News @ M-Media

Tag: featured

  • ကမ္ဘာတစ်ဝှန်းမှ ရမ်ဿွာန်လ အဖွင့် စဦးပုံရိပ်များ (၂၀၁၃ ခုနှစ်)

    ဇူလိုင်-၁၀၊၂၀၁၃
    M-Media

    2013 ခုနှစ် ကမ္ဘာတစ်ဝှန်းမှ ရမ်ဿွာန်လ အဖွင့် စဦးပုံရိပ်များကို စုစည်းတင်ဆက်လိုက်ပါသည်။

    ကမ္ဘာ့တစ်ဝှမ်းရှိ မွတ်စ်လင်မ်များတို့၏ ရမ်ဿွာန်လမြတ် စတင်ပြီဖြစ်သည်။ ထိုလမြတ်တစ်လလုံး၌ သူတို့အနေဖြင့် ဥပုသ်သီတင်းဆောက်တည်ခြင်း၊ ၀တ်ပြုခြင်း နှင့် နာမ်ပိုင်းဆိုင်ရာစင်ကြယ်ခြင်းအမှုများတွင် နံနက်အရုဏ်ချိန်မှ ညနေ ဆည်းဆာချိန်အထိ မွေ့လျော်လေ့ရှိကြသည်။

    “ဓါတ်ပုံများကို Facebook တွင်ကြည်ရန်။” http://goo.gl/TZ5n5

    1
    ပြင်သစ်နိုင်ငံ၏ ရမ်ဿွာန်လ ပထမဆုံးရက် ဇူလိုင် ၉ ရက်တွင် Strasbourg Grand Mosque ဗလီဝတ်ကျောင်း အတွင်း မွန်းလွှဲဝတ်ပြုမှုကို တန်းစီဝတ်ပြုနေကြသည့် မွတ်စ်လင်မ်ထုများအကြားမှ လိုက်လံကိုင်းညွှတ်ဦးချနေသော ကလေးငယ်တစ်ဦး။ French Council of Muslim Religion ၏အဆိုနှင့်မတူဘဲ ပဲရစ်မြို့ရှိ Grand Mosque ကမူ ဗုဒ္ဓဟူးနေ့ကို ရမ်ဿွာန်၏ပထမရက်အဖြစ် သတ်မှတ်လိုက်သည်။

    4

     

    ယီမင်နိုင်ငံ၊ သမိုင်းဝင်မြို့ စန်အာမြို့တွင် ရမ်ဿွာန်လမြတ်အားကြိုဆိုသည့် ကလေးငယ်များပွဲတော်၌ ရိုးရာဝတ်စုံ ဆင်ယင်ထားကြသော ယီမင်သမီးပျိုများ။

     

    5

    မနီလာတောင်ပိုင်း၊ မဟာလီကာရှိ IBN Khaldon Asian Integrated Institute အတွင်း ကျောင်းသားများကို ဦးဆောင်ဝတ်ပြုနေသည့် ဘာသာရေးလမ်းညွှန်ပုဂ္ဂိုလ် တစ်ဦး။ ရမ်ဿွာန်လမြတ်အား တန်ဖိုးထားသည့်အားဖြင့် ဖိလစ်ပိုင်မွတ်စ်လင်မ်များအကြား စည်းလုံးညီညွတ်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ ရှိကြစေရန် ဖိလစ်ပိုင်သမ္မတ ဘီနစ်နို အကီနို မှ တိုက်တွန်းလိုက်သည်။

    3

    ဇူလိုင် ၈ ရက်၊ ဂျကာတာမြို့ရှိ Al-Hidayah Basmol ဗလီဝတ်ကျောင်းခေါင်မိုးထိပ်တွင် ရမ်ဿွန်လမြတ်အား သတ်မှတ်နိုင်ရန် ဆန်းစလကိုကြည့်ဖို့ပြင်ဆင်နေကြသည့် အင်ဒိုနီးရှားမွတ်စ်လင်မ်အမျိုးသားများ။ ဆန်းစလတွေ့မြင်မှု အပေါ်မူတည်၍ လမြတ်ဝင်ရောက်ခြင်းရှိမရှိကို သတ်မှတ်ကြသည်။

    2

    ရမ်ဿွာန်ဥပုသ်လမြတ်စတင်ဝင်ရောက်သည့် ပထမဆုံးညဥ့်အထိမ်းအမှတ်အဖြစ် “ သရာဝီးဟ် ” ဟုခေါ်ဆိုသော ညဥ့်ပိုင်းဝတ်ပြုမှုတစ်ခုအား ဆောင်ရွက်နေသော အမျိုးသားတစ်ဦးကို အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း၊ ဒင်ပါဆာ Denpaasar ရှိ ဗလီတစ်ခုတွင် ဇူလိုင် ၉ ရက်နေ့က တွေ့ရစဉ်။ (အစ္စလာမ်ဘာသာ၏ နေ့ရက်သတ်မှတ်မှုတွင် ညဥ့် ဦးစွာလာသည်)။ အစ္စလာမ့်ပြက္ခဒိန်မှ အမြင့်မြတ်ဆုံးလတစ်လလုံးအတွင်း မွတ်စ်လင်မ်တို့သည် နံနက်အရုဏ်ချိန်မှ ညနေ နေ၀င်ဆည်းဆာချိန်အထိ စားသောက်ခြင်း၊ မေထုန်မှီဝဲခြင်းတို့မှ ရှောင်ကြဉ်ကြသည်။

    6

    ဇူလိုင် ၈ ရက်၊ ဂျကာတာမြို့ရှိ Al-Hidayah Basmol ဗလီဝတ်ကျောင်းခေါင်မိုးထိပ်တွင် ရမ်ဿွန်လမြတ်အား သတ်မှတ်နိုင်ရန် ဆန်းစလကိုကြည့်ဖို့ပြင်ဆင်နေကြသည့် အင်ဒိုနီးရှားမွတ်စ်လင်မ်အမျိုးသားများ။ 7

    ရှေးဟောင်းသမိုင်းဝင်မြို့တော် ဂျေရုဆလင် ရှိ Dome of the Rock ၀တ်ကျောင်းအနီး နံရံကပ်မီးအား ပြင်ဆင်နေသော ပါလက်စတိုင်း လုပ်သားတစ်ဦး။

    8

    ဘရူနိုင်းနိုင်ငံ၊ အစ္စလာမ်ဘာသာရေးတာဝန်ရှိသူများမှ ဘန်ဒါဆရီဘီဘာဝန်တွင် ရုက်ယဟ် (ရမ်ဿွာန်၏ ဆန်းစလအား စောင့်ကြည့်ခြင်း)ကို ဆောင်ရွက်နေကြစဉ်။ စန္ဒမာသပြက္ခဒိန်၏န၀မမြောက်လ ဖြစ်သော ရမ်ဿွာန်လ စတင်ခြင်းကို အတည်ပြုနိုင်ရန်အတွက် ဆည်းဆာညဥ့်ဦးချိန်တွင် မွတ်စ်လင်မ်တို့မှ ကောင်းကင်တစ်ခွင်ကို (ဆန်းစလ ရှာဖွေရန်) လှည့်လည်ကြည့် ရှုလေ့ရှိသည်။

    9

    ရှေးဟောင်းသမိုင်းဝင်မြို့တော် ဂျေရုဆလင် ရှိ Dome of the Rock (အလ် အတ်က်ဆွာ) ၀တ်ကျောင်း၏ ၀င်လမ်းအခင်းအကျင်းကို ပြင်ဆင်နေသော ပါလက်စတိုင်းအမျိုးသား တစ်ဦး။

    10

    ပါကစ္စတန်နိုင်ငံ၊ ပက်ရှဝါတွင် ရမ်ဿွာန်လမြတ်အကြို ဗလီဝတ်ကျောင်းကြမ်းပြင်အား သန့်ရှင်းရေး ပြုလုပ်နေသည့် ပါကစ္စတန်ကလေးတစ်ဦး။

    11

    ရမ်ဿွာန်လမြတ်မတိုင်မီ အကြိုနေ့၊ ဆွေမျိုးသားချင်း၏သင်္ချိုင်း၌ ကျမ်းမြတ်ကုရ်အာန်ဖတ်ရွတ်ကုသိုလ်ပို့နေသည့် မိသားစု။ ဤလမြတ်မတိုင်မီ နှင့် ပြီးဆုံးကာနီးတွင် အင်ဒိုနီးရှားမွတ်စ်လင်မ်တို့သည် မိမိတို့၏ဆွေမျိုးသားချင်းသင်္ချိုင်းများထံ သွားရောက်ကြသည်မှာ ထုံးတမ်းစဉ်လာတစ်ရပ်ဖြစ်သည်

    12

    ပါကစ္စတန်၊ ပက်ရှဝါမြို့လမ်းဘေးတစ်နေရာ၌ စွန်ပလွံသီး ရောင်းချနေသူ။ စွန်ပလွံသီးဖြင့် ၀ါဖြေစားသောက်ခြင်း သည် တမန်တော် မုဟမ္မဒ်(ငြိမ်းချမ်းမင်္ဂလာသက်ရောက်စေသား)၏ ဓလေ့တော် တစ်ရပ်ဖြစ်သည်။

    13

    ဇူလိုင် ၈ ရက်၊ ကဘူးလ်မြို့ အိမ်တွင်းမှုလုပ်ငန်းတစ်ခုတွင် ချိုမြိန်စားဖွယ်များကို ပြင်ဆင်လုပ်ကိုင်နေသည့် အမျိုးသားတစ်ဦး။

    14

     

    အာဖဂန်နစ္စတန်၊ ဟီရတ်ရှိ ရိုးရာ ဂျလေဗီ အိမ်တွင်းမှုအလုပ်ရုံမှ အချိုမုန့်သွားရေစာများအား သယ်ယူနေသည့် လုပ်သားတစ်ဦး။

    15

    ဆူဒန်နိုင်ငံ၊ ခါတွန်မ်မြို့ဈေးတစ်ခု၌ ရမ်ဿွာန်ဈေးဆိုင်ခင်းကျင်းပေးနေသော ဆူဒန်ကလေးငယ်တစ်ဦး။

    16

    ပါကစ္စတန်၊ ပက်ရှဝါမြို့တွင် ၀တ်ပြုအဆင်အယင်ဦးထုပ်ကို ဆောင်းကြည့်နေသူအား ဈေးသည်မှ မှန်ထောင်ပြပေးနေပုံ။

    17

    ပါကစ္စတန်၊ ပက်ရှဝါမြို့တွင် ဆိုင်တစ်ဆိုင်မှ စိပ်ပုတီးများရောင်းချနေသည့် ဈေးသည်။

    18

    ရာနှင့်ချီသော အရက်သေစာများ၊ ညစ်ညမ်းစာစောင်နှင့် တရားမ၀င်ဒီဗီဒီခွေများကို ဂျကာတာ ရဲဌာနအတွင်း လမ်းကြိတ်စက်ဖြင့် ဖျက်ဆီးနေစဉ်။ ရမ်ဿွာန်အတွက်ပြင်ဆင်မှုအနေဖြင့် အင်ဒိုနီးရှားမြို့တော်ရှိ နေရာအချို့၌ အာဏာပိုင်များမှ ရှောင်တခင်ဖမ်းဆီးသိမ်းယူခဲ့ခြင်းဖြစ်သည်။

    19

    ရာနှင့်ချီသော အရက်သေစာများ၊ ညစ်ညမ်းစာစောင်နှင့် တရားမ၀င်ဒီဗီဒီခွေများကို ဂျကာတာ ရဲဌာနအတွင်း လမ်းကြိတ်စက်ဖြင့် ဖျက်ဆီးနေစဉ်။ ရမ်ဿွာန်အတွက်ပြင်ဆင်မှုအနေဖြင့် အင်ဒိုနီးရှားမြို့တော်ရှိ နေရာအချို့၌ အာဏာပိုင်များမှ ရှောင်တခင်ဖမ်းဆီးသိမ်းယူခဲ့ခြင်းဖြစ်သည်။

    20

    အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှ Istiqlal ကျောင်းတော်တွင် ရမဿွာန် ပထမဆုံးည၌ မွတ်စလင်မ်အမျိုးသမီးများ ဝတ်ပြုနေကြစဉ်

    21

    တူရကီအစိုးရ ဆန့််ကျင်ဆန္ဒပြသူများ ရမဿွန်ပထမဆုံး ဥပုတ်ထွက် စားသောက်နေကြစဉ် (ဇူလိုင်-၉ အီစတန်ဘူ)

    22
    အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို၇ှိ ဗလီဝတ်ကျောင်းတော်တခုအတွင်း မွတ်စလင်မ် အမျိုးသားတစ်ဦး ဝတ်ပြုဆုတောင်းနေစဉ်

    23
    အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို၇ှိ ဗလီဝတ်ကျောင်းတော်တခုအတွင်း မွတ်စလင်မ် အမျိုးသားတစ်ဦး ဝတ်ပြုဆုတောင်းနေစဉ်

  • ရမဿွာန် (ဥပုတ်လ)နဲ့ပတ်သက်ပြီး မြန်မာ မွတ်စလင်မ် လူကြီးတချို့အား ဆက်သွယ်မေးမြန်းချက်

    ဇူလိုင် ၁၀၊ ၂၀၁၃
    M-Media
    မေးမြန်းသူ – ဆူးထက်၊ အိမေ၊

    မြန်မာမွတ်စလင်မ်များနှင့် ၂၀၁၃ ရမဿွန်(ဥပုတ်လ)နဲ့ ပတ်သက်ပြီး  မွတ်စလင်မ် လူကြီးတချို့အား ဆက်သွယ်မေးမြန်းချက်

    မြန်မာနိုင်ငံမှာ ကျရောက်တော့မယ့် ရမဿွာန်လမြတ်မှာ မွတ်စလင်မ်တွေအနေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး မွတ်စလင်မ်လူကြီးများကို M-Media မှ ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

    ဆရာဂျာဝိဒ်သန်း(စာရေးဆရာ)

    OLYMPUS DIGITAL CAMERA
    M-Media  –  ရမဿွာန်မှာ ပြည်တွင်းရှိ မွတ်စလင်တွေအတွက် လုံခြုံရေးအခြေအနေ ဘယ်လိုထင်ပါလဲ။
    ဆရာဂျာဝိဒ်သန်း  –  မွတ်စလင်တွေနည်းပါးတဲ့ ဗလီတစ်ခုကို လုံခြုံရေးအတွက် နာမည်မှည့်တဲ့နေရာမှာ “ဆုတောင်းပြည့်ဝတ်ကျောင်းတော်” လို့ဆိုပြီး ဆရာကြီးဃာဇီဟာရှင်မ် တို့ကမှည့်ခေါ်ခဲ့ပါတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ ဘာသာခြားညီနောင်တွေဟာဆိုရင် ဒီကျင့်စဉ်ကျင့်ရပ်တွေနဲ့ ပတ်သက်ပြီး နှောင့်ယှက်ပေးဖို့ဝန်လေးကြမှာပါ။ ဘာသာတရားရဲ့ ကောင်းတဲ့လုပ်ဆောင်ချက်မှာ အနှောင့်အယှက်ပေးရင် တန်ပြန်ထိခိုက်မှာ ကြောက်ကြပါတယ်။ ဒါကြောင့် ရမဿွာန်လမှာ ဘာမှမဖြစ်ပါဘူးလို့ မျှော်လင့်ပါတယ်။

    M-Media  –  ရမဿွာန်လမှာ ပြည်တွင်းမှာရှိတဲ့ မွတ်စလင် တွေအတွက် လုံခြုံရေးကို ဘယ်လိုပြင်ဆင်ထားသင့်ပါသလဲ။
    ဆရာဂျာဝိဒ်သန်း  –  တရာဝီနဲ့ပတ်သတ်ပြီး စူရာဟ်အတိုလေးတွေ ဖတ်လို့ရပါတယ်။ ရကအသ် ၁၆-၁၈-၂၀ ရကအသ်တွေဖတ်လို့ရပါတယ်။ အဲလို ဖတ်လိုက်ရင် မိုးမချုပ်ခင် မိမိနေထိုင်ရာအိမ်ကို ပြန်ရောက်ပါတယ်။

    M-Media  –  ပြည်တွင်းမှာရှိတဲ့ မွတ်စလင်တွေ ဆောင်ရန်/ရှောင်ရန်လေးတွေ ဖြည့်စွက်ပြောကြားပေးပါ။
    ဆရာဂျာဝိဒ်သန်း  –  ဆောင်ရမယ့်ဟာတွေက မိမိတို့အိမ်မှာချက်ပြုတ်ရင် ပတ်ဝန်းကျင်က ညီနောင်တွေကို အစားအသောက်တွေ မျှဝေပေးရမယ်။
    ရှောင်ရမယ့်ဟာကတော့ မိမိကျင့်စဉ်တွေနဲ့ပတ်သတ်ပြီး ပတ်ဝန်းကျင်ကို အနှောင့်အယှက် မဖြစ်ရဘူး။
    ဘာသာခြားတွေနဲ့လည်းအတတ်နိုင်ဆုံး ချစ်ခင်ရင်းနှီးကို ရှာရမယ်။ အကောင်းဆုံးလုပ်သင့်တာကတော့ –
    (၁)  ဆင်းရဲသားရပ်ကွက်တွေမှာ မွတ်စလင် အခမဲ့ ဆေးပေးခန်းဆိုပြီးဖွင့်သင့်တယ်။
    (၂)  ဆင်းရဲသားဈေးသည်တွေကိုလည်း အတိုးမဲ့ငွေချေးသင့်ပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် ပတ်ဝန်းကျင်မှာရှိတဲ့ ညီနောင်တွေရဲ့ချစ်ခင်မှုကိုရနိုင်ပါတယ်။

    = = = = = = = = = = = = = =

    ဦးကိုနီ (တရားရုံးချုပ်ရှေ့နေ)

    OLYMPUS DIGITAL CAMERA
    M-Media  –  ဥပုသ်လမှာ ပြည်တွင်းမှာ ရှိတဲ့ မွတ်စလင်မ်တွေ အတွက် လုံခြုံရေး အခြေအနေ ဘယ်လို ထင်ပါသလဲ။
    ဦးကိုနီ  –  ဥပုသ် သီလဆောက်တည်တဲ့ အချိန်မှာ ပြည်တွင်းမှာ ရှိတဲ့ မွတ်စလင်မ်များရဲ့ လုံခြုံရေးက လုံးဝ အစိုးရပေါ်မှာ မူတည်ပါတယ်။ နိုင်ငံတစ်နိုင်ငံ အတွင်းမှာနေထိုင်တဲ့ ပြည်သူတွေ အားလုံးရဲ့ လုံခြုံမှုကို တာဝန်ယူပေးထားတာက အစိုးရ ဖြစ်တယ်။ အစိုးရ အဖွဲ့ထဲမှာမှ ပြည်ထဲရေး ၀န်ကြီးဌာန ဖြစ်ပါတယ်။ ဥပုသ်လမှာ မွတ်စလင်မ်တွေ လုံခြုံစိတ်ချစွာနဲ့ ဥပုသ်သီလ ဆောက်တည်နိုင်ဖို့ အတွက်ကို ပြည်ထဲရေး ၀န်ကြီးဌာနက တာဝန်ယူပေးဖို့ လိုပါတယ်။

    M-Media  –  ဥပုသ်လမှာ မွတ်စလင်တွေ အတွက် (ဥပမာ သရာဝီ ဆွလာသ်) ဖတ်ဖို့ လုံခြုံရေး အတွက် ဘယ်လိုများ ပြင်ဆင် ထားသင့်ပါသလဲ။
    ဦးကိုနီ  –  အစ္စလာမ် ဘာသာဝင်တွေ ဥပုသ်လမှာ ဥပုသ်သီလ ဆောက်တည်ခြင်း၊ ဘုရားဝတ်ပြုခြင်း အစစအရာရာ လုံခြုံဘေးကင်းစွာနဲ့ ဆောင်ရွက်နိုင်အောင် ဒီတိုင်းပြည်ရဲ့ နိုင်ငံတော် အာဏာကို ရယူထားတဲ့ အာဏာပိုင် အဖွဲ့အစည်းတွေ အားလုံးက တာဝန်ယူ ဆောင်ရွက်ဖို့ တာဝန်ရှိပါတယ်။
    ဘာကြောင့်လည်း ဆိုတော့ မြန်မာနိုင်ငံမှာ အစ္စလာမ် ဘာသာဟာ တရားဝင် တည်ရှိတဲ့ ဘာသာလို့ ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံ အခြေခံမှာ အသိအမှတ် ပြုထားပါတယ်။ ဒီအကြောင်းကြောင့် တရားဝင်တည်ရှိနေတဲ့ ဘာသာတစ်ရပ် ဖြစ်တယ်။ အဲဒီ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၅၄-ဃ မှာ ဘာသာရေးဆိုင်ရာ ဆောင်ရွက်စရာ ရှိသည်များကို လွတ်လွတ်လပ်လပ် ဆောင်ရွက် နိုင်ပါသည် ဟုရေးသားထားပါတယ်။ ဒါကြောင့် ဥပုသ်သီလ ဆောက်တည်ခြင်း၊ ဗလီ သွားပြီး ၀တ်ပြု ဆုတောင်းခြင်း ဒါတွေ အားလုံးကို လွတ်လွတ်လပ်လပ်နဲ့ လုံလုံခြုံခြုံ စိတ်အေးချမ်းသာစွာ ၀တ်ပြုနိုင်ရန်အတွက် နိုင်ငံတော် အုပ်ချုပ်ရေး အပိုင်းကို တာဝန်ယူထားတဲ့ အစိုးရအဖွဲ့အစည်းမှ ဆောင်ရွက်ပေးနိုင်ပါတယ်။

    M-Media  –  ပြည်တွင်းက မွတ်စလင်မ်တွေ အတွက် ဆောင်ရန်၊ ရှောင်ရန် ကိစ္စလေးတွေကို ဖြည့်စွက် ပြောကြားပေးပါ။
    ဦးကိုနီ  –  မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ ဗမာမွတ်စလင်မ်တွေဟာ လူနည်းစု ဖြစ်တယ်။ လူအများစုဖြစ်တဲ့ ဘာသာဝင်တွေနဲ့ သင့်သင့်မြတ်မြတ် နေထိုင်ခဲ့ကြတဲ့ သမိုင်းကို မမေ့ဘဲနဲ့ ထပ်ပြီးတော့ သင့်သင့်မြတ်မြတ် နေထိုင်နိုင်သွားအောင် အတတ်နိုင်ဆုံး သည်းခံပြီးတော့ မိမိတို့ လူနည်းစု အပေါ်၊ လူအများစုက နားလည်လာအောင် ကြိုးစားနေထိုင် ဿွားကြပါလို့ ပြောချင်ပါတယ်။ တကယ်တော့ လူအများစုက လူအနည်းစုကို ကာကွယ်ပေးဖို့ တာဝန်ရှိပါတယ်။ ဒါဟာ အခြေခံ သဘောတရားပါ။
    အစ္စလာမ် ဘာသာဝင်တွေ အနေနဲ့ ရှောင်ရန်ကတော့ ကိုယ့်ဘာသာသာသနာ ကိစ္စကို ကိုယ်လုပ်ပါ။ ကိစ္စမရှိပါဘူး။ တစ်ချိန်တည်းမှာ သတိထားဖို့က ကိုယ့်လုပ်ရပ်တွေက သူများကို မထိခိုက်စေဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ကိုယ့်ဘာသာ သာသနာကို ကိုယ်လုပ်နေတာ မှန်သော်လည်း တစ်ချိန်တည်းမှာ သူများကို စိတ်အနှောက်အယှက်ဖြစ်စေတဲ့ အခါမျိုးလည်း ဖြစ်တတ်တယ်။ အဲဒါမျိုးတွေလည်း မဖြစ်အောင် တတ်နိုင်သမျှ သတိထားပါ။ သို့သော်လည်း ကိုယ့်ရဲ့ ထုံးတမ်းစဉ်လာ၊ ယဉ်ကျေးမှု အတိုင်း လုပ်စရာ ရှိတာကို လုပ်ပါ။ ကိုယ့်ကြောင့် သူများ စိတ်အနှောက်အယှက်ဖြစ်စေတာမျိုး မဖြစ်ပါစေနဲ့။ ဒါကတော့ အားလုံးသော ဘာသာတရားတိုင်းမှာ တာဝန်ရှိတယ်။ ဘယ်ဘာသာမဆို ကိုယ်ယုံကြည်ရာ ကိုယ်လုပ်နိုင်တယ်။ ဒါပေမယ့်လို့ သူများကိုတော့ မထိခိုက်ရဘူးပေါ့လေ။ အဲဒီ့ အခြေခံသဘောတရားလေးကို မမေ့ကြပါနဲ့။

    = = = = = = = = = = = = = =

    ဦးအောင်တင် (ကနေဒါ-မြန်မာဒီမိုကရေစီအရေးလုပ်ရှားသူ)

    M-Media  –  ဥပုသ်လမှာ ပြည်တွင်းမှာ ရှိတဲ့ မွတ်စလင်မ်တွေ အတွက် လုံခြုံရေး အခြေအနေ ဘယ်လို ထင်ပါသလဲ။
    ဦးအောင်တင်  –  မြန်မာ့သမိုင်းမှာ မြန်မာမွတ်စလင်မ်ဆန့်ကျင်ရေး အမြင့်ဆုံးဖြစ်နေတဲ့ ယနေ့ကာလမျိုးမှာ မွတ်စလင်မ်ဆန့်ကျင်ရေး လှုံ့ဆော်မှုတွေ၊ လှုပ်ရှားမှုတွေကို ထိထိရောက်ရောက် တားဆီးတာ၊ အစွန်းရောက် ရာဇဝတ်မှုကျူးလွန်သူတွေကို တားဆီးဟန့်တားတဲ့ အပြစ်ဒဏ်ပေးတာတွေကို နိုင်ငံတော်အစိုးရက လုပ်ဆောင်ခြင်း မရှိသေးတာကို တွေ့ရှိနေရဆဲဖြစ်သဖြင့် မွတ်စလင်မ်တွေရဲ့ လုံခြုံရေးက အထူးစိုးရိမ်နေရဆဲဖြစ်တယ်။

    M-Media  –  ဥပုတ်လမှာ မွတ်စလင်တွေအတွက် (ဥပမာ သရာဝီ ဆွလာသ်) ဖတ်ဖို့ လုံခြုံရေး အတွက် ဘယ်လိုများ ပြင်ဆင် ထားးသင့်ပါသလဲ။
    ဦးအောင်တင်  –  မွတ်စလင်တွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေ အားလုံးကို ပြန်လည်သုံးသပ်မယ်ဆိုရင် လူ့အဖွဲ့အစည်းတိုင်းမှာ သာမန်အားဖြင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ မတော်တဆမှု (သို့မဟုတ်) အမှုအခင်းတစ်ခုကို အဆင်သင့်ပြင် စောင့်ဆိုင်းနေတဲ့ အဖျက်အင်အားစုက အစိုးရလုပ်သူများရဲ့ မသိကျိုးကျွပြုမှုအပေါ် အခွင့်ကောင်းယူပြီး စနစ်တကျ ရက်ရက်စက်စက် အကြမ်းဖက်ဿွားနေတာကိုချည်း တွေ့နေရတယ်။ မတော်တဆမှု၊ အမှုအခင်းတစ်ခုဆိုတာ နေရာတိုင်း၊ အချိန်တိုင်းမှာ ဖြစ်တတ်တာမို့ လုံခြုံရေးအရ စိတ်မချရသော နေရာဒေသတိုင်းမှာ သရာဝီနှင့် ဖဂျရ်ကို သာသနာ့ပညာရှင်များ၏ လမ်းညွှန်ချက်အတိုင်း လိုက်နာဆောင်ရွက်သင့်တယ်။ မြန်မာမွတ်စလင်မ်တွေရဲ့ အသက်အိုးအိမ် လုံခြုံရေးကို အထိအခိုက် မခံသင့်ကြဘူး။

    M-Media  –  ပြည်တွင်းက မြန်မာမွတ်စလင်မ်တွေ အတွက် ဆောင်ရန်၊ ရှောင်ရန် ကိစ္စလေးတွေကို ဖြည့်စွက် ပြောကြားပေးပါ။
    ဦးအောင်တင်  –  ဒါတွေကတော့ ပြောမယ်ဆိုရင် များလှတယ်။ စဉ်းစားမိသလောက်ပြောမယ်။
    ၁။ ခုလိုအခြေအနေမျိုးမှာ လမ်းပေါ်က အထိမ်းအကွပ်မဲ့တဲ လူစုလူဝေးတွေ၊ လမ်းပေါ်က ပျော်ပွဲရွှင်ပွဲတွေကို တတ်နိုင်သလောက် ရှောင်ပါ။
    ၂။ မိမိရပ်ကွက်၊ မိမိလမ်း၊ မိမိအလုပ်ခွင်မှာ ဘာသာပေါင်းစုံနဲ့ ရင်းနှီးမှုကို တည်ဆောက်ပါ။ တစ်ချို့တွေက အခွင့်အရေးယူတာ၊ ကိုယ့်ကို အပေါ်စီးက ဆက်ဆံတာတွေကိုလည်း အညံ့ခံတဲ့သဘောလည်း မဟုတ်ဘဲ စိတ်ရှည်ရှည်ထားပေးပါ။
    ၃။ ဘာသာခြားများရဲ့ လူမှုရေး၊ သာရေး နာရေးတွေမှာ ပါဝင်ပါ။ ဟန်ဆောင်ပန်ဆောင် မဟုတ်ဘဲ စိတ်ပါလက်ပါ ကူညီပါ။ မိမိနေထိုင်တဲ့ လူ့အဖွဲ့အစည်းက မိမိကို လိုအပ်နေ၊ ကြိုဆိုနေအောင် နေထိုင်ပြုမူပါ။
    ၄။ မိမိက တတ်နိုင်သော်လည်း ပတ်ဝန်းကျင်က မနာလိုဖြစ်အောင် ကြွားကြွား လွှားလွှား မနေကြပါနဲ့။
    ၅။ ကိုယ်နေတဲ့ လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုနဲု့လိုက်လျောညီထွေစွာ ပြုမူ နေထိုင် ဝတ်စားဆင်ယင်နိုင်အောင် ကြိုးစားပါ။
    ၆။ မွတ်စလင်မ်ဆိုတာ လူ့အဖွဲ့အစည်းမှာ တန်ဖိုးရှိတဲ့၊ လူမျိုး ဘာသာမရွေး လူသားတိုင်းကို ကူညီစာနာတတ်တဲ့၊ အကျင့်စာရိတ္တအားဖြင့် ခိုင်ကျည်တဲ့၊ ရည်မွန် ယဉ်ကျေးတဲ့၊ လူရည်လူသွေး မြင့်မားတဲ့၊ လေးစားလောက်တဲ့ လူတွေကို ခေါ်တယ်ဆိုတာကို မြင်လာအောင် ကြိုးစားကြပါ။ ဒါမှသာ ကျနော်တို့ဟာ ကမ္ဘာမြေပေါ်မှာ အလ္လာဟ်အရှင်မြတ်ရဲ့ စစ်မှန်သော ကိုယ်စားလှယ်များဖြစ်ကြမယ်။

  • သံတွဲမြို့အနီး ရွာများတွင် မွတ်စလင်မ်ပိုင်အိမ်ရာ ပစ္စည်းများအား ဖျက်ဆီး လုယက်မှုများရှိနေ

    ဇူလိုင် ၁၀၊ ၂၀၁၃
    M-Media
    ထွန်းတောက်

    သံတွဲ ။ ။ ရခိုင်ပြည်နယ် သံတွဲမြို့အနီး ရွှေကျောင်းပြင်ရွာတွင် မွတ်စလင်မ်ပိုင် လယ်တောရှိ တဲကို မီးရှို့ဖျက်ဆီးပြီး မွေးမြူထားသော ဆိတ်နှင့် ကြက်များကို လုယက်မှုတစ်ခု ယမန်နေ့ညပိုင်းက ရွှေကျောင်းပြင်ရွာ သမင်ကန်တွင်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

    TanDwe

    သမင်ကန်သည် ရွှေကျောင်းပြင်ရွာမှ မိုင်ဝက်ခန့်သာ ဝေးကွာသောနေရာဖြစ်ပြီး လယ်ယာလုပ်ငန်း လုပ်ကိုင်ကြသောနေရာလည်းဖြစ်သည်။ ရွှေလောင်းပြင်ရွာသူ မငယ်ပိုင်ဆိုင်သောလယ်ထဲရှိ တဲအား မီးရှို့ဖျက်ဆီးပြီး မွေးမြူထားသော ဆိတ်နှင့် ကြက်များကို လုယက်ယူဆောင်သွားကြောင်း၊ လုယက်ယူဆောင်သွားသူများအား လယ်တောစောင့်သူများ သိမြင်လိုက်သော်လည်း ယခုထိ မည်သို့မျှ အရေးယူမှု မရှိသေးကြောင်းသိရသည်။

    ရွှေကျောင်းပြင်ရွာတွင် ဗလီတစ်လုံးရှိပြီး အာရဗီဘာသာရေး စာသင်ကျောင်း သီးသန့်မရှိဘဲ မွတ်စလင်မ်အိမ်ခြေ ၂၀၀-ခန့်ရှိပါသည်။

    ယခုအခါ သံတွဲမြို့အနီးတ၀ိုက် ရွာများနှင့် မွတ်စလင်မ်ရွာများတွင် မွတ်စလင်မ်များ၏ အိုးအိမ်စည်းစိမ်များ လုံခြုံရေးအထူး လိုအပ်နေကြောင်းလည်းသိရသည်။ ဂွမြို့နှင့် သံတွဲမြို့ကြားရှိ ရွာများတွင်လည်း ယခင်က တည်ငြိမ်အေးချမ်းမှုများအား မတည်ငြိမ်မှုများဖြစ်ပေါ်စေရန် ၀ါဒဖြန့် လုပ်ဆောင်မှုများ ရှိလာနေသည့်အတွက် ဒေသခံမွတ်စလင်မ်များအနေနှင့် ထိုကဲ့သို့ မတည်ငြိမ်မှုများ ဖြစ်ပေါ်လာမည်ကိုလည်း အထူးစိုးရိမ်လျက်ရှိနေကြောင်းလည်း သိရသည်။

    ရခိုင်ပြည်နယ် သံတွဲမြို့တွင် ရခိုင် အမျိုးသမီးငယ်တစ်ဦးအား မွတ်စလင်မ် ၂-ယောက်မှ မုဒိမ်းကျင့်သည်ဟု သတင်းများ ထုတ်လွှင့်ပြီး အကြမ်းဖက်မီးရှို့မှုလုပ်ရပ်များ ဖြင့် လက်တုံ့ပြန်ခဲ့ကြသည်။

    သံတွဲမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် ဇူလိုင် ၁ရက်နေ့ထိ စာရင်းများအရ လူနေအိမ် ၅-လုံး မီးရှို့ခံရပြီး အခြားလူနေအိမ် ၇-လုံး ဖျက်ဆီးခံရပါတယ်။ ကားဂိတ်တစ်ခု မီးရှို့ဖျက်ဆီးခံရပြီး ကား(၄)စီးလည်း ဖျက်ဆီးခံခဲ့ရတယ်လို့ သံတွဲမြို့ အကြမ်းဖက်မှုရဲ့ ပျက်ဆီးဆုံးရှုံးမှုများကိုလည်း သိရပါသည်။

  • တကျော့ပြန် တက်ဘုန်းကြီး (The Mad Monks of Myanmar)

    ဇူလိုင်-၉၊၂၀၁၃
    မူရင်းဆောင်းပါးThe Diplomat
    ဘာသာပြန်- မြင့်မိုရ်မောင်မောင်

    ယနေ့မြန်မာပြည်မှာ အရှိန်မြှင့်နေတဲ့ မွတ်စ်လင်မ်ဆန့်ကျင်ရေး ၉၆၉ လှုပ်ရှားမှုနဲ့ပတ်သက်ပြီး ဒီပလိုမက် thedipplomat.com အဖွဲ့က တိကျမှန်ကန်တဲ့ဓာတ်ပုံ အထောက်အထား တစ်ချို့ကို သုံးလို့ ဓာတ်ပုံဆောင်းပါး – photo essay တစ်ပုဒ် တင်ဆက်လိုက်ပါတယ်။

    ၉၆၉ လှုပ်ရှားမှုရဲ့ မီးမွှေးခြင်းကြောင့် မွတ်စ်လင်မ်ဆန့်ကျင်ရေးလှိုင်းဂယက် ကြီးထွားမြင့်တက်လာရတဲ့ တိုင်းပြည်ဟာ မြန်မာနိုင်ငံ ဖြစ်နေပါတယ်။ ဒီဂဏန်းနံပါတ်က ဗုဒ္ဓဘာသာရဲ့ရတနာသုံးပါးဖြစ်တဲ့ ရှင်တော်ဗုဒ္ဓရဲ့ ဂုဏ်တော် ၉ ပါး၊ ဓမ္မဂုဏ်တော် ၆ ပါး၊ သံဃာ့ဂုဏ်တော် ၉ ပါး ဆိုတဲ့ ဂုဏ်တော်ပေါင်း ၂၄ ပါးကို အခြေတည်ထားတယ်လို့ ဆိုကြတယ်။

    ဗုဒ္ဓဘာသာဝင်အများစုပါဝင်နေတဲ့ မြန်မာအမျိုးသားရေးဝါဒီတွေရဲ့ဖန်တီးမှုကြောင့် ဒီဂဏာန်းနံပါတ်က ဘာသာရေးအရ ခွဲခြားရာသင်္ကေတ အသွင်ဆောင်လာပါတယ်။ ချိုးနှိမ်ဆက်ဆံမှု နဲ့ အကြမ်းဖက်မှု နှစ်မျိုးလုံးဆီ ဦးတည်သွားစေခဲ့တယ်။ သမ္မတဦးသိန်းစိန်လက်အောက်ရှိ အစိုးရပင်လျှင် မွတ်စ်လင်မ်ဆန့်ကျင်ရေးအတွက် ရပ်တည်ပေးနေရော့သလားလို့ အငြင်းပွားစရာ ဆောင်ရွက်ချက်တွေရှိနေပါတယ်။ လူနည်းစုရိုဟင်ဂျာမွတ်စ်လင်မ်တွေကို နိုင်ငံကနေ ဖယ်ထုတ်လိုမှု ကနေ အဲ့ဒီလူမျိုးစုတစ်ရပ်တည်းအပေါ်မှာ ကလေးနှစ်ဦးသာယူစေတဲ့ လက်မခံချင်စရာမူဝါဒ ကိစ္စတွေအထိ ဖြစ်တယ်။

    တိုင်းပြည်ရဲ့ပင်မလမ်းကြောင်းထဲမှာ ဒီလှုပ်ရှားမှုကို လက်သိပ်ထိုးလက်ခံလာတာနဲ့အမျှ ဗုဒ္ဓဘာသာဝင်သံဃာတစ်ဦးဖြစ်တဲ့ အရှင်ဝီရသူဟာ ကျော်စောထင်ရှားလာပြီး၊ တရားမ၀င်နိုင်ငံ့ခေါင်းဆောင်နေရာကို တမဟုတ်ချင်း ရောက်လာပါတော့တယ်။ နီညိုရောင်သင်္ကန်းနဲ့ ဦးဝီရသူရဲ့ပုံဟာ ဇူလိုင်လထုတ် တိုင်းမ်မဂ္ဂဇင်းမျက်နှာဖုံးပေါ် “The Face of Buddhist Terror” စာသားနဲ့အတူ ဖော်ပြခံရတယ်။ ဒါကို မြန်မာပြည်က လူတော်တော်များများကို ဒေါသထွက်စေခဲ့တယ်။ တစ်ဆက်တည်းမှာဘဲ ဒီတိုင်းပြည်ထဲက ဘာသာရေးတင်းမာမှုတွေကို နိုင်ငံတကာက အာရုံထားနေကြောင်း သိမြင်သွားခဲ့ကြတယ်။

    004-inside969-443x295

    ဒီဆောင်းပါးမှာပါတဲ့ ပထမဆုံးဓာတ်ပုံဟာ နိုင်ငံတကာသတင်းခေါင်းကြီးပိုင်းရောက် ဦးဝီရသူကို မန္တလေးက သူ့ကျောင်းတိုက်မှာ ထောက်ခံသူများက ကြိုဆိုနေကြတဲ့ပုံပါ။ သူဟာ လူမှုကွန်ရက်တွေအပေါ် ၉၆၉ လှုပ်ရှားမှုကို ထင်ထင်ရှားရှား မြှင့်တင်သူဖြစ်လို့ “မြန်မာဘင်လာဒင်” ဆိုပြီး အဖန်တလဲလဲ ဖော်ပြခံရသူ ဖြစ်တယ်။ ၉၆၉ နံပါတ်ကို နိုင်ငံတစ်ဝှန်းက လမ်း၊ အငှားယာဉ်၊ ဆိုင်ခန်းအ၀င်ဝ နဲ့ ကွမ်းယာဆိုင် အစရှိတဲ့ နေရာတိုင်းမှာ တွေ့နိုင်ပါတယ်။ ဂဏာန်းနံပါတ်တွေအပေါ် အစွဲကြီးလှတဲ့နိုင်ငံမှာ ဗုဒ္ဓ၀ါဒ နဲ့ ဗုဒ္ဓသွန်သင်မှုကို ပြန်လည်ဖော်ဆောင်ရေး ဆိုပြီး ဒီနံပါတ်နဲ့ ကိုယ်စားပြုဖော်ဆောင်လိုက်တာလို့ ဆိုကြတယ်။ ဒါပေမယ့် လက်တွေ့မှာကျတော့ လူတွေကို ဦးနှောက်ဆေးကြောပြီး ဘာသာရေးအာဃာတ နဲ့ အစွန်းရောက်မှုဖြစ်အောင် မောင်းနှင်နေတဲ့ ယန္တရားတစ်ခုသာ ဖြစ်တဲ့အတွက် ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချမှု ခံရခြင်း ဖြစ်တယ်။
    006-inside969-
    “ တကယ်လို့ မြန်မာတွေအနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနေလိုရင် ဗုဒ္ဓဘာသာဝင်တွေနဲ့မွတ်စ်လင်မ်တွေကို သီးသန့်စီ နေခိုင်းမှရမယ် ” လို့ ကျွန်တော်တို့ သတင်းဌာနကို ဦးဝီရသူက ပြောခဲ့ပါတယ်။ သင်္ကန်းခြုံထားတဲ့သံဃာ ဦးဝီရသူကို ရှေးဟောင်းမင်းနေပြည်တော် မန္တလေးမြို့က သူ့ရဲ့ မစိုးရိမ်ကျောင်းတိုက်မှာ ကျွန်တော်တို့ တွေ့ဆုံစဉ်က သူဟာ စာမေးပွဲတစ်ခုကို ကြီးကြပ်နေချိန် ဖြစ်တယ်။

    သူ့ရဲ့ရုံးခန်းဧည့်ဆောင်နံရံပေါ်မှာ သူ့ရဲ့ဧရာမပုံတူပန်းချီကားကို ချိတ်ဆွဲထားတယ်။ အပြင်ဖက်မှာတော့ ထိုင်းနိုင်ငံ တောင်ပိုင်း ဒေသ နှင့် – မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ် (လူမျိုးရှင်းလင်းရေးလုပ်ခံနေရတဲ့ လူနည်းစုရိုဟင်ဂျာမွတ်စ်လင်မ်နေထိုင်ရာ ဒေသ) က  ဗုဒ္ဓဘာသာဝင်တွေ ရဲ့ လောင်ကျွမ်းထားတဲ့ ရုပ်အလောင်းပုံကို ဖော်ပြထားတဲ့ ပလပ်စတစ်ကားချပ်တွေကို တွေ့ရပါတယ်။

    နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ အဲ့ဒီသံဃာတော်ဟာ သူ့အသက် ၄၆ နှစ်ထက်ကို အရွယ်တင်နုပျိုနေပါတယ်။ သူက အေးတိအေးစက် လေပြည်လေးနဲ့ဒီလိုဆိုပါတယ် “ မွတ်စ်လင်မ်တွေက ပင်ကိုယ်အားဖြင့် ဆိုးသွမ်းကြတယ်။ သတ္တ၀ါတွေကို သတ်ဖြတ်ဖို့ (တမန်တော်)မုဟမ္မဒ်က သူတို့အပေါ် ညွှန်ကြားထားတယ်လေ။ အစ္စလာမ်ဆိုတာ သူခိုးတွေရဲ့ ဘာသာဖြစ်တယ်။ သူတို့ဟာ ငြိမ်းချမ်းရေးကို မလိုလားကြဘူး ”။

    သူ့ရဲ့မတည်ငြိမ်တဲ့ ပရမ်းပတာလူမျိုးကြီးစကားတွေက YouTube နဲ့ အင်တာနက်လူမှုကွန်ယက်တွေပေါ်မှာ အလွန်ပဲ ပျံနှံ့နေပါတယ်။ လူထောင်ပေါင်းများစွာ ကလည်း တွေ့မြင်ကြည့်ရှုထားကြပြီးဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်က မွတ်စ်လင်မ် ဆန့်ကျင်ရေး အမုန်းတရားလှုံ့ဆော်ချက်အတွက် သူဟာ ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံရတယ်။ ၂၀၁၀ ခုနှစ် နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးစဉ် အတူရောပြီး လွတ်မြောက်လာခဲ့တယ်။ ၂၀၁၁ ခုနှစ်၊ မတ်လကစလို့ အာဏာရလာတဲ့ စစ်တပ်တစ်ပိုင်းအရပ်သားတစ်ပိုင်းအစိုးရက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို အများအသိအမှတ်ပြုအောင် ဆောင်ရွက်ခဲ့တယ်။ အဲ့ဒီဖော်ဆောင်မှုတွေထဲက လွတ်လပ်စွာ သွားလာပြောဆိုခွင့်နဲ့အတူ ဦးဝီရသူက ပြန်လည်ခေါင်းထောင်လာခဲ့တယ်။

    010-inside969
    မန္တလေးမြို့ ဂျွန်းဗလီတွင် အစ္စလာမ်ဘာသာရေးစာသင်ကြားနေသော မွတ်စလင်မ် ကလေးငယ်များ

    မြန်မာနိုင်ငံရဲ့တရားဝင်ထုတ်ပြန်ချက်အရ နိုင်ငံ့လူဦးရေ ၅၅ သန်းမှာ အစ္စလာမ်ဘာသာဝင်များက ၄ ရာခိုင်နှုန်းသာ ရှိတယ်တဲ့။ ဒါပေမယ့် ၉၆၉ အဖွဲ့သားများစွာကတော့ ၂၄ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ ဆိုကြတဲ့အခါ မခန့်မှန်းတတ်အောင် ဖြစ်သွားရတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတကာက အစ္စလာမ်နိုင်ငံများရဲ့ လျှို့ဝှက်ကြံစည်မှု သားကောင်ဘ၀ ရောက်နေရပါတယ်ဆိုပြီး အဲ့ဒီအဖွဲ့သားတွေဆီမှာ အသိသွင်းခံထားကြရတယ်။ သူတို့အမြင်ရှုထောင့်မှာ လူနည်းစု မွတ်စ်လင်မ်တွေက ဆော်ဒီအာရေဗျတွေလို နိုင်ငံများထံကနေ စာနာထောက်ပံ့ရေးရံပုံငွေတွေ မရိုးသားတဲ့နည်းနဲ့ရယူနိုင်ဖို့ အဓိကရုဏ်းဖြစ်လာအောင် အကွက်ချဖန်တီးလိုက်တာပါတဲ့။ အောက်ဖော်ပြပါစကားက ဒီသဘောကို ဖော်ပြနေပါတယ်။

    “ ခင်ဗျားတို့က ရေခဲပြင်ရဲ့အစွန်းအစ(အပေါ်ယံ)ကိုသာ မြင်နေကြတာကိုး။ ဒီမှာရှိတဲ့မွတ်စ်လင်မ်တွေကို အာရပ်နိုင်ငံ ၅၈ ခုထက်မက ကျောထောက်နောက်ခံပြုပေးထားကြတယ်။ သူတို့ကိုပိုက်ဆံပေးနေကြတဲ့ နိုင်ငံတွေ များသထက် များပြားလာနေတယ် ”။

    017-inside969
    မိတ္ထီလာမြို့တွင် အကြမ်းဖက်ဖျက်ဆီးခံလိုက်ရတဲ့ နေအိမ်မှအပျက်အစီးများ ရှင်းလင်းနေသည့် မွတ်စလင်မ်တဦး

    မြန်မာမွတ်စ်လင်မ်ကွန်ရက်ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးဝင်းရဲ့အဆိုအရ – မွတ်စ်လင်မ်တွေဟာ မြန်မာနိုင်ငံလူဦးရေ စုစုပေါင်းရဲ့ ၈ % ကနေ ၁၀ % အတွင်းမှာသာရှိတဲ့အကြောင်း မွတ်စ်လင်မ်အဖွဲ့အစည်းများက ခန့်မှန်းထားကြတယ်။ သူအိမ်ပြန်ရောက်ပြီး သုံးလအလွန်မှာ လူ ၄၄ ဦး(အများစု မွတ်စ်လင်မ်) အသက်ဆုံးရှုံးရတဲ့ ပထမဆုံး တိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်။ အဲ့ဒီအကြမ်းဖက်မှုကြီးအတွင်း မိတ္ထီလာမြို့ရဲ့ရပ်ကွက်တွေဟာ မြေပုံထဲကနေ ဖယ်ရှားခံလိုက်ရတယ်။ မီးလောင်ကျွမ်းပျက်စီးနေတဲ့ ကွင်းပြင်တွေအဖြစ်သာ ကျန်ရစ်ခဲ့ရတယ်။

    018-inside969
    မိတ္ထီလာမှ အကြမ်းဖက်မီးရှို့ခံရသည့် အိမ်မှ မီးလောင်ပျက်ဆီးသွားသော အစ္စလာမ်ဘာသာအကြောင်း အူရဒုဘာသာဖြင့် ရေးသားထားသည့် စာအုပ်အပိုင်းအစ

    သုံးရက်အတောအတွင်းမှာပဲ အဆောက်အဦ ၈၂၀ ထက်မနည်း ဖျက်ဆီးခံရတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာမှုအဖွဲ့က ဆိုပါတယ်။ သစ်ပင်တွေဟာလည်း မီးလောင်ကျွမ်း၊ တစ်ချိန်ကရှိခဲ့တဲ့ အိမ်တွေဟာလည်း အုတ်တုံးနဲ့သံတိုသံစ ပင်လယ်ပြင် အသွင်ဆောင်နေပါတော့တယ်။ ဗလီဝတ်ကျောင်းတွေကလည်း ခုချိန်ထိ ပြန်လည် မဖွင့်လှစ်နိုင်ကြသေးဘူး။ ရဲဝန်ထမ်းတွေရဲ့ တင်းကြပ်တဲ့ကာကွယ်မှုအောက်က ဒုက္ခသည်စခန်း ၅ ခုမှာ ဒုက္ခသည်ပေါင်း တစ်သောင်းနှစ်ထောင်လောက် အကွဲကွဲအပြားပြား ရှိနေကြဆဲ။ မေလကုန်ပိုင်းကျတော့ အဲ့ဒီ အရေးအခင်းမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး မွတ်စ်လင်မ် ၇ ဦးကို ကြီးလေးတဲ့ပြစ်ဒဏ် ချမှတ်စီရင်ခဲ့ကြတယ်။ (အဲ့ဒီအချိန်အထိ) ဗုဒ္ဓဘာသာဝင် တစ်ဦးကိုမှ အရေးယူတာ မတွေ့ခဲ့ရဘူး။ အဲ့ဒီနေ့မှာဘဲ လုံခြုံရေးပေးထားတဲ့ ဒေသတွင်းက မွတ်စ်လင်မ်လူ့အဖွဲ့အစည်းတွေကို ပထမဦးဆုံးအကြိမ် ပြန်ခွင့်ပြုလိုက်တယ်။ မိမိတို့နေရပ်က အပျက်အစီးတွေရှင်းလင်းဖို့ရယ်၊ အဖျက်ဆီးမခံရတဲ့အရာတွေ ပြန်လည် ရယူနိုင်ဖို့အတွက်ပေါ့။

    030-inside969

    ဗုဒ္ဓဘာသာဝင်နဲ့မွတ်စ်လင်မ်တို့အကြား ကြီးထွားလာတဲ့ ပဋိပက္ခကို အဖြေရှာရေးဆိုပြီး ရန်ကုန်မြို့ဆင်ခြေဖုံးရဲ့ ဘုန်းတော်ကြီးကျောင်းတစ်ခုမှာ သံဃာတော် အပါး ၂၀၀ ကျော်ပါဝင်တဲ့အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြတယ်။ ဦးဝီရသူ (အလယ်ပုံ) နဲ့ ဦးဝိမလ(၀ဲဖက်)က ခေါ်ယူစုရုံးခဲ့တာဖြစ်တယ်။ အဲ့ဒီစည်းဝေးပွဲဟာ ပဋိပက္ခဆိုင်ရာများကို အဖြေရှာကြိုးပမ်းခြင်းဆိုတာထက် များမကြာမီ အစိုးရဆီတင်ပြမယ့် ဘာသာခြားထိမ်းမြားမှုပိတ်ပင်ရေးဆိုတဲ့ ၉၆၉ လှုပ်ရှားမှုတစ်ရပ်ကို ထပ်တိုးလုပ်ဆောင်ဖို့သာ ဖြစ်နေတယ်လို့ ပြည်တွင်း၊ ပြည်ပမီဒီယာများက ဆိုပါတယ်။

    စင်္ကာပူက ဥပဒေပြဋ္ဌာန်းချက်ကိုမှီးပြီး မွတ်စ်လင်မ်အမျိုးသားများ နဲ့ ဗုဒ္ဓဘာသာဝင်အမျိုးသမီးများ ထိမ်းမြားရေးကို ပိတ်ပင်တားမြစ်စေလိုတဲ့ ဥပဒေပြုဖို့ စီမံချက်တစ်ခုပါ။ ဥပဒေကြမ်းမှာဖော်ပြထားတာက မွတ်စ်လင်မ်တွေအဖို့ အဲ့ဒီလို ပေါင်းဖက်ချင်ယင် သက်ဆိုင်ရာဒေသအာဏာပိုင်များရဲ့ ခွင့်ပြုချက်ကို ရယူရမယ်လို့ ဆိုထားပါတယ်။

    “ မွတ်စ်လင်မ်အမျိုးသားတွေက သူတို့ရဲ့မျိုးပွားရေးအတွက် ဆင်းရဲတဲ့ဗုဒ္ဓဘာသာအမျိုးသမီးတွေရဲ့မေတ္တာကို ရယူတဲ့နည်းနဲ့ ကြိုးပမ်းနေကြတယ်။ သူတို့ ကလေးတွေ အများကြီး မွေးကြလို့ သူတို့လူဦးရေ အဆမတန် များပြားလာတယ်။ အလွှမ်းမိုးမခံရအောင် မိမိကိုယ်ကိုကာကွယ်ဖို့ တာဝန်ရှိတယ် ” ဆိုပြီး ဦးဝိမလ (၄၁ နှစ်)က အဲ့ဒီ ဥပဒေမူကြမ်းကို ထောက်ခံပြောဆိုခဲ့တယ်။

    046-inside969-
    မန္တလေးမြို့မှ တရားပွဲတခုတွင်

    ဦးဝီရသူရဲ့နောက်လိုက်များဟာ မီးရောင်တွေ၊ အပြင်အဆင်တွေ ခမ်းခမ်းနားနားရှိတဲ့နေရာမှာ သူ့မိန့်ခွန်းကို စုရုံးနားဆင်ခဲ့ကြတယ်။ သူ့ဟောပြောမှုကို ပိတ်ကားကြီးတစ်ချပ်နဲ့လည်း တစ်ပြိုင်တည်း ထုတ်လွှတ်ပြသထားပါသေးတယ်။ သူ့ဟောပြောမှုဟာ ၂ နာရီနီးပါးကြာမြင့်ပြီး၊ ဟောပြောချက်ရဲ့ ၇၀ % လောက်က မွတ်စ်လင်မ်ဆန့်ကျင်ရေးများသာဖြစ်တဲ့အကြောင်း တက်ရောက်သူတစ်ဦးက The Diplomatic ကို ပြောပြခဲ့ပါတယ်။

    ဦးဝီရသူမှ ဟောပြောနေစဉ်မှာပဲ မကွာဝေးလွန်းလှတဲ့ ဓမ္မသာလခန်းမမှာ ပြည်တွင်းအဖွဲ့အစည်းနဲ့လူမှုအဖွဲ့အစည်းလှုပ်ရှားသူအများအပြားက ငြိမ်းချမ်းရေးခြေလှမ်းတစ်ရပ်အတွက် စုစည်းနေခဲ့ကြတယ်။ ဘာသာပေါင်းစုံက လူပေါင်း ၂၀၀၀ နီးပါးတက်ရောက်လာကြပြီး ဘာသာတရားအချင်းချင်း အပြန်အလှန်နားလည်မှုဆိုင်ရာ ပြောကြားချက်များကို နာယူခဲ့ကြလေရဲ့။

    လွန်ခဲ့တဲ့ ရက်သတ္တပတ် အလျင်က ဘာသာရေးအကြမ်းဖက်မှုကောလဟလတွေကြောင့် မိဘတွေက ကလေးတွေကို စာသင်ကျောင်းတွေကနေ ပြန်ခေါ်သွားခဲ့ကြတယ်။ အဲဒါကြောင့် ပဋိပက္ခများကြိုတင်တားဆီးရေးကော်မတီက ကနဦးခြေလှမ်းကို စတင်ဦးဆောင်ခဲ့တာပါ။

    Photo Credit-The Diplomat

    **thedipplomat တွင်ဖော်ပြထားသည့် The Mad Monks of Myanmar ဆောင်းပါးကို(မြင့်မိုရ်မောင်မောင်) ဆီလျော်အောင် မြန်မာလိုပြန်ဆိုပါသည်။

  • ချစ်ကြည်ရေးအတွက် ဘာသာပေါင်းစုံရဲ့ အထွတ်အမြတ်ထားရာများကို ဘာသာပေါင်းစုံမှ လူငယ်များ လည်ပတ်

    ဇူလိုင် ၈၊၂၀၁၃
    M-Media
    အိမေ
    ဘာသာပေါင်းစုံ မှလူငယ်များချစ်ကြည်ရေး(Interfaith Youth Tour Myanmar 2013)၏ ခရီးစဉ်အဖြစ် ပန်းဘဲတန်းမြို့နယ်ရှိ သျှီရီကာရီ ဟိန္ဒူဘုရားကျောင်းသို့လည်းကောင်း၊ဗဟန်းမြို့နယ်ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး သို့လည်းကောင်း၊ပုဇွန်တောင်မြို့နယ်ရှိ ရုံးလေးဗလီသို့လည်းကောင်း၊ဒဂုံမြို့နယ်ရှိ Methadist English Church သို့လည်းကောင်း ၂၀၁၃-ခုနှစ်၊ ဇူလိုင်လ (၇) ရက်တွင်  သွားရောက်လည်ပတ်ခဲ့ကြောင်း သတင်းရရှိသည်။

    P7070212

    “ကျွန်တော်တို့ကဒီလို ဘာသာရေးချစ်ကြည်ရေးပွဲတွေလုပ်တာ အရမ်းဝမ်းသာပါတယ်။သမ္မတကြီးကိုယ်တိုင်ကလည်း ဘာသာပေါင်းစုံငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်ပါလို့ပြောကြားထားပါတယ်။မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ သူတွေအားလုံးဟာ တစ်မြေတည်းနေ တစ်ရေတည်းသောက်ကြတဲ့အတွက် ရင်းနှီးချစ်ကြည်စွာ နေထိုင်သင့်ပါတယ်။ ဘာသာရေးကို ခုတုံးလုပ်ပြီး Hate Speech တွေဖြစ် နေမယ်ဆိုရင် မလိုလားအပ်တဲ့ ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့ဟာ လူသားတွေ ဖြစ်တဲ့အတွက် လူသားဆန်တဲ့ အတွေးတွေ ထားရှိပြီး တစ်ဦးနဲ့တစ်ဦး လေးစားချစ်ခင်စွာနဲ့ အချင်းချင်းရိုင်းပင်း ကူညီကြမယ်ဆိုရင် အမုန်းတရားဆိုတာ ရှိမှာမဟုတ်ပါဘူး။ အားလုံးမေတ္တာတရားနဲ့ လက်တွဲကူညီကြပါ။”ဟု ပန်းဘဲတန်းမြို့နယ်ရှိ သျှီရီကာရီ ဟိန္ဒူဘုရားကျောင်းမှ ဂေါပက ဒေါက်တာဦးအောင်နိုင်က ပြောကြားသည်။

    “ကျွန်တော်တို့ ဟိန္ဒူဘုရားကျောင်းမှာ မယ်တော် ကိုးပါး ရှိတယ်။ မယ်တော် ကိုးပါး ကိုဘယ်လို ရှိခိုးရမယ်၊ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်တယ် ဆိုတဲ့ ဘာသာတရားရဲ့နက်နဲမှုတွေကို တခြားဘာသာဝင်တွေ နားလည်လက်ခံအောင် ရှင်းပြပေးတဲ့ ဟိန္ဒူဘုန်းတော်ကြီး မိရှ်ရှားလ်ကို အထူးကျေးဇူးတင်ပါတယ်။ ဘာသာပေါင်းစုံ ချစ်ကြည်ရေးပွဲတွေကို လက်ကမ်းကြိုဆိုတဲ့ ဂေါပကဒေါက်တာ ဦးအောင်နိုင်ကိုလည်း ကျေးဇူးတင်ပါတယ်။ဒီလိုဘာသာပေါင်းစုံက လူငယ်တွေစုစည်းဖြစ်အောင်လုပ်ပေးတဲ့ Smile Education & Development Foundation က ဒေါက်တာ ကိုအောင်နိုင်ဝင်း ကိုလည်းအရမ်းကျေးဇူးတင်ပါတယ်။”ဟု ဟိန္ဒူဘာသာဝင် လူငယ်တစ်ဦးက M-Media သို့ပြောသည်။

    ဒဂုံမြို့နယ်ရှိ Methadist English Church မှ Father က“လူတိုင်းဟာ ကိုယ်ယုံကြည်ရာကို ကိုးကွယ်နေကြတာပါ။လူတိုင်းလွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိပါတယ်။ဒါပေမယ့်လူသားတိုင်း သနားကရုဏာစိတ်လေးတွေ နဲ့ဘာသာအချင်းချင်းလေးစားမယ်၊ဘယ်သူ့ဘာသာ ကိုမှထိခိုက်ပျက်စီးစေမယ့် အမုန်းတရားတွေကို ရှောင်ရှားပြီး ရင်းနှီးချစ်ကြည်စွာ နေထိုင်မယ်ဆိုရင် ငြိမ်းချမ်းမှုတွေရဲ့ သာယာမှုတွေကိုခံစားရမှာပါ။ဒီလို  ဘာသာပေါင်းစုံ ချစ်ကြည်ရေးပွဲတွေ၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်တာကို လက်ကမ်းကြိုဆိုပါတယ်။”ဟု ပြောကြားသည်။

    “ညီမက ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်ပေမယ့် ညီမနေထိုင်တဲ့ ပတ်ဝန်းကျင်မှာ သူ့ယုံကြည်ချက်နဲ့သူ ကိုးကွယ်နေတဲ့ တခြားဘာသာဝင်တွေ အများကြီးရှိပါတယ်။လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိပေမယ့် တစ်မြေတည်းနေ  တစ်ရေတည်းသောက်ကြတဲ့ တိုင်းရင်းသားညီအကိုမောင်နှမတွေအားလုံး ဘာသာတရားကြောင့် ခွဲခြားမှုမရှိဘဲမေတ္တာ တရားရှေ့ထားပြီး နွေးထွေးစွာ ပေါင်းသင်းဆက်ဆံကြပါလို့  ညီမပြောပါရစေ။ ဒီခရီးစဉ်လေးဟာ အရမ်းစိတ်ဝင်စားစရာကောင်းပါတယ်။ ကိုယ်မသိသေးတဲ့ ဘာသာတရားတွေရဲ့ သဘောတရားတွေကို နက်နဲစွာသိရတယ်။ ဘာသာတစ်ခုနဲ့တစ်ခုကြား ပိုပြီးတော့လည်းနားလည်မှုတွေ ရရှိလာတယ်။ဒီလို ဘာသာပေါင်းစုံက လူငယ်တွေ တစ်ဦးနဲ့တစ်ဦး ချစ်ကြည်ရင်းနှီးခွင့်ရအောင် ဆောင်ရွက်ပေးတဲ့ Smile Education & Development Foundation က ဒေါက်တာ ကိုအောင်နိုင်ဝင်းကို အရမ်းကျေးဇူးတင်ပါတယ်။”ဟု အင်းစိန်မြို့နယ်တွင် နေထိုင်သူ မ၀င်းဝင်းထွေး က M-Media သို့ပြောသည်။

    အဆိုပါခရီးစဉ်ကို  မနက် ၉ နာရီတွင် Smile Education & Development Foundation ရုံးခန်းတည်ရှိရာ ရှိုင်း တာဝါ၊ သိမ်ဖြူလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှ စတင်ထွက်ခွာခဲ့ပြီး၊ ညနေ ၅နာရီတွင် ခရီးစဉ် အဆုံးသတ်ခဲ့ကြောင်းသိရသည်။

    ဓါတ်ပုံများ ကြည့်ရန်။ Click Here