့ဒီအမှုနဲ့ ဘာမှမသက်ဆိုင်ကြတဲ့ မွတ်စ်လင်မ်တွေပါ။

    သူတို့ရဲ့ရှင်သန်မှုနောက်ဆုံးအချိန်ပိုင်းလေးမှာ ရဲတပ်ဖွဲ့ဝင်တွေကို စေလွှတ်ပြီး ကယ်ဆယ်စေခဲ့တယ်။ သူတို့ဟာ မီးလောင်နေတဲ့ကျောင်းဝင်းအတွင်းမှာ ရှိနေပြီး ဒေါသထွက်နေတဲ့လူအုပ်ကြီးက ၀ိုင်းရံထားတာ ခံနေရတယ်။ ကြောက်ရွံ့တုန်လှုပ်စွာနဲ့ ခေါင်းပေါ်လက်တွေတင်လို့ ထွက်လာကြတဲ့အခါ လမ်းပေါ်မှာအသင့်ရပ်စောင့်နေတဲ့ ထရပ်ကားလေးစင်းပေါ် တက်စေခဲ့တယ်။

    လမ်းတစ်ဝက်မှာတင် အဖြစ်အပျက်တစ်ခု ဖြစ်ပွားသွားတယ်။ မြန်မာနိုင်ငံရဲ့ စစ်အုပ်ချုပ်ရေးခေတ်လွန် ခေါင်းဆောင်များက ဒီမိုကရေစီရောင်နီသစ်ထွန်းလင်းရမယ်လို့ ကတိက၀တ်ပြုလိုက်တဲ့ နှစ်နှစ်ကျော်ကာလအတွင်း အရှေ့တောင်အာရှမှာ အမှောင်မိုက်ဆုံးနေ့ရက်များထဲက တစ်ရက်ပါဘဲ။ ဆယ်ကျော်သက်အများစုပါဝင်နေတဲ့ မွတ်စ်လင်မ် ၃၆ ဦးကို ရဲတွေ၊ ဒေသအာဏာပိုင်တွေရဲ့မျက်စေ့ရှေ့မှာတင် ခုတ်သတ်လှီးဖြတ်ခဲ့ကြတယ်လေ။ တာဝန်ရှိသူများက တားမြစ်ခြင်း အလျဉ်း မရှိခဲ့ကြဘူး။

    ကာကွယ်မှုနဲ့တရားမျှတမှု မခံစားရဘဲ လူနည်းစုဘာသာရေးအုပ်စုဝင်တွေအပေါ် လျစ်လျူရှုခဲ့တဲ့ ဒီအဖြစ်အပျက်က -ပြုပြင်ပြောင်းလဲရေးကတိက၀တ်ဟာ အပေါ်ယံသက်သက်သာဖြစ်ကြောင်း ပြသလိုက်တာပါဘဲ။

    ဗုဒ္ဓဘာသာဝင်တွေ လွှမ်းမိုးကြီးစိုးနေတဲ့ ဒီတိုင်းပြည်က သမ္မတဟာ သေဆုံးသူတွေနဲ့ပတ်သက်ပြီး ၀မ်းနည်းကြောင်းပြောဆိုနှစ်သိမ့်ဖို့ မိတ္ထီလာကို လုံးဝ မလာရောက်ခဲ့ပေဘူး။ ဒီကုန်းစောင်းတွေရဲ့တစ်ဖက်ခြမ်းက ရုပ်အလောင်းပုံတွေနဲ့ပတ်သက်ပြီး အထောက်အထားစုဆောင်းဖို့၊ အခင်းဖြစ်နေရာကို ကြိုးတားထိန်းသိမ်းဖို့ ရဲဌာနက ဆောင်ရွက်ပြုလုပ်ခြင်း မရှိကြပါဘူး။ ကျောင်းသားတွေကို သေတဲ့အထိ ရိုက်နှက်ခုတ်ဖြတ်ပြီး မီးရှို့ခဲ့တဲ့ ဒုစရိုက်သား တွေဟာ တစ်ဦးတစ်ယောက်တည်းက ကျူးလွန်တာမဟုတ်ကြောင်း အွန်လိုင်းပေါ်က ဗီဒီယိုကလစ်ပ် တွေက သက်သေ အဖြစ် ရှိနေကြပါတယ်။

    တရားမျှတမှုကင်းမဲ့ခြင်းဟာ ဗုဒ္ဓဘာသာဝင်တွေအကြား လွတ်လပ်စွာ ဒုစရိုက်ကျူးလွန်ဖို့၊ အကြမ်းဖက်မှု ပိုမို တိုးပွားလာဖို့ လမ်းကြောင်းပေးနေခြင်းသာဖြစ်တယ်ဆိုပြီး နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များက ဆိုပါတယ်။ မြန်မာနိုင်ငံဟာ ပြန်လည်ပြုပြင်ရေးကို အားသွန်ခွန်စိုက်လုပ်မဲ့အစား အုပ်ချုပ်ရေးကဏ္ဍအားလုံးမှာ ဗုဒ္ဓဘာသာဝင်ဗမာလူမျိုးတွေရဲ့အာဏာသြဇာ တည်မြဲရေး၊ လွှမ်းမိုးချုပ်ကိုင်ရေးသာလျှင် အလေးထားနေတယ်ဆိုတဲ့ အရှိတရားကို လှစ်ဟပြသနေခြင်း ဖြစ်တယ်။

    “ မြန်မာနိုင်ငံမှာရှိနေတဲ့ ဥပဒေစည်းမျဉ်းအားလုံးဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့အကျိုးအတွက်သာ ဖြစ်နေကြတယ်။ မွတ်စ်လင်မ်တွေအတွက် တရားမျှတမှုဖြစ်အောင် ဆောင်ရွက်ပေးထားတာမျိုး လုံးဝ မရှိတာကို ကျွန်မတို့သိပါတယ် ” လို့ မသီတာက ပြောပြပါတယ်။ မသီတာရဲ့ခင်ပွန်းက မိတ္ထီလာမှာ အသတ်ခံရသူများအနက် တစ်ဦးဖြစ်ပါတယ်။ အခြားသော ရှင်သန်လွတ်မြောက်လာခဲ့သူများအတိုင်း မိမိရဲ့နာမည်ရင်းကို မဖော်ပြဖို့ သူမက မေတ္တာရပ်ခံထားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သက်ဆိုင်ရာက သိရှိတာနဲ့ ခေါ်ယူနှိပ်စက်ပြစ်ဒဏ်ချမှာကို စိုးကြောက်နေရလို့ပါဘဲ။

    မတ်(၂၁) စုပြုံသတ်ဖြတ်မှုအကြောင်းကို လုံးစေ့ပတ်စေ့ပြောပြနိုင်ဖို့အတွက် ရှင်သန်လွတ်မြောက်လာသူ ၇ ဦး အပါအ၀င် မျက်မြင်သက်သေ ၁၀ ဦးနဲ့ ဆက်သွယ်တွေ့ဆုံခဲ့ပါတယ်။ လုံခြုံရေးဆိုတဲ့အကြောင်းရင်းကြောင့် သူတို့ နေအိမ်ပြင်ပမှာ ဆုံစည်းခဲ့ကြရတယ်။

    မြို့ခံလူတစ်ချို့ရဲ့ရိုက်ကူးတင်ပြထားတဲ့ နေ့ရက်၊ အချိန်မှတ်တမ်းပါ ဗီဒီယိုကလစ်ပ်တွေ၊ လူထုမီဒီယာမှတ်တမ်းတွေ၊ ဒါဇင်နဲ့ချီတဲ့ဓာတ်ပုံတွေ၊ ပြည်တွင်းအာဏာပိုင်များရဲ့ ကွင်းဆင်းစစ်ဆေးချက်နဲ့သတင်းအချက်အလက်တွေကို ဘေးချလို့ အေပီသတင်းဌာနက သူတို့ရဲ့ထွက်ဆိုချက်တွေကို အပြန်ပြန်အလှန်လှန်စိစစ်သုံးသပ်အတည်ပြုခဲ့ပါတယ်။

    စုပြုံသတ်ဖြတ်ကြတဲ့နေ့မတိုင်မှီ တစ်ရက်အလို မင်္ဂလာဇေယုံအစ္စလာမ့်စာသင်ကျောင်းဘော်ဒါဆောင်ကသူတွေဟာ အရုဏ်မတက်ခင် အမှောင်ထုထဲကပျံ့လွင့်လာတဲ့ ၀တ်ပြုရေးဖိတ်ခေါ်သံကို ကြားခဲ့ကြရပါသေးတယ်။

    မတ်လ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။ အိပ်မှုန်စုံမွှားကျောင်းသား ၁၂၀ ဦးက မိမိရဲ့မျက်လုံးတွေကို ပွတ်သပ်ပြီး၊ နှစ်ထပ်ကျောင်းဆောင်ကြီးရဲ့ကြမ်းပြင်မှာ ကန့်လန့်ဖြတ်ခင်းထားတဲ့ ဖျာချပ်တွေပေါ်ကနေ ထလာကြတယ်။

    မိတ္ထီလာမွတ်စ်လင်မ်ရပ်ဝန်းထဲက ရိုးရိုးစင်းစင်းကျောင်းဝင်းနံရံများရဲ့နောက်ကွယ်မှာ ပုံရိပ်တစ်ခု ရှိနေတယ်။

    အဲ့ဒီကျောင်းတက်ရောက်နေတဲ့ ဒေသတစ်ခွင်က ကျောင်းသားလေးတွေဟာ တစ်နေ့ကျယင် အစ္စလာမ့်ပညာရှင် သို့မဟုတ် ဓမ္မကထိက ဖြစ်လာလိမ့်မယ်ဆိုတဲ့ ကလေးမိဘများရဲ့ မျှော်လင့်ချက်ပါဘဲ။

    HimayatulIslamMadrasahComputerroom2
    ကျောင်းသားနှင့် ဆရာ ၄၀ ကျော် အသတ်ခံခဲ့ပြိး မီးရှို့ဖျက်ဆီးခံခဲ့ရသည့် မင်္ဂလာဇေယုံ အစ္စလာမ်ဘာသာရေး စာသင်ကျောင်း ကွန်ပျူတာခန်း ၊အဆိုပါကျောင်းသည် ဘာသာရေးစာ နှင့်ခေတ်ပညာ ရပ်များကို တွဲဖက် သင်ကြားနေသည့် ကျောင်းဖြစ်သည်။ (လွန်ခဲ့သည့် ၃ နှစ်ကျော် ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလတွင် ရိုက်ကူးထားသည့် ဓါတ်ပုံဖြစ်ပါသည်)

    ကျောင်းထဲမှာ ဘောလုံးကစားကွင်းတစ်ခု၊ ဗလီဝတ်ပြုဆောင်တစ်ခု နဲ့ ဆရာ ၁၀ ဦး ရှိတယ်။ လုံခြုံထိန်းသိမ်းမှု နဲ့ စည်းကမ်းကောင်းလှတယ်လို့ ကျော်ကြားတဲ့ ကျောင်း တစ်ကျောင်းဖြစ်တယ်။ စည်းကမ်းကြီးပေမယ့် ကြင်နာတတ်တဲ့ မုတ်ဆိတ်အမျှင်တန်းပိုင်ရှင် ကျောင်းအုပ်ဆရာကြီးက ကလေးတွေကို တစ်ပတ်တစ်ကြိမ်သာ ပြင်ပထွက်ခွင့် ပေးတတ်ပါတယ်။ မိတ္ထီလာမြို့နေ လူပေါင်း တစ်သိန်းထဲက သုံးပုံတစ်ပုံဟာ မွတ်စ်လင်မ်တွေပါ။ ဗုဒ္ဓဘာသာဝင်များနဲ့လည်း ငြိမ်းချမ်းချစ်ခင်စွာ အတူနေထိုင်မှု ရှိခဲ့ကြတယ်။ (မြန်မာပြည်တပြည်လုံးမှာတော့ မွတ်စလင်မ် လူဦးရေဟာ စုစုပေါင်းလူဦးရေရဲ့ ၅% ရှိမယ်လို့ ခန့်မှန်းကြပါတယ်။)

    သို့သော်လည်း ယမန်နှစ်၊ ဇွန်လမှာ တစ်ကြိမ် နဲ့အောက်တိုဘာလမှာတစ်ကြိမ် အနောက်ပိုင်းရခိုင်ပြည်နယ်အတွင်း လူပေါင်း ရာဂဏန်းလောက် သတ်ဖြတ်ခံရပြီး တစ်သိန်းလေးသောင်းကျော် ဌာနီပျောက်အိုးအိမ်မဲ့ဘ၀ရောက်စေခဲ့တဲ့ တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက် မွတ်စ်လင်မ်တွေမှာ စိုးရိမ်မှုဝင်ရောက်လာလို့ သတိထားတဲ့အနေနဲ့ အဲ့ဒီကျောင်း (မဒရဆာ)ကို နှစ်ကြိမ်တိုင်တိုင် ယာယီပိတ်ပေးခဲ့သေးတယ်။

    ရုန်းရင်းဆန်ခတ်မှုရဲ့သားကောင်အဖြစ် ရိုဟင်ဂျာမွတ်စ်လင်မ်တွေကို ရည်ရွယ်ခဲ့ခြင်းဖြစ်တယ်။ သူတို့ဟာ မြန်မာနိုင်ငံမှာ ဘိုးစဉ်ဘောင်ဆက်နေထိုင်လာသူဖြစ်သည့်တိုင်အောင် ဗုဒ္ဓဘာသာဝင်များစွာက သူတို့အပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခိုးဝင်လာသူများရယ်လို့ အမြင်ထားရှိနေကြတယ်။ ဘုန်းတော်ကြီးများဦးဆောင်တဲ့ ၀ါဒဖြန့်လှုပ်ရှားမှုတစ်ရပ်ကြောင့် မွတ်စ်လင်မ်အားလုံးဟာ ဗုဒ္ဓယဉ်ကျေးမှုရဲ့ရန်သူများအဖြစ် အမြင်ရောထွေးလို့ မုန်းတီးစိတ်ဝင်ရောက်လာခဲ့ကြတယ်။

    မတ်လ ၂၀ ရက်နေ့ ကျောင်းစတက်ချိန်မှာတော့ ကျောင်းသားတွေအကြား သတင်းအချို့ကြားသိပြောဆိုနေကြတယ်။ မြို့တစ်ဖက်ခြမ်းက မွတ်စ်လင်မ်ရွှေဆိုင်ပိုင်ရှင်တစ်ဦး နဲ့ ဗုဒ္ဓဘာသာဝင်ရွှေရောင်းသူတို့ အချင်းများရာကနေ ရာဂဏန်းရှိ လူအုပ်ဟာ ဆိုင်ကိုဖျက်ဆီးမီးရှို့တဲ့ အကြောင်းကိစ္စပါ။

    အဲ့ဒီနေ့ နေ့လည်ကျတော့ မွတ်စ်လင်မ်အမျိုးသားတစ်စုက ဆိုင်ကယ်တစ်စီးပေါ်ပါလာတဲ့ ဘုန်းတော်ကြီးတစ်ပါးကို ဆွဲချပြီး မီးရှို့သတ်ဖြတ်လိုက်တယ်လို့ဆိုတယ်။ အဲ့ဒီနောက် ဗုဒ္ဓဘာသာဝင်လူရမ်းကားတွေက အတုန့်အလှည့်အားဖြင့် မွတ်စ်လင်မ်တွေရဲ့ဆိုင်တွေ၊ လုပ်ငန်းတွေကို ဦးတည်ဖျက်ဆီးပါတော့တယ်။ မြို့ပေါ်မှာ ဗလီ ၁၃ လုံးရှိတဲ့အနက် ၁၂ လုံး ဖျက်ဆီးခံလိုက်ရတယ်။

    HimayatulIslamMadrasah2
    ကျောင်းသားနှင့် ဆရာ ၄၀ ကျော် အသတ်ခံခဲ့ရသည့် မင်္ဂလာဇေယုံ အစ္စလာမ်ဘာသာရေး စာသင်ကျောင်း အပြင်ပိုင်း အစိတ်အပိုင်း မြင်ကွင်းတခု (လွန်ခဲ့သည့် ၃ နှစ်ကျော် ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလတွင် ရိုက်ကူးထားသည့် ဓါတ်ပုံဖြစ်ပါသည်)

    မင်္ဂလာဇေယုံမှာ ဆရာတစ်ချို့ စာသင်တာ ရပ်ဆိုင်းပြီး အတန်းအားလုံးကို ဖျက်သိမ်းလိုက်တယ်။
    ကျောင်းသားတွေဟာ ကျောင်းဆောင် ဒုတိယထပ်ဆီကို အပြေးအလွှားသွားရောက်ပြီး ပြူတင်းပေါက်တွေကနေ တုန်လှုပ်စွာ နဲ့ ငေးမောကြည့်ရှုနေကြတယ်။ လေထုထဲမှာ မည်းနက်နေတဲ့ မီးခိုးမှိုင်းလုံးတွေ အလိပ်လိုက် တက်လာနေတဲ့ မြင်ကွင်းကိုပေါ့။

    နှစ်နာရီကြာပြီးတဲ့နောက် ညဥ့်စာစားသောက်ချိန်  စားသောက်ဆောင်ထဲမှာ ဆရာတစ်ဦးရဲ့ငိုရှိုက်သံ ဖုံးလွှမ်းသွားတယ်။
    မီးလောင်ကျွမ်းတဲ့ သူ့မိသားစုအိမ်လေးထဲမှာ သူ့မိဘနှစ်ပါးလုံး ပါသွားခဲ့လို့ပါဘဲ။ ကျောင်းသားတစ်ချို့ဟာ မျိုမကျနိုင်တော့တဲ့ အစားအစာကို တွန်းဖယ်လိုက်ကြကုန်တယ်။

    အပူရှိန်ပြင်းကောင်းကင်ထဲ နေမင်းကြီး မ၀င့်တ၀င် ငုပ်လျှိုးချိန်မှာ ဗုဒ္ဓဘာသာဝင်အစိုးရအရာရှိတစ်ဦးက ကျောင်းဆောင်အ၀င်ဝဆီ ရောက်လာပြီး ကျောင်းအုပ်ကို သူ့အနားခေါ်ယူလိုက်တယ်။

    “ ခင်ဗျားရဲ့ကျောင်းသားတွေကို ဒီကနေ ခေါ်ထုတ်သွားပါ။ သူတို့ကို ဖွက်ထားဖို့လိုပြီ။ လူရမ်းကားတွေ ဒီညဥ့် လာလိမ့်မယ် ” လို့ သတိပေးပြောကြားလိုက်တယ်။

    နေ၀င်ဆည်းဆာဝတ်ပြုချိန်ရောက်တော့ ကျောင်းအုပ်က ကျောင်းသားအားလုံးကို မှာကြားတယ်။ မိမိတို့ရဲ့အဖိုးတန် ပစ္စည်း၊ ငွေကြေး၊ မှတ်ပုံတင်တွေသိမ်းဆည်းပြီး ထွက်ခွာသွားကြဖို့ပါ။ ဒါ့အပြင် မွတ်စ်လင်မ်အဖြစ် သိရှိသတိထားမိစေမယ့် ဗလီဦးထုပ်၊ ၀တ်စုံ နဲ့ အဆောင်အယောင်မှန်သမျှ မဆင်ယင်ကြဖို့ကိုပါ ခိုင်းစေခဲ့တယ်။

    ဘာကြောင့်လဲဆိုတာ ပြောစရာမလိုတော့တဲ့အတွက် ရှင်းပြမနေတော့ဘူး။

    အမှောင်ထုကြီးစိုးလာတဲ့အခါ သူတို့ဟာ တစ်မျှော်သာသာနေရာက ၀က်လန်တောလို့ခေါ်တဲ့ မြက်ပင်ရှည်ဗွက်တောထဲကို အသံမထွက်အောင် တိတ်တဆိတ် သွားရောက်ပုန်းအောင်းခဲ့ကြတယ်။ မြက်ပင်ရှည်များက ဒုက္ခသည်ကျောင်းသားအားလုံးကို ဖုံးလွှမ်းထားခဲ့တယ်။

    သူတို့အများစုက ကျောင်းသားနဲ့ဆရာတွေဖြစ်ကြတယ်။ ဒါပေမယ့် အမျိုးသမီးနဲ့ကလေးငယ်အပါအ၀င် လူ ၁၀ ဦးကျော်လည်း သူတို့နဲ့အတူ လိုက်ခဲ့တယ်။ အဲ့ဒီထဲမှာ ကျောင်းသားဆရာတွေရဲ့အမျိုးတွေလည်း ပါသလို ကိုယ့်အိမ်ကိုယ့်ယာမှာမနေရဲအောင် ထိတ်လန့်တဲ့လူတစ်ချို့လည်း ပါဝင်တယ်။

    သူတို့အားလုံး စကားတစ်ခွန်းတစ်ပါဒမှ မပြောဆိုကြဘဲ ရွှံ့ညွှန်ထဲမှာ ထိုင်နေခဲ့ကြတယ်။

    သိပ်မကြာခင်မှာဘဲ ဒါဇင်နဲ့ချီတဲ့ ရာဂဏန်းရှိ လူအုပ်ကြီးက ကျောင်းရှေ့ကိုရောက်လာကြပြီး မကြားဝံ့မနာသာ ဟစ်အော်သံတွေကြားရတယ်။ သူတို့ရဲ့ဒေါသတွေ အရှိန်တက်ဆူပွက်နေကြတယ်။

    ကျောင်းရှေ့မှာ အသံဗလံတွေ ဆူညံပွက်လောရိုက်ပြီးနောက် လူအုပ်ကြီးဟာ ကျောင်းထဲ ၀င်သွားကြတယ်။ တံခါးတွေကို ဆောင့်ကန်ပြီး ပြူတင်းပေါက်တွေကို ရိုက်ချိုးဖျက်ဆီးသံတွေ ကြားလိုက်ရတယ်။

    မြက်တောထဲကအမှောင်ထုမှာ ရှဖီးအ် လို့ခေါ်တဲ့ဆရာတစ်ယောက် အစာအိမ်နာတဲ့ဒဏ် ခံနေရတယ်။ ဇနီးသည်ယူလာတဲ့ ပရုပ်ဆီလေးပွတ်ပြီး ဗိုက်ကို တင်းတင်းကြပ်ကြပ်ဖိကိုင်ထားတဲ့ကြားက စိတ်လှုပ်ရှားစွာနဲ့ ခပ်တိုးတိုးလေး ပြောလိုက်တယ်။

    “ ငါတို့ကို သူတို့ တွေ့သွားယင် မလွယ်ဘူး။ ငါ ထမပြေးနိုင်တော့တာ မင်းသိပါတယ်နော် ”။

    သုံးနှစ်သား ကလေးကိုလက်ထဲပွေ့ချီထားတဲ့ဇနီးဖြစ်သူ မသီတာက “ မစိုးရိမ်ပါနဲ့။ ကျွန်မတို့အတူရှိနေကြမယ်။ ကျွန်မ ရှင့်ကို ဘယ်တော့မှ ထားခဲ့မှာ မဟုတ်ဘူး ” လို့ အားပေးရှာပါတယ်။

    ရှည်လျားတဲ့ညဥ့်တာအတွင်းမှာ ကျောင်းကြီး မီးလောင်ပြာကျသွားတယ်။

    mingalar zayyone
    အကြမ်းဖက် မီးရှို့ဖျက်ဆီးခံရပြီးနောက် မင်္ဂလာဇေယုံ အစ္စလာမ့်ဘာသာရေးစာသင်ကျောင်း ..
    Photo-AP

    နံနက် ၄ နာရီ။ ဗုဒ္ဓဘာသာဝင်တို့ရဲ့ တုံးခေါက်သံထွက်လာချိန်မှာပေါ့။ လူရမ်းကားအုပ်စုဟာ မြက်တောနားရောက်လာပြီး လက်နှိပ်ဓာတ်မီးနဲ့ထိုးရှာကြတယ်။ ဗုဒ္ဓဘာသာဝင်အချို့က လက်လုပ်မီးကွင်းတွေကို ခြုံအုပ်ထဲ ပစ်သွင်းကြတယ်။ “ ကုလားတွေ၊ ထွက်လာခဲ့ကြစမ်း ” လို့ မွတ်စ်လင်မ်တွေအပေါ် ချိုးနှိမ်ဖိနှိပ်တဲ့စကားလုံးနဲ့သူတို့ ဟစ်အော်နေကြတယ်။

    မွတ်စ်လင်မ်တွေဟာ အနီးနားက မွတ်စ်လင်မ်လူချမ်းသာလုပ်ငန်းရှင်တစ်ဦးပိုင်အိမ်ဝင်းဆီ ပြေးကြတယ်။ တစ်ချို့က ၀ါးကပ်စည်းရိုးကို ချိုးဖြဲပြီး ပြေးဝင်သွားကြတယ်။ လူရမ်းကားအုပ်စုတွေက ထပ်ကြပ်မကွာ လိုက်လာကြတယ်။

    မသီတာဟာ မိမိရဲ့နောက်က ကလေးငယ်တစ်ဦးရဲ့ စူးစူးဝါးဝါး အော်သံကိုကြားလိုက်ရတယ်။ အဲ့ဒီကောင်လေးဟာ သူ့လက်ကိုင်ဖုန်းလေးနဲ့ သူ့မိခင်ကို ခေါ်ယူဖို့ကြိုးစားနေတာပါ။ ဆက်မပြေးနိုင်တော့လို့ စက္ကန့်ပိုင်းလောက် ရပ်နားလိုက်မိတာလေ။

    မင်္ဂလာဇေယုံဆီ အရုဏ်အလင်း စတင်သက်ရောက်လာချိန်။ အသက် ၂၁ နှစ်အရွယ် လူကောင်ထွားထွား အေးအေးဆေးဆေးနေတတ်တဲ့ ကျောင်းသားလေး မောင်ကိုကိုဟာ ကျောင်းဝင်းရဲ့ခြံစည်းရိုးကြားထဲကနေ ချောင်းကြည့်လိုက်တော့ တုန်လှုပ်မိန်းမောသွားရှာတယ်။ ပြင်ပကလူတွေ မီးကွင်းတွေ၊ တုတ်တွေ ဆွဲကိုင်လို့ တိုက်ခိုက်ဖို့ပြင်နေကြတာကိုး။

    မတ်စောက်တဲ့ကုန်းစောင်းဘေးကလမ်းပေါ်မှာ စုရုံးနေကြတာ လူတစ်ရာကျော်လောက်ရှိမယ်။ အဲ့ဒီကုန်းစောင်းဟာ နဂိုကတည်းကရှိနေခဲ့ပေမယ့် ခုအချိန်မှာတော့ သူတို့ဟာ ဧရာမဒယ်အိုးတစ်ခုထဲ ရောက်နေသလိုဖြစ်တဲ့အတွက် ထွက်မပြေးနိုင်အောင် ပိတ်မိသွားရပါပြီ။

    မောင်ကိုကိုအဖို့ ပါးပြင်နှစ်ဖက်ကနေ သွေးတွေစိမ့်ထွက်လာသလားလို့တောင် ခံစားမိပြီး အားအင်တွေ ဆုတ်ယုတ်ကုန်တယ်။ “ ငါတို့ဟာ တိရစ္ဆာန်တွေလို ပိတ်လှောင်ခံရပြီ ” လို့ အတွေးဝင်လာလေရဲ့။

    ကျောင်းသားအချို့က သွေးရူးသွေးတန်းနဲ့ မိဘတွေ၊ ရဲတွေကို အကူအညီတောင်း အော်ဟစ်ခေါ်ယူကုန်ကြတယ်။ တစ်ချို့ကတော့ ကျယ်ကျယ်လောင်လောင် ကြွေးကြော်မှုတွေ ပြုကြတယ်။ ကျန်သူတွေကတော့ ပြင်ပကလူရမ်းကားတွေ ပစ်သွင်းလာတဲ့ ခဲလုံးတွေကနေ မိမိကိုယ်ကိုကာကွယ်နိုင်ဖို့ သစ်သားဗီရို စတဲ့ ရရာပစ္စည်းတွေကို ရွှေ့တွန်းနေရာချကုန်ကြတယ်။

    နံနက် ၇း၃၀ နာရီလောက်မှာ အတိုက်အခံဥပဒေသမားဖြစ်တဲ့ ဦးဝင်းထိန် ရောက်လာတော့ အဓိကရုဏ်းနှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင် အတော်များများကို ခေါင်းစွပ်တွေနဲ့တစ်ကွ တွေ့ရတယ်။ လုံထိန်းတွေမှာ ရိုင်ဖယ်သေနတ်တွေ၊ မီးခိုးရောင် ဒိုင်းလွှားတွေ ပါတယ်။ ဗုဒ္ဓဘာသာဝင်လူအုပ်ကြီးကို မွတ်စ်လင်မ်တွေဆီ မရောက်အောင် ကြားထဲမှာ တန်းစီပြီး ထိန်းသိမ်းထားကြတယ်။

    အနီးအနားမှာရပ်ကြည့်နေတဲ့ ရဲဌာနအုပ်နဲ့ခရိုင်မှူးကို ဦးဝင်းထိန် တွေ့ခဲ့ရတယ်။ မြက်တောအုပ်အစွန်မှာ မွတ်စ်လင်မ် ရုပ်အလောင်းနှစ်ခုကိုလည်း မြင်လိုက်ရတယ်။ နောက်ထပ် ၄၅ မိနစ်အကြာကျတော့ လူအုပ်ကြီးထဲက အမျိုးသားတွေဟာ ခြုံပုတ်ထဲကနေ ကျောင်းသားငါးဦးထက်မနည်း ဆွဲထုတ်လာတယ်။ နေ့ခင်းကြောင်တောင်ကြီးမှာ တစ်ဦးချင်းစီကို မသေမချင်း ရိုက်နှက်ခုတ်ပိုင်းနေကြတာကို သွေးပျက်စဖွယ် တွေ့လိုက်ရပါတော့တယ်။

    ရဲအရာရှိတွေဟာ အခင်းဖြစ်နေရာနဲ့ ခြေလှမ်းအနည်းငယ်အကွာအဝေးမှာ ခံစားချက်ကင်းမဲ့တဲ့မျက်နှာနဲ့တစ်ကွ အရုပ်တွေလို ရပ်နေခဲ့ကြတယ်။ လူအုပ်ကြီးကလည်း ရောမခေတ် လူသတ်ကွင်းကပရိသတ်တွေလို ၀ိုင်းဝန်းသြဘာပေးနေခဲ့တယ်။

    အမျိုးသမီးတစ်ယောက်က “ သူတို့ကို အပြတ်သာရှင်းပစ် ” လို့ အော်ဟစ်တယ်။ နောက်တစ်ဦးကလည်း “ သူတို့အားလုံးကို သတ်သာသတ်။ ငါတို့အားလုံး ဗမာ့သတ္တိပြရမယ် ” လို့ ဟစ်ကြွေးပြန်တယ်။

    ဦးဝင်းထိန်မှာ ပျို့အန်တော့မတတ် ခံစားလိုက်ရတယ်။ ရက်စက်ကြမ်းကြုတ်လှတဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ ဆယ်စုနှစ် နှစ်ခု အကျဉ်းကျနှိပ်စက်ခံခဲ့ရသည့်တိုင်အောင် ဒီလိုအဖြစ်မျိုး လုံးလုံးလျားလျား မတွေ့မြင်ခဲ့ဖူးလို့ဖြစ်တယ်။

    ဒါနဲ့ သူက မွတ်စ်လင်မ်တွေကို အသက်ချမ်းသာခွင့်ပေးကြဖို့ လူတွေကို ဖြောင်းဖျတဲ့အခါ လူရမ်းကားအုပ်စုတွေက သူ့အပေါ် အန္တရာယ်ပြုမတတ်ဖြစ်ကြတယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်ကဆိုယင် “ သူတို့ကို ကာကွယ်ဖို့ ခင်ဗျား ဘာလို့ကြိုးစားနေရတာလဲ။ ဘာလဲ – ခင်ဗျားက မွတ်စ်လင်မ်တွေကိုချစ်မြတ်နိုးနေသူလား ” ဆိုပြီး တူးတူးခါးခါးကို ပြောဆိုလာတယ်။ ရဲအရာရှိတစ်ယောက်က ဦးဝင်းထိန်ကို ရှောင်စေလိုက်တယ်။

    ခဏတဖြုတ်နေပြီးတဲ့အခါ ဘုန်းတော်ကြီးတစ်ပါးနဲ့အတူ ရဲတပ်ဖွဲ့ဝင် လေးဦး ရောက်လာကြတယ်။ ပိတ်မိနေတဲ့ မွတ်စ်လင်မ်တွေကို လမ်းလျှောက်ထွက်လာပြီး ကုန်းစောင်းပေါ်က ရဲကားတွေဆီ ကာကွယ်ပို့ဆောင်ပေးဖို့ဖြစ်တယ်။

    “ ငါတို့ မင်းတို့ကို ကာကွယ်ပေးမယ်။ ဒါပေမယ့် ကျောင်းသားတွေအနေနဲ့ ကြွေးကြော်တာကို ရပ်လိုက်ပါ။ ခဲလုံး၊ တုတ် စတဲ့ လက်နက်တွေကို လွှတ်ချလိုက်ပါ ” လို့ အရာရှိတစ်ဦးက ပြောဆိုတယ်။

    ဆရာတွေက ဘာဆက်လုပ်မလဲလို့ အငြင်းအခုံ ဖြစ်ကြတယ်။ ဘေးကြပ်နံကြပ်အချိန်ဆိုတာ သူတို့ နားလည်ကြတယ်။
    လူအုပ်ကြီးက ၀ါးလုံးရှည်ကိုမီးစာတွေနဲ့တွဲရှို့လို့ စည်းရိုးကိုကျော်ပြီး ပစ်သွင်းနေကြတယ်။ ဧရာမမီးခြစ်ဆံလိုမျိုးပေါ့။ ကျောင်းဝင်းကြီးမှာ လိမ္မော်မီးတောက်တွေ ထတောက်လာပြီး မည်းနက်တဲ့မီးခိုးလုံးတွေ လေထုထဲ လိပ်တက်လာကြပြီ။

    အဲ့ဒီနောက် မွတ်စ်လင်မ်တွေဟာ စစ်အကျဉ်းသားတွေလို ခေါင်းပေါ်လက်တင်လို့ ကိုယ်စီထွက်လာခဲ့ကြရတယ်။

    စားတော့ဝါးတော့မတတ် ၀ိုင်းရံနေကြတဲ့လူတန်းကြီးကြားက ဖုန်ထူလမ်းကျဉ်းလေးအတိုင်း သူတို့ကို ရဲတွေ ဦးဆောင်ခေါ်ထုတ်သွားတယ်။ ချက်ခြင်းဆိုသလို လမ်းပိတ်ထားဖို့ အသင့်စောင့်ဆိုင်းနေကြတဲ့ ဒေါသအိုး ဗုဒ္ဓဘာသာဝင်လူတစ်စုက သူတို့ကို ခဲတွေနဲ့ဝိုင်းပစ်ခဲ့ကြတယ်။

    နောက်က တသီတတန်းကြီးလိုက်လာကြသူများဟာ ငရဲခန်းအစောင့်တွေလား မှတ်ရတယ်။ မပြေးလိုက်နဲ့- အမိဖမ်းမယ်၊ မလဲကျလိုက်နဲ့ – ပြန်ထလာနိုင်မှာမဟုတ်ဘူး၊ မရပ်လိုက်နဲ့- အသက်ပျောက်သွားမယ် ဆိုတဲ့ သွေးပျက်စရာကောင်းလွန်းတဲ့စည်းမျဉ်းတွေကြားကနေ တန်းစီထွက်လာရသလိုပါဘဲ။

    ရဲတွေကို သေနတ်ကို မိုးပေါ်ထောင်လို့ အချက်ပေါင်းများစွာ ပစ်ဖောက်နေပေမယ့်လည်း လူအုပ်ကတော့ တိုက်ခိုက်နေခဲ့ကြတယ်။ ဆရာတစ်ဦးမြေပေါ်လဲကျသွားတယ်။ တုန်လှုပ်ချောက်ခြားနေတဲ့ ကျောင်းသားများက သူ့ခန္ဓာကိုယ်ပေါ် တက်နင်းလျှောက်လှမ်းသွားရတဲ့အခါ သူ့မျက်နှာတစ်ခုလုံး မြေကြီးထဲ ပြားပြားဝပ်ထားခဲ့ရတယ်။

    သူငယ်ချင်းတစ်ဦးရဲ့နဖူးကို ထွန်ခြစ်တစ်ခုထိမှန်သွားတာ တွေ့ရတော့ မောင်ကိုကိုဟာ သူ့ကို ဆွဲထူဖို့ကြိုးစားတော့ ဒါးကိုင်ထားတဲ့ အမျိုးသားငါးဦးက သူ့ကိုမြေပေါ်ဆွဲချလိုက်တယ်။ အဲ့ဒီနောက် လူအုပ်ကြီးက သူ့ကိုဓားတွေနဲ့ အနောက်ကနေ ၀ိုင်းခုတ်ကြတယ်။ သူ့ကျောပြင်မှာ ဓားဒဏ်ရာနက်နက် ခြောက်ချက်ရသွားပြီး သူ့အင်္ကျီအ၀ါရောင်လေး သွေးတွေရွှဲရွှဲစိုသွားကုန်တယ်။ လဲကျသွားပြီး မှောင်အတိကျသွားခဲ့တယ်(မေ့မြောသွားခဲ့တယ်)။

    ရဲအရာရှိတစ်ဦးရဲ့မျက်နှာကို ခဲတစ်လုံးလာမှန်တော့ မတော်တဆ သေနတ်မောင်းဖြုတ်မိသွားတယ်။ ဗုဒ္ဓဘာသာဝင် လူရမ်းကားတစ်ဦးရဲ့ခြေထောက်ကို ထိမှန်သွားခဲ့တယ်။ အဲ့ဒီသေနတ်သံက မောင်ကိုကို့ကို သတိရလာစေတယ်။ မသေသေးဘူးဆိုတာသိတာနဲ့ ကုန်းရုန်းထပြီး ရှေ့လူအုပ်နောက် အမြန်ပြေးလိုက်ခဲ့ရပါတယ်။

    ထရပ်ကားတွေဆီသွားရာလမ်းတစ်ဝက်မှာ ဗုဒ္ဓဘာသာဝင်လူအုပ်အကြားထဲ မောင်းသွင်းခံရတယ်။ ရဲတွေက မွတ်စ်လင်မ် တွေကို မြေပြင်ပေါ် ဆောင့်ကြောင့်ထိုင်ခိုင်းကြတယ်။

    လူအုပ်ကြီးက သူတို့ကို ၀ိုင်းဝန်းလှောင်ပြောင်ဆဲဆိုပြီး ပါးရိုက်ကြတယ်။ သူတို့ရဲ့ဦးခေါင်းတွေကို အမျိုးသမီးအများအပြားက အဓမ္မ၀ပ်တွားစေပြီး ဗုဒ္ဓဘာသာဝင်တွေ လက်အုပ်ချီရှိခိုးဦးချသလို လုပ်ခိုင်းခဲ့ကြတယ်။ သူတို့တစ်တွေဟာ အစ္စလာမ်က မစားရလို့တားမြစ်ထားတဲ့ဝက်သားတွေကို မွတ်စ်လင်မ်တို့ရဲ့ ပါးစပ်ထဲ ထိုးထည့်ခဲ့ကြသေးတယ်လို့ လူ့အခွင့်အရေးကျွမ်းကျင်သူများမှ စုစည်းကောက်ယူထားတဲ့ သက်သေထွက်ချက်ထဲမှာ ဖော်ပြထားပါတယ်။

    ကျောင်းသားတစ်ဦးရဲ့ဦးခေါင်းကို အမျိုးသားတစ်ဦးက မော်တော်ဆိုင်ကယ်အိပ်ဇောပိုက်နဲ့လွှဲရိုက်တယ်။ နောက်လူတစ်ဦးက ဆိုင်ကယ်ချိန်းကြိုးနဲ့ ထပ်ရိုက်ပြီး၊ တတိယလူက ရင်ဘတ်ကို ဓားနဲ့ထိုးချလိုက်တယ်။

    “ သူတို့ကို ဒီမှာ မသတ်နဲ့။ သူတို့ဝိညာဉ်တွေ ဒီနေရာမှာ စွဲပြီး မကျွတ်ဘဲနေလိမ့်မယ်။ သတ်ချင်ယင် လမ်းပေါ်ရောက်မှ သတ်ကြ ” ဆိုပြီး ဘုန်းကြီးတစ်ဦးက အဲ့ဒီလူတွေကိုအော်ငေါက်ခဲ့တယ်။

    အမျိုးသမီးနဲ့ကလေးတွေကို ၀ိုင်းရံပြီး အယင်ခေါ်ထုတ်သွားဖို့ ဘုန်းကြီးတွေက ရဲတွေကို ခိုင်းစေခဲ့တယ်။ မသီတာက သူ့ခင်ပွန်းကိုဆွဲထုတ်ဖို့ငြင်းဆန်တဲ့အခါ ဗုဒ္ဓဘာသာဝင်အမျိုးသားတစ်ယောက်က သူ့မျက်နှာကို လက်ဝါးနဲ့တွန်းဖယ်ပြီး ခွဲထုတ်လိုက်တယ်။ နောက်လူတစ်ဦးက သုံးနှစ်အရွယ်သူမရဲ့သားကလေးကို ကြမ်းတမ်းစွာ ဖျစ်ညှစ်ခဲ့လို့ သူမက “ သူနို့စို့အရွယ်ပဲ ရှိသေးတယ်။ သူ့ကိုလွှတ်ပေးပါ ” လို့ အော်ဟစ်ပြီး ဆွဲပြေးခဲ့ရတယ်။

    ရုန်းရင်းဆန်ခတ်ရှုပ်ထွေးနေချိန်မှာ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးက မသီတာရဲ့ဆယ်ကျော်သက်ရွယ်သမီးနှစ်ဦးကို ကမန်းကတန်းဆွဲခေါ်ထုတ်သွားတယ်။ မေတ္တာကရုဏာနဲ့ သူမအိမ်ကို ခေါ်ယူသွားပြီး စောင့်ရှောက်ပေးထားခဲ့တယ်။ ရက်အတန်ကြာတဲ့နောက် သူမနဲ့သမီးနှစ်ဦးတို့ဟာ အန္တရာယ်ကင်းစွာနဲ့ ပြန်လည်ဆုံစည်းနိုင်ခဲ့ကြပါတယ်။

    မသီတာနဲ့အတူ အမျိုးသမီးနဲ့ကလေးတွေ ၁၀ဦးလောက်က တောင်ကုန်းပေါ်တက်နေကြချိန်မှာ တုတ်တရမ်းရမ်းနဲ့ ၀ိုင်းရံနေတဲ့လူအုပ်ကြီးကို လုံထိန်းရဲတွေက လက်ချည်းဗလာနဲ့ တွန်းထုတ်နေကြလေရဲ့။ အေပီသတင်းဌာနရဲ့ မှတ်တမ်းဗီဒီယိုတစ်ခုမှာ လူတစ်ဦးက “ မလုပ်ကြနဲ့။ အဲ့ဒီထဲမှာ ကလေးတွေလည်း ပါနေတယ် ” လို့ လူအုပ်ကြီးကို ဟစ်အော်တားဆီးတာ တွေ့ရတယ်။

    ဒါပေမယ့် အကြမ်းဖက်မှုက ဆက်ဖြစ်နေခဲ့တယ်။

    ဗုဒ္ဓဘာသာဝင်တွေက ၀က်လန်တောကို ဆက်ရှင်းကြတယ်။ အရွတ်ခန်း လို့ခေါ်တဲ့ ပိန်ပိန်ပါးပါး အသက် ၁၇ နှစ်အရွယ် ကျောင်းသားလေးကို မြက်ခင်းပြင်ပေါ် ဆွဲထုတ်လာကြတယ်။ ဗီဒီယိုမြင်ကွင်းတစ်ခုမှာ အမည်မသိလူငယ်နှစ်ဦးထက်မနည်း ပါဝင်ကြောင်း တွေ့ရတယ်။ အဲ့ဒီထဲက ဘောလုံးဝါသနာအိုး မိတ္ထီလာမြို့ခံတစ်ဦးဟာဆိုယင် တုတ်ရှည်တွေ၊ သွေးစွန်းဓားတွေကိုင်ဆောင်ထားတဲ့ လူကိုးဦးက ၂၄ ချက်အထိ ရိုက်နှက်ထိုးခုတ်ခဲ့တယ်။ ဘုန်းကြီးတစ်ဦးက ငါးချက်တိတိ ပါဝင်လက်စွမ်းပြခဲ့တယ်။

    ကျောင်းသားလေးကို သတ်ဖြတ်နေစဉ် ပွဲကြည့်ပရိသတ်ဗုဒ္ဓဘာသာဝင်တစ်ဦးက ကုန်းစောင်းပေါ်ကနေ “ ကြည့်ကြပါဦး၊ ဟိုမှာ ဟိုမှာ ” လို့ အော်ဟစ်ခဲ့တယ်။ “ ရဲတွေက အဲ့ဒီနေရာကို ဆင်းသွားကြပေမယ့် ဘာမှ မဆောင်ရွက်ပေးခဲ့ကြဘူး ”။

    သူမရဲ့ခင်ပွန်းကို မသီတာ နောက်ဆုံးမြင်တွေ့လိုက်ရပုံက ဒီလိုပါ။ ခင်ပွန်းသည် ရှဖီးအ်ဟာ ရဲတွေရဲ့ဘေးမှာ မျှော်လင့်တကြီးရပ်စောင့်နေတဲ့ သူမရှိရာ တောင်ကုန်းလမ်းအတိုင်း ခက်ခက်ခဲခဲ တက်လာနေခဲ့တယ်။ သူ့တစ်ဖက်တစ်ချက်မှာ ဆရာနှစ်ဦးက ထိန်းကိုင်ထားပေးနေကြတယ်။ ရှဖီးအ်ရဲ့မျက်နှာက သွေးဆုတ်ဖြူရော်နေပါပြီ။ ခြေကုန်လက်ပန်းကျနေပြီး လွတ်လမ်းမမြင်နိုင်ရှာတော့ပါဘူး။ အဲ့ဒီအခိုက်မှာ သူမတို့နဲ့ သူတို့အကြား တောင်စောင်းမှာ လူအုပ်ကြီး ဖုံးလွှမ်းသွားခဲ့တယ်။ တောင်ကုန်းတစ်ဖက်ခြမ်းကနေ “ ကုလားတွေကိုသတ်၊ တစ်ယောက်မှ ချန်မထားနဲ့ ”၊  “ သူတို့ကိုအပြတ်ရှင်းပစ်၊ သူတို့ဟာ အယုတ်တမာတွေဘဲ ” ဆိုတဲ့ အမုန်းတရားဖုံးလွှမ်းနေတဲ့ အော်သံတွေကိုသာ မသီတာ ကြားလိုက်ရပါတော့တယ်။

    အဲ့ဒီအောက်ဖက် အချို့နေရာမှာ ကျောင်းသားအများအပြားက အလွတ်ရုန်းထွက်ပြေးခဲ့ကြတယ်။ သူတို့ကို လူအုပ်တွေက လိုက်ဖမ်းခဲ့ကြတယ်။

    လူတစ်ဦးက အသက် ၁၄ နှစ်အရွယ် အဗူဗကရ်ရဲ့ပါးစောင်းကို ၀ါးရင်းတုတ်နဲ့ မနားမနေဆက်တိုက် ရိုက်နှက်ခဲ့တယ်။ နောက်တစ်ဦးက နှစ်ဖက်ချွန်ဓားမြှောင်နဲ့ ခြေထောက်နောက်ပိုင်းကို ထိုးခွဲဖြတ်တောက်နေခဲ့တယ်။ ဒီအဖြစ်တစ်ရက်အကြို ညစာစားချိန်မှာ ငိုကြွေးခဲ့တဲ့ ကျောင်းဆရာ အာရိဖ်ကိုတော့ နောက်တစ်ယောက်က အဖန်တလဲလဲ ရိုက်နှက်နေခဲ့တာ မြေပြင်ပေါ်လဲကျသွားတဲ့အထိပါဘဲ။

    တောင်ကုန်းရဲ့နှစ်ဖက်စလုံးမှာ ရဲတွေက ဘာမှမလှုပ်မရှား ရပ်ကြည့်နေခဲ့ကြတယ်။ တောင်စောင်းအောက်ဖက်မှာ သူတို့နဲ့အတူထိုင်နေတဲ့ ချာတိတ်လေးတစ်ယောက်က အပေါ်ကိုမော့ကြည့်လိုက်တော့ အရာရှိတစ်ယောက်က ကလေးရဲ့ခေါင်းကိုဖိချပြီး “ မင်းမျက်လုံး အပေါ်လှန်မကြည့်နဲ့ ” ကို အော်ငေါက်ခဲ့တယ်။

    အသား မီးလောင်ကျွမ်းတဲ့အနံ့တွေ ရလာတော့ မသီတာဟာ အနီးမှာရပ်နေတဲ့ ရဲအရာရှိခြေကိုဖက်ပြီး “ အစ်ကိုရေ။ လုပ်ပါဦး။ ဘာတွေဖြစ်ကုန်ပြီလဲ။ ကျေးဇူးပြုပြီး …….. ” လို့ဆိုတဲ့အခါ အရာရှိက “ ဒီမိန်းမ၊ ပါးစပ်ပိတ်ထားစမ်း၊ ခေါင်းကိုငုံ့ထား၊ မင်းတို့ပါ ဒီနေရာမှာတင် သေသွားနိုင်တယ်ဆိုတာ မသိဘူးလား ” လို့ ဖြေကြားလိုက်ပါတယ်။

    အခြေအနေအနည်းငယ်ငြိမ်သက်သွားတော့မှ ဒါဇင်နဲ့ချီတဲ့ ရဲတပ်သားတွေက တောင်ထိပ်ပေါ်နောက်ဆုံးကျန်မွတ်စ်လင်မ်တွေကို ကာကွယ်ဖို့ အင်အားဖြည့်ရောက်လာခဲ့တယ်။ ပြီးတော့ သူတို့ကို ထရပ်ကားတွေပေါ် တင်ဆောင်သွားကြတယ်။

    သူတို့ကို ခေါ်ထုတ်သွားချိန်မှာ မိမိဟာ မိတ္ထီလာကို ဘယ်တော့မှ ပြန်မလာအပ်တော့ကြောင်း မောင်ကိုကို သိလိုက်ပါတယ် “ ကျွန်တော်တို့ကို အလ္လာဟ်အရှင်မြတ် ကယ်တင်လိုက်လို့သာ အသက်ရှင်ကျန်ရစ်ခဲ့တာပါ ”။

    ရှည်လျားတဲ့အိပ်မက်ဆိုးကနေလွတ်မြောက်လာသူများကို ရဲဌာနတစ်ခုဆီပို့ဆောင်ခဲ့ကြတယ်။ ရေတောင်းသောက်တဲ့အခါ အရာရှိတစ်ဦးမက သူတို့ကို ရေတိုက်ကြတယ်။

    ရှင်သန်ကျန်ရစ်တဲ့ မွတ်စ်လင်မ် ၁၂၀ ဦးထဲမှာ ကျောင်းသား ၉၀ နဲ့ ဆရာလေးဦး ပါဝင်တယ်။ သူတို့ဟာ အခြားမြို့က မိသားစုဆွေမျိုးတွေနဲ့ ပြန်လည်မဆုံစည်းမှီအထိ ရဲစခန်းမှာ ရက်အတန်ကြာနေထိုင်ခဲ့ကြတယ်။

    မိသားစုဝင်တွေ၊ သက်သေတွေနဲ့ မေးမြန်းစိစစ်ပြီးတဲ့နောက် စုစုပေါင်း ကျောင်းသား ၃၂ ဦးနဲ့ဆရာလေးဦး သေဆုံးခဲ့တယ်လို့ ကျောင်းအုပ်ဆရာကြီးက ဆိုပါတယ်။

    ကယ်ထုတ်ရေးအတွက် အမိန့်ထုတ်ခဲ့တဲ့ ပြည်နယ်လုံခြုံရေးမှူး ကာနယ် အောင်ကျော်မိုးက လမ်းခုလတ်မှာ လူ ၁၀ ဦး သို့မဟုတ် ၁၅ ဦး သေဆုံးရတယ်လို့ ဆိုတယ်။ ဒါပေမယ့် အေပီသတင်းဌာနကရရှိထားတဲ့ ဗီဒီယိုမှတ်တမ်းတွေအရ အဲ့ဒီအဆိုနဲ့ ဆန့်ကျင်လို့နေပါတယ်။ သတ်ဖြတ်မှုပြီးတဲ့နောက် အမည်မဖော်လိုသူမျက်မြင်သက်သေများက ဒေသတွင်းလှည့်လည်ရိုက်ကူးခဲ့တဲ့ မှတ်တမ်းတွေပါ။ ဗီဒီယိုမှတ်တမ်းနှစ်ခုထဲမှာတင် လူအသေအပျောက် ၂၈ ဦးအထိ ပါဝင်နေပါတယ်။ ရုပ်အလောင်းအများစုရဲ့လက်တွေဟာ မိုးပေါ်ထောင်နေပြီး မီးလောင်ကျွမ်းထားတာတွေ့ရတယ်။ လူတစ်ဦးဆိုယင် ခေါင်းဖြတ်ခံထားရတယ်။

    ရုပ်အလောင်းတစ်ခုအနီးလူတွေဖြတ်သန်းသွားလာရာမှာ “ ဟေ့။ ဒါက ကလေး(ရဲ့အလောင်း)လား ” လို့ တစ်ယောက်က မေးတယ်။ နောက်လူတစ်ယောက်က “ ဘယ်ကလာ။ အဲ့ဒါ ပိုင်းဖြတ်ခံထားရတာလေ ” လို့ ရယ်ပြောပြောခဲ့တဲ့အသံတွေကို ဗီဒီယိုရိုက်ချက်တွေထဲမှာ ကြားရပါတယ်။

    အဲ့ဒီနေ့က ရဲတွေကိုင်တွယ်ထားကြတဲ့ သေနတ်တွေ၊ ရိုင်ဖယ်တွေကို လူရမ်းကားအုပ်စုတွေကိုင်တွယ်ထားကြတဲ့ သာမန်အသုံးအဆောင်လက်နက်တွေက ယှဉ်နိုင်စွမ်း မရှိကြပါဘူး။ ဒါပေမယ့် လူ ၁၀၀ ကျော်ကို ကယ်ထုတ်တဲ့အချိန်မှာ ဒါဇင်နဲ့ချီတဲ့သတ်ဖြတ်မှုကြီးကို မတားမြစ်ခဲ့ကြဘူး။

    “ သူတို့ဆီမှာ စိတ်နှစ်ခွဖြစ်နေတာကို ကျွန်တော်တို့ သိလိုက်ရပါတယ်။ တစ်ချို့ဟာ ကျွန်တော်တို့ကို ကယ်တင်ဖို့ ကြိုးစားကြတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူတို့အားလုံး ကျွန်တော်တို့သေမှာကိုဘဲ စောင့်ကြည့်ခဲ့တာပါ ” လို့ ကျောင်းအုပ်ဆရာကြီးက ဆိုပါတယ်။

    ဥပဒေသမား ဦးဝင်းထိန်က အကြောင်းရင်းနှစ်ရပ်ရှိနိုင်ခဲ့ကြောင်း သုံးသပ်တယ် “ ရဲတွေဟာ အထက်ကပစ်မိန့် လုံးဝ မရတာ ဖြစ်မယ်။ ဒါမှမဟုတ် ဘာဆိုဘာမှမလုပ်ဖို့ အထက်က အမိန့်ရောက်နေတာ ဖြစ်ချင်ဖြစ်ပါလိမ့်မယ် ”။

    Aung Kyaw Moe Mdy
    ရဲတွေရဲ့ဆောင်ရွက်ချက်အပေါ် အားရကျေနပ်တယ်လို့ ဆိုခဲ့တယ်။ ဒါပေမယ့် “ အသေးစိတ်လိုက်မမေးပါနဲ့။ ဒါဟာ မသင့်လျော်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါက ၀တ္ထုရေးနေတာမဟုတ်ဘူး၊ ရုပ်ရှင်ရိုက်နေတာမဟုတ်ဘူး။ ခင်ဗျားတို့ သိစရာမလိုဘူး ” Photo-AP
    မန္တလေးတိုင်း ဒေသကြီး လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်မိုး

    ဒေသလုံခြုံရေးမှူး ဦးအောင်ကျော်မိုးကတော့ အထက်ကပစ်မိန့်ပေးထားတယ်လို့ အတိုက်အခံဆိုပါတယ်။ သို့ပေမင့် ရဲတွေ မပစ်ခတ်ရတာက ပစ်လိုက်လို့ရှိယင် လူအုပ်ရဲ့ဒေါသကို ဆွလိုက်သလိုဖြစ်ပြီး အခြေအနေ ပိုမိုဆိုးရွားသွားနိုင်တယ်လို့ သူက ပြောတယ်။

    ဆက်လက်ပြီးတော့လည်း “ အခင်းဖြစ်တဲ့နေရာဆီ ရဲတပ်သား ၂၀၀ ကို စေလွှတ်ခဲ့တယ်။ လူအုပ်ကြီးက သူ့တို့ထက် အဆမတန် အင်အားများပြားနေခဲ့တယ်။ မွတ်စ်လင်မ်တွေ သေကြေရတာက တစ်ချို့လူတွေ ထွက်ပြေးကြလို့ဖြစ်တယ်။ သူတို့က ခြေဦးတည့်ရာ တကွဲတပြားပြေးကြတော့ ကျွန်တော်တို့တပ်သားတွေက လူတစ်ဦးချင်းနောက်ကို မလိုက်နိုင်ခဲ့ကြဘူး။ ကျန်တဲ့သူတွေကို စောင့်ရှောက်နေတဲ့အပေါ် သူတို့ သတိထားမိဖို့ကောင်းတယ်။ လက်တွေ့ရင်ဆိုင်မှုတွေမှာ အချို့ကိစ္စတွေက ရှင်းပြရသိပ်ခက်ပါတယ် ” လို့ ရှင်းလင်းပါတယ်။

    ဦးအောင်ကျော်မိုးနဲ့ မိနစ် ၅၀ အကြာ အင်တာဗျူးခဲ့ရာမှာ သူက ရဲတွေရဲ့ဆောင်ရွက်ချက်အပေါ် အားရကျေနပ်တယ်လို့ ဆိုခဲ့တယ်။ ဒါပေမယ့် “ အသေးစိတ်လိုက်မမေးပါနဲ့။ ဒါဟာ မသင့်လျော်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါက ၀တ္ထုရေးနေတာမဟုတ်ဘူး၊ ရုပ်ရှင်ရိုက်နေတာမဟုတ်ဘူး။ ခင်ဗျားတို့ သိစရာမလိုဘူး ” လို့ ငါးကြိမ်တိုင်တိုင် ဒေါသသံနဲ့ ပြောခဲ့တယ်။

    မိတ္ထီလာအကြမ်းဖက်မှုအတွက် ပထမဆုံး အရေးယူစီရင်ခံလိုက်ရတာက ဗုဒ္ဓဘာသာဝင်လူရမ်းကားတွေ မဟုတ်ဘဲ မွတ်စ်လင်မ်တွေ ဖြစ်နေခဲ့တယ်။

    ဧပြီလ ၁၁ ရက်မှာ ရွှေဆိုင်ပိုင်ရှင်နဲ့ဝန်ထမ်းနှစ်ဦးကို တရားရုံးတစ်ခုက ခိုးမှု၊ အနာတရဖြစ်စေမှုနဲ့ ထောင်ဒဏ် ၁၄ နှစ် ပြစ်ဒဏ်ပေးခဲ့တယ်။ မေလ ၂၁ ရက်မှာ အဲ့ဒီတရားရုံးကပဲ မွတ်စ်လင်မ် ၇ ဦးကို အခင်းစတင်ဖြစ်ပွားတဲ့နေ့က ဘုန်းကြီးသတ်မှုကိစ္စနဲ့ ထောင်ဒဏ် ၂ နှစ်ကနေ တစ်သက်တစ်ကျွန်းအထိ အသီးသီး စီရင်ချက်ချခဲ့ပြန်တယ်။

    တရားခံရှေ့နေ ဦးဥာဏ်မြင့်အဆိုအရ ဇွန်လ ၂၈ ရက်မှာတော့ ဗုဒ္ဓဘာသာဝင်တစ်ဦးကို မိတ္ထီလာမြို့တွင်း မွတ်စ်လင်မ် တစ်ဦးကို သတ်ဖြတ်မှုနဲ့ ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့တယ်။ ဗုဒ္ဓဘာသာဝင် ၁၄ ဦးကို မင်္ဂလာဇေယုံသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းထားတယ်။ အချို့ဟာ လူသတ်မှုနဲ့အကျုံးဝင်သော်လည်း ဒီနေ့ထက်ထိ စီရင်ချက် မချမှတ်သေးကြောင်း “ တရားမျှတမှုကို အချိန်က သက်သေပြမှာပါ။ တရားရုံးတွေက ဘယ်အုပ်စုကိုမှ မျက်နှာမလိုက် အစွဲမထားဘဲ အမှုကို စစ်ဆေးစီရင်နေပါတယ် ” လို့ သူက ပြောပြပါတယ်။

    လုံခြုံရေးအကြီးအမှူး ဦးအောင်ကျော်မိုး က ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးဟာ မိတ္ထီလာဒေသခံတွေ ဖြစ်တယ် ဆိုတာကလွဲလို့ အသေးစိတ်ပြောကြားမှု မရှိပါဘူး။ အခြား ဘယ်ရဲတပ်ဖွဲ့ဝင်ကမှလည်း လိုလိုလားလား ထုတ်ဖော်ပြောကြားမှု မရှိတာကိုတွေ့ကြရပါတယ်။

    အခြားသောမြို့တွေမှာလည်း အလားတူအတိုင်း စီရင်နေကြပါတယ်။

    ဧပြီလအတွင်း ဥက္ကံမြို့နယ်က ရွာပေါင်းများစွာကို ဗုဒ္ဓဘာသာဝင်လူရမ်းကားတွေ မီးရှို့ဖျက်ဆီးမှုမှာလည်း ပထမဆုံး စီရင်ချက်ချခံလိုက်ရသူကတော့ သာသနာကိုစော်ကားမှုနဲ့စတင်စွပ်စွဲခံရတဲ့ မွတ်စ်လင်မ်အမျိုးသမီးတစ်ဦးပါ။ သူမက ကိုရင်ငယ်လေးတစ်ဦးရဲ့ သပိတ်ကို သွားတိုက်မိတာပါ။ အဲ့ဒါဟာ မတော်တဆမှုသက်သက်သာဖြစ်တယ်လို့ မွတ်စ်လင်မ်များက ဆိုကြပါတယ်။

    ဒါတင်မကသေးဘူး။ မေလအတွင်း လားရှိုးမြို့ပေါ် ဗုဒ္ဓဘာသာဝင်တို့ရဲ့အကြမ်းဖက်ဖျက်ဆီးတိုက်ခိုက်မှုမှာလည်း ပထမဆုံးစီရင်ချက်ချခံရသူက မွတ်စ်လင်မ်အမျိုးသားတစ်ဦး ဖြစ်တယ်။ သူဟာ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးကို ဓာတ်ဆီလောင်းမီးရှို့ပြီး ဆိုးဆိုးဝါးဝါးလောင်ကျွမ်းစေခဲ့ရာမှ သောင်းကျန်းမှု စတင်ဖြစ်ပွားလာခဲ့တယ်။

    ဥက္ကံမှာရော လားရှိုးမြို့မှာပါ အနည်းဆုံး မွတ်စ်လင်မ်တစ်ဦး သတ်ဖြတ်ခံလိုက်ရသော်လည်း ဒီနေ့ထက်ထိ ဘယ်သတ်ဖြတ်သူကိုမှ အရေးယူစီရင်ခြင်း မရှိသေးပါဘူး။

    မိတ္ထီလာစုပြုံသတ်ဖြတ်မှုအပြီး အနည်းဆုံး နှစ်ရက်နဲ့တစ်ပိုင်းအထိ ရုပ်အလောင်းများကို ပုံပျက်ပန်းပျက် စွန့်ပစ်ထားကြတယ်။ အဲ့ဒီနောက်မှ အစိုးရဖက်က အလုပ်သမားတွေကို လွှတ်ပြီး နေရာရွှေ့စေခဲ့တယ်။ တစ်ချို့ကိုတော့ အမှိုက်ကားနဲ့တင်ဆောင်သွားကြတယ်။ ရုပ်ကလာပ်တွေကို မိတ္ထီလာသုသာန်ကြီးဆီကို ယူဆောင်သွားကြတယ်။ အဲ့ဒီကို ရောက်တဲ့အခါကျပြန်တော့လည်း ညစ်ပတ်နေတဲ့မြေနီကွင်းပြင်ထဲမှာ ကားတာယာတွေ၊ ဓာတ်ဆီတွေကိုသုံးပြီး မီးရှို့ကြပြန်တယ်။ ခွေးတွေဝင်တိုးစရာ ပြာပုံဘ၀ ရောက်သွားခဲ့ရတယ်။

    ရုပ်အလောင်းတွေကို သက်ဆိုင်ရာသားချင်းတွေဆီလက်ပြောင်းပေးမှာ မဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ မခွဲခြား မမှတ်မိနိုင်လောက်အောင် ဆိုးဆိုးဝါးဝါး မီးလောင်ကျွမ်းထားလို့ဖြစ်တယ် ဆိုပြီး အာဏာပိုင်တွေက ပြောကြားတယ်။ ဒါပေမယ့် သူတို့ကို မေးမြန်းပြောဆိုမှုအလျဉ်းမရှိခဲ့တဲ့အပြင် အစ္စလာမ့်ထုံးဓလေ့အရ ကောင်းမွန်ကျနစွာ မြှုပ်နှံသင်္ဂြိုလ်ခွင့်လည်း မပေးခဲ့ကြပါဘူးလို့ အသတ်ခံရသူတို့ရဲ့မိသားစုဝင်များက ဆိုပါတယ်။

    ဘယ်မွတ်စ်လင်မ်မိသားစုကမှ သင်္ချိုင်းကို မသွားရဲကြသလို ၀ိုင်းဝန်းသတ်ဖြတ်တဲ့နေရာဆီကိုလည်း ခြေဦးမလှည့်ရဲကြပါဘူး။

    ဗလာခြေကျင်းနဲ့အမျိုးသမီးတစ်ဦး ရေတွင်းတစ်ခုနံဘေးမှာ အ၀တ်လျှော်နေခဲ့တယ်။ အဲ့ဒီနေရာမှာ မီးကျွမ်းနေတဲ့ ရုပ်အလောင်းတွေကို စုပုံချထားတာကို တွေ့လိုက်တော့ ဘာတွေဖြစ်ကုန်ပါလိမ့်ဆိုပြီး တအံ့တသြဖြစ်သွားတယ်။ သူမ ရှိမနေခဲ့လို့ မသိလိုက်ရဘူးလေ။ သူငယ်ချင်းဖြစ်သူက “ ဘာကစဖြစ်တာလဲ ပြောပြလိုက်။ ရွှေဆိုင်အကြောင်း၊ ဘုန်းကြီး အသတ်ခံရတဲ့အကြောင်းတွေ ပြောပြလိုက် ” လို့ ဆိုပါတယ်။ မမြင့်ဟာ ခေါင်းကိုခါရမ်းလိုက်ပြီး တောင်ကုန်းထိပ်ဖက်ကို မ၀ံ့မရဲကြည့်လို့ “ ဒီအရိုးတွေက ငါနဲ့ဘာမှ မပတ်သက်ဘူးနော် ” လို့ ဆိုလိုက်လေရဲ့။

    ကျောင်းအုပ်ဆရာကြီးက မျဉ်းပြာလိုင်းပါတဲ့စာရွက်တစ်ရွက်ကို သူ့အိတ်ကပ်ထဲက ထုတ်ယူလိုက်တယ်။ အဲ့ဒီစာရွက်ပေါ်မှာ သေဆုံးသွားသူတွေရဲ့ နာမည်၊ အသက်နဲ့ ဇာတိနေရပ်တွေကို ရေးသားထားတယ်။

    သူ့ကျောင်းသားတွေကို ၀က်လန်တောထဲ သွားခိုလှုံဖို့ ဆုံးဖြတ်ခဲ့တာ၊ အိပ်မက်ဆိုးအဖြစ်တွေ ကြုံရတာနဲ့ပတ်သက်လို့ မဟုတ်ဘဲ သတ်ဖြတ်ခံရချိန်မှာ မကယ်တင်နိုင်လိုက်တဲ့အတွက် သူ့မှာ စိတ်ထိခိုက်လျက် ရှိနေပါတယ်။  အရိုက်ခံရပြီး မြေပေါ်လဲကျကုန်တဲ့အချိန်မှာ အများစုက မသေဆုံးကြသေးဘူးလို့ သူက ပြောပြတယ်။

    “ အဲ့ဒီအချိန်လေးမှာ လူအုပ်ကြီးကိုနောက်ပြန်ဆုတ်အောင် တစ်စုံတစ်ယောက်သာ ရောက်လာခဲ့ပြီး သူတို့ကို သွားယူလို့ဆေးရုံပို့ပေးနိုင်ခဲ့ယင် သူတို့ အသက်ရှင်နိုင်ကြမှာပါ ” ဆိုပြီး ပြောပြရှာပါတယ်။

    ရှင်သန်ကျန်ရစ်ခဲ့တဲ့ ကျောင်းသား ၉၀ ကျော်ကို အဆင့်မရှိ လိမ်ညာမှုတွေ မလုပ်ကြဖို့၊ မတရားအပြစ်ပေးမှုကို ကြောက်ရွံ့ပြီး ၀န်ခံထွက်ဆိုတာမျိုး မလုပ်ကြဖို့ သူက မှာကြားထားပါတယ်။ သူ့အတွေးအာရုံထဲမှာ ကျောင်းသားတွေကို ပြန်လည်စုစည်းမယ်၊ တစ်နေရာရာမှာ ကျောင်းကိုပြန်လည်တည်ဆောက်မယ် ဆိုပြီး ………………….။ ဒါပေမယ့်လည်း အချိန်မရွေး နေရာမရွေးမှာ ဒီလိုတစ်ဖက်သတ်အကြမ်းဖက်မှုတွေ ထပ်ဖြစ်လာမှာကိုတော့ အထူးစိုးရိမ်နေမိတာတော့ အမှန်ပါဘဲ။

    “ ဒီမြန်မာနိုင်ငံရဲ့ဘယ်နေရာမှာများ လုံခြုံဘေးကင်းနိုင်မှာလဲ ?  ငါတို့ကို ဘယ်သူ ကာကွယ်ပေးမှာလဲ ” လို့ ပြောပါတယ်။

    မတ်လ ၂၁ ရက်တုန်းက ကျောင်းသားတွေကို ပြန်လည်ခုခံတိုက်ခိုက်မှုမလုပ်ဖို့ ထိန်းသိမ်းတိုက်တွန်းခဲ့တာ ကျောင်းအုပ်ဆရာကြီးကိုယ်တိုင်ပါ။ ခုတော့ သူက ဒီလို တိုးတိတ်စွာ ဆိုရပါပြီ။

    “ နောက်တစ်ကြိမ်သာ ထပ်ဖြစ်လာယင် ငါတို့ ကိုယ့်ကိုယ်ကို ကာကွယ်ရတော့မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူမှ လာပြီးကာကွယ်ပေးမှာမဟုတ်မှန်း ငါတို့သိသွားရလို့ပါဘဲ ”။

    ရုပ်သံကြည့်လိုလျှင်=>https://www.youtube.com/watch?v=nfpQzf-mC_k&list=PLrN3vEHYCFKJ-4jvIsEhOqJd1eddiBaiJ&index=7

    http://www.japantimes.co.jp/ တွင် ဖော်ပြခဲ့သည့် ဆောင်းပါးရှင် TODD PITMAN ၏  No Justice For Muslims Massacred By Myanmar Buddhists ဆောင်းပါးကို ” မြင့်မိုရ်မောင်မောင်”  ဆီလျော်အောင် မြန်မာလိုပြန်ဆိုပါသည်။