News @ M-Media

Tag: featured

  • လားရှိုးမြို့ နောက်ဆုံးအခြေအနေ (၃း၀၀ နာရီ)

    မေ-၂၉၊၂၀၁၃
    M-Media
    KK

    မနေ့ညက ဖျက်ဆီးခဲ့သော ဘူတာရပ်ကွက်ရှိ ဘူတာဗလီကိုလည်း ဒီနေ့မနက်ပိုင်းမှာ ဖျက်ဆီးလိုက်ပြီဖြစ်ပါတယ်။ ဘူတာရပ်ကွက်ဟာ ဗုဒ္ဓဘာသာအများစုနေထိုင်ရာရပ်ကွက်ဖြစ်ပြီး ရပ်ကွက်အတွင်း နေထိုင်သည့် မွတ်စလင်မ်များမှာလည်း လက်လုပ်လက်စားများသာ ဖြစ်ပါတယ်။

    21
    အကြမ်းဖက်သများ မီးရှို့ဖျက်ဆီးမှုကြောင့် ဗလီဝတ်ကျောင်းတော်အား မီးလောင်နေပုံ
    ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်၏ facebook

    ဒီနေ့မနက်ပိုင်းမှာပဲ လားရှိုးမြို့ရှိ မွတ်စလင်မ်များနေထိုင်ရာ ရပ်ကွက်များကို အကြမ်းဖက်ဖျက်ဆီး တိုက်ခိုက်လုယက်ရန် ကြိုးစားမှုများ ဆက်လက်ရှိနေပါတယ်။ ၁၂-ရပ်ကွက်ကို မီးရှို့ရန်အတွက် အကြမ်းဖက်သမားများ ဆင်းလာကြသော်လည်း ရပ်ကွက်က ပြန်လည် ခုခံမယ့် အနေအထားရှိတာကြောင့် အကြမ်းဖက်သမားများ ပြန်လည်ထွက်ပြေးသွားကြပါတယ်။

    မွတ်စလင်မ်များနေထိုင်ရာ ရပ်ကွက်များကို လိုက်လံဖျက်ဆီးမှုများ ပြုလုပ်ရန် ကြိုးပမ်းနေကြဆဲဖြစ်ပါတယ်။ ရပ်ကွက်အတွင်းမှ စိုးရိမ်ထိတ်လန့်နေကြသော မွတ်စလင်မ်များဟာလည်း နီးစပ်ရာ အခြားနေရာများသို့ ပြောင်းရွေှ့နေထိုင်မှုများ ရှိနေကြပါတယ်။

    ဘုန်းကြီးကျောင်းအများစုရှိရာ ရပ်ကွက်(၄)တွင်နေထိုင်သော မွတ်စလင်မ်များသည်လည်း ရပ်ကွက်အတွင်း မနေထိုင်ရဲကြဘဲ အခြားနေရာများသို့ ပြောင်းရွှေ့နေကြပါတယ်။ ရပ်ကွက်အတွင်းတွင် ပြဿနာ တစ်စုံတစ်ရာ မပေါ်ပေါက်စေရေးအတွက် ရပ်ကွက်မှ ၀ိုင်းဝန်း စောင့်ကြည့်နေကြတယ်လို့လည်း သိရပါတယ်။

    ရပ်ကွက်(၇)ရှိ အောက်ဗလီကို အကြမ်းဖက်သမားများ လာရောက်ဖျက်ဆီးခဲ့သည့်အတွက် ယခုအခါ အောက်ဗလီလည်း ပျက်ဆီးသွားပြီဖြစ်ပါတယ်။ အောက်ဗလီကို အကြမ်းဖက်သမားများက စတင်မီးရှို့စဉ်တွင် မီးရှို့ပါက အခြားအိမ်များသို့လည်း မီးကူးစက်နိုင် မီးမရှို့ရန် ရပ်ကွက်မှ ပြောသည့်အတွက် ၀ိုင်းဝန်းရိုက်နှက် ဖျက်ဆီးလိုက်ကြပါတယ်။ ယခုအခါ စစ်တပ်ရောက်ရှိလာပြီး လုံခြုံရေးချထားပြီး အပျက်အစီးများကို စောင့်ကြည့်နေကြောင်း သိရပါတယ်။

    လားရှိုးမြို့မှာ လုံခြုံရေးချထားသော်လည်း လုံခြုံရေးမှ ရပ်ကွက်အတွင်း လုံခြုံရေးကို တာဝန်ယူမှုမရှိတာကြောင့် လားရှိုးမြို့ရှိ မွတ်စလင်မ်အားလုံး စိုးရိမ်ထိတ်လန့်နေပြီး ယခုကဲ့သို့ အကြမ်းဖက်မှုများကို တာဝန်ရှိသူများမှ အမြန်ဆုံးဖြေရှင်းပေးစေလိုကြောင်းလည်း သိရှိရပါတယ်။

    ယမန်နေ့ညက ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုသည် စိတ်ဝေဒနာသည် တစ်ဦးဟု ယူဆရသူ ကိုနေဝင်းမှ မီးရှို့မည်ဟု ခြိမ်းခြောက်ပြောဆိုမှုကြောင့် ရဲမှ ဖမ်းဆီးထားခဲ့ပြီး ပြန်လွှတ်ပေးလိုက်သည့် အချိန်တွင် မီးရှို့မှုဖြစ်ပွားခဲ့ရာမှအစပြုကာ ဘာသာရေး အကြမ်းဖက်မှု အသွင် ကူးပြောင်းလာပြီး ယခုလို အကြမ်းဖက်မှု ကြီးထွားလာရခြင်းမှာ လားရှိုးမြို့ ရဲတပ်ဖွဲ့၏ တာဝန်မကင်းကြောင်းလည်း မြို့ခံတချို့က ပြောကြပါတယ်။

    ၂၀၁၂-ခု ဇွန်လတွင် ရခိုင်ပြည်နယ်မှစတင်ပြီး မြန်မာနိုင်ငံတွင် ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုများ ဆက်လက်လုပ်ဆောင်လာရာ ၂၀၁၃-ခု မတ်လအတွင်း မိတ္ထီလာမြို့၊ ပဲခူတိုင်းအနောက်ခြမ်း၊ ရန်ကုန်တိုင်းနှင့် ယခုအခါ ရှမ်းပြည်နယ်(မြောက်ပိုင်း)အထိပါ ကူးစက် ပျံ့နှံ့လာခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ဧရာဝတီတိုင်းတို့တွင်လည်း အကြမ်းဖက်မှုများ ဖြစ်ပွားရန် လှုံ့ဆော်နေကြပါတယ်။

    ယခုကဲ့သို့ အကြမ်းဖက်မှုများဖြစ်ပေါ်လာနေသည့်အတွက် မြို့နယ်အများစုတွင် ပဋိပက္ခကာကွယ်တားဆီးရေးအဖွဲ့များဖွဲ့ပြီး အေးချမ်းသာယာအောင် ပြည်သူများမှ တစ်ဘက်တစ်လမ်းမှ ကြိုးစားဖန်တီးနေသော်လည်း အကြမ်းဖက်မှုဖြစ်ပွားစေရန် တမင်စနစ်တကျအကွက်ချစီစဉ်ပြီး လုပ်ဆောင်နေမှုများကြောင့်သာ အကြမ်းဖက်မှုများဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။
    ဤအကြမ်းဖက်မှုများ ဖြစ်ပွားရာ ပြည်နယ် တိုင်းများသည် ၉၆၉ တရားပွဲပြုလုပ်ပြီးချိန်တိုင်းတွင် ဖြစ်ပွားလာခြင်း ဖြစ်သည်ကို လေ့လာသိရှိရသည့်အတွက် ၉၆၉ တရားပွဲများကို တားဆီးပြီး အကြမ်းဖက်သူများကို ထိရောက်စွာ အရေးယူသင့်နေပြီဖြစ်ကြောင်း ဗုဒ္ဓသာသနာကို လေးစားမြတ်နိုးစွာ လိုက်နာကျင့်ကြံသူ ဗုဒ္ဓဘာသာဝင်များမှလည်း ပြောကြားမှုများ ရှိလာနေပါတယ်။

    ယခု နေ့လည်ပိုင်းအထိ လားရှိုးမြို့ အခြေအနေမှာ ငြိမ်သက်မှုမရှိဘဲ မွတ်စလင်မ်များမှာလည်း ကျီးလန့်စာစားနေနေကြရပါတယ်လို့ M-Media မှ ဆက်သွယ်မေးမြန်းချက်များအရ သိရှိရပါတယ်။

  • မူဆယ် ၉၆၉ တရားပွဲ အပြီး သွေးထိုး လှုံဆော်မှုရဲ့ နောက်ဆက်တွဲ ရလဒ် လားရှိုး အကြမ်းဖက်မှု

    မေလ ၂၉၊ ၂၀၁၃
    M-Media
    သတင်း – ဆုံမှတ်

    မူဆယ်မြို့၊ ရှမ်းကွင်း၌ ပြီးခဲ့တဲ့ ရက်တစ်ပတ်လုံး မေလ ၂၀-ရက်နေ့မှ ၂၄-ရက်နေ့ အထိ “၉၆၉ တရားပွဲ” ဟု တရားဝင်ကြေညာ၍ ဗီနိုင်း ပိုစတာအကြီးကြီးဖြင့် ဗမာဘုန်းကြီးများ တရားပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

    1
    Photo Wirthu FB

    အဆိုပါ တရားပွဲတွင် ဗမာဘုန်းတော်ကြီးများ ဟောကြားခဲ့ပြီး ဗုဒ္ဓဟူးနေ့က ဦးပညာဝရ၊ ကြာသပတေးနေ့က ဦးဝီရသူ၊ သောကြာနေ့က ဦးဇ၀န ဆရာတော်တို့ ဟောကြားခဲ့ကြောင်း သိရသည်။

    ယင်းတရားပွဲတွင် ဆရာတော် ဦးပညာဝရ၊ ဦးဝီရသူ၊ ဦးဇ၀နတို့မှ လူမျိုး ဘာသာ မုန်းတီးရေး၊ ပုတ်ခတ်ရေး၊ သွေးထိုး လှုံဆော်ရေး တရားများ ဟောကြား ခဲ့သည်။ လူဦးရေ (၃၀၀)ခန့် အဆိုပါ တရားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

    ယင်း ဖြစ်ရပ်နှင့် ပတ်သက်၍ ဒေသခံ တစ်ဦးအား M-Media မှ ဆက်သွယ်မေးမြန်းရာ “ တရားပွဲက ၉၆၉ တရားပွဲ ဆိုပြီး တရားဝင် ကြေညာပြီးတော့ကို လုပ်တာပါ၊ နောက်ဆုံး (၃)ရက်မှာ သွေးထိုးလှုံဆော်ရေး တရားတွေ ဟောခဲ့ပါတယ်၊ ရှမ်းတိုင်းရင်းသားတွေက သူတို့ရဲ့ ၉၆၉ တရားပွဲတွေကို သိပ်စိတ်မ၀င်စားကြဘူး။ အဲဒါကို ၀ီရသူက မကျေနပ်ဘူး၊ ရှမ်းတိုင်းရင်းသားတွေက ကိုယ့်အမျိုးကို မချစ်ဘူး၊ ကိုယ့်အမျိုးကိုယ် ကာကွယ်စောင့်ရှောက်ရမယ်ဆိုတာကိုလည်း နားမလည်ဘူး” လို့ပြောသွားတယ်၊

    လွန်ခဲ့သောတစ်ပတ်အလွန်က တောင်ကြီးမြို့ နှင့် အနီးတဝိုက်ရှိပတ်ဝန်းကျင်မြို့ များတွင် ၉၆၉ တရားပွဲများကို ဘုန်းကြီးကျောင်းအများစုတွင် ကျင်းပခဲ့ကြပြီး ဆင်းရဲသားရပ်ကွက်အချို့ ရှိ လက်ဖက်ရည်ဆိုင်များတွင် မွတ်စလင်မုန်းတီးဆန့် ကျင်ရေးစာအုပ်များနှင့် မွတ်စလင်ဆိုင်များကို သပိတ်မှောက်ကြရန် လှုံဆော်သော စာရွက်များဖြန့် ဝေလျက်ရှိသည်။

    ၉၆၉တရားပွဲများ ရှမ်းပြည်တွင် လာရောက် ကျင်းပနေသော်လည်း ရှမ်းဘုန်းတော်ကြီးများကလည်း ဗုဒ္ဓတရားတော်များ ကိုဟောကြားသည့် တရားပွဲ သက်သက် ကျင်းပဖို့ရှိကြောင်း သိရသည်။

  • အကြမ်းဖက်သမားများ ဗလီနှင့် စာသင်ကျောင်းကို မီးရှို့မှု လုံခြုံရေးတပ်ဖွဲ့များ အကာအကွယ်မပေးခဲ့ (ဆက်သွယ်မေးမြန်းချက်)

    မေ-၂၈၊၂၀၁၃
    M-Media
    KK

    9
    “ဟုတ်ကဲ့ပါ။ အမှတ်(၉)ရပ်ကွက်ဆိုတာ ဘူတာရပ်ကွက်ပါ။ ဗလီရှိပါတယ်။ မွတ်စလင်မ်အိမ်ခြေတော်တော်နည်းပါတယ်။ အဲဒီဘက်က မွတ်စလင်မ်အိမ်တချို့ကိုလည်း ခုနကပဲ ဖျက်နေပါတယ်။ အခုတော့ အဆက်အသွယ်မရဘူးဖြစ်နေတယ်။

    နောက်ပြီးတော့ ရထိုက်ဟိုတယ်ရှေ့မှာ ရေခဲသေတ္တာရောင်းတဲ့ဆိုင်ရှိတယ် ပန်းသေးဆိုင်ပါ။ အဲဒီတစ်ဆိုင်လုံးကိုလည်း ဖျက်ဆီးသွားပြီ။ နောက် လားရှိုးဓါတ်ပုံတိုက်ကိုလည်း ဖျက်ဆီးသွားလိုက်ပြီ။ ဒါက အမှတ်(၃)ရယ် အမှတ်(၂)ရပ်ကွက်ရယ်ပါ။ ပြီးတော့ လားရှိုးမှာ မွတ်စလင်မ်အခမဲ့ဧည့်ရိပ်သာတစ်ခုရှိတယ်။ အဲဒါကိုလည်း ခုနက ခဲတွေနဲ့ လာပေါက်သွားတယ်။

    ဒီဘက်အပေါ်ဘက်ကတော့ တော်တော်များများ မီးရှို့ခံနေရတယ်။ အခုနောက်ပိုင်းတော့ အိမ်ကြီးတွေကို မီးမရှို့တော့ဘူး။ ပစ္စည်းတွေကို လုနေတယ်။ ရဲတွေရော စစ်တပ်ရောချထားတယ်။ အထက်က အမိန့်မရလို့ဆိုပြီး သူတို့ ဘာမှတော့ မလုပ်ဘူး။ ဒီအတိုင်း နေနေတာ။ ဟုတ်ကဲ့ ဗလီနားမှာပါ။ ဗလီကို ကာကွယ်ပေးတာမဟုတ်ပါဘူး။ ဗလီရှေ့က ဘဏ်ကို ကာကွယ်ပေးထားတာပါ။ ဟုတ်ပါတယ် ကမ္ဘောဇဘဏ်ပါခင်ဗျာ။ ဗလီရှေ့တည့်တည့် မျက်နှာချင်းဆိုင်မှာပါ။

    ကျွန်တော့် မိသားစုလည်း အခု အဲ့ဒီနားကနေ ထွက်သွားလိုက်ပါပြီ။ ထွက်သွားတဲ့ မွတ်စလင်မ်တွေကို လမ်းမှာ ရန်ရှာခံကြရတယ်ပြောပေမယ့် အခု အဆက်အသွယ်မရဘူးဖြစ်နေတယ်။ ဖုန်းတွေကလည်း တစ်မြို့လုံး ဖြတ်တောက်ခံလိုက်ရတယ်။ ဆက်သွယ်ရေးဧရိယာအားလုံး ပြတ်တောက်နေတယ်။ တစ်ခြားတော့ ပြဿနာမရှာဘူး။ အထက်ဘက်တွေက ကောင်းကြတယ်။

    လာဖျက်ဆီးကြသူတွေက လားရှိုးမြို့ပေါ်ကလားလို့မေးတော့ ဗလီမဖျက်ခင်မှာ အာဏာပိုင်အဖွဲ့အစည်းကလာပြီး ဗလီထဲမှာရှိနေကြတဲ့ ၀တ်ပြုသူတွေကို ထွက်ခိုင်းတယ်။ ထွက်ခိုင်းပြီး ၁၀-မိနစ်လောက်နေတော့ လူအုပ်ကြီးရောက်လာတယ်။

    ဗလီကို မီးရှို့တာက ၇-နာရီ ၀န်းကျင်လောက်ကပါ။ အာဏာပိုင်က ဗလီထဲကလူတွေကို ထွက်သွားခိုင်းတာက ၆-နာရီခွဲကျော်ကျော်ကပါ။ အဲဒီဖြစ်စဉ် အစအဆုံးမှာ ရှိနေတဲ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်လည်းရှိပါတယ်။ သူဆိုရင် အကြမ်းဖက်ခံရတဲ့ အခြေအနေ အားလုံးကို မြင်လိုက်ရတဲ့ မျက်မြင်သက်သေတစ်ယောက်ပါ။”လို့ M-Media ကို ပြောပြလာပါတယ်။

    ဂျာမေ့ဗလီကြီး မဖျက်ဆီးခံရမီအချိန်ကတည်းက ဗလီအတွင်းရှိနေပြီး မီးလောင်ချိန်၌လည်း ဗလီမှာ ပိတ်မိနေသူအား M-Media မှ ထပ်မံဆက်သွယ် မေးမြန်းခဲ့ပါတယ်။
    “ဟုတ်ကဲ့ပါခင်ဗျာ။ ဟုတ်ပါတယ် ကျွန်တော် ဈေးနားမှာပဲ ရှိနေတာပါ။ ကျွန်တော် လွန်ခဲ့တဲ့ နာရီဝက်လောက်ကပဲ ရပ်ကွက်ထဲကို ပြန်ရောက်ပါတယ်။ စဖြစ်တာက ညနေ (၄)နာရီခွဲလောက်မှာ ညနေက ဖြစ်တဲ့သတင်းကို ကျွန်တော်သိလိုက်တယ်။ အမျိုးသမီးတစ်ဦး မီးရှို့ခံလိုက်ရတယ်ဆိုတဲ့သတင်းပါ။ ရဲစခန်းကို လူအုပ်ကြီးသွားပြီး တရားခံကို တောင်းတယ်လို့ကြားတယ်။ အဲလိုကြားတဲ့အချိန်မှာပဲ ကျွန်တော့်မိတ်ဆွေတစ်ယောက်က ဗလီကိုပြန်သွားစောင့်ပါဆိုပြီး ကျွန်တော့်ကို ဖုန်းဆက်တယ်။ ဒါနဲ့ ကျွန်တော် ဗလီမှာ ပြန်သွားစောင့်တယ်။ ညနေ ၅-နာရီထိ ကျွန်တော် ဗလီမှာ ရှိနေသေးတယ်။ ကျွန်တော် ဗလီမှာ ရှိနေတဲ့အချိန်မှာ ညနေ (၆)နာရီခွဲလောက်မှာ ဘုရားဝတ်ပြုဖို့ လူတွေ ဗလီကို ၀င်လာကြတယ်။ အဲဒီအချိန်မှာ ခယက ကနေ ဖုန်းလှမ်းဆက်တယ်။ ဗလီထဲက လူတွေ အားလုံးထွက်လိုက်ပါ။ ဗလီထဲကလူတွေ အားလုံးရှောင်ပေးပါလို့ လှမ်းဆက်တယ်။

    အဲဒါနဲ့ ကျွန်တော် ကျန်တဲ့ တချို့ကို ပြောတယ်။ ခယကက လူတွေထွက်ပေးဖို့ ဖုန်းဆက်တယ် ထွက်ပေးကြပါဆိုတော့ တချို့လည်းထွက်ပေးတယ်။ တချို့လည်း ထွက်ချိန်မရတော့ဘူး။ အဲဒီအချိန်မှာပဲ အပြင်မှာ လူအုပ်ကြီးကရောက်နေပြီ။ ဖုန်းဆက်တာက ခ၀တ ဥက္ကဌက မွတ်စလင်မ်ဘာသာရေးအသင်းဥက္ကဋ္ဌကို ဆက်တယ်။ ဘာကြောင့်လို့ပြောလဲဆိုတော့ ဒီလူအုပ်စုကြီးက ဗလီဘက်ကို လာနေပြီ သူတို့နိုင်အောင်ထိန်းမယ်၊ ကျွန်တော်တို့လူတွေ ဖယ်ပေးပါလို့ပြောတယ်။ အဲဒါနဲ့ ဥက္ကဌက ဖုန်းလှမ်းဆက်တယ်။ ကျွန်တော်ကလည်း ဗလီထဲက လူတွေကို ပြန်ပြောလိုက်တယ်။ တချို့လည်း ထွက်ဖို့စီစဉ်တယ်။ တချို့ကလည်း မထွက်ဘူးလို့ပြောတယ်။ ဒါပေမယ့် ပြောတာပဲရှိတယ် ဘယ်သူမှ ထွက်ချိန်မရဘူး။ အဲဒီမှာပဲ ခဲတွေနဲ့ စပြီးထုသံကြားရတယ်။ ခဏလေးမှာပဲ လူအုပ်စုက တော်တော်များလာတယ်။ အပြင်က အသံတွေက တော်တော်ကြားနေရတယ်။ အဲဒီအချိန်မှာ ကျွန်တော် ဈေးဘက်ကို ထွက်လိုက်တယ်။ ဗလီထဲမှာ လူ ၃၀-လောက် နေခဲ့တယ်။ ပထမဆုံး ဗလီက ၅-ခန်းတွဲ ဆိုင်ခန်းတန်လျားလေးကစပြီးမီးလောင်တယ်။ ဟုတ်တယ် အဲဒီကို အရင်စရှို့တာပါ။ ဈေးဆိုင်ခန်းလေးတွေပါ။ အဲဒီမှာ မီးသတ်အဖွဲ့တွေက ဈေးကို မီးမကူးအောင် ရေပက်နေတယ်။ ဗလီဘက်ကိုတော့ မပက်ပါဘူး။ အဲဒီကနေ ခဏနေတော့လူသံတွေ ငြိမ်သွားတယ်။ သူတို့တွေက မိဘမဲ့ကလေးကျောင်းဘက် ထွက်သွားတယ်။ မိဘမဲ့ကလေးကျောင်းကို မီးရှို့တယ်။ ဟုတ်ပါတယ် ဗလီကို ရှို့ပြီးမှ ကျောင်းကို သွားရှို့တာပါ။ အဲလို လုပ်နေတုန်းမှာပဲ အဲဒီ အုပ်စုက ဗလီဘက်ကို ပြန်လာပြီး နောက်တစ်ကြိမ် ပြန်ရှို့တယ်။

    ကျောင်းကို မီးရှို့တာ ကလေးတွေ သေတယ်လို့တော့ ကျွန်တော် မကြားမိဘူး။ ဘာလို့လဲဆိုတော့ ဖြစ်စဉ်တစ်ခုလုံးမှာ ဗလီထဲမှာ ကျွန်တော်ရှိနေတယ်။ ညနေ (၆)နာရီခွဲ ၀တ်ပြုပြီးတော့ ကျောင်းက ကျောင်းသားတချို့ ဗလီကို ကာကွယ်ဖို့ဆိုပြီး ဗလီထဲ ရောက်လာတယ်။ အဲဒီမှာ လူ ၃၀-လောက်ဖြစ်သွားတာ။ ကျွန်တော်က အားလုံးထွက်လိုက်ပါ လူခြုံရေးတွေ သူတို့တာဝန်ယူတယ်ပြောတယ်လို့ပြောလိုက်တယ်။ သူတို့က တာဝန်ယူမယ်ပြောလို့ ကျွန်တော်တို့က တကယ် တာဝန်ယူမယ်ထင်တာ။ တကယ်ကမ်းလက်တွေ့ကျတော့ သူတို့ ဘာတာဝန်မှ မယူဘူး။ တော်တော် ရက်စက်တဲ့လူတွေဗျာ။

    ဟုတ်ကဲ့မေးပါ။ နေ့လည်က အမျိုးသမီး မီးရှို့ခံရတဲ့ကိစ္စမှာ ပထမ ကြားတာက မွတ်စလင်မ်က ရှို့တယ်လို့ ပြောတယ်။ နောက်ပိုင်းမှာကျ အဲဒါ မွတ်စလင်မ်မဟုတ်ဘူး ဂေါ်ရခါးလို့ပြောတယ်။ ပြီးတော့ အဲဒီ မီးရှို့တဲ့ကောင်လေးက ဆေးကြောင်နေတယ်လို့ပြောတယ်။ ဘယ်ဟာ အမှန်လဲတော့ ကျွန်တော်လည်း သေချာစုံစမ်းနေပါတယ်။”လို့ M-Media ကို တိုက်ရိုက်ပြောပြလာပါတယ်။

  • လားရှိုးမြို့တွင် ဗလီနှင့် အာရဗီစာသင်ကျောင်းအား အကြမ်းဖက်မီးရှို့၊

    မေလ-၂၈၊ ၂၀၁၃
    M-Media
    KK

    လားရှိုးမြို့တွင် ဗလီနှင့် အာရဗီစာသင်ကျောင်းအား အကြမ်းဖက်မီးရှို့၊ အမျိုးသားနှင့် အမျိုးသမီး အချင်းချင်းရန်ဖြစ်ပြီး မိန်းမကို မိးရှို့သူ ယောကျာ်းမှာ မွတ်စလင်မ် မဟုတ်ကြောင်းသိရ

    Lasho, Shan

    လားရှိုး ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ (၈)ရပ်ကွက်ရှိ ဂျာမေ့ဗလီကြီးနှင့် အစ္စလာမ်ဘာသာရေးစာသင်ကျောင်းအား ယနေ့ည ၈-နာရီခန့်ကစတင်၍ မီးရှို့ဖျက်ဆီးလိုက်ကြောင်း သတင်းရရှိသည်။

    ယနေ့ည ၈-နာရီအချိန်မှစ၍ လူ ၁၀၀-၀န်းကျင်ခန့်ရှိ အကြမ်းဖက်လူအုပ်ကြီးသည် လားရှိုးမြို့ ဈေးကြီးအနီးရှိ ဂျာမေ့ဗလီကြီးအနီးသို့ စုရုံးရောက်ရှိလာပြီး ဗလီအား ၀ိုင်းဝန်းဖျက်ဆီးမီးရှို့ရန်လုပ်ဆောင်ခဲ့ကြပြီး ည ၈-နာရီ ၁၀-မိနစ်ခန့်တွင် စတင် မီးရှို့ခဲ့ကြသည်။ မီးရှို့ရာတွင် အနီးရှိဈေးအတွင်းမှ မီးလောင်နိုင်သော ပစ္စည်းများကို သွားရောက်ယူဆောင်ပြီး မီးပုံရှို့ခဲ့သည်။ မီးလောင်နေစဉ် အချိန်အတော်ကြာမှ မီးသတ်ကားမှ ရောက်ရှိလာသော်လည်း အမိန့်မရဟုဆိုကာ မီးငြိမ်းသတ်မှုမပြုလုပ်ကြောင်းလည်း သိရသည်။ ဂျာမေ့ဗလီကြီးမှာ လားရှိုးမြို့တွင် အကြီးဆုံးနှင့် အခမ်းအနားဆုံးဗလီဖြစ်ပါတယ်။

    အကြမ်းဖက်သမားများသည် ဗလီကို မီးရှို့နေရာမှတဖန် အစ္စလာမ်ဘာသာရေးစာသင်ကျောင်းရှိရာ မိဘမဲ့ဂေဟာသို့လည်း သွားရောက် မီးရှို့ခဲ့ကြပြန်ပါတယ်။ မိဘမဲ့ဂေဟာ စာသင်ကျောင်းဟာ ကျောင်းသား ၂၀၀ ကျော်ရှိနေပြီး ယခုအခါမှာ ကလေးများမှာ စာသင်ကျောင်း အနောက်ပေါက်မှနေ၍ ထွက်ပြေးနေကြရပါတယ်။
    ဗလီ အနီးတဝိုက်မှာ ရှိတဲ့ ဆိုင်ခန်းများ မီးရှို့ဖျက်ဆီးခံရကြောင်းသတင်းရရှိပါတယ်။

    အကြမ်းဖက်မှုစတင်ဖြစ်ပွားပုံအား စုံစမ်းအား ယနေ့ ညနေ ၄-နာရီကျော်ခန့်က အမျိုးသမီးတစ်ဦးအား အမျိုးသားတစ်ဦးမှ မီးရှို့မှုဖြစ်ပွားခဲ့တာကြောင့် ယင်းအမျိုးသားမှာ မွတ်စလင်မ်အမျိုးသားဖြစ်သည်ဟု စွပ်စွဲပြောဆိုကာ အကြမ်းဖက်မှုကို စတင်ခဲ့ခြင်းဖြစ်ပါတယ်။ မီးရှို့ခံရသူအမျိုးသမီးမှာ ယခုအခါတွင် လားရှိုးမြို့ ဆေးရုံကြီးတွင် ရောက်ရှိ ဆေးကုသမှုယူနေရပါတယ်။ ယင်း အမျိုးသားနှင့် အမျိုးသမီး အချင်းချင်း စကားများရာမှတဆင့် အမျိုးသားက အမျိုးသမီးအား မီးရှို့ခဲ့ခြင်းဖြစ်ပါတယ်။ အမျိုးသားမှာ မွတ်စလင်မ် မဟုတ်ကြောင်း လားရှိုးမြို့ခံတစ်ဦးက M-Media ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။ သတင်းအသေးစိတ်ကို ထပ်မံတင်ပြပေးပါမည်။

    ယခုအခါ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း နောက်ဆုံးသတင်းရရှိပါတယ်။

    လားရှိုးမြို့မှာက ဗလီ(၅)လုံးရှိပြီး မိဘမဲ့ဂေဟာတစ်ခုလည်းရှိပါတယ်။ လားရှိုးမြို့မှာ မွတ်စလင်မ်အိမ်ခြေ (၁၅၀၀)၀န်းကျင်ရှိပြီး၊ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ချစ်ခင်ရင်းနှီးစွာ နေလာခဲ့ကြတဲ့ မြို့ဖြစ်ပါတယ်။

    လားရှိုးမှာ “အစ္စလာမ်မီယာ မိဘမဲ့ဂေဟာ”တစ်ခုရှိပါတယ်။ ၁၉၂၇-ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီကျောင်းမှာ ကျောင်းသား (၂၀၀)ကျော်ရှိပါတယ်။ တချို့က အစိုးရကျောင်း(မူလတန်း)တက်သူတွေရှိပါတယ်။ အစိုးရကျောင်းကမူလတန်းပြီးတာနဲ့ ဘာသာရေးပညာသက်သက် ဟာဖိဇ်ဖတ်စေပါတယ်။
    ကျောင်းသား ၂၀၀ ကျော်မှာ အများစုဆင်းရဲလို့ လာနေကြတာဖြစ်ပြီး မိဘမဲ့တွေလည်းရှိပါတယ်။

    ဒီမိဘမဲ့ဂေဟာရှိတဲ့ ၀င်းကြီးထဲမှာ အစိုးရ မူလတန်းကျောင်း တစ်ကျောင်းရှိပါတယ်။ ဒီဝင်းကြီးတစ်ခုလုံးဟာ ရှေးယခင်က ဂေဟာပိုင်ဖြစ်ပေမယ့် နောက်ပိုင်း မဆလခေတ်မှာ ပြည်သူပိုင်း သိမ်းခံလိုက်ရပါတယ်။ ပြည်သူပိုင်သိမ်းပြီးတော့ ဒီဝင်းကြီးထဲမှာ အ.မ.က(၃) အစိုးရကျောင်းဖြစ်လာတယ်။ မိဘမဲ့ ဂေဟာက ၂-ထပ်တိုက်ဖြစ်ပေမယ့် ၀င်းအတွင်းမှာပဲရှိကြောင်းသိရှိရပါတယ်။

    အမှားပြင်ဆင်ချက်။
    ========
    မေ-၂၉၊၂၀၁၃
    M-Media

    ယမန်နေ့ လားရှိုးမြို့ရှိ ဗလီဝတ်ကျောင်းတော်နှင့် အစ္စလာမ်ဘာသာရေး စာသင်ကျောင်းများ၊ ဈေးဆိုင်နှင့် နေအိမ်များကို အကြမ်းဖက် မီးရှို့ဖျက်ဆီးမှု့များဖြစ်ပွားခဲ့ပါသည်။
    အမျိုးသမီးတဦးအား ဓါတ်ဆီလောင်း မီးရှို့မှုဖြစ်ပွားမှုကို အကြောင်းပြုပြီး အကြမ်းဖက်မှုများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    အဆိုပါအမျိုးသမီးကို မီးရှို့သူမှာ M-Media မှ ကနဦးစုံစမ်းရရှိသော သတင်းများအရ အစ္စလာမ်ဘာသာဝင် မဟုတ်ကြောင်း သိရှိရသဖြင့် အစ္စလာမ်ဘာသာဝင် မဟုတ်ဟု သတင်းတွင် ထည့်သွင်းဖော်ပြခဲ့ပါသည်။

    ယနေ့ မနက်ထပ်မံ စုံစမ်းသိရှိရသော သတင်းများအရ ကျိုင်းတုံမြို့နေ အစ္စလာမ်ဘာသာဝင် တဦးဖြစ်ကြောင်း အတည်ပြု ချက်ရပါသည်။

    အခင်းဖြစ်ပွားစဉ် တယ်လီဖုန်းလိုင်းများ ဆက်သွယ်ရန် ခက်ခဲသောကြောင့် ကနဦးရရှိသည့် သတင်းကို ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။

  • အမေရိကန် တက်ဆက်တွင် သေနတ်သမား တစ်ဦး ပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံး ၅ ဦးဒဏ်ရာရ

    မေ-၂၇၊၂၀၁၃

    M-Media

    အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်တွင် သေနတ်သမား တစ်ဦး ပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံး ၅ ဦးဒဏ်ရာရ

    mbadakhsh20130527045930830

    အမေရိကန် ပြည်ထောင်စု တက်ဆက်ပြည်နယ်တွင်  အသက် ၂၃ နှစ် အရွယ် သေနတ်သမား တဦး ပစ်ခတ်မှုကြောင့်  လူတစ်ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရရှိသွားပါသည်။ မေလ ၂၆ ရက် တနင်္ဂနွေ မနက်စောစောပိုင်းတွင် သေနတ်သမားမှ ကားဖြင့် လှည့်ပတ်မောင်းပြီး လူမြင်ကွင်းနေများတွင်  လူအုပ်ဆီိသို့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ သေနတ်သမားကို ဖမ်းဆီးရန် ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုဖြင့် အသေဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

    တက်ဆက် လူထုလုံခြုံရေး ဌာန၏ ထုတ်ပြန်ချက်များအရ ရဲတပ်ဖွဲဝင် များသည် အပစ်အခတ် ဖြစ်ပွားသည်ဟု သံသယရှိသော နေရာမှ လေ့ကျင့်ရေးသုံး ရိုင်ဖယ်တစ်လက်၊ တူမီးသေနတ် တစ်လက် နှင့် ရာချီသော ကျည်တောင့်များကို ရှာဖွေတွေ့ရှိခဲ့သည် ဟုသိရသည်။

    ပစ်ခတ်မှုများသည် Texas ၏ အချက်အချာ ဖြစ်သော  အေဒင်မြို့တွင် စတင်ဖြစ်ပွားခဲ့ပါသည်။

    Brady မြို့အနီးရှိ စတိုးဆိုင်တစ်ခု၏ အပြင်ဘက်ရှိ ကားပေါ်တွင် ထိုင်နေသော လူနှစ်ဦးအား သေနတ်သမားပစ်ခတ်မှုကြောင့် ဒဏ်ရာရခဲ့ပြီး နောက် သေနတ်သမားဟာ Eden မြို့သို့ကားဖြင့် ပြန်မောင်းကာ အခြားကားတစီးကို ပစ်ခတ်ခဲ့ရာ နောက်ထပ် လူတစ်ဦးကိုလည်း ဒဏ်ရာရရှိစေခဲ့ပါသည်။

    အခင်းဖြစ်ပွားရာတွင် သေဆုံသွားခဲ့သော သူမှာ အသက် (၄၁)နှစ် အရွယ် ရှိ Alicia Torres ဆိုသူဖြစ်ပြီး သူမအား ကားအတွင်းမှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ပါသည်။

    အမေရိကန်ပြည်ထောင်စုတွင်  ဥပဒေပြုလွှတ်တော် အမတ်များမှာ သေနတ်များ ကိုင်ဆောင်မှုကို ပိုမိုထိန်းချုပ်နိုင်မည့် ဥပဒေပြင်ဆင်ပြောင်းလဲ ရေးအတွက် စဉ်းစားရန်ကို ငြင်းဆိုခဲ့ကြသည်။  ပြီးခဲ့သော ဒီဇင်ဘာလအတွင်း  Connecticut မူလတန်းကျောင်းတွင် ဖြစ်ပွားခဲ့သော ကလေး အယောက် (၂၀)နှင့် လူကြီး (၇) ဦးသေဆုံးစေခဲ့သည့် သေနတ်ဖြင့် လူအစုလိုက်သတ်ဖြတ်မှု အပြီး သေနတ်ဝယ်ယူသူများအား ပိုမိုတင်းကြပ်စွာ စစ်ဆေးမှုရန်ကိုပင် ငြင်းဆိုလိုက်သည့်အတွက် အမေရိကန် ပြည်ထောင်စု အတွင်း သေနတ် ပစ်ခတ်မှုများသည် လျော့ပါးသွားခြင်း မရှိဘဲ ဆက်လက် ဖြစ်ပွားနေပါသည်။

    အမေရိကန်နိုင်ငံတွင် နှစ်စဉ် လူပေါင်း သုံးသောင်းထက် မနည်းသည် သေနတ်ပစ်ခတ်မှု ခံရပြီး သေဆုံးနေပါသည်။

    University of Chicago Crime Lab နှင့် The Centers for Disease Control တို့အရ အမေရိကန်နိုင်ငံသည် ပျမ်းမျှအားဖြင့် တစ်နေ့လျှင် သေနတ်အကြမ်းဖက်မှုကြောင့် သေဆုံးသူ ၈၇ဦးရှိကာ သေနတ်ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ ၁၈၃ဦး ခန့်ရှိကြောင်း သိရပါသည်။

    MFB/MFB

    Ref:Press TV