News @ M-Media

Tag: fifa

  • ဘုရားပေးသောလက်မျိုး ထပ်မဖြစ်ရန် VARs နည်းပညာကို မာရာဒိုနာထောက်ခံ

    ဘုရားပေးသောလက်မျိုး ထပ်မဖြစ်ရန် VARs နည်းပညာကို မာရာဒိုနာထောက်ခံ

    ဇူလိုင် ၂၆၊ ၂၀၁၇
    M-Media

    – သူ့လိုမျိုး ဘုရားပေးသောလက်နဲ့ ဂိုးရသွားတဲ့အဖြစ်မျိုး ထပ်မဖြစ်အောင် ဗီဒီယိုအကူဒိုင်နည်းပညာ (VARs) ထောက်ခံတယ်လို့ အာဂျင်တီးနား ဂန္တ၀င်ကစားသမား ဒီယေဂို မာရာဒိုနာက ပြောကြားလိုက်ပါတယ်။

    ၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲမှာ အာဂျင်တီးနားအသင်းဟာ အင်္ဂလန်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး မာရာဒိုနာက ၂ ဂိုးစလုံး သွင်းခဲ့တာဖြစ်ပါတယ်။ အဲဒီမှာ တစ်ဂိုးက အင်္ဂလန်ကစားသမား ၅ ဦးကို ကျော်ဖြတ်သွင်းယူခဲ့တာပါ။

    နောက်တစ်ဂိုးကတော့ ခေါင်းတိုက်တဲ့အချိန် လက်နဲ့ပုတ်ကာ သွင်းယူခဲ့တာဖြစ်ပြီး ဘောလုံးသမိုင်းတစ်လျှောက် လူပြောအများဆုံးဂိုး ဖြစ်ခဲ့ပါတယ်။

    ‘ဘုရားပေးသောလက်’ နဲ့ သွင်းယူခဲ့တယ်လို့ နောက်ပိုင်းမှာ တင်စားပြောဆိုခဲ့တဲ့ မာရာဒိုနာက ခေတ်သစ်ဘောလုံးလောကမှာ ဆုံးဖြတ်ရခက်တဲ့ အခြေအနေတွေ၊ သဲသဲကွဲကွဲမမြင်ရတဲ့အခြေအနေမျိုးတွေမှာ ဗီဒီယိုအကူဒိုင် နည်းပညာ အကူအညီရယူဖို့ကို ထောက်ခံခဲ့ပါတယ်။

    “ဒီနည်းပညာအသုံးပြုရေး ကျွန်တော် ထောက်ခံတဲ့အခါတိုင်း ဒီအကြောင်းကို ကျွန်တော် တခုတ်တရ စဉ်းစားမိပါတယ်။ အဲဒီနည်းပညာသာ ဟိုတုန်းကရှိမယ်ဆိုရင် ကျွန်တော့်ဂိုးက ရမှာမဟုတ်ပါဘူး။ နောက်ထပ်ပြောချင်တာက ၁၉၉၀ ကမ္ဘာ့ဖလား ဆိုဗီယက်နဲ့ပွဲမှာ ဘောလုံးကို ဂိုးစည်းပေါ်ကနေ ကျွန်တော် လက်နဲ့ပုတ်ထုတ်ခဲ့ပါတယ်။ ဒိုင်လူကြီး မမြင်လိုက်တာက ကျွန်တော်တို့အတွက် ကံကောင်းခဲ့တာပါ။ အဲဒီတုန်းက ကိစ္စတွေအတွက် ဒီနည်းပညာကို ပြန်အသုံးပြုလို့မရပေမယ့် ဒီနေ့ခေတ်မှာတော့ တစ်ကျောင်းတစ်ဂါထာပေါ့ဗျာ” လို့ မာရာဒိုနာက FIFA နဲ့ အင်္ဂါနေ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    ဖီဖာဟာ ပြီးခဲ့တဲ့လ ကွန်ဖက်ဒရေးရှင်ဖလား အပါအ၀င် ပြိုင်ပွဲတော်တော်များများမှာ VAR နည်းပညာကို စမ်းသပ်အသုံးပြုခဲ့ပြီး ၂၀၁၈ ရုရှားကမ္ဘာ့ဖလားပွဲမှာ သုံးစွဲဖို့ ရှိနေပါတယ်။

    ဒါပေမယ့် ဒီနည်းပညာအသုံးပြုမှုအတွက် အချိန်ပေးရတာ၊ ကွင်းလယ်ဒိုင်က VARs အကူဒိုင်ရဲ့ အကြံပြုချက်ကို လက်မခံတာ စတဲ့ အခက်အခဲတွေရှိနေတဲ့အတွက် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

    Ref: Alarabiya

  • ၂၀၃၄ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် အာဆီယံက လျှောက်ထားရန် ရှိနေ

    ၂၀၃၄ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် အာဆီယံက လျှောက်ထားရန် ရှိနေ

    ဇူလိုင် ၆၊ ၂၀၁၇
    M-Media

    – ၂၀၃၄ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကိ အရှေ့တောင်အာရှနိုင်ငံများက ပူးတွဲကျင်းပနိုင်ရန်အတွက် အင်ဒိုနီးရှားနိုင်ငံက ဦးဆောင်လှုပ်ရှားသွားမည်ဟု သိရသည်။

    ယခုလအစောပိုင်း ဗီယက်နက်တွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF) အစည်းအဝေးတွင် ထိုကိစ္စအား ဆွေးနွေးခဲ့သည်ဟု အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ် (PSSI) ဒုတိယဥက္ကဌ ဂျိုကို ဒရီယိုနိုက ပြောကြားခဲ့သည်။

    “ကမ္ဘာ့ဖလားကို အရှေ့တောင်အာရှက ကျင်းပဖို့ အချိန်တန်ပါပြီ။ အာရှက သိသာတဲ့ တိုးတက်မှု၊ အထူးသဖြင့် အရှေ့တောင်အာရှရဲ့ တိုးတက်မှုတွေက ကျွန်တော်တို့အတွက် အလားအလာကောင်းစေပါတယ်” ဟု ၎င်းကဆိုပြီး တရားဝင်တောင်းဆိုမှုကို စက်တင်ဘာတွင် ဘာလီ၌ကျင်းပမည့် AFF အစည်းဝေးတွင် ပြုလုပ်သွားမည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

    စင်ကာပူ ဘောလုံးအဖွဲ့ချုပ်က အိမ်ရှင်အဖြစ် ပူးတွဲလျှောက်ထားရန် မိမိတို့အနေဖြင့် အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ်နှင့် ဆွေးနွေးမှုများ မပြုလုပ်ရသေးဟု ဆိုသည်။

    “စိတ်ဝင်စားစရာကောင်းတဲ့ တင်ပြချက်ပါ။ စဉ်းစားရမယ့်ကိစ္စတွေ အများကြီးရှိပါတယ်။ ဒီလိုကမ်းလှမ်းမှု ဖြစ်နိုင်ဖို့အတွက် PSSI နဲ့ ဆွေးနွးသွားမှာပါ” ဟု စင်ကာပူ ဘောလုံးအဖွဲ့ချုပ်က ပြောကြားခဲ့သည်။

    ထိုင်းဘောလုံးအဖွဲ့ချုပ် ဒုတိယအကြီးအကဲ ဘင်ဂျမင်တန်က ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပရေး အင်ဒိုနီးရှားနှင့်အတူ အိမ်ရှင်အဖြစ် ပူးတွဲလျှောက်ထားရန် စိတ်ဝင်စားသည်ဟု ပြောကြားခဲ့သည်။

    “ကမ္ဘာ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းနီးပါး သန်း ၆၅၀ ရှိပြီး လူဦးရေအထူထပ်ဆုံး၊ ဘောလုံးကို ရူးသွပ်မှုအကြီးမားဆုံး ဒေသက ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ကျင်းပဖို့ဆိုတာ အဓိပ္ပါယ်ရှိပါတယ်။ တစ်နိုင်ငံတည်းဖြစ်ဖြစ်၊ ၃ နိုင်ငံ ဒါမှမဟုတ် ဒီထက်ပိုတာပဲဖြစ်ဖြစ် စိန်ခေါ်မှုတော်တော်များများ ရှိနေပေမယ့် စိတ်ဝင်စားတဲ့ လျှောက်ထားသူတွေဟာ ကျင်းပဖို့အတွက် စိတ်အားထက်သန်မှု အဆင့်သစ်ဖြစ်မှုတွေ ရှိနေရပါမယ်” ဟု တန်က ပြောကြားခဲ့သည်။

    ဖီဖာမှာ ၂၀၂၆ ခုနှစ်မှစ၍ ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်း ၄၈ သင်းဖြင့် အိမ်ရှင်နိုင်ငံ အနည်းဆုံး ၃ နိုင်ငံတွင် ကျင်းပပြုလုပ်ရန် စီစဉ်နေပြီး၊ အာဆီယံက ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပရေး သဘောထားမှာ ၂၀၁၁ ခုနှစ်ကတည်းက ပေါ်ပေါက်လာခြင်း ဖြစ်သည်။

    သို့သော်လည်း တရုတ်၊ သြစတေးလျ၊ ကိုရီးယားနှစ်နိုင်ငံတို့ကလည်း ပူးတွဲ ကျင်းပရန် ကမ်းလှမ်းနိုင်ဖွယ်ရှိနေသည်။

    အာဆီယံဒေသတွင် ကမ္ဘာ့ဖလားကျင်းပမှုနှင့်ပတ်သက်၍ အခြေခံအဆောက်အဦးများ လုံလောက်စွာ မရှိမှုအတွက် ပညာရှင်များက ဝေဖန်ထောက်ပြထားသည်။

    Ref: Today Online

  • ကွန်ဖက်ဒရေးရှင်းဖလား ဗိုလ်လုပွဲတွင် ကစားသမားများ၏ စွမ်းဆောင်ရည်ကို တိုက်ရိုက် စောင့်ကြည့်မည်

    ကွန်ဖက်ဒရေးရှင်းဖလား ဗိုလ်လုပွဲတွင် ကစားသမားများ၏ စွမ်းဆောင်ရည်ကို တိုက်ရိုက် စောင့်ကြည့်မည်

    ဇူလိုင် ၂၊ ၂၀၁၇
    M-Media

    – ယနေ့တွင် ကစားမည့် ကွန်ဖက်ဒရေးရှင်းဖလား ဗိုလ်ပွဲတွင် ကစားသမားများ၏ စွမ်းဆောင်ရည်ကို တိုက်ရိုက်စောင့်ကြည့်မည့် နည်းပညာအား သုံးစွဲသွားမည်ဖြစ်ပြီး ဖီဖာ၏ ဘောလုံးပြိုင်ပွဲများတွင် ထိုနည်းပညာကို ပထမဆုံး အသုံးပြုခြင်းလည်းဖြစ်သည်။

    ဗိုလ်ပွဲတွင် ဂျာမနီနှင့် ချီလီတို့ ကစားမည်ဖြစ်ပြီး အသင်းတာဝန်ရှိသူများနှင့် ဆေးအဖွဲ့မှာ ကစားသမားများ၏ စွမ်းဆောင်ရည်ကို စောင့်ကြည့်နိုင်မည့် တက်ဘလက် ၃ လုံးကို ရရှိမည်ဖြစ်သည်။

    အဆိုပါနည်းစနစ်အရ ဘောလုံးပေးပို့ခြင်း၊ ဖြတ်တင်ခြင်း၊ ပြေးအားနှင့် ဘောလုံးကို ရင်ဆိုင်ရယုခြင်း စသည်တို့အပါအ၀င် ကစားသမား၏ ကွင်းအတွင်း စွမ်းဆောင်ရည်များကို စက္ကန့် ၃၀ သာ စောင့်ဆိုင်း၍ တက်ဘလက်များတွင် ကြည့်ရှုနိုင်မည်ဖြစ်သည်။

    တက်ဘလက် ၃ ခုမှ နှစ်ခုကို အသင်းတာဝန်ရှိသူများက ကြည့်ရှုရမည်ဖြစ်ပြီး တစ်ခုကို ဆေးအဖွဲ့က ကြည့်ရှုရမည်ဖြစ်သည်။

    Ref: BBC

  • ကမ္ဘာ့ဖလားပြိုင်ပွဲကို ဈေးကြီးပေးသူအား မရောင်းသင့်ဟု ယူအီးအက်ဖ်အေ ဥက္ကဌ ပြော

    ကမ္ဘာ့ဖလားပြိုင်ပွဲကို ဈေးကြီးပေးသူအား မရောင်းသင့်ဟု ယူအီးအက်ဖ်အေ ဥက္ကဌ ပြော

    ဇွန် ၃၊ ၂၀၁၇
    M-Media

    ၁၉၆၆ ခုနှစ် အင်္ဂလန်အသင်း ကမ္ဘာ့ဖလား ရရှိစဉ်က

    – ၂၀၃၀ ခုနှစ် ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်ရေးအတွက် ဗြိတိန်၏ လျှောက်ထားမှုကို အခိုင်အမာ ထောက်ခံသွားမည်ဖြစ်ပြီး ပြိုင်ပွဲအား ဈေးအများဆုံးပေးသူကို မရောင်းချသင့်သည်ဟု ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေ ဥက္ကဌ အလက်ဇန်းဒါး စီဖီရင်က ပြောကြားလိုက်သည်။

    ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားကို ဖီဖာ၏ အလှည့်ကျပေါ်လစီမှ ဖောက်ထွက်ကာ ကာတာနိုင်ငံအား ကျင်းပခွင့်ပေးခဲ့ပြီး၊ ယခုတစ်ပတ်တွင်လည်း တရုတ်မိုဘိုင်းဖုန်းထုတ်လုပ်ရေးကုမ္ပဏီ Vivo က ဖီဖာ၏ တတိယမြောက် တရုတ်စပွန်ဆာဖြစ်လာက ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအား တရုတ်နိုင်ငံ၌ ကျင်းပခွင့်ရရေး အကြံပြုထားသည်။

    စီဖီရင်ကမူ စပွန်ဆာကြီးများကြောင့် စည်းမျဉ်းစည်းကမ်းများကို ပြောင်းလဲ၍မရဟု ဆိုသည်။

    “၂၀၃၀ ကမ္ဘာ့ဖလားဟာ ကျွန်တော်တို့ (ဥရောပက) ကျင်းပရမယ့်အချိန်ပါ။ ဥရောပ ဘယ်နိုင်ငံက လျှောက်ထားမလဲဆိုတာ ပြောလို့မရသေးပါဘူး။ ဒါပေမယ့် ပိုက်ဆံအများကြီးပေးတဲ့သူကို ကမ္ဘာ့လားပြိုင်ပွဲ ရောင်းလို့ မရပါဘူး” ဟု စီဖီရင်က ပြောကြားခဲ့သည်။

    ဖီဖာအား ငွေကြေးနှင့် တရုတ်က ချုပ်ကိုင်ထားမှုအကြောင်း မေးမြန်းရာတွင် မိမိအနေဖြင့် တရုတ်အကြောင်း မပြောလိုကြောင်း၊ အကောင်းဆုံး စီစဉ်ပေးနိုင်သူကို ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခွင့် ပေးသင့်ကြောင်း၊ အင်္ဂလန် သို့မဟုတ် ဗြိတိန်အနေဖြင့် လျှောက်ထားမည်ဆိုလျှင် မိမိတို့က ကြိုဆိုသွားမည်ဖြစ်ကြောင်း ယူအီး
    အက်ဖ်အေ ဥက္ကဌက ထည့်သွင်းပြောဆိုခဲ့သည်။

    အင်္ဂလန်မှာ ၁၉၆၆ ခုနှစ်တွင် တစ်ကြိမ်သာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခွင့် ရရှိခဲ့ပြီး ထိုပြိုင်ပွဲတွင် ၎င်းတို့၏ တစ်ခုတည်းသော ကမ္ဘာ့ဖလားကို ရရှိခဲ့သည်။

    Ref: BBC

  • ၂၀၂၆ ကမ္ဘာ့ဖလားမှစ၍ အာဖရိကတိုက်က အလိုအလျောက်ဝင်ခွင့် ၉ နေရာ ရမည်

    ၂၀၂၆ ကမ္ဘာ့ဖလားမှစ၍ အာဖရိကတိုက်က အလိုအလျောက်ဝင်ခွင့် ၉ နေရာ ရမည်

    မေ ၁၁၊ ၂၀၁၇
    M-Media

    – ၂၀၂၆ ခုနှစ်မှစ၍ ကမ္ဘာ့ဖလားကို ၄၈ သင်းအထိ တိုးချဲ့မှုတွင် အာဖရိကတိုက်အတွက် အလိုအလျောက်ဝင်ခွင့် နောက်ထပ် ၄ နေရာပေးရန် ဖီဖာကောင်စီက အင်္ဂါနေ့တွင် အတည်ပြုခဲ့သည်ဟု သိရသည်။

    လက်ရှိတွင် အာဖရိကတိုက်မှာ အလိုအလျောက်ဝင်ခွင့် ၅ နေရာ ရထားသောကြောင့် စုစုပေါင်း ၉ နေရာဖြစ်လာမည်ဖြစ်သည်။ ထို့ပြင် ခြေစစ်ပွဲအဆင့် ၆ နိုင်ငံ paly-off ကစားမှုတွင် အာဖရိကတစ်နိုင်ငံက ပါဝင်ရမည်ဖြစ်သည်။

    ပြိုင်ပွဲဝင်အသင်းအရေအတွက် ၃၂ နေရာမှ ၄၈ နေရာ တိုးသည့်အခါ မည့်သည့်တိုက်များကို နေရာ မည်မျှခွဲပေးရမည်ဆိုသည်နှင့် ပတ်သက်၍ ဖီဖာကောင်စီဗျူရိုက မတ်လ ၃၀ ရက်နေ့တွင် ကနဦးအဆိုပြုချက် ပြုလုပ်ခဲ့သည်။

    အဆိုပါ ၄၈ နေရာတွင် ယခင် ၁၃ နေရာ ရရှိသည့် ဥရောပတိုက်ကို တိုက်ရိုက်ဝင်ခွင့် ၁၆ နေရာ၊ ယခင် ၃ နေရာခွဲ ရရှိထားသည့် မြောက်အမေရိကနှင့် အလယ်အမေရိကအတွက် ၆ နေရာ၊ ၄ နေရာ ရရှိထားသည့် အာရှအား ၉ နေရာ၊ ၄.၅ နေရာ ရရှိထားသည့် တောင်အမေရိကအား ၆ နေရာ၊ ၀.၅ နေရာ ရရှိထားသည့် သမုဒ္ဒရာပိုင်းဇုန်အတွက် ၁ နေရာပေးထားပြီး နောက်ဆုံး ၂ နေရာကို ၆ သင်း paly-off ဖြင့် ဆုံးဖြတ်မည်ဖြစ်သည်။

    ၂၀၂၆ ခုနှစ်တွင် ပြိုင်ပွဲဝင်အသင်းပေါင်း ၄၈ သင်းအထိ တိုးချဲ့ယှဉ်ပြိုနိုင်ရေးအတွက် ဖီဖာက ဇန်န၀ါရီတွင် မဲပေးအတည်ပြုခဲ့သည်။

    Ref: BBC