News @ M-Media

Tag: featured

  • မွတ်စလင် ပညာရှင်များ သတင်းစာ ရှင်းလင်းပွဲမှ အမေး-အဖြေ အသံဖိုင် နားဆင်ရန်။

    မွတ်စလင် ပညာရှင်များ သတင်းစာ ရှင်းလင်းပွဲမှ အမေး-အဖြေ အသံဖိုင် နားဆင်ရန်။

    ဇွန်- ၁၂ ၊ ၂၀၁၃
    M-Media

    အထင်အမြင် လွဲမှားမှုများနှင့် ပတ်သက်၍ မွတ်စလင် ပညာရှင်များ သတင်းစာ ရှင်းလင်းပွဲမှ အမေး-အဖြေ အသံဖိုင် -၁

    အသံဖိုင်တွင် အောက်ဖော်ပြပါ မေးခွန်းများကို ဖြေကြားခဲ့သည်။

    ** ဧရာဝတီသတင်းဌာန –  ပြည်နယ်အသီးသီးမှာ ဘာသာပေါင်းစုံ ကွန်ရက်ဖွဲ့မယ်ဆိုပြီး ဟိုတလောက ဆွေးနွေးသွားတယ်။ ဘာသာပေါင်းစုံကွန်ရက်အဖွဲ့ကို ဘယ်တော့လောက် ဖွဲ့ဖြစ်မှာလဲ။ ဘာသာပေါင်းစုံကွန်ရက်အဖွဲ့နဲ့ပတ်သက်ပြီးတော့ ဘာတွေလုပ်ပြီးပြီလဲဆိုတာ သိချင်ပါတယ်။
    အဲဒီဘာသာပေါင်းစုံ ကွန်ရက်တွေကို တိုင်းပြည်အသီးသီးမှာ ဖွဲ့ဖြစ်မယ်ဆိုရင်ရော ဒီပဋိပက္ခတွေကို ဖြေရှင်းနိုင်မယ်လို့ ထင်ပါသလားရှင့်။
    နောက်တစ်ခုက ဒီလို ပဋိပက္ခတွေဖြစ်နေတာကို အစိုးရအသိအမှတ်ပြုထားတဲ့ အစ္စလာမ်ဘာသာရေးအဖွဲ့တွေက ထိထိရောက်ရောက်ဖြေရှင်းတာတွေ မတွေ့ရဘူးရှင့်။ အဲဒါ ဘာဖြစ်လို့လဲဆိုတာ တစ်ချက်လောက်ရှင်းပြပေးပါ။

    ** မော်နီတာဂျာနယ် – အများပြည်သူတွေက ဗလီကျောင်းတော်တွေမှာ မကောင်းမှုတွေလုပ်ကြတယ်။ မကောင်းမှုတွေကိုလုပ်ဖို့ Organizer တွေလုပ်ကြတယ်။ ဒီပဋိပက္ခတွေဟာ အဲလိုကျောင်းတော်တွေကနေ စတင်လာတယ်လို့ပြောကြတယ်။ အဲဒီအပေါ် ဘယ်လိုရှင်းလင်းချက် ထုတ်ချင်ပါသလဲ။ တကယ်လို့ ဘယ်လို ဗလီတွေမှာဖြင့် အက်ဆစ်တွေ သိုလှောင်ထားတယ်။ လက်နက်တွေသိုလှောင်ထားတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာရင် ဘယ်လိုမျိုးများ ရှင်းလင်းတင်ပြသွားပါမလဲ။

    ** အလင်းတန်းဂျာနယ် –  ဟိုတလောက Myanmar Peace Centre မှာလုပ်သွားတယ်။ ဘာသာပေါင်းစုံ သဟဇာတဖြစ်ရေးဆိုတဲ့ အချက်(၁၀)ချက်ကို သဘောတူညီပြီးထုတ်ပြန်ခဲ့တယ်။ တစ်ချက်က ကျောင်းသင်ခန်းစာတွေမှာ အထင်အမြင်မလွဲမှားအောင် အမှန်တရားတွေကို အစ္စလာမ်ဘာသာဝင်တွေရဲ့ တရားတွေကို နားလည်အောင် ပြဌာန်းပေးမယ်လို့ အချက်တစ်ချက်ပါတယ်။ အဲဒီကိစ္စပေါ်မှာ ဘယ်လိုလုပ်ဆောင်နေလဲ။ ပြီးတော့ အာရဗီကျောင်းတွေမှာရော အစ္စလာမ်ဘာသာဝင်လူငယ်တွေအတွက် အာရဗီဘာသာနဲ့ တွဲဘက်ပြီးတော့ ဆရာဦးရာဇတ်၊ ဦးဖေခင်၊ ဦးရာရှစ်တို့လို မြန်မာပြည်ကောင်းအောင် အသက်ပေးလုပ်ဆောင်သွားကြသူတွေရဲ့ အကြောင်းတွေကို အစ္စလာမ် လူငယ်တွေသိအောင် မြန်မာစာနဲ့ ပြဌာန်းဖို့ ရှိပါသလား။

    **News Watcch ဂျာနယ် မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တော်တော်များများ အကြမ်းဖက်ခံရသလို မလေးရှားမှာလည်း အခုဆို မြန်မာလူမျိုးတော်တော် များများ မွတ်စလင်မ်တွေရဲ့ အကြမ်းဖက်မှုကို ခံနေရပါတယ်ခင်ဗျ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဘာများပြောချင်တာရှိလဲ။ ဘယ်လို ခံစားပေးမလဲ။ ပြီးတော့ ရခိုင်မှာ ဘင်္ဂါလီလူမျိုးတွေကို ကလေး၂-ဦးထက်ပိုမယူဖို့ ဥပဒေပြဌာန်းပြီးတဲ့အခါမှာ ဒီအဖွဲ့က ဘာများ အကြံပြုပြောချင်တာရှိပါလဲ။

    Connection အခက်အခဲရှိသူများ အောက်ဖော်ပြပါ လင်ခ်များတွင် Download ယူနိုင်ပါသည်။ File Size 32 MB

    အသံဖိုင်တွင် အောက်ဖော်ပြပါ မေးခွန်းများကို ဖြေကြားခဲ့သည်။

    အထင်အမြင် လွဲမှားမှုများနှင့် ပတ်သက်၍ မွတ်စလင် ပညာရှင်များ သတင်းစာ ရှင်းလင်းပွဲမှ အမေး-အဖြေ အသံဖိုင် -၂

    အသံဖိုင် ၂ တွင် အောက်ဖော်ပြပါ မေးခွန်းများကို ဖြေကြားခဲ့သည်။

    ** မဇ္ဈိမမီဒီယာ  –  အခု ရန်ကုန်တင်မဟုတ်ပဲ ရခိုင်၊ လားရှိုး၊ မိတ္ထီလာ၊ နေရာပေါင်းစုံမှာရှိတဲ့ ပဋိပက္ခတွေမှာပါဝင်တဲ့ အစ္စလာမ်တွေကိုရော မပါဝင်တဲ့အစ္စလာမ်တွေကိုရော ဒီအဖွဲ့အနေနဲ့ ဘယ်လို ထိန်းသိမ်းဆောင်ရွက်သွားဖို့ရှိလဲ။

    ** The Lady ဂျာနယ်  –   လွန်ခဲ့တဲ့ ၂-လလောက်က ပါကစ္စတန်နိုင်ငံ အခြေစိုက် LET အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့အစည်းကနေပြီးတော့ မြန်မာနိုင်ငံမှာ ခြေကုပ်ရယူထားပြီးဖြစ်တယ်ဆိုတဲ့အကြောင်းကို အိန္ဒိယနိုင်ငံ ထောက်လှမ်းရေးခွင့်ပြုချက်နဲ့ အိန္ဒိယနိုင်ငံ သတင်းစာတစ်စောင်မှာလည်း ရေးပြီးသွားပြီ။ ဆိုတဲ့အခါမှာ မြန်မာနိုင်ငံကိုလည်း ခြေကုပ်ရယူပြီးသွားပြီ၊ အိန္ဒိယနိုင်ငံ ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်မှာလည်း ဒီလို မြန်မာစစ်တပ်နဲ့ တိုက်ခိုက်တဲ့အခါမှာ ဘယ်လို အကြမ်းဖက်မှုတွေကိုခံရမယ်ဆိုတာ သတင်းတွေပေးနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားတယ်။ အဲဒါနဲ့ပတ်သက်လို့ ဆရာတို့အနေနဲ့ သက်ဆိုင်မှုရှိ မရှိ။

    အိန္ဒိယနိုင်ငံရဲ့ မီဒီယာကလည်း အိန္ဒိယနိုင်ငံ ထောက်လှမ်းရေးတပ်ဖွဲ့ရဲ့ ခွင့်ပြုချက်ရယူပြီးမှ အဲဒီသတင်းကိုရေးထားတာဖြစ်လို့ ဆရာတို့အနေနဲ့ အဲဒီအပေါ်မှာ ဘာများတုန့်ပြန်ချင်လဲခင်ဗျ။

    ** The Voice Weekly  –  အခုလက်ရှိ မြန်မာလူမျိုးတွေရဲ့စိတ်၊ တောဘက်တော့မသိပါဘူး။ ကျွန်တော်တို့လို ရန်ကုန်မြို့ပေါ်မှာဖြစ်တဲ့ ပြဿနာတွေလည်း အများကြီးရှိပါတယ်။ ဒါက ပြည်သူလူထုရဲ့ ပြောတဲ့အသံကို ကျွန်တော်က ပြန်ပြီးတော့ ပြောတာပါ။ အဓိကက မြန်မာလူမျိုးတွေက ဘယ်လိုဖြစ်သလဲဆိုတော့ မြန်မာအမျိုးသမီးတွေကို ယူထားတာတွေရှိတယ်။ တချို့သူဋ္ဌေးတွေရှိတယ်။ ဥပမာ မောင်ဖြူပေါ့နော်။ အစ္စလာမ်ဘာသာဝင်တစ်ဦးကနေ ဗမာမတွေကို မယားငယ်သဘောမျိုး အဲဒါတွေက ရှိတာပဲလေ။ ရန်ကုန်မြို့ပေါ်မှာ အများကြီးရှိတယ်။ ကျွန်တော်ဆိုလိုချင်တာက အခု ဗလီဆရာတွေ ဘာသာရေးခေါင်းဆောင် ၃-ဦးကို ဖြေစေချင်ပါတယ်။ ဒါတွေက ဘာသာရေးခေါင်းဆောင်တွေမှာ ပိုပြီးတော့ တာဝန်ရှိတယ်လို့ထင်တယ်။ ပြဿနာတွေအားလုံးဟာ မောင်ဖြူကပဲ စသလိုဖြစ်နေတယ်။ ဒီဖြစ်နေတဲ့ ပဋိပက္ခပြဿနာတွေဆိုတာ လက်ဝါး နှစ်ဖက်တီးမှ မြည်တာ။ စပြီးတော့ ရှာတာက မောင်ဖြူ – မောင်ဖြူ – မောင်ဖြူ တွေပဲ ဖြစ်နေတယ်။ အဲဒါကလည်း လက်ရှိအမှန်တရားပေါ့နော်။ ကျန်တဲ့ ပဋိပက္ခဆူပူမှုဆိုတာ ဒါက နောက်ကွယ်က ကြိုးကိုင်တဲ့သူကြောင့်ဆိုတာ လက်ခံတယ်။ လူသားချင်းစာနာထောက်ထားမှု မရှိလို့ ပြောတာလည်း မဟုတ်ဘူး။ ဒီ ဗမာပြည်သူတွေက ဒုက္ခသည်တွေကို စာနာတယ်။ ဒါပေမယ့် ပြဿနာရဲ့ မူလအစသည် မောင်ဖြူ မောင်ဖြူ မောင်ဖြူ၊ မောင်ဖြူကပဲ ဖြစ်တယ်။ အဲဒါကျ ဘာသာရေးခေါင်းဆောင်တွေက ဒီဖြစ်တဲ့ မောင်ဖြူကို ပြတ်ပြတ်သားသား၊ မောင်ဖြူမိဘနဲ့မဆိုင်ဘူး၊ မောင်ဖြူသည် ဘာဖြစ်သည်ဆိုတာကို ဒါမျိုးတွေ ရှင်းလင်းဖို့လိုမလား။ ပိုပြီးတော့ တိတိကျကျ ဖြေရှင်းဖို့။ ဘုရားတို့ ဘာသာရေးလို ရွှေတိဂုံစေတီတို့ဘာတို့ အဲလိုမျိုး ကိစ္စဆိုအခုမှ ဒါတွေက ပြည်သူလူထုထဲမှာ ဖြစ်နေတာ ကြာပြီလေ။ ဟို – ပြည်သူလူထုက အခုမှ နားလည်တာ။ ဒါမျိုးတွေကို ရှင်းရမှာပေါ့နော်။ ဒါမျိုးတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့ ကန့်ကွက်ဖို့။ မလေးရှားက ကိစ္စမျိုးသည် ဒါသည် မလေးရှားနိုင်ငံသားသာဖြစ်သည်။ ကျွန်တော်တို့သည် မြန်မာနိုင်ငံသား မွတ်စလင်မ်တွေဖြစ်သည်ပေါ့။ ဆိုလိုတာက ၃၁-လမ်းဗျာ မြို့ထဲသွားတယ်ဗျာ။ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဆို မျက်နှာချင်းဆိုင် လမ်းလျှောက်ရင် ကျွန်တော်တို့ကပဲ ဖယ်ပေးရတယ်။ ဒါဟာ အမှန်တရားဖြစ်ပျက်နေတဲ့ ပြဿနာ။ အဲဒါကို ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ ဖြေရှင်းပေးဖို့လိုတယ်။

    ရုပ်ရှင်ရုံထဲမှာ မြန်မာနိုင်ငံအလံကို အလေးပြုမယ်။ အစ္စလာမ်ဘာသာဝင်စုံတွဲက ထိုင်နေတယ်။ ဒါဟာ လက်ရှိ ဖြစ်ပျက်နေတဲ့ ပြဿနာ။ ကျွန်တော် နိုင်ငံသား မဖြစ်နဲ့လို့ ဆိုလိုတာမဟုတ်ဘူး။ ပြည်သူလူထုက ဆွေးနွေးကြည့်တာ။ ဒီမိုကရေစီဆိုတာ အကုန်လုံးသည် နိုင်ငံသားစိတ်ဓါတ်၊ ဘာသာနဲ့ မဆိုင်ဘူး။ ကျွန်တော်လည်း အဲဒါကြောင့် အများကြီးဆွေးနွေးကြည့်တယ်။ ဒါဟာလည်း လူထုရဲ့အသံကို ကျွန်တော်က သတင်းသမားတစ်ယောက် အနေနဲ့ ရှင်းလင်းပြရခြင်းဖြစ်တယ်။ ကျေးဇူးတင်ပါတယ် အားလုံး။

    ဒါကတော့ အတွေးပေါ့နော်။ အစ္စလာမ်ဘာသာဝင်တွေ ရုပ်ရှင်ကြည့်နေတာ အများကြီးပဲလေ။ ကြည့်ပါ။ ဒီထဲက ဘာသာရေးခေါင်းဆောင်တွေတော့ မပါဘူးနော်။ ဒီထဲကလူတွေ ရုပ်ရှင် မကြည့်ဖူးတဲ့ရှိလား။

    အဲဒါဆို အခု ဒီထဲမှာ ရှိနေတဲ့ အစ္စလာမ်ဘာသာဝင်တွေ ကမ္ဘာမကြေဆိုလိုက်ကြရင် ပိုမကောင်းဘူးလား။ ကျွန်တော် ဆိုလိုချင်တာက ကျွန်တော် သိပ်မမြင်ဖူးလို့ပါ။

    ** ပဲ့တင်သံဂျာနယ်  –   အစ္စလာမ်ဘာသာဝင်တွေဟာ နှစ်ထောင်ချီပြီး မြန်မာနိုင်ငံမှာ နေခဲ့တယ်လို့ပြောတယ်။ ဘယ်လူမျိုး၊ ဘယ်တိုင်းရင်းသား အနေနဲ့ နေခဲ့တာလဲ။ ယခုရော ဘယ်လူမျိုး ဘယ်တိုင်းရင်းသားအနေနဲ့ ရပ်တည်နေလဲဆိုတာ သိချင်ပါတယ်။ ကုလားဆိုတဲ့ အသုံးအနှုန်းကရော အဓိပ္ပါယ်ဖွင့်ဆိုချက်လေးလည်း သိချင်ပါတယ်။

    **Transport ဂျာနယ်  –  အခု မြန်မာပြည်တစ်ပြည်လုံးမှာဖြစ်နေတဲ့ ပြဿနာအားလုံးဟာ တရားဥပဒေစိုးမိုးရေးပါ။ အဲဒါကို အစ္စလာမ်ဘာသာဝင် အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ၊ ပညာရှင်တွေရောက ဘာများ အခုအချိန်ထိ လုပ်ထားပြီးပြီလဲ။ နောက်တစ်ခုက ပြဿနာတွေမှာ တာဝန်ဝတ္တရားပျက်ကွက်တဲ့အဖွဲ့အစည်းတွေရှိတယ်။ အဲဒါတွေကိုရော အစ္စလာမ်ဘာသာဝင်တွေ အဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေ၊ ပညာရှင်တွေက တရားစွဲဆိုဖို့အစီအစဉ်မရှိဘူးလားလို့ မေးချင်ပါတယ်။

    Connection အခက်အခဲရှိသူများ အောက်ဖော်ပြပါ လင်ခ်များတွင် Download ယူနိုင်ပါသည်။ File Size 75 MB

    ဧပြီလအတွင်း မလေးရှားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် အစ္စလာမ်ရေးရာ စာပေဟောပြောပွဲ တွင် မြန်မာမွတ်စ်လင်မ်များ နိုင်ငံတော် သီချင်း သံပြိုင် သီဆိုနေသည့် ရုပ်သံ မှတ်တမ်းကြည့်လိုလျင် ==>  Click Here

  • အထင်အမြင် လွဲမှားမှုများနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲမှ အမေး- အဖြေများ

    အထင်အမြင် လွဲမှားမှုများနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲမှ အမေး- အဖြေများ

    ဇွန်-၁၂၊ ၂၀၁၃
    M-Media
    ပြည့်ပြည့်

    အထင်အမြင် လွဲမှားမှုများနှင့် ပတ်သက်၍ မွတ်စလင် ပညာရှင်များ သတင်းစာ ရှင်းလင်းပွဲမှ အမေး- အဖြေများ

    P6120124
    အလ်ဟာဂ်ျ မော်လာနာ ဟာဖိဇ် ကာရီ မွဖ်သီဂျအ်ဖရ် (ခ) ဦးတင်မြင့် ဖြေကြားပေးနေစဉ်

    မေး ။ ။ မော်နီတာသတင်း ဂျာနယ်မှ မကောင်းမှုများပြုလုပ်ခြင်း၊ ပြုလုပ်ရန်ကူညီပံ့ပိုးခြင်း၊ အက်ဆစ်နှင့် လက်နက်များသို လှောင်ထားသည်ဟူသော ကိစ္စမျုားနှင့် ကောလဟလများကို မည်ကဲ့သို့ဖြေရှင်းမည်နည်း။

    ဖြေ၊ အလ်ဟာဂ်ျ မော်လာနာ ဟာဖိဇ် ကာရီ မွဖ်သီဂျအ်ဖရ် (ခ) ဦးတင်မြင့်က ဗလီဝတ်ကျောင်းတော်များသည် သန့်ရှင်းမြင့်မြတ်သောနေရာများဖြစ်ကြောင်း၊ အစ္စလာမ် ဘာသာဝင်များသည် နေ့စဉ်ပုံမှန်ငါးကြိမ် ၀တ်ပြုရန် မဖြစ်မနေတာဝန်ရှိကြောင်း၊ ယခုလို ကောလဟလများကြားရချိန်တွင် Media များကိုခေါ်ပြခဲ့ကြောင်း၊ လက်နက်များသိုလှောင်ထားသည်ဟူ၍ကြားရပြီး ၀င်ကြည့်ပါက ဓားတိုလေးတစ်ချောင်းပင်တွေ့ရမည်မဟုတ်ဘဲ စွပ်စွဲမှုများသာဖြစ်ပါကြောင်း၊ ဗလီဝတ်ကျောင်းတော်များသည် သန့်ရှင်းသူသာဝင်ရပြီး မသန့်သူမ၀င်ရကြောင်း၊ စည်းကမ်း သတ်မှတ်ချက်ဖြစ်၍ ဘာသာခြားများမလာခဲ့ကြကြောင်း၊ မွတ်စ်လင်မ်များပင် မသန့်ရှင်းသူမ၀င်ရသဖြင့် ဘာသာခြားများဝင်ပါက စိတ်တွင်တစ်မျိုးတစ်မည်ဖြစ်တတ်ကြောင်း၊ ယခုဖြစ်ပျက်နေမှုများနှင့် စွပ်စွဲနေကြခြင်းကြောင့် ဗလီဝတ်ကျောင်းတော်များအားလုံး တံခါးဖွင့်ထားပြီဖြစ်ကြောင်း၊ လာရောက်ကြည့်ရှုရန် ဖိတ်ခေါ်ပါကြောင်း၊ ဗလီဝတ်ကျောင်းတော်များဟာ အလ္လာဟ်အရှင်ကို ခ၀ပ်ကိုးကွယ်ရာ နေရာသာဖြစ်ပြီး ကျန်တာ ဘာမှမရှိပါကြောင်း၊ စိတ်ရောကိုယ်ပါ သန့်ရှင်းရာနေရာဖြစ်ပါကြောင်း၊ ၀တ်ပြုသူများ ကိုယ်လက်သန့်စင်ရန် ရေကန်ကလွဲ၍ ဘာမှမရှိကြောင်း၊ အန္တရာယ်ဖြစ်စေနိုင်သော မည်သည့်ပစ္စည်းကိုမှ သိုလှောင်ထားခြင်းမှာ ယခင်က မရှိခဲ့သလို ယခုလည်းမရှိကာ နောင်လည်း ဘယ်သောအခါမှ ရှိလာမည်မဟုတ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

    P6120200
    ဆရာဦးအေးလွင် ဖြေကြားပေးနေစဉ်

    အလင်းတန်းဂျာနယ် သတင်းထောက်မှ မေးမြန်းရာတွင် ” အာရဗီကျောင်းတွေမှာရော အစ္စလာမ်ဘာသာဝင်လူငယ်တွေသိအောင် အာရဗီဘာသာနဲ့ တွဲဖက်ပြီးတော့ ဆရာကြီး ဦးရာဇတ်၊ ဦးဖေခင်၊ ဦးရာရှစ် တို့လို မြန်မာပြည်တိုးတက်အောင်၊ မြန်မာပြည်ကောင်းအောင် အသက်ပေး လုပ်ဆောင်သွားကြတဲ့ အကြောင်းကိုလည်း သိအောင် မြန်မာစာနှင့် တွဲဖက်ပြီးတော့ရော ပြဌါန်းဖို့ရော ရှိပါသလား ” ဟုမေးမြန်းခဲ့သည်။

    ဆရာဦးအေးလွင်မှ ” ကျွန်တော်တို့ အာရဗီကျောင်းတွေမှာ ဒီလို အစ္စလာမ် သမိုင်းတို့၊ မြန်မာမွတ်စလင် သမိုင်းတို့ သင်သလားဆိုတော့ ကျွန်တော်တို့ ကျောင်းတော်တော်များများမှာ သင်ပါတယ်။ အဲဒါတင် မကပါဘူး။ ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဆိုတဲ့နေရာမှာ အခြား ဘာသာ သာသနာ အသီးသီးများပေါ်မှာ ဘယ်လို သဘောထားရမလဲဆိုတာတွေ၊ ဓမ္မအကြောင်း အရ၊ မြန်မာ့ သမိုင်းကြောင်း အရ ဘာသာခြားတွေ အပေါ်မှာ ဘယ်လိုဆက်ဆံခဲ့လဲ ဆိုတာကို စနစ်တကျ သင်ရိုးညွှန်းတမ်းများ ပြုစုပြီးတော့ လူငယ်လေးများ အသိမှန်ရရှိရေးအတွက် ကျွန်တော်တို့ ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ် ” ဟု ထည့်သွင်းဖြေကြား ခဲ့ကြောင်း သိရသည်။

    မေး။    ။News Watcch ဂျာနယ် သတင်းထောက် ကိုမင်းဗညားမှ  မြန်မာပြည်မှာဆိုရင် အစ္စလာမ် ဘာသာဝင် တော်တော်များများ အကြမ်းဖက်ခံနေရတယ်၊ မလေးရှားမှာ အခု ဆိုရင် မြန်မာလူမျိုး တော်တော်များများဟာ မွတ်စလင်တွေရဲ့အကြမ်းဖက်မှုကို ခံနေရတယ်။ ဒီကိစ္စနဲ့ ပတ်သပ်ပြီး ဒီအဖွဲ့က ဘာများပြောချင် ပါသေးသလဲ ခင်ဗျာ။ ဘယ်လို ခံစားမိလဲ ခင်ဗျာ့ ” ဟု မေးမြန်ခဲ့သည်။

    ဖြေ။    ။ ခလီဖွာ ဆရာဦးအေးလွင်မှ ”  သတင်းတစ်ခု မှန်ကန်တိကျဖို့ သိပ်အရေးကြီးတယ်။ သတင်းမှာ လွဲမှားသော သတင်းဆိုတာ ရှိတယ်။ လုပ်ကြံတဲ့ သတင်းဆိုတာ ရှိတယ်။ အဲဒီ့ အထဲမှာ လုပ်ကြံတဲ့ သတင်းက ဘယ်လောက် အန္တရာယ် ရှိရှိ အမှန်တရားကို တပိုင်းတစကို ကိုယ်လိုချင်တဲ့ဘက်ဆွဲသွားတာဟာ အင်မတန် စိုးရိမ်ဖို့ကောင်းတယ်။ စတုတ္ထမဏ္ဍိုင် ဖြစ်တဲ့ မီဒီယာတွေက ဒီအပေါ်မှာ အင်မတန် တာဝန်သိသိနဲ့ လုပ်မယ်ဆိုရင် ငြိမ်းချမ်းမှုအတွက် အကောင်အထည်ဖော်မယ်။ ဘာပြောချင်တာလည်း ဆိုရင် မှန်ကန်သော သတင်းအချက်အလက်များ သားခုနက ပြောသွားတဲ့ မွတ်စလင်တွေက အကြမ်းဖက်တယ်။ မြန်မာနိုင်ငံတော် အစိုးရ ကလည်း မလေးရှားမှာ မွတ်စလင် အကြမ်းဖက်တယ်လို့ မပြောဘူး။ မလေးရှားက သက်ဆိုင်ရာ ပုဂ္ဂိုလ်ကလည်း မွတ်စလင် အကြမ်းဖက်တယ်လို့ မပြောဘူး။ ဘယ်သူတွေ ဘာတွေ ဖြစ်နေမှန်း မသိဘူး။

    သေဆုံးမှုတွေ ရှိနေတယ်။ ရာဇ၀တ်မှုတွေ ရှိနေတယ်။ အဲဒီ့ သေဆုံးမှုတွေ၊ ရာဇ၀တ်မှုတွေဟာ လုံးဝ မလိုလားအပ်တဲ့ ကိစ္စဖြစ်တဲ့ အတွက် အဲဒီ့ သေဆုံးမှု ရာဇ၀တ်မှု၊ အကြမ်းဖက်မှု အားလုံးကို ဘယ်နေရာမှာပဲ ဖြစ်ဖြစ်၊ ဘယ်သူကပဲ လုပ်လုပ်၊ ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ရှုံချပါတယ်။ အဲဒီမှာ ခုနက ပြောသလို နာမည်တွေ တပ်ကြတော့မယ်ဆိုရင် သိပ်သတိထားဖို့ လိုတယ်။ အဲဒါသည် မီဒီယာများ အပါ် လေးလေးစားစား မေတ္တာရပ်ခံချင်တာက ဘယ်သူ ဘယ်ဝါ သည် ဘယ်ဘာသာဝင် ဆိုတာထက် ဘာကြောင့် ဖြစ်ရတယ်၊ နောက်ကြောင်းလေးက တကယ်ရာဇ၀တ်မှုကြောင်းအရ စုံစမ်းလိုက်ရင် အဖြေက ပေါ်လာပါလိမ့်မယ်။ ဘာကြောင့်ဖြစ်ရလဲဆိုတဲ့ အကြောင်းလေးတွေ ရှိမှာပါ။ မြန်မာပြည်မှာ ဖြစ်သလိုပေါ့ သာမာန်ရာဇ၀တ်မှုကို ဘာသာရေး အသွင်သဏ္ဍန်လုပ်သလို၊ ဟိုဘက်မှာလည်း ဒီအတိုင်းပဲ သာမာန်ရာဇ၀တ်မှုကို၊ ခိုက်ရန်ဖြစ်ပွားမှုကို ဘာသာရေးအရောင်ဆိုးဖို့ ကြိုးစားနေတာ ဖြစ်ချင်ဖြစ်မယ်။ အတိအကျ မသိဘူး။ သတင်းသမားတစ်ခုကို လွဲမှားသွားအောင်၊ တိမ်းချော်သွားအောင်၊ လမ်းချော်သွားအောင် ပြုလုပ်ခြင်းအားဖြင့် အကျိုးနဲ့ အဆိုးတွေက ဖြစ်နိုင်ပါတယ်။ မည်သူပဲလုပ်လုပ်၊ မည်သည့်နေရာမှာပဲ ဖြစ်ဖြစ်၊ မည်သည့်ရာဇ၀တ်မှု မဆို ဘာသာရေးနာမည် မတပ်ဘဲနဲ့ တစ်ဦးချင်းရဲ့ လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်” ဟုဖြေကြားခဲ့သည်။

  • ‘ရန်ကင်းစင်တာအနီး ဗလီဆောက်နေသည်ဆိုသည့် FB မဟုတ်မမှန် သွေးထိုးလှုံ့ဆော်မှုအား Ko Navana မှ ဖြေရှင်းရေးသားထားမှု”

    ‘ရန်ကင်းစင်တာအနီး ဗလီဆောက်နေသည်ဆိုသည့် FB မဟုတ်မမှန် သွေးထိုးလှုံ့ဆော်မှုအား Ko Navana မှ ဖြေရှင်းရေးသားထားမှု”

    fake news mosque buit in yagon
    ဒီကိစ္စကို ပြောမှဖြစ်တော့မယ်..။ အဲ့ဒီသတင်းက.. သိပ်မှားတဲ့သတင်း..။ မူလသတင်းဖော်ထုတ်သူက.. မှန်/မမှန် confirm လုပ်နိုင်တယ်လို့ ရေးထားတော့.. ဒီအတိုင်းဖတ်ရသူတွေအနေနဲ့ ဟုတ်လောက်တယ်လို့ ထင်ပြီး.. မဟားဒယား share ကြတာ အုတ်အော်သောင်းနင်းနဲ့.. စိတ်ပျက်စရာကောင်းလွန်းလို့ ကျွန်တော်ပြန်ရေးတာပါ။

    ဒါပေမယ့်.. သူပြောတဲ့ သတင်းအချက်အလက်အားလုံး တစ်ခုမှ .. မမှန်ပါ..။

    ပိုင်ရှင်က.. ကျောက်ပန်းတောင်းသား- ဗမာစစ်စစ်ဖြစ်ပြီး ကျောက်ပန်းတောင်မြို့မှာ.. မိဘမဲ့ကလေးငယ် သုံးရာကျော်ကို ဘုန်းတော်ကြီးသင် ရွှေနဒီပရဟိတ ပညာရေးကျောင်း တည်ထောင်လှူဒါန်းထားသူဖြစ်ပါတယ်..။

    လက်ရှိအဆောက်အဦကလဲ.. ဗလီဖြစ်ဖို့ဝေးလို့.. office tower တည်ဆောက်နေခြင်း ဖြစ်ပါတယ်..။

    မူလပိုင်ရှင်က.. ၀ါဝါ၀င်းဆောက်လုပ်ရေးဖြစ်ပြီး ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်နဲ့ ဘာမှ မဆိုင်ပါ..။

    ရှေ့က ရေကန်က.. မီးသတ်ရေကန်ဖြစ်ပြီး ဂါလံသုံးသောင်းဆန့်ပါတယ်..။ ခြေဆေးရုံမက.. ရေပါချိုးလို့ရပါတယ်..။

    မေလ ၂၅ရက်နေ့က.. စည်ပင်ဝန်ထမ်းများနဲ့ ပြည်သူ့ရဲဝန်ထမ်းတွေ လာရောက်ဖျက်ခိုင်းတာက.. အဆောက်အဦ ရှေ့ ဆိုက်ပရ၀ုဏ် ကာရံထားတဲ့ ယာယီငါးထပ်သားများကို.. စည်ပင်နယ်နမိတ်နဲ့ မလွတ်လို့ ဖျက်ခိုင်းခြင်းမျှသာ ဖြစ်ပါတယ်..။

    မူရင်းရေးသူအနေနဲ့.. ဗလီဆောက်တယ်- နိုင်ဂရုကဆောက်တယ်- ရှေ့က ရေကန်က ခြေဆေးကန်- ယခင်က ဦးခင်ညွှန့်ပိုင်- လေလံပစ်တော့ တရုတ်တစ်ယောက်ရသွား- စသဖြင့်.. တစ်ခုမှ မမှန်တဲ့
    အချက်အလက်တွေကို.. ဘယ်ကနေ.. ဘယ်လိုစိတ်ကူးနဲ့.. ရယူရေးသားသွားသလဲ ကတော့.. တော်တော်အံ့သြဖို့ကောင်းပါတယ်..။

    ကျွန်တော်အနေနဲ့.. ဟိုးတစ်ရက်ကတည်းက.. ပြန်ရေးဖို့ စိတ်ကူးရှိပေမယ့်.. ဒီလိုပဲ ပြီးသွားမယ်ထင်လို့ ပြန်မရေးခဲ့တာပါ..။

    ဟုတ်ကဲ့.. ပိုင်ရှင်က ကျွန်တော်မိတ်ဆွေဖြစ်ပြီး.. အဲ့ဒီအဆောက်အဦရဲ့  လက်ရှိတာဝန်ယူ တည်ဆောက်နေသူက.. ကျွန်တော်ပါ.. ခင်ဗျား..။

    မှန်/မမှန် confirm လုပ်ချင်ရင်.. အဲ့ဒီတိုက်ကိုသာ ကြွခဲ့ပါ..။ ကျွန်တော်ကိုယ်တိုင် ရှိနေပါကြောင်း..။

    သိပ်စိတ်ပျက်အံ့သြရပါတယ်..။ ကျွန်တော်တို့လူမျိုး.. သတင်းမြင်တိုင်း.. အဟုတ်ထင်- အလွယ်ယုံ- အလွယ် share သူတွေ သိပ်များပါ့လားဗျာ..။
    http://www.facebook.com/photo.php?fbid=200748913410602&set=a.105796989572462.15040.100004264836168&type=1

    အဲဒီ သတင်းအမှားကို ပြန်ပြီး Share လုပ်ထားကြတာလည်း လူပေါင်း ၁၂၀၀ လောက်ရှိတယ်ဗျာ။
    ဘယ်လောက်အန္တရာယ်များလိုက်သလဲ။
    ဒီလို ဆတ်ဆတ်ထိမခံအချိန်မှာ အစစအရာရာ ဆင်ခြင်ဥာဏ်နဲ့ သုံးသပ်နိုင်ကြဖို့ လိုအပ်ပါတယ်

    Ko Navana  FB မှ ကူးယူဖော်ပြပါသည်။
    Link =>https://www.facebook.com/photo.php?fbid=10201937652864579&set=a.4901700741996.2199859.1282279262&type=1&theater

  • အထင်အမြင်လွှဲမှားမှုများအပေါ် မွတ်စ်လင်မ်ပညာရှင်များနှင့် Unity for Peace ၏ ရှင်းလင်းထုတ်ပြန်ချက်

    ဇွန်လ ၁၂၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်

    အစ္စလာမ်နှင့် မွတ်စ်လင်မ်များအပေါ် အထင်အမြင်လွဲမှားနေမှုများနှင့်ပတ်သက်၍ Unity for Peace Networks မှ ဦးစီးပြီး မွတ်စလင် ပညာရှင်များမှ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ဇွန်လ ၁၂-ရက် (ဗုဒ္ဓဟူးနေ့) နံနက် (၁၀)နာရီမှ (၁၂)နာရီအထိ Y.M.C.A ခန်းမမှာ ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

    2 001 2 002 2 003 2 004

    2 005

  • အထင်အမြင် လွဲမှားမှုများနှင့် ပတ်သက်၍ မွတ်စလင် ပညာရှင်များ သတင်းစာ ရှင်းလင်းပွဲပြုလုပ်

    ဇွန်လ ၁၂၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်

    ရန်ကုန် ။         ။        ညီညွှတ်ရေးမှ ငြိမ်းချမ်းရေးဆီသို့ ကွန်ရက်ပေါင်းစု (Unity For Peace Networks) မှ စီစဉ် ကျင်းပသော အစ္စလာမ်ဘာသာနှင့် မွတ်စ်လင်မ်များအပေါ် အထင်အမြင် လွဲမှားမှုများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီမှ (၁၂)နာရီထိ ရန်ကုန်မြို့ YMCA ခန်းမ၌ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

    P6120200

    သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ Unity For Peace Networks Organizer မှ တာဝန်ရှိသူ တစ်ဦးဖြစ်သော  ဦးကျော်ဝင်းက ” နှစ်ပေါင်းများစွာ ယုံကြည်သူ လူမျိုးပေါင်းများစွာ ဆည်းကပ်ကိုးကွယ်ခြင်းခံရသည့် အစ္စလာမ်ဘာသာနှင့် ဘာသာဝင်မွတ်စ်လင်မ်တွေအပေါ် အထင်အမြင် လွဲမှားမှုများနှင့် စွပ်စွဲချက်များ ဒီနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မကြုံစဖူး၊ နိုင်ငံနဲ့ အ၀ှမ်း ပြန့်ပွားနေရုံမက အစ္စလာမ်ဘာသာရဲ့ သာသနိက အဆောက်အအုံတွေဟာ နိုင်ငံနှင့် အ၀ှမ်း အကြမ်းဖက်တိုက်ခိုက် ခံနေရပါတယ်။ ဘယ်ရှူ့ထောင့်က ကြည့်ကြည့် အကြမ်းဖက်မှု ဖြစ်စဉ်တွေဟာ တိုင်းကျိုးပြည်ပြုလုပ်ရပ်တွေ မဟုတ်ပါ။ တိုင်းပြည်အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ရေးကို တိုက်ရိုက်အဟန့်အတားဖြစ်စေတဲ့ လုပ်ရပ်တွေသာ ဖြစ်ပါတယ်။ အကြမ်းဖက်မှု လုပ်ရပ်တွေဟာ အထင်မှား၊ အမြင်မှားမှုတွေ၊ အမုန်းတရားတွေကနေ မြစ်ဖျားခံလားခြင်း ဖြစ်တယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး။ အထင်အမြင် လွဲမှားမှုတွေကို အစ္စလာမ် သာသနာ့ပညာရှင် အသီးသီးက မိမိတို့ တတ်စွမ်းသရွေ့ တစ်ဦးချင်း ဖြေရှင်းခဲ့၊ ဖြေရှင်းနေဆဲပါ။ တစ်ဦး တစ်ယောက်ချင်း ဖြေရှင်းနေတာထက်စာရင် အဓိကကျတဲ့ အထင်အမြင်လွဲမှားမှုတွေနဲ့ ပတ်သပ်ပြီး မြန်မာနိုင်ငံရဲ့ အထင်ကရ အစ္စလာမ်ဘာသာဝင် ပညာရှင်တွေက တညီတညွှတ်တည်း၊ တစ်နေရာတည်း၊ တစ်ချိန်တည်း မီဒီယာတွေရှေ့မှာ ရှင်းလင်းထုတ်ပြန်ပြီး မီဒီယာတွေ အနေနဲ့လည်း ရှင်းလင်းထုတ်ပြန်ချက်ကို အများပြည်သူထံ အရောက် ပို့ပေးနိုင်ရင်ဖြင့် အကြမ်းဖက်မှု ပပျောက်ရေး၊နိုင်ငံသာယာတိုးတက်ရေးအတွက် ပိုအကျိုးရှိနိုင်မယ်လို့ ကျွန်တော်တို့ လူမှုကွန်ရက်တွေက ယုံကြည်တဲ့ အတွက် ဒီသတင်းစာ ရှင်းလင်းပွဲကို ကျင်းပရခြင်း ဖြစ်ပါတယ် ” ဟု ထည့်သွင်းပြောကြားခဲ့သည်။

    P6120100

    ယင်းနောက် အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသူများအား မွတ်စ်လင်မ် ပညာရှင်များဖြစ်သော အလ်ဟာဂ်ျ မော်လာနာ ဟာဖိဇ် မွဖ်သီ နူးရ် မုဟမ္မဒ် ဦးကိုလေး၊ အလ်ဟာဂ်ျ မော်လာနာ ဟာဖိဇ် ကာရီ မွဖ်သီဂျအ်ဖရ် ဦးတင်မြင့်၊ ဟွတ်ဂ်ျတွလ်အစ္စလာမ် အလ်ဟာဂ်ျ မော်လာနာ အင်နာယသ်ဟူစိန် ဦးခင်မောင်ဦး၊  အလ်ဟာဂ်ျ ခလီဖွှာ ဦးအေးလွင် (M.Sc.,F(1)၊  အလ်ဟာဂ်ျ မွဖ်သီဒေါက်တာမြင့်သိန်း(စာရေးဆရာ ငြိမ်းချမ်းလုလင်)၊  မွဖ်သီအဗွလ်ဟစန် ဦးတင်မြင့်၊ အလ်ဟာဂ်ျ မော်လာနာ အိုမရ်မြင့်နိုင်၊  မွဖ်သီ ကာရီ ဂျလားလ်အဟ်မဒ် ဦးအောင်စိုး (B.A) တို့နှင့် မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။

    အစ္စလာမ် ဘာသာနှင့် မွတ်စလင်မ်များအပေါ် အထင်အမြင်လွဲမှားမှုများနှင့် ပတ်သက်၍ မွတ်စ်စလင်မ် ပညာရှင်ကြီးများနှင့် မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင် ကွန်ရက်ပေါင်းစုမှ ရှင်းလင်းကြေညာချက်အား UPN မှ တာဝန်ရှိသူ တစ်ဦးဖြစ်သော ကိုရဲလှမှ ဖတ်ကြားတင်ပြခဲ့သည်။

    ထို့နောက် ဆရာဦးဝင်းငြိမ်းမှ အမှာ စကားပြောကြားရာတွင် ” ဒီကနေ့ ကျင်းပတဲ့ UPN Networks မှ ရှင်းလင်းတင်ပြတဲ့ အစီအစဉ်မှာ ကျွန်တော်က အစ္စလာမ်ဘာသာဝင်တစ်ယောက်၊ စာနယ်ဇင်းတစ်မား တစ်ယောက် အနေနဲ့ ဧည့်သည်အဖြစ် တက်ရောက်လာရခြင်း ဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့ ကြုံရတဲ့ ဘာသာရေး ပဋိပက္ခ အသွင်ဆောင်တဲ့ နိုင်ငံမှာ မတည်ငြိမ်မှု၊ အေးချမ်းမှု မရှိတဲ့ အခြေအနေကို ကျွန်တော်တို့ ရခိုင်က စပြီး တစတစ မိတ္ထီလာ၊ လာရှိုး၊ ရန်ကုန်တိုင်းမှာ ဆိုရင် အနီးဆုံးနေရာတွေ အထိ ရောက်လာပါပြီ။ ရန်ကုန်မြို့ပေါ်မှာလည်း မကြာခဏဆိုသလို ဟိုနားက အော်သွား၊ ဒီနားက အော်သွားနဲ့ ကျီးလန့်စာစား အခြေအနေမှာ ရှိပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေ အတွက် ကျီးလန့်စာစား ဖြစ်ရတာပါ။ ဘာကြောင့်လည်း ဆိုတော့ ဒီနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်များက လူနည်းစုတွေ ဖြစ်ပြီးတော့ ဗုဒ္ဓဘာသာဝင်များက လူများစု ဖြစ်ပါတယ်။ မိတ္ထီလာမှာ ဖြစ်တဲ့ ညက ဆိုရင် ရန်ကုန်မြို့မှာ ရှိတဲ့ အစ္စလာမ် ဘာသာဝင် တော်တော်များများ တစ်ညလုံး မအိပ်နိုင်ကြပဲနဲ့ တယ်လီဖုန်း အဆက်အသွယ်တွေနဲ့ သက်ဆိုင်ရာများကို တဆင့် အကြောင်းကြားပေးကြပါတယ်။ တတ်နိုင်သလောက် နှုတ်၏ စောင်မခြင်းနဲ့ လုပ်ခဲ့ကြပါတယ်။ ကျွန်တော်တို့က နှုတ်၏ စောင်မခြင်းနဲ့ပဲ တတ်နိုင်ပါတယ်။ ဘယ်နေရာမှာ ဘာဖြစ်နေသလဲဆိုတာကို အတိအကျ ပြောနိုင်ပေမယ့်လို့ လက်၏ စောင်မခြင်းနဲ့ မလုပ်နိုင်ခဲ့ကြပါဘူး။ အင်မတန် ၀မ်းနည်း ကြေကွဲရပါတယ်။ မိဘမဲ့ ကလေးကျောင်းကို မီးတင်ရှို့နေပြီဆိုတာ သိတဲ့အချိန်မှာ ဆရာဦးအေးလွင်ဆီကို ကျွန်တော်အင်မတန် စိတ်ထိခိုက်စွာနဲ့ အကြောင်းကြားခဲ့ပါတယ်။ ဆရာကလည်း ဆက်ပြီးတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အကြောင်းကြားပေးပါတယ်။ စိတ်မပူပါနဲ့ ၊ တပ်က ထိန်းသိမ်းထားပါတယ် ဟု အဲလိုပဲ အကြောင်းပြန်ပါတယ်။ တကယ်တကယ့် ကြတော့ မိဘမဲ့ကျောင်းမှာ ရှိတဲ့ ကလေးတွေဟာ အများကြီး သေကြေပျက်ဆီးကြပြီးတော့ အချို့လည်း အခုထက်ထိ ပျောက်ဆုံးနေဆဲပါ။ အင်မတန် ၀မ်းနည်းကြေကွဲစရာကောင်းတဲ့ အဖြစ်တွေပါ။ အခုလည်း ဒုက္ခသည် စခန်းတွေမှာ ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေ အများကြီး ရှိနေပါသေးတယ်။ အိမ်ပြန်ခွင့် မရပါဘူး။ တည်ငြိမ်မှုကို အကြောင်းပြပြီးတော့ ထိန်းသိမ်းထားသလို ရှိနေပါတယ်။
    P6120194
    ဂျာနယ်အချို့နဲ့ သတင်းစာ အပါအ၀င် မီဒီယာတွေက အစ္စလာမ်ဘာသာဝင်များနှင့် ပတ်သပ်ပြီး အင်မတန် လွဲမှားတဲ့ အယူအဆတွေနဲ့ တိုက်ခိုက်နေတာကို အများကြီး ကြုံရပါတယ်။ အဲဒီတော့ ဒီနေ့မှာ ကျွန်တော် မီဒီယာ သမား တစ်ယောက်အနေနဲ့ တက်ရောက်လာတဲ့ မီဒီယာက ပုဂ္ဂိုလ် များကို အထူးမေတ္တာရပ်ခံချင်တာကတော့ ဒီသတင်းစာ ရှင်းလင်းပွဲဟာ သာမာန်သတင်းစာ ရှင်းလင်းပွဲနဲ့ မတူပါဘူး။ တိုင်းပြည်ရဲ့ တည်ငြိမ် အေးချမ်းရေးကို အများကြီး အထောက်အကူ ပြုမယ့် ရှင်းလင်းပွဲ တစ်ရပ်ဖြစ်ပါတယ်။ ရှင်းလင်းပွဲတွေနဲ့ ပတ်သက်ပြီး ရှေ့က ပုဂ္ဂိုလ်က တစ်ချက်ခြင်း ရှင်းလင်းတင်ပြခဲ့တဲ့ (၁၀)ချက်ကို ပြန်ပြီးတော့ ကိုယ်ဂျာနယ်၊ မဂ္ဂဇင်း၊ သတင်းစာမှာ ပြန်ပြီးတော့ တင်ပြတဲ့ အခါမှာ တိတိကျကျလေးတင်ပြပေးပါလို့ UNP ကိုယ်စား၊ မီဒီယာ သမား တစ်ယောက်ကိုယ်စား၊ အစ္စလာမ် ဘာသာဝင်တစ်ယောက် ကိုယ်စား ကျွန်တော် မေတ္တာရပ်ခံပါတယ်။ တိတိကျကျ မရေးလို့ ကိုယ်လိုချင်တာကို ဖြတ်တောက်ပြီးတော့ ထည့်လိုက်မယ် ဆိုလို့ရှိရင် ဒီနေ့ တည်ငြိမ်အေးချမ်းစေချင်လို့ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲဟာ မတည်ငြိမ်အောင် ဖန်တီးသလို ဖြစ်သွားနိုင်ပါတယ်။ အဲဒါကြောင့် ကျွန်တော် အထူးမေတ္တာရပ်ခံပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ထို့နောက် မီဒီယာများမှ မေးမြန်းချက်များကို အထက်ပါ ဆရာများမှ ပြန်လည် ဖြေကြားခြင်းအစီအစဉ်ကို ပြုလုပ်ခဲ့ပါသည်။
    News Watch သတင်းဂျာနယ်မှ သတင်းထောက် ကိုမင်းဗညားက ” ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများမှာ မွတ်စ်လင်မ်များက ထိပ်တိုက်တွေ့၍ ဖြစ်ရကြောင်း၊ မွတ်စ်လင်မ်များကစ၍ ဗုဒ္ဓဘာသာများက ပြန်ခုခံခြင်းဖြစ်ကြောင်း၊ အစ္စလာမ် ခေါင်းဆောင်များ အနေဖြင့် အောက်ခြေအထိ ဆင်း၍ အကြမ်းဖက်မှုများ မဖြစ်ပွားစေရန် စည်းရုံးသိမ်းသွင်းရန် အစီအစဉ်ရှိလား မေးခွန်းကို အလ်ဟာဂ်ျခလီဖွှာ ဦးအေးလွင်က ယခုကဲ့သို့ ဖြေကြားခဲ့သည်။
    ” အစ္စလာမ်ဘာသာဝင်များ အားလုံး ကိုယ်စား ဖြေကြားခြင်းဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်းတွင် လူဟူသည်ရှိနေသရွေ့လူမှု ဆက်ဆံရေးအရ အမှားအယွင်းရှိကြောင်း၊ လူမှုပြဿနာကို ဘာသာရေး ခေါင်းစဉ်တပ်၍ မရကြောင်း၊ လောကရှိ လူများတွင် ကောင်းသူရှိသလို ဆိုးသူလည်းရှိကြောင်း၊ ဘာသာတရား အသီးသီးကလည်း အကောင်းကိုသာ ညွှန်ပြထားကြောင်း၊ ဘာသာတရား မည်မျှပင် ကောင်းစေကာမူ မပြုကျင့်သူများရှိကြောင်း၊ မကောင်းမှု ပြုသူသည် ဘာသာတရားကို ကိုယ်စားမပြုကြောင်း၊ မကောင်းမှု ကျူးလွန်သူ မည်သူ့ကို မဆို ရှုံ့ချပြီး ဥပဒေအရ အရေးယူရမည် ဖြစ်ကြောင်း၊ ကိုးကွယ်ရာ ဘာသာကို ခေါင်းစဉ်တပ်၍ ပြောခြင်းသည် ရိုးသားမှု မရှိကြောင်း၊ အပြစ်ကျူးလွန်သူကိုသာ ပြောသင့်ကြောင်း” ဟူ၍ ဖြေကြားခဲ့သည်။

    အဆိုပါ အခမ်းအနားသို့ မီဒီယာ (၄၂)ခုမှ  လူဦးရေ (၆၀)ယောက်ခန့်၊ ဧည်သည့်တော် (၁၆၅)ယောက် စုစုပေါင်း ၂၂၀ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

    ဓါတ်ပုံများကြည့်ရန်။