News @ M-Media

Tag: Gulf

  • အာရပ် ၆ နိုင်ငံ ထိပ်သီးအစည်းအဝေး အကွဲအပြဲများဖြင့် အဆုံးသတ်

    အာရပ် ၆ နိုင်ငံ ထိပ်သီးအစည်းအဝေး အကွဲအပြဲများဖြင့် အဆုံးသတ်

    ဒီဇင်ဘာ ၅၊ ၂၀၁၇
    M-Media

    – အာရေဗျကျွန်းဆွယ်က အရေးပါတဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ GCC ရဲ့ ကူဝိတ်မှာ ကျင်းပနေတဲ့ ၃၈ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးဟာ အကွဲအပြဲတွေနဲ့ အဆုံးသတ်မယ့်အနေအထား ရှိနေပါတယ်။

    ဘာရိန်း၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီနဲ့ ယူအေအီးတို့ ပါဝင်တဲ့ GCC ရဲ့ ဒီအစည်းအဝေးကို တနင်္လာနေ့မှာ စတင်ခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာ ပြီးဆုံးဖို့ သတ်မှတ်ထားတာပါ။

    ဘာရိန်း၊ ဆော်ဒီနဲ့ ယူအေအီးတို့က နိုင်ငံ့ခေါင်းဆောင်တွေမလာဘဲ တတိယအဆင့် ခေါင်းဆောင်တွေကို လွှတ်တာ၊ ယူအေအီးနဲ့ ဆော်ဒီတို့က GCC ကနေ ခွဲထွက်ပြီး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တစ်ခု ဖွဲ့စည်းကြောင်း ကြေငြာလိုက်တာကြောင့် ဒီအစည်းအဝေးဟာ အရာမထင်တော့ဘဲ အင်္ဂါနေ့မှာ အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

    ကာတာကို ဆော်ဒီ၊ ဘာရိန်း၊ ယူအေအီးနဲ့ အီဂျစ်တို့ဟာ ဇွန်လကတည်းက အဆက်အသွယ်ဖြတ်တောက်တဲ့ကိစ္စနဲ့ ယီမင်ပြဿနာတို့ကို ဒီအစည်းအဝေးမှာ အဓိကထား ဆွေးနွေးမယ်လို့ မျှော်မှန်းထားတာပါ။

    ကာတာတက္ကသိုလ်က မဂျစ် အလ်-အန်ဆာရီက ဆော်ဒီနဲ့ ယူအေအီးတို့က နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းတယ်လို့ ကြေငြာလိုက်ခြင်းဟာ GCC အဖွဲ့ကို ပျက်သုဉ်းစေဖို့၊ ကာတာကိစ္စမှာ ကူဝိတ်ရဲ့ ကြားဝင်ဆောင်ရွက်မှုကို လက်မခံဖို့ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

    ဆော်ဒီဦးဆောင်တဲ့အဖွဲ့နဲ့ ကာတာတို့ကြား ဖြစ်နေတဲ့ သံတမန်ရေးအကြပ်အတည်းကို မဖြေရှင်းနိုင်ဘူးဆိုရင် GCC အဖွဲ့ဟာ ပြိုလဲမယ့်အန္တရာယ်ရှိတယ်လို့ ဒီကိစ္စမှာ ကြားဝင်ဆောင်ရွက်ပေးနေတဲ့ ကူဝိတ်ခေါင်းဆောင် ရှိခ် ဆာဘာဟ် အလ် အဟ်မဒ် အလ်ဆာဘာက အောက်တိုဘာလမှာ သတိပေးခဲ့ဖူးပြီး လက်ရှိမှာ ဒီအတိုင်းဖြစ်မယ့် အနေအထား ရှိနေပါတယ်။

    ၁၉၈၁ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ GCC အဖွဲ့ဟာ အာရေဗျကျွန်းဆွယ်အတွင်းက နိုင်ငံတွေ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

    Ref: Aljazeera

  • ဆော်ဒီပါဝင်သည့် ပင်လယ်ကွေ့၆ နိုင်ငံပူးပေါင်းကာ စစ်ဌာနချုပ်တစ်ခု ထူထောင်မည်

    ဒီဇင်ဘာ ၂၄၊ ၂၀၁၃
    M-Media

    300px-Persian_Gulf_Arab_States_english
    – ပင်လယ်ကွေ့ဒေသအတွင်း ပိုမိုခိုင်မာသော လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖြစ်ပေါ်လာစေရန် ဆော်ဒီအာရေဗျနှင့် ၎င်း၏ အိမ်နီးချင်း ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းကာ စစ်ဌာနချုပ်တစ်ခု ထူထောင်ရန် သဘောတူခဲ့ကြသည်ဟု သိရသည်။

    ကူဝိတ်နိုင်ငံတွင်ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် အဖွဲ့ဝင် ခြောက်နိုင်ငံပါဝင်သည့် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေး ကောင်စီမှ သဘောတူညီခဲ့ခြင်းဖြစ်ပြီး၊ အဖွဲ့ဝင်နိုင်ငံများ၏ ရဲ့တပ်ဖွဲ့ဝင်များ ပေါင်းစည်းရေးနှင့် အကယ်ဒမီ ထူထောင်ရန်လည်း ပါဝင်သည်ဟု အစည်းအဝေးအပြီး ထုတ်ပြန်သော ကြေညာချက်ကို ကိုးကား၍ ကူဝိတ် သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

    စစ်ဌာနချုပ်ထူထောင်မည့် ထိုသဘောတူညီချက်အား အကောင်အထည်ဖော်ရာတွင် လိုအပ်သည်များကို မဟာမိတ် ကာကွယ်ရေးကောင်စီမှ ဆောင်ရွက် သွားမည်ဖြစ်ပြီး၊ မဟာမိတ်ရဲတပ်ဖွဲ့ကလည်း ဒေသအတွင်း လုံခြုံရေးကို တိုးချဲ့ကာ၊ အကြမ်းဖက် တိုက်ဖျက်ရေး ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
    Ref: AP