News @ M-Media
Tag: featured
  • ဘာသာရေးဓလေ့ စရိုက်များ လေ့လာရေးနှင့် ငြိမ်းချမ်းရေးနှီးနှော ဖလှယ်ပွဲ ကို အစ္စလာမ် ဗလီဝတ်ကျောင်းမှာ စတင်ပြုလုပ်
    ဇွန်လ ၁၆၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်
    Pray for Myanmar ဦးစီးသော ”ဘာသာရေးဓလေ့ စရိုက်များ လေ့လာရေးနှင့်ငြိမ်းချမ်းရေးနှီးနှော ဖလှယ်ပွဲ” ကို ဗိုလ်အောင်ကျော်လမ်းရှိ အစ္စလာမ် ဗလီဝတ်ကျောင်းတော် ၌ပြုလုပ်
    Pray For Myanmar မှ စီစဉ် ပြုလုပ်သည့် “ပွင့်လင်းမြင်သာမှု အတွက် ဘာသာရေး ဓလေ့စရိုက်များ လေ့လာခြင်း အစီအစဉ်နှင့် ငြိမ်းချမ်းရေး နှီးနှောဖလှယ်ပွဲ” အခမ်းအနားကို ရန်ကုန်မြို့ ၊ ဗိုလ်အောင်ကျော်လမ်းရှိ C.S အာရ်ကာတိဗလီတွင် ယခုလ ၁၆ရက်နေ့က နံနက် ၉နာရီမှ နေ့လည် ၁၁နာရီခွဲထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
    P6160029
    အဆိုပါ အခမ်းအနားသို့  ရဟန်းသံဃာတော်များ၊ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များ၊ အရပ်ဖက်လူမှုအသင်း အဖွဲ့အများ၊ မီဒီယာများနှင့် ဖိတ်ကြားထားသော ဧည်သည်တော်များ စုံညီစွာ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
    အခမ်းအနား အစီအစဉ် အရ တက်ရောက်လာကြသော ဧည်သည်တော်များ၊ မီဒီယာများမှ ရှေးဦးစွာ ဗလီဝတ်ကျောင်းတော်များ အတွင်း လှည့်လည် ကြည့်ရှူ လေ့လာခဲ့သည်။ ယင်းနောက် Pray For Myanmar မှ တာဝန်ရှိသူ တစ်ဦးက အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သပ်၍ တင်ပြပြီးနောက် ဘာသာအသီးသီးမှ ဆရာတော်များနှင့် ဧည်သည်တော်များအား မိတ်ဆက် ပေးကြောင်း သိရသည်။
    ရွှေဝါရောင် ဆရာတော် အရှင်ပဏ္ဍ၀ံသမှ အမှာစကားပြောကြားရာတွင် ” ဦးဇင်းတို့ ဘုရားပေါ်တက်တော့မယ်ဆိုရင် မုဒ်ဦးဝထဲက ဖိနပ်ချွတ်ပြီးတက်ရတယ်။ အဲလိုပဲ ဗလီဝတ်ကျောင်းတော်ကို လာတဲ့အခါမှာ ဟိုးဘက်မှာ သန့်စင်ခန်းတွေရှိတယ်။ သူတို့ရဲ့ ဘာသာရေး ထုံတမ်းစဉ်လာအရ ခန္ဓာကိုယ်ကို သန့်ရှင်းစင်ကြယ်အောင် လုပ်ရမယ်။ စိတ်ထားတွေကို သန့်ရှင်း စင်ကြယ်အောင် လုပ်ရမယ်။ အဲလိုလုပ်ပြီးတဲ့ အခါကြတော့မှ ဗလီဝတ်ပြုတဲ့နေရာကို ၀င်ရတာ ဖြစ်တယ်။ မြန်မာနိုင်ငံမှာ တစ်ဦးနဲ့ တစ်ဦး တည့်ဖို့ လိုအပ်တယ်။ ချစ်ခင်ဖို့ လိုအပ်တယ်။ စိတ်ထဲကနေ ချစ်ခင်နေလို့၊ နှုတ်ထဲကနေ ချစ်ခင်နေလို့ပဲ မရဘူး။ ကိုယ်အမှုအရာ၊ နှုတ်အမူအရာတွေက အစ ကမ္ဘာကသိအောင်၊ ပတ်ဝန်းကျင်က သိအောင် နေထိုင်ပြရမယ်။ ရှည်ရှည်ဝေးဝေးကျရောက်လာမယ့် အန္တရာယ်တွေကို ဦးဇင်းတို့ အနေနဲ့ တွေ့မြင်နေရပါတယ်။
    အဲဒီတော့ မြန်မာလူမျိုးတွေက ဒို့နဲ့ မဆိုင်ဘူး။ စီးပွားရေး အဆင်ပြေတဲ့ ချမ်းသာတဲ့ သူတွေကလည်း ငါတို့နဲ့ မဆိုင်ဘူး၊ တခုခုဆို ဟပ်စကီးနဲ့ ဒို့သွားမယ်၊ အထူး လေယာဉ်နဲ့ ဒို့သွားမယ်၊ ကြိုက်တာနဲ့ သွား၊ ဟိုနိုင်ငံတွေကလည်း မြန်မာဆိုတာနဲ့ ထုမှာပဲ။ ဘာသာလေးမျိုးတွေ ဘာတွေ အဲမှာ သွားပြောလို့ မရဘူး။ အဲဒါကြောင့်မို့လို့ ကိုယ့်အလှည့်မကျခင် ကာကွယ်ပြင်ဆင်မှုတွေ ပေးရမယ်။ ဦးဇင်းတို့ အညာတွေမှာတော့ ရှိပါတယ် မိမိပိုင်တဲ့ မြေတစ်ကွက်ကို ကာထားတာက ခြံစည်းရိုး၊ မိမိနေထိုင်တဲ့ ရပ်ကွက် ဒါမှမဟုတ် ရွာကြီးတစ်ခုလုံးကို ကာထားတာက စည်းရိုး၊ စည်းရိုး ကာဖို့လိုပါပြီ။ စည်းရိုးကိုလည်း ကာပြီးရင် ဒီတိုင်းနေလို့ မရပါဘူး။ ဟိုဘက်ထိပ်၊ ဒီဘက်ထိပ် အလှည့်ကြ စောင့်ပေးဖို့ လိုပါတယ် အဲဒါလေး ပြောရင်းနဲ့ နိဂုံးချုပ်ပါတယ် ” ဟု ထည့်သွင်းပြောကြားခဲ့သည်။
    P6160021
    အရှင်ဆန္ဒသီရိ ( အင်းစိန်)မှ ” ကိုရင့်အနေနဲ့ မေတ္တာရပ်ခံချင်တာက သတင်းမီဒီယာတွေပါ။ ကိုရင့် အနေနဲ့ အရင်းအနှီးဆုံးနှင့် အားအကိုးဆုံးဟု ပြောလျှင် သတင်းမီဒီယာတွေပါပဲ။ ဒါပေမယ့် အစိုးရိမ်ဆုံးနှင့် အကြောက်ဆုံးကလည်း သတင်းမီဒီယာတွေပါပဲ။ သတင်းမီဒီယာတွေဟာ နိုင်ငံတော်က တရားဝင် ကြေညာထားတဲ့ အတိုင်း သတင်းမီဒီယာဆိုတာ စတုတ္ထမဏ္ဍိုင် ဖြစ်သလို၊ ကမ္ဘာကြီးတစ်ခုလုံးကို ကိုင်လှုပ်နိုင်တာကလည်း သတင်းမီဒီယာတွေပဲ ဖြစ်ပါတယ်။ ခုချိန်မှာ သတင်းမီဒီယာတွေ အနေနဲ့ သတိကြီးကြီး ဥာဏ်ကြီးကြီးထားပြီးတော့ ရေရှည်အကျိုးကို မျှော်တွေး ပြီးတော့ ဆောင်ရွက်ဖို့ လိုပါတယ်။ ကိစ္စရပ်တွေ တစ်ခုတစ်ခုကို ဖော်ပြ ဖြန့်ချီတော့မယ့် အခါမှာ မိမိတို့ လိုချင်တဲ့ သတင်းဦးရရေး၊ သတင်းထူး ရရေး၊ မိမိတို့ သတင်းဌါန တစ်ခုရဲ့အမည်နာမ ပေါ်လွင်ရေး ဆိုတာကို ဦးမတည်ဘဲနဲ့ ညီညွှတ်ရေး၊ ငြိမ်းချမ်းရေး၊ ကောင်းကျိုး တရားတွေ ဖြစ်ထွန်းရေးဆိုတဲ့ အကြောင်းတရားတွေ ဦးတည်ပြီေးတော့ မှန်မှန်ကန်ကန် ဖော်ပြကြဖို့လိုပါတယ်။ ဆွေးနွေးလိုက်တဲ့ အကြောင်းအရာတိုင်းမှာ မိမိတို့ လိုချင်တဲ့ အကြောင်းအချက်လေးကိုပဲ ကောက်နုတ်ပြီးတော့ ဖော်ပြကြမယ်ဆိုရင် စကားတွေဟာ တစ်ခါတစ်လေမှာ အရှေ့ အနောက် ချိပ်ဆက်ပြီးတော့မှ အဓိပ္ပယ်တစ်ခု ပြည့်စုံသွားတဲ့ အကြောင်းတရားတွေ ရှိပါတယ်။ အရှေ့မှာပြောခဲ့တဲ့ အကြောင်းတရားတစ်ခုကိုထဲ ရွေးချယ်ပြီးတော့၎င်း၊ အလယ် အနောက် စသဖြင့် အကြောင်းအရာ တစ်ခုကိုပဲ ရွေးချယ်ပြီးတော့ ဖော်ပြမယ်ဆိုရင် အရှေ့၊ အနောက် သုံးပါး စလုံး မချိတ်ဆက်မိဘူး ဆိုရင် အဲဒီ အဓိပ္ပာယ်တွေဟာ အယူလွဲသွားနိုင်ပါတယ်။ ကောက်ချက် လွဲသွားနိုင်ပါတယ်။ အမြင် လွဲသွားနိုင်ပါတယ်။ ယနေ့ ပြဿနာတိုင်းရဲ့အကြောင်းတရားသည် ကောလဟာလတွေက စတာပါ။ ကောလဟာလမီးတွေကို ချုပ်ငြိမ်းအောင် လုပ်နိုင်ရင် ပဋိပက္ခတွေ မဖြစ်နိုင်ပါဘူး။ ပဋိပက္ခတွေ မဖြစ်အောင် သတင်းမီဒီယာတွေ အနေနဲ့ အကျိုးဆောင်မှုက အများကြီး အရေးကြီးပါတယ်။ ဒါကြောင့် သတင်းမီဒီယာတွေ အနေနဲ့ မှန်မှန်ကန်ကန် ပြည့်ပြည့် စုံစုံ အကြောင်းတရားတွေ ဖော်ပြပေးကြပါ။ မိမိရဲ့ အတ္တ၊ အကျိုး စီးပွား တစ်ခုကိုပဲ ရှေ့ရှူ့ မထားဘဲနဲ့ နိုင်ငံနဲ့ လူမျိုး အကျိုး စီးပွား၊ နိုင်ငံသူ နိုင်ငံသားတွေရဲ့ အကျိုးစီးပွား၊ ငြိမ်းချမ်းရေးနှင့် ညီညွှတ်ရေး အကျိုးစီးပွားကို ရှေ့တန်းတင် ဦးထပ်ထားပြီး သတင်းမီဒီယာတွေရဲ့ ကျင့်ဝတ်နဲ့ အညီ ဆောင်ရွက်ပေးကြဖို့လည်း မေတ္တာရပ်ခံချင်ပါတယ် ” ဟုထည့်သွင်းပြောကြားခဲ့သည်။
    ဆရာ ဒေါက်တာ ဦးမြင့်သိန်းမှ ” ဒီကနေ့ ပြုလုပ်တဲ့ အစီအစဉ်ဟာ တရားဟောပြောပွဲ အစီအစဉ် မဟုတ်ပါဘူး။ မီဒီယာများ အနေနဲ့ ဖော်ပြပါ နှီးနှောဖလှယ်ပွဲ ဆိုတဲ့ ပြုလုပ်တဲ့ ခေါင်းစဉ်ရဲ့ နာမည်လေးကိုလည်း ပီပီပြင်ပြင် ဖော်ပြပေးဖို့ မေတ္တာရပ်ခံပါတယ်။ အခု ဒီအခမ်းအနားဟာ ဗလီဝတ်ကျောင်းတော်တွေမှာ ငြိမ်းချမ်းရေးနဲ့ ဆန့်ကျင့်တဲ့ အမုန်းတရား ဖြန့်ချီတယ်လို့ စွပ်စွဲထားသလို မဟုတ်ဘူးဆိုတာကို ပြခြင်းဖြစ်ပါတယ်။ ပြီးတော့ ဗလီဝတ်ကျောင်းတော်တွေဟာ ငြိမ်းချမ်းရေး စင်တာ ဖြစ်ကြောင်း ပြသခြင်း ဖြစ်တယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
    P6160090
    ” ဟိုတလောက ဗလီတွေကို တရားဝင်မရှိဘူးလို့ ညွှန်ကြားရေးမှူး ရဲ့ပြောကြားချက်ကို မြန်မာနိုင်ငံမှာ ရှိတဲ့ အစ္စလာမ် သာသနာ ဘာသာရေး အဖွဲ့ငါးဖွဲ့က သမ္မတဆီ စာပို့ပြိး ရာထူးက ဖြုတ်ချဖို့၊ တရားစွဲဖို့ လုပ်မယ်လို့ ကြားပါတယ် အဲဒါ ဟုတ်ပါသလား ” ဟု ELEVEN MEDIA သတင်းထောက်မှ မေးမြန်းချက်ကို ” ကျွန်တော်က အစ္စလာမ် သာသနာရေးရာ ကောင်စီ ဌါနချုပ်ရဲ့ ဓမ္မသတ်မှုး အုမရ်မြင့်နိုင်ပါ။ အဲလို ကြေညာ ပြီးတဲ့ နောက် သူက ချက်ချင်းပဲ လွဲမှားစွာ ပြောမိတယ် ဆိုတာကို ၀န်ခံပါတယ်။ ပြန်ပြီး ကြေညာ ပါတယ်။ အဲဒီ့ အတွက် ဒီဘက်က အဖွဲ့အစည်းတွေ အနေနဲ့ တရားစွဲစရာ မရှိပါဘူး။ သူလွဲမှားပြီး ပြောတာပါလို့ ပြောပြီးပါပြီ။ မြန်မာနိုင်ငံမှာ ခြံစည်းရိုးကာတာ၊ အိမ်သာဆောက်တာတောင် ခွင့်ပြုချက် ယူပြီးမှ လုပ်ရတာပါ။ မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ ဗလီ ၀တ်ကျောင်းတော်တွေဟာ နိုင်ငံတော်ရဲ့ ခွင့်ပြုချက်နဲ့ တရားဝင် ရှိနေတဲ့ ဗလီတွေပါ။ ဒီအစိုးရ မတိုင်မှီ ဟိုးဘုရင်တွေ မင်းတုန်းမင်းတို့၊ သီပေါတို့ လကထက်ကတည်းက နန်းတော်တွင်းမှာပင် မင်းတုန်းမင်း ကိုယ်တိုင်က ရွှေအုပ်ချပြီး ဗလီဆောက်ပေးခဲ့တာပါ။ မန်းလေး မြို့တော်မှာ မင်းတုန်းမင်းကြီး လက်ထက်က ဗလီပေါင်း (၆၄)လုံး တရားဝင်ရှိခဲ့ပါတယ်။ အဲဒီတော့ ဒီအဖွဲ့အစည်းတွေက တိုင်မယ်လို့ တရားစွဲမယ်တို့ဆိုတာ လုပ်စရာတောင် မလိုပါဘူး။ သူကိုယ်တိုင်က မှားယွင်းစွာ ပြောဆိုမိတယ် ဆိုတာကို ဖြေကြားသွားတဲ့ အတွက် ဒီဘက်က အဖွဲ့ အစည်းတွေ အနေနဲ့ တိုင်ဖို့ တောဖို့ ဆိုတာကို စဉ်းတောင် မစဉ်းစားလိုက်ရပါဘူး ” ဟု ဆရာ အုမရ်မြင့်နိုင်မှ ထည့်သွင်းဖြေကြားခဲ့သည်။
    ဆရာတို့အနေနဲ့ ဟိုးအရင်ကာလတုန်းက ဗလီတွေမှာ အက်ဆစ်တွေ သိုလှောင်ထားတယ်။ လက်နက်တွေ သိုလှောင်ထားတယ် ဆိုတဲ့ သတင်းထွက်ပေါ် လာတော့ ဆရာတို့အနေနဲ့ အဲဒီ့ သတင်းတွေကို ပြန်ကြားတာမျိုး၊ ရှိလား။ အဲလို သတင်းထွက်တဲ့ ဗလီတွေကိုလည်း သွားရောက် စစ်ဆေးတာမျိုး၊ ဘာသာရေး ခေါင်းဆောင်တွေ အနေနဲ့ သက်ဆိုင်ရာ ဗလီတွေရဲ့ တာဝန်ခံတွေဆီ လှမ်းစုံစမ်းတာလို့ လုပ်ခဲ့တာမျိုး ရှိလား ” ဟု Pray For Myanmar မှ လူငယ်တစ်ဦးမှ မေးမြန်းချက်ကို ” ကျွန်တော်တို့က အခု ဗလီထဲကို ၀င်ရောက်လေ့လာပါ လို့အခုက ဖိတ်ခေါ်တာပါ။ သက်ဆိုင်ရာ အာဏာပိုင်မှ မော်လမြိုင်နဲ့အချို့နေရာတော်တော်များများမှာ ရန်ကုန်လည်း ပါပါတယ်။ ကျွန်တော်တို့ မင်္ဂလာတောင်ညွှန့် ဘက်တွေလည်း ပါပါတယ်။ ဘာမှ ကြိုတင် အကြောင်းကြားခြင်းမရှိဘဲ သက်ဆိုင်ရာ ရဲတွေရောက်လာပြီး
    အကုန်စစ်ဆေးသွားခဲ့ပြီးပါပြီ။ ကျွန်တော်တို့က ဆက်ပြီးတော့ လူထုကို အရှိတိုင်းလေး သိစေချင်လို့ မြင်စေချင်လို့ အခုလို ခေါ်ဆောင်တာပါ။ ကျွန်တော်တို့ ဗလီထဲမှာ ဘာမှ မရှိတဲ့ အတွက် ဘာမှကို မလုပ်ပါဘူး။ ကျွန်တော်တို့က ဗလီဝတ်ကျောင်းတော်တွေမှာ ဘာမှ မရှိဘူး ဆိုတာကို သိတဲ့ အတွက် လုံးဝ သံသယ ရှိတာမျိုး မဖြစ်ဘူး။ ကြိုပြီး မေးမြန်းတာမျိုး မရှိပါဘူး ” ဟု ဆရာဒေါက်တာ မြင့်သိန်းမှ ပြန်လှန်ဖြေကြားခဲ့ကြောင်း သိရသည်။
    တစ်ယောက်နဲ့ တစ်ယောက် ရှိနေတဲ့ သံသယ တွေဖြေဖျောက်ဖို့ ဆိုတာ ပွင့်လင်း မြင်သာဖို့ လိုတဲ့ အတွက် ဒီပွဲလေး ကျင်းပတာဟာ အင်မတန်ကောင်းပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် နားလည်မှုတွေ ရှိလာပြီ၊ ပွင့်လင်း မြင်သာမှုတွေ ရှိလာပြိ ဆိုရင် တစ်ဖြည်းဖြည်း အမြင်တွေ ရှင်းလာမယ်။ ဘာသာဝင်တွေ အားလုံး ညီညွှတ်ဖို့လိုတယ်။ ညီညွှတ်ဖို့ ဆိဲု့ စိတ်မှာ ကိုယ့်ရဲ့ အတ္တလွှာတွေကို ခွာဖို့လိုတယ်။ ကိုရင်တို့ အင်းစိန်မှာ ဗုဒ္ဓဘာသာ အချင်းချင်းလည်း ညီညွှတ်တယ်။ အစ္စလာမ်ဘာသာ အချင်းချင်းလည်း ညီညွှတ်တယ်။ အစ္စလာမ် ဘာသာနဲ့ ဗုဒ္ဓဘာသာလည်း ညီညွှတ်တယ်။ ကောလဟာလတွေ ဖြစ်တဲ့အချိန်မှာ အင်းစိန်မှာ ကောလာဟာလတွေ အများဆုံး ထွက်တယ်။ ကောလဟာလတစ်ခု ထွက်တိုင်း ဘယ်ဗလီကိုတော့ ၀ိုင်းနေတယ်လို့ ပြောရင် ဗလီကို ဖုန်းဆက်တယ်။ ဟုတ်သလား ။ မဟုတ်ဘူး လို့ ဖြေရှင်းတယ်။ ကိုရင်တို့ကလည်း သွားစောင့်ရှောက် ပေးတယ်။ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းကို ဘယ်သူကတော့ လာလုပ်တယ် ဆိုရင်လည်း ဆက်သွယ် မေးမြန်းတယ်။ ၀ိုင်းပြီး စောင့်ရှောက်ပေးတယ်။ ကောလဟာလတွေကို အချိန်နဲ့ တပြေးညီ ဖြေရှင်းနိုင်တဲ့ အခါမှာ ဒါက ညီညွှတ်မှု အားပေါ့။ ကိုယ့်အချင်းချင်းလည်း ညီညွှတ်တယ်။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့လည်း အပြန်အလှန် ညီညွှတ်နေကြတယ် ဆိုတော့ အခြား အကြမ်းဖက်မှုတွေ၊ ဖျက်ဆီးလိုတဲ့ လူတွေ ၀င်မရောက်နိုင်တော့ဘူးပေါ့။ အဓိက ကတော့ သတင်းတွေ မှန်ကန်ဖို့ရယ်၊ ကောလဟာလတွေ ချေဖျက်နိုင်ဖို့ရယ်၊ ညီညွှတ်ဖို့ရယ် ပဲလိုပါတယ်’ ဟု ဆရာတော် အရှင်ဆန္ဒာသီရိ မှ M-Media သို့မိန့်ကြားပါသည်။
    P6160098
    အခမ်းအနား ကျင်းပပြုလုပ်ရာဖြစ်သော ဗိုလ်အောင်ကျော်လမ်းရှိ C.S အာရ်ကာတိဗလီ ဥက္ကဌ ဦးဇော်ဝင်းမှလည်း ” အစ္စလာမ် ဘာသာဝင်တွေရဲ့ ၀တ်ပြုတဲ့ ဗလီတွေကို ကောလဟာလတွေ အမျိုးမျိုး ထွက်နေတယ်။ ကောလဟာလတွေ ပြေပျောက်သွားအောင်၊ လူတွေရဲ့ မှန်ကန်တဲ့ အသိ အမြင်တွေ ရအောင် ရည်ရွယ်ချက်နဲ့ လုပ်တာပါ။ နောက် ဘာသာပေါင်းစုံ လာတွေ့တယ် ဒီမှာ အမြင်မရှင်းတာ ရှိရင် ရှင်းအောင်၊ လူများများ သိသွားအောင်၊ အထင်အမြင် လွဲမှားနေတဲ့ သူတွေ အမှန်ကို သိသွားအောင် အခုလို ကျင်းပ ဖြစ်တာပါ။ မီဒီယာတွေ အနေနဲပလည်း အမှန်တရားကို အမှန်အတိုင်း ရေးပေးဖို့ ပြောကြားလိုပါတယ် ” ဟု M-Media သို့ပြောသည်။
    ယင်းနောက်  ရွှေဝါရောင် ဆရာတော် အရှင်ပဏ္ဍ၀ံသ၊ အရှင်ဆန္ဒသီရိ ( အင်းစိန်) ၊ တရာရုံးချုပ် ရှေ့နေ ဦးကိုနီ၊ ဆရာ ဒေါက်တာ  ဦးမြင့်သိန်း၊ဆရာ အုမရ်မြင့်နိုင်၊ ဆရာ ဦးမင်းနိုင် (၀ါးခယ်မ မောင်မင်းနိုင်)၊ အလ်ဟာဂ်ျ မောင်လာနာ ဖလ်လွလ်ဟက်၊ အလ်ဟာဂ်ျမောင်လာနာ အစ်ဒွရ်ကဒဲရ်၊ အလ်ဟာဂ်ျ မောင်လာနာ အဗ်ဒွရ်ခါလိန် တို့မှ သတင်းမီဒီယာများ၏ သိလိုသည်များကို မေးမြန်း ချက်များအား ပြန်လှန်ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။
    Pray For Myanmar Youth Network အဖွဲ့အစည်းတွင်ဘာသာပေါင်းစုံ၊ လူမှုအဖွဲ့အစည်း ပေါင်းစုံတို့မှ လူငယ်များပါဝင်ပြီး မတ်လ ၂၈ ရက်နေ့က YMCA တွင်ဘာသာပေါင်းစုံ ဆုတောင်းပွဲကို ငြိမ်းချမ်းရေး လှုပ်ရှားမှုအနေဖြင့် စတင်ပြုလုပ်ခဲ့၍ “ကျွန်ုပ်ကြောင့် ဘာသာရေး ပဋိပက္ခ မဖြစ်စေရ” စာတန်းပါတီရှပ်များ၊ စတေကာများ“ဘာသာလူမျိုးမခွဲခြားမြန်မာနိုင်ငံသား” ဟူသော လက်ကမ်း ပိုစတာများကို အခမဲ့ ဖြန့်ဝေသည့် လှုပ်ရှားမှုများကို ရန်ကုန်မြို့နှင့် နယ်မြို့များတွင်ပါ စတင်ဆောင်ရွက်ခဲ့သည့် အဖွဲဖြစ်သည်။
    အဆိုပါ အခမ်းအနားသို့ လူဦးရေ (၆၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
    More  Photo>>
  • အလဲဗင်း၊ ဦးသန်းထွဋ်အောင်နှင့် မြန်မာ့ မီဒီယာရှေ့ရေး (အပိုင်း ၁)
    ဇွန်- ၁၆၊၂၀၁၃
    M-Media
    ဆောင်းပါးရှင် -ဒန်ငြာရှိန်း
    Than Htut Aungမကြာသေးမီက WAN-IFRA မှ ရွှေကလောင်ဆုချီးမြှင့်ခံခဲ့ရသည့် ဦးသန်းထွတ်အောင်ဦးဆောင်သော အလဲဗင်းမီဒီယာဂရုသည် မြန်မာပြည်ရှိ နိုင်ငံသား မွတ်စလင်မ်များအား တဘက်သတ်အမြင်စောင်းမှု ကြီးထွားလာနိုင်စေသော သတင်းခေါင်းစဉ်များဖြင့် မလေးရောက်မြန်မာများသတင်းကို ပုံကြီးချဲ့ကား ခဲ့ပါသည်။ (အပိုင်း ၂ တွင် အသေးစိတ် ဖော်ပြပါမည်။)
    ဦးသန်းထွတ်အောင်၏ အဆိုပါ ရွှေကလောင်ဆုနှင့် ပတ်သက်၍ ဟောင်ကောင် အခြေဆိုက် asiasentinel.com မှ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး ၄င်းအနေဖြင့် မွတ်စလင်မ်များ အရေးတွင် ကမ္ဘာ့သက်တမ်းရင့် မီဒီယာကြီးများကိုပင် စွပ်စွဲဝေဖန်ရေးသားခဲ့ကြောင်း၊ မျက်မြင်သက်သေ ဓာတ်ပုံများဖြင့် တင်ပြသည့် မွတ်စလင်ဆန့်ကျင်အကြမ်းဖက် သတင်းများကို ၄င်းက ငြင်းဆန်ခဲ့ကြောင်း စသဖြင့် ရေးသားဖော်ပြထားပါသည်။
    ထို asiasentinel.com ပါသတင်းကို မြန်မာတိုင်းမ်စ် အင်္ဂလိပ်ပိုင်းမှလည်း ထပ်မံတင်ဆက်ခဲ့ပါသည်။ ယင်းသို့သော အငြင်းပွားဖွယ်ရာကောင်းလှသည့် ဦးသန်းထွတ်အောင်၏ အလဲဗင်း ဂရုမှာ မကြာသေးမီကလည်း ပြည်တွင်း ငြိမ်းချမ်းရေး အခမ်းအနားတစ်ခုတွင် မတူကွဲပြားခြင်းအား လက်သင့်ခံနိုင်ခြင်းမရှိဘဲ အရည်အချင်းမပြည့်မီသည့် သတင်းထောက်တဦး ကို စေလွှတ်ကာ သတင်းရယူခဲ့ပါသည်။ ထို့နောက် မြန်မာပြည်ရှိ နိုင်ငံသား မွတ်စလင်များအား အထင်အမြင်လွဲမှားသွားစေနိုင်သော အရေးအသားများ၊ သတင်းခေါင်းစဉ်များဖြင့် သတင်းကို ကျင့်ဝတ်စည်းကမ်းဖောက်ဖျက်ကာ ၄င်းတို့၏ နေ့စဉ်ထုတ်သတင်း စာ၌ ဖော်ပြခဲ့ပါသည်။
    ဦးသန်းထွတ်အောင်အတွက် မီဒီယာသည် ငွေလော
    တောင်ကုတ်အရေးမှ စတင်၍ မြန်မာနိုင်ငံသား မွတ်စလင်များအား နိုင်ငံနှင့်အ၀ှမ်း ဆက်တိုက်အကြမ်းဖက်ခဲ့ကြရာ၌ အလဲဗင်းမီဒီယာက မည်သို့သော သတင်းအသေးစိတ်ကိုမှ တင်ပြခဲ့ခြင်းမရှိပါ။ ထို့ပြင် မိတ္ထီလာ၊ ဥက္ကံ၊ လားရှိုးစသည့်မြို့များ၌ အကြမ်းဖက်ခံခဲ့ရသော အပြစ်မဲ့ နိုင်ငံသားမွတ်စလင်များအရေးကိုလည်း အချိန်နှင့်တပြေးညီ သတင်းထုတ်ပြန်ခြင်းမျိုး မရှိခဲ့သလို ထင်ယောင်ထင်မှားဖြစ်စေမည့် သတင်းရေးသားမှုများကိုသာ ပြုလုပ်ခဲ့ပါသည်။
    အလဲဗင်းဘောလုံးဂျာနယ်သည် ယခင်ကတည်းက မြန်မာဘောလုံး အသင်း၏ စာရိတ္တပိုင်းနှင့် စည်းကမ်းပိုင်းဆိုင်ရာ ချွတ်ယွင်းမှုများကို အမှန်အတိုင်း မထောက်ပြဘဲ မြန်မာပရိသတ် အများစု၏ သဘောဆန္ဒနှင့် လိုက်လျောညီထွေဖြစ်စေရန် သတင်းကို ထိန်ချန်ဖုံးကွယ်၍ တင်ပြခဲ့ခြင်းမျိုး ရှိခဲ့ဖူးပါသည်။
    ၂၀၀၄ တိုက်ဂါးဖလားဘောလုံးပြိုင်ပွဲဝင်မြန်မာအသင်းမှာ အလွန်ဆိုးဝါးသည့် စည်းကမ်းဖောက်ဖျက်ခြင်းမျိုးရှိခဲ့သော်လည်း အလဲဗင်းဂရုက မိမိတို့ဂျာနယ် ရောင်းကောင်းရေးကိုသာ ရှေးရှုပြီး ၀ါရင့်ကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) ကို အသုံးချကာ အခြားအားကစားဂျာနယ်များ၏ အမှန်ထောက်ပြ ရေးသားခဲ့မှုများကို အတိုက်အခံပြု ရေးသားခြင်းမျိုး ရှိခဲ့ဖူးပါသည်။
    ထို့ကြောင့် မြန်မာပြည်သူအများစု၏ စိတ်သဘောထားကိုလိုက်၍ တင်ပြလေ့ရှိသည့် အလဲဗင်းဂရုမှာ ယခုမြန်မာနိုင်ငံသားမွတ်စလင်များ အရေးတွင်လည်း “ဘူး” တလုံးဆောင်ကာ နိုင်ငံတကာ မီဒီယာများကို မျက်နှာပြောင်တိုက် ရှုံ့ချခဲ့ခြင်း၏ အဖြေမှာ ရှင်းရှင်းလင်းလင်း ပေါ်ထွက်လာပါတော့သည်။
    နိုင်ငံတကာနှင့် ကိုယ်တွေ့ဆက်ဆံရသည့် အခြေအနေမှ ဦးသန်းထွတ်အောင်
    ရခိုင်အရေးမှ စတင်ကာ မြန်မာပြည်တွင်း နိုင်ငံသားမွတ်စလင်များအား အများအမြင်တွင် သို့လောသို့လောအခြေအနေသို့ အဓိကတွန်းပို့ခဲ့သည့် အလဲဗင်းဥသျှောင် ဦးသန်းထွတ်အောင်နှင့် ၄င်း၏မီဒီယာသည် WAN-IFRA မှ ရွှေကလောင်ဆု မရရှိသေးမီ ကာလများအထိ မွတ်စလင်ဆန့်ကျင်အကြမ်းဖက်မှုများအား မည်သို့သောသုံးသပ်ချက်တစုံတရာကိုမှ ပရိသတ်အား ချပြခဲ့ခြင်းမျိုးမရှိခဲ့ပါ။
    သို့သော် WAN-IFRA မှ ဆုချီးမြှင့်ခြင်းမခံရမီ တစ်လခန့်အလိုတွင်မူ မြန်မာနိုင်ငံသား မွတ်စလင်များအား အံ့အားသင့်စေမည့် “ခေတ်သစ်ငရဲခွေးကြီးလွတ်နေသည်” ဆိုသည့် သတင်းဆောင်းပါးမျိုးကို စတင်ရေးသားခဲ့ပါသည်။ ထိုသို့ ရေးသားမှုမှာ နိုင်ငံတကာတွင် လူတောတိုးဖို့ အရံသင့်ပြင်ဆင်သည့် သဘောမျိုး သက်ရောက်နေပါသည်။
    ဘန်ကောက်တွင် ကျင်းပသည့် WAN-IFRA ၏ ဆုပေးပွဲတွင်မူ ဦးသန်းထွတ်အောင်က ၄င်းတို့အနေဖြင့် အခက်အခဲများအကြား၌ မီဒီယာ လုပ်ငန်းဆောင်တာများ လုပ်ဆောင်နေရကြောင်းဖြင့် “ဒီမိုကရေစီ” ဟူသော စကားလုံးကို သုံးကာ နိုင်ငံတကာဂျာနယ်လစ်များ၊ အယ်ဒီတာများကို ရင်ဆိုင်သွားခဲ့ပါသည်။
    သို့သော် မီဒီယာသမားအဖြစ် အသက်မွေးဝမ်းကြောင်းပြုနေသော ဦးသန်းထွတ်အောင်မှာ WAN-IFRA ရွှေကလောင်ဆုရရှိကြောင်း အကြောင်းကြားခြင်းမခံရခင် အထိ မြန်မာနာမည်ကြီး ဂါးဒီးယန်းဦးစိန်ဝင်း ဆွတ်ခူးခဲ့ဖူးသည့် WAN-IFRA ဆုအား မိမိ မသိရှိခဲ့ကြောင်းကိုမူ နိုင်ငံတကာပရိသတ်အားဝန်ခံခဲ့ရပါသည်။
    ခေတ်သစ်ငရဲခွေးကြီးလွတ်နေသည်ဆောင်းပါးကြောင့် ၄င်းတို့မီဒီယာဝက်ဘ်ဆိုက် အတိုက်ခိုက်ခံခဲ့ရသည်ဟူသော အလဲဗင်း၏ သတင်းတွင်မူ ယခင်မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ၏ ၀က်ဘ်ဆိုက်များနှင့် အခြားအစ္စလာမ်ဘာသာဝင် အများဆုံးနေထိုင်သည့် နိုင်ငံများ၏ အစိုးရ၀က်ဘ်ဆိုက်များအား မင်းမဲ့စရိုက်ဆန်စွာ တိုက်ခိုက်ခဲ့ဖူးသည့် BHG ဟက်ကာ ဂရုအား ပြစ်တင်ဝေဖန်ခဲ့ပါသည်။
    ထို ဘလင့်ဟက်ကာဂရု (BHG) မှာ သက်တမ်းရင့် မင်းမဲ့စရိုက်ဆန်သော ဟက်ကာအဖွဲ့ အဖြစ် ရပ်တည်နေသည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း ဦးသန်းထွတ်အောင်၏ ၀က်ဘ်ဆိုက်ကို အတိုက်ခိုက်ခံရမှ ပြည်သူအတွက် သတင်းဖြစ်ခဲ့ရပါတော့သည်။
    ဘလင့်ဟက်ကာဂရု (BHG) က အလဲဗင်း အင်္ဂလိပ်ပိုင်းကို တိုက်ခိုက်ခဲ့သည့် သတင်းတွင် ဦးသန်းထွတ်အောင်က “ဘန်ကောက်မှာ ကျင်းပတဲ့ (၆၅)ကြိမ်မြောက် ကမ္ဘာ့သတင်းစာများ ညီလာခံမှာ နိုင်ငံတကာ မီဒီယာတွေကို မြန်မာနိုင်ငံက ပဋိပက္ခ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေ အကြားက အမုန်းတရားကြောင့် မဟုတ်ဘဲ နောက်ကွယ်က ဖန်တီးလှုံ့ဆော် မှုတွေကြောင့်ဆိုတာ ရှင်းပြခဲ့ပါတယ်။ ” ဟု ထည့်သွင်းရေးသားထားပါသည်။
    ဤသို့သော စကားလုံးများမှာ WAN-IFRA ရွှေကလောင်ဆုအတွက် နိုင်ငံတကာအား ရင်ဆိုင်ဖို့ အရောင်ပြောင်းခဲ့သော အလဲဗင်းမီဒီယာဂရု၏ ကလောင် အကြမ်းဖက်မှု အရည်ခြုံ စကားလုံးများအဖြစ်သာ သုံးသပ်ကြရမည် ဖြစ်ပါသည်။
    အပိုင်း(၂) ဆက်လက်ဖော်ပြပါမည်။
  • မွတ်စလင်မ်နိုင်ငံများမှ မြန်မာနိုင်ငံအား စီးပွားရေးအရ သပိတ်မှောက်ရန် ကမ္ဘာကျော် အလ်အဇ်ဟရ်တက္ကသိုလ် အကြီးအကဲပြော
    ဇွန်-၁၆၊၂၀၁၃
    M-Media
    ကိုင်ရို ၊ အီဂျစ်။       ။ IINA ၏ တင်ပြချက်များအရ မြန်မာနိုင်ငံ မွတ်စ်လင်မ်များအပေါ် ထပ်မံကျူးလွန်သည့်ပြစ်မှုများကို ကာကွယ် တားဆီးရန်အတွက် လက်တွေ့ကျသော အဆင့်များ စတင်ပြုလုပ်သင့်ပြီဟု အလ်အဇ်ဟရ် တက္ကသိုလ် အကြီးအမှူးက ပြောဆိုလိုက်သည်။
    Ahmed Al-Tayyeb
    အလ်အဇ်ဟရ် အကြီးအမှူး ရှိုင်းခ် အဟ်မဒ် အလ်သွိုင်ယစ်ဗ် နှင့် အီဂျစ်သမ္မတ မော်စီ
    မြန်မာအစိုးရ၏ အုပ်ချုပ်ပုံအပေါ် ဖိအားပေးရမည့် တစ်ခုတည်းသော နည်းလမ်းမှာ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ပင်ကန့်သတ်ခြင်းဖြစ်ကြောင်း၊ ဤသည်နှင့်စပ်လျဉ်း၍ ကမ္ဘာတစ်ဝှန်းမှ မွတ်စ်လင်မ်ပညာရှင်များ ညီညွတ်သွေးစည်းရန် လိုအပ်ကြောင်း၊ မွတ်စ်လင်မ်လူ့ဘောင်အဖွဲ့အစည်း၏ လွတ်မြောက်မှုမှာ ညီညွတ်မှု အရှိန်မြှင့်တင်ခြင်း နှင့် သဘောကွဲလွဲနေမှုများမှ ရှောင်ကြဉ်ခြင်း၌ တည်မှီနေကြောင်း အလေးအနက်ထား ပြောဆိုခဲ့သည်။
    အလ်သွိုင်ယစ်ဗ်ကိုယ်တိုင်လည်း  မြန်မာမွတ်စ်လင်မ်တို့၏အနေအထားကို လေ့လာအကဲဖြတ်ရန် မြန်မာနိုင်ငံသို့ များမကြာမီလာရောက်ဖို့ပြင်ဆင်ထားကြောင်း သတင်းများအရ သိရသည်။
    Ref:Ahlul Bayt News Agency
  • ကိုယ့်ကြောက် သူ့ကြောက် ဖြစ်နေသည့် ကောလင်းမြို့ရဲ့ လတ်တလော အခြေအနေ
    ဇွန် ၁၅၊ ၂၀၁၃
    M-Media
    ထွန်းတောက်
    ကောလင်း ။ ။ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကောလင်းမြို့၌ ယနေ့တွင် လုံခြုံရေးများလှည့်လည် ကင်းလှည့်နေသည်ဟု ကြားသိရသည့်အတွက် စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း သတင်းရရှိပါသည်။
    Kawlin, Sagaing, Burma -
    အဆိုပါ ကိစ္စအား ဆက်သွယ်စုံစမ်းမေးမြန်းရာ “အခုတော့ ဘာမှစိုးရိမ်စရာမရှိပါဘူး။ ကောလဟလတွေကလည်း တအားကို ပွနေတယ်။ ဟုတ်ပါတယ်။ မီးသတ်ကားတွေ၊ ရဲတွေပတ်နေပါတယ်။ အဲဒီကိစ္စက ဟိုတစ်ခါကလည်း ပတ်သေးတယ်။ အခုတစ်ခါပတ်တာက လွန်ခဲ့တဲ့ တစ်ပတ်လောက်ကစပြီး အုပ်ချုပ်ရေးမှူးက တစ်ခုပြောထားတာ ရှိတယ်။ ကိုယ့်ဘာသာကိုယ် အုပ်စုလေးတွေဖွဲ့ပြီး စောင့်ပေးကြပါလို့ ပြောလာတယ်။ အဲဒါနဲ့ ၁၀-ရက်လောက်တော့ရှိပြီ တဖွဲ့ကို ၃-ရက်စီ ကင်းစောင့်နေလိုက်ကြတာ။ အခုဆို စတုတ္ထမြောက် အဖွဲ့ကို ရောက်သွားပါပြီ။ အကြောင်းတစ်ခုခု ထူးခြားတာနဲ့ ချက်ချင်းသိလို့ရအောင် ကင်းစောင့်လိုက်ကြတာပါ။
    အခုဟာက ကောလင်းကို ၁၅-ရက်နေ့လုပ်မယ် ဆိုပြီး ကောလဟလတွေ နေ့တိုင်းပြန့်နေတာက တစ်ပတ်လောက်ရှိသွားပြီ။ အဲလိုဖြစ်နေတော့ ဒီက မွတ်စလင်မ်လူကြီးတွေက သက်ဆိုင်ရာကို အကြောင်းကြားပြီး ကိုယ်တိုင်လည်း ကင်းစောင့်နေလိုက်ကြပါတယ်။ မနေ့ညကတော့ တစ်ညလုံး မိုးအလင်းပဲ လမ်းတွေထဲမှာ ကင်းစောင့်လိုက်ကြတယ်။ ဒီနေ့ကျတော့ ၁၅-ရက်နေ့ဆိုတဲ့ ကောလဟလကြောင့်လို့ ထင်ပါတယ်။ အမှတ်(၁၂၀)ခြေမြန်တပ်ရင်း ကောလင်းတပ်ကနေ စစ်ကားတစ်စီးရယ်၊ အရံမီးသတ်တပ်ဖွဲ့ရယ်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရယ် ၂-အုပ်စုလုံးက မီးသတ်ကားတွေစီပြီး မြို့ထဲမှာ အင်အားပြတဲ့ပုံစံနဲ့ လှည့်နေတယ်။ လုံခြုံရေးရှိတယ်ဆိုတဲ့အကြောင်းကို အင်အားပြတဲ့ သဘောပါပဲ။
    အခုအချိန်ထိ ကောလင်းတစ်မြို့လုံးကတော့ နိုးနိုးကြားကြား နေနေတယ်။ ဘာမှတော့ မဖြစ်သေးဘူး။ အမှန်တကယ်တော့ အခုဟာက သူတို့ကကိုယ့်ကြောက်၊ ကိုယ်က သူတို့ကြောက်ဖြစ်နေတာပါ။ တကယ်တမ်း ဖြစ်လာရင်တော့ အခြေအနေကောင်းမှာမဟုတ်ဘူး။ ဘာမှ မဖြစ်ပါစေနဲ့လို့ ဆုတောင်းနေပါတယ်။”လို့ ကောလင်းမြို့ခံတစ်ဦးမှ M-Media ကို ပြောပြလာပါတယ်။
  • ကချင်ပြည်နယ် တနိုင်း တွင် မွတ်စလင်မ်များအပေါ် ဖိနှိပ်မှုများကို စနစ်တကျ စီစဉ် ပြုလုပ်နေ
    ဇွန် ၁၅၊ ၂၀၁၃
    M-Media
    ရဲရင့်သူ
    တနိုင်း ။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီး တနိုင်းမြို့တွင် မွတ်စလင်မ်များအပေါ် ဖိနှိပ်မှုများကို စနစ်တကျစီစဉ် ပြုလုပ်နေကြာင်းသိရသည်။
    Ta Nai, Kachin, Burma
    ကချင်ပြည်နယ် ဖားကန့်မြို့အနီး တနိုင်းတွင် ၂၀၁၃-ခု သင်္ကြန်ရက်အတွင်းမှစတင်၍ ၃-၄ ရက်ဆက်တိုက် မြို့ထဲတွင် ၉၆၉ စာများဖြန့်ဝေခြင်း၊ တရားဟောခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။ ထို့အတွက် မြို့နယ်ဥက္ကဌ၊ မြို့နယ်ဦးစီးမှူး၊ SB တို့နှင့်အတူ မြို့နယ်သံဃာ့နာယကထံ ပြောကြားသော်လည်း မြို့နယ်သံဃာ့နာယကမှ သိရှိ၍ အမျိုးဘာသာ သာသနာအတွက် ပြုလုပ်ခွင့်ပြုထားခြင်းဖြစ်ကြောင်းပြောသည်။ စာရွက်စာတမ်းဝေငှသည်မှာ တရားဥပဒေနှင့် ငြိစွန်းသည်ဟု ပြောကြားသော်လည်း မိမိတိုင်းပြည် မိမိလူမျိုးအတွက် ပြုလုပ်ခြင်းဖြစ်သည့်အတွက် မည်သည်မှ ဖြစ်စရာအကြောင်းမရှိဟု ပြန်လည်ပြောကြားခဲ့သည်။
    မွတ်စလင်မ်လူနည်းစုများအပေါ် ယခုကဲ့သို့ ဖိနှိပ်မှုများပြုလုပ်နေသည်မှာ မသင့်တော်ကြောင်း၊ အကယ်၍ မိမိတို့ ဗုဒ္ဓဘာသာတရားအား ဤကဲ့သို့ ဖိနှိပ်မည်ဆိုပါက မည်သို့ ခံစားရမည်ဖြစ်ကြောင်းကို မြို့နယ်ဥက္ကဌ ခရစ်ယာန်ဘာသာဝင်မှ ရှင်းလင်းပြောဆိုခဲ့သော်လည်း သံဃာနာယကနှင့် အချေအတင်ဖြစ်ပြီး ပြန်လာခဲ့ရကြောင်းသိရသည်။
    ယင်းကဲ့သို့နေလာခဲ့ရာမှ လွန်ခဲ့သည့် မေလ ၂၈-ရက်ဝန်းကျင်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးများကို ဘုန်းကြီးကျောင်း၌ခေါ်ယူ၍ တနိုင်းမှ မွတ်စလင်မ်များကို မောင်းထုတ်ပေးရန်၊ ဆောက်လုပ်ရေးဝင်းအတွင်း နေထိုင်သော မွတ်စလင်များနှင့် ရုံးတန်းလျားများတွင် ဆိုင်ဖွင့်ထားသော မွတ်စလင်များအားလည်း မောင်းထုတ်ပေးဟု တောင်းဆိုခဲ့ကြောင်းသိရသည်။ မြို့နယ် အုပ်ချုပ်ရေးမှူးမှ ဤကဲ့သို့ ပြုလုပ်၍မရကြောင်း၊ ဥပဒေနှင့် မညီညွတ်ကြောင်း၊ ငှားရမ်းထားသော စာချုပ်သက်တမ်းကုန်ဆုံးပါက နောက်ထပ် ငှားရမ်းခွင့်မပြုရန်သာ ပြုလုပ်နိုင်ကြောင်းပြောပြခဲ့သည်ဟုလည်း သိရသည်။
    အဆိုပါကိစ္စကို မကျေနပ်၍ ပြီးခဲ့သော စနေနေ့တွင် ဘုန်းကြီးကျောင်းသို့ မြို့နယ် အာဏာပိုင်ကို ဖိတ်ခေါ်၍ လူအစုအဝေးပြုလုပ်ပြီး ဘုန်းကြီးမှ ‘မြို့မိ မြို့ဖ ဒကာ ဒကာမတို့ ကိုယ့်မြို့အတွက် ပြောစရာရှိတာပြော’ဟုဆိုသဖြင့် ရတနာစည်ဘီယာနှင့် စားသောက်ဆိုင်ပိုင်ရှင် ဒေါ်နုနုဝေမှ အချက်(၅)ချက်ကို တောင်းဆိုခဲ့ကြောင်းသိရသည်။ အဆိုပါ အချက်များမှာ
    (၁) တနိုင်းရှိ မွတ်စလင်မ်များအားလုံး မောင်းထုတ်ပေးရေး၊
    (၂) တနိုင်းသို့ မွတ်စလင်မ်များ နောက်ထပ် ၀င်မလာရေး၊
    (၃) မည်သည့်မွတ်စလင်မ်အိမ်တွင်မှ ဘုရားရှိခိုးခြင်း(နမားဇ်ဖတ်) မပြုရန်၊
    (၄) ဆောက်လုပ်ရေးဝင်းအတွင်းတွင် ဖွင့်ထားသော လ္ဘက်ရည်ဆိုင်အား ချက်ချင်းပိတ်သိမ်းပေးရန်၊
    (၅) ရယကရုံးတွင် ဆိုင်ခန်းငှားရမ်းဖွင့်လှစ်ထားသော ဆိုင်ကယ်ပစ္စည်းဆိုင်အား ပိတ်သိမ်းပေးရေး တို့ဖြစ်သည်။
    ဥက္ကဋ္ဌနှင့်အဖွဲ့လည်း ထိုအစည်းအဝေးမှ ပြန်လာပြီးနောက် ချက်ချင်းပင် မွတ်စလင်မ်ဆိုင်ပိုင်ရှင်များအား ဆိုင်ချက်ချင်း ပိတ်ပေးရန်ပြောသည့် အတွက် သက်ဆိုင်ရာသို့ ပြောသော်လည်း ပြဿနာမဖြစ်စေရန် ပိတ်ပေးရန်စေခိုင်းမှုကြောင့် မွတ်စလင်မ်များမှ ယခုကဲ့သို့ တစ်ဆိုင်ပိတ်ပေးလိုက်ပါက နောက်ထပ် အခြားသောဆိုင်များ ပိတ်သိမ်းပေးရန် ဖြစ်လာနိုင်မည်ကို ပြောသော်လည်း အခြားဆိုင်များ ပိတ်သိမ်းမှု မဖြစ်စေရန် ကြံရွယ်ပြုလုပ်သွားမည်ဟု တာဝန်ရှိသူများမှ အာမခံသည့်အတွက် ပိတ်သိမ်းပေးလိုက်ကြောင်းသိရသည်။ ထိုသို့ ပိတ်သိမ်းပေးလိုက်ပြီး နောက်ရက်တွင်ပင် အခြားဆိုင်များအားလည်း ပိတ်သိမ်းခိုင်းပြီး ထိုမှတဆင့် ပစ္စည်းများနှင့် လူများအား ချက်ချင်းပင် ပြောင်းရွေှ့ခိုင်းလာကြောင်း သိရသည်။ ရွေှ့ပြောင်းရသော မွတ်စလင်မ်ဆိုင်ရှင်မှ မိမိမြေကွက်တွင် အိမ်ဆောက်ပြီးလျှင် ရွှေ့ပြောင်းပေးမည်ပြောသော်လည်း အခြားနေရာတွင် ငှားရမ်းနေထိုင်ပါဟု ပြောဆိုသောကြောင့် အိမ်ငှားရမ်းသော်လည်း မည်သူမှ မငှားရမ်းသောကြောင့် အခက်အခဲ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
    ထို့နောက် တနိုင်းတွင် နေ့စဉ်လာရောက် အလုပ်လုပ်ကိုင်နေသူများနှင့် တနိုင်းတွင် အိမ်ထောင်စုတွင် နာမည်မပါရှိသူများပါ မနေပဲ ပြန်ခိုင်းကြောင်း၊ ရယက၊ မယကတွင် ထောက်ခံချက်တောင်းသော်လည်း မရရှိသောကြောင်း၊ မယကမှ ပြောသည်မှာ ‘ဗုဒ္ဓဘာသာများသည် မွတ်စလင်မ်များအား တနိုင်းမှထွက်ခွာသွားစေလိုကြောင်း၊ ဤရွာတွင် ဆက်နေပါက ဖျက်ဆီးပြီး ဒုက္ခရောက်အောင် ပြုလုပ်မည်သောကြောင့်’ တနိုင်းတွင် မနေရန် မောင်းထုတ်သကဲ့သို့ ပြုလုပ်လာကြောင်း၊ အာဏာပိုင်မှလည်း မွတ်စလင်မ်များအား ကာကွယ်ပေးမှု မရှိကြောင်း၊ ဥပဒေကြောင်းအရ မည်သို့မှ ကာကွယ်မှု မပြုပေးနိုင်ပဲရှိနေကြောင်း၊ လာမည့် ၂၀-ရက်နေ့တွင် ဗုဒ္ဓဘာသာ လူငယ်အဖွဲ့ ဖွဲ့စည်းမည်ဖြစ်ပြီး ယင်းနေ့တ၀ိုက်တွင်ပင် တနိုင်းရှိ မွတ်စလင်မ်ဆိုင်များအား လိုက်လံဖျက်ဆီးမည်ဖြစ်ပြီး ဆိုင်ခန်းများအားလည်း ဓါတ်ပုံများရိုက်ယူထားသည်ဟု သတင်းများထွက်ပေါ်နေပြီး မွတ်စလင်မ်များအပေါ် ဖိနှိပ်မှုများကို စနစ်တကျစီစဉ် ပြုလုပ်နေသောကြောင့် တနိုင်းမြို့ခံမွတ်စလင်မ်များ စိတ်သောကရောက် အခက်အခဲကြုံတွေ့နေရကြောင်းကို တနိုင်းမြို့ခံများထံမှ ဆက်သွယ်သိရှိရပါသည်။