News @ M-Media

DVB သတင်းထောက် ကိုဇော်ဖေအား ထောင်ဒဏ် ချမှတ်မှုနှင့် ပတ်သက်၍ DVB မှသတင်းထုတ်ပြန်

ဧပြီ ၉၊ ၂၀၁၄
M-Media
လမင်း

Zaw-Pe-300x234

ရန်ကုန်။       ။ မကွေးမြို့နယ် ပညာရေးဌာနက တရားလိုပြုကာ DVB သတင်းထောက်ကိုဇော်ဖေ(ကိုသူရသက်တင်)နှင့် ကျောင်းသားမိဘ ကိုဝင်းမြင့်လှိုင်ကို ၀တ္တရားနှောင့်ယှက်မှု၊ ပိုင်နက် ကျူးလွန်မှု ပုဒ်မ-၃၅၃၊ ၄၄၈ တို့နှင့် ၂၀၁၂ ခုနှစ်ကတရားစွဲခဲ့ပြီး ၂၀၁၄ ဧပြီလ ၇ ရက်နေ့တွင် ထောင်ဒဏ် ၁ နှစ်ချမှတ်ခဲ့သည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မိခင်သတင်းဌာန DVB က အောက်ပါအတိုင်း သတင်းထုတ်ပြန်ခဲ့ပါသည်။

* သတင်းထောက် ကိုဇော်ဖေ (သူရသက်တင်)သည် အများပြည်သူသိလိုသော ပညာသင်ဆုဆိုင်ရာ သတင်းကို မြို့နယ်ပညာရေးဌာနမှတဆင့် ရယူခဲ့ခြင်းမှာ သတင်းထောက် တယောက်၏ အလုပ်ကို တာဝန်သိသိ လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်း သာ ဖြစ်ကြောင်း DVB သတင်းဌာနက ယုံကြည်ပါသည်။

* ထိုကြောင့် သတင်းထောက် ကိုဇော်ဖေ (သူရသက်တင်) အား ပြစ်ဒဏ်ချမှတ်မှုကိုDVB သတင်းဌာနအနေနှင့် လုံးဝ ကန့်ကွက်ရှုတ်ချပါသည်။

*  မြန်မာနိုင်ငံတွင် စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်နေသည်ဟု တာဝန်ရှိသူများက ပြောဆိုနေချိန်တွင် ယခုကဲ့သို့ သတင်းထောက် ကိုဇော်ဖေ (သူရသက်တင်) အား ထောင်ဒဏ်ချမှတ်ခြင်းသည် စာနယ်ဇင်းနှင့် သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင် တားမြစ်ခြင်းဟု DVB သတင်းဌာနက ယုံကြည်သည်။

* DVB သတင်းထောက် ကိုဇော်ဖေ (သူရသက်တင်) နှင့် အမှုတွဲ ကိုဝင်းမြင့်လှိုင်တို့အား ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးရန် တောင်းဆိုသည်။

သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီး စာပေစိစစ်ရေး ဖျက်သိမ်းကာ စာပေလွတ်လပ်ခွင့်ရပြီးနောက်ပိုင်း သတင်းမီဒီယာလောကတွင် Daily Eleven သတင်းဌာနမှ သတင်းထောက်တစ်ဦးဖြစ်သူ မခိုင်သည် အသေရေဖျက်မှု၊ ပိုင်နက်ကျူးလွန်မှု စွဲချက်များဖြင့် ထောင်ဒဏ်သုံးလချမှတ်ခံခဲ့ရပြီး Unity ဂျာနယ်မှ ဂျာနယ်လစ်လေးဦးကိုလည်း ဖမ်းဆီးချူပ်နှောက်ထားပြီး နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေအရ တရားစွဲဆိုကာ စစ်ဆေးမှုများပြုလုပ်လျှက်ရှိပြီး ထောင်ဒဏ် ၁၄ နှစ်ထိကျခံရဖွယ်ရှိကြောင်း သိရသည်။

Comments

Leave a Reply