News @ M-Media

Tag: Hajj

  • ဟဂျ်ဘုရားဖူးအစီအစဉ်များ ရပ်ဆိုင်းထားရန် ကမ္ဘာ့မွတ်စလင်လူထုကို ဆော်ဒီပန်ကြား

    ဟဂျ်ဘုရားဖူးအစီအစဉ်များ ရပ်ဆိုင်းထားရန် ကမ္ဘာ့မွတ်စလင်လူထုကို ဆော်ဒီပန်ကြား

    ဧပြီ ၂၊ ၂၀၂၀
    M-Media

    -နိုင်ငံတကာမှာ ကိုရိုနာဗိုင်းရပ်စ် အကြီးအကျယ် ပြန့်နှံ့နေတာကြောင့် အခုနှစ် ဟဂျ်ဘုရားဖူးလာရောက်မယ့် အစီအစဉ်တွေကို လောလောဆယ်ရပ်ဆိုင်းထားကြဖို့နဲ့ အခြေအနေတွေ ရှင်းရှင်းလင်းလင်းဖြစ်တဲ့အထိ စောင့်ဆိုင်းကြဖို့ ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်တွေကို ဆော်ဒီအာရေဗျက မနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

    ဟဂျ်ဘုရားဖူးခရီးစဉ်ဟာ အစ္စလာမ်သာသနာရဲ့ အဓိကမဏ္ဍိုင် ၅ ခုထဲက တစ်ခုဖြစ်ပြီး သန်းနဲ့ချီတဲ့ အစ္စလာမ်ဘာသာဝင်တွေဟာ ဆော်ဒီအာရေဗျ​က မက္ကာနဲ့ မဒီနာမြို့တွေမှာရှိတဲ့ မြင့်မြတ်ရာနေရာတွေမှာ နှစ်စဉ် သွားရောက်ပြီး ဝတ်ပြုဆုတောင်းကြတာပါ။ အခုနှစ် ဟဂျ်ကာလဟာ ဇူလိုင်လမှာ ကျရောက်မှာဖြစ်ပါတယ်။

    ဆော်ဒီဟာ လက်ရှိမှာ အွမ္မရာဘုရားဖူးခရီးစဉ်ကို ပိတ်ထားပြီး ခရီးစဉ်အတွက် ငွေကြိုပေးထားသူတွေကိုလည်း ငွေပြန်အမ်းခဲ့ပါတယ်။ ဟဂျ်နဲ့ အွမ္မရာရေးရာဝန်ကြီး မိုဟာမက် ဘန်တန်က ဟဂျ်ဘုရားဖူးခရီးစဉ်အတွက် စီစဉ်နေမှုကို ခေတ္တရပ်ဆိုင်းထားကြဖို့ ကမ္ဘာ့မွတ်စလင်လူထုကို မနေ့မှာ ပန်ကြားခဲ့ပါတယ်။

    “အခြေအနေတွေ ရှင်းရှင်းလင်းလင်းဖြစ်တဲ့အထိ စောင့်ဆိုင်းကြဖို့ ကမ္ဘာ့ မွတ်စလင်ညီအစ်ကို မောင်နှမတွေကို ကျွန်တော် တိုက်တွန်းချင်ပါတယ်”

    ဆော်ဒီမှာ ဧပြီလ ၁ ရက်နေ့ကအထိ COVID-19 ကူးစက်သူအရေအတွက်ဟာ ၁၅၀၀ ကျော်လာခဲ့ပြီး သေဆုံးသူ ၁၀ ဦး ရှိနေပါတယ်။ အစ္စလာမ်သာသနာရဲ့ မြင့်ရာဝတ်ကျောင်းတော်တွေ၊ နေရာတွေရှိတဲ့ မက္ကာနဲ့ မဒီနာမြို့တွေကိုလည်း ဆော်ဒီက တံခါးပိတ်ထားပါတယ်။

    “အခုလိုအခြေအနေမျိုးမှာ ကျွန်တော်တို့ဟာ ကမ္ဘာ့ကပ်ရောဂါအကြောင်းကို ပြောဆိုဆွေးနွေးနေရတာပါ။ လူသားအားလုံးကို ဒီရောဂါကနေ ကာကွယ်ပေးပါစေလို့လည်း ဘုရားသခင်ထံတော်ပါးမှာ ဆုမွန်ကောင်းတောင်းပါတယ်။ နိုင်ငံသားတွေနဲ့ မွတ်စလင်တွေရဲ့ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ဖို့ ဆော်ဒီက ဆောင်ရွက်သွားမှာပါ” လို့ မိုဟာမက် ဘန်တန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Bloomberg

  • ဟဂျ်ပြုသည့်အမျိုးသမီးများ အမျိုးသားအုပ်ထိန်းသူလိုသည့်စနစ်ကို ဆော်ဒီ ပယ်ဖျက်မည်

    ဟဂျ်ပြုသည့်အမျိုးသမီးများ အမျိုးသားအုပ်ထိန်းသူလိုသည့်စနစ်ကို ဆော်ဒီ ပယ်ဖျက်မည်

    အောက်တိုဘာ ၂၀၊ ၂၀၁၉
    M-Media

    -ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်အမျိုးသမီးတွေ ဟဂျ်ဘုရားဖူး လာရောက်တဲ့အခါ အမျိုးသားအုပ်ထိန်းသူပါမှ ခွင့်ပြုတဲ့စနစ်ကို ဆော်ဒီက ပယ်ဖျက်ဖို့ ရှိနေတယ်လို့ Arab News သတင်းဌာနက မနေ့မှာ ဖော်ပြခဲ့ပါတယ်။

    ဆော်ဒီဟာ ခရီးသွားကဏ္ဍနဲ့ ဟဂျ်၊ အွမ္မရာ ဘုရားဖူးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတာပါ။

    ဟဂျ် ဘုရားဖူး၊ အွမ္မရာ ဘုရားဖူးခရီး သွားရောက်မယ့် အမျိုးသမီးတွေကို ဖခင်၊ ဦးလေး၊ အစ်ကို၊ မောင်၊ ခင်ပွန်း စတဲ့ အမျိုးသားအုပ်ထိန်းသူပါမှ ခွင့်ပြုတာ ဖြစ်ပါတယ်။ အဖွဲ့နဲ့ သွားမယ်ဆိုရင်လည်း အမျိုးသားအုပ်ထိန်းသူက ခွင့်ပြုကြောင်း ထောက်ခံချက်ကို တင်ပြရပါတယ်။

    ဒါပေမယ့် လက်ရှိ ဆော်ဒီအစိုးရရဲ့ ဟဂျ်နှင့် အွမ္မရာ ဝန်ကြီးဌာနက ခရီးသွားလာမှုနဲ့ ဘုရားဖူးခရီးစဉ်တွေအတွက် ဗီဇာ လွယ်လွယ်ကူကူ ထုတ်ပေးနိုင်အောင် စီစဉ်နေပြီး၊ ဟဂျ်ဘုရားဖူးခရီးစဉ် လာရောက်မယ့် အမျိုးသမီးတွေ အမျိုးသားအုပ်ထိန်းသူ ပါရမယ့်စနစ်ကို ပယ်ဖျက်တော့မယ့် အနေအထားရှိတယ်လို့ Arab News က ဆိုပါတယ်။

    ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်တွေ အွမ္မရာဟ်ဘုရားဖူးခရီးစဉ်ကို အွန်လိုင်း Maqam ဝဘ်ဆိုက်ကနေ ဝယ်ယူနိုင်အောင် ဆော်ဒီက စီစဉ်ပေးထားပြီး ပြီးခဲ့တဲ့နှစ်အတွင်း ခရီးသွား ၁.၁ သန်းနီးပါးလောက် ဒီစနစ်ကို အသုံးပြုခဲ့ပါတယ်။

    Ref: Arab

  • ၂၀၁၆ ခုနှစ် ခွဲတမ်း ဟာဂျီ ၂၈၀ ဦး အတွက် ဝန်ဆောင်မှုပေးမည့် ကုမ္ပဏီအား ချိပ်ပိတ်တင်ဒါခေါ်ယူ

    ၂၀၁၆ ခုနှစ် ခွဲတမ်း ဟာဂျီ ၂၈၀ ဦး အတွက် ဝန်ဆောင်မှုပေးမည့် ကုမ္ပဏီအား ချိပ်ပိတ်တင်ဒါခေါ်ယူ

    မေ ၁၈ ၊ ၂၀၁၆
    M-Media
    သီဟ
    Tindar
    ၂၀၁၆ ခုနှစ်အတွက် အစိုးရ မဲဟာဂျီလို့ လူသိများတဲ့ ခွဲတမ်းဟဂ်ျ (၂၈၀) အတွက် ဟဂ်ျခရီးစဉ် ပို့ဆောင်ပေးနိုင်မယ့် ကုမ္ပဏီကို ချိပ်ပိတ်တင်ဒါ တင်သွင်းဖို့  ဟဂ်ျစေလွှတ်ရေး ကြီးကြပ်မှုကော်မတီက  ကြေညာထားပါတယ်။

    တင်ဒါတင်သွင်းလိုတဲ့ ကုမ္ပဏီများဟာ ၂၀၊ ၅၊ ၂၀၁၆ တွင် တင်ဒါများကို တစုံ(၅၀၀၀) ကျပ်ဖြင့် စတင်ဝယ်ယူနိုင်ပြီး ၃၁၊ ၅၊ ၂၀၁၆ မွန်းလွဲ ၂ နာရီနောက်ဆုံးထား ပြီး တင်သွင်းရမှာ ဖြစ်တယ်လို့ သိရပါတယ်။   တင်ဒါအောင်မြင်သည့် ကုမ္ပဏီကို ၃၁၊ ၅၊ ၂၀၁၆ ညနေ ၄ နာရီမှာ အတည်ပြုကြေညာပေးမယ်လို့ သိရပါတယ်။

    ခွဲတမ်းဟဂ်ျ (မဲဟာဂျီ)ဆိုသည်မှာ သာသနာရေးဝန်ကြီးဌာနက ခွဲတမ်းရတဲ့ ဦးရေ (၂၈၀) ကို လျှောက်ထားသူတွေအား မဲစနစ်နဲ့ရွေးချယ် စေလွှတ်ခံရသူတွေဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ခွဲတမ်း ရရှိတဲ့ သူတွေကို ဝန်ဆောင်မှုပေးမယ့် ကုမ္ပဏီကို သတင်းစာမှာ ကြော်ငြာ ထည့်ပြိး တင်ဒါခေါ်ယူကြောင်း တင်ဒါလာတင်တဲ့ ကုမ္ပဏီရဲ့ ခိုင်မာမှု၊ ဝန်ဆောင်မှု အကောင်းဆုံးနဲ့ ဈေးနှုန်း သင့်တင့်မှုတွေအပေါ် အခြေခံပြီး အစ္စလာမ် ဘာသာရေး အဖွဲ့ကြီး ၅ ဖွဲ့မှ တာဝန်ရှိသူများဖြင့် ဖွဲ့စည်းထားတဲ့ ဟဂ်ျစေလွှတ်ရေး ကြီးကြပ်မှုကော်မတီက ရွေးချယ် ကြောင်း၊ ရွေးချယ်ခံရတဲ့ ဝန်ဆောင်မှုပေးမယ့် ကုမ္ပဏီများအနေဖြင့် ဟဂ်ျစေလွှတ်ရေး ကြီးကြပ်မှုကော်မတီ ကို အာမခံငွေပေးထားရကြောင်း၊ ဒါကြောင့် လိမ်တာကောက်တာ လုပ်လို့မရကြောင်း၊ ဒါအပြင် ခေါ်ဆောင်သွားမယ့် ဟာဂျီလောင်းများ၏ နေထိုင်၊စားသောက်မှု စသည့် ဝန်ဆောင်မှု ပေးရမည့် အချက်အလက်များကို စည်းကမ်းချက်များတွင် ဖော်ပြထားပြီး စာချူပ်တွင် အသေးစိတ် ထည့်ပြီး ချူပ်ဆိုထားကြောင်း တင်ဒါရွေးချယ်ပုံနှင့် ပတ်သက်ပြီး ၂၀၁၆ ခုနှစ် ဟဂ်ျစေလွှတ်ရေး ကြီးကြပ်မှုကော်မတီ ဥက္ကဌ အလ်ဟဂ်ျ ဦးတင်မောင်သန်းက M-Media ကိုရှင်းပြပါတယ်။

    ၂၀၁၅ ခုနှစ်က ခွဲတမ်းဟာဂျီများကို ဝန်ဆောင်မှုပေးဖို့ အတွက် ရောင်စဉ် အလင်းတန်း ခရီသွားလာရေး ကုမ္ပဏီမှ ဝန်ဆောင်ခ U$2,175.(အမေရိကန်ဒေါ်လာ-၂၁၇၅) လည်းကောင်း ၊၂၀၁၄ ခုနှစ် တွင် Great Desert Company နှင့် A Pleasant House Company တို့ မှ တစ်ဦးလျှင် ၂၂ သိန်း ၅ သောင်းနှုံးဖြင့် လည်းကောင်း တင်ဒါအောင်မြင်ခဲ့ကြပြီး ၂၀၁၃ ခုနှစ် မှာ ကျပ် ၂၉ သိန်း လည်းကောင်း ၂၀၁၂ ခုနှစ်တွင် ကျပ် ၃၂ သိန်း အသီးသီး ဝန်ဆောင်ခများ ရှိခဲ့ကြောင်း သိရှိရပါတယ်။

    ခွဲတမ်းဟဂ်ျ စီမံခန့်ခွဲမှုများ ကို ယခင်က သာသနာရေးဝန်ကြီးဌာနမှ တိုက်ရိုက်ကိုင်တွယ်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှစတင်ပြီး အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးကို လုပ်ပိုင်ခွင့် လွှဲအပ်ခဲ့တာဖြစ်ပါတယ်။

    ပြင်ပမှ သွားရောက်တဲ့ ဟာဂျီတွေကတော့ ဆော်ဒီ ဟဂ်ျရေးရာဝန်ကြီးဌာက ခွဲတမ်းရထားတဲ့ မြန်မာနိုင်ငံက ကုမ္ပဏီတွေ ကနေတဆင့် သွားရောက်တဲ့ သူတွေဖြစ်ကြောင်းသိရတယ်။ ယမန်နှစ်ကတော့ ပြင်ပမှ သွားရောက်သူ ၃၀၀၀ ကျော်ဝန်းကျင် ရှိပြီးကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ ၅၀၀၀ မှ ၆၀၀၀ အထိ ဝန်ဆောင်မှုပေးတဲ့ပေါ်မှုတည်ပြီး ဈေးနှုန်းများ ကွဲပြားကြောင်းသိရှိရပါတယ်။

    အစ္စလာမ်ဘာသာဝင်တွေမှာ မဖြစ်မနေ လိုက်နာကျင့်သုံးရတဲ့ မဏ္ဍိုင်ကြီး (၅) ရပ်အနက် “ဟဂ်ျ” လို့ခေါ်တဲ့ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာရွှေမြို့တော်သို့ သွားရောက်ပြီး သာသနာ့ကျင့်စဉ် ကိစ္စရပ်များကို ပြုမူ ဆောင်ရွက်ခြင်းဟာ တစ်ခုအပါအ၀င် ဖြစ် ပါတယ်။ ငွေကြေးတတ် စွမ်းနိုင်သူတို့အဖို့ မဖြစ်မနေ လုပ်ရမယ့် တာဝန်တစ်ရပ်သာ ဖြစ်ပါတယ်။

  • ယခုနှစ် ဟဂ်ျရာသီအတွက် ဘေးအန္တရာယ်ကင်းရှင်းရေးကို ဆော်ဒီက တိုးမြှင့်ဆောင်ရွက်မည်

    ယခုနှစ် ဟဂ်ျရာသီအတွက် ဘေးအန္တရာယ်ကင်းရှင်းရေးကို ဆော်ဒီက တိုးမြှင့်ဆောင်ရွက်မည်

    မတ် ၂၆၊ ၂၀၁၆
    M-Media

    hajj

    – ယခုနှစ် ဟဂ်ျရာသီမှာ မီးဘေး၊ ရေဘေး၊ စက်ကိရိယာအန္တရာယ်၊ သဘာဝနဲ့ လူလုပ်အန္တရာယ်တွေ အပါအ၀င် ဖြစ်ပေါ်နိုင်တဲ့ အရေးပေါ်အခြေအနေတွေအတွက် အစီအစဉ်တစ်ခုရေးဆွဲဖို့ ဆော်ဒီအစိုးရဌာန အများအပြား စုဝေးပြီး နှစ်ရက်တာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ဒီတစ်ပတ်အတွင်းမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

    အဲဒီဆွေးနွေးပွဲမှာ မနှစ်က မက္ကာနဲ့ မြင့်မြတ်တဲ့နေရာတွေမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို ဦးတည်ဆွေးနွေးခဲ့ပြီး ဖြစ်ခဲ့တာတွေကို သင်ခန်းစာယူကာ ဘေးအန္တရာယ်ကင်းရှင်းရေး အစီအစဉ်အသစ်မှာ ထည့်သွင်းစီစဉ်သွားမှာ ဖြစ်တယ်လို့ မဒီနာမြို့ပြကာကွယ်ရေး အထွေထွေဒါရိုက်တာ ဗိုလ်ချုပ် ဆူလိုင်မန်က ပြောကြားခဲ့ပါတယ်။

    လာမယ့်ဟဂ်ျရာသီမှာ ကြုံတွေ့နိုင်တဲ့ အန္တရာယ်တွေ နည်းသထက်နည်းဖို့ အစိုးရဌာနတွေအားလုံး ပူးပေါင်းဆောင်ရွက်ရေး အလွန်အရေးကြီးတယ်လို့လည်း ဆူလိုင်မန်က ဆိုပါတယ်။

    ဒီလိုဆွေးနွေးမှုရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဟဂ်ျခရီးစဉ် လာရောက်ကြမယ့် သူတွေအတွက် သက်တောင့်သက်သာရှိပြီး အရည်အသွေးမြင့် ၀န်ဆောင်မှုတွေ ပေးဖို့ဖြစ်ပြီး ဘုရင်ကြီးရဲ့ ကိုယ်စားလှယ်တွေလည်း ဒီအစည်းအဝေးမှာ တက်ရောက်ပါဝင်ခဲ့ပါတယ်။ ဒါ့ကြောင့် ဒီနှစ် ဟဂ်ျခရီးစဉ်မှာ ဘေးအန္တရာယ်ဆိုင်ရာ အစီအမံတွေကို ပိုပြီးတွေ့လာရဖို့ ရှိပါတယ်။

    Ref; ArabNews

  • ဟဂ်ျ၏ အနှစ်သာရကို ထိပါးစေသည့် မီနာမှ ဇိမ်ခံတဲများ

    ဟဂ်ျ၏ အနှစ်သာရကို ထိပါးစေသည့် မီနာမှ ဇိမ်ခံတဲများ

    စက်တင်ဘာ ၂၈ ၊ ၂၀၁၅
    M-Media

    070a9ee8c6c04be2a496a1445b074dba_18

    ကမ္ဘာ့အကြီးဆုံး ယာယီတဲ မြို့တော်ဖြစ်တဲ့ မီနာက VIP ရွက်ဖျင်တဲတွေဟာ ဟဂ်ျရဲ့ အနှစ်သာရကို ပျက်ပြားစေတာမို့ ပိတ်သိမ်းဖို့ အတွက် ဆော်ဒီ အာဏာပိုင်တွေက ညွှန်ကြားခဲ့ပါတယ်။

    – သဲကိုတူး၍ ဆောက်လုပ်ထားပြီး အလျား၊ အနံ ၂ မီတာစီရှိကာ အိပ်ယာနှစ်ခုနှင့် ဘီဒိုငယ် တစ်လုံးပါသည့် ယာယီတဲတစ်လုံးအတွက် လူတစ်ယောက်လျှင် တစ်ည ကန်ဒေါ်လာ ၃၅၀၀ ကျသင့်သည်။

    ထိုတဲက မက္ကာမြို့အပြင်ဘက်ရှိ မီနာဆိုသော ဒေသတွင် တည်ရှိသည်။ မီနာမှာ ဆော်ဒီအာရေဗျသို့ နှစ်စဉ် လာရောက်ကြသည့် မွတ်စလင် များအတွက် အဓိကကျသည့် နေရာလည်းဖြစ်သည်။ ဟဂ်ျကာလ၏ ပထမဆုံးနေ့ဖြစ်သည့် အင်္ဂါနေ့  (စက်တင်ဘာ ၂၂ ရက်နေ့) က ကမ္ဘာပေါ်တွင် အကြီးဆုံး ယာယီတဲမြို့တော် မီနာသို့ သိန်းပေါင်းများစွာသော လူများ တစ်ဖွဲဖွဲ ၀င်ရောက်လာကြသည်။ ထိုဒေသက ဟဂ်ျ ကာလမှလွဲ၍ တစ်နှစ်ပတ်လုံး လွင်တီးခေါင်ပြင် သဲကန္တာရ ဖြစ်လေသည်။ ဟဂ်ျပြုရမည့် အချိန်တွင်တော့ သန်းချီသော မွတ်စလင်များက မီနာတွင် ညအနည်းငယ်ကို ကုန်ဆုံးကြရသည်။

    မီနာရှိလူတိုင်းက စစ်သည်တော်များ ဖြစ်လာကြသည်။ ကမ္ဘာတစ်ဝှမ်းမှ ဟဂ်ျကျင့်စဉ် လာရောက်ကြသည့် မွတ်စလင်များမှာ ဇိမ်ကျသည့် ဘ၀များ၊ အဆင့်အတန်းနှင့် ယဉ်ကျေးမှု ခြားနားခြင်းများကို စွန့်လွှတ်ခဲ့ကြသူများဖြစ်သည်။

    သို့သော်လည်း ဟဂ်ျပြုလုပ်မည့် ညသုံးလေးညအတွက် ၎င်းတို့တွေ့ကြုံရမည့် အခြေအနေက ငွေမည်မျှ အသုံးပြုနိုင်သလဲဆိုသည်အပေါ် မူတည်နေသည်။

    ဟဂ်ျပြုရန် လာကြသူအများစုက မြေနိမ့်လွင်ပြင်ကြီးတွင် စီတန်း၍ ဆောက်ထားပြီး အလုံးပေါင်း တစ်သိန်းကျော်ရှိသည့် မီနာတဲမြို့တော်တွင် တည်းခိုနေထိုင်ကြသည်။ ထိုတဲများထဲမှ အများစုမှာ တစ်လုံးလျှင် လူပေါင်း ၅၀ စီ တည်းခိုနိုင်ကြပြီး ပုံမှန်ဈေးမှာ ဘုရားဖူးတစ်ဦးအတွက် ကန်ဒေါ်လာ ၅၀၀ သာ ကျသင့်လေသည်။

    c797872ba7a94b12aef29f976447e009_19

    ယခုနှစ်တွင်တော့ မီနာတွင် ကန်ဒေါ်လာ ၇၀၀၀ ပေးရသည့် VIP တဲများ ပေါ်လာသည်။ ထိုတဲများကို ဆော်ဒီ စီးပွားရေးသမား စအဒ် ကူရာရှီက ပိုင်ဆိုင်ပြီး ဂျော်ဒန်ဝန်ကြီးတစ်ဦးက ငှားနေသည်။ ဈေးကြီးလွန်းသော်လည်း ထိုအခန်းက ကြယ်ငါးပွင့်ဟိုတယ်မှ အခန်းနှင့် လားလားမျှပင် မတူ။

    ထိုအရာက ယခုနှစ်တွင်ရရှိနိုင်သည့် ဇိမ်ခံဟဂ်ျမျိုးဖြစ်သည်။ တစ်ချို့သော စီးပွားရေး သောင်းကျန်းသူများက လူတစ်ယောက်လျှင် ကန်ဒေါ်လာ ၁၀၀၀၀ ဖြင့် ထိုဇိမ်ခံတဲများတွင် ရေနွေးစိမ်ကန်၊ ပင်မင်းဝန်ဆောင်မှုနှင့် ၂၄ နာရီ ဘူဖေးစနစ်များထည့်သွင်းကာ တစ်ဆင့်တက်လာသည့် အချိန်တွင်တော့ ဆော်ဒီဟဂ်ျဝန်ကြီးဌာနက ဇိမ်ခံတဲနန်း စီးပွားရေး ကြီးထွားလာမှုကို ပိတ်ပင်ခဲ့လေသည်။

    ထိုဇိမ်ခံတဲများက ဘုရားသခင်၏ အမိန့်ကို နာခံမှု၊ ကြံ့ကြံ့ခံခြင်းဟူသော ဟဂ်ျပြုခြင်း၏ ရည်ရွယ်ချက်များနှင့် ဆန့်ကျင်နေသည်ဟု ၀န်ကြီးဌာနက ပြောကြားခဲ့သည်။

    အဆိုပါ VIP တဲများက လူ တစ်သန်းခွဲကျော် ၀င်ဆံ့စေရန် အလွန်လိုအပ်နေသည့် နေရာများကိုလည်း ပုပ်စေသည်။ မီနာ၏ အကျယ်အ၀န်းက စတုရန်း ကီလိုမီတာ ၂၀ ခန့်ရှိပြီး လူတစ်ဦးချင်းစီအတွက် စတုရန်းမီတာ ၂ မီတာအောက်သာ နေရာပေးနိုင်သည်။

    ဇိမ်ခံတဲပိုင်ရှင်များက ၎င်းတို့၏ ဂုဏ်သရေရှိ ဖောက်သည်များ တောင်းဆိုသည့် လုံခြုံမှုနှင့် သီးသန့်ဖြစ်လိုမှုကို ဖြည့်ဆည်းပေးရန် တဲများအတွင်း ယာယီနံရံများ ထည့်သွင်းတည်ဆောက်ပေးခြင်းဖြင့် ၎င်းတို့၏ စီးပွားရေး ပိတ်ပင်မှုကို ကျော်လွှားရန် ကြိုးပမ်းနေကြသည်။

    “ဒါဟာ အလွန်အန္တရာယ်ရှိပြီး ဆော်ဒီ ပြည်သူ့ကာကွယ်ရး စည်းမျဉ်းစည်းကမ်းတွေကို ဆန့်ကျင်နေပါတယ်။ မီးလောင်တာမျိုးဖြစ်ရင် အဲဒီနံရံတွေက မီနာဝန်းကျင်မှာ တပ်ဆင်ထားတဲ့ မီးသတ်ပိုက်တွေအတွက် အနှောက်အယှက် ဖြစ်ပါလိမ့်မယ်” ဟု တဲတစ်ခုမှ အလုပ်သမားတစ်ဦးက ပြာကြားခဲ့သည်။

    ၁၉၉၇ ခုနှစ်တွင် ထိုတဲများ၌ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ရွက်ဖျင်တဲများကို ကူးစက်ခဲ့ကာ လူ ရာပေါင်းများစွာ သေဆုံးမှုက အာဏာပိုင်များကို ခြောက်လှန့်နေဆဲ ဖြစ်သည်။ ထိုအချိန်ကတည်းက အာဏာပိုင်များမှာ ရွက်ဖျက်တဲအဟောင်းများကို  တက်ဖ်လွန် ပလက်စတစ် အနားကွပ်ထားသည့် ဖိုက်ဘာဖြင့်ပြုလုပ်ထားသော တဲများဖြင့် အစားထိုးခဲ့သည်။ အဆိုပါ တဲတစ်ခုချင်းစီတွင် အပူဒဏ်ကို အာရုံခံနိုင်သော မီးသတ်ရေပိုက်ခေါင်း တစ်ခုလည်း ပါဝင်လေသည်။

    မြင့်တက်လာသော ဘုရားဖူးများကို နေရာချထားပေးရန်အတွက် ထိုတဲများ၏ အနီး၊ ကျောက်တောင်များကြားတွင် အစိုးရက ပုံစံတူ တာဝါ ၆ ခုကို ဆောက်လုပ်ထားသည်။

    “မီနာရဲ့ သဘာဝကို ထိန်းသိမ်းဖို့ အစိုးရက အရင်ကတည်းက ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ချေက ပိုပိုပြီး နည်းလာပါတယ်” ဟု ကူရာရှီက ပြောကြားခဲ့သည်။

    အသက် ၄၅ နှစ်အရွယ် စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ဦးက တစ်လုံးလျှင် ဟဂ်ျသို့ လာရောက်သည့် မွတ်စလင်မ် လူဦးရေ ၁၅၀၀ နေထိုင်နိုင်သော ထိုတာဝါများအားလုံးကို တစ်နှစ် ကန်ဒေါ်လာ ၁၆ သန်းကျော်ဖြင့် ငှားရမ်းထားပြီး၊ ဟဂ်ျကာလတွင် တစ်ဆင့် ပြန်လည် ငှားရမ်းလေသည်။ တာဝါရှိ အခန်းတစ်ခန်းလျှင် အနည်းဆုံး ကန်ဒေါ်လာ ၃၀၀၀ ကျသင့်သည်။

    တစ်ချိန်က မီနာမှာ လူများနေထိုင်ပြီး ဈေးများ၊ ကော်ဖီဆိုင်များဖြင့် ပျားပန်းခတ်မျှ ရှုတ်ထွေးသည့် နေရာ တစ်ခု ဖြစ်ခဲ့သည်။ နှစ်ရာပေါင်း များစွာကြာ ဟဂ်ျသို့ လာရောက်သူများမှာ ထိုပတ်ဝန်းကျင်နှင့် မီနာတွင် နေထိုင်သူများ၏အိမ်တွင် စခန်းချခဲ့ကြသည်။

    သို့သော်လည်း လွန်ခဲ့သည့် ၁၀ နှစ်အရင်က ထိုပတ်ဝန်းကျင်ကို လုံးဝ ဖယ်ရှားခဲ့ပြီး၊ တံတားများ၊ လျှောက်လမ်းများ၊ ဓာတ်ရထားများနှင့် ကျန်းမာရေး စင်တာများဖြင့် တဲမြို့တော်ဖြစ်အောင် လုပ်ခဲ့လေသည်။ ကူရာရှီ၏ အိမ်ပင်လျှင် လွန်ခဲ့သည့် ၁၅ နှစ်အရင်က ဖျက်သည့် အထဲတွင် ပါသွားခဲ့သည်။

    ထိုဒေသ ဖွံ့ဖြိုးရေး၏ ရလဒ်ကြောင့် လုပ်ပိုင်ခွင့်များ ရခဲ့သော်လည်း ဈေးများ၊ ကော်ဖီဆိုင်များဖြင့် အသက်ဝင်လှသည့် ယခင်က မီနာဒေသကို သူက လွမ်းဆွတ် တမ်းတနေဆဲ ဖြစ်သည်။ ထိုသမိုင်းကတော့ လုံးဝ ပျောက်ကွယ်သွားလေပြီ။

    နေအိမ် အဖျက်ခံရသည့် အချိန်တွင် ကူရာရှီ တစ်ယောက် အခြေပျက်ခဲ့ပြီဟု ခံစားခဲ့ရသည်။ သို့သော်လည်း ထိုသို့ စွန့်လွှတ် စတေးရခြင်းက လက်ခံနိုင်ဖွယ်ရာဖြစ်သည်ဟု သူက ယုံကြည်နေဆဲပင်။

    “ဟဂ်ျကျင့်စဉ်ကို လာတဲ့ မွတ်စလင်မ်တွေ သက်တောင့်သက်သာ ဖြစ်ဖို့ အတွက်ပေါ့ဗျာ”

    ref: aljazeera
    ဘာသာပြန်- လေးမောင်