News @ M-Media

Tag: featured

  • ကလေး ၂ ယောက် ဥပဒေသည် လူအခွင့်အရေးကို ချိုးဖောက်ခြင်းသာဖြစ်ဟု ဒေါ်စုကြည် ဝေဖန်

    M-Media
    မေလ ၂၇ ရက်၊ ၂၀၁၃

    သတင်းအရင်းအမြစ် – အင်တာနက်

    2013-05-27T113335Z_1_CBRE94Q0W4600_RTROPTP_2_MYANMAR-POLITICS
    သတင်းထောက်များနဲ့ တွေ့ဆုံနေတဲ့ ဒေါ်အောင်ဆန်းစုကြည်

    မွတ်စလင်များအရေးနဲ့ပတ်သတ်ပြီး မှတ်ချက်ပေးမှုနည်းပါးတဲ့ ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာတွေကို ကလေးနှစ်ယောက်သာ ယူခွင့်ရှိတဲ့ ဥပဒေပြဌာန်း ကန့်သတ်တာနဲ့ပတ်သတ်ပြီး ဒါဟာလူအခွင့်အရေးကို ဆန့်ကျင်တာဖြစ်တယ်လို့ ယနေ့ ဝေဖန်ပြောကြားလိုက်ပါတယ်။

    အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယခင်အာဏာရှင်အစိုးရ အဆိုပြုခဲ့တဲ့ အဲဒီအငြင်းပွားဖွယ်ရာ ဥပဒေကို လက်ရှိအာဏာပိုင်တွေက အတည်ပြုပြဌာန်းလိုက်တဲ့အပေါ်မှာ သူမအနေနဲ့ ဆန့်ကျင်ကြောင်း ယနေ့သတင်းထောက်များကို ရန်ကုန်မြို့မှာ ပြောကြားခဲ့တာဖြစ်ကြောင်း ရိုက်တာက ဆိုပါတယ်။

    “ဒီလိုမျိုး ခွဲခြားမှုမျိုးရှိနေတာ မကောင်းပါဘူး၊ ဒါက လူအခွင့်အရေးနဲ့လည်း လိုက်လျောညီထွေ မရှိလှပါဘူး” ဟု ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်က သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။

    ရခိုင်ပြည်နယ်အစိုးရကတော့ ဒီဥပဒေကို မွတ်စလင်အများစုရှိရာ ဒေသနှစ်ခုမှာ အတည်ပြုပြီးဖြစ်တယ်လို့ အေအက်ဖ်ပီကို ရခိုင်ပြည်နယ်အစိုး ရ ပြောခွင့် ရပုဂ္ဂိုလ် ဦးဝင်းမြိုင်က ပြောကြားခဲ့သလို ယခင်ကတော့ အုပ်စုအချင်းချင်း ပဋိပက္ခတွေကြောင့် အတည်ပြုဖို့ နှောင့်နှေးနေ တာ ဖြစ်တယ်လို့ လည်း သူက ဆိုပါတယ်။

    လူအခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ကတော့ ဒီဥပဒေကို “စက်ဆုပ်ဖွယ် ဥပဒေ၊ လူသားမဆန်တဲ့ ဥပဒေ” စတဲ့ စကားလုံးတွေ သုံးပြီး ဝေဖန်ခဲ့သလို ဒီဥပဒေက လူ့အခွင့်အရေးနဲ့ လုံးဝဥဿုံဆန့်ကျင်နေတယ်လို့လည်း ဆိုပါတယ်။

    ဧပြီလ ၂၉ ရက်နေ့မှာ ထွက်ခဲ့တဲ့ ရခိုင်ပဋိပက္ခစုံစမ်းရေးကော်မတီအစီရင်ခံစာမှာတော့ တကယ်လို့ အစိုးရကသာ ဒီလိုမျိုး ကလေးယူခွင့် ကန့်သတ်တဲ့ ဥပဒေ ကို ကာယကံရှင်များရဲ့ သဘောဆန္ဒမပါဘဲ ပြဌာန်းခြင်းမျိုးကနေ ရှောင်ရှားသင့်ကြောင်း၊ အကယ်၍ အဲဒီလိုမျိုးသာ ပြဌာန်းခဲ့မယ်ဆိုရင် လူအခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတော့မှာ မဟုတ်ဘူးလို့ ရေးသားဖော်ပြထားပါတယ်။ ဒါပေမယ့် အစိုးရကတော့ စုံစမ်းရေးကော်မတီရဲ့ အကြံပေးချက်ကို ထုံးစံအတိုင်း လျစ်လျူရှုခဲ့တာပါလို့ လေ့လာသူတွေက ဝေဖန်ကြပါတယ်။

    အဲန်အလ်ဒီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကတော့ အစိုးရအနေနဲ့ ၁၉၈၂ ဥပဒေကို ပြင်ဆင်ပြီး ရိုဟင်ဂျာတွေကို ကန့်သတ်ချုပ်ခြယ် မှုတွေ ဖြေလျော့ပေး သင့်တယ်လို့ ဒီမေလ အတွင်းမှာပဲ ရိုက်တာကို ပြောကြားခဲ့ပါသေးတယ်။

    “ရခိုင်တွေမှာ အဖြေမရှိဘူး၊ သူတို့က ရိုဟင်ဂျာတွေကို မောင်းထုတ်ပစ်ချင်တယ်၊ ဒါက မဖြစ်နိုင်တဲ့ကိစ္စပဲ” လို့ ဦးဥာဏ်ဝင်းက ပြောကြားခဲ့ပါတယ်။

  • ၄ လ တကြိမ် ပြုလုပ်တဲ့ မ.မ.လ မှ ကြီးမှူးသော ၁၂ ကြိမ်မြောက် သွေးလှူပွဲ

    မေလ ၂၇၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်

    မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင် လူငယ်များ(ဘာသာရေး) အဖွဲ့ မ.မ.လ ဌာနချုပ်မှ ကြီးမှူး၍ ပုံမှန်ကျင်းပမြဲဖြစ်သော (၁၂)ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲကြီးကို မေလ ၂၆ရက်နေ့က ရန်ကုန်မြို့ ၊ အမျိုးသားသွေးဌာနတွင် နံနံက် (၈း၃၀) နာရီက စတင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

    P5260391

    အဆိုပါ အခမ်းအနားသို့ မ.မ.လ မြို့နယ် အဆင့်ဆင့် အဖွဲ့ခွဲများ၊ ဧရာဝတီတိုင်း ကျောင်းကုန်း၊ Myanmar Chelsea Fans Club အဖွဲ့ နှင့် အခြား အဖွဲ့အသီးသီး တို့အတူ ပူးပေါင်း သွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

    ဧရာဝတီတိုင်း ဒေသကြီး ကျောင်းကုန်းမြို့နယ်မှ အဖွဲ့ခေါင်းဆောင် ကိုလှိုင်မျိုးဆွေမှ “ ကျွန်တော်တို့ ကျောင်းကုန်းက အဖွဲ့ဝင် လူနှစ်ထောင်လောက်ရှိပါတယ်၊ အခု မမလ ဌာနချုပ်နဲ့ အတူ ပူပေါင်း သွေးလှူဖို့ လာတာက အယောက် ၅၀ကျော်ပါ၊ ၄လတစ်ကြိမ် လှူကြတာပါ၊ ကျွန်တော်တို့ သွေးနဲ့ ဆင်းရဲ ချမ်းသာ မရွေးလူတစ်ယောက် အသက်ရှင်တယ် ဆိုတာနဲ့ပဲ ကျွန်တော်တို့ ပီတီ ဖြစ်ရပါတယ်” ဟု M-Media သို့ပြောသည်။

    P5260394

    ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်မှ သွေးအကြိမ်( ၁၀၀)ကျော် အလှူရှင်တစ်ဦး ဖြစ်သူ ဦးမြရီမှ “ ကျွန်တော် မ.မ.လ အဖွဲ့နဲ့ အတူ လှူတာ နှစ်ကြိမ်မြောက်ပါပြီ၊ ဦးလေး သွေးလှူဒါန်းတာကတော့ အကြိမ် တစ်ရာကျော်ပါပြီ၊ ဦးလေး သွေးလှူဒါန်းဖြစ်တဲ့ အကြောင်းကတော့ ဆင်းရဲ ချမ်းသာမရွေး လှူဒါန်းလို့ရတယ်၊ ပြီး ဦးလေး ကိုယ်တိုင်က ဆင်းရဲတဲ့ လူတစ်ယောက်ဖြစ်တယ်၊ ဆင်းရဲတဲ့ လူဖြစ်နေတော့ ငွေကြေးကို ဦးလေး မလှူနိုင်ဘူး၊ မလှူနိုင်တဲ့ အခါကြတော့ ဦးလေး ကိုယ်ထဲက သွေးနဲ့ပဲ ပြည်သူတွေရဲ့ အသက်ကို ကယ်ပေးမယ်ဆိုပြီး ဆုံးဖြတ်ချက်ချပြီး လှူခဲ့တာပါ၊ ဦးလေး (၁၇)နှစ်သား ကျောင်းသား လောက အရွယ်ကတည်းက စပြီး လှူခဲ့တာပါ၊ ဦးလေးက ကျောင်းကုန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဌာနက ၀န်ထမ်းပါ၊ ဦးလေးကတော့ ကိုယ်ကိုကိုယ် နမူနာ ပြ အနေနဲ့ စံပြ ပြီးတော့ သူများတကာကို ဒီအလှူဒါနလေး ဖြစ်အောင် ပြည်သူတွေ အသက်ကို ကယ်လို့ရတယ်လို့ ပြောပြီးတော့ ဆွဲဆောင်ခဲ့ပါတယ်၊ သွေးလှူရှင်တွေကို သိမ်းသွင်းခဲ့ပါတယ် ” ဟု M-Media သို့ပြောသည်။

    မ.မ.လ ဌာနချုပ် သွေးလှူဒါန်းရေး တာဝန်ခံ ဆော်သြရေးမှူး ဦးမောင်မောင်မှ “ အခုဆိုရင် မ.မ.လ ဌာနချုပ်က ကြီးမှူးပြီးတော့ ၁၂ ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲ ဖြစ်ပါတယ်၊ လူဦးရေ အနေနဲ့ အယောက်နှစ်ထောင် ငါးရာ ကျော်သွားပါပြီ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးကို ရှေ့ရှူပြီး လူမျိုး၊ ဘာသာမရွေး လိုအပ်နေတဲ့ သွေးတွေကို ပံပိုး ကူညီတဲ့ ရည်ရွယ်ချက်လေး ဖြစ်ပါတယ်၊ ရန်ကုန်တိုင်းမှာ ရှိတဲ့ ကျွန်တော်တို့ မ.မ.လ မြို့နယ် (၂၀) ရယ်၊ အပြင်က အဖွဲ့အစည်းတွေလည်း ပါပါတယ်၊ ကျွန်တော်တို့ အအနေနဲ့ ဒီလို သွေးလှူဒါန်းပွဲ အခမ်းအနား ဖြစ်လာအောင် တစ်လကြိုတင်ပြီးတော့ မြို့နယ်တွေကို အကြောင်းကြားတယ်၊ ဆော်သြတယ်၊ ဆေးတွေပေးတယ်၊ သွေးအလှူရှင်တွေ စုခိုင်းတယ် ပြီတော့ သွေးလှူဘဏ်က ဒေါက်တာ သီတာအောင်၊ ဒေါက်တာ ခင်ထွေးတို့ နဲ့ ဆက်သွယ် လှူဒါန်းတာ ဖြစ်ပါတယ်၊ မ.မ.လ ဌာနချုပ်ရဲ့ လုပ်ငန်းစဉ် တစ်ခုအနေနဲ့ လုပ်တဲ့ အထဲမှာ သွေးလှူဒါန်းတာ  ပါပါတယ်၊ (၄)လတစ်ကြိမ်ကို ပုံမှန် စဉ်ဆက်မပြတ် လှူဒါန်းနေတာ ဖြစ်ပါတယ်၊ သွေးလှူဒါန်းရှင်တွေကို ဂုဏ်ပြုလွှာ၊ တီရှပ်အင်္ကျီ၊ အာဟာရ ၊ ဒံပေါက် တစ်ယောက် တစ်ထုပ် ပြန်ပြီး ပေးပါတယ်” ဟု M-Media သို့ပြောသည်။

    မ.မ.လ ဌာနချုပ်၏ တွဲဖက် စာရင်းစစ် ဖြစ်သူ ဦးဇော်ဝင်းမှ “ လူ့အသက်တစ်ချောင်းကို ကယ်နိုင်ဖို့ဆိုတာ အဓိကပဲ၊ ဘာသာအယူဝါဒတွေ မတူတာတွေ ရှိမယ်၊ အရောင်အဆင်း မတူတာတွေ ရှိမယ် ဒါပေမယ့် လူသားဆိုပြီး ဖြစ်လာပြီဆိုကတည်းက သွေးဆိုတာ အရောင် တစ်မျိုးတည်းပဲ ရှိတယ်၊ သွေးထဲမှာ အမျိုးအစားပေါင်း များစွာ ကွဲနေပါစေ ဒါပေမယ့် ဒီသွေးသည် လူ့ရဲ့ အသက်တစ်ချောင်းကို ကယ်နိုင်ပါတယ်၊ လူဆိုတာက လူကိုပဲ ကယ်နိုင်တယ်၊ သွေးဆိုတာကလည်း မရှိမဖြစ် လိုအပ်တဲ့ အရာ ဘယ်လူသားကမှ ဖန်ဆင်းလို့ မရပါဘူး၊ လူဆီကပဲ ရတာပါ၊ လူက လူကို ကူညီတယ်ဆိုတာ လူသားဆန်တဲ့ သဘောပါ၊ ကျွန်တော် ကိုယ်တိုင်ကလည်း အစ္စလာမ် ဘာသာဝင် တစ်ယောက်ပါ၊ အစ္စလာမ်ဘာသာက ပိုပြီးတော့တောင် ပြထားပါတယ်၊ လူတစ်ယောက်ရဲ့ အသက်ကို ကယ်ရမယ်၊ ကူညီရမယ်၊ အိမ်နီးချင်းရဲ့ တာဝန်ကို အကုန်လုံး ကျေပွန်ရမယ် အဲဒီရည်ရွယ်ချက်လည်း ပါတယ်၊ သွေးဆိုတာက ဘယ်ဘာသာဝင် မဆို ဆေးရုံတက်ပြီး ကုသလို့ လိုအပ်လာပြိ ဆိုရင် ပေးနိုင်အောင် (၄)လတစ်ကြိမ် ကျွန်တော်တို့ ဒီပွဲ ဖြစ်လာအောင် ကြိုးစား အကောင်အထည်ဖော် ဆောင်ရွက်လာတာပါ၊  အခု ဆိုရင် (၁၂)ကြိမ်မြောက် ရှိပါပြီ ” ဟု M-Media သို့ပြောသည်။

    မ.မ.လ ဌာနချုပ် ဓမ္မသတ်မှူး ရှိုက်ခ် မွတ်စတဖာ ကမာလ် မှ “ သွေးလှူတာနဲ့ ပတ်သပ်ပြီး သာသနာမှာ မလှူရဘူး ဆိုတဲ့ တားမြစ်ချက်ဆိုတာ ဘာမှ မရှိဘူး၊ အစ္စလာမ် သာသနာက ဒီလို သွေးလှူဒါန်းခြင်းကိစ္စကို အများကြီး တိုက်တွန်းထားတယ် ဆိုတဲ့ အချက်တွေကို ကျွန်တော်တို့ ကျမ်းမြတ် ကုရ်အာန်ထဲမှာရော၊ တမန်တော်မြတ် (ဆွ)ရဲ့ သြ၀ါဒတော်တွေထဲမှာ အများကြီး လာရှိတာကို တွေ့ရတယ်၊ ကျမ်းမြတ်ကုရ်အန်ထဲမှာ အလ္လဟ်ရှင်မြတ် အမိန့်ရှိထားတယ်၊ လူတစ်ယောကကို ဘာအပြစ်မှ မရှိပဲနဲ့ အကြောင်းမဲ့ သတ်လိုက်မယ်ဆိုရင် အဲဒီလူက တနည်း လူသားထု တစ်ရပ်လုံးကို သတ်ပစ်လိုက်တာနဲ့ တူတယ်လို့ အမိန့်ရှိတယ်၊ လူတစ်ယောက်ကို အသက်ရှင်အောင် ပြုလုပ်ပေးလိုက်မယ် ဆိုလို့ရှိရင် အဲဒီလူက လူသားထု တစ်ရပ်လုံးကို အသက်ရှင်အောင် ပြုလုပ်ပေးတာနဲ့ အလား သဏ္ဍန်တူတယ် ဆိုတဲ့ အာယာသ်တော်တွေကိုလည်း ကျွန်တော်တို့ တွေ့ရှိရတယ်” ဟု M-Media သို့ပြောသည်။

    အဆိုပါ မ.မ.လ ဌာနချုပ်၏ (၁၂)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲတွင် သွေးလှူဒါန်းရှင် စုစုပေါင်း (၂၈၃) ဦးလှူဒါန်း ခဲ့ကြောင်း၊ မ.မ.လ ဌာနချုပ်၏ စာရင်းမှတ်တမ်းများ အရ သိရသည်။ ဆက်လက်၍ (၄)လ တစ်ကြိမ် ပုံမှန် စဉ်ဆက် မပြတ် လှူဒါန်းသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

    P5260385

    IMG_9040

    ဓါတ်ပုံများ ကြည့်ရန်။

    https://www.facebook.com/media/set/?set=a.542043585838116.1073741894.468226919886450&type=1

     

  • မိတ္ထီလာမြို့ရှိ မွတ်စလင်မ် သုသာန်အား ဖျက်၍ ကားကွင်းပြုလုပ်ရန် စီစဉ်နေ

    မေလ-၂၇၊ ၂၀၁၃
    M-Media
    ဇာဏီ

    မိတ္ထီလာ ။           ။      မိတ္ထီလာမြို့ရှိ မွတ်စလင်မ် သုဿာန်အား ဖျက်၍ ကားကွင်းပြုလုပ်ရန် စီစဉ်နေသည်ဟု ကြားသိရသည့်အတွက် ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

    A mosque burns during a riot in Meikhtila March 21, 2013
    မတ်လ ၂၁ ရက်နေ့က အကြမ်းဖက်သမားများ မီးရှို့ ဖျက်ဆီးခြင်းခံခဲ့ရသော မွတ်စလင်မ် လူနေရပ်ကွက်နှင့် ဗလီ ဝတ်ကျောင်းတော် ဓါတ်ပုံ-AP

    “ကျွန်တော်တို့ မွတ်စလင်မ်သုသာန်အဟောင်းပေါ့။ အဲဒါကို မြေကော်စက်နဲ့ ထိုးဖို့လုပ်တော့မယ်။ မိတ္ထီလာမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ လုံခြုံရေးနဲ့နယ်စပ်ရေးရာဌာန တိုင်းဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြီးခဲ့တဲ့တစ်ပတ် တနင်္ဂနွေနေ့က ခေါ်ပြောတယ်။ လာမယ့်အပတ် – လာမယ့်အပတ်လို့ပြောတာ မနက်ဖြန်ပေါ့။ အဲဒီနေ့မှာ ကားကွင်းအဖြစ် ပြုလုပ်မှာဖြစ်တယ်လို့ ခေါ်ပြောတယ်။ ကားကွင်းဆိုတာ မိတ္ထီလာကားကွင်းကို နေရာပြောင်းမယ်လို့ ပြောတယ်။  ဒီသုသာန် အခုလိုပဲ ဖျက်မယ်ဆိုတာ ဦးသိန်းစိန် သမ္မတဖြစ်စအချိန်က သတင်းထွက်ပေါ်လာတယ်။ အဲဒါကို မွတ်စလင်မ်တွေက ၀ိုင်းပြီး ပြောလိုက်ကြတော့ ခဏနားထားဦးဆိုပြီးဖြစ်သွားတယ်။ အခုတော့ ဖျက်ပစ်ဖို့ ပြန်လုပ်နေတယ်။ ကျွန်တော်တို့မှာ လူတွေသတ်ခံရ၊ အိမ်တွေ မီးရှို့ခံရ၊ ဖျက်ဆီးခံရ၊ မိသားစုတကွဲတပြားစီဖြစ်လို့ စိတ်သောကတွေရောက်နေတဲ့အချိန်မှာ အခုတစ်ခါထပ်ပြီး သုဿာန်ကို ဖျက်ဦးမယ်ဆိုတော့ စိတ်ထိခိုက်တယ်ဗျာ။ မနက်ဖြန်ကို လုပ်လိမ့်မယ်ဆိုတာလည်း ကျွန်တော် တစ်ထစ်ချ ခံစားမိနေတယ်။ ဟုတ်ကဲ့ အခုထိတော့ အစောင့်ချထားတာ၊ မြေထိုးစက်တွေ ရပ်ထားတာမရှိပေမယ့် မနက်ဖြန်ကို သူတို့လုပ်မယ်လို့ ကြေညာထားပြီးသားဖြစ်လို့ လုပ်မှာပါ။ သူတို့ဘက်က တရားဝင် စာပို့တာတော့ မဟုတ်ဘူး၊ ပါးစပ်ကပဲ ပြောနေတာ။” လို့ M-Media ကိုပြောပြရင်း ဆက်လက်ပြောပြလာပါတယ်။

    “ချမ်းအေးသာယာမှာလည်း ဒီနေ့ မြေကော်စက်နဲ့ထိုးတယ်လေ။ မနက်ဖြန်လည်း ထိုးဦးမှာ။ ချမ်းအေးသာယာဆိုတာ မိတ္ထီလာမှာ မီးရှို့ခံလိုက်ရတဲ့ မွတ်စလင်မ်ရပ်ကွက်ပါ။ မီးလောင်ခံလိုက်ရတဲ့အိမ်တွေကို တိုက်ခန်း အသစ်ပြန်ဆောက်မှာမို့ လို့ဆိုပြီး မြေကော်စက်တွေနဲ့ ထိုးနေတာ။ အဲဒါတွေက စိတ်တွေကို ပိုပြီးဒဏ်ရာရအောင် လုပ်တယ်လို့ သူတို့ပြောကြတယ်။ အဲဒီ ရပ်ကွက်က ဗုဒ္ဓဘာသာ အနည်းစုပဲရှိတာ။ မွတ်စလင်မ်အများစုရှိတယ်။

    စီးပွားရေးလုပ်ငန်းကိစ္စတွေအနေနဲ့က လုပ်ငန်းရှင်တွေရှိတယ်။ သူတို့တွေ ဆိုင်ပိုင်ရှင်တွေ ဂိုဒေါင်တွေရှိကြတယ်။ ဂိုဒေါင်တွေ ဖွင့်ဖို့ကို တချို့ရပ်ကွက်တွေက လက်မခံဘူး။ တချို့ရပ်ကွက်တွေကတော့ ကောင်းပါတယ်။ တချို့ရပ်ကွက်တွေက သူတို့ပြောတဲ့ ရပ်မိရပ်ဖဆိုသူတွေက ဂိုဒေါင်တွေ မဖွင့်ရဘူးလို့ပြောတယ်။ တချို့ကတော့ ကောင်းပါတယ်။

    နောက်တစ်ခုက ဗလီနဲ့ ပတ်သက်တာတွေပါ။ ဗလီတွေပိတ်ထားတာ တော်တော်ကြာပြီ။ ကောင်းတဲ့ ဗလီတွေရော၊ မကောင်းတော့တဲ့ ဗလီတွေရော ပိတ်ထားရတယ်။ ကောင်းတဲ့ ဗလီတွေကို ပြန်လည် သန့်ရှင်းရေးလုပ်ပြီး ဘုရားဝတ်ပြုရမယ်။  မကြာခင်မှာလည်း ကျွန်တော်တို့ရဲ့ ဥပုသ်လရောက်တော့မယ်။ ကျွန်တော်တို့အတွက် အများကြီး အခက်အခဲတွေ ရှိနိုင်တယ်။  ဒါကြောင့် ဗလီတွေပြန် ဖွင့်ခွင့်ရချင်တယ်။ အဲဒါလေးတွေကိုလည်း တာဝန်ရှိသူတွေအနေနဲ့ ကူညီပေးကြပါလို့ ကျွန်တော် တစ်ခါတည်း မေတ္တာရပ်ခံ တောင်းဆိုချင်ပါတယ်”လို့ M-Media ကို ပြောပြလာပါတယ်။

    DVB မှာ ဖော်ပြထားတဲ့ သတင်းတပုဒ်အရ မိတ္ထီလာမြို့ချမ်းအေးသာယာနဲ့ သီရိမင်္ဂလာ ရပ်ကွက်တွေက မီးလောင်ပျက်စီးသွားတဲ့ အိမ်နေရာတွေမှာ ၃ ထပ်နဲ့ ၄ ထပ်တိုက်တွေ ဆောက်ပေးမယ်၊ ရပ်ကွက်တခုမှာ တိုက်ခန်းပေါင်း ၁၅၀၀နဲ့ စုစုပေါင်း တိုက်ခန်း ၃၀၀၀ ကျော် ဆောက်ပေးဖို့ ရှိတယ်လို့ သက်ဆိုင်ရာက ကြေညာ ထားကြောင်းသိရပါတယ်။

    ဒါပေမယ့် နေအိမ်မီးလောင် ပျက်စီးဆုံးရှုံးသူတွေက သူတို့မြေနေရာ တွေမှာပဲ ပြန်လည်နေထိုင်လိုတဲ့အကြောင်း၊ သီရိမင်္ဂလာ ရပ်ကွက်မှာ လမ်းမတန်းမြေကွက်တွေက သိန်း ၇၀၀နဲ့ ၈၀၀ ကြား တန်ကြေး ရှိတဲ့အတွက် တန်ကြေးရှိတဲ့ မြေနေရာကိုပဲ ပြန် လိုချင်နေကြတာဖြစ်တယ်လို့လည်း ပြောပါတယ်။

  • ကုလသမဂ္ဂ ဗုဒ္ဓနေ့ ဆောင်ပုဒ်၊ ဒေါက်တာ စိုင်းမောက်ခမ်း၊ ဒလိုင်းလားမားနှင့် ဝီရသူ

    မေ-၂၅၊၂၀၁၃
    M-Media
    မောင်သမာဓိ

    vesak2013

    ဆောင်ပုဒ် အရွေးတော်သော ကုလသမဂ္ဂ။

    ရေလှူသည့် အကျိုး ၁၀ ပါးရှိသည်ဟု ဟောကြားထားသော ဗုဒ္ဓဘာသာ ထွန်းကားသည့် မြန်မာနိုင်ငံ၌ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၊ မေတ္တာသုတ်ရွတ်ဆိုပွဲတွင် တက်ကြွစွာ ပါဝင်ခဲ့ကြသော သံဃာတော်များနှင့် ထိုသံဃာတော် များထံ ရေသန့်ဘူး ကပ်လှူခဲ့သော အစ္စလာမ် ဘာသာဝင်များကို သာသနာ ညစ်နွမ်းစေမှု ပုဒ်မ တတ်၍ ထောင်ဒဏ် ၂ နှစ် လျှော့ရက်မရှိ ချ၏။ ထိုသံဃာတော်တို့သည် သံဃာအတုအယောင်များဖြစ်သည်ဟု န.အ.ဖ အစိုးရက သမုတ်၏။

    ရခိုင်၊ မိတ္ထီလာ၊ ပဲခူး အနောက်ခြမ်း ဘာသာရေး ပဋိပက္ခများတွင် တုတ် ဓါး လက်နက် ကိုင်ဆွဲ၍ ပါနာတိပါတာကျူးလွန်ခြင်းဖြင့် ပါရာဇိတကံ ကျရောက်နေသော သံဃာတော်များကို ပြုပြင်ပြောင်းလဲရေး အမည်ခံ အစိုးရ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များက အကာ အကွယ်  ပေး၏။

    ကမ္ဘာတွင် နာဇီလက်သစ်ဟု နာမည်ဆိုးနှင့် ကြော်ကြားနေသော ၉၆၉ ဂိုဏ်း စတစ်ကာကို ခွာသူများ အား သာသနာ ညစ်နွမ်းစေမှု ပုဒ်မဖြင့် ထောင်ဒဏ် ၂နှစ် အပြစ်ပေးသောကြောင့် ထိုပုဒ်မဖြင့် အပြစ်ပေးခံရသူ များကို နိုင်ငံရေး သမားအဖြစ် သတ်မှတ်သင့်၏။

    `        ထိုသို့သော အခြေ အနေတွင် ဗုဒ္ဓသာသနာကို ညစ်နွမ်းစေသည့် တရားခံ အစစ်အမှန်ကို သိသော ကုလသမဂ္ဂသည် အလွန် အဓိပ္ပါယ် ပြည့်ဝသော ကုလသမဂ္ဂ ဗုဒ္ဓနေ့ ဆောင်ပုဒ်ကို ချမှတ် ပြဌာန်းလိုက်ပါသည်။

    TGR_6932

    သာဓု သုံးကြိမ်ခေါ်ပါသည်။   

    ၂၀၁၃ ခုနှစ်၊ ကုလသမဂ္ဂ ဗုဒ္ဓနေ့ အခမ်းအနား၏ ဆောင်ပုဒ်မှာ (Education and Global Citizenship: A Buddhist Perspective) ဟူ၍ဖြစ်သည်။ လူသားတွေကို မှား မှန်၊ ဆိုးကောင်း၊ ချင့်ချိန်နိုင်ဖို့ ပညာဥာဏ် ဖွံ့ဖြိုး ခြင်း (Education) နှင့် ဇာတိဒေသပထဝီဝင်၊ အသားအရောင်၊ လူမျိုး၊ ဘာသာ၊ လိင်၊ ရာထူး၊ ဆင်းရဲ ချမ်းသာ စသည် ဖြင့် မခွဲခြားဘဲလူသားအားလုံး ကမ္ဘာ့ မိသားစု တစ်ခုတည်းအဖြစ် ချစ်ချစ်ခင်ခင် အတူတကွ နေထိုင် ခြင်း (Global Citizenship) တို့သည် ခွဲခြားမရဘဲ တစ်သားတည်း ဒွန်တွဲနေပါသည်ဆိုသော အယူအဆသည် ဂေါတမဗုဒ္ဓ၏ အမြင်၊ ဗုဒ္ဓ၏ ဒဿန၊ ဗုဒ္ဓ၏ တရား​ဓမ္မ တစ်ခုသာ ဖြစ်သည် ဟုဆောင်ပုဒ်က ဆိုလေသည်။

    ကောင်းလေစွ၊ ကောင်းလေစွ၊ ကောင်းလေစွ။

    ထိုဆောင်ပုဒ်ကိုဖတ်ရှုပြီးသောအခါ ဥာဏ်ပညာအားဖြင့်သာ မတူကွဲပြားသူများအကြား ယှဉ်တွဲနေထိုင် နိုင်မည်ဟုနားလည်ပါသည်။ ပညာဥာဏ် မရင့်သန်သော၊ တနည်းအားဖြင့် ဥာဏ်ပညာအမြှော်အမြင်(Wisdom) မလွှမ်းမိုးသော ပတ်ဝန်းကျင်တွင် ကမ္ဘာ့လူသား တို့သည် မိသားစုတစ်ခုတည်းအသွင် ဖွဲ့ရန် မဖြစ်နိုင်ဟုအဓိပွါယ် ရသော ဗုဒ္ဓနေ့ ဆောင်ပုဒ်ကို လောဂျစ်နည်းဖြင့် အနုလုံ ပဋိလုံ အပြန်အလှန် စဉ်းစားတွေးခေါ်ကြည့်သော် လူမျိုးရေး၊ ဘာသာ ရေး ပဋိပက္ခများမကြာခဏ ဖြစ်ပေါ်နေသော မြန်မာနိုင်ငံသည် မည်သို့သော နိုင်ငံမျိုးအဖြစ် ကမ္ဘာပေါ်တွင် ထင်ရှား ကျော်ကြားနေမည်နည်း။

    ဒေါက်တာစိုင်းမောက်ခမ်း ပြောသောဗုဒ္ဓ၏ မေတ္တာပမာဏ အတိုင်းအတာ။

    TGR_6676

    ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း သည် မေ ၂၂ နံနက်ပိုင်းတွင် ကုလသမဂ္ဂ အဖွဲ့ရုံး၌ ကျင်းပသည့် ၁၀ ကြိမ်မြောက် ကုလသမဂ္ဂ ဗုဒ္ဓနေ့ (ကဆုန်လပြည့်နေ့) အထိမ်းအမှတ် အခမ်းအနား ဒုတိယနေ့သို့ တက်ရောက် မိန့်ခွန်းပြော ကြားရာတွင် လူသားအားလုံးသည် တစ်ခုတည်းသော ကမ္ဘာသူ ကမ္ဘာသား မိသားစု အမြင်များ ရှိလာကြရန် အမှန် တကယ်လိုအပ်ပါကြောင်း၊ ဗုဒ္ဓ၏ အဆုံးအမများမှာ အတ္တကိုပယ်ဖျောက်ရန် သွန်သင်ဆုံးမထားပါကြောင်း မိမိတို့ နှင့်အတူအမြဲရှိနေသော ဒုက္ခကိုလည်း ရှုမြင်ရမည်ဖြစ်ပါကြောင်း၊ အသေအချာ ဆန်းစစ်ကြည့်လျှင် ဗုဒ္ဓ၏ အဆုံး အမများသည် အသားအရောင်၊ ကျား မ၊ ယုံကြည်မှုနှင့် လူမှု အဆင့်အတန်းမရွေး ကမ္ဘာ့လူသားအားလုံးအပေါ် တူညီစွာ လွှမ်းခြုံထားသည့် မေတ္တာတရားများပင် ဖြစ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

    မည်သည့်ဘာသာဝင်မျှ ငြင်းဆိုရန် မရှိသောဒဿန (Universal Truth) နှစ်ခု။

    သင်ယူပါ၊ သင်ပေးပါ၊ ကိုယ်တိုင်ကျင့်ကြံအားထုတ်ပါဟု အဓိပ္ပါယ်ရသော ပရိယတ္တိ၊ ပရိပ္ပတ်၊ ပရိဝေဒ သာသနာ့တာဝန်ကြီး သုံးရပ် ပြဌာန်းထားသည့်အတွက်လည်းကောင်း၊ ပညာ၊ သဒ္ဒါ၊ သမ္မာ၊ ဝိရိ ဟူသော သုတ္တံ တရားများအရလည်းကောင်း၊ ဗုဒ္ဓသည် ပညာရေး (Education) ကိုလိုလားသူ၊ အားပေးသူဖြစ်ကြောင်း လေ့လာ ဘူးသူတိုင်း သိရှိပြီးဖြစ်၍ တစ်စုံတစ်ရာ ငြင်းဆိုရန် မရှိပါ။

    ဤနေရာတွင် ပညာဆိုသည်မှာ အမှား အမှန်၊ အကောင်းအဆိုးကို ပိုင်းခြားဝေဖန်နိုင်သည့် ဥာဏ်ပညာ (Wisdom) ကိုဆိုလိုခြင်း ဖြစ်သည်။ တနည်းအားဖြင့် ဘာသာရေးပညာ တစ်ခုတည်းကို ဆိုလိုခြင်းမဟုတ်ဘဲ ဥပဒေပညာ၊ လူ့အခွင့်အရေး ပညာ၊ နိုင်ငံတကာဆက်ဆံရေးပညာ၊ စီးပွားရေးပညာ၊ ပထဝီ သမိုင်းစသည် ပညာရပ် အသီးသီးကိုဆိုလိုသည်ဟု နားလည်ပါသည်။

    လူ့ဘုံ ၁ ခုတည်းကိုသာမက ငရဲ ၄ ဘုံ၊ နတ်ပြည် ၆ ဘုံ၊ ဗြဟ္မ ဘုံ၂၀ ရှိ နတ်ဗြဟ္မာ သတ္တဝါအပေါင်းကို ထည့်သွင်းစဉ်းစားသော ဗုဒ္ဓသည် လူသားအားလုံးအပေါ် မခွဲမခြား မေတ္တာထား သည် ဆိုသည့် အချက်ကိုလည်း မည်သူမျှ ငြင်းရန်၊ သံသယဝင်ရန် အကြောင်း မရှိပါ။

    သံသယဝင်သည်မှာ ဗုဒ္ဓဘာသာ အမည်ခံ ၉၆၉ ဂိုဏ်းသား နာဇီ သံဃာတို့၏ လူသားတို့ အပေါ်တွင် ထားရှိပါသည် ဆိုသည့် မေတ္တာ တရားကိုသာ ဖြစ်၏။

    မည်သူမပြု မိမိမှု။

    ဗုဒ္ဓ၏ ကမ္ဘာ့မိသားစုတစ်ခုဝါဒ (Global Citizenship) ကိုဆန့်ကျင်၍ အိမ်များ၊ စီးပွားရေးလုပ်ငန်းများ နှင့် အငှားယာဉ်များတွင် စီးပွားရေးပိတ်ဆို့လိုသော၊ ကမ္ဘာ့မိသားစုအကြား ခွဲခြားဆက်ဆံလိုသော ရည်ရွယ်ချက် ဖြင့် စတစ်ကာများ လိုက်လံကပ်နေကြသော ဝီရသူနှင့် အပေါင်းအပါများ တည်ထောင်ထားသည့် ၉၆၉ ဂိုဏ်းသား များသည် ဗုဒ္ဓဘာသာဝင်များ မဖြစ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓ သင်ပြလမ်းညွှန်ခဲ့သော ဥာဏ်ပညာမျိုး မရှိသူများ ဖြစ်နေသောကြောင့် ဖြစ်သည်။ အမှန်တကယ်တော့ လက်တွေ့တွင် ထိုအုပ်စုသည် ကမ္ဘာပေါ်၌ ပေါ် ထွန်းသမျှ ဘာသာတရားများအကြား ဗုဒ္ဓဘာသာ၏ ပုံရိပ် (Image) ကိုကျဆင်းစေသည် အထိ ဗုဒ္ဓဝါဒကို ဆန့် ကျင် နေသူများ ဖြစ်ပေသည်။

    ကုလသမဂ္ဂ ဗုဒ္ဓနေ့ ဆောင်ပုဒ်တွင် ဥာဏ်ပညာအခြေခံဖြင့်သာ လူသားအားလုံးသည် ကမ္ဘာ့မိသားစု တစ်ခု တည်း အသွင် ဖေါ်ဆောင်နိုင် မည် ဟုဆို၏။

    ပညာဥာဏ် မရှိသောဝီရသူ၏ ဘာသာရေးလူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားစေရန် ပေါ်ပေါ်ထင်ထင် လှုံ့ ဆော်နေမှုကို မသိချင်ယောင် ဆောင်နေကြသော အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်ကြီးများ၏ ပညာဥာဏ် အဆင့်အတန်းသည် မည်သို့ရှိမည်ကို စာရှုသူ အနေဖြင့် ခန့်မှန်းကြည့်နိုင်ပါသည်။ ထိုမှတဖန် ထိုသူတို့ အုပ်ချုပ်သော မြန်မာနိုင်ငံ၏ အနာဂတ်ကို မှန်းဆ ကြည့်ပါက တိုးတက်မှုဗလာနှင့် ဆုတ်ယုတ်မှု အန​န္တ ကိုသာ တွေ့ရပါလိမ့်မည်။

    ခရိုနီတို့၏ စီးပွားရေးလက်ဝါးကြီးအုပ်မှုကို လက်မခံဘဲလွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ရှိသည့် ဈေးကွက် စီးပွား စနစ် ကျင့်သုံးနေပါသည် ဆိုသော မြန်မာနိုင်ငံတွင် ၉၆၉ ဂိုဏ်းသားများသည် စီးပွားရေး ပိတ်ဆို့မှုများကို တရား ဝင် လုပ်ဆောင်ခွင့် ရကြ၏။

    အသေဝနာစ ဘာလနံ၊ ပူစာစ ပူဇနေယနံ၊ ပါရာဇိတကံ၊

    အကြမ်းဖက်မှုများတွင် တုတ် ဓါး လက်နက်ကိုင်ဆွဲ၍ လုယက်သတ်ဖြတ် ခဲ့ကြသည့် မြန်မာ သံဃာ တော်များကို တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားက ဝေဖန် ရှုံ့ချသော အင်တာနက် သတင်းများ အောက် တွင် ဗုဒ္ဓဘာသာ အစွန်းရောက်တို့၏ မဖွယ်မရာ ကော်မန့်များသည် ဗုဒ္ဓဟောကြားခဲ့သော (ပူစာစ ပူဇနေယနံ) ကိုးကွယ် ဆည်းကပ် ပူဇော်ထိုက်သူကို ပူဇော်ရ၏ ဟူသည့် မေတ္တာ သုတ်နှင့် အကြီးအကျယ် လွဲချော်နေ၏။

    နာဇီလက်သစ် ဂိုဏ်းဖွဲ့ကာ ခိုးဆိုး လုယက် သတ်ဖြတ်မှုများကို ဦးဆောင်နေသော ဝီရသူနှင့် ဘာသာ ရေး လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားရန် လှုံ့ဆော်ခြင်းဖြင့် ဗုဒ္ဓနေ့ဆောင်ပုဒ် (Global Citizenship) ကို ဆန့်ကျင် နေသော မွန်ပြည်နယ်ပေါင်မြို့နယ် မုတ္တမမြို့ မြစေတီနန်းဦးစာသင်တိုက် ဆရာတော်တို့အား ဗုဒ္ဓဘာသာကို စောင့်ရှောက် ကာကွယ်သူ မျိုးချစ် များအဖြစ် ကိုးကွယ် ဆည်းကပ် ထောက်ပံ့ ကာကွယ်ပေးနေသူများသည် ဗုဒ္ဓ ဟောကြားခဲ့သော (အသေဝနာစ ဘာလနံ) လူမိုက်တို့နှင့် မပေါင်းအပ်ဟူသော ဗုဒ္ဓ၏ မေတ္တာသုတ်ကို ဖေါက်ဖျက် ကျူးလွန်သူများသာ ဖြစ်ကုန်၏။ ပါရာဇိတကံ ကျရောက်ပြီးသူတို့သည် ရဟန်း မဟုတ်တော့ပါ။

    ဗုဒ္ဓနေ့ ဆောင်ပုဒ်ကို လေးလေးနက်နက် အကောင်အထည် ဖေါ်ကြပါစို့။

    ဒေါက်တာစိုင်းမောက်ခမ်း၏ မိန့်ခွန်းနိဂုံးတွင် ယခုနှစ် ကုလသမဂ္ဂဗုဒ္ဓနေ့၏ ဆောင်ပုဒ်အပေါ် ဆွေးနွေး ချက်များသည် ဗုဒ္ဓဘာသာဝင် မိသားစုများကိုသာမက တစ်ကမ္ဘာလုံးကို အကျိုးဖြစ်ထွန်းစေမည်ဟု ယုံကြည်ပါ ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

    ကြုံကြိုက်သည့် အခိုက် အာဏာပိုင်များကို မေးလိုသည်မှာ ကုလသမဂ္ဂဗုဒ္ဓနေ့ ဆောင်ပုဒ် (Education and Global Citizenship) ကို ဆန့်ကျင်နေသော မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် မွတ်ဆလင် တစ်ဦး တစ်လေ တွေ့မိပါသလား ခင်ဗျား။

    ဗုဒ္ဓနေ့ ဆောင်ပုဒ်အတိုင်းလိုက်နာသော နိုင်ငံများတွင် အကျိုးဖြစ်ထွန်းမည်မှာ မြေကြီး လက်ခတ် မလွဲ သေချာသော် လည်း မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်ကြသော ဗုဒ္ဓဘာသာဝင်များ၏ အကျိုးကို အမှန်တကယ် လိုလား ပါက ပညာဥာဏ် နုံနည်း လှသော ဘာလနံ ဝီရသူနှင့် အပေါင်းအပါတစ်သိုက်ကို ဦးစွာပထမ ဖမ်းဆီး ဟန့်တား မှသာလျှင် ကုလသမဂ္ဂ ဗုဒ္ဓနေ့ဆောင်ပုဒ်ကို လိုက်နာရာနှင့် အကောင်အထည်ဖေါ်ရာ ကျမည် ဖြစ် ကြောင်း လေးစားစွာဖြင့် တင်ပြအပ်ပါသည် ခင်ဗျား။

    မောင်သမာဓိ
    ၁၃၇၅ ခု ကဆုန်လပြည့် (ဗုဒ္ဓနေ့)

  • ပါမောက္ခဒေါက်တာ အောင်ထွန်းသက်၏ နိုင်ငံသား ခေါင်းဆောင်မူ အရည်အသွေး ခေါင်းစဉ်ဖြင့် ဟောပြောပွဲ ကျင်းပ

    မေ-၂၅၊၂၀၁၃
    M-Media
    ဆူးထက်

    Unity For Peace Network မှဦးစီးကျင်းပသော ပါမောက္ခဒေါက်တာ အောင်ထွန်းသက်၏ နိုင်ငံသား ခေါင်းဆောင်မူ အရည်အသွေး ခေါင်းစဉ်ဖြင့် ဟောပြောပွဲ အခမ်းအနားတစ်ရပ် ကျင်းပ

    P8210200
    Unity For Peace Network မှဦးစီးကျင်းပသော ပါမောက္ခဒေါက်တာ အောင်ထွန်းသက်၏ နိုင်ငံသား ခေါင်းဆောင်မူ အရည်အသွေး ခေါင်းစဉ်ဖြင့် ဟောပြောပွဲ အခမ်းအနားတစ်ရပ်ကို မေလ၂၄ရက်နေ့က ညနေ့ (၃)နာရီတွင် YMCA ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

    အဆိုပါ အခမ်းအနားတွင် ဒေါက်တာ မင်းသူနှင့် မသီတာလတ်တို့မှ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ Unity For Peace Network မှတာဝန်ရှိသူ တစ်ဦးဖြစ်သော ဆရာဦးကျော်ဝင်းမှ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

    ဆက်လက်၍ ပါမောက္ခဒေါက်တာ အောင်ထွန်းသက်၏ ကိုယ်ရေးအချက်အလက်များကို ဒေါ်ရွှေစင်ကြူမှ ဖတ်ကြား တင်ပြပြီးနောက် နိုင်ငံသားခေါင်းဆောင်မူ အရည်အသွေး ခေါင်းစဉ်ဖြင့် ပါမောက္ခဒေါက်တာ အောင်ထွန်းသက် ဟောပြောတင်ပြခဲ့သည်။

    အခမ်းအနားကို Unity For Peace Network မှတာဝန်ရှိသူတစ်ဦးဖြစ်သော ဒေါက်တာဦးကျော်သိန်းမှ နက်ဝက် ကိုယ်စား ပါမောက္ခဒေါက်တာ အောင်ထွန်းသက်အား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

    အဆိုပါ အခမ်းအနားသို့ ဧည်သည်တော် အယောက် (၂၅၀) ခန့် တက်ရောက်ခဲ့ပြီး အဖွဲ့ပေါင်းစုံ၊ မီဒီယာများ စုံလင်စွာ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

    ပါမောက္ခဒေါက်တာ အောင်ထွန်းသက်၏ ဟောပြောမှု နားဆင်ရန်။

    အင်တာနက် Connection အခက်အခဲရှိသူများအတွက် အောက်ဖော်ပြပါ လင်ခ်များတွင် Download လုပ်ယူနိုင်ပါပြီ။
    File Size 58 MB

    5

    P8210190

     

    ဓါတ်ပုံများကြည့်ရန်။