News @ M-Media

Tag: genocide of Rohingya

  • ရိုဟင်ဂျာများကို ဂျီနိုဆိုက်လုပ်သည့် လက္ခဏာများ တွေ့နေရသည်ဟု ကင်တားနားပြော

    ဧပြီ ၂၉ ၊ ၂၀၁၄
    M-Media
    1235223_1416350698631118_3315823227987624424_n
    – မြန်မာနိုင်ငံအတွင်းရှိ ရိုဟင်ဂျာများနှင့် ပတ်သက်သည့် အရေးတွင် လူမျိုးတုန်းသတ်ဖြတ်မှု (ဂျီနိုဆိုက်) ၏ လက္ခဏာများ ရှိနေသည်ဟု  မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ် ကင်တားနားက ပြောကြားလိုက်သည်။

    ဧပြီလ ၂၈ ရက်နေ့က လန်ဒန်မြို့ တွင်ပြုလုပ်ခဲ့သည့် “ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများကို ဆယ်စုနှစ်များစွာ ညှင်းပန်းခြင်း ” ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည့် ညီလာခံတွင် ကင်တားနားက ထိုကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်သည်။ ထိုကိစ္စမှာ လူသားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုဖြစ်ကြောင်း၊ လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်နိုင်ချေကိုမူ ဆွေးနွေးရန် လိုအပ်ပြီး၊ ယခုညီလာခံမှာ အလွန်ရေးပါကြောင်း စသဖြင့် ကင်တားနားက ထည့်သွင်းပြောကြားခဲ့သည်။

    လန်ဒန်ရှိ စီးပွားရေးနှင့် နိုင်ငံရေးသိပ္ပံကျောင်းတွင်ပြုလုပ်ခဲ့သည့် အဆိုပါညီလာခံသို့ နိုင်ငံတကာ လူမျိုးတုန်း သတ်ဖြတ်မှုရေးရာ ပညာရှင်များအသင်းမှ ပရော်ဖက်ဆာ ဒန်နီယဲလ် ဖိုင်ယာစတိုင်၊ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာများကို ကိုင်တွယ်သည့် ရောမမြို့ပြည်သူ့ရေးရာ တရားရုံးမှ အထွေထွေအတွင်းရေးမှူး ဂီယန်နီ တော့ဂ်နိုနီ ၊ Malaya တက္ကသိုလ်၊ ဒီမိုကရေစီနှင့်ရွေးချယ် တင်မြှောက်မှုဌာန၏ အဆင့်မြင့်သုတေသီ၊ Civil Society and Human Security Research Unit, LSE & Judge, Permanent People’sTribunal on Sri Lanka (Germany, 2013)၏ ဧည့်သည်တော်အဖွဲ့ဝင် ဒေါက်တာမောင်ဇာနည် တို့အပါအ၀င်၊ ဥပဒေရေးရာ ကျွမ်းကျင်သူများ၊ ပညာရှင်များနှင့် တက်ကြွလှုပ်ရှားသူများ တက်ရောက်ခဲ့ကြသည်။

    ထိုညီလာခံတွင်  နိုင်ငံတကာ ဥပဒေပညာရှင်များက လူမျိုးတုန်းသတ်ဖြတ်မှုအဓိပ္ပါယ်၊ တရားမျှတရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့် ပုံစံများကို တင်ပြခဲ့ကြသည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာများအား ညှင်းပန်းနှိပ်စက်မှုများမှာ နိုင်ငံတကာ ဥပဒေအရ လူမျိုးတုန်းသတ်ဖြတ်မှု မြောက်၊ မမြောက် ဆွေးနွေးမှုကိုလည်း ပြုလုပ်ခဲ့ကြသည်။

    နာမည်ကြီး လူ့အခွင့်အရေး သုတေသနပညာရှင်များနှင့် ရိုဟင်ဂျာ ဒုက္ခသည်များက မြန်မာနိုင်ငံ အတွင်း ရိုဟင်ဂျာများ အပေါ် ဆယ်စုနှစ်များစွာကြာ စနစ်တကျ ညှင်းပန်းနှိပ်စက်မှုများနှင့် ပတ်သက်သည့် အထောက်အထားများ ကိုလည်း ပေးအပ်ခဲ့ကြသည်။

    ညီလာခံအဆုံးပိုင်းတွင် လူမျိုးတုန်းသတ်ဖြတ်နေသည်ဟု သတ်မှတ်၍ရနေသည် ရိုဟင်ဂျာများအပေါ် ညှင်းပန်း နှိပ်စက်နေမှုများအား ချက်ခြင်းရပ်တန့်ရန် တိုက်တွန်းခဲ့သည်။ ထိုတိုက်တွန်းချက်အား ထိုညီလာခံသို့ တက်ရောက်လာသည့် အသင်းအဖွဲ့များနှင့် လူပုဂ္ဂိုလ်များကလည်း ထောက်ခံခဲ့ကြသည်။

    Image via thiha jamal

  • လူမျိုးတုန်းသတ်ဖြတ်မှု မှတ်တမ်းတွေ ပြသထားတဲ့ ဟိုလိုကော့စ် ပြတိုက်တွင် ရိုဟင်ဂျာရုပ်ပုံများ ခင်းကျင်းပြသ

    နိုဝင်ဘာ- ၈ ၂၀၁၃
    M-Media
    Olaie Manzu
    US Myanmar Rohingya Exhibit.JPEG-09511
    အမေရိကန်ပြည်ထောင်စုမြို့တော် ဝါရှင်တန် ဒီစီ မှာရှိတဲ့ ဟိုလိုကော့စ်ပြတိုက်ရဲ့ အပြင်ပိုင်းနံရံတွေမှာ အကြမ်းဖက်ခြင်းခံနေရတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ ဓါတ်ပုံတွေကို ခင်းကျင်းပြသနေပါတယ်။ ဟိုလိုကော့စ်ပြတိုက်ဟာ ဒုတိယကမ္ဘာစစ်ကာလအတွင်း နာဇီ ဂျာမဏီမှ ဂျူး ခြောက်သန်းခန့် စုပြုံသတ်ဖြတ်ခဲ့တဲ့ မှတ်တမ်းတွေကို ခင်ကျင်းပြသတဲ့ သမိုင်းဝင်ပြတိုက်ဖြစ်ပါတယ်။ ဒီပြတိုက်ဟာ အမေရီကန်ပြည်ထောင်စု အစိုးရက ထောက်ပံ့ပေးနေတဲ့ ပြတိုက်ကြီးလည်းဖြစ်ပါတယ်။

    ဟိုလိုကော့စ်လို့ခေါ်တဲ့ ဂျူးတွေကို စုပြုံသတ်ဖြတ်တဲ့ ဖြစ်ရပ်ကြီးဟာ ကမ္ဘာ့သမိုင်းမှာ အကျဉ်းတန်တဲ့ဖြစ်ရပ် တစ်ခုဖြစ်ပြီး နောက်ထပ် ဒီလိုဖြစ်ရပ်မျိုးတွေ ထပ်မံ မဖြစ်ရအောင် ဟိုလိုကော့စ်ပြတိုက်ကြီးက မီးမှောင်းထိုးပေးလေ့ရှိပါတယ်။ ဥပမာ ဘောစနီးယား၊ ရဝါန်းဒါးနဲ့ ဆူဒါန်မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးတုန်း သုတ်သင် ရှင်းလင်းမှု ရုပ်ပုံတွေကိုလည်း ကမ္ဘာက သိအောင် ခင်းကျင်းပြသခဲ့ဖူးပါတယ်။ ယခုအခါမှာတော့ မြန်မာနိုင်ငံ အနောက်ဖက် အခြမ်းမှာရှိတဲ့ ရိုဟင်ဂျာလူမျိုးတွေကို အကြမ်းဖက်တိုက်ခိုက်နေတာဟာ လူမျိုးတုန်းသတ်ဖြတ်မှု အသွင်ကူးပြောင်းသွားမှာကို စိုးရိမ်ပြီး ဟန့်တား သတိပေးတဲ့ သဘောနဲ့ အခုလို ပြသနေတာ ဖြစ်တယ်လို့ အေပီ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

    ပြတိုက်မှာ ခင်းကျင်းပြသနေတဲ့ ဓါတ်ပုံတွေကတော့ အင်ဒီယားနားနယ်ဖွား ဓါတ်ပုံဆရာ ဂရေခ့် ကောစတန်တင်း ကိုယ်တိုင် အကြမ်းဖက်ဒေသတွေဆီ သွားရောက် ရိုက်ကူးခဲ့တဲ့ ပုံရိပ်တွေဘဲ ဖြစ်ပါတယ်။ ကောစတန်တင်းဟာ မြန်မာ-ဘင်္ဂလားနယ်စပ်မှာ ခုနှစ် နှစ်ခန့် အချိန်ပေးပြီးဓါတ်ပုံတွေ ရိုက်ကူးလာခဲ့သူဖြစ်ပါတယ်။

    “မြန်မာနိုင်ငံမှာ အံ့မခန်းနိုင်လောက်အောင် ဖွံ့ဖြိုးတိုးတက်မှုတွေလုပ်ဆောင်ဖို့ ပြောဆိုနေကြတဲ့အချိန်ဖြစ်တဲ့အတွက် လူတွေက နိုင်ငံ အနှံ့မှာ ဖြစ်ပွားနေတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်တွေကိုဘဲ အာရုံစိုက်နေကြပြီး ဒီလို ဝမ်းနည်းကြေကွဲဖွယ်ရာဖြစ်ရပ်တွေက အမှောင်ထုထဲမှာ ဖုံးအုပ်နေတာကတော့ တော်တော်စိတ်ပျက်စရာကောင်းပါတယ်” လို့ ကောစတန်တင်းကပြောပါတယ်။

    ကောစတန်တင်းဟာ နိုင်ငံမဲ့ဖြစ်နေရသူတွေကို ကမ္ဘာလည့်မှတ်တမ်းနေခဲ့ပါတယ်။ မလေးရှား၊ နီပေါ၊ သီရီလင်္ကား၊ ကန်နီယား၊ အိုင်ဗရီကောစ်၊ ကူဝိတ်နဲ့ ဒိုမိနီကန် ရီပတ်ပလစ် နိုင်ငံတွေမှာလည်း အလားသဏ္ဍာန်တူတဲ့ အဖြစ်အပျက်တွေကိုမှတ်တမ်းတင်ခဲ့ပေမယ့် ရိုဟင်ဂျာတွေရဲ့ အခြေအနေကတော့ အဆိုးရွားဆုံးပါဘဲလို့ သူကဆိုပါတယ်။

    “အခုဆိုရင် စစ်တွေမြို့မှာ မွတ်စလင်တွေလုံးဝ မရှိတော့သလို ခံစားရတာကတော့ စိတ်မချမ်းမြေ့စရာဘဲ။ မွတ်စလင်တွေရဲ့ ဘုရားဝတ်ပြုဖို့ နိုးဆော်သံ လည်းမကြားရတော့ဘူး။ ဗလီကျောင်းတွေကလည်းပျက်ဆီးကုန်ပြီ။ လုံးဝမပျက်ဆီးတဲ့ဗလီတွေဆိုရင်လည်း မြန်မာစစ်တပ်က ဗလီတွေထဲမှာ ဝင်နေ နေကြတယ်။” လို့ မတ်လ က စစ်တွေကိုသွားလာခဲ့တဲ့အတွေ့အကြုံကို ကောစတန်တင်း ကပြောပြပါတယ်။ ပြောင်းရွေ့နေရာ ချထားပေးတဲ့ စခန်းတွေက ရိုဟင်ဂျာဒုက္ခသည်တွေကလည်း အားကိုးရာမဲ့ဖြစ်နေတာကိုတွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

    “မြန်မာနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်နေပါတယ်လို့ ကျနော်တို့ပြောတာမဟုတ်ပါဘူး။ … ဒါပေမယ့် ဒီလိုဖြစ်ရပ်တွေ နောင်အနာဂါတ်မှာ တစ်ခြားလူတွေမကြုံတွေ့ရအောင် ကျနော်တို့ တက်နိုင်တဲ့ဖက်ကနေ ကြိုးစားကာကွယ်ချင်လို့ဘဲဖြစ်ပါတယ်။” လို့ ဟိုလိုကော့စ်ပြတိုက်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကာကွယ်ရေးဌာန ဒါရိုက်တာ မိုက်ကယ် အဘ္ဘရာမိုဝဇ် ကပြောပါတယ်။

    ရိုဟင်ဂျာတွေအပေါ်ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကတော့ လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) မဟုတ်ဘူးလို့ အများစုက သုံးသပ်နေကြပေမယ့်၊ ဒီကျူးလွန်မှုတွေဟာ လူသားများအပေါ်ရာဇဝတ်မှုကျူးလွန်ခြင်း (Crime Against Humanity) ဖြစ်ကြောင်းကိုတော့ ကမ္ဘာ့ပညာရှင်အများက လက်ခံထားကြပါတယ်။ ရိုဟင်ဂျာလူမျိုးတွေကို သူတို့ရဲ့မွေးရပ်ဇာတိမြေမှ ထွက်ပြေးပြောင်ရွေ့သွားရအောင် ဦးနေဝင်းခေတ်ကတည်းက နည်းမျိုးစုံနဲ့ နှင်ထုတ်နေတာဖြစ်တဲ့အတွက် ယေဘုယအားဖြင့် လူမျိုးတုန်းသုတ်သင်ရှင်းလင်းမှု (Ethnic Cleansing) လို့လည်း အများစုကလက်ခံထားကြပါတယ်။ ရခိုင်လူမျိုးတွေဟာ ရိုဟင်ဂျာမွတ်စလင်တွေ မနေနိုင်လောက်အောင် ဇွဲကြီးကြီးနဲ့ ကြိုးပမ်းလုပ်ဆောင်နေပေမယ့် ရိုဟင်ဂျာတွေဖို့ကတော့ပြေးစရာမြေမရှိဘူးဖြစ်နေပါတယ်။

    ဒါကြောင့် ပြောင်းရွေ့ထွက်မပြေးနိုင်တော့တဲ့ အဆုံးမှာ ဂျောင်ပိတ်နေမိတဲ့ ရိုဟင်ဂျာတွေဟာ လူမျိုးတုန်း သတ်ဖြတ်မှုတွေနဲ့ ရင်ဆိုင်ရမှာကတော့ ကမ္ဘာ ပညာရှင်တွေက စိုးရိမ်နေကြပါတယ်။ ဒီကြားထဲ မကြာခဏဆိုသလို ရိုဟင်ဂျာတွေ ထွက်ပြေးကြရင်း လှေမှောက်သေဆုံးကြရတဲ့ သတင်းတွေကြောင့် စိုးရိမ်စရာတွေ ပိုမိုကြီးထွားလာနေပါတယ်။

    Photo-washingtonpost

    M-Media သို့ Olaie Manzu ပေးပို့သော ဘာသာပြန် သတင်းဆောင်းပါးဖြစ်ပါသည်။

  • Aljazeera မှ ပြသမည့် “ရိုဟင်ဂျာများအား လူမျိုးတုံးသတ်ဖြတ်သည့်” အစီအစဉ် မြန်မာအစိုးရ ကန့်ကွက်

    Aljazeera မှ ပြသမည့် “ရိုဟင်ဂျာများအား လူမျိုးတုံးသတ်ဖြတ်သည့်” အစီအစဉ် မြန်မာအစိုးရ ကန့်ကွက်

    ဒီဇင်ဘာ ၇ ၊ ၂၀၁၂
    M-Media

    ကာတာနိုင်ငံအခြေစိုက်နာမည်ကြီး အယ်လ်ဂျဇီးရားသတင်းဌာနက ဒီဇင်ဘာလ (၈) ရက်နေ့ကစပြီး (၁၃) ရက်နေ့ထိ The Hidden Genocide လို့ခေါင်းစဉ်တပ်ထားတဲ့ မှတ်တမ်းဗီဒီယို တစ်ခု ပြသမည်ဖြစ်ကြောင်းကို ဒီဇင်ဘာလ (၃) ရက်နေ့မှာ ကြေငြာခဲ့ပါတယ်။

    အဲဒီ ဗီဒီယို မှတ်တမ်းမှာ

    • ဇွန်လကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ ၅ ရက်အတွင်း လူ(၂၀၀) ကျော်ကို သတ်ပြီး ကျင်းအကြီး(၂) ခုထဲတွင် မြုပ်နှံ့လက်စဖျောက်ခဲ့တဲ့အကြောင်း၊
    • စစ်တပ်၊ နစက၊ လုံထိန်းတွေကပစ်သတ်လို့သေခဲ့ရတဲ့ ၃၅ ယောက် (ကလေး ၂၅ ယောက်) ကိုမြုပ် ထားတဲ့နေရာ၊
    • သတ်ဖြတ်ခံရတဲ့လူ ၁၀၀ ကျော်ရဲ့အလောင်းတွေကို ကုန်တင်ကားနဲ့သယ်သွားတာကိုမျက်စိနဲ့ ကိုယ်တိုင်မြင်ခဲ့ရတဲ့ မျက်မြင်သက်သေ၊
    • လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရိုဟင်ဂျာတွေရဲ့ နေအိမ်တွေထဲကို ဓါတ်ဆီပုလင်းနှင့် ပစ်ပေါက်ပြီး မီးရှို့တဲ့ အကြောင်း၊
    • ဘာသာရေးပညာရှင် ၄၀ ကိုဗလီထဲကိုခေါ်ပြီး အားလုံးကိုသတ်ပစ်လိုက်တဲ့အကြောင်း၊
    • အသက် ၁၂ နှစ်အရွယ်မိန်းကလေးကို မောင်နှမ၀မ်းကွဲ ၅ ယောက်ရှေ့မှာ ရဲတွေက မီးပုံကြီးထဲကို မီးရှို့သတ်တဲ့အကြောင်း၊
    • အစုလိုက်အပြုံလိုက်ဖမ်းဆီးပြီး သေတဲ့အထိညှင်းပန်းနှိပ်စက်တဲ့အကြောင်း၊ ရဲစန်းမှာအလောင်း ၆ လောင်းမြင်ခဲ့ရတဲ့အကြောင်း၊
    • အမျိုးသမီး တစ်ယောက်ကို စစ်သား၊ လုံထိန်း၊ နစက အယောက် (၂၀) ယောက်က၀ိုင်းပြီး မုဒိန်း ကျင့်တဲ့ အကြောင်း၊

     စသည်တို့ ပါဝင်မည်ဖြစ်ကြောင်းကို အယ်လ်ဂျဇီးရား သတင်းဌာနရဲ့ ကြော်ငြာမှာ တွေ့ရပါတယ်။

    အဆိုပါ ဗီဒီယို မှတ်တမ်းပြမည့် အစီအစဉ်မှာ အယ်လ်ဂျဇီးရားသတင်းဌာန မှ လုပ်ကြံပုံကြီးချဲ့ပြီး မဟုတ်မမှန် လုပ်ဆောင်မှု ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနမှ တဆင့် မြန်မာအစိုးရမှ ပြင်းထန်စွာ ကန့်ကွက်လိုက်တဲ့ ကြေငြာချက်တစောင်ကို ထုတ်ပြန်လိုက်ပါတယ်။ ကြေငြာချက် အပြည်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ရခိုင်ပြည်နယ် ပဋိပက္ခကို မဟုတ်မမှန်လုပ်ကြံ ပုံကြီးချဲ့ကာ သတင်းမှတ်တမ်းအဖြစ် ထုတ်လွှင့်ပြသရန် အယ်လ်ဂျာဇီးရား သတင်းဌာန၏ လုပ်ဆောင်ချက်များကို မြန်မာနိုင်ငံ အစိုးရအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
    နိုင်ငံခြားရေးဝန်ကြီးဌာန
    သတင်းထုတ်ပြန်ချက်

    ၁။ ကာတာနိုင်ငံအခြေစိုက်  အယ်လ်ဂျာဇီးရားသတင်းဌာနက မြန်မာနိုင်ငံရှိ ၄င်းတို့အခေါ် ရိုဟင်ဂျာများနှင့် ပတ်သက်သည့် သတင်းအစဉ်တစ်ခုကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ အာရပ် ဘာသာဖြင့် လည်းကောင်း၊ ဒီဇင်ဘာလ(၉)ရက်နေ့မှ (၁၃)ရက်နေ့အထိ အင်္ဂလိပ်ဘာသာဖြင့် လည်းကောင်း၊  ထုတ်လွှင့် ပြသသွားမည် ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါအစီအစဉ်တွင် ၄င်းတို့အခေါ် ရိုဟင်ဂျာများအား လူမျိုး တုံးအောင် သတ်ဖြတ်လုပ်ဆောင်နေမှုများကို ထည့်သွင်း ဖော်ပြသွားမည်ဟုလည်း ဖော်ပြထားသည်ကို တွေ့ရှိ ရပါသည်။

    ၂။၂၀၁၂ ခုနှစ် မေလနှင့် ဇွန်လတွင်လည်းကောင်း၊ ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင်လည်းကောင်း ဖြစ်ပွား ခဲ့သော ရခိုင်ပြည်နယ်အတွင်း ဘင်္ဂ࿿ါလီလူမျိုးစုများနှင့် ဒေသခံရခိုင်တိုင်းရင်းသားများအကြား အကြမ်းဖက် မှုများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအစိုးရအနေဖြင့် အဆိုပါကိစ္စ စတင်ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ ပွင့်လင်း မြင်သာ မှုရှိစွာ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။

    ၃။ အဆိုပါ လူမှုအုပ်စု နှစ်ခုအကြား ဖြစ်ပွားသည့် အကြမ်းဖက်မှုများ ဖြစ်ပွားရာနေရာများသို့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ သံတမန်များ၊ Muslim Aidအဖွဲ့တို့အား ကိုယ်တိုင်သွားရောက် ကြည့်ရှုခွင့်ပေးခဲ့သည်။ ထိုအပြင် တူရကီ၊ အင်ဒိုနီးရှား၊ မလေးရှား စသည့်နိုင်ငံများနှင့် အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့(OIC )မှ နိုင်ငံခြားရေးဝန်ကြီး၊ အဆင့်မြင့် ကိုယ်စားလှယ်များကိုလည်း သွားရောက်ခွင့်ပြုခဲ့သည်။

    ၄။ထို့ပြင် ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေသူများ ဒုက္ခသည်များအား နေရာချထားပေးရေး၊ ပြန်လည် ထူထောင်ရေး၊ စားနပ်ရိက္ခာ၊ ကျန်းမာရေးနှင့် အခြားလူမှုရေးလိုအပ်ချက်များ ပံ့ပိုးပေးရေး စသည့် လူသားချင်း စာနာထောက်ထားသည့် အကူအညီများကိုလည်း ခွဲခြားမှုမရှိဘဲ ထိခိုက်နစ်နာသူ အုပ်စုနှစ်ခုလုံး အတွက် မျှတစွာ ထောက်ပံ့ကူညီပေးအပ်ခဲ့သည်။

    ၅။နိုင်ငံတော်အစိုးရအနေဖြင့် အကြမ်းဖက်မှုများ ချုပ်ငြိမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် ဥပဒေနှင့ အညီထိန်းသိမ်း ဆောင်ရွက်ခဲ့ပြီး ဤကိစ္စနှင့်စပ်လျဉ်း၍ အသေးစိတ် စုံစမ်းစစ်ဆေးမှုပြုလုပ်နိုင်ရန် လွတ်လပ် သည့်  စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကိုလည်း ဖွဲ့စည်းပေးခဲ့ပြီးဖြစ်သည်။

    ၆။ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များအပေါ်တွင် သတင်းဌာနအချို့နှင့် အဖွဲ့အစည်းအချို့က စွပ်စွဲသကဲ့သို့ အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အာဏာပိုင်တို့က ပူးပေါင်းပါဝင်ပတ်သက်ခြင်း၊ လူမျိုးရေး၊ ဘာသာရေး ခွဲခြားဖိနှိပ်ခြင်းများ လုံးဝမရှိကြောင်းကို ထပ်လောင်းအတည်ပြုဖော်ပြပါသည်။ ဤသို့ ပတ်သက်မှု မရှိကြောင်းကို နိုင်ငံတော်အကြီးအကဲနှင့်တာဝန်ရှိသူများက ကုလသမဂ္ဂအထွေထွေ ညီလာခံ တွင်း လည်းကောင်း၊ အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဘက်မလိုက်လှုပ်ရှားမှု ထိပ်သီး အစည်းအဝေးတွင် လည်းကောင်း ကမ္ဘာသို့ အတိအလင်းထုတ်ဖော်အသိပေးပြောကြားခဲ့ပြီးဖြစ်သည်။

    ၇။သို့ဖြစ်၍ ရခိုင်ပြည်နယ် ပဋိပက္ခကို မဟုတ်မမှန် လုပ်ကြံ၍ ပုံကြီးချဲ့ကာ သတင်းမှတ်တမ်းအဖြစ် ထုတ်လွှင့် ပြသရန် အယ်လ်ဂျာဇီးရား သတင်းဌာန၏ လုပ်ဆောင်ချက်များကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ အနေဖြင့် ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်လိုက်သည်။

    နိုင်ငံခြားရေးဝန်ကြီးဌာန
    နေပြည်တော်။
    ၂ဝ၁၂ခုနှစ်၊ ဒီဇင်ဘာလ ၆ရက်။

     

    ကိုးကား- http://www.ministryofinformation.gov.mm/index.php/announcement/1591-2012-12-07-01-22-26.html

    http://aljazeerapressoffice.tumblr.com/post/37105815318/expert-warns-of-rohingya-genocide

    http://burmese.rohingyablogger.com/2012/12/blog-post_3.html