ဒီဇင်ဘာ ၁၉၊ ၂၀၁၆
M-Media

– ၂၀၁၆ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း အသတ်ခံရသည့် ဂျာနယ်လစ်အရေအတွက်မှာ ၅၇ ဦးရှိသည်ဟု နယ်စည်မခြားသတင်းထောက်များအဖွဲ့က ပြောကြားလိုက်သည်။
ပြင်သစ်အခြေစိုက် အဆိုပါအဖွဲ့က ယနေ့တွင်ထုတ်ပြန်သည့် နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်ပြီး အသတ်ခံရသည့် ဂျာနယ်လစ်အများစုမှာ ဆီးရီးယားနှင့် အာဖဂန်တို့မှဖြစ်ပြီး စုစုပေါင်း ၂၉ ဦး ရှိသည်။
အာဖဂန်နစ္စတန်တွင်သေဆုံးခဲ့သည့် ဂျနယ်လစ် ၁၀ ဦးစလုံးမှာ ၎င်းတို့ အလုပ်ကြောင့် တမင် ပစ်မှတ်ထား သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။
ဇန်န၀ါရီလက အာဖဂန်ရှိ ပုဂ္ဂလိက တီဗီလိုင်း Tolo TV မှ မီနီဘတ်စ်တစ်စီးအား တာလီဘန်တို့က တိုက်ခိုက်မှုတွင် အမျိုးသမီး ၃ ဦး အပါအ၀င် ၇ ဦး အသက်ဆုံးရှုံးခဲ့သည်။
မက္ကဆီကိုတွင် အသတ်ခံရသည့် ဂျာနယ်လစ်အရေအတွက်မှာ ၉ ဦးရှိနေပြီး အီရတ်တွင် ၅ ဦး၊ ယီမင်တွင် ၅ ဦးတို့ ဖြစ်ကြောင်း၊ သေဆုံးခဲ့သည့် ဂျာနယ်လစ်များ အားလုံးနီးပါးမှာ ဒေသအခြေစိုက် ဂျာနယ်လစ်များဖြစ်ကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့၏ အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၁၅ ခုနှစ်တွင် အသတ်ခံခဲ့ရသည့် ဂျာနယ်လစ်အရေအတွက်မှာ ၆၇ ဦး ရှိခဲ့ပြီး ယခုနှစ်တွင်မူ ကျဆင်းသွားခြင်းဖြစ်သည်။ သို့သော်လည်း ထိုသို့ကျဆင်းမှုမှာ အန္တရာယ်ရှိသောနိုင်ငံများ အထူးသဖြင့် ဆီးရီးယား၊ အီရတ်၊ လစ်ဗျား၊ ယီမင်၊ အာဖဂန်နှင့် ဘူရန်ဒီတို့ကဲ့သို့ နိုင်ငံများမှ ဂျာနယ်လစ်များ တိုင်းပြည်မှ ထွက်ပြေးသွားခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။
ထို့ပြင် မက္ကဆီကိုကဲ့သို့ နိုင်ငံများမှ သတင်းထောက်များမှာ အသတ်ခံရမှုမှ ရှောင်ရှားနိုင်ရန်အတွက် သတင်းကို ဖြတ်တောင်မှုများ ပြုလုပ်ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပြီး၊ နောက်တက်လာမည့် ကုလ အတွင်းရေးမှူးအသစ် အန်တိုနီယို ဂူတာရက်စ်အနေဖြင့် ဂျာနယ်လစ်များကို ကာကွယ်ရေး အထူးကိုယ်စားလှယ်တစ်ယောက်ကို ခန့်အပ်ပေးရန်လည်း တိုက်တွန်းခဲ့သည်။
Ref: Press TV